အခန်း (၅၇၇-၅၇၉)
Vol. 39 Ch. 577-579
အပိုင်း ၅၇၇ : ဒေါသထွက်ရပြန်ပြီ
လဝက်ကျော်ကြာပြီးနောက်...
ယဲ့ချန်းက ကယ်ဆယ်ရေးအဖွဲ့ကို ဦးဆောင်၍ ကယ်ဆယ်ရေးနယ်မြေအသီးသီးသို့ အပြေးအလွှား သွားရောက်ခဲ့သည်။
နောက်ဆုံးတွင်မူ သူတို့တစ်သိုက် အောင်ပွဲခံရင်း ပြန်ရောက်လာခဲ့ကြသည်။
ကျောင်းသို့ ပြန်ရောက်သောအခါ ကျောင်းအပေါက်ဝတွင် ချိတ်ဆွဲထားသည့် စာတန်းများကို သူတို့ မြင်လိုက်ရသည်။
"သူရဲကောင်းများရဲ့ အိမ်အပြန်ကို ကြိုဆိုပါတယ်"
သူတို့ကို လာရောက်ကြိုဆိုသူများထဲတွင် ကျောင်းသားများနှင့် ဒေသခံပြည်သူအချို့လည်း ပါဝင်သည်။
ကျောင်းသားများအနေနှင့် သူတို့လုပ်သင့်လုပ်ထိုက်သည်ကိုသာ လုပ်ခဲ့ခြင်းဖြစ်သဖြင့် ဤမျှကြီးကျယ်သော ဂုဏ်ပြုမှုကို ရရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဆုဖလားများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ မရှိသော်လည်း လူအများ၏ လေးစားအားကျသော အကြည့်များကြောင့် ထိုကျောင်းသားများမှာ ကြီးမားလှစွာသော ဂုဏ်ယူဝမ်းမြောက်မှုကို ခံစားလိုက်ရသည်။
ကျောင်းသားများ အတူတကွ အောင်ပွဲခံနေကြသည်ကို ကြည့်ရင်း ယဲ့ချန်းလည်း တိတ်တဆိတ် ထွက်သွားခဲ့သည်။
ထို့နောက် နေရာဒေသအသီးသီးရှိ အခြေအနေများလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။
ဤတစ်ကြိမ်တွင် စတားတက္ကသိုလ်ကျောင်းသားများကိုသာမက နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကိုလည်း အသိအမှတ်ပြု၍ ချီးကျူးရမည်ဖြစ်၏။
စတားတက္ကသိုလ်၏ အောင်မြင်မှုသတင်းများက အကြီးအကဲဝေ့ထံသို့လည်း ရောက်သွားခဲ့သည်။
ဘာရယ်...
ရေပေါ်မှာ လမ်းလျှောက်နိုင်သည့် စက်ပစ္စည်းတဲ့လား။
အစီရင်ခံစာကို ကြားလိုက်ရချိန်တွင် အကြီးအကဲဝေ့၏ မျက်လုံးများ အရောင်လက်သွားလေသည်။
ဤသည်မှာ စတားတက္ကသိုလ်၏ တီထွင်မှုအသစ်တစ်ခု ဖြစ်ရမည်ဟု သူ သိလိုက်သည်။
ဤနည်းပညာအသစ်က ဟွားနိုင်ငံအတွက်တော့ သတင်းကောင်းပင်။
ယခုတစ်ကြိမ်တွင်လည်း စတားတက္ကသိုလ်က အံ့ဖွယ်ဖြစ်ရပ်များကို ဖန်တီးနိုင်ခဲ့ပြန်သည်။
အကြီးအကဲဝေ့ကိုယ်တိုင် စတားတက္ကသိုလ်သို့ ထွက်လာခဲ့သည်။
ဤနည်းပညာမှာ ဟွားနိုင်ငံအတွက် အလွန်အရေးပါသည်။
စတားတက္ကသိုလ်ရုံးခန်းထဲတွင် အကြီးအကဲဝေ့က လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း ပြောလိုက်၏။
"ကျောင်းအုပ်ယဲ့.. ခင်ဗျားတို့စတားတက္ကသိုလ်က မွန်မြတ်တဲ့အလုပ်တွေကို ထပ်လုပ်နိုင်ခဲ့ပြန်ပြီပဲ"
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်၏။
"အကြီးအကဲဝေ့... ခင်ဗျား အလုပ်အရမ်းများနေမှာကို။ အခုလို ရုတ်တရက်ကြီးရောက်လာတာဆိုတော့ ကိစ္စတစ်ခုခုရှိလို့ပဲ ဖြစ်ရမယ်"
အကြီးအကဲဝေ့ခမျာ အနေခက်စွာ ပြုံးလိုက်လေသည်။
"ဟုတ်တယ်။ စတားတက္ကသိုလ်ရဲ့ နည်းပညာအသစ်အတွက် လာခဲ့တာ"
အကြီးအကဲဝေ့၏စကားကို ကြားသောအခါ ယဲ့ချန်းလည်း ပြုံးလိုက်မိသည်။
အကြီးအကဲဝေ့ကို မြင်ကတည်းက သူ့ရည်ရွယ်ချက်ကို ကြိုသိနေပြီးဖြစ်၏။
ကယ်ဆယ်ရေးလုပ်ဆောင်နေစဉ်အတွင်း ဤပစ္စည်းများကို ဝတ်ဆင်ထားသော ကျောင်းသားများမှာ မြေပြင်ပေါ်တွင် လမ်းလျှောက်နေသည့်အလား ရေပေါ်တွင် လျှောက်လှမ်းနိုင်ခဲ့ကြရာ အဆိုပါနည်းပညာမှာ အလွန်အံ့မခန်းဖွယ်ရာပင်။
သို့သော် ယဲ့ချန်းအနေနှင့် စတင်ထုတ်ပြခဲ့စဉ်ကတည်းက ထိုအရာကို ဖုံးကွယ်ထားရန် မရည်ရွယ်ခဲ့ပေ။
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်၏။
"အကြီးအကဲဝေ့.. ခင်ဗျားက ရေပေါ်လမ်းလျှောက်နိုင်တဲ့ စက်ပစ္စည်းအတွက် လာခဲ့တာမလား"
ယဲ့ချန်းက အသိအမှတ်ပြုလိုက်သည်ကို မြင်သောအခါ အကြီးအကဲဝေ့၏ မျက်လုံးများ အရောင်လက်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ပါတယ်။ ဒီနည်းပညာက ကဏ္ဍတော်တော်များများမှာ အကျိုးသက်ရောက်မှုရှိတယ်လေ။ ဒါကြောင့် ခင်ဗျားတို့တက္ကသိုလ်နဲ့ ပူးပေါင်းချင်လို့"
ယဲ့ချန်း ပြုံးလိုက်သည်။
"ကောင်းပါပြီ။ ဒီနည်းပညာကို ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါဆိုရင် နှစ်စဉ်နှစ်တိုင်း သူရဲကောင်းတွေအများကြီး ဆုံးရှုံးရတော့မှာ မဟုတ်ဘူး"
အကြီးအကဲဝေ့က ဆို၏။
"ဟုတ်တယ် ယဲ့ချန်း.. ခင်ဗျားကို ကျုပ် တကယ်ကျေးဇူးတင်ချင်တယ်ဗျာ"
ယဲ့ချန်းက အသာအယာပြုံးလိုက်သည်။
"အကြီးအကဲဝေ့.. ခင်ဗျားက မြှောက်လွန်းနေပါပြီ။ ကျွန်တော်တို့ပညာရေးရဲ့ ရည်ရွယ်ချက်က ဟွားနိုင်ငံအတွက်ပဲ မဟုတ်ဘူးလား"
ယဲ့ချန်းစကားကို ကြားလိုက်ရပြီးနောက် အကြီးအကဲဝေ့လည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။
ယဲ့ချန်းက ဆက်ပြောလေသည်။
"ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို လူသိရှင်ကြားမဖြစ်စေချင်ဘူး။ လျှို့ဝှက်ပူးပေါင်းတာပဲ ပိုကောင်းလိမ့်မယ်"
ယဲ့ချန်း၏စကားကို ကြားသောအခါ အကြီးအကဲဝေ့လည်း ခေါင်းညိတ်ပြလိုက်ပြန်သည်။
"စိတ်ချပါ။ ဒီနည်းပညာကို အပိုင်ဝယ်ဖို့အတွက် စတားတက္ကသိုလ်ကို ငါးဆယ်ဘီလျံပေးပါ့မယ်။ ဘယ်လိုလဲ"
ယဲ့ချန်းလည်း ခေါင်းညိတ်၍ သဘောတူလိုက်သည်။
"ပြဿနာမရှိပါဘူး"
တကယ်တမ်းတွင် ငါးဆယ်ဘီလျံဆိုသည်မှာ မများလှပေ။ အကယ်၍ ယဲ့ချန်းသာ ထိုနည်းပညာကို နိုင်ငံရပ်ခြားသို့ ရောင်းချမည်ဆိုပါက တစ်ရာဘီလျံအထိပင် ရရှိနိုင်ပေသည်။
သို့သော် ယဲ့ချန်းကတော့ သေချာပေါက် ထိုသို့လုပ်မည် မဟုတ်ချေ။
ယဲ့ချန်းက ယူအက်စ်ဘီဒရိုက်ဗ်တစ်ခုကို ထုတ်ယူပြီး ပြုံးလိုက်လေသည်။
"နည်းပညာပိုင်းဆိုင်ရာ ပုံကြမ်းတွေအားလုံး ဒီယူအက်စ်ဘီထဲမှာ ပါပါတယ်။ ဒီအထဲက အချက်အလက်တွေအတိုင်း ပုံစံထုတ်လိုက်လို့ရပါတယ်"
အကြီးအကဲဝေ့မှာ ထိုစကားကို ကြားရချိန်ဝယ် အလွန်ဝမ်းသာသွားပြီး ယူအက်စ်ဘီကို ယူ၍ ပြန်သွားလေသည်။
ထိုအချိန်ဝယ် မိုတုအိမ်ရာထဲတွင်မူ ရော်ဘင်တစ်ယောက် ဒေါသထွက်၍ ပေါက်ကွဲနေသည်။
သူ့အကြောင်း မီဒီယာများ၏ သတင်းရေးသားဖော်ပြခြင်း ခံရသည်မှာ ယဲ့ချန်းကြောင့်ပင်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း "တာ့မိုင်လုပ်ငန်းစုဥက္ကဋ္ဌ၏ မှတ်ချက်များ..."ဟူသည့်အကြောင်းအရာက ရေပန်းစားနေခဲ့သည်။
အွန်လိုင်းတွင်လည်း ဝေဖန်မှုများစွာ ထွက်ပေါ်နေသည်။
"ဒီလိုအမှိုက်ကုမ္ပဏီမျိုးကို သပိတ်မှောက်သင့်တယ်"
"ဟွားနိုင်ငံကနေ အမြတ်ထုတ်ပြီး ဟွားနိုင်ငံသားတွေကို စော်ကားနေတယ်"
"တာ့မိုင်ကုမ္ပဏီကို သပိတ်မှောက်ကြ"
...
ကံကောင်းထောက်မစွာဖြင့် သူသည် သတင်းပျံ့နှံ့မှုကို အချိန်မီလျှော့ချနိုင်ရန် ငွေပေး၍ ဖြေရှင်းနိုင်ခဲ့သည်။
အကယ်၍သာ ရုံးချုပ်ဆီသို့ သတင်းပေါက်ကြားသွားပါက သူ ဥက္ကဋ္ဌအဖြစ် ဆက်နေရန်ပင် လိုတော့မည်မဟုတ်ပေ။
ဤအရာများကို သူ့စိတ်ထဲတွင် ပုံဖော်တွေးတောကြည့်နေမိသည်။
အရာအားလုံးက ယဲ့ချန်း၏ ထောင်ချောက်သာဖြစ်၏။ စားပွဲထိုးတစ်ယောက်ကို တမင်ခိုင်းစေပြီး သူ့ကို စားသောက်ဆိုင်ထဲမှ နှင်ထုတ်ကာ အွန်လိုင်းပေါ်တွင် ဂယက်ရိုက်သွားအောင် လုပ်ခဲ့ခြင်းပင်။
"ယဲ့ချန်း.. မင်းနဲ့ ငါနဲ့တော့ တွေ့ကြသေးတာပေါ့"
ရော်ဘင်မှာ ဒေါသထွက်လွန်း၍ ပေါက်ကွဲတော့မတတ် ဖြစ်နေချေသည်။
ပင်ဂွင်းလုပ်ငန်းစုက သူတို့ ပူးပေါင်းဆောင်ရွက်မည့် အဓိကပစ်မှတ်ဖြစ်ကြောင်း လူတိုင်းအသိပင်။ ယခုမူ ယဲ့ချန်းကြောင့် အစီအစဉ်ပျက်သွားရသည်။
ပြတင်းပေါက်ကတစ်ဆင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ အစတုန်းက သူ့ရုံးခန်းကြီးမှာ အလွန်ခမ်းနားသည်ဟု ခံစားခဲ့ရသည်။
သို့သော် ယဲ့ချန်း၏ လိမ်လည်လှည့်စားမှုကြောင့် တစ်ဘီလျံဆုံးရှုံးခဲ့ရကြောင်း တွေးမိလိုက်တိုင်း သူ့မှာ သက်သောင့်သက်သာ မရှိတော့ချေ။
ထိုအချိန်တွင် အတွင်းရေးမှူး ဝင်လာခဲ့သည်။
"ဥက္ကဋ္ဌ... ပင်ဂွင်းလုပ်ငန်းစုက ကျွန်တော်တို့နဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုမျိုးကိုမှ ရှေ့ဆက်လုပ်တော့မှာမဟုတ်ဘူးလို့ အကြောင်းပြန်လာပါတယ်။ ဒါကြောင့် နောက်ထပ်အလားအလာရှိတဲ့ ပစ်မှတ်ကိုပဲ ရွေးရပါတော့မယ်"
ရော်ဘင်က ခေါင်းညိတ်ပြလိုက်၏။
"ကောင်းပြီ။ နောက်ထပ်ပစ်မှတ်က အားလီလုပ်ငန်းစုပဲ"
အားလီလုပ်ငန်းစုမှာ ရော်ဘင်၏ ဒုတိယမြောက်ပစ်မှတ်ဖြစ်ပြီး ပင်ဂွင်းလုပ်ငန်းစုထက်ပင် ပို၍အရေးပါသေးသည်။
အားလီလုပ်ငန်းစုသည် ဟွားနိုင်ငံ၏ ထိပ်တန်း အင်အားအကြီးဆုံး လုပ်ငန်းစုကြီး သုံးခုစာရင်းတွင် ပါဝင်နေသည်မဟုတ်ပါလော။
အားလီလုပ်ငန်းစုနှင့်သာ စာချုပ်ချုပ်ဆိုနိုင်မည်ဆိုပါက ရုံးချုပ်အနေနှင့် ပင်ဂွင်းလုပ်ငန်းစုနှင့် အဆင်မပြေဖြစ်ခဲ့ခြင်းကို ထည့်တွက်တော့မည်မဟုတ်ပေ။
ခဏအကြာ အတွင်းရေးမှူးက ဖုန်းဆက်လာသည်။
"ဥက္ကဋ္ဌ.. ဟွားနိုင်ငံက ဥက္ကဋ္ဌမားကို ကျွန်တော် ဆက်သွယ်ပြီးပါပြီ။ မနက်ဖြန် အစ်ကိုရှန်းဟော့ပေါ့ဆိုင်မှာ ပူးပေါင်းဆောင်ရွက်မယ့် အသေးစိတ်အချက်အလက်တွေကို ဆွေးနွေးရမှာပါ"
"အစ်ကိုရှန်းဟော့ပေါ့ဆိုင် ဟုတ်လား။ ဆိုင်ရှင်က ဘယ်သူလဲဆိုတာ စုံစမ်းပေးစမ်းပါ"
ရော်ဘင်၏စိတ်ထဲတွင် ယဲ့ချန်းနှင့်ပတ်သက်၍ စိုးရိမ်ထိတ်လန့်မှု အရိပ်မည်းများ ရှိနေပြီဖြစ်၏။
မကြာခင်မှာပင် ဆိုင်ပိုင်ရှင်သည် ယဲ့ချန်းမဟုတ်ကြောင်း အတွင်းရေးမှူးက အကြောင်းပြန်လာသည်။
ထိုအခါမှသာ ရော်ဘင် သက်ပြင်းချနိုင်တော့သည်။
အတွင်းရေးမှူးမှာ ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။ တာ့မိုင်ကုမ္ပဏီ၏ ဟွားနိုင်ငံတာဝန်ခံ ဥက္ကဋ္ဌကြီးက ယဲ့ချန်းဟူသော နာမည်ကို ကြားရုံဖြင့် မျက်စိပျက်မျက်နှာပျက်ဖြစ်နေသည်မှာ ရယ်စရာကောင်းလှသည်။
ယဲ့ချန်း စတားတက္ကသိုလ်မှ ထွက်လာချိန်တွင် ဖုန်းဝင်လာခဲ့သည်။
ခေါ်ဆိုသူမှာ စုဝမ်ယိပင်။
"အချစ်.. မိုတုမှာ အစ်ကိုရှန်းဟော့ပေါ့ဆိုင်အသစ် ဖွင့်ထားတယ်လို့ ကြားတယ်။ အရသာလည်း တော်တော်ကောင်းတယ်တဲ့"
ယဲ့ချန်း ပြုံးလိုက်လေသည်။
"ကောင်းပြီလေ။ ကိုယ် အလုပ်ပြီးရင် မင်းကိုလာကြိုမယ်"
အလုပ်ကောင်းကောင်းလုပ်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် ချီးကျူးမှုရမှတ်အတွက် ကြယ်ပွင့်များကို အသက်မသွင်းနိုင်သေးပေ။
ဤတစ်ကြိမ်တွင် ယဲ့ချန်းသည် စုဝမ်ယိကို သွားကြိုရန် သူ့ကူလီနန်ကားကို မောင်းလာခဲ့သည်။
ထို့နောက် အစ်ကိုရှန်းဟော့ပေါ့ဆိုင်သို့ ရောက်လာခဲ့သည်။ ဤဆိုင်မှာ အရသာကောင်းမွန်မှုကြောင့် နာမည်ကြီးရေပန်းစားနေသော ဟော့ပေါ့ဆိုင်တစ်ဆိုင်ဖြစ်၏။
ဟော့ပေါ့ဆိုင်၏ အပြင်အဆင်မှာ ရှေးဟောင်းပုံစံဖြစ်လေရာ စုဝမ်ယိ၏ အကြိုက်နှင့် အလွန်ကိုက်ညီနေပေသည်။
သူတို့နှစ်ယောက်သား ဟော့ပေါ့ဆိုင်ထဲသို့ ဝင်သွားကြသည်။
ထိုအချိန်မှာပင် ကြီးကျယ်ခမ်းနားသော လင်ကွန်းကားကြီးတစ်စီး ဆိုင်အပေါက်ဝတွင် လာရပ်လေသည်။
သပ်ရပ်စွာ ချုပ်လုပ်ထားသော ဝတ်စုံကိုဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက် ကားပေါ်က ဆင်းလာပြီး ဂျယ်လ်လိမ်းထားသော သူ့ဆံပင်များကို သပ်တင်လိုက်သည်။
"ဟွားနိုင်ငံသားတွေက စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလိုက်တာ။ ဒီလိုနေရာမျိုးတွေမှာ စီးပွားရေးကိစ္စ လာဆွေးနွေးကြတယ်တဲ့"
ယခင်အတွေ့အကြုံများကြောင့် ရော်ဘင်သည် ကားပါကင်ကို အရင်ဦးဆုံး ပတ်ကြည့်လိုက်သည်။
ကားပါကင်တွင် ယဲ့ချန်း၏ ကျီလိကားကို မတွေ့ရမှသာ သူ သက်ပြင်းချနိုင်သည်။
ထိုစဉ် အနောက်ဘက်မှ တက်ကြွသော အသံတစ်သံ ထွက်ပေါ်လာသည်။
"ဥက္ကဋ္ဌရော်ဘင်... မင်္ဂလာပါ"
လှည့်ကြည့်လိုက်ချိန်ဝယ် အားလီလုပ်ငန်းစုပိုင်ရှင် ဥက္ကဋ္ဌမား ဖြစ်နေပေသည်။
"ဥက္ကဋ္ဌမား... မင်္ဂလာပါ"
ရော်ဘင်က အစ်ကိုမားကို အမြန်ပင် လက်ဆွဲနှုတ်ဆက်လိုက်သည်။
အစ်ကိုမားက သိချင်စိတ်ဖြင့် မေးလိုက်လေသည်။
"ဘာတွေ ကြည့်နေတာလဲ"
"သြော်.. ဘာမှမဟုတ်ပါဘူး။ ဘာမှမဟုတ်ပါဘူး"
ရော်ဘင်ကလည်း အနေခက်စွာ ပြန်ဖြေလေသည်။
"လာဗျာ . ကျွန်တော်တို့ဟွားနိုင်ငံရဲ့ အထူးဟော့ပေါ့ကို မြည်းစမ်းရင်း စားရင်းသောက်ရင်း ဆွေးနွေးကြတာပေါ့"
ဥက္ကဋ္ဌမားက ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်သည်။
"ကြွပါ"
ရော်ဘင်နှင့် ဥက္ကဋ္ဌမားတို့ ဟော့ပေါ့ဆိုင်ထဲသို့ အတူတူဝင်သွားကြသည်။
ရော်ဘင် သက်ပြင်းတစ်ချက် ချလိုက်သည်။
ဤတစ်ကြိမ်တွင် ယဲ့ချန်း၏ အနှောင့်အယှက် မရှိသည့်အတွက် စီးပွားရေးကိစ္စကို အောင်မြင်စွာ ဆွေးနွေးနိုင်လိမ့်မည်။
ယဲ့ချန်း၏ပုံရိပ်ကို မြင်ယောင်မိသည်နှင့် ရော်ဘင်ခမျာ သက်သောင့်သက်သာ မရှိတော့ပေ။
သီးသန့်ခန်းထဲတွင် ဟော့ပေါ့စားရင်း ရော်ဘင်နှင့် ဥက္ကဋ္ဌမားတို့ စီးပွားရေးကိစ္စ ဆွေးနွေးကြသည်။
ရော်ဘင်က ဆို၏။
"ဥက္ကဋ္ဌမား... ဟွားနိုင်ငံမှာရှိတဲ့ ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ လေးစားရတဲ့ ခင်ဗျားရဲ့ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အထူးတန်ဖိုးထားပါတယ်။ ရင်းနှီးမြှုပ်နှံရေးရန်ပုံငွေအဖြစ် တစ်ဆယ်ဘီလျံထောက်ပံ့ပေးဖို့လည်း ဆန္ဒရှိပါတယ်"
ဥက္ကဋ္ဌမားက ရော်ဘင်ပေးလာသည့် အစီအစဉ်ကို တစ်ချက်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။
"ဥက္ကဋ္ဌလော့... တစ်ဆယ်ဘီလျံက မလုံလောက်ဘူးနော်။ ငွေကြေးထောက်ပံ့မှုအတွက် အနည်းဆုံး ငါးဆယ်ဘီလျံလိုအပ်တယ်"
ငါးဆယ်ဘီလျံတဲ့လား။
ရော်ဘင် မျက်နှာပျက်သွားချေသည်။
သောက်ကျိုးနည်း.. ဟွားနိုင်ငံသားတွေအားလုံးက ဘယ်လိုလုပ်ပြီးတော့များ ဒီလောက်တောင် လောဘကြီးနေရတာလဲ။
••••••••••••••••••••
အပိုင်း ၅၇၈ : အထိနာသွားခြင်း
အစ်ကိုမားသည် စီးပွားရေးလောကတွင် ဝါရင့်တစ်ဦးဖြစ်၏။
ရော်ဘင်သည် ဟွားနိုင်ငံ၏ နေရာအနှံ့အပြားတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သူကြားသိထားသည်မှာ ကြာလှချေပြီ။
ထို့ပြင် ဤလူသည် ကြွားဝါတတ်သူဖြစ်ကြောင်းလည်း ကြားထားသည်။
ထို့ကြောင့် အစ်ကိုမားအတွက်တော့ ဤကဲ့သို့ လွယ်ကူလှသော သားကောင်ကို အခွင့်ကောင်းမယူဘဲ နေစရာ အကြောင်းမရှိပေ။
အစ်ကိုမားက ငါးဆယ်ဘီလျံဟု ဈေးခေါ်လိုက်သောအခါ ရော်ဘင်လည်း နှမြောသွားပြီး သဘောမတူနိုင်ခဲ့ပေ။
"ဥက္ကဋ္ဌမား... ခင်ဗျားတောင်းတဲ့ဈေးက အရမ်းများလွန်းတယ်။ ဒါကို ကျွန်တော် လက်မခံနိုင်ဘူး"
"ဒါဆိုလည်း ထားလိုက်တော့လေ။ ကျွန်တော်တို့အားလီလုပ်ငန်းစုက ခင်ဗျားဆီက ငွေနည်းနည်းလေးကို မက်မောနေတာမဟုတ်ဘူး"
ထိုသို့ပြောပြီးနောက် အစ်ကိုမားက ပြန်ရန် မတ်တတ်ထရပ်လိုက်သည်။
အစ်ကိုမား ထွက်သွားတော့မည်ကို မြင်သောအခါ ရော်ဘင် ပျာပျာသလဲဖြစ်သွားသည်။
သူ ဟွားနိုင်ငံသို့ လာခဲ့ခြင်းမှာ တင်းကျပ်သော အမိန့်ဖြင့် ရောက်လာခဲ့ခြင်းပင်။
ပင်ဂွင်းကုမ္ပဏီနှင့် ဆွေးနွေးမှုကလည်း ကျရှုံးခဲ့ပြီးပြီဖြစ်ရာ အကယ်၍ အားလီလုပ်ငန်းစုနှင့်ပါ ထပ်မံကျရှုံးခဲ့ပါက ဒါရိုက်တာအဖွဲ့ကို သူ မည်သို့ ရှင်းပြရမည်နည်း။
ဤအတိုင်းသာ ဆက်သွားပါက သူဌေးက သူ့စွမ်းဆောင်ရည်ကို သေချာပေါက် သံသယဝင်လာပေလိမ့်မည်။
အကယ်၍ ဒါရိုက်တာအဖွဲ့ကသာ သူ့ကို တာဝန်ယူခိုင်းမည်ဆိုလျှင်...
ရော်ဘင် အံတင်းတင်းကြိတ်လိုက်၏။
"ကောင်းပြီလေ။ ငါးဆယ်ဘီလျံပဲ ထားလိုက်တော့"
မလိုလားသော်လည်း ရော်ဘင်ခမျာ သဘောတူညီချက်စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။
ရော်ဘင်၏လက်မှတ်ကို မြင်လိုက်ရသောအခါ အစ်ကိုမားမှာ အတိုင်းမသိဝမ်းသာသွားသည်။
သဘောတူညီချက် လက်မှတ်ထိုးပြီးသည်နှင့် ငွေကို အားလီလုပ်ငန်းစု၏ အကောင့်ထဲသို့ လွှဲပြောင်းပေးခဲ့သည်။
အဓိကအကြောင်းအရင်းမှာ ရော်ဘင့်ဘက်က လောနေသောကြောင့်ဖြစ်ပြီး ညတွင်းချင်း ပြဿနာများ ပေါ်လာမည်ကို စိုးရိမ်နေခြင်းပင်။
မကြာသေးခင်က ယဲ့ချန်းကြောင့် နေရာအနှံ့တွင် ကံဆိုးမှုများနှင့် ကြုံတွေ့နေရသဖြင့် ဤသဘောတူညီမှုကို အရင်ဦးစွာ လက်မှတ်ထိုးရန် ဆုံးဖြတ်ချက်ချလိုက်သည်။
အစ်ကိုမားလည်း အလွန်ကျေနပ်သွားသည်။
ဤကဲ့သို့ နည်းပရိယာယ်သုံးခြင်းကြောင့် ဒါရိုက်တာအဖွဲ့ထဲရှိ အဓိကရှယ်ယာရှင်တစ်ဦးချင်းစီမှာ ငွေအမြောက်အများ ပိုရကြသည်။
တာ့မိုင်လုပ်ငန်းစုအတွက်မူ အထိနာရန် ကံပါလာခြင်းပင်။
ထိုအချိန်တွင် ယဲ့ချန်းက စုဝမ်ယိနှင့်အတူ ဟော့ပေါ့စားနေပေသည်။
ရုတ်ခြည်းပင် သူ့ဖုန်းက တုန်ခါသွားသည်။
စစ်ဆေးကြည့်လိုက်သောအခါ သန်းငါးရာ ဝင်လာကြောင်း သူ မြင်လိုက်ရသည်။
ဤသည်မှာ အားလီလုပ်ငန်းစုမှ ရရှိသော အမြတ်ဝေစုပင်။
"ဟင်.. အစ်ကိုမားတော့ တစ်ယောက်ယောက်ကို ကလိမ်ကျလိုက်ပြန်ပြီထင်တယ်"
သူ့ဘေးနားရှိ စုဝမ်ယိမှာမူ စကားပင် မပြောနိုင်တော့ပေ။
တက္ကစီဒရိုင်ဘာတစ်ယောက်အနေနှင့် ဘဏ်အကောင့်ထဲသို့ သန်းငါးရာ အသာလေး ဝင်လာခြင်းမျိုးမှာ တစ်ကမ္ဘာလုံးတွင် ယဲ့ချန်းတစ်ယောက်သာ လုပ်နိုင်ပေလိမ့်မည်။
စုဝမ်ယိက ပြောလိုက်သည်။
"ဂုဏ်ယူပါတယ်။ ရှင် နောက်တစ်ခါ အကြီးအကျယ်မြတ်ပြန်ပြီပေါ့"
ယဲ့ချန်းက နှိမ့်ချစွာ ဆိုလေသည်။
"ကိုယ့်အတွက်တော့ ဒါတွေက ကျင့်သားရနေပါပြီ။ ကိုယ့်အကောင့်ထဲကို ဘီလျံနဲ့ချီပြီး ခဏခဏ ဝင်နေကျပဲဟာကို"
စုဝမ်ယိ ယဲ့ချန်းကို မျက်စောင်းထိုးလိုက်သည်။
စာချုပ်တွင် လက်မှတ်ထိုးပြီးနောက် ရော်ဘင်လည်း စိတ်သက်သာရာရသွားသည်။
ခဏကြာအောင် စားသောက်ပြီးနောက် ရော်ဘင် သန့်စင်ခန်းသို့ သွားချင်လာသည်။
ထိုစဉ် ကလေးငယ်တစ်ယောက်က စင်္ကြံလမ်းအတိုင်း ပြေးလာပြီး ရော်ဘင့်ကို မတော်တဆ ဝင်တိုက်ကာ လဲကျသွားသည်။
ရော်ဘင်လည်း ရုတ်တရက် အော်ဟစ်လိုက်သည်။
ကလေးစုတ်လေး... ဘာလို့ ဒီလောက် ယဉ်ကျေးမှုမရှိရတာလဲ"
ထိုကလေးငယ်မှာ အသက်သုံးနှစ်ခန့်သာ ရှိသေးသည်။ ကလေးငိုသံကို ကြားသောအခါ မိခင်ဖြစ်သူက ရောက်ချလာသည်။
"ရှင်က ဘာဖြစ်နေတာလဲ။ သူက ကလေးပဲရှိသေးတာကို"
"ကလေး ဟုတ်လား။ ခင်ဗျားတို့ ဟွားနိုင်ငံသားတွေက အဆင့်အတန်း နိမ့်လွန်းတယ်"
ထိုအချိန်တွင် ဆူညံသံများကြောင့် လူအမြောက်အများ စုရုံးလာကြသည်။
နောက်ဆုံးတွင်မူ တစ်စုံတစ်ယောက်က ရော်ဘင့်ကို မှတ်မိသွားသည်။
"သြော်.. ဒီလူက ဟိုဗီဒီယိုထဲက ငါတို့ဟွားနိုင်ငံမှာ ငွေလာရှာပြီး ငါတို့နိုင်ငံသားတွေကို ပြန်စော်ကားနေတဲ့လူပဲ"
"ဟုတ်တယ်။ ငါလည်း မှတ်မိတယ်။ သူပဲ"
"ဒီလူက တကယ်ရွံစရာကောင်းတာပဲ။ ကလေးတောင် မချန်ဘူး"
ရော်ဘင်ခမျာ ဒေါသထွက်လွန်း၍ ပေါက်ကွဲတော့မတတ်ပင်။
သူသည် ယခင်ကလည်း အခြားနိုင်ငံများသို့ သွားရောက်ဖူးသည်။
ထိုနေရာရှိ လူများက သူ့ကို အလွန်လေးစားစွာ ဆက်ဆံကြသည်။
သို့သော် ဟွားနိုင်ငံတွင်မူ သူသည် လမ်းဘေးရှိ ကြွက်တစ်ကောင်အလား ခံစားနေရသည်။
သူသွားသည့် နေရာတိုင်းတွင် လူများက သူ့ကို ဝေဖန်ရန် ဝန်မလေးကြပေ။
သေစမ်း... ငါက ဘီလီယံချီတဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်နေတဲ့ တာ့မိုင်လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌကွ။
အငြင်းပွားမှုများကြောင့် အစ်ကိုမားပါ ထွက်လာသည်။
ပတ်ဝန်းကျင်ရှိ ပြောဆိုသံများကို ကြားသောအခါ အစ်ကိုမား မျက်မှောင်ကြုတ်လိုက်သည်။
စီးပွားရေးလောကရှိ ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်အနေနှင့် အစ်ကိုမားသည် မျိုးချစ်စိတ် အလွန်ပြင်းထန်သူဖြစ်၏။
ရော်ဘင်က ဤမျှအထိ မဆင်မခြင်ပြုမူရဲသည်ကို သိလိုက်ရသောအခါ အစ်ကိုမား မျက်မှောင်ကြုတ်မိပြန်သည်။
အစ်ကိုမားကို မြင်သောအခါ ရော်ဘင် အမြန်ပြောလိုက်သည်။
"အစ်ကိုမား...ကျွန်တော့်ကို ကူညီပါဦး။ ဒီအရိုင်းအစိုင်းတွေက အရမ်းရိုင်းပျတာပဲ။ ကလေးက ကျွန်တော့်ကို ဝင်တိုက်လို့ ကျွန်တော်က နည်းနည်းဆူလိုက်တာကို ဒီလူတွေက ကျွန်တော့်ကို ဝိုင်းရိုက်ချင်နေကြတယ်"
ရော်ဘင်၏စကားကို ကြားလိုက်ရချိန်ဝယ် ဟွားနိုင်ငံသားများမှာ ပို၍ပင် ဒေါသထွက်သွားကြသည်။
"ဘယ်သူက ရိုင်းစိုင်းတာလဲ။ ဘယ်သူက အဆင့်အတန်းမရှိတာလဲ"
"ဟုတ်ပ။ ကလေးကိုတောင် ဆဲနေတာ။ မင်း လူရော ဟုတ်ရဲ့လား"
"နိုင်ငံခြားသားဆိုတော့ မင်းကိုယ်မင်း အထက်တန်းလွှာလို့ ထင်နေတာလား။ ငါတို့ ဟွားနိုင်ငံသားတွေက အဲ့ဒီအကျင့်တွေကို မကြိုက်ဘူး"
ရော်ဘင်က မာနထောင်လွှားစွာ ပြောလိုက်သည်။
"ဥက္ကဋ္ဌမား.. ဒါက ခင်ဗျားရဲ့ နေရာပဲ။ ခင်ဗျားရဲ့ သက်တော်စောင့်တွေနဲ့ ဒီလူတွေကို အပြင်မောင်းထုတ်ပစ်ခိုင်းလိုက်စမ်းပါ"
အစ်ကိုမားက အခြေအနေအားလုံးကို နားလည်ပြီးဖြစ်၏။ သူ့အတွင်းရေးမှူးက ရော်ဘင် ဤနေရာတွင် ဘာလုပ်ခဲ့သလဲဆိုသည်ကို တိတ်တိတ်လေး ပြောပြထားပြီးသားပင်။
"တောင်းပန်ပါတယ် မစ္စတာရော်ဘင်... ခင်ဗျားအနေနဲ့ ဒီကလေးရဲ့အမေနဲ့ ဟွားနိုင်ငံသားတွေကို တောင်းပန်ဖို့ မျှော်လင့်ပါတယ်။ မဟုတ်ရင်တော့ ခင်ဗျားကို ကျွန်တော် မကူညီနိုင်ဘူး"
ဤသို့ပြောပြီးနောက် အစ်ကိုမားက ရော်ဘင်ကို တစ်ချက်လေးမျှပင် လှည့်မကြည့်တော့ပေ။
"ခင်ဗျား..."
အစောကပင် အစ်ကိုမားသည် ဟွားနိုင်ငံတွင် ပြဿနာတက်ပါက သူ့ကိုလာရှာရန် ပြောခဲ့သော်ငြား ယခုမူ ကျောခိုင်းသွားခဲ့လေပြီ။
ထိုစဉ် သီးသန့်ခန်းတစ်ခန်းထဲမှ မိန်းမလှလေးတစ်ယောက်၏လက်ကို ဆွဲထားသည့် ချောမောသော လူငယ်တစ်ဦး ထွက်လာသည်။
ယဲ့ချန်းကို မြင်လိုက်ရသောအခါ ရော်ဘင်၏ မျက်နှာကား ရုတ်တရက် ပြောင်းလဲသွားသည်။
အဖြေတစ်ခုကို ရှာတွေ့သွားသည့်အလား သူ အော်ဟစ်လိုက်သည်။
"ငါသိပြီ။ ဒါ မင်းရဲ့လက်ချက်ပဲ။ မင်း ငါ့ကို ချောက်ချလိုက်ပြန်ပြီမလား"
ယဲ့ချန်းခမျာ ဘာပြောရမှန်းမသိလောက်အောင် ဖြစ်သွားရသည်။
ငါက ဘာလုပ်လို့လဲ။
ငါက ငါ့ရည်းစားနဲ့ ဟော့ပေါ့စားနေတာလေ။
ရော်ဘင်ကို ဝိုင်းရိုက်ရန် အားခဲထားသော ဟွားနိုင်ငံသားများကို ကြည့်ရင်း ယဲ့ချန်း ဆွံ့အသွားသည်။
"ကျုပ်က ခင်ဗျားကို ချောက်ချတယ် ဟုတ်လား။ ခင်ဗျား အထင်လွဲနေပြီ"
ယဲ့ချန်းက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
"ဟမ့်.. မင်းက တမင်တကာ ကလေးတစ်ယောက်ကိုခိုင်းပြီး ငါ့ကို ဝင်တိုက်ခိုင်းတာပဲ ဖြစ်ရမယ်။ ပြီးတော့မှ လူတွေကိုစုပြီး ငါ့ကို နာမည်ဖျက်တာ"
ရော်ဘင် အံတင်းတင်းကြိတ်ရင်း ပြောလိုက်သည်။
"ငတုံး"
ယဲ့ချန်းကတော့ ဤငမိုက်သားနှင့် အချိန်ကုန်မခံချင်တော့ပေ။
အစ်ကိုမားလည်း ယဲ့ချန်းတစ်ယောက် ပြုံးရွှင်စွာ လျှောက်လာသည်ကို မြင်လိုက်ရသည်။
"မစ္စတာယဲ့... ခင်ဗျားလည်း ဒီမှာ လာစားတာလား"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ် အစ်ကိုမား... ခုနကတင် ကျုပ်ရဲ့အကောင့်ထဲကို အမြတ်ဝေစု သန်းငါးရာဝင်လာလို့။ ဘယ်လိုဖြစ်ရတာလဲ"
"သြော်.. အခုလေးတင် တာ့မိုင်ကုမ္ပဏီနဲ့ ငါးဆယ်ဘီလျံတန် စာချုပ်တစ်ခု လက်မှတ်ထိုးလိုက်လို့ပါ။ အဲ့ဒါကြောင့် ဘဏ္ဍာရေးဌာနကို အဓိကရှယ်ယာရှင်တွေဆီ အမြတ်ဝေစု ခွဲခိုင်းလိုက်တာ"
ယဲ့ချန်း ခဏမျှ ကြောင်အသွားသည်။ သူ အလကားရလိုက်သည့် သန်းငါးရာမှာ ရော်ဘင်ထံမှ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"အစ်ကိုမားဆိုတဲ့အတိုင်း စီးပွားရေးဆွေးနွေးရာမှာ တကယ်တော်တယ်။ ဒီတစ်ချီတော့ ကျုပ်တို့ တော်တော်အမြတ်ထွက်သွားတာပဲ"
ဘာ.. ကျုပ်တို့ကုမ္ပဏီ ဟုတ်လား။
အဆုံးတွင်မူ ယဲ့ချန်းသည် အားလီလုပ်ငန်းစု၏ အဓိကရှယ်ယာရှင်တစ်ဦးဖြစ်ကြောင်း ရော်ဘင် သဘောပေါက်သွားသည်။
သြော်.. ဒါကြောင့်ကိုး။
ရော်ဘင် ရုတ်ခြည်း သဘောပေါက်သွားသည်။
"မင်း အစ်ကိုမားနဲ့ပေါင်းပြီး ငါ့ကို ထောင်ချောက်ဆင်လိုက်တာပဲ"
အစ်ကိုမားက ဈေးနှုန်းကို ဘာကြောင့် ဤမျှအထိ အဆမတန် ခေါ်ခဲ့သလဲဆိုသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
"ကျွန်တော် ကန့်ကွက်တယ်။ ခင်ဗျားတို့ပေါင်းပြီး လိမ်ခဲ့တာ"
ယဲ့ချန်ခမျာ ဆွံ့အသွားလေသည်။
"ကိုယ့်လူ.. ခင်ဗျားဘာသာ ခင်ဗျား လက်မှတ်ထိုးခဲ့တာလေ။ အဲ့ဒါ ကျုပ်နဲ့ ဘာဆိုင်လို့လဲ"
အစတုန်းက တစ်ဆယ်ဘီလျံဆိုလျှင် လုံလောက်နေပြီဖြစ်သော်လည်း ယခုမူ ငါးဆယ်ဘီလျံအထိ အကုန်အကျခံလိုက်ရသည်ဖြစ်ရာ ရော်ဘင်မှာ သွေးအန်တော့မတတ် ဖြစ်နေချေသည်။
"ကျွန်တော် စာချုပ်ဖျက်သိမ်းချင်တယ်။ ခင်ဗျားတို့နဲ့ ဆက်ပြီး မပူးပေါင်းတော့ဘူး"
ထိုစဉ် အစ်ကိုမားက ပြတ်သားစွာ ပြောလိုက်သည်။
"ဖျက်လို့ရပါတယ်။ ဒါပေမဲ့ ခင်ဗျားပေးထားတဲ့ ပိုက်ဆံတစ်ပြားမှတော့ ပြန်မရဘူးနော်"
"ဘာ.. အဲ့ဒါကို ဘယ်သူက ဆုံးဖြတ်တာလဲ"
အစ်ကိုမားက ပြုံးလျက် ဆိုလိုက်လေသည်။
"စာချုပ်ပါ စည်းကမ်းချက်တွေကို ကြည့်လိုက်ပါဦး။ ဒုတိယစာမျက်နှာ အပိုဒ်၁၈မှာ ပါပြီးသားပါ"
ရော်ဘင်လည်း စာချုပ်ကို လှန်လှောကြည့်လိုက်သည်။
"အကယ်၍ တာ့မိုင်ကုမ္ပဏီဘက်က ဟွားနိုင်ငံအတွင်း သဘောတူညီချက်ကို ချိုးဖောက်ပါက အားလီကုမ္ပဏီအနေနှင့် ပူးပေါင်းဆောင်ရွက်မှုကို ရပ်စဲပိုင်ခွင့်ရှိပြီး အရင်းငွေကို ပြန်လည်ပေးအပ်ရန် မလိုပါ"
ဤသဘောတူညီချက်ကို မြင်လိုက်ရသောအခါ ရော်ဘင် ဒေါသထွက်လွန်း၍ ရူးမတတ် ဖြစ်သွားသည်။
အစောက သူ လက်မှတ်ထိုးရန် အလွန်စိတ်လောနေခဲ့သဖြင့် သေချာမဖတ်မိခဲ့ပေ။ ဤကဲ့သို့သော ထောင်ချောက်မျိုး ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
အစ်ကိုမားက အေးစက်ခက်ထန်စွာ နှာခေါင်းရှုံ့လိုက်၏။
"မစ္စတာရော်ဘင်... ခင်ဗျားရဲ့အပြုအမူက ကျွန်တော်တို့ ဟွားနိုင်ငံသားတွေကို ထိခိုက်နစ်နာစေတဲ့အတွက် ပူးပေါင်းဆောင်ရွက်မှုကို ရပ်စဲဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ပါပြီ။ ခင်ဗျား ကျွန်တော်တို့ကို တရားစွဲချင်တယ်ဆိုရင်လည်း ရပါတယ်။ နိုင်ငံတကာတရားရုံးမှာ တွေ့ကြတာပေါ့"
ရော်ဘင် သွေးအန်တော့မတတ် ဖြစ်သွားလေသည်။
သေစမ်း.. ဒီလောက်ပိုက်ဆံအများကြီး ရေစုန်မျောပြီပေါ့။
ထိုနေရာရှိ လူများထံမှ လက်ခုပ်သံများ ဟိန်းထွက်လာသည်။
"ကောင်းတယ် အစ်ကိုမား... လက်ဖျားခါလောက်တယ်"
"အစ်ကိုမားကတော့ အစ်ကိုမားပါပဲ။ လုံးဝ လန်းတယ်"
"သြဇာညောင်းချက်... ဒီလိုအမှိုက်ကုမ္ပဏီနဲ့ မပူးပေါင်းတာ အကောင်းဆုံးပဲ"
ရော်ဘင်၏ပါးစပ်ထဲမှ သွေးတစ်လုတ် အန်ထုတ်လိုက်သည်။ ငါးဆယ်ဘီလျံဆုံးရှုံးသွားရလေပြီ။ ယခုတစ်ကြိမ်တွင်မူ သူ လုံးဝ ချောက်တွန်းခံလိုက်ရလေပြီ။
•••••••••••••••••••••••
အပိုင်း ၅၇၉ : ရက်စက်သော မျက်နှာဖြတ်ရိုက်ခြင်း
ယဲ့ချန်း အိမ်ပြန်ရောက်သောအခါ ဟွားအိမ်ရာရှိ ဗီလာတွင် မီးလင်းနေသည်ကို တွေ့လိုက်ရသည်။
ယဲ့ချန်း၏ ရင်ထဲတွင် ဝမ်းသာကြည်နူးသွားသည်။ လင်းဝမ်ယို ပြန်ရောက်နေချေပြီ။
အခန်းထဲသို့ ဝင်လိုက်သည်နှင့် ပြုံးရွှင်နေသော လင်းဝမ်ယိုကို တွေ့လိုက်ရသည်။ သူ(မ)ကလည်း ဆို၏။
"အိမ်ပြန်လာတာကို ကြိုဆိုပါတယ် သခင်လေး"
အကြောင်းတစ်စုံတစ်ရာကြောင့် လင်းဝမ်ယိုသာ မရှိလျှင် ဟွားအိမ်ရာမှာ အေးစက်ပြီး ဟာတာတာကြီးဖြစ်ကာ အိမ်နှင့်တူမည်မဟုတ်ဟု ယဲ့ချန်း ခံစားရသည်။
"သခင်လေး.. ကျွန်မ အခုချက်ချင်း လက်ဖက်ရည် သွားဖျော်လိုက်ပါ့မယ်"
လင်းဝမ်ယို လက်ဖက်ရည်ဖျော်နေစဉ် သူ(မ)၏ ပခုံးထက်တွင် အထိအတွေ့တစ်ခုကို ရုတ်တရက်ခံစားလိုက်ရသည်။
ယဲ့ချန်းက သူ(မ)၏ပခုံးကို နှိပ်နယ်ပေးရင်း မေးလိုက်သည်။
"အခုတလော မင်း အရမ်းပင်ပန်းနေမှာပဲ"
လင်းဝမ်ယို၏ရင်ထဲတွင် နွေးထွေးသွားသည်။
"ဟင့်အင်း.. သခင်လေးအတွက် အလုပ်လုပ်ပေးရတာ လုံးဝမပင်ပန်းပါဘူး"
ယဲ့ချန်းမှာ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရ၏။
"ဒီရက်ပိုင်း ကုမ္ပဏီကိစ္စတွေအတွက် နေ့တိုင်း ဟိုဟိုဒီဒီပြေးလွှားနေရလို့ မင်း တကယ်ပင်ပန်းနေပြီ"
လင်းဝမ်ယိုက ခပ်ဖွဖွရယ်မောလိုက်သည်။
"သိပ်တော့ မဟုတ်ပါဘူး။ တစ်ခုပဲ..."
ယဲ့ချန်းကလည်း ပြန်မေးလေသည်။
"ဘာများလဲ"
လင်းဝမ်ယို၏ မျက်နှာလေးကား ရဲတက်သွားသည်။
"သခင်လေးကို နည်းနည်းလွမ်းနေမိတာလေးပဲရှိတာ"
ယဲ့ချန်းက နောက်ပြောင်ချင်ဟန်အပြုံးဖြင့် ပြုံးလိုက်၏။
"ကောင်းပြီလေ။ ဒီနေ့တော့ သခင်လေးက မင်းရဲ့လွမ်းဆွတ်မှုတွေကို ဖြေဖျောက်ပေးရတာပေါ့"
...
နောက်တစ်နေ့နံနက်တွင် ယဲ့ချန်းသည် အိပ်ရာပေါ်၌ ပျင်းရိပျင်းတွဲ လဲလျောင်းနေပြီး မထချင်သေးပေ။
လင်းဝမ်ယိုက ယဲ့ချန်း၏ဘေးတွင် မှီတွယ်ရင်း ယဲ့ချန်း၏ဖုန်းကို ကြည့်နေသည်။
ထိုအချိန်တွင် ယဲ့ချန်း၏ ဖုန်းမျက်နှာပြင်ပေါ်၌ ဗီဒီယိုတစ်ခု ကျလာသည်။
...
ထိုဗီဒီယိုမှာ သုန်းပေါ်၏ ဗီဒီယိုပင်။
သူသည် "ဝပ်တွားနေသောကျား၊ ပုန်းအောင်းနေသောနဂါး"ရုပ်ရှင်ကို ရိုက်ကူးနေစဉ် တစ်ဝက်တစ်ပျက်နှင့် ထွက်သွားခဲ့သော ဒုတိယဒါရိုက်တာပင်။
ထိုစဉ်က သုန်းပေါ်သည် ထွက်သွားပြီးနောက် ယဲ့ချန်းကို ရုပ်ရှင်မရိုက်တတ်ဘူးဟုဆိုကာ မီဒီယာများရှေ့တွင် အဆက်မပြတ် ဆဲဆိုဝေဖန်ခဲ့သည်။ သို့သော် ယခုအခါတွင်မူ "ဝပ်တွားနေသောကျား၊ ပုန်းအောင်းနေသောနဂါး"၏ ရုံဝင်ငွေစံချိန်က သုန်းပေါ်၏မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်။
သို့သော် သတင်းထောက်များက ထိုကိစ္စကို ပြဇာတ်မဆန်သေးဘူးဟု ယူဆကာ သုန်းပေါ်ကို အင်တာဗျူးခဲ့ကြသည်။
"ဒါရိုက်တာသုန်း.. 'ဝပ်တွားနေသောကျား၊ ပုန်းအောင်းနေသောနဂါး'ရုပ်ရှင်ကို ကြည့်ပြီးပြီလား။ ဒီရုပ်ရှင်အပေါ် ဘယ်လိုသုံးသပ်ချင်ပါသလဲ"
"ခင်ဗျား အသုံးမကျဘူးလို့ ဝေဖန်ခဲ့တဲ့ ရုပ်ရှင်က အခု အရမ်းအောင်မြင်နေပြီဆိုတော့ အဲ့ဒီအပေါ်မှာ ဘယ်လိုခံစားရလဲ"
"အခု ရုပ်ရှင်အဖွဲ့သားထဲက ထွက်လာခဲ့မိတာကို နောင်တရနေပြီလား"
"ယဲ့ချန်းက ရုပ်ရှင်ကောင်းကောင်း ရိုက်နိုင်မှာမဟုတ်ဘူးလို့ ခင်ဗျားပြောခဲ့တယ်နော်။ ဒါပေမဲ့ သူ့ရုပ်ရှင်က အောင်မြင်ပြီး ခင်ဗျားရုပ်ရှင်ကတော့ ကျရှုံးသွားတယ်ဆိုတော့ ဘာများပြောစရာရှိပါသလဲ"
သတင်းထောက်များ၏ မေးခွန်းများကို ကြားသောအခါ သုန်းပေါ်ခမျာ ဒေါသထွက်လွန်း၍ ပေါက်ကွဲတော့မတတ် ဖြစ်သွားချေသည်။
သူသည် မှုန်ကုပ်ကုပ်ဖြင့် ဘာမှမပြောဘဲ အမြန်ထွက်သွားချင်နေပေသည်။
သို့သော် သတင်းထောက်များက သူ့ကို လွယ်လွယ်နှင့် အလွတ်မပေးဘဲ မိုက်ခရိုဖုန်းများကို သူ့မျက်နှာရှေ့သို့ ထိုးပေးနေကြသည်။
သုန်းပေါ်၏ သက်တော်စောင့်များကမူ သတင်းထောက်များကို မောင်းထုတ်ကြသည်။
နောက်ဆုံးတွင်မူ သုန်းပေါ်လည်း သည်းမခံနိုင်တော့သဖြင့် သတင်းထောက်တစ်ယောက်၏ မိုက်ခရိုဖုန်းကို ဆွဲယူပြီး ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်ရင်း ဒေါသတကြီးဆဲဆိုလိုက်သည်။
"မင်းတို့ ဘာဖြစ်နေတာလဲ။ မတော်နိုင်ကြသေးဘူးလား"
ဤဗီဒီယိုမှာ 'ဝပ်တွားနေသောကျား၊ ပုန်းအောင်းနေသောနဂါး'ရုပ်ရှင်'အပေါ် ဒါရိုက်တာသုန်းပေါ်၏ ပေါက်ကွဲမှု" ဟူသော ခေါင်းစဉ်ဖြင့် အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေပြီဖြစ်၏။
ဤဗီဒီယိုသည် အွန်လိုင်းပေါ်တွင် မုန်တိုင်းတစ်ခု ဖန်တီးလိုက်သလို ဖြစ်သွားချေသည်။
တကယ်တော့ သတင်းထောက်များဘက်က လွန်ကျူးခဲ့သည်မှာ မှန်သော်လည်း သုန်းပေါ်က ယဲ့ချန်းအား အွန်လိုင်းပေါ်တွင် အမှိုက်ဟု အရင်စတင်ဆဲဆိုခဲ့သောကြောင့် အင်တာနက်အသုံးပြုသူများက သူ့ကို လုံးဝ ကိုယ်ချင်းမစာကြပေ။
မှတ်ချက်များအားလုံးက သုန်းပေါ်ကို ဆဲဆိုထားကြသည်။
"ဟားဟား.. သူ့ရဲ့ငတုံးရုပ်ကြီးကို ကြည့်စမ်းပါဦး။ အရမ်းကျေနပ်စရာကောင်းလိုက်တာ"
"အရင်တုန်းက ဒါရိုက်တာယဲ့ချန်းကို နာမည်ဖျက်ခဲ့တာ။ အခုတော့ မျက်နှာဖြတ်ရိုက်ခံရလွန်းလို့ သူ့မျက်နှာ ရောင်ကိုင်းနေလောက်ပြီ"
"အခုမှပဲ ငါ သဘောပေါက်တော့တယ်။ အဲ့ဒီတုန်းက သုန်းပေါ်က တကယ်တော့ သူ့ကိုယ်သူ ကျိန်ဆဲနေခဲ့တာပဲ"
"သုန်းပေါ်က ငတုံးပဲ။ အခုကျတော့ တစ်ခွန်းတောင် မဟနိုင်တော့ဘူး။ တကယ်အရှက်ကွဲတာပဲ"
"သူကိုယ်တိုင်က ငတုံးဖြစ်နေတာ အသိသာကြီးကို သတင်းထောက်တွေအပေါ် မဲနေသေးတယ်။ ဘယ်လိုလူမှန်းကို မသိဘူး"
...
အွန်လိုင်းပေါ်တွင် သုန်းပေါ်ခမျာ အကြီးအကျယ် ဆဲဆိုခံနေရသည်။
"ဝပ်တွားနေသောကျား၊ ပုန်းအောင်းနေသောနဂါး"ရုပ်ရှင်အဖွဲ့မှ ထွက်လာပြီးနောက် သုန်းပေါ် ရုပ်ရှင်တစ်ကား ရိုက်ကူးခဲ့သည်။
သူ့ရည်ရွယ်ချက်မှာ "ဝပ်တွားနေသောကျား၊ ပုန်းအောင်းနေသောနဂါး"ရုပ်ရှင်ကို ယှဉ်ပြိုင်ရန်ပင်။
သို့သော် သူ့ရုပ်ရှင်သည် သုန်းပန်တွင် အမှတ် ၂.၇သာ ရရှိခဲ့ပြီး တစ်နှစ်တာ၏ အဆိုးဝါးဆုံးရုပ်ရှင်အဖြစ် သတ်မှတ်ခံခဲ့ရသည်။
ယဲ့ချန်း၏ "ဝပ်တွားနေသောကျား၊ ပုန်းအောင်းနေသောနဂါး"ရုပ်ရှင်မှာမူ အမှတ် ၈.၆ရရှိခဲ့ပြီး ယခုနှစ်အတွက် အမှတ်အများဆုံးရသော တရုတ်ရုပ်ရှင် ဖြစ်လာခဲ့သည်။
ထို့ကြောင့် မည်သည့်ပရိသတ်ကမှ သုန်းပေါ်ကို ကိုယ်ချင်းမစာကြပေ။
သူသည် ကတိဖျက်ခဲ့သည်။ ယဲ့ချန်းကို နာမည်ဖျက်ခဲ့သည်။ ထို့ပြင် ယဲ့ချန်းက ရုပ်ရှင်အကြောင်း နားမလည်ဘူးဟုပင် ပြောဆိုခဲ့သေးသည်။ ယခုအခါ ထိုစကားများမှာ ဟာသတစ်ခုလို ဖြစ်နေချေပြီ။
"ဝပ်တွားနေသောကျား၊ ပုန်းအောင်းနေသောနဂါး"ရုပ်ရှင်မှာ ပြီးပြည့်စုံသော ရုပ်ထွက်သက်ရောက်မှုများ၊ တည်းဖြတ်မှုများနှင့် သရုပ်ဆောင်မှုများကြောင့် သိုင်းလောကရုပ်ရှင်များ၏ ရှေ့ဆောင်လမ်းပြအဖြစ် ချီးကျူးခံနေရသည်။
ဤရုပ်ရှင်သည် ယဲ့ချန်း၏ နတ်ဘုရားအဆင့် ဒါရိုက်တာစွမ်းရည်များကို အပြည့်အဝ ဖော်ပြပေးနိုင်ခဲ့သည်။
အရေးအကြီးဆုံးအချက်မှာ ဤရုပ်ရှင်၏ ဇာတ်ကားအဆုံး စာတန်းထိုးတွင် ဖော်ပြထားသော ရုပ်ရှင်အဖွဲ့သားစာရင်းက အံ့သြဖွယ်ကောင်းနေခြင်းပင်။
ဇာတ်ညွှန်း : ယဲ့ချန်း
ဒါရိုက်တာ : ယဲ့ချန်း
တေးဂီတ : ယဲ့ချန်း
ထုတ်လုပ်သူ : ယဲ့ချန်း
တည်းဖြတ် : စတားတက္ကသိုလ် ရုပ်ရှင်ပညာဌာန
...
အခြေခံအားဖြင့် ယဲ့ချန်းသည် ဤရုပ်ရှင်အတွက် နောက်ပိုင်းတည်းဖြတ်မှုများမှလွဲ၍ ကျန်အရာအားလုံးကို တစ်ကိုယ်တော် ပြီးစီးအောင် လုပ်ဆောင်ခဲ့ခြင်းပင်။
ဤသည်မှာ ကြောက်ခမန်းလိလိပင်တည်း။
ယခင်က မည်သည့်ရုပ်ရှင်တွင်မှ လူတစ်ဦးတည်းက အလုပ်တာဝန်များစွာကို လုပ်ဆောင်ခဲ့ခြင်းမျိုး မရှိခဲ့ဖူးပေ။
ယဲ့ချန်းသည် ဖုန်းထဲရှိ သုန်းပေါ်၏ ဗီဒီယိုကို ကြည့်၍ တဟားဟားရယ်မောလိုက်သည်။
ထိုအချိန်တုန်းက ယဲ့ချန်းသည် သုန်းပေါ်ကို ဘာမှမတုံ့ပြန်ခဲ့ပေ။ သူ့စွမ်းရည်များဖြင့် မျက်နှာဖြတ်ရိုက်ရန်အတွက် ယနေ့အချိန်အထိ သူ စောင့်ဆိုင်းနေခဲ့သည်။
သူ့ရည်မှန်းချက် အောင်မြင်သွားခဲ့လေပြီ။ သုန်းပေါ်မှာမူ အင်တာနက်အသုံးပြုသူများ၏ ဆဲဆိုမှုများကြောင့် ဝေးပေါ် အကောင့်ကိုပါ ပိတ်လိုက်ရသည်။
"သခင်လေးက အရမ်းအံ့သြဖို့ကောင်းတာပဲ။ ဒီလောက်ကောင်းတဲ့ ရုပ်ရှင်ကို ဖန်တီးနိုင်တယ်"
လင်းဝမ်ယိုက ဘေးနားမှ တိုးညင်းစွာ ပြောလာလေသည်။
ယဲ့ချန်းက ပြုံးလိုက်၏။
"အပျော်သဘော လုပ်ကြည့်တာပါ။ တကယ်တော့ ကိုယ့်ရဲ့အဓိကအလုပ်က တက္ကစီဒရိုင်ဘာပါ"
လင်းဝမ်ယိုက ယဲ့ချန်းကို မျက်စောင်းထိုးလိုက်သည်။
"လူဆိုး"
ဤရုပ်ရှင်က ကျိုးဖာကို မြေတောင်မြှောက်ပေးလိုက်သည်ဖြစ်ရာ ယခုအခါ သူသည် ထိပ်တန်းအနုပညာရှင်စာရင်းထဲသို့ ဝင်သွားပြီဖြစ်၏။
လျိုဟွားနှင့် သုန်းရှောင်ယာတို့လည်း စူပါစတားအနုပညာရှင်များ၏ ထိပ်ဆုံးဆယ်ဦးစာရင်းတွင် နေရာယူနိုင်ခဲ့ကြသည်။
ယဲ့ချန်း အံ့သြသွားရသည်မှာ သူကိုယ်တိုင်ပင် အဆင့်အနည်းငယ် နိမ့်သော်လည်း ထိပ်တန်း အနုပညာရှင်များ စာရင်းထဲသို့ ဝင်ရောက်သွားခြင်းပင်။
ယဲ့ချန်းလည်း ရုပ်ရှင်၏ ရုံဝင်ငွေစာရင်းကို စစ်ဆေးကြည့်လိုက်သည်။
ခုနစ်ရက်အတွင်း "ဝပ်တွားနေသောကျား၊ ပုန်းအောင်းနေသောနဂါး"ရုပ်ရှင်သည် ယွမ် ၁.၀၈ဘီလျံ ရရှိခဲ့သည်။
ဤရုံဝင်ငွေသည် ထိပ်တန်းနိုင်ငံခြားရုပ်ရှင်များကိုပင် ကျော်လွန်ကာ တစ်နှစ်တာစံချိန်တင်သွားခဲ့ပြီဖြစ်၏။
ကြောက်မက်ဖွယ်ကောင်းသည်မှာ ဤပမာဏထဲတွင် နိုင်ငံခြားရုံဝင်ငွေများ မပါဝင်သေးခြင်းပင်တည်း။
နိုင်ငံခြားရုံဝင်ငွေ စုစုပေါင်းမှာ ဒေါ်လာသန်း၅၂၀ ရှိ၏။
ယွမ်ငွေနှင့် တွက်မည်ဆိုပါက ၄ဘီလျံနီးပါးနှင့် ညီမျှသည်။
ဟွားနိုင်ငံရုပ်ရှင်တစ်ကားအနေနှင့် ဤမျှများပြားသော နိုင်ငံတကာရုံဝင်ငွေကို ပထမဆုံးအကြိမ်အဖြစ် ရရှိခြင်းပင်။
ထို့ပြင် ဤရုပ်ရှင်၏ ရေပန်းစားမှုကြောင့် ယခုလောလောဆယ်တွင် ရုံတင်ပြသမှုမှ ရပ်နားဦးမည်မဟုတ်ချေ။ ရုံဝင်ငွေတိုးတက်မှုနှုန်းမှာ အလွန်နှေးကွေးသွားမည်ဖြစ်သော်လည်း ဆက်လက်တိုးပွားနေဦးမည်သာ။
ဟွားနိုင်ငံ၏ သမိုင်းတစ်လျှောက်တွင် မည်သည့်ရုပ်ရှင်ကမှ ဤမျှအထိ အံ့မခန်းအောင်မြင်မှုမျိုး မရရှိခဲ့ဖူးဘူးဟု ဆိုလျှင်လည်း မှားမည်မဟုတ်ပေ။
ယဲ့ချန်းက သမိုင်းသစ်ကို ရေးထိုးနိုင်ခဲ့သည်။
ယဲ့ချန်းသည် ရုံဝင်ငွေကို စိတ်ဝင်စားခြင်းမဟုတ်ပေ။ သူ့ကို စိတ်ဝင်စားစေသည့်အရာမှာ ဟွားနိုင်ငံ၏ ရုပ်ရှင်သမိုင်းကို ဖန်တီးနိုင်ခဲ့ခြင်းပင်။
ထိုအချိန်တွင် လင်းဝမ်ယိုထံသို့ ဖုန်းတစ်ကောလ် ဝင်လာခဲ့သည်။
သူ(မ)လည်း စကားအနည်းငယ် ပြောပြီးနောက် ဖုန်းချလိုက်သည်။
"သခင်လေး.. ကျန်းကျယ်ရုပ်သံလိုင်းက ကျွန်မတို့ ရုပ်ရှင်အဖွဲ့သားတွေနဲ့ အင်တာဗျူးတစ်ခု စီစဉ်ဖို့ အခုလေးတင် ဆက်သွယ်လာတယ်"
ထိုစကားကို ကြားသောအခါ ယဲ့ချန်း၏ မျက်လုံးများ အရောင်လက်သွားသည်။ ထိုရုပ်သံလိုင်းက "ဝပ်တွားနေသောကျား၊ ပုန်းအောင်းနေသောနဂါး"၏ ဩဇာလွှမ်းမိုးမှုကို ချဲ့ထွင်ရန် နောက်ထပ် အခွင့်အရေးကောင်းတစ်ခု ဖြစ်သည်။
ရုံဝင်ငွေက တဖြည်းဖြည်း ကျဆင်းလာနေပြီဖြစ်ရာ ဤဖျော်ဖြေရေးအစီအစဉ်၏ အကူအညီဖြင့် သရုပ်ဆောင်များနှင့် ရုပ်ရှင်ကားကို တစ်ကျော့ပြန် နာမည်ကြီးလာစေနိုင်ပေမည်။
ယဲ့ချန်းလည်း သုန်းရှောင်ယာ၊ လျိုဟွား၊ ကျိုးဖာ အစရှိသော အဓိကသရုပ်ဆောင်အနည်းငယ်ကို ခေါ်ဆောင်၍ ကိုယ်ပိုင်လေယာဉ်ဖြင့် ကျန်းမြို့သို့ ထွက်ခွာခဲ့သည်။
လေယာဉ်ပေါ်မှ ဆင်းဆင်းချင်း သူတို့တစ်သိုက် လန့်ဖျပ်သွားကြသည်။
အစီအစဉ်အတွက် သူတို့ရောက်ရှိလာသည့်သတင်းမှာ ပေါက်ကြားသွားခဲ့သဖြင့် လေဆိပ်ဝင်ပေါက်တွင် ပရိသတ်များဖြင့် ပြည့်နှက်နေပေသည်။
သူတို့လည်း ဗီအိုင်ပီလမ်းကြောင်းကတစ်ဆင့် တိတ်တဆိတ် ထွက်ခွာရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
ကားပေါ်ရောက်သည်နှင့် ကျန်းကျယ်ရုပ်သံဌာနသို့ ဦးတည်လိုက်ကြသည်။
နေ့လယ်ပိုင်းတွင် ယဲ့ချန်းနှင့် သရုပ်ဆောင်များမှာ အင်တာဗျူးအစီအစဉ်တစ်ခုကို အသံသွင်းခဲ့ကြသည်။
သဘောတူထားသည့်အတိုင်း ထိုအစီအစဉ်ကို ထိုညနေပိုင်းမှာပင် ထုတ်လွှင့်မည်ဖြစ်၏။
ဤသည်မှာ ယဲ့ချန်း လက်မှတ်ရေးထိုးထားသည့် စည်းကမ်းချက်များထဲမှ တစ်ခုလည်းဖြစ်၏။
အကြောင်းမှာ ယဲ့ချန်းသည် ရုပ်ရှင်၏ရေပန်းစားမှုကို တစ်ဖန်ပြန်လည်မြှင့်တင်ရန်နှင့် ရုံဝင်ငွေစံချိန် နောက်တစ်ကြိမ်ချိုးနိုင်ရန် ဤအချိန်အခါကို အခွင့်ကောင်းယူချင်သောကြောင့်ပင်။
အစီအစဉ်မှာ သုံးနာရီကျော် ကြာမြင့်ခဲ့ပြီး နောက်ဆုံးတွင်မူ ပြီးစီးသွားခဲ့သည်။
ညနေပိုင်းတွင် သူတို့အဖွဲ့လည်း ဒေသခံဟိုတယ်တစ်ခု၌ တည်းခိုခဲ့ကြသည်။
အောင်ပွဲခံရန်အတွက် ယဲ့ချန်းက ရုပ်ရှင်အဖွဲ့သားများအတွက် စားပွဲသောက်ပွဲတစ်ခု ကျင်းပပေးခဲ့သည်။
သုန်းရှောင်ယာက ပြုံးလျက် ပြောလိုက်လေသည်။
"ယဲ့ချန်း.. ရှင်က တကယ်အံ့သြဖို့ကောင်းတာပဲ။ ဒီရုပ်ရှင်က ဒီလောက်အထိ အောင်မြင်သွားမယ်လို့ ကျွန်မ ထင်တောင်မထင်ထားဘူး"
ကျိုးဖာက ဖန်ခွက်ကို မြှောက်လိုက်ပြီး လေးနက်တည်ကြည်စွာ ဆိုချေသည်။
"ဒါရိုက်တာယဲ့.. ကျွန်တော် ခင်ဗျားကို ဂုဏ်ပြုချင်ပါတယ်။ ကျွန်တော့်ကို နာမည်ကြီးလာအောင် ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"
လူတိုင်း အတူတကွ စကားစမြည်ပြောရင်း ရယ်မောနေကြသည်။
ထိုစဉ် လင်းဝမ်ယို၏ဖုန်းက အသံမြည်လာလေသည်။ ဖုန်းပြောပြီးနောက် သူ(မ)၏မျက်နှာကား အနည်းငယ်ပျက်ယွင်းသွားသည်။