← Chapters

အခန်း (၅၇၁-၅၇၃)

Vol. 39 Ch. 571-573

အခန်း (၅၇၁-၅၇၃)

Vol. 39 Ch. 571-573

အပိုင်း ၅၇၁ : ရုပ်ရှင်ရုံတင်ပြသခြင်း

ယဲ့ချန်း၏ ဟင်းချက်စွမ်းရည်အကြောင်း ရှင်းပြချက်များကြောင့် ဆရာယွီခမျာ အလွန်သဘောကျသွားပြီး သူ့ကို ပို၍ပင် လေးစားသွားသည်။

ယဲ့ချန်းဆီတွင် တပည့်ခံခဲ့ရခြင်းမှာ သူ့ဘဝ၏ အကောင်းဆုံး ဆုံးဖြတ်ချက်ဟု ခံစားလိုက်ရ၏။

သူတို့နှစ်ယောက် ခဏမျှစကားပြောနေကြရင်း ယဲ့ချန်း၏ ဗိုက်ထဲက ဆာလောင်နေသော အသံများ ထွက်လာပါတော့သည်။

ဆရာယွီနှင့် စကားပြောနေရသဖြင့် ယဲ့ချန်းမှာ တစ်လုတ်မှ မစားရသေးချေ။

ဆရာယွီကလည်း အားနာနာဖြင့် ဆိုလာချေသည်။

"ဆရာ... ကျွန်တော့်အမှားပါ။ ဆရာ ကောင်းကောင်းမစားလိုက်ရဘူးပဲ။ ဟင်းတွေလည်း အေးကုန်ပြီ။ ဆရာ့အတွက် ကျွန်တော် နောက်ထပ် ဟင်းနည်းနည်းလောက် သွားချက်ပေးပါ့မယ်"

ထိုအချိန်မှာပင် သီးသန့်အခန်းတံခါး ပွင့်လာပြီး ယွီမင်က အငွေ့တထောင်းထောင်းထနေသော ဟင်းပွဲများကိုကိုင်၍ ဝင်လာလေသည်။

"မစ္စတာယဲ့... ကျွန်တော် အထူးဟင်းလျာတချို့ ထပ်ချက်လာတယ်။ ကျေးဇူးပြုပြီး လမ်းညွှန်ပြသပေးပါဦး"

စုဝမ်ယိလည်း တစ်လုတ်စားကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်မိသည်။

"ဒီအရသာက တော်တော်ဆိုးတာပဲ"

ယွီမင်ကလည်း တူဖြင့် တစ်လုတ်ယူစားကြည့်ပြီးနောက် မကျေမနပ်ဖြင့် ပြောလိုက်၏။

"ရှောင်ယွီ... မင်းရဲ့ ဟင်းချက်လက်ရာ ကျသွားပြီပဲ။ ဒီလိုဟာမျိုးကို ဘယ်သူက စားနိုင်မှာလဲ"

ယွီမင်ကလည်း ပြန်ပြောလိုက်သည်။

"ဆရာ... ဆရာ့ခံတွင်းက မစ္စတာယဲ့ချက်တဲ့ဟင်းတွေကြောင့် စံနှုန်းမြင့်သွားတာနေမှာ။ ကျွန်တော့်ကို သူနဲ့မနှိုင်းပါနဲ့။ မဟုတ်ရင် ရှေ့ဆက်ပြီး ကျွန်တော်တို့စားဖိုမှူးတွေ ဘယ်လိုလုပ် ရပ်တည်နိုင်တော့မှာလဲ"

ဆရာယွီကလည်း ခေါင်းညိတ်လိုက်၏။

"ငါ့တပည့်... မင်းပြောတာမှန်ပေမဲ့ မင်းအနေနဲ့ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားသင့်တယ်။ မင်းဆရာလက်ရာရဲ့ ဆယ်ပုံတစ်ပုံလောက်မီဖို့ မျှော်လင့်ရမယ်။ ဒါဆိုရင် မင်းရဲ့စားသောက်ဆိုင်က ပိုနာမည်ကြီးလာမှာ"

ဤနှစ်ယောက်၏ မြှောက်ပင့်ချီးကျူးမှုများကြောင့် ယဲ့ချန်းခမျာ မျက်နှာပူသွားရသည်။

သူလည်း ယွီမင်ကို လိုအပ်သည့်အရာများ လမ်းညွှန်ပြသပေးရင်း စားသောက်ပြီးနောက်မှာတော့ ထွက်လာခဲ့လိုက်သည်။

ဆရာယွီနှင့် ယွီမင်တို့က သူတို့၏ တပည့်များကိုခေါ်၍ ယဲ့ချန်းကို တံခါးဝအထိ လိုက်ပို့နှုတ်ဆက်ခဲ့ကြသည်။

ဤမြင်ကွင်းက စားသောက်ဆိုင်ကို လာရောက်သည့် ဧည့်သည်အမြောက်အများ၏ အာရုံစိုက်မှုကို ရရှိသွားသည်။

ယဲ့ချန်းက စုဝမ်ယိကို အိမ်အထိ လိုက်ပို့ပေးခဲ့သည်။ စုဝမ်ယိကလည်း ပြုံးစစဖြင့် ပြောလိုက်သည်။

"ယဲ့ချန်း... ဒီနေ့ ကျွန်မ တကယ်ပျော်တယ်။ အစားအသောက်တွေကလည်း အရမ်းအရသာရှိတာပဲ။ ကျေးဇူးပါနော်"

"ဟားဟား... မင်းပျော်ရင်ပြီးတာပါပဲ"

စုဝမ်ယိက ခြေလှမ်းအနည်းငယ် လျှောက်ပြီးမှ တစ်စုံတစ်ခုကို ရုတ်တရက်သတိရလိုက်သည်။

"သြော်... ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်"

[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက် ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ ဒုတိယမြောက်ကြယ်ငါးပွင့်ကို အသက်သွင်းနိုင်ခဲ့တဲ့အတွက် စနစ်ဆုလာဘ်အနေနဲ့ ထျန်းမေ့ရုပ်ရှင်ရုံလုပ်ငန်းစုရဲ့ ရှယ်ယာ၄၀ရာခိုင်နှုန်းကို ရရှိပါတယ်]

ထျန်းမေ့ရုပ်ရှင်ရုံလုပ်ငန်းစုမှာ Mနိုင်ငံရှိ ရုပ်ရှင်ရုံအရင်းအမြစ်များ၏ ၄၅ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ရုပ်ရှင်ပိတ်ကားပေါင်း ထောင်ကျော်ကို ပိုင်ဆိုင်ထားသည်။

ယဲ့ချန်းက ပြည်ပဈေးကွက်အထိ တိုးချဲ့ရန် စဉ်းစားနေသည်ဖြစ်ရာ ဤဆုလာဘ်က သူ့အတွက်တော့ အချိန်ကိုက်ပင်။

ထိုအချိန်မှာပင် ယဲ့ချန်းဆီသို့ ဖုန်းတစ်ကောလ် ဝင်လာခဲ့သည်။

"ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး" ရုပ်ရှင်ရိုက်ကူးရေး ပြီးစီးသွားချေပြီ။

ယဲ့ချန်းလည်း စတားတက္ကသိုလ်ကို သွားပြီး "ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး"၏ နမူနာကိုကြည့်၍ ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်သည်။

ဤပရောဂျက်ကို စတားတက္ကသိုလ်ရှိ ဒီဇိုင်းအဖွဲ့ဆီသို့ တာဝန်ပေးအပ်ထားခြင်းပင်။

စတားတက္ကသိုလ်ရှိ ထုတ်လုပ်ရေးအပြီး ဒီဇိုင်းပိုင်းလုပ်ဆောင်သည့် အဖွဲ့မှာ ယဲ့ချန်းကိုယ်တိုင် ပြင်ဆင်ရေးဆွဲထားသော ရုပ်ရှင်အထူးပြုလုပ်ချက် ဆော့ဖ်ဝဲလ်များကို အသုံးပြုခွင့်ရှိသောကြောင့် သူတို့ကို ရွေးချယ်ခဲ့ခြင်းသာ ဖြစ်၏။

ဤဆော့ဖ်ဝဲလ်၏ စွမ်းဆောင်ရည်များမှာ လက်ရှိနည်းပညာကို လုံးဝလွန်ကျော်လွန်နေချေသည်။

ထိုနေ့မှာပင် ယဲ့ချန်းက ရုပ်ရှင်ရိုက်ကူးရေးအပြီး အထိမ်းအမှတ်ပါတီကျင်းပရန် မာရီယော့ဟိုတယ်၏ အထပ်တစ်ထပ်လုံးကို ငှားရမ်းလိုက်သည်။

သရုပ်ဆောင်များနှင့် ရိုက်ကူးရေးအဖွဲ့သားအားလုံးလည်း ညစာစားပွဲကို တက်ရောက်ကြသည်။

ယဲ့ချန်းက အလွန်ရက်ရောစွာဖြင့် လူတိုင်းကို စာအိတ်နီများပါ တစ်ခါတည်း ဝေပေးခဲ့သည်။

သာမန်ဝန်ထမ်းများက တစ်သောင်းရကြပြီး အဓိကတာဝန်ရှိသူအချို့၏ စာအိတ်နီကမူ သန်းဂဏန်းရှိသည်။

သရုပ်ဆောင်နှင့် ရိုက်ကူးရေးအဖွဲ့သား ရာပေါင်းများစွာအတွက် ယဲ့ချန်းက သန်းဆယ်ဂဏန်းခန့်ရှိသော စာအိတ်များထဲကိုထည့်၍ တစ်ပြိုင်တည်း ပေးကမ်းခဲ့သည်။

အထူးသဖြင့် လျူဟွား၊ ကျိုးဖာနှင့် သုန်းရှောင်ယာတို့က သန်းဂဏန်းရှိသော စာအိတ်နီများကို ရကြသည်။

လက်ရှိအချိန်တွင် လျူဟွားနှင့် ကျိုးဖာတို့က ငွေကြေးအလွန်လိုအပ်နေပေသည်။

သန်းချီတန်သော စာအိတ်နီများမှာ သူတို့အတွက်တော့ အလွန်တန်ဖိုးကြီးလှသည်။

ယဲ့ချန်းအနေနှင့် ဤမျှများပြားသော စာအိတ်နီများကို ပေးရသည့် အဓိကအကြောင်းအရင်းမှာ ဤသရုပ်ဆောင်များသည် အမှန်စင်စစ် ခက်ခဲပင်ပန်းစွာ ကြိုးစားခဲ့ကြရသောကြောင့်ပင်။

သူ့စွမ်းအင်က ကန့်သတ်ချက်ရှိသောကြောင့် လက်ထောက်ဒါရိုက်တာများကလည်း ရုပ်ရှင်အတွက် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းစဉ်အားလုံးကို အမှန်တကယ် ကူညီပံ့ပိုးပေးခဲ့သည်။

ယဲ့ချန်းကမူ ရုပ်ရှင်ရိုက်ကူးရေးကို လမ်းညွှန်ရုံသက်သက်သာ လုပ်ခဲ့ရသည်။

ထို့ပြင် ရုပ်ရှင်တစ်ကားလုံးအတွက် သူသတ်မှတ်ထားသော လိုအပ်ချက်များနှင့် အခြေခံအားဖြင့် ကိုက်ညီနေသောကြောင့် ရိုက်ကူးမှုအရည်အသွေးအပေါ် ယဲ့ချန်း အလွန်ကျေနပ်အားရမိသည်။

အရေးအကြီးဆုံးမှာ ယဲ့ချန်းအနေနှင့် လျူဟွားနှင့် ကျိုးဖာတို့ကို စာချုပ်ချုပ်ဆိုထားနိုင်ခဲ့ခြင်းဖြစ်၏။ ဤသည်မှာ အမြတ်အစွန်းများသော ခြေလှမ်းတစ်ခုပင်။

ဤရုပ်ရှင်ကို ရုံတင်လိုက်သည်နှင့် မုချပေါက်မည်ဖြစ်ကြောင်း ယဲ့ချန်း ယုံကြည်ထားသည်။

ချမ်းသာကြွယ်ဝခြင်းဆိုသည်မှာ လုပ်ချင်ရာ လုပ်ခွင့်ရခြင်းမျိုးဖြစ်ပြီး ယဲ့ချန်း၏ရည်ရွယ်ချက်ကမူ သူနှင့်အတူ ကြိုးကြိုးစားစား အလုပ်လုပ်နေသရွေ့ စာအိတ်နီများ လုံးဝပြတ်လပ်သွားမည်မဟုတ်​ကြောင်း လူတိုင်းကို ပြသလိုခြင်းသာ။

ထိုနေ့မှာပင် ဖျော်ဖြေရေးကဏ္ဍများတွင် သတင်းတက်လာခဲ့သည်။

"ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး" ရုပ်ရှင်အောင်မြင်မှု၏ အထိမ်းအမှတ် အခမ်းအနားတွင် ယဲ့ချန်းက ယွမ်ဆယ်သန်းတန်ဖိုးရှိသော စာအိတ်နီများကို ဝေခဲ့ချေသည်။

ဤသတင်းက ဖျော်ဖြေရေးလောကတစ်ခွင်လုံးကို ဟိုးလေးတကျော်ကျော် ဖြစ်သွားစေခဲ့သည်။

"ဝိုး... သူက တော်တော်ချမ်းသာတာပဲ"

"ချမ်းသာလိုက်တာ"

"ရုပ်ရှင်တောင် ရုံမတင်ရသေးဘဲနဲ့ စာအိတ်နီဆယ်သန်းဖိုးတောင် ဝေတယ်ဆိုတော့ ယဲ့ချန်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေတာပဲ"

"ဟားဟား... သူက ဒုတိယမျိုးဆက် သူဌေးပေါက်စတစ်ယောက်လို့ ကြားဖူးတယ်။ သူ့ရုပ်ရှင်ကရော တကယ်ကောင်းပါ့မလား"

လူတွေကတော့ ယဲ့ချန်းကို ငွေဖြုန်းဖို့လောက်သိသည့် အသုံးအဖြုန်းကြီးသူတစ်ယောက်ဟု မြင်ကြသည်။

မကြာခင်မှာပင် ရုပ်ရှင်က ဆင်ဆာအဖွဲ့၏ စစ်ဆေးမှုကို အောင်မြင်သွားပြီး ၁၁လပိုင်း ရွှေရောင်ရက်သတ္တပတ် အားလပ်ရက်မှာ ရုံတင်ပြသရန် စီစဉ်ထားကြောင်း ယဲ့ချန်း သတင်းရလိုက်သည်။

ထို့ပြင် "ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး"ရုပ်ရှင်ကို ပြည်ပမှာ ရုံတင်ပြသမည့်ကိစ္စကို ကိုင်တွယ်ဖို့အတွက် ယဲ့ချန်းလည်း လင်းဝမ်ယိုကို စီစဉ်ခိုင်းလိုက်သေးသည်။

ထျန်းမေ့လုပ်ငန်းစုမှာ မြောက်အမေရိကတစ်လွှားရှိ မြို့ကြီးများတွင် ရုပ်ရှင်ရုံများ ရှိသောကြောင့် ယဲ့ချန်း၏ရည်မှန်းချက်မှာ "ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး"ရုပ်ရှင်ကို ဟွားနိုင်ငံမှာသာမက ကမ္ဘာတစ်ဝန်းလုံးမှာပါ အောင်မြင်စေချင်သည်။

ထျန်းမေ့လုပ်ငန်းစု၏ စီမံခန့်ခွဲမှုအောက်တွင် ဂျပန်၊ ကိုရီးယားနှင့် ဥရောပတို့အပါအဝင် နိုင်ငံပေါင်းဆယ်နိုင်ငံကျော်မှာ "ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး"ရုပ်ရှင်ကို ရုံတင်ဖို့ စီစဉ်ထားကြောင်း လင်းဝမ်ယိုက သတင်းပြန်ပို့လာသည်။

ထျန်းမေ့လုပ်ငန်းစုက အားတက်သရော ပံ့ပိုးပေးထားသည်မှာ ငြင်းစရာမရှိပါချေ။

သာမန်ရုပ်ရှင်များဆိုလျှင် ထျန်းမေ့လုပ်ငန်းစုထံကမှ ဤမျှကြီးမားသော ပံ့ပိုးကူညီမှုမျိုးကို ရမည်မဟုတ်ပါ​ချေ။

သို့သော် ယဲ့ချန်းက ရှယ်ယာလေးဆယ်ရာခိုင်နှုန်းပါဝင်သော အကြီးဆုံးရှယ်ယာရှင်ဖြစ်၏။ ကိုယ့်ရုပ်ရှင်ကိုယ် အစွမ်းကုန် မပံ့ပိုးဘဲ ဘယ်နေမည်နည်း။

အရာအားလုံး အဆင်သင့်ဖြစ်နေပြီဖြစ်ရာ ယဲ့ချန်းအနေနှင့် နောက်ဆုံးရလဒ်များကို စောင့်ကြည့်နေရုံသာ။

ပထမအဆင့်အနေနှင့် ကြိုတင်လက်မှတ်ရောင်းချရေး ပရိုမိုးရှင်းများ စတင်သည်။

ရုပ်ရှင်ကို ရုပ်ရှင်ရုံများဆီသို့ ပို့ဆောင်ပေးပြီးဖြစ်ရာ ယဲ့ချန်းလည်း ရုပ်ရှင်တစ်ကားလုံး၏ ကြော်ငြာကိစ္စများကို စတားတက္ကသိုလ်ရှိ မားကတ်တင်းဌာနကိုသာ လွှဲအပ်ထားလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း ကျောင်းသားများက သူ့ကို စိတ်ပျက်အောင် မလုပ်ခဲ့ပါချေ။

ပရိုမိုးရှင်းကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး King’s Canyonဂိမ်းထဲမှာပင် ရုပ်ရှင်ပိုစတာများကို ထည့်သွင်းထားခဲ့ကြသည်။

နောက်ဆုံးမှာတော့ ရုပ်ရှင်ကို အောက်တိုဘာလတစ်ရက်နေ့မှာ ရုံတင်ပြသရန် စီစဉ်ထားလိုက်သည်။

ဟွားနိုင်ငံတွင်မူ သန်းခေါင်ယံအချိန်ဝယ် အများပြည်သူအတွက် ရုံတင်ပြသပေမည်။

ညသန်းခေါင်ယံအချိန်တွင် ယဲ့ချန်းက ဟွားအိမ်တော်မှာ လဲလျောင်းနေပြီး သူ့ဘေးတွင်မူ လင်းဝမ်ယို ရှိနေချေသည်။

ဤရုပ်ရှင်အတွက် လင်းဝမ်ယိုခမျာ မမောနိုင်မပန်းနိုင် ပြေးလွှားလှုပ်ရှားနေခဲ့ရသည်။

သူ(မ) ပြန်ရောက်လာချိန်တွင် ယဲ့ချန်းကလည်း သူ(မ)ကို ဂရုစိုက်ယုယပေးခဲ့သည်။

သူတို့၏လှုပ်ရှားမှုများ ပြီးဆုံးသွားချိန်တွင်မူ မနက်တစ်နာရီ ကျော်နေလေပြီ။

ထိုအချိန်ဆိုလျှင် ပွဲဦးထွက်ပြသမှုကို ကြည့်ရှုနေသည့် ပရိသတ်များလည်း ရုပ်ရှင်ရုံထဲက ပြန်ထွက်လာလောက်ချေပြီ။

သူသည် ရုပ်ရှင်အပေါ် ပရိသတ်များ၏ တုံ့ပြန်ချက်များကို ကြည့်ရန်အတွက် ဝေးပေါ်ကို ဆက်တိုက်ဆွဲချနေသည်။

ထင်ထားသည့်အတိုင်းပင်။ သုံးစွဲသူများက ရုပ်ရှင်နှင့်ပတ်သက်ပြီး မှတ်ချက်များ ပေးကြတော့သည်။

"ရုပ်ရှင်ရုံထဲကနေ အခုလေးတင် ထွက်လာတာ။ ဒီလောက်ကောင်းတဲ့ သိုင်းကားမျိုး မကြည့်ရတာ တော်တော်ကြာပြီ။ ငါ့ကောင်မလေးဆိုရင် မျက်လုံးတွေတောင် ဖောင်းအစ်လာတဲ့အထိ ငိုတာ"

ဇာတ်သိမ်းတွင် ဇာတ်ဆောင်မင်းသမီးက ချောက်ကမ်းပါးထဲ ခုန်ချသွားသည်မှာမူ အလွန်နှမြောစရာကောင်းလှသည်။

"@ယဲ့ချန်း ဇာတ်ဆောင်မင်းသမီး ယွီလုံကျောင်းက ဘာလို့ ချောက်ထဲခုန်ချသွားရတာလဲ"

ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။

ယခင်ဘဝတုန်းကလည်း ဤအကြောင်းအရာမှာ ရုပ်ရှင်ပရိသတ်များအတွက် အဓိက ဆွေးနွေးစရာတစ်ခု ဖြစ်ခဲ့ပြီး ထိုအချိန်က ဒါရိုက်တာဖြစ်သူက ဘာရှင်းပြချက်မှ မပေးခဲ့သောကြောင့် ယဲ့ချန်းလည်း အကြောင်းအရင်းကို မသိခဲ့ပေ။

ယဲ့ချန်းကိုသာ မေးမည်ဆိုလျှင် အကြောင်းအရင်းက ရှင်းနေချေသည်။ ဇာတ်ညွှန်းထဲတွင် ထိုသို့ရေးထားသောကြောင့်သာ။ သူ(မ)က ချောက်ထဲခုန်ချရမည့် ဇာတ်ကောင်ဖြစ်နေ၍ပင်။

ယဲ့ချန်းလည်း ဝေးပေါ်ကို ဆက်ဆွဲကြည့်နေလိုက်၏။

ရုပ်ရှင်နှင့်ပတ်သက်သည့် သုံးသပ်ချက်များက အားလုံးနီးပါး အပြုသဘောဆောင်သော သုံးသပ်ချက်များချည်းသာ။

ဤသုံးသပ်ချက်များကို မြင်လိုက်ရမှသာ ယဲ့ချန်းလည်း သက်ပြင်းချနိုင်တော့သည်။

ရုပ်ရှင်က မုချပေါက်မည်သာ။

ယဲ့ချန်းမှာ သူ့ဘေးရှိ လင်းဝမ်ယိုကို လှည့်ကြည့်လိုက်ပြီးနောက် ဖွဖွလေးနမ်းကာ သူကိုယ်တိုင်လည်း အိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့တွင်မူ ယဲ့ချန်းလည်း ဝေးပေါ်ကို ဖွင့်ကြည့်လိုက်သည်။

ရုပ်ရှင်က အလွန်နာမည်ကြီးနေချေပြီ။

လူကြိုက်အများဆုံး ရှာဖွေမှုစာရင်းထဲပင် ဝင်ရောက်သွားသည်။

ထိပ်ဆုံးတွင် ရေပန်းစားနေသည့် အကြောင်းအရာမှာ "ဝပ်တွားနေသောကျား ပုန်းကွယ်နေသောနဂါး"ရုပ်ရှင်က ရုပ်ရှင်ဝင်ငွေကို အံ့မခန်းစံချိန်တစ်ခု ဖန်တီးလိုက်ပြီ။ သန်းခေါင်ယံအရောင်းစံချိန်က သန်းနှစ်ကျော်သွားခဲ့ပြီ"ဟုပင်။

ဒုတိယမြောက် ရေပန်းစားနေသော အကြောင်းအရာမှာ "ဒါရိုက်တာယဲ့ချန်းက ရုပ်ရှင်ဝင်ငွေသန်းနှစ်ဆယ်နှင့် သံသယစကားသံများကို အသံတိတ်သွားစေခဲ့ပြီး အရောင်းစံချိန်ကို ချိုးဖျက်နိုင်ဖို့ မျှော်လင့်ရသည်"ဟုပင်။

တတိယမြောက်ခေါင်းစဉ်ကား "ဒါရိုက်တာယဲ့၏ စူးရှလှသောအမြင်၊ အစ်ကိုဖာ၏ ပေါက်ကွဲအားပြင်းသည့် သရုပ်ဆောင်ချက်"ဟုပင်။

"ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး" ရုပ်ရှင်ဟာ ရုံတင်လိုက်သည်နှင့်တစ်ပြိုင်နက် ဟွားနိုင်ငံ၏ရုပ်ရှင်ဈေးကွက်ကို အကြီးအကျယ် လှုပ်ခတ်သွားစေခဲ့သည်။

••••••••••••••••••••••••••

အပိုင်း ၅၇၂ - ဖျော်ဖြေရေးလောကက သိပ်ရှုပ်ထွေးလွန်းတယ်

ယဲ့ချန်း အင်တာနက်ပေါ်တက်ပြီး သုန်းပန်ရှိ အဆင့်သတ်မှတ်ချက်များကို ကြည့်လိုက်သည်။

ဇာတ်ကား၏ အဆင့်သတ်မှတ်ချက်က ၈.၈အထိပင် ရောက်နေခဲ့သည်။

ယခုနှစ်ထဲထွက်ခဲ့သမျှ ဇာတ်ကားများထဲတွင် ဤအဆင့်သတ်မှတ်ချက်က အမြင့်ဆုံးဟုပင် ရဲရဲကြီးပြော၍ရနိုင်သည်။

ယခုနှစ်ထဲတွင် ဟွားနိုင်ငံ၏ ဇာတ်ကားများက အားနည်းနေခဲ့လေရာ အများစုက အရှုံးပေါ်ပြီး ၇မှတ်ရဖို့ပင် အလွန်ခက်ခဲလှသည်။

ရှစ်မှတ်အထက်ရသော ဇာတ်ကားအများစုကလည်း နိုင်ငံခြားက တင်သွင်းလာသည့် ဇာတ်လမ်းများချည်းသာ ဖြစ်၏။

"ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး"ဇာတ်လမ်းအတွက်မူ ဇာတ်လမ်းသွားရော သရုပ်ဆောင်များ၏ သရုပ်ဆောင်ချက်များအပြင် အထူးပြုလုပ်ချက်များကပါ ဟွားနိုင်ငံအတွက် ဂန္တဝင်မြောက်လက်ရာများ ဖြစ်ခဲ့သည်။

ယခုလို အဆင့်သတ်မှတ်ချက်မျိုး ရရှိခြင်းမှာ ချီးကျူးထိုက်ပေသည်။

သို့သော် ယခင်ကလို ယွီလုံကျောင်း နောက်ဆုံးတွင် ချောက်ကမ်းပါးပေါ်က ခုန်ချသွားရသည့် အကြောင်းအရင်းကတော့ အပြင်းအထန် ငြင်းခုံဆွေးနွေးစရာ ကိစ္စတစ်ရပ် ဖြစ်နေဆဲပင်။

ပရော်ဖက်ရှင်နယ် ရုပ်ရှင်ဝေဖန်ရေးသမား တချို့ပင် ဤအရာကို သေချာခွဲခြမ်းစိတ်ဖြာခဲ့ကြသည်။

ထိုသို့ အသေးစိတ်ခွဲခြမ်းစိတ်ဖြာချက်များကို ယဲ့ချန်းပင် သဘောကျသွားရသည်။

လူတော်တော်များများက ဒါရိုက်တာယဲ့ချန်းကိုပါ တွဲ၍ပို့စ်တင်ခဲ့ကြသည်။

သို့သော် ယဲ့ချန်းကမူ ဘာမှပြန်မဖြေခဲ့သလို ဆွေးနွေးမှုများတွင်လည်း ဝင်မပါခဲ့ချေ။

ရိုးရိုးသားသားပြောရလျှင် ယဲ့ချန်းကိုယ်တိုင်ပင် အကြောင်းအရင်းကို မသိပါချေ။

ကျိုးဖာ၏ သရုပ်ဆောင်စွမ်းရည်ကလည်း ဆွေးနွေးစရာ ခေါင်းစဉ်တစ်ခု ဖြစ်လာခဲ့သည်။

ကျိုးဖာသည် ဤဇာတ်ကားတွင် အမြဲတမ်း အငြင်းပွားစရာ အချက်တစ်ခု ဖြစ်နေခဲ့သည်။

အကြောင်းမှာ ဇာတ်ပို့ဇာတ်ရံတစ်ယောက်ကို ဇာတ်ဆောင်နေရာတွင် သရုပ်ဆောင်ခိုင်းခြင်းမှာ ဟွားနိုင်ငံ၏ ရုပ်ရှင်သမိုင်း၌ ရှားပါးလွန်းသောကြောင့်ပင်။

သို့သော် မထင်မှတ်ထားသောလူက အံ့ဖွယ်ဖြစ်ရပ်တစ်ခုကို ဖန်တီးသွားခဲ့သည်။

သူ့သရုပ်ဆောင်ချက်က ယဲ့ချန်းကို စိတ်ပျက်မသွားစေခဲ့သည့်အပြင် သူ့ကို သံသယဝင်နေသူများကိုလည်း ပါးဖြတ်ရိုက်လိုက်သလို ဖြစ်သွားသည်။

မူလက ဖော်လိုဝါတစ်ရာပင် မပြည့်ခဲ့သော သူ့ဝေးပေါ်အကောင့်သစ်မှာ ယခုဆိုလျှင် ဖော်လိုဝါရှစ်သိန်းရှစ်သောင်းအထိ ရောက်လာသည်ကို ကြည့်ခြင်းအားဖြင့် ကျိုးဖာ တစ်ဟုန်ထိုး နာမည်ကြီးလာပြီဖြစ်ကြောင်း မြင်နိုင်ပေသည်။

ဤအရေအတွက်ကလည်း အလျင်အမြန် တိုးပွားနေခြင်းပင်။

တစ်နည်းအားဖြင့်ပြောရလျှင် တစ်သန်းပြည့်ဖို့ဆိုသည်မှာ အနှေးနှင့်အမြန်သာ လိုတော့သည်။

ကျိုးဖာ၏ ဝေးပေါ်မှာ ဘာမှအသစ်တင်မထားကြောင်း တွေ့လိုက်ရသဖြင့် ယဲ့ချန်းလည်း သူ့ဆီ ဖုန်းဆက်လိုက်သည်။

"လောင်ကျိုး.. ခင်ဗျား​ ဝေးပေါ်ပို့စ်တစ်ခုလောက် တင်သင့်တယ်နော်"

ထိုအချိန်မှာ ကျိုးဖာခမျာ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။

အထူးသဖြင့် သူ့သရုပ်ဆောင်ချက်ကို လူအများကြီးက အသိအမှတ်ပြုပေးကြလိမ့်မည်ဟု သူကိုယ်တိုင်ပင် မထင်မှတ်ထားခဲ့ပေ။

ယခင်က ကျိုးဖာသည် ​ဝေးပေါ်မှာ စာဖတ်ရုံသာဖတ်ပြီး သေချာမသုံးတတ်သောကြောင့် မေးလိုက်သည်။

"သူဌေး.. ကျွန်တော် ဘာတင်ရမလဲ"

ယဲ့ချန်းလည်း ခဏမျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်၏။

"အားလုံးရဲ့ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ပိုကောင်းတဲ့ ဇာတ်ကောင်နေရာတွေမှာ သရုပ်ဆောင်နိုင်ဖို့ ကျွန်တော် ပိုကြိုးစားပါ့မယ်လို့သာ တင်လိုက်"

မိနစ်အနည်းငယ်ကြာသော် ကျိုးဖာ၏ ဝေးပေါ်အကောင့်တွင် ပို့စ်အသစ်တစ်ခု တက်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ကျိုးဖာ၏ ဝေးပေါ်ပို့စ်က ရေပန်းအစားဆုံးစာရင်း၏ ထိပ်တန်းဆယ်ခုစာရင်းထဲကို ရောက်သွားချေသည်။

ယဲ့ချန်းကလည်း ကျိုးဖာ၏ ဝေးပေါ်ပို့စ်ကို ပြန်မျှဝေပေးခဲ့သည်။

"လောင်ကျိုးရဲ့ သရုပ်ဆောင်ချက်က အံ့မခန်းပါပဲဗျာ။ ခင်ဗျားရဲ့ ကြိုးစားအားထုတ်မှုတွေက ခင်ဗျားဟာ ရတနာတစ်ပါးဆိုတာကို သက်သေပြလိုက်တာပါပဲ။ ဆက်ကြိုးစားပါ"

မကြာခင်မှာပင် ကျိုးဖာ၏ ဝေးပေါ်ပို့စ်ဟာ ရေပန်းအစားဆုံးစာရင်း၏ ထိပ်ဆုံးသုံးခုအထိ တက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် လျိုဟွာကလည်း ဇာတ်ကားထဲရှိ ပြောင်မြောက်လှသော သူ့သရုပ်ဆောင်ချက်များကတစ်ဆင့် လူတိုင်းကို သူ့သရုပ်ဆောင်စွမ်းရည်များအကြောင်း အသစ်တစ်ဖန် ပြန်လည်အသိအမှတ်ပြုလာစေသည်။

သုန်းရှောင်ယာကတော့ ဝေးပေါ်၏ ရှာဖွေမှုအများဆုံးစာရင်းမှာ နံပါတ်တစ်နေရာကို ရောက်လာခဲ့သည်။

သုန်းရှောင်ယာက "မနက်ခင်းမှာ နိုးထလာပြီး နေထွက်တာကို ကြည့်ရတဲ့ ခံစားချက်က အရမ်းကောင်းတာပဲ။ နောက်ထပ် လှပတဲ့နေ့လေးတစ်နေ့ပါပဲ"ဟူသော ခေါင်းစဉ်နှင့် ပို့စ်တစ်ခု တင်ခဲ့သည်။

ထို့ပြင် နေထွက်ရာဘက်ကို မျက်နှာမူထားသည့် အရမ်းလှ​သော ဓာတ်ပုံတစ်ပုံကိုလည်း တွဲတင်ထားသည်။

သုန်းရှောင်ယာက လူအများကြီး၏ ရင်ထဲက နတ်ဘုရားမလေးဖြစ်ပြီး ယခုတစ်ခေါက် စိန်ခေါ်မှုများသော ဇာတ်ကောင်နေရာက သရုပ်ဆောင်လိုက်ခြင်းမှာ ပြီးခဲ့သည့်တစ်ခေါက် ပြဿနာဖြစ်ပြီးကတည်းက ကျဆင်းနေသော သူ(မ)​၏ နာမည်ကျော်ကြားမှုကို ပြန်လည်အသက်သွင်းနိုင်ခဲ့သည်။

ထိုအချိန်တွင် မကျေမနပ်အဖြစ်ဆုံးလူကတော့ ဝူကဲပင်။ အကြောင်းမှာ သူတို့ကုမ္ပဏီက ထွက်သွားသည့် အနုပညာရှင်အားလုံးက အလွန်နာမည်ကြီးလာကြသောကြောင့်ပင်။

ထို့ပြင် "ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး"ရုပ်ရှင်နှင့် တစ်ချိန်တည်းရုံတင်ပြသခဲ့သော သူတို့၏ဇာတ်ကားလည်း လုံးဝအရှုံးပေါ်သွားခဲ့သည်။

ထို့ပြင် ဤသည်မှာ သူတို့ပြဿနာများ၏ အစသာ ရှိသေးသည်။ ကုမ္ပဏီရှိ အနုပညာရှင်များက စာချုပ်ပြောင်းချင်ကြောင်း ခဏခဏတောင်းဆိုနေကြပြီး သူတို့သွားချင်သည့် နေရာကလည်း စတားရုပ်ရှင်နှင့်ရုပ်သံကုမ္ပဏီ ဖြစ်နေသည်။

သူ့အတွက် အစိတ်ပျက်ရဆုံးအပိုင်းကတော့ ဤကိစ္စများကို ဖြေရှင်းရန် ဘာနည်းလမ်းမှ မရှိခြင်းပင်။

မွန်းတည့်ချိန်တွင်မူ ယဲ့ချန်း နောက်ထပ် သတင်းကောင်းတစ်ခု ကြားလိုက်ရသည်။

"ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး"၏ ပြည်ပရုံဝင်ငွေရလဒ်များ ထွက်လာလေပြီ။

ရှေးဟောင်းအရှေ့တိုင်းယဉ်ကျေးမှုနှင့် ပတ်သက်၍ နိုင်ငံခြားသားအများစုက လျှို့ဝှက်ဆန်းကြယ်သည်ဟု ခံစားနေကြသည်။

ထို့ကြောင့် ဤဇာတ်အိမ်မျိုး ထွက်လာသည်နှင့် နိုင်ငံခြားရုပ်ရှင်ပရိသတ်များ၏ အာရုံစိုက်မှုကို ချက်ချင်းဖမ်းစားနိုင်ခဲ့သည်။

လျှို့ဝှက်ဆန်းကြယ်သော အရှေ့တိုင်းကွန်ဖူးနှင့် အံ့မခန်းအထူးပြုလုပ်ချက်များက နိုင်ငံခြားပရိသတ်များကို ရင်ခုန်စိတ်လှုပ်ရှားသွားစေခဲ့သည်။

ယဲ့ချန်း တက္ကစီမောင်းနေခိုက် လင်းဝမ်ယိုဆီက ဖုန်းဝင်လာသည်။

"ဘာကိစ္စရှိလို့လဲ"

ယဲ့ချန်းက မေးလိုက်သည်။

"သခင်လေး.. အမ်နိုင်ငံ ရုပ်ရှင်ရုံတွေကနေ ရုံဝင်ငွေစာရင်း ထွက်လာပါပြီ။ ကျွန်မတို့ဇာတ်ကားက နံပါတ်တစ်နေရာမှာပါ"

ဟွားနိုင်ငံ၏ ရုပ်ရှင်သမိုင်းမှာ ဤကဲ့သို့သော အောင်မြင်မှုမျိုး တစ်ခါမှမကြုံဖူးသေးသောကြောင့် လင်းဝမ်ယို၏ အသံက နည်းနည်းစိတ်လှုပ်ရှားနေချေသည်။

"ဘယ်လောက်ရလဲ"

ယဲ့ချန်းကတော့ မအံ့သြပါချေ။

ရုပ်ရှင်၏ အရှေ့တိုင်းဇာတ်အိမ်ကြောင့်ဖြစ်စေ၊ ယဲ့ချန်း၏ အထူးပြုလုပ်ချက်များကြောင့်ဖြစ်စေ ဤသို့သောအံ့ဖွယ်မျိုးဖြစ်ပေါ်လာခြင်းမှာ မဆန်းပါချေ။

လင်းဝမ်ယိုက စိတ်လှုပ်ရှားစွာ ဆိုလေသည်။

"ကျွန်မတို့ရဲ့ ရုံတင်ငွေက သုံးဆယ့်ရှစ်သန်းပါ။ အမ်နိုင်ငံသုံးငွေကြေးနဲ့နော်"

ဤအောင်မြင်မှုမှာ အမ်နိုင်ငံ။ ရုပ်ရှင်သမိုင်းမှာ ထိပ်တန်းဆယ်ခုစာရင်းထဲပင် ဝင်နိုင်သည်။

ယဲ့ချန်းလည်း ခေါင်းတညိတ်ညိတ်လုပ်လိုက်၏။

"အင်း.. အောင်မြင်မှုက တော်တော်အခြေအနေကောင်းသားပဲ"

လင်းဝမ်ယို ဆွံ့အသွားသည်။ ဤသို့သောအောင်မြင်မှုမျိုးက ပေါက်ကွဲထွက်လောက်သည့် အောင်မြင်မှုဟု သတ်မှတ်ရပေမည်။ ဘယ်လိုလုပ်ပြီး 'တော်တော်အခြေအနေကောင်းသားပဲ'ဟု သုံးနှုန်းနိုင်ရလေသလဲ။

"သခင်လေး.. သခင်လေးရဲ့တုံ့ပြန်ပုံက အရမ်းတည်ငြိမ်လွန်းတယ်နော်"

ယဲ့ချန်း ပြုံးလိုက်မိသည်။

"ဒီအောင်မြင်မှုက အောင်မှတ်ရရုံလောက်ပါပဲ"

ယဲ့ချန်း၏ကြွားလုံးကို ကြားသောအခါ လင်းဝမ်ယို ဘာပြောရမှန်းပင် မသိတော့ပေ။

လင်းဝမ်ယို ဆက်ပြောလိုက်သည်။

"သခင်လေး.. မနက်ဖြန် မိုတုမြို့ရုပ်သံလိုင်းမှာ အင်တာဗျူးတစ်ခုရှိတယ်။ တက်ချင်လား"

"အင်း.. ရပါတယ်"

ယဲ့ချန်းလည်း လင်းဝမ်ယိုနှင့် ခဏမျှ စကားဆက်ပြောပြီးမှ ဖုန်းချလိုက်သည်။

ကျန်အရာအားလုံးက ဒုတိယဦးစားပေးသာ။ ယဲ့ချန်းအတွက်တော့ တက္ကစီမောင်းခြင်းကသာ အဓိကအလုပ်ဖြစ်၏။

ဤအချိန်အတောအတွင်း ယဲ့ချန်း နောက်ထပ် ဇာတ်ညွှန်းတချို့ ထပ်ရေးခဲ့ပြီး သူ့လက်အောက်ရှိ အနုပညာရှင်များကို ခွဲဝေပေးခဲ့သည်။

ဖျော်ဖြေရေးလောကတွင် ဖွံ့ဖြိုးတိုးတက်ချင်သောကြောင့် ယဲ့ချန်းက သူ့ကုမ္ပဏီ ပိုအားကောင်းလာစေဖို့အတွက် သူ့အနုပညာရှင်များကို မြေတောင်မြှောက်ပေးရပေမည်။

ထိုအချိန်မှာပင် ယဲ့ချန်းဆီသို့ နောက်ထပ်ဖုန်းတစ်ကောလ် ဝင်လာခဲ့သည်။

ခေါ်ဆိုသူကား ယန်းမီမီ ဖြစ်၏။

"ယဲ့ချန်း.. ကျွန်မ အရင်ကုမ္ပဏီနဲ့ အဆင်မပြေလို့ ထွက်လာခဲ့ပြီ။ ကျွန်မကို လက်ခံနိုင်မလား"

ဖြစ်ပုံကား ယန်းမီမီကလည်း သူ(မ)၏ ဖျော်ဖြေရေးကုမ္ပဏီကို သိပ်သဘောမကျပေ။

ယန်းမီမီက သရုပ်ဆောင်အလုပ်ကိုသာ သေချာလုပ်ချင်သော်ငြား ကုမ္ပဏီကတော့ သူ(မ)ကို မရေမတွက်နိုင်သော ကြော်ငြာများ၊ ဖျော်ဖြေရေးအစီအစဉ်များချည်းသာ အချိန်ဇယားဆွဲပေးနေသည်။

ထို့ကြောင့် သူ(မ)မှာ တစ်နှစ်နေ၍ပင် ဇာတ်ကားတစ်ကား ရိုက်ခွင့်မရချေ။

နောက်ဆုံးတော့ ယန်းမီမီလည်း သည်းမခံနိုင်တော့ဘဲ ကုမ္ပဏီနှင့် လမ်းခွဲခဲ့သည်။

တစ်ယောက်တည်း လွတ်လွတ်လပ်လပ် ဖြစ်သွားပြီးနောက်မှာမူ သုန်းရှောင်ယာနှင့် သူငယ်ချင်းဖြစ်သည့် ယန်းမီမီဟာ သုန်းရှောင်ယာ၏ တိုက်တွန်းမှုကြောင့် ယဲ့ချန်းကို လာရှာခြင်းပင်။

ယန်းမီမီက သူ့ကုမ္ပဏီကို လာချင်သည်ဟူသောစကားကို ကြားရသည့်အတွက် ယဲ့ချန်း ဝမ်းသာသွားသည်။

"မင်းလာချင်တယ်ဆိုတော့လည်း ကြိုဆိုတာပေါ့"

ယန်းမီမီ ရောက်လာသဖြင့် ယဲ့ချန်းအတွက် ရွေးချယ်စရာ ပိုများသွားသည်။ သူ့ပထမဆုံးအတွေးက တီဗွီဇာတ်လမ်းတွဲတစ်ခု ရိုက်ကူးရန်ပင်။

ယခုတစ်ခေါက် ယဲ့ချန်းက ယန်းမီမီနှင့် သုန်းရှောင်ယာတို့ကို ခေါင်းဆောင်တင်ပြီး ဇာတ်လမ်းတွဲတစ်ခု ရိုက်ကူးရန် စီစဉ်လိုက်သည်။

ဤတီဗွီဇာတ်လမ်းတွဲက ယခင်ဘဝတုန်းက အလွန်နာမည်ကြီးခဲ့သော "နန်းကျနှလုံးသား"ဖြစ်မည်ဟု ယဲ့ချန်း ဆုံးဖြတ်ထားပြီးသားပင်။

ဤတီဗွီဇာတ်လမ်းတွဲမှာ အစကတည်းက အံ့မခန်းအဆင့်သတ်မှတ်ချက်များကို ဖန်တီးနိုင်ခဲ့ပြီး ခေါင်းဆောင်မင်းသမီးနှစ်ယောက်ကိုလည်း အလွန်နာမည်ကြီးသွားစေခဲ့သည်။

ယဲ့ချန်းက သူတို့၏ နာမည်ကျော်ကြားမှုကို နောက်တစ်ဆင့် တက်သွားစေဖို့အတွက် ဤဇာတ်လမ်းတွဲကို အသုံးချရန် ဆုံးဖြတ်လိုက်သည်။

ဤခေါင်းဆောင်မင်းသမီးနှစ်ယောက်အပြင် လျိုဟွား၊ ကျိုးဖာတို့နှင့်အတူ ယဲ့ချန်းက ဖျော်ဖြေရေးလောကတွင် အံ့မခန်းလောက်သော အောင်မြင်မှုများကို ရယူနေတော့သည်။

ထိုအချိန်မှာပင် ယဲ့ချန်း နောက်ထပ်သတင်းတစ်ပုဒ်ကို မြင်လိုက်ရသည်။

လုရှောင်ဟန်ခမျာ ရုပ်ရှင်ရိုက်ရင်း လက်ကို ထိခိုက်ဒဏ်ရာရသွားသဖြင့် အရေးပေါ်ကုသမှုခံယူရန် ဆေးရုံသွားခဲ့ရသည်။

ဤသတင်းက အင်တာနက်အသုံးပြုသူများအကြား အပြင်းအထန် ငြင်းခုံဆွေးနွေးစရာ ဖြစ်သွားခဲ့သည်။

"ဟားဟား.. ရယ်ရတယ်နော်။ လက်လေး နည်းနည်းထိသွားတာကို ဆေးရုံတောင် သွားရတယ်တဲ့"

"ဒီနေ့ခေတ်မင်းသားသစ်လေးတွေက ဒီလောက်တောင် နုနယ်ကြတာလား"

"ဆေးရုံသွားချင်ရင် မြန်မြန်သွားမှနော်။ မဟုတ်ရင် ဒဏ်ရာက ပျောက်သွားဦးမယ်"

"ဟူး.. ဒီလိုမှမဟုတ်ရင်လည်း ငါတို့ အခုခေတ်ရုပ်ရှင်တွေ ကြည့်လို့တောင် ရမှာမဟုတ်ဘူး။ ဒီမင်းသားသစ်လေးတွေက အရမ်းနုနယ်လွန်းတယ်"

မူလက သာမန်သတင်းလေးတစ်ပုဒ်ဖြစ်သော်ငြား ရုတ်တရက်ဆိုသလိုပင် လုရှောင်ဟန်ခမျာ ဝေဖန်မှုလှိုင်းလုံးကြီးထဲသို့ ရောက်သွားချေသည်။

နုနယ်လွန်းသည်ဟူသောစကားများ၊ မာနကြီးလွန်းသည်ဟူသော စွပ်စွဲချက်များက မရပ်မနား ထွက်ပေါ်လာခဲ့သည်။

ယဲ့ချန်း ဤသတင်းကိုမြင်သော် ပြုံးရုံသာ ပြုံးလိုက်မိသည်။ ယခင်ဘဝတုန်းကလည်း ဒယခုလိုဖြစ်ခဲ့ဖူးသည်။ ယဲ့ချန်းကတော့ ဤကိစ္စမှာ မီဒီယာများက ပြဿနာရှာပြီး ပုံကြီးချဲ့နေသည်ဟုသာ ယုံကြည်ထားသည်။

ဆေးရုံသွားသည်ဆိုခြင်းမှာ လုရှောင်ဟန်က သွားချင်လွန်း၍ သွားတာမျိုး မဟုတ်ပါချေ။ မီဒီယာများက သတင်းကို ပုံကြီးချဲ့ရေးသားလိုက်ကြခြင်းသာ ဖြစ်သည်။

ဖျော်ဖြေရေးလောကကြီးက ရှုပ်ထွေးလွန်းလှသည်။

••••••••••••••••••••••••••

အပိုင်း ၅၇၃ : ငါ ဘာလုပ်သင့်သလဲ

ညနေပိုင်းတွင် မီဒီယာမျိုးစုံက "ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး"၏ ပြည်ပရုံဝင်ငွေအကြောင်း စတင်ဖော်ပြလာကြသည်။

ရုံဝင်ငွေက ဒေါ်လာ၃၈သန်းအထိ ရောက်သွားသောအခါ ဟွားနိုင်ငံတစ်နိုင်ငံလုံး အံ့သြမှင်တက်သွားကြသည်။

ဟွားနိုင်ငံရှိ ရုပ်ရှင်များမှာ ပြည်ပဈေးကွက်တွင် တစ်ခါမှ အောင်မြင်မှုမရခဲ့ဖူးပေ။

အခြေခံအားဖြင့် သူတို့သည် ကျရှုံးဖို့ သေချာနေပြီး အောက်ဆုံးအဆင့်မှာသာ ရှိနေချေသည်။

သို့သော် ဤစံချိန်က ဟွားနိုင်ငံ၏ ပြည်ပရုံဝင်ငွေစံချိန်ကို ချိုးဖျက်နိုင်ခဲ့ရုံသာမက ပထမဆုံးရက်မှာပင် ကမ္ဘာ့ရုပ်ရှင်ရုံဝင်ငွေစာရင်း၏ ထိပ်တန်းဆယ်ခုစာရင်းထဲသို့ ဝင်ရောက်နိုင်ခဲ့သည်။

ထိုအချိန်မှာပင် ဟွားနိုင်ငံတစ်နိုင်ငံလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားလေသည်။

လူတိုင်းက ဤရုပ်ရှင်ကြည့်ရသည်ကို သဘောကျခဲ့ကြသော်လည်း ဤမျှအထိ ကြီးမားလှသော အောင်မြင်မှုမျိုး ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြချေ။

"ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး"ရုပ်ရှင်မှာ အမ်နိုင်ငံတွင် ပထမဆုံးရက် ရုံဝင်ငွေအများဆုံးချန်ပီယံဖြစ်လာ"

"ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး"ရုပ်ရှင်ဟာ ပြည်ပမှာ အောင်မြင်မှုခြေလှမ်းစတင်"

"ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါးရုပ်ရှင်ဟာ ပြည်ပမှာ ဟွားနိုင်ငံအတွက် အံ့ဖွယ်ရုံဝင်ငွေပမာဏတစ်ခုကို ဖန်တီးပေးခဲ့"

…

ဖျော်ဖြေရေးကဏ္ဍမျိုးစုံက ဤရုပ်ရှင်အကြောင်း အရူးအမူး ဖော်ပြခဲ့ကြသည်။

တစ်ချိန်က "ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး"ရုပ်ရှင်ကို သံသယဝင်ခဲ့ကြသည့် ကျွမ်းကျင်သူများမှာ မှားယွင်းကြောင်း ပြတ်ပြတ်သားသား သက်သေပြခံလိုက်ရသည်။

နောက်တစ်နေ့မှာတော့ "ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး"ရုပ်ရှင်၏ ပထမဆုံးရက် ရုံဝင်ငွေစာရင်းပြုစုခြင်း ပြီးစီးသွားခဲ့ပြီး စုစုပေါင်း သန်း၁၂၀ ရရှိခဲ့သည်။

ဤရုပ်ရှင်က လတ်တလောနှစ်တွေအတွင်း တရုတ်ဘာသာစကားပြော ရုပ်ရှင်ရုံဝင်ငွေများထဲတွင် အမြင့်ဆုံးစံချိန်သစ်တစ်ခုကို ဖန်တီးနိုင်ခဲ့လေရာ အေးခဲနေသော ရုပ်ရှင်ဈေးကွက်ကြီးအတွက် အားဆေးတစ်ခွက်လို ဖြစ်ခဲ့ရသည်။

ဤရုပ်ရှင်က ရုပ်ရှင်လောကရှိ ပရော်ဖက်ရှင်နယ် အများအပြားကိုပင် မျက်စိကျိန်းသွားစေသည်။

သူတို့လည်း သိုင်းကားအမျိုးအစား ရုပ်ရှင်များကို ရိုက်ကူးခဲ့ကြသော်ငြား ဘယ်ကားမှ မအောင်မြင်ခဲ့ပါဘဲ ကျရှုံးမှုနှင့်သာ အဆုံးသတ်ခဲ့ရသည်။

ကျိုးဖာက ဇာတ်ပို့ဇာတ်ရံတစ်ယောက်ဘဝကတစ်ဆင့် ဤရုပ်ရှင်ကြောင့် ပြောင်မြောက်လှသော သရုပ်ဆောင်စွမ်းရည်ရှိသည့် ကြယ်ပွင့်တစ်ပွင့်အဖြစ် ခုန်တက်သွားနိုင်ခဲ့သည်။

သုန်းရှောင်ယာကလည်း ဤရုပ်ရှင်ကတစ်ဆင့် သူ(မ)၏ နာမည်ကျော်ကြားမှုကို ပြန်လည်ရရှိခဲ့သည်။

ထို့ပြင် လျိုဟွာကလည်း ရုပ်ရှင်ထဲရှိ ထူးချွန်လှသော သရုပ်ဆောင်ချက်နှင့်အတူ ရုပ်ရှင်လောကထဲရှိ သူ့နေရာကို ပိုမိုခိုင်မာသွားစေခဲ့သည်။

ကျိုးဖာ၊ သုန်းရှောင်ယာနှင့် လျိုဟွားတို့သည် ယခင်ကထက်စာလျှင် အနုပညာရှင်အဆင့်သတ်မှတ်ချက်စာရင်း၌ တိုးတက်မှုအသီးသီး ရရှိခဲ့ကြသည်။

စတားဖျော်ဖြေရေးကုမ္ပဏီက သုန်းရှောင်ယာနှင့် လျိုဟွားတို့ တစ်ဟုန်ထိုးနာမည်ကြီးလာသည်နှင့်အမျှ နတ်တေးသံလုပ်ငန်းစုရှိ ကြယ်ပွင့်အချို့လည်း ဂနာမငြိမ်ဖြစ်လာကြသည်။

ရုပ်ရှင်တော်တော်များများ အရှုံးပေါ်ခဲ့သောကြောင့် နတ်တေးသံလုပ်ငန်းစုက လစာများကို လျှော့ချခဲ့ရသည်။

ထို့ကြောင့် ကုမ္ပဏီက ကြယ်ပွင့်များအကြား မကျေနပ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

အနုပညာရှင်များက ထွက်သွားရန်သာ အမြဲအခွင့်အရေးရှာနေခဲ့ကြသည်။

ထို့ပြင် သူတို့၏ပစ်မှတ်က စတားကုမ္ပဏီ ဖြစ်နေပေသည်။

အစကတည်းက နတ်တေးသံလုပ်ငန်းစုမှာ အခြေအနေကျဆင်းနေခဲ့သည်။

အဆုံးတွင်မူ အနုပညာရှင်အများစု ထွက်သွားကြသောကြောင့် စတော့ရှယ်ယာဈေးနှုန်းများလည်း ထိုးကျသွားခဲ့ရသည်။

မကြာသေးခင်ကမှ စတင်တည်ထောင်ထားသော စတားဖျော်ဖြေရေးကုမ္ပဏီလေး၏ အနိုင်ပိုင်းခြင်းကို ခံရလိမ့်မည်ဟု ဝူကော အိပ်မက်ပင် မမက်ဖူးခဲ့ပါချေ။

"ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး"ရုပ်ရှင်၏ ပထမဆုံးရက်ရောင်းအားနှင့်အတူ အင်တာနက်ပေါ်တွင် တစ်ဆင့်စကားတစ်ဆင့်နားဖြင့် သတင်းပြန့်သွားလေရာ ရုပ်ရှင်ပြသသည့် ပြသချိန်အားလုံးနီးပါး ရုံပြည့်ရုံလျှံဖြစ်နေခဲ့သည်။

ရုပ်ရှင်ရုံတော်တော်များများက "ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး"ရုပ်ရှင်အတွက် သီးသန့်ပြသချိန်များကိုပင် တိုးမြှင့်ပြသခဲ့ရသည်။

ဤရက်ပိုင်းအတွင်း ယဲ့ချန်း၏ဝေး​ပေါ်ကား ပေါက်ကွဲမတတ် ဖြစ်နေခဲ့သည်။

တချို့လူများက ယဲ့ချန်း၏အရည်အချင်းကို ချီးကျူးကြပြီး သူ့ရုပ်ရှင်ကို ကောင်းသည်ဟုဆိုကာ လိုက်ခ်ပေးခဲ့ကြသည်။

သို့သော် လူအများစုကတော့ ယွီကျောင်းလုံ ဘာကြောင့် ချောက်ကမ်းပါးပေါ်က ခုန်ချသွားခဲ့သလဲဆိုသည်ကို မေးနေကြသည်။

ဤရက်ပိုင်း ယဲ့ချန်းကို ဤမေးခွန်းမေးထားသည့် သီးသန့်မက်ဆေ့ချ်များ တစ်နေ့ကို သောင်းနှင့်ချီ၍ ဝင်နေပေသည်။

ယဲ့ချန်းကတော့ လျှို့ဝှက်ဆန်းကြယ်သော ယေဘုယျအဖြေတစ်ခုကိုသာ ပေးခဲ့သည်။

"ဒီရုပ်ရှင်ကို တကယ်နားလည်သွားတဲ့အခါ ခင်ဗျားတို့ သဘောပေါက်သွားပါလိမ့်မယ်"

အစတုန်းက အကြောင်းအရင်းကို မသိခဲ့ကြသည့် လူအများအပြားမှာ ဒုတိယအကြိမ်၊ တတိယအကြိမ် ပြန်လည်ကြည့်ရှုကြလေတော့သည်။

ထိုအချိန်မှာပင် မြောက်အမေရိကတစ်ခုလုံး၏ ရုံဝင်ငွေစာရင်း ထွက်ပေါ်လာခဲ့ပြီး "ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး"ရုပ်ရှင်မှာ သန်း၂၈၀ရရှိခဲ့သည်။

တခြားနိုင်ငံများက စုစုပေါင်းသန်း၁၂၀ ရရှိခဲ့သည်။

နိုင်ငံခြားဝင်ငွေသီးသန့်ဖြင့် ကြည့်မည်ဆိုလျှင် "ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး"ရုပ်ရှင်ဟာ ရုံဝင်ငွေ ယွမ်၁.၈ဘီလီယံ ရရှိခဲ့ပြီဖြစ်၏။

လူအထင်သေးခံခဲ့ရသည့် ဤရုပ်ရှင်က ဤမျှအထိ ရောင်းအားကောင်းလိမ့်မည်ဟု မည်သူကမှ မမျှော်လင့်ထားခဲ့ကြပေ။

…

စတားတက္ကသိုလ်၏ စက်မှုဓာတ်ခွဲခန်းထဲမှာတော့...

ထိုအချိန်မှာ ဧရာမစက်ရုပ်ကြီးတစ်ခုက ဓာတ်ခွဲခန်းထဲဝယ် မတ်မတ်ရပ်နေလေသည်။

စက်ရုပ်ကြီးတစ်ခုလုံးမှာ ယခင်ကနှင့်မတူဘဲ ကြီးမားလှသော အပြောင်းအလဲများ ပြုလုပ်ထားသည်။

အထူးသဖြင့် စိတ်ကူးအကြံဉာဏ်သစ်များ ရလာသောကြောင့် တစ်ဖွဲ့လုံးက စက်ရုပ်ကြီးတွင် စက်ရုပ်လက်တံအသစ်တစ်ခုကို အစားထိုးတပ်ဆင်လိုက်ကြသည်။

ဤလက်တံက ယခင်ကထက်ပိုပြီး ပြောင်းလွယ်ပြင်လွယ်ရှိသလို ပိုပြီးတော့လည်း စွမ်းအားကြီးမားသည်။

ယခုဆိုလျှင် စက်ရုပ်ကြီးက နောက်ဆုံးအဆင့် အခက်အခဲများကို ကျော်လွှားပြီး စမ်းသပ်ထုတ်လုပ်ရမည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။

လူတိုင်းက နေ့မအားညမနား အလုပ်လုပ်နေကြသည်။

အစိတ်အပိုင်းတိုင်းကို လွဲချော်မှု တစ်စုံတစ်ရာ မရှိစေရန် သေချာလုပ်ဆောင်ရမည်ဖြစ်၏။

ယခုတလော ဝမ်မုန့်နှင့် လုဂန်တို့ဟာ ကျောင်းအုပ်ယဲ့၏ ရုံးခန်းကို မကြာခဏ သွားရောက်ခဲ့ကြသည်။

သူတို့ နားမလည်သည့် အပိုင်းများနှင့် ကြုံလာရတိုင်း သို့မဟုတ် ပရောဂျက်ပြီးစီးသွားတိုင်း အရည်အသွေးသေချာစေဖို့အတွက် ယဲ့ချန်းဆီမှာ လမ်းညွှန်မှုများ သွားတောင်းခံလေ့ရှိသည်။

အဆင့်မြှင့်တင်ပြီးနောက်တွင်မူ လက်ရှိ စက်ရုပ်ကြီးမှာ ယခင်ကပုံစံနှင့် လုံးဝကွာခြားသွားချေပြီ။

စက်ရုပ်ကြီး၏ မောင်းနှင်ခန်းက အဆင့်မြှင့်တင်ပြီးနောက် ယခင်ကထက်ပိုပြီး သက်သောင့်သက်သာ ရှိလာသည်။

ယခင်င်တုန်းက လုဂန်ခမျာ မောင်းနှင်ခန်းထဲတွင် ပူအိုက်မှုနှင့် စိတ်ဖိစီးမှုများကြောင့် သတိလစ်မတတ်ဖြစ်ခဲ့ရသည်။

ယခုမူ မောင်းနှင်ခန်းထဲမှာ လေအေးပေးစက် ပါလာပြီဖြစ်သောကြောင့် အပူချိန်ကလည်း သင့်တင့်မျှတနေလေပြီ။

အရေးအကြီးဆုံးအချက်ကတော့ ထိန်းချုပ်မှုစနစ်တစ်ခုလုံးသည် ယခင်ကနှင့်မတူတော့ပေ။ လက်နှင့် ထိန်းချုပ်ရခြင်းမျိုး မဟုတ်တော့ဘဲ ဉာဏ်ရည်တုအသံထိန်းချုပ်မှုစနစ်ကို အပြည့်အဝအသုံးပြုထားခြင်းပင်။

မောင်းနှင်မှုစနစ်တစ်ခုလုံးက အဆင့်အမြင့်ဆုံး အေအိုင်မောင်းနှင်မှုစနစ် ဖြစ်သည်။

လက်ရှိစက်ရုပ်ကြီးမှာ လူနှင့်စက်ရုပ် တစ်ထပ်တည်းကျလုနီးပါး လှုပ်ရှားနိုင်သည့် အဆင့်သို့ ရောက်သွားလေပြီ။

ယဲ့ချန်းလည်း ဓာတ်ခွဲခန်းထဲရှိ စက်ရုပ်ကြီးကို ကြည့်၍ သဘောကျနှစ်ခြိုက်စွာ ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။

ဤစက်ရုပ်ကြီးကို ယဲ့ချန်း အလွန်အားရကျေနပ်သည်။

ယဲ့ချန်း အကျေနပ်ဆုံးအရာမှာမူ ဤကျောင်းသားများ၏ စိတ်နေသဘောထားပင်။

ယဲ့ချန်းက စက်ရုပ်ကြီးတစ်ခုလုံး၏ ထုတ်လုပ်မှုအတွက် နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့များ ပေးခဲ့သော်ငြား အများစုကိုတော့ ဤကျောင်းသားများ၏ ဇွဲလုံ့လများနှင့် ကြိုးပမ်းအားထုတ်မှုကတစ်ဆင့် အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်းသာ။

ဤကျောင်းသားများမှာ ထူးချွန်ပြောင်မြောက်သော အရည်အချင်းများ ပိုင်ဆိုင်ထားပြီးသားဖြစ်၏။

ဤကျောင်းသားများ၏ စွမ်းရည်ဖြင့်သာဆိုလျှင် သူတို့ စတားတက္ကသိုလ်က ထွက်သွားခဲ့လျှင်ပင် ဟွားနိုင်ငံ၏ နယ်ပယ်အသီးသီးမှာ အဓိကမဏ္ဍိုင်များ ဖြစ်လာကြပြီး ဟွားနိုင်ငံ၏ တိုးတက်မြင့်မားရေးတွင် ပါဝင်ပံ့ပိုးပေးနိုင်ကြမည်မှာ သေချာသည်။

ဤသည်မှာ ယဲ့ချန်း စတားတက္ကသိုလ်ကို တည်ထောင်ခဲ့ရသည့် မူလရည်ရွယ်ချက်လည်း ဖြစ်သည်။

ယဲ့ချန်း စတားတက္ကသိုလ်ကို တည်ထောင်ရသည့် ရည်ရွယ်ချက်မှာ ကျောင်းသားတိုင်း၏ အိပ်မက်များကို တောင်ပံတပ်ပေးရန်ပင်။

အစတုန်းကတော့ ယဲ့ချန်းလည်း စိုးရိမ်မှုတချို့ ရှိခဲ့သည်။

အကြောင်းမှာ ဤပုံစံမျိုးကား ယခင်က လုံးဝမရှိခဲ့ဖူးသောကြောင့်ပင်။

သို့သော် ယခုကြည့်လိုက်တော့မှသာ ယဲ့ချန်း၏ပုံစံက အောင်မြင်နေပြီဖြစ်၏။

စတားတက္ကသိုလ်သာ ဤအရှိန်အဟုန်အတိုင်း ဆက်သွားနေမည်ဆိုလျှင် ဟွားနိုင်ငံ၏ ထူးချွန်ထက်မြက်သူများကို မွေးထုတ်ပေးရာနေရာတစ်ခု ဖြစ်လာလိမ့်မည်ဟု သူ ယုံကြည်ထားသည်။

"ကျောင်းအုပ်ယဲ့.. ရောက်လာပြီလား"

လုဂန်က ယဲ့ချန်းဆီသို့ ပြေးလာချိန်မှာ သူ့အတွေးများလည်း ပြတ်တောက်သွားသည်။

ယဲ့ချန်း ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။

ယခုဆိုလျှင် ယဲ့ချန်းနှင့် ဤကျောင်းသားများ၏ ဆက်ဆံရေးက အလွန်ရင်းနှီးနေပြီဖြစ်၏။

ယဲ့ချန်းက သူတို့၏ကျောင်းအုပ်ကြီးဖြစ်ရုံသာမက အစ်ကိုကြီးတစ်ယောက်၊ သူငယ်ချင်းတစ်ယောက်လိုပါ ဖြစ်နေပေသည်။

ဆက်ဆံရေးက အစတုန်းကလို ကန့်သတ်ချက်များ သိပ်မရှိတော့ပေ။

ယဲ့ချန်းက မေးလိုက်၏။

"စက်ရုပ်ရဲ့အပြီးသတ်လုပ်ငန်းစဉ်က ဘယ်လိုနေလဲ"

အပြင်ပန်းကြည့်ရုံမျှဖြင့် ယဲ့ချန်းသည် စက်ရုပ်ကြီးတစ်ခုလုံး၏ တိုးတက်မှုက မြန်ဆန်ကြောင်း မြင်နိုင်သည်။

သို့သော် နောက်ဆုံးအနေနှင့် စက်ရုပ်ကြီးတစ်ခုလုံး၏ တိုးတက်မှုကို အပြင်ပန်းကြည့်ရုံဖြင့် အတိအကျ မဆုံးဖြတ်နိုင်ချေ။

"အခုလောလောဆယ် ဒီဇိုင်းပိုင်းက ၈၀ရာခိုင်နှုန်း ပြီးစီးသွားပါပြီ။ ပြီးတော့ ကျွန်တော်တို့ နောက်ဆုံးအဆင့်တပ်ဆင်မှုနဲ့ ဒီဇိုင်းပိုင်းတွေကို ဆက်လုပ်နေဆဲပါ"

လုဂန်က ဆိုချေသည်။

"သြော်... ဒီကောင်ကြီးက အရမ်းကြီးလွန်းတော့ အစိတ်အပိုင်းတိုင်းကို တပ်ဆင်ရတာ တော်တော်အားစိုက်ထုတ်ရတယ်။ ကျွန်တော်တို့တစ်ဖွဲ့လုံး ဒီကောင်ကြီးကြောင့် သေမတတတ်ပင်ပန်းနေတာ"

ပါးစပ်ကသာ သေမတတ်ပင်ပန်းနေသည်ဟု ပြောနေသော်ငြား လုဂန်၏ မျက်လုံးထဲတွင်မူ စိတ်လှုပ်ရှားနေဟန် အရိပ်အယောင်များကို ယဲ့ချန်း မြင်နေရသည်။

အပြင်ဘက်တွင်မူ မိုးခြိမ်းသံကြီး ထွက်ပေါ်လာပြီးနောက် မိုးသည်းထန်စွာ ရွာသွန်းလေတော့သည်။

"ဒီနှစ် မိုးတော်တော်လေးရွာတယ်နော်"

ယဲ့ချန်း အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။

"ဟုတ်တယ်.. ကျွန်တော်တို့ဘက်မှာတောင် မိုးရွာနေတာ တစ်လကျော်ပြီလို့ ကြားတယ်"

ယဲ့ချန်း သက်ပြင်းချလိုက်မိသည်။

"ဒီလိုမိုးသည်းတာက တစ်နေရာရာမှာတော့ ပြဿနာတွေဖြစ်မှာ သေချာတယ်"

နှစ်စဉ်နှစ်တိုင်း သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းက ခက်ခဲလှသော အလုပ်တစ်ခုပင်။

အထူးသဖြင့် ဆိုးဆိုးဝါးဝါးထိခိုက်ခံစားရသည့် နေရာတချို့ဆိုလျှင် နှစ်စဉ် ကယ်ဆယ်ရေးလုပ်ငန်းစဉ်အတွင်း သေဆုံးဒဏ်ရာရမှုများ ရှိတတ်သည်။

ယဲ့ချန်း အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် တစ်ခုခုလုပ်မှဖြစ်မည်ဟု သဘောပေါက်လိုက်သည်။

ထို့နောက် ယဲ့ချန်း ဓာတ်ခွဲခန်းထဲသို့ ဝင်သွားလေသည်။

တစ်ညလုံး ကြာပြီးနောက် ယဲ့ချန်းက စက်ပစ္စည်းတစ်ခုကို ကိုင်ဆောင်လျက် ဓာတ်ခွဲခန်းထဲမှ ထွက်လာခဲ့သည်။

ဤစက်ပစ္စည်းက ခြေထောက်တွင် ဝတ်ဆင်ရသော အရာပင်။

ယဲ့ချန်းလည်း ထိုစက်ပစ္စည်းကို တပ်ဆင်ပြီး ကျောင်းရှိ လူလုပ်ရေကန်ဆီကို သွားလိုက်သည်။

ထိုအချိန်မှာ ကျောင်းသားတော်တော်များများကလည်း ယဲ့ချန်းတစ်ယောက် ထူးဆန်းသော စက်ပစ္စည်းကို ဝတ်ဆင်ထားကြောင်း မြင်သွားကြပြီး ကျောင်းအုပ်ယဲ့ ဘာလုပ်မလဲဆိုသည်ကို အလွန်သိချင်နေကြတော့သည်။

All Chapters