အခန်း (၅၇၄-၅၇၆)
Vol. 39 Ch. 574-576
အပိုင်း ၅၇၄ : အကျပ်အတည်းကာလ
ယဲ့ချန်းက စက်ပစ္စည်းကို တပ်ဆင်ပြီးနောက် ရေကန်မျက်နှာပြင်ဆီသို့ လျှောက်သွားလေသည်။
လူတိုင်းကို အံ့သြမှင်တက်သွားစေသည့် အရာမှာ ယဲ့ချန်းသည် ရေထဲသို့ နစ်မသွားဘဲ ရေကန်မျက်နှာပြင်ပေါ်တွင် လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနေခြင်းပင်။
ဤမြင်ကွင်းကိုမြင်သော် လူအုပ်ကြီးမှာ အံ့သြတကြီး အော်ဟစ်လိုက်ကြသည်။
အမလေး.. အံ့သြဖို့ကောင်းလိုက်တာ
ဤသည်မှာ ဒဏ္ဍာရီလာ ရေပေါ်လမ်းလျှောက်သည့် သိုင်းပညာနှင့် အတူတူပင်။
ယခုဆိုလျှင် နိုင်ငံတော်တော်များများမှာ အလားတူစက်ပစ္စည်းများကို တီထွင်နေကြလေပြီ။
သို့သော် သူတို့၏ စက်ပစ္စည်းများက ရေမျက်နှာပြင်ပေါ်တွင် ကိုးရိုးကားရားနိုင်ပြီး တည်ငြိမ်မှုမရှိပါချေ။
ယဲ့ချန်း သုတေသနပြုထားသည့် စက်ပစ္စည်းကတော့ ရေပေါ်တွင်လည်း မြေပြင်ပေါ်လမ်းလျှောက်ရသလို လွယ်လွယ်ကူကူ သွားလာနိုင်စွမ်းရှိ၏။
ဘုရားရေ.. ဒါက ဘယ်လိုတောင် အံ့သြစရာကောင်းတဲ့ နည်းပညာမျိုးလဲ။
မကြာခင်မှာပင် ရေကန်ပတ်ပတ်လည်၌ ဝိုင်းကြည့်နေသူများဖြင့် ပြည့်နှက်သွားသည်။
ယဲ့ချန်းလည်း စမ်းသပ်ကြည့်ပြီးနောက် စမ်းသပ်မှုအပေါ် အလွန်ကျေနပ်အားရသွားသည်။
ဤအရာဖြင့်ဆိုလျှင် ရေစီးသန်သော မြစ်ထဲမှာပင် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို အောင်မြင်စွာ လုပ်ဆောင်နိုင်ပြီဖြစ်၏။
မိုးက ဆက်လက်သည်းထန်နေခဲ့သည်။
ထိုအချိန်မှာတော့ နျူကလီးယားစွမ်းအင်ထုတ်လုပ်ရေး၏ အခန်းကဏ္ဍက အရေးပါလာပြီဖြစ်၏။
ဤကာလအတွင်း နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေးစက်ရုံများကို နိုင်ငံတစ်ဝန်းတွင် တည်ဆောက်ခဲ့ပြီး စမ်းသပ်မှုများလည်း ပြုလုပ်ပြီးစီးခဲ့ချေပြီ။
ဆက်တိုက်ရွာသွန်းနေသော မိုးကြောင့် နျူကလီးယားလျှပ်စစ်စက်ရုံများမှာ ချက်ချင်းပင် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်လာခဲ့သည်။
မြိုကြီးများမှာ နျူကလီးယားစွမ်းအင်ထုတ်လုပ်မှုကို အားထားပြီး လျှပ်စစ်မီးမပြတ်မလပ်ရရှိခဲ့သည်။
မိုးသည်းထန်စွာ ရွာသွန်းနေသော်ငြား လျှပ်စစ်မီး ပုံမှန်ရရှိနေသောကြောင့် လူအများ၏ နေ့စဉ်ဘဝအပေါ် ထိခိုက်မှုများ အနည်းဆုံးဖြစ်အောင် လျှော့ချပေးနိုင်ခဲ့သည်။
XNမြို့တွင် မိုးရွာနေသည်မှာ တစ်ပတ်ရှိနေချေပြီ။
အခြေအနေက ဆိုးဝါးလွန်းသောကြောင့် စက်လှေများပင် အနားကပ်မရချေ။
ကယ်ဆယ်ရေးကို တာဝန်ယူထားသည့် ခေါင်းဆောင်၏ မျက်နှာကလည်း တည်တင်းနေတော့သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ လူတွေကို ရအောင်ကယ်တင်ရမယ်"
စတားတက္ကသိုလ်မှာတော့ လုဂန်က တီဗီထဲရှိ သတင်းများကို ကြည့်ပြီး မျက်ရည်ဝဲတက်လာခဲ့သည်။
ဤသည်မှာ သူ့မွေးရပ်မြေပင်။
လုဂန်လည်း ယဲ့ချန်းကို သွားတွေ့လိုက်သည်။
"ကျောင်းအုပ်ယဲ့.. ကျွန်တော့်ဇာတိကို ပြန်ဖို့ ခွင့်ယူချင်ပါတယ်"
ဤစကားကိုကြားသော် ယဲ့ချန်းလည်း မျက်မှောင်ကြုတ်လိုက်မိသည်။
ကျောင်းက ကယ်ဆယ်ရေးသွားလုပ်ရန် စေတနာ့ဝန်ထမ်းအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်၏။
ကျောင်းသားများ၏ ရည်ရွယ်ချက်က ကောင်းမွန်ကြောင်း ယဲ့ချန်း နားလည်သော်ငြား သူတို့သွားတော့ရော ဘာများလုပ်နိုင်မည်နည်း။
တခြားကျောင်းသားများကလည်း အလွန်စိတ်လှုပ်ရှားနေကြသည်။
သတင်းထုတ်ပြန်ချက်များကို ကြည့်နေရသည်မှာ သူတို့အဖို့ နှိပ်စက်ခံနေရသလိုပင်။
ယဲ့ချန်းလည်း အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး အားကစားကွင်းထဲသို့ သွားကာ ကျောင်းသားအယောက်ငါးဆယ်ကို စုစည်းလိုက်သည်။
ဤကျောင်းသားများမှာ သေချာရွေးချယ်ထားသည့် ကယ်ဆယ်ရေးအဖွဲ့ဝင်များပင်။
ဤတစ်ကြိမ်မှာတော့ ယဲ့ချန်းကိုယ်တိုင်ဦးဆောင်ပြီး ဤကျောင်းသားအယောက်ငါးဆယ်ကို သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး ရှေ့တန်းဆီသို့ ခေါ်သွားမည်သာ။
ထို့နောက် သူက သူ့စက်ပစ္စည်းများအားလုံးကို ကျောင်းသားများအား ပေးလိုက်သည်။
ဤစက်ပစ္စည်းများထဲတွင် ရေပေါ်လမ်းလျှောက်စက်လည်း ပါဝင်ချေသည်။
ပထမဆုံးအနေနှင့် ယဲ့ချန်းက ဤကျောင်းသားများကို စက်ပစ္စည်းတပ်ဆင်နည်းအကြောင်း လမ်းညွှန်ပြသပေးခဲ့သည်။
ဤလူတစ်သိုက် ရေပေါ်လမ်းလျှောက်စက်ကို ဝတ်ဆင်ပြီး ရေပေါ်တွင် လမ်းလျှောက်နေကြောင်း မြင်လိုက်ရချိန်ဝယ် လူတိုင်း အံ့သြမှင်တက်သွားကြသည်။
ဘုရားရေ.. ရေပေါ်မှာ လမ်းလျှောက်ရတာက မြေပြင်ပေါ်မှာ လမ်းလျှောက်နေရသလိုပဲ။အရမ်းမှော်ဆန်လွန်းတယ်။
ယဲ့ချန်းက ဆို၏။
"ကျောင်းသားတို့.. တစ်နေရာရာမှာ ဒုက္ခရောက်နေရင် ငါတို့အားလုံး ကူညီရမယ်။ စတားတက္ကသိုလ်ရဲ့တာဝန်က နိုင်ငံ့အတွက် ထူးချွန်ထက်မြက်သူတွေကို မွေးထုတ်ပေးဖို့ပဲ။ နိုင်ငံက ငါတို့ကို အလိုအပ်ဆုံးအချိန်မှာ ငါတို့ရဲ့စွမ်းအားတွေကို ပံ့ပိုးပေးရမယ်။ ငါတို့ကို စမ်းသပ်မယ့် အချိန်ရောက်လာပြီ"
ငယ်ရွယ်လှသော မျက်နှာလေးများကို ကြည့်ရင်း ယဲ့ချန်းက လေးနက်စွာ စကားဆိုလိုက်သည်။
"စတားကယ်ဆယ်ရေးအဖွဲ့.. ထွက်ခွာကြစို့"
သည်းထန်လှသော မိုးရွာသွန်းမှုများအကြား ယဲ့ချန်း အသစ်တီထွင်ထားသော နည်းပညာက သူ့အသုံးဝင်မှုကို ပြသနိုင်ခဲ့လေပြီ။
ထို့ကြောင့် ယဲ့ချန်းက သူ့စက်ရုံကို ဤစက်ပစ္စည်းများ ထုတ်လုပ်ဖို့ တစ်ညလုံး အလုပ်လုပ်ခိုင်းခဲ့သည်။
စတားတက္ကသိုလ်ကလည်း ပါဝင်ပံ့ပိုးပေးရမည်သာ။
ဤကျောင်းသားအယောက်ငါးဆယ်လုံးမှာ ကယ်ဆယ်ရေးတွင် ပါဝင်ဖို့ စေတနာ့ဝန်ထမ်းအဖြစ် လျှောက်ထားခဲ့ကြသူများပင်။
အစတုန်းကတော့ ကျောင်းသားများကို သဘာဝဘေးအန္တရာယ်ကျရောက်နေသော နေရာသို့ သူတို့ချည်းသွားဖို့ ယဲ့ချန်း သဘောမတူပေ။
သူတို့ကလည်း ကလေးများသာ။ သူတို့သာ သွားမည်ဆိုလျှင် ကူညီနိုင်မည်မဟုတ်သည့်အပြင် အန္တရာယ်ပါ ကျရောက်သွားနိုင်သည်။
သို့သော် ရေပေါ်လမ်းလျှောက်စက် ရှိလာချိန်မှာမူ အခြေအနေမှာ ကွာခြားသွားပြီဖြစ်၏။
အနည်းဆုံးတော့ သူတို့မှာ လုံခြုံရေးအတွက် အာမခံချက်ရှိနေချေပြီ။
လှိုင်းလုံးမည်မျှကြီးကြီး ရေပေါ်လမ်းလျှောက်စက် တပ်ဆင်ထားသူတစ်ယောက်အတွက်တော့ ရေထဲမကျဘဲ တောင်တက်နေရသလိုပင်။
ထို့ပြင် ဤကျောင်းသားများမှာ အထူးထုတ်လုပ်ထားသော အသက်ကယ်အင်္ကျီများကိုလည်း ဝတ်ဆင်ထားသောကြောင့် စက်ချို့ယွင်းပြီး ရေထဲပြုတ်ကျသွားလျှင်ပင် ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်သည်။
ယဲ့ချန်းက ထိုသို့ကြေညာလိုက်သောအခါ ကျောင်းသားတော်တော်များများ၏ မျက်လုံးထဲဝယ် မျက်ရည်များ ဝဲတက်လာသည်။
တစ်ကျောင်းလုံးက လမ်းဘေးတစ်လျှောက် တန်းစီရပ်၍ ဤသူရဲကောင်းများကို နှုတ်ဆက်ပို့ဆောင်ပေးခဲ့ကြသည်။
ကြီးမားလှသော တာဝန်ဝတ္တရားများကို ထမ်းပိုးရင်း ယဲ့ချန်းက ရှေ့ဆုံးက လျှောက်သွားချေသည်။
မိုးသည်းထန်စွာ ရွာသွန်းနေသောကြောင့် သူတို့အနေနှင့် သဘာဝဘေးအန္တရာယ်ကျရောက်ရာ နေရာသို့ ကားဖြင့်သာ သွားနိုင်သည်။
ဆည်တမံပေါ်တွင်မူ...
တပ်မှူးလုရန်က သည်းထန်စွာ ရွာသွန်းနေသော မိုးကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
မိုးက အဆက်မပြတ်ရွာသွန်းနေသဖြင့် အခြေအနေက ရှင်းရှင်းလင်းလင်း မရှိသေးပေ။
အရေးအကြီးဆုံးမှာ ဤမှကြမ်းတမ်းနေသည့် ရေပြင်ထက်ဝယ် စက်လှေများ သွားလာ၍ မရခြင်းပင်။
လူတွေကို ကယ်တင်ဖို့ အရေးတကြီးလိုအပ်နေသော်ငြား ကယ်ဆယ်ရေးသမားများကိုတော့ သေတွင်းထဲ တွန်းမပို့နိုင်ပါချေ။
ဆိုးဝါးလှသော အခြေအနေမျိုးမှာ ရဟတ်ယာဉ်များလည်း ပျံသန်း၍မရနိုင်ပေ။ လက်ရှိအကြီးမားဆုံးပြဿနာမှာ မရှိမဖြစ်လိုအပ်သည့် ထောက်ပံ့ရေးပစ္စည်းများပင်။
မိုးလေဝသသတင်းအရ နောက်သုံးရက်အထိ ရာသီဥတုက ကောင်းလာဖို့ မရှိချေ။
သို့သော် အစားအစာမရှိဘဲ ခြောက်ရက်ခုနစ်ရက်လောက် ကြာသွားပါက အိမ်ခေါင်မိုးပေါ်မှာ ပိတ်မိနေကြသူများက ကယ်ဆယ်ရေးအဖွဲ့များ ရောက်လာချိန်အထိ တောင့်ခံနိုင်မည်မဟုတ်ပေ။
ထို့ကြောင့် ယခုအချိန်မှာ အကြီးမားဆုံး စိန်ခေါ်မှုက ဤလူများထံသို့ ထောက်ပံ့ရေးပစ္စည်းများကို ဘယ်လိုပို့ဆောင်ပေးမလဲဟုပင်။
အစီအစဉ်တစ်ခုပြီးတစ်ခု ပယ်ချခံခဲ့ရပြီးနောက် တပ်မှူးလုရန်၏ မျက်လုံးအစုံလည်း စိုးရိမ်ပူပန်မှုကြောင့် နီရဲနေတော့သည်။
ဒရဟောစီးဆင်းနေသော ရေများကို ကြည့်ရင်း သူ ဘာလုပ်ရမှန်းမသိလောက်အောင်ပင်။
ထိုအချိန်မှာပင် သူ့အတွင်းရေးမှူးက သူ့အနားကို ချဉ်းကပ်လာခဲ့သည်။
"တပ်မှူးလု.. မိုးလေဝသဌာနကတော့ ဒီနေ့လည်း မိုးဆက်ရွာဦးမယ်လို့ပြောထားပါတယ်"
"တတိယမြောက်နေ့ ရှိနေပြီ။ ပြီးတော့ ကျွန်တော်တို့ရထားတဲ့ သတင်းတွေအရ လူတော်တော်များများ စားစရာပြတ်လပ်နေကြပြီ။ ထောက်ပံ့ရေးပစ္စည်းတွေသာ မရှိဘူးဆိုရင်..."
ထိုအကြောင်းပြောရင်း အတွင်းရေးမှူးခမျာ ဆို့နင့်လာသည်။
တပ်မှူးလု၏ မျက်နှာလည်း သောကပွေနေတော့သည်။
ယခုအချိန်တွင် အရေးအကြီးဆုံးအရာမှာ အစားအသောက်များကို အရောက်ပို့ပေးရန်ပင်။
သို့သော် ဤမျှသည်းထန်နေသော မိုးရွာသွန်းမှုနှင့် ကြမ်းတမ်းလှသော ရေစီးကြောင်းများကြောင့် ထောက်ပံ့ရေးပစ္စည်းများကို သယ်ယူပို့ဆောင်ရန် မဖြစ်နိုင်ပေ။
စဉ်းစား၍ရနိုင်သည့် နည်းလမ်းပေါင်းစုံကို စဉ်းစားခဲ့ပြီးသော်ငြား ဘယ်နည်းလမ်းမှ အလုပ်မဖြစ်ခဲ့ပေ။
ဤမျှသည်းထန်နေသော မိုးထဲတွင် စက်လှေများနှင့်သွားဖို့ ကြိုးစားမည်ဆိုပါက လမ်းခုလတ်မှာပင် ပျက်စီးဆုံးရှုံးနိုင်ခြေများပြီး အသက်အန္တရာယ်ပါ စိုးရိမ်ရသည်။
လေယာဉ်များအတွက်လည်း မြင်နိုင်စွမ်းနည်းပါးလွန်းသောကြောင့် ထောက်ပံ့ရေးပစ္စည်းများကို တိတိကျကျ ပို့ဆောင်နိုင်မည်မဟုတ်ချေ။
ထောက်ပံ့ရေးပစ္စည်းတချို့ကို ကြဲချခဲ့သော်ငြား ပြန်လည်ရရှိသော သတင်းများအရ အများစုက ရေစီးနှင့်မျောပါသွားပြီး ရလဒ်အနည်းငယ်သာ ရှိသည်။
ဘာလုပ်ရမလဲ။
ယခုဆိုလျှင် တတိယမြောက်နေ့ကို ရောက်နေချေပြီ။ ထိုလူတစ်သိုက်မှာ ထောက်ပံ့ရေးပစ္စည်းများ ရှိနေလျှင်ပင် အကုန်သုံးပြီးလောက်ပြီ။
မိုးကလည်း အဆက်မပြတ် ရွာသွန်းနေဆဲသာ။ ရာသီဥတု ကောင်းလာရန်မှာ အနည်းဆုံးတော့ နောက်ထပ်တစ်ရက်လောက်တော့ အချိန်ယူရပေဦးမည်။
ထို့ကြောင့် ယခုအချိန်တွင် အဓိကတာဝန်မှာ ထောက်ပံ့ရေးပစ္စည်းများကို ရောက်အောင်ပို့ရန်သာ။
ထိုအချိန်မှာပင် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က တပ်မှူးလုဆီသို့ ချဉ်းကပ်လာသည်။
"တပ်မှူးလု.. ကျွန်တော်တို့ အသေခံတပ်ဖွဲ့တစ်ခု ဖွဲ့ပြီး အစားအစာတွေ ရောက်အောင်ပို့ပေးဖို့ အတင်းဖောက်ထွက်ကြမလား"
"မရဘူး.. မိုးလေဝသခန့်မှန်းချက်အရ ဒီနေ့ မိုးကြီးနိုင်ခြေရှိသေးတယ်။ အရမ်းအန္တရာယ်များတယ်"
သည်းထန်နေသော မိုးကိုကြည့်ရင်း လူတိုင်း၏စိတ်အစဉ်ကား တဖြည်းဖြည်း လေးလံလာသည်။
အချိန်ကြာလာသည်နှင့်အမျှ ပိုအန္တရာယ်များလာမည်ဖြစ်ကြောင်း သူတို့ နားလည်ထားကြသည်။
ဒီမိုးက ဘယ်တော့မှ တိတ်မှာလဲ။
တပ်မှူးလုက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ပြီး အလွန်အမင်း အကူအညီမဲ့နေသလို ခံစားလိုက်ရသည်။
ဆက်တိုက်ရွာသွန်းနေသော မိုးကို ရင်ဆိုင်နေရချိန်မှာ သူတို့အနေနှင့် အံ့ဖွယ်ဖြစ်ရပ်တစ်ခုကို စောင့်မျှော်ရုံကလွဲပြီး ဘာမှမလုပ်နိုင်ခဲ့ပေ။
ရာသီဥတု ကောင်းလာပါစေဟု မျှော်လင့်ရင်း လူတိုင်း စိုးရိမ်ပူပန်နေခဲ့ကြသော်ငြား မိုးကတော့ ပိုသည်းထန်လာခဲ့သည်။
လုရန်ခမျာ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူတို့ ထပ်စောင့်နေ၍ မရတော့ပေ။ အသေခံတပ်ဖွဲ့ သွားမှဖြစ်မည်။
ခဏအကြာ အတွင်းရေးမှူး ပြန်ရောက်လာသည်။
အတွင်းရေးမှူး၏ မျက်လုံးများကို ကြည့်လိုက်ရုံဖြင့် တပ်မှူးလုလည်း ရလဒ်ကို သိလိုက်သည်။
"ကျရှုံးသွားတာလား"
တပ်မှူးလု သက်ပြင်းချလိုက်မိသည်။
ကံကောင်းစွာဖြင့် စစ်သားများက အသက်ကယ်အင်္ကျီများ ဝတ်ဆင်ထားသောကြောင့် ဘေးကင်းကင်းဖြင့် ရေကူးပြီး ပြန်လာနိုင်ခဲ့ကြသည်။
သို့သော် ထောက်ပံ့ရေးပစ္စည်းပြဿနာကတော့ ဖြေရှင်းမရသေးသော စိန်ခေါ်မှုတစ်ခုအဖြစ် ကျန်ရှိနေဆဲပင်။
ဘာလုပ်ရမလဲ။
အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားပြီး မိုးကလည်း လျော့နည်းသွားမည့် အရိပ်အယောင် မပြဘဲ ဆက်လက်ရွာသွန်းနေခဲ့သည်။
ညဘက်ရောက်လျှင် အပူချိန်က သိသိသာသာ ထိုးကျသွားမည်ဖြစ်ရာ ထောက်ပံ့ရေးပစ္စည်းများသာ မပို့ပေးနိုင်ပါက အခြေအနေက အလွန်ဆိုးဝါးသွားပေလိမ့်မည်။
••••••••••••••••••••••
အပိုင်း ၅၇၅ : မျှော်လင့်ချက်
"ကျွန်တော်တို့ရဲ့ စစ်သုံးအမြန်ရေယာဉ်တွေ အခုထိသွားလို့မရသေးဘူးလား"
"ဟုတ်ကဲ့။ ကျွန်တော်တို့ ကြိုးစားကြည့်ပြီးပါပြီ။ တစ်ကီလိုမီတာလောက် သွားပြီးတာနဲ့ အကုန်မှောက်ကုန်တာပါပဲ"
အတွင်းရေးမှူးကလည်း သက်ပြင်းချရင်း ပြောလေသည်။
"လေယာဉ်နဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ကြဲချပေးလို့ မရဘူးလား"
"ကျွန်တော်တို့ လုပ်ကြည့်ပြီးပါပြီ။ ဒါပေမဲ့ မြင်ကွင်းကမရှင်းတော့ ကြဲချလိုက်တဲ့ ပစ္စည်းအများစုကလည်း ရေစီးထဲ မျောပါသွားပါတယ်"
လုရန်၏မျက်နှာမှာ လုံးဝပျက်ယွင်းသွားလေသည်။
လက်ရှိအခြေအနေက ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အလွန်အဟန့်အတားဖြစ်နေချေသည်။
ပြည်သူများက ရေဝိုင်းခံထားရသည်မှာ သုံးရက်ရှိနေလေပြီ။ ထောက်ပံ့ရေးပစ္စည်းများသာ မရှိဘူးဆိုလျှင် သူတို့၏ အသက်အန္တရာယ်လည်း စိုးရိမ်ရသည့် အနေအထားမှာ ရှိ၏။
ကမ်းစပ်မှာ ကယ်ဆယ်ရေးအဖွဲ့ဝင် အမြောက်အများရှိနေသော်ငြား လူတိုင်းက ရေကြီးမှုကိုကြည့်ရင်း ကူကယ်ရာမဲ့စွာ သက်ပြင်းချနေရုံမှလွဲ၍ ဘာမှမတတ်နိုင်ကြပေ။
သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းက ယခုအချိန်တွင် ရှေ့ဆက်မတိုးနိုင်သော အခြေအနေသို့ ဆိုက်ရောက်နေလေပြီ။
တစ်ဖက်တွင် ပြည်သူများ၏ လုံခြုံရေးဖြစ်ပြီး အခြားတစ်ဖက်တွင်မူ ကယ်ဆယ်ရေးပစ္စည်းများ မပို့ဆောင်နိုင်ခြင်းပင်။
ထိုအချိန်မှာပင် ယဲ့ချန်းက ကျောင်းသားအယောက်ငါးဆယ်နှင့်အတူ ရောက်လာခဲ့သည်။
ဤကျောင်းသားများကိုမြင်သော် လုရန် မျက်မှောင်ကြုတ်လိုက်မိသည်။
"လာနောက်နေတာလား။ ရှုပ်ယှက်ခတ်နေတာတွေ မလုံလောက်သေးလို့လား။ ဒီကျောင်းသားတွေ ဒီကိုလာတော့ရော ဘာထူးမှာမို့လို့လဲ"
ထိုအချိန်မှာ ယဲ့ချန်းက လုရန်အနားသို့ ချဉ်းကပ်သွားသည်။
"တပ်မှူးလု.. ကျွန်တော်က စတားတက္ကသိုလ်ရဲ့ကျောင်းအုပ်ယဲ့ချန်းပါ"
ယဲ့ချန်းဟူသော နာမည်ကို ကြားလိုက်ရချိန်ဝယ် လုရန် အံ့သြသွားသည်။
စတားတက္ကသိုလ်က မကြာသေးခင်ကမှ ဟွားနိုင်ငံတွင် အလွန်နာမည်ကြီးနေသည်ဖြစ်ရာ သူလည်း ဤကျောင်းအကြောင်း ကြားဖူးသည်။
ယဲ့ချန်းက ဆက်ပြောလိုက်၏။
"ကျွန်တော်တို့ကျောင်းက ကျောင်းသားအယောက်ငါးဆယ်ကို ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်ဖို့ စက်ပစ္စည်းတွေနဲ့ သေချာခေါ်လာခဲ့တာပါ။ ကယ်ဆယ်ရေးပစ္စည်းတွေ ပို့လို့မရဘူးလို့ ကြားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ပို့ပေးနိုင်ပါတယ်"
လုရန်က ယဲ့ချန်းကို သံသယမျက်လုံးများဖြင့် ကြည့်ရင်း ပြောလိုက်သည်။
"ဒီလောက် လေတွေလှိုင်းတွေ ကြမ်းနေတာ။ ကျွန်တော်တို့ စစ်သားတွေတောင် သွားလို့မရဘူး။ ခင်ဗျားတို့မှာ ဘာနည်းလမ်းရှိလို့လဲ"
ယဲ့ချန်းက ဆို၏။
"ကျွန်တော်တို့ စက်ပစ္စည်းတွေ ယူလာပါတယ်"
ထိုသို့ပြောပြီးနောက် ယဲ့ချန်းက သူ့ကျောပိုးအိတ်ထဲမှ ရေပေါ်လမ်းလျှောက်စက်ကို ထုတ်၍ ခြေထောက်တွင် တပ်ဆင်လိုက်သည်။
ရေပေါ်လမ်းလျှောက်စက်မှာ အပြင်ပန်းကြည့်လျှင် သာမန်ဖိနပ်တစ်ရန်နှင့်သာ တူသည်။
တပ်ဆင်ပြီးနောက် ယဲ့ချန်းက ရေကြီးနေသည့်နေရာသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
"အန္တရာယ်များတယ်"
လုရန်က ယဲ့ချန်းကို ဆွဲထားဖို့ ကြိုးစားသော်ငြား မရပါချေ။ ယဲ့ချန်းက ရေကြီးနေသည့်နေရာကို ဝင်သွားခဲ့သည်။
ယခုဆိုလျှင် ရေစီးက အလွန်ကြမ်းတမ်းနေပြီး လှိုင်းကလည်း အလွန်ကြီးသည်။
ယဲ့ချန်းက မြေပြင်ပေါ်မှာ ရပ်နေသည့်အလား ရေမျက်နှာပြင်ပေါ်တွင် မတ်တတ်ရပ်နေပြီး နစ်မသွားခဲ့ပေ။
"ဒါ... ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
လူတိုင်း အံ့သြမှင်တက်သွားကြသည်။
ထိုနေရာရှိ သတင်းထောက်တော်တော်များများလည်း သူတို့၏ကင်မရာများကို ယဲ့ချန်းဆီသို့ ချိန်ရွယ်လိုက်ကြသည်။
ယဲ့ချန်းက လုရန်ကို ပြောလိုက်၏။
"ကျွန်တော်တို့ကျောင်းသား အယောက်ငါးဆယ်လုံးက ကျွန်တော့်လိုပဲ စက်ပစ္စည်းတွေ တပ်ဆင်ထားပါတယ်။ ထောက်ပံ့ရေးပစ္စည်းတွေအားလုံးကို ရွာသားတွေရဲ့လက်ထဲ ကျွန်တော်တို့ အရောက်ပို့ပေးနိုင်ပါတယ်"
ရေပေါ်မှာရပ်နေသော ယဲ့ချန်းကို မြင်သော် လုရန်၏ စိတ်လှုပ်ရှားမှုများ မြင့်တက်လာခဲ့သည်။
ယခု သူတို့လိုအပ်နေသည်မှာလည်း ထောက်ပံ့ရေးပစ္စည်းများကို ပို့ဆောင်ပေးရန်ပင်။
ထောက်ပံ့ရေးပစ္စည်းများ ရနေသရွေ့ ရွာသားများ တောင့်ခံထားနိုင်မည်ဖြစ်ရာ နောက်တစ်ရက်အတွင်း ကယ်ဆယ်ရေးအဖွဲ့ကလည်း ရွာသားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်သည်။
သို့သော် လုရန်ကတော့ ဤကျောင်းသားများ၏ လုံခြုံရေးအတွက်လည်း အနည်းငယ် စိုးရိမ်နေမိသည်။
မည်သို့ပင်ဖြစ်စေ ဤကျောင်းသားများမှာ ကလေးများသာ။
ယဲ့ချန်းက ဆို၏။
"တပ်မှူးလု.. စိတ်မပူပါနဲ့။ ဒီစက်ပစ္စည်းတွေကို သေချာစမ်းသပ်ပြီးပါပြီ။ ဒီကျောင်းသားတွေကလည်း လေ့ကျင့်ထားတဲ့အတွက် လုံခြုံရေးပြဿနာ ဘာမှမရှိနိုင်ပါဘူး"
ခဏတာတုံ့ဆိုင်းနေပြီးနောက် လုရန်လည်း ခေါင်းညိတ်လိုက်၏။
"ကောင်းပါပြီ။ လုံခြုံရေးကိုတော့ သေချာဂရုစိုက်ကြပါ"
နိုင်ငံတော်စွမ်းဆောင်ရည်ဆုကို ရရှိထားသည့် စတားတက္ကသိုလ်၏ နာမည်ဂုဏ်သတင်းကို သူ ကြားဖူးသည်။ အထူးသဖြင့် ရေကြီးနေသည့် ရေပြင်ထဲတွင် မြေပြင်ပေါ်လမ်းလျှောက်နေသလို လမ်းလျှောက်နေသည့် ယဲ့ချန်းကို မြင်တွေ့လိုက်ရသဖြင့် အလွန်အမင်း အံ့အားသင့်သွားရသည်။
ထို့ကြောင့် လုရန်ကိုယ်တိုင် မြေပုံတစ်ခု ယူလာပြီး ယဲ့ချန်းနှင့် ကျောင်းသားများအတွက် ကျေးရွာများ၏ တည်နေရာကို အမှတ်အသား ပြုလုပ်ပေးခဲ့သည်။
ယဲ့ချန်းနှင့် ကျောင်းသားများ လုပ်ဆောင်ရမည့်အရာမှာ ပြည်သူများထံသို့ ထောက်ပံ့ရေးပစ္စည်းများကို ချက်ချင်းပို့ဆောင်ပေးရန်ပင်။
ကျောင်းသားတိုင်းက လေးလံလှသော ကျောပိုးအိတ်များကို လွယ်ထားကြသည်။
ထိုကျောပိုးအိတ်များထဲတွင် အစားအစာများနှင့် နေ့စဉ်သုံးပစ္စည်းများဖြင့် ပြည့်နေပေသည်။
ယဲ့ချန်းက အသံဩဩဖြင့် ဆိုချေသည်။
"အခု ငါတို့ ငါးယောက်တစ်ဖွဲ့ ဖွဲ့ပြီး ဘေးသင့်ပြည်သူတွေဆီ အစားအစာတွေပို့ပေးမယ်။ အားလုံး လုံခြုံရေးကို ဂရုစိုက်ရမယ်နော်။ ပြီးတော့ စခန်းနဲ့ အချိန်တိုင်း အဆက်အသွယ်ရှိနေပါစေ"
"ဟုတ်ကဲ့"
ကျောင်းသားအယောက်ငါးဆယ်လုံး တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြသည်။
ထို့နောက် ယဲ့ချန်းက ကျောင်းသားများကို လုံခြုံရေး ကြိုတင်ကာကွယ်မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေ သူတို့သည် ရေကြီးနေသော နေရာများပေါ်တွင် လမ်းလျှောက်ရမည်ဖြစ်ရာ ပေါ့ဆမိပါက အန္တရာယ်နှင့် ကြုံတွေ့ရနိုင်သည်။
ကလေးတစ်ယောက်ယောက်သာ ပြဿနာတစ်စုံတစ်ရာ ဖြစ်သွားခဲ့ပါက ယဲ့ချန်းအနေနှင့် တာဝန်ယူနိုင်မည် မဟုတ်ပေ။
ယဲ့ချန်းက ကျောင်းသားအယောက်ငါးဆယ်ကို ဦးဆောင်ပြီး အရပ်မျက်နှာအသီးသီးသို့ ထွက်ခွာသွားသည့်ပုံရိပ်ကို ကြည့်ရင်း လူတိုင်း အံ့သြမှင်တက်ကုန်ကြသည်။
"ဘုရားရေ.. အံ့သြဖို့ကောင်းလိုက်တာ"
လူတော်တော်များများက ဤလူများကို ဂြိုဟ်သားများဟုပင် တွေးမိသွားသည်။
ရေပြင်ထဲမှာ လမ်းလျှောက်နေရသဖြင့် သဲနွံထဲ လမ်းလျှောက်နေရသည့်နှယ် ခံစားရသောကြောင့် နှေးနှေးလေး ရှေ့ဆက်သွားနေရသည်။
သို့သော် မည်သူမှ မနှောင့်နှေးရဲပေ။
အသက်ပေါင်းများစွာက အချိန်အပေါ် မူတည်ကြောင်း သူတို့အားလုံး သိထားကြသည်။
တစ်မိနစ် နောက်ကျသွားလျှင်ပင် ပြည်သူများ၏ အသက်အန္တရာယ် ကျရောက်သွားနိုင်သည်။
တစ်နာရီကြာပြီးနောက် အဆုံးတွင်မူ ရွာတစ်ရွာကို မြင်လိုက်ရသည်။
ခေါင်မိုးတစ်ခုပေါ်တွင် မိန်းကလေးတစ်ယောက်ခမျာ တုန်ယင်နေချေသည်။
"မေမေ.. သမီး အရမ်းချမ်းတယ်"
ထိုမိန်းကလေး၏ မိခင်က သမီးဖြစ်သူ၏ နဖူးကို စမ်းကြည့်လိုက်ပြီးနောက် ရုတ်တရက် မျက်နှာပျက်သွားသည်။
"သမီးလေး.. သမီး ကိုယ်ပူနေတယ်"
မိုးကလည်း သည်းသည်းမည်းမည်း ရွာနေဆဲပင်။ သူတို့တစ်ကိုယ်လုံးလည်း ရေများ ရွှဲနစ်နေသည်။
ထို့ပြင် သူတို့ ထွက်ပြေးလာစဉ်က ယူလာခဲ့သည့် အစားအစာများလည်း ကုန်သွားလေပြီ။
မိခင်ဖြစ်သူက သမီးကို ပွေ့ဖက်ထားရင်း မျက်ရည်များ စီးကျလာသည်။
"သမီးလေး.. စစ်သားဦးဦးတွေ မေမေတို့ကို ကယ်ဖို့ သေချာပေါက် ရောက်လာမှာပါ။ နည်းနည်းလောက် ထပ်ပြီးတောင့်ခံထားပေးဦးနော်"
ထိုအချိန်မှာပင် အရှေ့ဘက်ရှိ လူရိပ်တချို့ကို ရုတ်တရက် မြင်လိုက်ရသည်။
လီမေ့လည်း မျက်လုံးနှစ်ဖက်ကို ပွတ်သပ်ကြည့်ပြီး ထင်ယောင်ထင်မှား ဖြစ်နေသလားဟုပင် တွေးလိုက်မိသည်။
အကြောင်းမှာ ဤလူများက ရေမျက်နှာပြင်ပေါ်တွင် လမ်းလျှောက်လာနေကြသောကြောင့်သာ။
သူ(မ) ကယောင်ကတမ်းများ ဖြစ်နေလေသလား။
ဤလူများ အနားရောက်လာချိန်မှာတော့ သူတို့ သဲသဲကွဲကွဲ မြင်လိုက်ရသည်။
သူတို့၏ ရင်ဘတ်ပေါ်တွင် စာလုံးအကြီးကြီးများ ရေးထိုးထားသည်။
"စတားကယ်ဆယ်ရေးအဖွဲ့"
လီမေ့က သူ(မ)၏သမီးကို စိတ်လှုပ်ရှားစွာ ဖက်ထားရင်း ရေရွတ်လိုက်၏။
"သမီးလေး.. သမီး တောင့်ခံထားရမယ်နော်။ မေမေတို့ကို ကယ်မယ့်လူတွေ ရောက်လာပြီ"
သို့သော် ဤလူတစ်သိုက် ရေပေါ်လမ်းလျှောက်လာသည်ကို မြင်သော် ရွာသားများအားလုံး အံ့အားသင့်သွားကြသည်။
ဒီလူတွေက ရေပေါ်မှာ ဘယ်လိုလုပ်ပြီး လမ်းလျှောက်နိုင်တာလဲ။
သူတို့က ဂြိုဟ်သားတွေများလား။
ယဲ့ချန်းက လီမေ့နားကို တိုးသွားလိုက်သည်။ ကလေးမလေး အပြင်းအထန် တုန်ယင်နေပြီး မျက်နှာတစ်ခုလုံး ဖြူရော်နေသည်ကို သတိထားမိသောအခါ သူ့မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
သူလည်း အင်္ကျီများကို အမြန်ထုတ်၍ ကလေးကို လဲဝတ်ပေးလိုက်ပြီး အဖျားကျဆေးယူကာ တိုက်လိုက်သည်။
ယဲ့ချန်းက လေးလေးနက်နက် ပြောလိုက်သည်။
"အစ်မကြီး.. ကျွန်တော် ကလေးကို ခေါ်သွားမှဖြစ်မယ်။ ဆေးရုံပို့ရမှာ"
"ဒါပေမဲ့"
လီမေ့က ကလေးကိုကြည့်ရင်း တုံ့ဆိုင်းသွားသည်။
ယဲ့ချန်းက အာမခံလိုက်သည်။
"ကျွန်တော့်ကို ယုံပါ။ ကလေးက ဒီမှာဆက်နေရင် အရမ်းအန္တရာယ်များတယ်"
လီမေ့လည်း အံတင်းတင်းကြိတ်၍ ကလေးကို ယဲ့ချန်းလက်ထဲသို့ ထည့်ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ကလေးကို ဆေးရုံကို ဘေးကင်းကင်းနဲ့ ရောက်အောင်ပို့ပေးပါနော်"
ယဲ့ချန်းလည်း ခပ်မြန်မြန် ခေါင်းညိတ်ပြလိုက်သည်။
ဤရွာအတွက် အစားအစာများကို အပြည့်အဝ ဝေငှပေးခဲ့ပြီးဖြစ်၏။
ယဲ့ချန်းက အနည်းဆုံး သုံးရက်လောက် တောင့်ခံထားနိုင်ဖို့ လုံလောက်သည့် အဝတ်အစားများ၊ ဆေးဝါးများနှင့် ထီးများ၊ အစားအသောက်များကိုလည်း ယူဆောင်လာခဲ့သည်။
သူတို့ ရွာတစ်ရွာကို ကယ်ဆယ်ပြီးဖြစ်၍ အခြားရွာများသို့ ထောက်ပံ့ရေးပစ္စည်းများ ဆက်လက်ပို့ဆောင်ပေးရန်အတွက် ပြန်သွားရမည်။
ယဲ့ချန်းလည်း ကလေးမလေးနှင့်အတူ ရွာထဲမှ ထွက်လာခဲ့သည်။
ထိုအချိန်ဝယ် လုရန်က ဆည်တမံပေါ်တွင် ရပ်နေပြီး နာရီကို အဆက်မပြတ် ကြည့်နေချေသည်။
ကယ်ဆယ်ရေးအဖွဲ့ ထွက်သွားသည်မှာ နှစ်နာရီရှိနေချေပြီ။ သို့သော် ဘာသတင်းမှ မရသေးပေ။
ရုတ်ခြည်းပင် လူရိပ်တချို့ကို သူတို့ မြင်လိုက်ရသည်။
လုရန်လည်း ဝမ်းသာအားရဖြစ်သွားတော့သည်။
"သူတို့ ပြန်လာကြပြီ"
ကုန်းပေါ်ရောက်ရောက်ချင်း ယဲ့ချန်းက ကလေးကို ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ၏ လက်ထဲသို့ အမြန်လွှဲပေးလိုက်ရာ သူ(မ)ကို ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ပေးလိုက်ကြသည်။
လူတိုင်း ပင်ပန်းနွမ်းနယ်နေကြသော်ငြား ဘယ်သူမှ အနားမယူချင်ကြပေ။ သူတို့လည်း နောက်တစ်ရွာကို ထောက်ပံ့ရေးပစ္စည်းများ သယ်သွားပေးဖို့ ဆက်ပြင်ဆင်ကြသည်။
အကြောင်းမှာ အနည်းငယ်ပင်ပန်းရုံလေးက ကိစ္စမရှိကြောင်း သူတို့ သိသည်။ မိနစ်အနည်းငယ် နောက်ကျသွားခြင်းမှာမူ ပြည်သူများ ဆက်ပြီးမတောင့်ခံနိုင်တော့ဘဲ အသက်ဆုံးရှုံးရနိုင်သည့် အန္တရာယ်မျိုး ကျရောက်နိုင်သည် မဟုတ်ပါလော။
•••••••••••••••••••••••••
အပိုင်း ၅၇၆ : ဂုဏ်ယူမှု
ဤတစ်ကြိမ်မှာ ကျေးရွာပေါင်း၁၅ရွာ ရေကြီးနေသောကြောင့် ယဲ့ချန်းနှင့် ကလေးတစ်သိုက်မှာ ပစ္စည်းပို့ဆောင်ပြီးသည်နှင့် နောက်ထပ်ဦးတည်ရာတစ်ခုဆီသို့ ဆက်လက်ထွက်ခွာခဲ့ကြသည်။
ယဲ့ချန်းနှင့် ကလေးတစ်သိုက် အလွန်ပင်ပန်းနေသည်ကို လုရန် မြင်နေရသောကြောင့် သူတို့ကို အနားယူစေချင်သော်ငြား ယဲ့ချန်းကတော့ လက်ကာပြပြီး "အချိန်ဟာ အသက်ပဲ"ဟု ပြောခဲ့သည်။
ထိုအချိန်မှာတော့ လုရန်ကိုယ်တိုင်ပင် ဤကလေးများကို ကြည့်ပြီး စိတ်လှုပ်ရှားသွားရသည်။ သူတို့ရှိနေ၍သာ ပြည်သူများ၏ လက်ထဲကို ထောက်ပံ့ရေးပစ္စည်းများ မပြတ်မလပ်ပို့ဆောင်ပေးနိုင်ခြင်းပင်။
သို့မှသာ ရာသီဥတု ကောင်းလာချိန်တွင် ကယ်ဆယ်ရေးအဖွဲ့များက လွယ်လွယ်ကူကူ လှုပ်ရှားနိုင်မည်ဖြစ်၏။ ယဲ့ချန်းနှင့် ကျောင်းသားများ၏ ခြေထောက်မှာ တပ်ဆင်ထားသော စက်ပစ္စည်းများကို လုရန် စိတ်ဝင်စားမိသော်ငြား သူ့ကို ပိုစိတ်လှုပ်ရှားမိစေသောအရာမှာ ဤကျောင်းသားများ၏ စိတ်ဓာတ်ပင်။
တကယ်တော့ စတားတက္ကသိုလ်တည်ရှိရာ မိုတုမြို့မှာ ဤသဘာဝဘေးအန္တရာယ်၏ သက်ရောက်မှုကို မခံစားရပေ။ ဤကလေးများမှာ သက်သောင့်သက်သာရှိသည့် ခုတင်ပေါ်တွင်လှဲနေရင်း ရုပ်ရှင်ကြည့်ခြင်း သို့မဟုတ် ဂိမ်းဆော့ခြင်းမျိုး လုပ်နေ၍ရသည်။
သို့သော် သူတို့သည် မုန်တိုင်းဒဏ်ကို အံတုပြီး လေးလံလှသော ထောက်ပံ့ရေးကျောပိုးအိတ်များကိုလွယ်ကာ လေပြင်းနှင့် မိုးထဲမှာ ကူးချည်သန်းချည် ကူညီပေးနေကြသည်။
စတားတက္ကသိုလ်က ဘယ်လိုကျောင်းမျိုးပါလိမ့်။ သူတို့ရဲ့ ကျောင်းသားတွေက ဘာလို့ ဒီလောက်တောင် ထူးချွန်နေရတာလဲ။
လုရန်သည် စတားတက္ကသိုလ်၏ သိပ္ပံနည်းကျ သုတေသနပြုနိုင်စွမ်းကို တီဗီမှာ မြင်ဖူးသော်လည်း ယခုတစ်ခါတွင်မူ ကျောင်းသားများ၏ အရည်အသွေးကိုပါ မြင်တွေ့လိုက်ရသည်။ ကျောင်းဆိုသည်မှာ ကလေးများကို အသိပညာသင်ပေးရုံသာမက စာရိတ္တကိုပါ ပျိုးထောင်ပေးသည့် နေရာတစ်ခုပင်။
တခြားကျောင်းများရှိ ကျောင်းသားအများစုသည် ဂိမ်းဆော့ရန်နှင့် ရည်စားထားဖို့သာ သိကြသည်။ ဘယ်နှကျောင်းကများ လူ့ကျင့်ဝတ်နှင့် လူ့တန်ဖိုးကို တကယ်သင်ပေးလေသလဲ။ ရှေ့က လျှောက်သွားနေသည့် ယဲ့ချန်းကို လုရန် ကြည့်နေမိသည်။ သူ့ခြေလှမ်းများက နည်းနည်းလေးလံနေသော်လည်း စိတ်ဓာတ်ကတော့ အလွန်ခိုင်မာလှ၏။
ဤသည်မှာ စတားတက္ကသိုလ်တွင် ထူးခြားလှသော ကျောင်းအုပ်တစ်ယောက် ရှိနေ၍ပင်။ ယခုလိုထူးချွန်သည့် ကျောင်းအုပ်တစ်ယောက်ရှိမှသာ ဤမျှအထိ ထူးကဲကောင်းမွန်သော ကျောင်းသားများကို မြေတောင်မြှောက်ပေးနိုင်မည်ဖြစ်၏။
ဤကျောင်းသားများကို ကြည့်ပြီး စိတ်လှုပ်ရှားမိသည်မှာ လုရန် တစ်ယောက်တည်းမဟုတ်ပေ။ ထိုနေရာရှိ သတင်းထောက်များလည်း ထိုနည်းတူပင်။ ဤသတင်းထောက်များမှာ သဘာဝဘေးအန္တရာယ်အတွက် သတင်းယူရန် နိုင်ငံအနှံ့က ဤနေရာအထိ ရောက်လာကြသည်။
သတင်းထောက်များမှာ ဤရက်ပိုင်းအတွင်း စိတ်လှုပ်ရှားစရာကောင်းသော ဇာတ်လမ်းအများကြီးကို တွေ့ခဲ့ရသည်။ အကြောက်အလန့်မရှိသည့် ရဲဘော်များ၊ ဆည်တမံပေါ်တွင် နေ့ညမပြတ် စောင့်ကြပ်နေသော အလုပ်သမားများကိုပါ တွေ့ခဲ့ရသည်။ သို့သော် ယနေ့တွင်မူ ဤကျောင်းသားလေးများမှာ သူတို့ကို စိတ်လှုပ်ရှားစေခဲ့သည်။
ဤကျောင်းသားများမှာ တကယ်တော့ လေပြင်းနှင့် မိုးထဲတွင် အသက်စွန့်ပြီး လာစရာမလိုပါချေ။ သို့သော် သူတို့အနေနှင့် ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့ကြပြီး ပင်ပန်းနွမ်းနယ်နေသည့်တိုင် ဂရုမစိုက်ပါဘဲ ရေဘေးသင့်ပြည်သူများ၏ လက်ထဲသို့ ထောက်ပံ့ရေးပစ္စည်းများ အရောက်ပို့ပေးနေကြသည်။
သူတို့၏စိတ်ဓာတ်က စင်စစ်လေးစားဖွယ် ကောင်းလှသည်။ သတင်းထောက်များမှာ သူတို့၏ ကင်မရာများကိုကိုင်ပြီး ဤမြင်ကွင်းများကို မှတ်တမ်းတင်၍ သတင်းပို့ခဲ့ကြသည်။ သူတို့သည် ဟွားနိုင်ငံရှိ တက္ကသိုလ်ကျောင်းသားအားလုံးအတွက် စံပြပုဂ္ဂိုလ်များပင်။
သူတို့သည် ပြည်သူများ၏ ရင်ထဲတွင် အမြဲရှိနေသင့်သည့် လူများပင်။ ဤသတင်းများ ထွက်လာချိန်ဝယ် ဟွားနိုင်ငံတစ်ဝန်းလုံး အံ့သြသွားကြသည်။ ဤမျှငယ်ရွယ်သော မျက်နှာလေးများကို မြင်ရသည်မှာ လူတိုင်းအတွက်တော့ အံ့အားသင့်စရာပင်။
ဤကလေးများက ၁၈နှစ်၁၉နှစ်အရွယ်လေးသာ ရှိသေးသည်။ သို့သော် သူတို့၏ လုပ်ရပ်ကတော့ အလွန်ခန့်ညားလွန်းလှချေသည်။ တကယ်တော့ ဤအသက်အရွယ်တွင် သူတို့သည် စာသင်ခန်းထဲမှာသာ ရှိနေသင့်သည်။ ပျိုးခင်းထဲက ပန်းလေးများနှယ် ရှိနေသင့်သည်။
စတားတက္ကသိုလ်ဟူသော နာမည်မှာ ပြည်သူများ၏ ရင်ထဲတွင် တစ်ကျော့ပြန် ပေါ်ပေါက်လာခဲ့ပြန်သည်။ ထိုအချိန်မှာပင် ရပ်ကွက်တစ်ခုတွင် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်က သူ(မ)၏ သားဖြစ်သူကို မြင်လိုက်ရသည်။
"အဘိုးကြီး... ဟိုဟာက ကျွန်မတို့ဝမ်မုန့်မဟုတ်လား"
သူ(မ)၏မျက်လုံးထဲတွင် စိုးရိမ်စိတ်များ ကိန်းအောင်းနေသော်လည်း ဂုဏ်ယူစိတ်က ပိုများနေပေသည်။ သူတို့၏ကလေးက ပြောင်းလဲသွားပြီဟု သူတို့ ခံစားနေရသည်။ ပိုပြီး တာဝန်သိတတ်လာပြီး ပိုထူးချွန်လာသည်။
ဤသည်မှာ ဝမ်မုန့် တက္ကသိုလ်မတက်ခင်တုန်းက သူတို့ လုံးဝမတွေးဝံ့ခဲ့သော အရာပင်။ နောက်ရပ်ကွက်တစ်ခုမှာလည်း ဇနီးမောင်နှံနှစ်ဦးက တီဗီရှေ့တွင် ထိုင်နေကြသည်။
"အဘိုးကြီးလု... ကြည့်ဦး။ ဟိုဟာက ကျွန်မတို့လုချန်းမဟုတ်လား"
“Look, his arm seems to be able to move. Seeing their child, the couple felt a strange feeling in their hearts. Previously, their child was very withdrawn because of his arm.
"ကြည့်ပါဦး... သူ့လက်က လှုပ်ရှားနိုင်နေပြီထင်ပါရဲ့"
သူတို့၏ကလေးကို မြင်လိုက်ရသောအခါ ဇနီးမောင်နှံနှစ်ဦး၏ ရင်ထဲဝယ် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ ယခင်တုန်းက သူတို့၏ကလေးက သူ့လက်ဒဏ်ရာကြောင့် တစ်ယောက်ထီးတည်းသာ နေတတ်ခဲ့သည်။
သူသည် အိမ်ထဲကအိမ်ပြင် မထွက်ချင်သလို လူအများနှင့် ဆက်ဆံရန်လည်း ဝန်လေးခဲ့သည်။ ယခုမူ လုချန်း၏လက်က ပျောက်ကင်းသွားရုံသာမက ကယ်ဆယ်ရေးစခန်းမှာပါ ရောက်နေကြောင်း တွေ့လိုက်ရခြင်းမှာ သူတို့အတွက်တော့ မယုံနိုင်စရာပင်။
ဤမြင်ကွင်းက စင်စစ် အံ့သြဖို့ကောင်းလှချေသည်။ စတားတက္ကသိုလ်ကို ရောက်သွားပြီးနောက် သူတို့၏ကလေးဟာ အခြားလူတစ်ယောက်နှယ် ပြောင်းလဲသွားကြောင်း သူတို့ တွေ့လိုက်ရသည်။
တီဗီထဲတွင် သူတို့၏သားက ယခင်လို အားငယ်စိတ်မရှိတော့ဘဲ အခြားလူများနှင့် ယုံကြည်မှုရှိရှိ စကားပြောနေသည်ကို တွေ့လိုက်ရ၏။ သူတို့သားကိုမြင်ပြီး ဇနီးမောင်နှံနှစ်ယောက်၏ မျက်ဝန်းထဲဝယ် မျက်ရည်များ ဝဲတက်လာသည်။
သူတို့နှစ်ယောက်သား ဝမ်းသာလွန်း၍ ငိုနေကြခြင်းပင်။ သူတို့သားအတွက် ဝမ်းသာသလို ဂုဏ်လည်း ယူနေကြသည်။ ယခင်က တစ်ယောက်တည်းနေတတ်ခဲ့သော ကလေးက ယခုမူ ဤမျှအထိ တက်ကြွပြီး ယုံကြည်မှုရှိနေသဖြင့် သူတို့ မယုံနိုင်လောက်အောင် ဖြစ်ရသည်။
သူတို့သာတက အခြားကလေးများ၏ မိဘများကလည်း သူတို့သားသမီးများကို တီဗီထဲကတစ်ဆင့် မြင်လိုက်ရသည်။ သူတို့အားလုံး သူတို့၏ကလေးများအတွက် ဂုဏ်ယူနေကြသည်။ ကလေးများအတွက် စိုးရိမ်မိသော်ငြား ဘယ်မိဘကမှ ငြိုငြင်ခြင်းမရှိကြပေ။
အကြောင်းကား ဤသည်မှာ သူတို့၏ ကလေးများက တာဝန်သိတတ်လာကြောင်း သက်သေပြနေသောကြောင့်ပင်။ ယခင်တုန်းကတော့ ဤကလေးများမှာ အိမ်တွင် ဘာမှမလုပ်ဘဲ မင်းသားလေးများနှယ် နေခဲ့ကြသည်။
တချို့ဆိုလျှင် တက္ကသိုလ်ပင် ဝင်ခွင့်မရခဲ့ကြချေ။ သို့သော် စတားတက္ကသိုလ်ကို တက်ရောက်ပြီးနောက် ဤကလေးများအားလုံး အများကြီး ပြောင်းလဲသွားသည်။ ယခုဆိုလျှင် သူတို့၏ကလေးများက ကယ်ဆယ်ရေးသူရဲကောင်းများ ဖြစ်လာပြီး သူတို့၏ ဂုဏ်ယူစရာလေးများ ဖြစ်လာခဲ့လေပြီ။
ကလေးတိုင်း၏ မိဘများမှာ စိတ်လှုပ်ရှားသွားကြသည်။ ကလေးများ အရွယ်ရောက်လာပြီဟုလည်း သူတို့အားလုံး ခံစားမိသည်။ ဤမိဘများ၏ ရင်ထဲတွင်မူ စတားတက္ကသိုလ်ကို အလွန်ကျေးဇူးတင်နေကြသည်။
အခြားကျောင်းများက ကလေးများကို အသိပညာသာ သင်ပေးသော်လည်း စတားတက္ကသိုလ်ကတော့ လူပီသဖို့ကိုပါ သင်ပေးခဲ့သည်။ ဤမိဘများသာမက တီဗီဖန်သားပြင်ပေါ်ရှိ စိတ်ဓာတ်ခိုင်မာသော ကလေးများကို မြင်လိုက်ရသည့် အခြားကျောင်းသားမိဘများကလည်း စတားတက္ကသိုလ်ကို ပိုတမ်းတလာကြသည်။
ထိုအချိန်တွင် ယဲ့ချန်းသည် ကျောင်းသားများကို ဦးဆောင်ပြီး ကျေးရွာများအကြား ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ရန် ကူးချည်သန်းချည် လုပ်နေရှာသည်။ လူတိုင်း ပင်ပန်းနေကြသော်ငြား ဘယ်သူမှ မရပ်နားချင်ကြပေ။
အကြောင်းမှာ သူတို့၏ပင်ပန်းမှုက အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည်ဖြစ်သောကြောင့်ပင်။ အထူးသဖြင့် သူတို့ရောက်သွားချိန်ဝယ် ပိတ်မိနေသော ရွာသားများ၏ မျက်နှာအမူအရာများကို မြင်ရသည်မှာ ဤအလုပ်ကို လုပ်ရကျိုးနပ်သည်ဟု ခံစားရစေသည်။
လုဂန်သည် ကယ်ဆယ်ရေးအဖွဲ့နှင့်အတူ သူ့ရွာသို့ ရောက်လာခဲ့သည်။ ရင်းနှီးကျွမ်းဝင်နေသော သူ့ရွာလေး ရေမြုပ်နေသည်ကို မြင်လိုက်ရသောအခါ လုဂန် မျက်ရည်များ စီးကျလာသည်။
လုဂန်လည်း ရွာထဲသို့ ဝင်လာပြီး ရွာသားများကို ထောက်ပံ့ရေးပစ္စည်းများ အဆက်မပြတ် ပေးဝေခဲ့သည်။ တစ်ရွာတည်းသားများဖြစ်သောကြောင့် လူတော်တော်များများက လုဂန်ကို သိကြသည်။
"ရှောင်ဂန် ရှောင်ဂန် ငါတို့ကိုကယ်ဖို့ ရောက်လာပြီဟေ့"
လုဂန်လည်း အလွန်စိတ်လှုပ်ရှားနေသည်။ သူတို့သည် ရွာသားများကို ထောက်ပံ့ရေးပစ္စည်းများ ပေးဝေခဲ့ကြသည်။ လူတိုင်း ဆာလောင်မွတ်သိပ်နေကြသောကြောင့် အားရပါးရ စားသောက်ကြလေတော့သည်။
"ဦးလေးစုန့်... ကျွန်တော့်အဖေနဲ့ အမေကို မြင်မိသေးလား"
လုဂန်လည်း စိုးရိမ်တကြီး မေးလိုက်လေသည်။
အစောတုန်းက သူ့အိမ်ကို သွားကြည့်ခဲ့သော်ငြား သူ့မိဘများကို မတွေ့ခဲ့ပေ။ ဦးလေးစုန့်ကလည်း ခေါင်းခါပြသည်။
"မတွေ့ဘူးကွ။ မင်း ဆက်ရှာကြည့်ပါဦး"
လုဂန်လည်း တစ်ရွာလုံးကို ပတ်ရှာသော်ငြား သူ့မိဘများကိုမူ မတွေ့ရပေ။
ထိုအချိန်မှာတော့ လုဂန်၏ စိတ်အစဉ်ကား လေးလံသွားသည်။
သူ့မိဘတွေများ တစ်ခုခုဖြစ်သွားပြီလားဟုပင် တွေးမိသည်။ လုဂန်၏အမူအရာကို မြင်သော် ယဲ့ချန်းက ဆိုလေသည်။
"လုဂန်... လက်မလျှော့နဲ့ဦးလေ။ မင်းတို့အိမ်မှာ သစ်သီးခြံရှိတယ်မဟုတ်လား။ အဲဒီမှာ သွားရှာကြည့်ကြရအောင်"
လူအမြောက်အများ သစ်သီးခြံသို့ ထွက်လာခဲ့လိုက်သည်။ ရုတ်ခြည်းပင် အသံတစ်သံ ထွက်လာလေသည်။
"ရှောင်ဂန်"
လုဂန်လည်း သစ်ပင်တစ်ပင်ပေါ်တွင် သူ့မိဘများကို မြင်လိုက်ရသည်။
"အဖေနဲ့ အမေလား"
လုဂန်ခမျာ သူ့မိသားစုကို မြင်လိုက်ရချိန်ဝယ် မထိန်းနိုင်တော့ဘဲ ငိုချလိုက်မိတော့သည်။
သူတို့တစ်သိုက် လုဂန်၏ မိဘများကို စားစရာများ ပေးလိုက်သည်။ ယဲ့ချန်းက လူကြီးနှစ်ယောက်၏ အခြေအနေကို စစ်ဆေးကြည့်လိုက်၏။ နည်းနည်းအားနည်းနေသော်ငြား အာဟာရဖြည့်တင်းလိုက်လျှင် အဆင်ပြေသွားမည်သာ။
ရေကြီးနေတုန်းက သူတို့နှစ်ယောက်သည် သစ်သီးခြံထဲသို့ ရောက်နေသည်ဖြစ်ရာ သစ်ပင်ပေါ်တက်ပြီး ဘေးအန္တရာယ်က လွတ်မြောက်ခဲ့ရသည်။ သူတို့နှစ်ယောက်သား ခိုင်မာသောစိတ်ဓာတ်ဖြင့် သုံးရက်တိုင်တိုင် ကယ်ဆယ်ရေးများ ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသည်။
မိဘများကို ပြန်တွေ့လိုက်ရသဖြင့် လုဂန်လည်း စိတ်သက်သာသွားသည်။ ယခုတစ်ခေါက် ကယ်ဆယ်ရေး ပြီးဆုံးသွားသောအခါ ရွာအားလုံးနီးပါး ထောက်ပံ့ရေးပစ္စည်းများ ရလိုက်ကြပြီဖြစ်၏။ ယခုမူ မိုးစဲသွားမည့် အချိန်ကိုသာ စောင့်ရတော့မည်။ သို့မှသာ ကယ်ဆယ်ရေးအဖွဲ့က ပြည်သူများကို ကယ်ထုတ်နိုင်မည်သာ။
ပင်ပန်းနေသော ကလေးများကို ကြည့်ရင်း ယဲ့ချန်း အလွန်စိတ်လှုပ်ရှားသွားပြီး လေးနက်တည်ကြည်စွာ ပြောလိုက်လေသည်။
"ကလေးတို့... မင်းတို့က ငါ့ရဲ့ဂုဏ်ယူစရာလေးတွေပဲ။ အခု မင်းတို့တာဝန်ကို အပြည့်အဝ ထမ်းဆောင်ပြီးသွားပြီ။ ဒီည ကောင်းကောင်းအနားယူကြ။ မနက်ဖြန်ကျရင် ဆက်ပြီးတိုက်ပွဲဝင်ကြတာပေါ့"