အခန်း (၅၉-၆၀)
Vol. 6 Ch. 59-60
အခန်း ၅၉ - တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်များ တစ်ဦးပြီးတစ်ဦး နိုးထလာခြင်းနှင့် စစ်ပွဲကြီး စတင်ခြင်း
ချင်းယင် အထွတ်အထိပ်ပုဂ္ဂိုလ်၏ ခွန်အားမှာ တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်အားလုံးထဲတွင် အသန်မာဆုံးမဟုတ်နိုင်သော်လည်း သူမသည် အမှန်တကယ်ပင် အန္တရာယ်အရှိဆုံးနှင့် အနှောင့်အယှက်အပေးနိုင်ဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် သူမ ကျင့်ကြံသော တာအိုမှာ သက်ရှိအားလုံး ပိုင်ဆိုင်ထားပြီး စွန့်ပစ်ရန် ခက်ခဲလှသည့် ကာမဂုဏ်တဏှာတာအို ဖြစ်နေသောကြောင့်ပင်။
သူမကို တိုက်ရိုက်ရင်ဆိုင်ရခြင်းသည် လူတစ်ဦး၏ အတွင်းစိတ်ထဲရှိ အခြေခံအကျဆုံးသော ကာမစိတ်ဆန္ဒများကို အထိန်းအကွပ်မဲ့ ဆူပွက်လာစေပြီး ဖောက်ပြန်ပျက်စီးခြင်းနှင့် အာရုံခံစားမှုများထဲတွင် နစ်မွန်းသွားခြင်းတို့ကို ဖြစ်ပေါ်စေမည်ဖြစ်သည်။
အဆုံးတွင်မူ ထိုသို့နစ်မွန်းသွားသူများသည် ကိုယ်ပိုင်အတွေးအခေါ် ကင်းမဲ့သွားပြီး ကာမဂုဏ်စွမ်းအားဖြင့် ထိန်းချုပ်ထားသော ရုပ်သေးရုပ်များ ဖြစ်သွားကြပေလိမ့်မည်။
ချင်းယင် အထွတ်အထိပ်ပုဂ္ဂိုလ်အတွက် စိတ်ကြိုက်ခိုင်းစေနိုင်သည့် ရုပ်သေးရုပ်များသာ ဖြစ်သွားပေတော့မည်။
ချင်းယင် အထွတ်အထိပ်ပုဂ္ဂိုလ်၏ ကာမဂုဏ်တဏှာ တာအိုမှာ အလွန်ပင် နက်နဲလှသဖြင့် ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူတစ်ဦးပင်လျှင် သတိမထားမိပါက သူမ၏ လှည့်စားမှုကို ခံရပြီး ရုပ်သေးရုပ်အဖြစ် ပြောင်းလဲသွားနိုင်ပေသည်။
ဤအချက်ကြောင့်ပင် ချင်းယင်တားမြစ်နယ်မြေကို စောင့်ကြပ်နေကြသော ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများသည် အင်အားကြီးသော ရန်သူကို ရင်ဆိုင်နေရသကဲ့သို့ အလွန်အမင်း တင်းမာနေကြခြင်း ဖြစ်သည်။
သူတို့သည် ဂုဏ်သိက္ခာရှိရှိ တိုက်ခိုက်ရမည့် တိုက်ပွဲကို မကြောက်ကြသော်လည်း ချင်းယင် အထွတ်အထိပ်ပုဂ္ဂိုလ်ကဲ့သို့ အကွက်များလှသော ပုဂ္ဂိုလ်ကို ရင်ဆိုင်ရချိန်တွင်မူ အနည်းငယ်မျှပင် ပေါ့ဆ၍မရပေ။
“ခစ်... ခစ်... ခစ်...အပြင်လောကမှာ ဒီလောက်တောင် ပါရမီထူးတဲ့ ကောင်လေးတစ်ယောက် ပေါ်နေတာကို ဘာလို့ ဒို့ကို စောစောစီးစီး မနိုးကြတာလဲ။
ဒို့ အိပ်ပျော်နေတာ ကြာသွားလို့ မင်းတို့လို သေလူတစ္ဆေတွေက ဒို့ကို မေ့သွားကြတာလား။”
ထိုအခိုက်အတန့်တွင် ဆွဲဆောင်မှုရှိသော အမျိုးသမီးရှိရာဆီမှ သာယာနာပျော်ဖွယ်ကောင်းသော ရယ်မောသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအသံတွင် မြူဆွယ်သည့် အရိပ်အယောင် အနည်းငယ်မျှပင် မပါဝင်ဘဲ အိမ်နီးချင်း မိန်းကလေးတစ်ဦးကဲ့သို့ပင် စင်ကြယ်လှပေသည်။
၎င်းမှာ ထူးခြားသော မှော်စွမ်းအားတစ်ခု ကိန်းအောင်းနေသယောင်ရှိပြီး လောကတစ်ခုလုံးကို နူးညံ့ပျော့ပျောင်းသွားစေကာ တားမြစ်နယ်မြေအတွင်းရှိ အန္တရာယ်ရှိသော အငွေ့အသက်များကို လုံးဝကွယ်ပျောက်သွားစေခဲ့သည်။ သို့သော် အဆင်သင့်ပြင်ထားသော ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများ၏ နားထဲတွင်မူ ထိုအသံမှာ သူတို့၏ စိတ်အာရုံကို ချက်ချင်း တင်းမာသွားစေခဲ့၏။
တားမြစ်နယ်မြေအတွင်းရှိ အန္တရာယ်အားလုံး ပျောက်ကွယ်သွားသယောင် ထင်ရသော်လည်း အမှန်စင်စစ်တွင်မူ အကျပ်အတည်းအားလုံးမှာ ဤလှပသော အသံများအကြားတွင် ပုန်းကွယ်နေခြင်း ဖြစ်သည်။ ထိုနူးညံ့ချိုမြိန်သော အသံထဲတွင် ကြီးမားသော ဘေးအန္တရာယ်တစ်ခု တည်ရှိနေခဲ့လေသည်။
ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများ ယုံကြည်ထားသည်မှာ အကယ်၍ သူတို့သည် ဤအန္တရာယ်ကင်းပုံရသော အသံကြောင့် သတိလက်လွတ်ဖြစ်သွားပါက... ချင်းယင် အထွတ်အထိပ်ပုဂ္ဂိုလ်သည် အခွင့်ကောင်းယူကာ သူတို့ကို တစ်ဦးချင်း ချေမှုန်းပြီး ကိုယ်ပိုင်အတွေးအခေါ်မဲ့သော ရုပ်သေးရုပ်များအဖြစ် ပြောင်းလဲပစ်မည်မှာ သေချာပေသည်။
ချင်းယင် အထွတ်အထိပ်ပုဂ္ဂိုလ်၏ စကားများကို လျစ်လျူရှုကာ ဧကရာဇ်တစ်ပိုင်းနယ်ပယ် ဆဋ္ဌမအဆင့်သို့ ရောက်ရှိထားသော ကျွမ်းကျင်သူတစ်ဦးက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
“တာအိုမိတ်ဆွေတို့... ဒီနေရာက သတင်းကို အပြင်ကို ပို့ပြီးပြီလား။”
စကားအဆုံးတွင် အတူရှိနေသော တစ်ဦးတည်းသော ဧကရာဇ်တစ်ပိုင်းအဆင့် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူက တည်ငြိမ်စွာ ခေါင်းငြိမ့်ပြလိုက်သည်။
“ပို့ပြီးပြီ။ တာအိုပြည်နယ် သုံးထောင်က ကျွမ်းကျင်သူအားလုံး သိထားကြတယ်။ ဒါပေမဲ့ ငါတို့ဆီက တိုက်ခိုက်ရေးစွမ်းအားက လုံလောက်နေသေးလို့ အခုထိတော့ ဘယ်ကျွမ်းကျင်သူမှ ကူညီဖို့ ရောက်မလာသေးဘူး။
ချင်းယင် အထွတ်အထိပ်ပုဂ္ဂိုလ်က ခုမှ နိုးတာဆိုတော့ သူမရဲ့ ခွန်အားက အပြည့်အဝ ပြန်မကောင်းသေးဘူး။ ငါတို့ ငါးယောက်ပေါင်းရင် သူမကို ယှဉ်တိုက်နိုင်မှာပါ။
ဘာလို့လဲဆိုတော့ တခြားတားမြစ်နယ်မြေတွေမှာလည်း သူတို့ရဲ့ အထွတ်အထိပ်ပုဂ္ဂိုလ်တွေ နိုးထတော့မှာမလို့ပဲ။ သူတို့လည်း အလုပ်ရှုပ်နေကြတယ်။”
ထိုစကားများကို ကြားလိုက်ရချိန်တွင် ရောက်ရှိနေသော ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူအားလုံး သက်ပြင်းရှည်ကြီး ချလိုက်မိကြ၏။ သူတို့ငါးယောက်လုံးမှာ ချင်းပြည်နယ်ရှိ အဓိကအင်အားစု အသီးသီးမှ ရောက်လာကြသူများဖြစ်ပြီး လက်ရှိ ချင်းပြည်နယ်၏ အမြင့်ဆုံး တိုက်ခိုက်ရေးစွမ်းအားကို ကိုယ်စားပြုထားကြပေသည်။
အကယ်၍ သူတို့သာ ရှုံးနိမ့်သွားပြီး ချင်းယင် အထွတ်အထိပ်ပုဂ္ဂိုလ်ကို တားမြစ်နယ်မြေထဲမှ ထွက်ခွာခွင့် ပေးလိုက်ရပါက ချင်းပြည်နယ်တစ်ခုလုံး ပျက်သုဉ်းသွားပေလိမ့်မည်။
ချင်းပြည်နယ်ရှိ သန်းပေါင်းများစွာသော သက်ရှိများသည်လည်း ချင်းယင် အထွတ်အထိပ်ပုဂ္ဂိုလ် ခွန်အားပြန်လည်ရရှိရန်အတွက် အာဟာရများ ဖြစ်သွားကြပေလိမ့်မည်။ ထိုအချိန်သို့ ကျရောက်လာလျှင် ချင်းပြည်နယ် တစ်ခုလုံးတွင် သွေးချောင်းစီးမည့် ကပ်ဘေးကြီးတစ်ခု ဧကန်မလွဲပင် ဖြစ်လာပေလိမ့်သည်။
ထို့ကြောင့် သူတို့သည် ချင်းယင် အထွတ်အထိပ်ပုဂ္ဂိုလ်ကို မဖြစ်မနေ ဟန့်တားထားရမည်ဖြစ်ပြီး သူမအား တားမြစ်နယ်မြေအတွင်း၌သာ ပိတ်မိနေအောင် လုပ်ဆောင်ရပေလိမ့်မည်။ ၎င်းမှာ မိမိတို့ကိုယ်တိုင်အတွက်ရော... ချင်းပြည်နယ် အတွက်ပါ ဖြစ်သည်။
တားမြစ်နယ်မြေအထက် ကောင်းကင်ယံတွင် မည်သူမျှ သူမအား အရေးတယူမရှိသည်ကို မြင်လိုက်ရသောအခါ ချင်းယင် အထွတ်အထိပ်ပုဂ္ဂိုလ်၏ အပြုံးများ ပျောက်ကွယ်သွားပြီး သူမ၏ မျက်နှာပေးမှာ အေးစက်ခက်ထန်လာတော့သည်။
“ငါ အိပ်စက်ခဲ့တာ ကြာသွားလို့ မင်းတို့တွေက ငါ့ကို အထင်မကြီးတော့တဲ့ပုံပဲ။
ဒါဆိုရင်လည်း ငါ ဘယ်သူလဲဆိုတာကို မင်းတို့ မှတ်မိသွားအောင် ငါ လုပ်ပေးရမှာပေါ့။”
သူမ၏စကားသံ ပဲ့တင်ထပ်မဆုံးမီမှာပင် ဧကရာဇ်တစ်ပိုင်းအဆင့် အထွတ်အထိပ်အဆင့်ထက် သာလွန်သော ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုသည် ချင်းယင် တားမြစ်နယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွား၏။ ချင်းယင် တားမြစ်နယ်မြေအတွင်းမှ ယုတ်ညံ့ပြီး ဆွဲဆောင်မှုရှိသော အငွေ့အသက်များ ပြည့်နှက်နေသည့် တားမြစ်နယ်မြေ မိစ္ဆာများသည်လည်း အပြင်သို့ တဟုန်ထိုး ပြေးထွက်လာကြတော့သည်။
ခဏချင်းမှာပင် ချင်းယင် တားမြစ်နယ်မြေတစ်ခုလုံးသည် ကြီးမားသော အန္တရာယ်နယ်မြေအဖြစ်သို့ ပြောင်းလဲသွားတော့ခဲ့လေသည်။
ချင်းပြည်နယ်၏ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူငါးဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးလိုက်ကြ၏။
“တိုက်ကြ...။”
ပြောပြောဆိုဆိုနှင့်ပင် ထိုလူငါးဦး၏ ခန္ဓာကိုယ်ထဲမှ သူတို့ဘဝတစ်လျှောက် အစွမ်းထက်ဆုံး စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာကြလေသည်။ ဤတိုက်ပွဲမှ သူတို့ အသက်ရှင်လျက် ပြန်ထွက်လာနိုင်မလားဆိုသည်ကို သူတို့မသိသော်လည်း တိုက်ရမည်ကိုမူ သူတို့ ကောင်းကောင်းသိကြပေသည်။
နောက်တစ်ခဏတွင် ချင်းယင် တားမြစ်နယ်မြေအတွင်း၌ ဧကရာဇ်တစ်ပိုင်းအဆင့် တိုက်ပွဲ၏ တုန်ခါမှုလှိုင်းများမှာ အဆက်မပြတ် ပျံ့နှံ့သွားတော့သည်။
ချင်းယင် တားမြစ်နယ်မြေ၌ တိုက်ပွဲစတင်ပြီး မကြာမီမှာပင် အခြားပြည်နယ်များရှိ တားမြစ်နယ်မြေများ၌လည်း ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ်အဆင့်ထက် သာလွန်သော အရှိန်အဝါများ ပေါ်ထွက်လာခဲ့သည်။ လင်းချန် ကံတရားကောင်းချီးများကို လက်ခံရယူနေသည့် အချိန်အတွင်းမှာပင် တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်များမှာ တစ်ဦးပြီးတစ်ဦး နိုးထလာခဲ့ကြခြင်း ဖြစ်လေသည်။
သူတို့၏ ရည်မှန်းချက်များမှာ ထပ်တူကျလှသည်။ တားမြစ်နယ်မြေများမှ ထွက်ခွာရန်၊ သက်ရှိများကို သတ်ဖြတ်ရန်၊ သူတို့၏ အဆင့်အတန်းကို ပြန်လည်ရယူရန်နှင့် လင်းချန်ကို သတ်ပစ်ရန် ဖြစ်သည်။
လင်းချန်သည် အဆင့်တူတိုက်ပွဲ၌ တာအိုဘိုးဘေးကိုပင် အနိုင်ယူနိုင်ခဲ့၏။ အကယ်၍ သူ့ကို ဆက်လက်ကြီးထွားခွင့်ပေးပြီး ဧကရာဇ်တစ်ပိုင်းနယ်ပယ်သို့ ရောက်ရှိသွားစေပါက... မဟာဧကရာဇ် တာအိုသစ်သီး ပေါ်ထွက်လာသည့်အခါ သူတို့သည် လင်းချန်ကို မည်သို့မျှ ယှဉ်ပြိုင်နိုင်ကြတော့မည် မဟုတ်ပေ။
သူတို့သည် မိမိကိုယ်မိမိ ကောင်းစွာ သိရှိထားကြ၏။ တာအိုဘိုးဘေးနှင့် နှိုင်းယှဉ်လျှင် သူတို့မှာ များစွာ နိမ့်ကျလှပေသည်။ ထို့ကြောင့် လင်းချန် မကြီးပြင်းလာမီ ပုခက်အတွင်းမှာပင် သူ့ကို သတ်ပစ်ရမည် ဖြစ်သည်။
ပြင်ပလောကမှ မည်သူမျှ မသိရှိသေးသော အချိန်တွင် တာအိုပြည်နယ် သုံးထောင်တစ်ခုလုံးကို သက်ရောက်စေမည့် စစ်ပွဲကြီးမှာ အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
နတ်ဘုရားမျှော်စင် အပြင်ဘက်...။
လင်းချန်သည် နောက်ဆုံး ကံတရားစွမ်းအားကို စုပ်ယူပြီးနောက် ကျေနပ်အားရသော မျက်နှာပေးဖြင့် ရှိနေခဲ့လေသည်။
“မိုင်ပေါင်း ဆယ်သန်းစာ ကံတရားကောင်းချီးတွေကြောင့် ငါ့ရဲ့ ကျင့်ကြံမှု တိုးမလာပေမဲ့ ဒီခံစားချက်ကတော့ တကယ်ကို... စကားလုံးနဲ့တောင် ဖော်ပြလို့မရနိုင်အောင်ပဲ။”
သူသည် အဆင့်တူတိုက်ပွဲ၌ တာအိုဘိုးဘေးနှင့် နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ရလျှင် ယခင်ကထက် ပိုမိုလွယ်ကူစွာ အနိုင်ယူနိုင်လိမ့်မည်ဟု ခံစားနေရသည်။
ရုတ်တရက် လင်းချန်သည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပြီး သူ၏ သိုလှောင်လက်စွပ်ထဲမှ ဆက်သွယ်ရေး တိုကင်တစ်ခုကို ထုတ်ယူလိုက်၏။ သတင်းတစ်ခု ဝင်လာသည်ကို သူ သိလိုက်ရပြီး ထိုသတင်းကို ပို့လိုက်သူမှာလည်း အခြားသူမဟုတ်ပေ။ သူ၏ ဖခင်ဖြစ်သူ လင်းဟောက်ရန်ပင် ဖြစ်သည်။ ဤအချိန်၌ သူ့ထံ သတင်းပို့သည်ဆိုပါက အရေးကြီးသော ကိစ္စတစ်ခုခု ရှိနေသောကြောင့် ဖြစ်ပေလိမ့်မည်။
ဆက်သွယ်ရေးတိုကင်အတွင်းသို့ ဝိညာဉ်စွမ်းအားများ ထည့်သွင်းလိုက်သောအခါ လင်းဟောင်ရန်၏ အသံမှာ အတွင်းမှ ထွက်ပေါ်လာတော့သည်။
“ချန်အာ... တားမြစ်နယ်မြေ အသီးသီးက အထွတ်အထိပ်ပုဂ္ဂိုလ်တွေ အားလုံး နိုးထလာကြပြီ။ သူတို့ရဲ့ ပစ်မှတ်က မင်းပဲ ဖြစ်လိမ့်မယ်။
ကံတရားကောင်းချီးတွေကို လက်ခံပြီးတာနဲ့ အပြင်မှာ အချိန်အကြာကြီး မနေနဲ့တော့။ မိသားစုဆီကို ချက်ချင်း ပြန်လာခဲ့။”
တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်တွေ... နိုးထလာကြပြီလား။
နားထဲသို့ ရောက်ရှိလာသော စကားများကို ကြားလိုက်ရချိန်တွင် လင်းချန်၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်လှုပ်သွားတော့သည်။
ထူးဆန်းလှပါပကောလား...။
တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်တွေ အားလုံးက တစ်ပြိုင်နက်တည်း နိုးလာကြခြင်းဖြစ်လေသည်။
အတိတ်တုန်းက တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်များသည် တော်ရုံနှင့် နိုးထလေ့မရှိဘူးဆိုည်ကို လူတိုင်းသိထားကြပေသည်။ သူတို့အနေနှင့် မဟာဧကရာဇ် တာအိုသစ်သီးကို အရယူရန် နိုးထချင်သည်ဆိုလျှင်ပင် ယခုလိုအချိန်မျိုးတဪ့ မဖြစ်သင့်ချေ။ ထို့ပြင်... သူတို့၏ ပစ်မှတ်က သူလင်းချန်ဖြစ်နေသည်လော။
သတိပြန်ဝင်လာပြီးနောက် လင်းချန် မျက်မှောင်ကြုတ်လိုက်မိသည်။
ငါ နတ်ဘုရားစာရင်းရဲ့ နံပါတ်တစ်နေရာကို ရယူလိုက်လို့များလား။ ဒါက ဖြစ်နိုင်ခြေရှိတယ်။
အဆင့်တူတိုက်ပွဲတွင် တာအိုဘိုးဘေးကိုပင် အနိုင်ယူနိုင်ခဲ့တဲ့သူဖြစ်ရာ ဧကရာဇ်ဖြစ်ချင်နေကြသည့်သူများအတွက်မူ သူသည် မျက်စိထဲက ဆူးတစ်ချောင်းလို ဖြစ်နေမည်မှာ အသေအချာပင်။
အတိဒုက္ခရင်ဆိုင်ခြင်း ပြီးဆုံးသွားလျှင်မူ မိသားစုဆီ အရင်ပြန်ပြီး သေချာအစီအစဉ်ချရပေလိမ့်မည်။ အကယ်၍ တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်များသာ တားမြစ်ချက်များကို ထိုးဖောက်ပြီး အပြင်ကို ထွက်လာကြမည်ဆိုပါက သူ၏ အခုလက်ရှိ ခွန်အားနှင့် သူတို့ကို ယှဉ်ပြိုင်ရန်မှာ မလုံလောက်သေးချေ။
“ဟူး...”
သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ရင်း လင်းချန်၏ မျက်နှာတွင် ကူကယ်ရာမဲ့သည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ခွန်အား...”
သူသည် ယခု နတ်ဘုရားစာရင်း၏ နံပါတ်တစ် ဖြစ်နေပြီဆိုသော်လည်း ထိပ်တန်းအဆင့် ကျွမ်းကျင်သူများနှင့် ယှဉ်ရင်တော့ အလှမ်းဝေးနေပါသေးသည်။ သူ၏ ခွန်အားများကို ဆက်လက် တိုးမြှင့်ရန် လိုအပ်နေသေး၏။ သူ၏ တကယ့်ရန်သူများမှာ သူနှင့်မျိုးဆက်တူ ပါရမီရှင်များ မဟုတ်တော့ဘဲ ထို... တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်များ ဖြစ်လာပေတော့မည်။
ထိုစဉ် မည်းနက်နေသော အတိဒုက္ခတိမ်တိုက်အထက်ရှိ ရွှေရောင်မျက်နှာကြီးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့တော့လေသည်။ မည်းနက်နေသော ဘေးဒုက္ခတိမ်တိုက်များသည်လည်း စွမ်းအားများကို စုစည်းရန်အတွက် ပြန်လည် လူးလွန့်လာတော့သည်။
အောက်ဘက်ရှိ ပါရမီရှင်အများအပြားမှာလည်း ထိုမြင်ကွင်းကို ကြည့်ရင်း အသက်ကို ပြင်းပြင်းရှူလိုက်မိကြ၏။ လင်းချန်၏ မျှော်စင်စမ်းသပ်မှု ပြီးဆုံးသွားပြီဖြစ်ရာ နောက်တစ်လှည့်မှာ သူတို့၏ စမ်းသပ်မှုများ စတင်ရန် အချိန်ကျရောက်လာပြီ ဖြစ်သည်။
မျှော်စင်ခွဲစမ်းသပ်မှုများ ပြီးဆုံးသွားပြီးနောက် သူတို့၏ ခွန်အားများ သိသိသာသာ တိုးတက်လာခဲ့ကြသော်လည်း ပင်မမျှော်စင်ထဲသို့ ပြန်ဝင်ရန်မူ မကြိုးစားရသေးပေ။ ယခုတစ်ကြိမ်တွင်မူ သူတို့သည် မိမိကိုယ်မိမိ စိန်ခေါ်ပြီး နတ်ဘုရားစာရင်းတွင် အဆင့်တက်နိုင်ရန် ကြိုးစားကြရပေတော့မည်။
ဝုန်း...
ပြင်းထန်သော မြည်ဟိန်းသံများ ဆက်တိုက် ထွက်ပေါ်လာပြီး မည်းနက်နေသော အတိဒုက္ခတိမ်တိုက်မှာ ကောင်းကင်ယံတစ်ခုလုံးကို ထပ်မံဖုံးလွှမ်းသွားခဲ့ပြန်သည်။ ကြောက်မက်ဖွယ် အရှိန်အဝါများ ထုတ်လွှတ်နေသည့် ခရမ်းရောင် လျှပ်စီးတန်းများသည်လည်း အတိဒုက္ခတိမ်တိုက်အတွင်း အဆက်မပြတ် လူးလွန့်နေတော့သည်။
လင်းချန်သည် ဆက်သွယ်ရေးတိုကင်ကို ပြန်သိမ်းလိုက်ပြီး ခေါင်းမော့ကာ သူ၏ ဦးခေါင်းထက်ရှိ မည်းနက်နေသော အတိဒုက္ခတိမ်တိုက်ကို စိုက်ကြည့်လိုက်၏။
“အခု အတိဒုက္ခကို ရင်ဆိုင်ဖို့ အချိန်တန်ပြီ။”
သူ့အနေနှင့် ခွန်အားကို အမြန်ဆုံး တိုးမြှင့်ရမည်ဖြစ်သည်။ သို့မှသာ တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်များ၏ ခြိမ်းခြောက်မှုအောက်၌ မိမိကိုယ်ကိုယ် ကာကွယ်နိုင်ရုံတင်မကဘဲ... တစ်ချိန်တည်းမှာပင် ပြန်လည် တိုက်စစ်ဆင်နိုင်မည် ဖြစ်ပေသည်။
အခန်း ၆၀ - ခဏလေး အတိဒုက္ခက ဘာလို့ သန္ဓေပြောင်းသွားတာလဲ၊ ငါပင်ပန်းနေပြီ၊ အားလုံးသာ ပျက်စီးသွားပါစေတော့
“ဂျိန်း... ဝုန်း...”
“ဒုန်း...”
ကောင်းကင်တာအိုက လမ်းတစ်ဝက်မှာ ရပ်တန့်ခလုတ်ကို နှိပ်ထားခဲ့သောကြောင့် အတိဒုက္ခတိမ်တိုက်ကြီးမှာ ဒေါသတွေ အတော်လေး စုပြုံနေပုံရသည်။ ၎င်းမှာ ပြန်လည်လူးလွန့်လာရုံရှိသေးသော်လည်း ဘေးဒုက္ခလျှပ်စီးများမှာ အချိန်အကြာကြီး စုစည်းမနေတော့ဘဲ ကြောက်မက်ဖွယ် ခရမ်းရောင်လျှပ်စီးတန်းကြီးတစ်ခုအဖြစ် မည်းနက်သော တိမ်တိုက်ထဲမှ ပြေးထွက်လာကာ လင်းချန်ရှိရာဆီသို့ တည့်တည့်မတ်မတ် ပစ်ချလိုက်တော့သည်။
ထိုအခိုက်အတန့်တွင် လင်းချန်သည် သူ၏ ခန္ဓာကိုယ်မှာ ကြီးမားသော ကြောက်မက်ဖွယ် အရာတစ်ခု၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရပြီး ရှောင်တိမ်းရန် မဖြစ်နိုင်တော့ကြောင်း ခံစားလိုက်ရသည်။
ဤခံစားချက်မှာ သူ့အတွက် အလွန်ရင်းနှီးလှ၏။ ၎င်းမှာ သူ၏ ဝိညာဉ်စွမ်းအင်ကျင့်ကြံမှု ကပ်ဘေးကိုးခုနယ်ပယ်သို့ ချိုးဖျက်စဉ်က ကြုံတွေ့ခဲ့ရသော ခံစားချက်မျိုးပင် ဖြစ်သည်။
ကောင်းကင်ဘုံအတိဒုက္ခ၏ စွမ်းအားကို ရှောင်လွှဲ၍မရနိုင်ပေ။ ကြံ့ကြံ့ခံ ရင်ဆိုင်ရန်သာ ရွေးချယ်စရာရှိသည်။
လင်းချန်သည် သွားပေါ်အောင် ပြုံးလိုက်ရင်း နောက်ဆုတ်မသွားဘဲ အရှေ့သို့ တဟုန်ထိုး တက်သွားခဲ့၏။ သူသည် မည်သည့်စွမ်းအားကိုမျှ အသုံးမပြုဘဲ သူ၏ ရုပ်ခန္ဓာခွန်အားသက်သက်ဖြင့်သာ ကောင်းကင်ယံသို့ ပျံတက်သွားခဲ့ခြင်းဖြစ်လေသည်။
သူ့ရဲ့ခန္ဓာကိုယ်ကို ပစ်ချချင်နေမှတော့ ဒီလျှပ်စီးတန်းတွေကို အားရပါးရ အပစ်ခံလိုက်ရုံပေါ့။ ငါ့ခန္ဓာကိုယ်က ပိုသန်မာသလား၊ ဒါမှမဟုတ် လျှပ်စီးတန်းတွေရဲ့ စွမ်းအားက ပိုသာသလားဆိုတာ ကြည့်ကြသေးတာပေါ့။
တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်များကြောင့် စိတ်ထဲ၌ စုပြုံနေသည့် သူ၏ဒေါသများကို ဤခန္ဓာကိုယ်လျှပ်စီးအတိဒုက္ခ၌ အားရပါးရ ဖောက်ထုတ်ပစ်ရပေမည်။
ဖူကွမ်းမြို့တော်အတွင်းရှိ ပါရမီရှင်များနှင့် ကျွမ်းကျင်သူများမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ထိတ်လန့်သွားကြ၏။
လင်းချန်က အတိဒုက္ခရင်ဆိုင်တဲ့အခါ အမြဲတမ်း ဒီလောက်အထိ အဆင်အခြင်မဲ့ တိုးဝင်တတ်တာလား။
ဤငည်မှာ သာမန် ဝိညာဉ်စွမ်းအား အတိဒုက္ခမဟုတ်ဘဲ ခက်ခဲမှုနှုန်း ဆယ်ဆမက ပိုများသည့် ခန္ဓာကိုယ်အတိဒုက္ခဆိုတာကို လူတိုင်းသိကြသည်။
ဤနေရာတွင် ရှိနေသော ပါရမီရှင် အတော်များများသည် ဝိညာဉ်စွမ်းအား အတိဒုက္ခကို အေးအေးဆေးဆေး ရင်ဆိုင်နိုင်ကြသော်လည်း ခန္ဓာကိုယ်အတိဒုက္ခကိုတော့ ဤကဲ့သို့ စမ်းသပ်ဖို့ ဘယ်တော့မှ ဝံ့ရဲကြမည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ခန္ဓာကိုယ်အတိဒုက္ခကို ဤသို့ ရင်ဆိုင်ခြင်းမှာ ကိုယ့်သေတွင်း ကိုယ်တူးခြင်းနှင့် မခြားသောကြောင့်ပင်။
ဝုန်း
အားလုံး၏ အကြည့်အောက်များတွင် လင်းချန်၏ ခန္ဓာကိုယ်နှင့် ခရမ်းရောင်လျှပ်စီးတန်းတို့ မထိတွေ့မီ စက္ကန့်ပိုင်းအလိုမှာပင် လျှပ်စီးတန်းကြီးအတွင်းမှ ဟိန်းဟောက်သံတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
နောက်တစ်ခဏတွင် ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ကြောက်မက်ဖွယ် ဖျက်ဆီးခြင်းအရှိန်အဝါများ ထုတ်လွှတ်နေသော ခရမ်းရောင်လျှပ်စီးကြီးမှာ ရုတ်တရက် စွမ်းအားများ လုံးဝကွယ်ပျောက်သွားခဲ့၏။ ထိုလျှပ်စီးတန်းကြီးအတွင်း၌ အစင်ကြယ်ဆုံးနှင့် အသန့်စင်ဆုံးသော မိုးကြိုးစွမ်းအင်များသာ ကျန်ရှိတော့လေသည်။
ထို့နောက် ဖူကွမ်းမြို့တော်တစ်ခုလုံး၏ အကြည့်အောက်တွင် စင်ကြယ်သော ခရမ်းရောင်မိုးကြိုးစွမ်းအင်များမှာ လင်းချန်နှင့် ထိတွေ့သွားတော့သည်။ ထိုစွမ်းအင်များအကြားတွင် ဝန်းရံခံထားရသော လင်းချန်မှာ လုံးဝပင် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့လေသည်။
ခဏလေး... ငါက မိုးကြိုးအပစ်ခံဖို့ အဆင်သင့်ပြင်ထားတာလေ။ အခု ဒါကြီးက ဘာကြီးလဲ။
ဒါက အတိဒုက္ခရင်ဆိုင်နေတာ မဟုတ်ဘူးလား။ ငါ့ကို ပစ်ရမှာလေ။ အခု ဘာလို့ ငါ့ကို ဆုလာဘ်တွေ ပေးနေတာလဲ။
ပတ်ဝန်းကျင်ရှိ ခရမ်းရောင်မိုးကြိုးစွမ်းအင်များကြောင့် သူ၏ခန္ဓာကိုယ်မှာ ပိုမိုခိုင်မာသန်စွမ်းလာသည်ကို သူ ခံစားနေရသည်။ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် ပထမအဆင့်သို့ ရောက်ခါစဖြစ်သော သူ၏ ခန္ဓာကိုယ်ကျင့်ကြံမှုမှာလည်း ဤမိုးကြိုးစွမ်းအင်များ၏ အကူအညီကြောင့် သိသိသာသာ ပြန်လည် မြင့်တက်လာနေတော့သည်။
“ဂျိန်း... ဝုန်း...”
ထိုစဉ် အထက်ရှိ မည်းနက်သော အတိဒုက္ခတိမ်တိုက်ထဲမှ ကြောက်မက်ဖွယ် အရှိန်အဝါများ ပါဝင်သော ဟိန်းဟောက်သံတစ်ခု ထပ်မံထွက်ပေါ်လာခဲ့ပြန်သည်။ တွန့်ဆုတ်မနေတော့ဘဲ ခရမ်းရောင်လျှပ်စီးတန်းကြီးမှာ ယခင်ကအတိုင်းပင် လင်းချန်ရှိရာဆီသို့ တရှိန်ထိုး ပစ်ချလိုက်ပြန်တော့သည်။
ထိုမြင်ကွင်းအားလုံးကို မြင်လိုက်ရသောအခါ လင်းချန် သတိပြန်ဝင်လာပြီး ထိုကိစ္စကို အချိန်အကြာကြီး တွေးမနေတော့ပေ။ လက်ရှိအခြေအနေကို သူ အပြည့်အဝ နားမလည်သေးသော်လည်း ဤအရာသည် သူ၏ခွန်အားကို မြှင့်တင်ရန်အတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်နိုင်ကြောင်း သူ သိလိုက်လေသည်။
မူလက သူ့ကို နှိမ်နင်းရန် ရည်ရွယ်ထားသော ခန္ဓာကိုယ်အတိဒုက္ခသည် မယုံကြည်နိုင်လောက်သော အပြောင်းအလဲအချို့ ဖြစ်ပေါ်သွားပုံရသည်။ ၎င်းသည် စမ်းသပ်မှုတစ်ခုအဖြစ်မှ ဆုလာဘ်တစ်ခုအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်ကျင့်ကြံမှုကို မြှင့်တင်ရန် ကူညီပေးနေခြင်း ဖြစ်သည်။
ထိုအတွေး မှန်သည်၊ မမှန်သည်ကိုမူ နောက်ထပ်ကျရောက်လာမည့် လျှပ်စီးတန်းမှာလည်း ယခင်တစ်ခုကဲ့သို့ပင် ပြုမူခြင်း ရှိ၊ မရှိပေါ်တွင် မူတည်ပေလိမ့်မည်။
လင်းချန်သည် နေရာတွင်ပင် မတ်မတ်ရပ်နေပြီး ခရမ်းရောင်မိုးကြိုးစွမ်းအင်များ၏ ဝန်းရံမှုကို ခံယူရင်း အထက်မှ ကျဆင်းလာသော ခရမ်းရောင်လျှပ်စီးတန်းကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေလိုက်၏။ အဖြေက မကြာမီ ထွက်ပေါ်လာပေတော့မည်။
ဝုန်း
ခရမ်းရောင်မိုးကြိုးတန်းသည် လင်းချန်နှင့် ၁၀ ပေခန့်အကွာသို့ ရောက်ရှိလာချိန်မှာပင် လျှပ်စီးအတွင်းမှ ရင်းနှီးနေသော ဟိန်းဟောက်သံတစ်ခု ထပ်မံထွက်ပေါ်လာပြန်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ခရမ်းရောင်လျှပ်စီး၏ ဖျက်ဆီးအားမှာ ချက်ချင်းဆိုသလို ကွယ်ပျောက်သွားပြီး အလွန်စင်ကြယ်သော ခရမ်းရောင်မိုးကြိုးစွမ်းအင်များသာ ကျဆင်းလာတော့သည်။
စွမ်းအင်အသစ်များ၏ ဝန်းရံမှုကို ခံလိုက်ရသောအခါ လင်းချန်၏မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုအရိပ်အယောင်များ ဖြတ်ပြေးသွားတော့၏။
သူ၏ခန့်မှန်းချက် မှန်ကန်နေပြီဖြစ်သည်။ ဤကောင်းကင်ဘုံအတိဒုက္ခသည် တစ်စုံတစ်ရာ ပြောင်းလဲသွားပြီး စမ်းသပ်မှုမှ ဆုလာဘ်သို့ ကူးပြောင်းသွားခဲ့ချေပြီ။
ထိုသို့ဆိုလျှင်လည်း သူသည် ဤလက်ဆောင်ကို ကျေးဇူးတင်စွာဖြင့် လက်ခံရယူပြီး ကျဆင်းလာသော စင်ကြယ်သည့်စွမ်းအင်များကို အသုံးချကာ သူ၏ခန္ဓာကိုယ်ကျင့်ကြံမှုကို အဆင့်မြှင့်တင်ရပေတော့မည်။
လင်းချန်သည် တွန့်ဆုတ်မနေတော့ဘဲ ကောင်းကင်ယံထက်တွင် တင်ပလ္လင်ခွေ ထိုင်ချလိုက်ပြီး ဖရိုဖရဲမိစ္ဆာနတ်ဘုရား ကျမ်းစာကို စတင်လည်ပတ်စေလိုက်တော့လေသည်။
မိုးကြိုးစွမ်းအင်ကို အလိုအလျောက် သန့်စင်ခြင်းမှာ ခန္ဓာကိုယ်ကို အလိုလို အချိန်ယူ သန့်စင်စေခြင်းထက် ပိုမိုထိရောက်ပေသည်။ ဤသည်မှာ ဆုလာဘ်တစ်ခုဖြစ်နေသဖြင့် သူသည် ကောင်းကောင်းအသုံးချကာ သူ၏ခန္ဓာကိုယ်ကျင့်ကြံမှုကို ပိုမိုမြင့်မားသောအဆင့်သို့ တွန်းတင်ရမည် ဖြစ်သည်။
လင်းချန်က မိုးကြိုးစွမ်းအင်ကို တက်ကြွစွာ သန့်စင်လာသည်နှင့်အမျှ သူ၏ခန္ဓာကိုယ်ကျင့်ကြံမှု တိုးတက်မှုအမြန်နှုန်းမှာလည်း အဆပေါင်းများစွာ မြန်ဆန်လာခဲ့သည်။ အချိန်တိုင်းလိုလိုမှာပင် လင်းချန်၏ ခန္ဓာကိုယ်အရှိန်အဝါမှာ ပိုမိုသန်မာလာပြီး နယ်ပယ်သစ်တစ်ခုဆီသို့ ဦးတည်နေခဲ့သည်။ ခဏအတွင်းမှာပင် သူ၏ခန္ဓာကိုယ်ကျင့်ကြံမှုမှာ လက်ရှိနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး နယ်ပယ်ချိုးဖျက်ရန် အနီးကပ်ဆုံး အနေအထားသို့ ရောက်ရှိသွားခဲ့သည်။
အောက်ဘက်ရှိ ဖူကွမ်းမြို့တော်တွင်မူ ပါရမီရှင်များနှင့် ကျွမ်းကျင်သူများမှာ မယုံကြည်နိုင်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်နေမိကြ၏။
သူတို့ ဘာတွေ မြင်နေရတာလဲ။
လင်းချန်က... ကျင့်ကြံနေတာလား။
သူသည် ခန္ဓာကိုယ်အတိဒုက္ခ ကျဆင်းနေစဉ်မှာပင် ထိုင်ပြီး ကျင့်ကြံနေခြင်း ဖြစ်သည်။ အဆိုးဆုံးမှာ ဤခန္ဓာကိုယ်အတိဒုက္ခက တစ်ခုခု မှားယွင်းနေသည်ကို သူတို့ ခံစားနေရခြင်းပင်။
၎င်းမှာ လင်းချန်အတွက် ခန္ဓာကိုယ်စမ်းသပ်မှုတစ်ခု ဖြစ်သင့်သော်လည်း မည်သို့ကြောင့် မိုးကြိုး၏ အဖျက်စွမ်းအားများ ပျောက်ကွယ်သွားပြီး လင်းချန်၏ ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်သော မိုးကြိုးစွမ်းအင်များအဖြစ် တိုက်ရိုက် ပြောင်းလဲပေးနေရသနည်း။
ဤကြောက်မက်ဖွယ်ကောင်းလောက်အောင် စင်ကြယ်သော မိုးကြိုးစွမ်းအင်များ၏ အကူအညီဖြင့် အတိဒုက္ခပြီးဆုံးသွားသည့်အခါ လင်းချန်၏ခန္ဓာကိုယ်မှာ ပိုမိုအစွမ်းထက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ရှေးဟောင်းကန္တာရ လင်းမိသားစုမှ လင်းရှန်ဟဲ၊ လင်းထင်ထောင်းနှင့် အခြားပါရမီရှင်များ၏ မျက်နှာပေါ်တွင်လည်း ထိတ်လန့်မှု အရိပ်အယောင်များ ရှိနေခဲ့ကြသည်။ သူတို့သည် လင်းချန်ကို နတ်ဘုရားတစ်ပါးကဲ့သို့ ကြည်ညိုကြသော်လည်း ယခုမြင်ကွင်းကိုမူ လုံးဝနားမလည်နိုင်ကြသေးပေ။
ဘယ်တုန်းကများ အတိဒုက္ခမိုးကြိုးတွေက ကိုယ့်စွမ်းအားကိုကိုယ် လျှော့ချပြီး အတိဒုက္ခရင်ဆိုင်သူရဲ့ ခွန်အားကို ကူညီမြှင့်တင်ပေးခဲ့ဖူးလို့လဲ။
ရုတ်တရက် လင်းထင်ထောင်းသည် တစ်စုံတစ်ခုကို သတိပြုမိသွားသကဲ့သို့ အံ့အားသင့်စွာ အော်ဟစ်လိုက်၏
“ဒီအပြောင်းအလဲတွေက နတ်ဘုရားသားတော် စောစောက ရရှိလိုက်တဲ့ မိုင်ပေါင်း ဆယ်သန်းစာ ကံတရားကောင်းချီးတွေကြောင့် ဖြစ်နိုင်မလား။
ဒီလောက်အထိ ကြီးမားတဲ့ ကံတရားကောင်းချီးတွေရဲ့ ပံ့ပိုးမှုနဲ့ဆိုရင် ကောင်းကင်ဘုံအတိဒုက္ခ သန္ဓေပြောင်းသွားတာက နားလည်ပေးလို့ရတဲ့ ကိစ္စပဲ။”
ထိုစကားများကို ကြားလိုက်ရချိန်တွင် လင်းရှန်ဟဲနှင့် အခြားသော ရှေးဟောင်းကန္တာရ လင်းမိသားစု ပါရမီရှင်များ၏ ခန္ဓာကိုယ်မှာ တုန်လှုပ်သွားကြတော့လေသည်။ အမှန်ပင်...ဤခန့်မှန်းချက်မှာ အခြေအမြစ်ရှိလှပြီး လက်တွေ့အမှန်တရားလည်း ဖြစ်နိုင်ချေ အလွန်ရှိလှပေသည်။
အကယ်၍ ထိုသို့သာ အမှန်တကယ်ဖြစ်ခဲ့လျှင် သူတို့၏ နတ်ဘုရားသားတော်သည် အနာဂတ်တွင် အတိဒုက္ခရင်ဆိုင်သည့် အကြိမ်တိုင်း၌ ၎င်းမှာ စမ်းသပ်မှုတစ်ခုမဟုတ်တော့ဘဲ ယခုကဲ့သို့ ဆုလာဘ်တစ်ခုသာ ဖြစ်နေတော့မည် မဟုတ်ပါလော။ အတိဒုက္ခရင်ဆိုင်ခြင်းသည် အန္တရာယ်တစ်ခု မဟုတ်တော့ဘဲ ခွန်အားတိုးမြှင့်ရန်အတွက် ဒုတိယအခွင့်အရေးတစ်ခု ဖြစ်လာတော့မည်ပင်။
သူတို့၏ ပတ်ဝန်းကျင်တွင်ရှိသော အင်အားစုအသီးသီးနှင့် မျိုးနွယ်စုအသီးသီးမှ ပါရမီရှင်များသည်လည်း လင်းထင်ထောင်း၏ အာမေဍိတ်သံကို ကြားလိုက်ရသောအခါ ကိုယ်ရှိန်သတ်သွားခဲ့ကြသည်။
ဤကဲ့သို့သော အခွင့်အလမ်းနှင့် စွမ်းဆောင်ရည်မျိုးဖြင့် လင်းချန်သည် သူတို့ထက် နောက်တစ်ကြိမ် ရှေ့သို့ ထပ်မံလှမ်းတက်သွားပြန်လေပြီ။
ယခုအချိန်တွင် လင်းချန်သည် ကောင်းကင်တာအို၏ စောင့်ရှောက်မှုကို ခံထားရသော စစ်မှန်သည့် ကံကြမ္မာပိုင်ရှင်ကြီးတစ်ဦး ဖြစ်နေပြီဟု ဆိုပါက ပုံကြီးချဲ့ခြင်း မဟုတ်ပေ။
ကောင်းကင်ဘုံအတိဒုက္ခပင်လျှင် သူ့အတွက်ကြောင့် သန္ဓေပြောင်းသွားခဲ့ပြီး စမ်းသပ်မှုတစ်ခုမှ ယခုကဲ့သို့ ဆုလာဘ်တစ်ခုအဖြစ်သို့ ကူးပြောင်းသွားခဲ့ရလေသည်။
“ဂျိန်း... ဝုန်း...”
“ဒုန်း ဒုန်း ဒုန်း”
“ဝုန်း... ဝုန်း... ဝုန်း...”
ပါရမီရှင်အများအပြား ထိတ်လန့်နေစဉ်မှာပင် ကြောက်မက်ဖွယ် အရှိန်အဝါများ ဆောင်ကြဉ်းလာသည့် ခရမ်းရောင် လျှပ်စီးတန်းများသည် မည်းနက်နေသော အတိဒုက္ခတိမ်တိုက်ထဲမှ ဆက်တိုက် ကျဆင်းနေဆဲပင်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ဤမြင်ကွင်းကို ကြည့်နေကြသော ပါရမီရှင်များ၏ မျက်နှာပေးမှာ လုံးဝပင် ထုံထိုင်းအေးစက်သွားတော့သည်။
အတိဒုက္ခမိုးကြိုးများ၏ ဟိန်းဟောက်သံတိုင်းသည် လင်းချန်၏ ခန္ဓာကိုယ်ကျင့်ကြံမှုကို နောက်တစ်ဆင့် တိုးမြှင့်ပေးနေခြင်းဖြစ်ကြောင်း သူတို့ သိရှိထားကြ၏။ ဤကောင်းကင်ဘုံအတိဒုက္ခ ပြီးဆုံးသွားသည့်အခါ လင်းချန်၏ ခန္ဓာကိုယ်ကျင့်ကြံမှုမှာ မည်သည့်အဆင့်အထိ မြင့်တက်သွားမည်ကို မည်သူမျှ မခန့်မှန်းနိုင်တော့ပေ။
ပါရမီရှင်အများအပြား၏ နတ်ဘုရား ပင်မမျှော်စင်ကို စိန်ခေါ်ချင်သည့် စိတ်ဆန္ဒများသည်လည်း ဤအခိုက်အတန့်တွင် နောက်တစ်ကြိမ် ထပ်မံပျောက်ကွယ်သွားရပြန်သည်။
သူတို့ တကယ်ကို ပင်ပန်းနေကြချေပြီ။ အရာအားလုံးသာ ပျက်စီးသွားပါစေတော့။