← Chapters

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း ၅၁ - မမျှော်လင့်ထားသော အပြောင်းအလဲနှင့် တားမြစ်နယ်မြေမှ အထွဋ်အထိပ် ပုဂ္ဂိုလ်များ နိုးထလာခြင်း

ဟင်းလင်းပြင် တစ်ခုလုံးတွင် အရာအားလုံးသည် ပြိုလဲပျက်စီးသွားခဲ့ပြီ ဖြစ်သော်လည်း အောက်ဘက်ရှိ ကြာဖြူများ ဖူးပွင့်နေသည့် ပန်းပင်လယ်ကြီး တစ်ခုတည်းသာ မပျက်မစီးဘဲ ကျန်ရစ်ခဲ့သည်။

ကောင်းကင်ယံမှ ဟင်းလင်းပြင်မှာမူ အဆက်မပြတ်ပင် “အက်ကွဲပျက်စီးခြင်း... ပြန်လည်ဖြစ်တည်ခြင်း... အက်ကွဲပျက်စီးခြင်း... ပြန်လည်ဖြစ်တည်ခြင်း...” ဟူသော သံသရာထဲတွင်သာ လည်ပတ်နေခဲ့၏။ မဟာတာအို နိယာမများအောက်တွင် ဟင်းလင်းပြင်သည် ပြန်လည်ကောင်းမွန်လာသည့် ခဏ၌ပင် လင်းချန်နှင့် လီအာ တို့၏ တိုက်ပွဲမှ ထွက်ပေါ်လာသော နောက်ဆက်တွဲ ရိုက်ခတ်မှုများကြောင့် ပြန်လည် စုတ်ပြဲသွားရပြန်သည်။

အဆုံးမဲ့သော ဟင်းလင်းပြင် အမှောင်ထုကြီးသည် ကမ္ဘာပျက်တော့မည့် အလား လောကကြီးတစ်ခုလုံးကို အမြဲတစေ ဝါးမြိုထားခဲ့သည်။

ဟင်းလင်းပြင်ထဲတွင် လင်းချန်မှ အသွင်ပြောင်းထားသော ငွေဖြူရောင် အလင်းတန်းနှင့် လီအာမှ အသွင်ပြောင်းထားသော အသွင်မဲ့ နိယာမအလင်းတန်းတို့သည် တစ်ဦးကိုတစ်ဦး အလျှော့မပေးဘဲ အကြိမ်ကြိမ် အထပ်ထပ် တိုက်ခိုက်နေကြ၏။

သူတို့သည် အင်အားချင်း တူညီနေကြလေသည်။ အမှန်တကယ်ပင် အစွမ်းချင်း ထပ်တူကျနေခြင်း ဖြစ်သည်။

သူတို့နှစ်ဦးစလုံးသည် မိမိတို့၏ အစွမ်းကုန် အခြေအနေကို ထုတ်ဖော်ပြီးနောက်တွင် ဤတိုက်ခိုက်ရေး ပုံစံအတိုင်းပင် အပြောင်းအလဲမရှိ ဆက်လက် တည်ရှိနေခဲ့ကြလေသည်။

သူတို့နှစ်ဦးသည် ဤအတိုင်းပင် ကမ္ဘာကြီး ပြီးဆုံးသည်အထိ ဆက်လက် တိုက်ခိုက်နေကြတော့မည့် အလား ထင်မှတ်ရသည်။

ပြင်ပရှိ တုအိုပြည်နယ်သုံးထောင်တွင်မူ...

ရှေးဟောင်း ဂိုဏ်းကြီးများနှင့် အင်အားကြီး မိသားစုများအတွင်းမှ ကျန်ရှိနေသော ကျွမ်းကျင်သူ ပေါင်းများစွာတို့သည် ကောင်းကင်ယံရှိ ကြီးမားလှသော အလင်းမျက်နှာပြင်ကို ကြည့်ရင်း အချိန်အတော်ကြာ တိတ်ဆိတ်နေကြ၏။

အတွင်းထဲတွင် ဖြစ်ပွားနေသော တိုက်ပွဲသည် အမှန်တကယ်ပင် ကပ်ဘေးကိုးခုနယ်ပယ် ကျင့်ကြံသူ နှစ်ဦး၏ တိုက်ပွဲ ဖြစ်ပါ၏လော။

အဘယ်ကြောင့် ထိုတိုက်ပွဲ၏ အင်အားမှာ သာမန် သူတော်စင်နယ်ပယ်ကျွမ်းကျင်သူများထက်ပင် ပိုမို ကြောက်မက်ဖွယ်ကောင်းနေရသနည်း။

အလင်းမျက်နှာပြင်ပေါ်ရှိ ပုံရိပ်များသည် ကောင်းကင်ဘုံတာအိုမှ ထုတ်လွှင့်ပြသနေခြင်း ဖြစ်ပြီး အလွန်ပင် နက်ရှိုင်းလှပေသည်။ ကျင့်ကြံသူတစ်ဦးအနေဖြင့် မိမိ၏ စိတ်နှလုံးကို နှစ်မြှုပ်လိုက်သည်နှင့် တိုက်ပွဲအတွင်းသို့ ကိုယ်တိုင် ရောက်ရှိနေသကဲ့သို့ ခံစားရစေမည်ဖြစ်သည်။

ဤကဲ့သို့ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့နေရသည့် ခံစားချက်ကြောင့်ပင် သူတို့သည် စကားလုံးများဖြင့် ဖော်ပြ၍မရအောင် တုန်လှုပ်နေကြခြင်း ဖြစ်သည်။

လောကကြီးကို ဖျက်ဆီးနိုင်လောက်သည့် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အင်အားနှင့် တိုက်ခိုက်မှုမျိုးကို ကောင်းကင်လှမ်းတက်ခြင်းနယ်ပယ် ကျွမ်းကျင်သူများပင် မလုပ်ဆောင်နိုင်ချေ။ ကပ်ဘေးကိုးခုနယ်ပယ်များအတွက်မူ ဆိုဖွယ်ရာ မရှိပေ။

လူသားလောကမှ လုံးဝ လွတ်မြောက်ကာ သူတော်စင်တာအိုကို ရရှိထားသော သူတော်စင်နယ်ပယ် ကျွမ်းကျင်သူများသာလျှင် ဤအဆင့်သို့ ရောက်ရှိနိုင်ခြင်း ဖြစ်သည်။

တစ်နည်းအားဖြင့် ဆိုရသော် လင်းချန်နှင့် တာအိုဘိုးဘေးတို့၏ တိုက်ပွဲ အင်အားမှာ သူတော်စင်နယ်ပယ် ကျွမ်းကျင်သူ နှစ်ဦး တိုက်ခိုက်နေခြင်းနှင့် အဆင့်ချင်း တူညီနေပြီ ဖြစ်သည်။

၎င်းသည် ကြောက်မက်ဖွယ်ကောင်းလှသလို အံ့သြစရာလည်း ကောင်းပြီး ယုံကြည်နိုင်စရာပင် မရှိပေ။

တာအိုဘိုးဘေးအတွက်မူ တစ်မျိုးဖြစ်သည်။ သူသည် လူသားမျိုးနွယ်အတွက် ကျင့်ကြံခြင်း နည်းလမ်းများကို ဖန်တီးပေးခဲ့ပြီး လူသားမျိုးနွယ်ကို အမှန်တကယ် မတ်တပ်ရပ်နိုင်စေခဲ့သည့် မဟာပုဂ္ဂိုလ်ကြီး ဖြစ်သည်။

သူသည် ကပ်ဘေးကိုးခုနယ်ပယ်၏ တတိယအဆင့် ကျင့်ကြံမှုဖြင့် သူတော်စင်အဆင့် တိုက်ခိုက်ရေးစွမ်းရည် ရှိနေခြင်းမှာ အလွန်အမင်း ထူးခြားနေသော်လည်း တာအိုဘိုးဘေးဟူသော စကားလုံး နှစ်လုံးနှင့်တင် လက်ခံနိုင်စရာ ရှိနေသေးသည်။

သို့သော် လင်းချန်ကရော...။

လင်းချန်သည် တာအိုဘိုးဘေး မဟုတ်ချေ။ သူသည် ပါရမီထူးချွန်လှသော နောက်မျိုးဆက် ကျင့်ကြံသူ တစ်ဦးသာ ဖြစ်သည်။

တာအိုပြည်နယ်သုံးထောင်မှ ကျွမ်းကျင်သူများသည် လင်းချန်၏ ကြောက်မက်ဖွယ်ကောင်းမှုကို အသိအမှတ်ပြုထားပြီး ဖြစ်သော်လည်း ယခုကဲ့သို့ အဆင့်အထိ ရောက်ရှိနေခြင်းမှာမူ စိတ်ကူးကြည့်ရန် ခက်ခဲနေဆဲပင်။

နတ်ဘုရားမျှော်စင် ပြင်ပတွင်မူ..

ယခုအကြိမ်တွင် ပါရမီအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးမှ လူများပင်လျှင် လင်းချန်ကို လေးစားမှု၊ ရူးသွပ်မှုတို့ဖြင့် ကြည့်နေခဲ့ကြသည်။

မှန်ပါသည်။ ၎င်းမှာ ရူးသွပ်မှုပင် ဖြစ်သည်။

သူတို့ကိုယ်သူတို့ ထိပ်တန်း ပါရမီရှင်များဟု သတ်မှတ်ထားကြသော်လည်း လင်းချန်နှင့် ရင်ဆိုင်ရချိန်တွင်မူ စိန်ခေါ်လိုစိတ်ထက် ရိုသေကိုးကွယ်လိုသည့် စိတ်က ပိုမိုပြင်းထန်လာခဲ့သည်။

ကျင့်ကြံမှုအဆင့် တူညီနေသည့် အခြေအနေတွင် တာအိုဘိုးဘေးကို ရင်ဆိုင်တိုက်ခိုက်နိုင်ခြင်း...။

၎င်းမှာ သူတို့အနေဖြင့် မလုပ်ဆောင်နိုင်ရုံသာမက စိတ်ပင် မကူးရဲခဲ့သည့် အရာဖြစ်လေသည်။

အမှန်တကယ်ဆိုရလျှင် သူတို့သည် ထိုကဲ့သို့သောအရာမျိုးကို စိတ်ကူးထဲတွင်ပင် မမှန်းဆရဲခဲ့ကြခြင်း ဖြစ်သည်။

တာအိုဘိုးဘေး...။

ထိုသူမှာ တာအိုဘိုးဘေးဖြစ်၏။ လူသားမျိုးနွယ်ကို ကျင့်ကြံခြင်းတာအိုများ ရရှိစေရန် လမ်းဖွင့်ပေးခဲ့သည့် တာအိုဘိုးဘေး ဖြစ်သည်။

သူ၏ မွန်မြတ်လှသော ပုဂ္ဂိုလ်ထံတွင် သွားရောက်တိုက်ခိုက်ခြင်းမှာ ဆရာ့ရှေ့ ဆရာလုပ်သကဲ့သို့ မဖြစ်ပေဘူးလား။ သူသည် တစ်လောကလုံးရှိ ကျင့်ကြံခြင်းစနစ် တစ်ခုလုံးကိုပင် သူကိုယ်တိုင် ဖန်တီးခဲ့သည် မဟုတ်ပါလော။

သို့သော် ယခုအခါ လင်းချန်သည် သူတို့ အိပ်မက်ပင် မမက်ရဲသည့် အရာကို ပြီးမြောက်အောင် လုပ်ဆောင်နေပြီ ဖြစ်သည်။

ထိုမျှသာမက အရေးကြီးဆုံးအချက်မှာ လင်းချန်သည် ဤအရာကို လုပ်ဆောင်နိုင်ရုံသာမက ကျင့်ကြံမှုအဆင့် တူညီနေသည့် တိုက်ပွဲတွင် တာအိုဘိုးဘေးနှင့် အင်အားချင်း မပြတ်ဘဲ ယှဉ်ပြိုင်နေနိုင်ခြင်းပင် ဖြစ်သည်။

ဤအကြောင်းပြချက်ကြောင့်ပင် လင်းချန်အပေါ် အလွန်အမင်း ရူးသွပ်ကိုးကွယ်လိုသည့် စိတ်ဆန္ဒများ သူတို့၏ နှလုံးသားထဲတွင် ပြင်းထန်စွာ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။

ထို့အပြင် သူတို့၏ စိတ်ထဲတွင် အလွန်ရဲတင်းလှသော အတွေးတစ်ခုလည်း ပေါ်ပေါက်လာခဲ့သည်။

လင်းချန်သည် အဆင့်တူ တိုက်ပွဲတွင် တာအိုဘိုးဘေးကို အနိုင်ယူပြီး နတ်ဘုရားစာရင်း၌ နံပါတ်တစ် ဖြစ်လာနိုင်ကောင်း ဖြစ်လာလိမ့်မည်။

ဤအတွေးမှာ အလွန်ပင် ရဲတင်းလွန်းလှပြီး မလေးမစား လုပ်ရာပင် ကျသည်ဟု ဆိုနိုင်သည်။

သို့သော် ဤအတွေးမှာ သူတို့၏ နှလုံးသားထဲတွင် အမြစ်တွယ်နေပြီ ဖြစ်သည်။

တစ်ကြိမ်တစ်ခါ ပေါ်လာပြီးသည်နှင့် ထိုအတွေးကို ဖျောက်ဖျက်ပစ်ရန် မဖြစ်နိုင်တော့ဘဲ ပို၍ပင် ပြင်းထန်လာခဲ့သည်။

ယခင်က လင်းချန်သည် ဘိုးဘေးနဂါးနှင့် တိုက်ခိုက်စဉ်ကလည်း လင်းချန် နိုင်လိမ့်မည်ဟု သူတို့ မထင်ခဲ့ကြပေ။

သို့သော်...ရလဒ်က ဘာဖြစ်သွားသနည်း။

လင်းချန် အနိုင်ရရှိခဲ့ပြီး ဘိုးဘေးနဂါးကို ကျော်ဖြတ်ကာ နတ်ဘုရားစာရင်း၏ အဆင့် (၂) နေရာသစ်ကို ရယူနိုင်ခဲ့သည်။

ယခု လင်းချန်သည် တာအိုဘိုးဘေးနှင့် တိုက်ခိုက်နေချိန်တွင်လည်း လင်းချန်ဘက်မှ သာလွန်နေသည့် အချက်ကို မမြင်ရသေးသလို အဆုံးသတ်တွင် သူ နိုင်လိမ့်မည်ဟုလည်း မပြောနိုင်သေးပေ။

သို့သော် ဤကဲ့သို့သော အခြေအနေမျိုးကပင် လင်းချန်အား တာအိုဘိုးဘေးကို အနိုင်ယူစေလိုသည့် သူတို့၏ ဆန္ဒကို ပို၍ ပြင်းပြလာစေခဲ့သည်။

ဘိုးဘေးနဂါးနှင့် တိုက်ခိုက်စဉ်ကကဲ့သို့ပင် လင်းချန်သည် ယခုတစ်ကြိမ်တွင်လည်း နောက်ထပ် အံ့ဖွယ်တစ်ခုကို ဖန်တီးနိုင်ဖွယ် ရှိသည်။

ဒဏ္ဍာရီအသစ် တစ်ခုကို ရေးထိုးရန်အတွက်ပင်...။

တစ်ချိန်တည်းမှာပင်...အမျိုးမျိုးသော တားမြစ်နယ်မြေများအတွင်း၌...။

စိတ်ရှုပ်ထွေးမှုများကြောင့် ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသော ဧကရာဇ်တစ်ပိုင်း အဆင့်ကျွမ်းကျင်သူများသည် ပို၍ပင် ဗာဟီရဖြစ်လာကြ၏။

၎င်းက သူတို့အတွက် ရွေးချယ်မှုတစ်ခု ပြုလုပ်ရန် အလွန်ခက်ခဲစေခဲ့သည်။

ဘယ်ဘက်ကပဲ ရွေးရွေး၊ ကျန်တစ်ဖက်အတွက် အလွန်မတရားသကဲ့သို့ သူတို့ ခံစားနေရသည်။

ထို့ကြောင့် အချို့သော ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများ၏ စိတ်ထဲတွင် အကြံတစ်ခု ရလာခဲ့လေသည်။

သူတို့ကိုယ်တိုင် ရွေးချယ်ရသည်မှာ ခက်ခဲနေပြီး ဘယ်လိုရွေးရွေး မှားနေမည်ဟု ခံစားနေရလျှင် လင်းချန်ကိုသာ ကိုယ်တိုင် ရွေးချယ်ခိုင်းလျှင် မကောင်းပေဘူးလော။

ဤသို့ဆိုလျှင် လင်းချန်အတွက်လည်း သူ၏ သဘောထားကို ဖော်ပြခွင့်ရသလို သူတို့၏ စိတ်ထဲမှ ဝေခွဲမရဖြစ်မှုများကိုလည်း ရှင်းလင်းသွားစေနိုင်ပေသည်။

သို့သော် သူတို့ ထိုအကြံကို အကောင်အထည် မဖော်နိုင်သေးမီမှာပင် တားမြစ်နယ်မြေ အသီးသီးမှ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများသည် တစ်ပြိုင်နက်တည်း ဆိုသလို အချက်တစ်ခုကို သတိပြုမိသွားကြ၏။

သူတို့ စောင့်ကြပ်နေသော တားမြစ်နယ်မြေများအတွင်း တားမြစ်နယ်မြေ သတ္တဝါများ ပေါ်ထွက်လာသည့် အကြိမ်အရေအတွက်မှာ ရုတ်တရက် မြန်ဆန်လာခြင်း ဖြစ်သည်။

တားမြစ်နယ်မြေ တစ်ခုတည်းသာ မဟုတ်ဘဲ တာအိုပြည်နယ်သုံးထောင်ရှိ တားမြစ်နယ်မြေ အားလုံးတွင် ကြိုတင်ချိန်းဆိုထားသကဲ့သို့ ထိုသို့ ဖြစ်ပျက်နေခြင်း ဖြစ်သည်။

ထိုမျှသာမက ထွက်ပေါ်လာသော သတ္တဝါများ၏ အစွမ်းမှာလည်း ပို၍ ပို၍ ကြီးမားလာခဲ့သည်။

ဧကရာဇ်တစ်ပိုင်း အထွဋ်အထိပ်အဆင့်ရှိသော အချို့သော ပုဂ္ဂိုလ်များမှာ တားမြစ်နယ်မြေများ၏ အနက်ရှိုင်းဆုံး နေရာများတွင် အလွန်တရာ အစွမ်းထက်လှသော အော်ရာများ အမှန်တကယ် နိုးထလာနေသည်ကိုပင် ဝေဝေဝါးဝါး ခံစားမိလာခဲ့ကြသည်။

ထိုသူများမှာ...တားမြစ်နယ်မြေ၏ အထွဋ်အထိပ် ပုဂ္ဂိုလ်များပင် ဖြစ်လေသည်။

တားမြစ်နယ်မြေ အထွဋ်အထိပ် ပုဂ္ဂိုလ်များ တကယ်ပဲ နိုးထလာတော့မှာလား။

ဤတွေ့ရှိမှုကြောင့် ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများသည် အခြားသော အာရုံများအားလုံးကို ဘေးဖယ်ထားကာ စိတ်ကို အစွမ်းကုန် စုစည်းလိုက်ကြတော့လေသည်။

အကယ်၍ တားမြစ်နယ်မြေ အထွဋ်အထိပ် ပုဂ္ဂိုလ်တစ်ဦး အမှန်တကယ် နိုးထလာခဲ့ပါက သူတို့အတွက် လုပ်ဆောင်စရာ လုပ်ငန်းကြီးတစ်ခု ရှိလာပေတော့မည်။ ထိုအချိန် ရောက်ရှိလာပါက တားမြစ်နယ်မြေများကို စောင့်ကြပ်နေကြသည့် ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများဘက်မှ အသေအပျောက်များပင် ရှိလာနိုင်ခြေ ရှိပေသည်။

ရှေးဟောင်းကန္တာရ လင်းမိသားစု၊ သူတော်စင်အပေါင်းတို့၏ ရင်ပြင်ထက်တွင်...။

လင်းဟောက်ရန်နှင့် ယွမ်ချင်းရိုတို့သည် တစ်ဦးကိုတစ်ဦး မှီတွယ်ရင်း အလင်းမျက်နှာပြင်ရှိ တိုက်ပွဲကို ဂုဏ်ယူဝင့်ကြွားသော အမူအရာများဖြင့် ကြည့်ရှုနေကြဆဲ ဖြစ်သည်။

သူတို့၏ ချန်အာသည် တာအိုဘိုးဘေးနှင့် အဆင့်တူ နယ်ပယ်တွင် ရင်ဆိုင်တိုက်ခိုက်နေသည် မဟုတ်ပါလော။

ထိုစဉ် လင်းမေရှန်း၏ မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး ထိတ်လန့်တကြား အာမေဍိတ်သံ ထွက်ပေါ်လာခဲ့သည်။

“မကောင်းတော့ဘူး။ တားမြစ်နယ်မြေ အသီးသီးက အထွဋ်အထိပ် ပုဂ္ဂိုလ်တွေ နိုးထလာတော့မယ်။”

သူ၏ အသံ မဆုံးသေးမီမှာပင် ဘာကိုမျှ ရှင်းမပြနိုင်တော့ဘဲ လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားတော့သည်။

ရင်ပြင်ထက်တွင်မူ လင်းဟောက်ရန်နှင့် ယွမ်ချင်းရိုတို့နှစ်ဦးသာ လေးနက်တည်ကြည်သော အမူအရာများဖြင့် အချင်းချင်း ကြည့်ရင်း ကျန်ရစ်ခဲ့ကြသည်။

တားမြစ်နယ်မြေ အထွဋ်အထိပ် ပုဂ္ဂိုလ်တွေ တကယ်ပဲ နိုးထလာကြပြီလော။

ဒါက ချန်အာနဲ့ တာအိုဘိုးဘေးတို့ရဲ့ ပြင်းထန်တဲ့ တိုက်ပွဲကြောင့် သူတို့အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခုလို့ ခံစားမိပြီး အချိန်မတိုင်ခင် နိုးထလာကြတာများလား။

ယခင်က တားမြစ်နယ်မြေ အထွဋ်အထိပ် ပုဂ္ဂိုလ်များသည် တဖြည်းဖြည်းချင်း နိုးထလာနေကြသော်လည်း အမှန်တကယ် နိုးထလာရန်အတွက် အနည်းဆုံး နှစ်အနည်းငယ်ခန့် ကျန်ရှိနေသေးသည်။

သူတို့၏ နိုးထမှု ရုတ်တရက် မြန်ဆန်လာခြင်း နောက်ကွယ်တွင် အကြောင်းရင်း တစ်ခုခု ရှိရပေလိမ့်မည်။

ဖြစ်နိုင်သည်မှာ သူတို့၏ ခန့်မှန်းချက်ကပင် အမှန်တရား ဖြစ်ပေလိမ့်မည်။

တားမြစ်နယ်မြေ အထွဋ်အထိပ် ပုဂ္ဂိုလ်များသည် သူတို့၏သား... လင်းချန်ကြောင့် အချိန်မတိုင်မီ နိုးထလာကြခြင်းပင် ဖြစ်သည်။

အခန်း ၅၂ - အသားတစ်ဖဲ့ ပြတ်ထွက်သွားစေရန် အသက်နှင့်ရင်း၍ တိုက်ခိုက်ခြင်း၊ အစွမ်းကုန် ထုတ်သုံးလိုက်သော တိုက်ကွက်

လင်းဟောက်ရန်သည် စိတ်ကို တင်းထားပြီး အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ကာ တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။

“ရွှေရောင်မဟာခေတ်ကြီး ရောက်လာတာနဲ့အမျှ အဲ့ဒီအဘိုးကြီးတွေ တကယ်ကို ဂဏာမငြိမ် ဖြစ်လာကြပြီနဲ့ တူတယ်။”

ထိုစကားကို ကြားသောအခါ ယွမ်ချင်းရိုကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြရင်း ဆက်ပြောလိုက်သည်။

“ဒါတောင်မှ... ယောက်ျား ရှင် သိပ်ပြီး စိတ်ပူမနေပါနဲ့။ ပြီးခဲ့တဲ့တစ်ခေါက်က ဖြစ်ရပ်ပြီးနောက်ပိုင်း အဓိက အင်အားကြီးအဖွဲ့အစည်းတွေက...”

“...ဒီလို တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်တွေ နိုးထလာမှုကို ရင်ဆိုင်ဖို့ ကိုယ်ပိုင်နည်းလမ်းတွေ အသီးသီး ပြင်ဆင်ထားကြပြီးသားပါ။ ကြီးကြီးမားမား ပရမ်းပတာတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။”

သို့သော် လက်ရှိအခြေအနေမှာ အမှန်တကယ်ပင် စတင်ရှုပ်ထွေးနေပြီ ဖြစ်ကြောင်း သူမလည်း ဝန်ခံရပေမည်။

အစပိုင်းတွင် ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်း ထွက်ပေါ်လာစဉ်က ကိစ္စမရှိခဲ့ပေ။ ၎င်းသည် ခေတ်ပြိုင် ပါရမီရှင်များကိုသာ စာရင်းပြုစုထားခြင်း ဖြစ်သဖြင့် တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်များ၏ အာရုံစိုက်မှုကို အထူးတလည် မရရှိခဲ့ပေ။

သို့သော် ယခုအခြေအနေသည် ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်း ပထမဆုံး ထွက်ပေါ်လာစဉ်ကနှင့် မတူတော့ပေ။

ဤသည်မှာ သမိုင်းတစ်လျှောက်လုံးတွင် အတောက်ပြောင်ဆုံးသော မိစ္ဆာအသွင် ပါရမီရှင်များ အချင်းချင်း ထိပ်တိုက်တွေ့ဆုံမှု ဖြစ်သည်။ သူတို့၏ ချန်အာသည် တာအိုဘိုးဘေးနှင့်ပင် တူညီသော ကျင့်ကြံဆင့်တွင် တန်းတူရည်တူ တိုက်ခိုက်နေခြင်း ဖြစ်သည်။

ခေတ်ပြိုင်ပါရမီရှင်များထဲတွင် တာအိုဘိုးဘေးနှင့် အဆင့်တူ တိုက်ခိုက်နိုင်သည့် ကြောက်မက်ဖွယ် တည်ရှိမှုတစ်ခု ပေါ်ထွက်လာခြင်းပင်။

ဤသို့သော အချိန်မျိုးတွင် မဟာဧကရာဇ်အဆင့်သို့ တက်လှမ်းရန် အသည်းအသန် ကြိုးစားနေပြီး မဟာဧကရာဇ် ရာထူးအဆင့်အတန်းကို မိမိတို့၏ ကိုယ်ပိုင်ပစ္စည်းအဖြစ် မှတ်ယူထားကြသော ထိုအဘိုးကြီးများမှာ ဂဏာမငြိမ် ဖြစ်လာကြတော့သည်။

ရွှေရောင်မဟာခေတ်ကြီး၏ အဆုံးသတ်တွင်မှ နိုးထလာပြီး မဟာဧကရာဇ် တာအိုသစ်သီးကို ယှဉ်ပြိုင်ရမည့် သူတို့သည် ယခုအချိန်တွင် စောစီးစွာ နိုးထလာရန် ဖိအားပေးခြင်း ခံလိုက်ရတော့သည်။

ယခင်က တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ် အနည်းငယ်သာ နိုးထလာခဲ့ပြီး အခြေအနေကို နှောင့်ယှက်ရန်အတွက် တားမြစ်နယ်မြေရှိ သတ္တဝါဆန်းများကိုသာ အပြင်သို့ စေလွှတ်ခဲ့ကြ၏။

ယခုမူ သူတို့သည် သတ္တဝါဆန်းများကို စေလွှတ်ရုံသာမက သူတို့ကိုယ်တိုင်ပင်လျှင် အမှန်တကယ် စတင်နိုးထလာကြပြီ ဖြစ်သည်။

အတိတ်ကို ပြန်ကြည့်လျှင် တာအိုပြည်နယ်သုံးထောင်၌ တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ဦး နောက်ဆုံးအကြိမ် နိုးထလာခဲ့သည်မှာ အလွန်ပင် ကြာမြင့်ခဲ့လေပြီ။

ထိုစဉ်က အပြင်ထွက်၍ အတွေ့အကြုံယူနေသော သူ၏မျိုးဆက်တစ်ခုကို ရှေးဟောင်းအယူဝါဒဂိုဏ်းတစ်ခုမှ ပါရမီရှင်တစ်ဦးက နှိမ်နင်းသတ်ဖြတ်လိုက်သောကြောင့် အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ဦးသာ နိုးထလာခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း အထွတ်အထိပ်ပုဂ္ဂိုလ် တစ်ဦးတည်း နိုးထလာခြင်းပင်လျှင် တာအိုပြည်နယ်လုံးနီးပါးကို တုန်လှုပ်ချောက်ချားစေခဲ့သည်။

မဟာစစ်ပွဲကြီး စတင်ချိန်တွင် ထိုအထွတ်အထိပ်ပုဂ္ဂိုလ်သည် သူ၏မျိုးဆက်ကို သတ်ပစ်ခဲ့သော ပါရမီရှင်၏ ရှေးဟောင်းအယူဝါဒဂိုဏ်းတစ်ခုလုံးကို သတ်ဖြတ်သုတ်သင်ပစ်လု နီးပါး ဖြစ်ခဲ့သည်။

နောက်ဆုံးတွင် အခြားသော အင်အားကြီးအဖွဲ့အစည်းများမှ ဧကရာဇ်တစ်ပိုင်း အဆင့်ရှိ ကျင့်ကြံသူများ လာရောက်ကူညီမှသာ ထိုအထွတ်အထိပ်ပုဂ္ဂိုလ်ကို တားမြစ်နယ်မြေထဲသို့ ပြန်လည်မောင်းထုတ်နိုင်ခဲ့ပြီး အခြေအနေများ ပြန်လည်ငြိမ်သက်သွားခဲ့ခြင်းဖြစ်သည်။

ယခုတစ်ကြိမ်တွင်မူ တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်အားလုံးနီးပါး နိုးထလာကြတော့ပေမည်။ သူတို့အနေဖြင့် သင်ခန်းစာယူကာ ကြိုတင်ပြင်ဆင်ထားကြသော်လည်း မည်သို့သော ပရမ်းပတာမှုများ ဖြစ်လာမည်ကို မည်သူမျှ မသိနိုင်ပေ။

လင်းဟောင်ရန်နှင့် ယွမ်ချင်းရိုတို့၏ ရင်ထဲမှ ပျော်ရွှင်မှုများသည် ယခုအခါ အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

ထိုတားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်များသည် သူတို့၏ချန်အာကို ဦးတည်လာနေခြင်း ဖြစ်ကြောင်း သူတို့ ကောင်းကောင်းသိထား၏။

အထွတ်အထိပ်ပုဂ္ဂိုလ်များသည် သူတို့၏ မဟာဧကရာဇ်ရာထူးအတွက် ယှဉ်ပြိုင်မှုကို ထိခိုက်လာနိုင်သည့် ဤခြိမ်းခြောက်မှုကို ဖယ်ရှားရန်နှင့် ချန်အာကို သတ်ပစ်ရန် နည်းလမ်းရှာရန်အတွက် စောစီးစွာ နိုးထလာကြခြင်း ဖြစ်သည်။

သူတို့နှစ်ဦး အချင်းချင်း ပြန်လည်ကြည့်လိုက်ကြရာတွင် နှစ်ဦးစလုံး၏ မျက်လုံးများထဲ၌ ပြတ်သားသော ဆုံးဖြတ်ချက်များ ရောင်ပြန်ဟပ်သွားခဲ့လေသည်။

ထိုနေ့ရက် ရောက်ရှိမလာစေရန်နှင့် တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်များအနေဖြင့် ချန်အာ၏ ဘေးကင်းမှုကို ခြိမ်းခြောက်နိုင်ရန်အတွက် တားမြစ်နယ်မြေမှ ထွက်မလာနိုင်ရန် သူတို့ မျှော်လင့်မိပေသည်။

သို့မဟုတ်ပါက သူတို့၏ အသက်နှင့် ရှိသမျှအရာအားလုံးကို ရင်းနှီးပေးဆပ်ရပါစေဦးတော့... ထိုအထွတ်အထိပ်ပုဂ္ဂိုလ်ဆိုသူများကို အနည်းဆုံး အသားတစ်ဖဲ့လောက်တော့ ပြတ်ထွက်သွားအောင် လုပ်ဆောင်သွားမည်ပင် ဖြစ်တော့သည်။

နတ်ဘုရား ပင်မမျှော်စင်၊ ကိုးဆယ်ကိုးထပ်မြောက်...။

“ဝုန်း”

ဟင်းလင်းပြင်ကြီး အက်ကွဲသွားပြီး ဆိုးယုတ်သော အက်ကြောင်းကြီးတစ်ခုအဖြစ် ကြေမွပျက်စီးသွား၏။

လင်းချန်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မမြင်နိုင်သော လှိုင်းဂယက်တစ်ခု၏ ရိုက်ခတ်မှုကို ခံလိုက်ရပြီး နောက်သို့ လွင့်စင်သွားခဲ့သည်။

သူ၏ ဆန့်ကျင်ဘက်တွင်မူ လီအာ၏ ခန္ဓာကိုယ်သည်လည်း ခေါင်းပေါ်သို့ ကြယ်တာရာကြီး တစ်လုံး ကျရောက်ထိမှန်းမှုကြောင့် အောက်ဘက်သို့ ပြုတ်ကျသွားလေသည်။

“ဟားဟားဟား...အားရစရာကောင်းလိုက်တာ။ ဒီလိုတိုက်ပွဲမျိုးကိုမှ တကယ့်တိုက်ပွဲလို့ ခေါ်တာ။”

လင်းချန်သည် ပျက်စီးနေသော ဟင်းလင်းပြင်ထဲတွင် ကိုယ်ဟန်ကို ပြန်ထိန်းလိုက်ပြီး အားရပါးရ ရယ်မောလိုက်၏။

ယခုအခါ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ကောင်းကင်နှင့် မြေကြီး၏ နိယာမစွမ်းအင်များ စီးဆင်းနေသော ဒဏ်ရာအမာရွတ်များစွာ ထင်ကျန်နေပြီ ဖြစ်သည်။

ဤဒဏ်ရာများသည် အချိန်တိုအတွင်း ကုသ၍ မရနိုင်ရုံသာမက ဖရိုဖရဲစစ်ချပ်ဝတ်၏ ကာကွယ်မှုကိုပင် ကျော်ဖြတ်ကာ သူ၏ ခန္ဓာကိုယ်ကို ထိခိုက်စေခဲ့သည်။

ထိုသို့ဖြစ်ရခြင်းမှာ သူ၏ ကျင့်ကြံဆင့်မှာ ဖရိုဖရဲစစ်ချပ်ဝတ်၏ စွမ်းအားအစစ်အမှန်ကို ထုတ်ဖော်နိုင်ရန် အားနည်းနေသေးသဖြင့်သာ ဖြစ်သည်။ သို့မဟုတ်ပါက မည်သည့်ဒဏ်ရာမျှ ရရှိရန် မဖြစ်နိုင်ပေ။

သို့သော်လည်း လီအာ၏ စွမ်းအားမှာ ထင်ရှားလှပေသည်။ သူသည် လူသားမျိုးနွယ်၏ တာအိုဘိုးဘေးဟူသော ဘွဲ့နာမည်နှင့် အမှန်တကယ် ထိုက်တန်လှပေသည်။

အဆုံးမဲ့သော နိယာမစွမ်းအားများ ဝန်းရံနေသည့် လီအာသည် ကြယ်တာရာကြီးကို ရိုက်ခွဲပစ်လိုက်ပြီး လင်းချန်နှင့် တစ်တန်းတည်း အမြင့်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

“တာအိုမိတ်ဆွေ လင်းချန်နဲ့ တိုက်ခိုက်ခွင့်ရတာ ကျုပ်လည်း အရမ်းကိုမှ ကျေနပ်မိပါတယ်။

ကျုပ် ပိုပြောတာတော့ မဟုတ်ပါဘူး။ တာညီတဲ့ကျင့်ကြံဆင့်မှာ ကျုပ်အတွက် အဆင့်တူပြိုင်ဘက်တစ်ယောက်ကို ရှာတွေ့တာ ဒါပထမဆုံးပဲ။”

လီအာ၏ မျက်နှာတွင် မဖုံးကွယ်နိုင်သော ပျော်ရွှင်မှု အပြုံးများ ရှိနေခဲ့လေသည်။

တကယ့်ပြိုင်ဘက်ကောင်းနှင့် တွေ့ဆုံခြင်းပင်။

လင်းချန်သည် သူ၏ တစ်သက်တာလုံးတွင် ကျင့်ကြံဆင့်တူချင်း၌ သူရင်ဆိုင်ခဲ့ရသည့် ပထမဆုံးသော ပြိုင်ဘက်ကောင်း အစစ်အမှန် ဖြစ်ပေသည်။

သူဝတ်ဆင်ထားသော တာအိုဝတ်ရုံမှာ မျှော်စင်၏ တာအိုနိယာမများကြောင့် လင်းချန် ဝတ်ဆင်ထားသည့် ဧကရာဇ်အဆင့် ချပ်ဝတ်နှင့် တူညီသော ကာကွယ်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားပေသည်။

သို့တိုင်အောင် သူ၏ ခန္ဓာကိုယ်ပေါ်တွင် လက်သီးရာများနှင့် လက်ဝါးရာများ ထင်ကျန်နေပြီး ၎င်းတို့မှာ ဝိညာဉ်စွမ်းအားဖြင့် အချိန်တိုအတွင်း ကုသ၍ မရနိုင်သော ဒဏ်ရာများ ဖြစ်သည်။

လင်းချန် အသုံးပြုသော အစစ်အမှန် အနှစ်သာရ စွမ်းအားမှာ အလွန်ပင် နက်နဲဆန်းကြယ်လှပြီး သူ တစ်ခါမျှ မမြင်ဖူးသော စွမ်းအားမျိုး ဖြစ်သည်။

ထိုစွမ်းအားများ ကျန်ရှိနေသောကြောင့်သာ သူ၏ ခန္ဓာကိုယ်ပေါ်တွင် မပျောက်ကင်းနိုင်သော ဒဏ်ရာများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

အရေးကြီးဆုံးမှာ လင်းချန်၏ တိုက်ခိုက်မှုတိုင်းသည် အမှန်တကယ်ပင် အပြစ်ပြောစရာမရှိအောင် ပြည့်စုံလွန်းနေခြင်းပင်။

“ဟူး...”

လင်းချန်သည် အညစ်အကြေး လေထုများကို တစ်ချက်မှုတ်ထုတ်လိုက်ပြီး ကိုယ်လက်လှုပ်ရှားကာ အကြောဆန့်လိုက်သည်။

“တာအိုမိတ်ဆွေ လီအာ...အခုနက တိုက်ပွဲက တကယ့်ကို အားရစရာကောင်းပါတယ်။ ကျုပ် အရင်က စိန်ခေါ်ခဲ့တဲ့ စီနီယာတွေလိုပဲ နောက်ဆုံး တိုက်ကွက်တစ်ခုတည်းနဲ့ အနိုင်အရှုံး ဆုံးဖြတ်ကြရင် ဘယ်လိုလဲ...။”

သူ၏ ဘိုးဘေး လင်းတုံနှင့် ဖြစ်စေ၊ ဘိုးဘေး နဂါးနှင့် ဖြစ်စေ သူသည် အနိုင်အရှုံးကို နောက်ဆုံးတိုက်ကွက် တစ်ခုတည်းဖြင့်သာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သို့မဟုတ်ပါက သူတို့၏ အစွမ်းချင်း နီးစပ်မှုကြောင့် ဆက်လက်တိုက်ခိုက်နေလျှင် မည်သည့်အချိန်တွင် ပြီးဆုံးမည်ကို မသိနိုင်ပေ။

လင်းချန်၏ စကားကို ကြားသောအခါ လီအာသည် တုံ့ဆိုင်းခြင်းမရှိဘဲ ခပ်မှိန်မှိန် ပြုံးလိုက်၏။

“ဘာလို့ မရမှာလဲ...။ ကျုပ်ဆီမှာလည်း အစွမ်းကုန် ထုတ်သုံးရမယ့် ဝှက်ဖဲတစ်ခု ရှိနေတာနဲ့ အတော်ပဲ။

တစ်ကွက်တည်းနဲ့ အနိုင်အရှုံး ဆုံးဖြတ်တာက ကျုပ်အတွက် အသာစီးရစေလိမ့်မယ်။ တာအိုမိတ်ဆွေ လင်းချန်...ခင်ဗျား ရှုံးသွားရင်တော့ ကျုပ်ကို အပြစ်မတင်နဲ့နော်။”

လင်းချန်က ဂရုမစိုက်ဟန်ဖြင့် ပုခုံးတွန့်ပြလိုက်သည်။

“တစ်ကွက်တည်းနဲ့ ဆုံးဖြတ်တာက ကျုပ်အတွက်လည်း အကျိုးရှိပါတယ်။”

အကျိုးဆက်ကို ထည့်မတွက်ဘဲ၊ နောက်ထပ်တိုက်ပွဲများကိုလည်း ထည့်စဉ်းစားစရာမလိုဘဲ သူ၏ စွမ်းအားအားလုံးကိုသာ ပုံအောလိုက်မည်ဆိုလျှင်..

သူ၏ အပြင်းထန်ဆုံးသော တိုက်ကွက်သည် လီအာကို အံ့အားသင့်သွားစေမည်မှာ သေချာပေသည်။

လီအာသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး သူ၏ မျက်လုံးထဲတွင် လွမ်းဆွတ်တမ်းတမှုများ အရိပ်ယောင်များ ဖြစ်ပေါ်လာခဲ့သည်။

“တစ်ကွက်တည်းနဲ့ အနိုင်အရှုံး ဆုံးဖြတ်ပြီးရင်တော့ ဘယ်သူပဲ နိုင်နိုင် ရှုံးရှုံး ကျုပ်တို့ လောလောဆယ် လမ်းခွဲကြရတော့မှာပဲ။

ကျင့်ကြံဆင့်တူတူမှာ အားရပါးရ တိုက်ခိုက်လို့ရတဲ့ တာအိုမိတ်ဆွေတစ်ယောက်နဲ့ ဆုံခဲလှမှ ဆုံရပေမဲ့ ဒီလောက်မြန်မြန် ပြန်ခွဲခွာရမှာက တကယ်ကို နှမြောစရာ ကောင်းလွန်းတယ်။”

သူ၏စကားမဆုံးမီမှာပင် လင်းချန်က ပြုံးလိုက်၏။

“စိတ်မပူပါနဲ့ တာအိုမိတ်ဆွေ လီအာ။ မကြာခင် အနာဂတ်မှာ ကျုပ် ဟင်းလင်းပြင်ကို ချိုးဖျက်ပြီး ခင်ဗျားရှိနေတဲ့ ကမ္ဘာဆီကို အရောက်လာခဲ့ပါ့မယ်။

အဲ့ဒီအချိန်ကျရင်တော့ ကျုပ်ရဲ့ နိမ့်ပါးတဲ့ ကျင့်ကြံဆင့်ကို ခင်ဗျား အထင်မသေးဖို့ပဲ မျှော်လင့်ပါတယ်။”

ရေတွက်မရနိုင်သော ကာလများရှည်ကြာပြီးနောက် လီအာ၏ စွမ်းအားမှာ သူ ယခု စိတ်ကူးပင် မယဉ်နိုင်သော အဆင့်သို့ ရောက်ရှိနေလောက်ပြီ ဖြစ်သည်။ သူ မဟာဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့လျှင်တောင် လီအာ၏ရှေ့တွင် ပြောပလောက်စရာ ရှိမည်မဟုတ်ပေ။

လင်းချန်၏ ကတိစကားကို ကြားသောအခါ လီအာ၏ မျက်လုံးများ တောက်ပသွားခံ့သည်။

“ခင်ဗျားကိုယ်တိုင် ပြောတာနော်။ အဲ့ဒီအချိန်ကျရင် ကျုပ်ကို မဖြစ်မနေ လာရှာရမယ်နော် တာအိုမိတ်ဆွေ လင်းချန်။”

လင်းချန်က တဟားဟား ရယ်မောလိုက်သည်။

“ကောင်းပြီ... ဒါဆို အခု တစ်ကွက်တည်းနဲ့ အနိုင်အရှုံးကို ဆုံးဖြတ်ကြတော့မလား။”

လီအာသည် အသက်ကို ဖြည်းညှင်းစွာ ရှူထုတ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။

“တစ်ကွက်တည်းနဲ့ အနိုင်အရှုံးကို ဆုံးဖြတ်မယ်။”

“ဝုန်း”

စကားသံ မဆုံးမီမှာပင် လီအာ၏ ခန္ဓာကိုယ်မှ ဆန်းကြယ်သော အရှိန်အဝါတစ်ခု ပွင့်လန်းလာခဲ့သည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ နိယာမစွမ်းအားများသည် ယခင်ကထက် ပိုမိုပြင်းထန်စွာ ရုန်းကန်လှုပ်ရှားလာကြတော့လေသည်။

၎င်းသည် ကမ္ဘာကြီးတစ်ခု ပျက်သုဉ်းခါနီးအချိန်တွင် ၎င်းအတွင်းရှိ နိယာမများက သောင်းကျန်းစွာ ပေါက်ကွဲထွက်လာသည့်အတိုင်းပင်။

သောင်းကျန်းနေသော နိယာမစွမ်းအားများကြားမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါလှိုင်းများသည် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ ထိုအရှိန်အဝါကို အာရုံခံမိသောအခါ လင်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားအားလုံးကို စတင်စုစည်းလိုက်တော့သည်။

“ဝုန်း...”

“ဝုန်စ...”

ဖရိုဖရဲ စစ်ချပ်ဝတ်၏ စွမ်းအားများ အပြည့်အဝ ပေါက်ကွဲထွက်လာပြီး ကောင်းကင်သတ်ဓား၏ စွမ်းအားများ အပြည့်အဝ ပွင့်လန်းလာကာ အစစ်အမှန်အနှစ်သာရ စွမ်းအားအားလုံးသည် တစ်သတ်မှတ်တည်း ပေါင်းစည်းသွားခဲ့သည်။

သူ၏ အနှုင်းမဲ့နှစ်မွှာမျက်လုံးအတွင်း၌ ရှေးဟောင်းကြယ်တာရာကြီးများသည် ကမ္ဘာကြီးကို ဖျက်ဆီးပစ်တော့မည့်အလား တစ်လုံးပြီးတစ်လုံး ပေါ်ထွက်လာ၏။

သူ၏ စွမ်းအားအားလုံးကို စုစည်းပြီးနောက်... သူ၏လက်ထဲရှိ ကောင်းကင်သတ်ဓားကို ခုတ်ပိုင်းလိုက်ပြီး ဘယ်ဘက်လက်မှ ဖရိုဖရဲလက်သီးကို အားကုန်လွှဲယမ်းလိုက်တော့သည်။

အနှိုင်းမဲ့နှစ်မွှာမျက်လုံးများထဲမှ ရှေးဟောင်းကြယ်တာရာကြီးများသည် အရပ်မျက်နှာအနှံ့မှ ထွက်ပေါ်လာပြီး လီအာရှိရာသို့ ဖိနှိပ်တိုက်ခိုက်လိုက်၏။

“ကမ္ဘာဦး ဖရိုဖရဲ ဓားကိုးချက်...ဆဋ္ဌမမြောက်ခုတ်ချက်။”

“ဖရိုဖရဲ လက်သီး...”

“အသင်္ချေကမ္ဘာများ၏ အနိမ့်အမြင့်...။”

ဤအခိုက်အတန့်တွင် သူ၏ ဝိညာဉ်စွမ်းအား အားလုံးမှာ ကုန်ခန်းသွားပြီး ထို နတ်ဘုရာစစွမ်းရည် သုံးခုစလုံးအတွက် အသုံးပြုလိုက်ရ၏။

မူလက သူ အသုံးမပြုနိုင်သေးသော ဓားကိုးချက်၏ ဆဋ္ဌမမြောက်ခုတ်ချက်ကို သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားအားလုံးကို ပေးဆပ်၍ အောင်မြင်စွာ ထုတ်ဖော်လိုက်ခြင်းပင်။

လီအာသည် ၎င်းကိုကြည့်ကာ စိတ်လှုပ်ရှားစွာ ပြုံးလိုက်ပြီး နှုတ်ခမ်းများ အနည်းငယ် လှုပ်ရှားသွား၏။

“ကောင်းကင် ပြိုကျခြင်း...။”

“ဝုန်း”

ခပ်သိမ်းသော အရာဝတ္ထုတို့၏ နိယာမများသည် ဤခဏအတွင်း၌ သူတို့၏ စွမ်းအားအားလုံးကို ပုံအောထုတ်ယူလိုက်ပြီး လင်းချန်၏ နတ်ဘုရားစွမ်းရည် သုံးခုကို ရင်ဆိုင်ရန်အတွက် သုံးပေရှည်သော နိယာမဓားတစ်လက်အဖြစ် စုစည်းသွားခဲ့သည်။

နောက်တစ်စက္ကန့်တွင် ကောင်းကင်နှင့် မြေကြီးအကြားရှိ အလင်းရောင်နှင့် ပုံရိပ်အားလုံး ပျောက်ကွယ်သွားပြီး အရာအားလုံးသည် ဗလာနတ္ထိအဖြစ်သို့ ပြန်လည်ရောက်ရှိသွားတော့သည်။

“ဝုန်း...”

All Chapters