အခန်း (၅၃-၅၄)
Vol. 6 Ch. 53-54
အခန်း ၅၃ - တာအိုဘိုးဘေးအား အနိုင်ယူခြင်း၊ နတ်ဘုရားစာရင်း၏ နံပါတ်တစ်နေရာသို့ တက်လှမ်းခြင်း
တစ်လောကလုံးသည် ကြောက်မက်ဖွယ်ကောင်းသော နောက်ဆက်တွဲစွမ်းအင်များ၏ ရိုက်ခတ်မှုများအောက်တွင် နစ်မွန်းနေပြီး အောက်ဘက်ရှိ တည်ငြိမ်လှသော ကြာပန်းဖြူပင်လယ်ကြီးပင်လျှင် သက်ရောက်မှုဒဏ်ကို ခံလိုက်ရလေသည်။ သန့်စင်သော ကြာဖြူပန်းပွင့်လေးများသည် လေထဲသို့ ပျံတက်သွားပြီး ခဏချင်းမှာပင် ကြာဖြူလေဆင်နှာမောင်းတစ်ခုအဖြစ် စုစည်းသွားကြတော့သည်။
ပေါက်ကွဲထွက်လာသော စွမ်းအင်ရိုက်ခတ်မှုများအောက်တွင် ထိုကြာပန်းများသည် ဟင်းလင်းပြင်နှင့် အခြားတည်ရှိနေသမျှ အရာအားလုံးကဲ့သို့ပင် ချက်ချင်းဆိုသလို ဘာမှမရှိသော ဗလာနတ္ထိအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ရိုက်ခတ်မှုများ ဆက်လက်ပျံ့နှံ့နေသည်နှင့်အမျှ တာအို းနိယာမတရားများသည်လည်း ၎င်းနှင့်အတူ ပျက်သုဉ်းသွားပုံရပြီး အခြေခံအကျဆုံး လည်ပတ်နိုင်စွမ်းများကိုပင် ဆုံးရှုံးသွားခဲ့ရလေသည်။ အရာအားလုံးမှာ ဗလာနတ္ထိအဖြစ်သို့ လျော့ကျသွားပြီး ဘာတစ်ခုမှ မကျန်ရှိတော့ပေ။
ဤအခြေအနေသည် ၁၅ မိနစ်တိတိ ကြာမြင့်ခဲ့၏။ ၁၅ မိနစ်ကြာပြီးနောက်တွင်မှ တိုက်ခိုက်မှုမှ ထွက်ပေါ်လာသော နောက်ဆက်တွဲစွမ်းအင်များသည် တဖြည်းဖြည်း အားနည်းပျောက်ကွယ်သွားခဲ့တော့လေသည်။
မိုးကုပ်စက်ဝိုင်း၏ ထောင့်တစ်နေရာတွင် လူရိပ်နှစ်ခု တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် ရပ်နေသည်ကို ဝေဝေဝါးဝါး မြင်လိုက်ရသည်။ ကောင်းကင်နှင့် မြေကြီးတစ်ခွင်တွင် သူတို့နှစ်ဦးမှအပါး အခြားအရာဟူ၍ မရှိတော့ပြီ။
လုံးဝကင်းစင်သွားခြင်းမရှိသေးသော စွမ်းအင်ရိုက်ခတ်မှုများကြားတွင် လင်းချန်၏ ခန္ဓာကိုယ်သည် မနည်းရုန်းကန်၍ မတ်တတ်ရပ်နေရပြီး ကောင်းကင်သတ်ဓားကို ဆုပ်ကိုင်ထားသော သူ၏လက်အစုံမှာလည်း မရပ်မနား တုန်ရီနေခဲ့သည်။
သူ ပင်ပန်းနေချေပြီ။ အမှန်တကယ်ပင် ပင်ပန်းနေပြီဖြစ်သည်။ သူ၏ ကိုယ်ခန္ဓာ၊ စိတ်ဝိညာဉ်နှင့် ဝိညာဉ်စွမ်းအင်ဟူသမျှ အားလုံးနီးပါး ခမ်းခြောက်လုနီးပါး ဖြစ်နေခဲ့ချေပြီ။
ယခုအခြေအနေတွင် ယခင်ကနှင့် နှိုင်းယှဉ်ဖို့ နေနေသာသာ သာမန် ကပ်ဘေးကိုးခုနယ်ပယ် ကျင့်ကြံသူတစ်ယောက်ပင်လျှင် သူ့အသက်ကို အလွယ်တကူ နှုတ်ယူနိုင်သည့် အနေအထားမျိုး ဖြစ်နေခဲ့လေသည်။ ဤသည်မှာ သူကျင့်ကြံခြင်းလမ်းစဉ်ကို စတင်ခဲ့ချိန်မှစ၍ အဆိုးရွားဆုံး အခြေအနေဖြစ်ပြီး သူ၏ ခွန်အားအားလုံးကို ပုံအော၍ ပထမဆုံးအကြိမ် ထုတ်သုံးခဲ့ရခြင်းလည်း ဖြစ်သည်။
“ဟူး... ဟူး... ဟူး...”
အသက်ကို လုရှူရင်း လင်းချန်သည် မိမိ၏ အခြေအနေကို ဂရုမစိုက်နိုင်တော့ပေ။ ထိုအစား သူသည် အဝေးရှိ ဝေဝါးနေသော လူရိပ်ကိုသာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိသည်။ စွမ်းအင်ရိုက်ခတ်မှုများ ကျန်ရှိနေသေးသဖြင့် သူ၏ အမြင်အာရုံကို ပိတ်ဆို့နေပြီး ရှင်းရှင်းလင်းလင်း မမြင်ရသေးပေ။ မိမိ၏ အခြေအနေထက် လီအား၏ အခြေအနေကို သူ ပို၍ သိချင်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ၎င်းသည် သူတို့၏ အနိုင်အရှုံးနှင့် သက်ဆိုင်နေသောကြောင့်ပင် ဖြစ်လေသည်။
တာအိုဘိုးဘေး လီအာသည် နတ်ဘုရားစာရင်း၏ နံပါတ်တစ်နေရာတွင် ဆက်ရှိနေည်လော၊ သို့မဟုတ် သူ့လက်တွင် ရှုံးနိမ့်ပြီး နေရာဖယ်ပေးလိုက်ရမည်လောဆိုသည်မှာ လီအာ၏ လက်ရှိအခြေအနေပေါ်တွင်သာ မူတည်နေ၏။ လင်းချန်သည် လီအာ၏ အရှိန်အဝါမှာ ပျောက်ကွယ်မသွားသေးဘဲ ရှိနေသေးသည်ကို ခံစားနေရသော်လည်း ယခင်ကထက် များစွာ အားနည်းသွားသည်ကိုတော့ သိရှိနေခဲ့သည်။
သို့သော်လည်း သူ၏ အခြေအနေမှာ အလွန်ဆိုးရွားနေသောကြောင့် အားကိုးရာမဲ့နေရ၏။ သူ၏ ဝိညာဉ်စွမ်းအားမှာ အလွန်အမင်း ကုန်ခမ်းနေသဖြင့် လီအာ၏ အခြေအနေကို အသေးစိတ် အာရုံမခံနိုင်တော့ပေ။ နောက်ဆက်တွဲ စွမ်းအင်များ လုံးဝကင်းစင်သွားမှသာ ရှင်းရှင်းလင်းလင်း မြင်နိုင်တော့မည် ဖြစ်သည်။
အဝေးတစ်နေရာတွင် လီအာသည် ယခင်ကအတိုင်းပင် တည်တည်ငြိမ်ငြိမ် ရပ်နေပြီး သူ၏ မျက်နှာတွင် ဖျော့တော့သော အပြုံးတစ်ခု ရှိနေဆဲဖြစ်သည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်အနှံ့တွင် ကြောက်မက်ဖွယ်ရာ အက်ကြောင်းများ ပေါ်ပေါက်နေပြီး အတွင်းမှ ရဲရဲနီသော သွေးများမှာလည်း မရပ်မနား စီးကျနေခဲ့သည်။
ထို့တင်မကသေးဘဲ သူ၏ မျက်နှာရှိ ဒွါရခုနစ်ပေါက်မှလည်း အနက်ရောင်သန်းနေသော သွေးများ စိမ့်ထွက်နေသည်မှာ အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှချေသည်။ ကြေမွလုနီးပါး ဖြစ်နေသော သူ၏ ခန္ဓာကိုယ်ကို ငုံ့ကြည့်ရင်း လီအာသည် အားကိုးရာမဲ့စွာ ပြုံးလိုက်မိ၏။
“အဆင့်တူ တိုက်ပွဲတစ်ခုမှာ ဒီလောက်အထိ ရုပ်ပျက်ဆင်းပျက်ဖြစ်ရတာ ဒါ ပထမဆုံးအကြိမ်ပဲ။
ဒါပေမဲ့... ဒီတိုက်ပွဲက တကယ်ကို ကျေနပ်စရာ ကောင်းလှပါပေတယ်။”
သူ၏ အသက်ဓာတ်မှာ မီးစာကုန်ဆီခန်းနေပြီဖြစ်ကြောင်းနှင့် သူ၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲထွက်တော့မည်ဖြစ်ပြီး ဝိညာဉ်မှာလည်း ပြိုကွဲတော့မည်ဖြစ်ကြောင်း သူခံစားနေရသော်လည်း သူ၏နှလုံးသားထဲတွင် နောင်တဟူ၍ အစအနမျှ မရှိဘဲ နက်ရှိုင်းသော ကျေနပ်မှုသာ ရှိနေတော့သည်။
လင်းချန်ကဲ့သို့ သန်မာသော ပြိုင်ဘက်တစ်ဦးနှင့် ဆုံတွေ့ခွင့်ရခြင်းမှာ သူ၏တစ်သက်တာလုံးအတွက် အမှန်တကယ်ပင် ကံကောင်းခြင်း ဖြစ်ပေသည်။
နောက်ဆုံးတွင် နောက်ဆက်တွဲ စွမ်းအင်ရိုက်ခတ်မှုများမှာ လုံးဝဥဿုံ ပျောက်ကွယ်သွားပြီး အမြင်အာရုံကို ပိတ်ဆို့ခြင်း မရှိတော့ပေ။ တာအိုနိယာမတရားများသည်လည်း ပြန်လည်လည်ပတ်လာပြီး စောစောက တိုက်ခိုက်မှုကြောင့် ကြေမွသွားသော ဟင်းလင်းပြင်ကို ပြန်လည်ပြုပြင်နေကြသည်။
လင်းချန်နှင့် လီအာတို့သည် တစ်ဦးနှင့်တစ်ဦး၏ ပုံရိပ်ကို ပြန်လည်မြင်တွေ့လိုက်ရ၏။ နှစ်ဦးစလုံးမှာ အတူတူပင် ဒဏ်ရာဗရပွနှင့် အားအင်ကုန်ခမ်းနေကြပြီး ယခင်က ရှိခဲ့သော ခန့်ညားထည်ဝါမှုများလည်း ကွယ်ပျောက်နေပြီဖြစ်သည်။
“ဟားဟားဟား...”
“ဟားဟားဟား...”
တစ်ဦး၏ သနားစဖွယ် အခြေအနေကို တစ်ဦးက မြင်လိုက်ရသောအခါ ဒဏ်ရာများမှ အဆက်မပြတ် စိမ့်ထွက်နေသော သွေးများကို လုံးဝဂရုမစိုက်နိုင်တော့ဘဲ နှစ်ဦးသား အားရပါးရ ရယ်မောလိုက်ကြသည်။
ခဏမျှ ရယ်မောပြီးနောက် သွေးစွန်းနေသော တာအိုဝတ်စုံကို ဝတ်ဆင်ထားသည့် လီအာသည် လင်းချန်ကို ဂုဏ်ပြုသည့်အနေဖြင့် လက်ယှက်ကာ နှုတ်ဆက်လိုက်လေသည်။
“တာအိုမိတ်ဆွေ လင်းချန်... ဒီတိုက်ပွဲက တကယ်ကို ကျေနပ်ဖို့ကောင်းတယ်။ ဂုဏ်ယူပါတယ်...ဒီတစ်ခေါက်တော့ မင်းနိုင်သွားပြီ။
ဒါပေမဲ့ နောက်တစ်ခါ ငါတို့ ပြန်လည်ယှဉ်ပြိုင်တဲ့အခါမှာတော့ ရလဒ်က ဘယ်လိုဖြစ်လာမယ်ဆိုတာ ပြောဖို့ခက်လိမ့်မယ်။ အခုကတည်းက သဘောတူထားရအောင်... အဲ့ဒီအချိန်ကျရင်တော့ ငါ မင်းကို လုံးဝ သက်ညှာမှာမဟုတ်ဘူး။”
လင်းချန်တွင် အနည်းငယ်မျှသော တိုက်ခိုက်နိုင်စွမ်း ကျန်ရှိနေသေးသည်ကို သူမြင်နိုင်ပေသည်။ အလွန်သေးငယ်သော ပမာဏဖြစ်လင့်ကစား လုံးဝတိုက်ခိုက်နိုင်စွမ်း မရှိတော့သော သူ၏ လက်ရှိအခြေအနေထက်စာလျှင် များစွာသာလွန်နေသေးသည်။
သူ၏ ခန္ဓာကိုယ်မှာ အားနည်းလွန်းနေပြီး ဝိညာဉ်မှာလည်း ပြိုကွဲလုနီးပါး ဖြစ်နေချေပြီ။ မှော်လက်နက်တစ်ခုကို ကိုင်ဆောင်ထားသော သာမန်လူသားတစ်ယောက်သည်ပင် သူ့ကို အလွယ်တကူ သတ်ဖြတ်နိုင်သည်ဟု ဆိုပါက ပုံကြီးချဲ့ခြင်း ဖြစ်မည်မဟုတ်ပေ။
ထိုစကားကို ကြားသောအခါ လင်းချန်က ပြုံးလိုက်၏။
“ကျေးဇူးပြုပြီး အဲ့ဒီလိုတော့ မလုပ်ပါနဲ့။ စီနီယာက မသက်ညှာဘူးဆိုရင် ကျုပ်ကလည်း သက်ညှာမှာမဟုတ်ဘူး။
ဒါပေမဲ့ ကျုပ်တို့ နောက်တစ်ခါ ဘယ်တော့ ပြန်တိုက်ခိုက်ဖြစ်မလဲဆိုတာ မသိရသေးပါဘူး။”
ဤနောက်ဆုံးရလဒ်က သူ့ကို စိတ်ပျက်အောင် မလုပ်ခဲ့ပေ။ အဆုံးအထိ တိုက်ပွဲဝင်ခဲ့ပြီးနောက် နောက်ဆုံးတွင် သူ အနိုင်ရရှိခဲ့ပြီဖြစ်သည်။ ယနေ့မှစ၍ သူသည် နတ်ဘုရားစာရင်း၏ နံပါတ်တစ်အသစ် ဖြစ်လာပေတော့မည်။
ထိုစဉ် လီအာသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ သက်ပြင်းချလိုက်၏။
“ငါ့ရဲ့ အခြေအနေက ကြာကြာမခံတော့ဘူး။ ငါတို့ လမ်းခွဲရမယ့်အချိန် ရောက်ပြီ။
လင်းချန်... မင်းနဲ့ နောက်တစ်ကြိမ် ပြန်တွေ့ရဖို့ ငါမျှော်လင့်နေမယ်။”
သူက ထိုသို့ပြောရင်း အောက်ဘက်ရှိ လုံးဝပျက်စီးသွားသော ကြာပန်းဖြူပင်လယ်ကို ငုံ့ကြည့်ကာ နောင်တရစွာဖြင့် ခေါင်းခါယမ်းလိုက်သည်။
“ဒီပန်းပင်လယ်လည်း နောက်ဆုံးတော့ မြေမှုန့်အဖြစ် ပြန်ရောက်သွားရတာပဲ...”
သူ့စကားပင် မဆုံးသေးမီ လီအာ၏ ခန္ဓာကိုယ်မှာ ဝန်ထုပ်ဝန်ပိုးကို ထပ်မံမတောင့်ခံနိုင်တော့ဘဲ ကြေမွသွားတော့လေသည်။ အတွင်းရှိ စိတ်ဝိညာဉ်မှာလည်း လေထဲမှ ဖယောင်းတိုင်မီးကဲ့သို့ ငြိမ်းသတ်ခြင်းခံလိုက်ရပြီး သက်ရှိအငွေ့အသက်များ လုံးဝကွယ်ပျောက်သွားတော့သည်။
လင်းချန်သည် ထိုအရာအားလုံးကို ကြည့်နေရင်း သူ၏ အပြုံးများ ပျောက်ကွယ်သွားကာ လေးနက်စွာဖြင့် လက်ယှက်လိုက်လေသည်။
“တာအိုဘိုးဘေးကို လေးစားစွာ ပို့ဆောင်ပါတယ်။”
သူ၏အသံမှာ လောကတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားခဲ့သည်။
ပြင်ပရှိ တာအိုပြည်နယ် သုံးထောင်တွင်လည်း...။
လူသားမျိုးနွယ် ကျွမ်းကျင်သူ အများအပြားသည် လီအာ၏ ခန္ဓာကိုယ် ပျောက်ကွယ်သွားသည်ကို ကြည့်ကာ လေးနက်သော အမူအရာများဖြင့် နှုတ်ဆက်စကား ဆိုလိုက်ကြ၏။
“တာအိုဘိုးဘေးကို လေးစားစွာ ပို့ဆောင်ပါတယ်။”
လူသားမျိုးနွယ်၏ တာအိုဘိုးဘေး၊ လူသားမျိုးနွယ်၏ ကျင့်ကြံခြင်း နည်းလမ်းများကို လမ်းဖောက်ပေးခဲ့သည့် ကြီးမြတ်သော ပုဂ္ဂိုလ်ကြီး....။
ယနေ့တွင် သူသည် ရှေးဟောင်းကန္တာရ လင်းမိသားစု၏ နတ်ဘုရားသားတော် လင်းချန်ကို အဆင့်တူတိုက်ပွဲ၌ ရှုံးနိမ့်ခဲ့ပြီး နတ်ဘုရားစာရင်း၏ ဒုတိယနေရာသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
သို့သော်ငြားလည်း တာအိုဘိုးဘေးသည် လူသားမျိုးနွယ်၏ တာအိုဘိုးဘေးပင် ဖြစ်သည်။ သူတို့၏ နှလုံးသားထဲတွင် ထာဝရ ကိန်းဝပ်နေမည့် တာအိုဘိုးဘေးပင် ဖြစ်၏။
ကောင်းကင်ယံ၏ အနက်ရှိုင်းဆုံးနေရာမှ ကောင်းကင်တာအို၏ အထွတ်အထိပ် ခန့်ညားထည်ဝါသော ကြေညာသံကြီး ထွက်ပေါ်လာပြီး ထိုအသံမှာ တာအိုပြည်နယ် သုံးထောင်လုံးသို့ ပျံ့နှံ့သွားခဲ့သည်။
“ရှေးဟောင်းကန္တာရ လင်းမိသားစုမှ နတ်ဘုရားသားတော် လင်းချန်သည် နတ်ဘုရား ပင်မမျှော်စင်၏ ၉၉ ထပ်မြောက် စောင့်ရှောက်သူကို အနိုင်ယူပြီး ပင်မမျှော်စင်၏ ထိပ်ဆုံးသို့ အောင်မြင်စွာ ရောက်ရှိခဲ့ပါပြီ။ သူသည် နတ်ဘုရားအဆင့်သတ်မှတ်ချက် စာရင်း၏... နံပါတ်တစ် (၁) နေရာတွင် ရပ်တည်လိုက်ပြီဖြစ်သည်။”
“သူသည် ကောင်းကင်တာအိုမှ ဆုလက်ဆောင် ၉၉ ခုနှင့် မိုင်ငါးသန်းစာ ကံတရားကောင်းချီးကို စုဆောင်းရရှိခဲ့စ်သည်။”
“လင်းချန်သည် မကြုံစဖူးသော အံ့ဖွယ်အမှုကို ဖန်တီးနိုင်ခဲ့သောကြောင့် သူ့အား နောက်ထပ် မိုင်ငါးသန်းစာ ကံတရားကောင်းချီး ကို အထူးဆုလာဘ်အဖြစ် ချီးမြှင့်လိုက်သည်။”
ထိုခန့်ညားထည်ဝါသော အသံကြီး ထွက်ပေါ်လာသည်နှင့်အမျှ ရွှေအိုရောင် နတ်ဘုရားစာရင်းအပေါ်တွင် မူလက ဒုတိယနေရာ၌ ရှိနေသော လင်းချန်၏ အမည်မှာ တစ်နေရာ မြင့်တက်သွားပြီး စာရင်း၏ ထိပ်ဆုံးသို့ ရောက်ရှိသွားတော့သည်။
တာအိုဘိုးဘေး၏ အမည်မှာမူ ဒုတိယနေရာသို့ တွန်းပို့ခြင်း ခံလိုက်ရလေသည်။
[နတ်ဘုရားအဆင့်သတ်မှတ်ချက်စာရင်း ပထမနေရာ- ဖူကွမ်းမြင့်မြတ်ပြည်နယ်၊ ရှေးဟောင်းကန္တာရ လင်းမိသားစု၊ လင်းချန်။ ]
ဤအခိုက်အတန့်တွင် တာအိုပြည်နယ် သုံးထောင်တစ်ခွင်ရှိ ထောင်ပေါင်းများစွာသော မိစ္ဆာသားရဲမျိုးနွယ် ကျွမ်းကျင်သူများနှင့် ရှေးဟောင်းလူသားမျိုးနွယ် အစဉ်အလာကြီးမားသော ဂိုဏ်းကြီးများ၊ မိသားစုများမှ ကျွမ်းကျင်သူအများအပြားသည် သူတို့၏ အရှိန်အဝါများကို မထိန်းချုပ်နိုင်ဘဲ ထုတ်ဖော်မိသွားကြ၏။
ရှေးဟောင်းကန္တာရ လင်းမိသားစု၏ နတ်ဘုရားသားတော် လင်းချန်သည် အမှန်တကယ်ပင် ပင်မမျှော်စင်၏ ထိပ်ဆုံးသို့ ရောက်ရှိသွားပြီး နတ်ဘုရားစာရင်း၏ နံပါတ်တစ် ဖြစ်လာခဲ့ချေပြီ။ ဤသည်မှာ လင်းချန်သည် တာအိုပြည်နယ် သုံးထောင်၏ သမိုင်းတစ်လျှောက်တွင် အသန်မာဆုံး ပါရမီရှင် ဖြစ်လာပြီဟု ဆိုလိုလိုက်ခြင်းပင်။
ထို့ပြင် ကောင်းကင်တာအို၏ ဆုလက်ဆောင် ၉၉ ခုနှင့် မိုင်ပေါင်း ဆယ်သန်းတိတိရှိသော ကံတရားကောင်းချီးတို့မှာ အမှန်တကယ်ပင် ကမ္ဘာမြေကို တုန်ဟိန်းသွားစေလောက်ပေသည်။
အမျိုးမျိုးသော တားမြစ်နယ်မြေများအတွင်း၌မူ.....
ဧကရာဇ်တစ်ပိုင်း အဆင့် ကျွမ်းကျင်သူ အများအပြားသည် အလွန်လေးနက်သော မျက်နှာအမူအရာများဖြင့် တားမြစ်နယ်မြေများ၏ အနက်ရှိုင်းဆုံးနေရာများကို စိုက်ကြည့်နေကြ၏။ ယခုအချိန်တွင် တားမြစ်နယ်မြေတစ်ခုချင်းစီအတွင်း၌ တားမြစ်နယ်မြေမိစ္ဆာများ ထွက်ပေါ်လာခြင်း မရှိတော့ဘဲ နယ်မြေတစ်ခုလုံးမှာ ငြိမ်သက်နေခဲ့သည်။
သို့သော် ဤသို့ ငြိမ်သက်နေလေလေ သူတို့၏ စိတ်နှလုံးမှာ ပို၍ လေးလံလာလေလေ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တားမြစ်နယ်မြေများအတွင်းရှိ တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်များ၏ အရှိန်အဝါများမှာ ပိုမိုပြင်းထန်လာနေသည်ကို သူတို့ အာရုံခံမိနေသောကြောင့်ပင်။
ဤသည်မှာ တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်များ... အမှန်တကယ်ပင် နိုးထလာတော့မည်ဟူသော အဓိပ္ပာယ်ပင် ဖြစ်တော့သည်။
အခန်း ၅၄ - တားမြစ်နယ်မြေ တိုက်စစ်နှင့် ခံစစ်မဟာမိတ်၊ ပြင်ပကမ္ဘာက မသိသော လျှို့ဝှက်ချက်များ
တားမြစ်နယ်မြေများကို စောင့်ကြပ်နေကြသော ဧကရာဇ်တစ်ပိုင်း အဆင့် ကျွမ်းကျင်သူများသည် ကောင်းကင်တာအို၏ ကြေညာချက်ကို ကြားသိပြီးဖြစ်ကာ လင်းချန် နတ်ဘုရားစာရင်း၏ နံပါတ်တစ်နေရာသို့ ရောက်ရှိသွားသည့် သတင်းကိုလည်း သိရှိသွားကြပြီဖြစ်သည်။
ထိုသို့ သိရှိသွားခြင်းကြောင့်ပင် သူတို့၏ လက်ရှိ လေးနက်နေသော စိတ်အခြေအနေမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ရကြ၏။ တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်များ အချိန်ဇယားထက် နှစ်ပေါင်းများစွာ စောစီး၍ နိုးထလာရသည့် အစစ်အမှန်အကြောင်းပြချက်ကို သူတို့ ခန့်မှန်းမိသွားကြပြီဖြစ်သည်။
တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်များ စောစီးစွာ နိုးထလာခြင်းမှာ အခြားကြောင့်မဟုတ်ဘဲ နတ်ဘုရားအဆင့်သတ်မှတ်ချက်စာရင်းပေါ်ထွက်လာခြင်းကြောင့်သာ ဖြစ်သည်။ တိတိကျကျ ပြောရလျှင် လင်းချန်ကြောင့်ပင် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် လင်းချန်သည် သမိုင်းတစ်လျှောက် အသန်မာဆုံး ပါရမီရှင် အများအပြားကို အောင်မြင်စွာ စိန်ခေါ်နိုင်ခဲ့ပြီး နတ်ဘုရားစာရင်း၏ ထိပ်ဆုံးအဆင့်များတွင် ရပ်တည်နိုင်ခဲ့သောကြောင့်ပင်။ ထိုသို့သော စွမ်းဆောင်ရည်နှင့် လင်းချန်၏ ကြောက်မက်ဖွယ်ရာ ပါရမီတို့သည် တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်များ၏ အထူးအာရုံစိုက်မှုကို ခံလိုက်ရပြီး သူတို့အား မည်သည့်တန်ကြေးများ ပေးဆပ်ရစေကာမူ စောစီးစွာ နိုးထလာစေရန် တွန်းအားပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့လေတော့သည်။
ဤတားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်များ အလိုရှိသည်မှာ အပြင်သို့ထွက်၍ နောင်လာနောက်သားများအတွက် ခြိမ်းခြောက်မှုဖြစ်နေသော လင်းချန်ကို ရှင်းလင်းပစ်ရန်နှင့် အနာဂတ်အတွက် အစွမ်းထက်သော ပြိုင်ဘက်တစ်ဦးကို လျှော့ချရန်ဖြစ်သည်။
လင်းချန်သည် နတ်ဘုရားစာရင်း၏ ထိပ်တန်းအဆင့်များတွင်သာ ရှိနေစဉ်ကပင် ဤမျှအခြေအနေမျိုး ဖြစ်နေပါက ယခုကဲ့သို့ နတ်ဘုရားပင်မမျှော်စင်၏ ထိပ်ဆုံးထပ်အထိ တစ်ရှိန်ထိုး တက်လှမ်းနိုင်ခဲ့ပြီး နတ်ဘုရားစာရင်း၏ နံပါတ်တစ်အသစ် ဖြစ်လာချိန်တွင်မူ ဆိုဖွယ်ရာ မရှိတော့ပေ။
တာအိုဘိုးဘေးပင်လျှင် အဆင့်တူတိုက်ပွဲ၌ လင်းချန်ကို ရှုံးနိမ့်ခဲ့ရ၏။ အကယ်၍ လင်းချန်သာ အချိန်မတိုင်မီ ကြွေလွင့်မသွားခဲ့ပါက... ထိုတားမြစ်နယ်မြေများမှ အထွတ်အထိပ်ပုဂ္ဂိုလ်များအနေဖြင့် မဟာဧကရာဇ် တာအိုသစ်သီးကို ဆွတ်ခူး၍ မဟာဧကရာဇ် ဖြစ်လာရန်မှာ လုံးဝနီးပါး မဖြစ်နိုင်တော့ဟု ဆိုလျှင် ပုံကြီးချဲ့ခြင်း မဟုတ်ပေ။
ထို့ကြောင့် လက်ရှိအခြေအနေတွင် တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်များသည် စောစီးစွာ မနိုးထချင်လျှင်ပင် မဖြစ်မနေ နိုးထလာကြရတော့မည်ဖြစ်သည်။ တာအိုပြည်နယ် သုံးထောင် တစ်ခုလုံးကို လွှမ်းခြုံမည့် မဟာစစ်ပွဲကြီးတစ်ခုမှာ ဖြစ်ပွားတော့မည်သာ ဖြစ်သည်။
ရှေးဟောင်းဂိုဏ်းကြီးများ၊ အစွမ်းထက်သော အင်အားကြီး မိသားစုများနှင့် မိစ္ဆာသားရဲမျိုးနွယ်တို့မှ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများသည် တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်များနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
မသေမျိုးသင်္ချိုင်း တားမြစ်နယ်မြေ...။
လင်းမေရှန်း၏ မျက်နှာအမူအရာမှာ အလွန်ပင် လေးနက်နေ၏။ တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်များ အမှန်တကယ် မနိုးထလာမီ သူသည် အထက်ရှိ ရွှေအိုရောင် နတ်ဘုရားစာရင်းကို မော့ကြည့်လိုက်သည်။
မိမိတို့မိသားစု၏ ပါရမီရှင်မှာ အလွန်အမင်း ထူးချွန်လွန်းနေခြင်းက တစ်ခါတစ်ရံတွင် ဆိုးကျိုးဖြစ်လာနိုင်သည်ဟု သူ တစ်ခါမှ မတွေးဖူးခဲ့ပေ။ အတိတ်ကာလက သူတို့ ရှေးဟောင်းကန္တာရ လင်းမိသားစုမှ ပါရမီရှင်များ မည်မျှပင် ထူးချွန်ပါစေ သူတို့သည် အမြဲတမ်း ကာကွယ်ပေးနိုင်ခဲ့ပြီး ကြီးပြင်းလာအောင် စောင့်ရှောက်ပေးနိုင်ခဲ့သည်။
သို့သော် ယခုအခြေအနေမှာ ချွင်းချက်ဖြစ်၏။ လင်းချန်၏ ပါရမီမှာ အလွန်ပင် အစွမ်းထက်လွန်းလှသဖြင့် သူတို့ လင်းမိသားစုပင်လျှင် သူ့ကို ကာကွယ်ပေးနိုင်မည်ဟု အကြွင်းမဲ့ အာမမခံနိုင်တော့ပေ။
သူတို့၏ အခြေခံအုတ်မြစ်အားလုံးကို အကုန်အစင်အသုံးချပြီး အရာအားလုံးကို စွန့်လွှတ်ကာ... တာအိုပြည်နယ် သုံးထောင်သို့ ဘိုးဘေးများဆင်းသက်လာရန် ဆင့်ခေါ်ခြင်းမှအပ အခြားနည်းလမ်း မရှိသလောက်ပင်။ သို့သော် ၎င်းမှာ လင်းမိသားစု၏ နောက်ဆုံးလက်နက်ဖြစ်ပြီး မိသားစုတစ်ခုလုံး ပျက်သုဉ်းမည့် ဘေးအန္တရာယ်နှင့် ကြုံရမှသာ အသုံးပြုသင့်ကာ တတ်နိုင်သမျှ မသုံးစွဲဘဲ ထားခြင်းက အကောင်းဆုံးဖြစ်သည်။
“အဲ့ဒီနောက်ဆုံးလက်နက်ကို သုံးရမယ့်နေ့ ဘယ်တော့မှ ရောက်မလာဖို့ မျှော်လင့်ရတာပဲ...”
သူ့အနားရှိ သာမန်ရုပ်ရည်ရှိသော အမျိုးသား လင်းလော့ယွီက လင်းမေရှန်း၏ ပခုံးကို ပုတ်ကာ အသာအယာ ပြုံးလိုက်သည်။
“မေရှန်း... ငါတို့ ဒီမှာရှိနေသရွေ့တော့ မသေမျိုးသင်္ချိုင်းတားမြစ်နယ်မြေရဲ့ အထွတ်အထိပ်ပုဂ္ဂိုလ်က အပြင်ကို ထွက်လာနိုင်မှာ မဟုတ်ဘူး။ စိတ်မပူပါနဲ့။”
သူတို့ပတ်ဝန်းကျင်ရှိ အခြားသော အစွမ်းထက်ပုဂ္ဂိုလ်များကလည်း အပြုံးဖြင့် ခေါင်းငြိမ့်ပြလိုက်ကြ၏။ အမှန်စင်စစ် သူတို့ လင်းမိသားစုတွင် ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများအားလုံး စုစုပေါင်း ၁၂ ဦရှိပြီး။ထိုအထဲတွင် ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ် အဆင့် ၆ ဦးပင် ပါဝင်ပေသည်။ သူတို့သည် မသေမျိုးသင်္ချိုင်း တားမြစ်နယ်မြေကို စောင့်ကြပ်နေကြခြင်းဖြစ်သည်။
ဤမျှကြီးမားသော တိုက်ခိုက်ရေးစွမ်းအားနှင့်ဆိုလျှင် ထိုအထွတ်အထိပ်ပုဂ္ဂိုလ်ကို နှိမ်နင်းနိုင်ခြင်း မရှိသေးလျှင်ပင် အနည်းဆုံးတော့ သူ့ကို ထိန်းချုပ်ထားနိုင်ပြီး အပြင်သို့ ထွက်မသွားအောင် တားဆီးထားနိုင်မည် ဖြစ်သည်။
လင်းမေရှန်းသည် ကောင်းကင်ယံမှ သူ၏အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်သော်လည်း မျက်ဝန်းထဲတွင်မူ စိုးရိမ်ရိပ်များ ရှိနေဆဲပင်။
“စတုတ္ထအစ်မ...ကျုပ်တို့ဘက်ခြမ်းအတွက် ကျုပ်စိတ်မပူပါဘူး။ တခြားတားမြစ်နယ်မြေတွေအတွက်ပဲ စိတ်ပူတာပါ။
ကျုပ်မှတ်မိသလောက်ဆိုရင် တားမြစ်နယ်မြေနှစ်ခုကို စောင့်ကြပ်နေတဲ့ အင်အားစုတွေရဲ့ ခွန်အားက ကျဆင်းနေပြီး အရင်ကလို မဟုတ်တော့ဘူး။
သူတို့တွေ တောင့်မခံနိုင်ဘဲ တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်တွေ တာအိုပြည်နယ် သုံးထောင်ထဲ ဝင်လာမှာကို ကျုပ်စိုးရိမ်မိတယ်။”
ထိုစကားများကို ကြားလိုက်ရသည်နှင့် ကျွမ်းကျင်သူအားလုံး၏ မျက်နှာအမူအရာများ တောင့်တင်းသွားကြ၏။ ဤသည်မှာ အမှန်တကယ်ပင် ပြဿနာတစ်ခုဖြစ်သည်။ မသေမျိုးသင်္ချိုင်း တားမြစ်နယ်မြေကို ထိန်းချုပ်ထားနိုင်ရန်မှာ အာမခံချက်ရှိသော်လည်း အခြားနယ်မြေများမှာမူ မသေချာပေ။
အင်အားနည်းသော ရှေးဟောင်းဂိုဏ်းများ တာဝန်ယူစောင့်ကြပ်ရသည့် တားမြစ်နယ်မြေများမှာ များစွာပို၍ သေးငယ်ပြီး အတွင်းရှိ အထွတ်အထိပ်ပုဂ္ဂိုလ်များမှာလည်း နှိုင်းယှဉ်ချက်အရ ပို၍အားနည်းကြသည်။ သို့သော် အထွတ်အထိပ်ပုဂ္ဂိုလ်ဆိုသည်မှာ အထွတ်အထိပ်ပုဂ္ဂိုလ်ပင် ဖြစ်သည်။ မည်မျှပင် အားနည်းသည်ဆိုစေကာမူ သူတို့ကို ထိန်းချုပ်ထားနိုင်ရန် အနည်းဆုံး ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ်အဆင့်ကျွမ်းကျင်သူ နှစ်ဦး သို့မဟုတ် သာမန်ဧကရာဇ်တစ်ပိုင်း အဆင့်ကျွမ်းကျင်သူ ငါးဦးထက်မနည်း လိုအပ်ပေသည်။
သို့မဟုတ်ပါက ရလဒ်မှာ မျိုးနွယ်စု ပျက်သုဉ်းခြင်းနှင့် တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်များ လွတ်မြောက်သွားခြင်းသာ ဖြစ်ပေလိမ့်မည်။
ရှေးဟောင်းကန္တာရ လင်းမိသားစုမှ ဧကရာဇ်တစ်ပိုင်း ကျွမ်းကျင်သူများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ခဏမျှ တိတ်ဆိတ်သွားကြ၏။ ထို့နောက် ချောမောပြီး အနက်ရောက်ဆံပင်ရှိသော လူငယ်တစ်ဦးက အသက်ကို ပြင်းပြင်းရှူကာ လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
“တခြားတားမြစ်နယ်မြေတွေနဲ့ ဆက်သွယ်လိုက်ပါ။ အခုလို ထူးကဲတဲ့ အခြေအနေမျိုးမှာ ငါတို့တစ်ယောက်ကိုတစ်ယောက် ကူညီဖို့ လိုအပ်တယ်။
အကယ်၍ တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်တွေ နိုးထလာတဲ့အခါ ဘယ်အင်အားစုမဆို ခုခံဖို့ မစွမ်းသာတော့ရင် သူတို့ အကူအညီတောင်းခံရမယ်။ အဲ့ဒီအခါ တခြားအင်အားစုတွေဆီက ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူတွေက သွားရောက်ကူညီပေးကြလိမ့်မယ်။
ဒါက အခုအခြေအနေမှာ အကျပ်အတည်းကို ဖြေရှင်းနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ။ အကယ်၍ ဘယ်အင်အားစုကမဆို ပြဿနာရှာမယ်ဆိုရင် ငါ့ကိုပြော။ အမှားအမှန် မခွဲခြားနိုင်တဲ့ အဲ့ဒီလူတွေကို ငါကိုယ်တိုင် သွားရှင်းပစ်မယ်။”
သူ ထိုသို့ပြောပြီးနောက် လင်းမေရှန်းနှင့် လင်းလော့ယွီ အပါအဝင် လင်းမိသားစု၏ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူအားလုံးက သူတို့၏ အမူအရာကို ပြုပြင်ကာ ပြန်လည်ဖြေကြားလိုက်ကြသည်။
“ဟုတ်ကဲ့ပါ အစ်ကိုကြီး။”
အစ်ကိုကြီး လင်းရှောင်ကျိပြောသည်မှာ မှန်ပေသည်။ ယခုအခါ တားမြစ်နယ်မြေများကို စောင့်ကြပ်နေသော အခြားအင်အားစုများ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ကူညီနိုင်ကြလိမ့်မည်ဟုသာ သူတို့ မျှော်လင့်နိုင်တော့သည်။ သို့မဟုတ်ပါက တားမြစ်နယ်မြေ တစ်ခုခုသာ အဖောက်ခံရလျှင် တာအိုပြည်နယ် သုံးထောင်လုံးအတွက် ကြီးမားသော ဘေးဒုက္ခကြီး ဆိုက်ရောက်ပေတော့မည်။
ထိုသို့ပြောပြီးနောက် ဧကရာဇ်တစ်ပိုင်း ကျွမ်းကျင်သူ အများအပြားသည် သူတို့၏ ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ကာ အခြားတားမြစ်နယ်မြေများကို စောင့်ကြပ်နေသော ကျွမ်းကျင်သူများနှင့် စတင်ဆက်သွယ်ကြတော့သည်။ အကယ်၍ ဖြစ်နိုင်ပါက သူတို့၏ ရှေးဟောင်းကန္တာရ လင်းမိသားစုသည်လည်း အခြားတားမြစ်နယ်မြေများကို သွားရောက်ပံ့ပိုးပေးမည် ဖြစ်သည်။
မကြာမီမှာပင် တားမြစ်နယ်မြေအသီးသီးရှိ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများသည် သတင်းစကားကို လက်ခံရရှိခဲ့ကြပြီး အားလုံးက တုံ့ပြန်မှုများ ပေးပို့ခဲ့ကြသည်။ ခြွင်းချက်မရှိဘဲ တားမြစ်နယ်မြေများကို စောင့်ကြပ်နေသော ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူအားလုံးက ဤတောင်းဆိုချက်ကို သဘောတူခဲ့ကြလေသည်။ အမှန်စင်စစ် သူတို့သည်လည်း ယခုလေးတင် ဤပြဿနာကို စဉ်းစားနေကြခြင်းဖြစ်ပြီး လင်းမိသားစု ထုတ်ဖော်လိုက်သော နည်းလမ်းမှာ အကောင်းဆုံး အဖြေဖြစ်နေသောကြောင့်ပင်။
အကောင်းဆုံး အဖြေဖြစ်နေသဖြင့် သူတို့ တွန့်ဆုတ်နေစရာ အကြောင်းမရှိတော့ပေ။ ဤအခိုက်အတန့်တွင် တာအိုပြည်နယ် သုံးထောင်သည် တစ်ဦးကိုတစ်ဦး ကူညီကာ ရိုးသားစွာ ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်သည်။
ခဏချင်းမှာပင် ရှေးဟောင်းကန္တာရ လင်းမိသားစု ဦးဆောင်သော တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်များကို တိုက်ခိုက်မည့် တိုက်စစ်နှင့် ခံစစ်မဟာမိတ်ကြီးကို တရားဝင် တည်ထောင်လိုက်ပြီ ဖြစ်ကြောင်း ကြေညာလိုက်တော့သည်။ တားမြစ်နယ်မြေ တစ်ခုခုတွင် အခက်အခဲရှိပါက အခြားသူများက ချက်ချင်း သွားရောက်ကူညီကြမည် ဖြစ်သည်။
နတ်ဘုရား ပင်မမျှော်စင်အတွင်းရှိ ဟင်းလင်းပြင်၌...။
လင်းချန်သည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ရာ ဤနေရာသို့ ထပ်မံရောက်ရှိနေသည်ကို တွေ့လိုက်ရသဖြင့် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။ သူသည် နတ်ဘုရားမျှော်စင်၏ ထိပ်ဆုံးသို့ ရောက်ရှိသွားပြီ ဖြစ်ရာ အပြင်သို့ ပြန်လည်ပို့ဆောင်ပေးသင့်သည် မဟုတ်ပါလော။
သူသည် အဘယ်ကြောင့် ယခုအခါ မူလအစမှတ်သို့ ပြန်လည်ရောက်ရှိနေရသနည်း။
အပြင်လောကရှိ တားမြစ်နယ်မြေအသီးသီးတွင် မည်သို့သောအရာများ ဖြစ်ပျက်တော့မည်ကို သူ လုံးဝသတိမပြုမိသေးပေ။ ယခုအချိန်တွင် သူ အလိုရှိသည်မှာ နတ်ဘုရားမျှော်စင်မှ ထွက်ခွာပြီး အပြင်လောကသို့သွားကာ သူ၏ကံတရားကောင်းချီးနှင့် ကောင်းကင်တာအို၏ဆုလက်ဆောင်များကို လက်ခံရယူရန်သာ ဖြစ်သည်။ ထို့ပြင် သူ၏ ခန္ဓာကိုယ်ကျင့်ကြံမှုမှာ ကောင်းကင်ဘုံတက်လှမ်းခြင်းနယ်ပယ်၏ ပထမအဆင့်သို့ ချိုးဖျက်ရောက်ရှိသွားပြီးနောက် ကြုံတွေ့ရမည့် ကောင်းကင်ဘုံအတိဒုက္ခကိုလည်း ရင်ဆိုင်ကျော်ဖြတ်ရန် လိုအပ်သေးသည်။
“စိန်ခေါ်သူ လင်းချန်... သင်ဟာ နတ်ဘုရား ပင်မမျှော်စင်ရဲ့ ထိပ်ဆုံးကို အောင်မြင်စွာ ရောက်ရှိခဲ့ပြီဖြစ်လို့ ပြင်ပကမ္ဘာက လူတွေမသိသေးတဲ့ လျှို့ဝှက်ချက်တစ်ခုကို သိခွင့်ရှိတယ်။”
“စိန်ခေါ်သူ လင်းချန်... သင့်အနေနဲ့ ဒီလျှို့ဝှက်ချက်ကို နားထောင်ဖို့ ဆန္ဒရှိပါသလား။”
ခန့်ညားထည်ဝါသော အသံတစ်ခုမှာ အရပ်မျက်နှာအနှံ့မှ ရုတ်တရက် ထွက်ပေါ်လာပြီး လင်းချန်၏ နားစည်ထဲတွင် ဟိန်းထွက်သွားခဲ့သည်။ ထိုရင်းနှီးနေသော အသံကို ကြားလိုက်ရသောအခါ လင်းချန်၏ မျက်ခုံးအစုံမှာ လှုပ်ခတ်သွား၏။
သူ့ကို ဆုလာဘ်များပေးအပ်ရန် အပြင်သို့ တိုက်ရိုက်ပြန်မပို့သေးဘဲ ထားထားရသည့် အကြောင်းရင်းမှာ သူ့ကို ပြောပြစရာ လျှို့ဝှက်ချက်တစ်ခု ရှိနေသောကြောင့် ဖြစ်နေသည်လော။ သို့သော် ကောင်းကင်တာအိုကိုယ်တိုင်ကပင် ဤမျှအထိ လျှို့ဝှက်ဖုံးကွယခထားရလောက်အောင် ၎င်းမှာ မည်သို့သော လျှို့ဝှက်ချက်မျိုး ဖြစ်နေနိုင်သနည်း။
အမှန်အတိုင်း ပြောရလျှင် သူ အနည်းငယ် စပ်စုချင်စိတ် ဖြစ်မိသွား၏။
“လင်းချန် အလေးအနက် နားထောင်ဖို့ အသင့်ပါပဲ။”
သူ ပြောပြီးနောက် ထိုဟင်းလင်းပြင်နေရာမှာ တိတ်ဆိတ်သွားပြီး ခန့်ညားထည်ဝါသော အသံမှာလည်း ချက်ချင်း ပြန်လည်တုံ့ပြန်ခြင်း မရှိသေးပေ။ အသက်ရှူသံ သုံးကြိမ်စာခန့် ကြာမြင့်ပြီးနောက်တွင်မှ ထိုအသံမှာ ဟင်းလင်းပြင်ထဲ၌ ထပ်မံထွက်ပေါ်လာခဲ့သည်။
“စိန်ခေါ်သူ လင်းချန်... ပျက်စီးနေတဲ့ တာအိုပြည်နယ် သုံးထောင်ရဲ့ တာအိုနိယာမတွေကို တကယ်တော့... ပြန်လည်ပြုပြင်လို့ ရနိုင်ပါတယ်။”