← Chapters

သူရဲကောင်းငယ်လေးများရဲ့ သေဆုံးမှု

Vol. 7 Ch. 91

သူရဲကောင်းငယ်လေးများရဲ့ သေဆုံးမှု

Vol. 7 Ch. 91

သူတို့သေမှာ ကြောက်ကြတယ်။ သေခြင်းဆိုတဲ့ အသံ ကြားလိုက်ရလျှင်တောင် နှလုံးသားတွေ ကွဲကြေသလို ခံစားရတယ်။ ဒါကြောင့်မို့ လူအုပ်ရဲ့ နောက်တန်းမှာ မနေဘဲ အလယ်နေရာလောက်မှာ နေဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ အဲဒီနေရာမှာ မိဘမဲ့ လူမမယ် လာစုငယ်လေးတွေ ပြည့်နေတာကြောင့် မျိုးနွယ်စု ခေါင်းဆောင်တော့ ငါတို့ကို ကာကွယ်နိုင်မှာပဲ ဆိုတဲ့စိတ်နဲ့ လုံခြုံမှာပဲဆိုပြီး ရှေ့တန်းကနေ လျှောက်ခဲ့ကြတယ်။

အခုတော့ မျိုးနွယ်စု ခေါင်းဆောင်က သူတို့ ရှေ့တည့်တည့်မှာတင် အန္တရာယ် ဖြစ်နေပြီ။ အကယ်၍ ရုပ်တုရဲ့ အလင်းရောင်ထဲကနေ မထွက်လျှင်တော့ သူတို့ လုံခြုံဦးမှာပါ။

အခုလို အန္တရာယ်ရှိနေတဲ့ အချိန်မှာတော့ ဒါဇင်နဲ့ချီတဲ့ ဆယ်ကျော်သက်လေးတွေထဲက တစ်ယောက်ရဲ့ မျက်နှာဟာ ဖြူဖျော့နေပြီး သူ့ကိုယ်ခန္ဓာက တုန်ယင်နေတယ်။ အကြောက်တရားက သူ့ရဲ့ အားနည်းတဲ့ ကိုယ်ခန္ဓာကို သိမ်းပိုက် စိုးမိုးထားတယ်။ မည်သို့ပင် ဖြစ်စေ၊ ဒါဟာ သူ့ဘဝမှာ ပထမဆုံး အရဲစွန့်လိုစိတ် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်တယ်။

"ငါ့ဘဝတစ်လျှောက် အချိန် တော်တော်များများကို အရူးတစ်ယောက်လို ကုန်ဆုံးခဲ့တယ်။ တစ်နေ့သေမှာကို သိပြီး နေ့ရက်တိုင်းကို လွယ်လွယ်ကူကူနဲ့ ကျော်ဖြတ် အချိန်ဖြုန်းခဲ့မိတယ်။ ငါဟာ မျိုးနွယ်စုအတွက် ဘာမှမလုပ်ပေးပေမဲ့ အစားအစာတွေ အများကြီး ဖြုန်းတီးခဲ့တယ်။ ငါ့ကို အထင်သေးတဲ့ မျိုးနွယ်စုဝင်တွေ ရှိတာ ငါသိတယ်။ ရှိသမျှ လာစုတွေ အားလုံးလည်း ငါ့ကို အသုံးမဝင်တဲ့ ကောင်လို့ ထင်မြင်ကြမှာ ငါသိ‌တယ်"

"ပြီးတော့ ငါကလည်း အသုံးမဝင်တဲ့ ကောင်ပဲလေ။ ငါ့မှာ မာန်ကိုယ်ခန္ဓာ မရှိဘူး။ ကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာလည်း မရှိဘူး။ ငါ့မှာ ဘာမှမရှိဘူး … ငါ့မှာရှိတာဆိုလို့ အဖေ မျိုးနွယ်စုအတွက် အမဲလိုက်ထွက်ပြီး သားရဲကောင်နဲ့ ရင်ဆိုင်တိုးတုန်းက သေဆုံးသွားခဲ့တဲ့အတွက် အဖေ့ရဲ့ သေဆုံးခြင်းနဲ့ လဲယူထားရတဲ့ ဂုဏ်သိက္ခာ ဆိုတာကြီးပဲ ရှိတယ်။

"ဒီနေ့ ငါမင်းတို့ကို ပြောလိုက်မယ်။ ငါက အသုံးဝင်ချင်မှ ဝင်မယ်။ ဒါပေမဲ့ ငါက မျိုးနွယ်စုဝင် တစ်ယောက် ဖြစ်နေဆဲပါပဲ”

ဆယ်ကျော်သက်လေးရဲ့ မျက်လုံးတွေဟာ နီရဲလျက် ကြုံးဝါးဟစ်အော်လို့ မျိုးနွယ်စု ခေါင်းဆောင်ဆီ တည့်တည့် ပြေးဝင်သွားပါတော့တယ်။ သူ့ရဲ့ အသွေးအသားတွေကို သုံးပြီး မျိုးနွယ်စု ခေါင်းဆောင်အတွက် စတေးခံမယ်။ သူ့ရဲ့အသက်ကို ရင်းပြီး မျိုးနွယ်စု ခေါင်းဆောင်ကို ကာကွယ်ပေးမယ့် နံရံကြီးတစ်ခု ဖြစ်လာစေရမယ်။

ဆယ်ကျော်သက်လေးက ဆုတ်ခွာနေတဲ့ မျိုးနွယ်စုခေါင်းဆောင်နဲ့ နေရာလဲပြီး ရန်သူကို ရင်ဆိုင်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ ချွန်ထက်တဲ့ မြားတစ်စင်းက လေကို ထိုးခွင်းလာပြီး ခန္ဓာကိုယ်ကို ဖြတ်သန်းထိုးဖောက် သွားတယ်။ သူ ပေါက်ကွဲပြီး သေဆုံးသွားတယ်။

"အဖေ ... အဖေ့ရဲ့ လာစုလေးက အသုံးမဝင်တဲ့ကောင် မဟုတ်ပါဘူးဗျာ ..."

ဆယ်ကျော်သက်လေးက မသေခင်မှာ မချိတင်ကဲပြုံးသွားတယ်။

တစ်ချိန်တည်းလိုလိုမှာပဲ လူငယ်လေးတစ်ယောက် ထွက်လာပြီး သေပြန်တယ်။ သူ့ သူငယ်ချင်းတွေလည်း အသံကုန် ဟစ်အော်ပြီး ပြေးထွက်လာကြတယ်။ သူတို့ကို နှစ်ပေါင်းများစွာ ထောက်ပံ့ပေးခဲ့တဲ့ မျိုးနွယ်စုအတွက် သူတို့ရဲ့ အသက်နဲ့ရင်းပြီး ပြန်ပေးဆပ် လိုက်ကြတယ်။ သူတို့ရဲ့ အသက်ကို အသုံးပြုလိုက်စဉ်မှာ တစ်ခါက မိသားစုအနေနဲ့ လက်ခံရရှိဖူးတဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရရှိ သွားကြတယ်။

"ငါတို့က အသုံးဝင်ချင်မှ ဝင်မယ်။ ဒါပေမဲ့ ငါတို့လည်း မျိုးနွယ်စု ဝင်တွေပါပဲ”

ဒါဇင်ချီတဲ့ ဆယ်ကျော်သက်တွေဟာ ကြုံးဝါးလိုက်ကြတယ်။

သူတို့ရဲ့ သေးကွေးတဲ့ ခန္ဓာကိုယ်နဲ့ သွေးတွေကိုသုံးပြီး မျိုးနွယ်စု ခေါင်းဆောင်နဲ့ သူတို့ရဲ့ မျိုးနွယ်ဝင်တွေအတွက် နံရံတံတိုင်းတစ်ခု ဖြစ်ပေါ်‌စေခဲ့တယ်။ ကျယ်လောင်စွာ မြည်ဟိန်းသံတွေက လေထုထဲမှာ အဆက်မပြတ် လွင့်ပျံ့လျက်......။

နက်မှောင်တောင် မျိုးနွယ်စုခေါင်းဆောင်ကို လိုက်လံဖမ်းဆီးနေတဲ့ မဟူရာ‌တောင်က လူနှစ်ယောက်အနေနဲ့ ဒီလိုမျိုး မျိုးနွယ်ထဲက သာမန်မျိုးနွယ်ဝင် ငယ်လေးတွေ ပြေးထွက် ရပ်တည်ပေးမယ်လို့ မျှော်လင့်မထားဘူးဆိုတာ ထင်ရှားပါတယ်။ သို့ပေမဲ့လည်း အဲ့ဒါတွေအားလုံးက သူတို့ မျက်လုံးတွေထဲမှာတော့ မုန်းစရာ၊ ရွံစရာလေးတွေပေါ့။ သူတို့အတွက် သာမန်မျိုးနွယ်စု ဝင်လေးတွေဆိုတာ တစ်ချက်လောက်ထုရုံနဲ့ အားနည်းပြီး သေသွားမှာလေးတွေ ဖြစ်တယ်။

အော်သံတွေကြားမှာ အဲဒီ ဒါဇင်နဲ့ချီတဲ့ ကောင်ငယ်လေးတွေဟာ သူတို့ သွေးတွေနဲ့သူတို့ အလူးလူးအလဲလဲ။ သူတို့ရဲ့ ခြေလက်တွေ ပြတ်ထွက်ကုန်ကြပေမဲ့ သူတို့ရဲ့ စိတ်ခွန်အားကို အသုံးပြုပြီး ရန်သူတွေကို လမ်းပိတ်ထားကြတယ်။ တချို့တွေက မဟူရာတောင် မျိုးနွယ်စု ခေါင်းဆောင်ကိုယ်ကို ကုပ်ကပ် တွယ်ထားကြတယ်။ အတင်းကာရော ဆွဲခွာလို့ ခန္ဓာကိုယ်တွေ ကွဲပြဲ ထွက်ကြတာတောင် အံတင်းတင်း ကြိတ်ပြီး တောင့်ခံကြတယ်။

တကယ့်ကို ကပ်ဘေးဒုက္ခ‌ သင့်နေ ကြသလိုပါပင်။ တိုက်ပွဲရဲ့ ပျက်စီးခြင်း ကပ်ဆိုက်ရောက်မှုဟာ အထွတ်အထိပ်ကို ရောက်ရှိလာနေတယ်။ ဒီဆယ်ကျော်သက်လေးတွေရဲ့ စိတ်ဓာတ်ခွန်အားဟာ လိုက်လံ ဖမ်းဆီးနေတဲ့ လူကြီးနှစ်ယောက်ကို တုန်လှုပ်လို့ သွားစေတယ်။ တောင်မျိုးနွယ်က သာမန်မျိုးနွယ်ဝင်လေးတွေ အနေနဲ့ ဒီလောက် မိုက်ရူးရဲဆန်ပြီး စိတ်ပိုင်းဖြတ်နိုင်စွမ်း ရှိကြပြီး သူတို့ရဲ့ လိုက်လံဖမ်းဆီးမှုကို ဝင်သက်ထွက်သက် နှစ်ခါစာမျှ နှောင့်နှေးအောင် ပြုလုပ်နိုင်စွမ်းမယ်လို့ မမျှော်လင့် ထားခဲ့ကြဘူး။

ဒီကောင်လေးတွေ အသက်နဲ့ရင်းပြီး ရအောင် ယူပေးခဲ့တဲ့ ဝင်သက်ထွက်သက် နှစ်ခါစာဟာ တိုတောင်းတဲ့အချိန် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ မျိုးနွယ်စုခေါင်းဆောင်ရဲ့ ကံကြမ္မာကိုတော့ ပြောင်းလဲ သွားစေလိုက်ပါပြီ။ ဝမ်းနည်း ကြေကွဲခြင်းများနဲ့ မျိုးနွယ်စု ခေါင်းဆောင်က ရုပ်တုအလင်း အောက်ကို ရောက်ရှိသွားခဲ့ပါပြီ။ သူ့နှလုံးသားဟာ ဓားအစင်းပေါင်း များစွာနဲ့ ထိုးစိုက်ခံရသလို နာကျင်လွန်းလှတယ်။ ဒါပေမဲ့ သူသေလို့ မဖြစ်သေးတာကို သူသိတယ်။ သူသေမှာ ကြောက်လို့ မဟုတ်ပါဘူ။ မျိုးနွယ်စု အတွက်ကြောင့်သာ ဖြစ်တယ်။

သူ အလောင်းတွေနဲ့ ပြည့်နေတဲ့ မြေပြင်ကို ကြည့်တယ်။ တချို့က သူ့ကို ခေါင်းကိုက် စေခဲ့သူတွေ၊ သူမကြိုက်တဲ့ တချို့လူငယ်လေးတွေ အများကြီးပေါ့။ ရင်းနှီးခဲ့တဲ့ မျက်နှာတွေ အခုတော့ အသက်မဲ့နေတဲ့ အလောင်းတွေအဖြစ် ပြောင်းလဲသွားတာ မြင်တော့ မျိုးနွယ်စုခေါင်းဆောင်၊ သန်သန်မာမာ အသက် ၄၀ အရွယ် ယောက်ျားရင့်မာကြီးဟာ ငိုကြွေးလေတယ်။

သူ့အနောက်မှာလည်း မျိုးနွယ်ဝင်တွေ အများကြီး ငိုကြွေးနေကြတယ်။ ဟော့ဒီ လူငယ်လေးတွေက သူတို့ဟာ‌ ပျော့ညံ့သူတွေ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့လည်း သူတို့က မျိုးနွယ်စုရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်တဲ့ မျိုးနွယ်ဝင်တွေပါပဲလို့ ပြောသွားခဲ့ကြတယ်။ သူတို့လည်း မျိုးနွယ်စုအတွက် သေရဲကြပါသတဲ့။

စုမင် နှုတ်ခမ်းကို တင်း‌နေအောင် ကိုက်ပြီး သူ့ရှေ့က လူကြီးနဲ့ ဆက်လက် ယှဉ်ပြိုင်တယ်။ သွေးကြော ၂၄၃ ခုကို တစ်ခုတည်းဖြစ်အောင် ထုံးဖွဲ့လို့ မာန်သွင်းဟစ်အော်ပြီး ဆက်လက် ခုခံတိုက်ခိုက် နေတယ်။

စုမင်ရဲ့ အထူးကျွမ်းကျင်ရာက လျင်မြန်မှုဖြစ်ပြီး လူကြီးကတော့ ရဲဝမ်လိုပဲ ခွန်အားအရာမှာ ဖြစ်တယ်။ တိုက်ပွဲမြေပြင်အလယ်က တိုက်ခိုက်မှုဟာ မျက်လုံး မလွှဲဖယ်နိုင်အောင် လွန်စွာကြည့်လို့ ကောင်းတယ်။ လေ့ချန်မြင်တယ်။ ဝူလလည်း မြင်တယ်။ အခြားသော မျိုးနွယ်ဝင်များလည်း မျက်ဝါးထင်ထင် မြင်တွေ့နေရတယ်။ လူအုပ်အလယ်က ကလေးမလေးကတော့ စုမင်ကို ကြည့်ပြီး ကြောက်လန့်တကြားနဲ့ ငိုယိုနေတယ်။

အဲဒီအခိုက်အတန့်မှာ အဝေးကနေ ခပ်အုပ်အုပ် မြည်ဟည်းသံတစ်ခု ပျံ့လွင့်လာတယ်။ အဝေးတစ်နေရာမှာ မဟူရာတောင် အကြီးအကဲ၊ ပိထူ၊ မိုးကျရွှေကိုယ် မာန်ပညာရပ်သုံးပြီး စီမံထားတဲ့ အနက်ရောင် အခိုးအငွေ့တွေဟာ မော့စန်းအကြီးအကဲနဲ့ အချိန်ကြာမြင့်စွာ တိုက်ခိုက်ပြီး နောက်မှာတော့ လွင့်ပြယ် ကွဲထွက်သွားပါတော့တယ်။ ပတ်ဝန်းကျင်တစ်ဝိုက်ကို အဆုပ်သဏ္ဌာန် မီးခိုးငွေ့တွေအဖြစ် ပျံ့နှံ့သွားတယ်။ အကြီးအကဲလည်း စကားနဲ့ ဖော်ပြခြင်း မစွမ်းနိုင်တဲ့ ဂုဏ်ရှိန်ဝါတစ်မျိုး ထုတ်လွှတ်လျက် မျိုးနွယ်စုဆီ ပြန်ရောက်လာပါတော့တယ်။

အကြီးအကဲ ပြန်ရောက်လာပြီ။

ခြေလှမ်းသုံးလှမ်းကို လေထဲမှာ ရိုးရိုးရှင်းရှင်း‌ လှမ်းလာခဲ့တယ်။ သူ့ရဲ့ ပထမဆုံး ခြေလှမ်းအဆုံးမှာ စုမင်ဘေးနားမှာ သွားပေါ်တယ်။ သူ့ရဲ့ မျက်ခုံးနှစ်ဖက်ကြားကို မော့စန်း အကြီးအကဲက လက်ညှိုးနဲ့ လာထိလိုက်ချိန်မှာ မဟူရာတောင်က လူကြီး အံ့သြမှင်တက် သွားတယ်။ အဲဒီနောက် လူကြီး တုန်ယင်သွားပြီး သွေးတွေအများကြီး အန်ထုတ်လို့ အနောက် ဆုတ်သွားတော့တယ်။

သူ့ရဲ့ မျက်ခုံးတွေအလယ်မှာ သွေးစီးကျနေတဲ့ အပေါက်တစ်ပေါက် ဖြစ်ပေါ်လာပြီးနောက် မျက်လုံးထဲက အလင်းရောင် ကင်းမဲ့သွားပြီး မြေပြင်ပေါ် လဲကျ အသက် ပျောက်သွားပါတော့တယ်။

အကြီးအကဲက မရပ်တန့်လိုက်ဘူး။ နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်ချိန်မှာ မျိုးနွယ်စုရဲ့ ရှေ့တန်းက နန့်စုန့်နဲ့ တိုက်ခိုက်နေတဲ့ အနက်ရောင်ဝတ်လူရဲ့ ဘေးမှာ သွားပေါ်ပါတယ်။ ညာဘက် လက်တစ်ချက် အဝှေ့မှာ အနက်ရောင်ဝတ်လူဟာ ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး ခန္ဓာကိုယ် အပိုင်းပိုင်း ကွဲထွက်လို့ သေပွဲ ဝင်ရတော့တယ်။

ခြေတစ်လှမ်းချင်းစီမှာ လူတစ်ယောက် သတ်နေစဉ်မှာ ကောင်းကင်နဲ့ မြေကမ္ဘာကို ကိုင်လှုပ်နိုင်လောက်တဲ့ အကြီးအကဲရဲ့ စွမ်းပကား ရှိန်ဝါဟာ သူ့ကိုယ်ပေါ်မှာ ရုန်းကြွထွက်ပေါ် နေလေတယ်။

စုမင် စိတ်လှုပ်ရှားသွားတယ်။ သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ နက်မှောင်တောင် မျိုးနွယ်စုက အခြား မျိုးနွယ်ဝင်တွေလည်း စိတ်လှုပ်ရှား တက်ကြွစွာနဲ့ အော်ဟစ်နေကြတယ်။

တတိယခြေလှမ်းကို လှမ်းလိုက်တဲ့ အခိုက်မှာ သူတို့ရဲ့ လမ်းကို ပိတ်ဆို့ထားတဲ့ သစ်လုံးတိုင်ကြီး ရှေ့မှာ ပေါ်လာတယ်။ ခြေကန်ချက် တစ်ချက်နဲ့ သစ်လုံးတိုင်ကို လဲကျသွားစေပြီး မြေပြင်နဲ့ မထိခင်မှာ လက်တစ်ဖက်နဲ့ ဝှေ့ယမ်းလို့ သစ်သားစတွေအဖြစ် ပြောင်းလဲ သွားစေပါတော့တယ်။

သစ်သားစတွေဟာ မြားတံချွန် ထက်ထက်တွေ အသွင်နဲ့ နက်မှောင်တောင် မျိုးနွယ်ဝင်တွေ အကြားက ဆုတ်ပြေးဖို့ ကြံနေတဲ့ မဟူရာတောင် မျိုးနွယ်ဝင်တွေကို တည့်တည့်စိုက်ဝင် သွားကြ တော့တယ်။

တစ်ခဏအတွင်းမှာ နာကျင်စွာ အော်မြည်သံတွေ လေထုထဲ ပျံ့နှံ့လာတယ်။

ခြေလှမ်းသုံးလှမ်း လှမ်းလို့ အပြီးမှာတော့ အကြီးအကဲရဲ့ မျက်နှာပေါ်မှာ နာမကျန်းတဲ့ နီမြန်မြန်းရောင် တစ်ချက် လက်သွားပေမဲ့ မကြာခင် ပျောက်ကွယ်သွားလျှင် သွားချင်း၊ လှည့်လာပြီး တည်ငြိမ်စွာ ပြောတယ်။

"ဒီမှာ ရပ်မနေကြနဲ့။ ဆက်သွားကြ”

နက်မှောင်တောင် မျိုးနွယ်ဝင်တွေဟာ မျိုးနွယ်စု ခေါင်းဆောင်ရဲ့ လမ်းပြမှုအောက်မှာ ခရီး ဆက်လက် ထွက်ခွာလာခဲ့ကြပြီး ကျရှုံးမှု များပြားတဲ့ မဟူရာတောင် မျိုးနွယ်ဝင်တွေက အနှောင့်အယှက်ပေး၊ မတားဆီးဝံ့ ကြတော့ဘူး။

နက်မှောင်တောင် မျိုးနွယ်စုက ခပ်မြန်မြန် ရှေ့ဆက်သွားခဲ့ကြတယ်။ သစ်ပင်ကိုမှီပြီး သေလုသေခင် ဖြစ်နေတဲ့ လျိုတိကိုလည်း လူတချို့က သယ်ပိုးပြီး ခေါ်ဆောင်လာခဲ့ကြတယ်။

မကြာခင်မှာ တိုက်ပွဲမြေပြင်ဟာ တိတ်ဆိတ်သွားခဲ့တယ်။ ကျန်ရစ်ခဲ့တာဆိုလို့ မြေပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့ အသက်မဲ့ ခန္ဓာကိုယ်တွေနဲ့ အချိန်တော်တော် ကြာထိ မပျောက်သွားနိုင်တဲ့ သွေးညှီနံ့တွေ ဖြစ်တယ်။

စုမင်ဟာ လူအုပ်အလယ်မှာ ရပ်နေတယ်။ တစ်ကိုယ်လုံး သွေးရွှဲရွှဲ နစ်နေတယ်။ သူ့ဘေးမှာတော့ ကလေးမလေးကို ချီထားတဲ့ မျိုးနွယ်ဝင်တစ်ယောက် ရှိတယ်။ ကလေးက မငိုတော့ဘူး။ အပြစ်ကင်းတဲ့ မျက်လုံးလေးတွေထဲမှာ ခွန်အားတွေ အပြည့်ရှိနေတယ်။

ကလေးမလေးဟာ အရမ်းငယ်သေးပြီး ကိစ္စတွေ အများကြီး နားမလည်သေးဘူး ဆိုပေမဲ့ သူမလည်း အဲဒီညမှာ အရွယ် ရောက်ခဲ့ပြီလို့ ဆိုရလိမ့်မယ်။

လရောင်ဟာ မြေပြင်ပေါ်မှာ ကွက်တိကွက်ကျား ဖြာကျနေပြီး နက်မှောင်တောင်က အိမ်ခြေယာမဲ့တို့ ကူကယ်သူမဲ့ ဒုက္ခမရောက်စေဖို့ လမ်းပြပေးနေတယ်။

"မျိုးနွယ်စုခေါင်းဆောင်၊ အကြီးအကဲ။ ကျုပ် အိုကြီးအိုမကြီးက နေရစ်ခဲ့ပါတော့မယ်။ ကလေးတွေ ကျုပ်ကို ဂရုစိုက်နေရလို့ ခရီးသွားနှုန်းကို နှောင့်နှေးစေလိမ့်မယ်"

လူအုပ်ထဲက အိုမင်းရင့်ရော်တဲ့ အသံရှင်က ပြောတယ်။

အဲဒီအဘိုးအိုက ချောင်းတဟွတ်ဟွတ် ဆိုးနေတယ်။ သူက သာမန် မျိုးနွယ်ဝင်မျှသာ ဖြစ်ပြီး အသက်လည်း ကြီးရင့်လာပြီမို့ ဒီခရီးကို  မလိုက်နိုင်တော့ဘူး။ သူ့စိတ်ထဲမှာ သူ့ကို ထောက်ပံ့ပေးနေတဲ့ သူကို အတင်းဆွဲထားပြီး ခရီးဖင့်စေမယ့်အစား သူ အနောက်မှာ ချန်နေခဲ့တာ ကောင်းတယ်လို့ တွေးတယ်။

"လူငယ်လေးတွေ သွားပါစေ။ ကျုပ်နေခဲ့မယ်။ အမှန်အတိုင်း ပြောရရင် မျိုးနွယ်စုမှာ ကတည်းက ကျုပ် ကျန်နေရစ်ခဲ့ဖို့ ကောင်းတယ် ... ဟား ..."

နောက်ထပ် အဘိုးအိုတစ်ယောက်လည်း ဆက်မသွားတော့ဘူး။

မကြာခင်မှာပဲ အသက်အရွယ် ကြီးရင့်သူတွေ တစ်ယောက်ပြီးတစ်ယောက် လူအုပ်ကြီးထဲက ထွက်ကုန်ကြတယ်။ အရေအတွက်အားဖြင့် ၄၀ လောက်ရှိပြီး အားလုံးက ခေါင်းမာမာနဲ့ နေခဲ့ဖို့ပဲ ရွေးချယ်ကြတယ်။ သူတို့ အသုံးဝင်ပါတယ်လို့ သူတို့ရဲ့ ကျန်ရှိနေသေးတဲ့ အသက်လေးကို အသုံးမပြု နိုင်ကြပေမဲ့လည်း မျိုးနွယ်စု ကောင်းရာကောင်းကြောင်း ဖြစ်မှာကို မပျက်ပြား စေလိုဘူး။

“ခင်ဗျားတို့ ..."

မျိုးနွယ်စုခေါင်းဆောင် မှင်တက်မိနေတယ်။ အဲဒီနောက် မျက်လုံးတွေကို မှိတ်ပြီး မျိုးနွယ်စုက သက်ကြီးရွယ်အိုတွေကို လေးလေးစားစား ဂါရဝပြုခြင်းနဲ့ တုံ့ပြန်လေတယ်။

"သွားပါကွာ ... ငါတို့ပင်ပန်းလှပြီ …"

အဘိုးအဘွားအိုများဟာ ပြုံးနေကြတယ်။ သူတို့ရဲ့ မျိုးနွယ်ဝင်တွေကို လက်ပြ နှုတ်ဆက်ကြတယ်။ သူတို့ရဲ့ မိသားစုဝင်တွေက လူအုပ်ထဲမှာပါပြီး ဘာအကြောင်းပြချက်နဲ့မှ တားလို့ မရတာမို့ ငိုကြွေးနေ‌ကြတယ်။ တချို့ သန်မာတဲ့ မျိုးနွယ်ဝင်တွေလည်း အဖော်အဖြစ် လိုလိုလျားလျား နေခဲ့လိုကြပေမဲ့ သူတို့ကိုတော့ ခွင့်မပြုဘူး။

သက်ကြီးရွယ်အိုတွေထဲက အဘိုးအိုတစ်ယောက်က ထွက်လာပြီးတော့ ခပ်ပြုံးပြုံးနဲ့ အကြီးအကဲကို အသာအယာ မေးတယ်။

"အကြီးအကဲ ... ကျုပ်တို့လို အိုကြီးအိုမတွေရော လူငယ်တွေ လုပ်သွားသလို သွေးဖောက်ခွဲမှု လုပ်လို့ရလား။ ပြောခဲ့ပါဦး”

အကြီးအကဲသာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ ရှေ့ဆက် လျှောက်သွားတယ်။ အဘိုးအိုရဲ့ လက်ထဲကို ပစ္စည်းတစ်ခု ထည့်ပေးခဲ့ပြီး ပခုံးကို ပုတ်လို့ သက်ပြင်းချလေတယ်။ ဒီအချိန်က စိတ်ပျော့ နေရမယ့်အချိန် မဟုတ်တာ သူသိတယ်။ အမြန်ဆုံး ရွှေ့ပြောင်းပေးဖို့ လိုမယ့် မျိုးနွယ်ဝင်တွေ အများကြီး ရှိနေသေးတယ်။ သူလှည့်ထွက် သွားပါတော့တယ်။

"ကျန်တဲ့သူတွေ ... ဆက်သွားကြ”

သက်ကြီးရွယ်အို အဘိုးအဘွားတွေဟာ မျိုးနွယ်စု ထွက်ခွာသွားတာကို ကြည့်နေခဲ့ကြတယ်။ တိတ်တိတ်လေးငိုပြီး လှည့်ကြည့်နေခဲ့ကြတဲ့ မျိုးနွယ်ဝင်‌တွေ ရှိခဲ့တယ်။ အဘိုးအဘွားအိုတို့ရဲ့ မျက်နှာပေါ်မှာက အပြုံးပန်း ဝေဆာနေတယ်။ သူတို့ ထိုင်ချလိုက်ကြတယ်၊ မောမောပန်းပန်း အသက် ရှူရှိုက်ကြပြီး ရှေးဟောင်းနှောင်းဖြစ်တွေနဲ့ ငယ်ငယ်က ဂုဏ်ဆောင်နိုင်ခဲ့တဲ့ အကြောင်းတွေ ပြောနေ ကြတယ်။

လရောင်ဟာ သူတို့ရဲ့ အရိပ်တွေပေါ် ဖြာကျနေခဲ့တယ်။

သက်ကြီးရွယ်အိုတွေ နေခဲ့ကြတာနဲ့ ဘေးဘက်ထောင့်တွေရဲ့ သွားနှုန်းက ပိုမို မြန်ဆန်လာတယ်။

အချိန်အတော် ကြာပြီးနောက် မိုးကုပ်စက်ဝိုင်းတစ်လျှောက် နေ့အလင်းရောင် ပေါ်ထွက် လာတာနဲ့ နက်မှောင်တောင် မျိုးနွယ်စုတွေ စွန့်ခွာခဲ့ကြတဲ့ ဇာတိချက်မြှုပ် ဒေသဟာ အထီးကျန်နယ်မြေ တစ်ခုအဖြစ် ပြောင်းလဲသွားပါတော့မယ်။

အဲဒီ အစွန့်ပစ်ခံ နယ်မြေမှာ အသက်ဓာတ်ဆိုလို့ တစ်ကောင်တစ်မြီးမျှ မရှိတော့တဲ့ ပုံပဲ။ နောက်များဆိုလျှင် အချိန်ရဲ့ တိုက်စားမှုအောက်မှာ အားလုံး ပြိုလဲပျက်စီး ကုန်ကြတော့မှာပါ။ ဒါမှမဟုတ်လည်း ကျန်ရှိနေခဲ့တဲ့ သစ်ပင်တွေက တဖြည်းဖြည်း ကြီးထွားလာပြီးတော့ ဒီနေရာကို ဖုံးအုပ်သွားတဲ့ အခါကျလျှင် တောရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သွားနိုင်ပြီး နောင်တစ်ချိန် သူတို့ခေတ်ရဲ့ ပျော်ရွှင်ခဲ့တဲ့ အမှတ်တရ ဟောင်းတွေကို ပြန်လာရှာ သူတွေအဖို့ ခက်ခဲသွားရတော့မယ်။

အဲဒီအချိန်လေးမှာ လေတဖြူးဖြူး တိုက်ခတ်နေတယ်။ ‌လေတိုးသံဟာ ရွှင်းတီးမှုတ်သံနဲ့ ဆင်တူပြီး မြေပြင်ပေါ်က နှင်းပွင့်လေးတွေကို မြေပြင်ပေါ်ကနေ အသာအယာ လှဲကျင်းပေးနေတယ်။ ကျန်ရစ်ခဲ့တဲ့ အရာ တော်တော်များများကိုလည်း လေပြည်က သယ်ဆောင်သွားခဲ့ပြီး အဲဒီလိုအသံ တရှပ်ရှပ် တကျီကျီဟာ ဟော့ဒီ စွန့်ပစ်မြေကို အထီးကျန်တဲ့ ခံစားချက်တွေ ဖြစ်ပေါ်လာစေတယ်။

ကျန်ခဲ့တဲ့ ပစ္စည်းတွေထဲမှာ ကလေး ကစားစရာတွေ၊ မျိုးနွယ်စုဝင်တွေ မသယ်ယူသွားနိုင်ခဲ့တဲ့ အမိုးအကာတွေ၊ မီးငြိမ်းသွားတဲ့ မီးပုံက ပြာစတွေ၊ အပိုင်းပိုင်း အပြတ်ပြတ် ဆေးပင်တွေ၊ မီးဖိုချောင်သုံး ပစ္စည်းတွေ အများကြီးနဲ့ ပြိုပျက်သွားတဲ့ အိမ်ရာ အစအနတွေ ပါဝင်တယ်။

တိတ်ဆိတ်နေတဲ့ မျိုးနွယ်မြေနေရာမှာ လေတိုးသံအပြင် တစ်ခုသော ပြိုပျက်နေတဲ့ အိမ်ထဲကနေ အကောင်ငယ်လေး တစ်ကောင် ခေါင်းပြူ ထွက်လာခဲ့တယ်။ အဲဒီ အကောင်ငယ်လေးက ချစ်စရာ ကောင်းလှတယ်။ ပထမတော့ အဖြူရောင်လေး နေပါလိမ့်မယ်။ ဒါပေမဲ့ အခု လတ်တလောမှာတော့ သူ့အ‌မွေးတွေက မီးခိုးရောင် ဖြစ်နေတယ်။ အိမ်ထဲက မြန်မြန် ပြေးထွက်လာတဲ့ မျက်လုံးလေးတွေထဲမှာ ကြောက်လန့်မှုတွေနဲ့။ နှင်းမုန်တိုင်းကြားမှာ တုန်ခိုက်နေလေတယ်။

သူ့ရဲ့ သခင်ကို ခေါ်နေသလို ပါးစပ်ကနေ တကျွိကျွိ တကျီကျီ အသံတွေ ထွက်လာတယ်။ သူ့နာမည်က ပီပီ။ ကလေးမလေးရဲ့ အချစ်တော် ခွေးကလေး ဖြစ်တယ်။

ပိုင်ရှင်က မကြားနိုင်တော့တာမို့ သူဟာ မျိုးနွယ်စု အပျက်အစီးတွေ ကြားမှာ တစ်ထီးတည်း နေရင်း အဝေးကိုလည်း မထွက်သွား လိုခဲ့ဘူး။ ဒါဟာ သူ့ရဲ့အိမ် ဖြစ်နေလို့လေ။

ပါးစပ်က ဆက်လက် အီသံပေးရင်း အအေးဒဏ်ကို သည်းမခံနိုင်တော့ပုံနဲ့ အိမ်ကို ပြန်သွားချင်လို့ နောက်ပြန် ဆုတ်လာတယ်။ အဲဒီအခိုက်မှာ အဝေးကနေ ခြေသံတွေ ကြားလိုက်ရတယ်။ ဒါဇင်နဲ့ချီတဲ့ လူတွေဟာ မျိုးနွယ်စု ဂိတ်တံခါးကို ကျော်ဖြတ်လို့ ဝင်ရောက်လာကြတယ်။

သန်မာကြံ့ခိုင်ပေမဲ့ မျက်နှာညိုမှောင်၊ မှုန်မှိုင်းနေတဲ့ လူကြီးတစ်ယောက်က ဦးဆောင်လာခဲ့တာ ဖြစ်တယ်။ စုမင်သာ ဒီမှာ ဆက်ရှိနေဦးမယ် ဆိုလျှင်တော့ ဒီလူကို မဟူရာတောင် မျိုးနွယ်စု ခေါင်းဆောင်အနေနဲ့ တန်းပြီး မှတ်မိလိမ့်မယ်။

သူ့ဘေးနားမှာ သူ့လိုပဲ မှုန်ကုပ်ကုပ် မျက်နှာထားနဲ့ လူငယ်လေးတစ်ယောက် ပါတယ်။ လူငယ်လေးက ‌ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း လျှာသပ်လိုက်ပြီး မျက်နှာပေါ်မှာ ရက်စက်တဲ့အပြုံး ပေါ်လာတယ်။ အဲဒီသူကတော့ ပိစု ဖြစ်ပါတယ်။

"သူတို့ အမြန် သွားကြတာပဲ။ နောက်ကလိုက်ကြ။ အကြီးအကဲ မကြာခင် ရောက်လာတော့မယ်။ မိန်းမတွေကလွဲပြီး တစ်ယောက်မှ အရှင်မထားကြနဲ့”

မျိုးနွယ်စုခေါင်းဆောင်က ခပ်ဖြည်းဖြည်း ပြောပြီး အပျက်အစီး ပုံကြီးကို ထားရစ်ခဲ့တယ်။

ပိစု ဘေးဘီဝဲယာကို ကြည့်လိုက်တယ်။ ထွက်သွားတော့မလို လုပ်ပြီးမှ သူ့မျက်လုံးတွေထဲ အေးစက်စက် အလင်းရောင် လက်ဖြာသွားတယ်။ မလှုပ်ရဲဘဲ တုန်ခိုက်နေတဲ့ အကောင်ငယ်လေးကို တွေ့သွားခဲ့တယ်။ သူ့နှုတ်ခမ်းထောင့်တွေ တွန့်ကွေး တက်သွားပြီး ညာလက်နဲ့ ဝှေ့ယမ်းလိုက်တယ်။

ရုတ်တရက် အကောင်ငယ်လေး သိမ့်ခနဲ တုန်ယင်သွားပြီး မျက်လုံးထဲက အလင်းစ ကွယ်ပျောက်သွားတယ်။ အသက်မဲ့ ခန္ဓာကိုယ်လေးကနေ အစိမ်းရောင် အငွေ့စိုင်တစ်ခု ဝေ့တက် လာတာနဲ့ ပိစုက လက်နဲ့ ဖမ်းဆုပ်ယူလိုက်ပြီး သူ့ရဲ့ နဖူးအလယ် ဗဟိုတည့်တည့်မှာ ထားလိုက်တယ်။ တစ်ခဏအကြာမှာ သူ့မျက်နှာမှာ ရက်စက်တဲ့ အမူအရာ ပေါ်လာတယ်။

"ပီပီ ... ဟုတ်လား။ မင်းပိုင်ရှင်ကို လွမ်းနေတာ ဟုတ်တယ် မဟုတ်လား။ ဒါဆိုရင် ငါ မင်းကို သူ့ဆီ ပို့ပေးမှာပေါ့"

***

All Chapters