အခန်း (၁၃၀-၁၃၂)
Vol. 9 Ch. 130-132
အခန်း ၁၃၀ - နယ်ပယ်ကျော်ဖြတ်ခြင်းနှင့် ရှန်းဟန်ဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းခြင်း
မှေးမှိန်သော ဓားအလင်းတန်း နှစ်ခုမှာ တိတ်ဆိတ်စွာ ကျဆင်းလာသည်။ သူ၏ သခင်လေး သုံးယောက်ကို သစ္စာရှိစွာ စောင့်ကြပ်နေသော မြင်းနက်ကြီးမှာ ရုတ်တရက် ခေါင်းမော့လိုက်၏။ သူသည် တောက်ပဖြူဖွေးသော သွားတန်းကြီးများ ပေါ်အောင် ဖြီးလျက် ပြုံးလိုက်ပြီးနောက် နှာချေလိုက်သည်။
“ဟတ်ချိုး...”
မမြင်နိုင်သော အသံလှိုင်းတစ်ခုမှာ မြင်းရထားဆီမှ ချက်ချင်း ပေါက်ကွဲထွက်သွားပြီး ဟင်းလင်းပြင်အတွင်းသို့ ပြန်လည် စီးဝင်သွားသည်။ ကောင်းကင်ယံရှိ ကံကြမ္မာနယ်ပယ် ကျင့်ကြံသူ နှစ်ဦးပင်လျှင် ဤအသံလှိုင်းကို သူတို့၏ နတ်အာရုံဖြင့် မခံစားနိုင်ကြချေ။ ထိုမှေးမှိန်သော ဓားအလင်းတန်း နှစ်ခုမှာ ဤအသံလှိုင်းနှင့် ထိတွေ့လိုက်သည်နှင့် နွေဦးနှင်းများအလား အရည်ပျော် ပျောက်ကွယ်သွားတော့သည်။
ဟင်းလင်းပြင်အတွင်း၌ ကံကြမ္မာနယ်ပယ် ကျင့်ကြံသူ နှစ်ဦးမှာ ဤမြင်ကွင်းကို ကြည့်ရင်း ထိတ်လန့်တုန်လှုပ်မှုကြောင့် နှလုံးခုန်သံများ မြန်လာကြသည်။ ဤသည်က ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှုဆိုဦးတော့ ထိုဓားအလင်း နှစ်ခုကို ပြန်လည်မွေးဖွားခြင်းနယ်ပယ် အဆင့် ၁၀ ရှိသော ကျင့်ကြံသူတစ်ယောက်တောင် ခုခံနိုင်ရန် လွယ်ကူမည်မဟုတ်ပေ။
'ဒါက ဘာလဲ...'
'ဘာလို့ ဓားအလင်းက အရည်ပျော်သွားရတာလဲ...'
'ဖြစ်နိုင်တာက... ပတ်ဝန်းကျင်မှာ စောင့်ရှောက်နေတဲ့ ပိုပြီး သန်မာတဲ့သူတွေ ရှိနေတာလား...'
ဤဖြစ်နိုင်ခြေကို တွေးမိလိုက်သည်နှင့် စိတ်ကူးမယဉ်နိုင်သော ကြီးမားသည့် ကြောက်ရွံ့မှုကြီးမှာ သူတို့ကို ချက်ချင်း လွှမ်းမိုးသွားတော့သည်။ သူတို့၏ တစ်ကိုယ်လုံးတွင်လည်း ချွေးစေးများ ထွက်လာ၏။ အကယ်၍ ကံကြမ္မာနယ်ပယ် ကျင့်ကြံသူဖြစ်သော သူတို့ပင်လျှင် တစ်ဖက်လူ၏ တည်ရှိမှုကို မခံစားနိုင်ဘူးဆိုလျှင် ဤသည်မှာ ပြိုင်ဘက်၏ ကျင့်ကြံမှုနယ်ပယ်မှာ သူတို့ထက် အဆပေါင်းများစွာ သာလွန်နေသည်ဟု အဓိပ္ပာယ်ရပေသည်။
'တာအိုနယ်ပယ် ကျင့်ကြံသူတစ်ယောက်လား...'
ဤဖြစ်နိုင်ခြေကို တွေးမိလိုက်သည်နှင့် အဖြူရောင်မျက်နှာနှင့်ကျင့်ကြံသူမှာ သူ၏ခြေထောက်ဖြင့် ခပ်ပြင်းပြင်း ခတ်လိုက်ရာ ကောင်းကင်ပြာငှက်ကြီးမှာလည်း ချက်ချင်းပင် အတောင်ပံများကို ရူးသွပ်စွာ ခတ်လိုက်ပြီး လှည့်၍ ထွက်ပြေးတော့သည်။
ကျင့်ကြံခြင်းလမ်းစဉ်တွင် ကံကြမ္မာနယ်ပယ်မှသည် တာအိုနယ်ပယ်သို့ ရောက်ရန်မှာ အလွန်ကြီးမားသော ချောက်ကမ်းပါးတစ်ခုကို ဖြတ်ကျော်ရသကဲ့သို့ ဖြစ်သည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ကံကောင်းထောက်မစွာဖြင့် ကံကြမ္မာနယ်ပယ်သို့ ရောက်ရှိလာကြသော်လည်း တာအိုနယ်ပယ်၏ ရှေ့မှောက်တွင် ထာဝရ ရပ်တန့်သွားကြရစမြဲ ဖြစ်သည်။ သို့သော်လည်း ကံကြမ္မာနယ်ပယ်မှ တာအိုနယ်ပယ်သို့ တစ်ကြိမ် ကျော်ဖြတ်နိုင်သွားပါက သူတို့သည် အလွန်ရှည်လျားသော သက်တမ်းကို ရရှိကြမည်ဖြစ်သလို ကျင့်ကြံခြင်းလမ်းစဉ်တွင် ထာဝရနယ်ပယ်ကို စိန်ခေါ်နိုင်မည့် အခွင့်အရေးကိုလည်း ရရှိကြပေလိမ့်မည်။
ကံကြမ္မာနယ်ပယ် ကျင့်ကြံသူ နှစ်ဦးဖြစ်သော သူတို့အတွက်မူ တာအိုနယ်ပယ်သန်မာသူတစ်ဦးမှာ နတ်ဘုရားတစ်ပါးကဲ့သို့ စွမ်းအားရှိပေသည်။ တာအိုနယ်ပယ်သန်မာသူတစ်ဦး၏ ရှေ့မှောက်တွင် သူတို့မှာ ပုရွက်ဆိတ်များအလား အရေးမပါလှချေ။ မြင်းနက်ကြီးက ခပ်တိုးတိုး ရယ်မောလိုက်ပြီး ကွင်းပြင်ကျယ်ပေါ်မှ ချက်ချင်း ပျောက်ကွယ်သွားသည်။ နောက်တစ်ခဏတွင် သူသည် အနက်ရောင်ဝတ်စုံဝတ် သက်လတ်ပိုင်း အမျိုးသားတစ်ဦးအဖြစ် ပြောင်းလဲသွားပြီး ဧရာမ ကောင်းကင်ပြာငှက်ကြီး၏ လမ်းကို ပိတ်ဆို့လိုက်သည်။
“ပြေးချင်တာလား...”
“မင်းတို့ နှစ်ယောက်... ဘယ်က လာတာလဲ... အမှန်အတိုင်း ဝန်ခံစမ်း... မဟုတ်ရင် မင်းတို့ကို သေချင်စိတ် ပေါက်သွားအောင် ငါ လုပ်ပေးမယ်...”
မြင်းနက်ကြီးက သူ၏ သွားများကို နှိုက်ရင်း ထိုကျင့်ကြံသူ နှစ်ဦးကို ပေါ့ပေါ့ပါးပါး စိုက်ကြည့်နေသည်။ အနက်ရောင်ဝတ်စုံဝတ် သက်လတ်ပိုင်း အမျိုးသားဆီမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ခံစားမိလိုက်သည့်အခါ မျက်နှာနီမြန်းသော ကျင့်ကြံသူ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။
'တာအိုနယ်ပယ် မိစ္ဆာကြီးတစ်ကောင်လား...'
သူ၏ မျက်နှာမှာ ဖြူဖျော့ရာမှ နီမြန်းလာပြီးနောက် ပြာနှမ်းသွားတော့သည်။ နောက်ဆုံးတွင် ကြောက်လန့်လွန်းသဖြင့် သူသည် ကောင်းကင်ပြာငှက်ကြီး၏ ဦးခေါင်းပေါ်သို့ လဲကျသွား၏။
ကောင်းကင်ကြယ်တာရာမင်းဆက်မှာ ရှန်ဖုန်းမင်းဆက်ထက် ပိုမိုအင်အားကြီးမားသော်လည်း တာအိုနယ်ပယ် ကျင့်ကြံသူ တစ်ဦးတစ်ယောက်မျှပင် မရှိပေ။ သူတို့၌ တာအိုနယ်ပယ်သို့ ခြေတစ်လှမ်းအလိုရှိသော လူသားသန်မာသူ တစ်ဦးသာ ရှိပေသည်။ သို့သော်လည်း သူတို့ရှေ့မှ မိစ္ဆာကြီးမှာမူ အမှန်တကယ်ပင် တာအိုနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ကောင်းကင်ကြယ်တာရာမင်းဆက် တစ်ခုလုံးရှိ လူသားမျိုးနွယ် အင်အားစုများ အားလုံး ပေါင်းလိုက်လျှင်ပင် ဤတာအိုနယ်ပယ် မိစ္ဆာကြီးကို ယှဉ်နိုင်မည် မဟုတ်ချေ။
အဖြူရောင်မျက်နှာနှင့်ကျင့်ကြံသူမှာ အလွန်ပင် စိုးရိမ်ပူပန်နေသော်လည်း သူ၏ အမူအရာကို တည်ငြိမ်အောင် ထိန်းထားနိုင်ဆဲ ဖြစ်သည်။ သူက လက်အုပ်ချီကာ ရိုသေစွာ ပြောလိုက်သည်။
“သန်မာလှတဲ့ မိစ္ဆာစီနီယာကြီးခင်ဗျာ... လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာတုန်းက လူသားမျိုးနွယ်နဲ့ မိစ္ဆာမျိုးနွယ်တို့ဟာ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့ကြပြီး ရန်လိုမှုအားလုံးကို ရပ်စဲဖို့ ကတိပြုခဲ့ကြပါတယ်... အဲ့ဒါကို စီနီယာကြီးက ဘာကြောင့် အားနည်းလှတဲ့ ရှန်းဟန်ဂိုဏ်းကို အခက်တွေ့အောင် လုပ်နေရတာလဲဆိုတာ ကျွန်တော် သိခွင့်ရှိမလား...”
“ဘာစာချုပ်လဲ... အဲ့ဒီအရာတွေကို ဦးလေးမြင်းက ဂရုမစိုက်ဘူး... အနှစ်မရှိတဲ့ ရှန်းဟန်ဂိုဏ်းက သေသင့်တာပဲ... ပြီးတော့ မင်းတို့က ငါ့ရဲ့ သခင်လေးတွေကို စော်ကားဝံ့တဲ့အတွက် မင်းတို့အားလုံးလည်း သေသင့်တာပဲ...”
မြင်းနက်ကြီးက မျက်လုံးကို ဝေ့ယမ်းလိုက်ရာ ၎င်း၏ မျက်ဝန်းအောက်ခြေတွင် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များ ဝင်းလက်နေသည်။ ထိုသတ်ဖြတ်လိုစိတ်များမှာ တစ်ခဏချင်း ကျဆင်းသွားတော့၏။ ဧရာမ ကောင်းကင်ပြာငှက်ကြီးမှာ ထိုကဲ့သို့သော လက်တွေ့ကျသည့် သတ်ဖြတ်လိုစိတ်ကို တောင့်မခံနိုင်ပေ။ သူ၏ နှလုံးမှာ ကွဲအက်သွားပြီး ဝမ်းနည်းဖွယ် အော်ဟစ်သံနှင့်အတူ ကောင်းကင်ယံမှ ပြုတ်ကျသွားတော့သည်။
ကံကြမ္မာနယ်ပယ် ကျင့်ကြံသူ နှစ်ဦးမှာ ဟင်းလင်းပြင်တွင် ရပ်နေကြပြီး သူတို့၏ မျက်နှာများမှာ ပြာနှမ်းလျက် တစ်ကိုယ်လုံးမှာလည်း ထိန်းမနိုင်သိမ်းမရ တုန်ရင်နေကြသည်။ ဤမျှအထိ ကျိုးကြောင်းဆင်ခြင်မှုမရှိဘဲ ရက်စက်ကြမ်းကြုတ်လှသော တာအိုနယ်ပယ် မိစ္ဆာကြီးနှင့် ရင်ဆိုင်ရသည့်အခါ သူတို့အတွက် ယနေ့မှာ နောက်ဆုံးနေ့ ဖြစ်ကြောင်း သူတို့ ထိတ်လန့်စွာ သိလိုက်ရသည်။ အဖြူရောင်မျက်နှာနှင့်ကျင့်ကြံသူမှာ သူ၏ နောက်ဆုံး သတိတရားကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။
'သခင်လေးတွေတဲ့လား...'
ရှန်းဟန်ဂိုဏ်းအတွင်း၌ သတ်ဖြတ်နေကြသော လူငယ်သုံးဦးကို ဤတာအိုနယ်ပယ် မိစ္ဆာကြီးက သခင်လေးဟု ခေါ်ဆိုနေလိမ့်မည်ဟု သူ မည်သို့မျှ မထင်ထားခဲ့မိပေ။ ဒါက တကယ့်ကို ကြောက်စရာကောင်းလှပေသည်။ ခဏမျှ သူ၏ စိတ်ထဲတွင် ဇဝေဇဝါ ဖြစ်သွားပြီး ထိတ်လန့်မှု လှိုင်းလုံးများက သူ့ကို ရိုက်ခတ်သွားတော့သည်။
'ရှန်းဟန်ဂိုဏ်းက ဘယ်လို အင်အားစုမျိုးကို သွားပြီး ရန်စမိလိုက်တာလဲ...'
'တာအိုနယ်ပယ် မိစ္ဆာကြီးတစ်ကောင်ကို အစောင့်အကြပ်အဖြစ် ထားနိုင်သော အင်အားစုမှာ အနည်းဆုံးတော့ အဆင့်လွန်ဂိုဏ်းတစ်ခု ဖြစ်ရပေလိမ့်မည်...'
“ဟဲဟဲ... ဟုတ်တယ်... အဲ့ဒီ လူငယ်သုံးယောက်က ဦးလေးမြင်းရဲ့ သခင်လေးတွေပဲ... မင်းတို့က သူတို့ကို ချောင်းမြောင်းတိုက်ခိုက်ဝံ့တယ်ဆိုတော့ နောက်ဆက်တွဲ ရလဒ်ကို သိမှာပေါ့... မဟုတ်ဘူးလား...”
မြင်းနက်ကြီး၏ မျက်နှာပေါ်တွင် ဂုဏ်ယူသော အမူအရာတစ်ခု ပေါ်လာသည်။ ရုတ်တရက် သူ၏ မျက်လုံးများအတွင်းမှ လျှပ်စီးတန်း နှစ်ခု ထွက်ပေါ်လာပြီး ကံကြမ္မာနယ်ပယ် ကျင့်ကြံသူ နှစ်ဦး၏ ဦးခေါင်းများပေါ်သို့ ချက်ချင်း ထိမှန်သွားတော့သည်။
“ဘုန်း...”
ကျင့်ကြံသူ နှစ်ဦးမှာ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်ကြပြီးနောက် တစ်ခဏချင်းအတွင်းမှာပင် အစအနမျှမကျန်အောင် ချေမှုန်းခံလိုက်ရတော့သည်။ သိုလှောင်လက်စွပ် နှစ်ကွင်းမှာမူ ဟင်းလင်းပြင်တွင် ဝဲပျံနေ၏။ မြင်းနက်ကြီးက ထိုလက်စွပ် နှစ်ကွင်းကို ဖမ်းယူလိုက်ပြီး သူ၏ မျက်ဝန်းများတွင် စိတ်လှုပ်ရှားမှုများဖြင့် ဝင်းလက်လျက် တဟားဟား ရယ်မောလိုက်သည်။
“ငါ့အတွက် နောက်ထပ် လက်စွပ် နှစ်ကွင်း ရပြန်ပြီ...”
သူသည် လက်စွပ် နှစ်ကွင်းကို အဝေးသို့ လှမ်းပစ်လိုက်ရာ ၎င်းတို့မှာ ကွင်းပြင်ကျယ်ပေါ်သို့ ကျဆင်းသွားသည်။ နောက်တစ်ခဏတွင် သူသည် ကွင်းပြင်ကျယ်ပေါ်သို့ ပြန်လည်ရောက်ရှိလာပြီး မူလ မြင်းနက်ကြီး အသွင်သို့ ပြန်ပြောင်းကာ ဇက်ကြိုးများကို သူ၏ကိုယ်ပေါ်တွင် ပြန်လည်တင်လိုက်ပြီး မြင်းရထားကို ဆက်လက် ဆွဲနေတော့သည်။
“သခင်ကြီး... အဲ့ဒီ အသုံးမကျတဲ့ကောင် နှစ်ယောက်ကို ကျွန်တော် သတ်ပစ်လိုက်ပါပြီ...”
မြင်းနက်ကြီးက မြင်းရထားအတွင်းသို့ အသံလွှင့်ကာ ပြောလိုက်သည်။ ရီယွင်က ခပ်ဖျော့ဖျော့ ခေါင်းညိတ်လိုက်၏။ သူသည် ကံကြမ္မာနယ်ပယ် ကျင့်ကြံသူ နှစ်ဦး၏ မှတ်ဉာဏ်များကို အကြည့်တစ်ချက်တည်းဖြင့် စစ်ဆေးပြီးသား ဖြစ်သဖြင့် သူတို့ သေဆုံးသွားခြင်းမှာ အရေးမပါလှပေ။ ရီယွင်၏ မျက်လုံးထဲတွင် သူတို့မှာ ပုရွက်ဆိတ်ပင် မဟုတ်ကြချေ။
ကောင်းကင်ကြယ်တာရာမင်းဆက်မှ ထျန်းဟန်ဂိုဏ်းနှင့် ရှန်းဟန်ဂိုဏ်းတို့မှာ သူတို့၏ အမည်များတွင် စာလုံးတစ်လုံးသာ ကွာခြားသော်လည်း သူတို့၏ အမွေအနှစ် ဆက်ခံမှုမှာ တစ်စုံတစ်ရာ ပတ်သက်မှု မရှိပေ။ ရှန်းဟန်ဂိုဏ်း ဟူသော အမည်မှာ အရိပ်အယောင်များအတွင်းမှ တစ်စုံတစ်ဦးက ကြိုးကိုင်၍ ပေးထားခဲ့ခြင်း ဖြစ်သည်။ ဤဂိုဏ်း၏ အမည်မှာ နဂါးနတ်ဘုရားဂိုဏ်း၏ ကံကြမ္မာတရားကိုလည်း မမြင်နိုင်အောင် ဆုတ်ယုတ်သွားစေသည်။ ဤကံကြမ္မာတရား ဟူသော အယူအဆကို ထာဝရနယ်ပယ်သို့ ရောက်ရှိထားသော ကျင့်ကြံသူများသာ ခပ်ရေးရေး ခံစားနိုင်ခြင်း ဖြစ်သည်။ သာမန် ကျင့်ကြံသူများအနေဖြင့် အမည်တစ်ခုကို ရွေးချယ်လိုက်ရုံမျှဖြင့် ကုန်းမြေကြီး၏ ကံကြမ္မာတရားကို ပိုင်ဆိုင်ထားသော အခြားဂိုဏ်းတစ်ခုကို ဖိနှိပ်နိုင်လိမ့်မည်ဟု မည်သို့မျှ နားလည်နိုင်မည် မဟုတ်ချေ။ ရီယွင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ သူသည် ဤကိစ္စကို ခေတ္တမျှ ဘေးဖယ်ထားလိုက်သည်။
အဆုံးတွင်တော့ သူသည် ကောင်းကင်လမင်းမင်းဆက်သို့ သွားရာလမ်းတွင် ကောင်းကင်ကြယ်တာရာမင်းဆက်သို့ ဝင်ရပေလိမ့်မည်။ ထိုခရီးမှာ လူငယ်သုံးဦးအတွက် အတွေ့အကြုံကောင်းများ ရရှိစေမည့် အခွင့်အရေးလည်း ဖြစ်ပေလိမ့်မည်။
ထိုစဉ် ရီယွင်က ကွင်းပြင်ကျယ်ပေါ်မှ တိုက်ပွဲကို လှမ်းကြည့်လိုက်သည်။ တိတ်ဆိတ်စွာ တွက်ချက်ကြည့်လိုက်ပြီးနောက် လော့လီနှင့် ကျွင်းမော့ရှောင်တို့ နယ်ပယ်ကျော်ဖြတ်ရန်အတွက် အချိန် အနည်းငယ် ထပ်လိုသေးကြောင်း သူ သိလိုက်ရသည်။ ထို့ကြောင့် သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး နတ်ဘုရားစွမ်းရည် အသစ်တစ်ခုကို နားလည်နိုင်ရန် စတင် ကြိုးစားလိုက်တော့သည်။
ရီယွင်၏ လက်ဝယ်တွင် မရေမတွက်နိုင်သော နတ်ဘုရားကျင့်စဉ်များ ရှိပေသည်။ အချို့မှာ အလွန်မြင့်မားသော အဆင့်တွင် ရှိနေပြီး နတ်ဘုရားအဆင့်ကိုပင် ကျော်လွန်ကာ ဤကမ္ဘာ၏ ကန့်သတ်ချက်များကို ထိတွေ့နေသဖြင့် လောလောဆယ် သူ၏ ကျင့်ကြံမှုဖြင့် နားလည်နိုင်ရန် အလှမ်းဝေးနေသေးသည်။ သို့သော်လည်း သူ၏ လက်ရှိအဆင့်တွင် နားလည်နိုင်သော ကျင့်စဉ်များစွာလည်း ရှိနေပေသေးသည်။ ရီယွင်မှာ မည်သည့် နတ်ဘုရားစွမ်းရည် သို့မဟုတ် ကျင့်စဉ်မျိုးကိုမဆို အလွန်ပင် စိတ်ဝင်စားသူ ဖြစ်သည်။ ယခင်ဘဝတုန်းက သူသည် ကျင့်ကြံခြင်းကို ရူးသွပ်သူတစ်ဦး ဖြစ်ခဲ့သည်။ သူ၏ ကျင့်ကြံခြင်းသက်တမ်းမှာ တိုတောင်းလှသဖြင့် နဂါးနတ်ဘုရားဂိုဏ်း၏ ကြီးမြတ်လှသော လျှို့ဝှက်ကျင့်စဉ် အချို့ကိုသာ အမြင့်ဆုံးအဆင့်အထိ ကျင့်ကြံနိုင်ခဲ့သည်။
ယခု နှစ်ပေါင်းတစ်သိန်း ကြာပြီးနောက်တွင် သူသည် ဤကမ္ဘာ၌ အနှိုင်းမဲ့အဖြစ် ပြန်လည်ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ ပျင်းရိလာသည့်အခါတိုင်း သူသည် မိမိ၏ အထီးကျန်မှုကို ပြေပျောက်စေရန်အတွက် နတ်ဘုရားစွမ်းရည်များနှင့် ကျင့်စဉ်များကို နားလည်အောင် ကြိုးစားခြင်းအားဖြင့် အချိန်ကုန်လွန်စေသည်။ နတ်ဘုရားစွမ်းရည် သို့မဟုတ် ကျင့်စဉ်တစ်ခုခုကို အပြည့်အဝ နားလည်သွားသည့် အချိန်တိုင်း ရီယွင်မှာ ကြီးမားသော အောင်မြင်မှု ခံစားချက်ကို ရရှိလေ့ရှိသည်။
နာရီပေါင်းများစွာ ကုန်ဆုံးသွားခဲ့သည်။ ရှန်းဟန်ဂိုဏ်းမှ ကျင့်ကြံသူများသည် စိတ်ပိုင်းဆိုင်ရာ လျှို့ဝှက်ကျင့်စဉ်ဖြင့် ထိန်းချုပ်ခံထားရသော်လည်း သူတို့၏ ခန္ဓာကိုယ် ခွန်အားနှင့် စွမ်းအင်များမှာ သူတို့၏ အကန့်အသတ်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
“ဘုန်း... ဘုန်း...”
ညင်သာသော ပေါက်ကွဲသံ နှစ်ခုနှင့်အတူ ဟင်းလင်းပြင်တွင် ရှိနေသော လော့လီနှင့် ကျွင်းမော့ရှောင်တို့မှာ ရုတ်တရက် ပြန်လည် ပေါ်ထွက်လာကြသည်။ ထိုခဏ၌ သူတို့၏ အရှိန်အဝါများမှာ မြင့်တက်လာကြပြီး သူတို့သည် ကောင်းကင်တံတားနယ်ပယ် အဆင့် ၇ မှနေ၍ အဆင့် ၈ သို့ နောက်ဆုံး၌ ထိုးထွင်းတိုးတက်သွားကြတော့သည်။
“စီနီယာအစ်မကြီး... နောက်ဆုံးတော့ ငါတို့ နယ်ပယ်ကျော်ဖြတ်နိုင်ခဲ့ပြီ...”
ကျွင်းမော့ရှောင်က တဟားဟား ရယ်မောလိုက်၏။ ဤနယ်ပယ်ငယ်လေးတစ်ခု ကျော်ဖြတ်နိုင်ရန်အတွက် သူတို့သည် နာရီပေါင်းများစွာကြာအောင် တိုက်ခိုက်ခဲ့ရခြင်း ဖြစ်သည်။ သူတို့၏ အလွန်သန်မာလှသော ခန္ဓာကိုယ်များ ရှိနေသော်လည်း သူတို့ နှစ်ဦးလုံးမှာ အနည်းငယ်မျှသော ပင်ပန်းနွမ်းနယ်မှုကို ခံစားနေကြရသည်။ လော့လီသည်လည်း ကျယ်လောင်စွာ ရယ်မောလိုက်၏။ အင်အားများ ပြည့်ဝနေသော သူတို့ နှစ်ဦးမှာ လေပွေတစ်ခုအလား ရှေ့သို့ တိုးဝင်သွားကြပြီး ရှန်းဟန်ဂိုဏ်း တပည့်များကို စတင် သုတ်သင်ကြတော့သည်။
အမွှေးတိုင်တစ်တိုင် ကုန်ဆုံးလုနီးပါး အချိန်အတွင်းမှာပင် ရှန်းဟန်ဂိုဏ်း တပည့်အားလုံးမှာ သွေးအိုင်ထဲ၌ သေဆုံးကုန်ကြပြီ ဖြစ်သည်။ ကြောင်နက်ကြီးမှာ ရုတ်တရက် ရပ်တန့်လိုက်ပြီး လော့လီ၏ ဘေးသို့ ဆင်းသက်လိုက်သည်။ ကြောင်နက်ကြီး၏ ဦးခေါင်းပေါ်တွင် စုပုံနေသော သိုလှောင်လက်စွပ် အမြောက်အများကို မြင်လိုက်ရသည့်အခါ လော့လီမှာ အံ့သြမဆုံး ဖြစ်သွားရတော့သည်။
“မြောင်...”
“မြောင်လေး... မင်းက အပေါင်ဆိုင် ဖွင့်ထားတာလား...”
လော့လီက ပါးစပ်ကို ပိတ်ကာ ရယ်မောလိုက်မိတော့သည်။
အခန်း ၁၃၀ ပြီးပါပြီ။
အခန်း ၁၃၁ - ဘိုးဘေးကြီး၏ သွန်သင်ဆုံးမမှုနှင့် ကောင်းကင်ဘုံသုတ်သင်ခြင်း ပုံရိပ်ယောင်မျက်ဝန်း
“ဟဲဟဲ...”
ကြောင်နက်ကြီးက ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။
“သခင်မလေး... ကျွန်တော်က သခင်မလေးတို့ ပင်ပန်းမှာစိုးလို့ပါ... တိုက်ပွဲဖြစ်နေတုန်းက ဒီလက်စွပ်တွေကို ကျွန်တော် အကုန်လိုက်စုထားတာလေ...”
“ကျေးဇူးပါပဲ ကြောင်လေးရယ်...”
လော့လီသည် ရှေ့သို့ လှမ်းလာပြီး ကြောင်နက်ကြီး၏ နဖူးပေါ်မှ နူးညံ့သောအမွေးများကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။ ကြောင်နက်ကြီးမှာမူ အလွန်ပင် ဂုဏ်ယူဝမ်းမြောက်သွားရ၏။ ၎င်း၏ရှေ့မှ မိန်းကလေးငယ်မှာ နဂါးနတ်ဘုရားဂိုဏ်း၏ အနာဂတ်ဂိုဏ်းချုပ် ဖြစ်ပေသည်။ သူကမူ နဂါးနတ်ဘုရားဂိုဏ်း၏ နတ်ဘုရားအိမ်မွေးတိရစ္ဆာန်မျှသာ ဖြစ်သည်။
ကြောင်နက်ကြီးသည် မြေပြင်ပေါ်တွင် ချက်ချင်း ဝပ်စင်းလိုက်ပြီး အိမ်မွေးကြောင်လေးတစ်ကောင်အလား အလွန်ပင် လိမ္မာယဉ်ကျေးစွာ နေထိုင်နေတော့သည်။ မြင်းရထားအတွင်းမှ ရီယွင်သည် ဤမြင်ကွင်းကို ကြည့်ရင်း ခပ်ဖျော့ဖျော့ ပြုံးလိုက်မိသည်။ ဤကမ္ဘာသို့ သူ မကူးပြောင်းလာမီက သူ့၌လည်း အိမ်မွေးကြောင်လေးတစ်ကောင် ရှိခဲ့ဖူးသည်။
'အချိန်တွေက တရိပ်ရိပ် ကုန်ဆုံးသွားတာ နှစ်ပေါင်းတစ်သိန်းတောင် ရှိပြီပဲ... အခုဆိုရင် ကမ္ဘာကြီးက ဘယ်လိုများ ဖြစ်နေမလဲ မသိဘူး...'
ရီယွင်သည် သူ၏နှလုံးသားထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
ကြောင်နက်ကြီး၏ ဦးခေါင်းပေါ်ရှိ သိုလှောင်လက်စွပ် အရေအတွက်မှာ တစ်သောင်းကျော်မျှ ရှိပေသည်။ လော့လီ၏ အကြံပြုချက်အရ ၎င်းတို့ကို သုံးပုံ ပုံလိုက်ကြသည်။ သူတို့ သုံးဦးသည် ထိုသိုလှောင်လက်စွပ်များ အားလုံးကို ဘိုးဘေးကြီး လက်ဆောင်ပေးထားသော နတ်ဘုရားအဆင့် သိုလှောင်လက်စွပ်အတွင်းသို့ ထည့်လိုက်ကြသည်။
“တာဝန် ပြီးဆုံးသွားပြီ... ငါတို့ နောက်ဆုံးတော့ ရှန်းဟန်ဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့ပြီ...”
လော့လီသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး စိတ်လှုပ်ရှားမှုကြောင့် သူမ၏ နုနယ်သော မျက်နှာလေးမှာ နီမြန်းနေသည်။
“ဟုတ်တယ် စီနီယာအစ်မကြီး... နောက်ဆုံးတော့ ငါတို့ မကောင်းမှုရဲ့ အမြစ်ကို နှုတ်ပစ်နိုင်ခဲ့ပြီ...”
ကျွင်းမော့ရှောင်က မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အလောင်းများကို ကြည့်ကာ အံကြိတ်လျက် ပြောလိုက်သည်။
ယခုအခါ ပြင်းထန်သော တိုက်ပွဲအပြီးတွင် သူတို့သည် နဂါးနတ်ဘုရားဂိုဏ်းမှ သူတို့၏ ရှေးဘိုးဘေးများအတွက် ကလဲ့စားချေပေးနိုင်ခဲ့ပြီ ဖြစ်သည်။ သူတို့ သုံးဦးသည် ဝမ်းနည်းမှုနှင့် ဝမ်းသာမှုတို့ ရောပြွမ်းနေသော စိတ်ခံစားချက်များဖြင့် ခေတ္တမျှ ရပ်နေမိကြသည်။ ခဏအကြာတွင် သူတို့သည် နောက်သို့ ပြန်လှည့်လိုက်ကြသည်။
“သွားကြစို့ စီနီယာအစ်မတို့...”
ကျွင်းမော့ရှောင်က ခပ်တိုးတိုး ပြောလိုက်၏။ လော့လီနှင့် စုဝမ်ယီတို့က ခေါင်းညိတ်လိုက်ကြသည်။ သူတို့ ကလဲ့စားချေနိုင်ခဲ့ပြီး သူတို့၏ တာဝန်မှာ အောင်မြင်ခဲ့သော်လည်း သူတို့၏ စိတ်ထဲတွင် တစ်စုံတစ်ရာ ဟာလာဟင်းလင်း ဖြစ်နေသကဲ့သို့ ခံစားနေရဆဲ ဖြစ်သည်။
“မင်းတို့... တစ်ခုခုကို မေ့နေကြတာလား...”
ရီယွင်က မြင်းရထားပေါ်တွင် ရပ်လျက် ကွင်းပြင်ကျယ်ပေါ်ရှိ လူငယ်သုံးဦးကို စိတ်ဝင်တစား ကြည့်ကာ ရုတ်တရက် မေးမြန်းလိုက်သည်။
“ဘိုးဘေးကြီး...”
သူတို့ သုံးဦးသည် အမြန်ပင် ဂါရဝပြုလိုက်ကြသည်။ လော့လီသည် သူမ၏ ဦးခေါင်းကို ကုပ်ကာ ဘိုးဘေးကြီး ပြောဆိုလိုသည့် အဓိပ္ပာယ်ကို စဉ်းစားနေမိသည်။ ရုတ်တရက် သူမ၏ စိတ်ထဲတွင် အကြံတစ်ခု လက်ခနဲ ပေါ်လာသည်။ သူမသည် ခေါင်းကို ငုံ့လိုက်ပြီး အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေသော ပုံစံဖြင့် ပြောလိုက်သည်။
“စီနီယာအစ်မ... ဂျူနီယာမောင်လေး... ငါတို့ ရှန်းဟန်ဂိုဏ်းရဲ့ ရတနာတိုက်ကို မေ့သွားတယ်...”
“ပြီးတော့ သူတို့ရဲ့ ကျင့်စဉ်ကျမ်းစာတွေလည်း ကျန်သေးတယ်...”
ကျွင်းမော့ရှောင်က သူ၏နဖူးကို ရိုက်ကာ သတိရသွားသည့်အလား အော်ဟစ်လိုက်သည်။ သူတို့သည် စောစောက ကလဲ့စားချေနိုင်သည့် ပျော်ရွှင်မှုတွင် နစ်မွန်းနေကြသဖြင့် ဤမျှ အရေးကြီးသော ကိစ္စကို သတိမထားမိခဲ့ကြချေ။
ရှန်းဟန်ဂိုဏ်းမှာ ရှန်ဖုန်းမင်းဆက်၏ နံပါတ်တစ် ဂိုဏ်းဖြစ်သဖြင့် ကြီးမြတ်သော ဂိုဏ်းတစ်ခု ဖြစ်သည်။ နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော ကျင့်ကြံခြင်း အရင်းအမြစ်များမှာလည်း စိတ်ကူးမယဉ်နိုင်လောက်အောင် ကြွယ်ဝနေပေလိမ့်မည်။ သူတို့အနေဖြင့် ဤအရာများကို လုံးဝ လက်လွတ်မခံနိုင်ပေ။ ရှန်းဟန်ဂိုဏ်း၏ ရတနာတိုက်နှင့် ကျင့်စဉ်များအားလုံးကို သိမ်းယူခြင်းသည် နဂါးနတ်ဘုရားဂိုဏ်းကို အနာဂတ်တွင် ပြန်လည်တည်ဆောက်ရန်အတွက် ခိုင်မာသော အခြေခံအုတ်မြစ်တစ်ခု ဖြစ်လာပေလိမ့်မည်။
ရီယွင်သည် မိန်းကလေးငယ်၏ စိတ်ပျက်နေသော အမူအရာကို ကြည့်ကာ ခပ်ဖွဖွ ပြောလိုက်သည်။
“မင်းတို့ ကိုယ်တိုင် အပင်ပန်းခံနေဖို့ မလိုပါဘူး... အဲ့ဒီနေရာတွေမှာ တားမြစ်ချက်အစီအရင်တွေ ရှိနေတာမို့ မင်းတို့ ဖွင့်နိုင်မှာ မဟုတ်ဘူး...”
သူ ပြောပြီးနောက်တွင် ရီယွင်၏ စွဲမက်ဖွယ်ကောင်းသော မျက်လုံးတစ်စုံအတွင်း၌ ကြယ်တာရာများအလား မရေမတွက်နိုင်သော မန္တန်သင်္ကေတများမှာ နောက်တစ်ကြိမ် တောက်ပလာပြီး ဆန်းကြယ်သော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် အံ့မခန်း မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာတော့သည်။
ရှန်းဟန်ဂိုဏ်း ရတနာတိုက် အပြင်ဘက်ရှိ တံဆိပ်ခတ်နှိပ်မှုများနှင့် အစီအရင်များ အားလုံးမှာ ပွင့်သွားတော့သည်။ ရတနာများ အားလုံးမှာ အသက်ဝင်လာသည့်အလား ရတနာတိုက်အတွင်းမှ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာကြသည်။ ၎င်းတို့သည် နဂါးတစ်ကောင်အလား ရှည်လျားသော အတန်းကြီးတစ်ခုအဖြစ် ပေါင်းစည်းကာ အဝေးမှနေ၍ ပျံသန်းလာကြသည်။ ကျင့်စဉ်ဆောင်ရှိ တားမြစ်ချက်များမှာလည်း ပျက်ပြယ်သွားပြီး ကျင့်စဉ်ကျမ်းစာ အစောင်စောင်တို့မှာလည်း ပျံလွှားငှက်ငယ်များအလား လွင့်ပျံလာကြသည်။
ကောင်းကင်ယံမှနေ၍ မိုးမြေရတနာများစွာနှင့် ကျင့်စဉ်ကျမ်းစာများ ကျဆင်းလာကြသည်။ ၎င်းတို့သည် ကွင်းပြင်ကျယ်ပေါ်သို့ ကျဆင်းတော့မည့် အချိန်တွင် ရီယွင်၏ အကြည့်မှာ နောက်တစ်ကြိမ် ရွေ့လျားသွားပြန်သည်။ စိတ်ကူးမယဉ်နိုင်သော စွမ်းအားတစ်ခုမှာ တစ်ခဏချင်းအတွင်း ပျံ့နှံ့သွားတော့သည်။
ကွင်းပြင်ကျယ်ပေါ်ရှိ အလောင်းအားလုံးမှာ စိမ်းဖန့်ဖန့် မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားပြီး ချက်ချင်းပင် ပျောက်ကွယ်သွားကြသည်။ အဝေးမှ ရှန်းဟန်ဂိုဏ်း၏ အဆောက်အဦးများမှာလည်း စိမ်းဖန့်ဖန့် မီးခိုးငွေ့များအဖြစ် ပြောင်းလဲကာ ဤခဏ၌ပင် ပျောက်ကွယ်သွားကြတော့သည်။
“ဒါ... ဒါက...”
လော့လီ၊ ကျွင်းမော့ရှောင်နှင့် စုဝမ်ယီတို့သည် သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း မှင်တက်မိနေကြကာ ထိတ်လန့်မှုကြောင့် မျက်လုံးများ ပြူးကျယ်လျက် စကားတစ်လုံးမျှ မပြောနိုင် ဖြစ်နေကြရသည်။
ယခင်က ဘိုးဘေးကြီးသည် အသက်ရှူရုံမျှသာ ပြုလုပ်လေ့ရှိသည်။ ယခုမူ သူသည် အသက်ရှူရန်ပင် မလိုတော့ချေ။ အကြည့်တစ်ချက်တည်းဖြင့်တင် လူများနှင့် အဆောက်အဦးများ အားလုံးကို ဖယ်ရှားပစ်နိုင်ခဲ့သည်။ သူသည် ရတနာတိုက်နှင့် ကျင့်စဉ်ဆောင်ရှိ တားမြစ်ချက်များ အားလုံးကိုလည်း ချိုးဖျက်နိုင်ခဲ့သလို မိုးမြေရတနာများ၊ ကျင့်စဉ်ကျမ်းစာများကိုလည်း ထုတ်ယူနိုင်ခဲ့သည်။
‘ဒါက... ဘယ်လိုမျိုး နတ်ဘုရားစွမ်းရည်လဲ...’
‘ဒါဟာ နတ်ဧကရာဇ်နယ်ပယ်သန်မာသူတစ်ဦးရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားကို ထုတ်ဖော်ပြသလိုက်တာလား...’
သူတို့ သုံးဦးမှာ ကျောက်ရုပ်များအလား မှင်တက်မိနေကြပြီး အချိန်အတော်ကြာမှ သတိပြန်ဝင်လာကြသည်။ သူတို့ဘေးမှ ကြောင်နက်ကြီးမှာလည်း ဆွံ့အလျက် အံ့သြနေမိ၏။
'သခင်ကြီးရဲ့... ဒီနတ်ဘုရားစွမ်းရည်က တကယ့်ကို အားကောင်းလွန်းတာပဲ... အကြည့်တစ်ချက်တည်းနဲ့တင် တစ်ယောက်ယောက်ကို သတ်နိုင်တာလား... နောက်ဆိုရင် ဘယ်သူက သခင်ကြီးကို တိုက်ရဲတော့မှာလဲ...'
ကြောင်နက်ကြီးသည် ပိုပြီး တွေးမိလေလေ ပိုပြီး ကြောက်လန့်လာလေလေ ဖြစ်သည်။ သို့သော် ကြောက်ရွံ့မှုပြီးနောက်တွင် စိတ်လှုပ်ရှားမှုများမှာလည်း တိုးဝင်လာသည်။ နောင်တွင် ၎င်းသည် သခင်ကြီးနှင့် သခင်လေး သုံးယောက်ကို ကောင်းကောင်း အလုပ်အကျွေးပြုပြီး နောင်တစ်ချိန်တွင် သခင်ကြီးထံမှ အမြင့်မြတ်ဆုံး နတ်ဘုရားစွမ်းရည်တစ်ခုကို သင်ယူနိုင်ရန် ကြိုးစားရပေမည်။
အဝေးမှ မြင်းနက်ကြီးသည်လည်း ဤမြင်ကွင်းကို ကြည့်ကာ အလားတူပင် အံ့အားသင့်နေမိသည်။ ၎င်း၏ ထာဝရနယ်ပယ် ကျင့်ကြံမှုဖြင့်ပင် သခင်ကြီး၏ နတ်ဘုရားစွမ်းရည်၏ နက်နဲမှုကို နားမလည်နိုင်ပေ။ ကမ္ဘာလောကတစ်ခုလုံးမှာ သခင်ကြီး၏ အကြည့်အတွင်း၌ ကိန်းအောင်းနေသကဲ့သို့ ခံစားရပေသည်။ အကြည့်တစ်ချက်တည်းဖြင့် ကမ္ဘာလောကတစ်ခုလုံးမှာ သူ၏ မျက်လုံးများအတွင်း၌ ဖန်တီးခြင်းနှင့် ပျက်စီးခြင်းတို့ကို ကြုံတွေ့နေရသကဲ့သို့ပင်။ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလှပေသည်။
လူတိုင်း၏ အမူအရာနှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေများမှာ ရီယွင်၏ အကြည့်အောက်တွင် အထင်အရှား ပေါ်လွင်နေသည်။ သူက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ ကောင်းကင်ဘုံသုတ်သင်ခြင်း ပုံရိပ်ယောင်မျက်ဝန်းမှာ သူ နားလည်သဘောပေါက်ခဲ့သည့် အစွမ်းထက်လှသော နတ်ဘုရားစွမ်းရည်များစွာထဲမှ တစ်ခု ဖြစ်သည်။ ၎င်းသည် အကောင်းဆုံး ဖြစ်ရန် မလိုအပ်သော်လည်း အံ့ဩဖွယ်ကောင်းသော စွမ်းရည်များထဲမှ တစ်ခုတော့ ဖြစ်ပေသည်။
“ဘိုးဘေးကြီး... ဒါ... ဒါက ဘယ်လို နတ်ဘုရားစွမ်းရည်မျိုးလဲဟင်...”
လော့လီက ရင်ခုန်စွာဖြင့် စကားပင် ထစ်လျက် မေးလိုက်သည်။
“ဒါက ကောင်းကင်ဘုံသုတ်သင်ခြင်း ပုံရိပ်ယောင်မျက်ဝန်းပဲ... ဒါဟာ ငါတို့ နဂါးနတ်ဘုရားဂိုဏ်းရဲ့ မူလ နတ်ဘုရားစွမ်းရည်တွေထဲက တစ်ခုတော့ မဟုတ်ဘူး... ဒါပေမဲ့ မင်းတို့ သင်ချင်တယ်ဆိုရင်တော့ ငါ သင်ပေးလို့ ရပါတယ်...”
ရီယွင်က ပြုံးလျက် ပြောလိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ် ဘိုးဘေးကြီး...”
လော့လီသည် စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်အော်ဟစ်လိုက်သည်။ သူမသည် မြေပြင်ပေါ်သို့ ပြန်ဆင်းသက်ပြီးနောက် စုဝမ်ယီ၏ လက်ကို ဆွဲကိုင်ကာ အားရပါးရ လှုပ်ယမ်းလိုက်တော့သည်။ သူမ၏ တက်ကြွနေသော ဂျူနီယာညီမလေးကို ကြည့်ရင်း စုဝမ်ယီမှာ သူမ၏ နှုတ်ခမ်းများကို စေ့လျက် ကျောက်စိမ်းကဲ့သို့ ပြစ်မျိုးမှဲ့မထင် ချောမောလှပသော မျက်နှာလေးပေါ်တွင် ပျော်ရွှင်သော အပြုံးတစ်ခု ပေါ်ထွက်လာသည်။
ဘေးမှ ကြောင်နက်ကြီးသည် သတ္တိမွေးကာ မေးမြန်းလိုက်သည်။
“သခင်ကြီး... ကျွန်တော်လည်း နည်းနည်းလောက် သင်ယူလို့ ရမလားခင်ဗျာ...”
ရီယွင်က ခေါင်းညိတ်လိုက်၏။ သခင်ကြီး သဘောတူသည်ကို မြင်ရသည့်အခါ ကြောင်နက်ကြီးမှာ အတိုင်းထက်အလွန် ဝမ်းသာသွားရသော်လည်း ၎င်း၏ အမူအရာ ပျက်ယွင်းသွားမှာကို စိုးရိမ်သဖြင့် ခေါင်းကို အမြန်ငုံ့လိုက်ရာ ၎င်း၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ရင်နေတော့သည်။
အနီးအနားမှ မြင်းနက်ကြီးမှာမူ ၎င်း၏ ဖြူဖွေးသော သွားကြီးများကို ပေါ်အောင် ဖြဲပြလျက် ကျေနပ်နေသည်။ အမှန်တကယ်တော့ ဤသည်မှာ မြင်းနက်ကြီး ပြောချင်နေတာ ကြာလှပြီ ဖြစ်သော်လည်း သူ့မှာ သတ္တိမရှိခဲ့ပေ။ အဆုံးတွင်တော့ မိမိမှာ ကြောင်နက်ကြီးကဲ့သို့ အရှက်မရှိသူ မဟုတ်ပေ။ သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် မျက်နှာပြောင်လှသော ကြောင်နက်ကြီးက ၎င်း သိချင်နေသော မေးခွန်းကို မေးမြန်းပေးခဲ့ပြီး သခင်ကြီးကလည်း သဘောတူခဲ့သည်။ ထို့ကြောင့် မြင်းနက်ကြီးသည်လည်း အလွန်ပင် ပျော်ရွှင်နေမိသည်။ သူသည်လည်း ကောင်းကင်ဘုံသုတ်သင်ခြင်း ပုံရိပ်ယောင်မျက်ဝန်းကို သင်ယူလိုပေသည်။
မြင်းနက်ကြီးသည် အစီအစဉ်များပင် စတင်ဆွဲနေတော့သည်။ သူသည် ဤနတ်ဘုရားစွမ်းရည်ကို သင်ယူပြီးသွားပါက လူများကို သတ်ရန်အတွက် လျှပ်စီးတန်းများကဲ့သို့သော အဆင့်နိမ့် တိုက်ခိုက်မှုများကို အသုံးပြုရန် မလိုတော့ပေ။ တစ်ယောက်ယောက်ကို အကြည့်တစ်ချက်တည်းဖြင့် သေအောင် လုပ်နိုင်ခြင်းမှာ တကယ့်ကို ကျေနပ်စရာ ကောင်းလှသည် မဟုတ်ပါလား။
မြင်းနက်ကြီးသည် ပို၍ တွေးမိလေလေ ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်ပြီး ၎င်းသည် ဆက်တိုက်ဆိုသလို နှာအကြိမ်ကြိမ် ချေမိတော့သည်။
“ကောင်းကင်ဘုံသုတ်သင်ခြင်း ပုံရိပ်ယောင်မျက်ဝန်းမှာ အပိုင်း သုံးပိုင်း ရှိတယ်... အခြေခံ၊ အလယ်အလတ်နဲ့ အဆင့်မြင့်ဆိုပြီးတော့ပေါ့... အခြေခံအပိုင်းကတော့ စစ်မှန်သောနတ်ဘုရားနယ်ပယ်အောက်က ကျင့်ကြံသူတွေ လေ့ကျင့်ဖို့အတွက် သင့်တော်ပါတယ်...”
ရီယွင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ သူ၏ စွဲမက်ဖွယ်ကောင်းသော မျက်လုံးများအတွင်းမှ သက်တံရောင် အလင်းများဖြင့် ဝင်းလက်နေသော မန္တန်သင်္ကေတ အချို့မှာ လွင့်ပျံလာပြီး လူတိုင်း၏ စိတ်အတွင်းသို့ မဝင်ရောက်မီ ဟင်းလင်းပြင်တွင် ပျောက်ကွယ်သွားကြသည်။
“အခြေခံအပိုင်းမှာ အဆင့် ကိုးဆင့် ရှိတယ်... မင်းတို့ရဲ့ နေ့စဉ် လေ့ကျင့်မှုတွေမှာ ဒါကို ဝီရိယရှိရှိ နားလည်အောင် ကြိုးစားဖို့ပဲ လိုတယ်...”
ရီယွင်က ပြုံးလျက် ပြောလိုက်သည်။
“ဘိုးဘေးကြီး... တကယ်လို့ ဒီကျင့်စဉ်မှာ အခြေခံ၊ အလယ်အလတ်နဲ့ အဆင့်မြင့် အပိုင်းတွေ ရှိတယ်ဆိုရင်... ဘိုးဘေးကြီးက ဒါကို အဆင့်မြင့်ဆုံးအပိုင်းအထိ ကျင့်ကြံပြီးသွားပြီလားဟင်...”
ကျွင်းမော့ရှောင်က အားကျသော မျက်နှာဖြင့် မေးမြန်းလိုက်သည်။
ရီယွင်က ခေါင်းကို ခါယမ်းလိုက်သည်။
“ငါက ဒီကျင့်စဉ်ရဲ့ အလယ်အလတ်အပိုင်းကိုပဲ ပြီးဆုံးသေးတာ... အခု လောလောဆယ်မှာတော့ မဟာအောင်မြင်မှုအဆင့်မှာပဲ ရှိပါသေးတယ်...”
“ဘိုးဘေးကြီးရဲ့ ကျင့်ကြံမှုနယ်ပယ်က နတ်ဧကရာဇ်နယ်ပယ်ကို ရောက်နေပြီဆိုတာတောင် အလယ်အလတ်အပိုင်းကိုပဲ ပြီးသေးတာလား... အဲ့ဒါဆိုရင် အဆင့်မြင့်အပိုင်းကို ဘယ်လိုအချိန်ကျမှ အပြီးသတ် ကျင့်ကြံနိုင်မှာလဲဟင်...”
ပွင့်လင်းလှသော လော့လီက ဘေးမှနေ၍ အမြန် မေးမြန်းလိုက်သည်။
“နတ်ဘုရားဘုရင်နယ်ပယ်ကို ရောက်တဲ့အခါကျမှ ကောင်းကင်ဘုံသုတ်သင်ခြင်း ပုံရိပ်ယောင်မျက်ဝန်းရဲ့ အမြင့်ဆုံး အထွတ်အထိပ်ကို ရောက်ရှိနိုင်မှာပါ...”
ရီယွင်က ပြုံးလျက် ပြောလိုက်သည်။
အခန်း ၁၃၁ ပြီးပါပြီ။
အခန်း ၁၃၂ - လူ့ဘုံနတ်ဘုရားနယ်မြေ ပေါ်ထွန်းလာခြင်း
'နတ်ဘုရားဘုရင်နယ်ပယ်...'
ဘိုးဘေးကြီး၏ စကားကို ကြားလိုက်ရသည့်အခါ နဂါးနတ်ဘုရားဂိုဏ်းမှ လူငယ်သုံးဦးလုံးမှာ ထိတ်လန့်သွားကြရသည်။
'ဒီနယ်ပယ်က ကြားရုံနဲ့တင် တကယ့်ကို အစွမ်းထက်မှာပဲ... ဒီလောကမှာ အနှိုင်းမဲ့ နတ်ဘုရားဘုရင်တစ်ပါးက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်မလဲ... ချန်းနန်ကုန်းမြေကြီးရဲ့ ကောင်းကင်ဘုံတရားကတောင် လက်ခံနိုင်မှာ မဟုတ်တော့ဘူး ထင်တယ်...'
“နတ်ဘုရားဘုရင်နယ်ပယ်...”
ကြောင်နက်ကြီးမှာ အလွန်အမင်း အံ့အားသင့်သွားသဖြင့် သူ၏ မေးစေ့မှာ မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ ကောင်းကင်ဘုံသုတ်သင်ခြင်း ပုံရိပ်ယောင်မျက်ဝန်း၏ အမြင့်ဆုံး အထွတ်အထိပ်သို့ ရောက်ရန် နတ်ဘုရားဘုရင်နယ်ပယ်အထိ ကျင့်ကြံရမည်ဟု သူ မထင်ထားခဲ့ပေ။ သူသည် ယခုအခါ ကံကြမ္မာနယ်ပယ်တွင်သာ ရှိသေးသဖြင့် နတ်ဘုရားဘုရင်နယ်ပယ်သို့ ရောက်ရန် မည်မျှကြာအောင် ကျင့်ကြံရမည်နည်းဟု ပြန်လည်တွေးတောမိကာ အနည်းငယ် စိတ်ဓာတ်ကျသွားမိသည်။ သို့သော် မကြာမီမှာပင် သူသည် ပြန်လည် တက်ကြွလာပြန်သည်။
'ကျင့်ကြံရတာ အလွန်ခက်ခဲမှာ မှန်ပေမဲ့ ဒါဟာ ကောင်းကင်ဘုံသုတ်သင်ခြင်း ပုံရိပ်ယောင်မျက်ဝန်းရဲ့ စွမ်းအားက ဘယ်လောက်တောင် ကြောက်မက်ဖွယ်ကောင်းလဲဆိုတာကို ပြနေတာပဲ... ငါသာ ဆက်ပြီး ကျင့်ကြံနေသရွေ့တော့ မျှော်လင့်ချက်ဆိုတာ ရှိနေမှာပဲ...'
အဝေးမှ စောင့်ကြည့်နေသော မြင်းနက်ကြီးသည်လည်း ဤခဏ၌ အလွန်ပင် ထိတ်လန့်နေမိသည်။
'နတ်ဘုရားဘုရင်နယ်ပယ်... ထာဝရနယ်ပယ် မိစ္ဆာကြီးတစ်ကောင်ဖြစ်တဲ့ ငါတောင်မှ ဒီလိုနယ်ပယ်မျိုးကို စိတ်ကူးမယဉ်ရဲပါဘူး... အဲ့ဒီနယ်ပယ်က တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်... ထာဝရနယ်ပယ်ရဲ့ အထက်မှာ စစ်မှန်သောနတ်ဘုရားနယ်ပယ်၊ နတ်ဧကရာဇ်နယ်ပယ်နဲ့ နတ်ဘုရားအရှင်သခင်နယ်ပယ်တွေ ရှိသေးတာ... အဲ့ဒီနောက်မှ နတ်ဘုရားဘုရင်နယ်ပယ် လာတာလေ... ငါ့အတွက်လည်း အဲ့ဒီနယ်ပယ်က အဝေးကြီး လိုပါသေးတယ်... ငါ့ရဲ့ ပါရမီနဲ့ အဲ့ဒီနယ်ပယ်ကို ရောက်နိုင်ပါ့မလားတောင် မသိဘူး...'
“ဘိုးဘေးကြီးက တ... တကယ့်ကို အစွမ်းထက်လွန်းတာပဲ...”
လော့လီက သတိပြန်ဝင်လာပြီး စကားပင် ထစ်လျက် ပြောလိုက်သည်။ သူမသည် ဘိုးဘေးကြီး၏ ခန့်ညားသော မျက်နှာကို ကြည့်ကာ သူမ၏ မျက်ဝန်းများအတွင်း၌ အလွန်အမင်း ကိုးကွယ်ယုံကြည်သည့် အလင်းတန်းများဖြင့် ပြည့်နှက်နေတော့သည်။ ထိုခဏ၌ ကျွင်းမော့ရှောင်သည်လည်း ဘိုးဘေးကြီးကို စိုက်ကြည့်နေမိပြီး စိတ်လှုပ်ရှားမှုကြောင့် သူ၏ သွေးများမှာ ဆူပွက်နေသည်။ အတည်ငြိမ်ဆုံး ဖြစ်နေသော စုဝမ်ယီပင်လျှင် အသက်ရှူသံများ မြန်နေရပြီး သူမ၏ နှလုံးသားမှာ လုံးဝ လှုပ်ရှားနေသည်။
'ဒီလောက် အစွမ်းထက်တဲ့ ဘိုးဘေးကြီး ရှိနေမှတော့ နဂါးနတ်ဘုရားဂိုဏ်းဟာ ကမ္ဘာ့အထွတ်အထိပ်မှာ ရပ်တည်နိုင်မှာ အသေအချာပဲ...'
“ကဲပါ... ဒီလောက်လည်း အံ့သြမနေကြပါနဲ့...”
ရီယွင်က ပြုံးလျက် ညင်သာစွာ ပြောလိုက်သည်။
“ကျင့်ကြံခြင်း လမ်းစဉ်က ရှည်လျားပြီး ပင်ပန်းခက်ခဲလှပါတယ်... မင်းတို့သာ ဝီရိယရှိရှိ ကြိုးစားမယ်ဆိုရင် တရားဓမ္မလမ်းစဉ်မှာ ပိုပြီး ဝေးဝေးရောက်နိုင်မယ့် အခွင့်အရေးတွေ ရှိကြမှာပါ... ငါကလည်း မင်းတို့ကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးသွားမှာပေါ့...”
ထိုစဉ် ကွင်းပြင်ကျယ်ပေါ်တွင် မိုးမြေရတနာများစွာနှင့် ကျင့်စဉ်ကျမ်းစာများမှာ တောင်ပုံရာပုံ စုပုံနေပြီ ဖြစ်သည်။ ရီယွင်သည် သူ၏ လက်ယာဘက်ကို ခပ်ဖွဖွ ပုတ်လိုက်ပြီးနောက် မြင်းရထားအတွင်းသို့ တစ်ခဏချင်းအတွင်း ပျောက်ကွယ်ဝင်ရောက်သွားသည်။ ဤသည်မှာ သူတို့ သုံးဦးကို ထိုရတနာများနှင့် ကျင့်စဉ်များကို ခွဲဝေယူရန် ညွှန်ကြားလိုက်ခြင်း ဖြစ်ကြောင်း သူတို့ နားလည်လိုက်ကြသည်။ အဆုံးတွင်တော့ ဘိုးဘေးကြီးသည် သူတို့ သုံးဦးကို နတ်ဘုရားအဆင့် သိုလှောင်လက်စွပ် သုံးကွင်းလုံး ပြည့်အောင် ဖြည့်ရန် တာဝန်ပေးထားခဲ့သဖြင့် ဤတိုက်ပွဲမှ ရရှိလာသော ရတနာများကို သူတို့ သုံးဦး ညီတူညီမျှ ခွဲဝေယူလိုက်ကြသည်။
ရှန်းဟန်ဂိုဏ်းနှင့် မိုင်ပေါင်း သောင်းချီဝေးကွာသော နေရာတွင် မိုင်ပေါင်း ထောင်ချီ ရှည်လျားသော တောင်တန်းကြီးတစ်ခု ရှိပေသည်။ ထိုတောင်တန်းကြီး၏ အမြင့်ဆုံး တောင်ထိပ်ပေါ်တွင် အဆင့် ၁ နီးပါးရှိသော ဂိုဏ်းတစ်ခု တည်ရှိသည်။ ထိုဂိုဏ်းကို မီးလျှံနီဓားဂိုဏ်းဟု ခေါ်သည်။ သူသည် မီးဓာတ်သဘာဝရှိသော ဓားသိုင်းပညာကို အဓိက ကျင့်ကြံသည့် အတော်အတန် အင်အားကြီးမားသော ဂိုဏ်းတစ်ခု ဖြစ်ပြီး ရှန်ဖုန်းမင်းဆက်အတွင်း၌ အထိုက်အလျောက် ကျော်ကြားမှု ရှိပေသည်။
မီးလျှံနီဓားဂိုဏ်း၏ တောင်ဘက် မိုင်တစ်ရာခန့် အကွာရှိ ဟင်းလင်းပြင်အတွင်းမှ ပြင်းထန်ပြီး ထူးဆန်းသော လှုပ်ခတ်မှုများ ရုတ်တရက် ထွက်ပေါ်လာသည်။ မီးလျှံနီဓားဂိုဏ်းမှ တပည့်များမှသည် ဂိုဏ်းချုပ်နှင့် အဆင့်မြင့် အကြီးအကဲများအထိ အားလုံးမှာ ထိုလှုပ်ခတ်မှုများကြောင့် ထိတ်လန့်သွားကြရသည်။
“ဟိုဘက်မှာ ဘာဖြစ်တာလဲ...”
“ဘာလို့ ဒီလောက် ထူးဆန်းတဲ့ လှုပ်ခတ်မှုတွေ ဖြစ်နေရတာလဲ...”
တစ်ခဏချင်းအတွင်းမှာပင် အားကောင်းသော အရှိန်အဝါများ ရှိကြသည့် ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာမှာ ကောင်းကင်ယံသို့ ပျံတက်သွားကြပြီး တောင်ဘက် ဟင်းလင်းပြင်ကို လှမ်းကြည့်လိုက်ကြသည်။ ဟင်းလင်းပြင်အတွင်းမှ လှုပ်ခတ်မှုများမှာ ပိုမိုပြင်းထန်လာသည်။ လူတိုင်း၏ စောင့်ကြည့်မှုအောက်တွင် ဧရာမ အက်ကွဲကြောင်းကြီးတစ်ခုမှာ ဖြည်းဖြည်းချင်း ဆုတ်ဖြဲခံလိုက်ရသည်။ ထိုအက်ကွဲကြောင်းမှာ ကောင်းကင်ကြီးမှ သွေးများ ယိုစီးကျနေသည့်အလား သွေးကဲ့သို့ နီမြန်းနေပေသည်။
“ရှုး...”
သွေးရောင် အလင်းတိုင်ကြီးတစ်ခုမှာ ကောင်းကင်ယံမှ ရုတ်တရက် ကျဆင်းလာပြီး မြေပြင်ပေါ်သို့ ထိုးစိုက်သွားသည်။ ဖော်ပြ၍မရနိုင်သော သွေးညှီနံ့တစ်ခုမှာ ထိုအလင်းတိုင်ကြီးဆီမှ တစ်ခဏချင်းအတွင်း ပျံ့နှံ့လာပြီး အသက်ရှူရုံမျှ အချိန်အတွင်းမှာပင် မီးလျှံနီဓားဂိုဏ်းတစ်ခုလုံးသို့ ရောက်ရှိသွားတော့သည်။ ကောင်းကင်ယံရှိ မီးလျှံနီဓားဂိုဏ်းမှ သန်မာသူများမှာ တစ်ချက် ညည်းတွားလိုက်ကြရပြီး သူတို့၏ ကိုယ်တွင်းရှိ သွေးများမှာ ဆူပွက်လာသဖြင့် အလွန်ပင် နေရခက်သွားကြသည်။ သို့သော် ထိုနေရခက်မှုမှာ ခဏအတွင်းမှာပင် ပြန်လည် ပျောက်ကွယ်သွားသည်။
ဤထူးဆန်းသော ကောင်းကင်ဖြစ်စဉ်ကို ကြည့်ရင်း အစိမ်းရောင်ဝတ်စုံဝတ် အဆင့်မြင့်အကြီးအကဲတစ်ဦးမှာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင် သူ၏ မျက်နှာပေါ်၌ အလွန်အမင်း ဝမ်းသာအားရ ဖြစ်နေသော အမူအရာတစ်ခု ပေါ်လာသည်။
“ဦးလေးကြီး... ဒါက ဘာလဲ...”
မီးလျှံနီဓားဂိုဏ်း၏ ဂိုဏ်းချုပ်က အရေးတကြီး မေးမြန်းလိုက်သည်။
“ဒါက လူ့ဘုံနတ်ဘုရားနယ်မြေပဲ...”
အစိမ်းရောင်ဝတ်စုံဝတ် အဆင့်မြင့်အကြီးအကဲမှာ အလွန်ပင် စိတ်လှုပ်ရှားနေသဖြင့် သူ၏ မျက်နှာမှာ နီမြန်းနေပြီး ဝမ်းသာအားရ ခုန်ပေါက်နေတော့သည်။
“ဟားဟား... ဘယ်သူက ထင်ထားမှာလဲ... ချန်းနန်ကုန်းမြေကြီးပေါ်မှာ ဒီလောက် ကျော်ကြားတဲ့ နတ်ဘုရားနယ်မြေ လျှို့ဝှက်နယ်မြေတစ်ခုက ငါတို့ မီးလျှံနီဓားဂိုဏ်းရဲ့ တောင်တန်းအပြင်ဘက်မှာ ရုတ်တရက် ပေါ်လာလိမ့်မယ်လို့... ဒါဟာ ငါတို့ မီးလျှံနီဓားဂိုဏ်း ကြီးပွားတိုးတက်ဖို့အတွက် ကောင်းကင်ဘုံရဲ့ အလိုတော်ပဲ...”
“လူ့ဘုံနတ်ဘုရားနယ်မြေ ဟုတ်လား...”
မီးလျှံနီဓားဂိုဏ်း ဂိုဏ်းချုပ်မှာ အံ့အားသင့်သွားသည်။ သူက မျက်မှောင်ကြုတ်ကာ ခေတ္တမျှ စဉ်းစားလိုက်သည့်အခါ သူ၏ စိတ်ထဲတွင် သဲလွန်စတစ်ခု ရုတ်တရက် ပေါ်လာသဖြင့် သူ တုန်လှုပ်သွားရသည်။
ဤလူ့ဘုံနတ်ဘုရားနယ်မြေမှာ ချန်းနန်ကုန်းမြေကြီးတစ်ခုလုံးတွင် အလွန်ပင် ကျော်ကြားလှသော လျှို့ဝှက်နယ်မြေတစ်ခု ဖြစ်ပြီး အထူးသဖြင့် နတ်ဝိညာဉ်အာရုံနယ်ပယ်ရှိ ကျင့်ကြံသူများအတွက် ဖြစ်သည်။ လူ့ဘုံနတ်ဘုရားနယ်မြေအတွင်း၌ မရေမတွက်နိုင်သော သွေးမိစ္ဆာများ နေထိုင်ကြသည်။ ထိုသွေးမိစ္ဆာများကို သတ်ဖြတ်ပြီး သူတို့၏ သားရဲသလင်းကျောက်များကို ဝါးမြိုသန့်စင်ခြင်းဖြင့် မိမိ၏ ကျင့်ကြံမှုနယ်ပယ်ကို လျင်မြန်စွာ တိုးတက်စေနိုင်သည်။
လူ့ဘုံနတ်ဘုရားနယ်မြေ၏ မြစ်ဖျားခံရာမှာ ဆန်းကြယ်လှပြီး ဟင်းလင်းပြင်ဝဲဂယက်များအတွင်း၌ အမြဲတမ်း ပုန်းကွယ်နေလေ့ရှိသည်။ သူသည် မည်သည့်နေရာတွင် ပေါ်လာမည်ကိုဖြစ်စေ၊ မည်သည့်အချိန်တွင် ပေါ်လာမည်ကိုဖြစ်စေ မည်သူမျှ ကြိုတင်မသိနိုင်ပေ။ သို့သော် သူ ပေါ်ထွက်လာသည့် အကြိမ်တိုင်းတွင် သန်မာသူ အမြောက်အများကို မွေးထုတ်ပေးနိုင်ခဲ့သည်။
နတ်ဝိညာဉ်အာရုံနယ်ပယ်ရှိ ပါရမီရှင် လူငယ်ကျင့်ကြံသူ အများအပြားမှာ လူ့ဘုံနတ်ဘုရားနယ်မြေအတွင်းသို့ ဝင်ရောက်သွားကြပြီး တစ်လအကြာတွင် ကောင်းကင်တံတားနယ်ပယ်သို့ ရောက်ရှိကာ ပြန်လည် ထွက်ပေါ်လာလေ့ရှိကြသည်။ သွေးမိစ္ဆာများ၏ သားရဲသလင်းကျောက်များအတွင်း၌ အလွန်ပင် သန့်စင်သော ထူးခြားသည့် စွမ်းအင်များ ပါရှိသဖြင့် ကျင့်ကြံမှုနယ်ပယ် မြှင့်တင်လိုသော ကျင့်ကြံသူများအတွက် စိတ်ကူးမယဉ်နိုင်သော ဆုလာဘ်တစ်ခုပင် ဖြစ်သည်။ လူ့ဘုံနတ်ဘုရားနယ်မြေကို ချန်းနန်ကုန်းမြေကြီးပေါ်ရှိ ကြီးမြတ်သော နတ်ဘုရားနယ်မြေ လျှို့ဝှက်နယ်မြေ ဆယ်ခုထဲမှ တစ်ခုအဖြစ် သတ်မှတ်ထားကြပေသည်။ သူသည် အလွန်ပင် ဆန်းကြယ်ပြီး ထူးခြားလှသော နေရာတစ်ခု ဖြစ်သည်။
“မြန်မြန်... မြန်မြန်လုပ်ကြ... ငါတို့ မီးလျှံနီဓားဂိုဏ်း အနားမှာ လူ့ဘုံနတ်ဘုရားနယ်မြေ ပေါ်လာတာက ရှားပါးတဲ့ အခွင့်အရေးပဲ... နတ်ဝိညာဉ်အာရုံနယ်ပယ်မှာ ရှိတဲ့ တပည့်တွေ အားလုံး... လူ့ဘုံနတ်ဘုရားနယ်မြေထဲကို အခုချက်ချင်း ဝင်ကြစမ်း...”
အစိမ်းရောင်ဝတ်စုံဝတ် အဆင့်မြင့်အကြီးအကဲက အလောတကြီး လက်ယမ်းကာ အော်ဟစ်လိုက်သည်။
သူတို့အနေဖြင့် ဤ ဦးဦးဖျားဖျား အခွင့်အရေးကို အရယူရပေမည်။ အဘယ်ကြောင့်ဆိုသော် လူ့ဘုံနတ်ဘုရားနယ်မြေ ပေါ်ထွက်လာသည့် အကြိမ်တိုင်းတွင် အရပ်ရပ်မှ အစွမ်းထက်သော အင်အားစုများစွာက သူတို့၏ တပည့်များကို စေလွှတ်လေ့ရှိကြသောကြောင့် ဖြစ်သည်။ အတွင်းရှိ သွေးမိစ္ဆာများမှာ ကုန်ဆုံးသွားခြင်းမရှိသော်လည်း ပြိုင်ဆိုင်မှုမှာမူ အလွန်ပင် ပြင်းထန်လှပေသည်။
သူ၏ အမိန့်အရ မီးလျှံနီဓားဂိုဏ်းမှ နတ်ဝိညာဉ်အာရုံနယ်ပယ်ရှိ တပည့်ပေါင်း ထောင်ချီမှာ အဆင့်မြင့်အကြီးအကဲနှင့် ဂိုဏ်းချုပ်တို့၏ ဦးဆောင်မှုဖြင့် သွေးရောင်အလင်းတိုင်ကြီးဆီသို့ ချက်ချင်း ပျံသန်းသွားကြတော့သည်။ သူတို့သည် အလင်းတိုင်ကြီးနှင့် နီးကပ်လာသည့်အခါ ကောင်းကင်ယံရှိ ဧရာမ သွေးရောင်အက်ကွဲကြောင်းကြီးမှနေ၍ မြေပြင်ပေါ်သို့ ထိုးစိုက်နေသော ဧရာမ သွေးရောင်အလင်းတိုင်ကြီးကို ကြည့်ရင်း လူတိုင်းမှာ အံ့အားသင့်နေကြရသည်။ ဤအလင်းတိုင်ကြီးမှာ ပေတစ်ထောင်ခန့် အချင်းရှိပေသည်။ အဝေးမှကြည့်လျှင် သိပ်ပြီး မထူးခြားသော်လည်း အနီးကပ်ကြည့်သည့်အခါတွင်မူ ဤကောင်းကင်သို့ ထိုးစိုက်နေသော အလင်းတိုင်ကြီးမှာ နတ်ဘုရားများနှင့် မိစ္ဆာများ ဖန်တီးထားသည့်အလား အံ့မခန်းရှိလှပေသည်။
“တကယ့်ကို ခန့်ညားထည်ဝါလှတာပဲ... ဒါဟာ နှစ်ပေါင်း ထောင်ချီမှ တစ်ခါသာ ချန်းနန်ကုန်းမြေပေါ်မှာ ပေါ်လာတတ်တဲ့ လူ့ဘုံနတ်ဘုရားနယ်မြေပဲ...”
အစိမ်းရောင်ဝတ် အဆင့်မြင့်အကြီးအကဲက စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။ သူသည် ဧရာမ သွေးရောင်အလင်းတိုင်ကြီးကို အသာအယာ ထိတွေ့ရန်အတွက် သူ၏လက်ကို ဆန့်ထုတ်လိုက်မိသည်။
“အား...”
ပြင်းထန်သော စွမ်းအားတစ်ခုက သူ၏ လက်ချောင်းထိပ်မှနေ၍ သူ့ကို ပြန်လည် တွန်းထုတ်လိုက်သည်။ ပြန်လည်မွေးဖွားခြင်းနယ်ပယ် အဆင့် ၉ ရှိသော ဤအဆင့်မြင့်အကြီးအကဲမှာ နောက်သို့ လွင့်စဉ်သွားပြီး ပါးစပ်မှ သွေးတစ်လုတ် အန်ထုတ်လိုက်ရ၏။
“ဟားဟားဟား... တကယ့်ကို အစွမ်းထက်တာပဲ... တကယ်ကို နတ်ဝိညာဉ်အာရုံနယ်ပယ်ထက် မြင့်တဲ့သူတွေ ဝင်လို့မရဘူးပဲ...”
သူသည် ဒဏ်ရာရသွားသော်လည်း အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။ သူသည် လက်ယမ်းကာ အော်ဟစ်လိုက်သည်။
“နတ်ဝိညာဉ်အာရုံနယ်ပယ်မှာ ရှိတဲ့ တပည့်တွေ အားလုံး... လူ့ဘုံနတ်ဘုရားနယ်မြေထဲကို အမြန်ဝင်ပြီး သွေးမိစ္ဆာတွေကို သတ်ကြစမ်း...”
“ဟုတ်ကဲ့ပါ အဆင့်မြင့်အကြီးအကဲ...”
မီးလျှံနီဓားဂိုဏ်းမှ နတ်ဝိညာဉ်အာရုံနယ်ပယ်ရှိ တပည့်အားလုံးမှာ ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။ သူတို့သည် တစ်ဦးပြီးတစ်ဦး ကောင်းကင်ယံသို့ ပျံတက်သွားကြပြီး ဓားအလင်းတန်းများအဖြစ် ပြောင်းလဲကာ မြင့်မားလှသော သွေးရောင်အလင်းတိုင်ကြီးအတွင်းသို့ ပျံဝင်သွားကြတော့သည်။ ထိုတပည့်များ၏ ခန္ဓာကိုယ်များမှာ သွေးရောင်အလင်းတိုင်အတွင်းသို့ ဝင်ရောက်သွားသည့်အခါ မည်သည့် ခုခံမှုမှ မကြုံတွေ့ရဘဲ တစ်ခဏချင်းအတွင်းမှာပင် ပျောက်ကွယ်သွားကြတော့သည်။
အခန်း ၁၃၂ ပြီးပါပြီ။