← Chapters

အခန်း (၉၄-၉၆)

Vol. 7 Ch. 94-96

အခန်း (၉၄-၉၆)

Vol. 7 Ch. 94-96

အပိုင်း ( 94 )

အပြည့်အဝ ချေမှုန်းခြင်း

ပန်ဘုရင်လေးသည် အလွန်တရာ မြန်ဆန်နေခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ပဥ္စမတောင်တန်းဆီသို့ ရောက်ရှိသွားခဲ့သည်။

အစောပိုင်း အချိန်များအတွင်းက ပဋိပက္ခကို စောင့်ကြည့်နေခဲ့သည့် လူများသည် တတိယ တောင်တန်းအတွင်းသို့ မလိုက်လာနိုင်ခဲ့ကြပေ၊ သို့သော် သူ၏ ရောက်ရှိလာမှုသည် ထိုလူများ၏ အာရုံများကို ထပ်မံ၍ ဆွဲဆောင်သွားခဲ့ပြန်သည်။

“ အဲ့တာက ပန်ဘုရင်လေးပဲ “

တစ်ခြားလူများထံမှ အာမေဋိတ်သံများ ပေါ်ထွက်လာခဲ့သောကြောင့်၊ သူတို့သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေကြတော့သည်။

သို့ရာ၌ သူတို့မတုံ့ပြန်နိုင်ခင် အချိန်မှာပင် သူတို့သည် အနောက်မှ တဟုန်ပြေးထွက်လာသည့် ပုံရိပ်တစ်ခုက ပန်ဘုရင်လေး၏ အရှေ့တွင် ရပ်နေသည်ကို မြင်တွေ့သွားခဲ့ကြသည်။

၎င်းကို မြင်လိုက်ရသောအခါတွင် ပန်ဘုရင်လေးသည် အကြောက်တရားတို့ဖြင့် မျက်စိအပြူးသား ဖြစ်သွားခဲ့သည်။

ပန်မျိုးနွယ်စု၏ အမြန်နှုန်းက လူအများက ယုံကြည်လက်ခံထားကြသည်၊ သို့သော် သူ့အရှေ့တွင် ရှိနေသည့် အဆိုပါ လူသားကျင့်ကြံသူသည် သူ့ထပ်ပင် ပိုမိုမြန်ဆန်နေခဲ့ကာ၊ သူ၏လမ်းကိုပင် ပိတ်ဆို့တားဆီးနေခဲ့ပြီ ဖြစ်သည်။

နီးကပ်သွားသည့် အချိန်တွင် လုချန်ရှန်းသည် စကားတစ်ခွန်းမှ ပြောမနေဘဲ၊ သူ၏လက်ကို မြှောက်ကာ ရင်ဖုန်း၏ မျက်နှာကို တိုက်ရိုက်ရိုက်ချလိုက်သည်။

ဖပ်

တိုးညှင်းသော အသံတစ်သံ ပေါ်ထွက်လာခဲ့ပြီး၊ ပန်ငှက်သည် ချက်ချင်း ဦးတည်ချက်ပြောင်းကာ၊ အရှေ့တွင် ရှိနေသည့် တောင်ပေါ်သို့ ဦးခေါင်းဖြင့် ထိုးစိုက်ကျသွားခဲ့သည်။

အလွန်တရာ ကျယ်လောင်သော အသံနှင့်အတူ တောင်သည် အလယ်မှ ကွဲထွက်သွားခဲ့သည်၊ အက်ကွဲကြောင်းများသည် အောက်ခြေမှထိပ်ဆုံးအထိ ပျံ့နှံ့သွားကာ၊ တောင်ထိပ်ပေါက်ကွဲသွားကာ၊ နေရာအနှံ့တွင် ကြီးမားသော ရိုက်ခတ်မှုများ ဖြစ်ပေါ်သွားစေခဲ့သည်။

“ အဲ့တာက …. “

၎င်းကို မြင်လိုက်ရသောအခါတွင် လူတိုင်း အံ့အားသင့်သွားကြသည်။

ပန်ဘုရင်လေးက မောက်မာသော်လည်း၊ သူသည် အမှန်တကယ် အစွမ်းထက်နေခဲ့သည်၊ အဆင့်တူတွင် မည်သူကမှ သူ့ကို မယှဥ်နိုင်ကြပေ၊ သူသည် လူပေါင်းများစွာကို အနိုင်ယူခဲ့ပြီး၊ ယနေ့ခေတ်၏ အမြင့်တစ်နေရာတွင် ရပ်တည်နေခဲ့သည်။

သို့သော် ယခုတွင်ကား သူသည် အဆိုပါ လူငယ်၏ ဖိနှိပ်ခြင်းကို ခံနေခဲ့ရသည်။

ဝှစ်

ချက်ချင်းဆိုသလိုပင် များပြားလွန်းလှသော ကျောက်တုံးကြီးများသည် ကောင်းကင်ယံတွင် ပျံသန်းနေခဲ့သည်၊ ရွှေတောင်ပံ ပန်ငှက်သည် ၎င်း၏ တောင်ပံများကို ခတ်ကာ လေထုအတွင်းသို့ မြင့်တက်လာခဲ့ပြီး၊ လုချန်ရှန်းကို စူးစူးရဲရဲ စိုက်ကြည့်နေခဲ့သည်။

သူ၏အရှိန်အဝါ ပျံ့လွင့်လာခဲ့ပြီး၊ လူအုပ်ကြီးကို ကြောက်လန့်သွားစေခဲ့သည်။

လုချန်ရှန်းမှာလည်း အံ့အားသင့်သွားခဲ့သည် “ မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ အူတိုင်ဖွဲ့စည်းခြင်း အဆင့်၅ကို ရောက်နေလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “

ထိုစကားကို ကြားလိုက်ရသောအချိန်၌ ဤနေရာတွင် ရှိနေသည့် လူတိုင်းမှာ တအံ့တဩ ဖြစ်သွားကြသည်။

ငယ်ငယ်ရွယ်ရွယ်ဖြင့် ထိုကဲ့သို့သော အဆင့်မျိုးအထိ ရောက်ရှိနေခြင်းမှာ အမှန်ပင် ရှားပါးလွန်းနေခဲ့သည်။

သို့ရာ၌ ဤတစ်ကြိမ်တွင် ပန်ဘုရင်လေး၏ မျက်လုံးများအတွင်းတွင် မောက်မာမှုများ ရှိမနေတော့ပေ။ ထို့အစား သူသည် လုချန်ရှန်းကိုသာ စိုက်ကြည့်နေခဲ့သည်။

“ ချင်းယီ၊ မင်းဘယ်ကလာတာလဲ။ အရင်က မင်းလိုလူမျိုးအကြောင်းကို ဘာဖြစ်လို့ တစ်ခါမှ မကြားခဲ့ဖူးရတာလဲ “ ဟု ပန်ဘုရင်လေးမှ မေးမြန်းလာခဲ့သည်။

လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ မမေးနဲ့၊ တကယ်လို့ မင်းမေးမယ်ဆိုရင်တောင်မှ၊ ငါပြောပြမှာ မဟုတ်ဘူး “

“ ဘာလို့လဲ “

“ တကယ်လို့ မင်းသိသွားမယ်ဆိုရင်၊ မင်းက လူတွေကို လက်စားချေဖို့ ခေါ်လာပြီးတော့၊ ငါ့ရဲ့ ဂိုဏ်းတစ်ခုလုံးကို အပြတ်ရှင်းလိုက်မယ်ဆိုရင် ဘယ်လိုလုပ်မလဲ၊ အဲ့တာက ကြောက်စရာကောင်းတယ် မဟုတ်ဘူးလား “ လုချန်ရှန်းမှ ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်ရာ၊ လူတိုင်း မှင်သက်သွားကြသည်။

သို့ရာတွင် သူပြောခဲ့သည့် စကားများမှာ အမှန်တရားများသာ ဖြစ်နေခဲ့သည်။

ရွှေတောင်ပံ ပန်မျိုးနွယ်စုက မည်မျှ အစွမ်းထက်လိုက်သနည်း။ သူတို့သည် အလွယ်တကူ စော်ကားနိုင်သော သာမန်ဂိုဏ်းတစ်ဂိုဏ်း မဟုတ်ပေ။ အကယ်၍ သူတို့ကသာ လက်စားချေချင်လာသည်ဆိုပါက၊ ဂိုဏ်းကြီးတစ်ခုကပင် ၎င်းကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ၊ ထို့ကြောင့် စိုးရိမ်ပူပန်နေခြင်းမှာ ပုံမှန်သာလျှင် ဖြစ်ပေသည်။

သို့ရာတွင် ပန်ဘုရင်လေးမှ စကားထပ်ပြောလာခဲ့သည် “ ငါက အမြဲတမ်း ဖြောင့်မတ်တည်ကြည်ပြီးတော့ ဂုဏ်သိက္ခာရှိတယ်၊ ညစ်ပတ်တဲ့ ကိစ္စတွေကို ဘယ်တော့မှ မလုပ်ဘူး၊ ငါ့ရဲ့ ပန်မျိုးနွယ်စုကလည်း အဲ့လိုဟာတွေကို မသတီဘူး “

“ ဒါဆိုရင် ဘာလို့မေးတာလဲ “

“ ငါ ………….. “

ပန်ဘုရင်လေး မှင်သက်သွားခဲ့သည်၊ သူသည် တစ်ဖက်လူက မည်သည့်နေရာမှ လာလဲဆိုသည်ကို သိချင်ရုံသာလျှင် ဖြစ်သည်။

လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ စကားပြောတာကို လျှော့လိုက်၊ မင်းကို သင်ခန်းစာပေးပြီးသွားရင်၊ ငါတို့က ထပ်တွေ့ရတော့မှာ မဟုတ်ဘူး “

ရင်ဖုန်း ဆွံ့အသွားခဲ့သည်၊ သူသည် တောင်ပံများကို ခတ်ကာ၊ အရှေ့သို့ ပြေးတက်သွားတော့သည်။

သူ၏ခန္ဓာကိုယ်ပေါ် ရွှေရောင်လှိုင်းလုံးများ ပေါ်ထွက်လာခဲ့သည်၊ ၎င်းကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းသည် မည်သည့်စကားမှ ထပ်မပြောတော့ဘဲ၊ အရှေ့သို့ ပြေးတက်သွားကာ၊ သူ့ကို တိုက်ရိုက်တိုက်ခိုက်လိုက်သည်။

ပန်ဘုရင်လေး၏ လက်သည်းကုတ်ချက်ကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းသည် သူ၏လက်ကို မြှောက်ကာ၊ ပိတ်ဆို့တားဆီးလိုက်သည်။

နှစ်ဖက်စလုံး တိုက်မိသွားကြသည်။

ရှောင်ဟေးမှ အံ့ဩတကြီး ပြောဆိုလာခဲ့သည် “ မင်းရူးနေတာလား။ သားရဲမျိုးနွယ်စုတွေရဲ့ ရုပ်ခန္ဓာက မင်းတို့လူသားတွေထပ် ပိုပြီးတော့ ကြံ့ခိုင်သန်စွမ်းတယ်၊ ရွှေတောင်ပံ ပန်ငှက်က သူတို့တွေထဲမှာ အကောင်းဆုံးပဲ၊ မင်း ……………. “

အစတွင် သူသည် လုချန်ရှန်းကို ဖျောင်းဖြချင်နေခဲ့သည်၊ သို့သော် သူသည် လုချန်ရှန်းက ပန်ဘုရင်လေးနှင့် ရုပ်ခန္ဓာချင်း ထိပ်တိုက်တွေ့နေခဲ့ပြီး၊ သူ၏ လက်သီးတွင် မည်သည့်ဒဏ်ရာမှ ရှိမနေဘူးဆိုသည်ကိုသာ မြင်တွေ့လိုက်ရသည်။

သူသည် တိုက်ခိုက်မှုတစ်ခုတည်းဖြင့် ပန်ငှက်ကိုပင် နောက်ဆုတ်သွားစေခဲ့သည်။

ဖြန့်ကျက်ထားသော အဆိုပါ တောင်ပံများသည် ရွှေအလင်းတန်းဖြင့် လိမ်ယှက်နေကာ ကောင်းကင်ဘုံ ဓားသွားများကဲ့သို့ ဖြစ်နေခဲ့ပြီး၊ မှော်စွမ်းအားများကိုပင် ချိုးဖျက်နိုင်စွမ်းရှိကာ၊ သတ္ထုများကပင် ၎င်းတို့လောက် မာကျောမနေခဲ့ပေ။

သို့သော် ၎င်းတို့သည် လုချန်ရှန်းအတွက် မည်သည့်အကျိုးသက်ရောက်မှုမှ ရှိမနေခဲ့ပေ၊ သူသည် ပန်ငှက်နှင့် ရုပ်ခန္ဓာချင်း ထိပ်တိုက်တွေ့ဆုံနေခဲ့ပြီး၊ ထိတွေ့တိုက်ခိုက်မှု အသံများကို ဆက်တိုက်ထုတ်လွှတ်နေခဲ့သည်၊ ကောင်းကင်မှ မြေပြင်အထိ သူသည် ပြိုင်ဘက်ကို လုံးဝဖိနှိပ်ထားခဲ့သည်။

“ အဲ့တာ ……. အဲ့တာက ………. “ ရှောင်ဟေးသည် အံ့ဩတုန်လှုပ်သွားကာ၊ စကားမပြောနိုင် ဖြစ်သွားခဲ့သည်။

အဲ့တာက လူကော ဟုတ်ရဲ့လားဟ

လူသားတစ်ဦးက သားရဲတစ်ကောင်နှင့် ရုပ်ခန္ဓာချင်း ရင်ဆိုင်တိုက်ခိုက်နေခြင်းမှာ တစ်ကြိမ်တစ်ခါမှ မကြားဖူးခဲ့ရသော ကိစ္စတစ်ခုဖြစ်သည်၊ ခန္ဓာကျင့်ကြံသူများကပင် ထိုမျှလောက် မမောက်မာဝံ့ကြပေ။

ပို၍ အံ့အားသင့်ဖွယ်ကောင်းနေသည်မှာ ထိုလူက သူ၏ရုပ်ခန္ဓာဖြင့် တစ်ဖက်လူကို ဖိနှိပ်နေခြင်းပင် ဖြစ်သည်။

သူစောင့်ကြည့်နေသည့် အချိန်မှာပင် လက်သီးတစ်လုံးသည် ပန်ဘုရင်လေး၏ ခန္ဓာကိုယ်ကို လည်ထွက်သွားစေခဲ့သည်၊ သူ၏ ချွန်မြိသော လက်သည်းတို့မှာလည်း အတင်းအကြပ် အကွေးခံလိုက်ရသည်၊ ထို့နောက်တွင် လုချန်ရှန်းသည် သူ၏လက်ကို မြှောက်ကာ၊ ပြိုင်ဘက်၏ ဦးခေါင်းကို ရိုက်ချလိုက်သည်၊ ၎င်းသည် တစ်ဖက်လူကို မူးဝေသွားစေကာ လေထုအတွင်းမှ ပြုတ်ကျလုနီးပါး ဖြစ်သွားစေခဲ့သည်။

လုချန်ရှန်းသည် တစ်ခဏလေးပင် အနားမယူဘဲ၊ ပန်ဘုရင်လေး၏ ခန္ဓာကိုယ်ပေါ်သို့ ဆင်းသက်သွားကာ၊ သူ၏ အရေပြားကို ဆုပ်ကိုင်၍ အဆက်မပြတ် ထိုးနှက်နေတော့သည်။

အဝေးတွင် လေအေးများ အဆက်မပြတ် ပေါ်ထွက်နေခဲ့သည်။

ယခင်က အံ့အားသင့်နေခဲ့သည့် လူအုပ်ကြီးသည် ယခုတွင် အထိတ်တလန့် ဖြစ်သွားကြပြီ ဖြစ်သည်။

လူသားတစ်ဦးက ရုပ်ခန္ဓာစွမ်းအားဖြင့် သားရဲတစ်ကောင်ကို ဖိနှိပ်လိုက်ခြင်းကို မည်သူကမှ တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ခဲ့ဖူးချေ၊ သူသည် လူသားပုံစံ အသွင်ယူထားသည့် ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်အလား ဖြစ်နေခဲ့သည်၊ ကြမ်းတမ်းသော ပန်ငှက်ကပင် သူ၏ ရိုက်နှက်ဖိနှိပ်ခြင်းကို ခံနေခဲ့ရသည်။

အဆိုပါ ရက်စက်ကြမ်းကြုတ်မှုသည် လူတိုင်းကို ကြက်သီးထသွားစေခဲ့သည်။

ရှောင်ဟေးမှာလည်း ၎င်းတို့အားလုံးကို စောင့်ကြည့်နေခဲ့ပြီး၊ ရေရွတ်ပြောဆိုနေခဲ့သည် “ ရင်ဖုန်းက ဘက်ပေါင်းစုံမှာ ဖိနှိပ်ခံနေရပြီ၊ မင်းဘာတွေလုပ် …… “

ရှောင်ဟေးသည် စကားကို ပြီးဆုံးအောင် မပြောနိုင်ခဲ့ဘဲ၊ ထပ်မံ၍ ဆွံ့အသွားခဲ့ရသည်။

ထိုအချိန်တွင် လုချန်ရှန်းသည် ပန်ဘုရင်လေး၏ ခန္ဓာကိုယ်ပေါ်တွင် ထိုင်ကာ၊ အမွှေးများဆက်တိုက် နှုတ်ယူနေခဲ့ပြီး၊ သူ၏လက်စွပ်အတွင်းသို့ ထိုးထည့်နေလျက်သည်။

၎င်းတို့နှင့်အတူ အော်ဟစ်သံများပါ အဖော်ပြုလိုက်ပါလာခဲ့သည်။

ရှောင်ဟေးသည် ဇဝေဇဝါ ဖြစ်သွားကာ၊ မေးမြန်းလိုက်သည် “ မင်းက ဘာလို့ အမွှေးနှုတ်နေရတာလဲဟ ”

“ မှော်ပစ္စည်းတွေ သန့်စင်ဖို့ပေါ့ဟ။ ပန်ငှက်ရဲ့ အမွှေးတွေနဲ့ လုပ်ထားတဲ့ ငှက်မွှေးယပ်တောင်က တော်တော်လေးကို အစွမ်းထက်တယ်လို့ ငါကြားခဲ့ဖူးတယ်။ အမွေးလေးနည်းနည်းလောက် နှုတ်ပြီးတော့ ဟုတ်၊ မဟုတ်ဆိုတာကို စမ်းကြည့်မယ်လေ “

“ မင်းက ငတုံးလားဟ။ ငှက်မွှေးယပ်တောင်ကို သန့်စင်ဖို့ဆိုတာက ထူးခြားတဲ့ ငှက်မွှေးကို လိုအပ်တာဟ၊ အဲ့တာက ငှက်တစ်ကောင်မှာ တစ်ခုပဲရှိတယ်၊ ပြီးတော့ ငှက်က အဲ့တာကို ဖွဲ့စည်းဖို့အတွက် မွေးရာပါ ဝိညာဥ်အဆင့်နဲ့ အဲ့တာရဲ့အထက်ကို ရောက်နေဖို့ လိုအပ်တယ်။ ဒီဟာတွေကို နှုတ်နေတာက ဘာအသုံးဝင်လို့လဲဟ “

“ အမ် ….. “ လုချန်ရှန်းသည် တစ်ခဏခန့် ရပ်တန့်သွားခဲ့ပြီးမှ၊ စကားပြန်ပြောလိုက်သည် “ ဒါဆို ဘာလို့ စောစောမပြောရတာလဲ။ ငါ့ကို အလဟာသ အချိန်ကုန်အောင် လုပ်နေတယ် “

ရှောင်ဟေးသည် ခန္ဓာကိုယ်၏ ကြီးမားသော အစိတ်အပိုင်းတစ်ခုပေါ်တွင် အမွှေးများ ကင်းမဲ့နေပြီး၊ ပြောင်ချောချော ဖြစ်နေသည့် ပန်ဘုရင်လေးကို ကြည့်ကာ၊ ဆွံ့အသွားခဲ့သည်။ ငါ့ကို လာပြီးတော့ အပြစ်တင်နေတာလား။ မင်းက မေးခဲ့လို့လားဟ

ထိုအချိန်တွင် လုချန်ရှန်းသည် အသာအယာ သက်ပြင်းချကာ၊ ပန်ဘုရင်လေး၏ ခန္ဓာကိုယ်ကို တက်နင်း၍၊ ကောင်းကင်ထက်သို့ ခုန်တက်သွားခဲ့သည်။ သို့သော် အဆိုပါကန်ချက်သည် ပန်ငှက်ကို လွင့်ထွက်သွားစေလုနီးပါး ဖြစ်သွားခဲ့သည်။

“ ဘယ်လိုလဲ။ ဒီသင်ခန်းစာက လုံလောက်သင့်တယ်လေ၊ ဟုတ်တယ်မလား “

လုချန်ရှန်းသည် စကားပြောဆိုနေရင်းဖြင့်သူ၏လက်ကို ဆန့်တန်းလိုက်သည်၊ သူ၏လက်ဖဝါးမှ မှော်စွမ်းအားများ ပေါက်ထွက်လာခဲ့ကာ၊ ပန်ဘုရင်လေးကို ဆွဲယူ၍ ဖိနှိပ်ရန် ပြင်လိုက်သည်။

ပန်ဘုရင်လေး၏ ခန္ဓာကိုယ်ကြီးသည် ပြင်းပြင်းထန်ထန် လှုပ်ခါသွားခဲ့သည်၊ သူ၏မှော်စွမ်းအားအား ဆက်တိုက် မြင့်တက်လာခဲ့ကာ၊ ချုပ်နှောင်မှုကို ချိုးဖျက်ရန် ပြင်လိုက်သည်၊ သို့သော် ၎င်းကို မချိုးဖျက်နိုင်ဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင် သူသည် ကျယ်လောင်စွာ ဟိန်းဟောက်နေတော့သည်၊ အသံလှိုင်းများသည် နားကွဲလုမတတ် ကျယ်လောင်နေခဲ့သည်။

၎င်းကို ကြားလိုက်ရသော လူများ၏ သူတို့၏ဦးခေါင်းများက ရှစ်စိတ်ကွဲသွားသကဲ့သို့ ခံစားသွားကြရသည်။ ထိုအချိန်တွင် ရွှေရောင်လှံတစ်လက်သည် ရင်ဖုန်း၏ ပါးစပ်အတွင်းမှ ခုန်ထွက်လာခဲ့ကာ၊ လုချန်ရှန်းကို ထိုးစိုက်ရန် ချိန်ရွယ်လာခဲ့သည်။

လှုပ်ရှားမှုသည် အလွန်တရာ မြန်ဆန်နေခဲ့ပြီး၊ လူတိုင်းကို အငိုက်မိစေသွားစေခဲ့သည်။

သို့သော် သူ၏ကြိုးစားအားထုတ်မှုမှာ အချည်းနှီးသာ ဖြစ်နေခဲ့သည်၊ လုချန်ရှန်းမှ သူ၏လက်ကို ဆန့်တန်းကာ အဆိုပါ လှံကို တိုက်ရိုက်ဖမ်းယူလိုက်သည်။

“ ဘုရင်အဆင့် မှော်ပစ္စည်း “ သူသည် ပြုံးစိစိ ဖြစ်သွားခဲ့သည်၊ သူသည် အကျိုးအမြတ် ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ၊ သူသည် ၎င်းကို သူ၏လက်စွပ်အတွင်းသို့ ပစ်ထည့်ကာ၊ မေးမြန်းလိုက်သည် “ ထပ်ရှိသေးလား “

ပန်ဘုရင်လေး၏ အမူအရာ ပြောင်းလဲသွားသည်။ သူသည် ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ၊ သို့သော် သူသည် အရူးမဟုတ်ပေ၊ ထို့ကြောင့် ၎င်းက အလုပ်မဖြစ်ဘူးဆိုသည်ကို မြင်တွေ့ခဲ့ပြီးသည့်နောက်တွင် တစ်ခြားသော နည်းလမ်းများကိုသာ တွေးတောစဥ်းစားနေတော့သည်။ အမျိုးမျိုးသော နည်းစနစ်များ အဆုံးမဲ့ ပေါ်ထွက်လာကာ၊ ချုပ်နှောင်မှုကို ချိုးဖျက်ရန် ကြိုးစားခဲ့သော်လည်း၊ အချည်းနှီးသာ ဖြစ်သွားခဲ့ရသည်။

လူနှစ်ဦးသည် မှော်စွမ်းအားချင်းယှဥ်ပြိုင်နေကြပြန်သည်၊ လုချန်ရှန်း၏ မှော်စွမ်းအားများ ဆက်တိုက် ပေါက်ထွက်လာခဲ့သည်။

သို့သော် ထို့နောက်စက္ကန့်ပိုင်းမျှအကြာတွင်၊ သူသည် ရုတ်တရက် ကျောချမ်းသွားခဲ့သည်။

ထိုအချိန်တွင် အလင်းတန်းတစ်ခုသည် ကောင်းကင်ထက်တွင် ပေါ်ထွက်လာခဲ့ကာ၊ သူ၏ဦးခေါင်းပေါ်သို့ ကျဆင်းလာခဲ့သည်။

ဘုမ်းး

လုချန်ရှန်းသည် သူ၏လက်ကို မြှောက်ကာ၊ အလင်းတန်းကို ပြိုကွဲသွားစေပြီး၊ ခြေတစ်လှမ်းတစ်ဝက် နောက်ဆုတ်လိုက်သည်။ သူ၏ အမူအရာမှာ အေးဆေးတည်ငြိမ်နေသေးသည်၊ သို့သော် သူ၏အကြည့်များ အေးစက်နေခဲ့သည်။

“ ဘယ်သူလဲ “

ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ရာ၊ သက်လတ်ပိုင်းလူတစ်ဦးက ကောင်းကင်ယံတွင် မတ်တပ်ရပ်နေကာ၊ သူ့အား အထက်မှ ငုံ့ကြည့်နေသည်ကို မြင်တွေ့သွားခဲ့သည်။

……………………………………………………………………………………………………………………………………….

အပိုင်း ( 95 )

ဒီရန်ကြွေးကို ငါမှတ်ထားမယ်

ထိုလူ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ဤနေရာ၏ လေထုမှာ ပြောင်းလဲသွားပုံရသည်။

ထိုအချိန်တွင် ထိုလူမှ စကားစပြောလာခဲ့သည် “ လူငယ်လေး၊ တတ်နိုင်သလောက် ကရုဏာထားသင့်တယ်။ သူက ရှုံးနေပြီးသားပဲ၊ ဘာလို့ သူ့ကို ဆက်တိုက်နေပြီးတော့၊ အရှက်ခွဲနေရတာလဲ။ မင်းတော်တော်လွန်နေပြီ “

“ လိပ်အိုကြီး၊ ခင်ဗျား အပူမပါဘူး “

လုချန်ရှန်းသည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

ထိုလူမှာလည်း ၎င်းကို ခံစားမိနေခဲ့ကာ၊ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ မင်းမှာ စွမ်းရည်တစ်ချို့ရှိတာကြောင့် စိတ်မကြွသွားနဲ့။ ဒီကမ္ဘာမှာ မင်းမဆန့်ကျင်နိုင်တဲ့လူတွေ အများကြီး ရှိတယ် “

“ လိပ်အိုကြီး၊ တစ်ခြားလူတွေကို စိတ်ကြွတယ်လို့ ပြောနေတဲ့ အချိန်မှာ ခင်ဗျားက မှန်ကော ကြည့်ရဲ့လား “

“ မင်းသေချင်နေတာလား “

“ လာစမ်းကြည့်လိုက်လေ “

လုချန်ရှန်းသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ဤနေရာက အပြင်ကမ္ဘာ မဟုတ်သောကြောင့်၊ သူသည် သူ့ထပ် အဆင့်ပိုမြင့်သည့် အစွမ်းထက် ကျင့်ကြံသူများကိုသာလျှင် ကြောက်ရွံ့လေသည်၊ သူသည် အဆင့်တူအတွင်းတွင် မည်သူ့ကိုမှ မကြောက်ပေ။

သူ၏ဓားတာအို တစ်ခုတည်းကပင် သူ့ကို အားသာချက်ကြီးတစ်ခု ပေးစွမ်းနေခဲ့သည်။

ထိုအချိန်တွင် လူနှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး ရန်စောင်နေကြပြီ ဖြစ်သည်။

သို့ရာတွင် ဖိနှိပ်ခံထားရသည့် ပန်ဘုရင်လေးမှ စကားဝင်ပြောလာခဲ့သည် “ အန်ကယ်ချူ၊ ဒါက ကျွန်တော့်ကိစ္စပါ။ တကယ်လို့ ကျွန်တော် သေသွားရမယ်ဆိုရင်တောင်မှ၊ အဲ့တာက ကျွန်တော်ရဲ့ စွမ်းရည်က နိမ့်ကျနေလို့ပါ။ ကျွန်တော်ကိုယ်တိုင်ပဲ ခံမယ်၊ ကျွန်တော့်အတွက် ရပ်တည်ပေးဖို့ ဘယ်သူ့ကိုမှ မလိုအပ်ဘူး “

“ ဟမ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် သက်လတ်ပိုင်းလူသည် မျက်မှောင်ကြုတ်သွားခဲ့သည်။

လုချန်ရှန်းမှာလည်း တအံ့တဩ ဖြစ်သွားခဲ့သည်။

သူသည် ဤလူ့ထံတွင် ထိုကဲ့သို့သော သတ္တိမျိုး ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သက်လတ်ပိုင်း လူ၏ အမူအရာသည် အဆက်မပြတ် ပြောင်းလဲနေခဲ့သည်၊ တစ်ခဏအကြာတွင် သူသည် စကားထပ်ပြောလာခဲ့သည် “ မင်းအဖေနဲ့ ငါက မိတ်ဆွေဖြစ်နေတာ တော်တော်ကြီးကို ကြာနေပြီ၊ ငါက ဘယ်လိုလုပ် ဘေးထွက် ကြည့်နေနိုင်မှာလဲ “

“ ရပါတယ်၊ ဘာတွေပဲ ဖြစ်လာဖြစ်လာ အဲ့တာကို ကျွန်တော် လက်ခံတယ် “

သက်လတ်ပိုင်းလူသည် တွေးတောစဥ်းစားနေရင်းဖြင့် အနောက်သို့ လှည့်ကြည့်လိုက်ကာ၊ တွေဝေတုံ့ဆိုင်းနေခဲ့ပြီးမှ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

“ ကောင်းပြီလေ၊ မင်းသဘောပဲ “

သူသည် ထိုကဲ့သို့ ပြောလာခဲ့ကာ၊ လှည့်ထွက်သွားတော့သည်။

ထိုအချိန်တွင် လုချန်ရှန်းသည် သူ၏လက်ကို မြှောက်ကာ၊ ကောင်းကင်ထက်သို့ ဓားချီများ ပစ်ခွင်းကာ၊ ထိုလူကို ခုတ်ပိုင်းလိုက်သည်။

ချက်ချင်းဆိုသလိုပင် တောင်တန်းဒေသတစ်ခုလုံးတွင် ပြင်းထန်သော ဖိအားတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။ ထိုလူ၏ အမူအရာ တင်းမာသွားပြီး၊ သူ၏လက်ကို မြှောက်လိုက်ရာ၊ မှော်စွမ်းအားလှိုင်းတစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ ပတ်ဝန်းကျင်ကို လှုပ်ခါသွားစေခဲ့သည်။

အလင်းတန်းများ စုစည်းလာခဲ့ပြီး၊ ထိုလူ၏ အကြည့်ထဲတွင် အံ့အားသင့်သွားသည့် အရိပ်အငွေ့များ စွန်းထင်းလာခဲ့သည်။ သူသည် အမှန်တကယ် နောက်ဆုတ်သွားခဲ့ရပြီး၊ သူ၏အကျ်ီလက် ဆုတ်ပြဲသွားကာ၊ သူ၏လက်မောင်းပေါ်တွင် ဓားရာတစ်ခု တည်ရှိနေခဲ့သည်။

“ ခွေးသူတောင်းစား “

သက်လတ်ပိုင်းလူမှ အော်ငေါက်လာခဲ့သည်။

လုချန်ရှန်းသည် အေးအေးလူလူ ပြန်ပြောလိုက်သည် “ မျိုးမစစ်အိုကြီး၊ မောက်မာမနေနဲ့။ တကယ်လို့ သတ္တိရှိတယ်ဆိုရင်၊ မပြေးဘဲ၊ ဆင်းလာခဲ့လိုက်။ ကျုပ်ခင်ဗျားကို ခုတ်ထစ်ပြမယ် “

ထို့နောက်တွင် ဓားအလင်းတန်းများ ထပ်မံ၍ ကျဆင်းလာခဲ့ပြီး၊ လုချန်ရှန်းသည် ထိုလူ့အနောက်သို့ လိုက်သွားရန် ပြင်လိုက်သည်။

သို့ရာတွင် ထိုလူသည် စကားပြန်မပြောလာခဲ့ဘဲ၊ အနောက်သို့ ငေးကြည့်လိုက်ပြီး၊ အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ၊ စတုတ္တတောင်တန်းအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။

“ အသုံးမကျတဲ့ လိပ်အဘိုးကြီး၊ ဒီရန်ကြွေးကို ငါမှတ်ထားမယ်။ ငါ့ကို စောင့်နေလိုက် “

ထို့နောက်တွင် သူသည် ပန်ဘုရင်လေးကို ထပ်ကြည့်လိုက်သည်။ သူသည် ထိုလူ့ထံတွင် ထိုကဲ့သို့သော စိတ်ဓာတ်မျိုး ရှိနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

သူသည် ထိုလူ့ကို မသတ်ဘဲ၊ သင်ခန်းစာတစ်ခု ပေးကာ၊ ဝိညာဥ်ကျောက် ငါးသိန်းယူရန်သာ ကြံရွယ်ထားခဲ့သည်။ ယခုမြင်တွေ့ရသလောက်အရဆိုပါက၊ ထိုလူသည် အနည်းငယ် လေးစားဖွယ်ကောင်းနေသည့်ပုံပင်။

သို့ရာတွင် လေးစားမှုက လေးစားမှုဖြစ်ပြီး၊ အလုပ်က အလုပ်ဖြစ်သည်။ ထိုနှစ်ခုကို ရောထွေးလိုက်၍ မဖြစ်ပေ၊ လှည်းကို မြင်းအရှေ့တွင် ထားခြင်းမှာ ကောင်းမွန်သော ကိစ္စတစ်ခု မဟုတ်ပေ။

“ ဖိနှိပ် “

တိုးညှင်းသော အော်ဟစ်သံတစ်ခုနှင့်အတူ ပန်ဘုရင်လေး ဖိနှိပ်ခံလိုက်ရသည်။

သူ၏မှော်စွမ်းအားအားလုံး ချိတ်ပိတ်ခံလိုက်ရပြီး၊ သူသည် မည်သည့်နည်းလမ်းကိုမှ အသုံးမပြုနိုင်တော့ပေ။

ထို့နောက်တွင် လုချန်ရှန်းသည် တစ်ခြားလူများကို ကြည့်ကာ စကားပြောလိုက်သည် “ ကျုပ်ကို ကူညီပြီးတော့ ပန်မျိုးနွယ်စုဆီ သတင်းပို့ပေးမဲ့ ကြင်နာတတ်တဲ့ လူတစ်ယောက်လောက်ရှိလား။ မစ်ရှင်ပြီးသွားတဲ့အတွက် အခုအချိန်ကနေစပြီး နောက်သုံးရက်အကြာမှာ ဒီနေရာမှာပဲ ကျသင့်ငွေလာရှင်းပေးဖို့ ပြောပေးပါ “

လူအုပ်ကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ အားလုံးသည် သူ့ကို တအံ့ဖြစ်နေသော အမူအရာများနှင့် မယုံကြည်နိုင်ဖြစ်နေသော အမူအရာများဖြင့် စိုက်ကြည့်လာကြသည်။

ဒီကောင်လေးက မောက်မာတဲ့ ပန်ဘုရင်လေးကို တကယ်ကြီး ဖိနှိပ်နိုင်ခဲ့တာပဲ

ပို၍အရေးကြီးသော အရာမှာ အစမှအဆုံးအထိ ပန်ဘုရင်လေးက ထိုလူ၏ ပြိုင်ဘက်မဖြစ်ခဲ့ခြင်းပင် ဖြစ်သည်။ သူသည် တတိယတောင်တန်းမှ ပဥ္စမတောင်တန်းအထိ ဆက်တိုက်ဖိနှိပ်ခံခဲ့ရပြီး၊ တန်ပြန်တိုက်ခိုက်မှုပင် မပြုလုပ်နိုင်ခဲ့ပေ။

ပန်ဘုရင်လေးနှင့် ရင်းနှီးသော လူများသည် ပန်မျိုးနွယ်စုထံသို့ သတင်းသွားပို့နေကြပြီ ဖြစ်သည်။

လုချန်ရှန်းကမူ ပန်ဘုရင်လေးကို ခေါ်ကာ ထွက်သွားရန် ပြင်လိုက်သည်။ သူ၏ မန္တာန်က အချိန်စေ့တော့မည် ဖြစ်သောကြောင့်၊ သူထွက်သွားရမည် ဖြစ်သည်။

သို့ရာတွင် လူအုပ်အတွင်းမှ အကြီးအကဲတစ်ဦး ပေါ်ထွက်လာခဲ့သည်။

“ မိတ်ဆွေလေး၊ နေပါဦး “

အသစ်ရောက်ရှိလာသူသည် ကောင်းကင်တံခါးဂိုဏ်းမှ ဖြစ်သည်။ သူသည် ယခုလေးတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကို အစအဆုံး မြင်တွေ့ခဲ့ရပြီး၊ အံ့ဩတုန်လှုပ်သွားခဲ့သည်။

သူသည် ပန်ဘုရင်လေး၏ စွမ်းအားကို ရှင်းရှင်းလင်းလင်း သိနေခဲ့သည်။ သို့တိုင်အောင် သူသည် အပြည့်အဝ ရှုံးနိမ့်သွားခဲ့သည်။ ၎င်းက သူ့ကို စိတ်ဂဏာမငြိမ်ဖြစ်သွားစေခဲ့သည်၊ သူသည် ဤကိစ္စကို ငြိမ်းငြိမ်းချမ်းချမ်းသာ ဖြေရှင်းရမည်ဆိုသည်ကို သိသွားခဲ့သည်။

လုချန်ရှန်းသည် အကြီးအကဲဖြစ်သူကို လှည့်ကြည့်လိုက်သည်၊ ထို့နောက်တွင် သူသည် ထိုလူ့ဘေးနားတွင် ရှိနေသည့် တပည့်တစ်ဦးကို မြင်တွေ့သွားကာ ပြန်ပြောလိုက်သည် “ ခင်ဗျားက လူရွေးဖို့အတွက် ကောင်းကင်တံခါးဂိုဏ်းက လွှတ်လိုက်တဲ့လူလား “

“ အမှန်ပါပဲ။ အရင်တုန်းက စုန့်ချင်က မောက်မာခဲ့ပြီးတော့ မိတ်ဆွေလေးကို စော်ကားခဲ့မိပါတယ်။ မင်းက ငါတို့ကို ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်။ ငါ ………. “

“ ကျုပ်ဆီမှာ ခင်ဗျားနဲ့ စကားပြောနေဖို့ အချိန်အများကြီး မရှိဘူး။ ဝိညာဥ်ကျောက်တုံးတွေကိုသာ ယူခဲ့လိုက်၊ သူ့ကို ချက်ချင်းလွှတ်ပေးလိုက်မယ် “

“ အဲ့တာက …… “ အကြီးအကဲဖြစ်သူသည် စိတ်ညစ်သွားပုံရသည်။

လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားကာ၊ စကားထပ်ပြောလိုက်သည် “ ဝိညာဥ်ကျောက်တုံးတွေ မယူလာဘူးလား။ အင်အားသုံးပြီးတော့ ပြန်လုဖို့ ကြိုးစားချင်နေတယ်ပေါ့။ အဲ့လိုလည်း ရတယ်လေ၊ ကျုပ်ခင်ဗျားနဲ့ တိုက်မယ် “

စကားပြောနေရင်းဖြင့် သူသည် လှုပ်ရှားရန် ပြင်လိုက်သည်။

အကြီးအကဲသည် အမူအရာ တင်းကြပ်သွားကာ၊ အလောတကြီး ပြန်ပြောလာခဲ့သည် “ မဟုတ်ပါဘူး၊ ငါက ဝိညာဥ်ကျောက်တုံးတွေကို မယူလာခဲ့တာ မဟုတ်ပါဘူး၊ လုံလုံလောက်လောက် မယူလာခဲ့တာပါ။ ငါ့ဆီမှာ အဲ့လောက်အများကြီး မရှိပါဘူး။ မိတ်ဆွေလေး၊ မင်းက ……….. “

“ အို့၊ ခင်ဗျားက ဈေးဆစ်ဖို့ ဒီကို ရောက်လာခဲ့တာပေါ့ “ လုချန်ရှန်းသည် လှည့်ကွက်ကို ထွင်းဖောက်မြင်နေခဲ့ကာ ပြန်ပြောလိုက်သည် “ ဂိုဏ်းကြီးတစ်ဂိုဏ်းအတွက် အဲ့ပမာဏလေးက များမနေသင့်ဘူးလေ၊ ကောင်းကင်တံခါးဂိုဏ်းက ငြင်းပယ်လိုက်တာလား “

အကြီးအကဲသည် ရှက်ရွံ့သွားခဲ့သည်၊ အထူးသဖြင့် ယခုတွင် လူအများအပြားက စောင့်ကြည့်နေခဲ့သည်။

“ မိတ်‌ဆွေလေး၊ အထင်မလွဲပါနဲ့။ ငါတို့မှာ မရှိတာ မဟုတ်ပါဘူး။ ငါတို့က အဲ့တာတွေကို မယူလာခဲ့ ….. “

“ ကောင်းပြီလေ၊ ခင်ဗျားတို့ရဲ့ သဘောထားက သိပ်မဆိုးဘူးဆိုတော့၊ ရှိတာ ယူလာခဲ့။ တကယ်လို့ လုံလုံလောက် နီးစပ်နေမယ်ဆိုရင်တော့၊ လူပြန်ပေးမယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် အကြီးအကဲသည် အပျော်လွန်သွားကာ၊ ဝိညာဥ်ကျောက်တုံးများကို ထုတ်ယူလာခဲ့သည်။

တစ်သိန်းနှစ်သောင်းသာ ရှိနေခဲ့သော်လည်း၊ လုချန်ရှန်းသည် ထိုလူနှင့် ငြင်းခုန်နေရန် အလွန်တရာ ပျင်းရိနေခဲ့သည်။ ထို့အပြင် သူ့ထံတွင် အချိန်များစွာ ကျန်မနေတော့ပေ။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့မှာ အလကားရသည့် ငွေများဖြစ်သည်။

လုချန်ရှန်းသည် ဝိညာဥ်ကျောက်တုံးများကို စုဆောင်းကာ လူကို ပေါ့ပေါ့ပါးပါး လွှင့်ပစ်ပေးလိုက်ပြီး၊ တောင်တန်းများအတွင်းသို့ တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။

လူအုပ်ကြီးသည် ၎င်းကို စောင့်ကြည့်နေရင်းဖြင့် သက်ပြင်းတချချ ဖြစ်နေကြကာ၊ လုချန်ရှန်း၏ ဇစ်မြစ်ကို မှန်းဆတွက်ချက်နေကြတော့သည်။

“ အဲ့ဒီလူငယ်လေးက တော်တော်ကြီးကို ထူးခြားတာပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ အူတိုင်ဖွဲ့စည်းခြင်း အဆင့်၅ကို ရောက်နေခဲ့တယ်။ ဘယ်လို အင်အားစုမျိုးက သူ့ကို ပျိုးထောင်ပေးခဲ့လဲဆိုတာကို တွေးကြည့်ဖို့ ခက်တယ် “

“ လူငယ်တော့ မဟုတ်လောက်ဘူး “

“ ဘာကိုဆိုလိုတာလဲ “

“ အသက်ဆယ့်ရှစ်နှစ်၊ ဒါမှမဟုတ် ဆယ့်ကိုးနှစ်အရွယ် လူငယ်လေးတစ်ဦးက အူတိုင်ဖွဲ့စည်းခြင်း အဆင့်၅ကို ရောက်နေပြီးတော့ သူ့ရဲ့ ဓားတာအိုကပါ အခုလိုမျိုး အံ့ဖွယ်ကောင်းနေတာက နည်းနည်းလေးတော့ ကြောက်ဖို့ကောင်းတယ် “

“ အဲ့လိုလား “

“ တကယ်တော့ သူက လူငယ်ပုံပေါက်နေတဲ့ လိပ်အိုကြီးတစ်ယောက်လည်း ဖြစ်နိုင်တယ် “

“ အဲ့တာက ယုတ္တိရှိတယ် “

ဆွေးနွေးပြောဆိုမှုများစွာ ဖြစ်ပေါ်လာခဲ့သည်။

ချင်းယီဓားသခင်ဟူသော အမည်ကို အပူတပြင်း ငြင်းခုန်ဆွေးနွေးနေကြသည်၊ သူသည် တိုက်ပွဲတစ်ခုတည်းဖြင့် နာမည်တစ်လုံး တည်ဆောက်နိုင်ခဲ့ပြီဟု သတ်မှတ်နိုင်ပေသည်။

တစ်ချိန်တည်းမှာပင် တောင်တန်းများ အပြင်ဘက်ရှိ လူအုပ်ကြီးမှာလည်း စူးစမ်းလေ့လာနေကြစဲ ဖြစ်သည်။

လူတော်တော်များများသည် သူတို့၏ တပည့်များက ဘေးကင်းလုံခြုံနေသောကြောင့် အေးဆေးတည်ငြိမ်နေကြသည်။

ပန်ကျူးတစ်ဦးတည်းကသာလျှင် တပြုံးပြုံးဖြင့် မတ်တပ်ရပ်နေလျက်ရှိသည်။ တစ်ရက်အတွင်းမှာပင် လုချန်ရှန်း၏ တွန်းပို့မှုကြောင့် ထိုကိစ္စသည် လူတိုင်း၏ အာရုံများကို ဖမ်းစားနိုင်ခဲ့သည်။

ရင်ဖုန်းကသာ လုချန်ရှန်းကို အနိုင်ယူနိုင်သရွေ့၊ သူသည် သေချာပေါက် ပိုမို‌ထင်ရှား ကျော်ကြားလာမည် ဖြစ်သည်။

ထိုလူငယ် ပေါ်ထွက်လာခဲ့သောကြောင့် ရလဒ်မှာ သူမျှော်မှန်းထားသည်ပင်ပင် ပိုမိုကောင်းမွန်နေခဲ့သည်။

“ ဟားဟားဟား “

ထိုအချိန်တွင် ပန်ကျူးသည် မနေနိုင်တော့ဘဲ၊ ကျယ်လောင်စွာ အော်ရယ်နေတော့သည်။

၎င်းကို ကြားလိုက်ရသောအခါတွင် အားလုံးသည် ရွံရှာစက်ဆုပ်နေသော အမူအရာများဖြင့် သူ့ကို ကြည့်လာကြသည်။

သူ၏ ဘဝင်ခိုက်နေသော အမူအရာမှာ အမှန်ပင် စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းနေခဲ့သည်။

ထိုအချိန်တွင် လူငယ်တစ်ဦးသည် တောင်တန်းဒေသအတွင်းမှ ထွက်ခွာလာခဲ့ကာ၊ လူအုပ်ကြီးထံသို့ အလောတကြီး ပြေးလွှားလာခဲ့သည်။

ပန်ကျူးကို မြင်လိုက်ရသောအခါတွင် သူသည် ချက်ချင်းအရိုအသေပေးလာခဲ့သည်။

“ ပန်မျိုးနွယ်စုက အကြီးအကဲ “

“ ဘာလဲ။ ရလဒ် ထွက်လာပြီလား။ မလောပါနဲ့၊ ဖြည်းဖြည်းပြော “

ပန်ကျူးသည် ငြင်သာစွာ တုံ့ပြန်ပြောဆိုလိုက်သည်၊ ထိုစကားကို ပြောနေစဥ်အချိန်တွင် သူသည် လူအုပ်ကြီးကို လှောင်ပြုံးပြုံး၍ ကြည့်ရန် မမေ့ခဲ့ပေ။

လူငယ်သည် သူ့ကို ကြည့်ကာ၊ ချိတုံချတုံ့ဖြင့် ပြန်ပြောလာခဲ့သည် “ စီနီယာ၊ ပန်ဘုရင်လေး ရှုံးသွားပါတယ် “

“ မင်းတို့တွေ့ကြလား၊ သူရှုံး …. ဘာကြီး “ ပန်ကျူး၏ အမူအရာ အေးခဲတောင့်တင်းသွားကာ၊ အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြန်မေးလိုက်သည် “ ရှုံး …. ရှုံးသွားတာလား “

“ ဟုတ်ပါတယ် “

“ ဘယ်သူ့ကို ရှုံးသွားတာလဲ “

“ ချင်းယီဓားသခင်ကိုပါ “

“ ချင်းယီဓားသခင်လား “ လူတိုင်း စိတ်ရှုပ်ထွေးသွားကြသည်။

လအရှင်သခင် တစ်ဦးတည်းသာ မျက်မှောင်ကြုတ်သွားခဲ့ပြီး၊ သူမ၏ဘေးဘက်တွင် ရှိနေသည့် မုရှောင်ရှင်းကို အလိုအလျောက် ငေးကြည့်မိသွားခဲ့သည်။ သူမသည် ထိုလူ့အကြောင်းကို ကြားထားခဲ့ပြီးပြီ ဖြစ်သည်။

သို့ရာတွင် ပန်ကျူးသည် အထိတ်တလန့်ဖြစ်သွားခဲ့သည်။ ထို့နောက်တွင် သူသည် သူ့ကိုယ်သူ စိတ်တည်ငြိမ်သွားစေလိုက်ကာ ထပ်မံ၍ မေးမြန်းလိုက်သည် “ ချင်းယီဓားသခင်က ဘယ်သူလဲ “

“ အဲ့လူက အရင်တုန်းက ပန်ဘုရင်လေးကို သင်ခန်းစာယူဖို့အတွက် သူကိုယ်တိုင်လာခဲ့လို့ မောက်မောက်မာမာ စကားပြောနေခဲ့တဲ့လူပါ “

“ သူပဲ “

ပန်ကျူးသည် အံ့ဩတုန်လှုပ်သွားခဲ့သည်။

တစ်ခြားလူများသည် ပါးစပ်များ တွန့်လိမ်သွားခဲ့ကြသည်။ ဒီကောင်က အဲ့လူရဲ့ နာမည်ကိုတောင် မမေးလိုက်ဘူးကိုး

သို့ရာ၌ ထိုသတင်းကို ကြားလိုက်ရသောအခါတွင် ပန်ကျူးမှအပ၊ လူအများစုမှာ တပြုံးပြုံး ဖြစ်သွားကြသည်။

………………………………………………………………………………………………………………………………………

အပိုင်း ( 96 )

နောက်တစ်ခေါက်ကျရင် ငါ့ကိုလာရှာလိုက်

တောင်တန်းအပြင်ဘက်ရှိ ကမ္ဘာသည် တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

လူတော်တော်များများသည် ပန်ကျူးကို ကြည့်လာခဲ့ကာ၊ အော်ရယ်မိမည်စိုးသဖြင့် သူတို့၏ ပါးစပ်များကို လျင်မြန်စွာ ဖုံးအုပ်နေကြတော့သည်။

ပန်ကျူးက ယခင်က ပိုမိုမောက်မာခဲ့လေလေ၊ ယခုလက်ရှိ အချိန်တွင်၏ သူက ပို၍မျက်နှာပျက်ရလေလေ ဖြစ်သည်။ ပန်မျိုးနွယ်စုထပ် အားမနည်းသည့် တစ်ချို့သော အင်အားစုများသည် လှောင်ပြောင်နေသည့် မှတ်ချက်များကိုပင် ထုတ်ပြောလာကြသည်။

“ ဂုဏ်ယူပါတယ်၊ ညီအစ်ကို ပန်ကျူး “

“ ဘာဖြစ်တယ် “ ပန်ကျူး မှင်သက်သွားခဲ့သည်။

“ မင်းအချိန်အတော်ကြာ တောင့်တနေခဲ့တဲ့ ဆုတောင်းလေးက နောက်ဆုံးတော့ ပြည့်ဝသွားခဲ့ပြီလေကွာ။ အဲ့တာက ဂုဏ်ပြုဖို့ ထိုက်တန်မဟုတ်ဘူးလား “

“ အမှန်ပဲ။ ပန်ဘုရင်လေးက သင်ခန်းစာ ရသွားခဲ့ပြီ၊ အခုအချိန်ကနေစပြီးတော့ သူက ကြိုးကြိုးစားစား ကျင့်ကြံနေတော့မှာ၊ သူ့ရဲ့ နာမည်က ကောင်းကင်ဘုံပေါ်ကို တက်သွားတဲ့ ပန်တစ်ကောင်လို ကမ္ဘာအနှံ့ ပျံ့နှံ့သွားမှာကို စောင့်နေဖို့ လိုတော့တယ် “

“ ဟားဟားဟား၊ အမှန်ပဲဟေ့ “

“ အဲ့လူငယ်လေးက ဒီလောက်တောင် ယုံကြည်စိတ်ချရလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး၊ သူတကယ် လုပ်ပြခဲ့တာပဲ “

“ ညီအစ်ကို ပန်ကျူး၊ မင်းသူ့ကို ကျေးဇူးသွားတင်သင့်တယ်နော် “

“ … “

ပန်ကျူး၏ အမူအရာ မည်းမှောင်သွားခဲ့သည်။

“ ကျေးဇူးတင်ရမယ်၊ သူ့ကို တကယ်ကျေးဇူးတင်ရမယ် “

သူသည် သူ၏ပါးစပ်ကို ဖွင့်ဟလိုက်သော်လည်း၊ စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ပေ။

ငါ့ဆန္ဒကိုဖြည့်ဆည်းပေးတယ်ဆိုတာက ဘာကိုဆိုလိုတာလဲ။ ငါ့ရဲ့ ဆန္ဒက ဘာလဲ။ အဲ့တာက ပန်ဘုရင်လေးက နာမည်ကျော်လာဖို့အတွက်လေ၊ ဒါပင်မဲ့၊ သူတကယ် ကျော်ကြားလာမယ်ဆိုရင်၊ သူ့ကို ကျော်ကြားလာအောင် လုပ်ခဲ့တာက သူကိုယ်တိုင်ပဲ

သူ့ကို ရိုက်နှက်ဖို့အတွက် ငွေပေးခဲ့တဲ့ ကိစ္စက၊ အခုချိန်ကနေစပြီးတော့ တောင်ပိုင်းပြည်နယ်၊ မဟုတ်ဘူး၊ တောင်ပိုင်းဒေသတစ်ခုလုံးမှာ လူရယ်စရာ ဖြစ်လာတော့မှာ

ဒါက ဘယ်လိုအခြေအနေမျိုးကြီးလဲ

စိတ်ကို တည်ငြိမ်သွားစေခဲ့ပြီးသည့်နောက်တွင် ပန်ကျူးမှ စကားထပ်ပြောလာခဲ့သည် “ ရင်ဖုန်း ဘယ်မှာလဲ “

“ သူ …. သူ အဖမ်းခံထားရပါတယ် “

“ ဘာကြီး “ ပန်ကျူး၏ အမူအရာသည် ပို၍ဆိုးရွားသွားခဲ့သည်။

အနီးအနားတွင် စောင့်ကြည့်နေသည့် လူများမှာလည်း မှင်သက်သွားကြသည်၊ သူတို့ သတိပြန်ဝင်လာကြသည့် အချိန်တွင်၊ သူတို့၏ အပြုံးများမှာ ပိုမိုကြီးမားလာခဲ့သည်။

“ သူ့ကို သင်ခန်းစာပေးဖို့ပဲ ပြောခဲ့တာလေ၊ ဘာလို့ ဖမ်းလိုက်ရတာလဲ “ ပန်ကျူးသည် တင်းတင်းကြပ်ကြပ် မျက်မှောင်ကြုတ်သွားခဲ့သည်၊ အဖမ်းခံလိုက်ရခြင်းမှာ လက်ခံ၍ မရသော ကိစ္စတစ်ခု ဖြစ်သည်။

အဆိုပါ တပည့်သည် သူ၏ ဦးခေါင်းကို ခါရမ်းကာ ပြန်ပြောလာခဲ့သည် “ နောက်သုံးရက်အကြာမှာ သူ့ဆီလာပြီးတော့ ငွေပေးဖို့အတွက် ပန်မျိုးနွယ်စုကို ပြောခိုင်းလိုက်ပါတယ် “

“ ဘာလို့လဲ “

အားလုံးသည် တစ်ဦးကိုတစ်ဦး ကြည့်နေကြတော့သည်။

အကြီးအကဲတစ်ဦးသည် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် စကားဝင်ပြောလာခဲ့သည် “ ကိစ္စပြီးသွားတဲ့နောက်မှာ ပန်မျိုးနွယ်စုက ကတိဖျက်သွားမှာကို ကြောက်တာကြောင့် သူ့ကို ဖမ်းလိုက်တာများလား “

“ အဲ့လိုပဲ ဖြစ်နိုင်တယ် “

“ ဝိညာဥ်ကျောက်တုံး ငါးသိန်းအတွက်သာ မဟုတ်ဘူးဆိုရင် ဒီတာဝန်ကို ဘယ်သူကယူမှာလဲ “

“ ဒါပင်မဲ့ ဘာလို့ နောက်သုံးရက် အကြာမှလဲ “

၎င်းသည် ချက်ချင်းဆိုသလိုပင် မေးခွန်းတစ်ခု ဖြစ်လာခဲ့သည်။

သို့ရာ၌ သတင်းစကားသယ်ဆောင်လာသူက ဖြစ်စဥ်တစ်ခုလုံးကို ပြန်၍ပြောပြခဲ့ပြီးသည့်နောက်တွင် လူတိုင်း၏ မျက်နှာများပေါ်တွင် ရှိနေသည့် အပြုံးများမှာ အေးခဲတောင့်တင်းသွားခဲ့သည်။

တတိယတောင်တန်းမှ ပဥ္စမတောင်တန်းအထိ ပန်ဘုရင်လေးသည် အနည်းငယ်မျှပင် အသာစီးမရခဲ့ပေ။

အထူးသဖြင့် လုချန်ရှန်းက အူတိုင်ဖွဲ့စည်းခြင်း အဆင့်၅ ကျင့်ကြံရေးနှင့် အံ့ဖွယ်ကောင်းသော ဓားတာအိုတို့ကို ပိုင်ဆိုင်ထားသည်ဟု ကြားလိုက်ရသည့် အချိန်တွင်ဖြစ်ပြီး၊ အားလုံးသည် စိတ်ထဲတွင် အံ့ဩတုန်လှုပ်သွားခဲ့သည်။

အကယ်၍ သူကသာ အမှန်တကယ် ငယ်ရွယ်နေခဲ့မည်ဆိုပါက၊ သူက မည်မျှထူးချွန်ထက်မြက်သော ပါရမီရှင်တစ်ဦး ဖြစ်နေလိမ့်မည်နည်း

ကောင်းကင်ဘုံပန် နဂါးတိုက်ခိုက်ရေး နည်းစနစ်ကို အသုံးပြုထားသည့် ပန်ဘုရင်လေးကို ရာနှုန်းပြည့် ဖိနှိပ်နိုင်ခဲ့ခြင်းမှာ အမှန်ပင် အံ့ဖွယ်ကောင်းလွန်းလှသည်။

သူသည် ငယ်ရွယ်သော အသွင်အပြင်ကို ထိန်းသိမ်းထားတဲ့ မွန်းစတားအိုကြီး တစ်ဦးလည်း ဖြစ်နိုင်ပေသည်။

“ ဟူး “ ပန်ကျူးသည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။

ရွေးချယ်စရာ မရှိသောကြောင့် သူသည် စောင့်ဆိုင်းရုံသာ တတ်နိုင်တော့သည်။

တစ်ချိန်တည်းမှာပင် လုချန်ရှန်းသည် မန္တာန်၏ အာနိသင် ပျက်ပျယ်သွားသောကြောင့် သူ၏မူလအသွင်အပြင်သို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ရှောင်ဟေးမှာ ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ပန်ဘုရင်လေးသည် ဦးခေါင်းမှ ခြေဖျားအထိ ချေမွခံလိုက်ရသည်၊ အဆိုပါ သင်ခန်းစာမှာ အလွန်တရာ ကြမ်းတမ်းလွန်းလှသည်၊ ပန်မျိုးနွယ်စုသည် ဤတစ်ကြိမ်တွင် လုချန်ရှန်းနှင့် တွေ့ဆုံရသည့်အတွက် ကံဆိုးသွားသည်ဟုသာ သတ်မှတ်လိုက်ရမည် ဖြစ်သည်။

သို့ရာတွင် ရှောင်ဟေးသည် ဤကိစ္စနှင့် ပတ်သက်၍ အလွန်တရာ ပျော်ရွှင်နေခဲ့သည်၊ ဤလူသည် သူ့ ကမ္ဘာမကြေရန်သူ၏ မောင်အရင်းကို ရိုက်နှက်ခဲ့လေသည်။

လုချန်ရှန်းကမူ ထိုနေရာတွင် မတ်တပ်ရပ်ကာ၊ အနောက်သို့ ငေးကြည့်နေခဲ့သည်၊ သူ၏မျက်နှာပေါ်တွင် မည်သည့်အပြုံးမှ ရှိမနေခဲ့ပေ။

သူသည် ပန်ဘုရင်လေးထံတွင် ဝိညာဥ်ကျောက် တစ်သောင်းကျော် တန်သည့် ပစ္စည်းများကို ရှာတွေ့ခဲ့သော်လည်း၊ မပျော်မရွှင်ဖြစ်နေသေးသည်။

“ မဟုတ်ဘူး၊ ငါက ဒီဒေါသကို မြိုသိပ်လိုက်လို့ မဖြစ်ဘူး “

“ ဘာကြီး “

“ အဲ့ဒီလိပ်အိုကြီးကို သွားရှာရမယ်၊ တကယ်လို့ သူ့ကို မရိုက်ဘူးဆိုရင်၊ ဒီကိစ္စ မပြီးဘူး “ လုချန်ရှန်းသည် ထိုကိစ္စကို ပြောလာခဲ့ကာ၊ အနက်ဝတ်ရောင်ဝတ်ရုံကို ဝတ်ဆင်ကာ၊ ထပ်မံ၍ ထွက်ခွာသွားတော့သည်။

သူသည် အမှောင်အတွင်းမှ သုံးရက်တိတိ မနားမနေ ရှာဖွေနေခဲ့ပြီး၊ တတိယမြောက်နေ့တွင် သတင်းများ ရရှိခဲ့သည်။

အစောပိုင်း အချိန်များအတွင်းက သူ့ကို တိုက်ခိုက်ခဲ့သည့် လူသည် နောက်ဆုံးတောင်တန်းသို့ ဝင်သွားခဲ့ပြီ ဖြစ်သည်။

ရှောင်ဟေးသည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်၊ ဒီကောင်က တကယ်ကြီးကို အညှိုးအတေး ကြီးတာပဲ

သတင်းများ ရခဲ့ပြီးသည့်နောက်တွင်၊ သူသည် နောက်ဆုံးတောင်တန်းထံသို့ အလောတကြီး မလိုက်သွားဘဲ၊ တတိယတောင်တန်းထံသို့သာ ဦးတည်သွားခဲ့သည်။

ပန်မျိုးနွယ်စုနှင့် သဘောတူထားသည့် အချိန်သို့ ရောက်လာခဲ့ပြီဖြစ်သောကြောင့် သူသည် မန္တာန်ကို အသက်သွင်းကာ၊ ချင်းယီဓားသခင်အဖြစ် ပြန်လည်အသွင်ပြောင်းလိုက်သည်။

ပန်ကျူးမှာလည်း တစ်ခဏလေးပင် လေးဖင့်မနေဝံ့ဘဲ၊ ထိုနေရာကို ချက်ချင်းရှာဖွေနေခဲ့သည်။

လုချန်ရှန်းကို မြင်လိုက်ရသောအခါတွင်၊ သူ၏မျက်ခွံများ တွန့်ကွေးသွားခဲ့သည်၊ သို့သော် သူသည် သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် ကြိုးစားနေသေးသည်။

ပန်ဘုရင်လေးကို သင်ခန်းစာပေးချင်သည်ဟု သူကိုယ်တိုင် ပြောခဲ့ခြင်း ဖြစ်သည်၊ ၎င်းက သူ၏ အစစ်အမှန် ရည်ရွယ်ချက် ဖြစ်သော်လည်း၊ သူသည် သည်းခံမျိုသိပ်လိုက်ရုံသာ တတ်နိုင်ပြီး၊ မကျေမနပ် ဖြစ်နေသည့် အမူအရာမျိုးကိုပင် မပြသရဲပေ။

အကယ်၍ သူကသာ သူ့ကိုယ်သူ မထိန်းချုပ်နိုင်ခဲ့ဘူးဆိုပါက၊ သူ၏ ပန်မျိုးနွယ်စုသည် လူရယ်စရာ ဖြစ်သွားလိမ့်မည် ဖြစ်သည်။

ယခုတွင်ကား သူသည် ဂုဏ်သိက္ခာအကုန်လုံးကို မဆုံးရှုံးသွားရစေရန်အတွက် ပန်ဘုရင်လေးကို သင်ခန်းစာတစ်ခု ပေးရန် လူတစ်ဦးကို တမင်သပ်သပ် ရှာဖွေခဲ့သည်ဟု ပြောဆိုနိုင်သေးသည်။

ထို့နောက်၌ လုချန်ရှန်းနှင့် ရင်ဆိုင်လိုက်ရသောအခါတွင်၊ ပန်ကျူးသည် အတင်းလုပ်ယူ၍ ပြုံးနေခဲ့သည်။

“ မိတ်ဆွေလေး၊ ငါ့ပန်မျိုးနွယ်စုရဲ့ ရင်ဖုန်းက ဘယ်မှာလဲ “

“ ဒီမှာလေ “

လုချန်ရှန်းသည် သူ၏ မှော်ပစ္စည်းအတွင်းတွင် ရှိနေသည့် ရင်ဖုန်းကို ဆွဲထုတ်လိုက်သည်။

အစတွင် ခံ့ညားထည်ဝါခဲ့သည့် ရွှေတောင်ပံ ပန်ငှက်သည် လက်မအနည်းငယ်မျှသာ ရှိသော သေးငယ်သည့် ပုံစံတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ အဝေးမှ လှမ်းကြည့်လိုက်မည်ဆိုပါက၊ သေးငယ်သော ရွှေရောင်ကြက်ပေါက်လေးအဖြစ် မြင်တွေ့လိုက်ရမည် ဖြစ်သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် ပန်ကျူး၏ အမူအရာမှာ ရှုံ့မဲ့သွားခဲ့သည်။

သို့ရာတွင် သူသည် သည်းခံနေစဲဖြစ်ပြီး၊ အပြုံးဖြင့် ပြန်ပြောလာခဲ့သည် “ ရင်ဖုန်း၊ မင်းအဆင်ပြေရဲ့လား “

“ ပြေပါတယ် “

အဖိနှိပ်ခံထားရကာ၊ မှော်စွမ်းအားများ ချိတ်ပိတ်ခံထားရသော်လည်း၊ ပန်ဘုရင်လေးသည် စကားပြောဆိုနေနိုင်သေးသည်။

“ ကောင်းတယ် “ ပန်ကျူးသည် ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့သည်။

သို့သော် လုချန်ရှန်းမှ စကားဝင်ပြောလိုက်သည် “ ခင်ဗျားတို့ စိတ်ချထားလိုက်လို့ရတယ်၊ ကိစ္စတွေကို ကိုင်တွယ်ခဲ့တဲ့ အချိန်မှာ ကျုပ်က သူ့ကို သင်ခန်းစာပဲပေးခဲ့တာ၊ သူ့ရဲ့ အခြေခံအုတ်မြစ်ကို ထိခိုက်အောင် မလုပ်ခဲ့ဘူး “

“ ကောင်းတယ် “ ပန်ကျူးမှ ပြန်ပြောလာခဲ့သည်၊ သူသည် ပြုံးနေစဲပင် ဖြစ်သည် “ ဒါဆိုရင်လည်း မိတ်ဆွေလေးကိုပဲ ကျေးဇူးတင်ပါတယ် “

သူသည် အံတကြိတ်ကြိတ်ဖြစ်နေသောကြောင့် သူ၏ သွားများကပင် ကျိုးပဲ့ပျက်စီးလုမတတ် ဖြစ်သွားခဲ့သည်။

၎င်းက မည်ကဲ့သို့သော အခြေအနေမျိုးဖြစ်သနည်း၊ သူ၏ ဂျူနီယာကို ရိုက်နှက်ခဲ့သည့် လူတစ်ဦးအား ငွေပေးရသည့်အပြင် ကျေးဇူးပါတင်နေရသေးသည်။

လုချန်ရှန်းကမူ ခေါင်းခါ၍ လက်ဝေ့ရမ်းပြကာ ပြန်ပြောလာခဲ့သည် “ ရပါတယ်ဗျာ၊ လူတွေကို ကူညီပေးရတာက ပျော်စရာပဲလေ၊ အဲ့တာက ကျွန်တော်လုပ်သင့်တဲ့ အရာပါ “

“ ချိတ်ပိတ်ထားတာကို ဖြည်ပေးပါ “ ပန်ကျူးသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။

လုချန်ရှန်းသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ပြန်ပြောလိုက်သည် “ ငွေမပေးရသေးဘူးလေ “

“ အမ် ….. “

စောင့်ကြည့်နေသူများသည် အတော်ပင် အံ့အားသင့်သွားကြသည်။

သူ၏ စကားလုံးများပင် အတော်ပင် တည့်တိုးဆန်လွန်းကာ၊ မည်သို့မျှ ယဥ်ကျေးမနေခဲ့ပေ။

အထူးသဖြင့် ဖြောင့်မတ်တည်ကြည်သော သူ၏လေသံဖြစ်ပြီး၊ ယခင်က သဘောတူချက်အတိုင်း ‘ ငါမင်းကို ကူညီမယ်၊ မင်းက ငါ့ကို ငွေပေး ‘ ဆိုသည်က မည်သို့မျှ မှားယွင်းမနေသော်လည်း၊ အနည်းငယ် ထူးဆန်းသည်ဟု ခံစားနေခဲ့ရသည်။

“ သေချာတာပေါ့ “

ပန်ကျူးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ၊ ဝိညာဥ်ကျောက်တုံး ငါးသိန်းပါဝင်သည့် လက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်သည်။

လက်စွပ်ကိုလွှဲပြောင်းပေးလိုက်သည့် အချိန်တွင် သူ၏လက်မှာ သိသိသာသာ တုန်ရင်နေခဲ့သည်၊ လူအုပ်ကြီးသည် ၎င်းကို ကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။

ဝိညာဥ်ကျောက်တုံး ငါးသိန်းဆိုသည့် ပမာဏက သေးငယ်မနေသော်လည်း၊ ၎င်းကို မြင်တွေ့နေရခြင်းကပင် သူတို့ကို နာကျင်သွားစေခဲ့သည်၊ ပန်ကျူးကမူ ပို၍ပင် ဝမ်းနည်းနေခဲ့ပြီး၊ ပါးစပ်ဆော့မိသည့်အတွက် ကံဆိုးသွားသည်ဟု ခံစားနေခဲ့ရသည်။

ဤအချိန်တွင် လူတော်တော်များများ ရောက်ရှိနေခဲ့သည်၊ သူတို့သည် ပြပွဲကို ထပ်မံ၍ ကြည့်ရှုရန်အတွက် ရောက်လာကြခြင်း ဖြစ်သည်၊ ထို့ကြောင့် သူသည် ကတိကို ချိုးဖက်၍ မရပေ၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက၊ ပန်မျိုးနွယ်စု၏ အချိန်အတော်ကြာ တည်တံ့နေခဲ့သည့် ဂုဏ်သတင်းမှာ လုံးဝပျက်စီးသွားရလိမ့်မည် ဖြစ်သည်။

လုချန်ရှန်းသည် လက်စွပ်ကို ယူလိုက်ပြီး၊ အရေအတွက်ကို စစ်ဆေးကြည့်ကာ၊ မှန်ကန်သည်ကို မြင်လိုက်ရသည့် အခါတွင် တပြုံးပြုံး ဖြစ်သွားကာ၊ ရင်ဖုန်းကို လွှတ်ပေးလိုက်သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် အားလုံးသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းများ ချနေကြတော့သည်။

သို့ရာတွင် လုချန်ရှန်းကမူ သတိတကြီး ဖြစ်နေခဲ့သည်။

ပန်ဘုရင်လေးကို လွှတ်ပေးလိုက်သည့် အချိန်တွင် သူသည် လူသားပုံစံအဖြစ် ပြောင်းလဲသွားကာ၊ သူ၏ အရှိန်အဝါတစ်ခုလုံး ပေါက်ထွက်လာခဲ့ပြီး၊ အေးစက်စက်ဖြစ်နေသော မျက်လုံးများဖြင့် လုချန်ရှန်းကို စိုက်ကြည့်လာခဲ့သည်။

ပန်ကျူး၏ စိတ်နှလုံးသား လှုပ်ခါသွားခဲ့သည်၊ အကယ်၍ သူကသာ လှုပ်ရှားလိုက်မည်ဆိုပါက၊ ပြဿနာတက်သွားရလိမ့်မည် ဖြစ်သည်။

သို့ရာတွင် သူမဖျောင်းဖျရသေးခင် အချိန်မှာပင် ပန်ဘုရင်လေးသည် လုချန်ရှန်းကို စိုက်ကြည့်ကာ စကားပြောလိုက်သည် “ ချင်းယီ၊ ဒီကိစ္စက မပြီးသေးဘူး “

ဟမ်

ထိုစကားကို ကြားလိုက်ရသောအခါတွင် လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားသည်။

လုချန်ရှန်းမှာလည်း သူ့ကို ပြန်ကြည့်လိုက်သည်။

ပန်ဘုရင်လေးမှ စကားထပ်ပြောလာခဲ့သည် “ မင်းနဲ့ငါ့ကြားမှာ တိုက်ပွဲတစ်ခုဖြစ်ဖို့ ကံပါလာတယ်၊ နောက်တစ်ခေါက်ကျရင် ငါမင်းကို သေချာပေါက် အနိုင်ယူမယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ ပန်ကျူးသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်၊ သို့သော် စောင့်ကြည့်နေကြသည့် လူများကမူ အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။

လုချန်ရှန်းသည် အပြုံးဖြင့် ပြန်ပြောလိုက်သည် “ နောက်မှ ပြောကြတာပေါ့။ ဒါပင်မဲ့ တကယ်လို့ နောက်တစ်ကြိမ်ရှိလာမယ်ဆိုရင် မင်းငါ့ကို လာရှာလို့ရတယ်၊ ငါက တော်တော်လေးကို ကူညီပေးချင်တယ် “

ပန်ကျူးသည် ပါးစပ်အပြည့် သွေးအန်လုနီးပါး ဖြစ်သွားခဲ့သည်။

ပန်ဘုရင်လေးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်၊ သို့သော် သူသည် စကားပြန်ပြောလာခဲ့သည် “ ငါမင်းကို ဘယ်လိုရှာရမှာလဲ “

“ တကယ်လို့ ငါ့ကို တိုက်ခိုက်ဖို့အတွက် လာရှာမယ်ဆိုရင်တော့၊ အဲ့တာကို မေ့လိုက်တော့။ သတင်းသာ လွှင့်လိုက်၊ ငါကြားရင် လာခဲ့မယ် “

ထိုစကားကို ပြောခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းသည် ချက်ချင်းလှည့်ထွက်သွားကာ၊ တောင်တန်းဒေသအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။

ပန်ကျူး၏ မျက်ခုံးများ တွန့်လိမ်သွားကာ၊ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။

ထိုအကောင်သည် နောက်တစ်ကြိမ်ပင် လိုချင်နေခဲ့သည် …..

တစ်ခြားလူများမှာလည်း သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။

သို့ရာတွင် ရင်ဖုန်းကမူ တလေးတနက် ဖြစ်နေခဲ့သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် ပန်ကျူးသည် စိတ်သက်သာရာရသွားခဲ့သည်။

ဤတစ်ကြိမ်တွင် ကိုယ့်ကိုကိုယ် ကြိုးကွင်းစွပ်ခဲ့မိသော်လည်း၊ ၎င်းသည် ရင်ဖုန်း၏ တိုက်ခိုက်လိုစိတ်ကို အမှန်တကယ် လှုံ့ဆော်ပေးနိုင်ခဲ့သည်။ ၎င်းက ကိစ္စကောင်းတစ်ခု ဖြစ်သည်။

ချက်ချင်းဆိုသလိုပင် အားလုံးသည် စတင်၍ ထွက်ခွာသွားကြသည်။

သို့ရာတွင် လုချန်ရှန်းကမူ နောက်ဆုံးတောင်တန်းဆီသို့ မရပ်မနား ပြေးလွှားနေခဲ့သည်၊ ထိုလူနှင့်ကိစ္စက မပြီးပြတ်သေးပေ။

All Chapters