အခန်း (၁၃၃-၁၃၅)
Vol. 9 Ch. 133-135
အခန်း ၁၃၃ - လူ့ဘုံနတ်ဘုရားနယ်မြေ လျှို့ဝှက်နယ်မြေနှင့် ရှေးဟောင်းခေါင်းတလား
လူ့ဘုံနတ်ဘုရားနယ်မြေသည် ဟင်းလင်းပြင်ဝဲဂယက်များအတွင်းမှ ရုတ်တရက် ပေါ်ထွက်လာပြီး သွေးရောင်လွှမ်းသော ပို့ဆောင်ခြင်း အလင်းတိုင်ကြီးတစ်ခုကို အောက်သို့ ထိုးချလိုက်သည်။ ထိုအလင်းတိုင်မှ ထွက်ပေါ်လာသော ထူးဆန်းသည့် သွေးအရှိန်အဝါမှာ တားဆီး၍မရသော ပျက်စီးခြင်းဒီရေလှိုင်းအလား ရှန်ဖုန်းမင်းဆက်တစ်ခုလုံးသို့ မကြာမီမှာပင် ပျံ့နှံ့သွားတော့သည်။
ထိုခဏ၌ မရေမတွက်နိုင်သော သန်မာသူများသည် လူ့ဘုံနတ်ဘုရားနယ်မြေကို မှတ်မိသွားကြသည်။ ရှန်ဖုန်းမင်းဆက်မှ အခြားဒေသများသို့ ပျံ့နှံ့သွားသော ဤ ထူးဆန်းသည့် သွေးအရှိန်အဝါမှာ ကုန်းမြေကြီးတစ်ခုလုံးကို လွှမ်းခြုံတော့မည့်အလား ရှိနေပေသည်။
ဂိုဏ်းပေါင်းများစွာမှာလည်း ဤသတင်းကို ကြားသိသွားကြပြီး အမြန်ဆုံးနှုန်းဖြင့် ပြေးလာကြတော့သည်။ လူ့ဘုံနတ်ဘုရားနယ်မြေမှာ ခဏတာသာ ပေါ်ထွက်လာတတ်ခြင်းကြောင့် ကျော်ကြားပေသည်။ သူတို့၏ ဂိုဏ်းမှ နတ်ဝိညာဉ်အာရုံနယ်ပယ်ရှိ တပည့်များကို တစ်ဆင့်ချင်း တိုးတက်စေပြီး ကောင်းကင်တံတားနယ်ပယ်သို့ တိုက်ရိုက် ခုန်တက်နိုင်စေရန် ဤအခွင့်အရေးကို သူတို့ အရယူရပေမည်။
ထို့အပြင် အချို့သော ရှေးဟောင်းဂိုဏ်းကြီးများသည် အခြားသူများမသိသော လျှို့ဝှက်ချက်များကိုပင် သိရှိထားကြသည်။ လူ့ဘုံနတ်ဘုရားနယ်မြေအတွင်း၌ သွေးမိစ္ဆာများကို လုံလောက်စွာ သတ်ဖြတ်နိုင်သော နတ်ဝိညာဉ်အာရုံနယ်ပယ် ကျင့်ကြံသူများသည် ဆန်းကြယ်သွေးနန်းတော်ဟု ခေါ်သော နန်းတော်တစ်ခုဆီသို့ အလိုအလျောက် ပို့ဆောင်ခံရမည် ဖြစ်သည်။ ထိုနေရာသို့ ရောက်ရှိသွားပါက အလွန်ပင် ဆွဲဆောင်မှုရှိသော အခွင့်အရေးများက သူတို့ကို စောင့်ကြိုနေပေလိမ့်မည်။
လွန်ခဲ့သော နှစ်ပေါင်းနှစ်သောင်းခန့်က နတ်ဝိညာဉ်အာရုံနယ်ပယ် ကျင့်ကြံသူတစ်ဦးသည် ဆန်းကြယ်သွေးနန်းတော်အတွင်း၌ အလွန်ပင် ရှေးကျသော အမွေအနှစ်တစ်ခုကို ရရှိခဲ့သည်။ နောက်ဆုံးတွင် ထိုသူမှာ တာအိုနယ်ပယ်သန်မာသူတစ်ဦး ဖြစ်လာခဲ့ပြီး သူ၏အမည်မှာလည်း တစ်ကမ္ဘာလုံးကို တုန်ဟီးစေခဲ့သည်။
...
မိုင်ပေါင်း ထောင်ချီဝေးကွာသော ရှန်းဟန်ဂိုဏ်းရှိရာ နေရာတွင်မူ ရီယွင်သည် ဟင်းလင်းပြင်အတွင်း၌ ထူးခြားသော လှုပ်ခတ်မှုများ စတင်ပေါ်ပေါက်လာကတည်းက ထိုနေရာမှ အရိပ်အယောင်များကို သတိပြုမိပြီးသား ဖြစ်သည်။ သူသည် လူ့ဘုံနတ်ဘုရားနယ်မြေအကြောင်းကို မသိသော်လည်း သူ၏ နတ်ဘုရားစွမ်းရည်များကို အသုံးပြု၍ မီးလျှံနီဓားဂိုဏ်း အဆင့်မြင့်အကြီးအကဲ၏ မှတ်ဉာဏ်များအတွင်းမှ အသုံးဝင်သော သတင်းအချက်အလက်အချို့ကို ထုတ်ယူလိုက်သည်။
ရီယွင်သည် ဤလူ့ဘုံနတ်ဘုရားနယ်မြေကို ချက်ချင်းပင် စိတ်ဝင်စားသွားတော့သည်။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းခန့်က ချန်းနန်ကုန်းမြေပေါ်တွင် ကြီးမြတ်သော နတ်ဘုရားနယ်မြေ ဆယ်ခု ဟု ခေါ်ဆိုသည့်အရာများ မရှိခဲ့ဘဲ အားလုံးမှာ နောက်ပိုင်းမှ ပေါ်ပေါက်လာခြင်း ဖြစ်သောကြောင့်ပင်။ ထို့ပြင် ဤလူ့ဘုံနတ်ဘုရားနယ်မြေမှာ ကောင်းကင်တံတားနယ်ပယ် ကျင့်ကြံသူများကို လျင်မြန်စွာ မွေးထုတ်ပေးနိုင်ခြင်းကြောင့် ကျော်ကြားလှပေသည်။
ရီယွင်က စုဝမ်ယီဘက်သို့ လှည့်ကြည့်လိုက်သည်။ စုဝမ်ယီမှာ လက်ရှိတွင် နတ်ဝိညာဉ်အာရုံနယ်ပယ် အဆင့် ၉ တွင် ရှိနေပြီး ကောင်းကင်တံတားနယ်ပယ်သို့ ကျော်ဖြတ်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေသည်။
'ငါ ဒီအခွင့်အရေးကို အသုံးချပြီး သူ့ကို အတွင်းထဲမှာ အတွေ့အကြုံတွေ ရအောင် လုပ်ပေးသင့်တယ်...'
ရီယွင်က တွေးလိုက်မိသည်။ ကျွင်းမော့ရှောင်နှင့် လော့လီတို့အတွက်မူ ရီယွင်က သူတို့၏ ကျင့်ကြံမှုနယ်ပယ်များကို နတ်ဝိညာဉ်အာရုံနယ်ပယ်အဖြစ်သို့ ဖိနှိပ်ပေးလိုက်ပြီး သူတို့လည်း အတွင်းထဲတွင် အကျိုးကျေးဇူးအချို့ ရနိုင်မလားဆိုသည်ကို သိရှိရန် စီစဉ်လိုက်သည်။
ချီထျန်းဓားဂိုဏ်းနှင့် ယွီမော့ဂိုဏ်းတို့အတွက်မူ ထိုနေရာ နှစ်ခုသို့ သူ တစ်ချိန်ချိန်တွင် သွားရမည်မှာ အသေအချာပင် ဖြစ်သဖြင့် လောလောဆယ် မလောသေးပေ။ ယခုအခါ ဂိုဏ်းကြီးသုံးခုထဲတွင် အသန်မာဆုံးဖြစ်သော ရှန်းဟန်ဂိုဏ်းမှာ ဂျူနီယာ သုံးဦး၏ လက်ချက်ဖြင့် အမြစ်ပြတ်သွားပြီ ဖြစ်ရာ အခြားဂိုဏ်းနှစ်ခုမှာလည်း နောက်ဆုံးတွင် ဘေးဒုက္ခနှင့် ရင်ဆိုင်ရမည်သာ ဖြစ်သည်။
...
စက္ကန့်အနည်းငယ် ကြာပြီးနောက် လူ့ဘုံနတ်ဘုရားနယ်မြေ ပေါ်ထွန်းလာမှုကို ဖော်ပြနေသော သွေးရောင်အလင်းတိုင်ဆီမှ သွေးအရှိန်အဝါများမှာ ရှန်းဟန်ဂိုဏ်းရှိရာ နေရာအထိ ပျံ့နှံ့လာတော့သည်။
ကျွင်းမော့ရှောင်မှာ အသက်ရှူရန် ခက်ခဲနေပြီး ဇဝေဇဝါ ဖြစ်နေသော အမူအရာဖြင့် အရပ်မျက်နှာတစ်ခုသို့ လှမ်းကြည့်ကာ မေးလိုက်သည်။
“ဒါက ဘာလဲ...”
“သွေးညှီနံ့ ခပ်ပါးပါးလေး ရနေတာပဲ... အဲ့ဒါက လူကို နည်းနည်းတော့ နေရခက်စေတယ်... ဒါပေမဲ့ တော်တော်လေးတော့ ဖျော့ပါတယ်...”
လော့လီက သူမဘာသာ ရေရွတ်လိုက်သည်။ သူတို့ စကားပြောနေကြစဉ်မှာပင် သူတို့ သုံးဦးသည် ကွင်းပြင်ကျယ်ပေါ်ရှိ မိုးမြေရတနာများနှင့် လျှို့ဝှက်ကျင့်စဉ်ကျမ်းစာများ အားလုံးကို ခွဲဝေပြီးသွားပြီ ဖြစ်သည်။
“လူ့ဘုံနတ်ဘုရားနယ်မြေ ပွင့်သွားပြီ... ငါ့နောက်ကို လိုက်ခဲ့ကြ...”
ရီယွင်၏ အသံမှာ သူတို့၏ နားအတွင်းသို့ ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက် ချက်ချင်းပင် သူတို့ သုံးဦးမှာ မူလနေရာမှ ပျောက်ကွယ်သွားပြီး မြင်းရထားအတွင်းသို့ ရောက်ရှိသွားကြတော့သည်။ အခြေအနေကို သတိပြုမိလိုက်သော ကြောင်နက်ကြီးသည်လည်း မြင်းရထားပေါ်သို့ အမြန် ပျံတက်သွားပြီး ဝပ်စင်းလိုက်တော့သည်။
မြင်းနက်ကြီးက မြင်းရထားကို ဆွဲလျက် လူ့ဘုံနတ်ဘုရားနယ်မြေဆီသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားသည်။ မြင်းနက်ကြီးအတွက်မူ မိုင်ပေါင်း ထောင်ချီသော ခရီးမှာ အသက်ရှူ နှစ်ကြိမ် သုံးကြိမ်စာ ခရီးမျှသာ ဖြစ်သည်။ သို့သော် ရီယွင်က မြင်းနက်ကြီးကို အရှိန်ကုန် မပြေးခိုင်းပေ။ အဘယ်ကြောင့်ဆိုသော် သူသည် လမ်းခရီးတွင် လူ့ဘုံနတ်ဘုရားနယ်မြေနှင့် ပတ်သက်သော ကိစ္စအချို့ကို ရှင်းပြနေသောကြောင့်ပင်။ သို့သော်ငြားလည်း အမွှေးတိုင်တစ်တိုင် ကုန်ဆုံးလုနီးပါး အချိန်အတွင်းမှာပင် မြင်းနက်ကြီးမှာ မြင်းရထားကို သွေးရောင်အလင်းတိုင်၏ အနားသတ်အထိ ဆွဲယူလာခဲ့သည်။
မီးလျှံနီဓားဂိုဏ်း အဆင့်မြင့်အကြီးအကဲသည် ဟင်းလင်းပြင်အတွင်းမှ ပြေးထွက်လာသော မြင်းရထားတစ်စင်းကို ရုတ်တရက် မြင်လိုက်ရသဖြင့် သူ၏ မျက်လုံးများမှာ အနည်းငယ် ကျုံ့သွားသည်။ သူသည် မြင်းနက်ကြီး၏ ကျင့်ကြံမှုနယ်ပယ်ကို မခန့်မှန်းနိုင်ပေ။ ဤသည်မှာ မြင်းရထားအတွင်းရှိ ပုဂ္ဂိုလ်မှာလည်း ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံမှုနယ်ပယ်ကို ပိုင်ဆိုင်ထားသည်ဟု အဓိပ္ပာယ်ရပေသည်။
မြင်းနက်ကြီးက မြင်းရထားကို မြေပြင်ပေါ်တွင် ရပ်တန့်လိုက်ပြီး ဧရာမ သွေးရောင်အလင်းတိုင်ကြီးကို စိတ်ဝင်တစား စိုက်ကြည့်နေသည်။ မြင်းရထား လိုက်ကာမှာ ပွင့်သွားပြီး လော့လီ၊ ကျွင်းမော့ရှောင်နှင့် စုဝမ်ယီတို့မှာ တစ်ဦးပြီးတစ်ဦး ထွက်လာကာ ခေတ္တမျှ ရပ်နေကြသည်။
မနီးမဝေးမှ မီးလျှံနီဓားဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲသည် အလွန်ပင် ခန့်ညားချောမောလှပကြသော ဤလူငယ် သုံးဦးကို မြင်လိုက်သည့်အခါ မအံ့သြဘဲ မနေနိုင် ဖြစ်သွားရသည်။
'ဒီတပည့်တွေက ဘယ်အင်အားစုကလဲ မသိဘူး...'
“သွားကြ... ပိုပြီးတော့ အတွေ့အကြုံတွေ ရအောင် လေ့ကျင့်တာက မင်းတို့အတွက် ကောင်းပါတယ်...”
သူတို့၏ နားထဲတွင် ဘိုးဘေးကြီး၏ အသံမှာ ထွက်ပေါ်လာသည်။ သူတို့ သုံးဦးသည် မြင်းရထားဘက်သို့ ရိုသေစွာဖြင့် အမြန် ဂါရဝပြုလိုက်ကြပြီးနောက် အနီးရှိ သွေးရောင်အလင်းတိုင်ဆီသို့ ဦးတည်သွားကြတော့သည်။ စုဝမ်ယီက ပထမဆုံး ဝင်ရောက်သွားပြီး တစ်ခဏချင်းအတွင်းမှာပင် အလင်းတိုင်အတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။
လော့လီမှာ ဒုတိယ ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်သည် သွေးရောင်အလင်းတိုင်နှင့် ထိတွေ့လိုက်သည့်အခါ ထင်မှတ်မထားဘဲ ပြင်းထန်သော စွမ်းအားတစ်ခုက သူမကို နောက်သို့ တွန်းထုတ်လိုက်သည်။ ဤသည်မှာ အနီးတွင် ရပ်နေသော ကျွင်းမော့ရှောင်ကိုပါ အံ့အားသင့်သွားစေသည်။
လော့လီသည် ဟင်းလင်းပြင်တွင် နဂါးနတ်ဘုရားပုံရိပ်ယောင်ခြေလှမ်းကျင့်စဉ်ကို အသုံးပြုလိုက်ပြီး မြေပြင်ပေါ်သို့ လျင်မြန်စွာ ပြန်လည် ဆင်းသက်လိုက်သည်။ သူမ၏ သန်မာလှသော ခန္ဓာကိုယ်ကြောင့် သူမတွင် ဒဏ်ရာ တစ်စုံတစ်ရာတော့ မရရှိခဲ့ပေ။
ဂျူနီယာညီမလေးက မျက်မှောင်ကြုတ်ကာ သွေးရောင်အလင်းတိုင်ကို ကြည့်ပြီး သူမ၏ ချစ်စရာကောင်းသော မျက်နှာလေးပေါ်တွင် ဇဝေဇဝါ ဖြစ်နေသော အမူအရာဖြင့် ပြောလိုက်သည်။
“ငါ ဘာလို့ ဝင်လို့ မရတာလဲ...”
'စိတ်ဝင်စားစရာပဲ...'
ဒါကို မြင်လိုက်ရသည့်အခါ ရီယွင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်မိသည်။ လူ့ဘုံနတ်ဘုရားနယ်မြေမှာ အမှန်ပင် ထူးခြားမှု ရှိပေသည်။ သူသည် သူတို့ နှစ်ဦး၏ စစ်မှန်သော ကျင့်ကြံမှုနယ်ပယ်များကို အမှန်တကယ်ပင် ခွဲခြားသိမြင်နိုင်ခဲ့ပေသည်။
မီးလျှံနီဓားဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲက ရယ်မောလျက် ပြောလိုက်သည်။
“မင်းတို့ လူငယ်နှစ်ယောက်က မင်းတို့ရဲ့ ကျင့်ကြံမှုနယ်ပယ်တွေကို ဖိနှိပ်ထားကြပုံပဲ... လူ့ဘုံနတ်ဘုရားနယ်မြေထဲကို ဝင်ချင်တယ်ဆိုရင် မင်းတို့ရဲ့ ကျင့်ကြံမှုကို လုံးဝ ဖိနှိပ်ထားလို့ မရဘူး... မဟုတ်ရင် မင်းတို့ တွန်းထုတ်ခံရလိမ့်မယ်...”
“ဒါကြောင့်ကိုး...”
လော့လီက စိတ်ပျက်လက်ပျက်ဖြင့် သူမ၏ခြေထောက်ကို ဆောင့်လိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် စိတ်အနှောင့်အယှက် ဖြစ်နေသော အငွေ့အသက်များ ပေါ်လာသည်။ ကျွင်းမော့ရှောင်က သူမ၏ အနားသို့ ချဉ်းကပ်လာပြီး ပြုံးလျက် ပြောလိုက်သည်။
“စီနီယာအစ်မ... ဝင်လို့မရလည်း ထားလိုက်ပါတော့... အဆုံးမှာတော့ စီနီယာအစ်မကြီး ဝင်သွားပြီပဲလေ... သူ ပြန်ထွက်လာတဲ့အခါကျရင် ကောင်းကင်တံတားနယ်ပယ် ကျင့်ကြံသူတစ်ယောက် ဖြစ်လာတော့မှာပေါ့...”
“ဟုတ်တာပဲ...”
လော့လီက ရယ်မောလိုက်တော့သည်။ သူတို့၏ စီနီယာအစ်မကြီးမှာ အတွေ့အကြုံများ ရရှိရန်နှင့် ကောင်းကင်တံတားနယ်ပယ်သို့ ကျော်ဖြတ်ရန်အတွက် လူ့ဘုံနတ်ဘုရားနယ်မြေအတွင်းသို့ ဝင်ရောက်သွားပြီ ဖြစ်သဖြင့် သူတို့သည်လည်း သူမအတွက် ဝမ်းသာနေကြသည်။
ရီယွင်သည် လူ့ဘုံနတ်ဘုရားနယ်မြေကို စိုက်ကြည့်လိုက်ရာ သူ၏ နက်ရှိုင်းသော မျက်လုံးများအတွင်း၌ သေးငယ်သော ကြယ်တာရာ မန္တန်သင်္ကေတများမှာ ခဏမျှ ဝင်းလက်သွားသည်။ သူသည် သွေးရောင်အလင်းတိုင်ကို ခေတ္တမျှ သေချာစွာ လေ့လာလိုက်ပြီးနောက် သူ၏ နှုတ်ခမ်းထောင့်များမှာ ခပ်ဖျော့ဖျော့ ပြုံးယောင်သန်းသွားသည်။
လူ့ဘုံနတ်ဘုရားနယ်မြေအတွင်းရှိ ထိုလျှို့ဝှက်နယ်မြေအတွင်းသို့ လော့လီနှင့် ကျွင်းမော့ရှောင်တို့ကို ပို့ဆောင်ပေးရန်မှာ ရီယွင်အတွက် မခက်ခဲလှပေ။ သို့သော် အကယ်၍ သူသာ ထိုသို့ လုပ်ဆောင်လိုက်ပါက သူတို့ နှစ်ဦးကြောင့် ဤလျှို့ဝှက်နယ်မြေမှာ ပြိုလဲသွားပေလိမ့်မည်။ သူသည် ထိုကဲ့သို့ အရာမျိုး ဖြစ်ပျက်ခွင့် မပြုနိုင်ပေ။ အဆုံးတွင်တော့ ဤခရီးစဉ်၏ အဓိက ရည်ရွယ်ချက်မှာ စုဝမ်ယီ၏ လေ့ကျင့်မှုအတွက် ဖြစ်သည်။ သူမအနေဖြင့် ကောင်းကင်တံတားနယ်ပယ်သို့ လျင်မြန်စွာ တိုးတက်နိုင်သရွေ့ ထိုအရာက လုံလောက်ပေပြီ။
စုဝမ်ယီ၏ စိတ်အတွင်း၌မူ ရီယွင်၏ နတ်အာရုံ အပိုင်းအစတစ်ခု ကိန်းအောင်းနေဆဲ ဖြစ်သည်။ ဤနတ်အာရုံ အပိုင်းအစမှာ စုဝမ်ယီအနေဖြင့် သူမ တောင့်မခံနိုင်သော မည်သည့် ဘေးဒုက္ခမျိုးကိုမဆို ကျော်လွှားနိုင်ရန် ကူညီပေးလိမ့်မည် ဖြစ်သည်။
ရီယွင်က ခပ်တိုးတိုး ပြောလိုက်သည်။
“ဒါဆိုရင် မင်းတို့ နှစ်ယောက်က ပြန်လာပြီး မြင်းရထားထဲမှာပဲ ဆက်ပြီး ကျင့်ကြံနေကြပေတော့...”
“ဟုတ်ကဲ့ပါ ဘိုးဘေးကြီး...”
လော့လီမှာ ပြန်လည် စိတ်လှုပ်ရှားသွားသည်။ ဘိုးဘေးကြီးသည် သူတို့အား ဆန်းကြယ်လှသော နတ်မျက်စိ နတ်ဘုရားစွမ်းရည်တစ်ခုကို သင်ကြားပေးထားခဲ့ပြီး ဖြစ်ရာ ဤအချိန်မှာ ထိုအရာကို နားလည်အောင် ကြိုးစားရန်အတွက် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
သူတို့ နှစ်ဦးမှာ မြင်းရထားအတွင်းသို့ ပြန်ဝင်သွားကြပြီး ရီယွင်က သူတို့ကို သီးခြား နေရာနှစ်ခုတွင် ရှိနေစေရန် စီစဉ်ပေးလိုက်သည်။ လူငယ်နှစ်ဦးမှာ ကောင်းကင်ဘုံသုတ်သင်ခြင်း ပုံရိပ်ယောင်မျက်ဝန်းကို နားလည်နိုင်ရန် စိတ်အားထက်သန်နေကြသည်ကို မြင်လိုက်ရသည့်အခါ ရီယွင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်မိသည်။
'လူတိုင်းမှာ ငယ်ရွယ်တဲ့ အချိန်ဆိုတာ ရှိခဲ့တာပဲ... ငါလည်း ငယ်ငယ်တုန်းက ဒီလိုပဲ မဟုတ်ဘူးလား...'
...
လူ့ဘုံနတ်ဘုရားနယ်မြေအတွင်းရှိ ဆန်းကြယ်သော နေရာတစ်ခုအတွင်း၌...
သွေးစွမ်းအင်များမှာ လေထုအတွင်း၌ ပျံ့နှံ့နေသည်။ နီညိုရောင်ရှိသော ရှေးဟောင်းခေါင်းတလား တစ်ခုအတွင်းမှ အမျိုးသမီးတစ်ဦး၏ အသံမှာ ရုတ်တရက် ညင်သာစွာ ထွက်ပေါ်လာသည်။
'ဒါက ပုံရိပ်ယောင်တစ်ခုလား... ငါ ဘာလို့ ရီယွင်ရဲ့ ထူးကဲနဂါးနတ်ဘုရားချီစွမ်းအင်ကို ခံစားနေရတာလဲ...'
အခန်း ၁၃၃ ပြီးပါပြီ။
အခန်း ၁၃၄ - နက်ရှိုင်းသော ခုနစ်စဉ်ကြယ်ဓားဖြင့် သွေးမိစ္ဆာကို သုတ်သင်ခြင်း
စုဝမ်ယီသည် လူ့ဘုံနတ်ဘုရားနယ်မြေ၏ သွေးရောင်အလင်းတိုင်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် သူမ၏ အမြင်အာရုံများ ဝေဝါးသွားကာ လူသူကင်းမဲ့သော ကမ္ဘာငယ်လေးတစ်ခုဆီသို့ တစ်ခဏချင်းအတွင်း ရောက်ရှိသွားတော့သည်။
ဤ လူသူကင်းမဲ့သော ကမ္ဘာငယ်လေးမှာ နီရဲသော အရောင်အသွေးများဖြင့် လွှမ်းခြုံနေပေသည်။ လေထုအတွင်း၌ သွေးညှီနံ့ ခပ်ပါးပါး ပျံ့နှံ့နေပြီး မြေပြင်ပေါ်တွင်လည်း အက်ကြောင်းများစွာ ရှုပ်ထွေးစွာ ဖြစ်ပေါ်နေသည်။ အဝေးမှ မြင်နေရသော တောင်တန်းကြီးများမှာလည်း အလားတူပင် သွေးရောင် လွှမ်းနေပေသည်။
ဤ လဟာပြင်ကြီးထဲတွင် အပင်တစ်ပင် သို့မဟုတ် သတ္တဝါတစ်ကောင်မျှ ရှာမတွေ့နိုင်ပေ။ ၎င်းမှာ အလွန်ပင် ခြောက်သွေ့ဆိတ်သုဉ်းနေပြီး သက်ရှိများ ရှင်သန်ခဲ့ဖူးသည့် အရိပ်အယောင်ပင် မရှိချေ။ စုဝမ်ယီက သူ၏ နောက်ဘက်ကို လှမ်းကြည့်လိုက်သည်။ ကျယ်ပြောလှသော မြေပြင်ပေါ်တွင် လူသားကျင့်ကြံသူ တစ်ဦးတစ်ယောက်မျှ မတွေ့ရပေ။
'ဒီနေရာကို ပို့ဆောင်တာက ကျပန်းဖြစ်ပုံရတယ်... လူတိုင်းက နေရာအမျိုးမျိုးကို ရောက်သွားကြတာပဲ...'
သူက သူ့ဘာသာ တွေးလိုက်မိသည်။ သူသည် လက်ရှိတွင် နတ်ဝိညာဉ်အာရုံနယ်ပယ် အဆင့် ၉ ၌ ရှိနေပြီး ကောင်းကင်တံတားနယ်ပယ် ပထမအဆင့်သို့ ရောက်ရှိရန်အတွက် အဆင့်ငယ်တစ်ခုနှင့် အဆင့်ကြီးတစ်ခု စုစုပေါင်း အဆင့်နှစ်ခုသာ လိုတော့သည်။ လက်ရှိစွမ်းအားဖြင့်ဆိုလျှင် လူ့ဘုံနတ်ဘုရားနယ်မြေအတွင်းရှိ နတ်ဝိညာဉ်အာရုံနယ်ပယ် ကျင့်ကြံသူများထဲတွင် သူသည် အသန်မာဆုံး အုပ်စုထဲ၌ ပါဝင်နေသည်မှာ အသေအချာပင်။
စုဝမ်ယီသည် သူ၏ နက်ရှိုင်းသောခုနစ်စဉ်ကြယ်ဓားကို ဆွဲထုတ်လိုက်ပြီး သတိကြီးစွာဖြင့် ရှေ့သို့ လှမ်းလာခဲ့သည်။ လူ့ဘုံနတ်ဘုရားနယ်မြေအတွင်း၌ သွေးမိစ္ဆာများစွာ ရှိနေသော်လည်း ထိုသတ္တဝါများမှာ မည်သို့သောပုံစံ ရှိသည်ကိုမူ သူ မသိချေ။
သူ ဆယ်လှမ်းခန့်သာ လှမ်းရသေးချိန်တွင် အက်ကွဲနေသော မြေပြင်ကြားရှိ အက်ကြောင်းတစ်ခုအတွင်းမှ သွေးနီရောင် အလင်းလုံးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး သူ့ဆီသို့ ပြေးဝင်လာသည်။ စုဝမ်ယီ၏ နှလုံးသားမှာ ထိတ်ခနဲ ခုန်သွားရ၏။ သူ၏ သတိရှိသော သဘာဝကြောင့် တစ်ခဏချင်းအတွင်းမှာပင် နဂါးနတ်ဘုရားပုံရိပ်ယောင်အဖြစ် ပြောင်းလဲကာ ထိုအလင်းလုံးကို ရှောင်တိမ်းလိုက်သည်။
သူသည် ဟင်းလင်းပြင်တွင် ခေတ္တရပ်နားကာ ထိုသွေးနီရောင် အလင်းလုံးကို အကဲခတ်လိုက်သည်။ သူသည် မြေပြင်ပေါ်သို့ ပြန်လည်ဆင်းသွားပြီးနောက် မြေနီခဲတစ်ခုမျှသာ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ သို့သော် ထိုမြေနီခဲမှာ ခဲနေသော သွေးခြောက်များအလား ဖြစ်နေပေသည်။ အဝေးမှပင် ပြင်းထန်လှသော သွေးညှီနံ့မှာ လွှမ်းမိုးနေတော့သည်။
'သွေးမိစ္ဆာတွေက ဒီအက်ကြောင်းတွေထဲမှာ ပုန်းနေတာလား...'
စုဝမ်ယီသည် ဟင်းလင်းပြင်သို့ ပျံတက်လိုက်ပြီး အထက်မှနေ၍ အောက်ဘက်ရှိ အက်ကြောင်းများကို လှမ်းကြည့်လိုက်သည်။ အက်ကြောင်းများမှာ မှောင်အတိကျနေပြီး အတွင်း၌ မည်သည့် လှုပ်ရှားမှုမျှ မရှိချေ။
"ရှုး... ရှုး..."
ရုတ်တရက် သူ၏ နောက်ဘက်ရှိ အက်ကြောင်းတစ်ခုအတွင်းမှ နောက်ထပ် သွေးနီရောင် အလင်းလုံး နှစ်ခု ထွက်ပေါ်လာပြန်သည်။ ထိုသွေးနီရောင် အလင်းလုံး နှစ်ခုမှာ လေထုကို ခွဲလျက် စုဝမ်ယီ၏ နောက်ကျောကို ချောင်းမြောင်း တိုက်ခိုက်လာကြသည်။ စုဝမ်ယီသည် နောက်တစ်ကြိမ် နဂါးနတ်ဘုရားပုံရိပ်ယောင်အဖြစ် ပြောင်းလဲလိုက်ပြီး သူတို့၏ တိုက်ခိုက်မှုကို ဘေးသို့ လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။
"ဝေါ..."
သွေးနီရောင် အလင်းလုံးများထဲမှ တစ်ခုမှာ ဟင်းလင်းပြင်တွင် ရုတ်တရက် လည်ပတ်သွားပြီး စုဝမ်ယီဆီသို့ ပြေးဝင်လာပြန်သည်။ သွေးရောင် ဓားအလင်းတန်းတစ်ခု ဝင်းလက်သွားသည်။ စုဝမ်ယီသည် အကြည့်တစ်ချက်တည်းဖြင့် ထိုသွေးနီရောင် အလင်းလုံးကို တစ်ပိုင်းစီ ပြတ်သွားအောင် ပိုင်းဖြတ်လိုက်သည်။ သူသည် ကောင်းကင်ယံမှ ကျဆင်းလာပြီး သွေးသားပုံ နှစ်ပုံအဖြစ် ပြောင်းလဲသွားတော့သည်။
၎င်းတို့မှာ မြေပြင်ပေါ်တွင် တွန့်လိမ်နေကြသော နီရဲပုပ်ပွနေသည့် အသားတုံးများနှင့် တူလှပြီး ကြောက်မက်ဖွယ်ကောင်းသော သွေးညှီနံ့များ ထွက်ပေါ်နေသည်။
'ဒါက သွေးမိစ္ဆာ ဖြစ်ရမယ်... သူ့ရဲ့ ရှင်သန်နိုင်စွမ်းက တကယ့်ကို ထူးထူးခြားခြား ကြံ့ခိုင်တာပဲ...'
စုဝမ်ယီသည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး နီရဲပုပ်ပွနေသော အသားတုံး နှစ်တုံးကို သတိကြီးစွာဖြင့် စိုက်ကြည့်နေမိသည်။ ပုပ်ပွနေသော အသားတုံး တစ်တုံးချင်းစီမှာ အချင်း တစ်မီတာခန့် ရှိပြီး သူတို့ဆီမှ သွေးများမှာလည်း မရပ်မနား ယိုစီးနေသည်။ ဤကဲ့သို့ ရွံရှာဖွယ်ကောင်းသော သွေးမိစ္ဆာများ၌ သူကဲ့သို့ နတ်ဝိညာဉ်အာရုံနယ်ပယ် ကျင့်ကြံသူတစ်ဦးကို လျင်မြန်စွာ တိုးတက်စေနိုင်သည့် သားရဲသလင်းကျောက် ရှိနေနိုင်သည်ဆိုသည်ကို စုဝမ်ယီအနေဖြင့် ယုံကြည်ရန် ခက်ခဲနေမိသည်။
ပုပ်ပွနေသော အသားတုံးများမှာ စက္ကန့်အနည်းငယ်ခန့် တွန့်လိမ်နေပြီးနောက်တွင် သေဆုံးသွားသည့်အလား ရပ်တန့်သွားကြသည်။ သွေးမိစ္ဆာများသည် လှည့်ဖြားတတ်သော နတ်ဘုရားသဘာဝကြောင့် ကျော်ကြားလှသဖြင့် စုဝမ်ယီက အတန်ကြာအောင် စောင့်ကြည့်နေမိသည်။ သွေးမိစ္ဆာမှာ အမှန်တကယ် လှုပ်ရှားမှု မရှိတော့မှသာ သူက ဖြည်းဖြည်းချင်း အနားသို့ ချဉ်းကပ်သွားတော့သည်။ သူသည် အနားသို့ ရောက်သွားချိန်တွင် သွေးမိစ္ဆာက ရုတ်တရက် တိုက်ခိုက်လာမည်ကို စိုးရိမ်သဖြင့် သတိကြီးစွာ ထားနေရသည်။ သွေးမိစ္ဆာ၏ ဘေးသို့ ရောက်သောအခါတွင်မူ အမှန်တကယ် သေဆုံးသွားပြီဖြစ်ကြောင်း သူ အတည်ပြုနိုင်ခဲ့သည်။
သူသည် သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွ ချလိုက်သည်။ ထို့နောက် သူ၏ ဓားကို အသုံးပြု၍ သွေးမိစ္ဆာ အလောင်း၏ တစ်ဖက်ကို ကလော်ထုတ်ကာ သားရဲသလင်းကျောက်ကို ရှာဖွေလိုက်သည်။ ထိုတစ်ဖက်တွင်တော့ မရှိပေ။ စုဝမ်ယီက နောက်တစ်ဖက်သို့ ရွေ့လိုက်ပြီး သူ၏ ဓားဖြင့် ဆက်လက် ရှာဖွေလိုက်သည်။ အတန်ကြာ ရှာဖွေပြီးနောက်တွင် သူသည် သားရဲသလင်းကျောက် တစ်ခုကို နောက်ဆုံး၌ ရှာတွေ့သွားတော့သည်။
ဤသွေးရောင် သားရဲသလင်းကျောက်မှာ ဗာဒံစေ့ခန့် ရှိပြီး ကြည်လင်သန့်စင်ကာ ဝင်းလဲ့နေပြီး ကြွယ်ဝသော ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်နေသည်။ ၎င်းမှာ သွေးမိစ္ဆာ၏ အရုပ်ဆိုးလှသော ပုံစံနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။
စုဝမ်ယီသည် သွေးမိစ္ဆာ သားရဲသလင်းကျောက်ကို သူ၏ နှာခေါင်းနားတွင် ထားကာ အသာအယာ နမ်းကြည့်လိုက်သည်။ ၎င်း၌ ထူးခြားသော အနံ့အသက် မရှိပေ။ ထိုအစား လန်းဆန်းသော ခံစားမှုတစ်ခုမှာ သူ၏ ကိုယ်တွင်းအင်္ဂါများအတွင်းသို့ ပျံ့နှံ့သွားတော့သည်။
သူသည် သားရဲသလင်းကျောက်ကို ပါးစပ်ထဲသို့ ချက်ချင်းပင်ထည့်ကာ ဝါးမြိုသန့်စင်လိုက်သည်။ သားရဲသလင်းကျောက်မှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ရောက်သည်နှင့် တစ်ပြိုင်နက် သန့်စင်သော စွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ ကျင့်ကြံမှုကို အနည်းငယ် တိုးတက်လာစေခဲ့သည်။ မိမိ၏ ကျင့်ကြံမှု တိုးတက်လာခြင်းကို ခံစားလိုက်ရသည့်အတွက် စုဝမ်ယီ၏ မျက်နှာပေါ်တွင် ဝမ်းသာအားရ ဖြစ်သွားသော အမူအရာများ ထွက်ပေါ်လာသည်။ သွေးမိစ္ဆာ သားရဲသလင်းကျောက် တစ်ခုကို ဝါးမြိုသန့်စင်ခြင်းမှာ သူ၏ ဆယ်ရက်စာ ကျင့်ကြံမှုနှင့် ညီမျှပေသည်။
'ဒီလူ့ဘုံနတ်ဘုရားနယ်မြေက...'
ဤနေရာတွင် မရေမတွက်နိုင်သော သွေးမိစ္ဆာများဖြင့် ပြည့်နှက်နေသည်ဟု ပြောကြပေသည်။ အကယ်၍ သူသာ ၎င်းတို့ကို ပိုပြီး သတ်ဖြတ်ကာ ၎င်းတို့၏ သားရဲသလင်းကျောက်များကို ဝါးမြိုသန့်စင်နိုင်မည်ဆိုပါက သူ၏ ကျင့်ကြံမှုနယ်ပယ်မှာ မြားတစ်စင်းအလား အရှိန်အဟုန်ဖြင့် တိုးတက်လာပေလိမ့်မည်။ သွေးမိစ္ဆာ သားရဲသလင်းကျောက်၏ ဆန်းကြယ်သော ဂုဏ်သတ္တိမှာ ကန့်သတ်ချက် မရှိခြင်းနှင့် ဘေးထွက်ဆိုးကျိုး မရှိခြင်းတို့ပင် ဖြစ်သည်။ လောကတွင် မည်သည့် ဝိညာဉ်ဆေးရည်မျှ ထိုအရာကို မယှဉ်နိုင်ပေ။
ထို့ကြောင့် လူ့ဘုံနတ်ဘုရားနယ်မြေသည် ချန်းနန်ကုန်းမြေကြီး၏ တစ်နေရာရာတွင် ပေါ်ထွက်လာသည့် အကြိမ်တိုင်းတွင် ကြီးမားသော လှုပ်ခတ်မှုများကို ဖြစ်ပေါ်စေလေ့ရှိသည်။ ဂိုဏ်းပေါင်းများစွာမှာလည်း အစောဆုံး အခွင့်အရေးကို အရယူရန် ပြေးလာကြပြီး သူတို့၏ နတ်ဝိညာဉ်အာရုံနယ်ပယ် တပည့်အားလုံးကို အတွင်းသို့ စေလွှတ်ကြခြင်း ဖြစ်သည်။
သွေးမိစ္ဆာတစ်ကောင်ကို သတ်ဖြတ်ပြီးနောက် စုဝမ်ယီ၏ ယုံကြည်မှုမှာ တိုးမြင့်လာပြီး ရှေ့မှ ဆိတ်သုဉ်းနေသော တောင်တန်းကြီးဆီသို့ ဦးတည်သွားတော့သည်။ ဤနေရာတွင် မှတ်တိုင်များ မရှိသလို ကောင်းကင်ယံတွင်လည်း နေ၊ လ နှင့် ကြယ်များ မရှိပေ။ သူသည် အရပ်မျက်နှာတစ်ခုကို ရွေးချယ်ကာ လမ်းလျှောက်လာခဲ့ပြီး ထိုဒေသတွင် သွေးမိစ္ဆာများ ရှိမရှိကို ကြည့်ရန် ရည်ရွယ်ထားသည်။
သူသည် တောင်ကုန်းငယ်တစ်ခုကို လှည့်ပတ်သွားချိန်တွင် သွေးရောင် အလင်းတန်း နှစ်ခု၏ ဝိုင်းရံမှုကို ခံနေရသော လူငယ်တစ်ဦးကို မြင်လိုက်ရသည်။ ဤလူငယ်၏ ကျင့်ကြံမှုနယ်ပယ်မှာ နတ်ဝိညာဉ်အာရုံနယ်ပယ် အဆင့် ၅ သာ ရှိသေးသည်။ သွေးရောင် အလင်းတန်း နှစ်ခု၏ တိုက်ခိုက်မှုများကို ရင်ဆိုင်ရာတွင် သူသည် အလွန်ပင် ပင်ပန်းနေပြီး ခုခံနိုင်စွမ်း မရှိတော့ပေ။
စုဝမ်ယီက စက္ကန့်အနည်းငယ်ခန့် ငြိမ်သက်စွာ အကဲခတ်နေမိသည်။ ဤသွေးရောင် အလင်းတန်း နှစ်ခုအတွင်းရှိ သတ္တဝါများ၏ ကျင့်ကြံမှုအဆင့်ကို သူ ခံစားနိုင်ပေသည်။ စောစောက သူ သတ်ခဲ့သော သွေးမိစ္ဆာ၏ ကျင့်ကြံမှုကိုမူ ရုတ်တရက် ရင်ဆိုင်ခဲ့ရခြင်းကြောင့် ခံစားရန် အချိန်မရခဲ့ပေ။
ယခု အဝေးမှ စောင့်ကြည့်နေချိန်တွင်မူ ထိုသွေးမိစ္ဆာ နှစ်ကောင်မှာ နတ်ဝိညာဉ်အာရုံနယ်ပယ် အဆင့် ၄ ရှိကြောင်း သူ ပြောနိုင်ပေသည်။ နတ်ဝိညာဉ်အာရုံနယ်ပယ် အဆင့် ၄ ရှိသော သွေးမိစ္ဆာ နှစ်ကောင်မှာ လူသားကျင့်ကြံသူတစ်ဦးကို ဤမျှအထိ အသည်းအသန်ဖြစ်အောင် တွန်းပို့နိုင်ခြင်းမှာ သွေးမိစ္ဆာများသည် အလွန်ပင် အစွမ်းထက်ကြောင်း သက်သေပြနေခြင်းပင်။
“နတ်သမီးလေး... ကျွန်တော့်ကို ကယ်ပါဦး...”
လူငယ်မှာ အသည်းအသန် ဖြစ်နေသော်လည်း သူ၏ မျက်လုံးထောင့်မှနေ၍ ရွှေရောင်ဝတ်စုံဝတ် အမျိုးသမီးချောလေးကို မြင်လိုက်ရသဖြင့် သူမရှိရာ အရပ်သို့ အမြန် ပြေးလာခဲ့သည်။ သူ ပြေးလာစဉ်မှာပင် စုဝမ်ယီ၏ ကျင့်ကြံမှုနယ်ပယ်ကိုလည်း ခန့်မှန်းကြည့်လိုက်သည်။ သူမ၏ ကျင့်ကြံမှုနယ်ပယ်မှာ နတ်ဝိညာဉ်အာရုံနယ်ပယ် အဆင့် ၉ ရှိကြောင်း သူ သိလိုက်ရသည့်အခါ သူ၏ မျက်နှာပေါ်တွင် ဝမ်းသာအားရ ဖြစ်သွားသော အမူအရာမှာ တစ်ခဏချင်းအတွင်း ပေါ်လာတော့သည်။ ဤမျှ မြင့်မားသော ကျင့်ကြံမှုအဆင့်ဖြင့်ဆိုလျှင် ထိုသွေးမိစ္ဆာ နှစ်ကောင်ကို သတ်ရန်မှာ သူမအတွက် မုန့်စားရသလောက်ပင် လွယ်ကူပေလိမ့်မည်။
သွေးမိစ္ဆာ နှစ်ကောင်မှာ သွေးရောင် အလင်းတန်း နှစ်ခုအဖြစ် သူ့နောက်သို့ မရပ်မနား လိုက်ပါလာကြသည်။ စုဝမ်ယီသည် တွန့်ဆုတ်မနေဘဲ ရှေ့သို့ ပြေးဝင်သွားသည်။ သူသည် ဓားကို ဝှေ့ယမ်းလိုက်ရာ သွေးရောင် အလင်းတန်းတစ်ခု ဝင်းလက်သွားသည်။ ချက်ချင်းပင် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာတော့သည်။
သွေးမိစ္ဆာများထဲမှ တစ်ကောင်မှာ တစ်ခဏချင်းအတွင်းမှာပင် နှစ်ပိုင်း ပြတ်သွားတော့သည်။ ကျန်ရှိနေသော အခြား သွေးမိစ္ဆာမှာမူ အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် တုံ့ပြန်လိုက်သည်။ သူသည် ဟင်းလင်းပြင်တွင် ကိုယ်တစ်ပတ် လှည့်ပတ်သွားပြီး မြေပြင်ပေါ်ရှိ အက်ကြောင်းတစ်ခုအတွင်းသို့ ထိုးဆင်းကာ တစ်ခဏချင်းအတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။
“ကျွန်တော့်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နတ်သမီးလေး...”
လူငယ်မှာ ထိတ်လန့်နေဆဲ ဖြစ်သော်လည်း လက်သီးလက်ဝါးဆုပ်ကာ ကျေးဇူးတင်စကား ပြောလိုက်သည်။ သူသည် ရှေ့မှ အမျိုးသမီးငယ်ထက် အသက်ကြီးပုံရသော်လည်း သူ၏ စကားလုံးများမှာ ချိုသာလှပေသည်။ စုဝမ်ယီက မည်သည့်စကားမျှ မပြောဘဲ ခေါင်းကို ခပ်အေးအေးပင် ညိတ်ပြလိုက်သည်။ သူ၏ အဓိက ရည်မှန်းချက်မှာ သွေးမိစ္ဆာများကို သတ်ရန်ဖြစ်ပြီး လူငယ်ကို ကယ်တင်ခြင်းမှာ တိုက်ဆိုင်မှုတစ်ခုမျှသာ ဖြစ်သည်။
အသတ်ခံလိုက်ရသော သွေးမိစ္ဆာ၏ ပြတ်တောက်နေသော နှစ်ပိုင်းမှာ အကြိမ်အနည်းငယ် တွန့်လိမ်နေပြီးနောက်တွင် လုံးဝ ငြိမ်သက်သွားကာ သေဆုံးသွားတော့သည်။ လူငယ်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း မယုံကြည်နိုင်သည့်အလား မျက်လုံးများ ပြူးကျယ်နေမိသည်။ သူသည် ယခင်က သွေးမိစ္ဆာ တစ်ကောင်နှင့်သာ ရင်ဆိုင်ခဲ့ဖူးသည်။ ထိုစဉ်က သူ၏ စွမ်းအားမှာ သွေးမိစ္ဆာထက် သာလွန်ခဲ့ပြီး ဓားတစ်ချက်တည်းဖြင့် သွေးမိစ္ဆာ၏ ခန္ဓာကိုယ်ကို နှစ်ပိုင်း ပိုင်းဖြတ်နိုင်ခဲ့ဖူးသည်။ သို့သော် အံ့သြစရာကောင်းသည်မှာ ထိုသွေးမိစ္ဆာမှာ အံ့ဖွယ်နည်းဖြင့် ပြန်လည် ပေါင်းစည်းသွားခဲ့သည်။
ဤအမျိုးသမီးချောလေးက ဓားတစ်ချက်တည်းဖြင့် သွေးမိစ္ဆာ၏ ခန္ဓာကိုယ်ကို ပိုင်းဖြတ်လိုက်ပြီးနောက်တွင် သွေးမိစ္ဆာမှာ ခဏမျှ ရုန်းကန်နေပြီး သေဆုံးသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူ၏ ဇဝေဇဝါ ဖြစ်နေသော အကြည့်မှာ သူမ၏ သွေးရောင် ဓားရှည်ဆီသို့ ရောက်ရှိသွားသည်။
'ဒါက ဘယ်လို ဓားမျိုးလဲ...'
လူငယ်၏ မျက်ဝန်းများအတွင်း၌ အလွန်အမင်း ထိတ်လန့်မှုများ ပြည့်နှက်သွားတော့သည်။
အခန်း ၁၃၄ ပြီးပါပြီ။
အခန်း ၁၃၅ - ကြောင်နက်ကြီး၏ ပြင်းထန်သော တိုက်ခိုက်မှု
ဤဓားမှာ တစ်ကိုယ်လုံး သွေးကဲ့သို့ နီမြန်းနေပြီး ဓားသွားပေါ်တွင် အစက်အပြောက် အနည်းငယ် ရှိနေကာ အလွန်ပင် ထူးဆန်းသော ခံစားချက်ကို ပေးစွမ်း၏။
'ဒီဓားကတော့ အမှန်တကယ်ကို ထူးခြားတာပဲ...'
လူငယ်က တွေးလိုက်သည်။ သွေးမိစ္ဆာများမှာ ပုံသေခန္ဓာကိုယ် မရှိဘဲ အလွန်ပင် အစွမ်းထက်သော ပြန်လည်ရှင်သန်နိုင်စွမ်းကို ပိုင်ဆိုင်ထားကြသည်။ အကယ်၍ သူတို့ကို အပိုင်းပိုင်း မပိုင်းဖြတ်နိုင်ပါက သူတို့က ပြန်လည် ပေါင်းစည်းသွားကြမည် ဖြစ်သည်။ သို့သော် ဤအမျိုးသမီး၏ လက်ထဲရှိ ဓားမှာမူ သွေးမိစ္ဆာ၏ ကံကြမ္မာရန်သူ ဖြစ်ပုံရချေသည်။
လူငယ်၏ မျက်ဝန်းများအတွင်း၌ လောဘရိပ် အနည်းငယ် ဝင်းလက်သွားသော်လည်း သူက အမြန်ပင် ခေါင်းငုံ့ကာ သူ၏ စိတ်ခံစားချက်ကို ဖုံးကွယ်လိုက်သည်။
စုဝမ်ယီသည် သွေးမိစ္ဆာအလောင်းကို မွှေနှောက်ရှာဖွေပြီး သားရဲသလင်းကျောက် တစ်ခုကို ရှာတွေ့ကာ တိုက်ရိုက် ဝါးမြိုသန့်စင်လိုက်သည်။ သူ၏ မဟာနဂါးနတ်ဘုရား အရှိန်အဝါမှာ နောက်တစ်ကြိမ် ပိုမို အားကောင်းလာ၏။
စုဝမ်ယီက ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ရာ ထွက်ပြေးသွားသော သွေးမိစ္ဆာမှာ သူ့ကို ထပ်မံ မတိုက်ခိုက်တော့သည်ကို သတိပြုမိသည်။ ဤသွေးမိစ္ဆာမှာ အလွန်ပင် လှည့်ဖြားတတ်၏။ ထို့ကြောင့် ၎င်းဘက်မှ စတင်မတိုက်ခိုက်သရွေ့ သူမက ထိုသွေးမိစ္ဆာကို ရှာရန် မြေပြင်ပေါ်ရှိ အက်ကြောင်းထဲသို့ ဆင်းသွားမည် မဟုတ်ချေ။ အဆုံးတွင်တော့ ထိုအက်ကြောင်းမှာ ကျဉ်းမြောင်းပြီး မှောင်အတိကျနေကာ အနက်ကိုလည်း မသိနိုင်သဖြင့် လူသားများ သွားလာရန် မသင့်တော်သော နေရာ ဖြစ်သည်။
စုဝမ်ယီသည် တိတ်ဆိတ်စွာပင် ထိုလူငယ်ကို လျစ်လျူရှုထားလိုက်သည်။ သူတို့မှာ တိုက်ဆိုင်စွာ ဆုံတွေ့ခဲ့ကြသော သူစိမ်းများသာ ဖြစ်သဖြင့် သူမအနေဖြင့် သူနှင့် ဆက်ဆံပြောဆိုလိုစိတ် မရှိချေ။ သူမသည် ကိုယ်ဟန်ကို တစ်ချက် လှုပ်ရှားလိုက်ပြီး ရှေ့သို့ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
လူငယ်မှာမူ ပတ်ဝန်းကျင်ကို သတိကြီးစွာ စောင့်ကြည့်ရင်း ထိုနေရာတွင် အတန်ကြာအောင် ရပ်နေမိသည်။ မြေအောက်တွင် သူ့ကို ရုတ်တရက် တိုက်ခိုက်လာနိုင်သည့် သွေးမိစ္ဆာတစ်ကောင် ရှိနေဆဲ ဖြစ်၏။ ခေတ္တမျှ စောင့်ကြည့်ပြီးနောက်တွင် သွေးမိစ္ဆာ ပေါ်မလာတော့ချေ။ ထိုအခါမှ သူက သိုလှောင်လက်စွပ်အသစ်တစ်ခုကို ထုတ်ယူကာ သေဆုံးနေသော သွေးမိစ္ဆာအလောင်း နှစ်ပိုင်းကို သိမ်းဆည်းလိုက်သည်။
လူ့ဘုံနတ်ဘုရားနယ်မြေမှာ ကျယ်ပြောလှပြီး သူ၏ မီးလျှံနီဓားဂိုဏ်းမှ လူများစွာလည်း ဝင်ရောက်ခဲ့ကြသည်။ တစ်ချိန်ချိန်တွင် သူ၏ ဂိုဏ်းတူများနှင့် ဆုံတွေ့ရန် အခွင့်အရေး ရပေလိမ့်မည်။ ထိုအခါတွင် ဤသွေးမိစ္ဆာအလောင်း နှစ်ပိုင်းမှာ ထိုသွေးရောင်ဓား၏ ထူးခြားမှုကို သက်သေပြနိုင်ပေလိမ့်မည်။ လူငယ်၏ နှလုံးသားထဲတွင် လောဘစိတ်များ တလူလူ ထလာတော့သည်။
...
ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်ထားသော သွေးရောင်အလင်းတိုင်ကြီးမှာ တုန်လှုပ်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်၏။
မီးလျှံနီဓားဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲမှာ လက်ရှိတွင် ကျောက်ဆောင်ကြီးတစ်ခုပေါ်၌ ထိုင်ကာ ဂိုဏ်းတပည့်များ အောင်မြင်စွာ ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေသည်။ မလှမ်းမကမ်းရှိ အနက်ရောင်မြင်းရထားကြီးဘက်သို့မူ သူက လှည့်ပင် မကြည့်ရဲချေ။ ထိုမြင်းရထား၏ ပိုင်ရှင်ကို သူ လုံးဝ အပြစ်မပြုမိစေရန် သတိထားရမည်ကို သူ သိရှိထားသည်။
မြင်းနက်ကြီးမှာမူ မျက်လုံးများကို မှိတ်ထားပြီး သူ၏ စိတ်ထဲရှိ သင်္ကေတကို လေ့လာကျင့်ကြံနေသည်။ ဤ တက်ကြွသော သင်္ကေတအတွင်း၌ ကောင်းကင်ဘုံသုတ်သင်ခြင်း ပုံရိပ်ယောင်မျက်ဝန်း၏ ပထမပိုင်း ကျင့်စဉ်များ ပါဝင်နေသည်။ ထာဝရနယ်ပယ်၏ သန်မာသူတစ်ဦးအနေဖြင့် မြင်းနက်ကြီးသည်လည်း ဤနတ်ဘုရားစွမ်းရည်ကို အလွန် လိုလားနေခြင်း ဖြစ်၏။ သူက လက်ရှိ အားလပ်ချိန်ကို အသုံးချကာ လျှို့ဝှက်စွာပင် နားလည်အောင် ကြိုးစားကျင့်ကြံနေသည်။
ကြောင်နက်ကြီးသည်လည်း မြင်းရထားပေါ်တွင် ဝပ်စင်းကာ သူ၏ ခေါင်းကို ဗိုက်ထဲသို့ ထည့်ထားပြီး လျှို့ဝှက်စွာ ကျင့်ကြံနေချေသည်။
ကြောင်နှင့် မြင်းတို့အပြင် မြင်းရထားအတွင်းရှိ ဂျူနီယာ နှစ်ဦးတို့ပါ ကောင်းကင်ဘုံသုတ်သင်ခြင်း ပုံရိပ်ယောင်မျက်ဝန်းကို အာရုံစိုက်ကာ ကျင့်ကြံနေကြသည်ကို ရီယွင် မြင်လိုက်ရသည့်အခါ သူက ခပ်ဖျော့ဖျော့ ပြုံးလိုက်မိသည်။ ဤနတ်ဘုရားစွမ်းရည်မှာ အလွန်ပင် တောက်ပသော်လည်း သူ့အတွက်မူ ထိုမျှသာ ဖြစ်၏။ သူ၏ လက်ဝယ်တွင် မရေမတွက်နိုင်သော မဟာနတ်ဘုရားစွမ်းရည်များ ရှိနေသည်။ ရီယွင်က ထိုကျင့်စဉ်အားလုံးကို သူ၏ တစ်သက်တာတွင် ကုန်ဆုံးအောင် ကျင့်ကြံနိုင်မည် မဟုတ်ဟု တွက်ဆထားသည်။ ကံကောင်းသည်မှာ သူသည် လက်ရှိတွင် အနှိုင်းမဲ့ ဖြစ်နေပြီး အချိန်များစွာ ရှိနေခြင်း ဖြစ်၏။ သူ ပျင်းရိလာသည့်အခါတွင်မှ ဤကျင့်စဉ်များကို အပျင်းပြေ နားလည်အောင် ကြိုးစားရင်းနိုင်ပေသည်။
စုဝမ်ယီ လူ့ဘုံနတ်ဘုရားနယ်မြေအတွင်းသို့ ဝင်ရောက်သွားပြီးနောက် အမွှေးတိုင် တစ်ဝက်စာခန့် အချိန် ကြာသွားသည့်အခါ အဝေးမှနေ၍ ဧရာမ ရွှေရောင်ဝိညာဉ်သင်္ဘောကြီးတစ်စင်းမှာ ပြင်းထန်သော အရှိန်အဝါများဖြင့် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ ရောက်ရှိလာသည်။ သူသည် သွေးရောင်အလင်းတိုင်အနီးသို့ ရောက်သောအခါ ရုတ်တရက် ရပ်တန့်သွား၏။
“ချီထျန်းဓားဂိုဏ်း ရောက်လာပြီ...”
မီးလျှံနီဓားဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲမှာ ထူးခြားသော အမှတ်တံဆိပ်ပါသည့် ရွှေရောင်ဝိညာဉ်သင်္ဘောကြီးကို ကြည့်ရင်း သူ၏ မျက်လုံးများမှာ အနည်းငယ် ကျုံ့သွားသည်။ ချီထျန်းဓားဂိုဏ်းမှာ ရှန်ဖုန်းမင်းဆက်၏ ဂိုဏ်းကြီး သုံးခုထဲမှ တစ်ခုဖြစ်သည့် ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်ပြီး သူ၏ အင်အားမှာ မီးလျှံနီဓားဂိုဏ်းထက် များစွာ သာလွန်သည်။ ရွှေရောင်ဝိညာဉ်သင်္ဘောပေါ်တွင် နတ်ဝိညာဉ်အာရုံနယ်ပယ်၌ ရှိသော တပည့်ပေါင်း ထောင်ချီ ပါဝင်လာသည်။
ရွှေရောင်ဝိညာဉ်သင်္ဘောပေါ်တွင် ချီထျန်းဓားဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ တုယွီသည် သွေးရောင်အလင်းတိုင်ကို ကြည့်ကာ သူ၏ မျက်ဝန်းများအတွင်း၌ ပြင်းထန်သော ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်နေသည်။
'လူ့ဘုံနတ်ဘုရားနယ်မြေက... ထင်မှတ်မထားဘဲ ရှန်ဖုန်းမင်းဆက်မှာ ပေါ်လာတာပဲ... ဒါက ကောင်းကင်ဘုံက ပေးတဲ့ အခွင့်အရေးပဲ... ငါတို့ ချီထျန်းဓားဂိုဏ်းရဲ့ တပည့်တွေရဲ့ ကျင့်ကြံမှုကို လျင်မြန်စွာ မြှင့်တင်ဖို့အတွက် အကောင်းဆုံး အခွင့်အရေးပဲ... တခြားသူတွေ မရောက်လာခင် ငါ ဒီအခွင့်အရေးကို အရယူရမယ်...'
“တပည့်တွေ အားလုံး... လူ့ဘုံနတ်ဘုရားနယ်မြေထဲကို အခုချက်ချင်း ဝင်ကြစမ်း...”
တုယွီက စိတ်လှုပ်ရှားစွာဖြင့် လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။
"ရှူး... ရှူး... ရှူး..."
မရေမတွက်နိုင်သော ဓားအလင်းတန်းများမှာ ကောင်းကင်ယံသို့ ပျံတက်သွားကြပြီး သွေးရောင်အလင်းတိုင်အတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားကြတော့သည်။
ယခုအခါ ဝိညာဉ်သင်္ဘောပေါ်တွင် တုယွီနှင့် ဂိုဏ်းအကြီးအကဲ တစ်ဦးသာ ကျန်ရှိတော့သည်။ ရွှေရောင်ဝိညာဉ်သင်္ဘောကို ထိန်းကျောင်းနေသော အကြီးအကဲသည် ဟင်းလင်းပြင်မှ ဆင်းသက်လာခဲ့သည်။
“မိစ္ဆာအရှင်သခင်ဂိုဏ်းလည်း ရောက်မလာသေးဘူး... ရှန်းဟန်ဂိုဏ်းလည်း ပေါ်မလာသေးဘူး... ဒီမီးလျှံနီဓားဂိုဏ်းကတော့ ကံကောင်းသွားတာပဲ...”
တုယွီက သူ၏ လက်များကို နောက်ပစ်ကာ ပေါ့ပေါ့ပါးပါးပင် ရယ်မောလိုက်သည်။
'ပုံမှန်ဆိုရင် အနီးဆုံးဖြစ်တဲ့ ရှန်းဟန်ဂိုဏ်းက ပထမဆုံး ရောက်လာရမှာပဲ... ဒါပေမဲ့ ငါတို့ ချီထျန်းဓားဂိုဏ်းက ပထမဆုံး ရောက်လာမယ်လို့ ငါ မထင်ထားခဲ့ဘူး... မီးလျှံနီဓားဂိုဏ်းဆိုတာကတော့ ငါ့မျက်စိထဲတောင် မရှိပါဘူး...'
တုယွီသည် ဤအခွင့်အရေးကို အရယူနိုင်ပါက သူတို့ဂိုဏ်း၏ စုစုပေါင်း အင်အားမှာ အဆင့်သစ်တစ်ခုသို့ တက်လှမ်းနိုင်မည်ကို သိရှိထားသည်။ အဆုံးတွင်တော့ အခြားသော အင်အားကြီးအဖွဲ့အစည်းများမှာ ရှန်ဖုန်းမင်းဆက်သို့ လာနေဆဲသာ ရှိသေးသည်။ သူ၏ တပည့်များအတွက် အခွင့်အရေး အချိန်အတိုင်းအတာတစ်ခု ရှိနေသေး၏။
“မီးလျှံနီဓားဂိုဏ်း... အခုချက်ချင်း ဖယ်ပေးကြ... ဒီနေရာက အခု ငါတို့အပိုင် ဖြစ်သွားပြီ...”
ရွှေရောင်ဝိညာဉ်သင်္ဘောကို ထိန်းကျောင်းနေသော ချီထျန်းဓားဂိုဏ်း အကြီးအကဲသည် မြေပြင်နှင့် ပေအနည်းငယ်အကွာသို့ ရောက်သောအခါ မီးလျှံနီဓားဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲကို စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။
“အရာရာမှာ အရင်လာတဲ့သူ အရင်ရရမှာ မဟုတ်ဘူးလား... ဒါက ငါတို့ မီးလျှံနီဓားဂိုဏ်းရဲ့ နယ်မြေဆိုတာ ရှင်းနေတာပဲ...”
မီးလျှံနီဓားဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲမှာ မျက်နှာတစ်ခုလုံး နီမြန်းလျက် ကောင်းကင်ယံသို့ လှမ်း၍ အော်ပြောလိုက်သည်။ သူ၏ ဘေးတွင် ရပ်နေသော မီးလျှံနီဓားဂိုဏ်း ဂိုဏ်းချုပ်မှာလည်း နာကျည်းနေသော အမူအရာ ပေါ်နေ၏။
'ချီထျန်းဓားဂိုဏ်းက တကယ့်ကို အနိုင်ကျင့်လွန်းတာပဲ... ဒီလူ နှစ်ယောက်က သူတို့ရဲ့ ဝိညာဉ်သင်္ဘောကို ဒီမှာ ရပ်လိုက်တာနဲ့ ဒီနယ်မြေတစ်ခုလုံးကို ပိုင်ဆိုင်သွားပြီလို့ ထင်နေတာလား...'
“အသုံးမကျတဲ့ မီးလျှံနီဓားဂိုဏ်း... မင်းတို့က ငါတို့ ချီထျန်းဓားဂိုဏ်းနဲ့ ယှဉ်ဖို့ ဘာအရည်အချင်း ရှိလို့လဲ... အခုချက်ချင်း ထွက်သွားစမ်း... မဟုတ်ရင် ငါ့အဆိုးမဆိုနဲ့...”
တုယွီက သင်္ဘောဦးမှနေ၍ ခပ်အေးအေးပင် ပြောလိုက်သည်။ သူ၏ အကြည့်မှာ ဂရုမစိုက်ဟန် ရှိပြီး အမူအရာမှာလည်း အေးစက်လှချေသည်။
“မင်း...”
မီးလျှံနီဓားဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲနှင့် ဂိုဏ်းချုပ်တို့မှာ မျက်နှာများ နီမြန်းသွားကြပြီး သူတို့၏ ပုခုံးများမှာလည်း ပြင်းထန်စွာ တုန်ရင်နေကာ စိတ်ခံစားချက်များမှာ ဗရပွ ဖြစ်နေကြသည်။ သို့သော်ငြားလည်း ထိုလူနှစ်ဦးမှာ ဘေးသို့ ပျံသန်းသွားကြရ၏။
‘ချီထျန်းဓားဂိုဏ်း... အင်း ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ သူတို့ကို အမှန်တကယ် မယှဉ်နိုင်ဘူး...’
ယခုအခါ လူ့ဘုံနတ်ဘုရားနယ်မြေ ပွင့်လာချိန်သို့ ရောက်ရှိခဲ့ပြီး သူတို့၏ တပည့်များမှာလည်း လေ့ကျင့်ရန် ဝင်ရောက်သွားကြပြီ ဖြစ်ရာ ဤအရေးကြီးသော အချိန်တွင် ချီထျန်းဓားဂိုဏ်းကဲ့သို့သော သန်မာသည့် ရန်သူကို ရန်မစမိစေရန် သတိထားရမည် ဖြစ်သည်။ မဟုတ်ပါက ဤလေ့ကျင့်မှုခရီးစဉ်တစ်ခုလုံးမှာ အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
မီးလျှံနီဓားဂိုဏ်းမှ လူနှစ်ဦး စိတ်ပျက်လက်ပျက်ဖြင့် ပျံသန်းထွက်ခွာသွားသည်ကို ကြည့်ရင်း တုယွီ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ ဂိုဏ်းကြီးတစ်ဂိုဏ်းအနေဖြင့် ရှန်းဟန်ဂိုဏ်းနှင့် မိစ္ဆာအရှင်သခင်ဂိုဏ်းမှလွဲ၍ အခြားမည်သူမျှ သူတို့၏ ချီထျန်းဓားဂိုဏ်းကို အပြစ်မပြုရဲချေ။ အကယ်၍ မည်သူမဆို သူတို့ကို အပြစ်ပြုလာပါက ထိုသူကို ချက်ချင်း သတ်ဖြတ်ပစ်မည် ဖြစ်သည်။
“ဒါက ဘယ်သူ့ မြင်းရထားလဲ... အခုချက်ချင်း ဖယ်ရှားလိုက်စမ်း... မဟုတ်ရင် ပြီးတော့မှ ဒီအဖိုးကြီးကို မယဉ်ကျေးဘူးလို့ အပြစ်မတင်နဲ့...”
မြေပြင်ပေါ်တွင် ထင်ထင်ရှားရှား ရပ်ထားသော မြင်းရထားနက်ကြီးကို မြင်လိုက်ရသည့်အခါ ချီထျန်းဓားဂိုဏ်း အကြီးအကဲက စိတ်တိုတိုဖြင့် အော်ဟစ်လိုက်သည်။
“ဟင်...”
မြင်းနက်ကြီးမှာ ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး ဤလူသားငယ်လေး၏ စကားများကို မြည်းစမ်းနေသည့်အလား မျက်တောင် အကြိမ်အနည်းငယ် ခတ်လိုက်သည်။
ကြောင်နက်ကြီးသည်လည်း ထရပ်လိုက်ပြီး သူ၏ ပျင်းရိနေသော အမူအရာများမှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။
“ဦးလေးမြင်း... ကျွန်တော် သူတို့ကို ရှင်းလိုက်ရမလား...”
ကြောင်နက်ကြီးက တိုက်ခိုက်ရန် အသင့်ပြင်ထားပြီး စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည်။ သူသည် ယခုအခါ ကံကြမ္မာနယ်ပယ် အဆင့် ၃ ရှိသော မိစ္ဆာကြီးတစ်ကောင် ဖြစ်ရာ ပြန်လည်မွေးဖွားခြင်းနယ်ပယ် ကျင့်ကြံသူ နှစ်ဦးကို ကိုင်တွယ်ရန်မှာ သူ့အတွက် ကလေးကစားစရာမျှသာ ဖြစ်သည်။
မြင်းနက်ကြီးက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ အခြားသော အဖွဲ့များစွာမှာလည်း လျင်မြန်စွာ ချဉ်းကပ်လာနေသည်ကို သတိပြုမိသည်။ ထို့နောက် သူက သွားများကို ဖြဲပြလျက် ပြုံးလိုက်၏။
“မြန်မြန်လုပ်...”
“ကောင်းပါပြီ...”
ဦးလေးမြင်း၏ ခွင့်ပြုချက်ရသည်နှင့် တစ်ပြိုင်နက် ကြောင်နက်ကြီးသည် "ရှုး" ခနဲ မြည်သံနှင့်အတူ အနက်ရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ဟင်းလင်းပြင်သို့ ပျံတက်သွားတော့သည်။ တောင်တစ်လုံးကဲ့သို့ ဧရာမ အနက်ရောင် အရိပ်ကြီးတစ်ခုမှာ ရွှေရောင်ဝိညာဉ်သင်္ဘောပေါ်သို့ တစ်ခဏချင်းအတွင်း လွှမ်းမိုးသွားလေသည်။
“ဒါက အမြီးကိုးချောင်းဝိညာဉ်ကြောင်ပဲ...”
“ကံကြမ္မာနယ်ပယ် အဆင့် ၃ မိစ္ဆာကြီးပါလား...”
ရွှေရောင်ဝိညာဉ်သင်္ဘောပေါ်တွင် တုယွီနှင့် ဂိုဏ်းအကြီးအကဲတို့မှာ ဤဧရာမ အရိပ်ကြီးကို မြင်လိုက်ရသည့်အခါ မျက်နှာများမှာ ချက်ချင်းပင် လူသေကဲ့သို့ ဖြူလျော်သွားပြီး လေထဲရှိ သစ်ရွက်များအလား တုန်ရင်နေကြတော့သည်။
"ဝေါ..."
ကြောင်နက်ကြီးက သူ၏ လက်သည်းကို ဆန့်ထုတ်ကာ ဟင်းလင်းပြင်မှ အောက်သို့ ရိုက်ချလိုက်သည်။ လေထုကြီးမှာ တုန်ခါသွားပြီး ကြောင်နက်ကြီး၏ ဧရာမ လက်သည်းအောက်တွင် တုယွီနှင့် အကြီးအကဲတို့မှာ နေရာမှာပင် အေးခဲသွားကြကာ လက်ဖျားတစ်ချက်မျှ မလှုပ်ရှားနိုင်တော့ချေ။
"ဗြုန်း..."
ပျို့အန်ချင်စဖွယ် အသံနှင့်အတူ ထိုလူနှစ်ဦးမှာ သွေးမြူများအဖြစ်သို့ ပေါက်ကွဲသွားကြတော့သည်။
"ဝေါ..."
ကြောင်နက်ကြီးက သူ၏ သွေးစွန်းနေသော ဧရာမ ပါးစပ်ကြီးကို ဖွင့်ကာ အသာအယာ စုပ်ယူလိုက်သည့်အခါ ထိုသွေးမြူ နှစ်ခုလုံးမှာ သူ၏ ပါးစပ်အတွင်းသို့ ဝင်ရောက်သွားတော့သည်။
သူက နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး ရယ်မောလိုက်၏။
“တကယ့်ကို ရွံစရာကောင်းလိုက်တာ...”
ကောင်းကင်ယံတွင် တောင်တစ်လုံးခန့် ရှိသော ကံကြမ္မာနယ်ပယ် မိစ္ဆာကြီးက ဤမျှအထိ ရက်စက်စွာ ပြုမူနေသည်ကို မြင်လိုက်ရသည့်အခါ မီးလျှံနီဓားဂိုဏ်းမှ ဂိုဏ်းချုပ်နှင့် အဆင့်မြင့်အကြီးအကဲတို့မှာ အလွန်အမင်း ထိတ်လန့်သွားကြသဖြင့် နေရာမှာတင် မေ့လဲသွားကြတော့သည်။
အခန်း ၁၃၅ ပြီးပါပြီ။