← Chapters

ပြီးခဲ့တာတွေ ပြီးပါစေတော့

Vol. 7 Ch. 90

ပြီးခဲ့တာတွေ ပြီးပါစေတော့

Vol. 7 Ch. 90

ပေလင်းသိလိုက်ပါပြီ။ လေပြည်စီးကြောင်း မျိုးနွယ်စုမှာ သူ့ရှေ့မှာ ရပ်တည်ပေးဖို့ တူညီတဲ့ နည်းလမ်းနဲ့ ပေါ်လာခဲ့ပြီး ဝူစန်းနဲ့ လက်ရည်တူ တိုက်ခိုက်ခဲ့တဲ့ သူက စုမင်ဆိုတာကို ပေလင်း သိလိုက်ပြီ။

သူသိသွားခဲ့ပြီ။ မျက်ခုံးကြားက သွေးထုတ်ခံရပြီး နက်မှောင်တောင် တည်းခိုဆောင်ကို ပင်ပင်ပန်းပန်း ပြန်ရောက်လာချိန်မှာ သူ့‌သွေးတွေကို ပြန်လာထားပေးတဲ့ သူတစ်ချိန်လုံး သိချင်နေတဲ့ သူက စုမင်ဆိုတာ ပေလင်း သိလိုက်ပြီ။

မှင်တက်မိနေတဲ့ တစ်ချိန်တည်းမှာပဲ သူ့ရှေ့မှောက်မှာ စုမင်ရဲ့ နောက်ကျောကို မြင်တော့ ပထမအဆင့် စမ်းသပ်ပွဲမှာတုန်းက လူတွေအားလုံးရဲ့ အာရုံစိုက်ခြင်း ခံရတဲ့ ဗဟိုချက်မ ဖြစ်ခဲ့တဲ့ လူပုဂ္ဂိုလ် တစ်ယောက်ရဲ့ ကိုယ်နေဟန်ကိုလည်း မြင်ယောင်လာရတယ်။ အဲဒီခံစားချက်ကလည်း မယုံနိုင်လောက်အောင် ရင်းနှီးကျွမ်းဝင် နေတာမို့ သူသိသွားပြီ။ အဲဒီလူဟာလည်း စုမင်ပဲ ဆိုတာကို သူသိသွားခဲ့ပြီ။

အဲဒီအတွေးစတွေ အကုန်လုံးက ပေလင်းခေါင်းထဲကို မိုးကြိုးပစ်ချသလို တဂျိန်းဂျိန်းနဲ့ ဝင်ရောက်လာခဲ့တယ်။ အဲဒီအခြင်းအရာက သူ့တစ်ကိုယ်လုံးကို တုန်ယင်စေခဲ့တယ်။ အားလုံးကို သူ မယုံရဲသေးဘူး။ ဖြစ်နိုင့်ပါမလား ‌ဆိုတာကိုပဲ သူ့ခေါင်းထဲမှာ တွေးဆ ကြည့်မိနေတယ်။ စုမင်က သူ၊ ပေလင်းတောင် မော်ကြည့်ရတဲ့ အစွမ်းပမာဏကို သူမသိလိုက်တဲ့ အချိန်အတောအတွင်းမှ ရရှိ သွားခဲ့တယ်ပေါ့။

သူ့ မှတ်ဉာဏ်တွေထဲမှာ စုမင်ဆိုတာ သူအမြဲ မနာလို ဖြစ်နေခဲ့ရပြီး စိတ်ထဲမှာ အမြဲတမ်း မနှစ်မြို့ ခဲ့ရတဲ့၊ အဖတ်မတန်သလို စကားပြောနေကျ လူတစ်ယောက်ကနေ ဒီလို ပြောင်းလဲသွားမှုကြီးက သူ့စိတ်ကို က‌သောင်းကနင်း ဖြစ်စေတယ်။

အဲဒီရှုပ်ထွေးတဲ့ ခံစားချက်ဟာ အခု ‌သူရောက်ရှိနေတာက တိုက်ပွဲမြေပြင် ဆိုတာနဲ့ ဘေးပတ်လည်က သတ်ဖြတ်မှုတွေနဲ့ ရှိသမျှ အရာအားလုံးကို မေ့ပျောက်သွားစေတယ်။ သူ့ခေါင်းထဲမှာ ဘာဆိုဘာမှ မရှိတော့ဘူး။ လုံးဝ မှင်တက်မိနေတယ်။

"ဘယ်လိုဖြစ်နိုင်မှာလဲ"

ပေလင်း ရေရွတ်မိတယ်။ ချန်းရှင်းက သူ့ကိုကျစ်နေအောင် ပွေ့ဖက်ထားပြီး မျက်ဝန်းထဲက မျက်ရည်တွေ စီးကျနေတယ်။ သူမ စုမင်ကို မမြင်ဘူး။ သူမမျက်လုံးထဲမှာ ပေလင်းရဲ့‌ ဖြူရော်နေတဲ့ မျက်နှာနဲ့ သူမကို တောင်တန်းကြီး တစ်ခုလို အုပ်မိုးပေးထားတဲ့ ပေလင်းရဲ့ ကျောပြင်ပဲ ရှိတယ်။

ဒီအရာတွေ အားလုံးက ခပ်ဖြည်းဖြည်း ဖြစ်ပျက်နေတဲ့ပုံ ပေါ်တယ်။ သို့ပေမဲ့ အမှန်ကတော့ ချီဓာတ်တွေ စုဖွဲ့နေတဲ့ စုမင်ရဲ့ လှံတံရှည် မြေပြင်ပေါ် စိုက်သွားတယ် ဆိုလျှင်ပဲ ဓားကိုင်လူရဲ့ ခန္ဓာကိုယ်က ပေါက်ထွက်သွားပြီ။ စုမင်ရှေ့ကို ခုန်ပျံလာတယ်။ သူ့ရဲ့ ချီလှိုင်းတွေကြောင့် နောက်ဆုတ်သွားရတဲ့ လူဆီ ‌တိုးဝင်လာတုန်းမှာ သူ အရှိန်နှုန်းကြောင့် ရိုးတိုးရိပ်တိတ်ပဲ မြင်လိုက်ရတယ်။ အဲဒီ သူကတော့ အသက် ၅၀ လောက် ရှိပေမဲ့ သူ့ရဲ့ သွေးကြောကျောက်သား အဆင့်က အဆင့် ၅ ပဲရှိတယ်။

သူ့အမြင်အာရုံ ဝေဝါးသွားတုန်း ခြေလှမ်း အနည်းငယ်မျှသာ ဆုတ်ခွာချိန် ရလိုက်တယ်။ သူ့မျက်ဆံနက်တွေ လှုပ်ခတ်သွားပြီး အန္တရာယ် အငွေ့အသက် ခံစားမိလိုက်ချိန်မှာ အမြန်ဆုံး ဆုတ်ခွာပြေးဖို့ လုပ်ပေမဲ့ စုမင်က သိပ်ကို လျင်မြန်လွန်းနေတော့ သူ မဆုတ်ခွာ နိုင်လိုက်ခင်မှာ အနားကပ်သွားချိန်မှာ လေထုထဲကို ပျံ့နှံ့သွားတဲ့ အသံကျယ်ကြီးတစ်ခု မြည်ဟိန်းသွားလေတယ်။

စုမင်ရဲ့ မျက်နှာပေါ်မှာ ရက်စက်ကြမ်းကြုတ်တဲ့ အသွင်သဏ္ဌာန် ဆောင်လျက် လူသတ်လို စိတ်တွေနဲ့ပဲ ပြည့်နှက်နေတယ်။ သူ ဒီတစ်ခါ လက်သီး မသုံးသွားဘူး။ အဲဒီအစား အဲဒီလူရဲ့ ရင်ဘတ်ကို ခန္ဓာကိုယ် တစ်ခုလုံးနဲ့ တိုက်ပစ်လိုက်တာ ဖြစ်တယ်။

မပီမသ အသံတွေ လေထုထဲ ပျံ့လွင့်သွားတယ်။ လူကြီးရဲ့ နှုတ်ခမ်းထောင့်ကနေ သွေးစီး ကျလာတယ်။ စုမင်ရဲ့ တိုက်ခိုက်မှုကို မခံရပ်နိုင်တဲ့အတွက် သူ့ကျောပြင်က ပွင့်ထွက်သွားတယ်။ တစ်ခဏလေးအတွင်းမှာ တစ်ကိုယ်လုံးက အရိုးတွေ ကြေမွပျက်စီး ကုန်တယ်။ သူ့ခန္ဓာကိုယ်က အနောက်ဘက်ကို လွင့်စဉ်သွားပြီး မြေကြီးနဲ့ကျောနဲ့ မထိသေးခင်မှာပဲ အသက် ထွက်သွားပါတော့တယ်။

စုမင်ရဲ့ မျက်လုံးတွေထဲက မုန်းတီးမှုဟာ လျော့ကျသွားခြင်း မရှိဘူး။ ပိုလို့တောင် အားကောင်း လာသေးတယ်။ မဟူရာတောင် မျိုးနွယ်ဝင် အားလုံးကို သူမုန်းတယ်။ နောက်လှည့်ကြည့်လိုက်ချိန်မှာ ပေလင်းကို သတ်ဖို့ ကြိုးစားတဲ့ လူသုံးယောက်ထဲက နောက်ဆုံးတစ်ယောက်ပေါ်မှာ အကြည့် စိုက်လိုက်တယ်။ ၎င်းက စုမင်နဲ့ မနီးမဝေးမှာ ရပ်နေတယ်။

အဲဒီသူရဲ့ပုံစံက ကြွက်သား ဖုဖုထစ်ထစ်ရှိပေမဲ့ အရပ်မရှည်ဘူး။ ပေလင်းကို သတ်ချင်တုန်းက ရှိခဲ့တဲ့ ကြမ်းကြုတ်တဲ့ အမူအရာနဲ့ စိတ်တက်ကြွ နေခြင်းတွေလည်း မရှိတော့ဘူး။ အပြုံးတွေကိုလည်း ကြောက်လန့်ချောက်ချားမှုက အစားထိုး နေရာယူသွားပြီ။ သူတို့ မျိုးနွယ်ဝင် တစ်ယောက်ကို လှံတံရှည်နဲ့ သတ်ပြီး နောက်တစ်ယောက်ကို ခန္ဓာကိုယ်နဲ့ တိုက်ပြီး စုမင် သတ်လိုက်တာကို မှင်တက်မိစွာနဲ့ ကြည့်နေခဲ့တယ်။

မြန်ဆန်ပြီး သန့်ရှင်းတဲ့ တိုက်ကွက်တွေကြောင့် စုမင်ကို ရက်စက်မှုတွေ စိတ်ရိုင်းတွေကသာ ကြီးစိုးထားတယ်လို့ သူ့ကို ခံစားရစေတယ်။ စုမင် သူ့ဘက်အကြည့် လှည့်လာချိန်မှာ စူးစူးဝါးဝါး တစ်ချက်အော်ပြီး ဘာကိုမှ ဂရုမစိုက်နိုင်ဘဲ ထွက်ပြေးသွားတော့တယ်။ သူ ကြောက်တယ်။ သူ့စိတ်ထဲမှာ စုမင်က နက်မှောင်တောင် မျိုးနွယ်စုထဲက ခေါင်းဆောင်ပိုင်းထဲက တစ်ယောက်ယောက်ပဲ။ ဒါ သူယှဉ်တိုက်လို့ နိုင်နိုင်မယ့်သူ မဟုတ်ဘူး။

သို့ပေမဲ့လည်း သူ့ခမျာ ခြေလှမ်းတွေ အများကြီးတောင် မဆုတ်ခွာရသေးဘူး။ မြားတစ်စင်းက အဝေးကနေ လေထုကို ဖြတ်သန်းပြီး ရောက်ရှိလာတယ်။ မျက်စိတစ်ဖျတ်အတွင်း ၎င်းအနားကို နီးကပ်သွားပြီး လည်ပင်းကို တိုးလျှိုပေါက် ဖြတ်သန်းလို့ ၎င်းရဲ့ သွေးတွေ ပေကျံလျက် အနောက်က သစ်ပင်မှာ သွားရောက် စိုက်ဝင်နေတယ်။ မြားရဲ့ တုန်ခါမှုက သစ်ပင်ကို တုန်ခါသွားစေတယ်။

၎င်းဟာ သူ့ရဲ့ လည်ပင်းကို အုပ်ကိုင်လိုက်‌ပေမဲ့ ဒဏ်ရာကနေ သွေးတွေက ထွက်မြဲထွက်လျက်။ သူ့မျက်လုံးတွေ အရောင် ဖျော့ကျသွားပြီး မြေပြင်ပေါ်ကို လဲကျသွားတယ်။ သူ့ရဲ့ အလောင်းဟာ တိုက်ပွဲ မြေပြင်ပေါ်က စစ်သည်တော်‌တွေရဲ့ ခြေဖဝါးအောက်မှာ နင်းလျှောက်ခြင်း ခံလိုက်ရတယ်။

အဝေးတစ်နေရာမှာတော့ ခြေကုန်လက်ပမ်း ကျနေတဲ့ အစောင့်အရှောက် ခေါင်းဆောင်ဟာ အကြည့်တွေကို ပြန်လည် လွှဲဖယ်သွားပြီး မဟူရာတောင် မျိုးနွယ်စုက သွေးကြောကျောက်သား အဆင့် ၈ ရှိတဲ့ မျိုးနွယ်စု ခေါင်း‌ဆောင်နဲ့ ဆက်လက် တိုက်ခိုက်နေတယ်။

စုမင်၊ ပေလင်းထံ လှမ်းလျှောက်သွားပြီး သူ့ရှေ့မှာ ရပ်လိုက်ပြီး မြေပြင်ပေါ်မှာ စိုက်နေတဲ့ မာန်သွေးကြောမျှင် လက်နက်ကို ဆွဲနှုတ်လိုက်တယ်။ ဆွဲနှုတ်ယူပြီးတာနဲ့ တစ်စုံတစ်ရာက သူ့မျက်လုံးတွေထဲ ဖြတ်ပြေးသွားတယ်။ တောင်ကလူတွေနဲ့ ဆက်လက် တိုက်ခိုက်တော့မယ် အလုပ်မှာ စိတ်ရှုပ်ထွေးမှုနဲ့အတူ ချီတုံချတုံဖြစ်နေတဲ့ ပေလင်းရဲ့ အသံကို ကြားလိုက်ရတယ်။

"ကျေးဇူးတင်ပါတယ်…"

အဲဒီအသံက တိုက်ပွဲမြေပြင်က အသံတွေနဲ့ ရွှင်းတီးမှုတ်သံတွေ ကြားမှာ ရောထွေးသွားတယ်။ လေသံက ခပ်‌ပျော့ပျော့။ စုမင် ကြားလိုက်ပုံ မရဘူး။ သူ လှံတံကို ဆွဲနှုတ်ပြီးတာနဲ့ ‌လှမ်းထွက်သွားတယ်။ သို့ပေမဲ့ ခြေလှမ်း အနည်းငယ် လှမ်းအပြီးမှာတော့ သူရပ်လိုက်တယ်။

"ပြီးခဲ့တာတွေ ပြီးပါစေတော့။ အခု ချန်းရှင်းအတွက် ရှင်သန်နေထိုင်ပါတော့”

စုမင် ပြောပြီးတာနဲ့ တိုက်ပွဲဖြစ်ပေါ်နေဆဲ အနီးတစ်နေရာကို ပြေးထွက်သွားတယ်။

စုမင် ပြေးထွက်လာတဲ့ အခိုက်မှာပဲ သစ်လုံးတိုင်ပေါ်က အေးစက်တင်းမာတဲ့ အကြည့်တစ်ခုက သူ့ဆီ ရောက်ရှိလာတယ်။ အဲဒီ အကြည့်ပိုင်ရှင်ကတော့ ချည်ထည်ကြမ်း ဝတ်ဆင်ထားတဲ့ အမျိုးသား တစ်ယောက် ဖြစ်တယ်။ အသက် ၄၀ လောက် ရှိရော့မယ်။ ၎င်းရဲ့ ကိုယ်ခန္ဓာက အင်မတန် ဖွံ့ထားကြံ့ခိုင်ပြီး သံတိုင်ကြီး တစ်ခုလိုပဲ။ သူ့တစ်ကိုယ်လုံး ‌လတ်ဆတ်တဲ့ သွေးတွေ ပေကျံနေပြီး အဲဒီ သွေးတွေကတော့ နက်မှောင်တောင် မျိုးနွယ်ဝင်တို့ရဲ့ သွေးတွေ ဖြစ်လေတယ်။

သူ့ရဲ့ ချီအစွမ်းက သွေးကြောကျောက်သား အဆင့် ၈ ရှိသူလို့ ဖော်ပြနေတယ်။ သူ့စွမ်းအားက မကြာသေးခင်က စုမင်နဲ့ တိုက်ခိုက်ခဲ့တဲ့ ရဲဝမ်နဲ့ အဆင့်တူပဲ။

စုမင်ကို သူကြည့်မိလိုက်တဲ့ အခိုက်မှာ ၎င်းဟာ သူ့ရဲ့ ညာဘက်လက်ကို မြှောက်လိုက်တယ်။ သူ့လက်ထဲမှာ အရိုးနဲ့ ပြုလုပ်ထားတဲ့ ဓားရှည်တစ်လက် ရှိတယ်။ ဓားရှည်ကို လွှဲယမ်းလိုက်စဉ်မှာ သူ့ကို ခုခံ တိုက်ခိုက်နေတဲ့ နက်မှောင်တောင် မျိုးနွယ်ဝင်ကို အဆုံးသတ် ပေးလိုက်ပြီ။

မျိုးနွယ်ဝင်ဟာ သွေးဖောက်ခွဲမှု ပြုလုပ်ချိန်တောင် မရလိုက်ဘူး။ အဲဒီလူက မျိုးနွယ်ဝင်ရဲ့ ခေါင်းကို ဖြတ်လိုက်ပြီး စုမင်ကို မြင်လိုက်တဲ့ နေရာဆီ လွှင့်ပစ်လိုက်တယ်။

ဦးခေါင်းပြတ်ဟာ သွေးစက်လက်နဲ့ စုမင်ခြေထောက်နားကို ကျလာခဲ့တယ်။ သွေးအရောင်ဟာ နီစွေးလျက်။ သွေးရဲ့ အပူရှိန်ကြောင့် နှင်းတွေဟာ အရည်ပျော်ပြီး သွေးရည်အိုင်တစ်ခုကို ဖြစ်ပေါ် စေခဲ့တယ်။

စုမင် ရပ်တန့်ပြီး ခေါင်းပြတ်လာရာ လမ်းကြောင်းကို ကြည့်လိုက်တယ်။ လူအုပ်ကြားထဲက အဲဒီအမျိုးသားနဲ့ မျက်လုံးချင်း တွေ့ဆုံမိကြပြီး သူ့ရဲ့ မျက်လုံးတွေထဲက လူတိုင်းကို အထင်သေးမှုနဲ့ ရက်စက်မှုကို မြင်တွေ့လိုက်ရတယ်။ အဲဒီလူကြီးလည်းပဲ စုမင်ရဲ့ ရဲရဲတောက်နေတဲ့ မျက်လုံးအိမ်ထဲက စိတ်ရိုင်းတွေနဲ့ သတ်ဖြတ်လိုမှုတွေကို တွေ့မြင်လိုက်ရတယ်။

သူတို့ အကြည့်ချင်း ဆုံသွားတဲ့ အခိုက်အတန့်မှာပဲ လူကြီးက ‌လှုပ်ရှားလိုက်တယ်။ စုမင်ထံ အမြန် ပြေးဝင်လာပြီး စုမင်လည်းပဲ မြေပြင်ကို တစ်ချက်ဆောင့်လို့ လူကြီးဆီ တစ်ဟုန်ထိုး ချီတက်သွားတယ်။

လူကြီးက တိရစ္ဆာန်သားရေထည် ဝတ်ထားပြီး ချည်ထည်ကြမ်းကို ဝတ်ဆင်ထားတာဟာ သူ့ရဲ့ မျိုးနွယ်စုထဲက အဆင့်အတန်းက အတော်အသင့် မြင့်မားလိမ့်မယ် ဆိုတာကို ဖော်ပြတယ်။ စုမင်သာ ဒီလူကို သတ်နိုင်လျှင် မဟူရာတောင် မျိုးနွယ်စုရဲ့ စိတ်ဓာတ်ကို အထိနာ ပျက်ပြားစေမှာ အသေအချာပဲ။

လူကြီး လှုပ်ရှားလိုက်တဲ့ အခိုက်မှာ သူ့ရဲ့ အဆင့်အတန်းကြောင့် တိုက်ပွဲထဲက တောင်မျိုးနွယ်ဝင်တွေ အားလုံးရဲ့ အာရုံကို ဖမ်းစားလိုက်နိုင်တယ်။ ၎င်းလူကြီးက သူတို့ရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်သလိုမျိုး ထူးဆန်းတဲ့အသံနဲ့ ဟစ်အော်လိုက်ကြပြီး သုတ်သင်ပွဲကြီးကို ဆက်လက် လုပ်ဆောင်ပါတော့တယ်။

နှစ်ယောက်သားဟာ နီးကပ်လာနေခဲ့ပြီး တစ်ခဏလေး အတွင်းမှာ တစ်ယောက်နဲ့တစ်ယောက် ရင်ဆိုင်တွေ့ကြရပြီး သူသေကိုယ်သေ ပြင်းထန်တဲ့ တိုက်ပွဲကို ဆင်နွှဲကြတော့တယ်။

တစ်ချိန်တည်းမှာပဲ နက်မှောင်တောင် ရှေ့တန်းမှာ တိုက်ခိုက်နေတဲ့ မျိုးနွယ်စု ခေါင်းဆောင် သွေးအန်သွားတယ်။ ခြေလှမ်းတွေကို နောက်ဆုတ်လို့ သူ့မျက်နှာက ဖြူဖျော့နေတယ်။ သူ့ရှေ့မှာ မဟူရာတောင် မျိုးနွယ်ဝင် တစ်ဝက်လောက် အတုံးအရုန်း သေဆုံးနေကြပေမဲ့ အခုနက အကြီးအကဲကို ဝိုင်းဝန်း တိုက်ခိုက်ကြတဲ့ လူနှစ်ယောက်လို အနက်ရောင်ဝတ်ရုံနဲ့ လူတစ်ယောက် ပေါ်ထွက်လာတယ်။ အံ့အားသင့်ဖွယ် အားအင်နဲ့ သူ့ကို ဒဏ်ရာရစေပြီးလျှင် နောက်ဆုတ်သွားအောင် လုပ်လိုက်နိုင်တယ်။

အနက်ရောင်ဝတ်ရုံနဲ့ လူရဲ့ မျက်လုံးတွေက အသက်မဲ့ပြီး သူ့မျက်လုံးတွေထဲမှာ သွေးဆာလောင်မှုတွေသာ ရှိတယ်။ သူ့ရှေ့ကို ခြေလှမ်းကျဲကြီးနဲ့ လှမ်းလာပြီး သူ့နောက်မှာတော့ မဟူရာတောင်က နှစ်ယောက်ရှိနေတယ်။ ကြည့်ရုံနဲ့တင် ဒဏ်ရာရနေတဲ့ မျိုးနွယ်စု ခေါင်းဆောင်ကို တစ်ချက်တည်းနဲ့ အဆုံးသတ်လိုက်ချင်တာ ထင်ရှားတယ်။ ‌ခေါင်းဆောင်နဲ့အတူ တိုက်ခိုက်ခဲ့တဲ့ စစ်သည်တော်တွေ အားလုံးက သွေးဖောက်ခွဲမှု လုပ်ပြီးသွားကြပြီမို့ ရှေ့တန်းမှာ သူတစ်ယောက်တည်း ကျန်တော့တယ်။

မျိုးနွယ်စုခေါင်းဆောင် သေဘေးက မလွတ်နိုင်တော့မယ့်ပုံ ပေါ်တော့ ဝမ်းနည်းမှုနဲ့ ဒေါသတွေနဲ့အတူ သူ့နောက်မှာရှိနေတဲ့ လူအုပ်ထဲက လူတစ်ယောက်က အမြန် ရောက်ရှိလာတယ်။ အဲဒီ သူကတော့ သက်ကြီးရွယ်အို တစ်ယောက်ပါ။ နက်မှောင်တောင် မျိုးနွယ်စုက နန့်စုန့် ဖြစ်လေတယ်။

သူ ရှေ့ထွက်လာခိုက်မှာပဲ သက်ပြင်း သဲ့သဲ့ချပြီး မြေပြင်ကို ညာခြေနဲ့ ဆောင့်နင်းလိုက်တယ်။ အသံအကျယ်ကြီး မထွက်ပေမဲ့လို့ ခေါင်းဆောင်ရဲ့ အသက်ကို ယူငင်ဖို့ ကြိုးစားနေတဲ့ အနက်ရောင်ဝတ် လူဟာ ရုတ်တရက် တုန်ယင်ပြီး နောက်ဆုတ်သွားရတယ်။ နန့်စုန့် ရှေ့ကို ထွက်လာချိန်မှာ အနက်ရောင် ဝတ်ရုံရှင် မျက်နှာမှာ ထိတ်လန့်သွားဟန် ပေါ်တယ်။ နန့်စုန့်က သူ့ရဲ့ ပိန်လှီတဲ့ လက်ကို ဝှေ့ယမ်းလို့ သူ့ရဲ့ ပထမဆုံး လက်သီးချက်ကို ထုတ်ပြီး အနက်ရောင်လူရဲ့ ခြေလှမ်းတွေကို တားဆီးလိုက်တယ်။ အဲဒီနောက် နှစ်ယောက်သား ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြတော့တယ်။

အနက်ဝတ်လူရဲ့ ဘေးမှာ တခြား မာန်စွမ်းအားရှင် နှစ်ယောက် ရှိသေးတယ်။ သူတို့ထဲက

လေးတံကြီးကြီး တစ်လက် ကိုင်ဆောင်ထားတဲ့ တစ်ယောက်က တောင်မျိုးနွယ်စု အစောင့်အရှောက် ခေါင်းဆောင်ဖြစ်ပြီး နန့်စုန့် ပေါ်ထွက်လာမှုကြောင့် အံ့အား သင့်သွားပေမဲ့ နောက်ထပ် လူတစ်ယောက်ကတော့ အံတင်းတင်းကြိတ်လို့ နက်မှောင်တောင် မျိုးနွယ်စု ခေါင်းဆောင်ကို လိုက်လံ ဖမ်းဆီးနေတယ်။

သူ့မျက်လုံးထဲမှာ စိတ်အားတက်ကြွမှုနဲ့ ရက်စက်မှုတွေ တွဲလွဲခိုလျက် ရှိတယ်။ နက်မှောင်တောင် မျိုးနွယ်စု ခေါင်းဆောင်ကို သတ်လိုက်ပြီး ဦးခေါင်းကို ဖြတ်လိုက်နိုင်လျှင် သူရရှိမယ့် ဂုဏ်သရေ ကျောဇောမှုကို စိတ်ကူးယဉ်နှင့်ပြီးပြီ။

မျိုးနွယ်စု ခေါင်းဆောင်က မချိတင်ကဲ ပြုံးတယ်။ သူက အခု နတ်ဘုရားရုပ်တု အကာအကွယ်အောက်က လူအုပ်ကြီးနဲ့ အတော်လေးဝေးတဲ့နေရာ ရောက်နေပြီး ပြန်မသွား နိုင်တော့တာကို သိတယ်။

သို့ပေမဲ့လည်း သူ့မျက်လုံးထဲမှာ ဘာနောင်တတရားမှ မရှိဘူး။ တွေဝေ တွန့်ဆုတ်မှုများသာ ရှိနေတယ်။ သူ တိုက်ပွဲထဲမှာ သေရတာကို မကြောက်ပါဘူး။ သူက မျိုးနွယ်စု ခေါင်းဆောင်လေ။ တိုက်ပွဲထဲမှာ သေရတာ သူ့အတွက် ဂုဏ်သိက္ခာ အရှိဆုံးပဲ။ ဒါပေမဲ့ သူတို့ကို ခွဲမသွားလိုဘူး။ ဒီလောက်မြန်မြန်ကြီး မျိုးနွယ်စုကို မထားခဲ့ချင်ဘူး။ သူ မျိုးနွယ်ဝင်တွေ အားလုံးကို လုံခြုံတဲ့ နေရာဆီ ခေါ်သွား ပေးရဦးမှာ။

အခြားသူတွေလိုပဲ မျိုးနွယ်စုခေါင်းဆောင် ကျရောက်နေတဲ့ အန္တရာယ်ကို စုမင် မြင်လိုက်ရတယ်။ သို့ပေမဲ့လည်း မဟူရာတောင် မျိုးနွယ်‌တွေရဲ့ ရက်စက်တဲ့ တိုက်ကွက်တွေကြား ဘယ်သူမှ သွားရောက် မကူညီနိုင်ကြဘူး။ မဟူရာတောင် စစ်သည်တော်တွေဟာ တစ်ဖက် စစ်သည်တော်တွေ တစ်ယောက်ချင်းစီကို ပိတ်မိအောင် လမ်းတွေကို ပိတ်ဆို့ထားပြီး သူတို့ မျိုးနွယ် ခေါင်းဆောင်ကို သွားရောက် မကယ်တင်နိုင်အောင် စိတ်လှုပ်ရှား တက်ကြွစွာနဲ့ ပြုလုပ်နေကြတယ်။

စုမင် အမြန် ပြေးသွားချင်ခဲ့ပေမဲ့ ချည်ထည်ကြမ်း ဝတ်ဆင်ထားတဲ့ လူကြီးက သူ့ရဲ့ ထွက်ပေါက်မှန်သမျှကို ပိတ်ဆို့ထားပြီး စုမင်မသွားနိုင်အောင် လုပ်ထားတယ်။ စုမင်မှာ လှံတံရှည် ပစ်လွှတ်ချိန်တောင် မရဘူး။

နက်မှောင်တောင် မျိုးနွယ်စုခေါင်းဆောင် တစ်ယောက် သေခြင်းတရားကနေ လုံးဝ မရှောင်လွှဲနိုင်တော့တဲ့ အခိုက်အတန့်လေးမှာ နတ်ဘုရားရုပ်တုရဲ့ အကာအကွယ်အောက်မှာ ရပ်နေကြတဲ့ လူအုပ်ထဲက မျိုးနွယ်ခေါင်းဆောင် ရှိနေရာနဲ့ အနီးဆုံးနေရာမှာ ရှိတဲ့ သာမန်မျိုးနွယ်ဝင် ဆယ်ကျော်သက်လေးတွေက မျိုးနွယ်စု ခေါင်းဆောင်ထံကို ပြေးလွှားရောက်ရှိ လာကြ‌တော့တယ်။

ဆယ်ကျော်သက်လေးတွေဟာ တုန်ယင်နေကြတယ်။ မျိုးနွယ်စုထဲမှာ သူတို့က ဘာမှ အရေးမပါတဲ့ သူတွေဖြစ်တယ်။ သူတို့မှာ ကပ်ဘေး စစ်သည်တော် ခန္ဓာကိုယ်လည်း မပိုင်ဆိုင်သလို ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်တွေလည်း မရှိကြပါဘူး။ ခါတိုင်း မျိုးနွယ်စုတွေ အလုပ်ရှုပ် နေကြချိန်မှာ သူတို့တွေရဲ့ ဖခင်များက တိုက်ပွဲမှာ ကျဆုံးခဲ့ကြဖူးတာမို့ အခွင့်ထူးခံ လူတန်းစား တစ်ရပ်လိုမျိုး ဟိုဒီလျှောက်သွား၊ ဘာမှမလုပ်ဘဲ နေထိုင်ခဲ့ကြတယ်။ မျိုးနွယ်စုကို သစ္စာမဖောက်သရွေ့ တစ်သက်လုံး ဒီအတိုင်း နေသွားနိုင်မယ်လို့ ထင်ခဲ့ကြတယ်။

သူတို့မိသားစု ပိုင်ဆိုင်ခဲ့ဖူးတဲ့ ဂုဏ်သိက္ခာကို မေ့မပစ်ခဲ့ကြပေမဲ့ အဲဒီဂုဏ်သိက္ခာမျိုး ပိုင်ဆိုင်ဖို့ တာဝန်ယူမှု တာဝန်ခံမှုတွေကို အမွေဆက်ခံ ရမှာကိုတော့ မရွေးချယ်ခဲ့ကြဘူး။ အဲဒီအစား ကာကွယ်ပေးမှု ခံရအောင် အဲဒီဂုဏ်သိက္ခာကို ဆင်ခြေတစ်ခုအနေနဲ့ ဗန်းပြလို့ သူတို့ရဲ့ မာန်မာန ထောင်လွှားမှုနဲ့ ပျင်းရိ လေးသွဲ့မှုတွေကို ဖုံးကွယ် ထားခဲ့ကြတယ်။

***

All Chapters