အခန်း (၉၇-၉၉)
Vol. 7 Ch. 97-99
အပိုင်း ( 97 )
လက်စားမချေဘူးဆိုရင် ကျွန်တော်က လူကြီးလူကောင်း မဟုတ်ဘူး
ပန်မျိုးနွယ်စု၏ ကိစ္စ ပြီးဆုံးသွားခဲ့သည့်နောက်တွင် လူတိုင်း လူစုခွဲသွားကြသည်။
အစတွင် သူတို့သည် ပို၍စိတ်လှုပ်ရှားဖွယ်ကောင်းသော ကိစ္စတစ်ခု ရှိနေမည်ဟု ထင်နေခဲ့ကြသည်။ ပန်ကျူး၏ စိတ်ဝင်စားဖွယ်ကောင်းသော အမူအရာမှအပ မမျှော်လင့်ထားသော မည်သည့်ကိစ္စမှ မဖြစ်ပေါ်လာခဲ့ပေ။
ထို့အစား လုချန်ရှန်းသည် ပန်ဘုရင်လေး၏ တိုက်ခိုက်လိုစိတ်ကို လောင်ကျွမ်းသွားစေခဲ့သည်။
သူသည် ပန်မျိုးနွယ်စု၏ ပါရမီရှင်တစ်ဦး ဖြစ်နေခဲ့ပြီးပြီဖြစ်သည်၊ အကယ်၍ သူကသာ အပြည့်အဝ ကြိုးစားအားထုတ်မည်ဆိုပါက၊ သူသည် နောင်အနာဂတ်တွင် မည်ကဲ့သို့ ဖြစ်လာလိမ့်မည်နည်း။
လူအုပ်ကြီးသည် အသာအယာ သက်ပြင်းချနေကြတော့သည်၊ အစပိုင်းတွင် သူတို့သည် စိတ်လှုပ်ရှားဖွယ်ကောင်းသော ပြပွဲတစ်ခုကို ကြည့်ကြရန် မျှော်လင့်ထားခဲ့သည်၊ သို့သော် ထိုလူများ ငွေသုံးလိုက်ခြင်းက မည်မျှထိုက်တန်လဲဆိုသည်ကိုသာ မြင်တွေ့လိုက်ရသောကြောင့် တအံ့တဩ ဖြစ်သွားခဲ့ရသည်။
လူတစ်ချို့သည် အကယ်၍ သူတို့က ငွေသုံးလိုက်မည်ဆိုပါက၊ သူတို့၏ ကိုယ်ပိုင် လူငယ်မျိုးဆက် အသီးသီးကို စိတ်အားထက်သန်သွားစေကာ၊ နောက်ထပ်ပန်ဘုရင်လေးတစ်ဦးကို မွေးထုတ်ပေးနိုင်မလားဆိုသည်ကို တွေးတောစဥ်းစားနေကြတော့သည်။
တစ်ချိန်တည်းမှာပင် လုချန်ရှန်း ပထမတောင်တန်းသို့ ရောက်ရှိလာခဲ့သည်၊ ၎င်းသည် လော့ယွမ်၏ အဓိက နေရာဖြစ်သည်။
ဤနေရာတွင် လူတော်တော်များများ ရှိနေခဲ့ပြီး၊ အားလုံးသည် နတ်ဘုရား အရင်းအမြစ်နှင့် အခွင့်အလမ်းများကို လာရောက်ရှာဖွေနေခြင်း ဖြစ်သည်။
လုချန်ရှန်းသည် ထိုလူများကို တစ်ချက်မျှငေးကြည့်ကာ လျစ်လျူရှုထားလိုက်ပြီး၊ ယခင်က လိပ်အိုကြီး၏ အရှိန်အဝါကိုသာ အဆက်မပြတ် ရှာဖွေနေခဲ့သည်။
သူသည် ထိုလူ့၏ အရှိန်အဝါကို တောင်တန်း၏ အလယ်ဗဟိုတွင် အာရုံခံမိခဲ့သည်၊ သူထိုလူ့ထံသို့ ပြေးသွားတော့မည့် အချိန်တွင် မထင်မှတ်ထားသော ကိစ္စတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထိုလူ၏ ဘေးနားတွင် ကူချန်ကျွင်းပါ ရှိနေခဲ့သည်။
“ ဘာလို့သူကပါ ဒီနေရာမှာ ရှိနေရတာလဲဟ “
လုချန်ရှန်းသည် ဇဝေဇဝါ ဖြစ်သွားခဲ့သည်၊ ကျိုးချင်ယုကို မြင်ခဲ့ပြီးပြီဖြစ်သော်လည်း၊ ထိုလူ့ကို ဤနေရာတွင် မြင်တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူ၏ပုံစံကို တွေးကြည့်လိုက်မည်ဆိုပါက၊ ကျိုးချင်ယုကို ဤနေရာတွင် ထားခဲ့ခြင်းမှာ မဖြစ်နိုင်သော အရာ မဟုတ်ပေ၊ ယခင်က ထိုလူသည် သူ့အပေါ်တွင် ထိုကဲ့သို့ ပြုလုပ်ခဲ့ဖူးပြီး၊ ၎င်းက သူ၏လုပ်ရိုးလုပ်စဥ်လိုပင် ဖြစ်နေခဲ့သည်။
မကြာခင် အချိန်မှာပင် လုချန်ရှန်းသည် ထိုနေရာသို့ ရောက်ရှိသွားခဲ့သည်၊ ပတ်ပတ်လည်တွင် တောင်တန်းများစွာ ရှိနေခဲ့သည်၊ သူသည် တောင်ထိပ်တစ်ခုပေါ်တွင် မတ်တပ်ရပ်နေကာ ငုံ့ကြည့်နေခဲ့သည်၊ သူ၏ရှေ့တည့်တည့်တွင် ကူချန်ကျွင်း ရှိနေခဲ့ပြီး၊ သူသည် သက်လတ်ပိုင်းလူကို ရင်ဆိုင်နေလျက်ရှိသည်။
နှစ်ဖက်စလုံးမှာ အေးချမ်းတည်ငြိမ်နေပုံရသော်လည်း၊ ပဋိပက္ခဖြစ်တော့မည့် အစွန်းတစ်ဖက်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်မည်ဆိုပါက၊ ထိုလူနှစ်ဦးက တိုက်ကွက်များစွာ ဖလှယ်ခဲ့ပြီးပြီဆိုသည်ကို မြင်တွေ့လိုက်ရမည် ဖြစ်သည်။
ကူချန်ကျွင်း၏ တိုက်ခိုက်ရေး စွမ်းအားက အလွန်တရာ အားကောင်းသည်ကို သံသယဝင်နေရန် မလိုအပ်ပေ၊ သို့သော် ထိုလူသည် သူ့ကို အချိန်အတော်ကြာ တိုက်ခိုက်ခဲ့လေသည်။
ဤအချိန်တွင် ကူချန်ကျွင်းသည် အေးစက်စက်ဖြစ်နေသော မျက်လုံးများဖြင့် ထိုလူ့ကို စိုက်ကြည့်နေခဲ့သည်။
သို့ရာတွင် ထိုလူမှာ အပြုံးတစ်ခုကို ဆင်မြန်းထားခဲ့သည်၊ သူ၏လက်ဝါးအတွင်းတွင် ရွှေရောင်ရောင်ခြည် တစ်ခု ပျံဝဲနေခဲ့သည်၊ ၎င်းသည် နတ်စွမ်းအားတို့ဖြင့် ပြည့်နှက်နေသယောင် ဖြစ်နေကော၊ နတ်ဘုရားကဲ့သို့သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။
“ ချူလျူရှန်း၊ အသက်ရှင်ရတာ ပင်ပန်းနေပြီလား။ ငါ့ရဲ့ ပစ္စည်းကို ဘယ်လိုတောင် ခိုးယူနေရဲရတာလဲ “ ကူချန်ကျွင်းမှ အေးစက်စွာ ပြောဆိုလိုက်သည်။
သက်လတ်ပိုင်းလူမှ ပြန်ပြောလာခဲ့သည် “ ဒါက နတ်ဘုရားတစ်ပါး ကွယ်လွန်သွားခဲ့တဲ့ နေရာလေ၊ မင်းရဲ့ နတ်ကောင်းကင်ဂိုဏ်း မဟုတ်ဘူး၊ အဲ့တာက ဘယ်လိုလုပ် မင်းရဲ့ ပစ္စည်းဖြစ်နေရတာလဲ “
“ ဆိုတော့ ဒီလိပ်အိုကြီးရဲ့ နာမည်က ချူလျူရှန်းပေါ့ “
ရှောင်ဟေးမှာလည်း တအံ့တဩဖြင့် စကားဝင်ပြောလာခဲ့သည် “ နတ်ဘုရား သန့်စင်ခြင်း နန်းတော်ရဲ့ နန်းတော်သခင်၊ သားသတ်သမား ချူလျူရှန်း “
“ ဟမ်။ ဘာကိုဆိုလိုတာလဲ “
“ နတ်ဘုရား သန့်စင်ခြင်း နန်းတော်က တောင်ပိုင်းဒေသရဲ့ တောင်ပိုင်းပြည်နယ်မှာ ရှိတဲ့ အင်အားစုတစ်ခုပဲ၊ နတ်ကောင်းကင်ဂိုဏ်းနဲ့ အဝေးကြီးပဲ၊ ဒါပင်မဲ့ အဲ့တာက အင်အားစုကြီးတစ်ခုဆိုလည်း ဟုတ်တယ်။ ဒဏ္ဍာရီတွေကတော့ နတ်ဘုရား သန့်စင်ခြင်း နန်းတော်ကို စပြီးတော့ တည်ထောင်ခဲ့တဲ့ အချိန်မှာ၊ နန်းတော်သခင်က ဂိုဏ်းရဲ့ ကံကြမ္မာကို ကောင်းမွန်သွားစေဖို့အတွက် နတ်ဘုရားအဆင့် ပညာရှင်တစ်ယောက်ကို သန့်စင်ခဲ့တယ်လို့ ပြောကြတယ်၊ အဲ့တာကြောင့်ပဲ အဲ့နာမည်ရသွားခဲ့တာ “
ရှောင်ဟေးသည် နတ်ဘုရား သန့်စင်ခြင်း နန်းတော်၏ ဇစ်မြစ်ကို ရှင်းပြနေခဲ့သည်။
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ မင်းပြောပုံအရဆိုရင်၊ ဒီဘဲကြီးက တော်တော်လေးကို ရက်စက်တာပဲ “
“ သူက တကယ် သာမန်လူမဟုတ်ဘူး၊ တစ်ခါတုန်းက သူက နတ်ဆိုးကျင့်ကြံသူတွေ ပြည့်နေတဲ့ မြို့တစ်မြို့ကို တစ်ယောက်တည်း အပြတ်ရှင်းခဲ့ဖူးတယ်၊ အဲ့တာကြောင့်ပဲ သားသတ်သမားဆိုတဲ့ နာမည်ကို ရလာခဲ့တာ “
သူတို့နှစ်ဦးစကားပြောနေသည့် အချိန်မှာပင် အောက်ဘက်တွင် ရှိနေသည့် ကူချန်ကျွင်းသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလာခဲ့သည်၊ သူသည် အူတိုင်ဖွဲ့စည်းခြင်း အဆင့်၁တွင်သာ ရှိနေသော်လည်း၊ အံ့ဖွယ်ကောင်းနေစဲ ဖြစ်သည်။
ချူလျူရှန်းသည် ၎င်းကို မြင်တွေ့သွားခဲ့ပြီး၊ သူ့လက်ထဲတွင် ရှိနေသည့် နတ်ဘုရားအရင်းအမြစ်ဖြစ်သော ရွှေရောင်အလင်းတန်းကို ကြည့်လိုက်သည်။
“ ကူချန်ကျွင်း၊ ဒီအရင်းအမြစ်ကို ရဖို့အတွက် မင်းဒီလောက်ကြိုးစားနေရတာက မင်းရဲ့ တပည့်အတွက်လို့ ငါကြားတယ် ”
“ မင်းအပူမပါဘူး “
ကူချန်ကျွင်းသည် ပြန်၍အော်ပြောလိုက်သည်။
လုချန်ရှန်း မှင်သက်သွားခဲ့သည်။ အဆိုပါ မှတ်ချက်က မထင်မှတ်ထားသော အရာဖြစ်နေခဲ့သော်လည်း၊ လက်ခံနိုင်စရာ ဖြစ်နေသေးသည်။
သို့ရာတွင် ချူလျူရှန်းမှ စကားထပ်ပြောလာခဲ့သည် “ ဒီလိုအဖိုးတန် နတ်ဘုရား အရင်းအမြစ်ကို ဘာမဟုတ်တဲ့ ချီစုစည်းခြင်းနယ်ပယ်က အလကားလူတစ်ယောက်ကို ပေးလိုက်တာက ဒီရတနာကို စော်ကားလိုက်တာပဲ။ ဘာလို့ ငါ့ကို မပေးလိုက်ရတာလဲ။ ငါမင်းကို အကြွေးတင်သွားပြီလေ၊ ဘယ်လိုလဲ “
“ လစ်စမ်း “
ကူချန်ကျွင်းသည် ဒေါသတကြီး ဟိန်းဟောက်ကာ၊ သူ၏မှော်စွမ်းအားများကို နှိုးဆွ၍ ချက်ချင်းတိုက်ခိုက်လိုက်သည်။
ချူလျူရှန်းသည် အေးစက်စွာ နှာခေါင်းရှုံ့၍ ပြန်ပြောလာခဲ့သည် “ ကူချန်ကျွင်း၊ လူတိုင်းက မင်းကို ကြောက်နေလိမ့်မယ်လို့ တကယ်ကြီးထင်နေတာလား “
ထိုစကားနှင့်အတူ သူကပါ လှုပ်ရှားလာခဲ့သည်။
သို့ရာတွင် လုချန်ရှန်းကမူ ထိုမြင်ကွင်းကို ကြည့်ကာ၊ စိတ်ရှုပ်ထွေးသွားခဲ့သည်။
သူသည် ကူချန်ကျွင်းက နတ်ဘုရား အရင်းအမြစ်ကို သူ့အတွက် ရှာပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ၊ သူ၏ စိတ်ထဲတွင် ရှင်းပြ၍ မရနိုင်သော ခံစားချက်တစ်ခု ပေါက်ဖွားလားခဲ့သည်။
ရှောင်ဟေးမှာလည်း အလွန်တရာ အံ့ဩသွားခဲ့သည်။ ကူချန်ကျွင်းက သူ့တပည့်တွေအတွက် တကယ်ကိုကောင်းနေတဲ့ပုံပဲ၊ မူလအရင်းအမြစ်ကို သိမ်းပိုက်ဖို့ သူ့ရဲ့ အသက်ကိုတောင် စွန့်စားနေတယ်
သို့သော် လုချန်ရှန်းသည် တိုက်ပွဲကို စိုက်ကြည့်နေကာ၊ မျက်လုံးများ အေးစက်သွားခဲ့သည်။
ထိုလူသည် သူ့ကို အလကားလူဟု ပြောဆိုသုံးနှုန်းခဲ့ပေသည်၊ ၎င်းမှာ သူသည်းမခံနိုင်သော အရာ ဖြစ်သည်။
ထိုလူနှစ်ဦးက တိုက်ကွက်များ ဖလှယ်နေသည်ကို မြင်လိုက်ရသောအခါတွင်၊ လုချန်ရှန်းသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး၊ အလွန်တရာ မြန်ဆန်သော အမြန်နှုန်းဖြင့် ရွေ့လျားကာ ထိုနေရာသို့ ချက်ချင်းရောက်ရှိသွားခဲ့သည်။
အနားသို့ ချဥ်းကပ်သွားရင်းဖြင့် သူသည် ဒေါသတကြီးဟိန်းဟောက်လိုက်သည်။
“ လိပ်အိုကြီး၊ ငါမင်းကို ရှာတွေ့ပြီ “
ထိုလူသည် တောင်တန်းအနှံ့ ပျံ့လွင့်သွားကာ အကြည့်ပေါင်းများစွာကို ဆွဲဆောင်သွားခဲ့သည်။
ချူလျူရှန်းသည် ထိုစကားကို ကြားကာ၊ မျက်မှောင်ကြုတ်သွားခဲ့သည်၊ ကူချန်ကျွင်းမှာလည်း လှည့်ကြည့်လာခဲ့သည်။
လှည့်ကြည့်လာခဲ့သည့် အချိန်တွင် ချူလျူးရှန်းသည် ပုံရိပ်တစ်ခုက မြန်မြန်ဆန်ဆန် ရွေ့လျားနေသည်ကို မြင်တွေ့သွားခဲ့သည်။ သူမတုံ့ပြန်နိုင်ခင် အချိန်မှာပင် သူ၏မျက်နှာပေါ်သို့ ခြေထောက်တစ်ဖက် ကျဆင်းလာခဲ့သည်။
ဘုတ်
တိုးညှင်းသော အသံတစ်သံနှင့်အတူ ချူလျူရှန်း၏ မျက်နှာသည် တစ်ခဏခန့် ပုံပျက်သွားခဲ့ပြီး၊ သူသည် အလျားလိုက် လွင့်လွက်သွားကာ၊ ပေဒါဇင်နှင့်ချီ၍ ကျော်ဖြတ်သွားခဲ့ပြီးမှ၊ တောင်တစ်လုံးနှင့် တိုက်မိကာ ရပ်တန့်သွားခဲ့သည်။
တောင်နံရံပြိုကျလာခဲ့ကာ၊ သူ့ကို မြှုပ်နှံသွားခဲ့သည်။
“ အဲ့တာက ……. “
စောင့်ကြည့်နေသူများသည် တစ်ခဏခန့် အံ့ဩမှင်သက်သွားခဲ့သည်။
အရာအားလုံး ဖြစ်ပျက်သွားသည်မှာ ရုတ်တရက်ဆန်လွန်းနေခဲ့ပြီး၊ လူတိုင်းကို အငိုက်မိသွားစေခဲ့သည်။
ကူချန်ကျွင်းသည် နေရာမှာပင် တောင့်တောင့်တင်းတင်းဖြစ်သွားခဲ့သည်၊ အရင်းအမြစ်သည် မြှောက်ထားသော သူ့လက်အတွင်းသို့ ပြုတ်ကျလာခဲ့ပြီး၊ သူကိုယ်တိုင်ကပင် သတိပြန်ဝင်လာစေရန်အတွက် တစ်ခဏခန့် အချိန်ယူခဲ့ရသည်။
“ ခွေးသူတောင်းစား “
ချူလျူရှန်း၏ ဒေါသတကြီး ဟိန်းဟောက်သံသည် ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားခဲ့သည်။
ဘုမ်းးး
ထို့နောက်စက္ကန့်ပိုင်းမျှအကြာတွင် မှော်စွမ်းအား ပေါက်ထွက်လာခဲ့ပြီး၊ ကျောက်တုံးများသည် နေရာအနှံ့ ပျံသန်းသွားခဲ့သည်၊ သူသည် အရှေ့သို့ ငေးကြည့်ကာ၊ ဒေါသများ တဖြည်းဖြည်း ကြီးမားသွားခဲ့သည်။
သို့သော် သူမလှုပ်ရှားနိုင်ခင်(သို့) နောက်စကားတစ်ခွန်း ထပ်မပြောရသေးခင် အချိန်မှာပင်၊ သူ၏မျက်နှာပေါ်သို့ လက်တစ်ဖက် ရောက်ရှိလာခဲ့သည်။
ပါးရိုက်သံတစ်သံပေါ်ထွက်လာခဲ့ပြီး၊ ချူလျူရှန်းသည် ၎င်းကို တောင့်မခံနိုင်ခဲ့ဘဲ၊ ထပ်မံ၍ လွင့်ထွက်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်သည် မြေပြင်ပေါ်တွင် တရွတ်တိုက်ဖြစ်နေခဲ့ပြီး၊ လမ်းတစ်လျှောက်လုံးတွင် ရှိနေသည့် ကျောက်တုံးကြီးများဖြင့် တိုက်မိသွားခဲ့သည်။
ဆူညံသံများ ပဲ့တင်ထပ်နေလျက်ရှိပြီး၊ ပျက်စီးသွားသော ကျောက်တုံးများနှင့် ဖုန်မှုန့်များ ပျံတက်လာခဲ့ကာ၊ တုန်ခါမှုများ အဆက်မပြတ် ဖြစ်ပေါ်နေခဲ့သည်။
ဤတစ်ကြိမ်တွင် ကူချန်ကျွင်းကပင် အံ့ဩမှင်သက်သွားခဲ့သည်။
ချူလျူရှန်းသည် သတိပြန်ဝင်လာခဲ့ပြီး၊ သူ၏မှော်စွမ်းအားကို လည်ပတ်ကာ သူ့ကိုယ်သူ အတင်းအကြပ် တည်ငြိမ်သွားစေလိုက်သည်။ သူသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး၊ ချဥ်းကပ်လာနေသည့် ပုံရိပ်တစ်ခုကို မြင်တွေ့သွားကာ၊ သူ၏လက်ကို မြှောက်၍ တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်ပြီး၊ လျင်မြန်စွာနောက်ဆုတ်သွားခဲ့သည်။
မြေပြင်ပေါ်တွင် ကျန်နေခဲ့သည့် ခြေရာများကို မြင်လိုက်ရသောအခါတွင် အားလုံးသည် အထိတ်တလန့် ဖြစ်သွားကြသည်။
ထိုအချိန်မှသာလျှင် ချူလျူရှန်းသည် ရောက်ရှိလာသည့် လူက မည်သူလဲဆိုသည်ကို မြင်တွေ့သွားခဲ့သည်။
သူ၏မျက်နှာပေါ်တွင် ခြေရာတစ်ခုနှင့် လက်ဝါးရာတစ်ခု ရှိနေခဲ့သည်။ သူသည် ဒေါသတို့ဖြင့် ကတုန်ကရင်ဖြစ်နေကာ၊ အဆိုပါ ပုံရိပ်ကို စိုက်ကြည့်နေခဲ့သည်။
“ မင်းကောင်စုတ်လေး၊ ဘယ်လိုတောင် အတင့်ရဲနေတာလဲ “
“ မင်းဘိုးဘိုးကြီးကို အတင့်ရဲလိုက်လေ၊ လိပ်အိုကြီး ပါးစပ်ပိတ်ထားစမ်း “
လုချန်ရှန်းမှ အော်ပြောလိုက်ပြီး၊ အရာအားလုံးကို လျစ်လျူရှုထားကာ၊ အရှေ့သို့ ထပ်မံ၍ ပြေးတက်သွားခဲ့ပြန်သည်။ သူ၏လက်ကို မြှောက်လိုက်ရာ မှော်စွမ်းအားများ ပေါက်ထွက်လာခဲ့သည်၊ သူ၏ လက်သီးနှင့် လက်ဝါးများ အဆက်မပြတ် ကျဆင်းနေခဲ့ပြီး၊ ရံဖန်ရံခါတွင် ကန်ချက်တစ်ချက်၊ နှစ်ချက်ပင် ပါဝင်နေခဲ့သည်။
လေထုအတွင်းတွင် အလင်းတန်းများ လိမ်ယှက်နေကာ တောင်တန်းများကို ခါရမ်းသွားစေခဲ့သည်။
ရောက်ရှိလာခဲ့ပြီးသည့်နှင့်တစ်ပြိုင်နက် သူသည် ချူလျူရှန်းကို ပြင်းပြင်းထန်ထန် ရိုက်နှက်နေသောကြောင့်၊ စောင့်ကြည့်နေကြသည့် လူများသည် ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။
သူသည် အော်ငေါက်ခြင်းမှအပ စကားတစ်ခွန်းပင် ပြောမနေဘဲ၊ ချူလျူရှန်းကို ဆက်တိုက်ရိုက်နှက်နေခဲ့သည်။
ကူချန်ကျွင်းသည် ထိုဖြစ်ရပ်ကို စောင့်ကြည့်နေရင်းဖြင့် ဘာလုပ်ရမှန်းမသိ ဖြစ်သွားခဲ့သည်။
ရှောင်ဟေးမှာလည်း ဤကဲ့သို့သော ဖြစ်ရပ်မျိုး ပေါ်ပေါက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူသည် လုချန်ရှန်းက အလွယ်တကူ အလွတ်မပေးဘဲ၊ သေချာပေါက် လှုပ်ရှားမည်ဆိုသည်ကို သိနေခဲ့သော်လည်း၊ တစ်ဖက်လူကို စကားပြောခွင့်ပင် မပေးဘဲ၊ ဆက်တိုက်ရိုက်နှက်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
အဆုံးတွင် သူသည် သက်ပြင်းချကာ၊ တိုးညှင်းစွာ ရေရွတ်ပြောဆိုနေတော့သည် “ လူငယ်တွေက တော်တော်ကြီးကို သွေးဆူလွယ်တာပဲ “
……………………………………………………………………………………………………………………………………
အပိုင်း ( 98 )
တက်ကြွသော လူငယ်သခင်လေး
တောင်တန်းဒေသတစ်ခုလုံးသည် အပ်ကျသံကိုပင် ကြားရလောက်သည်အထိ တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ကူချန်ကျွင်းမှာလည် သူ၏လှုပ်ရှားမှုကို ရပ်တန့်ကာ အဝေးသို့ ငေးကြည့်၍ မနေနိုင်တော့ဘဲ မှတ်ချက်ပေးလိုက်သည် “ ဘယ်လို အမုန်းတရားတွေရှိနေလို့ ဒီလောက်တောင် ရက်စက်နေရတာလဲ “
သူတို့၏ မျက်လုံးများ အရှေ့မှာပင် လုချန်ရှန်းသည် မှော်စွမ်းအားများကို ဆက်တိုက်ထုတ်သုံးကာ၊ လက်သီးများကို တစ်လုံးပြီးတစ်လုံး ပစ်သွင်းနေခဲ့သည်။
စစ်ပွဲဘုရင်ဖြစ်သည့် ကူချန်ကျွင်းကပင် ထိုကဲ့သို့သော အနီးကပ် တိုက်ခိုက်မှုကြောင့် အံ့ဩတကြီး ဖြစ်သွားခဲ့သည်။
၎င်းသည် လမ်းဘေးဂိုဏ်းစတားတို့၏ ရန်ပွဲအလား ဖြစ်နေခဲ့သည်။
သို့ရာတွင် ကူချန်ကျွင်းမှ စကားလှမ်းပြောလိုက်သည် “ လူငယ်လေး၊ အကူအညီ လိုသေးလား “
ထိုလူ့ကို မသိသော်လည်း၊ ရန်သူ၏ရန်သူမှာ သူ၏မိတ်ဆွေ ဖြစ်သည်။ သူသည် ထိုမြင်ကွင်းကို စောင့်ကြည့်နေရင်းဖြင့် အလွန်တရာ အားရကျေနပ်နေလျက်ရှိပြီး၊ သူကိုယ်တိုင်ကပင် ထိုကဲ့သို့သော တိုက်ခိုက်မှုပုံစံမျိုးကို စမ်းကြည့်ချင်သွားခဲ့သည်။
လုချန်ရှန်းသ် လက်ဝေ့ရမ်းပြကာ၊ ပြန်ပြောလိုက်သည် “ သူ့ကို သေချာလေးသာ စောင့်ကြည့်ထားပေး၊ ဘယ်ကိုမှ မပြေးသွားစေနဲ့ “
“ အမ်၊ ကောင်ပြီးလေ “
ကူချန်ကျွင်းသည် ခေါင်းငြိမ့်ပြလိုက်ပြီး၊ ကောင်းကင်ထက်သို့ ချက်ချင်းခုန်တက်သွားကာ၊ တိုက်ပွဲကို စူးစမ်းလေ့လာနေတော့သည်။ ထိုနေရာတွင် သူသည် ရှင်းလင်းကာ ပြီးပြည့်စုံသော မြင်ကွင်းတစ်ခုကို မြင်တွေ့နေခဲ့ရသည်။
သူ၏တုံ့ပြန်မှုကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းသည် ချူလျူရှန်း၏ မျက်နှာကို ရိုက်ချရန်အတွက် သူ၏လက်ကို ထပ်မံ၍ လွှဲရမ်းလိုက်သည်။
လက်မောင်းတစ်ဖက်၏ တားဆီးခြင်းကို ခံလိုက်ရသော်လည်း၊ အသံတစ်သံ ပေါ်ထွက်လာနေသေးသည်။
“ ခွေးသူတောင်းစား၊ မင်းဘာလုပ်ချင်နေတာလဲ “
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ ဒီနေ့မှာ ငါမင်းကို အသေရိုက်သတ်ချင်တယ်၊ ဒါမှမဟုတ် အသေရိုက်သတ်တာကို ခံချင်တယ် “
အမ် ….
လူတိုင်းဆွံ့အသွားကြသည်။
ယခုလက်ရှိ အခြေအနေများကို ကြည့်ရသလောက်အရဆိုပါက အသေရိုက်သတ်ခံရမည့် လူမှာ ချူလျူရှန်းသာလျှင် ဖြစ်ဖို့များသည်။
အစတွင် အငိုက်မိသွားသောကြောင့် ထိုကဲ့သို့ ဖြစ်သွားခဲ့ရသော်လည်း၊ သတိပြန်ဝင်လာခဲ့သည့်နောက်မှာပင်၊ သူသည် ခုခံနိုင်ရန် ရုန်းကန်နေခဲ့ရသည်။ ပြိုင်ဘက်၏ လှုပ်ရှားမှုများမှာ အလွန်တရာ မြန်ဆန်နေခဲ့သည်၊ သူသည် အချိန်တိုအတွင်းမှာပင် ရာနှင့်ချီသော ထိုးနှက်ချက်များကို ပစ်သွင်းလာခဲ့ပြီးပြီ ဖြစ်သည်။
တိုက်ခိုက်မှုတစ်ခုချင်းစီတိုင်းမှာ သူသေသွားစေလောက်သည်အထိ လုံလုံလောက်လောက် အားကောင်းနေခဲ့သည်။
အကယ်၍ သူကသာ မြင့်မားသော ကျင့်ကြံရေးနှင့် နက်ရှိုင်းသော မှော်စွမ်းအားတို့ကိုသာ မပိုင်ဆိုင်ထားခဲ့ဘူးဆိုပါက၊ သူသေသွားသည်မှာ အချိန်အတော်ကြာနေခဲ့ပြီ ဖြစ်သည်။
ထိုကဲ့သို့ ဆိုလျှင်တောင်မှ သူသည် ပြင်းထန်သော နာကျင်မှုကို ခံစားနေခဲ့ရသည်၊ ပြိုင်ဘက်သည် ကြမ်းတမ်းသော သားရဲတစ်ကောင်အလား ဖြစ်နေခဲ့ပြီး၊ အဆင့်တူဖြစ်နေသည့် အချိန်တွင် ထိုလူ၏ မှော်စွမ်းအားမှာ သူ့ထပ်ပိုမို ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
အထူးသဖြင့် အဆိုပါ ရုပ်ခန္ဓာဖြစ်ပြီး၊ ၎င်းသည် သံမဏိအရိုးများအလား ဖြစ်နေခဲ့ကာ၊ သူသည် ၎င်းတို့ကို မထိုးနှက်နိုင်ခဲ့ပေ။
အကယ်၍ ဤအတိုင်းသာ ဆက်ဖြစ်နေမည်ဆိုပါက၊ သူ၏ ကျင့်ကြံရေးနှင့် မှော်စွမ်းအားက မည်မျှပင် နက်ရှိုင်းနေပါစေ၊ သူသည် တဖြည်းဖြည်း ရိုက်သတ်ခံလိုက်ရမည် ဖြစ်သည်။
၎င်းတို့အားလုံးသည် သူက ပန်ဘုရင်လေးအတွက် ရပ်တည်ပေးချင်ခဲ့ကာ၊ တစ်ကြိမ်မျှ လှုပ်ရှားခဲ့သောကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။
မအောင်မြင်ခဲ့သော အဆိုပါ တိုက်ကွက်တစ်ခုကြောင့်ပင်၊ သူသည် ဤကဲ့သို့ အချိန်အတော်ကြာ အရိုက်ခံနေခဲ့ရသည်။
“ သောက်ရူးပဲ “
ချူလျူရှန်းသည် အံကြိတ်ကာ ကျိန်ဆဲနေတော့သည်။
လုချန်ရှန်းကမူ လက်သီးတစ်ချက်ဖြင့် တုံ့ပြန်လိုက်သည် “ လိပ်အိုကြီး၊ ပါးစပ်ပိတ်ထားစမ်း၊ မင်းကိုယ်မင်း သားသတ်သမားလို့ ခေါ်ရဲသေးလား။ ဒီသခင်လေးက ဒီနေ့ပဲ မင်းကို သတ်ပေးမယ် “
“ မင်း ………… “
“ ဘာကိုမင်းလဲ။ သေလိုက် “
ဘုမ်းးး
လူနှစ်ဦးသည် ကောင်းကင်ယံတွင် တိုက်ခိုက်နေခဲ့ကြသည်။ လုချန်ရှန်းမှ သူ၏လက်မောင်းကို လွှဲရမ်းလိုက်ရာ၊ အဆုံးမဲ့ မှော်စွမ်းအားများ စုစည်းလာခဲ့သည်၊ ဤအချိန်တွင် ချူလျူရှန်းသည် မြေပြင်ပေါ်သို့ ရိုက်ချခံလိုက်ရသည်။
တောင်တန်းများ ပြိုကျသွားကာ၊ ကျောက်တုံးများ လိမ့်ကျလာခဲ့ပြီး၊ ဖုန်မှုန့်များ လှိုက်တက်လာကာ၊ နားကွဲသွားစေလောက်သည့် အသံများသာ ကျန်ရစ်နေခဲ့သည်။
“ အနိုင်ကျင့်တာ လွန်လွန်းနေပြီ “
ချူလျူရှန်းသည် အော်ဟစ်ဟိန်းဟောက်ကာ၊ သူ၏မှော်စွမ်းအားများကို နှိုးဆွ၍ တိုက်ခိုက်လာခဲ့သည်။
လေထုအတွင်းတွင် အလင်းတန်းပေါင်းများစွာ လင်းလက်လာခဲ့သည်။
တိုက်ပွဲကြီးတစ်ခုဖြစ်လာလိမ့်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း၊ မည်သည့်အရာမှ မဖြစ်ပေါ်လာခဲ့ပေ။
လုချန်ရှန်းသည် ခြေတစ်လှမ်းလှမ်းလိုက်သည်၊ သူဖြတ်သွားသည့် နေရာတိုင်းတွင် အလင်းတန်းများ ပြိုကွဲသွားကာ၊ မှော်စွမ်းအားများ လွင့်ပျယ်သွားခဲ့သည်၊ မည်သည့်တိုက်ခိုက်မှုကမှ သူ့ကို မတားဆီးနိုင်ခဲ့ပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ထိုလူ့အရှေ့သို့ ရောက်ရှိသွားခဲ့သည်။
ဘုမ်း
လက်သီးတစ်လုံး ပစ်သွင်းလိုက်သောကြောင့်၊ ချူလျူရှန်း၏ ခံစစ် ပြိုကွဲသွားကာ၊ သူ၏ ပုံရိပ်သည် ကြိုးပြတ်သွားသော စွန်တစ်ကောင်ကဲ့သို့ လွင့်ထွက်သွားကာ မြေပြင်နှင့် ထပ်မံ၍ တိုက်မိသွားခဲ့သည်။
ဤတစ်ကြိမ်တွင် တောင်တန်းများ ပြိုကျသွားကာ၊ မြေပြင်ပေါ်တွင် နက်ရှိုင်းသော တွင်းပေါက်ကြီးများ ပေါ်ပေါက်လာခဲ့သည်၊ သို့သော် ချူလျူရှန်းမှာ အသက်ရှင်နေသေးသည်။
လုချန်ရှန်းမှာလည်း အောက်သို့ စိုက်ကြည့်လာခဲ့သည်။
“ လိပ်အိုကြီး၊ ခင်ဗျားရဲ့ ခံနိုင်ရည်အားက တကယ်ကောင်းတာပဲ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ချူလျူရှန်းသည် ဒေါသတို့ဖြင့် တုန်တုန်ရင်ရင် ဖြစ်သွားခဲ့သည်။ လူအများအပြား၏ အရှေ့တွင် လူငယ်တစ်ဦး၏ ရိုက်နှက်ဖိနှိပ်ခြင်းကို ခံခဲ့ရခြင်းမှာ အမှန်ပင် ရှက်ရွံ့ဖွယ်ကောင်းနေခဲ့သည်။
ကူချန်ကျွင်းမှာလည်း ပို၍အံ့အားသင့်သွားခဲ့သည်။ အဆင့်တူများအကြားတွင် ထိုလူငယ်သည် ပြိုင်ဘက်ကင်း စွမ်းရည်ကို ပြသခဲ့သည်။ နတ်ဘုရား သန့်စင်ခြင်း နန်းတော်၏ နန်းတော်သခင်ကပင် သူ၏ပြိုင်ဘက် မဟုတ်ခဲ့ပေ။
“ မိစ္ဆာကောင်လေး၊ မင်းကငါ့ကို တိုက်ခိုက်ပြီးတော့ ဆန့်ကျင်ခဲ့တယ်၊ နောက်ဆက်တွဲအကျိုးဆက်တွေကို မကြောက်ဘူးလား “ ချူလျူရှန်းသည် သူ့ကို ခြိမ်းခြောက်ရန် ကြိုးပမ်းလိုက်သည်။
လုချန်ရှန်းသည် အေးအေးလူလူ ပြန်ပြောလိုက်သည် “ မင်းကို ရိုက်သတ်မယ်ဆိုရင် ဘာနောက်ဆက်တွဲ ရှိလာမှာမို့လို့လဲ “
“ ဟက်၊ သေသေချာချာ စဥ်းစားဖို့ ငါမင်းကို အကြံပေးလိုက်မယ်။ ဒါကငါ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ် မဟုတ်ဘူး။ ဒီနေရာကို အားကိုးပြီးတော့ ငါ့ရဲ့ ကိုယ်ပွားကို သတ်မယ်ပေါ့။ ငါ့နဲ့ ရန်သူလုပ်မယ်ဆိုရင်၊ မင်းက မင်းကိုယ်တိုင်ရော၊ မင်းအနောက်မှာ ရှိနေတဲ့ လူတွေအတွက်ပါ ကပ်ဘေးတစ်ခုကို ဖိတ်ခေါ်မိသွားလိမ့်မယ် “
“ သူ့ရဲ့ တကယ့်ခန္ဓာကိုယ် မဟုတ်ဘူးလား “
လုချန်ရှန်းသည် နက်နက်နဲနဲ မျက်မှောင်ကြုတ်သွားခဲ့သည်။
သူ၏အမူအရာကို မြင်လိုက်ရသောအခါတွင် ကူချန်ကျွင်း စကားဝင်ပြောလာခဲ့သည် “ လူငယ်လေး၊ သူအရူးလုပ်တာကို မခံရစေနဲ့။ ဒါက သူ့ရဲ့ ကိုယ်ပွားတစ်ခုပဲဆိုပင်မဲ့၊ အဲ့တာကို သတ်လိုက်မယ်ဆိုရင်၊ သူ့ရဲ့ မူလကိုယ်ကလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီးတော့၊ သူ့ရဲ့ကျင့်ကြံရေးကလည်း တစ်ဆို့သွားလိမ့်မယ်၊ သူက ကြီးမားတဲ့ တန်ကြေးတစ်ခုကို ပေးဆပ်လိုက်ရလိမ့်မယ် “
“ အို့ “
လုချန်ရှန်း၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
ချူကျူရှန်း၏ အမူအရာ မည်းမှောင်သွားကာ၊ ပြန်ပြောလာခဲ့သည် “ ကူချန်ကျွင်း၊ မင်းက တကယ်ကြီးကို ငါ့ရဲ့ ရန်သူဖြစ်ချင်နေတာလား “
“ ဟက်၊ မင်းက အရင်လှုပ်ရှားခဲ့တာလေ၊ အခုတော့ ငါ့ကိုဒီလိုစကားမျိုး လာပြောနေတယ်ပေါ့။ ပြီးတော့၊ တကယ့်ခန္ဓာကိုယ်နဲ့ မဝင်လာရဲတဲ့ အမှိုက်တစ်စက ဘယ်သူတုန်း၊ အဲ့လိုကောင်က ငါ့ကို ဒီလိုစကားမျိုးတွေ ပြောဖို့ ထိုက်တန်လို့လား “ ကူချန်ကျွင်းမှ လှောင်ပြောင်လိုက်သည်။
ချူလျူရှန်း၏ အမူအရာသည် ပိုပို၍ ဆိုးရွားသွားခဲ့သည်။
ထိုအချိန်မှာပင် လုချန်ရှန်းမှာ သူ့အရှေ့သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူတိုက်ခိုက်လိုက်သည့် အချိန်တွင် ကောင်းကင်နှင့် ကမ္ဘာမြေ ပြိုကွဲသွားကာ၊ မီးဖိုတစ်လုံး ပေါ်ထွက်လာခဲ့ပြီး၊ ထိုလူ၏ခြေထောက်ပေါ်သို့ ကြမ်းကြမ်းတမ်းတမ်း ကျရောက်သွားခဲ့သည်။
ပြင်းထန်သော စွမ်းအားတစ်ခု ပေါက်ထွက်လာခဲ့သည်။ ချူလျူရှန်းသည် ဝမ်းခေါင်းသံကြီးဖြင့် အော်ဟစ်လာခဲ့သည်၊ သို့သော် သူ၏ပါးစပ်အတွင်းသို့ ကျောက်တုံးတစ်တုံး ပစ်ထည့်ခံလိုက်ရသည်၊ သူသည် အရိုက်ခံလိုက်ရပြီး၊ အနောက်သို့ လွင့်ထွက်သွားကာ၊ မျက်နှာတစ်ခုလုံး လျင်မြန်စွာ ရောင်ရမ်းလာခဲ့သည်။
လုချန်ရှန်းမှာလည်း စိတ်ညစ်နေခဲ့သည်၊ ထိုလူမှာ အသွင်ပြောင်းခြင်းအဆင့် ပညာရှင်တစ်ဦး ဖြစ်နေခဲ့သည်။ အကယ်၍ သူ၏ကျင့်ကြံရေးကို အသုံးမပြုဘူးဆိုလျှင်တောင်မှ၊ သူသည် သူ့ကိုယ်သူ ကာကွယ်ရန်အတွက် ၎င်းကို ဖြည်းဖြည်းချင်း ထုတ်လွှတ်နေနိုင်ခဲ့သည်။
သူက ထိုလူ့ကို တစ်စစီဆုတ်ဖြဲနိုင်ခဲ့မည်ဆိုလျှင်တောင်မှ၊ အချိန်အတော်ကြာ ယူရလိမ့်မည် ဖြစ်သည်။
“ မိစ္ဆာလေး၊ မင်းရဲ့ ဒီနေ့လုပ်ရပ်တွေအတွက် တန်ဖိုးတစ်ခု ပေးချေရမယ် “
သူတွေးတောစဥ်းစားနေသည့် အချိန်မှာပင်၊ ချူလျူရှန်း၏ ခန္ဓာကိုယ်မှ အလင်းတန်းတစ်ခု ပေါက်ထွက်လာခဲ့သည်၊ သတ်ဖြတ်လိုစိတ်တစ်ခု ကျဆင်းလာခဲ့ပြီး၊ တောင်တန်းတစ်ခုလုံးကိုပင် လှုပ်ခါသွားစေပုံရသည်။ မြေပြင်သည် တိုက်ခိုက်မှု အများအပြားကို ခံယူလိုက်ရသကဲ့သို့ အဆက်မပြတ် တုန်ခါသွားခဲ့သည်။
ဘုမ်း
လုချန်ရှန်း၏ လက်သီးရာ ကြေမွသွားပြီး၊ ပျံသန်းနေသော သဲများနှင့် လိမ့်ဆင်းလာသော ကျောက်တုံးတို့မှာ လူတိုင်း၏ အမြင်အာရုံများကို ဖုံးလွှမ်းသွားခဲ့သည်။
ထိုအချိန်တွင် ချူလျူရှန်းသည် ကောင်းကင်ယံသို့ ခုန်တက်သွားပြီး၊ ကူချန်ကျွင်းကို ရှောင်ရှားကာ၊ အပြင်ဘက် တောင်တန်းဆီသို့ တဟုန်ထိုး ဦးတည်သွားတော့သည်။
ဤနေရာမှ ထွက်သွားနိုင်သရွေ့ သူ၏ ကျင့်ကြံရေးမှာ ပြန်လည်ကောင်းမွန်လာလိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင် လုချန်ရှန်းမှာ သူ့ကို မည်သို့မျှ ယှဥ်နိုင်တော့မည် မဟုတ်ပေ။ ကူချန်ကျွင်းမှာလည်း သူ့ကို ထိန်းထားနိုင်တော့မည် မဟုတ်ပေ။
“ ဂုဏ်သိက္ခာကြီးမားတဲ့ နတ်ဘုရား သန့်စင်ခြင်း နန်းတော်ရဲ့ နန်းတော်သခင်က လူငယ်လေးတစ်ယောက်ကြောင့် တကယ်ကြီးကို ထွက်ပြေးသွားခဲ့တာပဲ၊ မင်းက မင်းရဲ့ နတ်ဘုရား သန့်စင်ခြင်း နန်းတော်ကို တကယ်ကြီး အရှက်ရစေခဲ့တာပဲ “
ကူချန်ကျွင်းသည် ကျယ်လောင်စွာ ရယ်မော၍၊ သူ့ကို ချက်ချင်းတားဆီးရန် ပြင်လိုက်သည်။
တစ်ဖက်လူက မူလအရင်းအမြစ်ကို လုယူသွားခဲ့သည့် အချိန်ကတည်းက သူတို့နှစ်ဦးထဲမှ လူတစ်ဦးကသာလျှင် ထွက်သွားနိုင်မည် ဖြစ်သည်။
သို့ရာ၌ ထိုအချိန်တွင် လုချန်ရှန်းသည် အဝေးသို့ ငေးကြည့်ကာ၊ အကြည့်များ အေးစက်သွားခဲ့သည်။
“ လိပ်အိုကြီး၊ ငါမင်းကို ထွက်သွာခိုင်းသေးလို့လား “
ချွင်
သူ၏စကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ဓားအော်သံတစ်ခု ပေါ်ထွက်လာခဲ့သည်။ လေထုအတွင်းတွင် ဓားချီ အများအပြား ပေါ်ထွက်လာပြီး၊ ကောင်းကင်ယံကို ကျော်ဖြတ်ကာ၊ လေထုကို ခုတ်ပိုင်းပြီး၊ အရှေ့တွင် ရှိနေသည့် လမ်းကြောင်းကို အတင်းအကြပ် ဖြတ်တောက်လိုက်သည်။
ချူလျူရှန်း ရပ်တန့်သွားခဲ့သည်။ သူအံကြိတ်၍ အတင်းအကြပ် ဖောက်ထွက်တော့မည့် အချိန်တွင် ဓားချီတစ်ခုသည် ရေစီးကြောင်းအဖြစ် အသွင်ပြောင်းကာ သူ၏မျက်နှာဆီသို့ ပြေးဝင်လာခဲ့သည်။
သူ၏အမူအရာ မည်းမှောင်သွားခဲ့သည်။ ဓားရေစီးကြောင်း၏ တိုက်ခိုက်မှုအောက်တွင် သူသည် နောက်မဆုတ်ချင်ဘဲ ဆုတ်သွားခဲ့ရသည်။
အဆိုမြင်ကွင်းသည် လူတော်တော်များများကို အံ့ဩတုန်လှုပ်သွားစေခဲ့သည်။ ကူချန်ကျွင်းကပင် တလေးတစား ဖြစ်သွားခဲ့သည်။
အဆိုပါ လူငယ်လေး၏ တောက်ပမှုမှာ သူ၏မျှော်မှန်းချက်များထပ် ကျော်လွန်နေခဲ့သည်။ သူ၏ ဓားတာအိုမှာ အမှန်ပင် အံ့ဖွယ်ကောင်းနေခဲ့သည်။ ၎င်းကို မြင်တွေ့ခဲ့ဖူးသည့် လူများကပင်၊ စိတ်နှလုံးသားများ လှုပ်ခါသွားခဲ့သည်။
သို့ရာ၌ ချူလျူရှန်း နောက်ဆုတ်သွားခဲ့သည့် အချိန်တွင် လုချန်ရှန်းမှာ သူ၏အနားသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူသည် ၎င်းကို မည်သို့မျှ သတိမပြုမိခဲ့ပေ။
တစ်ခဏအကြာတွင် ချူလျူရှန်းသည် နိုးနိုးကြားကြား ဖြစ်သွားကာ၊ တုံ့ပြန်ရန် ပြင်လိုက်သည်၊ သို့သော် သူသည် အရှေ့သို့ အကန်ခံလိုက်ရပြီး၊ ဓားရေစီးကြောင်းအား သူ၏ရင်ဘတ်ပေါ်သို့ ထိတွေ့ခွင့်ပြုလိုက်ရသည်၊ ဓားအလင်းတန်းတစ်ခု ပေါက်ထွက်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် လူတိုင်း မှင်သက်သွားကြသည်၊ ၎င်းသည် ပန်ဘုရင်လေးကို ညှဥ်းပန်းနှိပ်စက်ခဲ့စဥ် အချိန်ကထပ်ပင် ပိုမိုပြင်းထန်နေခဲ့သည်။
………………………………………………………………………………………………………………………………………..
အပိုင်း ( 99 )
မင်းဆီမှာ တပည့်တွေ ရှိလား။ သူတို့က ညဘက်တွေ လမ်းလျှောက်ကြလား
ဓားချီသည် ချူလျူရှန်း၏ ခန္ဓာကိုယ်ပေါ်သို့ ပျံ့နှံ့လာခဲ့ကာ၊ သူ၏ အဝတ်အစားများကို ဆုတ်ဖြဲ၍၊ သူ့ကို ရုပ်ပျက်ဆင်းပျက် ဖြစ်သွားစေခဲ့သည်။
ဒေါသတကြီး ဟိန်းဟောက်သံများသည် ဘက်ပေါင်းစုံသို့ အဆက်မပြတ် ပျံ့လွင့်လာခဲ့သည်။
စူးရှကာ စိတ်ပျက်လက်ပျက်ဖြစ်နေသော အသံများသည် လူတိုင်းကို ကြက်သီးထသွားစေခဲ့သည်၊ ၎င်းမှာ အသွင်ပြောင်းခြင်းအဆင့် ပညာရှင်တစ်ဦး ဖြစ်သည်။ သို့သော် သူသည် အသိစိတ်လွတ်သွားသည်အထိ အရိုက်အနှက်ခံခဲ့ရကာ၊ တစ်ချက်တစ်လေပင် ပြန်၍မတုံ့ပြန်နိုင်ခဲ့ပေ။
လူတိုင်း အံ့ဩတုန်လှုပ်သွားကြသည်။
တစ်စုံတစ်ဦးသည် မနေနိုင်တော့ဘဲ၊ မေးမြန်းလာခဲ့သည် “ အဲ့ဒီချင်းယီဓားသခင်ရဲ့ ဇစ်မြစ်က ဘာလဲ။ ပန်ဘုရင်လေးကို ရိုက်နှက်ခဲ့ပြီးတဲ့နောက်မှာ၊ သူက နတ်ဘုရား သန့်စင်ခြင်း နန်းတော်ရဲ့ နန်းတော်သခင်ကိုပါ ရိုက်နှက်နေတယ်ပေါ့ “
“ သူက စွမ်းလွန်းမနေဘူးလား။ ဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့ ခေါင်းဆောင်ကတောင် ဘယ်လိုမှ မခုခံနိုင်ခဲ့ဘူး “
“ တကယ်လို့ သူက ကျင့်ကြံရေးမှာ အောင်မြင်မှုကြီး တစ်ခုရခဲ့မယ်ဆိုရင်၊ သူ့ကို ဘယ်သူက တားဆီးနိုင်တော့မှာလဲ “
“ အံ့ဩစရာပဲ၊ ဒီလူငယ်လေးက ကောင်းကင်ဘုံကို ဆန့်ကျင်နေတာပဲ ”
“ … “
လူအုပ်ကြီးသည် တအံ့တဩဖြင့် ဆွေးနွေးပြောဆိုကာ၊ ညီးတွားနေကြသည်။
၎င်းတို့အနက် ကူချန်ကျွင်း၏ အတွေးများပါ ရှိနေခဲ့သည်။ သူသည် သူ့အရှေ့တွင် ရှိနေသည့် လူက ငယ်ရွယ်နေသည်ကို အာရုံခံမိနေခဲ့သည်။ သူ၏အနာဂတ်အောင်မြင်မှုများကို တိုင်းတာ၍ပင် ရလိမ့်မည် မဟုတ်ပေ။
ထို့အပြင်၊ တစ်စုံတစ်ဦးက သူ့ကို လာရောက်တိုက်ခိုက်လာသည်နှင့်တစ်ပြိုင်နက်၊ သူသည် ထိုလူ့ကို သေသည်အထိ ရိုက်သတ်လိမ့်မည် ဖြစ်သည်။
အကယ်၍ သူကသာ ကျင့်ကြံရေးတွင် အောင်မြင်မှုကြီးတစ်ခု ရရှိခဲ့မည်ဆိုပါက၊ သူသည် နတ်ဘုရား သန့်စင်ခြင်း နန်းတော်တစ်ခုလုံးကိုပင် ဇောက်ထိုးမိုးမျှော်လုပ်လိမ့်မည် ဖြစ်သည်။
“ သူ့ဆီမှာ ဒီလိုစရိုက်မျိုး ရှိတာပဲ၊ ငါသဘောကျတယ်ဟေ့ “
တစ်ခြားလူများသည် အငြှိုးအတေးအထားခံရကာ၊ ပဲလှော်ကြားဆားညပ်သွားရမည်ကို စိုးရိမ်သဖြင့် အသက်ပင် မရှူရဲကြပေ၊ သို့သော် ကူချန်ကျွင်းသည် ထိုလူ့ကို သူကိုယ်တိုင် ရိုက်နှက်နေရသကဲ့သို့ ကျယ်လောင်စွာ ရယ်မောနေခဲ့သည်။
သို့ရာတွင် သူသည် တစ်စုံတစ်ခုကို တွေးမိသွားခဲ့သည်၊ အရင်တုန်းက ငါ့ကို ရိုက်နှက်ခဲ့တဲ့လူကရော ဒီလူပဲလား
သူက အဲ့လူလိုမျိုး တော်တော်လေးကို ရက်စက်တယ်
ရှောင်ဟေးမှာလည်း သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။ ဒီကောင်က အထောက်အထား အတုကို ဖန်တီးခဲ့ပြီးတော့၊ ကိစ္စတွေ ပိုဆိုးလာမှာကို မကြောက်ဘဲ၊ အနိုင်လိုက်ကျင့်နေတာပဲ၊ ဒီတိုင်းဆိုရင် သူက ချူလျူရှန်း မသေချင်းရပ်မဲ့ပုံမပေါ်ဘူး
“ ဟူးးး “
ငြင်သာသော သက်ပြင်းချသံတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ဓားချီပျောက်ကွယ်သွားပြီး၊ ချူလျူရှန်းသည် လေထုအတွင်းတွင် မျောလွင့်နေကာ၊ တုန်တုန်ရင်ရင် ဖြစ်နေလျက်ရှိသည်။
“ ချင်းယီ၊ ငါ …… “
“ ဘာကို မင်းလဲ။ ပါးစပ်ပိတ်ထား။ မင်းရဲ့ခေါင်းကို ဖုံးထားပြီးတော့ အရိုက်ခံလိုက် “
လုချန်ရှန်း၏ စကားလုံးများ ဟိန်းထွက်လာခဲ့သည်၊ အားလုံး အရှေ့မှာပင် လုချန်ရှန်းသည် ထိုလူ၏ ဆံပင်များကို ဆုပ်ကိုင်လိုက်ပြီး၊ သူ့ကို လေထုအတွင်းမှ ဆွဲယူကာ၊ မြေပြင်ပေါ်သို့ ကြမ်းကြမ်းတမ်းတမ်း ပစ်ပေါက်လိုက်သည်။
ထို့နောက်တွင် သူသည် ထိုလူ့ကို မြေပြင်နှင့် ပွတ်ဆွဲနေခဲ့ပြီး၊ မည်သည့်ညှာတာမှုမှ မပြသခဲ့ပေ။
“ မင်းးး …… “
“ ဘာကိုမင်းလဲ။ တကယ်လို့ ငါသာ မင်းဖြစ်နေမယ်ဆိုရင်၊ ငါအရင်ဦးဆုံး လုပ်မဲ့ဟာက အော်နေတာ မဟုတ်ဘဲ၊ ရန်သူကို ထိပ်တိုက်ရင်ဆိုင်မှာ။ အဲ့လိုမျိုး အော်နေလို့ မင်းကိုယ်မင်း သောက်ရမ်းမိုက်နေတယ်လို့ ထင်နေတာလား။ ဟာသပဲ “
ဘမ်း
ထိုစကားကို ပြောခဲ့ပြီးသည့်နောက်တွင် ပြင်းထန်သော လက်သီးထိုးချက်နှစ်ခုသည် ထိုလူ၏ မျက်နှာပေါ်သို့ ထပ်မံ၍ ကျဆင်းသွားခဲ့သည်။ ချူလျူရှန်းသည် သူ၏လက်ကို မြှောက်ကာ၊ ၎င်းကို တားဆီးပိတ်ဆို့ရန် ကြံရွယ်လိုက်သည်၊ သို့သော် သူ၏လက်မောင်းအပေါ်သို့ ခြေထောက်တစ်ဖက်သာ ကျဆင်းလာခဲ့သည်။
“ အားးးးး “
ထိုအချိန်တွင် သူသည် အဆက်မပြတ် အော်ဟစ်နေတော့သည်၊ လုချန်ရှန်းသည် သူ၏ခွန်အားကို အကုန်အစင် အသုံးပြုနေခဲ့သည်။
စောင့်ကြည့်နေသော လူများသည် ကြောက်လန့်တကြား ဖြစ်သွားခဲ့သည်၊ သူတို့သည် ဤကဲ့သို့သော ဖြစ်ရပ်မျိုးကို ယခင်က တစ်ကြိမ်တစ်ခါမှ မမြင်ခဲ့ဖူးချေ။ သူ့ကို ရက်စက်ကြမ်းကြုတ်သော သားရဲကောင်ဟု ခေါ်ဆိုမည်ဆိုလျှင်တောင်မှ ချဲ့ကားပြောဆိုရာ ကျလိမ့်မည် မဟုတ်ပေ။
“ မင်းငါ့ကို မသတ်နိုင်ဘူး၊ မင်းသေချာပေါက် ပြန်ပေးဆပ်ရမယ် “
ဖပ်
သူပြောဆိုနေစဥ် အချိန်မှာပင် လုချန်ရှန်းသည် သူ၏လက်ကို ချုပ်နှောင်ကာ အော်ငေါက်လာခဲ့သည် “ ငါမင်းကို မသတ်သေးတာကွ၊ ဘယ်လိုလုပ်ပြီးတော့ ငါမင်းကို မသတ်နိုင်ဘူးဖြစ်သွားရတာလဲ။ ငါအားကုန်သွားမယ်ဆိုရင်တောင်မှ မင်းရဲ့ မှော်စွမ်းအားတွေ ကုန်သွားအောင် လုပ်ပေးမယ် “
ဝှစ်
ချက်ချင်းဆိုသလိုပင် ဓားချီ အများအပြား ပေါ်ထွက်လာခဲ့ပြီး၊ ဘက်ပေါင်းစုံသို့ မျောလွင့်သွားကာ၊ ဤနေရာကို ပိတ်ဆို့လိုက်သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် ရှောင်ဟေးသည် မနေနိုင်တော့ဘဲ၊ စကားဝင်ပြောလာခဲ့သည် “ တကယ်လို့ မင်းသူ့ကို ဒီလိုမျိုး ဆက်ရိုက်နေဦးမယ်ဆိုရင်၊ သူ့ကိုသတ်ဖို့အတွက် တော်တော်ကြီးကို ခက်သွားလိမ့်မယ် “
“ ဒါဆိုရင် ငါက ဘာလုပ်ရမှာတုန်း “
“ မင်းက သူ့ကို တကယ်သတ်ချင်တယ်ဆိုရင်၊ မင်းရဲ့ ဓားဆန္ဒကို သုံးပြီးတော့ သူ့ခန္ဓာကိုယ် ကျူးကျော်လိုက်၊ ပြီးရင် သူ့ရဲ့ အသက်စွမ်းအားနဲ့ နတ်ဝိညာဥ်ကို ဖြတ်တောက်လိုက် “
“ ဓားဆန္ဒလား “
လုချန်ရှန်းသည် တစ်ခဏခန့် အတွေးနက်သွားခဲ့သည်၊ ထို့နောက်တွင် သူသည် ချူလျူရှန်းကို ဖိချလိုက်ပြီး၊ သူ၏လက်ကို မြှောက်ကာ၊ ရိုက်ချလိုက်သည်။ ဓားဆန္ဒသည် ထိုလူ၏ ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်းထိုးဖောက်သွားပြီး၊ သူ၏ အသွေးအသားများကို ဆုတ်ဖြဲကာ၊ တိုးဝင်သွားတော့သည်။
“ မင်းရဲ့ ဓားဆန္ဒက ငါ့ကို သတ်နိုင်လိမ့်မယ်လို့ ထင်နေတယ်ပေါ့ “
ချူလျူရှန်းသည် စကားပြောလာခဲ့ကာ၊ လုချန်ရှန်းကို စူးစူးရဲရဲ စိုက်ကြည့်လာခဲ့သည်၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာ၌ သူ၏မျက်လုံးများ အတွင်းတွင် အကြောက်တရားများ ဖြစ်တည်လာခဲ့ကာ၊ ယခင်က တည်ရှိခဲ့သည့် ဒေါသများ ပျောက်ကွယ်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူသည် ကြောက်မက်ဖွယ်ရာ ဓားဆန္ဒက သူ၏ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်လာကာ၊ သူ၏ခြေလက်များနှင့် အရိုးများကို လေပွေတစ်ခုကဲ့သို့ မွေနှောက်သွားသည်ဟု ခံစားလိုက်ရသည်။
နက်ရှိုင်းသော ကျင့်ကြံရေးကပင် အချည်းနှီး ဖြစ်သွားခဲ့ရသည်။ သူ၏ ကျင့်ကြံရေးသည် ဖြည်းဖြည်းချင်း တိုက်စားခံနေရပြီး၊ သူ၏ အသက်ဓာတ်ပင် ပြတ်တောက်သွားခဲ့သည်။
သူ၏မျက်ခုံးများအကြားတွင် ရှိနေသည့် နတ်ဝိညာဥ်သည် တုန်တုန်ရင်ရင် ဖြစ်သွားခဲ့သည်၊ မခံမရပ်နိုင်လောက်သည်အထိ ပြင်းထန်သော နာကျင်မှုက အရိုးများအတွင်းသို့ ထိုးဖောက်လာသကဲ့သို့ အတွင်းတွင် လှိုက်စားနေသည်ကို ခံစားသွားခဲ့ရသည်။
သူ့ကို အံ့ဩတုန်လှုပ်သွားစေခဲ့သည့် အရာမှာ ဓားဆန္ဒက သူ၏ခန္ဓာကိုယ်အတွင်းသို့ ကျူးကျော်လာခဲ့ခြင်း ဖြစ်သည်။ သူသည် မယုံကြည်နိုင်ဖြစ်နေသော အမူအရာဖြင့် လုချန်ရှန်းကို ကြည့်လာခဲ့ပြီး၊ ၎င်းက ဓားနှလုံးသား သန့်စင်မှုက ပြုလုပ်နိုင်သော အရာ မဟုတ်ဘူးဆိုသည်ကို ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့သည်။
“ မင်းရဲ့ ဓားဆန္ဒက …….. “
“ ပါးစပ်ပိတ်ထား “
ဝှစ်
ထိုအချိန်တွင် ချူလျူရှန်း၏ ခန္ဓာကိုယ် တုန်ရင်သွားကာ၊ သူ၏စိတ်ထဲသို့ ကြောက်ရွံ့မှု ခံစားချက်တစ်ခု တိုးဝင်လာခဲ့သည်။ သူ၏ အသက်စွမ်းအားသည် ၇၀မှ၈၀%အထိ ဖြတ်တောက်ခံလိုက်ရပြီဖြစ်ပြီး၊ သူ၏ နတ်ဝိညာဥ်မှာလည်း ပြိုကွဲသွားခဲ့ပြီဖြစ်သည်၊ နက်ရှိုင်းသော ကျင့်ကြံရေးကပင် ၎င်းတို့ကို ပြန်လည်မကုသပေးနိုင်ခဲ့ပေ။
“ ချင်းယီ၊ မင်းက ငါ့ရဲ့ကိုယ်ပွားကို သတ်ခဲ့တယ်၊ ငါမင်းကို သေချာပေါက် အလွတ်မပေးဘူး “
“ မင်းက အခုချိန်အထိ မောက်မာနေရဲတယ်ပေါ့လေ “ လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့သည်။
ချူလျူရှန်းမှ ပြန်ပြောလာခဲ့သည် “ ဘာကိုပဲ ပေးဆပ်ရပါစေ၊ ငါမင်းကို တွေ့အောင် ရှာပြီးတော့ မင်းတို့အားလုံးကို သတ်မယ် “
“ လိပ်အိုကြီး၊ ငါ့ကိုရှာတာထပ် မင်းကိုရှာရတာက ပိုလွယ်တယ်ကွ “
“ ဘာကိုဆိုလိုတာလဲ။ မင်းက နတ်ဘုရား သန့်စင်ခြင်း နန်းတော်ကို သွားရဲပြီးတော့ ငါ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်ကိုပါ သတ်ချင်နေတယ်ပေါ့လေ “
လုချန်ရှန်းသည် အေးအေးလူလူ ပြန်ပြောလိုက်သည် “ အခုလက်ရှိ အချိန်မှာ မင်းရဲ့ အစစ်အမှန်ခန္ဓာကိုယ်ကို ငါမနိုင်ဘူးလေ၊ ဒါပင်မဲ့ မင်းဆီမှာ တပည့်တွေတော့ ရှိနေမှာပေါ့၊ ဟုတ်တယ်မလား။ သူတို့က ညဘက်မှာ လမ်းလျှောက်ကြလား။ နောင်အနာဂတ်မှာ အပြင်ထွက်တဲ့ အချိန်ကျရင် ပိုပြီးတော့ ဂရုစိုက်ဖို့ သူတို့အားလုံးကို ပြောလိုက်၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင်၊ သူတို့က မတော်တဆ သေသွားနိုင်တယ် “
“ မင်း ….. “
ချူလျူရှန်း၏ မျက်ဝန်းများ အနည်းငယ် လှုပ်ခါသွားခဲ့သည်၊ သူသည် သူက ပြန်၍ အခြိမ်းခြောက်ခံလိုက်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
အားးးးးးး
ဟိန်းဟောက်သံတစ်သံ ထပ်မံ၍ ပေါ်ထွက်လာခဲ့ပြန်သည်၊ လုချန်ရှန်းသည် သူ့ကို ကြည့်ကာ စကားထပ်ပြောလိုက်သည် “ ဆက်လုပ်ပါ၊ အဲ့အကြောင်းကို တွေးမနေနဲ့။ ငါမင်းကို အရင်ပို့ပေးထားမယ်၊ ကျင့်ကြံရေးမှာ အောင်မြင်မှု အကြီးကြီးရတဲ့ အချိန်ကျရင် မင်းရဲ့ အစစ်အမှန် ခန္ဓာကို ထပ်ပြီးတော့ ပို့ပေးမယ်၊ အဲ့အချိန်ကျရင်၊ မင်းတို့နှစ်ယောက် ပြန်ပေါင်းစပ်လို့ရပြီ “
အားလုံး၏ အကြည့်များအောက်မှာပင် ချူလျူန်ရှန်း သတ်ဖြတ်ခံလိုက်ရသည်၊ သူ၏ အသက်စွမ်းအား လုံးဝပြတ်တောက်သွားကာ၊ နတ်ဝိညာဥ်ပင် ပျက်စီးသွားခဲ့သည်၊ ထို့ကြောင့်ပင် သူသည် သတင်းစကား ပြန်မပို့နိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်။
ကူချန်ကျွင်း ပြောခဲ့သည့်အတိုင်းပင် ကိုယ်ပွား သေဆုံးသွားသည်နှင့်တစ်ပြိုင်နက် မူလကိုယ်မှာလည်း ပြင်းထန်သော တန်ပြန်သက်ရောက်မှုကို ခံစားရလိမ့်မည်ဖြစ်ပြီး၊ ပေးချေလိုက်ရမည့် တန်ဖိုးမှာ အတော်လေး ကြီးမားနေလိမ့်မည် ဖြစ်သည်။
“ ဟူး “
ရှောင်ဟေးသည် အသာအယာ သက်ပြင်းချနေတော့သည်။
အစပိုင်းတွင် ချူလျူရှန်းသည် အနည်းငယ် ကံပိုကောင်းကာ၊ မူလအရင်းအမြစ်ကိုပင် ဆွဲလုနိုင်ကာ ဤနေရာမှ အေးအေးဆေးဆေး ထွက်သွားနိုင်လိမ့်မည် ဖြစ်သည်။
သို့သော် ကံဆိုးစွာဖြင့် သူသည် ရွှေတောင်ပံ ပန်မျိုးနွယ်စုကို မျက်နှာလုပ်ရန်အလို့ငှာ၊ ပန်ဘုရင်လေးအတွက် ရပ်တည်ခဲ့ပြီး၊ လုချန်ရှန်းကို စော်ကားမိသွားခဲ့သည်၊ ရလဒ်အနေဖြင့် သူသည် သူ၏ကိုယ်ပွားတစ်ခုကို စတေးလိုက်ရသည်။
ပို၍ အရေးကြီးသော အရာမှာ ပန်ဘုရင်လေးကို ၎င်းကို မည်သို့မျှ အသိအမှတ် မပြုခြင်းပင် ဖြစ်သည်၊ သူသည် အမြတ်မထွက်ဘဲ၊ ဆုံးရှုံးမှုများကိုသာ သိမ်းပိုက်သွားခဲ့ရသည်။
ရှောင်ဟေး သက်ပြင်းချနေသည့် အချိန်မှာပင်၊ လုချန်ရှန်းသည် ရုတ်တရက် မတ်တပ်ထရပ်ကာ၊ ချူလျူရှန်းကို ခပ်ပြင်းပြင်းကန်လိုက်ပြီး၊ မီးတောက်တစ်ခုဖြင့် သူ့ကို တိုက်ရိုက်မီးရှို့ပစ်လိုက်သည်။
“ ဘာလို့ ဒီလိုလုပ်နေရတာလဲ။ သူသေသွားတောင် မကျေနပ်သေးဘူးလား “ ရှောင်ဟေးသည် စိတ်ရှုပ်ထွေးသွားသော အမူအရာဖြင့် မေးမြန်းလိုက်သည်။
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ ဒီဆင်းရဲသား ခွေးသူတောင်းစားက နတ်ဘုရား သန့်စင်ခြင်း နန်းတော်ရဲ့ နန်းတော်သခင်လား။ သူ့ဆီမှာ ဝိညာဥ်ကျောက်တုံး ခုနစ်သိန်းကျော်ပဲ ရှိတယ်၊ သူ့အတွက် ရှက်လို့ ငါဒီလိုပြောနေရတာကွ “
“ အမ် …… “
ရှောင်ဟေး ဆွံ့အသွားခဲ့သည်။ ထိုလူသည် ဤနေရာတွင် နယ်ပယ်ဖိနှိပ်ခံရမည်ကို သိနေခဲ့သည်၊ ထို့ကြောင့် အစွမ်းထက် မှော်ပစ္စည်းများစွာ မယူဆောင်လာခဲ့ဘဲ၊ ပေါ့ပေါ့ပါးပါး လက်နက်တစ်ခုသာ ယူဆောင်လာခဲ့သည်၊ အထူးသဖြင့် ထိုလူကိုယ်တိုင်က ကိုယ်ပွားဖြစ်နေသော အချိန်မျိုးတွင် ဖြစ်ပြီး၊ ၎င်းက ပုံမှန်သာလျှင် ဖြစ်ပေသည်။
ဝိညာဥ်ကျောက်တုံး ခုနစ်သိန်းကျော်တောင် ရခဲ့တာလေ၊ အဲ့တာက မလုံလောက်ဘူးလားဟ
ထို့အပြင် ရှောင်ဟေးသည် လုချန်ရှန်းက စုန့်ချင်ကို တစ်သန်းနှစ်သောင်းအတွက် ပြန်ပေးဆွဲခဲ့ပြီး၊ ပန်ဘုရင်လေးကို ငါးသိန်းအတွက် ရိုက်နှက်ခဲ့ကာ၊ ဘုရင်အဆင့် မှော်ပစ္စည်းတစ်ခုပါ ရရှိခဲ့သည်ဆိုသည်ကို ကောင်းစွာမှတ်မိနေသေးသည်။ သူ့ထံတွင် ဝိညာဥ်ကျောက်တစ်သိန်းပါ ရှာတွေ့ခဲ့သေးသည်၊ အားလုံးပေါင်းလိုက်မည်ဆိုပါက ဝိညာဥ်ကျောက် တစ်သန်းကျော်သွားခဲ့ပြီဖြစ်သည်။
ယခုရရှိလာသည့် ခုနစ်သိန်းနှင့် ပေါင်းစပ်လိုက်မည်ဆိုပါက နှစ်သန်းနီးပါး ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
အဆိုပါ အမြတ်အစွန်းသည် ကောင်းကင်ဘုံကို စိန်ခေါ်နေခြင်းပင် ဖြစ်သည်။
ဤကာလတစ်လျှောက်တွင် ရရှိခဲ့သည့် အရာများကိုပါ တွက်ချက်လိုက်မည်ဆိုပါက၊ လုချန်ရှန်းသည် အချိန်တိုအတွင်းတွင် ဝိညာဥ်ကျောက်တုံး ခုနစ်သန်းနီးပါး စုစည်းနိုင်ခဲ့သည်။
၎င်းတို့ အားလုံးနီးပါး ဖြောင့်မတ်မှန်ကန်သော လမ်းကြောင်းများမှ ရရှိလာခဲ့ခြင်း မဟုတ်သော်လည်း၊ ၎င်းမှာ အမှန်ပင် အံ့ဖွယ်ကောင်းနေခဲ့သည်။
အရာအားလုံးကို ပြုလုပ်ခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေတော့သည်။ လူအုပ်ကြီးသည် သူ့ကို စိုက်ကြည့်ကာ၊ ကြောင်အမ်းအမ်းဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေလျက်ရှိသည်။
ဤလူသည် မည်သူမှ ရန်မစချင်သော ရက်စက်ကြမ်းကြုတ်သည့် လူတစ်ဦးဖြစ်သည်၊ ချူလျူရှန်း၏ တပည့်တပန်းများမှာလည်း အသံတစ်သံပင် မထွက်ဝံ့ကြပေ။
နန်းတော်သခင်ကပင် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး၊ အကယ်၍ သူတို့ကပါ ရှေ့ထွက်သွားလိုက်မည်ဆိုပါက၊ သူတို့သည် အမြှောက်စာသာ ဖြစ်သွားရမည်ဖြစ်သည်၊ ထို့ကြောင့် အဆိုပါ ငရဲမင်းကို ရန်သွားမစခြင်းကသာလျှင် ပိုကောင်းပေသည်။
ဉာဏ်ပြေးသော လူတစ်ချို့ကမူ ချူလျူရှန်းက ရက်ရက်စက်စက် အရိုက်ခံနေခဲ့ရသည့် အချိန်ကတည်းက တိတ်တဆိတ် ဆုတ်ခွာသွားခဲ့ပြီ ဖြစ်သည်။
ကူချန်ကျွင်းတစ်ဦးတည်းကသာလျှင် လေးစားမှုတို့နှင့် ပြည့်နှက်နေသော မျက်လုံးများဖြင့် လုချန်ရှန်းကို ငေးကြည့်နေခဲ့သည်။
သူ၏အမြင်တွင် ဤကဲ့သို့သော လူငယ်မျိုးမှာ အမှန်ပင် ရှားပါးလွန်းနေခဲ့သည်။