အခန်း (၁၂၇-၁၂၉)
Vol. 9 Ch. 127-129
အခန်း ၁၂၇ - ဆန်းကြယ်သော သစ်သားသေတ္တာနှင့် ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များ
“သတ်စမ်း...”
ရှန်းဟန်ဂိုဏ်း၏ ကွင်းပြင်ကျယ်ထက်တွင် တိုက်ပွဲခေါ်သံများမှာ ကောင်းကင်ဘုံကိုပင် တုန်ဟိန်းသွားစေသည်။ လော့လီ၊ ကျွင်းမော့ရှောင်နှင့် စုဝမ်ယီတို့မှာ ဓားအလင်းလှိုင်းလုံးကြီးများကြားတွင် နစ်မြုပ်နေကြပြီ ဖြစ်သည်။
သို့သော်လည်း သူတို့၏ အင်အားမှာ ယခင်ကထက် များစွာ သန်မာလာခဲ့ပြီ ဖြစ်၏။ ရှန်းဟန်ဂိုဏ်းမှ ပြန်လည်မွေးဖွားခြင်းနယ်ပယ် အကြီးအကဲများမှာ ကျင့်ကြံမှုနယ်ပယ်များ ဖိနှိပ်ခံထားရသည့်အတွက် သူတို့ သုံးဦးမှာ အခြေအနေကို ကောင်းကောင်း ထိန်းထားနိုင်ကြသည်။
စုဝမ်ယီ၏ အတွေ့အကြုံမှာတော့ အဆန်းကြယ်ဆုံး ဖြစ်ပေသည်။ အကယ်၍ ပြန်လည်မွေးဖွားခြင်းနယ်ပယ်သန်မာသူ တစ်ဦးဦးက သူမကို သတ်ရန် ကြိုးစားပါက သူတို့၏ ကျင့်ကြံမှုနယ်ပယ်မှာ ပြန်လည်မွေးဖွားခြင်းနယ်ပယ်မှနေ၍ ကောင်းကင်တံတားနယ်ပယ် အဆင့် ၁ အထိ ချက်ချင်း ထိုးကျသွားသည်။ သူမကို ပစ်မှတ်ထားသည့် အဆင့်မြင့် ကောင်းကင်တံတားနယ်ပယ်သန်မာသူများပင်လျှင် သူတို့၏ ကျင့်ကြံမှုနယ်ပယ်များ အလားတူပင် သိသိသာသာ ကျဆင်းသွားကြရသည်။
ဤ ကောင်းကင်တံတားနယ်ပယ်နှင့် ပြန်လည်မွေးဖွားခြင်းနယ်ပယ်မှ တပည့်များနှင့် အကြီးအကဲများအားလုံးမှာ ရီယွင် ထုတ်ဖော်လိုက်သည့် စိတ်ပိုင်းဆိုင်ရာ လျှို့ဝှက်ကျင့်စဉ်တစ်ခု၏ ထိန်းချုပ်မှုကို ပြင်းပြင်းထန်ထန် ခံထားရခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့၏ ကျင့်ကြံမှုနယ်ပယ်များ ဤမျှအထိ ထိုးကျသွားသော်လည်း မည်သူမျှ သတိမပြုမိကြချေ။ သူတို့ သိသည်မှာ သူတို့ရှေ့မှ လူငယ်သုံးဦးကို မည်သည့်ပေးဆပ်မှုမျိုးနှင့်မဆို သတ်ရမည်ဟူသော အချက်သာ ဖြစ်သည်။
သို့သော်လည်း ကောင်းကင်တံတားနယ်ပယ် ကျင့်ကြံသူများသည် လော့လီနှင့် ကျွင်းမော့ရှောင်တို့ကို ရင်ဆိုင်သည့်အခါတွင်မူ သူတို့၏ ကျင့်ကြံမှုနယ်ပယ်များ ကျဆင်းခြင်း မရှိချေ။
ရှန်းဟန်ဂိုဏ်းမှ သောင်းနှင့်ချီသော တပည့်အားလုံးမှာ ရီယွင်၏ စိတ်ပိုင်းဆိုင်ရာ လျှို့ဝှက်ကျင့်စဉ်ဖြင့် ထိန်းချုပ်ခံထားရသည်။ သူတို့၏ မျက်နှာများမှာ ရူးသွပ်မှုများဖြင့် တွန့်လိမ်နေကြပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သည့်အလား တိုက်ခိုက်မှုလှိုင်းလုံးများကို တစ်ခုပြီးတစ်ခု ပြုလုပ်နေကြသည်။ ဆူနာမီလှိုင်းလုံးကြီးများအလား တရစပ် တိုက်ခိုက်မှုများမှာ သူတို့ သုံးဦးအပေါ် ကြီးမားသော ဖိအားများကို ပေးနေသည်။
ကွင်းပြင်တစ်ခုလုံးတွင် ဓားအလင်းတန်းများ မိုးရွာသကဲ့သို့ ကျဆင်းနေသော်လည်း မြင်းရထား၏ ပေ ၃၀ ပတ်လည်အတွင်းသို့ ရောက်ရှိလာသမျှ အရာအားလုံးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားကြရသည်။
“သခင်ကြီးက နတ်ဧကရာဇ်နယ်ပယ်ကို ရောက်သွားပြီးနောက်မှာ ပိုပြီးတော့တောင် ကြောက်ဖို့ကောင်းလာတာပဲ...”
မြင်းနက်ကြီးက ပတ်ဝန်းကျင်မှ တိုက်ပွဲကို ကြည့်ကာ မျက်လုံးများ ပြူးလျက် တအံ့တသြ ရေရွတ်လိုက်၏။
“ဦးလေးမြင်း... ဒီမှာ ဘာတွေ ဖြစ်နေတာလဲဟင်... ကျွန်တော် အခုထိ နားမလည်သေးဘူး...”
ကြောင်နက်ကြီးက မျက်တောင်တခတ်ခတ်ဖြင့် မေးမြန်းလိုက်သည်။ သူသည် ယခုတိုက်ပွဲ၏ အခြေအနေကို အမှန်တကယ်ပင် နားမလည်သေးပေ။ ကံကြမ္မာနယ်ပယ်တွင်သာ ရှိသေးသဖြင့် ကြောင်နက်ကြီးမှာ အဆင့်နှိမ့်ချခံထားရသော အကြီးအကဲများ၏ ကျင့်ကြံမှုအရှိန်အဝါကို မခံစားနိုင်သေးချေ။ ထာဝရနယ်ပယ်သို့ ရောက်ရှိထားသော မြင်းနက်ကြီးမှာမူ အချို့သော အရိပ်အယောင်များကို ခံစားသိရှိနိုင်သဖြင့် ရီယွင် အသုံးပြုထားသော ကောင်းကင်ဘုံကို ဆန့်ကျင်သည့် နည်းလမ်းများကို ခပ်ရေးရေး ခန့်မှန်းနိုင်ခြင်း ဖြစ်သည်။
“ဖျန်း...”
ကြီးမားလှသော မြင်းမြီးမှာ ကြောင်နက်ကြီးကို ရုတ်တရက် ရိုက်လိုက်ရာ ကြောင်နက်ကြီးခမြာမှာ ကိတ်မုန့်ပြားလေးအလား ပြားချပ်သွားလုနီးပါး ဖြစ်သွားသည်။
“မင်းက ဘာမှ နားမလည်ဘူး... မင်းလို ကံကြမ္မာနယ်ပယ် ကျင့်ကြံသူလေးက သခင်ကြီးရဲ့ နတ်ဘုရားစွမ်းရည်တွေကို ဝေဖန်ဝံ့တာလား... မင်း ကျင့်ကြံမှု တက်လာပြီးနောက်မှာ တော်တော်လေး မောက်မာလာပုံရတယ် ဟုတ်လား...”
မြင်းနက်ကြီးက ခေါင်းလှည့်ကာ ကြောင်နက်ကြီးကို စိတ်တိုတိုဖြင့် စိုက်ကြည့်လိုက်၏။
“အား... နာလိုက်တာ ဦးလေးမြင်းရယ်... ကျွန်တော်က ဒီအတိုင်း ပေါ့ပေါ့ပါးပါး ပြောမိတာပါ၊ အတည်မယူပါနဲ့ စီနီယာကြီးရဲ့... ကျွန်တော် ကံကြမ္မာနယ်ပယ်ကို ရောက်သွားတယ်ဆိုဦးတော့ စီနီယာကြီးရဲ့ မျက်လုံးထဲမှာတော့ အရေးမပါတဲ့ အားနည်းသူလေးပါပဲ...”
ကြောင်နက်ကြီးက အော်ဟစ်ညည်းတွားရင်း သူ၏ဦးခေါင်းကို ကိုင်ကာ အားယူ၍ ပြန်ထလိုက်သည်။
“ဟားဟားဟား...”
မြင်းနက်ကြီးက ပြုံးလိုက်၏။
“ကြောင်လေး... ဒီမှာ ဒီအတိုင်း ရပ်မနေနဲ့လေ... သိုလှောင်လက်စွပ်တွေကို အမြန် သွားစုစမ်း... နောင်ကျရင် သခင်လေးတွေကို ပေးလို့ ရတာပေါ့...”
“ဟုတ်ကဲ့ပါဗျာ...”
ကြောင်နက်ကြီးမှာ ချက်ချင်းပင် တက်ကြွသွားသည်။ သူသည် မြင်းရထားပေါ်မှ သွက်လက်စွာ ခုန်ဆင်းလိုက်ပြီး အနက်ရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ရှုပ်ထွေးလှသော ဓားအလင်းတန်းများကြားတွင် ကူးခတ်သွားတော့သည်။
ရှန်းဟန်ဂိုဏ်းမှ တပည့်များသည် တစ်ဦးပြီးတစ်ဦး လဲကျနေကြသည်။ မူလပင်လယ်နယ်ပယ်သန်မာသူများမှာ အားအနည်းဆုံး ဖြစ်ရာ အနည်းငယ်မျှ ပေါ့ဆလိုက်သည်နှင့် ပြင်းထန်လှသော ဓားအလင်းတန်းများအောက်တွင် အသက်ပျောက်ကြရသည်။
“ဒီမှာ တစ်ကွင်း...”
“ဟိုမှာလည်း နောက်တစ်ကွင်း...”
ကြောင်နက်ကြီးမှာ ပျော်ရွှင်စွာ သိမ်းဆည်းနေသည်။ သိုလှောင်လက်စွပ်များကို စုဆောင်းပြီးနောက် သူသည် ၎င်းတို့ကို သူ၏ဦးခေါင်းအထက်သို့ မြှောက်တင်လိုက်ပြီး စွမ်းအင်များဖြင့် မြဲမြံစွာ ထိန်းထားလိုက်သည်။
ဂိုဏ်းချုပ် ခန်းမဆောင်ကြီး၏ နောက်ဘက်ရှိ ခန့်ညားထည်ဝါလှသော ကိုးထပ် ရှေးဟောင်းမျှော်စင်၏ အပြင်ဘက်တွင် ရီယွင်သည် လက်များကို နောက်ပစ်လျက် ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည်။ ထိုခဏ၌ သူသည် သူ၏ အရှိန်အဝါအားလုံးကို ရုပ်သိမ်းထားသဖြင့် သာမန်လူတစ်ဦးအလား ထင်ရပေသည်။
ကြည်လင်ပြတ်သားသော ခြေသံများမှာ ရုတ်တရက် ဟိန်းထွက်လာသည်။
မြေပြင်ပေါ်တွင် ထိုင်နေသော မျက်စိမမြင်သည့် သူအိုကြီးမှာ ရုတ်တရက် မတ်တတ်ထရပ်လိုက်၏။ သူသည် သူ၏ဓားကို ဆွဲထုတ်ကာ အရပ်မျက်နှာ တစ်ခုသို့ ချိန်ရွယ်လိုက်ပြီး အေးစက်စွာ မေးမြန်းလိုက်သည်။
“ဘယ်သူလဲ...”
ရီယွင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
သူ၏ အကြည့်အောက်တွင် မျက်စိမမြင်သည့် သူအိုကြီးမှာ ပြာအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားတော့သည်။
ကံကြမ္မာနယ်ပယ်သို့ ခြေတစ်လှမ်းသာ လိုတော့သော ကျင့်ကြံသူတစ်ဦးမျှသာ ဖြစ်သည်။ ရီယွင်၏ မျက်လုံးထဲတွင် သူတို့မှာ ပုရွက်ဆိတ်ပင် မဟုတ်ကြပေ။ ယခုအခါ ရီယွင်၏ ရှေ့တွင် ထာဝရနယ်ပယ် ကျင့်ကြံသူတစ်ဦးပင်လျှင် ပုရွက်ဆိတ်ထက် နိမ့်ကျနေပြီ ဖြစ်သည်။ စိတ်ကူးတစ်ခုတည်းဖြင့်ပင် ရီယွင်သည် ထာဝရနယ်ပယ် ကျင့်ကြံသူတစ်ဦးကို အမြစ်ပြတ် ချေမှုန်းပစ်နိုင်သည်။
သူ၏ နယ်ပယ် မြင့်တက်လာသည်နှင့်အမျှ ရီယွင်၏ ကျင့်ကြံမှုမှာ ပိုမို၍ ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။ လျှပ်စီးတောင်တန်းတွင် သုံးလကြာ သီးခြားခွဲထွက် ကျင့်ကြံခဲ့ပြီးနောက် သူသည် သူ၏ကျင့်ကြံမှုကို ခိုင်မာအောင် လုပ်ဆောင်ခဲ့ရုံတင်မကဘဲ နတ်ဧကရာဇ်နယ်ပယ် ဒုတိယအဆင့်သို့ပင် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ဤသုံးလအတွင်းမှာပင် ရီယွင်သည် စိတ်ကူးမယဉ်နိုင်လောက်အောင် အစွမ်းထက်သည့် နတ်ဘုရားစွမ်းရည် အမြောက်အများကိုလည်း နားလည်သဘောပေါက်ခဲ့သည်။ ဥပမာအားဖြင့် သူ၏ နတ်မျက်စိ တစ်စုံမှာ နတ်ဘုရားအဆင့် နတ်မျက်စိကျင့်စဉ် နတ်ဘုရားစွမ်းအားတစ်ခုဖြစ်သည့် ကောင်းကင်ဘုံသုတ်သင်ခြင်း ပုံရိပ်ယောင်မျက်ဝန်း၏ ထုတ်ဖော်မှုပင် ဖြစ်သည်။
လှည့်စားမှုပေါင်းများစွာနှင့်အတူ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကို စိတ်ကူးတစ်ခုတည်းဖြင့် ဆုံးဖြတ်နိုင်သည်။ အကြည့်တစ်ချက်တည်းဖြင့် မရေမတွက်နိုင်သော သန်မာသူများကို ပြာအဖြစ် ပြောင်းလဲပစ်နိုင်ပြီး သူတို့ကို ခြောက်ဘုံသံသရာအတွင်းသို့ မည်သည့်အခါမျှ ဝင်ရောက်ခွင့် မရတော့အောင် တားဆီးနိုင်သည်။
ဤသည်မှာ အလွန်အစွမ်းထက်သော နတ်မျက်စိကျင့်စဉ်တစ်ခု ဖြစ်ပြီး ၎င်း၏ စွမ်းအားမှာ အလွန်ပင် ပြင်းထန်လှသည်။ ရီယွင်သည် အလွန်ပါရမီထူးသူ ဖြစ်သော်လည်း ဤနတ်ဘုရားစွမ်းရည်ကို မဟာအောင်မြင်မှုအဆင့်အထိသာ ကျင့်ကြံနိုင်သေးပြီး ထိပ်ဆုံးအဆင့်သို့ ရောက်ရန်မှာ အလှမ်းကွာနေသေးသည်။ သူ ခန့်မှန်းမိသည်မှာ သူသည် နတ်ဘုရားဘုရင်နယ်ပယ်သို့ ရောက်ရှိသွားသည့်အခါမှသာ ဤနတ်ဘုရားစွမ်းရည်မှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိပေလိမ့်မည်။ ထိုအချိန်တွင် အကြည့်တစ်ချက်တည်းဖြင့် ကမ္ဘာလောကတစ်ခုလုံးမှာ သူ၏မျက်လုံးများအတွင်း၌ ဖန်တီးခြင်းနှင့် ပျက်စီးခြင်းတို့ကို ကြုံတွေ့ရပေလိမ့်မည်။
ရီယွင်သည် ရှေ့သို့ လှမ်းတက်သွားပြီး အထဲသို့ ဝင်လိုက်သည်။ ရှေးဟောင်းမျှော်စင်၏ တံခါးကြီးများမှာ အလိုအလျောက် ပွင့်သွားပြီး သူသည် ပထမထပ်သို့ ဝင်ရောက်ခဲ့သည်။
“ဘယ်သူလဲ...”
မျှော်စင်၏ အခြားသော အစောင့်အကြပ်ဖြစ်သူ သူအိုကြီးတစ်ဦးမှာ အဖြူရောင်ဝတ်စုံနှင့် ထူးဆန်းသော လူငယ်တစ်ဦး ဝင်လာသည်ကို မြင်ရသည့်အခါ အံ့သြသွားသည်။ သူသည် ချက်ချင်းပင် ဓားကို ဆွဲထုတ်ကာ ပြေးဝင်တိုက်ခိုက်လိုက်၏။ သူသည် ပြန်လည်မွေးဖွားခြင်းနယ်ပယ် အဆင့် ၁၀ ရှိသူ ဖြစ်ရာ ဤတိုက်ကွက်မှာ အလွန်ပင် ပြင်းထန်လှသည်။
သခင်ကြီးက သူ့ကို မော့ကြည့်လိုက်သည်။ သခင်ကြီး၏ နတ်မျက်စိအတွင်း၌ ထူးခြားသော အလင်းတစ်ခု ဝင်းလက်သွား၏။
ဓားအလင်းမှာ တစ်ခဏချင်းအတွင်း ပျောက်ကွယ်သွားသည်။ ထို့နောက် ထိုသူအိုကြီးမှာ သူ၏လက်မောင်း ပျောက်ကွယ်သွားသည်ကို ထိတ်လန့်ဖွယ် တွေ့ရှိလိုက်ရသည်။ ဆက်လက်၍ သူသည် မည်သည့်အသံမျှ ထွက်၍မရတော့ကြောင်း သိလိုက်ရ၏။ နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပျောက်ကွယ်သွားတော့သည်။ သူသည် မည်သည့် အရိပ်အယောင်မျှ မကျန်ဘဲ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။
ထိုမျှော်စင်အစောင့်မှာ မသေသေးပေ။ သူသည် ဟင်းလင်းပြင်ဝဲဂယက်အတွင်းသို့ နှင်ထုတ်ခံလိုက်ရရုံသာ ဖြစ်သည်။ သူ မည်မျှကြာအောင် အသက်ရှင်နိုင်မည်ဆိုသည်မှာ သူ၏ ကိုယ်ပိုင်စွမ်းရည်အပေါ်တွင်သာ မူတည်ပေလိမ့်မည်။ သို့သော်လည်း ပြန်လည်မွေးဖွားခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးမျှသာ ဖြစ်သဖြင့် ထိုကဲ့သို့သော ဟင်းလင်းပြင်ဝဲဂယက်အတွင်းမှ မည်သည့်အခါမျှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
သခင်ကြီးသည် ပထမထပ်ကို စစ်ဆေးကြည့်သော်လည်း သူ ရှာဖွေနေသည့်အရာကို မတွေ့ချေ။ ထို့နောက် သူသည် လှေကားများမှတစ်ဆင့် ဒုတိယထပ်သို့ တက်ခဲ့သည်။
ဒုတိယထပ်တွင် အစောင့်အကြပ် မရှိပေ။ သို့သော် ၎င်းကို အစီအရင်တစ်ခုဖြင့် ကာကွယ်ထားသည်။ မရင်းနှီးသော အရှိန်အဝါတစ်ခုကို ခံစားမိသည်နှင့် အစီအရင်မှာ အသက်ဝင်လာပြီး တောက်ပလှသော အလင်းတန်းများ ထွက်ပေါ်လာကာ ရီယွင်ကို တားဆီးရန် ကြိုးစားလိုက်သည်။
ရီယွင်က ထိုအစီအရင်ကို ကြည့်လိုက်၏။ သူ၏မျက်လုံးများအတွင်း၌ ကြယ်တာရာများအလား မရေမတွက်နိုင်သော မန္တန်သင်္ကေတများမှာ ဝင်းလက်နေသည်။ တစ်ခဏချင်းအတွင်းမှာပင် အစီအရင်မှာ မရေမတွက်နိုင်သော အမှုန်အမွှားများအဖြစ် ပြိုကွဲသွားပြီး ပျောက်ကွယ်သွားတော့သည်။
ဒုတိယထပ်တွင်လည်း သူရှာဖွေနေသည့်အရာ မရှိပေ။
ဆက်လက်၍ သူသည် တတိယထပ်မှသည် ကိုးထပ်မြောက်အထိ တက်လှမ်းခဲ့ရာ အစီအရင် ခုနစ်ခုကို အဆက်မပြတ် ချိုးဖျက်ခဲ့ရသည်။ နောက်ဆုံးတွင် ကိုးထပ်မြောက်သို့ ရောက်သည့်အခါ သူ ရှာဖွေနေသည့်အရာကို တွေ့ရှိလိုက်ရသည်။
ဤ ကိုးထပ်မြောက် နေရာမှာ ရှန်းဟန်ဂိုဏ်းတစ်ခုလုံးတွင် အလျှို့ဝှက်ဆုံး နေရာ ဖြစ်သည်။ ၎င်း၏ အရေးပါမှုမှာ ရှန်းဟန်ဂိုဏ်း၏ ရတနာတိုက်ထက်ပင် ပိုမိုကြီးမားလှပေသည်။ ဂိုဏ်း၏ အရေးအကြီးဆုံး လျှို့ဝှက်ချက်များကို ဤနေရာတွင် ထားရှိခြင်း ဖြစ်သည်။
ကိုးထပ်မြောက်မှာ အခြားအထပ်များနှင့် လုံးဝ ကွာခြားလှသည်။ ၎င်းတွင် ယဇ်ပလ္လင်တစ်ခုသာ ရှိပြီး ထိုယဇ်ပလ္လင်ပေါ်တွင် ရှေးဟောင်း အရှိန်အဝါများ ထွက်ပေါ်နေသော သေတ္တာတစ်လုံး ရှိနေသည်။ ၎င်းမှာ အလွန်ပင် ဟောင်းနွမ်းနေပြီး တံဆိပ်ခတ်နှိပ်မှုများစွာ ပါရှိနေသည်။
ထိုတံဆိပ်များကို မြင်ရသည့်အခါ ရီယွင်၏ အမူအရာမှာ တည်ငြိမ်နေဆဲ ဖြစ်၏။
‘တော်တော်လေး သတိကြီးတာပဲ... ဘယ်သူမှ လာမကြည့်နိုင်အောင် နည်းလမ်းမျိုးစုံ သုံးထားတာပဲ...’
ရီယွင်က တွေးလိုက်သည်။
သူသည် သေတ္တာဆီသို့ လျှောက်သွားပြီး ငုံ့ကြည့်လိုက်သည်။ တစ်ခဏချင်းအတွင်းမှာပင် တံဆိပ်ခတ်နှိပ်မှုများမှာ နေရောင်အောက်မှ နွေဦးနှင်းများအလား အရည်ပျော် ပျောက်ကွယ်သွားကြသည်။
ရီယွင်သည် သေတ္တာကို ဖွင့်လိုက်၏။ ၎င်းအတွင်း၌ စာတစ်စောင်နှင့် ကျောက်စိမ်းပြားတစ်ခု ရှိနေသည်။
ရီယွင်သည်သည် စာကို မဖွင့်ပေ။ သူ၏မျက်လုံးများမှ အလင်းတစ်ချက် ဝင်းလက်သွားရုံဖြင့် ၎င်းအတွင်းမှ အကြောင်းအရာများကို မြင်တွေ့လိုက်ရသည်။ ကျောက်စိမ်းပြားမှာတော့ သက်သေခံတံဆိပ်တစ်ခု ဖြစ်သည်။
ဤသည်မှာ လွန်ခဲ့သော နှစ်ပေါင်းသောင်းချီက ရှန်းဟန်ဂိုဏ်း၏ ပထမဆုံးသော ဘိုးဘေးကြီး ချန်ထားခဲ့သည့် လက်ရေးစာ ဖြစ်သည်။ ရှန်းဟန်ဂိုဏ်းဟု အမည်ပေးခဲ့ရခြင်း၏ အကြောင်းရင်းမှာ နဂါးနတ်ဘုရားဂိုဏ်းကို အဆုံးသတ်ရန်အတွက် တိကျစွာ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ နဂါးနတ်ဘုရားဂိုဏ်းကို နှစ်ပေါင်းသောင်းချီအောင် ထိန်းချုပ်ထားရန်နှင့် မျိုးဆက် ၃၀၀ ခန့် ကြာမြင့်ခဲ့သော ၎င်း၏ မျိုးဆက်ကို ရုတ်တရက် အဆုံးသတ်သွားစေရန် သေချာစေဖို့ ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ပြီးသွားပါက တာဝန်ပြီးမြောက်သည်ဟု မှတ်ယူမည် ဖြစ်သည်။
တာဝန်ပြီးမြောက်သွားပြီးနောက်တွင် ရှန်းဟန်ဂိုဏ်း၏ ဆက်ခံသူ ဂိုဏ်းချုပ်များသည် ဤကျောက်စိမ်းပြားကို အသုံးပြု၍ ကောင်းကင်လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်နိုင်ပြီး ကွေ့ဟွာပင် ကို ရှာဖွေကာ ကျောက်စိမ်းပြားကို ၎င်းအပေါ်တွင် ချိတ်ဆွဲထားရမည် ဖြစ်သည်။
ထို့နောက်တွင် သူတို့သည် အံ့အားသင့်ဖွယ် ကောင်းသော ဆုလာဘ်ကို ရရှိကြပေလိမ့်မည်။
အခန်း ၁၂၇ ပြီးပါပြီ။
အခန်း ၁၂၈ - စီစဉ်သူကို ခန့်မှန်းခြင်းနှင့် စုဝမ်ယီ နယ်ပယ်ကျော်ဖြတ်ခြင်း
“ဒါက ပိုပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပြီပဲ...”
ရီယွင်သည် လက်များကို နောက်ပစ်ထား၏။ တည်ငြိမ်သော သူ၏မျက်ဝန်းများဖြင့် သစ်သားသေတ္တာထဲရှိ စာနှင့် ကျောက်စိမ်းပြားကို စိုက်ကြည့်နေစဉ် သူ၏မျက်နှာပေါ်၌ ခဏတာမျှ အပြုံးတစ်ခု မသိမသာ ဝင်းလက်သွားသည်။
တစ်ဖက်လူမှာ အလွန်အမင်း သတိကြီးလှပေသည်။ ယခုတစ်ကြိမ်တွင် သဲလွန်စအားလုံးကို လျှို့ဝှက်နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာရှိ ကွေ့ဟွာပင်ဆီသို့ ဦးတည်သွားအောင်ပင် လုပ်ဆောင်ထားသည်။ ဤအရာ၏ နောက်ကွယ်မှ အင်အားစုမှာ စိတ်ကူးမယဉ်နိုင်လောက်အောင် ကြီးမားပေလိမ့်မည်။ ကောင်းကင်အဆင့်ရှိသော ဂိုဏ်းတစ်ခုပင်လျှင် ဤသို့ လုပ်ဆောင်နိုင်စွမ်း မရှိချေ။ ထာဝရအဆင့်ရှိသော ဂိုဏ်းတစ်ခုသာလျှင် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။ ထိုစီစဉ်သူမှာ အလွန်ပါးနပ်ပြီး အဆင့်တိုင်းကို စနစ်တကျ စီစဉ်ထားသည်။ သဲလွန်စဖြစ်လာနိုင်သမျှ အရာအားလုံးကို ဖြတ်တောက်ထားသဖြင့် နောင်လာနောက်သားများအနေဖြင့် မည်သည့်အရာကိုမျှ သိရှိနိုင်ရန် မဖြစ်နိုင်ပေ။
‘နှစ်ပေါင်းတစ်သိန်းတိုင်တိုင် လျှို့ဝှက်ကျင့်ကြံမှုနယ်မြေထဲ ဝင်ရောက်ခဲ့ပြီးတဲ့နောက်မှာ ငါက အခုဆိုရင် အနှိုင်းမဲ့ဖြစ်နေပြီပဲ... မင်းတို့နဲ့ ကစားကြည့်ဖို့ အချိန်အခါကောင်းပဲပေါ့...’
ရီယွင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
သူ၏ရှေ့ရှိ သစ်သားသေတ္တာမှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး သူ သိမ်းဆည်းလိုက်သည်။
တိုက်ရိုက်သဲလွန်စများ မရရှိခဲ့သော်လည်း စာတစ်စောင်နှင့် ကျောက်စိမ်းပြားကို ရရှိခဲ့ခြင်းမှာ ရီယွင်အတွက် ကျေနပ်စရာပင် ဖြစ်သည်။ သူသည် ပဟေဠိတစ်ခုကို ဖြေရှင်းရသည့် ခံစားချက်ကို နှစ်သက်သည်။ ဤသည်က လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းတိုင်တိုင် အနှိုင်းမဲ့ဖြစ်နေခဲ့သဖြင့် ခံစားခဲ့ရသော အထီးကျန်မှုကို ပြေပျောက်စေပေသည်။
ယခုအခါ သူသည် ဤသဲလွန်စများနောက်သို့ လိုက်သွားရုံသာ ရှိတော့သည်။ နဂါးနတ်ဘုရားဂိုဏ်းမှ လူငယ်သုံးဦးနှင့်အတူ သူတို့၏ အတွေ့အကြုံများကို စဉ်ဆက်မပြတ် ရရှိစေရင်း ကောင်းကင်လမင်းမင်းဆက်ဆီသို့ ဦးတည်သွားရမည် ဖြစ်သည်။ ထို့နောက်တွင် လျှို့ဝှက်နယ်မြေအတွင်း၌ အမှန်တကယ် မည်သည့်လျှို့ဝှက်ချက်များ ဖုံးကွယ်ထားသည်ကို သူ မြင်တွေ့ရပေလိမ့်မည်။
ဟင်းလင်းပြင်မှာ ဆုတ်ဖြဲခံလိုက်ရပြီး ရီယွင် လှမ်းဝင်သွားသည်။ နောက်တစ်ခဏတွင် သူသည် ရှန်းဟန်ဂိုဏ်း ကွင်းပြင်ကျယ်၏ အထက် ကောင်းကင်ယံတွင် ပေါ်လာသည်။
တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။ တိုက်ပွဲခေါ်သံများမှာ ကောင်းကင်ဘုံကို တုန်ဟိန်းစေကာ ဓားချင်းထိသံများနှင့် ကြီးမားသော ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။
လော့လီ၊ ကျွင်းမော့ရှောင်နှင့် စုဝမ်ယီတို့သည် လူပေါင်းသောင်းချီ၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် စိတ်ကူးမယဉ်နိုင်သော ဖိအားများကို ရင်ဆိုင်နေရသည်။ အထူးသဖြင့် ရှန်းဟန်ဂိုဏ်း တပည့်အားလုံးမှာ ရီယွင်၏ လျှို့ဝှက်ကျင့်စဉ်ဖြင့် ထိန်းချုပ်ခံထားရပြီး သူတို့အားလုံးမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သည့်အလား အတင်းအဓမ္မ တိုက်ခိုက်နေကြခြင်းကြောင့် ဖြစ်သည်။ ထိုကဲ့သို့သော ဖိအား၏ ပြင်းထန်မှုကို ခန့်မှန်းကြည့်ရုံဖြင့် သိနိုင်ပေသည်။
ကွင်းပြင်တစ်ခုလုံးတွင် တိုက်ပွဲ၌ ပါဝင်ခြင်းမရှိသည့် တစ်ဦးတည်းသောသူမှာ ရှန်းဟန်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော ရန်ထျန်းရှင်း ပင် ဖြစ်သည်။ သူသည် စောစောကပင် ရီယွင်၏ ထိန်းချုပ်မှုကို ခံထားရသဖြင့် အခုထိ မလှုပ်ရှားနိုင်သေးချေ။
‘မင်းလည်း သူတို့နဲ့ ပူးပေါင်းလိုက်ဦးလေ...’
ရီယွင်၏ အမူအရာ လှုပ်ရှားသွားပြီး သူ၏မျက်ဝန်းများအတွင်း၌ နက်နဲသော အလင်းတစ်ခု ဝင်းလက်သွားသည်။ ထိုအခါ မှင်တက်မိနေသော ရန်ထျန်းရှင်းသည်လည်း တိုက်ပွဲအတွင်းသို့ ဝင်ရောက်သွားတော့သည်။
အောက်မှ တိုက်ပွဲကို ကြည့်ရင်း ရီယွင်၏ အကြည့်မှာ ဝင်းလက်သွားပြီး သူ တွေးတောနေမိသည်။
ရှန်းဟန်ဂိုဏ်းသည် နဂါးနတ်ဘုရားဂိုဏ်းကို အနည်းဆုံး နှစ်ပေါင်းသောင်းချီအောင် ထိန်းချုပ်ထားခဲ့သည်။ ထိုမတိုင်မီကလည်း အခြားသော ဂိုဏ်းများသည် နဂါးနတ်ဘုရားဂိုဏ်းအပေါ် တိတ်တဆိတ် ကြံစည်မှုများ၊ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြပေလိမ့်မည်။ နဂါးနတ်ဘုရားဂိုဏ်း၏ စစ်မှန်သော ဆုတ်ယုတ်မှုမှာ လွန်ခဲ့သော နှစ်ပေါင်းသောင်းချီကတည်းက စတင်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။
ဤထိတ်လန့်ဖွယ် စီမံကိန်းကို စီစဉ်ပြီး အကောင်အထည်ဖော်ခဲ့သော အဖွဲ့မှာ နှစ်ပေါင်းသောင်းချီ ကြာပြီးနောက်တွင် ဤလောကမှ ပျောက်ကွယ်သွားပြီဟု ယူဆရသည်။ ထိုမျိုးဆက်သည် နဂါးနတ်ဘုရားဂိုဏ်းကို ၎င်း၏ အထွတ်အထိပ်ရောက်နေသော အခြေအနေမှ ဖြိုချခဲ့ပြီး ၎င်း၏ စွမ်းအားကို တဖြည်းဖြည်း ဆုတ်ယုတ်သွားအောင် လုပ်ဆောင်ခဲ့သည်။ နောက်ဆုံးတွင် ရှန်းဟန်ဂိုဏ်းကဲ့သို့သော အဆင့် ၉ ဂိုဏ်းတစ်ခုကသာ နောက်ဆက်တွဲကိစ္စများကို ကိုင်တွယ်ရတော့သည့် အခြေအနေသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။
ချန်းနန်ကုန်းမြေကြီးပေါ်တွင် ဂိုဏ်းတစ်ခုသည် နောက်ဆုံး၌ ထာဝရအဆင့်ရှိသော ဂိုဏ်းတစ်ခု ဖြစ်လာရန်အတွက် ၎င်းသည် ကုန်းမြေကြီး၏ နက်နဲသော ကံကြမ္မာကို ပိုင်ဆိုင်ထားရမည် ဖြစ်သည်။ ဤထာဝရအဆင့်ရှိသော ဂိုဏ်းများသည် ခိုင်မာသော အခြေခံများ ရှိကြပြီး မည်သို့မျှ အလွယ်တကူ ဖြိုလဲ၍ မရနိုင်ပေ။
‘အဲ့ဒီတုန်းက ငါက စနစ်ရဲ့ လှည့်စားမှုကို ခံရပြီး မှတ်တမ်းတင်ဖို့ ဆန်းကြယ်တဲ့ ဟင်းလင်းပြင်တစ်ခုထဲကို ဝင်သွားခဲ့တာ။ နောက်ထပ် နှစ်ပေါင်းတစ်သိန်းအတွင်းမှာ နဂါးနတ်ဘုရားဂိုဏ်း ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ဘယ်သူမှ မသိကြဘူး။ နဂါးနတ်ဘုရားဂိုဏ်းက နှစ်ပေါင်းသောင်းချီအောင် ခက်ခဲမှုတွေကို ကြုံတွေ့ခဲ့ရပြီး အဲ့ဒီဝေးကွာလှတဲ့ အတိတ်က မှတ်တမ်းတွေလည်း ပျောက်ကွယ်သွားခဲ့ပြီ။ အမှန်အတိုင်း ပြောရရင် ဂိုဏ်းရဲ့ အဓိက အမွေအနှစ် ဆက်ခံမှုဟာ ပြတ်တောက်သွားခဲ့ပြီ’
ကံကောင်းထောက်မစွာဖြင့် နဂါးနတ်ဘုရားဂိုဏ်း၏ မျိုးဆက်တစ်လျှောက်မှာ အလွန်ပင် ဇွဲနပဲ ကြီးမားခဲ့ကြသည်။ ထာဝရအဆင့်ရှိသော ဂိုဏ်း၏ ကံကြမ္မာ စောင့်ရှောက်မှုနှင့် ပေါင်းစပ်လိုက်သည့်အခါ သူတို့သည် မျိုးဆက် ၂၉၈ ခုမြောက် ဖြစ်သော လော့လီ အထိ တောင့်ခံနိုင်ခဲ့ကြသည်။ ဤခရီးမှာ အမှန်တကယ်ပင် ပင်ပန်းခက်ခဲလှပေသည်။
နှစ်ပေါင်းတစ်သိန်းတိုင်ခဲ့ပြီ။ သမုဒ္ဒရာများမှာ ပိုးစာခင်းများအဖြစ် ပြောင်းလဲသွားနိုင်သလို လူနှင့် အရာဝတ္ထုများမှာလည်း အချိန်နှင့်အမျှ ပြောင်းလဲသွားတတ်သည်။
‘ငါ လှုပ်ရှားခဲ့စဉ်တုန်းက နဂါးနတ်ဘုရားဂိုဏ်းမှာ ထာဝရနယ်ပယ်သန်မာသူတွေနဲ့ ပြည့်နှက်နေခဲ့တာ။ ဒါပေမဲ့ လော့လီရဲ့ မျိုးဆက်မှာတော့ သူ့ဆရာက မူလပင်လယ်နယ်ပယ်ကိုပဲ ရောက်ခဲ့တယ်’
ရီယွင်သည် ဤအမှတ်တရများကြောင့် စိတ်လှုပ်ရှားနေမိသည်။
‘ဒါကြောင့် ငါက ဒီကံဆိုးလှတဲ့ ကလေးသုံးယောက်ကို ထာဝရနယ်ပယ်ရဲ့ အငြင်းပွားဖွယ်မရှိတဲ့ သန်မာသူတွေ ဖြစ်လာအောင် လေ့ကျင့်ပေးဖို့ ဆုံးဖြတ်ထားတယ်။ သူတို့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ နဂါးဘိုးဘေး သွေးဗီဇ ပြည့်ဝမှုကိုလည်း ၉၀ ရာခိုင်နှုန်းအထက် ရောက်အောင် လုပ်ပေးဖို့ ရည်ရွယ်တယ်။ အဲ့ဒီလိုဆိုရင် သူတို့ထဲက ထာဝရနယ်ပယ်သန်မာသူ တစ်ယောက်တည်းနဲ့တင် သာမန် ထာဝရနယ်ပယ် ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာကို ဖိနှိပ်နိုင်မှာပဲ။ နောင်ကျရင် ဒီထာဝရနယ်ပယ်သန်မာသူ သုံးယောက် နဂါးနတ်ဘုရားဂိုဏ်းမှာ ရှိနေရင် သူတို့က ချန်းနန်ကုန်းမြေတစ်ခုလုံးကို အနည်းဆုံး နှစ်ပေါင်းသောင်းချီအောင် လွှမ်းမိုးထားနိုင်လိမ့်မယ်။ အဲ့ဒီကျမှ ငါလည်း ဘာမှ စိုးရိမ်စရာမရှိဘဲ ထွက်သွားနိုင်မှာ’
အချိန်များမှာ ဖြည်းဖြည်းချင်း ဆက်လက်ကုန်ဆုံးနေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် နာရီပေါင်းများစွာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
ကွင်းပြင်ကျယ်ပေါ်မှ တိုက်ပွဲမှာ အလွန်ပင် ရက်စက်ကြမ်းကြုတ်သော အဆင့်သို့ ရောက်ရှိလာသည်။ လူများမှာ တစ်ဦးပြီးတစ်ဦး လဲကျနေကြသည်။ ကျယ်ပြောလှသော ကွင်းပြင်ပေါ်တွင် တိုက်ခိုက်သူ ငါးထောင်မှ ခြောက်ထောင်ခန့်သာ ကျန်ရှိတော့သည်။
လော့လီ၊ ကျွင်းမော့ရှောင်နှင့် စုဝမ်ယီတို့မှာမူ ပင်ပန်းနွမ်းနယ်သည့် အရိပ်အယောင်မျှမရှိဘဲ ယခင်ကကဲ့သို့ပင် တက်ကြွနေဆဲ ဖြစ်သည်။
သူတို့ သုံးဦးလုံးမှာ အလွန်အမင်း အံ့အားသင့်နေကြသည်။
‘နဂါးဘိုးဘေး အနှစ်သာရသွေးက ငါတို့ ခန္ဓာကိုယ်တွေကို ဒီလောက်အထိ သန်မာလာစေလိမ့်မယ်လို့ ငါတို့ မထင်ထားမိဘူး။ မယုံနိုင်စရာပဲ။ နာရီပေါင်းများစွာ တိုက်ခိုက်ခဲ့တာတောင် ငါတို့ ဘာပင်ပန်းမှုကိုမှ မခံစားရသေးဘူး’
ယခုအခါ ကွင်းပြင်ပေါ်တွင် ရှန်းဟန်ဂိုဏ်း၏ လူဦးရေမှာ သိသိသာသာ လျော့နည်းသွားသဖြင့် သူတို့ သုံးဦးအပေါ် ကျရောက်နေသော ဖိအားမှာလည်း အတော်အတန် လျော့ပါးသွားပြီး နှစ်ဖက်စလုံး၏ အင်အားမှာ ညီမျှလုနီးပါး ဖြစ်သွားသည်။
“စီနီယာအစ်မကြီး... ကျွန်တော်တို့ အခုထိ နယ်ပယ်ထိုးထွင်း တိုးတက်နိုင်ခြင်း မရှိသေးတာ မယုံနိုင်စရာပဲ...”
ကျွင်းမော့ရှောင်က ဓားတစ်ချက် ပိုင်းဖြတ်လိုက်ပြီးနောက် စိတ်ပျက်စွာ ပြောလိုက်၏။
“ဟုတ်တယ်... ဖြစ်နိုင်တာက ငါတို့ရဲ့ ပါရမီက မလုံလောက်သေးတာ ဖြစ်မှာပါ... ဒီလောက် ဖိအားတွေကြားမှာတောင် ငါတို့ နယ်ပယ်မကျော်ဖြတ်နိုင်သေးဘူး...”
လော့လီသည်လည်း အနည်းငယ် စိတ်မကောင်း ဖြစ်နေမိသည်။
သူတို့၏ ဘိုးဘေးကြီးက ဤတိုက်ပွဲအတွင်း၌ သူတို့ နောက်ထပ် နယ်ပယ်ငယ်တစ်ခု ကျော်ဖြတ်နိုင်ရန် မျှော်လင့်ထားခဲ့သည်။ သို့သော်လည်း ဤမျှကြာအောင် တိုက်ခိုက်ခဲ့ပြီး ပြိုင်ဘက်များနှင့် အင်အားချင်း ညီမျှနေသော်လည်း သူတို့၏ နယ်ပယ်များမှာ ကျော်ဖြတ်နိုင်ခြင်း မရှိသေးချေ။
စောစောက သူတို့ သောက်ခဲ့သော နဂါးကျားဆေးလုံး သုံးလုံး၏ ဆေးစွမ်းမှာ သူတို့အတွင်း၌ စဉ်ဆက်မပြတ် စွမ်းအင်များအဖြစ် ပြောင်းလဲနေဆဲ ဖြစ်သည်။ ဤအားကောင်းသော စွမ်းအင်များသည် သူတို့၏ အကြောများအတွင်း၌ မြစ်ကြီးတစ်စင်းအလား စီးဆင်းနေပြီး သူတို့၏ ကျင့်ကြံမှုနယ်ပယ်အဖြစ် အစဉ်တစိုက် ပြောင်းလဲနေသည်။ ထိုသို့ ဖြစ်နေသော်လည်း နယ်ပယ်ကျော်ဖြတ်ရန်အတွက် အနည်းငယ်မျှ လိုအပ်နေသေးသည်။
ယခုအခါ မူလပင်လယ်နယ်ပယ်နှင့် ကောင်းကင်တံတားနယ်ပယ်သန်မာသူ ရှန်းဟန်ဂိုဏ်း တပည့်များမှာ အလွန်ပင် ပင်ပန်းနွမ်းနယ်နေကြပြီ ဖြစ်သည်။ ပြန်လည်မွေးဖွားခြင်းနယ်ပယ် အကြီးအကဲ အနည်းငယ်သာလျှင် ခက်ခဲစွာ တောင့်ခံထားကြရသည်။
ရီယွင်သည် မြင်းရထားအတွင်း၌ ထိုင်ကာ တိုက်ပွဲကို ကြည့်ရင်း တိတ်ဆိတ်စွာ တွက်ချက်နေသည်။
‘လောလောဆယ် ဒီကလေးသုံးယောက်ထဲမှာ လော့လီနဲ့ ကျွင်းမော့ရှောင်က ကောင်းကင်တံတားနယ်ပယ်မှာ ရှိနေတာဆိုတော့ နယ်ပယ်ကျော်ဖြတ်ဖို့ အချိန်နည်းနည်း ထပ်လိုသေးတယ်။ ဒါပေမဲ့ နတ်ဝိညာဉ်အာရုံနယ်ပယ်မှာ ရှိနေတဲ့ စုဝမ်ယီကတော့ ဒီပင်ပန်းလှတဲ့ တိုက်ပွဲအပြီးမှာ နယ်ပယ်ကျော်ဖြတ်ဖို့ လက်တစ်ကမ်းအလိုကို ရောက်နေပြီ’
ရီယွင် ဤသို့ တွက်ချက်လိုက်သည်နှင့် သူ၏ နက်ရှိုင်းလှသော နတ်မျက်စိအတွင်း၌ ကြယ်တာရာများအလား မရေမတွက်နိုင်သော မန္တန်သင်္ကေတများမှာ ဝင်းလက်ပြောင်းလဲသွားပြီး ဖော်ပြ၍မရနိုင်သော အလင်းတစ်ခုမှာ ထွက်ပေါ်လာသည်။
အောက်မှ ကွင်းပြင်ကျယ်ပေါ်တွင် ထိုခဏ၌ပင် တိုက်ခိုက်နေကြသော ရှန်းဟန်ဂိုဏ်း တပည့်အားလုံး၏ ကျင့်ကြံမှုနယ်ပယ်မှာ နယ်ပယ်တစ်ခုလုံးစာ တိုးတက်သွားတော့သည်။
ရလဒ်အနေဖြင့် လော့လီ၊ ကျွင်းမော့ရှောင်နှင့် စုဝမ်ယီတို့အပေါ် ကျရောက်နေသော ဖိအားမှာလည်း သိသိသာသာ တိုးတက်လာသည်။
“စီနီယာအစ်မကြီး... ဘိုးဘေးကြီးက ငါတို့ကို နောက်တစ်ကြိမ် အထူးအခွင့်အရေး ပေးပြန်ပြီ..”
ကျွင်းမော့ရှောင်က ဝမ်းသာအားရ အော်ဟစ်လိုက်၏။ သူသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ စိတ်ဓာတ်များမှာ အလွန်ပင် တက်ကြွလာကာ သူ၏လက်ထဲမှ ဓားအလင်းမှာ မြစ်ရေအလား တရစပ် စီးဆင်းသွားတော့သည်။
လော့လီသည်လည်း ပြုံးလိုက်၏။
“ဘုန်း...”
ဟင်းလင်းပြင်တွင် နဂါးနတ်ဘုရား ပုံရိပ်ယောင်အဖြစ် ထုတ်ဖော်နေသော စုဝမ်ယီမှာ ရုတ်တရက် တုန်ခါသွားပြီး သူမ၏ စစ်မှန်သော ပုံရိပ်မှာ ပေါ်ထွက်လာသည်။ ထိုခဏ၌ သူမ၏ အရှိန်အဝါမှာ သိသိသာသာ မြင့်တက်လာပြီး သူမသည် နတ်ဝိညာဉ်အာရုံနယ်ပယ် အဆင့် ၉ သို့ နယ်ပယ်ကျော်ဖြတ်သွားတော့သည်။
‘နောက်ဆုံးတော့ ငါ နယ်ပယ်ကျော်ဖြတ်နိုင်ခဲ့ပြီ’
စုဝမ်ယီမှာ အံ့သြဝမ်းသာ ဖြစ်သွားရပြီး သူမ၏ ချောမောလှပသော မျက်နှာပေါ်မှ ပျော်ရွှင်မှုကို မဖုံးကွယ်နိုင်ပေ။
နတ်ဝိညာဉ်အာရုံနယ်ပယ် အဆင့် ၉ သို့ ရောက်ရှိသွားသည့်အခါ သူမ၏ စွမ်းအင်မှာ ယခင်ကထက် အဆပေါင်းများစွာ ပိုမိုအားကောင်းလာခဲ့ပြီး သူမ၏ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း နောက်တစ်ကြိမ် အံ့မခန်း တိုးတက်လာခဲ့သည်။
ကျင့်ကြံမှုအဆင့် မြှင့်တင်ပေးခြင်းခံထားရသော ကောင်းကင်တံတားနယ်ပယ်မှ ရှန်းဟန်ဂိုဏ်း၏ ပါရမီရှင်တပည့်တစ်ဦးမှာ စုဝမ်ယီကို မြင်ရသည့်အခါ ခေတ္တမျှ မှင်တက်မိသွားသည်။ ထို့နောက် သူသည် ရုတ်တရက် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လိုက်၏။ တောက်ပလှသော ဓားအလင်းတစ်ခုမှာ လေထုကို ဆုတ်ဖြဲကာ စုဝမ်ယီထံသို့ ပိုင်းဖြတ်လာသည်။
“စီနီယာအစ်မကြီး... သတိထား...”
ကျွင်းမော့ရှောင်က သတိပေးကာ အော်ဟစ်လိုက်သည်။ သူသည် ဝေးကွာလွန်းနေသဖြင့် ကူညီရန် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
စုဝမ်ယီ သတိပြန်ဝင်လာသည်။ သူမသည် အနောက်မှ တိုက်ခိုက်မှုကို ရှောင်ရှားရန်အတွက် နဂါးနတ်ဘုရားပုံရိပ်ယောင်ခြေလှမ်းကို အသုံးပြုတော့မည့် အချိန်မှာပင် သူမ၏ မျက်လုံးထောင့်မှနေ၍ အနက်ရောင် အရိပ်တစ်ခု ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။
“ဘုန်း...”
ရှန်းဟန်ဂိုဏ်းမှ ထိုပါရမီရှင်တပည့်မှာ အနက်ရောင်အရိပ်၏ တိုက်ခိုက်မှုကို ခံလိုက်ရပြီး တစ်ခဏချင်းအတွင်း သွေးမြူများအဖြစ် ပေါက်ကွဲသွားတော့သည်။
“ကြောင်ကြီး ဒီမှာ ရှိနေသရွှေ့ ဘယ်သူမှ သခင်မလေးကို ထိခိုက်အောင် လုပ်လို့ မရဘူး...”
ကြောင်နက်ကြီးက ဟင်းလင်းပြင်တွင် ပေါ်လာပြီး ကျေနပ်စွာ ပြောလိုက်၏။ သူသည် သူ၏လက်သည်းများကို သွေးရောင်လျှာဖြင့် လျက်လိုက်ကာ သူ၏ နက်မှောင်သော မျက်ဝန်းများမှာလည်း ဝင်းလက်နေသည်။
အခန်း ၁၂၈ ပြီးပါပြီ။
အခန်း ၁၂၉ - ကံကြမ္မာနယ်ပယ်ကျင့်ကြံသူ၏ ထိတ်လန့်တုန်လှုပ်မှု
“ဖြန်း...”
ကောင်းကင်ယံမှ သေးငယ်သော လျှပ်စီးတန်းတစ်ခု ရုတ်တရက် ကျဆင်းလာပြီး ကြောင်နက်ကြီး၏ တစ်ကိုယ်လုံးကို အပြင်ရောအတွင်းပါ ကျွမ်းသွားစေသည်။ ၎င်း၏ အနက်ရောင် အမွေးအမှင်များမှာ ထောင်ထွက်သွားပြီး အချို့နေရာများတွင် အရေပြားနှင့် အသားများပင် ပေါ်ထွက်လာ၏။
“ဦးလေးမြင်း... သနားပါဦးဗျ...”
ဒါဟာ ဦးလေးမြင်းရဲ့ လက်ချက်ဆိုတာ ကြောင်နက်ကြီးအနေနဲ့ အထူးတလည် စဉ်းစားနေဖို့ပင် မလိုပေ။ ထို့ကြောင့် ၎င်းသည် မြေပြင်ပေါ်တွင် ချက်ချင်း ဝပ်စင်းလိုက်ပြီး ဦးခေါင်းကို အုပ်ကာ အသနားခံသော အမူအရာကို ဖော်ပြလိုက်သည်။
“ဦးလေးမြင်းက ဒီမှာ အပိုထိုင်နေတာလို့ မင်း ထင်နေတာလား... ငါက သခင်လေး သုံးယောက်ကို စောင့်ရှောက်နေတာကွ... မင်းရဲ့ အလုပ်က သိုလှောင်လက်စွပ်တွေကို ကောက်ဖို့ပဲလေ... နားမလည်ဘူးလား...”
မြင်းနက်ကြီးက စိုက်ကြည့်ကာ ငေါက်လိုက်သည်။
“နားလည်ပါပြီ ဦးလေးမြင်း...”
ကြောင်နက်ကြီးမှာ ဝမ်းနည်းပူဆွေးသော မျက်နှာဖြင့် ပြောလိုက်ရ၏။ သူသည် ချက်ချင်းပင် ကိုယ်ကို ပြန်မတ်လိုက်ပြီး လဲကျနေသော ရှန်းဟန်ဂိုဏ်း တပည့်များ၏ သိုလှောင်လက်စွပ်များကို ရှာဖွေကာ လုံခြုံစေရန်အတွက် ၎င်း၏ ဦးခေါင်းပေါ်တွင် စုပုံထားတော့သည်။
“...”
ကြောင်နက်ကြီးမှာ မြင်းနက်ကြီး၏ နှိပ်စက်မှုကို သနားစဖွယ် ခံနေရသည်ကို မြင်ရသည့်အခါ စုဝမ်ယီမှာ ဘာပြောရမှန်း မသိတော့ချေ။ သူမသည် ခါးသက်စွာ ပြုံးလိုက်ပြီးနောက် တိုက်ပွဲအတွင်းသို့ ပြန်လည် တိုးဝင်သွားတော့သည်။
မြင်းနက်ကြီးက နှုတ်ခမ်းကို လျက်ကာ တဟားဟား ရယ်မောလိုက်၏။
“သခင်လေး သုံးယောက်ကို စောင့်ရှောက်ဖို့က ဒီမြင်းအိုကြီးရဲ့ တာဝန်ပဲ... တခြား ဘယ်သူမှ လာပြီး လုဖို့ မစဉ်းစားနဲ့...”
မြင်းရထား အတွင်း၌မူ ရီယွင်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
‘တကယ့်ကို ရယ်စရာကောင်းတဲ့ အတွဲပဲ။ ဘာမှ မလုပ်စရာ မရှိတိုင်း အမြဲတမ်း ရန်ဖြစ်နေကြတာ။ အထူးသဖြင့် မြင်းနက်ကြီးက ကြောင်နက်ကြီးကို အမြဲတမ်း နှိပ်စက်ရတာကို ဝါသနာပါတာပဲ...’
ဤမြင်းနက်ကြီးသည် အခြားသော သားရဲမိစ္ဆာများကို နှိပ်စက်သည့် အလေ့အကျင့်မှာ သိုလှောင်ရုံအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရား အိမ်မွေးတိရစ္ဆာန်များ၏ နှိပ်စက်မှုကို အချိန်အတော်ကြာ ခံခဲ့ရရာမှ ရရှိလာခြင်း ဖြစ်ပေလိမ့်မည်။ ရီယွင်ကတော့ ဤသည်ကို စိတ်ထဲ မထားပေ။
လျှပ်စီးတောင်တန်းတွင် ရှိစဉ်တုန်းက မြင်းနက်ကြီးသည် ကြောင်နက်ကြီးအတွက် ကလဲ့စားချေပေးခဲ့သလို သူ၏ အဖိုးတန်သော အကြေးခွံတစ်ခုကိုပင် ပေးခဲ့ဖူးသည်။ သိသာထင်ရှားသည်မှာ ဤကြောင်နှင့် မြင်းကြားက သံယောဇဉ်မှာ အလွန်ပင် နက်ရှိုင်းလှသည်။ အပြင်ပန်းတွင်သာ အမြဲတမ်း ရန်ဖြစ်နေသော သူငယ်ချင်းများအလား ဖြစ်နေခြင်းပင်။
ရီယွင်က ခေါင်းကို ခါယမ်းလိုက်ပြီး တိုက်ပွဲမြေပြင်ဆီသို့ ပြန်လည် အာရုံစိုက်လိုက်သည်။
ရီယွင်က သူတို့၏ ကျင့်ကြံမှုအဆင့်များကို ညှိနှိုင်းပေးလိုက်ပြီးနောက် ရှန်းဟန်ဂိုဏ်းမှ ကောင်းကင်တံတားနယ်ပယ်နှင့် ပြန်လည်မွေးဖွားခြင်းနယ်ပယ် တပည့်များ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သိသိသာသာ မြင့်တက်လာပြီး ပြန်လည် အသာစီးရလာကြသည်။
ရီယွင်သည် အတော်အတန် ကျေနပ်နေမိ၏။ ဤနှုန်းအတိုင်းဆိုလျှင် လော့လီနှင့် ကျွင်းမော့ရှောင်တို့မှာ မကြာမီ နယ်ပယ်ထိုးထွင်းတိုးတက်ကြတော့မည် ဖြစ်သည်။ သူ၏ တပည့်များကို လေ့ကျင့်ပေးသော နည်းလမ်းမှာ အမှန်အတိုင်း ပြောရလျှင် အလွန်ပင် ရက်စက်ကြမ်းကြုတ်လှသည်။ အခြားသော ဂိုဏ်းများ၊ ထာဝရအဆင့်ရှိသော ဂိုဏ်းများပင်လျှင် ဤသို့ လုပ်ဆောင်နိုင်စွမ်း မရှိချေ။ အဆုံးတွင်တော့ ထာဝရနယ်ပယ် ကျင့်ကြံသူတစ်ဦးပင်လျှင် ရီယွင်ကဲ့သို့ ကျင့်ကြံသူတစ်ဦးချင်းစီ၏ နယ်ပယ်ကို တိကျစွာ မထိန်းချုပ်နိုင်ပေ။
‘တစ်ယောက်ယောက် လာနေတာလား...’
ရီယွင်သည် အရပ်မျက်နှာ တစ်ခုသို့ ရုတ်တရက် လှမ်းကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာသည်။
ရှန်းဟန်ဂိုဏ်းနှင့် မိုင်ပေါင်း တစ်ထောင်ခန့် ဝေးကွာသော နေရာတွင် ဧရာမ ကောင်းကင်ပြာငှက်ကြီး၏ အထက်တွင် သက်လတ်ပိုင်း ကျင့်ကြံသူ နှစ်ဦး ရပ်နေကြသည်။ ထိုကျင့်ကြံသူ နှစ်ဦးမှာ သာမန်လူများနှင့် မတူဘဲ ထူးခြားဆန်းကြယ်သော အရှိန်အဝါများ ရှိနေကြသည်။ သူတို့သည် အပြာရင့်ရောင် ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး သူတို့၏ ကျင့်ကြံမှုနယ်ပယ်မှာ ကံကြမ္မာနယ်ပယ်သို့ ရောက်ရှိထားကြပြီ ဖြစ်သည်။ သူတို့၏ လှုပ်ရှားမှု တိုင်းတွင် ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအင်များ အစဉ်မပြတ် ထွက်ပေါ်နေသည်။
ထိုခဏ၌ မျက်နှာနီမြန်းသော သက်လတ်ပိုင်း ကျင့်ကြံသူက အဝေးသို့ ကြည့်ကာ တဟားဟား ရယ်မောလိုက်၏။
“စီနီယာအစ်ကိုကြီး... ကျွန်တော်တို့ ရှန်းဟန်ဂိုဏ်းကို ရောက်တော့မယ်...”
အခြားတစ်ဦးဖြစ်သော မျက်နှာဖြူ သက်လတ်ပိုင်း ကျင့်ကြံသူက ခေါင်းညိတ်လိုက်သည်။ သူ၏ မျက်ဝန်းများမှာ နက်ရှိုင်းလှပြီး အဝေးမှ ဟင်းလင်းပြင်ကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်။
“အခုတလော မိစ္ဆာမျိုးနွယ်တွေက မငြိမ်မသက် ဖြစ်နေကြတယ်၊ အင်အားစုအချို့က လှုပ်ရှားမယ့် အရိပ်အယောင်တွေ ပြနေကြတာ... လျှပ်စီးတောင်တန်းက အဲ့ဒီမိစ္ဆာ သုံးကောင်က ပြဿနာရှာဖို့ ကြိုးစားနေတာလို့ ငါ သံသယရှိမိတယ်... အခု ငါတို့ ညီအစ်ကိုတွေ ရှန်ဖုန်းမင်းဆက်က ရှန်းဟန်ဂိုဏ်းမှာ လာပြီး အခြေချနေတာက မိစ္ဆာမျိုးနွယ်တွေ သောင်းကျန်းမှာကို တားဆီးဖို့ပဲ ဖြစ်တယ်...”
“နားလည်ပါပြီ စီနီယာအစ်ကိုကြီး... ဒီခရီးမှာ ကျွန်တော်က အစ်ကိုကြီးရဲ့ စီစဉ်မှုအတိုင်းပဲ လိုက်နာပါ့မယ်...”
အနီရောင်မျက်နှာနှင့်ကျင့်ကြံသူက ရယ်မောရင်း ပြောလိုက်သည်။ သူသည် သဘာဝအတိုင်း အေးအေးဆေးဆေး နေတတ်သူ ဖြစ်ပြီး ပြဿနာများကို ရှောင်လွှဲလိုသူ ဖြစ်သည်။ သူ၏ စီနီယာအစ်ကိုကြီး ရှိနေသရွေ့ သူသည် အစ်ကိုကြီး၏ စီစဉ်မှုများကိုသာ လိုက်နာပေလိမ့်မည်။ သူ၏ စီနီယာအစ်ကိုကြီး၏ ကျင့်ကြံမှုမှာ သူ့ထက် နယ်ပယ်တစ်ခုလုံး ပိုမိုမြင့်မားပြီး ကံကြမ္မာနယ်ပယ် အဆင့် ၅ တွင် ရှိနေသော ကျင့်ကြံသူကြီး ဖြစ်သည်။ သူကိုယ်တိုင်မှာမူ ကံကြမ္မာနယ်ပယ် အဆင့် ၄ သို့ မကြာသေးမီကမှ ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
“ဝူး...”
ဧရာမ ကောင်းကင်ပြာငှက်ကြီး၏ အတောင်ပံများ ခတ်လိုက်ရာ အံ့မခန်း မြန်ဆန်သော အရှိန်ဖြင့် ရှေ့သို့ တိုးဝင်သွားသည်။ မိုင်တစ်ထောင် ခရီးမှာ တစ်ခဏအတွင်း မိုင်အနည်းငယ်မျှသာ ကျန်တော့သည်အထိ လျော့နည်းသွားတော့သည်။ အနီရောင်မျက်နှာနှင့်ကျင့်ကြံသူသည် ရှန်းဟန်ဂိုဏ်းရှိရာ အရပ်သို့ ပေါ့ပေါ့ပါးပါး လှမ်းကြည့်လိုက်သော်လည်း တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားလိုက်ရသည်။
သူသည် အမြန်ပင် အာရုံစိုက် စစ်ဆေးလိုက်၏။ ရှန်းဟန်ဂိုဏ်းမှာ ပရမ်းပတာ ဖြစ်နေသည်။ ကွင်းပြင်ကျယ်ထက်တွင် ဓားအလင်းတန်းများမှာ ဒီရေအလား ဝင်းလက်နေပြီး မြေပြင်ပေါ်တွင်လည်း သွေးအိုင်ထဲ၌ အလောင်းများ တစ်ခုပြီးတစ်ခု လဲကျနေသည်။
“ဒါက မကောင်းတော့ဘူး စီနီယာအစ်ကိုကြီး... ရှန်းဟန်ဂိုဏ်း တိုက်ခိုက်ခံနေရပြီ...”
သူက အလန့်တကြား အော်ဟစ်လိုက်သည်။
‘မိစ္ဆာမျိုးနွယ်တွေ လှုပ်ရှားလိုက်ပြီလား...’
အဖြူရောင်မျက်နှာနှင့်ကျင့်ကြံသူသည်လည်း ချက်ချင်းပင် အာရုံစိုက်လိုက်ပြီး သူ၏ မျက်လုံးများမှ အလင်းရောင်များ ဝင်းလက်လျက် အဝေးသို့ လှမ်းကြည့်လိုက်သည်။ အမှန်ပင် ရှန်းဟန်ဂိုဏ်းတွင် ကောင်းကင်နှင့် မြေကြီးကို တုန်ဟီးစေသော တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားနေပေသည်။
သူသည် ကောင်းကင်ပြာငှက်ကြီး၏ ဦးခေါင်းကို ခြေထောက်ဖြင့် ခတ်ကာ အချက်ပေးလိုက်သည်။ ကောင်းကင်ပြာငှက်ကြီးမှာ ချက်ချင်းပင် အရှိန်မြှင့်လိုက်ပြီး မိုင်ရာချီသော ခရီးကို အသက်အနည်းငယ် ရှူရုံမျှ အချိန်အတွင်း ဖြတ်ကျော်သွား၏။
ကောင်းကင်ပြာငှက်ကြီးမှာ ရှန်းဟန်ဂိုဏ်း၏ အထက် ကောင်းကင်ယံတွင် ဝဲပျံနေသည်။ ကျင့်ကြံသူ နှစ်ဦး၏ မျက်နှာများမှာ တည်တင်းနေကြပြီး လောလောဆယ်တွင် သူတို့ ဇွတ်အတင်း မလှုပ်ရှားကြသေးချေ။ ယင်းအစား အောက်မှ တိုက်ပွဲ အခြေအနေကို သူတို့ စောင့်ကြည့်နေကြသည်။
အကယ်၍ ဤသည်မှာ မိစ္ဆာမျိုးနွယ်များ၏ တော်လှန်ပုန်ကန်မှု ဖြစ်နေပါက သူတို့ ဝင်ရောက်စွက်ဖက်ခြင်း မပြုမီ အခြေအနေကို အကဲဖြတ်ရပေမည်။ အကယ်၍ တိုက်ခိုက်နေသော မိစ္ဆာမျိုးနွယ်ဝင်များမှာ သူတို့ နှစ်ဦးထက် ပိုမိုသန်မာနေပါက သူတို့အနေဖြင့် အသက်အန္တရာယ် အရင်းအနှီးပြုပြီး တိုက်ခိုက်နေရန် မလိုအပ်ပေ။ ယင်းအစား သူတို့သည် ကောင်းကင်ကြယ်တာရာမင်းဆက်သို့ ချက်ချင်း ပြန်သွားပြီး သူတို့၏ ဂိုဏ်းချုပ်ထံသို့ သတင်းပို့ရပေလိမ့်မည်။
သို့သော်လည်း အောက်မှ တိုက်ပွဲကို သဲသဲကွဲကွဲ မြင်လိုက်ရသည့်အခါ သူတို့ နှစ်ဦးလုံးမှာ အလွန်အမင်း ထိတ်လန့်သွားကြရသည်။ မိစ္ဆာမျိုးနွယ်ဟု ခေါ်ဆိုနိုင်သည့် အရာကို မတွေ့ရပေ။ ရှန်းဟန်ဂိုဏ်းတစ်ခုလုံးကို တိုက်ခိုက်နေသူများမှာ လူငယ်သုံးဦးမျှသာ ဖြစ်သည်။
မိန်းကလေး နှစ်ဦးနှင့် လူငယ်တစ်ဦး။
သူတို့ထဲတွင် နှစ်ဦးမှာ ကောင်းကင်တံတားနယ်ပယ် အဆင့် ၇ တွင် ရှိနေပြီး တစ်ဦးမှာ နတ်ဝိညာဉ်အာရုံနယ်ပယ် အဆင့် ၉ တွင် ရှိနေသည်။ သူတို့၏ မျက်လုံးထဲတွင် တိုက်ခိုက်နေသူများ၏ ကျင့်ကြံမှုမှာ အလွန်ပင် နိမ့်ကျနေပြီး သနားစဖွယ်ပင် ကောင်းလှသည်။ သို့သော် ထူးဆန်းသည်မှာ ထိုကဲ့သို့သော အဆင့်နိမ့်သူများက ရှန်းဟန်ဂိုဏ်းမှ လူပေါင်းသောင်းချီကို ရင်ဆိုင်တိုက်ခိုက်နေခြင်း ဖြစ်သည်။ ယင်းတို့ထဲတွင် ရှန်းဟန်ဂိုဏ်း၏ ဂိုဏ်းချုပ် ရန်ထျန်းရှင်းပင် ပါဝင်နေသည်။
“စီနီယာအစ်ကိုကြီး... ကျွန်တော် အိပ်မက်မက်နေတာလား... အဲ့ဒီ လူငယ်သုံးယောက်ရဲ့ ကျင့်ကြံမှုတွေက ဘယ်လိုမှ မ.. မ... မမြင့်ဘူး မဟုတ်လား...”
အနီရောင်မျက်နှာနှင့်ကျင့်ကြံသူက စကားပင် ထစ်နေမိသည်။ သူသည် ဇဝေဇဝါ ဖြစ်နေသော အမူအရာဖြင့် သူ၏ မျက်လုံးများကို အဆက်မပြတ် ပွတ်သပ်နေမိပြီး သူသည် ပုံရိပ်ယောင်ကျင့်စဉ်တစ်ခုအတွင်းသို့ ကျရောက်နေပြီဟု သံသယဝင်နေမိသည်။
ရှန်းဟန်ဂိုဏ်းမှာ ရှန်ဖုန်းမင်းဆက်တွင် အကြီးဆုံး ဂိုဏ်းဖြစ်ပြီး ကောင်းကင်တံတားနယ်ပယ် ကျင့်ကြံသူ တစ်ထောင်နှင့် ပြန်လည်မွေးဖွားခြင်းနယ်ပယ် ကျင့်ကြံသူ တစ်ရာကျော် ရှိပေသည်။ ထိုကဲ့သို့သော အင်အားကြီးမားသည့် အဖွဲ့အစည်းက... ပိုးကောင်လေးများအလား အားနည်းလှသော လူငယ်သုံးဦးနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေရသည်တဲ့လား...’
မြေပြင်ပေါ်တွင် လဲကျနေသော အလောင်းများအားလုံးမှာလည်း ထိုလူငယ်သုံးဦး၏ လက်ချက်ဖြင့် အသတ်ခံထားရခြင်း ဖြစ်ကြောင်း သိသာလှသည်။ ဤသည်မှာ အလွန်ပင် မယုံနိုင်စရာ ကောင်းလှပေသည်။ သူကိုယ်တိုင် မျက်မြင် မတွေ့ရလျှင် ဤအရာများမှာ အမှန်တကယ် ဖြစ်နိုင်သည်ဟု သူ မည်သို့မျှ ယုံကြည်နိုင်မည် မဟုတ်ချေ။
မျက်နှာအဖြူရောင်နှင့် ကျင့်ကြံသူမှာ မျက်မှောင်ကြုတ်သွားသည်။ သူသည် သူ၏လက်သည်းများဖြင့် လက်ဖဝါးကို ပြင်းထန်စွာ ကုပ်လိုက်၏။ ထိုပြင်းထန်သော နာကျင်မှုက သူသည် အိပ်မက်မက်နေခြင်း မဟုတ်ကြောင်း ပြောပြနေသည်။ သို့သော် သူသည် လုံးဝ ဇဝေဇဝါ ဖြစ်နေရသည်။ အဘယ်ကြောင့် ဤကဲ့သို့သော ထူးဆန်းသည့် မြင်ကွင်းမျိုး သူ၏ မျက်စိရှေ့တွင် ဖြစ်ပျက်နေရသနည်း။
ထိုစဉ် သူ၏ အကြည့်မှာ ကွင်းပြင်ကျယ်ပေါ်တွင် ရပ်ထားသော အထီးကျန်ဆန်သော အနက်ရောင် မြင်းရထား တစ်စင်းဆီသို့ ကျရောက်သွားသည်။ သူသည် သူ၏ အားကောင်းလှသော နတ်အာရုံကို ထုတ်လွှတ်ပြီး စစ်ဆေးလိုက်သော်လည်း မြင်းရထားအတွင်း၌ မည်သူမျှ မရှိသည်ကို တွေ့လိုက်ရသည်။
အဖြူရောင်မျက်နှာနှင့်ကျင့်ကြံသူက သက်ပြင်းချလိုက်၏။
“တကယ့်ကို ထူးဆန်းလှချည်လား... ငါ ဒီလောက် အချိန်အတော်ကြာ ရှင်သန်ခဲ့တာတောင် ငါ့တစ်သက်မှာ ဒီလိုဖြစ်ရပ်မျိုး တစ်ခါမှ မကြုံဖူးဘူး...”
သူသည်လည်း အောက်မှ ထူးဆန်းလှသော တိုက်ပွဲကို နားမလည်နိုင် ဖြစ်နေရသည်။
“စီနီယာအစ်ကိုကြီး... ကျွန်တော်တို့ ဘာလုပ်ကြမလဲ... သူတို့ကို ကူညီပေးကြမလား...”
အနီရောင်မျက်နှာနှင့်ကျင့်ကြံသူက သူ၏ ဘေးမှနေ၍ မေးလိုက်သည်။
“လောစရာ မလိုသေးပါဘူး...”
အဖြူရောင်မျက်နှာနှင့်ကျင့်ကြံသူက ခေတ္တမျှ တွေးတောပြီးနောက် ပြောလိုက်သည်။
“လောလောဆယ်တော့ ရှန်းဟန်ဂိုဏ်းက အသာစီးရနေပုံပဲ... နောက်ထပ် ခဏလောက် ထပ်ပြီး စောင့်ကြည့်ကြရအောင်...”
အဆုံးတွင်တော့ သူသည် ကံကြမ္မာနယ်ပယ် ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် ဤကဲ့သို့သော ထူးဆန်းလှသည့် အခြေအနေမျိုးကို ရင်ဆိုင်ရသည့်အခါ သတိကြီးစွာ ထားရန်သာ ဆုံးဖြတ်လိုက်သည်။ ကျင့်ကြံမှုနယ်ပယ် ပိုမိုမြင့်မားလာလေလေ မိမိ၏ အသက်ကို ပိုမိုတန်ဖိုးထားလာလေလေ ဖြစ်သည်။ ကံကြမ္မာနယ်ပယ်သို့ ရောက်အောင် ကျင့်ကြံနိုင်ရန်နှင့် ကံကြမ္မာသဘောတရားကို နားလည်နိုင်ရန်မှာ မလွယ်ကူလှပေ။
နာရီပေါင်းများစွာ ကုန်ဆုံးသွားခဲ့သည်။
အစွမ်းထက်လှသော ကံကြမ္မာနယ်ပယ် ကျင့်ကြံသူ နှစ်ဦးမှာ လူငယ်သုံးဦးသည် အခုထိ ဇွဲနပဲဖြင့် တိုက်ခိုက်နေကြဆဲ ဖြစ်ပြီး သူတို့၏ ခန္ဓာကိုယ်များမှာလည်း ပင်ပန်းနွမ်းနယ်သည့် အရိပ်အယောင်မျှမရှိသည်ကို တွေ့ရှိလိုက်ရသည့်အခါ အလွန်အမင်း ထိတ်လန့်သွားကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် ရှန်းဟန်ဂိုဏ်းမှ ကျင့်ကြံသူ အများအပြားမှာမူ ချွေးများ ရွှဲနစ်နေကြပြီး သူတို့၏ ခွန်အားများမှာ ကုန်ဆုံးနေပြီ ဖြစ်ကြောင်း သိသာလှသည်။ သို့သော်လည်း မည်သည့်အကြောင်းကြောင့်မှန်းမသိဘဲ သူတို့သည် ရူးသွပ်စွာဖြင့် ဆက်လက် တိုက်ခိုက်နေကြဆဲ ဖြစ်သည်။
“ဂျူနီယာညီလေး... လှုပ်ရှားကြစို့...”
အဖြူရောင်မျက်နှာနှင့်ကျင့်ကြံသူက မျက်မှောင်ကြုတ်ကာ နောက်ဆုံး၌ ဆုံးဖြတ်ချက် ချလိုက်သည်။
“ရှုး...”
အံ့မခန်းလှသော ဓားဆန္ဒတစ်ခုမှာ သူတို့ နှစ်ဦးလုံးဆီမှ ပေါက်ကွဲထွက်လာပြီး ကောင်းကင်ယံမှ တိမ်တိုက်များကိုပင် လွင့်စင်သွားစေသည်။ ထို့နောက် ထိုအံ့မခန်းလှသော ဓားဆန္ဓနှစ်ခုမှာ သေးသွယ်သော ဓားအလင်းတန်း နှစ်ခုအဖြစ် ပေါင်းစည်းသွားတော့သည်။ ၎င်းတို့သည် ကောင်းကင်ယံမှနေ၍ တိတ်ဆိတ်စွာ ကျဆင်းလာပြီး ကောင်းကင်တံတားနယ်ပယ်မှ လူငယ်နှစ်ဦးထံသို့ တိတ်တဆိတ် ထိုးစိုက်လာတော့သည်။
အခန်း ၁၂၉ ပြီးပါပြီ။