မဟူရာတောင်က ပိထူ
Vol. 7 Ch. 92
ညဉ့်သန်းခေါင် ကျော်လွန်သွားတာ အကြာကြီးရှိလှပြီ။ မိုးကုပ်စက်ဝိုင်းမှာ ခပ်ဖျော့ဖျော့ ရောင်နီလင်းလျက် ရှိနေပြီ။ သစ်တောထဲက နှင်းလွှာပြင်ပေါ်ကို လရောင် ဖျော့ဖျော့ ဖြာကျလျက် ရှိတယ်။ ဆူဆူညံညံ အသံတွေ ပေါ်ပေါက်လာတာနဲ့ အမျှ နက်မှောင်တောင် မျိုးနွယ်စုဟာ အရုဏ် မတက်ခင် လျင်လျင်မြန်မြန် ခရီးနှင် နေကြတယ်။
သူတို့ ဘေးပတ်ဝန်းကျင်က တိတ်ဆိတ်လျက် ရှိတယ်။ နှင်းကျသံ ခပ်ဖွဖွကလွဲလို့ အခြား ဘာအသံမျှ မကြားရဘူး။ နက်မှောင် တောင်မျိုးနွယ်စုဝင် အားလုံးလည်း တိတ်တဆိတ် ရှိကြတယ်။ သက်ကြီးပိုင်းတွေ၊ အမျိုးသမီးတွေနဲ့ လာစုငယ်လေးတွေတောင် ရွှေ့ပြောင်းနေတဲ့ အဲဒီညက တိတ်တိတ် ဆိတ်ဆိတ် ရှိနေခဲ့ကြတယ်။
တိုက်ပွဲ ဖြစ်ပွားပြီးချိန်ကနေ နာရီအတော် များများ လွန်မြောက် ကုန်ဆုံးခဲ့ပါပြီ။ သေကျေ ပျက်စီးမှုတွေ အများကြီး ရှိခဲ့တဲ့တိုက်ပွဲဟာ သူတို့ရဲ့ စိတ်အတွင်းသားနဲ့ ဝိညာဉ်ပေါ်မှာ ပုံနှိပ်ထားသလို နက်နက်ရှိုင်းရှိုင်း ထင်ကျန်နေခဲ့ပြီ။ သူတို့ဘယ်တော့မှ မေ့နိုင်ကြတော့မှာ မဟုတ်ဘူး။
သူတို့ထွ က်မလာခင်က အကြီးအကဲကို ထည့်မတွက် ထားလျှင် နက်မှောင်တောင် မျိုးနွယ်စုမှာ မာန်စွမ်းအားရှင် ၃၀ကျော် ရှိခဲ့ပေမဲ့ တိုက်ပွဲ အပြီးမှာတော့ ၁၄ယောက်သာ ကျန်ရှိတော့တယ်။ အဲဒီ ၁၄ယောက် ကိုယ်ပေါ်က သွေးတွေလည်း ခြောက်သွေ့ သွားခဲ့ပါပြီ။ နာကြည်းမှု၊ ဝမ်းနည်းမှုတွေနဲ့ ရှေ့ဆက်ကြစဉ်မှာ မျိုးနွယ်ဝင်တွေကို တိတ်တဆိတ် ကာကွယ်ပေးရင်း သတ်ဖြတ်လိုတဲ့ ခံစားချက်တွေ ကိုပါ တစ်ပါတည်း သယ်ပိုး ထားခဲ့ကြတယ်။
သူတို့ဘက်က လူတွေ ဒါဇင်နဲ့ချီပြီး သေကြပေမဲ့ မဟူရာတောင်ဘက်က အဆုံးအရှုံး ပိုများတယ်။ ဒါက သူတို့တွေရဲ့ ကျင့်ကြံခြင်း အဆင့်တွေနဲ့ သက်ဆိုင်ပေမဲ့ ပိုအရေး ကြီးတာကတော့ မဟူရာတောင်က လူတွေက နက်မှောင်တောင် မျိုးနွယ်ဝင် တွေလို အိမ်တွေကို စွန့်ခွာပြေးခဲ့ရတာကြောင့် ဖြစ်ပေါ်နေတဲ့ မဆုတ်မနစ် ကြိုးစားလိုမှုတွေ မပိုင်ဆိုင်ထားကြဘူးကိုး။
အဲ့ဒါကို ကာကွယ် စောင့်ရှောက်သူရဲ့ သတ္တိလို့ ခေါ်ဆိုရလိမ့်မယ်။ သူတို့သာ တစ်ခါလောက်ပဲ သွေးဖောက်ခွဲမှု လုပ်ဖြစ်ခဲ့လျှင် မဟူရာတောင်က ကျူးကျော်သူတွေ စိတ်ထဲမှာ မနှစ်မြို့မှုကိုသာ ဖြစ်ပေါ်စေမှာ ပေမဲ့ နှစ်ခါကနေ သုံးခါ၊ လေးခါတွေ ဖြစ်လာတော့ မဟူရာတောင် မျိုးနွယ်တွေထံ အကြောက်တရားကို သယ်ဆောင် လာပေးသလို ဖြစ်သွားတယ်။
နက်မှောင်တောင်မျိုးနွယ်စုက အင်အားနည်းလျှင်သာ နည်းလိမ့်မယ်၊ ဒါပေမဲ့ အတွင်းဘက်မှာတော့ အဲဒီအားနည်းမှု အလွှာအောက်မှာ ခွန်အားတွေ ရှိနေတယ်။
စုမင်လည်း ခပ်မဆိတ်ပဲ လျှောက်လှမ်း နေတယ်။ တိုက်ပွဲပြီးသွား ကတည်းက စုမင် ဘာစကားတစ်ခွန်းမှ မပြောသေးဘူး။ သူက အစတုန်းကတော့ ကသောကမျော ပြုမူတတ်ပြီး၊ ပျော်ပျော်နေတတ်တဲ့ ကောင်ငယ်လေး တစ်ယောက် ဖြစ်ခဲ့ပေမဲ့ အခုတော့ သားရဲကောင်တွေလို အမြဲတမ်း မာန်ဖီကြုံးဝါး နေခဲ့သူ ဖြစ်လာပြီး ခံစားချက်တွေကို မဖော်ပြဘဲနဲ့ ဘယ်လိုမျိုး တိတ်ဆိတ် ငြိမ်သက်စွာ မျိုသိပ်နေထိုင်ရမလဲ ဆိုတာကို သင်ယူ တတ်မြောက် သွားခဲ့ပါပြီ။
ဒါပေမဲ့ ဒီလို တိတ်ဆိတ်ငြိမ်သက်စွာ မျိုသိပ် နေထိုင်တတ်သွားဖို့ ပေးရတဲ့ကြေးက ကြီးလွန်းတယ်။ အဲဒါက သူ့ရဲ့နှလုံးသားကို နာကျင်စေတယ်။
အဲဒီနေ့ကစလို့ သူ့ရဲ့ အပြစ်ကင်းစင်မှုဆိုတာ အလုံးစုံ ဖျက်ဆီး ခံလိုက်ရပြီး ခန္ဓာကိုယ်ကို ထားရှိ ထွက်ခွာသွားပြီဆိုတာ စုမင်သိခဲ့တယ်။ အဲဒီနေ့ကစလို့ သူ့ရဲ့ ပျော်ရွှင်မှုဆိုတာ သူ့ရဲ့ ခန္ဓာကိုယ် အခွံလွတ်ကြီးထဲကို ပျော်ဝင်လို့ ပျောက်ပျက် သွားခဲ့ပြီဆိုတာ စုမင် သိနေခဲ့တယ်။ အဲဒီနေ့ကစလို့ သူ့ရဲ့မျက်ရည်တွေ နေရာမှာ တိတ်ဆိတ် ငြိမ်သက်မှုက အစားထိုး နေရာယူသွားခဲ့ပြီ။
အချိန်တွေ ကုန်လွန်သွားတယ်။ မကြာခင် နေ့အချိန် ရောက်ရှိလာခဲ့ပြီ။ မျိုးနွယ်စုဟာ တစ်ညလုံး မအိပ်မနေ ခရီးဆက်ခဲ့ကြပြီး ပင်ပန်း နေခဲ့ကြပေမဲ့ လုံးဝ မရပ်တန့်လိုက်ကြဘူး။ အံတင်းတင်းကြိတ်လို့ မြန်မြန် သွားနိုင်ကြအောင် တစ်ယောက်နဲ့တစ်ယောက် ဖေး မကူညီလိုက်ကြတာ သွားနေတဲ့နှုန်းက မပြေးရုံတမယ် မြန်ဆန်လှတယ်။
သူတို့ ခရီးဆက်နေရင်း နေ့အချိန်လည်း တဖြည်းဖြည်း ကုန်လွန် သွားခဲ့တယ်။ ခရီးစဉ် အတွင်းမှာ တချို့တွေ ပင်ပန်းလွန်းလို့ လဲကျသွားတာ ရှိတယ်။ တစ်နာရီလောက် နားပြီးတော့ သူတို့ ဆက်လှုပ်ရှား ကြတယ်။
ဒုတိယမြောက် ညဉ့်သန်းခေါင် ရောက်ရှိလို့ သစ်တောထဲက နှင်းလွှာပြင်တွေပေါ် လရောင် ဖြာကျပြန်တဲ့ အထိ နက်မှောင် တောင်မျိုးနွယ်စုက လူတွေဟာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဆက်လျှောက် သွားနေကြတုန်းပဲ။
"စုမင်"
ကြောက်လန့် တုန်လှုပ်နေတဲ့ အသံ သေးသေးလေးက စုမင်ထံ ပျံ့လွင့်လာတယ်။ သူနောက်လှည့် ကြည့်လိုက်တော့ မျိုးနွယ်ဝင် တစ်ယောက် ချီထားတဲ့ သူ့ဘေးနားက ကလေးမလေးကို တွေ့လိုက်ရတယ်။
သူမရဲ့ သန့်ရှင်းပြီး အပြစ်ကင်းတဲ့ မျက်ဝန်းလေးတွေကို တွေ့ရတော့ စုမင် ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် ဖိအားပေးလို့ ပြုံးပြလိုက်တယ်။ သို့ပေမဲ့ သူ့ရဲ့မျက်နှာဟာ ခြောက်သွေ့နေပြီ ဖြစ်တဲ့ သွေးတွေနဲ့ ပေကျံနေတာမို့ အပြုံးက ထိတ်လန့် ဖွယ်ရာ အတိ။
ဒါပေမဲ့ ကလေးမလေးက မကြောက်ဘူး။ အဲဒီအစား မျက်လုံးလေး ပြူးပြီး စုမင်ကို ကြည့်နေတယ်။ ခဏတာ တွေဝေနေပြီး နောက်မှာတော့ သူမရဲ့ ညစ်ပတ်ပတ် လက်လေးကို မြှောက်ပြီး စုမင်မျက်နှာပေါ်က ခြောက်သွေ့နေတဲ့ သွေးတွေကို ဖျက်ပေးနေတယ်။
ကလေးမလေးရဲ့ လက်နုနုကလေးက သူ့မျက်နှာကို လာထိတော့ စုမင်ရဲ့ နာနာကျင်ကျင် သွေးယိုစီးနေတဲ့ နှလုံးသားလေး နွေးထွေးသွားတယ်။
"စုမင် မကြောက်နဲ့... ထုံထုံလည်း မကြောက်တော့ပါဘူးနော်" ကလေးမလေးက လက်ပြန်ရုတ် လိုက်တယ်။ သူမ လက်ကလေးမှာ သွေးခြောက်မှုန်တွေ ပေနေတယ်။ စုမင်ကို ကြည့်တဲ့ သူမရဲ့မျက်လုံးတွေ တောက်ပနေပုံက ကလေးတစ်ယောက် ထံမှာ မြင်ရခဲတဲ့ စိတ်ပိုင်းဖြတ်ထားတဲ့ အမူအရာမျိုး ဖြစ်နေတယ်။
စုမင်က ကလေးမလေးရဲ့ ခေါင်းကို ပုတ်ပေးလိုက်တယ်။ မျက်လုံးတွေကတော့ သူမလေးကို ကြည့်မနေဘဲ အရှေ့ကို လှမ်းမျှော်ကြည့်နေတယ်။ ရှေ့ဆက်သွားရမယ့် လမ်းကို သစ်ပင်တွေက အုပ်ဆိုင်းလို့ ထားတယ်၊ ရှေ့အနာဂတ် ဘာတွေ ဖြစ်လာဦးမလဲ စုမင် မရေရာဘူး။
လေ့ချန်က လူအုပ်ရဲ့ အခြားတစ်ဖက်မှာ ရပ်နေတယ်။ သူက လက်သီးကို ကျစ်နေအောင် ဆုပ်ထားတယ်။ သူ့ကျောပြင်က သွေးတွေတောင် ခြောက်သွေ့နေပြီး တစ်ကိုယ်လုံးက နာကျင်မှုတွေကို လျစ်လျူရှု ထားတယ်။ သူ့မျက်လုံးတွေထဲ သွေးဆာနေတဲ့ အရိပ်တွေ လွှမ်းနေပေမဲ့ ဝမ်းနည်း ကြေကွဲမှုတွေလည်း ကိန်းဝပ်နေတယ်။
မနေ့ညက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကို သူတစ်သက်လုံး မေ့တော့မှာ မဟုတ်ဘူး။ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတဲ့ မာန်စွမ်းအားရှင် တစ်ယောက်သာ သူ့ကိုကယ်ဖို့ စိတ်လိုလက် ရသွေးဖောက်ခွဲမှု မလုပ်ခဲ့ဘူးဆိုလျှင် အခုအချိန် သူ့ရုပ်အလောင်းဟာ တိုက်ပွဲမြေပြင်မှာ အသက်မဲ့ ကျန်ရစ်နေရမှာ။
လေ့ချန်ရှေ့မှာတော့ ဝူလ ရှိနေတယ်။ မိန်းကလေးရဲ့ မျက်နှာဟာ ဖြူဖျော့နေပြီး ပင်ပန်းနွမ်းနယ် နေဟန်ရှိတယ်။ သူမရဲ့ လက်မောင်းမှာ ခြောက်သွေ့နေတဲ့ သွေးကွက် ရှိနေပြီး ဝူလကို ကြည့်ရတာ လက်ကို ပင့်မြှောက်နိုင်ဟန် မပေါ်ဘူး။ မျက်နှာပေါ်မှာ ရှိနေတဲ့ သွေးအလူးလူး ဒဏ်ရာကလည်း သူ့ရဲ့ လှပရင်းစွဲ မျက်နှာကို အကျည်းတန် ရုပ်ဆိုးနေစေခဲ့ပြီ။
သို့ပေမဲ့ သူမရဲ့ မျက်လုံးထဲမှာတော့ အနိုင်မခံ အရှုံးမပေးလိုမှု အပြည့်။ တခြားသော နက်မှောင်တောင် မျိုးနွယ်ဝင်တွေလိုပဲ သူ့မှာ မယိုင်လဲတဲ့ ဇွဲသတ္တိတွေ ပြည့်ဝနေတယ်။
သူတို့ရဲ့ နောက်မှာတော့ ပေလင်းနဲ့ချန်းရှင်းတို့ ရှိနေကြလေရဲ့။ တစ်သက်လုံး မခွဲမခွာ လိုဟန်နဲ့ တစ်ယောက်လက်ကို တစ်ယောက် တင်းနေအောင် ဆုပ်ကိုင်ထားကြတယ်။ သူတို့က လူအုပ်ကို ကာကွယ် စောင့်ရှောက်ရင်း လျှောက်လှမ်း နေကြတယ်။
အကြီးအကဲလည်း နောက်တန်းမှာ နိုးနိုးကြားကြား စောင့်ကြည့် ကာကွယ်နေဆဲပဲ။ သူ့ရဲ့ဖြူဖွေးတဲ့ ဆံပင်တွေနဲ့ အရေးအကြောင်းတွေ ပြည့်နေတဲ့ မျက်နှာကို မြင်ရချိန်မှာ စုမင်ရင်ထဲမှာ ပိုလို့ ကျပ်တည်းလာတယ်၊ အကြီးအကဲရဲ့ ခြေကုန် လက်ပမ်းကျမှုကို ခံစားမိလို့ပေါ့။
ဒုတိယညမှာတော့ လမင်းက ခုံးမျက်စ သဏ္ဌာန် မဟုတ်တော့ပါဘူး။ တဖြည်းဖြည်းနဲ့ လပြည့်ဝန်းကြီး အသွင် ကူးပြောင်းလို့ နေပါပြီ။ ဒီညက လပြည့်ည မဟုတ်သေးတာတော့ သိသာပေမဲ့ မနက်ဖြန် ဒါမှမဟုတ် သန်ဘက်ခါမှာ ပြည့်ည ရောက်လာတော့မှာပါ။
မျိုးနွယ်စုကြီးလိုက် ရွှေ့ပြောင်း ခရီးသွားလာနေချိန်မှာ အချို့သော မာန်စွမ်းအား ရှင်တွေက သူတို့လူအုပ်ကြီးဆီ ပြန်ပြန်လာကြတယ်။ အရေအတွက်ကတော့ နည်းနည်းပါပဲ၊ တစ်ဖွဲ့မှာ လေးယောက် ပါတယ်။ အဲဒီလေးယောက်ကတော့ မျိုးနွယ်စုရဲ့ ရှေ့တော်ပြေး စနည်း နာသူများပေါ့။ အသက်ကိုရင်းပြီး ပြောင်းလဲမှု မှန်သမျှအကြောင်း မျိုးနွယ်စုကို သက်မှတ်ထားတဲ့ အချိန်တစ်ခုအတွင်း ပြန်လည် သတင်းပေးပို့တယ်။
သူတို့ပြန်မလာခဲ့လျှင်... တစ်ခုခု ဖြစ်နေပြီဆိုတဲ့ အဓိပ္ပာယ်... ။
နှစ်နာရီတိတိ ကုန်လွန်သွားတာ သိပ်မကြာလိုက်ဘူး။ ကောင်းကင်က မှောင်မိုက် လွန်းနေတာမို့ ခပ်မြန်မြန် ရွှေ့ပြောင်း ခရီးသွားလာနေကြတဲ့ နက်မှောင် တောင်မျိုးနွယ် ဝင်တွေကို အမှောင်ထု ကောင်းကင်ယံက ကြောက်မက်ဖွယ်ရာ မျက်လုံးတစ်စုံ အဖြစ် စောင့်ကြည့် နေသလိုပဲပေါ့။
အဲဒီ အခိုက်အတန့်မှာ ရှေ့ပြေး ကင်းထောက် တစ်ဆိုင်းအပြီးမှာ ရှေ့တော်ပြေး သတင်းယူ သွားတဲ့ လေးယောက်မှာ သုံးယောက်ပဲ ပြန်လာခဲ့တယ်။ စုမင်ရဲ့ တစ်ကိုယ်လုံးက မွေးညင်းတွေ ထောင်ထ သွားတယ်။ စူးရှတဲ့ အကြည့်တစ်ချက် ပေါ်ပေါက်လာပြီး လှည့်ပတ် ကြည့်လိုက်တယ်။ မကြာခင် မကောင်းတာ တစ်ခုခု ဖြစ်တော့မယ် ဆိုတာကို ခံစားမိနေတဲ့ အခြားသူတွေလည်း ရှိတယ်။ အကြီးအကဲရဲ့ မျက်လုံးတွေ ဝင်းခနဲ ဖြစ်သွားပြီး လက်ထဲက အရိုးတောင်ဝှေးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်တယ်။
"မရပ်လိုက်ကြနဲ့ ... အရှိန်မြှင့်ကြ ... မာန်စွမ်းအားရှင်တွေ အားလုံး မျိုးနွယ်စုကို ကာကွယ်ကြ ... ခံစစ်နဲ့ တိုက်ကြမယ် ... " အကြီးအကဲက လက်ထဲက တောင်ဝှေးနဲ့ မြေပြင်ကို ရိုက်ချလိုက်တယ်။ ချက်ချင်းဆိုသလိုပဲ မျိုးနွယ်စု အထက်က ကောင်းကင်ဟာ တွန့်ရှုံ့သွားပြီး မာန်မတ် ဘုရားရုပ်တု အလင်းရောင် ထပ်မံ ထွက်ပေါ်လာတယ်။ မျိုးနွယ်စုအထက် လေထုမှာ ရပ်တည်နေပြီး အကာအကွယ် အလင်းရောင်နဲ့ လွှမ်းခြုံထားတယ်။
မာန်နတ် ဘုရားရုပ်တုက ခရီးဆက်နေတဲ့ မျိုးနွယ်စုနဲ့ လိုက်ပါ အလင်းပေးနေတယ်။ အဲဒီအလင်းရောင် စည်းမကျိုး မပျက်သေးသရွေ့ မျိုးနွယ်စုမှာ လုံခြုံမှုရှိတယ်။
မာန်နတ်ဘုရား ရုပ်တု ပေါ်ထွက်လာတာနဲ့ အကြီးအကဲက ရုတ်တရက် ခေါင်းမော့ လိုက်တယ်။ တိုက်ပွဲကာလ တစ်လျှောက်လုံးမှာ မဖြစ်ပေါ်ဖူးတဲ့ တည်ကြည် လေးနက်တဲ့ ပုံဟန် ရှိနေတယ်။ သူ့အထက်က မာန်နတ်ဘုရား ရုပ်တုကို ကြည့်လိုက်ရင်း မျက်လုံးတွေထဲမှာ အမိုက်မှောင်ထု ကိန်းအောင်း လာတော့တယ်။
မှောင်မည်းနေတဲ့ ကောင်းကင်ယံက တဖြည်းဖြည်း ပြောင်းလဲသွားတယ်။ ဘယ်က ထွက်ပေါ်လာမှန်း မသိတဲ့ အနီရောင်အလင်းနဲ့ ပေါင်းစပ်ပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို ခရမ်းရောင်ရင့်ရင့် ပြောင်းလဲ သွားစေတယ်။ အနီရောင်ဟာ သွေးရောင် ရဲရဲအဖြစ် ဆက်လက် နယ်ချဲ့နေပြီး မျက်စိတစ်မှိတ် အတွင်းမှာ ကောင်းကင် တစ်ဝက်လောက်ကို အရောင် ပြောင်းစေခဲ့ပြီ။
ကောင်းကင်ယံကနေ ထွက်ပေါ်လာတဲ့ အက်ကွဲကြမ်းရှ နေတဲ့ အသံက မျိုးနွယ်စုထံ ပျံ့လွင့် လာခဲ့တယ်။
"မော့စန်း...." အသံဟာ လေထုထဲ ပျံ့နှံ့သွားချိန်မှာ ပြင်းထန် သန်မာလှတဲ့ ဖိအားတစ်ခု ထွက်ပေါ် လာခဲ့တယ်။ ဖိအားထွက်ပေါ်လာတဲ့ အချိန်မှာပဲ မျိုးနွယ်စုဟာ ကျရောက်လာတဲ့ ဖိအားဒဏ်ကို တိတိပပကြီး ခံစား လိုက်ရတော့တယ်။ အဲဒီဖိအားကြောင့် မာန်နတ်ဘုရား ရုပ်တုတောင် အနည်းငယ်မျှ တုန်လှုပ်သွားတယ်။
စုမင်ရဲ့နှလုံးသားက ကဆုန်ပေါက်ခုန်လှုပ်နေတယ်။ အရင်က ဒီလိုဖိအားမျိုးကို လေပြည် စီးကြောင်း မျိုးနွယ်စု အကြီးအကဲ ကျင်းနန် ရှေ့မှာတုန်းက ခံစားဖူးခဲ့တယ်။ ဒီလိုဖိအားမျိုးကို ရုပ်နယ်လွန် အဆင့်ရှိ မာန်စွမ်းအား ရှင်တွေသာ ထုတ်လွှတ်နိုင်တဲ့ ဖိအားမျိုး ဖြစ်တယ် ...
ဒါက ရုပ်နယ်လွန် အဆင့်ရှိ မာန်စွမ်းအားရှင်တွေ ပိုင်ဆိုင်တဲ့ ဖိအားမျိုး ဖြစ်တယ်။
ဒါက သွေးကြော ကျောက်သား အဆင့်မှာသာ ရှိသေးသူတွေကို ရုပ်နယ်လွန်အဆင့်ရှိ မာန်စွမ်းအားရှင်တွေ ထုတ်လွှတ် ပေးနိုင်တဲ့ သဘာဝ ဖိအားတစ်မျိုး ဖြစ်တယ်။ ဒီဖိအားအောက်မှာ သွေးကြော ကျောက်သား အဆင့်ရှိတဲ့ မာန်စွမ်းအား ရှင်တွေရဲ့ ချီ အသက်ဓာတ်တွေက အလိုအလျောက် လှည့်ပတ် ကုန်ကြတယ်။
ဖိအားပေါ်ထွက် နေရင်း အနီရောင် အလင်းကလည်း ကောင်းကင် တစ်ခွင်ကို ဆက်လက် နယ်ချဲ့နေပြီး ကောင်းကင်ပေါ်က လမင်းတောင်မှ အနီရောင်ပြောင်းစ ပြုလာခဲ့တာကြောင့် စုမင်ရဲ့ ရင်ထဲမှာ စကားနဲ့ ဖော်ပြဖို့ မဖြစ်နိုင်တဲ့ ခံစားချက် တစ်ခု မြင့်တက် လာခဲ့တယ်။ သူက လွဲပြီးဘယ်သူမှ မတွေ့ကြုံရတဲ့ ခံစားမှု ဖြစ်တယ်။
အဲ့ဒါက သွေးလွှမ်းလကို မျက်မြင် တွေ့ရချိန်၊ သွေးလောင်ကျွမ်းမှု လုပ်ဆောင်တုန်းက ခံစားရတဲ့ ခံစားမှုမျိုးနဲ့ ဆင်တူနေတာမို့ စုမင်နဲ့ ရင်းနှီးကျွမ်းဝင် နေလေရဲ့။ အမှောင်ထုထဲမှာ လရဲ့အတောင်ပံတွေ ပုန်းအောင်း တည်ရှိနေကြသလို ခံစား နေရစေတယ်။
ဒီလိုမျိုး တူညီတဲ့ ခံစားချက်မျိုးကြောင့် မယုံကြည်မှုတွေနဲ့ စုမင် အော့နှလုံး နာရတယ်။ မကြာခင်မှာပဲ အနီရောင် အလင်းတွေထဲကနေ ဖြည်းဖြည်းချင်း လှမ်းလျက် ထွက်ပေါ်လာသူ တစ်ယောက်ကို တွေ့လိုက် ကြရတော့တယ်။။
အဲဒီလူက အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားတယ်။ ၎င်းက ပိန်ပါးပြီး ခြောက်သွေ့တဲ့ အသားအရည် ရှိတယ်။ သူ့မျက်နှာထားက ညိုပုပ်နေပြီး ခက်ထန်တယ်။ လက်တွေကို နောက်ပစ်လို့ တဖြည်းဖြည်းချင်း လျှောက်လှမ်းလာရင်း ကောင်းကင်ယံမှာ ထင်ထင်ရှားရှား မြင်သာလာခဲ့ချိန်မှာ သူ့အောက်မှာ ရှိနေတဲ့ မြေပြင်ကို ငုံ့ကြည့်တယ်။
၎င်းရဲ့ မျက်ခုံးတွေ အလယ်ဗဟိုမှာ လရဲ့အတောင်ပံ သတ္တဝါရဲ့ ရုပ်ပုံလွှာ ပေါ်နေတယ်။ ရုပ်ပုံလွှာက ထင်ရှား ပီသလွန်းနေလို့ တကယ့် အစစ်ကြီး အတိုင်းပဲ၊ တောက်ပတဲ့ အနီရောင် အလင်းဖြာထွက် နေမှုကြောင့် တကယ် အသက်ဝင် နေသလိုပဲ။
ပိထူ ...
မဟူရာ တောင်မျိုးနွယ်စု အကြီးအကဲ ပိထူ ဖြစ်တယ် ...
"မော့စန်း.... ကျင်းနန်နဲ့ ဝမ်းရန်ကို စောင့်မျှော် မနေနဲ့တော့။ သူတို့တောင် သူတို့ကိစ္စနဲ့ အတော်ဒုက္ခ များနေမှာမို့ မင်းရဲ့မျိုးနွယ်စု အတွက် စိုးရိမ်ပေးဖို့ အချိန်မရှိဘူး ... " ပိထူဟာ ကောက်ကျစ်တဲ့ အသံနဲ့ ရယ်မောပြီး နောက်တန်းမှာ ရပ်နေတဲ့ မော့စန်း အကြီးအကဲကို ကြည့်လိုက်တယ်။
အကြီးအကဲက တိတ်ဆိတ် နေတယ်။ သူတကယ်ပဲ ကျင်းနန်ကို စောင့်နေခဲ့ပေမဲ့ နက်မှောင်တောင် မျိုးနွယ်စုရဲ့ လေပြည်စီးကြောင်း တောင်ကို သွားတဲ့ ခရီးလမ်းမှာ ကျင်းနန်တစ်ယောက် ပေါ်မလာ ကတည်းက လေပြည်စီးကြောင်း မျိုးနွယ်စုမှာ တစ်ခုခု ဖြစ်နေတယ် ဆိုတာကို ခန့်မှန်းမိတယ်။
"နန့်စုန့်.. အတိတ်မှာတုန်းက မင်းက မော့စန်းအောက် အနည်းငယ်သာ လျော့တယ်။ နန့်စုန့်... မင်းက နေမင်းလို ထွန်းလင်း တောက်ပပေမဲ့ နက်မှောင်တောင်ကို ဝင်လိုက်တာနဲ့ အဖိုးမတန်တဲ့ အမှိုက်တစ်စ ဖြစ်လာခဲ့တယ်။ ဒီနှစ်တွေအတွင်း၊ မင်းအဖေ သေလုမျောပါး ဖြစ်နေတုန်း မင်းကို ချမ်းသာပေးဖို့ တောင်းပန်ခဲ့တုန်းက မျက်နှာ အမူအရာကို ငါတစ်ချိန်လုံး တွေးတော နေခဲ့မိတယ်။ နှမြောစရာပဲ၊ ငါတစ်ခါမှ မင်းကို အရှင်မထားလိုခဲ့ဘူး၊ ဒါပေမဲ့ မင်းက လွတ်အောင် ပြေးနိုင်ခဲ့တယ်။ နန့်စုန့်... မဟူရာ တောင်မျိုးနွယ်စုရဲ့ မာန်နတ်ဘုရား သားတော်ဟောင်း တစ်ယောက်၊ ငါတို့ ထပ်ဆုံကြပြီ။" ပိထူရဲ့ နှုတ်ခမ်းတွေက အနည်းငယ်မျှ ကွေးညွတ် သွားတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ဟက်ဟက်ပက်ပက် ပြုံးရယ် လာရင်းနဲ့ ရက်စက် ကြမ်းကြုတ်တဲ့ လှောင်ရယ်သံ အဖြစ် ပြောင်းလဲသွားတယ်"
လူအုပ်ရဲ့ အပြင်ဘက်စွန်းမှာ ရပ်နေတဲ့ ခေါင်းဖြူ နန့်စုန့်ဟာ လေထဲမှာ ရပ်နေတဲ့ ပိထူကို ကြည့်တယ်။ သူက အရာအားလုံးကို သင်ပုန်းချေ လက်လွှတ် ထားခဲ့ပြီမို့ ပိထူရဲ့ စကားတွေကြောင့် ဒေါသမဖြစ်ပါဘူး။ သူက ခပ်ဖျော့ဖျော့ သက်ပြင်း ချတယ်။
"အရင် အကြီးအကဲဟောင်းကို အဆိပ်ခတ် လုပ်ကြံခဲ့ပြီး၊ မာန်သားတော်ကိုပါ အမြစ်ဖြတ် သုတ်သင်ဖို့ လိုက်ဖမ်းနေခဲ့တဲ့၊ ရှေးဟောင်း မာန်အတတ်ပညာရပ်ကို တတ်မြောက်ဖို့ မဟူရာတောင်မျိုးနွယ်စု တစ်ဝက်လောက်ကို လဲလှယ် စတေးခဲ့တဲ့ မင်းကိုတော့ ငါမယှဉ်ပြိုင် နိုင်ပါဘူးလေ" နန့်စုန့်က တည်တည်ငြိမ်ငြိမ်ပဲ၊ သို့ပေမဲ့ အဲဒီ အခိုက်အတန့် အတွင်းမှာ သူ့ရဲ့ မျက်နှာပေါ်က အရေးအကြောင်းတွေက တစ်ဟုန်ထိုး တိုးပွားလာခဲ့သလိုပဲ၊
"ဒီနှစ်တွေအတွင်းက ရန်ငြိုးရန်စတွေ အားလုံးကို ငါတို့ ခဝါချသင့်ပြီ။ မော့စန်း၊ နန့်စုန့်... ငါမင်းတို့ နှစ်ယောက်လုံးကို အခွင့်အရေး ပေးတယ်။ ငါနဲ့ယှဉ်ပြိုင်ဖို့ မင်းတို့နှစ်ယောက် ပေးတယ် ... " ပိထူက ကျယ်ကျယ် လောင်လောင် ရယ်မောပြီး သူ့ရဲ့ ညာဘက်လက်ကို ဝှေ့ယမ်း လိုက်တယ်။ ထစ်ချုန်းသံကြီးက ကောင်းကင်နဲ့မြေ ပြင်ကို လှုပ်ခတ် သွားစေတယ်။ ပိထူနောက်မှာ အဆုံးမရှိတဲ့ ထွန်းလင်းနေတဲ့ အနီရောင် အလင်းက အလွန်သိပ်သည်းတဲ့ သွေးမှုန်တွေ အဖြစ် ချက်ချင်း ပြောင်းလဲသွားတယ်။ သွေးမြူမှုန်တွေဟာ လှိုင်းလုံးတွေလို ဝေ့တက်လာပြီး ဧရာမ လရဲ့ အတောင်ပံ တစ်ကောင်အသွင်ကို ပြောင်းလဲသွားတယ် ...
လရဲ့ အတောင်ပံသတ္တဝါက တောင်ပံတွေကို ဖြန့်ကြက်လိုက်စဉ်မှာ ကောင်းကင်နဲ့ လမင်းကို ဖုံးအုပ် သွားခဲ့တယ်။
"နန့်စုန့်..ငါ့ကို ပိထူလွှဲထား၊ ငါသူ့ကို ထိန်းထားမယ်၊ မျိုးနွယ်စုကို မင်းနဲ့စိတ်ချမယ် ... " အကြီးအကဲက အသက်ပြင်းပြင်း ရှူရှိုက်ပြီး မျိုးနွယ်စုကို ဝေ့ဝဲ ကြည့်ရှုလိုက်တယ်။ သစ္စာဖောက်ကို ရှာလိုဟန်နဲ့ အားလုံးရဲ့ တိတ်ဆိတ် ခြောက်သွေ့နေတဲ့ မျက်နှာတွေကို ကြည့်လိုက်ပေမဲ့ အဆုံးမှာတော့ သက်ပြင်းသာ ချလေတယ်။ အားလုံးရဲ့ မျက်နှာတွေက ပင်ပန်နွမ်းနယ် နေကြပြီး သွေးတွေနဲ့ ဖုံးလွှမ်း နေကြတယ်။ မျိုးနွယ်စုအတွက် တိုက်ခိုက်ပေးနေတဲ့ လူတွေကို သူဘယ်လိုများ သံသယ ဝင်ရက်ပါ့မလဲ အစောင့်ရှောက် ခေါင်းဆောင်ရဲ့ မျက်နှာပေါ်က စိုးရိမ်ကြီးမှုတွေနဲ့ ရှန့်ဟန် လည်ပင်းပေါ်က ဖြတ်ရှရာ နက်နက်ကို သူမြင်တယ်။
"သစ္စာဖောက် မရှိတာလည်း ဖြစ်နိုင်ပါတယ်လေ၊" အကြီးအကဲက အကြည့် မလွှဲဖယ်သွားခင်မှာ စုမင်ကို လေးလေးနက်နက် ကြည့်ပြီးမှ လေထဲကို ခုန်ပျံတက်သွားတယ်။ ဧရာမ စပါးအုံးနက်ကြီး ထွက်ပေါ်လာပြီး ကြယ်ကြွေတစ်စင်းလို သူနဲ့အတူ ကောင်းကင်ဆီ ပျံသန်း သွားတော့တယ်။
ကျယ်လောင်တဲ့ မြည်ဟိန်းသံဟာ ကောင်းကင် တစ်ခွင်လုံးကို ပျံ့နှံ့သွားခဲ့တယ်။ မော့စန်း အကြီးအကဲက ပိထူအနား ချဉ်းကပ်သွားစဉ်မှာ ပိထူက ခပ်ကျယ်ကျယ် ရယ်မောတယ်။ ကောင်းကင်ယံမှာ သွေးမြူမှုန်တွေ ဖုံးလွှမ်းနေပြီး ၎င်းတို့ နှစ်ယောက်လုံးကို လွှမ်းခြုံထားခဲ့တယ်။ အထဲမှာ ဘာတွေဖြစ်နေလဲ ဆိုတာကို မျိုးနွယ်ဝင်တွေ မမြင်ရပေမဲ့ ကောင်းကင် တစ်ခွင်နဲ့ မြေပြင်လောကို တုန်လှုပ်စေတဲ့ ကျယ်လောင်တဲ့ ထစ်ချုန်းသံတွေကိုတော့ ကြားနေခဲ့ရတယ်။
***