← Chapters

စတုတ္ထမြောက်မြားတံ

Vol. 7 Ch. 94

စတုတ္ထမြောက်မြားတံ

Vol. 7 Ch. 94

ကြောက်လန့် ချောက်ချားဖွယ်ရာ သွေးလွှမ်းလရဲ့ ပုံရိပ်က စုမင်ရဲ့ မျက်လုံးတွေထဲမှာ ပေါ်လွင် နေခဲ့ပါတယ်။ လရောင်ဟာ သိပ်ကို တောက်ပလွန်းနေပြီး မြင်ရသူတိုင်းရဲ့ နှလုံးသားတွေကို တုန်ယင်စေတယ်။ အဲဒီအချိန် ကောင်းကင်ပေါ်မှာ မော့စန်း အကြီးအကဲနဲ့ တိုက်ခိုက်နေတဲ့ ပိထူဟာလည်း ဘာကြောင့်မှန်း မသိ စိတ်လှုပ်ရှား လာခဲ့တယ်။

ရုတ်တရက် စိတ်လှုပ်ရှားလာခဲ့ပေမဲ့ ဒါက ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ ဒီလို စိတ်လှုပ်ရှားမှုမျိုး၊ ဂနာမငြိမ် ဖြစ်ခြင်းတွေကို လွန်ခဲ့တဲ့ လအနည်းငယ်လောက်က ခံစားခဲ့ရဖူးတာကို ပြတ်ပြတ်ထင်ထင် မှတ်မိနေဆဲပါ။

အဲဒီ အခြင်းအရာက သူ့ရဲ့ ချီဓာတ်ကို သူကိုယ်တိုင် မထိန်းချုပ် ထားနိုင်တော့ သယောင်၊ သူ့ခန္ဓာကိုယ်ထဲက ချက်ချင်း ပြေးထွက်သွားပြီး တစ်ယောက်ယောက်ကို သွားရောက် ကိုးကွယ် ဦးချချင် လာသလိုလို ဖြစ်ပေါ်လာစေတယ်။

မော့စန်း အကြီးအကဲက ပထမတော့ တိုက်ခိုက်ရလို့ မောပန်းနွမ်းနယ် နေပြီ ဖြစ်ပေမဲ့ သူ့မျက်လုံးတွေ ရုတ်တရက် လင်းလက် သွားတယ်။ ပိထူရဲ့ ချီမှာ ပြောင်းလဲမှု တစ်ခုခုကို ခံစားလိုက်ရတဲ့ အတွက် ခပ်မြန်မြန် ရှေ့ကိုတိုးလိုက်တယ်။ သူ့ဘေးနားက စပါးအုံးနက်ကြီးလည်း အခွင့်အရေး ရတုန်း ၎င်းရဲ့ မာန်အတတ် ပညာရပ်ခွန်အားကို ကြွားဝါလေတယ်။

ကောင်းကင်ထက်က လှိုင်းလုံး သဏ္ဌာန် သွေးမြူမှုန်တွေလည်း ပိထူရဲ့ လှုပ်ရှားမှု အတိုင်းလိုက်လို့ ပြင်းပြင်းထန်ထန် တုန်ခါနေကြတယ်။

စုမင်ရဲ့ မျက်လုံးထဲက သွေးလွှမ်းလကြောင့် အံ့ဩ မှင်တက်မိနေတဲ့ လူတွေဟာ ကောင်းကင်ထက်က အပြင်းထန်ဆုံး တိုက်ပွဲကြောင့် ပိုလို့ အံ့အားသင့် ကုန်ကြပါတော့တယ်။

"ဆုတ်ခွာကြ ...  ...

နန့်စုန့်ရဲ့ မျက်လုံးတွေလည်း လင်းလက်‌ တောက်ပသွားတယ်။ သူ့ရဲ့လက်ကို ဝှေ့ယမ်းလို့ သူ့ဘေးနားက နက်မှောင်တောင် မျိုးနွယ်စုကို ဦးဆောင်လို့ လျင်လျင်မြန်မြန် ဆုတ်ခွာတယ်။ သူတို့ ထွက်ပြေးသွားတာနဲ့ ကျန်ရှိနေသေးတဲ့ မဟူရာ တောင်မျိုးနွယ်ဝင် မာန်စွမ်းအားရှင် ၉ယောက်လည်း စိတ်လှုပ်ရှား နေတာတွေကို ပယ်သတ်လို့ ကောင်းကင်ကို ဆက်မကြည့် နေတော့ဘဲ အမြန် လိုက်ဖမ်းကြလေတယ်။

သူတို့တွေ မိုင်‌ထောင်ချီ အဝေး ရောက်လာချိန်မှာတော့ နန့်စုန့်ဟာ လျှာကို ကိုက်လိုက်ပြီး ပါးစပ် အပြည့် သွေးတစ်ပွက်ကို ထွေးချလိုက်တယ်။ သွေးတွေဟာ ဧရာမ လက်‌မောင်းကြီး တစ်ခုအသွင် ပြောင်းလဲသွားပြီး သူတို့ကို လိုက်နေတဲ့ မဟူရာ‌တောင်မျိုးနွယ်ဝင် ၉ယောက်ပေါ်မှာ ဝှေ့ယမ်း လိုက်တယ်။

ထစ်ချုန်းသံကျယ်ကြီးတွေ လေထုထဲ ပျံ့နှံ့သွားချိန်မှာ ကမ္ဘာကြီး တစ်ခုလုံးကိုလည်း တုန်လှုပ် သွားစေတယ်။ လက်မောင်းကြီးက သွေးစက်တွေက မျိုးနွယ်စုနဲ့ ပေငါးရာ အကွာက မဟူရာတောင် မျိုးနွယ်ဝင်တွေထံကို ကျရောက် သွားတယ်။

"ငါခံစားမိတယ်။ ငါတို့ဆီလာနေတဲ့ မဟူရာ‌တောင် မျိုးနွယ်ဝင်တွေ ထပ်ရှိနေသေးတယ်။ ငါ မန္တာန်တစ်ခု စီရင်ထားရှိ လိုက်မယ်။ ငါ့ကို ကာကွယ်ပြီး အချိန်ဆွဲထားကြ ... " နန့်စုန့်က ပြောပြောဆိုဆိုနဲ့ ‌မြေပြင်ပေါ်မှာ တင်ပျဉ်ချိတ် ထိုင်ချလို့ မျက်လုံးတွေကို မှိတ်လိုက်တယ်။ ရုတ်တရက် သူ့ရဲ့ ချီ ဓာတ်တွေ ပျောက်ရှသွားပြီး သူ့ရဲ့ သွေးကြောတွေဟာ တွန့်ခွေရစ်ပတ်လို့ ပုံရိပ်တစ်ခု ဖြစ်လာအောင် ပုံဖော်နေတယ်။

ပေလင်းက သူ့အဖေကို ကျောပိုးထားတယ်။ သူ့မှာ ဆက်ပြီး တိုက်ခိုက်လိုစိတ် မရှိတော့ဘူး။ ပြေးရတာတောင် သူ့အတွက် အတော် ခက်ခဲနေပြီ။ အစောင့်အရှောက် ခေါင်းဆောင်လည်း မနည်း နိုးကြားနေရတယ်၊ ကြည့်ရတာတော့ သူလည်း ခြေ‌ထောက်တွေ ဆုံးရှုံးထားရတာကြောင့် ကြာကြာ သတိရှိ‌ မနေနိုင်တော့ဘူး။

လေ့ချန်လည်း စုမင်ကျောပေါ်က ဆင်းလာခဲ့ပြီ။ ပေလင်းနဲ့ အခြားသူတွေနဲ့ ယှဉ်လိုက်လျှင် သူက ပင်ပန်း နေပေမဲ့ တိုက်ခိုက်နိုင်သေးတယ်။ သူက နန့်စုန့်ဘေးကနေ ‌ကာကွယ် ပေးနေတယ်။

စုမင်ရဲ့ဘေးမှာလည်း ဆက်လက် တိုက်ခိုက်နိုင်ဦးမယ့်ပုံ ပေါ်တဲ့ အသက်၃၀ လောက်ရှိမယ့် အမျိုးသား တစ်ယောက် ရှိနေတယ်။ သူ့မျက်နှာက ဖြူဖျော့နေပြီး သူ့ရဲ့ဘယ်လက်က သွေးရွှဲရွှဲ နစ်နေပေမဲ့ ညာဘက် လက်မှာတော့ လှံတံရှည်ကို တင်းကျပ်နေအောင် ဆုပ်ကိုင်ထားဆဲ။ သူကစုမင်ကို ငဲ့ကြည့်ပြီး သူ့ဘေးနား၊ ရှေ့တန်းမှာ မတ်မတ် ရပ်နေတယ်။

"စုမင် ... " အနောက်ဘက်က ‌အစောင့်အရှောက် ခေါင်းဆောင် ထံကနေ အားနည်းတဲ့ အသံလေး ထွက်လာတယ်။ " ငါမင်းကို ဒီ 'လေး' ပေးမယ်။"

စုမင်လှည့်ကြည့်ချိန်မှာ အစောင့်အရှောက် ခေါင်းဆောင်ကလည်း သူ့ကို စိုက်ကြည့် နေတယ်။ ၎င်းက သူ့ရဲ့ လေးကိုင်းကို စုမင်ထံ ပေးလိုက်ဖို့ ပေလင်းကို အချက်ပြပြီး ကျန်နေသေးတဲ့ မြားသုံးစင်းကိုလည်း ပစ်ပေး လိုက်တယ်။

"ဒီနေ့ကစပြီး မင်းက နက်မှောင်တောင် မျိုးနွယ်စုရဲ့ အစောင့်အရှောက် ခေါင်းဆောင်ပဲ ...  မင်းရဲ့ လေးမြားစွမ်းရည်ကို ငါမြင်ဖူးတယ်။ မင်းသိပ်တော်တယ်...." အစောင့်အရှောက် ခေါင်းဆောင်က အားနည်းစွာ ပြုံးပြပြီး မျက်လုံးတွေကို ဖြည်းညင်းစွာ မှိတ်ချလိုက်တယ်။ သူမသေသေးပါဘူး၊ ဆက်ပြီး သတိရှိရှိ မနေနိုင်တော့လို့ မေ့မြော သွားတာပါ။

စုမင် လေးနဲ့မြားကို ယူလိုက်တယ်။ လေးကိုင်းက သိပ်ကို ကြီးမား လေးလံလွန်းပြီး ရက်စက် ကြမ်းတမ်းတဲ့ အရိပ်အငွေ့တွေ ထွက်ပေါ်နေတယ်။ သွေးတွေလည်း စွန်းပေနေတယ်။ လက်တွေထဲမှာ ဆုပ်ကိုင် မိလိုက်ချိန်၊ စုမင်တစ်ယောက် ရိုးတွင်းခြင်ဆီတွေ အထိ စိမ့်တက် သွားရတယ်။ ပေလင်းကို ခေါင်းညိတ် ပြလိုက်ပြီး နန့်စုန့်ရဲ့ သွေးလက်မောင်းကြီးနဲ့ တားဆီး ထားခံရတဲ့ မဟူရာ‌ တောင်မျိုးနွယ် ဝင်တွေဆီ မျက်နှာမူ လိုက်တယ်။

အချိန်တွေဟာ မြန်ဆန်စွာ ကုန်လွန်သွားပါပြီ။ သူတို့ အသက်ရှူလိုက်တိုင်း နန့်စုန့်ထံမှာ ကြောက်လန့် တုန်လှုပ်ဖွယ် ခွန်အားကြီး ဖွဲ့တည် လာတာကို ခံစားမိကြတယ်။ သူ့ရဲ့ မာန် အတတ်မန္တာန်နဲ့ စီရင်မှုပြီးတာနဲ့ အကျိုးရလဒ်က သိပ်ကို အံ့အားသင့် ချောက်ချားဖွယ် ဖြစ်မှာသေချာတယ်။

အဲဒီအခိုက်မှာပဲ သွေးလက်‌မောင်းမှာ အက်ကွဲရာတွေ ပေါ်ပေါက် လာခဲ့တယ်။ မဟူရာတောင် မျိုးနွယ်ဝင် ၉ယောက်ဟာ ရိုင်းစိုင်း ခက်ထန်တဲ့ မျက်နှာထားတွေနဲ့ သွေး လက်မောင်းကို ဖြတ်ကျော်၊ ထွက်လာကြပြီး နက်မှောင် တောင်မျိုးနွယ် ဝင်တွေနဲ့အတူ ရပ်နေတဲ့ စုမင်ထံကို ချီတက် လာကြတယ်။

စုမင်ရဲ့ မျက်လုံးတွေထဲမှာ လူသတ်လိုတဲ့ အရိပ်အယောင်တွေ ပေါ်ထွက်လာတယ်။ ဘယ်ဘက်လက်နဲ့ လေးကိုင်းကို ပင့်မလို့ ညာဘက်လက်နဲ့ ကျောပြင်ပေါ်က မြားတံကို ယူလိုက်ပြီး လေးတင် ပစ်လွှတ်လိုက်တယ်။ လေးကိုင်းဟာ လပြည့်ဝန်း သဏ္ဌာန် ကွေးညွတ်သွားတယ်။ စကားနဲ့ ဖော်ပြခြင်း မစွမ်းသာတဲ့ အင်အား တစ်ရပ်ဟာ စုမင်ထံက ထွက်ပေါ်လာခဲ့သခို၊ ခန္ဓာကိုယ်ထဲက သွေးကြောတွေကလည်း ဆူညံသံတွေပြုပြီး တစ်ကိုယ်လုံးကို ပျံ့နှံ့ ဖြာဆင်းသွားလို့ ရှိရှိသမျှသော စွမ်းအင်တွေဟာ မြားတံဆီ စီးဝင်သွားတယ်။ သူပစ်လွှတ် လိုက်ချိန်မှာ လေထုထဲကို မြားတံ ဖြတ်သန်း သွားသံက စူးစူးရှရှ ထွက်ပေါ် လာခဲ့တယ်။

သေခြင်းတရားကို ရည်ညွှန်းနေတဲ့၊ စိတ်ရိုင်းတွေ ပြည့်ဝနေတဲ့ အရှိန်အဟုန်နဲ့ မြားတံဟာ စူးရှတဲ့ အော်မြည်သံနဲ့အတူ ရှေ့ကို ပြေးထွက်သွားပြီး မျက်စိတစ်မှိတ် အတွင်းမှာ မဟူရာတောင်က လူ၉ယောက် အနားကို တိုးကပ် သွားပါတော့တယ်။

မြားတံတစ်ချောင်း တလေကိုမှ ဖြုန်းတီးပစ်လို့ မရဘူးဆိုတာ စုမင်သိတယ်။ ဒါကြောင့်မို့ မဟူရာတောင် မျိုးနွယ်စု ခေါင်းဆောင် ဒါမှမဟုတ် ပိစုကို ချိန်ရွယ်ပြီး မပစ်လွှတ်တာပါ။ အဲဒီအစား အားလုံးထဲက သွေးကြော ကျောက်သား အဆင့်၅ရှိသူကို ချိန်ရွယ်ပြီး‌ ပစ်လိုက်တာ ဖြစ်ပါတယ်။

မြားတံက ပျံသန်းသွားပြီး အနက်ရောင် အလင်းတန်း တစ်ခုအဖြစ် ရုတ်ခြည်းဆိုသလို ပြောင်းလဲသွားပြီး မျက်စိတစ်ဖျတ် အတွင်းမှာ ပစ်မှတ်ရဲ့ ရင်ဘတ်ကို ထိုးဖောက် ဝင်ရောက်သွားတယ်။ ထုတ်ချင်းပေါက် စိုက်ဝင်သွားတဲ့ မြားတံကြောင့် နောက်ကို ခြေလှမ်းတွေ ယိမ်းယိုင်သွားပြီး လဲကျ သွားတော့တယ်။

တစ်ချိန်တည်းမှာပဲ စုမင်က ဒုတိယမြောက် မြားတံကို ထုတ်ယူပြီး လေးတင် လိုက်တယ်။ ကျန်ရှိနေတဲ့ လူ၈ယောက်က သူနဲ့ ပေ၃၀၀ပဲ ကွာဝေး ပါတော့တယ်။ စုမင် မြားတံ မပစ်လွှတ်နိုင်ခင်မှာ သူတို့ အလျင်အမြန် အနားကို ရောက်ရှိ လာနိုင်တော့မယ်။

သို့ပေမဲ့ အဲဒီ အခိုက်အတန့်မှာပဲ သူ့ဘေးနားမှာ ရှိနေတဲ့ လူရွယ်က အကျယ်ကြီး ရယ်လိုက်ပြီး အရှေ့ကို ပြေးသွားတယ်။ မဟူရာတောင် မျိုးနွယ်ဝင်တွေနဲ့ အနီးကို ရောက်သွားတာနဲ့ တွေဝေခြင်း မရှိဘဲ သူ့ရဲ့သွေးကြောတွေကို ဖောင်းကားလာစေပြီး သူ့ခန္ဓာကိုယ်က မျက်စိစူးစေတဲ့ အနီရောင် အလင်းကို ထုတ်လွှတ် နေတယ်။ သူ သွေးဖောက်ခွဲမှု လုပ်ဆောင်တော့မယ် ...

၎င်းက စုမင် မြားပစ်လွှတ်ချိန် ရအောင် သွေးဖောက်ခွဲမှု လုပ်ပြီး ထိန်းထား ပေးလိုတာ ဖြစ်တယ်။ စုမင် တိတ်ဆိတ်နေတယ်။ သူ့မျိုးနွယ်ဝင်ရဲ့ စတေးမှုကြောင့် ဝမ်းနည်း ကြေကွဲရမှုကို သူ့ရဲ့လုပ်ရပ်နဲ့ သက်သေပြရမယ်။ ဒုတိယ မြားတံ ပစ်လွှတ်လိုက်ချိန်မှာပဲ ကျယ်လောင်တဲ့ အသံကြီးကို ကြားလိုက်ရတာမို့ သူ့ရဲ့ မျိုးနွယ်ဝင် သေဆုံးသွားပြီ ဆိုတာကို သိလိုက်ရတယ်။

အဲဒီ အသက်၃၀လောက် လူဟာ သူ့ရဲ့အသက်ကို တန်ဖိုးမထားလို့ ဒီလို လုပ်သွားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့အသက်နဲ့ မျိုးနွယ်စု တစ်ခုလုံးက လူတွေရဲ့အသက်နဲ့ နှိုင်းယှဉ် ကြည့်လိုက်လျှင် သူ့ကိုယ်သူထက် မျိုးနွယ်စုရဲ့ လုံခြုံမှုကိုပဲ ရွေးချယ် သွားတာ ဖြစ်တယ်။ ၎င်းရဲ့ သွေးဖောက်ခွဲမှု ဖြစ်ပွားပြီး ကျယ်လောင်တဲ့ အသံက လေထုထဲကို ပျံ့နှံ့လာချိန်မှာ မဟူရာတောင် မျိုးနွယ်စုက လူ၈ယောက်ကို ဝင်သက်၃ခါမျှ အဟန့်အတား ဖြစ်သွားစေတယ်။

အဲဒီဝင်သက် ၃ခါမျှအတွင်း စုမင်က ဒုတိယမြောက် မြားတံကို ပစ်လွှတ်လို့ မဟူရာ‌တောင်က လူရဲ့နှလုံး တည့်တည့်ကို ပစ်လိုက်ပြီးပြီ။ ထိမှန်သွားတဲ့ သူက သွေးအန်ပြီး လဲကျ သေဆုံးသွားပါတော့တယ်။

အဲဒီလူသေဆုံးတဲ့ တစ်ချိန်တည်းမှာပဲ မျိုးနွယ်စုဝင် သွေးဖောက်ခွဲမှု လုပ်သွားတဲ့ ပေါက်ကွဲမှုအား လျော့လာချိန်မှာ စုမင် တတိယမြောက် မြားတံကို ပစ်လွှတ် လိုက်တော့တယ်။

တတိယမြောက် မြားတံကိုတော့ စုမင်က ပစ်မှတ်ကို အတိအကျ မသက်မှတ်ဘူး။ အဲဒီအစား လေးကို ကျောမှာ သိုင်းလွယ်ပြီး တွေဝေခြင်း ကင်းစွာနဲ့ ရှေ့ကို ထိုးတက် ချီတက် သွားလေတယ်။ သူ့ရဲ့ ညာဘက်လက်မှာ အနီရောင် အလင်းတစ်ချက် လက်ဖြာသွားပြီး မာန်သွေးကြောမျှင် ရောက်ရှိ လာတယ်။

စုမင်က ကြုံးဝါး ဟစ်အော်တာတွေ မလုပ်ဘဲ တိတ်ဆိတ် နေတယ်။ တွန့်ဆုတ်ခြင်း မရှိစွာနဲ့ အရှေ့ကိုပဲ အလျင်အမြန် ချီတက်နေတယ်။ သူ့အနောက်မှာတော့ မာန်အတတ် မန္တာန်စီရင်နေတဲ့ နန့်စုန့်၊ လေ့ချန်၊ တိုက်ခိုက်ဖို့အားအင် ဘယ်လောက်မှ မကျန်တော့တဲ့ ပေလင်း၊ ဒဏ်ရာ အပြင်းအထန်နဲ့ မေ့မျောနေတဲ့ အစောင့်အရှောက် ခေါင်းဆောင်ဟောင်းတို့ ရှိတယ်။ အခုအချိန်မှာ တိုက်ခိုက် နိုင်သေးတာဆိုလို့ စုမင်ပဲ ကျန်ပါတော့တယ်။

သူ လှည့်ထွက် သွားလို့မဖြစ်ဘူး။ သူ့မှာ ရှေ့ဆက်တိုးဖို့ပဲ ရှိတယ် ...  သူ့အမြင်အာရုံတွေ ဝေဝါး လာနေပြီ။ သူ့ရင်အုံကို ထွင်းဖောက်ခဲ့တဲ့ မြားတံက အခုထိ ရှိနေတုန်းပဲ။ သူ ဆွဲထုတ် လိုက်လို့တော့ ရပါရဲ့။ ဒါပေမဲ့ ဆွဲထုတ်လိုက်တာနဲ့ သူ့ဒဏ်ရာက ပိုဆိုးသွားမယ်။ အဲဒီအပြင် အတင်းအကျပ် အားသုံးပြီး ကျင့်ကြံခြင်း အဆင့်ကို မြှင့်တင်ခဲ့လို့ ရရှိခဲ့တဲ့ အတွင်းဒဏ်ရာ တွေကလည်း လက္ခဏာတွေ ပြလာပြီ။

သူ့ရဲ့ ဦးတည်ရာဆီ တဟုန်ထိုး ပြေးလွှားသွားတယ်။ မဟူရာ‌တောင် မျိုးနွယ်စု ခေါင်းဆောင်အပါအဝင် သူ့ရှေ့မှာ လူ၆ယောက် တိတိရှိတယ်။ အဲဒီ၆ယောက်လုံးရဲ့ ကိုယ်ပေါ်မှာလည်း ဒဏ်ရာတွေ အသီးသီး ရှိနေပေမဲ့ သူတို့က စုမင်ထံကို အရူးအမူး ပြေးလွှား‌ လာနေကြတယ်။

ဒါက နောက်ဆုံးသော ခံစစ်လိုင်းဆိုတာ သိထားတဲ့အတွက် လေ့ချန်က လက်သီးကို ကျစ်နေအောင် ဆုပ်ထားတယ်။ သူသေရလျှင်သော်မှ သူ ဒီနေရာမှာ သေမယ်။ သူ့ရှေ့ကို ခြေလှမ်း တစ်လှမ်း နှစ်လှမ်းလိုက်ပြီး နန့်စုန့်ရှေ့မှာ ရပ်လိုက်တယ်။ စုမင် တိုက်ခိုက်နေတာကို ကြည့်ပြီး သူ့မျက်လုံးထဲက မျက်ရည်များ စီးကျလာလေတယ်။

"စုမင်... အခုနက ငါ့ကို မသေရဘူးလို့ မင်းပြောခဲ့တယ်။ ငါသေချင်ရင်‌တောင် အတူသေမယ်လို့ ပြောခဲ့တယ်။ ငါ အဲဒီကတိကို တည်မှာပါကွ ... "

စုမင်တစ်ယောက်ဟာ ဆွံ့အသူတစ်ယောက်ဖြစ်သွားသလို ဘာအသံမှမထွက်တော့ဘူး။ လှုပ်ရှားမှု တစ်ခုတိုင်းစီက တိကျ ပြတ်သားမှုဟာ သူ့အရွယ် လူငယ်ကလေး တစ်ယောက်ထံမှာ ရှိသင့်တဲ့ အစွမ်းအစတွေထက် သာလွန်နေတယ်။ သူဟာ လှံတံရှည်ကို ကိုင်စွဲလို့ မဟူရာ‌တောင် မျိုးနွယ်စု ခေါင်းဆောင်နဲ့ ယှဉ်ပြိုင် တိုက်ခိုက်နေတယ်။

မဟူရာ‌တောင် မျိုးနွယ်စု ခေါင်းဆောင်က သွေးကြော ကျောက်သား အဆင့်၈ရှိတဲ့ အစွမ်းထက် မာန်စွမ်းအားရှင် တစ်ယောက်ဖြစ်တယ်။ သူက ရဲဝမ်ထက်တောင် အနည်းငယ်မျှ သာလွန်တယ်လို့ ပြောလို့ရနိုင်တယ်။ သူ့မှာ ဒဏ်ရာတွေ ရှိနေလည်း စုမင် ယှဉ်တိုက်လို့ ဘယ်လိုမှမနိုင် နိုင်တဲ့ လူတစ်ယောက်ဖြစ်တယ်။

သူတို့နှစ်ယောက် ရင်ဆိုင် တိုက်ခိုက်ကြစဉ်မှာ စုမင်ရဲ့ နှုတ်ခမ်းထောင့်ကနေ သွေးတွေ စီးကျလာနေတယ်။ စုမင်ဟာ မျိုးနွယ်စု ခေါင်းဆောင်ရဲ့ လက်သီးချက်ကို ခံယူခဲ့ရပေမဲ့ သူ့ရဲ့ ကိုယ်ခန္ဓာက ထူးဆန်းစွာ တွန့်လိမ်သွားပြီး လှံတံရှည်ကိုလည်း ဘေးဘက်ကို လွှဲယမ်း လိုက်တယ်။ စုမင်ရဲ့ ပစ်မှတ်ကတော့ မျိုးနွယ်စု ခေါင်းဆောင် ဘေးနားက ရိုင်းပျတဲ့ ပုံဟန်ရှိသူပါ။

အဲ့ဒီလူက သွေးကြော ကျောက်သား အဆင့်၆ရှိသူ ဖြစ်တယ်။ သူက ကနဦးက မျိုးနွယ်စု ခေါင်းဆောင်ဘေးမှာ သွားဖြဲနားဖြဲနဲ့ ပြုံးဖြီးနေတာ။ သူ့စိတ်ထဲမှာ စုမင်ရဲ့ ခန္ဓာကိုယ်ကြီး ပေါက်ကွဲသွားတာကို မြင်ယောင် ကြည့်ပြီးပေမဲ့ တကယ်တမ်း မြင်ရဖို့ ကံတော့ မပါလာခဲ့ပါဘူး။ လေတိုးသံနဲ့ အတူ လှံတံရှည်က သူ့အနားကို တိုးကပ်လာတယ်။ လူဟာ အဲဒီမှာ ရပ်နေရင်းက ကြောင်အ နေစဉ်မှာပဲ လှံက ‌သူ့ညာဘက် မျက်လုံးတည့်တည့်ဆီ ဝင်လာတယ်။ အသံကျယ်ကြီးနဲ့ အတူ ၎င်းဟာ မြေပြင်ကို ပစ်လဲသွားခဲ့ပြီ။

စုမင်ရဲ့ ကိုယ်ခန္ဓာ အနှံ့အပြားက သွေးတွေ စီးကျနေတယ်။ အနောက်ကို ကတုန်ကယင်နဲ့ ခြေလှမ်း ဆုတ်သွားပြီး မြေပြင်ပေါ်ကို လဲကျသွားတယ်။ မဟူရာတောင် မျိုးနွယ်ဝင်တွေဟာ သူတို့ တိုက်ဖော် တိုက်ဖက်တွေရဲ့ အလောင်းတွေပေါ်က ခွကျော် ဖြတ်သန်းလာစဉ်မှာ စုမင်၊ တိတ်ဆိတ်စွာနဲ့ ပြန်လည် ထလာတယ်။ စုမင်ဟာ ကြေကွဲစွာနဲ့ ပြုံးလို့ လက်မောင်းတွေကို ကားပြီး ရင်ကို ဖွင့်လိုက်တယ်။ ကောင်းကင်ပေါ်က လရောင်ဟာ ရောင်ခြည်တန်း အမျှင်လေးတွေ အဖြစ် သူ့ခန္ဓာကိုယ်ကို သိုင်းခြုံ လိုက်ကြတယ်။ အဲဒီရောင်ခြည်မျှင် တွေကို အားကုန် လွှင့်ထုတ် လိုက်စဉ်မှာတော့ ရောင်ခြည်မျှင်တွေဟာ မဟူရာတောင်က လူ၅ယောက်ထံကို ပြေးဝင် သွားပါတော့တယ်။

မျိုးနွယ်စု ခေါင်းဆောင်ရဲ့ မျက်လုံးထဲက သတ်လိုဖြတ်လိုစိတ်တွေ ပျောက်ရှ သွားခဲ့ပါပြီ။ လေ့ချန်ကို သတ်ဖို့သွားနေတဲ့ ပိစုကို သူ့ရဲ့ညာလက်နဲ့ တွန်းပေးလိုက်ပြီး ပိုလို့ လျင်လျင်မြန်မြန် ရောက်ရှိသွားအောင် ဖန်တီး ပေးလိုက်လေတယ်။

မျိုးနွယ်စု ခေါင်းဆောင် ကိုယ်တိုင်ကတော့ ကြုံးဝါးလို့ အားယူ လိုက်တယ်။ သူ့ခန္ဓာကိုယ်က သွေးနီရောင် အလင်း ထွက်ပေါ်လာချိန်မှာ ပေ၁၀၀လောက် အမြင့်ရှိတဲ့ သွေးလွှမ်း ဝက်ဝံကြီး တစ်ကောင်ရဲ့ အရိပ်က သူ့နောက်ကျောမှာ ပေါ်ပေါက် လာလေတယ်။ ဒါဟာ အခုချိန်ထိ မာကျောအောင် တည်ဆောက် ယူနေရဆဲ ဖြစ်တဲ့ ဘေးဒုက္ခ အမှတ်အသား ဖြစ်တယ်။ ၎င်းဝက်ဝံကြီးက ကောင်းကင် တစ်ခွင်လုံး တုန်ခါ‌သွားစေတဲ့ အသံကျယ်ကြီးနဲ့ မာန်ဖီလိုက်တယ်၊ စုမင်ရဲ့ လရောင်ခြည်တန်းတွေ မဟူရာ တောင်မျိုးနွယ်ဝင်တွေ အပေါ် မကျရောက်အောင် ကိုယ်နဲ့ ပိတ်ကာ ထားပေးတယ်။

ဒါပေမဲ့ မျိုးနွယ်စု ခေါင်းဆောင်ဟာ စုမင်ရဲ့ သူမတူ ထူးကဲ သာလွန်တဲ့ အစွမ်းကို အထင်သေးမိ သွားခြင်း ဖြစ်ပါတယ်။ အဲဒီလုပ်ရပ်ဟာ အဲဒီညယံက လအပေါ် ကျူးလွန်မိတဲ့ မဟာအမှားကြီး ဖြစ်ခဲ့ပါတယ်။ လဟာ မပြည့်ဝသေးပေမဲ့ လပြည့်ညနဲ့ အတော်နီးကပ် နေပြီလေ။ လရောင်နဲ့ ထိမိလိုက်တယ် ဆိုလျှင်ပဲ သွေးဝက်ဝံကြီးဟာ ကျယ်လောင်တဲ့ အော်မြည်သံကြီး ပြုလို့ ခန္ဓာကိုယ်က တစစီ ကွဲထွက် ပျက်စီး သွားလေတော့တယ်။

ဒါတောင်မှ မျိုးနွယ်စု ခေါင်းဆောင်ကတော့ အဲဒီဖြစ်ရပ်ကို မမှုဟန်ပေါ်တယ်။ သွေးဝက်ဝံကြီး ပေါက်ကွဲသွားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ပြင်းအားက လရောင်ခြည် တန်းတွေကို တုန်ယင် သွားစေရုံမျှမက ပတ်ဝန်းကျင် အနှံ့ကို ပျံ့လွင့်လာခဲ့တာမို့ စုမင်ကိုလည်း ထိခိုက်မိစေပြီး စုမင်ရဲ့ ကိုယ်ခန္ဓာကို လေထဲ လွင့်ထွက်သွားစေလို့ သွေးအန် ထွက်စေတော့တယ်။

စုမင်ဟာ လေထဲမှာ သတိလစ် မေ့မျောလုနီးပါး ဖြစ်နေတယ်။ တောကို ဖြတ်ပြီး သူတို့ထံ ချီတက်လာနေတဲ့ ဒါဇင်နဲ့ချီတဲ့ မဟူရာ တောင်မျိုးနွယ်ဝင်တွေကို မြင်နေရတယ်။ နန့်စုန့်ရှေ့မှာ ရပ်နေတဲ့ လေ့ချန်တစ်ယောက် သူ့ရဲ့ ရက်စက်လှတဲ့ ပြိုင်ဘက် ပိစုထံ ကြုံးဝါးပြီး ရှေ့တိုးသွားတာကို မြင်ရတယ်။

"ဒါက အဆုံးသတ်ပဲလား... ငါ... တိုက်နိုင်ပါသေးတယ်။ ငါ့မှာ မြားတစ်ချောင်း ကျန်သေးတယ် ... "

ဖြစ်တည် လှုပ်ရှားနေတဲ့ အရာအားလုံး နှေးကွေး သွားသကဲ့သို့ အချိန်တစ်ခု ဖြစ်ပါတယ်။ စုမင် ဘာမှ မကြားတော့ပေမဲ့ သူ့မျက်လုံး တွေကတော့ လေ့ချန်ထံ တဖြည်းဖြည်း ချဉ်းကပ် သွားနေတဲ့ ပိစုဆီမှာ တစိုက် မတ်မတ် ကျရောက်နေတယ်။  လရောင်ခြည်ရဲ့ လွှမ်းခြုံမှုကို ခံယူရင်း စုမင်ဟာ သူ့ရဲ့ဘယ်လက်နဲ့ လေးကိုင်းကိုဆွဲလို့ သူ့ရင်အုံက မြားတံကို ဆွဲနှုတ်လိုက်တယ်။ ခပ်ကြမ်းကြမ်း ဆွဲနှုတ်လိုက်တာမို့ ဖြစ်ပေါ်လာတဲ့‌ သေမတတ် နာကျင်မှုကို သတ်ဖြတ်လိုစိတ် အဖြစ် ပြောင်းလဲ လိုက်ပါတယ်။ သူ့ရဲ့ကိုယ်ခန္ဓာက တသွင်သွင် စီးကျနေရင်း... လေးကိုင်းပေါ်မှာ မြားတံကို တင်လိုက်ရင်း... ပိစုကို ချိန်ရွယ် လိုက်တယ်။ အဲဒီနောက် ရက်စက် ကြမ်းကြုတ်တဲ့ ခွန်အားတွေနဲ့ မြားကို ပစ်လွှတ် လိုက်ပါတော့တယ်.......။

***

All Chapters