အခန်း (၅၈၃-၅၈၅)
Vol. 39 Ch. 583-585
အပိုင်း ၅၈၃ : သူ့အကြွေးကို ငါဆပ်ပေးမယ်
ယဲ့ချန်းမှာ ကိစ္စအချို့ကို လုပ်ဆောင်ပြီးနောက် မိုတုစီးပွားရေးတက္ကသိုလ်အပေါက်ဝသို့ ရောက်လာခဲ့သည်။
အပေါက်ဝတွင် ရပ်နေသော ရှဲ့ယင်းယင်းကို မြင်လိုက်ရသည်။ သူ(မ)၏ပုံစံမှာ စိုးရိမ်ပူပန်နေပြီး တစ်ခုခုမူမမှန်ချေ။
ယဲ့ချန်းလည်း ကားကို ထိုးရပ်လိုက်သည်။
"ယင်းယင်း... ဘာဖြစ်လို့လဲ"
ယဲ့ချန်းကို မြင်လိုက်ရသောအခါ ရှဲ့ယင်းယင်း ခဏမျှ ကြောင်အသွားသည်။
ယဲ့ချန်း၏ အကြည့်က မလှမ်းမကမ်းရှိ လူသန်ကြီးများထံသို့ ရောက်သွားသည်။
ထိုလူများက ရှဲ့ယင်းယင်းကို မကောင်းသော ရည်ရွယ်ချက်များဖြင့် စိုက်ကြည့်နေကြသည်။
ယဲ့ချန်းလည်း မျက်မှောင်ကြုတ်၍ ပြောလိုက်၏။
"ကားပေါ်အရင်တက်"
"မတက်တော့တာပဲ ကောင်းမယ်။ အစ်ကိုယဲ့အတွက် ပြဿနာဖြစ်လာမှာစိုးလို့"
ယဲ့ချန်းကမူ မျက်မှောင်ကြုတ်ပြီး ပြောလိုက်ပြန်သည်။
"ကားပေါ်တက်လို့ပြောနေတယ်လေ။ စကားနားထောင်စမ်းပါ"
ထိုအခါမှသာ ရှဲ့ယင်းယင်းက ကားပေါ်တက်လာပြီး ခရီးသည်ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
"ဘာတွေဖြစ်နေတာလဲ"
ယဲ့ချန်းက ကားစက်နှိုးရင်း မေးလိုက်သည်။
"ကျွန်မ..."
ရှဲ့ယင်းယင်း စကားပြောရန် ပြင်လိုက်ချိန်မှာပင် ထိုလူသန်ကြီးများက သူတို့ကို ဝိုင်းလာကြသည်။
ထိုလူများကို မြင်သောအခါ ရှဲ့ယင်းယင်း၏ မျက်နှာကား ချက်ချင်းဆိုသလို အရောင်ပြောင်းသွားတော့သည်။
ယဲ့ချန်းကမူ တည်ငြိမ်စွာပြုံး၍ ပြောလိုက်သည်။
"မကြောက်နဲ့.. ကိုယ်ရှိတယ်"
ထို့နောက် ယဲ့ချန်းက ကားပေါ်က ဆင်းသွားလေသည်။
"ကောင်လေး.. မင်းက သူများကိစ္စကို ဝင်ပါချင်နေတာလား"
ထိုလူများထဲမှ တစ်ယောက်က မှုန်ကုပ်ကုပ်မျက်နှာပေးဖြင့် ပြောလိုက်သည်။
ယဲ့ချန်းက ခပ်ပေါ့ပေါ့ ပြောလိုက်လေသည်။
"သူက ငါ့သူငယ်ချင်းပဲ။ ကိစ္စရှိရင် ငါ့ကိုပြော"
"အဲဒီကောင်မလေးက ငါတို့ကို ယွမ်ငါးသောင်း အကြွေးဆပ်စရာရှိတယ်"
ယဲ့ချန်းလည်း ရှဲ့ယင်းယင်းကို ကြည့်၍ မေးလိုက်သည်။
"သူပြောတာ ဟုတ်လား"
ရှဲ့ယင်းယင်းကလည်း ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆို သူ့ကိုယ်စား ငါဆပ်ပေးမယ်"
ထိုသို့ပြောရင်း ယဲ့ချန်းက ဖုန်းထုတ်လိုက်၏။
"အကောင့်နံပါတ်ပေး"
ထိုလူမှာ ခဏမျှ ကြောင်အသွားသည်။ ယဲ့ချန်းက ဤမျှရက်ရောလိမ့်မည်ဟု မထင်ထားပေ။
ယဲ့ချန်းလည်း ငွေလွှဲပေးလိုက်ပြီး အေးစက်ခက်ထန်စွာ ပြောလိုက်သည်။
"ကဲ.. အကြွေးကျေသွားပြီနော်။ နောက်နောင် သူ့ကို လာမနှောင့်ယှက်နဲ့တော့"
ထိုလူက ဆို၏။
"ဒါကတော့ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ မင်းကို ငါ သတိပေးလိုက်မယ်။ ငါတို့က ပြဿနာမရှာတော့ဘူးဆိုပေမဲ့ တခြားလူတွေက ပြဿနာမရှာဘူးလို့တော့ မဆိုလိုဘူးနော်။ ဒီကောင်မလေးက ပစ်မှတ်ထားခံနေရတာ။ အဲဒါကြောင့် မင်းကိုယ်မင်း ဒုက္ခမရောက်ရအောင် သတိထားပြီး သူ့အနားကရှောင်နေဖို့ ငါ အကြံပေးချင်တယ်"
ယဲ့ချန်းက ခဏရပ်တန့်လိုက်သည်။
"မင်းက ငါ့ကို ဘာလို့ ဒါတွေလာပြောနေတာလဲ"
ထိုလူက နှာခေါင်းရှုံ့လိုက်လေသည်။
"ငါက လူတွေရဲ့ပြဿနာကို ဖြေရှင်းပေးဖို့ ငါ့အလုပ်ကိုငါ လုပ်နေတာ။ ဒါပေမဲ့ ဒီကောင်မလေးကိုတော့ ငါ သနားတယ်။ ပြီးတော့ အကြွေးလည်း ကျေသွားပြီဆိုတော့ ကျန်တာတွေက ညှိနှိုင်းလို့ရပါတယ်"
ထိုသို့ပြောပြီးနောက် ထိုလူက သူ့ဘတပည့်များကို လက်ယမ်းပြလိုက်သည်။
"သွားကြစို့"
ယဲ့ချန်းမှာမူ ထိုလူ၏ကျောပြင်ကို ကြည့်၍ ခဏမျှ တုံ့ဆိုင်းနေခဲ့သည်။
ဒီလူက တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ။
သို့သော် ယဲ့ချန်းကတော့ ထိုလူ၏ သတိပေးချက်ကို ဂရုမစိုက်ပေ။
သူက ပြဿနာကို ကြောက်တတ်လို့လား။ ဟာသပဲ။
ယဲ့ချန်း ကားပေါ်ပြန်တက်လာပြီးနောက် စကားစလိုက်သည်။
"မင်းရဲ့အကြွေးကို ကိုယ်ဆပ်ပေးလိုက်ပြီ။ ဘာလို့ အကြွေးတွေ အများကြီးတင်နေရတာလဲ"
ရှဲ့ယင်းယင်းက ဝမ်းနည်းပက်လက်ဖြင့် ဆိုချေသည်။
"အမေ နေမကောင်းဖြစ်နေလို့ ဆေးဖိုးအတွက် ပိုက်ဆံချေးခဲ့ရတာပါ"
"သြော်.. ဒီလိုကိုး"
ရှဲ့ယင်းယင်းက ကျေးဇူးတင်စကားဆိုပေသည်။
"တကယ်ကျေးဇူးတင်ပါတယ်။ စိတ်မပူပါနဲ့နော်။ ကျွန်မ သေချာပေါက် ပြန်ဆပ်ပါ့မယ်"
ယဲ့ချန်းမှာ ရှဲ့ယင်းယင်း၏ မျက်လုံးထဲရှိ မျက်ရည်စများကို မြင်လိုက်ရသည်။
ထို့ကြောင့် ကူကယ်ရာမဲ့စွာ ပြောလိုက်လေသည်။
"ကောင်းပြီလေ။ မင်းအမေကို သွားတွေ့ရအောင် ကိုယ် လိုက်ခဲ့မယ်"
အမေအကြောင်း ပြောလိုက်သောအခါ ရှဲ့ယင်းယင်း၏ မျက်နှာကား အနည်းငယ် ညှိုးနွမ်းသွားသည်။
ယဲ့ချန်း မျက်မှောင်အနည်းငယ် ကြုတ်မိသည်။
ထိုလူပြောခဲ့သော စကားများ၏ အဓိပ္ပာယ်ကို သူ သဘောပေါက်လိုက်လေပြီ။
တစ်စုံတစ်ယောက်က ရှဲ့ယင်းယင်းအမေ၏ ရောဂါနှင့် ငွေလိုနေသည့်အဖြစ်ကို အခွင့်ကောင်းယူ၍ အတိုးကြီးသော ချေးငွေကို ယူရန် သူ(မ)ကို ဖိအားပေးခဲ့ခြင်းပင် ဖြစ်ရမည်။
ရှဲ့ယင်းယင်းနှင့် ယဲ့ချန်းတို့၏ ဆက်ဆံရေးက အလွန်ကောင်းမွန်ပေသည်။
ဂျူနီယာတစ်ယောက်အနေနှင့် သူ(မ)က သူ့ထံသို့ ကျောင်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို မကြာခဏ ပို့ပေးလေ့ရှိပြီး သူကလည်း ဤကောင်မလေးကို သံယောဇဉ်နည်းနည်းရှိသည်။
ထို့ကြောင့် ရှဲ့ယင်းယင်းကို ကူညီရန်အတွက် သူ(မ)၏မိခင်ကို သေချာစောင့်ရှောက်ပေးရန် လိုအပ်ကြောင်း ယဲ့ချန်း သိသည်။
ယဲ့ချန်း ဆေးရုံသို့ မောင်းသွားလိုက်သည်။
လူနာခန်းထဲရှိ ရှဲ့ယင်းယင်း၏အမေကို မြင်သောအခါ ရှဲ့ယင်းယင်း ဘာကြောင့် အတိုးကြီးသော ချေးငွေကို ယူခဲ့ရသလဲဆိုသည်ကို ယဲ့ချန်း နားလည်သွားသည်။
ရှဲ့ယင်းယင်းက ချောမောလှပသော်လည်း သူ(မ)မိသားစု၏ ငွေကြေးအခြေအနေမှာမူ ဆင်းရဲနွမ်းပါးလှသည်။
သူ(မ)၏ဖခင်မှာ လောင်းကစားကို အလွန်ဝါသနာပါသဖြင့် မိသားစု၏ ပိုင်ဆိုင်မှုအားလုံး ဆုံးရှုံးခဲ့ရသည်။
နောက်ပိုင်းတွင် သူ(မ)၏အမေက အဖေဖြစ်သူနှင့် ကွာရှင်းပြီး သူ(မ)ကိုခေါ်၍ ဘဝသစ်ကို စတင်ခဲ့သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က သူ(မ)၏မိခင်မှာ စက်ရုံတွင် အလုပ်လုပ်နေစဉ် ထိခိုက်ဒဏ်ရာရသဖြင့် ဆေးရုံတင်ထားရပြီး ယခုတိုင် သတိမရသေးပေ။
သူ(မ)၏အမေကို ဆေးဝါးကုသရန်အတွက် ရှဲ့ယင်းယင်းမှာ အတိုးကြီးသော ချေးငွေ
ကို ယူရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိခဲ့ပေ။
"ယင်းယင်း.. ဒီနေ့သာ မင်းအမေရဲ့ ဆေးဖိုးတွေကို မရှင်းရင် သူ ဆေးရုံမှာ ဆက်နေလို့ရမှာ မဟုတ်တော့ဘူး"
ဆရာဝန်၏ စကားကို ကြားသောအခါ ရှဲ့ယင်းယင်း၏ မျက်နှာမှာ ဖြူရော်သွားတော့သည်။
သူ(မ)၏မိခင်သာ ယခု ဆေးရုံဆင်းရမည်ဆိုလျှင် သေမည့်ရက်ကို ထိုင်စောင့်နေရသလို ဖြစ်သွားပေလိမ့်မည်။
"ကျွန်မ..."
ရှဲ့ယင်းယင်းခမျာ ပို၍ပင် သောကများသွားချေသည်။
သူ(မ)က သာမန်ကောလိပ်ကျောင်းသူတစ်ယောက်သာ။ သူ(မ)မိခင်၏ ရောဂါကြောင့်ပင် ယွမ်သုံးသောင်း အကြွေးတင်ပြီးပြီဖြစ်၏။ ဤကွက်လပ်ကို ဖြည့်ဆည်းရန် သူ(မ) ဘာကိုများ အသုံးချနိုင်မည်နည်း။
ယဲ့ချန်းက နံဘေးမှ တည်ငြိမ်စွာ ဆိုလိုက်သည်။
"ဒေါက်တာ.. ရှဲ့ယင်းယင်းအမေရဲ့ ဆေးရုံစရိတ်ကို ကျွန်တော် ပေးပါ့မယ်။ ပြီးတော့ ဒီအခန်းက အရမ်းရိုးလွန်းတယ်။ ဒီမှာ ဗီအိုင်ပီအခန်းတွေ ရှိတယ်မလား"
ဆရာဝန်ခမျာ ခဏမျှ ကြောင်အမ်းသွားပြီးနောက် အမြန်ခေါင်းညိတ်ပြလေသည်။
"ရှိတာပေါ့"
"ယဲ့ချန်း"
ရှဲ့ယင်းယင်းလည်း အံ့ဩမှင်တက်သွားသည်။
မည်သို့ပင်ဆိုစေကာမူ သူ(မ)နှင့် ယဲ့ချန်းက အသိမိတ်ဆွေများသာ။ ယဲ့ချန်းက သူ(မ)၏ အကြွေးကိုဆပ်ရန် ယွမ်ငါးသောင်း အကုန်အကျခံပေးခဲ့ပြီးလေပြီ။ ယခုလည်း သူ(မ)၏ ဆေးရုံစရိတ်များကိုပါ ထပ်ပေးပြန်ဦးမည်။
ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်၏။
"မင်းက အန်တီ့နားမှာ နေခဲ့ပါ။ ကိုယ် သွားရှင်းလိုက်မယ်"
"ယဲ့ချန်း.. ကျေးဇူးတင်ပါတယ်"
ရှဲ့ယင်းယင်း၏ မျက်လုံးထဲတွင် မျက်ရည်များ ပြည့်လျှံနေသည်။
ကျောင်းပြီးပါက ယဲ့ချန်းကို အကြွေးပြန်ဆပ်ရန် သေချာပေါက် ငွေရှာမည်ဟု သူ(မ) ဆုံးဖြတ်ချက်ချထားလိုက်သည်။
ထိုအချိန်တွင် မိုတုမြို့ရှိ ကလပ်တစ်ခု၌။
ရှဲ့ယင်းယင်းကို လမ်းပိတ်တားခဲ့သော အမျိုးသားမှာ လူငယ်တစ်ယောက်နှင့်အတူ အရက်သောက်နေသည်။
"ဘာ? ရှဲ့ယင်းယင်းက အကြွေးတွေအကုန်ဆပ်သွားတယ် ဟုတ်လား"
နိုင်ငံတကာ အဆင့်မြင့်အမှတ်တံဆိပ်များကို ဝတ်ဆင်ထားသော လူငယ်က အေးစက်ခက်ထန်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ဟုတ်ပါတယ် သခင်လေးထန်... တက္ကစီမောင်းတဲ့ ကောင်လေးတစ်ယောက်က သူ့ကိုယ်စား ဆပ်ပေးသွားတာပါ"
"တက္ကစီဒရိုင်ဘာလား"
ထန်ယွမ်၏ မျက်လုံးများ အေးစက်မာကျောသွားသည်။
"မင်း ငါ့ကိုပေးထားတဲ့ ကတိကရော ဘယ်လိုလုပ်မလဲ"
ထန်ယွမ်က မေးလိုက်သည်။
"ကောင်မလေးက သူ့အကြွေးတွေကို ဆပ်သွားပြီလေ။ အဲဒါကို ကျွန်တော်က ဘယ်လိုလုပ်ပြီး သူ ဒုက္ခရောက်အောင် ဆက်လုပ်လို့ရတော့မှာလဲ"
ထိုလူက ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။
ထိုလူ၏စကားကို ကြားသောအခါ ထန်ယွမ် အနည်းငယ် မျက်နှာပျက်သွားသည်။
ထန်ယွမ် မျက်မှောင်ကြုတ်လိုက်မိသော်လည်း ဘာမှမပြောသာတော့ပေ။
သူ့မိသားစုက ချမ်းသာသော်လည်း ထိုလူမိုက်များကို ယှဉ်နိုင်စွမ်း မရှိသေးပေ။
သို့သော် ထန်ယွမ်ကမူ အလွယ်တကူ လက်လျှော့ရန် ဆန္ဒမရှိပေ။
ထန်ယွမ် မျက်စိကျထားသော အမျိုးသမီးကို ဤမျှလွယ်လွယ်နှင့် လက်မလျှော့နိုင်ပေ။
သူ့အမြင်တွင် ဤလောက၌ ငွေဖြင့်ဖြေရှင်း၍မရနိုင်သော အရာဟူ၍ မရှိပေ။
ထန်ယွမ်လည်း အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ ရှဲ့ယင်းယင်းကို ကူညီပေးသူကလည်း သူ(မ)၏ အလှအပကို လိုချင်တပ်မက်နေသည်ဟုသာ သူ ယူဆထားသည်။
သူ့ဘက်က ငွေလုံလုံလောက်လောက် ပေးနိုင်သရွေ့ ထိုလူက ရှဲ့ယင်းယင်းကို သူ့ထံသို့ သေချာပေါက် လက်လွှဲပေးလိမ့်မည်။
ထို့ပြင် သူ(မ)ကို ကူညီသူက တက္ကစီဒရိုင်ဘာတစ်ယောက်မဟုတ်လော။
သူ့အမြင်တွင်မူ အဆင့်နိမ့်တစ်ယောက်သာ ဖြစ်၏။
ဤကဲ့သို့သော လူတစ်ယောက်က မိန်းမတစ်ယောက်ကို သူနှင့် ပြိုင်လုနိုင်မည်လော။
သူ့ကားက ယွမ်ဆယ်သန်းကျော်တန်သော ဇိမ်ခံကားပင်။ ယဲ့ချန်းက သူ့ကို မည်သို့ယှဉ်နိုင်မည်နည်း။
ယဲ့ချန်း ငွေရှင်းပြီးနောက် ရှဲ့ယင်းယင်း၏ အမေ့ကို ဗီအိုင်ပီအခန်းသို့ ရွှေ့ပြောင်းနေရာချလိုက်၏။
ယခုမူ ယဲ့ချန်းသည် သူ(မ)၏ အကြွေးအားလုံးကို ဆပ်ပေးရုံသာမက ရှဲ့ယင်းယင်းအတွက် ငွေပမာဏအမြောက်အများကိုပါ ပေးချေခဲ့သည်။
အရာအားလုံး ပြီးစီးသွားသည့်အခါ ယဲ့ချန်းက ရှဲ့ယင်းယင်းကို ပြောလိုက်၏။
"ကဲ.. အန်တီ့ကို အနားယူခိုင်းလိုက်ဦး။ ငါတို့ ပြန်ကြစို့။ မင်း ဒီည အတန်းရှိတယ် မဟုတ်လား။ စိတ်မပူပါနဲ့။ အကောင်းဆုံး လူနာစောင့်ကို ငှားပေးထားတာမို့ မင်း ဘာမှ ပူစရာမလိုတော့ပါဘူး"
ရှဲ့ယင်းယင်းလည်း ခေါင်းညိတ်ပြလိုက်သည်။
ယခုအချိန်တွင် ယဲ့ချန်းသည် သူတို့မိသားစုတစ်ခုလုံး၏ ကယ်တင်ရှင်ဖြစ်ပြီး သူ(မ)၏ ကိုယ်စောင့်နတ်လည်း ဖြစ်လာချေပြီ။
ယဲ့ချန်းက ရှဲ့ယင်းယင်းကို ကျောင်းသို့ ကားဖြင့် ပြန်ပို့ပေးခဲ့သည်။
ရှဲ့ယင်းယင်း ကျောင်းထဲသို့ ဝင်သွားပြီးနောက် ယဲ့ချန်းလည်း ပြန်သွားရန် ပြင်လိုက်စဉ် သူ့ကားဘေးတွင် လန်းရိုဗာကားတစ်စီး ထိုးရပ်လိုက်သည်။
မာနထောင်လွှားနေသော လူငယ်တစ်ယောက်က ယဲ့ချန်း၏ကားဆီသို့ လျှောက်လာချေသည်။
ယဲ့ချန်းကမူ သူ့ကို တစ်ချက်ကြည့်ပြီး အမှုမထားဟန်ဖြင့် မေးလိုက်သည်။
"ဘာကိစ္စရှိလို့လဲ"
•••••••••••••••••••••••
အပိုင်း ၅၈၄ : လူဆိုတာ နှိမ့်ချတတ်ဖို့ လိုသေးတယ်
ယဲ့ချန်းမှာ တစ်ဖက်လူကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်းရိပ်မိလိုက်သည်။
သူသည် ရှဲ့ယင်းယင်းကို စိတ်ဝင်စားနေသည့် နောက်ကွယ်မှ ကြိုးကိုင်သူပင် ဖြစ်ရမည်။
ထန်ယွမ်က မာနထောင်လွှားနေပြီး မျက်နှာထက်တွင်လည်း ဘဝင်မြင့်လေဟန် အပြည့်ပင်။
သူသည် ယဲ့ချန်းကို ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်လိုက်ပြီးနောက် အလွန် မကျေမနပ်ဖြစ်သွားသည်။
အဓိကအချက်မှာ ယဲ့ချန်းက အလွန်ချောမောလွန်းနေပေသည်။ သူ့ထက်ပင် သာနေသောကြောင့်ပင်။
သို့သော် ကံကောင်းထောက်မစွာဖြင့် သူ့တွင် ငွေရှိသည်။
ငွေရှိသရွေ့ အရာအားလုံးကို ညှိနှိုင်း၍ရသည်ဟု သူယူဆထားသည်။
ထန်ယွမ်မှာ ယဲ့ချန်းကို အထင်သေးလေဟန် အကြည့်ဖြင့်ကြည့်ပြီး ဘောပင်နှင့် ချက်လက်မှတ်တစ်ခုကို ထုတ်လိုက်သည်။
ရှပ်.. ရှပ်.. ရှပ်..
သူသည် ယွမ်တစ်သန်းတန် ချက်လက်မှတ်ကို လက်မှတ်ထိုးပြီးနောက် ယဲ့ချန်းထံသို့ ကမ်းပေးလိုက်သည်။
"ဒီတစ်သန်းက မင်းနဲ့ ရှဲ့ယင်းယင်းရဲ့ လမ်းခွဲကြေးပဲ။ နောက်နောင် ရှဲ့ယင်းယင်းအနားကို မကပ်နဲ့တော့"
ယဲ့ချန်းခမျာ ထိုချက်လက်မှတ်ကို အကြောင်သားကြည့်နေမိသည်။
ထန်ယွမ်ကမူ ယဲ့ချန်း အံ့ဩမှင်တက်သွားသည်ဟု ထင်မှတ်သွားပြီး လှောင်ပြုံးပြုံးလိုက်သည်။
"သိပ်လည်း အံ့သြမနေပါနဲ့။ ငါ့အတွက်တော့ တစ်သန်းဆိုတာ သမုဒ္ဒရာထဲက ရေတစ်စက်စာပဲရှိတာ"
ယဲ့ချန်း၏ အမူအရာကို ကြည့်ရင်း ထန်ယွမ် အလွန်ကျေနပ်ပီတိဖြစ်နေချေသည်။
ဤသို့သော အရှုံးသမားတစ်ယောက်က ငွေတစ်သန်းကို တစ်ခါမှ မြင်ဖူးမည်မဟုတ်ချေ။
ယဲ့ချန်းက ထန်ယွမ်၏ တစ်သန်းတန် ချက်လက်မှတ်ကို တစ်ချက်ကြည့်ပြီး မရယ်ဘဲ မနေနိုင်တော့ချေ။
"ဒီလောက်ပိုက်ဆံအများကြီး မမြင်ဖူးဘူး မဟုတ်လား။ ယူလိုက်လေ"
ထန်ယွမ်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
"ထွက်သွားစမ်း"
အဆုံးတွင်မူ ယဲ့ချန်းက တုံ့ပြန်လိုက်သည်။
သူ့ရှေ့တွင် ငွေဖြင့်လာကြွားနေသော ဤလူမှာ ရူးနေခြင်းပင် ဖြစ်ရမည်။
ယဲ့ချန်း၏ စကားကို ကြားလိုက်ရသောအခါ ထန်ယွမ်၏ အမူအရာကား ချက်ချင်း ပြောင်းလဲသွားသည်။
"ချာတိတ်... အကောင်းပြောတုန်း နားထောင်စမ်းပါ"
ယဲ့ချန်းက ထန်ယွမ်ကို ငတုံးတစ်ယောက်အလား ကြည့်လိုက်၏။
"မင်းက ငါ့ကို လာခြိမ်းခြောက်နေတာလား"
ထန်ယွမ်က လှောင်ရယ်လိုက်၏။
"ချာတိတ်.. မင်းက တက္ကစီဒရိုင်ဘာတစ်ယောက်နော်။ ငါနဲ့ မိန်းမပြိုင်လုဖို့ ဘာအရည်အချင်းရှိလို့လဲ"
"ငတုံး"
ယဲ့ချန်းက ထန်ယွမ်ကို တစ်ချက်ကြည့်ပြီး ထွက်သွားရန် ပြင်လိုက်သည်။
ယဲ့ချန်းသည် ဤကဲ့သို့ ကြွားဝါတတ်သူများကို အကြိမ်ပေါင်းများစွာ တွေ့ဖူးသဖြင့် အဖက်လုပ်ရန်ပင် ပျင်းနေချေသည်။
ယဲ့ချန်းက သူ့ကို တကယ်အရေးမစိုက်ကြောင်း မြင်လိုက်ရသောအခါ ထန်ယွမ် လုံးဝမျက်နှာပျက်သွားသည်။
သူသည် သူ့အနောက်ရှိ သက်တော်စောင့်နှစ်ယောက်ကို အော်ပြောလိုက်သည်။
"သူ့ကို ဖမ်းထား။ ဒီကောင့်ကို မှတ်လောက်သားလောက်အောင် ပညာပေးလိုက်"
ထန်ယွမ်၏ထုံးစံမှာ ငွေဖြင့် အရင်လမ်းခင်းကြည့်ပြီးမှ တစ်ဖက်လူက မနာခံပါက အင်အားသုံး၍ ဖြေရှင်းလေ့ရှိသည်။
သူ့အနောက်ရှိ သက်တော်စောင့်နှစ်ယောက်က ယဲ့ချန်းထံသို့ ပြေးဝင်သွားကြသည်။
ယဲ့ချန်းလည်း ထိုသက်တော်စောင့်နှစ်ယောက်ကို ကြည့်လိုက်သည်။ သူ့အကြည့်ကား အနည်းငယ် အေးစက်သွားသည်။
ဘေးတွင်ရပ်နေသော ထန်ယွမ်၏ မျက်နှာထက်တွင် ယဲ့ချန်း ဒူးထောက်တောင်းပန်နေသည့် မြင်ကွင်းကို မြင်ယောင်နေသည့်အလား လှောင်ပြောင်လေဟန် အမူအရာတစ်ခု ပေါ်ပေါက်လာသည်။
သို့သော် ထန်ယွမ်၏ မျက်နှာပေါ်ရှိ အပြုံးများမှာ ချက်ချင်း ပျောက်ကွယ်သွားသည်။
ယဲ့ချန်းက သက်တော်စောင့်တစ်ယောက်၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည်။
ဂျွတ်...
အရိုးကျိုးသံနှင့်အတူ ထိုလူမိုက်၏ လက်ကောက်ဝတ်မှာ ယဲ့ချန်း၏ လက်ထဲတွင် ကျိုးသွားချေသည်။
အခြားတစ်ယောက်ကလည်း ယဲ့ချန်းအနားသို့ ချဉ်းကပ်လာစဉ် နံကြားကို အကန်ခံလိုက်ရပြီး လွင့်ထွက်သွားတော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သူဘသက်တော်စောင့်နှစ်ယောက်ခမျာ လမ်းဘေးခွေးများအလား မြေပြင်ပေါ်တွင် လူးလိမ့်အော်ဟစ်နေကြရသည်။
ယဲ့ချန်းမှာ သက်တော်စောင့်နှစ်ယောက်ကို နှိမ်နင်းပြီးနောက် ထန်ယွမ်ထံသို့ လျှောက်လာလေသည်။
ထန်ယွမ်ခမျာ ယဲ့ချန်း၏ မျက်လုံးထဲရှိ အေးစက်လှသော သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရသဖြင့် တစ်ကိုယ်လုံး တုန်ယင်ကာ အနောက်သို့ နှစ်လှမ်းခန့် ဆုတ်လိုက်သည်။
"မင်း.. မင်း ဘာလုပ်မလို့လဲ"
ယဲ့ချန်းက ထန်ယွမ်ကို အေးစက်ခက်ထန်စွာ စိုက်ကြည့်လိုက်၏။
"မင်း ဘယ်လိုထင်လဲ"
ထန်ယွမ် ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် ယဲ့ချန်း၏ လက်ဝါးချက်က သူ့မျက်နှာပေါ်သို့ ကျရောက်လာပြီး လက်သီးချက်၊ ခြေကန်ချက်များလည်း တရစပ် ကျရောက်လာချေသည်။
ထန်ယွမ်ခမျာ ဝက်ခေါင်းဖြစ်သွားသည့်တိုင်အောင် နှိပ်စက်ခံလိုက်ရသည်။
ယဲ့ချန်းက သူ့လက်နှစ်ဖက်ကို ခါယမ်းပြီး ထန်ယွမ်ကို အေးစက်စွာ ပြောလိုက်သည်။
"ချာတိတ်.. မင်း ငါ့ကိုလာမဆွတာ အကောင်းဆုံးပဲ။ မဟုတ်ရင်တော့ နောက်ဆက်တွဲက ဒါပဲရမယ်"
ထို့နောက် ယဲ့ချန်းသည် တစ်ဖက်လှည့်၍ သူ့တက္ကစီပေါ်သို့ တက်၍ မောင်းထွက်သွားလေသည်။
ထန်ယွမ်လည်း မတ်တတ်ထရပ်ရန် ကြိုးစားလိုက်သော်ငြား ပြင်းထန်လှသော နာကျင်မှုတစ်ခုကို ရုတ်ခြည်းခံစားလိုက်ရပြီး သတိလစ်သွားတော့သည်။
ထန်ယွမ် ဆေးရုံတွင် ပြန်သတိရလာသောအခါ လူနာခုတင်ပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။
သူ့တစ်ကိုယ်လုံးတွင် ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေပြီး အနည်းငယ်လှုပ်ရှားလိုက်တိုင်း မခံမရပ်နိုင်အောင် နာကျင်ရသည်။
"ယဲ့ချန်း... ငါ သေချာပေါက် လက်စားချေမယ်"
ထန်ယွမ်က အံတင်းတင်းကြိတ်၍ ကြုံးဝါးလိုက်သည်။
ထို့နောက် ဖုန်းကိုကောက်ကိုင်၍ သူ့အဖေကို ဖုန်းဆက်လိုက်သည်။
ဖုန်းဝင်သွားသည်နှင့် ထန်ယွမ်က ငိုယိုလေတော့သည်။
"အဖေ... ကျွန်တော် အနိုင်ကျင့်ခံရတယ်။ အဖေ ကျွန်တော့်အတွက် လက်စားချေပေးရမယ်နော်"
ဖုန်းတစ်ဖက်မှ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။
"ဘယ်သူက ငါ့သားကို အနိုင်ကျင့်ရဲတာလဲ"
"သူ့နာမည်က ယဲ့ချန်းပါ"
ထန်ယွမ်လည်း ရှိုက်ကြီးတငင် ပြောလိုက်သည်။
"ယဲ့ချန်းတဲ့လား။ သေစမ်း။ မင်း မစ္စတာယဲ့ကို သွားစော်ကားမိတာလား။ မင်း သေချင်နေပြီပဲ။ အခုချက်ချင်း မစ္စတာယဲ့ကို သွားတောင်းပန်လိုက်စမ်း"
ထိုအချိန်တွင် ယဲ့ချန်းကမူ ကျောင်းအနီးရှိ စားသောက်ဆိုင်လေးတစ်ဆိုင်တွင် ရှဲ့ယင်းယင်းနှင့်အတူ စားသောက်နေသည်။
"ယင်းယင်း.. ဒီလောက်အထိ ယဉ်ကျေးနေစရာ မလိုပါဘူး"
ရှဲ့ယင်းယင်းက ရှက်သွေးဖြာလျက် ပြောလိုက်လေသည်။
"အစ်ကိုယဲ့ချန်းကြောင့်သာမဟုတ်ရင် ကျွန်မ တကယ် ဘာလုပ်ရမှန်းသိမှာ မဟုတ်ဘူး"
ယဲ့ချန်းကတော့ ပြုံးရုံသာပြုံးသည်။
"ကိုယ်တို့က မိတ်ဆွေတွေပဲလေ။ ဟုတ်တယ်မလား"
ထိုစဉ် အပြင်ဘက်မှ ပတ်တီးစည်းထားသော လူတစ်ယောက်က ဝှီးချဲဖြင့် ရုတ်တရက် ဝင်ချလာသည်။
ထိုလူမှာ မည်သူဖြစ်ကြောင်း မြင်လိုက်ရသောအခါ ရှဲ့ယင်းယင်း မျက်နှာပျက်သွားသည်။
သို့သော် ထန်ယွမ်၏ လက်ရှိအခြေအနေကို မြင်လိုက်ရချိန်ဝယ် ရှဲ့ယင်းယင်း အနည်းငယ် သိချင်စိတ်ပြင်းပြသွားသည်။
ဒီလူက တစ်ရက်အတွင်း ဘာလို့ ဒီလောက်တောင် သနားစရာကောင်းသွားရတာလဲ။
ယဲ့ချန်းကို မြင်သည်နှင့် ထန်ယွမ်လည်း ဒူးထောက်ချလိုက်လေသည်။
"မစ္စတာယဲ့.. ကျွန်တော် မှားသွားပါတယ်။ ကျွန်တော့်မှာ မျက်လုံးရှိပေမဲ့ မျက်စိလျှမ်းသွားခဲ့တယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
ယဲ့ချန်းမှာမူ ဤလူ့ကိုကြည့်ပြီး ဘာပြောရမှန်းပင် မသိတော့ချေ။
သူ လက်ကာပြလိုက်လေသည်။
"ကောင်းပြီ.. ငါ နားလည်ပြီ။ ဒါက မင်းအတွက် သင်ခန်းစာပဲ။ နောက်နောင် မင်း ရှဲ့ယင်းယင်းကို ထပ်နှောင့်ယှက်ရဲရင်တော့ ငါ့ကို အဆိုးမဆိုနဲ့"
"ဟုတ်ကဲ့.. ဟုတ်ကဲ့ပါ"
ထန်ယွမ်လည်း ယခုမှသာ သက်ပြင်းချလိုက်မိတော့သည်။
သူ့အဖေက နောက်ဆုံးသတိပေးချက် ထုတ်ထားသည်။ အကယ်၍ ယဲ့ချန်းကသာ သူ့ကို ခွင့်မလွှတ်ပါက သားအဖအဖြစ်မှ အဆက်အသွယ်ဖြတ်တောက်မည်ဟု ဆိုထားသည်။
ယဲ့ချန်းက ဤမျှအထိ သြဇာအာဏာကြီးမားလိမ့်မည်ဟု ထန်ယွမ် အိပ်မက်ပင် မမက်ဖူးချေ။ သူ့ဖခင်ပင် ယဲ့ချန်းကို ကြောက်နေရသည် မဟုတ်ပါလော။
သူသည် ဤမျှအင်အားကြီးသော ပုဂ္ဂိုလ်ကို စော်ကားမိသည်မှာ စင်စစ် မျက်စိကန်းနေခဲ့ခြင်းပင်။
ထန်ယွမ် ထွက်သွားပြီးနောက် ရှဲ့ယင်းယင်းလည်း တအံ့တသြရေရွတ်လိုက်သည်။
"ရှင် သူ့ကို ဒီလိုဖြစ်အောင် လုပ်လိုက်တာလား"
"အင်း.. သူက မင်းဆီကထွက်သွားဖို့ ကိုယ်ကို ယွမ်တစ်သန်းလာပေးတယ်လေ။ ကိုယ်က ငြင်းလိုက်တော့ သူက အင်အားသုံးဖို့ ကြိုးစားတော့တာပဲ။ ဒါပေမဲ့ သူ ကိုယ့်ကို မယှဉ်နိုင်ပါဘူး"
ယဲ့ချန်းက ခပ်ပေါ့ပေါ့ပင် ပြောလိုက်သော်လည်း ရှဲ့ယင်းယင်း၏ နှလုံးသားထဲဝယ် နွေးထွေးသွားရသည်။
"ရှင်က အရမ်းသဘောထားကောင်းတာပဲ"
ရှဲ့ယင်းယင်း၏မျက်နှာလေး အနည်းငယ် နီမြန်းသွားသည်။
ယဲ့ချန်းကတော့ ခပ်ဖွဖွပြုံးပြလိုက်သည်။
"ဒါက ဘာမှကြီးကြီးမားမားမဟုတ်ပါဘူး။ ကိုယ်လုပ်သင့်တာကို လုပ်တာပါ"
ထမင်းစားပြီးနောက် သူတို့နှစ်ယောက်သား စားသောက်ဆိုင်ထဲမှ ထွက်လာကြသည်။ ထိုစဉ် မလှမ်းမကမ်းတွင် လူအုပ်ကြီး စုဝေးနေသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။
ယဲ့ချန်းနှင့် ရှဲ့ယင်းယင်းတို့လည်း ထိုနေရာသို့ လျှောက်သွားကြသည်။
ထိုနေရာတွင် ညစ်ပတ်ပေရေနေသော နိုင်ငံခြားသားတစ်ယောက် တောင်းရမ်းနေသည်ကို တွေ့လိုက်ရ၏။
ထိုလူ့ကို မြင်လိုက်ရသောအခါ ယဲ့ချန်း အံ့အားသင့်သွားရသည်။ ထိုလူမှာ အကြွားဘုရင် ရော်ဘင်မဟုတ်ပါလော။ သူက ဘယ်လိုဖြစ်ပြီး ဤအခြေအနေအထိ ရောက်သွားရလေသလဲ။
အလုပ်ထုတ်ခံရပြီးနောက် ရော်ဘင်သည် ဆေးရုံစရိတ်များမှာ အလွန်များပြားလွန်းကြောင်း သိလိုက်ရသည်။ ဆေးရုံဆင်းခ ပေးရန်အတွက်ပင် သူစုဆောင်းထားသမျှ ငွေအားလုံးနီးပါး ထုတ်သုံးလိုက်ရသည်။
ကုမ္ပဏီက ပေးထားသော ခံစားခွင့်များ၊ ဇိမ်ခံကားများနှင့် ရုံးခန်းများအားလုံးလည်း မရှိတော့ပေ။
ဆေးရုံဆင်းပြီးနောက် သူ့အိတ်ကပ်ထဲတွင် ဘာမှမကျန်တော့သဖြင့် အစားအသောက်အတွက်ပင် အခက်အခဲ ဖြစ်နေချေသည်။
သူ့နိုင်ငံသို့ ပြန်ရန် လေယာဉ်လက်မှတ်ဝယ်ဖို့အတွက်လည်း ငွေမရှိတော့ချေ။
ယဲ့ချန်းလည်း ရော်ဘင်၏ သနားစရာကောင်းသော အခြေအနေကို ကြည့်ပြီး ခေါင်းတခါခါလုပ်၍ အနားသို့ လျှောက်သွားပြီးနောက် ရော်ဘင်၏ သေတ္တာထဲသို့ ငွေငါးထောင် ထည့်ပေးလိုက်သည်။
"ရေချိုးဖို့ နေရာတစ်နေရာရှာပြီး ကိုယ့်နိုင်ငံကိုယ်ပြန်ဖို့ လက်မှတ်ဝယ်လိုက်ပါ"
ယဲ့ချန်း၏ အသံကို ကြားလိုက်သောအခါ ရော်ဘင် တောင့်တင်းသွားသည်။
သေတ္တာထဲရှိ ငွေများကို မြင်လိုက်ရသောအခါ ရော်ဘင်၏ မျက်လုံးများ နီမြန်းလာသည်။
ယဲ့ချန်းက အမှန်တကယ် စိတ်ထားကောင်းသူဖြစ်ကြောင်း သူ ယခုမှ နားလည်တော့သည်။
သူ အလုပ်ထုတ်ခံရပြီးနောက် သူ့သူငယ်ချင်းဆိုသူများမှာ တစ်ယောက်မှ သူ့ကို ငွေထုတ်မပေးချင်ကြချေ။
ယခုမူ ယဲ့ချန်းက သူ့ကိုပေးလိုက်သည့် ငါးထောင်မှာ သူ့အတွက် အသက်ကယ်ဆေးအလားပင်။
ဟွားနိုင်ငံသည် အလွန်ကြောက်စရာကောင်းလှသည်။ သူ ဤနေရာတွင် နောက်ထပ်တစ်မိနစ်ပင် ဆက်မနေချင်တော့ပေ။
ရော်ဘင်လည်း ကျေးဇူးတင်စကား အကြိမ်ကြိမ်ပြောကြားပြီးနောက် ထွက်လာခဲ့လိုက်သည်။
ရော်ဘင်၏ ကျောပြင်ကို ကြည့်ရင်း ယဲ့ချန်း ခေါင်းခါလိုက်မိသည်။
လူဆိုတာ နှိမ့်နှိမ့်ချချနေတာ အကောင်းဆုံးပဲ။
•••••••••••••••••••••••••
အပိုင်း ၅၈၅ : အကြီးမားဆုံး အောင်နိုင်သူ
ယဲ့ချန်း အိမ်ပြန်ရောက်ခါစမှာပင် ဖုန်းမြည်လာခဲ့သည်။
ဖုန်းခေါ်ဆိုသူမှာ လင်းဝမ်ယို ဖြစ်သည်။
"သခင်လေး.. သတင်းတွေ တွေ့ပြီးပြီလား"
"ဘာသတင်းလဲ"
ယဲ့ချန်း ဝက်ဘ်ဆိုက်ကို ဖွင့်ကြည့်လိုက်သည်။
တရုတ်လူမျိုးအသိုင်းအဝိုင်းတစ်ခုလုံးကို ဟိုးလေးတကျော်ကျော် ဖြစ်သွားစေမည့် သတင်းတစ်ပုဒ် တက်လာခဲ့သည်။
အင်တာနက်စာမျက်နှာများတွင် ၇၆ကြိမ်မြောက် အော်စကာဆန်ခါတင်စာရင်းများ ထွက်ပေါ်လာကြောင်း ဖော်ပြထားသည်။
ဟွားနိုင်ငံ၏ ရုပ်ရှင်ကားဖြစ်သော "ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး"သည် အကောင်းဆုံး နိုင်ငံခြားဘာသာစကားပြော ဇာတ်ကားဆု၊ အကောင်းဆုံး ဒါရိုက်တာဆုနှင့် အကောင်းဆုံးအထူးပြုလုပ်ချက်ဖန်တီးမှုဆုဟူသည့် အဓိကဆုကြီး သုံးဆုအတွက် ဆန်ခါတင်စာရင်း ဝင်ခဲ့သည်။
ဤသတင်းထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဟွားနိုင်ငံတွင် ချက်ချင်းဆိုသလို ဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့သည်။
ယခင်က ဟွားနိုင်ငံရှိ ဘယ်ရုပ်ရှင်ကားကမှ အော်စကာဆုအတွက် ဆန်ခါတင်စာရင်း ဝင်ခဲ့ဖူးခြင်းမရှိသည်မှာ လူတိုင်းအသိပင်။
"ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး"ရုပ်ရှင်သည် ပထမဆုံးအကြိမ်ဖြစ်ပြီး တစ်ပြိုင်နက်တည်းမှာပင် ဆုကြီးသုံးဆုအတွက် ဆန်ခါတင်စာရင်းဝင်ထားခြင်းမှာ ဟွားနိုင်ငံ၏ သမိုင်းတွင် တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူးသော စံချိန်သစ်တစ်ခုပင်။
အထူးသဖြင့် အကောင်းဆုံးအထူးပြုလုပ်ချက်ဖန်တီးမှုဆုနှင့် အကောင်းဆုံးဒါရိုက်တာဆုတို့မှာ အော်စကာဆုပေးပွဲတွင် ဂုဏ်သိက္ခာအကြီးမားဆုံး ဆုကြီးနှစ်ဆု ဖြစ်သည်။
အော်စကာဆုပေးပွဲအခမ်းအနားကို ခုနစ်ရက်အကြာတွင် ကျင်းပပေမည်။ ယဲ့ချန်းကလည်း အထူးဧည့်သည်တော်အဖြစ် တက်ရောက်ရမည်ဖြစ်၏။
ထိုနေ့မှာပင် အခြားသတင်းတစ်ပုဒ်လည်း ထွက်ပေါ်လာခဲ့သည်။
"ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး"ရုပ်ရှင်သည် ရွှေလင်းယုန်ဆုပေးပွဲတွင် အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု၊ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး အမျိုးသားနှင့် အမျိုးသမီးဇာတ်ဆောင်ဆု၊ အကောင်းဆုံး နောက်ခံတေးဂီတဆုနှင့် အကောင်းဆုံးဒီဇိုင်းဆုတို့အပါအဝင် ဆန်ခါတင်ဆု၁၂ဆုအထိ ရရှိခဲ့ပြီး ရွှေလင်းယုန်ဆုပေးပွဲ၏ အကြီးမားဆုံးသော အောင်နိုင်သူ ဖြစ်လာခဲ့သည်။
ဇာတ်ကားတစ်ကားတည်းဖြင့် ဆန်ခါတင်၁၂ဆု ရရှိခြင်းကလည်း စံချိန်တစ်ခု တင်နိုင်ခြင်းပင်။
ရွှေလင်းယုန်ဆုပေးပွဲ အခမ်းအနားကို သုံးရက်အကြာတွင် ကျင်းပမည်ဖြစ်၏။
ယဲ့ချန်းသည် အဓိကသရုပ်ဆောင်များဖြစ်ကြသော ကျိုးဖာ၊ သုန်းရှောင်ယာ၊ လျိုဟွားတို့နှင့်အတူ ရွှေလင်းယုန်ဆုပေးပွဲသို့ တက်ရောက်မည်ဖြစ်၏။
ကားထဲတွင် သူတို့အုပ်စု ရယ်ရယ်မောမောဖြင့် စကားစမြည် ပြောဆိုနေကြသည်။
ထိုစဉ်က ဤဇာတ်ကားကို ရိုက်ကူးနေချိန်တွင် ကျိုးဖာ အောင်မြင်လိမ့်မည်ဟု မည်သူကမှ မထင်ထားခဲ့ကြဘဲ သံသယများဖြင့်သာ ပြည့်နှက်နေသည်။
သို့သော် ကျိုးဖာသည် သူ့သရုပ်ဆောင်စွမ်းရည်ဖြင့် သူ့ကိုယ်သူ သက်သေပြနိုင်ခဲ့သည်။
သုန်းရှောင်ယာနှင့် လျိုဟွားတို့မှာ ရွှေလင်းယုန်ဆုပေးပွဲသို့ အမြဲတက်ရောက်နေကျဖြစ်သော်လည်း ကျိုးဖာအတွက်မူ ယခုလို အခမ်းအနားမျိုးကို တက်ရောက်ခြင်းမှာ ပထမဆုံးအကြိမ်ပင်။
"မင်း စိတ်လှုပ်ရှားနေတာလား ကျိုးဖာ"
ယဲ့ချန်းက ပြုံးလျက် မေးလိုက်သည်။
"ဟုတ်ကဲ့။ နည်းနည်းတော့ စိတ်လှုပ်ရှားမိတယ်"
ကျိုးဖာက ခေါင်းညိတ်ပြလိုက်သည်။
ပြန်တွေးကြည့်လျှင် အိပ်မက်တစ်ခုလိုပင်။ လွန်ခဲ့သည့် တစ်လခန့်က သူသည် ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်အနေနှင့်သာ ရှိနေခဲ့သော်ငြား ယခုမူ နာမည်ကြီးစတားတစ်ယောက် ဖြစ်လာခဲ့လေပြီ။
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်၏။
"အင်း... စိတ်ငြိမ်ငြိမ်ထား။ တစ်နေ့ကျရင် မင်း စူပါစတားတစ်ယောက် ဖြစ်လာမယ်ဆိုတာ ငါယုံကြည်တယ်"
ကျိုးဖာလည်း တက်ကြွစွာ ခေါင်းညိတ်ပြလိုက်၏။
"မစ္စတာယဲ့.. ခင်ဗျားက ကျွန်တော့်ရဲ့ ကျေးဇူးရှင်ပါ။ ခင်ဗျားသာမရှိရင် ဒီနေ့ဒီနေရာထိ ကျွန်တော် ရောက်လာနိုင်မှာ မဟုတ်ဘူး"
ယဲ့ချန်း ခေါင်းခါပြလိုက်၏။
"ထားလိုက်ပါတော့။ ဒါက မင်းရဲ့ကြိုးစားအားထုတ်မှုရလဒ်ပါပဲ။ ငါ့ကို ကျေးဇူးတင်နေစရာ မလိုပါဘူး"
နာရီဝက်ခန့်အကြာတွင် သူတို့အုပ်စု ကားပေါ်က ဆင်းလာခဲ့ကြသည်။
ကားပေါ်က ဆင်းလိုက်သည်နှင့် ကော်ဇောနီခင်းထားသော နေရာသို့ ရောက်သွားလေသည်။ အရှေ့တွင်မူ သတင်းထောက်များက ဓာတ်ပုံရိုက်နေကြပြီး ဧည့်သည်တော်အမြောက်အများလည်း ရောက်ရှိနေကြချေပြီ။
ထိုအချိန်တွင် သုန်းပေါ်က ကော်ဇောနီပေါ်တွင်ရပ်ကာ သတင်းထောက်များကို လက်ပြနှုတ်ဆက်နေသည်။
သို့သော် လူတိုင်းက ယဲ့ချန်းကို မြင်လိုက်ရသောအခါ သုန်းပေါ်ကို လျစ်လျူရှု၍ ယဲ့ချန်းအနားကို ဝိုင်းအုံသွားကြသည်။
သုန်းပေါ်၏ မျက်နှာမှာ ဒေါသကြောင့် ဖြူရော်သွားသော်လည်း တိတ်တိတ်လေး ဒေါသထွက်နေရုံမှလွဲ၍ ဘာမှမတတ်နိုင်ချေ။
မည်သို့ပင်ဆိုစေကာမူ ယခုအချိန်တွင် ယဲ့ချန်း၏ နာမည်ကြီးရေပန်းစားမှုက သူ့ထက် အဆပေါင်းများစွာ သာလွန်နေသဖြင့် သူ လုံးဝ ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ပေ။
ယဲ့ချန်းသည် ကျိုးဖာအပါအဝင် အခြားသူများနှင့်အတူ ကော်ဇောနီပေါ်တွင် ရပ်ကာ သတင်းထောက်များကို လက်ပြနှုတ်ဆက်လိုက်သည်။
သတင်းထောက်များက ယဲ့ချန်းထံသို့ မိုက်ခရိုဖုန်းများကို အလုအယက် ကမ်းပေးလာကြသည်။
"မစ္စတာယဲ့... ဒီနေ့ ခင်ဗျားတို့ရဲ့ ဇာတ်ကားက ဆုကြီးဘယ်နှဆုလောက် ရနိုင်မယ်လို့ ထင်ပါသလဲ"
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်လေသည်။
"ကံကြမ္မာရဲ့ဆုံးဖြတ်ချက်အရပေါ့ဗျာ"
အခြားသတင်းထောက်များကလည်း မေးခွန်းများကို တစ်ခုပြီးတစ်ခု ဆက်တိုက်မေးမြန်းနေကြသည်။
ယဲ့ချန်းဘက်က စည်ကားသိုက်မြိုက်နေသော မြင်ကွင်းနှင့် နှိုင်းယှဉ်လျှင် သုန်းပေါ်ဘက်တွင်မူ အလွန်ခြောက်ကပ်နေပြီး မည်သူကမှလည်း သူ့ကို အရေးမစိုက်ကြချေ။
သတင်းစာတိုက်ငယ်တစ်ခုမှ သတင်းထောက်နှစ်ယောက်က သုန်းပေါ်ကို အင်တာဗျူးချင်လာသည်။
သုန်းပေါ်မှာ အစပိုင်းတွင် အလွန်ဝမ်းသာသွားသော်လည်း သူတို့၏ မေးခွန်းကို ကြားလိုက်ရသောအခါ သူ့မျက်နှာကား မည်းမှောင်သွားသည်။
"မစ္စတာသုန်း... 'ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး' ဇာတ်ကားအဖွဲ့ကနေ နုတ်ထွက်ခဲ့တာကို နောင်တရလား"
"ဘာမှမှတ်ချက်မပေးချင်ပါဘူး"
သုန်းပေါ်ခမျာ မှုန်ကုပ်နေသော မျက်နှာပေးဖြင့် ထွက်သွားချေသည်။
ကော်ဇောနီပေါ်တွင် ဓာတ်ပုံရိုက်၍ အင်တာဗျူးများ ဖြေဆိုပြီးနောက် ယဲ့ချန်းနှင့် အခြားသူများမှာ အခမ်းအနား ကျင်းပရာ ခန်းမထဲသို့ ဝင်ရောက်သွားကြသည်။
ယဲ့ချန်း၏ ထိုင်ခုံမှာ ရှေ့ဆုံးတန်းနှင့် အလွန်နီးကပ်လှသည်။
သူ့ဘေးရှိ ကျိုးဖာမှာ အလွန်စိတ်လှုပ်ရှားနေပြီး တစ်ကိုယ်လုံး တုန်ယင်နေခဲ့သည်။
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်၏။
"စိတ်လျှော့ထားစမ်းပါ"
ထိုအချိန်တွင် သုန်းပေါ် လျှောက်လာလေသည်။ သူတို့၏ ထိုင်ခုံများမှာ တိုက်တိုက်ဆိုင်ဆိုင်ပင် ဘေးချင်းကပ်လျက် ဖြစ်နေခဲ့သည်။
ယဲ့ချန်းကို မြင်လိုက်ရသောအခါ သုန်းပေါ် မျက်နှာပျက်သွားသည်။
ယဲ့ချန်းကြောင့် သူ့နာမည်ဂုဏ်သတင်း အကြီးအကျယ် ထိခိုက်ခဲ့ရသည်။
သူ့ရုပ်ရှင်ကားသည် ရွှေလင်းယုန်ဆုအတွက် ဆန်ခါတင်စာရင်း ဝင်ခဲ့သော်လည်း ရုံတင်ငွေစာရင်း၌ အရင်းပင် ပြန်မရဘဲ အကြီးအကျယ် ကျရှုံးခဲ့သည်။
ရုပ်ရှင်ဇာတ်ကားကိုယ်တိုင်က ကျရှုံးခြင်းဖြစ်သော်ငြား သူ့ဇာတ်ကား ကျရှုံးရခြင်းအတွက် ယဲ့ချန်းကိုသာ အပြစ်တင်နေမိသည်။
ယဲ့ချန်းကမူ သုန်းပေါ်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ဘဝင်ခိုက်လေဟန်အပြုံးဖြင့် ငတုံးတစ်ယောက် မြင်လိုက်ရသည့်အလား အမူအရာပြလိုက်လေသည်။
ထိုစဉ်က သုန်းပေါ်သည် "ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး" ရုပ်ရှင်အဖွဲ့မှ တမင်နုတ်ထွက်သွားပြီး ယဲ့ချန်း၏ ဒါရိုက်တာအရည်အချင်းကို အထင်အမြင်သေးစွာ ဝေဖန်ခဲ့သေးသည်။
ဤသို့ဖြင့် ဤဇာတ်ကားသည် လတ်တလောနှစ်များအတွင်း ရုံတင်ဝင်ငွေအများဆုံး ချန်ပီယံ ဖြစ်လာခဲ့ပြီး ယွမ်တစ်ဘီလျံ ရင်းနှီးမြှုပ်နှံထားသော သုန်းပေါ်၏ ရုပ်ရှင်မှာမူ ရုံတင်ဝင်ငွေ ယွမ်ဆယ်သန်းသာ ရခဲ့သဖြင့် အကြီးအကျယ်ကျရှုံးသော ဇာတ်ကားတစ်ကားအဖြစ် သတ်မှတ်ခံခဲ့ရသည်။
အကယ်၍ ထိုအချိန်က သုန်းပေါ်သာ နုတ်ထွက်မသွားခဲ့ပါက သူလည်း အမြတ်ဝေစု ရရှိမည်သာ။
အမြတ်ဝေစုရရုံဖြင့်ပင် သုန်းပေါ်အနေနှင့် အနည်းဆုံး ဆုကြေးငွေ ယွမ်တစ်ဘီလျံခန့် ရပေလိမ့်မည်။
ယခုမူ သူ့နုတ်ထွက်မှုနှင့် ယဲ့ချန်းအပေါ် အထင်အမြင်သေးစွာ ဝေဖန်မှုတို့ကြောင့် ငွေကြေးဆုံးရှုံးရုံသာမက ဂုဏ်သိက္ခာပါ ထိခိုက်ခဲ့ရသည်။
ထိုအချိန်တွင် ဧည့်သည်များအားလုံး နေရာယူပြီးကြပြီဖြစ်ရာ မီးရောင်များလည်း မှိန်ကျသွားသည်။
ယခုနှစ်အတွက် ရွှေလင်းယုန်ဆုပေးပွဲ၏ အခမ်းအနားမှူးများမှာ ဆရာဟယ်နှင့် ပြည်မကြီး၏ နာမည်ကျော် အစီအစဉ်တင်ဆက်သူ မိန်းကလေးကျူးကျူးတို့ပင်။
မီးရောင်များ မှိန်ကျသွားသည်နှင့် ခန်းမအတွင်း၌ နောက်ခံတေးဂီတသံများ ထွက်ပေါ်လာခဲ့သည်။
"လူကြီးမင်းများခင်ဗျာ.. မင်္ဂလာညချမ်းပါ။ ရွှေလင်းယုန်ဆုပေးပွဲ အခမ်းအနားက ကြိုဆိုပါတယ်။ ဒီအောင်ပွဲခံပွဲလေးမှာ ပါဝင်ဆင်နွှဲပေးကြပါ"
ပရိသတ်များက မိုးချုန်းသံအလား သောင်းသောင်းဖြဖြ လက်ခုပ်တီးကြသည်။
ယဲ့ချန်းလည်း အခမ်းအနားမှူးများကို ပြုံးလျက် ကြည့်နေခဲ့သည်။
ဤလုပ်ငန်းစဉ်မှာ အလွန်ပျင်းစရာကောင်းသော်လည်း ကင်မရာက ချိန်ရွယ်ထားသောကြောင့် ပျင်းရိနေသည့်တိုင် သူ အာရုံစိုက်ထားရပေမည်။
ဦးစွာပထမ အဖွင့်အမှာစကားများ ပြောကြားပြီးနောက် ဖျော်ဖြေရေးအစီအစဉ်များ စတင်ခဲ့သည်။
စင်ပေါ်သို့ ပြန်ရောက်ရှိလာချိန်တွင် ရွှေလင်းယုန်ဆုပေးပွဲ၏ ပထမဆုံးဆုဖြစ်သော အကောင်းဆုံးတည်းဖြတ်ဆုကို ကြေညာခဲ့သည်။
ဤဆုမှာ "ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး"အတွက် ဆန်ခါတင်ဝင်ထားသော ဆုများထဲမှ တစ်ခုလည်း ဖြစ်၏။
ကံဆိုးချင်တော့ အဆုံးတွင် ထိုဆုကို "ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး"ရုပ်ရှင်က မရခဲ့ပေ။
ထို့နောက် "ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး"ရုပ်ရှင်နှင့် မသက်ဆိုင်သော အခြားဆုများကို ဆက်တိုက် ကြေညာသွားသည်။
ဆဋ္ဌမမြောက်ဆုမှာ အကောင်းဆုံး ဇာတ်ညွှန်းဆု ဖြစ်သည်။
"လူကြီးမင်းများခင်ဗျာ... အခု အကောင်းဆုံး ဇာတ်ညွှန်းဆုရှင်ကို ကြေညာပါမယ်။ အဲဒီဆုရှင်ကတော့ 'ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး'ရုပ်ရှင်ရဲ့ ယဲ့ချန်းပဲ ဖြစ်ပါတယ်"
တစ်ချိန်တည်းမှာပင် ကင်မရာများက ယဲ့ချန်းထံသို့ ချိန်ရွယ်လိုက်ကြသည်။
ယနေ့တွင် ယဲ့ချန်းသည် သူ့ဆွဲဆောင်မှုရမှတ်ကို အမြင့်ဆုံးအထိ မြှင့်တင်ထားသောကြောင့် သူ့ကို ပုံမှန်ထက် ပို၍ဆွဲဆောင်မှုရှိနေစေသည်။
ပုံမှန်ဆိုလျှင် ယဲ့ချန်း၏ ဆွဲဆောင်မှုရမှတ်မှာ ခြောက်မှတ်ဝန်းကျင်သာရှိပြီး ထိုမျှဖြင့်ပင် မိန်းကလေးများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။ ယခု ဆွဲဆောင်မှုရမှတ်တစ်ဆယ်သို့ ရောက်သွားသောအခါ မိန်းမငယ်လေးများစွာကိုပါ အံ့ဩတကြီးဖြစ်သွားစေသည်။
နောက်တစ်ဆုမှာ အကောင်းဆုံးထုတ်လုပ်သူဆု ဖြစ်သည်။
ဆုကို ဆွတ်ခူးသွားသူကို မြင်လိုက်ရသောအခါ ဆရာဟယ်ခမျာ အံ့ဩမှင်တက်သွားသည်။
"ဘုရားရေ.. မစ္စတာယဲ့က စွယ်စုံရပါရမီရှင်ပဲ။ အကောင်းဆုံး ထုတ်လုပ်သူဆုရှင်ကလည်း 'ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး'က ယဲ့ချန်းပဲ ဖြစ်ပါတယ်ဗျာ"
ခန်းမတစ်ခုလုံးဝယ် ထက်သန်ပြင်းပြသော လက်ခုပ်သံများဖြင့် ပြည့်နှက်သွားပြန်သည်။
"မစ္စတာယဲ့ကို စင်ပေါ်ကြွရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ ဆုချီးမြှင့်မယ့်လူတွေကိုလည်း ဖိတ်ခေါ်ပါတယ်ခင်ဗျာ"
ယဲ့ချန်းလည်း ဒုတိယအကြိမ်အဖြစ် စင်ပေါ်သို့ တက်သွားလိုက်သည်။
ဆက်လက်၍ ဆုလက်ခံရရှိသည့် အထိမ်းအမှတ်အနေနှင့် ကျေးဇူးတင်စကား ပြောကြားရမည့် အချိန်ပင်။
ယဲ့ချန်းမှာ စင်ပေါ်တွင်ရပ်၍ မိုက်ခရိုဖုန်းကိုကိုင်လျက် ပြောလိုက်သည်။
"ဒီနေ့ ဒီဆုရတဲ့အတွက် ပထမဆုံးအနေနဲ့ ကျွန်တော်တို့ရဲ့ ရုပ်ရှင်အဖွဲ့သားတွေကို ကျေးဇူးတင်ချင်ပါတယ်။ ခင်ဗျားတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်သာ ဒီနေ့ 'ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး'က ဒီလိုအောင်မြင်မှုမျိုး ရရှိခဲ့တာပါ။ သံသယမုန်တိုင်းတွေကြားထဲက ခိုင်မာတဲ့ ယုံကြည်မှုတွေနဲ့ ပံ့ပိုးပေးခဲ့လို့ ဒီနေ့ ဂုဏ်ကျက်သရေကို ဖန်တီးနိုင်ခဲ့တာပါ။ ဒီဆုက ကျွန်တော်တို့အားလုံးနဲ့ သက်ဆိုင်ပါတယ်..."
အောက်ဘက်တွင်မူ သုန်းပေါ်မှာ ဒေါသထွက်လွန်း၍ ရူးမတတ်ပင် ဖြစ်နေချေပြီ။ ထိုစကားမှာ သူ့ကို ရည်ရွယ်ပြောဆိုနေခြင်းဖြစ်ကြောင်း ရှင်းနေချေသည်။
ယဲ့ချန်းက သံသယမုန်တိုင်းများအကြောင်းကို တမင်တကာ ထည့်ပြောသွားခြင်းမှာ သူ့ကို ရည်ညွှန်းနေခြင်း မဟုတ်ပါလော။
အစီအစဉ်ဒါရိုက်တာကလည်း တမင်ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ မျက်နှာမည်းမှောင်နေသော သုန်းပေါ်ထံသို့ ကင်မရာကို ချိန်ရွယ်ပြသနေခဲ့သည်။
ယဲ့ချန်း စကားပြောပြီး၍ စင်အောက်သို့ ဆင်းလာသောအခါ ပရိသတ်များထံမှ လက်ခုပ်သံများ တစ်ခဲနက် ထွက်ပေါ်လာပြန်သည်။
အခမ်းအနား အစပိုင်းမှာပင် ယဲ့ချန်းက အဓိကဆုကြီးနှစ်ဆုကို ဆွတ်ခူးသွားခဲ့ချေပြီ။