အခန်း (၁၄၃-၁၄၄)
Vol. 15 Ch. 143-144
အခန်း ၁၄၃ - တိုက်ဆိုင်မှုတိုင်း၏ နောက်ကွယ်တွင် မလွှဲမရှောင်သာသော အကြောင်းတရား ရှိသည်
အိုးယဲ့ကျီသည် အိုးယန်ကို ကြောင်တောင်တောင် စိုက်ကြည့်နေလေ၏။ သူ စကားပြောပြီးသွားချိန်တွင် သူ၏ မျက်နှာပေါ်၌ မည်သည့် နာကြည်းမှုမျှ မရှိတော့ချေ။ အချိန်အကြာကြီး ပြီးနောက်တွင် သူသည် နာကြည်းမှုကိုပင် မခံစားနိုင်တော့ချေ။
စနစ်သည် အတိတ်က အချိန်လိုင်းကို ပြောင်းလဲရန် သူ၏ လက်များကို အသုံးပြုခဲ့လေ၏။ အိုးယန်သည် ထိုအကြောင်းကို မပြောရက်ဘဲ တောင်းပန်ရုံသာ တတ်နိုင်တော့လေသည်။
"တောင်းပန်ပါတယ်..."
အိုးယဲ့ကျီက ခေါင်းခါလျက် ဆက်ပြောလေ၏။
"အင်မော်တယ် တစ်ပါးရဲ့ စစ်တုရင်ရုပ် တစ်ခု ဖြစ်လာတာက မင်းရဲ့ စစ်တုရင်ရုပ် တစ်ခု ဖြစ်လာတာနဲ့ ဘာမှ မကွာခြားပါဘူး... မင်းက ငါ့အတွက် ဆုံးဖြတ်ပေးခဲ့တာ မဟုတ်ဘူး... ငါ ကိုယ်တိုင် ရွေးချယ်ခဲ့တာပါ..."
အင်မော်တယ် တစ်ပါး၏ စစ်တုရင်ရုပ် တစ်ခု ဖြစ်လာခြင်း၏ အဆိုးရွားဆုံး ရလဒ်မှာ သေဆုံးခြင်း သက်သက်သာ ဖြစ်လေ၏။ သို့ရာတွင် အိုးယန်၏ စစ်တုရင်ရုပ် တစ်ခု ဖြစ်လာခြင်းက သူ့ကို သေရသည်ထက် ဆိုးရွားသော အခြေအနေဖြင့် နှစ်ပေါင်း မရေမတွက်နိုင်အောင် အသက်ရှင်နေစေခဲ့ပြီး အင်မော်တယ်၏ စစ်တုရင်ရုပ် တစ်ခု ဖြစ်ရသည်ထက်ပင် ပို၍ နာကျင်စေခဲ့ပေသည်။
အကယ်၍ ငါသာ နေရောင်ခြည်ကို တစ်ခါမှ မမြင်ခဲ့ဖူးဘူးဆိုရင် အမှောင်ထုကို ငါ သည်းခံနိုင်မှာပါ...
နောင်တရခြင်းလော... အစပိုင်းတွင်တော့ ဟုတ်သော်လည်း ယခုအခါ အရာအားလုံးသည် အတိတ်တွင် ကျန်ရစ်ခဲ့ပြီ ဖြစ်လေ၏။
အိုးယန်သည် မတ်မတ် ထိုင်လိုက်ပြီး အိုးယဲ့ကျီကို ကြည့်ကာ ပြောဆိုလိုက်သည်။
"မင်းကို ငါ ပြင်ပေးဖို့ လိုတယ်... တစ်ခုက အင်မော်တယ်ရဲ့ စစ်တုရင်ရုပ်ပဲ... နောက်တစ်ခုက လူသား တစ်ယောက်အနေနဲ့ အသက်ရှင်နေတာပဲ..."
"တကယ်လို့ လူသား တစ်ယောက်အနေနဲ့ အသက်ရှင်ရတာက အင်မော်တယ်ရဲ့ စစ်တုရင်ရုပ် တစ်ခု ဖြစ်ရတာထက် ပိုပြီး နာကျင်ရတယ် ဆိုရင်ကော..."
အိုးယဲ့ကျီက မေးမြန်းလိုက်ပေသည်။
ဤမေးခွန်းက အိုးယန်ကို ဆွံ့အသွားစေခဲ့လေ၏။ အိုးယဲ့ကျီ၏ နာကျင်မှုကို မခံစားဖူးသဖြင့် သူသည် ထိုအရာကို အကဲဖြတ်၍ မရနိုင်ချေ။
အိုးယဲ့ကျီသည် အိုးယန်ကို ကြည့်ကာ ရုတ်တရက် ရယ်မောလိုက်ပေသည်။ "တကယ်တော့... ငါ မင်းကို အရမ်း မနာလိုဖြစ်မိတယ်..."
အိုးယန်သည် အိုးယဲ့ကျီကို ဝေခွဲမရစွာ ကြည့်လိုက်လေ၏။
အိုးယဲ့ကျီက စိတ်လှုပ်ရှားမှု အချို့ဖြင့် ပြောဆိုလိုက်သည်။
"ငါက လီတိုက်ပိုင်ရဲ့ ဘေးမှာ နှစ်တွေ အများကြီး ရှိနေခဲ့တာ... ဒါပေမဲ့ သူက ငါ့ကို အချိန်မရွေး အစားထိုးလို့ ရတဲ့ အစေခံ တစ်ယောက်လို့ပဲ အမြဲတမ်း သဘောထားခဲ့တာ... ဒါပေမဲ့ မင်းရဲ့ စကားတစ်ခွန်းတည်းနဲ့ သူက မင်းကို သူငယ်ချင်း တစ်ယောက်လို သဘောထားခဲ့တယ်... မင်း ထွက်သွားပြီးတဲ့ နောက်မှာတောင် လီတိုက်ပိုင်က ငါ့ကို မင်းလို့ပဲ သဘောထားခဲ့တာ..."
အိုးယဲ့ကျီ၏ စကားများကို ကြားလိုက်ရသဖြင့် အိုးယန်က ခေါင်းခါကာ ပြောဆိုလိုက်လေ၏။
"ငါ ထွက်သွားပြီးတဲ့ နောက်မှာ သူ့အနားမှာ နေခဲ့တာ မင်းလေ... သူ တကယ် အသိအမှတ်ပြုခဲ့တာ မင်းကိုပါ..."
အိုးယဲ့ကျီသည် ခေါင်းစောင်းကာ အိုးယန်ကို ကြည့်လိုက်ပေသည်။ သူသည် သူ၏ ပုံရိပ်ယောင် လက်များကို မြှောက်ကာ တိုးညှင်းစွာ ပြောဆိုလိုက်လေ၏။
"မင်း မသိတာက မင်း ထွက်သွားပြီးတဲ့ နောက်မှာ ငါ့ကို အိုးယန်ကျီ လို့ ခေါ်ခဲ့တယ်... အိုးယဲ့ကျီ ဆိုတဲ့ စကားလုံး သုံးလုံးကို ပြောခွင့် မပေးခဲ့ဘူး... ငါ မီးဖိုထဲကို ခုန်ချခဲ့တဲ့ အချိန်မှာတောင် အဲဒါ ပြောင်းလဲမသွားခဲ့ဘူး... ငါက မင်းလို ဖြစ်လာအောင် အရမ်း ကြိုးစားခဲ့ပေမယ့် မင်းက အစားထိုးလို့ မရတဲ့သူ ဖြစ်သွားခဲ့တယ်..."
ထိုအရာမှာ ရက်စက်လှပေသည်။ အိုးယန်သည် အိုးယဲ့ကျီကို လူသားဆန်သော စိတ်ခံစားမှုများ ပြန်လည် ရှာဖွေတွေ့ရှိအောင် လုပ်ဆောင်ပေးခဲ့သော်လည်း ဤစိတ်ခံစားမှုများကို အခြားသူများက အသိအမှတ် မပြုခဲ့ချေ။ နောက်ဆုံးတွင် ကိုယ့်ကိုယ်ကိုယ် စတေးလိုက်ခြင်းကပင် သူ ရှာဖွေနေသော လေးစားမှုကို မရရှိစေခဲ့ချေ။
အိုးယန်သည် ရုတ်တရက် အပြစ်ရှိစိတ် တစ်ခုကို ခံစားလိုက်ရလေ၏။ သူ၏ အရှေ့ရှိ အိုးယဲ့ကျီသည် ယုံကြည်ချက် တစ်ခုတည်းသာ ရှိသော အင်မော်တယ်၏ စစ်တုရင်ရုပ် ဘဝမှ နောက်ဆုံးတွင် လူသားဆန်သော စိတ်ခံစားမှုများကို ပိုင်ဆိုင်လာခဲ့သော်လည်း တန်ဖိုးထား မခံရသူ ဖြစ်လေသည်။
သူ၏ ဘဝသည် ကြေကွဲဖွယ် ပြဇာတ် တစ်ပုဒ်နှင့် တူနေပေသည်။
အိုးယဲ့ကျီသည် အိုးယန်၏ သနားစရာ ကောင်းသော အကြည့်ကို မြင်လိုက်ရသဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်ရာ သူ၏ ရယ်မောသံများသည် အာကာသ ငယ်လေး တစ်လျှောက် ပဲ့တင်ထပ်သွားလေ၏။
ဟားဟားဟား...
ရယ်မောလွန်းသဖြင့် အိုးယဲ့ကျီ၏ နီရဲနေသော မျက်လုံးထောင့်များတွင် မျက်ရည်များပင် ဝဲတက်လာပုံ ရပြီး အိုးယန်ကို အကြောင်းပြချက် မရှိဘဲ ဝေခွဲမရ ဖြစ်သွားစေခဲ့ပေသည်။
အိုးယဲ့ကျီသည် ရယ်မောခြင်းကို ရပ်တန့်လိုက်ပြီး သူ၏ အမူအရာ တစ်ခုလုံးသည် ရုတ်တရက် တက်ကြွလာခဲ့လေ၏။ သူသည် အိုးယန်ကို ပျင်းရိသော အမူအရာဖြင့် ကြည့်ကာ ပြောဆိုလိုက်ပေသည်။
"ငါက မင်းကို ညည်းတွားနေတယ်လို့ မင်း ထင်နေတာလား..."
အိုးယန်သည် မတ်တတ်ရပ်ကာ မျက်နှာအမူအရာ ကင်းမဲ့စွာဖြင့် သူ၏ လက်ဖဝါးကို မြှောက်လိုက်လေ၏။
အိုးယန် လက်ဖဝါး မြှောက်လိုက်သည်ကို ကြည့်ရင်း အိုးယဲ့ကျီက အလျင်အမြန် ခေါင်းခါကာ ပြောဆိုလိုက်သည်။
"မဟုတ်ဘူး... မဟုတ်ဘူး... ငါက သက်ပြင်းချနေတာပါ... ခုလေးတင် ပြောခဲ့တဲ့ စကားတွေက အစတုန်းက ငါ တွေးနေခဲ့တဲ့ အရာတွေပါ..."
"ဒါဆို မင်း အခု ဘာလုပ်နေတာလဲ..."
အိုးယန်က သူ့ကို နောက်ပြောင်နေသော အိုးယဲ့ကျီကို စိုက်ကြည့်ကာ မေးမြန်းလိုက်လေ၏။
အိုးယဲ့ကျီသည် ရယ်မောခြင်းကို ရပ်တန့်လိုက်ပြီး အိုးယန်ကို လေးနက်စွာ ကြည့်ကာ ပြောဆိုလိုက်ပေသည်။
"ကျေးဇူးတင်ပါတယ်..."
အိုးယန်မှာ လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားရလေသည်။
အိုးယန်သည် သူ၏ အရှေ့ရှိ အိုးယဲ့ကျီကြောင့် လုံးဝ ဝေခွဲမရ ဖြစ်သွားလေ၏။
သို့ရာတွင် အိုးယဲ့ကျီက သက်ပြင်းချလျက် ပြောဆိုလိုက်ပေသည်။
"မင်း ထွက်သွားပြီးတဲ့ နောက်မှာ အခြေအနေတွေက မင်း ထင်ထားသလို မဟုတ်ခဲ့ဘူး... လီတိုက်ပိုင်နဲ့ ငါဟာ သူငယ်ချင်းတွေ ဖြစ်လာခဲ့တယ်... ပိုတိတိကျကျ ပြောရရင် သူက ငါ့ကို ကယ်တင်နေခဲ့တာပဲ..."
အိုးယန် ထွက်သွားပြီးနောက် လီတိုက်ပိုင်သည် ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်ခွင့် ရသွားသော အိုးယဲ့ကျီအပေါ် အလွန် စိတ်ရှည်ခဲ့ပြီး သူ၏ အပေါ်တွင် အံ့သြဖွယ် ကောင်းလောက်အောင် ရင်းနှီးဖော်ရွေခဲ့ပေသည်။
ထိုနှစ်ဦးသည် ကမ္ဘာကြီး၏ နေရာအများစုကို ဖြတ်သန်း ခရီးသွားခဲ့ကြပြီး ခမ်းနားလှပသော ရှုခင်းများကို မြင်တွေ့ခဲ့ရကာ လူသားများ၏ ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှု ရေတွက်၍မရနိုင်အောင်ကိုလည်း မြင်တွေ့ခဲ့ရလေ၏။
အိုးယန် ထွက်သွားပြီးနောက် သူတို့၏ ဆက်ဆံရေးသည် အေးစက်သွားခြင်း မရှိခဲ့ချေ။ သူတို့သည် အသစ် ပြန်လည် သိကျွမ်းလာခဲ့ကြသည့်အလား ဖြစ်နေပြီး သူတို့သည် အချင်းချင်းကို စစ်မှန်သော သူငယ်ချင်းများ အဖြစ် အမှန်တကယ် စတင် အသိအမှတ်ပြုလာခဲ့ကြပေသည်။
လီတိုက်ပိုင်က တစ်ခါတစ်ရံ သူ့ကို အိုးယန်ကျီ ဟု ခေါ်မိလျှင်တောင်မှ သူသည် နောက်တစ်စက္ကန့်တွင် လေးနက်စွာ တောင်းပန်လေ့ ရှိသော်လည်း အိုးယဲ့ကျီက လုံးဝ ဂရုမစိုက်ခဲ့ချေ။
မွေးဖွားကတည်းက သူ့ကို အင်မော်တယ်များသည် သူ၏ အရာအားလုံး ဖြစ်ကြောင်း သွတ်သွင်းခံခဲ့ရလေ၏။ သူသည် သူ တစ်ယောက်တည်းအတွက် ဤမျှ သန့်စင်စွာ တစ်ခါမျှ အသက်မရှင်ခဲ့ဖူးချေ။
လီတိုက်ပိုင်၏ စစ်မှန်သော ဓား ကျိုးသွားချိန် အဆုံးသတ် အထိ သူသည် မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ ဓားမီးဖိုထဲသို့ ကိုယ့်ကိုယ်ကိုယ် ပစ်ချခဲ့လေ၏။
လီတိုက်ပိုင်က သူ့ကို အိုးယန်ကျီ၏ အစားထိုး တစ်ခု သက်သက် အဖြစ်သာ သဘောထားခဲ့ပါက အိုးယဲ့ကျီသည် ဤမျှအထိ လုပ်ဆောင်ခဲ့မည် မဟုတ်ချေ။
ဤသည်မှာ အိုးယန် မြင်တွေ့ချင်ခဲ့သောအရာ လည်း ဖြစ်ပေသည်... လီတိုက်ပိုင်နှင့် အိုးယဲ့ကျီတို့၏ အပြန်အလှန် ကယ်တင်မှု ပင် ဖြစ်လေ၏။
နောက်ဆုံးတွင် အိုးယဲ့ကျီသည် ဓားတစ်လက် အဖြစ် ပြောင်းလဲသွားပြီး လီတိုက်ပိုင်သည် အင်မော်တယ်ကို သတ်ဖြတ်ကာ သေဆုံးသွားပြီး သူ၏ တာအိုမှာ ပျောက်ကွယ်သွားခဲ့ပေသည်။ နှစ်ဦးစလုံးသည် နောက်ဆုံးတွင် သူတို့၏ ကံကြမ္မာများကို နောင်တကင်းမဲ့စွာ ဖြည့်ဆည်းပေးနိုင်ခဲ့ကြလေ၏။
"မင်း သိလား... ဒီ အဆုံးအစမရှိတဲ့ နှစ်တွေထဲမှာ ငါ့ကို သတိမလွတ်သွားအောင် ထိန်းထားပေးခဲ့တာက လီတိုက်ပိုင်နဲ့ အတူ ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တွေကို ထပ်ခါတလဲလဲ ပြန်တွေးနေတာပဲ... ပြီးတော့ မင်း တွေ့ခဲ့ရတဲ့ အခြား ကိုယ်ပွား တစ်ခုက ငါ စွန့်ပစ်လိုက်တဲ့ ရူးသွပ်မှုနဲ့ စိတ်ပျက်အားငယ်မှုတွေပဲ..."
အိုးယဲ့ကျီက ပြုံးလျက် ပြောဆိုလိုက်လေ၏။
ထို အကျိုးသင့်အကြောင်းသင့် တွေးခေါ်နိုင်သော အိုးယဲ့ကျီသည် အမှန်တကယ်တော့ အိုးယဲ့ကျီ၏ ရူးသွပ်မှုနှင့် စိတ်ပျက်အားငယ်မှုတို့၏ ကိုယ်ပွား တစ်ခု သက်သက်သာ ဖြစ်လေ၏။ အရူး တစ်ယောက်သာလျှင် နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာပြီးနောက်တွင် အကျိုးသင့်အကြောင်းသင့် တွေးခေါ်နိုင်လာမည် ဖြစ်ပေသည်။
အိုးယဲ့ကျီသည် လက်ကို မြှောက်ကာ သူ၏ ဘေးရှိ သွေးကဲ့သို့ နီရဲသော ဓားရှည်ကို ညင်သာစွာ ပွတ်သပ်လိုက်လေ၏။ သွေးရောင်သည် တဖြည်းဖြည်း မှေးမှိန်သွားပြီး နှင်းကဲ့သို့ ဖြူစင်ကာ သွယ်လျသော ဓားသွားကို ဖော်ပြလာခဲ့ပေသည်။
ထို့ပြင် ဓားရိုးပေါ်တွင် စာလုံး နှစ်လုံး ရေးထိုးထားလေသည်...
"ထိုက်အာ..."
ထိုက်အာကို ပြောင်းပြန် ကိုင်ဆောင်ခြင်းက အခြားသူများကို စွမ်းအား ပေးအပ်ခြင်း ဖြစ်သည်...
အရှိန်အဝါဓား... အင်မော်တယ်ကို သတ်ဖြတ်ရန် တိုက်ခိုက်မှု တစ်ချက်...
ဓားအတွက် ကိုယ့်ကိုယ်ကိုယ် စတေးခြင်းကို ထိုက်အာကို ပြောင်းပြန် ကိုင်ဆောင်ခြင်း အဖြစ် မြင်တွေ့ရပေသည်။
အင်မော်တယ်ကို သတ်ဖြတ်ရန် တိုက်ခိုက်မှု တစ်ချက်... ဤလုပ်ရပ်သည် ဓားအင်မော်တယ် တစ်ပါး၏ စွမ်းအားကို အပြည့်အဝ ပြသနေပေသည်။
အိုးယဲ့ကျီသည် သူ အကျေနပ်ဆုံး သွန်းလုပ်ခဲ့သော ဓားရှည်ကို ကျေနပ်စွာ ကြည့်လိုက်ပြီး အိုးယန်ဘက်သို့ လှည့်ကာ ပြောဆိုလိုက်လေ၏။
"လူတိုင်းက လီတိုက်ပိုင်ကို ဓားအင်မော်တယ်လို့ ခေါ်ကြတယ်... ငါ့ကို ဘယ်လို ခေါ်သင့်လဲ ဆိုတာ ငါ သူ့ကို အမြဲတမ်း မေးခဲ့ပေမယ့် လူတိုင်းက အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေကြတယ်..."
"ဒါပေမဲ့ ဒီနေ့ ငါ့ကိုယ်ငါ အင်မော်တယ်ဓားလို့ ခေါ်မယ်ဆိုရင် အဆင်ပြေမလား..."
အိုးယန်သည် လက်အုပ်ချီကာ သူ့တွင် မည်သည့် ကန့်ကွက်မှုမျှ မရှိကြောင်း ပြသလိုက်ပေသည်။ အိုးယဲ့ကျီသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီးသူ၏ ခါးကို စမ်းကြည့်လိုက်သော်လည်း အရက်ဘူးကို မတွေ့ရသဖြင့် သူသည် နောင်တရစွာဖြင့် လျှာသပ်ကာ ပြောဆိုလိုက်လေ၏။
"ရိုးရိုးသားသား ပြောရရင် မင်းလို နေထိုင်ရတာက ဒီကမ္ဘာကြီး ဘယ်လောက်တောင် အရောင်အသွေး စုံလင်လဲ ဆိုတာကို ငါ့ကို သိလာစေတယ်... လူသား တစ်ယောက် အဖြစ် မွေးဖွားလာတာဟာ ဒီလိုမျိုး ဖြစ်သင့်တာပဲ..."
"ဒါဆို မင်း ဘာလို့ ဓားကျင့်ကြံသူတွေ ဒီလောက် အများကြီးကို သတ်ခဲ့တာလဲ..." အိုးယန်က နောက်ဆုံးတွင် မေးမြန်းလိုက်လေ၏။
အိုးယဲ့ကျီသည် အိုးယန်ကို ကြည့်ကာ တိုးညှင်းစွာ ပြောဆိုလိုက်ပေသည်။
"အဲဒီ အမည်းရောင် ဝတ်ထားတဲ့ ကောင်လေးမှာ ပြဿနာ တစ်ခု ရှိတယ်... သူက ကျင့်ကြံသူတွေကို သတ်ပြီးတဲ့ နောက်မှာ ကိုယ့်ကိုယ်ကိုယ် ပိုမို အစွမ်းထက်လာအောင် တခြားသူတွေရဲ့ ဓားစိတ်ဆန္ဒတွေကို စုပ်ယူနိုင်တယ်... ဒါက သူ့ကို အင်မော်တယ်ရဲ့ နယ်ပယ်ဆီကို အမြန် ရောက်သွားစေနိုင်တယ်... ဒီနည်းလမ်းက စံပြ အင်မော်တယ် နည်းလမ်း တစ်ခုပဲ... ငါ မင်းကို ပြောချင်တာ ဒါပဲ... အင်မော်တယ်တွေဟာ အင်မော်တယ်တွေပဲ... သူတို့ သေဆုံးသွားရင်တောင်မှ အင်မော်တယ်တွေဟာ ဒီနေ့ထက်ထိ တည်ရှိနေဆဲပဲ..."
"ဘယ်လိုဖြစ်နိုင်မှာလဲ..." အိုးယန်က မေးမြန်းလိုက်ပေသည်။
"အပြင်ဘက်က အဲဒီ အမည်းရောင် ဝတ်ထားတဲ့ ကောင်လေးက လီတိုက်ပိုင်ရဲ့ လူဝင်စားလား..." အိုးယဲ့ကျီက လန်ချင်းဆုန်း အကြောင်းကို အိုးယန်အား ရုတ်တရက် မေးမြန်းလိုက်လေ၏။
အိုးယန် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းခါကာ ပြောဆိုလိုက်ပေသည်။
"မဟုတ်ဘူး... ဒါပေမဲ့ ပတ်သက်မှု ရှိတယ်..."
"အဲဒါပဲ... အင်မော်တယ်တွေရဲ့ တွက်ချက်မှုတွေက ပစ္စုပ္ပန် အထိ ရောက်လာခဲ့ပြီ... အင်မော်တယ်တွေက သူတို့ သေဆုံးရမယ် ဆိုတာကို သိနေပုံ ရတယ်... ဒါကြောင့် သူတို့ရဲ့ အစီအစဉ်တွေက ဆက်လက် လုပ်ဆောင်နေဆဲပဲ... အဲဒီ အမည်းရောင် ဝတ်ထားတဲ့ ကောင်လေးက သူတို့ ရွေးချယ်ထားတဲ့ သူပဲ..."
အိုးယဲ့ကျီက အနည်းငယ် စဉ်းစားပြီးနောက် ပြောဆိုလိုက်လေ၏။
"အင်မော်တယ် နည်းလမ်းတွေကို သုံးပြီး ဓားကျင့်ကြံသူတွေ ဒီလောက် အများကြီးကို မင်း သတ်ခဲ့တာလား..."
အိုးယန်က အံ့သြစွာ မေးမြန်းလိုက်ပေသည်။
အိုးယဲ့ကျီသည် အိုးယန်ကို ကြည့်ကာ အနည်းငယ် စိတ်ဓာတ်ကျသွားသလို ခံစားလိုက်ရလေ၏။ ဤကောင်လေးသည် အတိတ်ကို ကြိုတင် စီစဉ်နိုင်ခဲ့သော်လည်း ယခုအခါ အဘယ်ကြောင့် ဤမျှ မိုက်မဲနေပုံ ရသနည်း။
အိုးယဲ့ကျီက သူ့ကို လူမိုက် တစ်ယောက်ကဲ့သို့ ကြည့်နေသည်ကို အိုးယန် မြင်လိုက်ရသဖြင့် ချက်ချင်းပင် ဒေါသတကြီး ပြောဆိုလိုက်လေ၏။
"ငါ့ဘဝမှာ ငါ အမုန်းဆုံးက ပဟေဠိ ဝှက်တဲ့ လူတွေကိုပဲ..."
အိုးယဲ့ကျီ၏ ပုံရိပ်သည် တဖြည်းဖြည်း မှေးမှိန်လာခဲ့ပေသည်။ မပျောက်ကွယ်မီတွင် အိုးယဲ့ကျီက တိုးညှင်းစွာ ပြောဆိုလိုက်လေသည်။
"တိုက်ဆိုင်မှုတိုင်းရဲ့ နောက်ကွယ်မှာ မလွှဲမရှောင်သာတဲ့ အကြောင်းတရား တစ်ခု ရှိနေတယ်..."
---
အခန်း ၁၄၄ - ဝတ်ဆံ
တိုက်ဆိုင်မှုတိုင်းသည် အရင်းခံ မလွှဲမရှောင်သာမှု တစ်ခုကို ဖုံးကွယ်ထားလေသည်။
ဤစကားက အိုးယန်ကို သူ၏ ဆရာ ဟူယန် အကြောင်းကို တွေးမိစေခဲ့ပေသည်။ လွန်ခဲ့သော ဆယ်နှစ်ကျော်က ပေးခဲ့သော ကျောက်စိမ်း ဆွဲပြားလေး တစ်ခုက အိုးယန်ကို လူ့လောကသို့ ဝင်ရောက်ကတည်းက အဆက်မပြတ် လှုပ်ရှားနေစေခဲ့လေ၏။
ယခု အရာအားလုံးသည် သူ၏ သေမည့်နေ့ကို မသိသော ဆရာအိုကြီး၏ အကြံအစည်များ အတွင်းတွင် ရှိနေဆဲ ဖြစ်နိုင်ခြေ ရှိပေသည်။
အိုးယန်၏ ကျောပြင်တွင် ရုတ်တရက် ချမ်းစိမ့်စိမ့် ဖြစ်သွားသည်ကို ခံစားလိုက်ရပေသည်။
ကိစ္စငယ်လေး တစ်ခုအပေါ် အသေးအမွှား ပြောင်းလဲမှု လေးတစ်ခုက နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် ဤမျှ ကြီးမားသော လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေခဲ့လေသည်။ ဤသည်မှာ နိမိတ်ဖတ် တွက်ချက်ခြင်း နည်းလမ်း ဖြစ်ပေလိမ့်မည်။
ထို့ပြင် ရှေးဟောင်းခေတ်က အင်မော်တယ်များသည် ပစ္စုပ္ပန်သို့ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြိုတင်၍ပင် တွက်ချက်နိုင်ကြသည်မှာ အံ့သြဖွယ်ပင်။
ထိုသို့ဆိုလျှင် အင်မော်တယ်များကိုပင် လှည့်စားနိုင်သော သူ့အပေါ်ရှိ ဤ စနစ်၏ မူလအစမှာ အတိအကျ မည်သည့်အရာ ဖြစ်မည်ကို စဉ်းစားမရနိုင်အောင် ဖြစ်နေလေ၏။
သူ၏ ဒုတိယညီလေးကို မွေးရာပါ ဓား ချိုးဖျက်စေရန် လူ့လောကသို့ ဝင်ရောက်ခြင်း ဖြစ်စေ၊ သို့မဟုတ် ယခု ဤ အင်မော်တယ် လျှို့ဝှက်နယ်မြေတွင် ရောက်ရှိနေခြင်း ဖြစ်စေ ထိုအရာများ အားလုံးသည် သူ၏ အဘိုးကြီးက နောက်ကွယ်မှ တိတ်တဆိတ် တွန်းအားပေးနေခြင်း ပင် ဖြစ်လေ၏။ သို့ဆိုလျှင် သူ၏ အဘိုးကြီးသည် အင်မော်တယ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
ဤ မေးခွန်းများ ဆက်တိုက်က အိုးယန်ကို သူ၏ နောက်ကွယ်တွင် ကြီးမားသော လျှို့ဝှက်ချက် ကြီးတစ်ခု ရှိနေသည်ဟု ခံစားရစေခဲ့ပေသည်။
ထိုအရာမှာ စစ်တုရင်ခုံ တစ်ခုနှင့် တူပြီး အမည်းရောင်နှင့် အဖြူရောင် စစ်တုရင်ရုပ်များကို ကိုင်ဆောင်ထားသော လက်များ ရေတွက်၍မရနိုင်အောင် ရှိနေကာ ထိုရုပ်များကို စစ်တုရင်ခုံပေါ်တွင် အဆက်မပြတ် ချထားလျက် ကြီးမားကျယ်ပြန့်ပြီး ရှုပ်ထွေးသော ကစားပွဲ တစ်ခုကို ဖန်တီးနေသကဲ့သို့ ဖြစ်နေလေ၏။
ထို့ပြင် သူ့ကိုယ်သူ အပါအဝင် လူတိုင်းသည် ဤ စစ်တုရင်ခုံပေါ်တွင် ရှိနေကြပေသည်။
ထို့ထက်ပို၍ အမည်းရောင်နှင့် အဖြူရောင် စစ်တုရင်ရုပ်များကို ကိုင်ဆောင်ထားသော ထို ရေတွက်၍မရနိုင်သည့် စစ်တုရင် ကစားသမားများသည်လည်း တစ်ယောက်လက်ထဲတွင် တစ်ယောက်က စစ်တုရင်ရုပ်များ ဖြစ်လာကြပြန်လေသည်။
အချင်းချင်း ယှက်နွယ်နေပြီး တိုက်ရိုက် ကြည့်ရှုရန် မဖြစ်နိုင်ချေ။
ဤသည်က အိုးယန်ကို ဟူယန်၏ စွမ်းရည်ပြသသည့် ဘုတ်ပြားပေါ်ရှိ 'ကျင့်ကြံခြင်း' ကော်လံတွင် ပထမဆုံးအကြိမ် သူ မြင်တွေ့ခဲ့ရသော မေးခွန်းသင်္ကေတ သုံးခုနှင့် ခွေးတစ်ကောင်ကို ငါးဆယ် ရာခိုင်နှုန်းစီ ယှဉ်ပြိုင်နိုင်သည် ဟူသော အကဲဖြတ်ချက်ကို ပြန်လည် သတိရသွားစေခဲ့ပေသည်။
အကယ်၍ သူသည် ခွေးတစ်ကောင်ကို ငါးဆယ် ရာခိုင်နှုန်းစီ ယှဉ်ပြိုင်နိုင်ပါက အင်မော်တယ် တစ်ပါးကို ငါးဆယ် ရာခိုင်နှုန်းစီ ယှဉ်ပြိုင်ခြင်းနှင့် ကွာခြားချက် မရှိနိုင်ဟု တွေးမိလေ၏။
သူ၏ ဆရာ ပြန်ရောက်လာချိန်တွင် သူ့ကို သစ်ပင်တစ်ပင်တွင် ချည်နှောင်ပြီး ဘာတွေဖြစ်နေလဲ ဆိုတာကို အတိအကျ မေးမြန်းမည် ဖြစ်သည်။
ဆုံးဖြတ်ချက် ချပြီးနောက် အိုးယန်သည် အိုးယဲ့ကျီကို ထပ်မံ ကြည့်လိုက်လေ၏။
သို့ရာတွင် အိုးယဲ့ကျီသည် အိုးယန်ကို အနည်းငယ် ပြုံးလျက် ကြည့်ကာ ပြောဆိုလိုက်ပေသည်။
"ငါ လီတိုက်ပိုင်ကို စောင့်နေခဲ့တာ အရမ်း ကြာခဲ့ပြီ... နောက်တစ်ကြိမ် ထပ်စောင့်ဖို့ ငါ့မှာ အခွင့်အရေး မရှိတော့ဘူး... ဒီ ပစ္စည်းကို အပြင်ဘက်က အဲဒီ အမည်းရောင် ဝတ်ထားတဲ့ ကောင်လေးကို ပေးလိုက်မယ်..."
ထိုသို့ပြောပြီးနောက် အိုးယဲ့ကျီသည် သူ၏ ရင်ဘတ်ထဲသို့ လက်နှိုက်ကာ ပစ္စည်း တစ်ခုကို သတိထားစွာဖြင့် ဆွဲထုတ်လိုက်လေ၏။
ထိုအရာမှာ အစိမ်းရောင် ဝတ်ဆံ တစ်ခု ဖြစ်လေသည်။
"ဒါက လီတိုက်ပိုင်ရဲ့ စစ်မှန်တဲ့ မွေးရာပါ ဓားစိတ်ဆန္ဒပဲ... အဲဒီထဲမှာ လီတိုက်ပိုင်ရဲ့ တာအို အားလုံး ပါဝင်တယ်..."
အိုးယဲ့ကျီသည် ဝတ်ဆံကို အိုးယန်ထံသို့ လေးနက်စွာ ကမ်းပေးလိုက်ပေသည်။
အိုးယန်သည် ဝတ်ဆံကို ယူလိုက်လေ၏။ ဝတ်ဆံသည် အိုးယဲ့ကျီ၏ လက်ထဲမှ ထွက်သွားသည့် အခိုက်အတန့်တွင် အိုးယဲ့ကျီ၏ ခန္ဓာကိုယ်သည် ထိန်းမရအောင် စတင် ပြိုကျလာခဲ့ပေသည်။
"မင်း ဘာလို့..."
ပြိုကျနေသော အိုးယဲ့ကျီ၏ ခန္ဓာကိုယ်ကို ကြည့်ရင်း အိုးယန်က အံ့အားသင့်စွာ မေးမြန်းလိုက်လေ၏။
အိုးယဲ့ကျီက ခေါင်းခါလျက် ပြောဆိုလိုက်လေ၏။
"လီတိုက်ပိုင်ရဲ့ ကမ္ဘာငယ်လေးက ငါ့ကို ဘာလို့ အသိအမှတ်ပြုခဲ့တယ်လို့ မင်း ထင်လဲ... ပြီးတော့ အခုအချိန်အထိ ငါ့ရဲ့ စစ်မှန်တဲ့ ဝိညာဉ်ကို အသက်ရှင်လျက် ထိန်းသိမ်းထားနိုင်ခဲ့တဲ့ အကြောင်းရင်းက ဒီ ဝတ်ဆံ ကြောင့်ပဲ..."
"ဒါဆိုလည်း ထားလိုက်တော့... ဒါက အရမ်း တန်ဖိုးကြီးလွန်းတယ်... မင်း အသက်ရှင်ဖို့အတွက် မင်းပဲ သိမ်းထားလိုက်ပါ..."
အိုးယန်က ခေါင်းခါကာ ဝတ်ဆံကို အိုးယဲ့ကျီထံသို့ မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ ပြန်ပေးလိုက်လေ၏။
ဤသည်မှာ ရှေးဟောင်းဓားအင်မော်တယ် တစ်ပါး၏ အမွေအနှစ် တစ်ခုလုံး ဖြစ်သော်လည်း သူ၏ အရှေ့ရှိ အိုးယန်က ထိုအရာကို အနည်းငယ်မျှ တွန့်ဆုတ်ခြင်း မရှိဘဲ ပြန်ပေးခဲ့ခြင်းပင်။
ဤသည်က အိုးယဲ့ကျီကို အံ့အားသင့်သွားစေခဲ့သော်လည်း အိုးယဲ့ကျီသည် ဝတ်ဆံကို မယူခဲ့ဘဲ သူ၏ ပုံရိပ်မှာ ပို၍ပို၍ မှေးမှိန်လာရုံသာ ရှိလေ၏။
အိုးယဲ့ကျီသည် အိုးယန်ကို ကြည့်ကာ ပြောဆိုလိုက်ပေသည်။
"ငါ့ကို လူသား တစ်ယောက် ဖြစ်လာစေပြီး လူသား တစ်ယောက်လို အသက်ရှင်ခွင့် ပေးခဲ့တဲ့အတွက် အရမ်း ကျေးဇူးတင်ပါတယ်... အကယ်၍ လီတိုက်ပိုင်သာ အသက်ရှင်နေနိုင်ခဲ့ရင် ငါတို့ သုံးယောက် ထိုင်ပြီး အရက်သောက်နိုင်ရင် ဘယ်လောက် ကောင်းလိုက်မလဲ..."
သူ၏ အသံမှာ ပိုမို တိုးညှင်းလာပြီး ပိုမို လေလွင့်လာခဲ့လေ၏။
အိုးယဲ့ကျီ သတိလစ်တော့မည့်ဆဲဆဲတွင် အိုးယဲ့ကျီ၏ လက်ကောက်ဝတ်ပေါ်သို့ လက်တစ်ဖက် ကျရောက်လာခဲ့ပေသည်။
နူးညံ့သော စွမ်းအားတစ်ခုက ထိုလက်မှတစ်ဆင့် အိုးယဲ့ကျီ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပြီး ပြိုကျနေပြီဖြစ်သော အိုးယဲ့ကျီ၏ ပုံရိပ်ကို အလျင်အမြန် ပြုပြင်ပေးလိုက်လေ၏။
ပျောက်ကွယ်တော့မည့် သူ၏ အသိစိတ်မှာ ထပ်မံ ကြည်လင်လာခဲ့ပေသည်။
အိုးယန်သည် ဝေခွဲမရ ဖြစ်နေသော အိုးယဲ့ကျီကို ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် ကြည့်ကာ မကောင်းဆိုးဝါး အပြုံးတစ်ခုဖြင့် ပြောဆိုလိုက်လေ၏။
"မင်းက လီတိုက်ပိုင်ရဲ့ ပစ္စည်းကို မင်းခန္ဓာကိုယ်ထဲကနေ ထုတ်လိုက်ပြီ ဆိုမှတော့ ငါ့ပုံစံ အတိုင်း ပြောင်းလဲလိုက်တော့..."
ထိုကြောက်မက်ဖွယ်ကောင်းသော စကားကြောင်းကြောင့် အိုးယဲ့ကျီ၏ မျက်နှာမှာ မှုန်ကုပ်သွားသော်လည်း အိုးယန်ထံမှ စွမ်းအားက သူ့ကို အမှန်တကယ် တည်ငြိမ်စေခဲ့ပေသည်။
"မင်းက တကယ်ကို ထူးဆန်းတာပဲ... အင်မော်တယ် တစ်ပါးတောင် ဒီလို စွမ်းအားမျိုး မပိုင်ဆိုင်ဘူး..."
အိုးယဲ့ကျီသည် ပြန်လည် ခိုင်မာလာသော သူ၏ ခန္ဓာကိုယ်ကို ကြည့်ကာ အံ့သြစွာ ပြောဆိုလိုက်လေ၏။
"ခွေးတစ်ကောင်လို သတ်ဖြတ်ခံရတဲ့ အဲဒီ အမှိုက် လီတိုက်ပိုင်နဲ့ ငါ့ကို လာမယှဉ်နဲ့... မင်းက ငါ့လူ ဖြစ်နေပြီ ဆိုမှတော့ ငါ့နောက်ကို ရိုးရိုးသားသား လိုက်ခဲ့... လူတစ်ယောက်နဲ့ တွေ့ဖို့ မင်းကို ငါ ခေါ်သွားမယ်..."
အိုးယန်က အနည်းငယ် အထင်သေးသည့် လေသံဖြင့် ပြောဆိုလိုက်လေ၏။
"အဲဒီ အမည်းရောင် ဝတ်ထားတဲ့ ကောင်လေးလား... ထားလိုက်ပါတော့... သူ့ဆီမှာ သူငယ်ချင်းဟောင်း တစ်ယောက်ရဲ့ အရိပ်အယောင် ရှိနေပေမယ့် နောက်ဆုံးတော့ သူ မဟုတ်ပါဘူး..."
အိုးယဲ့ကျီက လက်ကို ဝှေ့ယမ်းကာ ပြောဆိုလိုက်ပေသည်။
လန်ချင်းဆုန်းနှင့် လီတိုက်ပိုင်တို့ နှစ်ဦးစလုံးသည် အပြစ်ကင်းစင်သော ဓားနှလုံးသားကို ပိုင်ဆိုင်ထားကြပြီး အိုးယဲ့ကျီသည် ထိုအရာကို ချက်ချင်း သတိပြုမိခဲ့လေ၏။
သူ့ကို ထပ်တွေ့ခြင်းက အတိတ်က မှတ်ဉာဏ်များကို ပြန်လည် ဖော်ထုတ်ပေးရုံသာ ရှိပေလိမ့်မည်။
အိုးယန်သည် အိုးယဲ့ကျီကို ထူးဆန်းစွာ ကြည့်ကာ ပြောဆိုလိုက်လေ၏။
"မင်းကို ငါ့ရဲ့ ဒုတိယညီလေးနဲ့ တွေ့ဖို့ ခေါ်သွားမယ်လို့ ငါ မပြောပါဘူး... မင်း တကယ် တွေ့သင့်တဲ့ လူတစ်ယောက် ရှိတယ်... ငါ့ရဲ့ စတုတ္ထ ညီလေး... တကယ်ကို ချောမောတဲ့ လူငယ်လေး တစ်ယောက်ပဲ..."
"ငါ့ရဲ့ တာအိုကို အမွေဆက်ခံတဲ့ ကောင်လေးကို ပြောတာလား..." အိုးယဲ့ကျီက အနည်းငယ် စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်ပေသည်။
သူသည် ဤကမ္ဘာရှိ အရာအားလုံးကို လက်ခုံကဲ့သို့ သိရှိထားလေ၏။ အင်မော်တယ် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်လာသော ကျင့်ကြံသူ အားလုံး၏ အချက်အလက်များကို သူ ချက်ချင်း သတိပြုမိခဲ့ပေသည်။
အိုးယန်က အနည်းငယ် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောဆိုလိုက်လေ၏။
"သူ့ကို နည်းနည်း ရင်းနှီးနေတယ်လို့ မင်း မခံစားရဘူးလား..."
"ငါ သေချာ မပြောတတ်ဘူး... ဒါပေမဲ့ ငါ့ရဲ့ တာအိုကို အမွေဆက်ခံနိုင်တဲ့သူက ငါ့လိုပဲ ဆန့်ကျင်ဘက်တွေ ပြည့်နှက်နေလောက်မှာပဲ..."
အိုးယဲ့ကျီသည် သူ၏ စိတ်ထဲတွင် ပိုင်ယွီ၏ ပုံရိပ်ကို ပြန်လည် စဉ်းစားလိုက်လေ၏။
ထိုအချိန်က သူသည် နောက်တစ်ကြိမ် ထိန်းချုပ်ခံလိုက်ရပြီး သူ၏ အတွေးများ အားလုံးသည် လန်ချင်းဆုန်းနှင့် အိုးယန်တို့အပေါ်တွင်သာ ရှိနေခဲ့သဖြင့် အဖြူရောင် ဝတ်ဆင်ထားသော လူငယ်လေးကို သူ သိပ်ဂရုမစိုက်မိခဲ့ချေ။
အိုးယန်သည် ဝေခွဲမရ ဖြစ်နေဆဲဖြစ်သော အိုးယဲ့ကျီကို ကျေနပ်စွာ ကြည့်လိုက်ပြီး ပြုံးလျက် ပြောဆိုလိုက်လေ၏။
"သူက မင်းရဲ့ တာအိုကို အမွေဆက်ခံနိုင်တယ် ဆိုတာက မင်းနဲ့ တူညီတဲ့ ရွေးချယ်မှုကို သူ လုပ်ခဲ့တယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ... ဒါက နည်းနည်း အံ့သြစရာ ကောင်းတယ်လို့ မင်း မခံစားရဘူးလား..."
...
နန်းတော် အတွင်းတွင် လျန်ကျိုက်ကို အပိုင်းပိုင်း ဖြတ်ရန် ပြင်ဆင်နေကြပြီဖြစ်သော လန်ချင်းဆုန်းနှင့် ချန်ချန်ရှန်းတို့သည် လျန်ကျိုက်၏ ခန္ဓာကိုယ်ကို ဆွဲဆန့်ကာ မည်သည့်နေရာမှ စတင် ဖြတ်တောက်ရမည်ကို စစ်ဆေးနေကြပေသည်။
ထို့ပြင် မျှော်လင့်ချက် ကင်းမဲ့နေသော မျက်နှာဖြင့် လျန်ကျိုက်သည် အိုးယန် အမြန် ပြီးစီးပြီး ထွက်လာရန်သာ ဆုတောင်းနေလေ၏။
ထိုခွေးသည် တာအိုရတနာ တစ်ခု ဖြစ်လေ၏။
လူများစွာ အိပ်မက်မက်ကြသော တာအိုရတနာ တစ်ခု ဖြစ်လေသည်။
အဘယ်ကြောင့် ဤလူငယ်များသည် သူ့အပေါ် အမြဲတမ်း ဤမျှ ကြမ်းတမ်းနေရကြောင်း နားမလည်နိုင်ဖြစ်နေ၏။
ဤကမ္ဘာကြီးသာ ပျက်စီးသွားပါစေတော့... အခုချက်ချင်း... မြန်မြန်... ဟုသာ တွေးနေမိလေသည်။
လျန်ကျိုက်သည် ဤကမ္ဘာကြီးအတွက် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေစဉ်မှာပင် သူ၏ ခန္ဓာကိုယ်ထဲရှိ ထို ဖောင်းကားလာသော ခံစားချက်ကို ရုတ်တရက် ထပ်မံ ခံစားလိုက်ရပြန်လေသည်။
"အော့..."
ခန္ဓာကိုယ်ကို ဆွဲဆန့်ခံနေရသော လျန်ကျိုက်သည် ခေါင်းကို စောင်းကာ ပျို့အန်လိုက်လေ၏။
အစိမ်းရောင် အလင်းတန်း တစ်ခုက ခွေးပါးစပ်မှ ပန်းထွက်လာပြီး အိုးယန် ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။
လျန်ကျိုက်ကို ဆွဲဆန့်နေကြသော လန်ချင်းဆုန်းနှင့် ချန်ချန်ရှန်းတို့သည် တစ်ပြိုင်နက်တည်း လွှတ်ပေးလိုက်ကြပြီး လျန်ကျိုက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်ကို လုံးဝ ဂရုမစိုက်ဘဲ အိုးယန်ထံသို့ အလျင်အမြန် လျှောက်သွားကြလေ၏။
အိုးယန်သည် သူ၏ လက်ထဲရှိ ယခုလေးတင် ရရှိထားသော ဝတ်ဆံကို လှုပ်ယမ်းကာ သူ၏ ဒုတိယညီလေးကို ပြောဆိုလိုက်လေ၏။
"ဒုတိယ ညီလေး... ဒီကို လာ... မင်းကို တန်ဖိုးကြီး ရတနာ တစ်ခု ပြမယ်..."
လန်ချင်းဆုန်းသည် အိုးယန်၏ လက်ကို ကြည့်လိုက်လေ၏။ သူ၏ အကြည့်များ ဝတ်ဆံပေါ်သို့ ကျရောက်သွားသည့် အခိုက်အတန့်တွင် ကြာစိမ်း နှစ်ပွင့်သည် သူ၏ မျက်လုံးများထဲတွင် ပြန်လည် ပေါ်လာပြီး သူ၏ မျက်ခုံးနှစ်ခုကြားရှိ ကြာစိမ်းသည်လည်း ရှင်းလင်းစွာ ထွက်ပေါ်လာခဲ့ပေသည်။
လန်ချင်းဆုန်း ဤ ထူးခြားမှုကို ပြသလိုက်သည့် အခိုက်အတန့်တွင် အိုးယန်၏ လက်ထဲရှိ ဝတ်ဆံသည် လန်ချင်းဆုန်းထံသို့ ထိန်းမရအောင် ပျံသန်းသွားပြီး လန်ချင်းဆုန်း၏ မျက်ခုံးနှစ်ခုကြားသို့ တိုက်ရိုက် နစ်ဝင်သွားလေတော့၏။
"ကောင်းတယ်..."
ကောင်းကင်နှင့် မြေကြီးကြားတွင် ဧရာမ အသံကြီး တစ်ခု ပဲ့တင်ထပ်သွားသည်။
ဝတ်ဆံ မပါသော ပန်းတစ်ပွင့်သည် မမွှေးပျံ့ချေ... စိတ်ဝိညာဉ် မပါသော လူတစ်ယောက်သည် မကြည်လင်ချေ။
ဤအခိုက်အတန့်တွင် လန်ချင်းဆုန်းသည် ရှေးဟောင်းဓားအင်မော်တယ် လီတိုက်ပိုင်၏ တာအိုကို အမှန်တကယ် စတင် လက်ခံရရှိနေပြီ ဖြစ်လေသည်။