သွေးလွှမ်းလ
Vol. 7 Ch. 93
စုမင်ရဲ့နှလုံးသားက ကဆုန်ပေါက် လှုပ်ရှားနေခဲ့ပြီ။ အကြီးအကဲ ထွက်သွားတာကို မြင်လိုက်ပြီး မထွက်သွားခင်က သူ့ကိုကြည့်သွားတဲ့ အကြည့်တွေကိုလည်း မြင်လိုက်ရတယ်။ အကြီးအကဲရဲ့ မျက်လုံးတွေထဲမှာ ရှိနေခဲ့တဲ့ ခံစားမှု အရိပ်အငွေ့များက စုမင်ကို ထိတ်လန့်စေတယ်။
"လရဲ့အတောင်ပံ..လရဲ့အတောင်ပံတွေ... မီးလျှံမာန်အတတ်"
သွေးမြုမှုန် တွေကနေ ဖြစ်ပေါ်လာတဲ့ လရဲ့အတောင်ပံ ပုံရိပ်ယောင်ကို ကြည့်လိုက်တယ်။ သူကြောက်နေမိပေမဲ့ အတွေးတစ်ခုက သူ့ခေါင်းထဲ ပေါ်လာတယ်။ အတွေးတွေက နည်းနည်းတော့ ပြန့်ကျဲနေတာမို့ အဓိပ္ပာယ်မရှိဘူး။ ဒါပေမဲ့လည်း ရှင်းရှင်းလင်းလင်း တွေးတော နိုင်သွားတာနဲ့ ဘာအတွေးဖြစ်ဖြစ် အရမ်း အသုံးဝင်မှာလို့ ခံစားမိတယ်။
ကောင်းကင်တစ်ခွင် ထစ်ခြုန်းသံကြီးတွေ ကျယ်ကျယ် လောင်လောင် မြည်ဟိန်းနေဆဲမှာ သူတို့ရဲ့ နောက်ကျောဘက်၊ တောအုပ်ထဲကနေ ထူးဆန်းတဲ့ အော်မြည့်သံ ထွက်ပေါ်လာခဲ့တယ်။ ဒါဇင်နဲ့ ချီတဲ့ လူတွေ သူတို့ဆီ ပြေးလာနေကြတယ်။ အဲဒီလူတွေကတော့ မဟူရာ တောင်မျိုးနွယ်စုရဲ့ တတိယအသုတ် လိုက်လံ ဖမ်းဆီးသူတွေ ဖြစ်တယ်။ ခေါင်းဆောင် လာသူက မျိုးနွယ်စု ခေါင်းဆောင် ဖြစ်ပြီး သူ့ရဲ့နောက်မှာတော့ ခက်ထန်တဲ့ ပိစု ဖြစ်တယ်။
မဟူရာတောင် မျိုးနွယ်က လိုက်လံ ဖမ်းဆီးသူတွေ ရောက်ရှိလာတဲ့ အခိုက်အတန့်မှာပဲ စုမင်ဟာ တွေဝေ တွန့်ဆုတ်ခြင်း ကင်းစွာနဲ့ နောက်တန်းကို ပြေးသွားခဲ့တယ်။ သူနဲ့အတူ ပေလင်း၊ လေ့ချန်၊ အစောင့်အရှောက် ခေါင်းဆောင်နဲ့ အခြားသော မာန်စွမ်းအား ရှင်တွေလည်း ပါတယ်။
နက်မှောင်တောင် မျိုးနွယ် မာန်စွမ်းအားရှင် တချို့ကတော့ သူတို့ရဲ့ မျိုုးနယ်စု ခေါင်းဆောင် အနားမှာရှိနေပြီး ကျန်သုံးယောက်လည်း တစ်ဟုန်ထိုးရှေ့ကို ချီတက် သွားခဲ့တယ်။ သူတို့က မျိုးနွယ်စုကို ကာကွယ်ရင်းနဲ့ ခံစစ်နဲ့ တိုက်ခိုက်ကြမှာဖြစ်တယ်။
နက်မှောင် တောင်မျိုးနွယ်စု ခေါင်းဆောင်ဟာ မျက်ရည်တွေ ပြည့်နေတဲ့ မျက်လုံးနဲ့ လူအုပ်ကြီး ထံကနေ အကြည့်လွှဲ လိုက်တယ်။ သူ့လူတွေကို ဦးဆောင်လို့ မာန်နတ်ဘုရား ရုပ်တုရဲ့ အလင်းရောင် အကာအကွယ် အောက်မှာ ဆက်လက် တည်ရှိ နေစေတယ်။ မျိုးနွယ်စု ဝင်တွေကလည်း တစ်ယောက်မှ မကျန်ခဲ့အောင် တစ်ယောက်နဲ့ တစ်ယောက် ဖေးမလို့ ဆက်ပြေးကြတယ်။ ဝူလလည်း မျိုးနွယ်စု ခေါင်းဆောင် ဘေးမှာနေရင်း အခြားသူတွေကို ကာကွယ်ပေးတယ်။ သူမက အစွမ်း မထက်တာကြောင့် လူအုပ်နဲ့ အတူ နေခိုင်းခံရတယ်။
ရွှေ့ပြောင်းနေတဲ့ လူအုပ်နဲ့ အတူ နောက်ဆုံး ကျန်နေရစ်ခဲ့သူ ကတော့ ရှန့်ဟန် ဖြစ်တယ်။ သူက တိုက်ခိုက်ဖို့ မလုပ်ဘဲ လူတန်းရှည်ကြီးရဲ့ ဘေးတစ်နေရာမှာ တိတ်တဆိတ် ရပ်နေရင်း မောပမ်းလွန်းလို့ ဆက်မပြေး နိုင်တော့တဲ့ ကလေးတွေကို ချီပိုးလို့ ဆက်လက် ပြေးလွှားနေတယ်။
စုမင် လုံးဝ နောက်လှည့် မကြည့်ဘူး။ အဲဒီအစား ဆူပွက်နေတဲ့ သတ်ဖြတ် လိုစိတ်တွေ အပြည့်နဲ့ မဟူရာ တောင်မျိုးနွယ် ဝင်တွေထံကို ပြေးလွှားသွားပြီး စတင် တိုက်ခိုက် ပါတော့တယ်။
သူ့လက်ထဲမှာ ရှည်လျားတဲ့ လှံတံရှည်ကို ဆုပ်ကိုင်ထားတယ်။ အဲဒီ လှံတံရှည်က အနီရောင်ဖြစ်ပြီး နက်မှောင်တောင် မျိုးနွယ်စုရဲ့ လိုက်လံ ဖမ်းဆီးသူတွေကို တိုက်ခိုက်နေချိန်မှာ လတ်လတ် ဆတ်ဆတ် သွေးတွေ စွန်းပေနေတော့တယ်။
လိုက်ဖမ်း သူတွေထဲက အစွမ်းထက်ဆုံး သူကတော့ မျိုးနွယ်စု ခေါင်းဆောင်ဖြစ်တယ်။ သူနဲ့ ရင်ဆိုင် တိုက်ခိုက်နေသူကတော့ နန့်စုန့် ဖြစ်တယ်။ အဲဒီ အခိုက်အတန့်မှာ နန့်စုန့်ရဲ့ အိုမင်းချိနဲ့တဲ့ ကိုယ်ခန္ဓာကနေ အားကောင်းလှတဲ့ ချီစွမ်းအင်နဲ့အတူ သတ်ဖြတ် လိုစိတ်တွေပါ အလုံးအရင်းနဲ့ ပေါ်ထွက် လာတယ်။
စုမင်ရဲ့ ချီတွေလည်း သူ့ရဲ့ကိုယ်ထဲမှာ လှုပ်ခတ် လှည့်ပတ်နေကြပြီ။ ကောင်းမွန်စွာ ထိန်းချုပ်နိုင်မှု အောက်မှာ ၂၄၃ ခုသော သွေးကြောများက တစ်ခုတည်း အဖြစ် ပြောင်းလဲသွားတယ်။ အံ့မခန်း အရှိန်နှုန်းနဲ့ အသေသတ် လိုတဲ့ဆန္ဒနဲ့ မဟူရာတောင်က လူတစ်ယောက်ထံ လှံတံရှည်ကို ပစ်လွှတ် လိုက်တယ်။ ၎င်းရဲ့ကိုယ်ခန္ဓာ ပေါက်ကွဲ သွားတာနဲ့ စုမင်က အသက်မဲ့ ရုပ်အလောင်းထက်မှာ မတ်မတ် ရပ်လိုက်တယ်။ လှံတံကို ကိုင်စွဲလို့ ချက်ချင်း ကိုယ်ကို လှည့်လိုက်ပြီး သူ့နောက်ကျော ဘက်ဆီဝင်လာတဲ့ အရိုးဓားကို လှံတံရှည်နဲ့ ခုခံလိုက်တယ်။
လှံတံနဲ့ကာ ပြန်ခုခံလိုက်တဲ့ ဓားရဲ့ခုတ်ပိုင်းချက်က စုမင်ကို တုန်ယင် သွားစေပြီး သူ့ရဲ့ ညာလက်က ထုံကျင်သွားတာမို့ စုမင် ခြေလှမ်းတွေ နောက်ဆုတ် သွားရတယ်။ အဲဒီလူလည်း လှံတံရှည်နဲ့ ထိပ်တိုက်တွေ့မှုကြောင့် ခြေလှမ်း၃လှမ်း နောက်ဆုတ်ရင်း နှုတ်ခမ်း ထောင့်ကနေ သွေးတွေ စီးကျလာခဲ့တယ်။
အဲဒီလူ ကိုယ့်ကိုယ်ကိုယ် ဟန်ချက် မထိန်းနိုင်ခင်မှာဘဲ စုမင်ဟာ ကိုယ်ရထားတဲ့ ဒဏ်ရာကိုတောင် ဂရုမစိုက်ဘဲ တစ်ရှိန်ထိုး ရှေ့တိုးလာခဲ့ပြီး သူ့ရဲ့ ဘယ်လက်သီး တစ်လုံး ပစ်သွင်း လိုက်တယ်။
မဟူရာတောင်က လူဟာ ရှောင်တိမ်းချိန် မရလိုက်ဘူး။ သူ့ရဲ့ အရိုးဓားကို မြှောက်လို့ တိုက်ခိုက်မှုကို ကာကွယ်ရင်း စုမင်ကို ရင်ဆိုင်တယ်။ ဒါတောင် စုမင် ရပ်တန့် မသွားဘူး။ သူ့လက်သီးက သွေးတွေက လေထုထဲ ပျံ့နှံ့ သွားခဲ့ပေမဲ့ ဓားဟာ စုမင်ရဲ့ အင်အားကို မခုခံနိုင်တာမို့ ထောင်သောင်းမကတဲ့ အစအနတွေ အဖြစ် မွမွကြေလို့ အဲဒီလူဆီ ပျံ့လွင့်သွားတယ်။ အဲဒီလူရဲ့ မျက်နှာပေါ်မှာ အံ့သြထိတ်လန့်တဲ့ အမူအရာနဲ့ အတူ နောက်ဆုတ် သွားရရင်း သွေးအန် လေတယ်။
သို့ပေမဲ့ စုမင်ကတော့ ပိုပြီး လျင်မြန် လာခဲ့တယ်။ အဲဒီလူရဲ့အနားကို တိုးကပ်သွားပြီး အလွန်တရာ မုန်းတီး စက်ဆုပ်မှုကနေ ဖြစ်တည်လာခဲ့တဲ့ သတ်ဖြတ်လိုမှုတွေ အောက်မှာ အသေသတ်လိုက် လုဆဲဆဲ အခိုက်အတန့်.... အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရတယ်။ သူ့မျက်နှာ အမူအရာက ပြောင်းလဲ မသွားပေမဲ့ ဘေးကို တိမ်းပြီး ရှောင်လိုက်ပေမဲ့ သူ့ရဲ့ နောက်ကျော ပြင်ပေါ်ကို ပြင်းထန်တဲ့ အင်အား တစ်ရပ် ကျရောက်လာခဲ့ပြီး တစ်ကိုယ်လုံးကို အပ်အချောင်း ပေါင်းများစွာနဲ့ ထိုးဆွနေသလို ရင်အုံဆီကို နာကျင်မှုက ချက်ချင်း ပျံ့နှံ့လာတယ်။ ထက်မြတဲ့ မြားတစ်စင်းက ထုတ်ချင်း ပေါက်သွားတော့ မတတ် သူ့ရဲ့ ရင်အုံဆီ စိုက်ဝင်နေခဲ့ပြီး ရင်အုံရဲ့ ညာဘက် နံဘေးကနေ သွေးတွေ စီးကျလာခဲ့လေတယ်။ အဲဒီ အင်အား အောက်မှာ စုမင်ဟာ ဘေးကို ခပ်ပြင်းပြင်း လွင့်သွားတယ်။
သို့ပေမဲ့ ခန္ဓာကိုယ်ကို မြားတံ စိုက်ဝင်လာတဲ့ အခိုက်မှာ စုမင်က ဘယ်လက်နဲ့ မြားတံ တစ်ဝက်ကို ဆုပ်ကိုင်လို့ မြားတံရဲ့ အင်အားကို ပျယ်ပြယ် စေလိုက်ပြီး သူ့ရဲ့ ကိုယ်ထဲမှာ ဒီအတိုင်း စိုက်လျက် ရှိနေစေလိုက်တယ်။
မြားကြောင့် ရတဲ့ဒဏ်ရာတွေ ပြင်းထန်ရခြင်းက ခန္ဓာကိုယ်ကို ထုတ်ချင်းပေါက် ဖြတ်သန်း ဝင်ရောက် သွားခြင်းကြောင့် ဆိုတာကို စုမင် သိထားတယ်။ ဒီမြားရဲ့ ဖျက်ဆီး နိုင်စွမ်းအားနဲ့ဆိုလျှင် ဒဏ်ရာကို ထုတ်ချင်းပေါက် သွားတာနဲ့ သွေးတွေ အများကြီး ဆုံးရှုံးသွားရမှာ သေချာတယ်။ ဒါပေမဲ့ မြားတံကို ဒီအတိုင်း ထားထားနိုင်လျှင်တော့ ဒဏ်ရာကို ပိတ်ပေး ထားသလို ဖြစ်စေသလို သွေးဆုံးရှုံးမှု မဖြစ်အောင်လည်း ကာကွယ် ပေးထားနိုင်တယ်။ သူ ဆက်တိုက်လို့ ဖြစ်သေးတယ်။
စုမင် လှည့်ကြည့် လိုက်ချိန်မှာ အရင်တစ်ခေါက် တိုက်ပွဲတုန်းက နက်မှောင်တောင် မျိုးနွယ်စု ခေါင်းဆောင်ကို သတ်ဖို့ကြိုးစားခဲ့တဲ့ မဟူရာတောင်မျိုးနွယ်စု အစောင့်အရှောက် ခေါင်းဆောင်ကို မြင်တွေ့ လိုက်ရတယ်။ ၎င်းဟာ စုမင်အနားကို တိုးကပ်လာပြီး ထပ်မံ လေးတင်၊ မြားပစ်လွှတ်ဖို့ ကြံဆောင်စဉ်မှာပဲ နက်မှောင်တောင် အစောင့်အရှောက် ခေါင်းဆောင်က ဟစ်အော် မာန်သွင်းပြီး သူ့ရဲ့ လေးမြားကို တင်လို့ ၎င်းရဲ့ အနားကို ချဉ်းကပ် သွားပြီးနောက်မှာတော့ တောတွင်း တစ်နေရာမှာ မြားအတတ် ကျွမ်းကျင်သူ လူနှစ်ယောက်ရဲ့ တိုက်ပွဲ စတင်ပါတော့တယ်။
စုမင် ဝေ့ဝဲ ကြည့်ရှုလိုက်တယ်။ လကို သွေးမြူမှုန်တွေက ပိတ်ဆီး ကွယ်ထားပေမဲ့ အဲဒီအလွှာကို ထွင်းဖောက် ပြီးတော့ကို လရောင်က ဖြာကျလျက် ရှိတယ်။ စုမင်ရဲ့ ကိုယ်ထဲကို လရောင်ခြည်တန်းတွေ ဝင်ရောက်နေတာကို ဘယ်သူမှ သတိမထားမိပါဘူး။ အချိန်က ညခင်းအခါ၊ စုမင်နဲ့ သက်ဆိုင်တဲ့ ညဖြစ်ပေမဲ့ လဟာ သွေးမြူမှုန်တွေ နောက်မှာ ဖုံးကွယ် ထားခြင်း ခံနေရတာကတော့ နှမြောစရာပင်။
စုမင် လက်ကို ဝှေ့ယမ်း လိုက်ချိန်မှာ ပထမ စုမင်လက်ကနေ လွတ်မြောက် သွားခဲ့တဲ့လူ ထံကို လရောင်တန်းတွေ ကျရောက် သွားလေတယ်။ ၎င်းဟာ သွေးရူးသွေးတန်း ပြေးလွှားပေမဲ့ သူ့ရဲ့ လည်ပင်းမှာ အနီရောင် မျဉ်းတစ်ခုပေါ်လာပြီး သူ့ရဲ့ဉီးခေါင်းက မြေပေါ်ကို ပြုတ်ကျလာတယ်။ မြေပြင်နဲ့ မထိလိုက်ခင်မှာ စုမင်က ကန်ထုတ် လိုက်တဲ့အတွက် သွေးတွေ ဖြာခနဲ ပန်းထွက်ပြီး လေ့ချန်နဲ့ တိုက်ခိုက်နေတဲ့ လူဆီကို လွင့်ပျံ သွားခဲ့တယ်။
လေ့ချန်က အန္တရာယ်ရှိတဲ့ အခြေအနေကို ကျရောက်နေတယ်။ သူ့ရဲ့ အစွမ်းက အများကြီး မထက်မြက်တာကြောင့် သူ ဒဏ်ရာတွေ ရနေပြီ။ အဲဒီ အခိုက်မှာ သူ့ရဲ့နောက်ဆုံး လက်ကျန် အင်အားလေးနဲ့ တိုက်ခိုက် နေခဲ့ရတယ်။ သူနဲ့တိုက်နေတဲ့ သူက သွေးကျောက်သား အဆင့်၆ရှိတဲ့ ရုပ်ဆိုးဆိုး လူကြီးတစ်ယောက် ဖြစ်ပါတယ်။ လူကြီးက ရက်စက်တဲ့ ရယ်သံကျယ်ကြီးနဲ့ လေ့ချန်ရဲ့ ရင်ဘတ်ကို ထိုးပြီး သွေးတွေ အန်ထွက်စေတယ်။
၎င်းဟာ လေ့ချန်ရဲ့ ခေါင်းကို ဖြတ်လုဆဲဆဲ အချိန်မှာ လေတိုးသံနဲ့အတူ စုမင် ချီစွမ်းအင်ထည့်ပြီး ကန်ထုတ်လိုက်တဲ့ ခေါင်းပြတ်က သူ့ထံကို ဝင်ရောက်လာတယ်။ လူကြီးက ကြောင်အ သွားတယ်။ ဦးခေါင်းပြတ်က ခန္ဓာကိုယ်ကို လာရောက် ထိမှန်ပြီး ပေါက်ကွဲသွားတဲ့ အတွက် လူကြီးကို နောက်ဆုတ် သွားစေပြီး သွေးပွက်ပွက် အန်ထွက်သွား စေလေတယ်။
လေ့ချန် ခေါင်းမော့ပြီး ၎င်းကို လက်သီးနဲ့ ထိုးတယ်။ လူကြီးက ပစ်လဲသွားပြီး သူ့ရဲ့ချီဓာတ် တွေလည်း ကစဉ့်ကလျား ဖြစ်သွားတယ်။ ၎င်းက သူ့ရဲ့ အသက် ဘေးနီးနေပြီ ဆိုတာကို သိတဲ့အတွက် လျှာကိုကိုက်ပြီး လေ့ချန်ကို သွေးမြားနဲ့ ပစ်လွှတ်လိုက်တယ်။ ဒီသွေးမြားကို မရှောင်နိုင်ဘူး ဆိုတာကို လေ့ချန် သိပေမဲ့ ဒီအခွင့်အရေးကို လက်လွှတ်မိတာနဲ့ သူ့ပြိုင်ဘက်မှာ ချီကို ပြန်တည်ဆောက် နိုင်မယ့် အခွင့်အရေး ရသွားလျှင် သူသေပြီဆိုတာကို လေ့ချန်သိတယ်။
သူက သွေးမြားကို သူ့အနားကပ် လာခွင့်ပေးလိုက်ပြီး ဘယ်လက်နဲ့ ကာကွယ်လိုက်တယ်။ ဘယ်လက် တစ်ချောင်းလုံး စူးစူးရှရှ နာကျင်သွားပြီး သွေးစက် တချို့က သူ့မျက်လုံးထိ လာစင်ပြီး စိတ်ကူးနဲ့မှန်းဆ မရနိုင်တဲ့ နာကျင်မှုကို ဖြစ်ပေါ်စေတယ်။ သူ့ညာဘက် မျက်လုံးက ဝေဝါးသွားခဲ့ပြီး အနက်ရောင် သွေးတွေ ကျဆင်းလာခဲ့ပေမဲ့ လူကြီးရဲ့ အနားကိုတော့ သူရောက်အောင် သွားလိုက်နိုင်တယ်။
လူကြီးက ကြောက်လန့် တကြား အော်ဟစ်ပြီး အကူအညီ တောင်းနေချိန်မှာပဲ လေ့ချန်ရဲ့ ညာလက်သီးက သူ့ရဲ့ခေါင်းပေါ်ကို ထပ်ခါထပ်ခါ ကျရောက်နေခဲ့ပြီး နောက်ဆုံးမှာ သူ့ကိုယ်ကြီး တစ်ခုလုံး ပေါက်ကွဲ ထွက်သွားတယ်။
လေ့ချန်က မချိတချိ ရယ်မောလိုက်တယ်။ သူ့ရဲ့ ညာဘက် မျက်လုံးကနေ သူမြင်နေရတာဟာ ပိန်းပိတ်တဲ့ အမှောင်ထု ဖြစ်ပေမဲ့ သူလုံးဝ နောင်တမရပါဘူး။ ကြေကွဲ ဝမ်းနည်းစွာနဲ့ ရယ်မောရင်းနဲ့တောင် သူ့မှာ မဆုတ်မနစ်တဲ့ ဇွဲစိတ်တွေ ခိုင်မာနေဆဲပဲ။
အဲဒီ အခိုက်အတန့်မှာပဲ မဟူရာ တောင်မျိုးနွယ်စုက လူနှစ်ယောက် အနားကပ် လာတာကို သူ့ရဲ့ ဘယ်ဘက် မျက်လုံးကနေ မြင်လိုက်တယ်။ လေ့ချန်က ရက်စက်တဲ့ ရယ်သံနဲ့ ရယ်မောလိုက်ပြီး သူ့စိတ်ထဲကနေ မပြတ်တမ်း ကြုံးဝါးနေတယ်။
"လာခဲ့စမ်း.... အနား ရောက်အောင် လာကြ ... ငါ့ရဲ့ အသွေး အသားတွေကို သုံးပြီး မင်းတို့အားလုံးနဲ့ ငရဲအထိ အဖော်လိုက်ပေးမယ်။"
လေ့ချန် သွေးဖောက်ခွဲမှု ပြုလုပ်လုဆဲဆဲမှာပဲ ချက်ချင်းဆိုသလို သူ့ရှေ့ကို ရောက်ရှိ လာခဲ့တာကတော့ စုမင်...... ... ... ...
စုမင် မျက်လုံးတွေက ရဲရဲနီနေတယ်။ သူ လေ့ချန်ကို ကယ်ချင်တယ်။ သူအမြန်ဆုံး လာခဲ့တာဖြစ်လို့ အရှိန်နှုန်းက သူ့ရဲ့ဒဏ်ရာတွေကို ကွဲထွက်စေတာမို့ ဒဏ်ရာတွေကနေ သွေးတသွင်သွင် စီးကျနေပေမဲ့ စုမင်က ညာဘက်လက်ကို ဝှေ့ယမ်း လိုက်တယ်။ ရုတ်တရက် ဆိုသလို လေ့ချန်ခေါင်းကို ဖြတ်ဖို့လုပ်နေတဲ့ လူတွေဆီကို လရောင်ခြည်တန်းတွေ ကျရောက် သွားတော့တယ်။
"စု......"
"မပြောနဲ့ ... မင်းသေချင်ရင် ငါတို့ အတူသေကြမယ် ... "
စုမင်က သူ့ရဲ့ သတ်ဖြတ်မှုတွေကို ပြန်လည် စတင်ပါတော့တယ်။
လေ့ချန်ရဲ့ မျက်လုံးထဲကနေ မျက်ရည်တွေ စီးကျလာတော့တယ်။ ဘေးကနေ စုမင်ရဲ့မျက်နှာကို စိုက်ကြည့်နေရင်း စကားမပြောဘဲ တိတ်ဆိတ် နေခဲ့တယ်။ လက်ထဲမှာ စုမင်ပေးထားတဲ့ ထူးဆန်းတဲ့ ပုံသဏ္ဌာန်ရှိတဲ့ ဦးချိုကို ကျစ်နေအောင် ကိုင်ဆုပ်လိုက်ပြီး စုမင်နဲ့အတူ ဆက်လက် တိုက်ပွဲ ဝင်တော့တယ်။
စုမင်ဘက်ခြမ်းက တိုက်ပွဲထက် နန့်စုန့်နဲ့ မျိုးနွယ်စု ခေါင်းဆောင်တို့ရဲ့ တိုက်ပွဲက ပိုလို့ ထိတ်လန့်ဖွယ် ကောင်းတယ်။ နန့်စုန့်က တစ်ယောက်တည်းကို တိုက်ခိုက်နေရတာ မဟုတ်ဘဲ ပိစုအပါအဝင် တိုက်ပွဲထဲက လုံးဝ ထွက်သွားလိုဟန် မပြတဲ့ လူငါးယောက်နဲ့ တိုက်ခိုက် နေရခြင်း ဖြစ်တယ်။
သို့ပေမဲ့ တကယ့် အပြင်းထန်ဆုံး တိုက်ပွဲကတော့ နက်မှောင်တောင် မျိုးနွယ်စု အစောင့်အရှောက် ခေါင်းဆောင်နဲ့ မဟူရာ တောင်မျိုးနွယ်စု အစောင့်အရှောက် ခေါင်းဆောင်တို့ရဲ့ တိုက်ပွဲပါပဲ ...
လေထုထဲကို မြားတံ ဖြတ်သန်း သွားသံတွေက မြန်ဆန်ပြီး သွေးပျက် ချောက်ချားဖွယ်ရာပင်။ အဆုံးမှာတော့ နှစ်ဘက်လုံးက မြားတံတွေကို တစ်ပြိုင်နက်တည်းမှာ ပစ်လွှတ် လိုက်ကြတယ်။ ပေလင်းအဖေထံမှာ သတ်ဖြတ်လိုမှု စိတ်ဇောအဟုန် ကြွတက်နေတယ်။ သူ ဒီလူကို သတ်နိုင်မှ ဖြစ်မယ်။ ဒီလူအသက်ရှင်နေရင် မျိုးနွယ်စုအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုကြီး ဖြစ်လိမ့်မယ်။
တိုက်ပွဲ အဆုံးမှာတော့ နက်မှောင်တောင် မျိုးနွယ်စု အစောင့်အရှောက် ခေါင်းဆောင်ရဲ့ ခြေထောက်တွေ ပြတ်ထွက်သွားသလို ... အဲဒီရဲ့ တန်ရာတန်ကြေး အနေနဲ့ သူ့ရဲ့ မြားတံကတော့ မဟူရာ တောင်မျိုးနွယ်စု အစောင့်အရှောက် ခေါင်းဆောင်ရဲ့ ရင်ဝမှာ စိုက်ဝင်နေတဲ့ မြားတံ ရှိနေခဲ့တယ်။ ရန်သူ သေဆုံးသွားချိန်မှာ နက်မှောင်တောင် အစောင့်အရှောက် ခေါင်းဆောင်ဟာ ပြုံးတယ်။
တိုက်ပွဲ ဖြစ်ပေါ်ချိန်က ဘာမှမကြာသေးပေမဲ့ သေဆုံးသူတွေ အများအပြား ရှိနေခဲ့ပြီ။ နက်မှောင်တောင် မျိုးနွယ်စုဘက်က ထွက်လာတဲ့ မာန်စွမ်းအားရှင် ၉ယောက်မှာ ၆ယောက်ပဲ ကျန်ရှိနေပြီး အဲဒီ ၆ယောက်လုံးကို နန့်စုန့်က ခေါင်းဆောင်ပြီး ခံစစ်နဲ့ တိုက်ခိုက် နေကြပါတယ်။
ပေလင်းလည်း အပြင်းအထန် ဒဏ်ရာ ရထားတယ်။ သူ့အဖေရဲ့ ခြေထောက် နှစ်ဖက်လုံး ပြတ်ထွက်သွားတာကို မြင်တော့ သူလည်းပဲ အဖေလုပ်သူကို ကျောမှာ သယ်ပိုးပြီး မျိုးနွယ်စုနဲ့အတူ နောက်ဆုတ်ရင်း ခံစစ်နဲ့ တိုက်ခိုက်နေတယ်။ ပေလင်းလည်း ခြေကုန် လက်ပမ်းကျလှပြီ။
မဟူရာ တောင်ဘက်က လူတွေရဲ့ အလောင်း အမြောက်အများလည်း မြေပြင်ပေါ်မှာ အတုံးအရုံး လဲလျောင်းလျက် ရှိကြတယ်။ မဟူရာ တောင်မျိုးနွယ်စု ခေါင်းဆောင်လည်း ဒဏ်ရာရထားပြီး နန့်စုန့်ကို ကြည့်နေရင်း နှုတ်ခမ်းထောင့်ကနေ သွေးတွေ စီးကျနေတယ်။ နန့်စုန့် ဒီလောက် အစွမ်းထက် လိမ့်မယ်လို့ သူမထင်ထားခဲ့ဘူး ...
သို့ပေမဲ့ သူတို့ တတ်နိုင်သလောက် လူတွေကို သတ်ပစ်ဖို့ လိုတယ်။ သူ့ရဲ့ ခေါင်းဆောင်မှု အောက်မှာ နက်မှောင်တောင် မျိုးနွယ်တွေကို လိုက်လံ ဖမ်းဆီးနေကြဆဲပါ။ မုဆိုးတွေ ကြားထဲမှာ ပိစုရဲ့ မျက်လုံးတွေက လက်ဖြာ နေတယ်။ သူက စုမင်ကို သတိပြုမိနေပြီး ဖြစ်ပြီး စုမင်ရဲ့ အစွမ်းကို ကြည့်လို့ အံ့ဩနေတယ်။ သူသိသလောက် နက်မှောင်တောင် မျိုးနွယ်စုရဲ့ လူငယ်ပိုင်းထဲမှာ ဒီလောက် အစွမ်း ထက်မြက်တဲ့သူ မရှိဘူး။
လေ့ချန်ကို ကျောပိုးရင်း နောက်ဆုတ်နေတဲ့ စုမင်ကို သူကြည့်တယ်။ စုမင်ရဲ့ မျက်လုံးတွေထဲကို စိုက်ကြည့်မိချိန်မှာ သူ့စိတ်ထဲမှာ ရင်းနှီး ကျွမ်းဝင်နေတဲ့ ခံစားချက်က ဆောင့်တက် လာတယ်။ စုမင်ရဲ့ မျက်လုံးတွေထဲက စွဲစွဲမြဲမြဲ ရှိလှတဲ့ ဇွဲလုံ့လဟာ သူတို့ တောင်မျိုးနွယ်စုက လူတွေ ဘယ်လောက် လိုက်ရှာရှာ မတွေ့တဲ့ "လျှို့ဝှက် ဆန်းကြယ်တဲ့ လူတစ်ယောက်" ကို သတိရမိစေတယ်။
"မော့စု ... မင်းက မော့စုပဲ ... " ပိစုက မျက်လုံးတွေကို ကျဉ်းမြောင်း လိုက်ပြီး စုမင်ကို လက်ညှိုးထိုးလို့ အော်ဟစ် လိုက်တယ်။
သူ့ရဲ့အော်သံကို အခြားသော မဟူရာတောင် မျိုးနွယ်ဝင်တွေ သိပ်ပြီး သတိမထားမိပေမဲ့ နန့်စုန့်နဲ့ တိုက်ခိုက်နေရင်း ဒဏ်ရာတွေရရှိထားတဲ့ မဟူရာ တောင်မျိုးနွယ်စု ခေါင်းဆောင်ကတော့ ချက်ချင်း စုမင်ကို လှည့်ကြည့်လေတယ်။ သူ့ရဲ့မျက်လုံးတွေထဲ အလင်းတစ်စ ဖြတ်သန်းသွားတယ်။
"ဒီကောင်ကို သတ်နိုင်တဲ့ ဘယ်သူမဆို နက်မှောင်တောင် မျိုးနွယ်က မိန်းမတွေ အကုန် ရစေရမယ်ဟေ့ ... " မဟူရာ တောင်မျိုးနွယ်စု ခေါင်းဆောင် ရုတ်တရက် အော်ဟစ် လိုက်ချိန်မှာတော့ လိုက်လံ ဖမ်းဆီးသူ အားလုံးရဲ့ အကြည့်တွေ အကုန် စုမင်ထံ ကျရောက်လာတယ်။
ကောင်းကင်ယံက တိုက်ပွဲကလည်း ဆက်လက် ဖြစ်ပေါ်နေတုန်းပဲ။ ကောင်းကင်ယံနဲ့ မြေပြင် တစ်ခွင်ကို တုန်လှုပ်နေစေတဲ့ ကြုံးဝါးသံကြီးတွေ မြည်ဟိန်းနေဆဲ..... အနီရောင် သွေးမြူမှုန်တွေ လှိုင်းလုံးတွေလို မြင့်တက် နေဆဲမှာပဲ လရဲ့ အစိတ်အပိုင်း တော်တော်များများက မြူတွေနဲ့ ပိတ်မိ နေရာကနေ ထွက်ပေါ်လာခဲ့တယ်။
အဲဒီ အခိုက်အတန့်မှာ လမင်းဟာ အတောက်ပဆုံးသာ နေခဲ့တယ် ...
လထွက်လာတဲ့ အချိန်မှာပဲ လရောင်ခြည်တန်း အမြောက်အများက စုမင်ထံကို ဖြာကျလာပြီး သူ့ရဲ့ဒဏ်ရာတွေကို မြန်မြန်ဆန်ဆန် သက်သာလာစေတယ်။ လရောင်က သူ့ကို လွှမ်းခြုံ ရစ်သိုင်း လိုက်စဉ်မှာ စုမင်ရဲ့ မျက်လုံးတွေထဲမှာ သွေးလွှမ်းလရဲ့ အရိပ်ယောင် ရုပ်ပုံလွှာ ပေါ်ထွက်လာတယ်။ အဲဒါက ဝေဝေဝါးဝါး မဟုတ်ဘဲ မျက်စိ သူငယ်အိမ် တစ်ခုလုံးကို ပြည့်လျှမ်း သွားစေလောက်တဲ့ အထိ ထင်ထင်ရှားရှား ပုံရိပ်ဖြစ်တယ် ...
တစ်ချိန်တည်းမှာပဲ တောင်ထွတ် ငါးခုလုံးလည်း တုန်ခါသွားတယ်။ တောင်ထွတ် ငါးခုထဲမှာလည်း မရေမတွက် နိုင်အောင်များပြားလှတဲ့ လရဲ့ အတောင်ပံတွေဟာလည်း အခုချက်ချင်း တိုးထွက် လာကြတော့ မယောင် စိတ်လှုပ်ရှားစွာနဲ့ အော်ဟစ် အသံပေးကြတယ်။
အဲဒီညက လပြည့်ညတောင် မဟုတ်သေးပါဘူး၊ ဒါပေမဲ့ ပြည့်လုပြည့်ခင် ဖြစ်နေပါပြီ။ မြေပြင်ပေါ်ကို လရောင်ကျရောက် ရွှန်းပချိန်မှာ စုမင်ရဲ့ ကိုယ်ခန္ဓာကနေ စကားလုံးနဲ့ ဖော်ပြဖို့ခက်ခဲလှတဲ့ ကြီးကျယ်ခမ်းနားတဲ့ ရှိန်ဝါတစ်မျိုး ပေါက်ကွဲ ထွက်ပေါ်လာတယ်။
အဲဒီအခြင်းအရာကို ပထမဆုံး ခံစားမိသူက လေ့ချန်ဖြစ်ပါတယ်။ စုမင်က အစုအဖွဲ့လိုက် ဆုတ်ခွာနေကြတဲ့ နက်မှောင်တောင် မျိုးနွယ်တွေနဲ့ လိုက်ပါလာတဲ့ အတွက် မျိုးနွယ်ဝင်တွေ အားလုံးလည်း ခံစားမိကြတယ်။ မဟူရာတောင် မျိုးနွယ်ဝင်တွေ အားလုံးလည်း စုမင်ကို ကြည့်ပြီး နှလုံးသားတွေ ပွင့်ထွက်မတတ် ဖြစ်ကုန်ကြတယ်။ စုမင်ရဲ့ မျက်လုံးတွေထဲမှာ သွေးလွှမ်းလကို သူတို့ မြင်တွေ့ လိုက်ကြရတယ်။
"ဘာကြီးလဲ... သူ့မျက်လုံးထဲမှာ ဘာလဲ"
"လ.... သွေးလွှမ်းလပဲ ... ... ... "
"သွေးလွှမ်းလက သူ့မျက်လုံးထဲမှာ ရှိနေတာပဲ ... ... "
***