ငါ့ရဲ့စုအာကို ဘယ်သူသတ်တာလဲ
Vol. 7 Ch. 95
မြားတံဟာ စုမင်ရဲ့ သွေးတွေ စွန်းပေနေတယ်။ လေထုကို ထိုးခွင်းသွားတဲ့ မြားတံကို လရောင်က ရစ်သိုင်း ပေးထားတယ်။ အဝေးကနေ ကြည့်လျှင် အဲဒါက မြားတံနဲ့ တူမနေဘဲ သွေးလွှမ်းလလို့ ထင်မှတ် မှားစေနိုင်တယ်။
ပိစုတစ်ယောက် လေ့ချန်ရှေ့ကို ရောက်ရှိလာခဲ့ပြီ။ မှုန်ကုတ်နေတဲ့ မျက်နှာထားနဲ့ ကောက်ကျစ် ယုတ်မာတဲ့ မဲ့ပြုံး တို့က မျက်နှာပေါ်မှာ ချိတ်ဆွဲလျက် ရှိပေမဲ့ အဲဒီ အခိုက်အတန့် မှာတော့ သူ ကြောင်အ သွားတယ်။ သူ့ထံ ဦးတည်လာနေတဲ့ ထိတ်လန့်စေတဲ့ အန္တရာယ် အရိပ်အငွေ့ကို သူခံစား မိလိုက်တယ်။ ဒါပေမဲ့ အန္တရာယ် အရိပ်အငွေ့က ရုတ်ခြည်း ဖြစ်ပေါ်လာတာမို့ သူ့မှာ စဉ်းစား တွေးတောချိန် အများကြီး မရလိုက်ဘူး။ မျက်စိ တဖျတ်အတွင်းမှာ မြားချက် ရောက်ရှိလာခဲ့ပြီ ...
သို့ပေမဲ့ ပိစုရဲ့ ကိုယ်ခန္ဓာပေါ်ကို များပြားလှတဲ့ သွေးမြူမှုန်တွေ လွှမ်းခြုံသွားတယ်။ မြူမှုန်တွေဟာ လရဲ့ အတောင်ပံ တစ်ကောင် အသွင်ပြောင်းလဲလို့ သူ့အတွင်းဘက်မှာ ပိစုကို ကာကွယ်ပေးထားတယ်။ လရဲ့ အတောင်ပံ သဏ္ဌာန်နဲ့ သွေးမြူမှုန်တွေဟာ ရုပ်နယ်လွန် အဆင့်အောက် မာန်စွမ်းအားတိုင်းရဲ့ အတိုက်အခိုက်ကို ခုခံ ကာကွယ်နိုင်တယ်။ ပိစုသိတယ်။ အကြီးအကဲ ပိထူက သူ့ကို ပြောပြထားတယ်။
အဲဒီလိုဆိုပေမဲ့လည်း မြားတံနဲ့ လရဲ့ အတောင်ပံ သဏ္ဌာန် သွေးမြူမှုန် အကာအကွယ်နဲ့ ထိတွေ့ မိသွားချိန်မှာတော့ မြူမှုန်တွေထံက နာနာကျင်ကျင် ညည်းတွားသံ ထွက်ပေါ်လာခဲ့ပြီး မြားတံပေါ်က သွေးစက်တွေကို ကြောက်ရွံ့ဟန်နဲ့ အရည်ပျော်ကျ သွားခဲ့ကာ မြားတံဟာ စူးရှတဲ့ အသံနဲ့ လေထုကို ထိုးခွင်းလို့ ပိစုကို ထွင်းဖောက် သွားပါတော့တယ်။
ပိစု၊ သူ့ရဲ့ ရင်အုံက ပြင်းပြင်းရှရှ နာကျင်မှုကို ခံစားလိုက်ရပြီး သွေးတွေ ထွက်ကျ လာတော့တယ်။ မြားတံက သူ့ရဲ့ကိုယ်ခန္ဓာကို ထုတ်ချင်းပေါက် ဝင်ရောက်သွားခဲ့ပြီး လေ့ချန်ရဲ့ ခြေထောက်ဘေးကို ကျသွားတယ်။
ပိစုဟာ ကတုန်ကယင်နဲ့ မြေပြင်ပေါ် လဲကျသွားလေတယ်။ မျက်လုံးတွေပြူးပြီး ခန္ဓာကိုယ်က ထွက်ခွာသွားတော့မယ့် အသက်ဓာတ်ကို ထိန်းသိမ်းလို့ ရလိုရငြား ဒဏ်ရာကို လက်နဲ့ အတင်းဖိသိပ်လို့ ကုန်းပေါ်က ငါးတစ်ကောင်လို ဟစိဟစိနဲ့ အသက်ရှူရှိုက် နေတယ်။ ဒါပေမဲ့ မြားဟာ စုမင်ရဲ့ ဒေါသတရား၊ ကြေကွဲမှုတွေနဲ့ ဖုံးလွှမ်း နေရုံမျှမက သူ့ရဲ့ စွမ်းအားတွေပါ အပြည့်အဝ ပါဝင်နေတာပါ။ ဒါက ပိစု အလွယ်ကလေး ပြန်သက် သာလာနိုင်တဲ့ ဒဏ်ရာ တိမ်တိမ်လေး မဟုတ်ပါဘူး။
"မ.... မဖြစ်နိုင်တာ.... အကြီးအကဲ ပြောတော့ ငါဘာမှမဖြစ်......."
ပိစုရဲ့ မျက်နှာပေါ်မှာ စကားနဲ့ ဖော်ပြမရနိုင်တဲ့ ကြောက်လန့်မှုတွေ ဖြစ်တည်နေခဲ့တယ်။ သူ ဒီအဖြစ်အပျက်ကို မယုံဘူး။ သူသေရတော့မယ် ဆိုတာကို မယုံကြည်နိုင်ဘူး။ သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း အေးစက်လာပြီ....... သူ့မျက်လုံးတွေထဲမှာ လဲပြိုကျနေတဲ့ မျှော်လင့်ချက်တွေ.....။
သူ မသေချင်သေးဘူး။ သူ သေရမှာ အရမ်းကြောက်တယ်။ သူက အခုမှ ငယ်ငယ်လေး ရှိသေးတာ၊ အသက်၂၀တောင် မပြည့်သေးဘူး။ သူက မဟူရာ တောင်မျိုးနွယ်စုရဲ့ ပါရမီရှင် ငယ်လေး တစ်ယောက်။ လေပြည်စီးကြောင်း မျိုးနွယ်ဝင်တွေထက် သာလွန်တဲ့ အင်အားကြီး မာန်စွမ်းအားရှင် တစ်ယောက် ဖြစ်လာရဉီးမှာ။ ပိုင်လင်းကိုလည်း သူ့ရဲ့ အမျိုးသမီးအဖြစ် သိမ်းပိုက်ပစ်ပြီး သူ့အောက်မှာ အဲဒီလှပတဲ့ မျက်နှာလေးကို ငိုအောင် လုပ်ပစ်ရဦးမှာ........။
သူလုပ်ချင်တာတွေ အများကြီး ရှိသေးတယ်။ ဒီနေရာမှာ မမျှော်လင့်ထားဘဲ ရုတ်တရက်ကြီး သေရလိမ့်မယ်လို့ တစ်ခါမျှ မတွေးမိခဲ့ဖူးဘူး။ သူ့မှာ ပြင်ဆင်ချိန်တောင် မရလိုက်ဘူး။
သူ့မျက်လုံးတွေကို အကျယ်ကြီးဖွင့်လို့ မြေပြင်ပေါ် လဲကျသွားတယ်။ သူ့အထက်မှာ သွေးနီရောင် တောက်နေတဲ့ ကောင်းကင်၊ အစွမ်းကုန် သာနေတဲ့ လမင်းနဲ့ သွေးမြူမှုန်တွေကြားက ပိထူ အကြီးအကဲကို သူမြင်တယ်။
အဲဒီမြင်ကွင်းဟာ သူ့ဘဝ တိုတိုလေးရဲ့ နောက်ဆုံးသော မြင်ကွင်း ဖြစ်ခဲ့ပါတယ်...။
ပိစု သေပြီ ... ... ... ...
ပိစု သေသွားချိန်မှာ မဟုရာတောင် မျိုးနွယ်စု ခေါင်းဆောင်ဟာ မှင်တက် သွားတယ်။ မယုံကြည်နိုင်မှုတွေနဲ့ ထိတ်လန့် ချောက်ချားမှုတွေ သူ့မျက်နှာပေါ်မှာ အလျိုလျို ပေါ်ပေါက်လာတယ်။ သူကြောက်တာက နက်မှောင်တောင်က လူတွေကို မဟုတ်ဘူး၊ မဟူရာတောင် အကြီးအကဲ ပိထူကို ဖြစ်တယ်။ ပိထူဟာ အကြင်နာကင်းမဲ့၊ ရက်စက်ပြီး ခန့်မှန်းမရနိုင်တဲ့ သူဆိုတာ သူသိထားတယ်။ သူ့ရဲ့လှုပ်ရှားမှုကို ခန့်မှန်း မရနိုင်ဘူး၊ သူက မျိုးနွယ်စု ဝင်တွေကို သာတူညီမျှ မပြောနဲ့၊ ကျွန်တွေလို ဆက်ဆံတာ။ သူ ဂရုစိုက်တဲ့သူ တစ်ယောက်ပဲ ရှိတယ်၊ အဲဒါကတော့ ပိစု ဖြစ်တယ် ...
ပိထူဟာ သူ့မှာ ရှိသမျှ အရာ အားလုံးပေးဆပ်လို့ ပိစုကို ကူညီပြီး ပျိုးထောင် လမ်းပြခဲ့တယ်။ အခု ပိစုက ...... သေပြီတဲ့။ မျိုးနွယ်စု ခေါင်းဆောင်ရဲ့ မျက်နှာဟာ တစ်မုဟုတ်ချင်း သွေးဆုတ် သွားပါတော့တယ်။
မှင်တက် နေကြတာ သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ သူ့ဘေးနားက လူနှစ်ယောက်လည်း ထိတ်လန့် သွားကြတယ်။ သူတို့ဟာ ကြောက်ရွံ့ ထိတ်လန့်လွန်းလို့ တိုက်ခိုက်ဖို့ မေ့သွားကြတယ်။
စုမင်ဟာ မြေပြင်ပေါ်ကို အရုပ်ကြိုးပြတ် လဲကျသွားပြီး ဒဏ်ရာက သွေးတွေ ဒလဟော စီးကျနေတယ်။ ဒါတောင် သူခံစားနေရတဲ့ နာကျင်မှုက သူ့မျက်နှာမှာ မပေါ်ဘူး။ အဲဒီအစား စုမင်က ပြုံးနေတယ်၊ ဒီအပြုံးဟာ ဒီကမ္ဘာပေါ်က 'မိန်းကလေး တစ်ယောက်တည်း'အတွက်သာ ပွင့်လန်းတဲ့ အပြုံးပါ။
ပိစုကို သတ်ပစ်နိုင်ဖို့က အမြဲတမ်း စုမင်ရဲ့ ရည်မှန်းချက် ဖြစ်ခဲ့တယ်။ သူ့ကို သတ်တာက လေ့ချန်နဲ့ နန့်စုန့်ရဲ့ အနားတိုးကပ် သွားတာကို ဟန့်တားတာအပြင် လေပြည်စီးကြောင်း မျိုးနွယ်စုမှာ ပိုင်လင်းကို ပိစု တွေ့သွားတုန်းက သူ့မျက်လုံးတွေထဲမှာ ရှိနေခဲ့တဲ့ လိုချင် တပ်မက်မှုတွေနဲ့ တဏှာ အရိပ်အငွေ့တွေကြောင့်လည်း ဖြစ်တယ်။
မျိုးနွယ်စု ခေါင်းဆောင်ရဲ့ အနောက်ဘက် တောစပ်ကနေ မဟူရာတောင် မျိုးနွယ်ဝင် နောက်တစ်သုတ်ဟာ လေထုကို ထိုးခွင်းလာတဲ့ အသံတွေနဲ့အတူ ထပ်မံ ရောက်ရှိ လာကြတယ်။ စုမင်တို့နဲ့ ပေ၁၀၀၀မျှသာ ကွာဝေးပါတော့တယ်။
အဲဒီ အခိုက်အတန့်မှာ ဝမ်းနည်းမှုနဲ့အတူ ဒေါသတွေ ပြည့်နှက်နေတဲ့ ကြုံးဝါးသံကြီးက သွေးမြူမှုန်တွေ ကြားကနေ ထွက်ပေါ်လာတယ်။ အဲဒါက ပိထူရဲ့ အသံပါ ... ... ... ...
"စုအာ ... ... ... ... ... "
အဲဒီအသံက ကမ္ဘာမြေကြီးကို တုန်ခါသွားစေတဲ့ မိုးကြိုး ထစ်ချုန်းသံကြီးလိုပါပဲ ... မြေပြင်ပေါ်က နှင်းလွှာတွေ ပေါက်ကွဲသွားပြီး မြေလွှာကို အဆက်မပြတ် လှုပ်ယမ်း နေစေတယ်။ အသံနဲ့အတူ ပူဆွေးမှု ပရိဒေဝတွေ လောင်မြိုက်နေတဲ့ မျက်နှာထားနဲ့ လူတစ်ယောက်ဟာ သွေးမြူမှုန်တွေ ကြားကနေ ပြေးထွက် လာတယ်။ သူ့မျက်လုံးတွေ ထဲထဲမှာ မြေပြင်ပေါ်မှာ မလှုပ်မယှက် လဲလျောင်းနေတဲ့ ပိစုကိုသာ မြင်တယ်။
"ငါ့ရဲ့စုအာကို ဘယ်သူသတ်တာလဲ ... သတ်စမ်း.. နက်မှောင်တောင် တစ်မျိုးနွယ်လုံးကို သတ်ပစ်ကြ ... တစ်ယောက်မှ အရှင်မထားဘူး ... ... ... "
ပိထူဟာ ကောင်းကင်ကို လှုပ်ယမ်း သွားစေလောက်အောင် အားပြင်းတဲ့ သတ်ဖြတ် လိုစိတ်တွေနဲ့ ထွက်လာခဲ့ပေမဲ့ ပိစုအနားတောင် ရောက်မသွားနိုင်ခဲ့ဘူး၊ မြူမှုန်တွေထဲက ဟက်ခနဲ လှောင်ရယ်သံ အေးစက်စက် ထွက်ပေါ်လာခဲ့တယ်။ နှုတ်ခမ်းထောင့်က စီးကျနေတဲ့ သွေးတွေနဲ့ မော့စန်းဟာ သူ့ရဲ့ ညာလက်ကို မြှောက်လိုက်ချိန်မှာ ရာသီဥတုတွေ ပြောင်းလဲသွားတယ်။ သူ့နံဘေးက စပါးအုံးနက်ကြီးလည်း ကျယ်လောင်စွာ အော်မြည်လို့ ပိထူထံ တစ်ဟုန်ထိုး ပျံသန်းသွားပြီး လမ်းကို ပိတ်ထားလိုက်တယ်။
ပိထူရဲ့ ကြုံးဝါးသံကြားမှာ မဟူရာ တောင်မျိုးနွယ်စု ခေါင်းဆောင်ဟာ ချွေးစေးပျံစွာနဲ့ မှင်တက်နေရာက သတိပြန်ဝင် လာတယ်။ အကြီးအကဲရဲ့ ဒေါသဒဏ်ကို မခံယူရစေဖို့ ဒီအမှားကို ပြင်ဆင်နိုင်ဖို့ တစ်ခုခုလုပ်ရမယ်။
နန့်စုန့်ကိုလည်း သူဂရုမစိုက်တော့ဘူး။ ချက်ချင်း လှည့်လိုက်ပြီး မနီးမဝေးမှာ လဲကျနေတဲ့ စုမင်ထံကို အကြည့်တွေ ကျရောက်သွားတယ်။ ခပ်မြန်မြန်ပဲ စုမင်ထံကို ပြေးလာခဲ့တယ်။ အကြီးအကဲ ရှေ့မှာ ကိုယ့်အသက် ကိုယ်ကာကွယ်တဲ့ အနေနဲ့ရော၊ ကိုယ့်ဂုဏ်သိက္ခာကိုယ် အဖတ်ဆယ်တဲ့ အနေနဲ့ပါ စုမင်ကို သတ်ပစ်ဖို့ လိုတယ်။
သူ့ဘေးနားက လူနှစ်ယောက်လည်း သူနဲ့ တူညီတဲ့ တုံ့ပြန်မှုတွေနဲ့ စုမင်ဆီ ပြေးသွားကြတယ်။
စုမင်က ပြုံးနေဆဲ။ သူ့အနား ချဉ်းကပ်လာတဲ့ လူသုံးယောက်ကို မြင်တာနဲ့ သူ့ရည်မှန်းချက် အောင်မြင်သွားပြီ ဆိုတာကို စုမင် သိလိုက်တယ်။ အခု ..... နန့်စုန့် အချိန်နည်းနည်း ပိုရအောင် သူ့ရဲ့ သွေးကြောတွေကို ဖောက်ခွဲ ပစ်လိုက်ဖို့ပဲ ကျန်တော့တယ်။
အဲဒီ အခိုက်အတန့်မှာပဲ နန့်စုန့် မျက်လုံးတွေ ပွင့်လာခဲ့တယ်။ သူ့ရဲ့ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ယင်နေပြီး သူ့ရဲ့ မျက်ခုံးတွေကြားမှာ အက်ကွဲကြောင်း ဖြစ်ပေါ်လာတယ်။ လူပုံသဏ္ဌာန် အစိမ်းရောင် အလင်းတစ်စက အဲဒီ နေရာကနေ ထွက်ပေါ် လာခဲ့ပြီးတာနဲ့ နန့်စုန့်ရဲ့ မျက်နှာဟာ အသက်မဲ့ သွားသလို ဖြူဖျော့ သွားတော့တယ်။
အလင်းရောင်က ဝိုးတဝါး။ အလင်းရောင် ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် မျက်စိတစ်မှိတ် အတွင်းမှာ စုမင်ရှေ့ကို ရောက်ရှိသွားပြီး မဟူရာ တောင်မျိုးနွယ်ဝင် သုံးယောက်ကို သူ့ရဲ့လက်တွေနဲ့ ဝှေ့ယမ်းလိုက်တယ်။
ကျယ်လောင် မြည်ဟိန်းနေတဲ့ ကြုံးဝါးသံကြီး ပဲ့တင် ထပ်ပျံ့နှံ့ သွားပြီး မျိုးနွယ်စု ခေါင်းဆောင် သွေးတစ်ပွက် အန်ထုတ် လိုက်ရတယ်။ အခြားသူတွေကတော့ ခန္ဓာကိုယ်တွေ ကြေမွ သွားပြီး ပွဲချင်းပြီး သေဆုံးသွားကြတယ်။
မျိုးနွယ်စု ခေါင်းဆောင်က ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းချုပ်နိုင်ပြီးချိန်မှာ ဒါဇင်ချီတဲ့ မဟူရာတောင် မျိုးနွယ်စုက မာန်စွမ်းအားရှင်တွေ ရောက်ရှိလာ ကြပါပြီ။ သူတို့ကို အသက်မဲ့ မှုန်ရီဝေနေတဲ့ မျက်လုံးပိုင်ရှင် ဝတ်ရုံနက် နှစ်ယောက်က ဦးဆောင်လာတယ်။
"နောက်ဆုံးတော့ ရောက်လာကြပြီပေါ့...'' နန့်စုန့်ရဲ့အသံက လူပုံစံ အစိမ်းရောင် အလင်းထု ထဲကနေ ထွက်ပေါ် လာတယ်။ ၎င်းအလင်းတန်းဟာ စုမင်ရှေ့မှာ လွင့်မျော နေပြီး စကားပြောရင်း လက်နှစ်ဖက်နဲ့ မြေပြင်ပေါ် ရိုက်ချလိုက်တယ်။
အဲဒီလို ရိုက်ချလိုက်တာနဲ့ မြေပြင်ဟာ ပင်လယ်က လှိုင်းတွေလို တလိမ့်လိမ့် လှုပ်ခါသွားတယ်။ လေထုထဲကို ပေါက်ကွဲ သံတွေ ညံထွက်လာပြီး မြေမှုန်ဖုန်မှုန့်တွေနဲ့ ဖွဲ့စည်းထားတဲ့ လက်ကြီးနှစ်ဖက်က မြေကြီးထဲကနေ ထွက်ပေါ်လာပြီး မျိုးနွယ်စု ခေါင်းဆောင် အပါအဝင် ရန်သူတွေ အားလုံးကို လက်ဝါးထဲထည့်လို့ ဖျစ်ညှစ် လိုက်တယ်။ နာကျင်နေတဲ့ ဗလုံးဗထွေး အသံတွေဟာ လက်ထဲကနေ ထွက်ပေါ်လာတယ်။
အလင်းရောင် လူသားက လှည့်လာပြီး ညာလက်ကို မြှောက်လို့ စုမင်ကို ကြည့်တယ်၊ အဲဒီနောက်တော့ စုမင်ရဲ့ ကိုယ်ခန္ဓာထဲကို ဝင်ရောက်သွားပြီး စုမင်ကို သေလုမျောပါး ဖြစ်နေတဲ့ အခြေအနေကနေ ရုတ်တရက် ကြည်လင် ပြတ်သားတဲ့ အသိ ရရှိအောင် လုပ်ပေးလိုက်တယ်။ နာကျင်မှုတွေ ကြားမှာ နွေးထွေးတဲ့ ခံစားချက်လေး ကိန်းအောင်း လာခြင်းက ဒဏ်ရာတွေ မြန်မြန် သက်သာလာနေတယ် ဆိုတာကို ဖော်ပြနေတယ်။
အလင်းရောင်ဟာ ခပ်မြန်မြန် မှိန်ဖျော့ သွားပြီးနောက်မှာ နန့်စုန့်ထံ ပြန်လည် လွင့်မျောသွားပြီး မျက်ခုံး နှစ်ဖက်ကြားက အက်ကွဲရာထဲကို ဝင်ရောက်သွားတယ်။ အက်ကွဲကြောင်းကို စေ့ပိတ် သွားတာနဲ့ နန့်စုန့် မျက်လုံးတွေ ပွင့်လာတယ်။ သူ့အကြည့်တွေထဲမှာ ပင်ပန်း နွမ်းနယ်မှုတွေ ရှိနေပြီး သူ့မျက်နှာဟာ လူသေကောင် နီးပါး ဖျော့တော့နေတယ်။
"ဒီလူတွေက အရေးမကြီးဘူး။ အကြီးအကဲတွေ ကြားက တိုက်ပွဲကသာ မျိုးနွယ်စု ရှင်သန်ရေး အတွက် အဓိက သော့ချက်ပဲ။ ပိထူက အခုထိ သူ့ရဲ့ ရှေးဟောင်း မာန်ပညာရပ်ကို ထုတ်မသုံး ရသေးဘူး။ အဲ့ဒါက အရမ်းအားပြင်းတယ်။ ငါတို့ မြန်မြန်လုပ်မှ ဖြစ်မယ်။ သူ ထုတ်သုံး တော့မယ် ... "
နန့်စုန့်က မတ်တတ်ရပ်လို့ ခပ်တိုးတိုး အေယ်ဟစ် လိုက်ပြီး လေ့ချန်ကို ခေါ်ဆောင်လို့ အခြားသူတွေနဲ့ အတူ အလျင်အမြန် နောက်ဆုတ် ပြေးကြတယ်။ အဲဒီအချိန်မှာ စုမင်က အတော်လေး ပြန်သက်သာ နေပြီ။ သူ့ကို နန့်စုန့် ကယ်လိုက်တာကို သိပေမဲ့ ကျေးဇူးတင်စကား မပြောရသေးခင် ကောင်းကင်ထက်ကနေ သေခြင်းတရားရဲ့ အငွေ့အသက်တွေကို ခံစားလိုက်ရတယ်။ မြေပြင်ပေါ်က နှင်းစက်တွေ အားလုံး အနက်ရောင် ပြောင်းပြီး တောထဲက သစ်ပင်တွေ မှန်သမျှလည်း နွမ်းလျ ခြောက်သွေ့ သွားကြလေတယ်။ စုမင်ဟာ သူ့ရဲ့ အရှိန်နှုန်းကို စဉ်ဆက်မပြတ် တိုးပွားရင်း နန့်စုန့်နဲ့ တကွ အခြားသူတွေ နောက်က ထက်ကြပ် မကွာလိုက်ရင်း လေ့ချန်၊ ပေလင်းတို့ကို ဖေးမကူညီလို့ သူတို့ရဲ့ မျိုးနွယ်စု လူအုပ်ကြီး ရှိရာကို အတူ ပြေးလွှား သွားကြတယ်။
သူတို့နောက်ဘက် သစ်တောစပ်က အပင်လည်း ချက်ချင်း ခြောက်သွေ့ သေဆုံး ကုန်ကြပြီ။ အဲဒီသစ်ပင်တွေက အနက်ရောင် မီးခိုးမှုတ်တွေ ထွက်လာပြီး ကောင်းကင် တစ်ခွင်ကို ပျံ့နှံ့သွားတယ်။ မြေပြင်ပေါ်က နှင်းနက်တွေလည်း မျိုးနွယ်စု နောက်ကို လျင်လျင်မြန်မြန် လိုက်နေခဲ့တယ်။
အချိန်တွေက မြန်ဆန်စွာ ကုန်လွန်ခဲ့ပါတယ်။ မကြာခင်မှာ နှင်းနက်တွေရဲ့ လှုပ်ရှားမှု ရပ်တန့်သွားပြီးတဲ့နောက် ကောင်းကင်ယံမှ အင်အား ပြင်းထန်တဲ့ ထစ်ချုန်းသံ ကျယ်ကြီး ထွက်ပေါ် လာတယ်။ ကောင်းကင်ဘုံနဲ့ မြေပြင်တစ်ခွင်ကို ပျံ့နှံ့သွားတဲ့ သေခြင်းတရား ရှိန်ဝါတွေကြောင့် ရုတ်တရက် တုန်လှုပ် သွားသလိုပင်။
အကြီးအကဲအတွက် စုမင် စိတ်ပူနေပေမဲ့ နောက်ပြန် လှည့်လို့လည်း မရဘူး။ လေ့ချန်နဲ့ အခြားသူများကို ဖေးမရင်းနဲ့ နန့်စုန့်နဲ့အတူ မြန်ဆန်စွာ ပြေးလွှားနေခဲ့တယ်။ နောက်ဆုံး မျိုးနွယ်စု လူအုပ်ကြီးကို မှီသွားပြီး သူတို့ ထွက်လာခဲ့တုန်းက အတိုင်း ဘယ်သူမှ ဒဏ်ရာမရတာကို မြင်မှပဲ သက်ပြင်းကြီးတွေ ချရတော့တယ်။
စုမင်နဲ့ အခြားမာန်စွမ်းအား ရှင်တွေကို မျိုးနွယ်စုက မြင်သွားတော့လည်း စိုးရိမ် ကြောင့်ကြမှုတွေနဲ့ အတူ မျက်နှာပေါ်မှာ ဝမ်းနည်းမှုတွေ ထင်ဟပ်လာတယ်။ သူတို့ ကြေကွဲကြတယ်၊ ထွက်သွားတုန်းက ၉ယောက်၊ အခု ၅ယောက်ပဲ ပြန်လာတယ်။
အစောင့်အရှောက် ခေါင်းဆောင်က ခြေထောက် နှစ်ဖက်လုံး ဆုံးရှုံးထားရပြီး သတိ မေ့နေတယ်။ ပေလင်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရထားပြီး သူ့နှုတ်ခမ်းထောင့်က သွေးတွေ စီးကျနေတယ်။ လေ့ချန်က ညာဘက်မျက်လုံး အမြင်အာရုံ ပျက်စီးသွားပြီး လုံးဝ ခြေကုန်လက်ပမ်း ကျနေတယ်။ နန့်စုန့်က ခါတိုင်းလို ပုံမှန်ပဲလို့ ထင်မြင်ရပေမဲ့ သေလုမျောပါး ဖြူဖွေးဖျော့တော့နေတဲ့ မျက်နှာဟာ သူလည်း သေမင်းတံခါးဝ ရောက်နေတဲ့ အကြောင်းကို ဖော်ပြနေတယ်။
စုမင်လည်း တစ်ကိုယ်လုံး သွေးအလူးလူး။ သူ့ရင်အုံက စုတ်ပြတ်နေပြီး သွေးတွေ ရွှဲနစ်နေတယ်။ နန့်စုန့်သာ သူ့ကို မကုပေးခဲ့လျှင် သူသေတာ ကြာပြီ။
သူတို့ ပြန်ရောက်တာနဲ့ မျိုးနွယ်စု သမားတော်တွေက မေ့မျောနေတဲ့ အစောင့်အရှောက် ခေါင်းဆောင်ကို ချက်ချင်း ခေါ်ဆောင်သွားပြီး ကုသပေးတယ်။ မျိုးနွယ်စုလက်ထဲ အဖေလုပ်သူကို ထည့်ပြီးတာနဲ့ သူလည်း မေ့မျောသွားပြီး ချန်းရှင်းရဲ့ ရင်ခွင်ထဲ လဲကျသွားပါတော့တယ်။
"တစ်ယောက်ယောက်က မဟူရာတောင် မျိုးနွယ်စုကို ကူညီနေတယ်။ ငါတို့နောက်ကို လိုက်နေတဲ့ သူတွေရှိသေးတယ်။ ငါ ဘဝ အချိန်တချို့ကို စတေးခဲ့ပေမဲ့ သူတို့အားလုံးကို မသတ်နိုင်ခဲ့ဘူး။ သူတို့ကို ထောင်ချောက် ဆင်ပြီး အချိန်ဆွဲနိုင်ခဲ့ပေမဲ့ ငါတို့ အမြန်သွားရမယ် ... ... ..."
နန့်စုန့်က မောပန်းတကြီး အသက်ရှူနေပြီး မျိုးနွယ်စုရှေ့မှာ မတ်တတ် ရပ်နေတဲ့ မျိုးနွယ်စု ခေါင်းဆောင်ကို ကြည့်လိုက်တယ်။
မျိုးနွယ်စု ခေါင်းဆောင်က ဘာမှမမေးဘူး။ မျိုးနွယ်စုကို ဦးဆောင်လို့ တတ်နိုင်သလောက် အမြန်ဆုံး ဒီကနေ ခရီးဆက်ရမယ်ဆိုတဲ့ ခိုင်မာတဲ့ စိတ်ပိုင်းဖြတ်မှုတွေပဲ သူ့မျက်နှာမှာ ပေါ်လွင်နေတယ်။
သို့ပေမဲ့ သူတို့ ဝေးဝေး မရောက်သေးခင် ကောင်းကင်တုန်စေတဲ့ ကြုံးဝါးသံကြီးက တစ်ဖန် ပြန်လည် ပဲ့တင်ထပ်လာတယ်။ ကောင်းကင်ယံမှာ လှိုင်းကြပ်ခွပ်တွေ ဖြစ်ပေါ်လာပြီး ဧရာမ စပါးအုံးနက်ကြီး ပြုတ်ကျလာတယ်။ သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက် ပေါင်းများစွာနဲ့ မျိုးနွယ်စုနဲ့ မနီးမဝေးတစ်နေရာကို ကျသွားတယ်။ အားမလျှော့ဘဲ ပြန်လည် ဦးမော့လိုဟန်နဲ့ ရုန်းကန်နေတာက မြေပြင်ပေါ်က နှင်းတွေကို အဝေးထိ လွင့်သွားစေတယ်။
အားအင်ခမ်း အိုမင်းနေတဲ့ လူတစ်ယောက် ကောင်းကင်ထက်က လွင့်ကျလာတယ်။
စုမင်က အဲဒီလူရဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။
အဲဒါက မော့စန်း အကြီးအကဲပါ ...
မြေပြင်ပေါ်ကို ခန္ဓာကိုယ်ကြီး ထိုးစိုက်ကျလာရင်း အကြီးအကဲ ပါးစပ်ကနေ သွေးတွေ အန်ထွက်လာတယ်။ သူ့နောက်မှာတော့ ဒေါသတကြီး လိုက်လာနေတဲ့ ကြီးမားတဲ့ လရဲ့အတောင်ပံ အနီရောင် တစ်ကောင်ကို တွေ့ရပြီး အဲဒီလရဲ့ အတောင်ပံနောက်မှာကတော့ ပိထူပါ။ သူ့မျက်နှာလည်း ဖြူဆုတ်နေပြီး နှုတ်ခမ်းထောင့်မှာ သွေးစတွေ ရှိနေတယ်။ အကြီးအကဲ အနားရောက်အောင် ချဉ်းကပ်နေရင်း ဒေါသူပုန်ထမှုနဲ့ သတ်ဖြတ်လိုစိတ် ခပ်ပြင်းပြင်း တို့ကြောင့် သူ့ရဲ့မျက်နှာဟာ ရှုံ့မဲ့နေတယ်။
အခုတော့ဖြင့် အကြီးအကဲကို ဘယ်သူမှ မကယ်နိုင်တော့ပြီ။ သူသေရတော့မယ် ... ... ...
***