အခန်း (၅၇-၅၈)
Vol. 6 Ch. 57-58
အခန်း ၅၇ - ရက်ရောလှသော ကောင်းကင်တာအို၏ ဆုလက်ဆောင်များ၊ လင်းချန်သာ စိတ်မချမ်းသာရင် ဧကရာဇ်နယ်ပယ် အဆောင်လက်ဖွဲ့နဲ့ ပစ်ပေါက်လိမ့်မယ်
ကောင်းကင်တာအို၏ ဆုလာဘ်များထဲတွင် နောက်ထပ် မွေးရာပါ ဧကရာဇ်လက်နက်တစ်ခု ထပ်မံပါဝင်လာဦးမည်လော။
ဤမေးခွန်းသည် ကျွမ်းကျင်သူအားလုံး၏ နှလုံးသားထဲတွင် မေးမြန်းခြင်းမပြုဘဲ မနေနိုင်လောက်အောင် ပေါ်ပေါက်လာခဲ့တော့လေသည်။
အကယ်၍ ယခုတစ်ကြိမ်တွင် နောက်ထပ် ဧကရာဇ်လက်နက်တစ်ခုသာ ဆုလာဘ်အဖြစ် ပါဝင်လာခဲ့လျှင် လင်းချန်တွင် အနည်းဆုံး ဧကရာဇ်လက်နက် နှစ်ခုရှိနေမည်ဖြစ်သည်။ ဤသည်မှာ ရွှေခေတ်ကြီး၏ အစောပိုင်းအဆင့်သာ ရှိသေး၏။ အစကတည်းက အစွမ်းထက်နေသော လင်းချန်သည် ဤရတနာများပါ ပိုင်ဆိုင်သွားပါက မည်သူက သူ့ကို ယှဉ်ပြိုင်နိုင်တော့မည်နည်း။
တားမြစ်နယ်မြေ အသီးသီးအတွင်း၌မူ...။
ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူ အများအပြားသည် တားမြစ်နယ်မြေများ၏ အနက်ရှိုင်းဆုံးနေရာများမှ တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်များ၏ အရှိန်အဝါမှာ နိုးထနေချိန်နှင့် မခြားတော့သည်ကို ပိုမိုခံစားလာကြရလေသည်။ အထွတ်အထိပ်ပုဂ္ဂိုလ်များ အမှန်တကယ် နိုးထမလာသေးသော်လည်း ထိုအချိန်မှာ သိပ်မဝေးတော့ကြောင်း သူတို့ သိထားကြ၏။ အလွန်ဆုံး နောက်ထပ် တစ်နာရီခန့်အတွင်း တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်များ အားလုံး အမှန်တကယ် နိုးထလာကြပေတော့မည်။
ထိုအချိန်ကျလျှင် တာအိုပြည်နယ် သုံးထောင်ကို ကာကွယ်ရန် ဤဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများ၏ အလှည့် ရောက်လာပေလိမ့်မည်။ သူတို့သည် အစွမ်းကုန် သတိထားနေကြသော်လည်း ပြင်ပလောက၏ အခြေအနေကိုလည်း အာရုံစိုက်နေကြပြီး စိတ်ထဲမှ မေးခွန်းထုတ်နေမိကြသည်။
ဒီတစ်ခေါက် ကောင်းကင်တာအိုလက်ဆောင်ထဲမှာ ဧကရာဇ်လက်နက်အသစ် တစ်ခုခု ပါလာဦးမလား။
အကယ်၍ နောက်ထပ် ဧကရာဇ်လက်နက်တစ်ခုသာ ရှိလာခဲ့လျှင် ၎င်းသည် တာအိုပြည်နယ် သုံးထောင်အတွက် ကြီးမားသော အားကိုးရာ ဖြစ်လာပေလိမ့်မည်။ ထိုသို့ဆိုလျှင် တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်များကို တိုက်ခိုက်မည့် သူတို့၏ တိုက်ခိုက်ရေးစွမ်းအားမှာ သိသိသာသာ တိုးတက်လာမည် မဟုတ်ပါလော။
လူတိုင်း၏ အကြည့်အောက်တွင် ရွှေရောင်မျက်နှာကြီးသည် တာအိုပြည်နယ် သုံးထောင်လုံးသို့ ပျံ့နှံ့သွားသည့် အထွတ်အထိပ် ခန့်ညားထည်ဝါသော ကြေညာချက်ကို ထုတ်ပြန်လိုက်တော့သည်။
“ကောင်းကင်တာအိုလက်ဆောင် ၉၉ ခု - အဆင့်မြင့် နတ်ဘုရားလက်နက် စုစုပေါင်း ၃၃ ခု၊ ထိပ်တန်းအဆင့် နတ်ဘုရားလက်နက် ၁၈ ခု၊ နှစ်သန်းချီသက်တမ်းရှိသော ဆေးဖက်ဝင်အပင် ၁၀ ပင်၊ ဧကရာဇ်နယ်ပယ် ကျင့်စဉ် ၅ ခု...”
ဆုလာဘ်များ၏ အမည်များကို တစ်ခုပြီးတစ်ခု ခေါ်ဆိုသွားရာ တစ်ခုချင်းစီတိုင်းမှာ လောကတွင် ရှားပါးလှသည်ဟုပင် ဆိုနိုင်ပေသည်။ တာအိုပြည်နယ် သုံးထောင်၏ နေရာအသီးသီးတွင် အင်အားစုအသီးသီးမှ ကျွမ်းကျင်သူများသည် ကောင်းကင်တာအို၏ ကြေညာချက်ကို ကြားသောအခါ ထိတ်လန့်သွားကြ၏။
ကောင်းကင်တာအိုက ပေးသနားသောအရာများမှာ စစ်မှန်သော ရတနာများဖြစ်ကြောင်း သူတို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်သော်လည်း ယခုအခါတွင်မူ မထိတ်လန့်ဘဲ မနေနိုင်ကြတော့ပေ။ ဤအရာများကို မြင်ပြီး မထိတ်လန့်လျှင် ထိုလူမှာ စိတ်မမှန်သူသာ ဖြစ်ပေလိမ့်မည်။
အဆင့်မြင့် နတ်ဘုရားလက်နက် ၃၃ ခုဆိုသည်မှာ သာမန်ရှေးဟောင်းဂိုဏ်းများ ထုတ်ပေးရန် ခက်ခဲလှသောအရာ ဖြစ်သည်။ အစွမ်းထက်သော ဧကရာဇ်နယ်ပယ် အင်အားစုများသာလျှင် ဤမျှများပြားသော လက်နက်များကို စုဆောင်းနိုင်စွမ်း ရှိကြပေသည်။ အဆင့်မြင့် နတ်ဘုရားလက်နက်များပင် ဤမျှဖြစ်နေပါက နောက်ကွယ်မှ ထိပ်တန်းအဆင့် နတ်ဘုရားလက်နက် ၁၈ ခု၊ နှစ်သန်းချီသက်တမ်းရှိ ဆေးပင်များနှင့် ဧကရာဇ်နယ်ပယ် ကျင့်စဉ် ၅ ခုတို့မှာ ဆိုဖွယ်ရာ မရှိတော့ပေ။
တာအိုပြည်နယ် သုံးထောင်တွင် ထိပ်တန်းအဆင့် နတ်ဘုရားလက်နက်တိုင်းမှာ မဟာဗျူဟာမြောက် ရတနာများဖြစ်ပြီး ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများသာ ကိုင်ဆောင်နိုင်သည့် ရှားပါးပစ္စည်းများ ဖြစ်ပေသည်။
ဆုတ်ယုတ်ပျက်စီးနေသော အချို့ရှေးဟောင်းဂိုဏ်းများရှိ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများတွင်မူ ကိုယ်ပိုင်ကာကွယ်ရန် ထိပ်တန်းအဆင့် နတ်ဘုရားလက်နက်ပင် မရှိကြပေ။
ထိပ်တန်းအဆင့် နတ်ဘုရားလက်နက် ၁၈ ခု...။ကောင်းကင်တာအိုမှာ အမှန်တကယ် ရက်ရောလွန်းလှ၏။
ထို့ပြင် နှစ်သန်းချီသက်တမ်းရှိသော ဆေးပင်များမှာလည်း သေလူကို ပြန်လည်ရှင်သန်စေနိုင်သော မသေဆေးများဟု ခေါ်ဆိုလျှင် ပုံကြီးချဲ့ခြင်း မဟုတ်ပေ။
ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦးသည် သူ၏ အခြေခံအုတ်မြစ်ကို ထိခိုက်စေသည့် တာအိုဒဏ်ရာများ ရခဲ့လျှင်ပင် ထိုဆေးပင် တစ်ပင်တည်းနှင့်ပင် ပြန်လည်ကောင်းမွန်လာစေရန် လုံလောက်ပြီဖြစ်သည်။
နှစ်သန်းချီသက်တမ်းရှိ ဆေးပင် ၁၀ ပင်ဆိုသည်မှာ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများအတွက် အသက်ဘေးမှ လွတ်မြောက်နိုင်သည့် အခွင့်အရေး ၁၀ ကြိမ်ဟု ဆိုလျှင်လည်း မမှားပေ။
ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများအတွက်ပင် ဤမျှဖြစ်နေပါက အခြားအဆင့်ရှိ ကျင့်ကြံသူများအတွက်မူ ဆိုဖွယ်ရာ မရှိတော့ပေ။
ဧကရာဇ်နယ်ပယ် ကျင့်စဉ်များမှာမူ မဟာဧကရာဇ်အဆင့် ကျွမ်းကျင်သူများသာ ဖန်တီးနိုင်သည့် အစွမ်းထက် နည်းစနစ်များ ဖြစ်ကြသည်။ မဟာဧကရာဇ်အဆင့် ကျွမ်းကျင်သူတိုင်းသည် သူတို့၏ ကျင့်ကြံခြင်း တာအိုသစ်သီးကို အခြေခံ၍ ကိုယ်ပိုင် ဧကရာဇ်နယ်ပယ် နည်းစနစ်တစ်ခုကို သွန်းလုပ်နိုင်ကြပြီး ၎င်းကိုဧကရာဇ်ကျမ်းစာဟု အတိုကောက် ခေါ်ဆိုကြလေသည်။
နောင်လာနောက်သားများသည်လည်း ဤကျင့်စဉ်ကို အားကိုး၍ ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ်နယ်ပယ်အထိ မည်သည့် အဟန့်အတားမျှမရှိဘဲ ကျင့်ကြံနိုင်ကြသည်။ ဤသည်မှာ ကျင့်ကြံခြင်း တာအိုလမ်းစဉ်ဆီသို့ တိုက်ရိုက်ဦးတည်ပေးသည့် အစွမ်းထက် နည်းစနစ်ပင် ဖြစ်သည်။ ရှေးဟောင်းဂိုဏ်း အများစုတွင် များသောအားဖြင့် ဧကရာဇ်နယ်ပယ် ကျင့်စဉ် တစ်ခုသာရှိတတ်ပြီး ယခုမူ တစ်ပြိုင်နက်တည်း ငါးခုတောင် ဆုချီးမြှင့်ခံရခြင်း ဖြစ်သည်။
အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသော ဆုလာဘ်များပင် ဖြစ်တော့သည်။
အင်အားစုအသီးသီးမှ ကျွမ်းကျင်သူများ ထိတ်လန့်နေစဉ်မှာပင် ကောင်းကင်တာအို’ ၏ အထွတ်အထိပ် ခန့်ညားထည်ဝါသော အသံကြီးက ပို၍ပင် တုန်လှုပ်ဖွယ်ကောင်းသော ဆုလာဘ်အချို့ကို ဆက်လက်ကြေညာလိုက်လေသည်။
“...ဧကရာဇ်လက်နက် သန္ဓေသားလောင်း ၁၄ ခု၊ ဧကရာဇ်တစ်ပိုင်းလက်နက် ၅ ခု၊ မဟာဧကရာဇ်အဆင့် အစီအရင် ၅ ခုနှင့် ဧကရာဇ်နယ်ပယ် အဆောင်လက်ဖွဲ့ ၉ ခု။”
“အထက်ပါ ဆုလာဘ်အားလုံးသည် ယခုအကြိမ် ၉၉ ဆသော ကောင်းကင်တာအိုလက်ဆောင်အတွက် ဆုလာဘ်များ ဖြစ်သည်။”
ဧကရာဇ်လက်နက် သန္ဓေသားလောင်းများ...။
ဧကရာဇ်တစ်ပိုင်းအဆင့် လက်နက်များ...။
မဟာဧကရာဇ်အဆင့် အစီအရင်များ...။
ဧကရာဇ်နယ်ပယ် အဆောင်လက်ဖွဲ့များ...။
ဤအသုံးအနှုန်း လေးခုမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာရာ ထောင်ပေါင်းများစွာသော ကျွမ်းကျင်သူများကို ချက်ချင်းပင် မှင်တက်သွားစေပြီး နေရာတင်ပင် ဝိညာဉ်လွင့်မတတ် ဖြစ်သွားကြတော့သည်။
ဘုရားရေ... ဧကရာဇ်လက်နက် သန္ဓေသားလောင်း ၁၄ ခုလုံးတောင်လား။ ဒါက တရားမျှတမှုရော ရှိရဲ့လား။
ဧကရာဇ်တစ်ပိုင်းလက်နက် ၅ ခုဆိုသည်မှာလည်း မဟာဧကရာဇ်နယ်ပယ်နှင့် အနီးစပ်ဆုံးရှိနေသော တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်များက အချိန်အတော်ကြာ အားထုတ်ပြီးမှ သွန်းလုပ်နိုင်သည့် အစွမ်းထက် မှော်ရတနာများ ဖြစ်သည်။ ၎င်းတို့၏ စွမ်းအားမှာ ထိပ်တန်းအဆင့် နတ်ဘုရားလက်နက်များထက် များစွာသာလွန်ပြီး အမည်နှင့်အညီပင်... ဧကရာဇ်တစ်ပိုင်းအဆင့် လက်နက်များ ဖြစ်ကြသည်။
နောက်တွင်ပါဝင်သော မဟာဧကရာဇ်အဆင့် အစီအရင်များမှာမူ ရှေးဟောင်းဂိုဏ်းများတွင် ကိုယ်ပိုင်ကာကွယ်ရန် အနည်းဆုံး တစ်ခုစ၊ နှစ်ခုစ ရှိတတ်သဖြင့် လက်ခံနိုင်သေးသည်။
သို့သော် ထို ဧကရာဇ်နယ်ပယ် အဆောင်လက်ဖွဲ့ဆိုသည်မှာ မဟာဧကရာဇ် ကျွမ်းကျင်သူတစ်ဦး၏ တိုက်ခိုက်မှု တစ်ခု၏ စွမ်းအားကို သိုလှောင်ထားသည့် အဆောင်လက်ဖွဲ့မျိုး မဟုတ်ပါလော။
ဧကရာဇ်နယ်ပယ် အဆောင်လက်ဖွဲ့ ၉ ခုဆိုသည်မှာ လင်းချန်သည် ယခုအခါ မဟာဧကရာဇ်အဆင့် တိုက်ခိုက်မှုစွမ်းအားကို ၉ ကြိမ်တိတိ အသုံးချနိုင်ပြီဟု ဆိုလိုခြင်းပင်။
ဤမျှ အစွမ်းထက်သော နောက်ဆုံးလက်နက်များ ရှိနေပါက ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦးပင်လျှင် သူ့ကို အရင်ဦးအောင် ရန်စရဲမည် မဟုတ်ပေ။ အကယ်၍ လင်းချန်သာ စိတ်မချမ်းသာဖြစ်သွားပါက ဧကရာဇ်နယ်ပယ် အဆောင်လက်ဖွဲ့ တစ်ခုကို ပစ်ပေါက်လိုက်ရုံပင်။ ထိုအချိန်ကျလျှင် မည်သည့် ဧကရာဇ်တစ်ပိုင်းအဆင့် ဖြစ်နေပါစေ မသေရင်တောင် မသန်မစွမ်း ဖြစ်သွားပေလိမ့်မည်။
ကျွမ်းကျင်သူအားလုံးမှာ လုံးဝပင် ထုံထိုင်းသွားကြပြီး သူတို့၏ စိတ်အာရုံများမှာလည်း ဝေဝါးလာတော့သည်။ ယခုတစ်ကြိမ် ကောင်းကင်တာအိုလက်ဆောင်တွင် မွေးရာပါ ဧကရာဇ်လက်နက်ပါမလာခြင်းက သူတို့ကို အနည်းငယ် သက်သာရာရစေခဲ့၏။ သို့သော် ဧကရာဇ်နယ်ပယ် အဆောင်လက်ဖွဲ့များ ပါဝင်လာခြင်းကိုမူ လက်ခံရန် အနည်းငယ် ခက်ခဲနေကြသည်။
သူတို့တွေးမိသည်မှာ ဧကရာဇ်နယ်ပယ် အဆောင်လက်ဖွဲ့များထက်စာလျှင် လင်းချန်ကို ဧကရာဇ်လက်နက် တစ်ခုသာ ပေးလိုက်ခြင်းက ပိုကောင်းဦးမည်ဟူ၍ပင်။
ဧကရာဇ်လက်နက်သည် အစွမ်းထက်သော်လည်း လင်းချန်၏ လက်ရှိအဆင့်နှင့်ဆိုလျှင် ၎င်း၏ စစ်မှန်သော စွမ်းအားကို ထုတ်ဖော်နိုင်ဦးမည် မဟုတ်ပေ။ သို့သော် ဧကရာဇ်နယ်ပယ် အဆောင်လက်ဖွဲ့မှာမူ ထိုသို့မဟုတ်ပေ။ ၎င်းမှာ လင်းချန်အနေဖြင့် ဝိညာဉ်စွမ်းအင်ဖြင့် လှုံ့ဆော်ပြီး ပစ်ပေါက်လိုက်ရုံနှင့်ပင် ကြောက်မက်ဖွယ်ကောင်းသော အရာဖြစ်နေသောကြောင့်ပင်။
ဖူကွမ်းမြို့တော်၊ နတ်ဘုရားမျှော်စင် အပြင်ဘက်...။
ကောင်းကင်ယံတွင် လင်းချန်သည် နားထဲသို့ ရောက်ရှိလာသော ကောင်းကင်တာအို၏ ကြေညာချက်ကို ကြားလိုက်ရသောအခါ အနည်းငယ် အံ့အားသင့်သွား၏။ ယခုတစ်ကြိမ် ကောင်းကင်တာအိုလက်ဆောင်၏ ဆုလာဘ်များမှာ ဤမျှအထိ ရက်ရောလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဤအရာများနှင့်ဆိုရင် သူသည် ခြေဆုံးခေါင်းဆုံး လက်နက်အပြည့်အစုံ တပ်ဆင်ထားသလို ဖြစ်သွားတော့မည်ဖြစ်သည်။
သူ့အနေနှင့် ထိုဧကရာဇ်လက်နက် သန္ဓေသားလောင်းအချို့ကို မိသားစု၏ တခြားပါရမီရှင်များ ပိုမိုသန်မာလာစေရန် ခွဲဝေပေး၍လည်း ရပေသည်။ ထိုသို့ဆိုလျှင် ၎င်းတို့ အနာဂတ်တွင် မဟာဧကရာဇ်များအဖြစ် ချိုးဖျက်ရောက်ရှိသွားသည့်အခါ ကိုယ်ပိုင်ဧကရာဇ်လက်နက် တစ်ခုကိုလည်း အမြန်ဆုံး ပိုင်ဆိုင်နိုင်ကြမည် ဖြစ်သည်။
မှန်ပါသည်။ လင်းချန်၏ လက်ရှိပန်းတိုင်မှာ သူကိုယ်တိုင် ဧကရာဇ်ဖြစ်လာရန် တစ်ခုတည်း မဟုတ်တော့ပါချေ။ လောက၌ရှိနေသည့် သက်ရှိအားလုံးကို ဧကရာဇ်ဖြစ်ခွင့် ရရှိစေဖို့က သူ့၏ ပန်းတိုင်ဖြစ်လာခဲ့ချေပြီ။
သူသည် အရင်ဆုံး ဧကရာဇ်ဖြစ်လာရမည်ဖြစ်၏။ ပြီးလျှင် တာအိုပြည်နယ် သုံးထောင်၏ ပျက်စီးနေသည့် နိယာမများကို ဖြည့်ဆည်းပေးရမည်။ ထို့နောက် သက်ရှိအားလုံးနှင့် သူတို့၏ ရှေးဟောင်းကန္တာရ လင်းမိသားစုအတွက် တန်းတူညီမျှသည့် အခွင့်အရေးကို ဖန်တီးပေးရမည် ဖြစ်ပေသည်။
ဝုန်း... ဝုန်း... ဝုန်း...
ကောင်းကင်၏ အနက်ရှိုင်းဆုံးနေရာမှ တုန်ခါသံမျာ ထွက်ပေါ်လာပြီး ကျန်ရှိနေသည့် ရွှေရောင်အလင်းတန်းများကြားထဲ၌ နတ်ဘုရားလက်နက်များနှင့် ဆေးဖက်ဝင်အပင်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာတော့သည်။ ထိုအရာများမှာ ကောင်းကင်တာအိုက ပေးသနားသည့် လက်ဆောင်မျာစဖြစ်ပြီး လင်းချန်၏ ပိုင်ဆိုင်မှုများပင် ဖြစ်သည်။
ပြီးခဲ့သည့်အကြိမ်က ဧကရာဇ်လက်နက် သန္ဓေသားလောင်း လုယက်ခံခဲ့ရ၍လားတော့မသိချေ။ ဤတစ်ခေါက် ဆုလာဘ်များအပေါ်တွင် လွှမ်းခြုံထားသည့် ကောင်းကင်တာအို၏ စွမ်းအားဟာ အထူးသဖြင့် ပို၍ပင် ပြင်းထန်နေခဲ့သည်။ အရင်တစ်ခေါက်လို ကောင်းကင်တာအို၏ စွမ်းအားကို ရှောင်ကွင်းပြီး ရတနာမျာကို လုယူဖို့ဆိုသည်မှာ လုံးဝကို မဖြစ်နိုင်တော့ချေ။
တာအိုပြည်နယ် သုံးထောင်ရှိ သက်ရှိအားလုံး၏ အကြည့်များအောက်၌မှာပင် များပြားလှသည့် ရတနာများသည် ကောင်းကင်ယံမှ လင်းချန်ရှိရာသို့ တစ်ရှိန်ထိုး ဆင်းသက်လာကြ၏။
နောက်ဆုံးတွင် ထိုရတနာများ အတိဒုက္ခတိမ်တိုက်များကို ဖြတ်ကျော်ပြီး လင်းချန်၏ ရှေ့တည့်တည့်၌ ရပ်တန့်သွားတော့သည်။
သူ့ရှေ့တွင် ဝဲပျံနေသည့် ရတနာအမြောက်အမြားကို ကြည့်ရင်း လင်းချန်ကိုယ်တိုင်တောင်မှ ဝမ်းသာအားရ ပြုံးမိသွား၏။ နတ်ဘုရားမျှော်စင်ထဲကို ဝင်ရောက်စွန့်စားခဲ့ခြင်းသည် အားရပါးရ တိုက်ခိုက်ခွင့်များ ရရှိခဲ့ရုံတင်မကဘဲ ဤကဲ့သို့ ကြွယ်ဝသည့် ဆုလာဘ်များကိုပါ ရရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပါချေ။ ဤတစ်ခေါက် မျှော်စင်ခရီးစဉ်မှာ တကယ့်ကို အမြတ်ထွက်သည့် ခရီးစဉ်တစ်ခုပင်။
အောက်ဘက်တွင်မူ ပါရမီရှင်အများအပြားသည် အလွန်အမင်း အားကျနေသည့် အမူအရာများ ရှိနေကြသော်လည်း တခြားမကောင်းသည့် စိတ်ကူးမျိုးတော့ မမွေးရဲကြချေ။ ထိုရတနာများသည် လင်းချန်တစ်ယောက်တည်းနှင့်သာ ထိုက်တန်ပြီး ဘယ်သူမှ လုယူ၍ မရနိုင်ဘူးဆိုသည်ကို သူတို့ သိနေကြလေသည်။
တာအိုပြည်နယ် သုံးထောင်ရှိ သက်ရှိများအားလုံး အရာအားလုံး ပြီးဆုံးသွားပြီဟု ထင်မှတ်နေကြချိန်မှာပင် ရွှေရောင်မျက်နှာကြီးက နောက်ထပ် ခန့်ညားထည်ဝါသည့် ကြေညာချက်တစ်ခုကို ထပ်မံထုတ်ပြန်လိုက်ပြန်သည်။
“ရှေးဟောင်းကန္တာရ လင်းမိသားစုမှ လင်းချန်... မိုင်ပေါင်း ဆယ်သန်းစာ ကံတရားကောင်းချီးကို လက်ခံရယူစေ။”
အခန်း ၅၈ - ကံတရား၏ နှစ်ခြင်းမင်္ဂလာ တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်များ နိုးထလာခြင်း
ကံကြမ္မာအရှိန်အဝါ မြှင့်တင်မှု... မိုင်ပေါင်း ဆယ်သန်း...။
ကောင်းကင်တာအို၏ ခန့်ညားထည်ဝါသော ကြေညာချက်ကို ကြားလိုက်ရချိန်တွင်မှ တာအိုပြည်နယ် သုံးထောင်၏ သက်ရှိများမှာ သူတို့၏ ထိတ်လန့်မှုများမှ ပြန်လည်နိုးထလာခဲ့ကြလေသည်။
လင်းချန်၏ မျှော်စင်အောင်မြင်မှုအတွက် ဆုလာဘ်များအနက် တစ်မျိုးသာ ခွဲဝေပေးရသေးကြောင်းနှင့် ပေးအပ်ရန် တစ်ခုကျန်ရှိနေသေးကြောင်းကို ထိုအခါမှ သူတို့ သတိရသွားကြတော့သည်။
ကောင်းကင်တာအို၏ လက်ဆောင်များ ပေးအပ်ပြီးပြီဖြစ်ရာ နောက်ထပ်အလှည့်မှာ ကံကြမ္မာအရှိန်အဝါကို မြှင့်တင်ပေးရန်ပင် ဖြစ်သည်။
ထိုအကြောင်းကို တွေးမိသည်နှင့် သက်ရှိအားလုံးမှာ မျှော်လင့်ထားသည့်အတိုင်းပင် ထပ်မံမှင်တက်သွားကြရပြန်သည်။
၎င်းမှာ မိုင်ပေါင်း ဆယ်သန်းတိတိရှိသော ကံတရားကောင်းချီး ဖြစ်သည်။ ဤမျှကြီးမားသော ကံတရားကောင်းချီးကို လင်းချန်အား ပေးအပ်လိုက်ပါက အနာဂတ်တွင် မည်သူက သူ့ကို ဖိနှိပ်နိုင်တော့မည်နည်း။
ကံကြမ္မာ၏ စွမ်းအားမှာ ခံစားရခက်ပြီး နက်နဲလှ၏။ ၎င်းမှာ မရှိသယောင်ထင်ရသော်လည်း ကျင့်ကြံသူများအတွက်မူ အသက်သွေးကြောကဲ့သို့ အရေးပါလှသည်။ ယေဘုယျအားဖြင့် ဆိုရလျှင် သက်ရှိတစ်ဦး၏ ကံကောင်းမှုမှာ ကံကြမ္မာအရှိန်အဝါ၏ ထင်ရှားသော ပြယုဒ်တစ်ခုပင် ဖြစ်ပေသည်။
အစွမ်းထက်သော ကံကြမ္မာအရှိန်အဝါကို ပိုင်ဆိုင်သူများသည် မျှော်လင့်ချက်မဲ့သော အခြေအနေတွင်ပင် အသက်ရှင်သန်ရာ လမ်းစကို ရှာဖွေနိုင်ကြပြီး ထိုအခွင့်အလမ်းကို အသုံးချကာ အဆင့်အတန်းတစ်ခုသို့ပင် တက်လှမ်းနိုင်ကြသည်။ အိမ်ပြင်ထွက်လိုက်ရုံနှင့် ရတနာများ တွေ့ရှိခြင်း သို့မဟုတ် သွားလေရာရာ၌ ကံကောင်းမှုများ ကြုံတွေ့ရခြင်းတို့မှာ ကလေးကစားစရာမျှသာ ဖြစ်ပြီး ထိုသို့သောသူများကို သာမန်ကံကြမ္မာ ပိုင်ဆိုင်သူများဟုသာ သတ်မှတ်နိုင်ပေသည်။
ပုံမှန်အားဖြင့် ပါရမီရှင်များသည် ကျင့်ကြံခြင်းလမ်းခရီးတွင် အထောက်အပံ့ဖြစ်စေရန် အတိုင်းအတာတစ်ခုအထိ ကံကြမ္မာအရှိန်အဝါကို ပိုင်ဆိုင်ထားကြစမြဲပင်။ သို့သော် ပါရမီရှင်စာရင်း၏ ထိပ်ဆုံးမှ ထိပ်တန်းပါရမီရှင်များပင်လျှင် သူတို့၏ ကိုယ်ပိုင်ကံကြမ္မာအရှိန်အဝါမှာ မိုင်ပေါင်း တစ်သောင်းထက် မပိုနိုင်ဟု ခန့်မှန်းရပေသည်။
ယခုမူ မိုင်ပေါင်း ဆယ်သန်းသော ကံကြမ္မာအရှိန်အဝါ မြှင့်တင်မှုနှင့်ဆိုလျှင်... ဤစွမ်းအားကို လင်းချန်အား ပေးအပ်လိုက်ပါက အနာဂတ်တွင် သူသည် ဘာမှလုပ်နေစရာပင် မလိုတော့ဘဲ အမျိုးမျိုးသော အခွင့်အလမ်းများနှင့် ရတနာများမှာ သူ့တံခါးဝသို့ အလိုအလျောက် လာရောက်ခေါက်ကြပေလိမ့်မည်။
ကျင့်ကြံခြင်းနှင့် နယ်ပယ်ချိုးဖျက်ခြင်းများတွင်လည်း လင်းချန်သည် ရက်အနည်းငယ်ခြားတိုင်း ရုတ်တရက် ဉာဏ်အလင်းမှုများ ရရှိနေမည်ဖြစ်ကာ သူ၏ ကျင့်ကြံမှုအဆင့်မှာလည်း တစ်ဟုန်ထိုး မြင့်တက်လာပေလိမ့်မည်။
ကံကြမ္မာ၏ စွမ်းအားမှာ ခွန်အားကို ချက်ချင်း တိုးလာစေသည်မဟုတ်သော်လည်း လက်ခံရရှိသူအပေါ် အထူးကောင်းချီး တစ်ခုကို အထပ်ထပ် တပ်ဆင်ပေးလိုက်သည်နှင့် တူသည်ဟုဆိုလျှင် ပုံကြီးချဲ့ခြင်း မဟုတ်ပေ။
သို့မဟုတ်ပါက... ကောင်းကင်တာအို၏ စောင့်ရှောက်မှုဟုပင် ခေါ်ဆိုနိုင်သေးသည်။ ဤမျှကြီးမားလှသော ကံတရားကောင်းချီးနှင့်ဆိုလျှင် လင်းချန် မည်သည့်အရာကိုပင်လုပ်စေ ကောင်းကင်တာအို၏ အထူးဂရုစိုက်မှုကို ခံရပေလိမ့်မည်။ လင်းချန်ကိုယ်တိုင်ကပင် တစ်စုံတစ်ခုကို မှားယွင်းသွားစေချင်လျှင်တောင်မှ ကောင်းကင်တာအိုက ထိုသို့အဖြစ်ခံမည်မဟုတ်သော ဂရုစိုက်မှုမျိုးပင် ဖြစ်သည်။
ဝုန်း....။
စင်ကြယ်သော ရွှေရောင်မင်္ဂလာတိမ်တိုက်များသည် ကောင်းကင်၏ အနက်ရှိုင်းဆုံးပိုင်းမှ ရုတ်တရက် ပေါ်ထွက်လာပြီး အချိန်ကြာလာသည်နှင့်အမျှ ပိုမိုများပြားလာခဲ့၏။ ခဏချင်းမှာပင် ကောင်းကင်ယံတစ်ခုလုံးမှာ ရွှေရောင်မင်္ဂလာတိမ်တိုက်များ၏ ပုံရိပ်များဖြင့် ဖုံးလွှမ်းသွားတော့သည်။
ထိုရွှေရောင်တိမ်တိုက်များသည် ထူးခြားဆန်းကြယ်ပြီး နက်နဲသော အရှိန်အဝါများကို ဆောင်ကြဉ်းလာကာ လောက၏ အံ့ဖွယ်အရာအားလုံး ပါဝင်နေသယောင် ရှိနေသဖြင့် လူတိုင်းကို တောင့်တမိစေခဲ့လေသည်။
တာအိုပြည်နယ် သုံးထောင်၏ သက်ရှိများသည် ဤမြင်ကွင်းကို ပြင်းပြသော အားကျစိတ်များဖြင့် ကြည့်ရှုနေမိကြ၏။ တားမြစ်နယ်မြေ အသီးသီးရှိ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများပင်လျှင် ခြွင်းချက်မဟုတ်ပေ။
ထိုရွှေရောင်တိမ်တိုက်များသည် ကံတရား၏ စွမ်းအားများပင် ဖြစ်သည်။ သူတို့ ယခင်က မြင်ဖူးခဲ့ကြသော်လည်း ဤမျှအထိ များပြားလှသည်ကိုမူ တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။
မျက်စိတစ်ဆုံး မြင်သမျှမှာ ရွှေရောင်ကံကြမ္မာများသာ ဖြစ်ပြီး အရာအားလုံးမှာ ၎င်းတို့အောက်တွင် ဖုံးကွယ်သွားခဲ့သည်။ အကယ်၍ တစ်ဦးတစ်ယောက်သာ ဤမျှများပြားသော ကံတရားကောင်းချီးကို ရရှိခဲ့လျှင် အနာဂတ်တွင် မဟာဧကရာဇ် တာအိုသစ်သီးကို ပြိုင်ဆိုင်ရာ၌ အောင်မြင်မှုနှုန်းမှာ သိသိသာသာ မြင့်တက်သွားပေလိမ့်မည်။
ကံမကောင်းစွာပင်...တားမြစ်နယ်မြေများတွင် တပ်စွဲထားသူများသည် ယခုအချိန်မှာ လောဘတက်ရမည့်အချိန် မဟုတ်ကြောင်းကို နက်နက်ရှိုင်းရှိုင်း သိရှိထားခဲ့ကြလေသည်။ တာအိုပြည်နယ် သုံးထောင်၏ ကပ်ဘေးမှာ နီးကပ်လာနေပြီဖြစ်ရာ သူတို့သည် အခက်အခဲများကို အတူတကွ ကျော်လွှားကြရမည် ဖြစ်သည်။
တားမြစ်နယ်မြေ အသီးသီးမှာ တာအိုပြည်နယ် သုံးထောင်၏ ကပ်ဘေးပင် ဖြစ်သည်။
လင်းချန်တွင် ဤဘေးဆိုးကို အမှန်တကယ် ချိုးဖျက်နိုင်စွမ်းရှိသော်လည်း သူ ကြီးပြင်းလာရန်အတွက် အချိန်လိုအပ်နေသေးသည်။
ယခု သူတို့လုပ်ဆောင်ရန် လိုအပ်သည်မှာ ထိုအချိန်ကို ရရှိရန်အတွက် လက်ရှိရင်ဆိုင်နေရသော ဘေးကြပ်နံကြပ် အခြေအနေကို ကြံ့ကြံ့ခံ ကျော်ဖြတ်ရန်ပင် ဖြစ်သည်။
တာအိုပြည်နယ် သုံးထောင်၏ သက်ရှိအားလုံး၏ အကြည့်အောက်တွင် ကောင်းကင်ယံရှိ ရွှေရောင်တိမ်တိုက်များသည် လွင့်မျောလာပြီးနောက် နေရာတစ်ခုဆီသို့ တဟုန်ထိုး စီးဆင်းသွားကြတော့လေသည်။ ရွှေရောင်မင်္ဂလာတိမ်တိုက်များသည် ဖူကွမ်းမြို့တော်၏ နယ်မြေတစ်ခုဆီသို့ တိုက်ရိုက် လွင့်ပျံဆင်းသက်လာပုံမှာ မြင်ရသူအပေါင်းကို ရင်ခုန်စိတ်လှုပ်ရှားစေခဲ့လေသည်။
ဖူကွမ်းမြို့တော်အထက်တွင် ရွှေရောင်တိမ်တိုက်များမှာ နေရာအနှံ့ ဖုံးလွှမ်းသွားခဲ့၏။ မည်းနက်နေသော အတိဒုက္ခတိမ်တိုက်များမှာ လုံးဝအုပ်မိုးခြင်းခံလိုက်ရပြီး သူတို့၏ အငွေ့အသက်များမှာလည်း လုံးဝနီးပါး ကွယ်ပျောက်သွားတော့သည်။
ဤသည်မှာ တာအိုပြည်နယ် သုံးထောင်၏ သမိုင်းတစ်လျှောက်တွင် မျက်နှာအပျက်ရဆုံး ကောင်းကင်ဘုံအတိဒုက္ခဟု သတ်မှတ်ရပေလိမ့်မည်။
၎င်းပေါ်လာရုံရှိသေး ကောင်းကင်တာအို၏ အတင်းအကြပ် ရပ်တန့်ခြင်းကို ခံလိုက်ရရုံတင်မကဘဲ အတိဒုက္ခရင်ဆိုင်ရမည့်သူက ၎င်း၏ရှေ့မှောက်တွင်ပင် ရတနာအမြောက်အမြားကို လက်ခံရယူနေခြင်း ဖြစ်သည်။ ယခုအခါတွင်လည်း အတိဒုက္ခရင်ဆိုင်ရမည့်သူမှာ ၎င်း၏မျက်စိရှေ့မှောက်တွင်ပင် ကံကြမ္မာ၏ နှစ်ခြင်းမင်္ဂလာနှင့် အရှိန်အဝါ မြှင့်တင်မှုများကို လက်ခံနေခဲ့ပြန်သည်။
ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေသော ရွှေရောင်ကံကြမ္မာများအလယ်တွင် လင်းချန်၏ ပုံရိပ်မှာ ကံတရားစွမ်းအားများဖြင့် ဖွဲ့စည်းထားသော မင်္ဂလာတိမ်တိုက်များအတွင်း လုံးဝနစ်မြုပ်နေတော့သည်။ ထိုအခိုက်အတန့်တွင် သူသည် တစ်ကိုယ်လုံး အလွန်အမင်း သက်သောင့်သက်သာရှိမှုကို ခံစားနေရပြီး သူ၏ အတွေးအာရုံများမှာလည်း ယခင်ကထက် ပိုမိုကြည်လင်လာခဲ့သည်။
သူ၏ ကျင့်ကြံမှုအဆင့်မှာ တိုးတက်မလာသော်လည်း ဤခံစားချက်မှာ နယ်ပယ်ချိုးဖျက်စဉ်ကထက်ပင် ပို၍ လန်းဆန်းနေ၏။ ကောင်းကင်နှင့် မြေကြီး၏ အချုပ်အနှောင်များကို ဖောက်ထွက်လိုက်ရသကဲ့သို့ပင် လွတ်လပ်ပေါ့ပါးနေတော့သည်။ ခြုံငုံပြောရလျှင် စကားလုံးတစ်လုံးတည်းနှင့်ပင် ပြည့်စုံလှသည်...။
‘အရမ်းမိုက်တယ်။’
မျှော်စင်တက်စဉ်က ရရှိခဲ့သော စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုများမှာ ဤကံတရား၏နှစ်ခြင်းမင်္ဂလာအတွင်း လုံးဝဥဿုံ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ဝုန်း
လင်းချန်သည် ကံကြမ္မာမြှင့်တင်မှု၏ သာယာမှုကို ခံစားနေစဉ်မှာပင် တာအိုပြည်နယ် သုံးထောင်၏ နေရာအနှံ့တွင် ပြန့်နှံ့နေသော တားမြစ်နယ်မြေများ၌ ကမ္ဘာပျက်မတတ် အဖြစ်အပျက်ကြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများ အားလုံးမှာ တိုက်ပွဲအတွက် အသင့်အနေအထားဖြင့် ရပ်တည်လိုက်ကြတော့လေသည်။
အဘယ်ကြောင့်ဆိုသော် တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ဦး နိုးထလာခဲ့ပြီဖြစ်သောကြောင့်ပင်။
ချင်းပြည်နယ်၊ ချင်းယင်တားမြစ်နယ်မြေ...။
ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူ အနည်းငယ်မှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် တားမြစ်နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြပြီး သူတို့၏ ခန္ဓာကိုယ်များထဲမှ အဆုံးမဲ့သော အစွမ်းထက်စွမ်းအင်များကို ထုတ်ဖော်နေကြသည်။ သို့သော်လည်း သူတို့သည် ဘေးကင်းသည်ဟူသော ခံစားချက်မျိုး လုံးဝမရရှိဘဲ တစ်ဦးနှင့်တစ်ဦး နီးကပ်စွာ ရပ်နေကြ၏။ ထိုသို့ပြုလုပ်ခြင်းကသာ သူတို့အား အနည်းငယ်မျှသော လုံခြုံမှုကို ပေးစွမ်းနိုင်ပုံရသည်။
ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများ စောင့်ကြည့်နေသော တားမြစ်နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာတွင် ဆွဲဆောင်မှုရှိသော ပုံရိပ်တစ်ခုမှာ လေထဲသို့ ဖြည်းညှင်းစွာ မြင့်တက်လာနေခဲ့သည်။ ထိုပုံရိပ်မှာ တုနှိုင်းမဲ့အောင် လှပလွန်းလှပြီး ဤလောကတွင် မရှိနိုင်လောက်သော ပြီးပြည့်စုံမှုမျိုးကို ပိုင်ဆိုင်ထားလေသည်။
ခန္ဓာကိုယ်အချိုးအစားမှာလည်း အပြစ်ဆိုဖွယ်မရှိဘဲ အဆုံးမဲ့သော ဆွဲဆောင်မှုအရှိန်အဝါများကို အထိန်းအကွပ်မဲ့ ထုတ်လွှတ်နေတော့သည်။
တားမြစ်နယ်မြေ၏ အမည်းရောင် အငွေ့အသက်များမှာ သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ပန်းရောင်အရှိန်အဝါများ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရ၏။ ချင်းယင် တားမြစ်နယ်မြေတစ်ခုလုံးမှာ ပန်းရောင်အဖြစ် ပြောင်းလဲသွားပြီး အတွင်း၌ ရှိနေရခြင်းမှာ ကာမဂုဏ်ခံစားရာ ဂူတစ်ခုထဲသို့ ရောက်နေသကဲ့သို့ပင်။
ထိုဆွဲဆောင်မှုရှိသော အမျိုးသမီး၏ ပုံရိပ်မှာ သေးငယ်သော်လည်း သူမ ပေါ်လာချိန်တွင် ကောင်းကင်နှင့် မြေကြီးအကြား၌ သူမတစ်ဦးတည်းသာ ရှိနေသကဲ့သို့ ခံစားရစေခဲ့လေသည်။ ထိုအမျိုးသမီးမှာ အခြားသူမဟုတ်ဘဲ ချင်းယင် တားမြစ်နယ်မြေ၏ အရှင်သခင် ချင်းယင် အထွတ်အထိပ်ပုဂ္ဂိုလ်ပင် ဖြစ်တော့သည်။