← Chapters

အခန်း (၁၂၁-၁၂၃)

Vol. 9 Ch. 121-123

အခန်း (၁၂၁-၁၂၃)

Vol. 9 Ch. 121-123

အခန်း ၁၂၁ - မြင်းနက်ကြီး၏ ရက်စက်သော တိုက်ကွက်

ဟင်းလင်းပြင်တွင် ဖြစ်သည်။

မိုးကြိုးနဂါးသည် ရန်သူသုံးဦးကို ရင်ဆိုင်နေရသည်။ မိုးကြိုးနဂါးမှာ ခေတ္တခဏ အားနည်းသွားပြီး ဒဏ်ရာအချို့ ရရှိခဲ့သော်လည်း အလွန်ပင် ရက်စက်ကြမ်းကြုတ်နေဆဲဖြစ်ကာ နည်းလမ်းအမျိုးမျိုးကို တရစပ် အသုံးပြုနေသည်။ ပြင်းထန်သော တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက်တွင် အခြားတစ်ဖက်မှ ကံကြမ္မာနယ်ပယ် ကျင့်ကြံသူကြီး သုံးဦးပင်လျှင် ဒဏ်ရာအနည်းငယ် ရရှိသွားကြသည်။ သူတို့သည် တိုက်လေလေ ပို၍ ထိတ်လန့်လေလေ ဖြစ်လာကြသည်။

ဤ ဧရာမ မိစ္ဆာသားရဲကြီး မိုးကြိုးနဂါးမှာ တကယ့်ကို တုန်လှုပ်ဖွယ်ရာ ပင်ကိုနတ်ဘုရားစွမ်းရည်ကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ မိုးကြိုးနဂါး၏ ခန္ဓာကိုယ်မှာ အလွန်အမင်း သန်မာလှပြီး သာမန်တိုက်ကွက်များမှာ အကျိုးသက်ရောက်မှု မရှိချေ။ အကယ်၍ သတိမမူမိပါက မိုးကြိုးနဂါး၏ ပြင်းထန်သော မိုးကြိုးတန်းများ အထိမှန်ခံရပေလိမ့်မည်။ ဒဏ်ရာအနည်းငယ် ရထားကြသော ကံကြမ္မာနယ်ပယ် အဆင့်မြင့်အကြီးအကဲ သုံးဦးမှာ တိုက်ပွဲတွင် ပို၍ သတိထားလာကြသည်။ သူတို့သည် မိုးကြိုးနဂါးကိုသာ ဆက်လက် ဖိအားပေးထားကြသည်။

မိုးကြိုးကန်၏ အထက် ဟင်းလင်းပြင်တွင် ဖြစ်သည်။

ရီယွင်သည် မျက်လုံးများကို ပိတ်လျက် ကျင့်ကြံနေဆဲ ဖြစ်သော်လည်း အပြင်ဘက်မှ အခြေအနေကိုတော့ အသေအချာ သိရှိနေသည်။ ဤမိစ္ဆာသားရဲ သုံးကောင်၏ အစီအစဉ်ကို သူ အလွယ်တကူပင် မြင်နိုင်သည်။

“ဒါက သူတို့ရဲ့ ဒုတိယမြောက် သစ္စာခံမှုပဲ...”

ရီယွင်က တွေးလိုက်သည်။ သူသည် ဤကဲ့သို့ သစ္စာရှိသော မိစ္ဆာသားရဲများကို အတော်လေး သဘောကျမိသည်။ ထို့ကြောင့်ပင် ဤတိုက်ပွဲအပြီးတွင် ရီယွင်သည် ထိုမိစ္ဆာသားရဲများကို သဘာဝကျကျ ဆုလာဘ်များ ပေးသနားပေလိမ့်မည်။

လျှပ်စီးနန်းတော်အတွင်း၌ ဖြစ်သည်။

“အင်း...”

မြင်းနက်ကြီးသည် ဝိုင်ကို သောက်ရင်း အပြင်ဘက်မှ ပြင်းထန်သော တိုက်ပွဲကို ကြည့်ကာ ခေါင်းညိတ်နေသည်။

“ဒီကောင်လေး သုံးယောက်က တော်တော်လေး အလားအလာ ရှိတာပဲ... ကြောင်လေးနဲ့ အမျိုးအစားတူတွေပဲ...”

မြင်းနက်ကြီးက သူ၏သွားများကို ဖြဲပြ ပြုံးလိုက်သည်။ သူသည် ဝိုင်အိုးကို စားပွဲပေါ်သို့ ပစ်တင်လိုက်ပြီးနောက် လက်များကို နောက်ပစ်ကာ ဖြည်းဖြည်းချင်း လှမ်းထွက်လာခဲ့သည်။

‘ငါ့ရဲ့ ဂျူနီယာတွေ အနှောင့်အယှက် ခံနေရတာကို စီနီယာတစ်ယောက်အနေနဲ့ ဒီအတိုင်း ထိုင်ကြည့်နေဖို့ မသင့်တော်ဘူးလေ...’

မြင်းနက်ကြီးသည် အပြင်သို့ လှမ်းထွက်လာပြီး မိစ္ဆာအရှင်သခင်ဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲကို မော့ကြည့်ကာ ပြုံးပြလိုက်သည်။

“အဘိုးကြီး... မင်းက မင်းရဲ့ မြင့်မားတဲ့ ကျင့်ကြံမှုအဆင့်ကို အားကိုးပြီး တခြားသူတွေကို အနိုင်ကျင့်နေတာ မသင့်တော်ဘူးနော်...”

မိစ္ဆာအရှင်သခင်ဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲမှာ တိုက်ပွဲအတွင်း ရှိနေစဉ် သူ၏နားထဲ၌ ဟိန်းထွက်လာသော အသံကြောင့် လဲကျလုနီးပါး ဖြစ်သွားသည်။ သူသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အောက်သို့ ငုံ့ကြည့်လိုက်ရာ မြေပြင်ပေါ်တွင် ရပ်နေသော အနက်ရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို မြင်လိုက်ရသည်။ ထိုအမျိုးသားမှာ သူ့ကိုကြည့်ကာ သွားများကို ဖြဲလျက် ပြုံးနေသည်။ ထိုအမျိုးသားထံမှလည်း ပြင်းထန်သော မိစ္ဆာအရှိန်အဝါများ ထွက်ပေါ်နေသည်။ သို့သော်လည်း သူသည် ထိုအမျိုးသား၏ ကျင့်ကြံမှုအဆင့်ကို မြင်လိုက်ရသည့်အခါ မချိပြုံး ပြုံးလိုက်သည်။

ပြန်လည်မွေးဖွားခြင်းနယ်ပယ် မိစ္ဆာသားရဲတစ်ကောင်မျှသာ ဖြစ်သဖြင့် ကြောက်စရာ မလိုပေ။

‘ဒီပြန်လည်မွေးဖွားခြင်းနယ်ပယ် မိစ္ဆာက ဘယ်ကနေ ရောက်လာတာလဲ... ဒါမှမဟုတ် မကြာသေးခင်ကမှ လျှပ်စီးတောင်တန်းကို ဝင်လာတဲ့ စတုတ္ထမြောက် မိစ္ဆာသူတော်စင်လား...’

သူက တွေးလိုက်သည်။

“ရှူး...”

မြင်းနက်ကြီးသည် ခပ်ဖွဖွ လှုပ်ရှားလိုက်ရုံဖြင့် နောက်တစ်ခဏတွင် ဟင်းလင်းပြင်၌ ပေါ်လာသည်။

နွားသိုးကြီးနှင့် နက်မှောင်လျှပ်စီး မိုးကြိုးကျားတို့မှာ ပြင်းထန်စွာ ဒဏ်ရာရထားကြပြီး သွေးများကို အမြောက်အများ အန်ထုတ်နေကြရသဖြင့် သနားစဖွယ် အခြေအနေသို့ ရောက်နေကြသည်။ သို့သော်လည်း သူတို့၏ မိစ္ဆာသားရဲ စီနီယာကြီး ပေါ်လာသည်ကို မြင်လိုက်ရသည့်အခါ သူတို့မှာ ဝမ်းသာအားရ ဖြစ်သွားကြသည်။ စီနီယာကြီးက ပြန်လည်မွေးဖွားခြင်းနယ်ပယ် ကျင့်ကြံမှုအဆင့်ကိုသာ ပြသထားသည်ကို မြင်ရသည့်အခါ မိစ္ဆာသားရဲကြီး နှစ်ကောင်မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ရယ်ရခက် ငိုရခက် ဖြစ်သွားကြသည်။

‘ဒါက ထာဝရနယ်ပယ် မိစ္ဆာသားရဲစီနီယာကြီးလေ... သူက ရွှေရောင်နဲ့ ငွေရောင် သူတော်စင်သခင်တွေကို လုပ်ခဲ့သလိုမျိုးပဲ နောက်တစ်ကြိမ် ထပ်လုပ်ဖို့ ပြင်နေတာထင်တယ်...’

သူတို့မှာ စကားပင် မဆိုနိုင်တော့ဘဲ တွေးနေမိကြသည်။ မည်သို့ပင်ဆိုစေ ဤစီနီယာကြီးမှာ သူတစ်ပါးကို နောက်ပြောင်ရသည်ကို အလွန်နှစ်သက်ပုံရသည်။ ထာဝရနယ်ပယ် တည်ရှိမှုတစ်ခုအနေဖြင့် သူသည် မိစ္ဆာအရှင်သခင်ဂိုဏ်းမှ ဤကံကြမ္မာနယ်ပယ် အဆင့်မြင့်အကြီးအကဲကို လက်တစ်ချက် လှုပ်ရှားရုံဖြင့် အလွယ်တကူ ချေမှုန်းပစ်နိုင်သည်မဟုတ်ပါလော။

“မင်းက အချိန်ကိုက် ပေါ်လာတာပဲ... မင်းတို့ သုံးယောက်လုံး အတူတူ ငရဲသွားကြစမ်း...”

မိစ္ဆာအရှင်သခင်ဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲသည် အနက်ရောင်ဝတ်စုံနှင့် အမျိုးသားကို စိုက်ကြည့်ကာ ရက်စက်သော အပြုံးတစ်ခု ပြုံးလိုက်သည်။ သူသည် ဓားဖြင့် ပိုင်းဖြတ်လိုက်ရာ မြစ်ကြီးတစ်စင်းအလား ပြင်းထန်သော ဓားအလင်းတန်းများသည် မြင်းနက်ကြီးထံသို့ တရစပ် ကျဆင်းလာသည်။

“အိုး... ဒါက ဘယ်လို ဓားပညာမျိုးလဲ... တကယ့်ကို ပြင်းထန်လှပါလား...”

မြင်းနက်ကြီးက ထိတ်လန့်ဟန် ဆောင်လိုက်ပြီး ဆန်းကြယ်သော လှုပ်ရှားမှုဖြင့် ထိုတိုက်ကွက်ကို ရှောင်တိမ်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ ဟင်းလင်းပြင်တွင် ထူးခြားသော စည်းချက်တစ်ခုအတိုင်း တုန်ခါနေပြီး မရေမတွက်နိုင်သော ဓားအလင်းတန်းများမှာ သူ၏အဝတ်စွန်းကိုပင် မထိနိုင်ကြပေ။

မိစ္ဆာအရှင်သခင်ဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲမှာ မှင်တက်မိသွားသည်။

‘ဒါက ဘယ်လို လျှို့ဝှက်တဲ့ လှုပ်ရှားမှု ကျင့်စဉ်မျိုးလဲ... ပြန်လည်မွေးဖွားခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးက ငါ့ရဲ့ သေစေနိုင်တဲ့ ဓားကွက်ကို အလွယ်တကူ ရှောင်နိုင်တယ်လား... ဒီကျင့်စဉ်က တကယ့်ကို အစွမ်းထက်လွန်းတယ်...’

မြင်းနက်ကြီး၏ ခန္ဓာကိုယ်မှာ ဝဲပျံသွားပြီးနောက် မည်သို့ဖြစ်သည်မသိဘဲ သူသည် အဆင့်မြင့်အကြီးအကဲ၏ ရှေ့တည့်တည့်သို့ ရုတ်တရက် ရောက်ရှိလာသည်။

“မြန်လှချည်လား...”

မိစ္ဆာအရှင်သခင်ဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲ၏ မျက်သူငယ်များမှာ ကျုံ့သွားသည်။ အနက်ရောင်ဝတ်စုံနှင့် အမျိုးသားမှာ ဖြူဖွေးသော သွားကြီးများကို ဖြဲပြလျက် ပြုံးနေသည်ကို သူ မြင်လိုက်ရပြီး ထိုအမျိုးသားက သူ့ထံသို့ လက်တစ်ဖက် ဆန့်ထုတ်လိုက်သည်။ အဆင့်မြင့်အကြီးအကဲက သူ၏ဓားကို အလျင်အမြန် ဝှေ့ယမ်းလိုက်ပြီး ထိုအမျိုးသား၏ လက်မောင်းကို ပိုင်းဖြတ်ရန် ကြိုးစားလိုက်သည်။

“ဘုန်း...”

ဓားမှာ လက်မောင်းကို ထိမှန်သွားသော်လည်း လွင့်ထွက်သွားခဲ့သည်။ ကြီးမားသော စွမ်းအားတစ်ခုမှာ စီးဆင်းသွားပြီး ဓားကို သူ၏လက်ထဲမှ လွတ်ထွက်သွားစေသည်။ ထိုခဏ၌ မိစ္ဆာအရှင်သခင်ဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲမှာ အလွန်အမင်း ထိတ်လန့်သွားပြီး သေလုမတတ် ကြောက်ရွံ့သွားသည်။

‘ကံကြမ္မာနယ်ပယ် ကျင့်ကြံသူကြီးတစ်ဦးအနေနဲ့ ငါ့ရဲ့ အစွမ်းကုန် တိုက်ကွက်က ပြန်လည်မွေးဖွားခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ရဲ့ လက်မောင်းကိုတောင် မဖောက်နိုင်ဘူးလား... ဒီမိစ္ဆာသားရဲကြီးက ဘယ်ကနေ လာတာလဲ...’

သူ ဘာဖြစ်နေသည်ကို မစဉ်းစားနိုင်ခင်မှာပင် သူ၏လည်ပင်းမှာ ဧရာမ လက်ကြီး၏ ဆွဲယူဖမ်းစီးခြင်းလိုက်ရသည်။

“ဂျွတ်...”

ပြတ်သားသော အသံနှင့်အတူ သူ၏လည်ပင်းမှာ ချိုးဖျက်ခြင်း ခံလိုက်ရသည်။

မြင်းနက်ကြီးက ပါးစပ်ကို ဖွင့်လိုက်ရာ အပြာရောင်အလင်းတန်းတစ်ခုမှာ မိစ္ဆာအရှင်သခင်ဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲကို ဝန်းရံသွားပြီး သူ့အား ပါးစပ်ထဲသို့ တိုက်ရိုက် ဆွဲခေါ်ကာ ဝါးမြိုလိုက်သည်။

“ကူညီပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ် စီနီယာကြီး...”

နွားသိုးကြီးနှင့် နက်မှောင်လျှပ်စီး မိုးကြိုးကျားတို့က ချဉ်းကပ်လာပြီး သူတို့၏ ကျေးဇူးတင်စကားများကို ပြောဆိုကြသည်။

“မင်းတို့နှစ်ယောက် တော်တော်လေး ကြိုးစားခဲ့ကြတယ်... ဒါပေမဲ့ မင်းတို့ရဲ့ အင်အားကတော့ နည်းနည်း လိုနေသေးတာပေါ့... ဦးလေးမြင်းသာ ဝင်မပါရင် မင်းတို့နှစ်ယောက် အခုဆို သေနေလောက်ပြီ...”

မြင်းနက်ကြီးက ရယ်မောလိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။

နောက်တစ်ခဏတွင် သူသည် ဟင်းလင်းပြင်၏ အခြားတစ်နေရာသို့ ရောက်ရှိသွားသည်။ လူသားကျင့်ကြံသူ သုံးဦးကို စိုက်ကြည့်လျက် သူ၏မျက်ဝန်းများအတွင်း၌ အေးစက်သော သတ်ဖြတ်လိုသည့် အရှိန်အဝါများ ဝင်းလက်နေသည်။

‘ရှန်ဖုန်းမင်းဆက်ရဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းထဲမှာ ရှန်းဟန်ဂိုဏ်းနဲ့ နဂါးနတ်ဘုရားဂိုဏ်းတို့က မျိုးဆက်ပေါင်းများစွာ ရှည်ကြာတဲ့ သွေးကြွေးရန်ငြိုးတွေ ရှိခဲ့ကြတယ်... အဲ့ဒီအဆင့်မြင့်အကြီးအကဲ နှစ်ယောက်ကိုတော့ လုံးဝ အသက်ရှင်ခွင့် ပေးလို့ မရဘူး...’

မြင်းနက်ကြီးက တွေးလိုက်သည်။

‘ချီထျန်းဓားဂိုဏ်းနဲ့ မိစ္ဆာအရှင်သခင်ဂိုဏ်းတွေကလည်း ငါတို့ရဲ့ နဂါးနတ်ဘုရားဂိုဏ်းနဲ့ ရန်ငြိုးတွေ ရှိခဲ့ကြတာပဲ... ဒါကြောင့် ဒီလူတွေထဲက တစ်ယောက်ကိုမှ ငါ အသက်ရှင်ခွင့် မပေးဘူး... ဒါဟာ ဒီဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ အဆင့်မြင့် တိုက်ခိုက်ရေး အင်အားစုတွေကို သုတ်သင်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ... ဒါဆိုရင် ငါ့ရဲ့ သခင်လေး သုံးယောက် လေ့ကျင့်တဲ့အခါမှာ နောင်ကျရင် အဆီးအတားတွေ နည်းသွားတာပေါ့...’

“ဘာ...”

ရှန်းဟန်ဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲတစ်ဦးက အော်ဟစ်လိုက်သည်။

“အကြီးအကဲချီ သေသွားပြီလား...”

အခြားသော ရှန်းဟန်ဂိုဏ်း အဆင့်မြင့်အကြီးအကဲကလည်း ဝင်ပြောလိုက်သည်။ သူသည် ခုလေးတင် ပေါ်လာသော လူသစ်က သတ်ပစ်လိုက်သည့် ချီထျန်းဓားဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲကို ဆိုလိုခြင်း ဖြစ်သည်။

“ဒီလူက ဘယ်သူလဲ... ပြီးတော့ သူက ဘာလို့ ဒီလောက်တောင် သန်မာနေရတာလဲ...”

ပထမတစ်ဦးက ဆက်ပြောသည်။

မိုးကြိုးနဂါးနှင့် တိုက်ခိုက်နေကြသော အဆင့်မြင့်အကြီးအကဲ သုံးဦးတို့မှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။ လျှပ်စီးနန်းတော်မှ ရုတ်တရက် ထွက်ပေါ်လာသော သက်လတ်ပိုင်းအရွယ် အမျိုးသားသည် တိုက်ကွက်တစ်ကွက်တည်းဖြင့် ချီထျန်းဓားဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲကို သတ်ပစ်လိုက်သည်ကို သူတို့ သိလိုက်ရသည်။ စိတ်ကူးမယဉ်နိုင်လောက်သော ထိတ်လန့်မှုများမှာ သူတို့၏ နှလုံးသားအတွင်းသို့ တိုးဝင်လာသည်။

ထိုခဏ၌ အနက်ရောင်ဝတ်စုံနှင့် အမျိုးသားမှာ သူတို့၏ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။

“သုံးယောက် တစ်ယောက် ဝိုင်းတိုက်တယ်လား... ဒါဟာ မင်းတို့ ဂိုဏ်းကြီးသုံးဂိုဏ်းလုံး ကျင့်သုံးတဲ့ ယုတ်ညံ့တဲ့ နည်းလမ်းလား...”

မြင်းနက်ကြီးက အေးစက်စွာ လှောင်ပြောင်လိုက်သည်။ သူ၏အကြည့်မှာ ရှန်းဟန်ဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲ နှစ်ဦးအပေါ်သို့ ကျရောက်သွားပြီး သူ၏မျက်ဝန်းများမှာ သွေးကဲ့သို့ နီမြန်းလာသည်။

‘နဂါးနတ်ဘုရားဂိုဏ်းဟာ ရှန်းဟန်ဂိုဏ်းရဲ့ အစီအမံတွေကြောင့် မျိုးဆက်ပေါင်းများစွာအတွင်းမှာ မရေမတွက်နိုင်တဲ့ တပည့်တွေကို ဆုံးရှုံးခဲ့ရတယ်...’

မြင်းနက်ကြီးက တွေးလိုက်ရင်း သူ၏ဒေါသများမှာ သိသိသာသာ လိတ်တက်လာနေသည်။

‘သခင်ကြီးရဲ့ နတ်သားရဲတစ်ဦးအနေနဲ့ ငါဟာ ငါ့ကိုယ်ငါ နဂါးနတ်ဘုရားဂိုဏ်းဝင် တစ်ယောက်အဖြစ် သတ်မှတ်ထားတာ ကြာပြီ... ဒါကြောင့် မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းလာတဲ့ ဒီသွေးကြွေးရန်ငြိုးကို ငါ အပြည့်အဝ ခံစားရတယ်...’

“မင်းက ဘယ်သူလဲ... ငါတို့ ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ ကိစ္စတွေမှာ မင်းက ဘာလို့ ဝင်ပါဝံ့ရတာလဲ...”

ရှန်းဟန်ဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲတစ်ဦးက မျက်မှောင်ကြုတ်လျက် ခက်ထန်သော မျက်နှာဖြင့် မေးမြန်းလိုက်သည်။

အခြားသော အဆင့်မြင့်အကြီးအကဲဖြစ်သည့် ချီထျန်းဓားဂိုဏ်းမှ သူသည် အခြေအနေ ပြောင်းလဲသွားသည်ကို မြင်ရသည့်အခါ သတိထားလျက် နောက်သို့ နှစ်လှမ်းဆုတ်လိုက်သည်။

‘ဒီအနက်ရောင်ဝတ်စုံနဲ့ အမျိုးသားက တကယ့်ကို ပဟေဠိတစ်ခုပဲ...’

သူက တွေးလိုက်သည်။

‘သူက ပြန်လည်မွေးဖွားခြင်းနယ်ပယ် ကျင့်ကြံမှုအဆင့်မှာပဲ ရှိနေပေမဲ့ မိစ္ဆာအရှင်သခင်ဂိုဏ်းက အကြီးအကဲကို သတ်နိုင်ခဲ့တယ်... မိုးကြိုးနဂါးကိုပါ ထည့်တွက်မယ်ဆိုရင်... ဒီသန်မာလှတဲ့ မိစ္ဆာသားရဲကြီး နှစ်ကောင်ကသာ တစ်ပြိုင်နက် တိုက်ခိုက်မယ်ဆိုရင် ငါတို့ အနိုင်ရဖို့ အခွင့်အရေးက အလွန်နည်းသွားလိမ့်မယ်... တကယ်လို့ ဒီနှစ်ကောင်က အသေအလဲ တိုက်ခိုက်မယ်ဆိုရင် အနည်းဆုံး ငါတို့ ကံကြမ္မာနယ်ပယ် ကျင့်ကြံသူ သုံးဦးထဲက တစ်ယောက်ကတော့ သေချာပေါက် သေရလိမ့်မယ်... ငါက ချီထျန်းဓားဂိုဏ်းရဲ့ တစ်ဦးတည်းသော ကံကြမ္မာနယ်ပယ် ကျင့်ကြံသူလေ... ငါ့ရဲ့ ကျင့်ကြံမှုခရီးလမ်းက တကယ့်ကို ခက်ခဲပင်ပန်းခဲ့တာ... ငါ ဒီနေရာမှာ မသေချင်ဘူး...’

“ထွက်ပြေးဖို့ ကြိုးစားတာလား...”

မြင်းနက်ကြီးက သူ၏အကြံကို သိရှိသွားပြီး ဖြူဖွေးသော သွားကြီးများကို ဖြဲပြလျက် ပြုံးလိုက်ကာ သတိပေးလိုက်သည်။

“ဦးလေးမြင်းက ထွက်ပြေးတဲ့လူတွေကို သိပ်မုန်းတာ...”

ထိုသို့ပြောပြီးနောက် သူသည် ပါးစပ်ကို ကျယ်လောင်စွာ ဖွင့်လိုက်သည်။ တောက်ပသော အပြာရောင်အလင်းတန်းတစ်ခုမှာ ထွက်ပေါ်လာပြီး ချီထျန်းဓားဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲကို ဝန်းရံသွားကာ ထိုအကြီးအကဲကို ပါးစပ်ထဲသို့ ဆွဲခေါ်သွားသည်။

“ဂျွတ်... ဂျွတ်...”

အကြိမ်အနည်းငယ် အရှင်လတ်လတ်ဝါးလိုက်ပြီးနောက် မြင်းနက်ကြီးသည် ထိုအဆင့်မြင့်အကြီးအကဲကို မျိုချလိုက်သည်။ ထို့နောက် သူသည် သိုလှောင်လက်စွပ် အချို့ကို ပြန်အန်ထုတ်လိုက်သည်။

“အိုး... ငါ မေ့လုနီးပါး ဖြစ်သွားတယ်...”

မြင်းနက်ကြီးက သူ၏နဖူးကို ရိုက်လိုက်ပြီး နောင်တရသော အမူအရာဖြင့် ရေရွတ်လိုက်သည်။

“ငါ့ရဲ့ သခင်လေးတွေက နောင်ကျရင် သူတို့ရဲ့ဂိုဏ်းကို တည်ထောင်ကြရ။ အခု သူတို့မှာ အရင်းအမြစ်တွေ လိုနေတာပဲ... ဒီသိုလှောင်လက်စွပ်တွေကို ငါ ဘယ်လိုလုပ် မျိုချပစ်မိရမှာလဲ...”

ချီထျန်းဓားဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲသည် မည်သို့မျှ ပြန်လည်ခုခံနိုင်ခြင်း မရှိဘဲ ဤကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာသားရဲ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်ကို မြင်လိုက်ရသည့်အခါ ရှန်းဟန်ဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲ နှစ်ဦးမှာ ပြင်းထန်စွာ တုန်ယင်သွားကြပြီး သူတို့၏သတ္တိများမှာ အကုန်အစင် ကြေမွသွားခဲ့သည်။ အသက်ရှင်လိုသော စိတ်ဆန္ဒတစ်ခုတည်းဖြင့် သူတို့သည် အရပ်မျက်နှာ နှစ်ခုသို့ ချက်ချင်း လှည့်၍ ထွက်ပြေးကြတော့သည်။

အခန်း ၁၂၁ ပြီးပါပြီ။

အခန်း ၁၂၂ - အားလုံးအတွက် ဆုလာဘ်များ

“ပြန်လာခဲ့ကြစမ်း...”

မြင်းနက်ကြီးသည် ဖြူဖွေးသော သွားကြီးများကို ဖြဲပြလျက် ပြုံးလိုက်သည်။

အပြာရောင် အလင်းတန်း နှစ်ခု ထွက်ပေါ်လာပြီး ထွက်ပြေးနေသော ရှန်းဟန်ဂိုဏ်း အဆင့်မြင့်အကြီးအကဲ နှစ်ဦးကို ပြန်လည် ဆွဲခေါ်လိုက်သည်။

ထိုလူနှစ်ဦးမှာ အပြာရောင် အလင်းတန်းများ၏ ချည်နှောင်ခြင်းကို ခံလိုက်ရပြီး အချည်းနှီးသာ ရုန်းကန်နေကြရရာ သူတို့၏ နဖူးများတွင် ချွေးစေးများ ချက်ချင်း ထွက်ပေါ်လာသည်။

မြင်းနက်ကြီးသည် လက်များကို နောက်ပစ်လျက် သူတို့ထံသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားပြီး အေးစက်စွာ လှောင်ပြောင်လိုက်သည်။

“မင်းတို့ အဘိုးကြီး နှစ်ယောက်က ထွက်ပြေးချင်နေသေးတာလား...”

“မင်းက တကယ်တော့ ဘယ်သူလဲ... မင်းရဲ့ ကျင့်ကြံမှုအဆင့်က ပြန်လည်မွေးဖွားခြင်းနယ်ပယ် မဟုတ်တာတော့ သေချာတယ်...”

အဆင့်မြင့်အကြီးအကဲ တစ်ဦးသည် သူ၏ရှေ့တွင် ရှိနေသော အနက်ရောင်ဝတ်စုံနှင့် အမျိုးသားကို စိုက်ကြည့်လိုက်ရာ သူ၏မျက်ဝန်းများအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေသည်။ သူ၏ နားလည်မှုအရ သူ၏ရှေ့တွင် ရပ်နေသော ဤအမျိုးသားမှာ အံ့သြဖွယ်ကောင်းသော နတ်ဘုရားစွမ်းရည်များကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ ထိုအမျိုးသားမှာ တာအိုနယ်ပယ်မှ သန်မာသူတစ်ဦး ဖြစ်ရပေမည်။

“မင်းတို့လို အရေးမပါတဲ့ ပုရွက်ဆိတ်တွေကို ဒီနေ့တော့ ဦးလေးမြင်းက ငါ့ရဲ့ နယ်ပယ်ကို ပြပေးရမှာပေါ့...”

မြင်းနက်ကြီးသည် ကောက်ကျစ်စွာ ပြုံးလိုက်ပြီး သူ၏ခန္ဓာကိုယ်မှာ ခပ်ဖွဖွ တုန်ခါသွားသည်။

တစ်ခဏချင်းအတွင်းမှာပင် သူ၏ မူလကျင့်ကြံမှုအဆင့်မှာ ပြန်လည်ရောက်ရှိလာခဲ့သည်။

ထာဝရနယ်ပယ်မှ ပြင်းထန်လှသော မဟာနဂါးနတ်ဘုရား အရှိန်အဝါမှာ တစ်ခဏချင်းအတွင်း ပျံ့နှံ့သွားသည်။

သို့သော်လည်း မြင်းနက်ကြီးသည် ထိုအရှိန်အဝါကို တမင်တကာ ထိန်းချုပ်လိုက်ပြီး ၎င်းကို ပေ ၃၀ ပတ်လည်အတွင်းမှာသာ ကန့်သတ်ထားလိုက်သည်။

“ဒါက... ဒါက ထာဝရနယ်ပယ်ပါလား...”

ဤ မဟာနဂါးနတ်ဘုရား အရှိန်အဝါကို ခံစားလိုက်ရပြီးနောက်တွင် အဆင့်မြင့်အကြီးအကဲ နှစ်ဦးမှာ မျက်လုံးများ ပြူးကျထွက်လုမတတ် ထိတ်လန့်သွားကြသည်။ တုန်ရင်နေသော အသံဖြင့် ဤစကားကို ပြောဆိုပြီးနောက်တွင် သူတို့သည် ပြင်းထန်လှသော မဟာနဂါးနတ်ဘုရား အရှိန်အဝါ၏ ဖိနှိပ်မှုကို ခံလိုက်ရပြီး သတိလစ် မေ့မြောသွားကြတော့သည်။

မြင်းနက်ကြီးသည် သူ၏ မဟာနဂါးနတ်ဘုရား အရှိန်အဝါကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး သတိလစ်နေသော အဘိုးကြီးနှစ်ဦးကို ကြည့်ကာ အေးစက်စွာ ပြုံးလိုက်သည်။

အနားတွင်ရှိနေသော မိုးကြိုးနဂါးမှာမူ တိတ်ဆိတ်နေသည်။

ထာဝရနယ်ပယ် မိစ္ဆာကြီး စီနီယာ ခုလေးတင် ထုတ်ဖော်လိုက်သော မဟာနဂါးနတ်ဘုရား အရှိန်အဝါမှာ မိုးကြိုးနဂါးထံသို့ တိုက်ရိုက် ဦးတည်ထားခြင်း မဟုတ်သော်လည်း ၎င်းကို အသက်ရှူရ ကြပ်စေခဲ့သည်။

ထာဝရနယ်ပယ်၏ စွမ်းအားမှာ တကယ့်ကို ပြင်းထန်လှသည်ဟု ဆိုရပေမည်။

ဤနယ်ပယ်သို့ ရောက်ရှိထားသူများသည် ချန်းနန်ကုန်းမြေကြီး တစ်ခုလုံး၏ ကျင့်ကြံခြင်းလောကတွင် အမြင့်ဆုံးနေရာ၌ တည်ရှိနေကြသူများ ဖြစ်သည်။ ကုန်းမြေကြီးတစ်ခုလုံးကို လွှမ်းမိုးထားနိုင်သူများလည်း ဖြစ်သည်။

မြင်းနက်ကြီးသည် လက်တစ်ဖက်စီဖြင့် ရှန်းဟန်ဂိုဏ်း အဆင့်မြင့်အကြီးအကဲ နှစ်ဦးကို ဆွဲကိုင်လိုက်ပြီး ဟင်းလင်းပြင်တွင် ပျောက်ကွယ်သွားသည်။

နောက်တစ်ခဏတွင် သူသည် မိုးကြိုးကန်၏ အထက်၌ ပေါ်လာသည်။

“ဘိုးဘေးကြီး... ကျွန်တော် ဒီလူနှစ်ယောက်ကို ခေါ်လာခဲ့ပါပြီ... သူတို့က ကျွန်တော်တို့ နဂါးနတ်ဘုရားဂိုဏ်းကို ဒုက္ခပေးခဲ့တဲ့ တရားခံတွေ ဟုတ်၊ မဟုတ် စစ်ဆေးပေးပါဦး...”

မြင်းနက်ကြီးသည် ရိုသေစွာ ဦးညွှတ်လျက် ပြောဆိုလိုက်သည်။

ဟင်းလင်းပြင်တွင် လှိုင်းတွန့်တစ်ခု ပေါ်လာသည်။ ရီယွင်သည် ၎င်းအတွင်းမှ လှမ်းထွက်လာသည်။

သူသည် လက်ချောင်းများကို ခပ်ဖွဖွ မြှောက်လိုက်သည့်အခါ အလင်းတန်းနှစ်ခုမှာ အဆင့်မြင့်အကြီးအကဲ နှစ်ဦး၏ ဦးခေါင်းများပေါ်သို့ ကျရောက်သွားသည်။

အသက်အနည်းငယ် ရှူရုံမျှ အချိန်ကြာပြီးနောက်တွင် ထိုအလင်းတန်းများကို ပြန်လည်ရုပ်သိမ်းလိုက်သည်။

“ဒီရှန်းဟန်ဂိုဏ်း အဆင့်မြင့်အကြီးအကဲ နှစ်ယောက်က နဂါးနတ်ဘုရားဂိုဏ်းအပေါ် နှိပ်စက်ညှဉ်းပန်းမှုတွေ လုပ်ခဲ့တာကို သိရုံပဲ သိထားကြတာပါ... တကယ့် နောက်ကွယ်က ကြိုးကိုင်သူတွေက ရှန်းဟန်ဂိုဏ်းရဲ့ မျိုးဆက် ဂိုဏ်းချုပ်တွေပဲ...”

ရီယွင်က တည်ငြိမ်သော လေသံဖြင့် ပြောဆိုလိုက်သည်။ သူ၏မျက်နှာမှာ အလွန်ပင် တည်ငြိမ်နေပြီး သူ၏အမူအရာမှာလည်း အေးဆေးလှသည်။

မြင်းနက်ကြီး၏ မျက်နှာမှာ အနည်းငယ် လှုပ်ရှားသွားသည်။ ဘိုးဘေးကြီး၏ အေးစက်သော အသံအတွင်း၌ ကောင်းကင်ဘုံ အလိုတော်ကဲ့သို့ ပြင်းထန်သော ဆန္ဒတစ်ခုကို သူ ခံစားလိုက်ရသည်။ ဤပြင်းထန်သော ဆန္ဒမှာ သူ၏နှလုံးသားကို ထိတ်လန့်သွားစေသည်။

“ဘိုးဘေးကြီး... ကျွန်တော် ရှန်းဟန်ဂိုဏ်းကို သွားလိုက်ရမလား...”

မြင်းနက်ကြီးက ရိုသေစွာ အကြံပြုလိုက်သည်။

“မလောပါနဲ့ဦး... ဒီကိစ္စက ထင်သလောက် မရိုးရှင်းဘူး...”

ရီယွင်က ခေတ္တမျှ စဉ်းစားလိုက်ပြီး တည်ငြိမ်စွာ ဆိုလိုက်သည်။

“ငါ့ရဲ့ နဂါးနတ်ဘုရားဂိုဏ်းကို ဒုက္ခပေးဝံ့တဲ့သူဟာ အလွန်အစွမ်းထက်တဲ့ အင်အားစုတစ်ခုက ဖြစ်ရမယ်... သူတို့က နှစ်ပေါင်းသောင်းချီအောင် သေချာ စီစဉ်ခဲ့ကြတာ... သူတို့က ကိုယ်စားလှယ် အဆင့်ဆင့်ကို သုံးပြီး အလွန်ပဲ သတိထားပြီး လုပ်ဆောင်ခဲ့ကြတာပဲ... သူတို့မှာ တစ်စုံတစ်ရာသော လျှို့ဝှက်ချက်တွေ ရှိနေမှာ သေချာတယ်...”

“အိုး...”

ဘိုးဘေးကြီး၏ စကားကို ကြားရသည့်အခါ မြင်းနက်ကြီးသည် နက်နက်ရှိုင်းရှိုင်း တွေးတောနေမိသည်။ သူ အတော်လေး နားမလည်နိုင် ဖြစ်နေသည်။ အဘယ်ကြောင့် ထိုကဲ့သို့ သန်မာသော အင်အားစုတစ်ခုက နဂါးနတ်ဘုရားဂိုဏ်းအပေါ် ဤမျှအထိ သတိထား ဆောင်ရွက်ခဲ့ရသနည်း။ ထိုအင်အားစုမှာ ဘိုးဘေးကြီး ပြန်လည်နိုးထလာမည့်နေ့ကို တစ်နည်းနည်းဖြင့် ကြိုတင်သိမြင်နေခဲ့၍လော။

ဤဖြစ်နိုင်ခြေကို တွေးမိသည့်အခါ မြင်းနက်ကြီး၏ မျက်ခွံများမှာ လှုပ်ရှားသွားသည်။ သူသည် တစ်စုံတစ်ခုကို နားလည်သွားသည့်အလား အလင်းတစ်ခုကို မြင်လိုက်ရသည်။

သူ ဝန်ခံရမည်မှာ ထိုအင်အားစုသည် နှစ်ပေါင်းတစ်သိန်း ကြိုတင်၍ ဖြစ်ရပ်တစ်ခုကို ခန့်မှန်းနိုင်ခြင်းမှာ တကယ့်ကို အံ့သြဖို့ ကောင်းလှသည်။ ထိုကဲ့သို့သော ကြိုတင်မြော်မြင်မှုမျိုးမှာ စိတ်ကူးမယဉ်နိုင်လောက်အောင်ပင် ဖြစ်သည်။ မြင်းနက်ကြီး၏ နားလည်မှုအရ ကြီးမားသော ဂိုဏ်းတစ်ခုသည် နှစ်ပေါင်းတစ်သိန်းအထိ ကြိုတင် မြင်နိုင်ရန်အတွက် ပေးဆပ်ရမည့် အရင်းအနှီးမှာ စိတ်ကူးမယဉ်နိုင်လောက်အောင်ပင် ဖြစ်ရပေမည်။

“မင်းထင်သလို မဟုတ်ပါဘူး...”

ရီယွင်က မြင်းနက်ကြီးကို ကြည့်လိုက်ရာ သူ၏မျက်ဝန်းများမှာ ဤနတ်သားရဲ၏ စိတ်ထဲတွင် မည်သည့်အရာများ တွေးနေသည်ကို အကုန်မြင်နိုင်သည့်အလား ဝင်းလက်နေသည်။

“ဒီလူနှစ်ယောက်ကို ခေါ်သွားပြီး မင်းအဆင်ပြေသလို ကိုယ်တွယ်လိုက်တော့...”

ရီယွင်က လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။

မြင်းနက်ကြီးသည် ရှန်းဟန်ဂိုဏ်း အဆင့်မြင့်အကြီးအကဲ နှစ်ဦးကို ချက်ချင်း ဆွဲကိုင်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။

ရီယွင်သည် ဟင်းလင်းပြင်၏ တစ်နေရာသို့ ကြည့်လိုက်ရာ သူ၏မျက်နှာတွင် စိတ်ဝင်စားသော အမူအရာတစ်ခု ပေါ်လာသည်။ သူသည် အချိန်ယူပြီး စိတ်ရှည်နိုင်ရခြင်း၏ အကြောင်းရင်းမှာ သူသည် ဤကမ္ဘာတွင် ပြိုင်ဘက်ကင်း ဖြစ်နေခြင်းကြောင့်ပင် ဖြစ်သည်။

လူတစ်ဦးသည် ပြိုင်ဘက်ကင်း ဖြစ်လာသည့်အခါ ကိစ္စရပ်များကို အလွန်မြန်မြန်ဆန်ဆန် ကိုင်တွယ်လိုက်ပါက ဖြစ်စဉ်မှ ရရှိသော ပျော်ရွှင်မှုအများအပြား ဆုံးရှုံးသွားပေလိမ့်မည်။ ဥပမာအားဖြင့် သူသည် ယခုအချိန်တွင် စိတ်ကူးတစ်ခုတည်းဖြင့်ပင် ကုန်းမြေကြီးပေါ်ရှိ ထာဝရအဆင့် အင်အားစုများအားလုံးကို အမြစ်ပြတ် ချေမှုန်းပစ်နိုင်သည်။ သို့သော် ထိုသို့လုပ်ခြင်း၏ ရည်ရွယ်ချက်မှာ ဘာဖြစ်မည်နည်း။ သတ်ဖြတ်မှုများအပြီးတွင် သူ၏စိတ်ထဲ၌ ဟာလာဟင်းလင်း ဖြစ်နေသည့် ခံစားချက်မျိုးသာ ကျန်ရှိနေမည်မဟုတ်ပါလော။

မှောင်မည်းပြီး နေရောင်မရှိသော ဟင်းလင်းပြင်အတွင်း၌ သူသည် နှစ်ပေါင်းတစ်သိန်းတိုင်အောင် ဝင်ရောက်မှု ပြုလုပ်ခဲ့ရပြီး စိတ်ကူးမယဉ်နိုင်လောက်သော ငြီးငွေ့မှုနှင့် အထီးကျန်မှုများကို အောင့်အည်း သည်းခံခဲ့ရသည်။ ယခုအခါ သူ လိုအပ်နေသည်မှာ ပျော်ရွှင်မှု ဖြစ်သည်။

ယခုအချိန်တွင် သူသည် လူငယ်သုံးဦးကို လေ့ကျင့်ရေးခရီးတစ်ခုအဖြစ် ခေါ်ဆောင်လာခဲ့ပြီး သူတို့ကို ကြီးထွားလာစေရန် အမြဲတစေ လုပ်ဆောင်ပေးနေသည်။ ထိုအချိန်အတွင်းမှာပင် သူသည် နဂါးနတ်ဘုရားဂိုဏ်း၏ နောက်ကွယ်မှ ရန်သူများအားလုံးကို တစ်ဦးပြီးတစ်ဦး ဆွဲထုတ်ကာ သတ်ဖြတ်သွားမည် ဖြစ်သည်။ ဤသည်မှာ ပို၍ စိတ်ဝင်စားဖို့ ကောင်းပေလိမ့်မည်။

ထို့ပြင် သူသည် ဤလူငယ်သုံးဦးကိုလည်း ပြုစုပျိုးထောင်ပေးသွားမည် ဖြစ်သည်။ နဂါးနတ်ဘုရားဂိုဏ်းသည် ထာဝရအဆင့် ဂိုဏ်းတစ်ခုအဖြစ် ချန်းနန်ကုန်းမြေကြီးပေါ်တွင် နောက်တစ်ကြိမ် ပြန်လည်ရပ်တည်နိုင်ရန်အတွက် သူသည် ထိုလူငယ်များကို ထာဝရနယ်ပယ်မှ သန်မာသူများ ဖြစ်လာအောင် လုပ်ဆောင်ပေးသွားမည် ဖြစ်သည်။

မြင်းနက်ကြီးမှာ မိစ္ဆာသားရဲတစ်ကောင်မျှသာ ဖြစ်သည့်အတွက် ဤအချက်ကို နားမလည်နိုင်ပေ။ ရီယွင်၏ သိုလှောင်မှုအတွင်း၌ သူ၏ အဆင့်မှာ စာရင်းထဲတွင်ပင် မပါဝင်ပေ။ သူ၏ အဆင့်မှာ နိမ့်လွန်းလှသည်။ သူ၏ အမြင်မှာ ကျဉ်းမြောင်းလှသည်။ သူသည် အဝေးကြီးကို မမြင်နိုင်ပေ။

ရီယွင်သည် ပုလင်းငယ်လေးတစ်လုံးကို ထုတ်ယူလိုက်ပြီး နက်နဲလှသော အစိမ်းရောင်အရည် သုံးစက်ကို လောင်းချလိုက်သည်။ သူ၏ လက်ချောင်းများကို ခပ်ဖွဖွ တောက်လိုက်သည့်အခါ ထိုအရည်စက်များမှာ ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ အရပ်မျက်နှာ သုံးခုဆီသို့ ကျဆင်းသွားသည်။

မြင်းနက်ကြီးသည် ပြန်လည်ရောက်ရှိလာပြီး လျှပ်စီးနန်းတော်၏ ဝင်ပေါက်သို့ ဆင်းသက်လိုက်သည်။ ထိုအချိန်တွင် လျှပ်စီးတောင်တန်း၏ သူတော်စင်သုံးပါးမှာလည်း စုရုံးရောက်ရှိနေကြသည်။

မိစ္ဆာကြီးသုံးဦး ဘာမှမပြောရသေးခင်မှာပင် ကောင်းကင်ယံမှ အစိမ်းရောင်အရည် တစ်စက်စီမှာ ရုတ်တရက် ကျဆင်းလာပြီး သူတို့တစ်ဦးချင်းစီ၏ ဦးခေါင်းထိပ်ရှိ အပ်စိုက်မှတ်အတွင်းသို့ တိုက်ရိုက် တိုးဝင်သွားကာ သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ စီးဆင်းသွားသည်။

သူတို့၏ ဒဏ်ရာများမှာ စိတ်ကူးမယဉ်နိုင်လောက်သော အရှိန်ဖြင့် ကျက်သွားခဲ့သည်။ ဤမိစ္ဆာသားရဲ သုံးကောင်လုံး၏ မျက်နှာတွင် ထိတ်လန့်အံ့သြမှုများ ပြည့်နှက်နေသည်။ ဘာဖြစ်သွားသည်ကို သူတို့ မသိကြပေ။

ဤမြင်ကွင်းကို မြင်ရသည့်အခါ မြင်းနက်ကြီးက ရယ်မောလိုက်ပြီး ပြောလိုက်၏။

“မင်းတို့ ကံကောင်းတဲ့ ကောင်လေးတွေပဲ... ဒါဟာ သခင်ကြီးဆီက မင်းတို့အတွက် ဆုလာဘ်ပဲ...”

“ကျေးဇူးတင်ပါတယ် သခင်ကြီး...”

ဤမိစ္ဆာကြီး သုံးဦးမှာ မြေပြင်ပေါ်တွင် ချက်ချင်း ဒူးထောက်လိုက်ကြပြီး မိုးကြိုးကန်ရှိရာ အရပ်သို့ မျက်နှာမူလျက် အကြိမ်ကြိမ် ဦးညွှတ်လိုက်ကြသည်။ သူတို့ ပြန်ထလိုက်သည့် အချိန်တွင် ဒဏ်ရာအားလုံးမှာ ကျက်သွားခဲ့ပြီ ဖြစ်သည်။ အထူးသဖြင့် ကျင့်ကြံမှုအဆင့် အနိမ့်ဆုံးဖြစ်ပြီး ဒဏ်ရာအပြင်းထန်ဆုံး ရထားသည့် နက်မှောင်လျှပ်စီး မိုးကြိုးကျားမှာ ယခုအခါ အကောင်းအတိုင်း ပြန်ဖြစ်သွားခဲ့သည်။

ရုတ်တရက် ကောင်းကင်ယံမှ ရွှေရောင်မိုးကြိုးတန်း သုံးခု ကျဆင်းလာပြီး သူတို့ သုံးဦးလုံးကို ထိမှန်သွားသည်။

“ဒါက အဲ့ဒီလို ရွှေရောင်မိုးကြိုးမျိုး မဟုတ်လား...”

မိုးကြိုးနဂါးက ချက်ချင်း တုံ့ပြန်လိုက်ပြီး သူ၏မျက်လုံးများမှာ ပြူးထွက်လုမတတ် ဖြစ်သွားကာ ဝမ်းသာလွန်းသဖြင့် မျက်ရည်ပင်ကျလုနီးပါး ဖြစ်သွားသည်။ သူသည် ဤဆန်းကြယ်သော မိုးကြိုးကို မက်မောနေသည်မှာ ကြာပြီ ဖြစ်သည်။ ယခုတစ်ကြိမ်တွင် ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့ပြီးနောက် နောက်ဆုံးတွင် သခင်ကြီးထံမှ ဆုလာဘ်ကို ရရှိခဲ့ပြီ ဖြစ်သည်။

မိုးကြိုးနဂါးသည် တုံ့ဆိုင်းမနေဘဲ ချက်ချင်း ထိုင်လိုက်ကာ ထိုမိုးကြိုးမျှင်ကို စတင်သန့်စင်တော့သည်။ နွားသိုးကြီးနှင့် နက်မှောင်လျှပ်စီး မိုးကြိုးကျားတို့မှာလည်း အလားတူပင် လုပ်ဆောင်ကြသည်။

ဤမြင်ကွင်းကို ကြည့်လျက် မြင်းနက်ကြီးမှာ ခေါင်းညိတ်လိုက်သော်လည်း သူ၏မျက်ဝန်းများအတွင်း၌ မနာလိုမှု အချို့ ရှိနေသည်။ သူကိုယ်တိုင်လည်း ဤဆန်းကြယ်သော ရွှေရောင်မိုးကြိုးမှာ ဘာလဲဆိုသည်ကို မသိပေ။ သို့သော် သူသည်လည်း ဤရွှေရောင် ဆန်းကြယ်သော မိုးကြိုးနောက်တစ်မျှင်ကို ထပ်မံရရှိရန် တောင့်တနေမိသည်။

“ရှူး...”

ထူထဲလှသော ရွှေရောင်မိုးကြိုးမျှင်တစ်ခုမှာ ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ရွှေနဂါးတစ်ကောင်အလား မြင်းနက်ကြီး၏ အရှေ့တွင် ဝဲပျံနေသည်။

“မြင်းကလေး... မင်းကို ဒီပြန်လည်မွေးဖွားခြင်း မိုးကြိုး ပေးလိုက်မယ်...”

ရီယွင်၏ အသံမှာ မြင်းနက်ကြီး၏ နားထဲတွင် ဟိန်းထွက်သွားသည်။

“ကျေးဇူးတင်ပါတယ် သခင်ကြီး...”

သန်မာလှသော ရွှေရောင်မိုးကြိုးကို မြင်လိုက်ရသည့်အခါ မြင်းနက်ကြီးမှာ ဝမ်းသာလွန်းသဖြင့် ငိုလုနီးပါး ဖြစ်သွားသည်။ သို့သော်လည်း နောက်တစ်ခဏမှာတော့ သူ တကယ်ပဲ ငိုမိသွားသည်။

“သခင်ကြီး... ပြီးခဲ့တဲ့တစ်ခါက သခင်ကြီးက ကျွန်တော့်ကို တစ်မျှင်တည်း ပေးခဲ့တာတောင် သန့်စင်ဖို့ ရက်အတော်ကြာ အချိန်ယူခဲ့ရတာပါ... အခု ဒီလောက်အထိ ထူထဲတဲ့ ပြန်လည်မွေးဖွားခြင်း မိုးကြိုးကိုတော့... ကျွန်တော်... ကျွန်တော် တောင့်ခံနိုင်မယ် မထင်ဘူး...”

မြင်းနက်ကြီးသည် မျက်နှာငယ်လေးဖြင့် ငိုကြွေးလေတော့သည်။

အခန်း ၁၂၂ ပြီးပါပြီ။

အခန်း ၁၂၃ - ဂိုဏ်းကြီးသုံးဂိုဏ်း၏ ထိတ်လန့်ခြောက်ခြားမှု

မိုးကြိုးကန်၏ အထက် ဟင်းလင်းပြင်တွင် ဖြစ်သည်။

ရီယွင်သည် မြင်းနက်ကြီး၏ မျက်နှာပေါ်မှ ဝမ်းနည်းပူဆွေးသော အမူအရာကို မြင်လိုက်ရသဖြင့် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

“မိုးကြိုးဆိုတာ မင်းရဲ့ ပင်ကိုနတ်ဘုရားစွမ်းရည် မဟုတ်လား... မင်းရဲ့ အခုရှိနေတဲ့ ကျင့်ကြံမှုအဆင့်အရဆိုရင် ဒါကို သန့်စင်နိုင်သင့်တာပေါ့...”

သူက ကျယ်လောင်စွာ မေးမြန်းလိုက်သည်။

“မသန့်စင်နိုင်ပါဘူး သခင်ကြီး... ကျွန်တော် ပြန်လည်မွေးဖွားခြင်း မိုးကြိုးအကြောင်းကို ဒါပထမဆုံးအကြိမ် ကြားဖူးတာပါ... သူ့ရဲ့ စွမ်းအင်က သိပ်ကို အားကြီးလွန်းပါတယ်... ကျွန်တော် တစ်ခါတည်းနဲ့ မိုးကြိုးတစ်မျှင်ပဲ သန့်စင်နိုင်တာပါ... ဒီလောက်အထိ ကြီးမားတဲ့ ပြန်လည်မွေးဖွားခြင်း မိုးကြိုးကိုတော့ ကျွန်တော် မသန့်စင်နိုင်လောက်ဘူးလို့ ခန့်မှန်းမိပါတယ်... တကယ်လို့သာ အတင်းအကျပ် သန့်စင်မယ်ဆိုရင် ကျွန်တော့်ရဲ့ ခန္ဓာကိုယ်က တောင့်မခံနိုင်မှာကို ကြောက်မိပါတယ်...”

မြင်းနက်ကြီးက ညည်းတွားလိုက်သည်။

ယခုတစ်ကြိမ်တွင် သခင်ကြီး၏ အမြင်တွင် မိမိ၏အမှတ်များ လျော့ကျသွားမည်ကို သူ သိနေသည်။ သို့သော်လည်း မတတ်သာပေ၊ သူ၏ စွမ်းဆောင်ရည်မှာ အကန့်အသတ် ရှိနေခြင်းကြောင့် ဖြစ်သည်။ သူသည် ထာဝရနယ်ပယ်မှ မိစ္ဆာသားရဲတစ်ကောင် ဖြစ်သော်လည်း လျှပ်စီးတောင်တန်း၏ သူတော်စင်သုံးပါးရှေ့တွင်သာ သန်မာပုံပေါက်နေခြင်း ဖြစ်ရာ မိမိ၏ အကန့်အသတ်များကို မိမိကိုယ်တိုင် အသေအချာ သိရှိနေသည်။ ဤဆန်းကြယ်သော ပြန်လည်မွေးဖွားခြင်း မိုးကြိုးမှာ မြင်းနက်ကြီး အမှန်တကယ် မသန့်စင်နိုင်သော အရာဖြစ်သည်။ သခင်ကြီး၏ သိုလှောင်မှုအတွင်းရှိ ပိုမိုသန်မာလှသော မိစ္ဆာသားရဲများသာလျှင် ၎င်းကို သန့်စင်နိုင်ပေလိမ့်မည်။

“ကောင်းပြီလေ...”

ရီယွင်က ခေါင်းညိတ်လိုက်သည်။

သူ၏မျက်ဝန်းများအတွင်း၌ အလင်းတစ်ခု ဝင်းလက်သွားပြီး စိတ်ကူးမယဉ်နိုင်လောက်သော မဟာတာအို အရှိန်အဝါများ ပြည့်နှက်နေသည့် ရွှေရောင်သင်္ကေတ အချို့မှာ ထွက်ပေါ်လာသည်။ ထိုသင်္ကေတများသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ရွှေရောင်မိုးကြိုးပေါ်သို့ ကျရောက်သွားသည်။ ရွှေရောင်မိုးကြိုးမှာ တစ်ခဏချင်းအတွင်း သေးငယ်သွားပြီး နောက်ဆုံးတွင် ရွှေရောင်ဓားငယ်လေး တစ်စင်းအဖြစ် ပြောင်းလဲသွားသည်။

“ဒါကို မင်းသိမ်းထားလိုက်... နောင်ကျရင် ဖြည်းဖြည်းချင်း သန့်စင်ဖို့အတွက် ချန်ထားလိုက်ပါ...”

ရီယွင်က ပြုံးလျက် ပြောဆိုလိုက်သည်။

“ကျေးဇူးတင်ပါတယ် သခင်ကြီး...”

မြင်းနက်ကြီးသည် ရွှေရောင်ဓားငယ်လေးကို ပျော်ရွှင်စွာ ကောက်ယူလိုက်ရာ သူ၏မျက်နှာတွင် အလွန်အမင်း စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။ ရီယွင်သည် ကိုယ်ရောင်ဖျောက်ကာ ဟင်းလင်းပြင်သို့ ပြန်ဝင်သွားပြီး သူ၏ကျင့်ကြံမှုကို ဆက်လက်လုပ်ဆောင်သည်။ မြင်းနက်ကြီးသည် ထိုဓားငယ်လေးကို ကိုင်လျက် တစ်နေ့လုံး မြတ်နိုးစွာ ကစားနေပြီးနောက်မှသာ ၎င်းထံမှ မိုးကြိုးတစ်မျှင်ကို သန့်စင်ရန်အတွက် သတိထားကာ စုပ်ယူလိုက်သည်။

လျှပ်စီးတောင်တန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။

ထိုခဏ၌ ဂိုဏ်းကြီးသုံးဂိုဏ်းမှာတော့ ပရမ်းပတာ ဖြစ်နေကြပြီ ဖြစ်သည်။ ကံကြမ္မာနယ်ပယ်မှ အဆင့်မြင့်အကြီးအကဲများအားလုံးသည် သူတို့၏ဂိုဏ်းများတွင် အသက်အမှတ်အသားများ ထားခဲ့ကြရာ ယခုအခါ ထိုအမှတ်အသားများမှာ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားခဲ့ပြီ ဖြစ်သည်။ ဆိုလိုသည်မှာ ကံကြမ္မာနယ်ပယ်မှ အဆင့်မြင့်အကြီးအကဲ လေးဦးလုံး လျှပ်စီးတောင်တန်းတွင် သေဆုံးသွားခဲ့ကြခြင်း ဖြစ်သည်။

ဂိုဏ်း၏ ထိပ်သီးတိုက်ခိုက်ရေး အင်အားစုများကို ရုတ်တရက် ဆုံးရှုံးလိုက်ရခြင်းကြောင့် ဂိုဏ်းကြီးသုံးဂိုဏ်း၏ ဂိုဏ်းချုပ်များမှာ အလွန်ပင် ထိတ်လန့်ခြောက်ခြားသွားကြသည်။ လျှပ်စီးတောင်တန်း၏ သူတော်စင်သုံးပါးမှာ သူတို့ကို ရုတ်တရက် လာရောက် တိုက်ခိုက်မည်ကို သူတို့ ကြောက်ရွံ့နေကြသည်။ သို့သော်လည်း ရက်အနည်းငယ်ကြာ စောင့်ဆိုင်းပြီးနောက်တွင် လျှပ်စီးတောင်တန်းမှာ မည်သည့်ထူးခြားမှုမျှ မရှိဘဲ တိတ်ဆိတ်နေသည်ကို သူတို့ သိလိုက်ရသည်။ ထိုအခါမှသာ သူတို့ သက်ပြင်းချနိုင်တော့သည်။ လျှပ်စီးတောင်တန်း၏ သူတော်စင်သုံးပါးမှာလည်း ဤတိုက်ပွဲအတွင်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြပြီး တောင်တန်းမှ လတ်တလော ထွက်ခွာနိုင်မည် မဟုတ်ဟု သူတို့ တွေးထင်နေကြပေလိမ့်မည်။

နောက်ထပ် တစ်လခန့် ကုန်ဆုံးသွားသည်။

အရာအားလုံး တည်ငြိမ်သွားသဖြင့် ဂိုဏ်းကြီးသုံးဂိုဏ်း၏ ဂိုဏ်းချုပ်များမှာလည်း နောက်ဆုံးတွင် စိတ်အေးသွားကြသည်။ ဂိုဏ်းချုပ် သုံးဦးလုံး စုရုံးကြပြီး တစ်နေ့လုံး ဆွေးနွေးတိုင်ပင်ပြီးနောက်တွင် ဤဖြစ်ရပ်ကို သူတို့၏ နောက်ကွယ်မှ အင်အားစုများထံသို့ သတင်းပို့ရန် ဆုံးဖြတ်လိုက်ကြသည်။ ရှန်ဖုန်းမင်းဆက်၏ ဂိုဏ်းကြီးသုံးဂိုဏ်းမှာ ကောင်းကင်ကြယ်တာရာ မင်းဆက်မှ အချို့သော ဂိုဏ်းများနှင့် ဆက်နွှယ်မှုများ ရှိကြသည်။

ထိုဂိုဏ်းများသည် သတင်းကို ကြားရသည့်အခါ အလွန်အံ့သြသွားကြသည်။ သို့သော်လည်း သူတို့သည် မည်သူ့ကိုမျှ စေလွှတ်ခြင်း မပြုခဲ့ကြပေ။ သူတို့သည်လည်း လျှပ်စီးတောင်တန်းမှ သူတော်စင်သုံးပါးကို စိုးရိမ်နေကြသည်မှာ သိသာလှသည်။ နောက်ဆုံးအဆင့်ထိ မရောက်မချင်း သူတို့သည် ဤမိစ္ဆာသားရဲကြီး သုံးကောင်ကို အလွယ်တကူ ရန်စလိမ့်မည် မဟုတ်ပေ။

မိစ္ဆာမျိုးနွယ်၏ အင်အားမှာ မင်းဆက်တိုင်းတွင် အလွန်ပင် သန်မာလှသည်။ လျှပ်စီးတောင်တန်းမှ သူတော်စင်သုံးပါးမှာလည်း နေ၊ လ နှင့် ကြယ်တာရာ မင်းဆက်များတွင် နောက်ခံ အင်အားစုများ ရှိနေနိုင်ပေသည်။ အကယ်၍ ထိုအင်အားစုများသာ လှုပ်ရှားလာမည်ဆိုပါက ၎င်းသည် စည်းမျဉ်းများကို ချိုးဖောက်ရာ ရောက်မည်ဖြစ်ပြီး လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်တို့ကြားတွင် စစ်ပွဲကြီးတစ်ခု ဖြစ်ပွားလာစေနိုင်ပါသည်။ ထိုကဲ့သို့သော စစ်ပွဲမျိုးမှာ နှစ်ပေါင်းထောင်ချီအတွင်း အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့ဖူးသည်။ နောက်ဆုံးရလဒ်မှာ နှစ်ဖက်စလုံး အထိနာခြင်းသာ ဖြစ်ပြီး လူသားမျိုးနွယ်ရော မိစ္ဆာမျိုးနွယ်ပါ မည်သည့်အကျိုးအမြတ်မျှ မရရှိခဲ့ကြပေ။

ခေတ္တမျှ ကြာပြီးနောက်တွင် ဖြစ်သည်။

လျှပ်စီးတောင်တန်း၏ မိစ္ဆာသားရဲကြီး သုံးကောင် ပေါ်မလာသည်ကို မြင်ရသည့်အခါ ကောင်းကင်ကြယ်တာရာ မင်းဆက်မှ ဂိုဏ်းများမှာ နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားကြသည်။ ဂိုဏ်းကြီးသုံးဂိုဏ်း၏ စွမ်းဆောင်ရည်မှာ ကောင်းကင်ကြယ်တာရာ မင်းဆက်အတွင်းရှိ အင်အားကြီး အဖွဲ့အစည်းများကြားတွင် အငြင်းပွားဖွယ်ရာများနှင့် မနှစ်သက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ ယခုတစ်ကြိမ်တွင် ရှန်ဖုန်းမင်းဆက်၏ ဂိုဏ်းကြီးသုံးဂိုဏ်းမှာ ပေါ့ဆစွာ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

လူသားလူငယ်နှစ်ဦးကို ရှာဖွေရန်အတွက် လျှပ်စီးတောင်တန်းမှ မိစ္ဆာသားရဲကြီး သုံးကောင်ကို သွားရောက်ရန်စခြင်းမှာ ပညာရှိသော လုပ်ရပ်မဟုတ်ပေ။ ရလဒ်အနေဖြင့် ဂိုဏ်းကြီးသုံးဂိုဏ်းမှာ ပြန်လည်မွေးဖွားခြင်းနယ်ပယ်မှ သန်မာသူ ၂၀ မှ ၃၀ ခန့် ဆုံးရှုံးခဲ့ရရုံတင်မကဘဲ ကံကြမ္မာနယ်ပယ်မှ ကျင့်ကြံသူကြီး လေးဦးကိုပါ ဆုံးရှုံးခဲ့ရသည်။ ထိုဆုံးရှုံးမှုမှာ အလွန်ပင် ပြင်းထန်လှသည်။ သို့သော်လည်း ဂိုဏ်းကြီးသုံးဂိုဏ်း၏ နက်နဲလှသော အမွေအနှစ်များမှာ ကျန်ရှိနေဆဲ ဖြစ်သည်။ ရှန်ဖုန်းမင်းဆက်အတွင်းရှိ အခြားသော ပထမတန်းစား ဂိုဏ်းများမှာမူ ၎င်းတို့ကို အစားထိုးနိုင်စွမ်း မရှိကြသေးပေ။

သုံးလခန့် ကုန်ဆုံးသွားသည်။

ရှန်ဖုန်းမင်းဆက်မှာ တည်ငြိမ်မှုများ ပြန်လည်ရရှိလာပြီး ဂိုဏ်းကြီးသုံးဂိုဏ်းမှာလည်း ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားခဲ့သည်။

လျှပ်စီးတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာ မိုးကြိုးကန်၏ အထက်တွင် အလင်းတန်း သုံးခုမှာ ကောင်းကင်ယံသို့ ရုတ်တရက် ပျံတက်သွားပြီး ဟင်းလင်းပြင်တွင် လူရိပ် သုံးခု ပေါ်ထွက်လာသည်။

“မင်းတို့ရဲ့ ခန္ဓာကိုယ်တွေကို အခုတစ်ကြိမ် သန့်စင်တာကတော့ အကန့်အသတ်ကို ရောက်သွားပြီ... ငါတို့ ခရီးဆက်ကြတာပေါ့...”

ရီယွင်သည် လက်များကို နောက်ပစ်လျက် ဟင်းလင်းပြင်တွင် ရပ်နေသည်။ သူသည် မိမိ၏ ရှေ့မှ ဂျူနီယာ သုံးဦးကို ကြည့်ကာ ကျေနပ်စွာ ပြုံးလိုက်သည်။ စုဝမ်ယီက ၈ ရာခိုင်နှုန်းဖြစ်ပြီး လော့လီနှင့် ကျွင်းမော့ရှောင်တို့မှာ ယခုအခါ သူတို့၏ ခန္ဓာကိုယ်အတွင်း၌ နဂါးဘိုးဘေး အနှစ်သာရသွေး ၁၀ ရာခိုင်နှုန်းခန့်အထိ ရှိနေကြပြီ ဖြစ်သည်။ သူတို့ သုံးဦးလုံးမှာ အကန့်အသတ်သို့ ရောက်ရှိသွားခဲ့ကြပြီ ဖြစ်သည်။ ဤသုံးလအတွင်း ခန္ဓာကိုယ် သန့်စင်နေစဉ်တွင်လည်း သူတို့၏ ကျင့်ကြံမှု တိုးတက်မှုမှာ နောက်ကျကျန်မနေခဲ့ပေ။ စုဝမ်ယီမှာ ယခုအခါ နတ်ဝိညာဉ်အာရုံနယ်ပယ် အဆင့် ၈ သို့ ရောက်ရှိနေသည်။ လော့လီနှင့် ကျွင်းမော့ရှောင်တို့မှာ ကောင်းကင်တံတားနယ်ပယ် အဆင့် ၇ သို့ ရောက်ရှိသွားခဲ့ကြပြီ ဖြစ်သည်။

“ဘိုးဘေးကြီး... ကျွန်မတို့ နောက်ထပ် ဘယ်ကို သွားကြမှာလဲဟင်...”

ဖြူဖွေးသော ဝတ်စုံကို ဝတ်ဆင်ထားပြီး နတ်ဘုရားတစ်ပါးအလား ခန့်ညားလှသော ဘိုးဘေးကြီးကို ကြည့်လျက် လော့လီက အားကျသော မျက်ဝန်းများဖြင့် ပြုံးကာ မေးမြန်းလိုက်သည်။

“ရှန်းဟန်ဂိုဏ်းကို သွားကြတာပေါ့...”

ရီယွင်က တည်ငြိမ်စွာ ဆိုလိုက်သည်။

‘အရင်ဆုံး ရှန်းဟန်ဂိုဏ်းကို ငါ ကိုင်တွယ်မယ်... ပြီးရင် ကျန်တဲ့ ဂိုဏ်းနှစ်ဂိုဏ်းကိုလည်း လွှတ်ထားလို့ မရဘူး... ဒီဂိုဏ်းကြီး သုံးဂိုဏ်းကို ကိုင်တွယ်ပြီးတာနဲ့ ငါတို့ ရှန်ဖုန်းမင်းဆက်ကနေ ထွက်သွားလို့ ရပြီ...’

“ရှူး...”

မိုးကြိုးကန်မှာ လှုပ်ခတ်သွားပြီး အနက်ရောင် လူရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုသူမှာ ဤအချိန်တစ်လျှောက်လုံး သီးခြားခွဲထွက် ကျင့်ကြံနေခဲ့သော ကြောင်နက်ကြီး ဖြစ်သည်။

“ဝါး... ကြောင်ကလေး... မင်းရဲ့ ကျင့်ကြံမှုက ကံကြမ္မာနယ်ပယ် အဆင့် ၃ ကို တောင် ရောက်သွားတာလား...”

ကြောင်နက်ကြီး၏ ကျင့်ကြံမှုအဆင့်ကို မြင်လိုက်ရသည့်အခါ လော့လီက သူမ၏ မျက်နှာလေးတွင် ထိတ်လန့်မှုများဖြင့် အော်ဟစ်လိုက်သည်။

“ဟဲဟဲ... ဟုတ်တယ်... နောက်ဆုံးတော့ ကျွန်တော် ကံကြမ္မာနယ်ပယ်ကို ရောက်သွားပြီ...”

ကြောင်နက်ကြီးက ရှက်ကိုးရှက်ကန်းဖြင့် ရယ်မောလိုက်သည်။ အလင်းတစ်ချက် ဝင်းလက်သွားပြီး အနက်ရောင် မြင်းရထားကို ဆွဲလျက် မြင်းနက်ကြီးမှာ ဟင်းလင်းပြင်တွင် ပေါ်လာသည်။ မိုးကြိုးနဂါး၊ နွားသိုးကြီးနှင့် နက်မှောင်လျှပ်စီး မိုးကြိုးကျားတို့မှာလည်း ပျံသန်းရောက်ရှိလာကြသည်။

“သခင်လေးတို့... ဂိုဏ်းအတွက် မိစ္ဆာသားရဲအချို့ မစုဆောင်းချင်ဘူးလား... ဒီသုံးကောင်ဆိုရင်... ဘယ်လိုလဲ...”

မြင်းနက်ကြီးက လော့လီနှင့် အခြားသူများကို ကြည့်ကာ ထုံးစံအတိုင်း သွားဖြီးကြီးနှင့် ပြုံးလျက် ပြောဆိုလိုက်သည်။ သူတို့၏ ကျင့်ကြံမှုအဆင့်များကို သိလိုက်ရပြီးနောက်တွင် လော့လီက ခက်ခဲစွာ ခေါင်းယမ်းလိုက်သည်။

“သူတို့တွေက ကံကြမ္မာနယ်ပယ် မိစ္ဆာသားရဲတွေလေ...”

“သခင်လေးတို့... ကျွန်တော်တို့ကို လက်ခံပေးပါဦး...”

မိုးကြိုးနဂါးနှင့် အခြားသူများမှာ အမှန်တကယ်ပင် ရိုသေလေးနက်သော အမူအရာဖြင့် ချက်ချင်း ဒူးထောက်လိုက်ကြသည်။ လော့လီမှာ ဝေခွဲမရ ဖြစ်နေသည်။ ကောင်းကင်တံတားနယ်ပယ် မိစ္ဆာသားရဲတစ်ကောင်ကို လက်ခံရန်မှာ ကိစ္စမရှိသော်လည်း ဤသုံးကောင်လုံးမှာ ကံကြမ္မာနယ်ပယ်မှ ဖြစ်ကြသည်။ သူမအနေဖြင့် အမှန်တကယ်ပင် အရည်အချင်း မပြည့်မီဟု ခံစားနေရသည်။

“လက်ခံလိုက်ပါ...”

ရီယွင်က ဆိုလိုက်သည်။

“ဒါပေမဲ့ သိပ်အရေးကြီးတဲ့ အခြေအနေမျိုး မဟုတ်ရင် သူတို့ကို အသုံးမပြုနဲ့ဦး... သူတို့ကို လက်ကောက်တွေထဲမှာပဲ ကျင့်ကြံနေခိုင်းလိုက်...”

“ကောင်းပါပြီ... ဘိုးဘေးကြီး...”

လော့လီက ခေါင်းညိတ်လိုက်ပြီး သူမ၏ လက်ကောက်ကို မြှောက်ကာ နက်မှောင်လျှပ်စီး မိုးကြိုးကျားကို ထိုရတနာအတွင်းသို့ သိမ်းဆည်းလိုက်သည်။

“စီနီယာအစ်မကြီး... ဂျူနီယာမောင်လေး... ငါတို့ တစ်ယောက် တစ်ကောင်စီ ယူကြရအောင်လေ...”

လော့လီက နောက်သို့ အနည်းငယ် ဆုတ်လိုက်ပြီး စုဝမ်ယီနှင့် ကျွင်းမော့ရှောင်တို့ကို ကြည့်ကာ ပြုံးလျက် အကြံပြုလိုက်သည်။ ဤမြင်ကွင်းကို မြင်ရသည့်အခါ ရီယွင်က သဘောကျစွာ ခေါင်းညိတ်လိုက်သည်။ လော့လီမှာ လူတိုင်းအပေါ် တန်းတူညီတူ ဆက်ဆံတတ်သဖြင့် တော်တော်လေး ကောင်းမွန်လှသည်။ သူက လက်ကို ဆန့်လိုက်သည့်အခါ အလင်းတန်းတစ်ခုမှာ စုဝမ်ယီ၏ လက်ကောက်ဝတ်ပေါ်တွင် ပေါ်လာပြီး လက်ကောက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

“ဒါက...”

စုဝမ်ယီမှာ အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားသည်။ လော့လီက ပြေးသွားပြီး စုဝမ်ယီ၏ နားနားသို့ ကပ်ကာ ခေတ္တမျှ တိုးတိုးလေး ပြောလိုက်သည်။ ထိုအခါမှသာ စုဝမ်ယီ နားလည်သွားသည်။ ဤသည်မှာ တပည့်များ မိစ္ဆာသားရဲများ စုဆောင်းရန်အတွက် ဘိုးဘေးကြီးက ပေးသနားထားသော အထူးလက်ကောက်တစ်ခု ဖြစ်ကြောင်း သိလိုက်ရသည်။

“စီနီယာအစ်မကြီး... ကျွန်တော် အစ်မကြီးကို လက်တွေ့ပြပါရစေ...”

သူမ၏ ဘေးတွင် ရပ်နေသော ကျွင်းမော့ရှောင်ကလည်း သူ၏လက်ကောက်ကို မြှောက်လိုက်သည်။ အစိမ်းရောင် အလင်းတစ်ခု ထွက်ပေါ်လာပြီး နွားသိုးကြီးကို ရတနာလက်ကောက်အတွင်းသို့ သိမ်းဆည်းလိုက်သည်။ စုဝမ်ယီသည်လည်း အားကျမခံဘဲ သူမ၏ လက်ကောက်အသစ်ကို အသုံးပြု၍ ကျန်ရှိနေသော မိုးကြိုးနဂါးကို သိမ်းဆည်းလိုက်ရာ တစ်ခဏချင်းအတွင်းမှာပင် လျှပ်စီးတောင်တန်း၏ သူတော်စင်သုံးပါးလုံးမှာ တပည့်သုံးဦး၏ လက်ကောက်များအတွင်းသို့ ရောက်ရှိသွားကြတော့သည်။

အခန်း ၁၂၃ ပြီးပါပြီ။

All Chapters