အခန်း (၁၀၀-၁၀၂)
Vol. 7 Ch. 100-102
အပိုင်း ( 100 )
ခင်ဗျားရဲ့ တပည့်က တကယ်ကို ကောင်းတယ်
ထိုအချိန်တွင် လုချန်ရှန်းမှာ ကူချန်ကျွင်းနှင့် အကြည့်ချင်း ဆုံသွားခဲ့သည်။
လူနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်နေခဲ့ပြီး၊ စစ်ပွဲဘုရင် ကူချန်ကျွင်းသည် ရှင်းပြ၍ မရသော စိတ်ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
၎င်းကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းသည် အရင်ဦးဆုံး စကားစပြောလိုက်သည် “ စစ်ပွဲဘုရင်၊ ခင်ဗျားက ကျွန်တော့်ကို ဘာလို့အဲ့လိုမျိုး ကြည့်နေရတာလဲ “
“ မင်းက ငါ့ကို သိတာလား “ ကူချန်ကျွင်းသည် သူ့ကို စူးစမ်းလေ့လာနေတော့သည်။
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ တောင်ပိုင်းပြည်နယ်မှာ စစ်ပွဲဘုရင် ကူချန်ကျွင်းကို မသိတဲ့လူဆိုတာ ရှိလို့လား “
“ ငါ့ရဲ့ မိတ်ဆွေလေးက တကယ်ကို ယဥ်ကျေးလွန်းနေတာပဲ “
“ ပြီးတော့ ကျုပ်က စစ်ပွဲဘုရင်ရဲ့ တပည့်နဲ့ အရင်တုန်းက တွေ့ခဲ့ဖူးတယ်လေ၊ ရေစက်ပါတယ်လို့ ပြောလို့ရတာပေါ့ “
“ ငါ့ရဲ့ တပည့်လား။ ဘယ်သူလဲ “
ကူချန်ကျွင်းသည် မနေနိုင်တော့ဘဲ မေးမြန်းလာခဲ့သည်၊ သူသည် တပည့်ဖြစ်သူသည် ထိုကဲ့သို့သော လူငယ်ပါရမီရှင်တစ်ဦးနှင့် အမှန်တကယ် တွေ့ဆုံခဲ့ဖူးသည်။ သူသည် ကျိုးချင်ယုကို အရင်ဦးဆုံး တွေးမိသွားခဲ့သည်၊ နှစ်ဦးစလုံးက ဓားတာအိုကို ကျင့်ကြံကြသောကြောင့် ၎င်းက ယုတ္တိရှိနေခဲ့သည်။
သို့ရာတွင် လုချန်ရှန်းသည် လွှတ်ခနဲ ပြောမိသွားခဲ့သည် “ လုချန်ရှန်းလေ “
“ သူလား “
“ တစ်ခုခုမှားနေလို့လား “
“ မဟုတ်ဘူး၊ နည်းနည်းလောက် အံ့ဩသွားတာပါ “ ကူချန်ကျွင်း အတွေးနက်သွားခဲ့သည်။
လုချန်ရှန်းသည် စကားဆက်ပြောနေတော့သည် “ တစ်ခါပဲ တွေ့ခဲ့ဖူးတယ်ဆိုပင်မဲ့၊ ခင်ဗျားရဲ့ တပည့်က ကျွန်တော့်ကို အထင်ကြီးသွားစေခဲ့တယ်၊ အသက်ရှူမှားလောက်အောင် ကြည့်ကောင်းနေတယ်။ အဲ့လိုအသွင်အပြင်မျိုးက တကယ်ရှားတယ်၊ သူ့ရဲ့ စိတ်သဘောထားကလည်း တော်တော်လေးကို ထူးခြားတယ်၊ ကောင်းကင်ဘုံကနေ နှင်ထုတ်ခံလိုက်ရတဲ့ လူငယ်လိုမျိုးပဲ၊ ကျုပ်သူ့ကို မမေ့သေးဘူး ပြီးတော့ ……….. “
ထိုစကားလုံးများကို ကြားလိုက်ရသောအခါတွင် ကူချန်ကျွင်းသည် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်သွားကာ၊ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။
ငြင်းပယ်၍ မရလောက်အောင် ပြစ်ချက်ကင်းသော ရုပ်ရည်မှအပ၊ သူ၏ တပည့်လေးနှင့် မည်ကဲ့သို့ သက်ဆိုင်နေသနည်း။
သူသည် ထိုအကြောင်းကို မေးပင် မမေးခဲ့ချေ။
သို့သော် တစ်ဖက်လူမှာ သူ့ကို အဆုံးမဲ့ ချီးမွမ်းပြောဆိုနေခဲ့သည်။ ၎င်းက မည်ကဲ့သို့သော လေးစားမှုပါလော။ ငါတို့ ပြောနေကြတဲ့ လူက တစ်ယောက်တည်းဆိုတာ သေချာပါတယ်နော်
ကူချန်ကျွင်းမှ ပြန်ပြောလိုက်သည် “ မိတ်ဆွေလေး၊ မင်းက သူ့ကို မြှောက်ပင့်နေတာပဲကွ “
“ အာ၊ မြှောက်တာ မဟုတ်ပါဘူးဗျာ၊ အမှန်တရားကိုပဲ ပြောနေတာပါ “
လူနှစ်ဦးသည် စကားအနည်းငယ် ထပ်ပြောနေခဲ့သည်၊ ကူချန်ကျွင်းသည် မည်ကဲ့သို့ တုံ့ပြန်ရမလဲဆိုသည်နှင့် လုချန်ရှန်းက ဤပါရမီရှင်ကို မည်ကဲ့သို့ လှည့်စားခဲ့သောကြောင့်၊ ဤပါရမီရှင်က သူ့အား ထိုမျှအထင်တကြီးဖြစ်နေရလဲဆိုသည်ကို နားမလည်နိုင် ဖြစ်သွားခဲ့သည်။
ထို့နောက်တွင် လုချန်ရှန်းမှ စကားထပ်ပြောလာခဲ့သည် “ ကျွန်တော့်မှာ တစ်ခြားကိစ္စလေးတွေ ရှိနေသေးတယ်၊ အဲ့တာကြောင့် အရင်သွားပါတော့မယ် “
“ ကောင်းပြီလေ “
ကူချန်ကျွင်းသည် မည်သည့်စကားမှ ထပ်ပြောမနေတော့ဘဲ၊ အနည်းဆုံးအနေဖြင့် ဤလူထံတွင် ဆိုးရွားသော ရည်ရွယ်ချက်များ ရှိနေခဲ့သည်။
သူသည် ကိစ္စ၏ ဇစ်မြစ်ကို ထပ်ပြောမနေတော့ပေ။
တောင်တန်းများဆီမှ ထွက်သွားခဲ့ပြီးသည့်နောက်တွင်၊ ရှောင်ဟေးသည် မနေနိုင်တော့ဘဲ၊ မေးမြန်းလာခဲ့သည် “ ခုနက စကားတွေက ဘာကိုဆိုလိုတာလဲ “
“ မင်းက အဲ့တာကိုတောင် နားမလည်ဘူးလားဟ “ လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ ငါတကယ် နားမလည်ဘူးလေ။ မင်းရဲ့ ဆရာကို ဘာလို့စကားတွေ အများကြီး ပြောလိုက်ရတာလဲ “
“ ငါ့ကိုယ်ငါ မှန်မှန်ကန်ကန် အကဲဖြတ်ဖို့လေ “
“ ဘာကြီး “
“ ကိုယ့်ကိုကိုယ် မှန်မှန်ကန်ကန် အကဲဖြတ်တာလေ၊ အကဲဖြတ်တာ မှားနေလို့လား “ ဟု လုချန်ရှန်းမှ မေးမြန်းလိုက်သည်။
ရှောင်ဟေး ဆွံ့အသွားခဲ့သည်။ သူသည် ၎င်းကို တုံ့ပြန်ငြင်းဆိုချင်နေခဲ့သည်၊ သို့သော် သူသည် မည်ကဲ့သို့ စကားစပြောရမှန်းမသိ ဖြစ်နေခဲ့သည်။ ထိုလူ၏ ပါးစပ်ကို မဖွင့်ပဲ အေးအေးလူလူ မတ်တပ်ရပ်နေမည်ဆိုပါက၊ အရာအားလုံး အဆင်ပြေနေလိမ့်မည် ဖြစ်သည်။
ရှောင်ဟေးသည် တစ်ခါတစ်ရံတွင် ထိုကဲ့သို့ပင် ထင်ယောင်ထင်မှား ဖြစ်သွားခဲ့သည်။
လူငယ် ပါရမီရှင်တစ်ယောက်ဆီမှာ ဘယ်လိုတောင် ဆိုးရွားတဲ့ ပါးစပ်မျိုး ရှိနေရတာလဲကွာ
ရှောင်ဟေးသည် သူ၏ဘဝတစ်လျှောက်လုံးကို ဂရုတစိုက် ပြန်လည်အောက်မေ့ အမှတ်ရနေကာ၊ သူ၏ဘဝတွင် ဤမျှအရှက်မဲ့သည့် လူတစ်ဦးနှင့် တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ခဲ့ရဘူးဆိုသည်ကို ရုတ်တရက် နားလည်သွားခဲ့သည်။ တစ်စုံတစ်ဦးက ကိုယ့်ကိုကိုယ် ကောင်းကင်ဘုံသို့ ရောက်ရှိသွားသည်အထိ ချီးကျူးပြောဆိုနေခြင်းမှာ လုံးဝအရှက်ကင်းမဲ့ကာ တစ်ကြိမ်တစ်ခါမှ မကြားဖူးခဲ့သော ကိစ္စတစ်ခုဖြစ်သည်။
တစ်ခဏအကြာတွင် ကူချန်ကျွင်းမှာလည်း ဤနေရာတွင် ကြာကြာဆက်မနေတော့ဘဲ၊ မူလအရင်းအမြစ်ကို ယူဆောင်ကာ၊ ထွက်ခွာသွားတော့သည်။
ပဥ္စမတောင်တန်းဆီသို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ၊ တခမ်းတနားဖြစ်နေသော အသံမျိုးဖြင့် ကြေညာလိုက်သည် “ နတ်ဘုရား သန့်စင်ခြင်း နန်းတော်က လူတွေ နားထောင်ကြ။ မင်းတို့ရဲ့ နန်းတော်သခင်ကို ငါကိုယ်တိုင် တရားစီရင်ပြီးတော့ ရိုက်သတ်လိုက်ပြီ။ မင်းတို့ကို အချိန်တစ်ရက်ပေးမယ်။ ပဥ္စမတောင်တန်းကို လာပြီးတော့ ငါ့ကို သစ္စာလာခံကြ၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ငါဒီကထွက်လာတဲ့ အချိန်ကျရင် မင်းတို့အားလုံးကို အပြတ်ရှင်းမယ်၊ တစ်ကောင်မှ မကျန်စေရဘူး “
ထိုအသံသည် ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားခဲ့သည်။ ထိုစကားများကို ပြောခဲ့ပြီးသည်နှင့်တစ်ပြိုင်နက် သူသည် မည်သည့်အရာကို ထပ်မံ၍ ပြုလုပ်ရန် မလိုအပ်တော့ပေ၊ ၎င်းတို့ကို ဖြန့်ဝေပေးမည့် လူအမြောက်အများ ရှိနေခဲ့လေသည်။
သို့ရာတွင် ရှောင်ဟေးမှာ အံ့ဩတုန်လှုပ်သွားခဲ့သည်။
“ မင်းရူးနေတာလား။ မင်းတစ်ယောက်တည်းနဲ့ နတ်ဘုရား သန့်စင်ခြင်း နန်းတော်ကို စိန်ခေါ်တော့မယ်ပေါ့။ မင်းက ချူလျူရှန်းကိုတောင် သတ်ခဲ့တာလေ၊ သူတို့က ဒီကိုရောက်လာရတဲ့အထိ တုံးနေမယ်လို့ ထင်နေတာလားဟ “
“ မဟုတ်ဘူး၊ သူတို့က ရောက်လာကြမှာ မဟုတ်ဘူး “ ဟု လုချန်ရှန်းမှ ပြန်ပြောလိုက်သည်။
ရှောင်ဟေးမှ ထပ်မံ၍ မေးမြန်းလာခဲ့သည် “ ဒါဆိုရင် ဘာရည်ရွယ်ချက်နဲ့ အဲ့လိုလုပ်လိုက်ရတာလဲ “
“ ဘာရည်ရွယ်ချက်မှ မရှိပါဘူး၊ အော်ပြီးတော့ ခြိမ်းခြောက်ချင်ရုံလေးပါပဲ “
“ ဘာကြီး “
ရှောင်ဟေးသည် ရာနှုန်းပြည့် တအံ့တဩ ဖြစ်သွားခဲ့သည်။
သို့ရာ၌ လုချန်ရှန်းသည် ထိုစကားကို ပြောခဲ့ပြီးသည့်နောက်တွင်၊ စကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ၊ နေရာတစ်ခု ရှာဖွေကာ ထိုနေရာမှာပင် နေ့တစ်ဝက်တိတိ တိတ်တဆိတ် နေနေခဲ့သည်။
နေ့တစ်ဝက် မပြည့်သေးခင် အချိန်မှာပင်၊ သတင်းများသည် လော့ယွမ်တောင်တန်းတစ်ခုလုံးအနှံ့ ပျံ့နှံ့ရောက်ရှိသွားကာ၊ လူတိုင်း အံ့ဩတုန်လှုပ်သွားကြသည်။
နတ်ဘုရား သန့်စင်ခြင်း နန်းတော်၏ နန်းတော်သခင် ချူလျူရှန်း အသတ်ခံလိုက်ရသည့် သတင်းမှာ အမှန်ပင် အံ့ဩတုန်လှုပ်ဖွယ်ကောင်းနေခဲ့သည်။
သို့သော် ထိုကိစ္စကို လူတော်တော်များများက ကိုယ်တိုင်မြင်တွေ့ခဲ့ရသောကြောင့်၊ သူတို့သည် ၎င်းကို ယုံကြည်လက်ခံလိုက်ရုံသာ တတ်နိုင်ကြသည်။
လုချန်ရှန်း၏ ကြေညာချက် ပေါ်ထွက်လာခဲ့ပြီးသည့်နောက်တွင်၊ နတ်ဘုရား သန့်စင်ခြင်း နန်းတော်၏ လူများသည် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြီး၊ တစ်ဦးပြီးတစ်ဦးပြီး လူစုနေကြကာ၊ လုချန်ရှန်းကို ဆန့်ကျင်တိုက်ခိုက်ရန် ကြံရွယ်နေကြသည်။
သူတို့သည် သူတို့က ထိုနေရာတွင် ထိုလူ့ကို ယှဥ်နိုင်လိမ့်မည် မဟုတ်ဘူးဆိုသည်ကို ကောင်းစွာနားလည်နေကြသည်၊ ထို့ကြောင့် မည်သူကမှ ထိုနေရာသို့ မသွားရဲကြပေ။ သို့သော် သူတောင်တန်းများထံမှ ထွက်လာခဲ့သည်နှင့်တစ်ပြိုင်နက်၊ သူတို့သည် ထိုလူ့ကို သေချာပေါက် သတ်ဖြတ်ကာ၊ သူ၏အလောင်းကို ပြန်ယူသွားကြမည် ဖြစ်သည်။
“ မင်းက ဘာလုပ်ချင်နေတာလဲ “ ရှောင်ဟေးသည် ဇဝေဇဝါ ဖြစ်နေခဲ့သည်။
“ ဘာမှ မဟုတ်ပါဘူး “
“ မင်း အဲ့နေရာမှာ အော်လိုက်လို့၊ အခုလူတွေက ထွက်ပေါက်မှာ စုနေကြပြီးတော့ မင်းရဲ့ ပြေးပေါက်ကို ပိတ်ဖို့ကြံနေကြပြီ “
လုချန်ရှန်းသည် အေးအေးလူလူ ပြန်ပြောလိုက်သည် “ ဘာပဲဖြစ်ဖြစ်၊ အဲ့ဒီလိပ်အိုကြီးက သေသွားပြီလေ။ ငါ အော်အော်၊ မအော်အော်၊ သူတို့က ငါ့ဆီကို သေချာပေါက် ရောက်လာကြမှာပဲ “
“ အမှန်ပဲ၊ ရလဒ်က အတူတူပဲဆိုတော့ နည်းနည်းလောက် အော်လိုက်တာက အဆင်ပြေပါတယ် “ ရှောင်ဟေးသည် ရှားရှားပါးပါး ခေါင်းငြိမ့်၍ သဘောတူလာခဲ့သည်၊ သို့သော် သူသည် တစ်စုံတစ်ခုကို နားလည်သွားကာ ထပ်မံ၍ မေးမြန်းလိုက်သည် “ ဒါပင်မဲ့ ထွက်ပေါက်က အပိတ်ခံထားရပြီဆိုရင်၊ မင်းဘယ်လို ထွက်သွားမှာလဲဟ “
“ သူတို့က ငါ့ကို ရှာနေတာလေ၊ မင်းကိုမှ မဟုတ်တာ။ မင်းက ငါ့ကို အပြင်ခေါ်သွားမယ်ဆိုရင်ကော။ ငါ့ကို အနိုင်ယူရတဲ့ ပျော်ရွှင်မှုမျိုးကို ခံစားခွင့်ပေးမယ်လေ “ လုချန်ရှန်းသည် အပြုံးဖြင့် ပြန်ပြောလိုက်သည်။
ရှောင်ဟေးသည် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်၊ သို့သော် အဆိုပါ အယူအဆမှာ အမှန်တကယ် ယုတ္တိရှိနေခဲ့သည်။
ထို့နောက်တွင် လုချန်ရှန်းမှ စကားဆက်ပြောလာခဲ့သည် “ ပြီးတော့ သူတို့က ချင်းယီကို လမ်းပိတ်ထားကြတာလေ။ အဲ့တာက ငါ၊ လုချန်ရှန်းနဲ့ ဘာဆိုင်လို့လဲ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှောင်ဟေးမှာ အံ့အားသင့်သွားခဲ့ရသည်။
မင်းက အခုလေးတင် လူသတ်ထားတာလေကွာ၊ အဲ့တာကို မင်းနဲ့ဘာမှမဆိုင်ပါဘူးဆိုပြီး လုပ်နေတယ်ပေါ့
“ လုချန်ရှန်း “ ရှောင်ဟေးသည် အချိန်အတော်ကြာ ငြိမ်သက်နေခဲ့ပြီးမှ စကားထပ်ပြောလာခဲ့သည်။
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ ဘာလဲ “
“ မင်းက တကယ်ရက်စက်တဲ့ကောင်ပဲ “
“ မဆိုးဘူး၊ မဆိုးဘူး “
ထိုလူနှစ်ဦးသည် စကားတပြောပြောဖြင့် တောင်တန်းများအတွင်းမှ ထွက်ခွာလာခဲ့သည်။
လုချန်ရှန်းသည် တစ်ခြားလူများက သူ့ကို မြင်တွေ့သွားခြင်းနှင့် သူက ထိုလူများကို အကြောင်းပြချက်များ ပေးရခြင်းတို့ကို ရှောင်ရှားရန်အလို့ငှာ ရှောင်ဟေးက သူ့ကို ခေါ်သွားမည့် နည်းလမ်းကိုသာ ရွေးချယ်လိုက်သည်။
သူသည် ရှောင်ဟေးကို ကြည့်ကာ၊ စကားပြောလိုက်သည် “ အနက်လေး၊ မင်းက ဘာလို့ ငါ့ကို မကူညီပေးရတာလဲ “
“ ပြောလေ “ သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ၊ ပြန်ပြောလာခဲ့သည်။
လုချန်ရှန်းသည် အပြုံးဖြင့် ပြန်ပြောလိုက်သည် “ အပြင်ထွက်တဲ့ အချိန်ကျရင်၊ ငါ့အစား နည်းနည်းလောက် အော်ပေး “
“ ဘာကိုအော်ရမှာလဲ “
“ နတ်ကောင်းကင်ဂိုဏ်းက လူတွေ နားထောင်ကြ။ တကယ်လို့ ငါ့ကို ထပ်ပြီးတော့ မလေးမစား လုပ်ရဲနေမယ်ဆိုရင်၊ လူနှစ်ယောက်ကို သတ်တာလောက်နဲ့ ရိုးရှင်းမနေတော့ဘူးလို့သာ အော်လိုက် “
“ ဘာကြီး “ ရှောင်ဟေးသည် အံ့ဩတုန်လှုပ်သွားခဲ့သည်။
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ မမှတ်မိဘူးလား။ ဒါဆိုရင် ငါထပ်ပြောပြမယ် “
“ အဲ့တာက မှတ်မိလား၊ မမှတ်မိဘူးလားဆိုတဲ့ ကိစ္စမဟုတ်ဘူး။ မင်းက မာကျွဲ့နဲ့ ဟိုလူ့ကို သတ်လိုက်တဲ့ ကိစ္စအတွက် ငါ့ကို အပြစ်အတင်ခံရအောင် လုပ်နေတာလား “
“ အို့၊ ဉာဏ်ကောင်းတာ၊ ငါမင်းကို အကဲဖြတ်တာ မမှားခဲ့ဘူးပဲ “
လုချန်ရှန်းသည် ဖြောင့်မတ်တည်ကြည်သော အမူအရာဖြင့် ပြောဆိုနေခဲ့သည်။
ရှောင်ဟေးသည် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်သွားကာ၊ ဤလူ့ကို မည်ကဲ့သို့သော စကားလုံးမျိုးဖြင့် ဖော်ပြရမှန်းမသိ ဖြစ်သွားခဲ့သည်။
“ ငါ့ရဲ့ တည်နေရာ ပေါက်ကြားသွားတာနဲ့၊ အဲ့တာက အဲ့လူတွေကို ဆွဲဆောင်သွားလိမ့်မယ်၊ ပြဿနာကြီးတွေ ပေါ်လာမှာကို မင်းမကြောက်ဘူးလား “ သူသည် လေးလေးနက်နက် ပြန်ပြောလိုက်သည်၊ ၎င်းက သေးငယ်သော ကိစ္စတစ်ရပ် ဟုတ်မနေခဲ့ပေ။
လုချန်ရှန်းမှ ပြန်ပြောလာခဲ့သည် “ ငါတို့က ညီအစ်ကိုတွေလေ၊ ဘာလို့ အဲ့လိုကိစ္စမျိုးတွေကို ပြောနေရတာလဲ။ ဘာပြဿနာပဲရောက်လာပါစေ၊ ငါတို့က အတူတူ ရင်ဆိုင်ကြမယ်။ ငါက အရေးကြီးတဲ့ အခိုက်အတန့်မှာ မင်းကို စွန့်ပစ်သွားမဲ့ လူမျိုးလား “
သူသည် အစီအစဥ်ကို ရှင်းပြလိုက်ပြီး၊ လူသူကင်းမဲ့သော နေရာတစ်ခုကို ရှာဖွေကာ၊ ရှောင်ဟေးကို ချက်ချင်းပြန်ခေါ်လိုက်သည်။
သို့ရာတွင် ရှောင်ဟေးကမူ အချိန်အတော်ကြာ အတွေးနက်သွားခဲ့ကာ၊ လုချန်ရှန်းက မည်ကဲ့သို့သော လူမျိုးဖြစ်လဲဆိုသည်ကို ဂရုတစိုက် တွေးတောစဥ်းစားနေတော့သည်။
အဆုံးတွင် သူသည် ဆုံးဖြတ်ချက်ချကာ ပြန်ပြောလိုက်သည် “ အဲ့ကိစ္စကို ငါတာဝန်ယူနိုင်တယ်၊ ဒါပင်မဲ့ ဓားတာအိုသင်ပေးတဲ့အတွက် ပေးရမဲ့ ဈေးနှုန်းကိုတော့ ပြန်ဆွေးနွေးရမယ် “
“ ငါတို့က ညီအစ်ကိုတွေပဲလေ၊ အဲ့တာကြောင့် ပိုကောင်းတဲ့ ဈေးနှုန်းတစ်ခုကို သေချာပေါက် ပေးနိုင်တာပေါ့ “
“ ဒါပင်မဲ့ ငါ့ဆီမှာ ငွေအများကြီး မရှိသေးဘူး “ ဟု ရှောင်ဟေးမှ ပြန်ပြောလိုက်သည်။
လုချန်ရှန်းမှ ပြန်ပြောလာခဲ့သည် “ ဟမ်၊ ငွေအကြောင်းချည်းပဲလား။ ငါ့ကို ပြောစမ်းပါ၊ မင်းဘာလိုချင်နေတာလဲ “
ရှောင်ဟေးသည် အချိန်အတော်ကြာ တွေးတောစဥ်းစားနေခဲ့ပြီး၊ အမျိုးမျိုးသော ဖြစ်နိုင်ခြေများကို မှန်းဆတွက်ချက်ခဲ့ပြီးမှ၊ ဆုံးဖြတ်ချက်ချကာ၊ ပြန်ပြောလာခဲ့သည် “ မင်းက အဆင့်ထိုးဖောက်ဖို့အတွက် ဝိညာဥ်ကျောက်တုံး အများကြီး လိုနေတဲ့ပုံပဲ။ ဒီလိုဆိုရင်ကော၊ မင်းက ငါ့ကို ဓားတာအိုအရင်သင်ပေးလိုက်၊ နောင်အနာဂတ်မှာ အဆင့်တစ်ခု ထိုးဖောက်ဖို့အတွက် ငါမင်းကို ဝိညာဥ်ကျောက်တုံးတွေ ထောက်ပံ့ပေးမယ်။ ဘယ်လိုလဲ “
“ အဆင့်သေးတစ်ခုလား “
“ ဟုတ်တယ် “
“ သဘောတူတယ် “
လုချန်ရှန်းသည် မည်သို့မျှ တွေဝေတုံ့ဆိုင်းမနေခဲ့ပေ။
သို့သော် သူ၏ဆုံးဖြတ်ချက် ပြတ်သားမှုကြောင့်ပင်၊ ရှောင်ဟေးသည် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားသွားခဲ့ရသည်၊ သို့သော် သူသည် မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ ခံစားနေရလဲဆိုသည်ကို နားမလည်နိုင်ဖြစ်သွားခဲ့သည်။
………………………………………………………………………………………………………………………………………..
အပိုင်း ( 101 )
တစ်ခုခုမှားနေတယ်လို့ ငါအမြဲခံစားနေခဲ့ရတယ်
လော့ယွမ်တောင်တန်း အပြင်ဘက်တွင် များပြားလွန်းလှသော အကြည့်များမှာ ထွက်ပေါက်ထံတွင်သာ တည်မြဲနေခဲ့သည်။
နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူများသည် အေးစက်မှုနှင့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော အမူအရာများဖြင့် ဤနေရာတွင် စုစည်းနေကြသည်။
နန်းတော်သခင်၏ ကိုယ်ပွား အသတ်ခံလိုက်ရသည်၊ ၎င်းက အလွန်ကြီးမားသော ဖြစ်ရပ်တစ်ခုဖြစ်သည်။ ထို့အပြင် အသတ်မခံလိုက်ရခင် အချိန်တွင်၊ ကိုယ်ပွားသည် မြေပြင်ပေါ်သို့ ရိုက်ချခံလိုက်ရပြီး၊ မည်သို့မျှ ပြန်လည်မခုခံနိုင်ခဲ့ဘဲ သေဆုံးသည်အထိ ရိုက်နှက်ခံလိုက်ရကာ၊ ဂုဏ်သိက္ခာအားလုံး ရေစုံမျောသွားသည်ဟု ကောလဟာလများ ထွက်နေခဲ့သည်။
ထို့နောက်တွင် ပြိုင်ဘက်သည် မောက်မာသော ကြွားဝါပြောဆိုမှုနှင့် ရန်စမှုများကိုပင် ပြုလုပ်ခဲ့ပြီး၊ သူတို့ကို အမုန်းတရားတို့ဖြင့် အမျက်တခြောင်းခြောင်း ထွက်သွားစေခဲ့သည်။
အကယ်၍ သူတို့ကသာ ပြိုင်ဘက်ကို ထွက်သွားခွင့်ပေးလိုက်မည်ဆိုပါက၊ နတ်ဘုရား သန့်စင်ခြင်း နန်းတော်က ရာနှုန်းပြည့် မျက်နှာပျက်သွားရလိမ့်မည် ဖြစ်သည်။
မည်သည့်အရာပင် ဖြစ်လာခဲ့ပါစေ၊ ယနေ့တွင် ထိုကိစ္စကို သေချာပေါက် စာရင်းရှင်းရမည် ဖြစ်သည်။
သို့ရာ၌ အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ပြီးသည့်နောက်မှာပင် မည်သူမှ မပေါ်ထွက်လာခဲ့ချေ၊ တောင်တန်းဒေသ၏ ဝိညာဥ်အလင်းတန်းသည် သေးကျုံ့စပြုလာခဲ့ပြီ ဖြစ်ပြီး၊ လျှို့ဝှက်နယ်မြေမှာ ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။
ထိုနေရာသို့ ကြည့်နေသည့် အချိန်မှာပင် သူတို့သည် ဧရာမ ငှက်ကြီးတစ်ကောင်က တောင်တန်းဒေသအတွင်းမှ မြင့်တက်လာပြီး၊ မိုင်တစ်ရာအကွာအထိ ချက်ချင်းရောက်ရှိလာခဲ့ကာ၊ ထွက်ပေါက်ဆီသို့ ချဥ်းကပ်လာနေသည်ကို မြင်တွေ့သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
ငှက်ကြီး၏ ပျံသန်းမှုသည် ကောင်းကင်နှင့် နေမင်းတို့ကို ဖုံးလွှမ်းသွားခဲ့ပြီး၊ ၎င်း၏ စိမ်းနက်ရောင် အမွှေးများသည် ဤကမ္ဘာအတွင်းရှိ အလင်းရောင်အားလုံးကို ဝါးမြိုနေနိုင်သကဲ့သို့ အေးစက်စက် အလင်းတန်းတစ်ခုဖြင့် တလက်လက် တောက်ပနေခဲ့သည်။
၎င်း၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင်လည်း အားကောင်းသော အရှိန်အဝါတစ်ခု စွန်းထင်းနေခဲ့သည်။
“ ငှက်ကြီးလား “
“ အဲ့တာက ကောင်းကင်ဝါးမျိုငှက်ပဲ “
“ ဘာကြီး “
ကောင်းကင်ဝါးမျိုငှက်ဟူသည့် အမည်ကို ကြားလိုက်ရသောအခါတွင် လူတိုင်း၏ အမူအရာများ လေးနက်သွားခဲ့သည်၊ ရွှေတောင်ပံ ပန်မျိုးနွယ်စုကပင် မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။
အဆိုပါ မျိုးနွယ်စုအပေါ်တွင် ရှိနေသည့် သူတို့၏ စိုးရိမ်များမှာ သူတို့၏ မျက်လုံးများ အတွင်းတွင် ထင်ဟပ်နေလျက်ရှိသည်။
“ အဲ့တာက ဘယ်အချိန်တုန်းက ရောက်လာခဲ့တာလဲ။ ငါတို့က အရင်က ဘာလို့ မမြင်ခဲ့ရတာလဲ “ လူများသည် လေသံတိုးတိုးလေးဖြင့် တီးတိုးပြောဆိုနေကြသည်။
အစတွင် ထွက်ပေါက်ကို ပိတ်ဆို့နေခဲ့သည့် နတ်ဘုရား သန်းစင်ခြင်း နန်းတော်မှ လူများသည် လျင်မြန်စွာ နောက်ဆုတ်သွားကြသည်၊ သူတို့သည် ၎င်းကို ဆန့်ကျင်လိုစိတ် မရှိပေ။
သို့ရာ၌ ထွက်ပေါက်မှ ပျံထွက်လာခဲ့သည့် အချိန်တွင်၊ ၎င်းသည် ချက်ချင်း မထွက်သွားခဲ့ဘဲ၊ တောင်ထိပ်တစ်ခုပေါ်သို့ ဆင်းသက်လာခဲ့ကာ၊ ၎င်း၏ အစိမ်းရောင်မျက်လုံးများဖြင့် အရပ်မျက်နှာ ရှစ်ခုစလုံးကို လှည့်ပတ်ကြည့်ရှုနေခဲ့သည်။
“ နတ်ကောင်းကင်ဂိုဏ်းက လူတွေရှိလား “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လူတိုင်း အတွေးနက်သွားကြသည်။
အကြောင်းအရင်းကို မသိသော်လည်း၊ ၎င်း၏ အမူအရာက ပုံမှန်မဟုတ်ဘဲ၊ ကြမ်းကြုတ်နေသောကြောင့်၊ ဆိုးရွားသော ရည်ရွယ်ချက်များ ရှိနေပုံရသည်။
“ တာအိုရောင်းရင်း၊ နတ်ကောင်းကင်ဂိုဏ်းက လူတွေ မရှိတော့ပါဘူး။ ခင်ဗျားရဲ့ ရည်ရွယ်ချက်က ဘာလဲဗျ “ အဘိုးအိုတစ်ဦးမှ မေးမြန်းလာခဲ့သည်။
ရှောင်ဟေးသည် သူတို့ကို လျစ်လျူရှုထားကာ၊ တိုက်ရိုက်ပြောဆိုလိုက်သည် “တကယ်လို့ သူတို့ရဲ့ တပည့်တွေက ငါ့ကို ထပ်ပြီးတော့ စော်ကားနေရဲမယ်ဆိုရင်၊ မွေးရာပါ ဝိညာဥ်အဆင့် လူနှစ်ယောက်ကို သတ်တာလောက်နဲ့ မရိုးရှင်းတော့ဘူးလို့ နတ်ကောင်းကင်ဂိုဏ်းက ကောင်တွေကို ပြောလိုက် “
“ ဟမ် “
အားလုံးသည် ဇဝေဇဝါ ဖြစ်ကာ စိတ်ရှုပ်ထွေးသွားကြသည်။
ထို့နောက်တွင် ရှောင်ဟေးသည် သူ၏ တောင်ပံများကို ဖြန့်ကာ၊ မိုးကုပ်စက်ဝိုင်းအတွင်းသို့ တိုးဝင်၍ ပျောက်ကွယ်သွားတော့သည်။
သူသည် ပစ်မှတ်အထားခံရမည်ကို ကြောက်ရွံ့သောကြောင့် ကြာကြာဆက်မနေခဲ့ပေ။
ထို့အပြင် နတ်ကောင်းကင်ဂိုဏ်းမှ လူများ ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ သတင်းစကားသာ ရောက်သွားသရွေ့၊ ထိုလူများက သိရှိသွားလိမ့်မည် ဖြစ်သည်။
ဤနည်းလမ်းဖြင့် မစ်ရှင်က ပြီးဆုံးသွားသည်ဟု သတ်မှတ်နိုင်ပေသည်။
ချက်ချင်းဆိုသလိုပင် သူသည် မိုင်ရာနှင့်ချီ၍ ပျံသန်းလာခဲ့ကာ၊ လူသူကင်းမဲ့သော တောင်တန်းတစ်ခုစီသို့ ရောက်ရှိလာခဲ့ပြီး၊ လေထုအတွင်းသို့ ဆင်းသက်လိုက်သည်။
လုချန်ရှန်း ပြန်ပေါ်လာခဲ့ကာ၊ သူ့ကို မီးဖိုအတွင်းသို့ ပြန်၍ စုပ်ယူလိုက်သည်။
ရှောင်ဟေးသည် မည်သို့မျှ စိုးရိမ်ပူပန်မနေခဲ့ပေ၊ လုချန်ရှန်း၏ အမျိုးမျိုးသော နည်းစနစ်များနှင့်သာဆိုပါက သူ့ကို လိုက်ဖမ်းနေသူများက သူ့ကို မည်သို့မျှ ရှာတွေ့သွားလိမ့်မည် မဟုတ်ပေ။
အဆိုပါ စာလိပ်တစ်ခုတည်းဖြင့် သဲလွန်စများကို ဖုံးကွယ်ဖိနှိပ်ထားရန် လုံလောက်နေခဲ့သည်။
အရာအားလုံးကို လုပ်ခဲ့ပြီးသည့်နောက်တွင်၊ ရှောင်ဟေးမှ စကားစပြောလာခဲ့သည် “ ကိစ္စပြတ်ပြီ။ ကျောက်ကုန်းမင်က သူတို့က ငါ့ကို စော်ကားပြီးတော့၊ အသတ်ခံလိုက်ရတာလို့ ထင်သွားလိမ့်မယ်။ မင်းကိုသံသယကင်းသွားပြီဆိုတော့ မင်းအေးအေးဆေးဆေး နားနေလို့ရပြီ “
“ မင်းက တကယ်ကို အလုပ်ကြိုးစားခဲ့တာပဲ “
“ ငါ့ကို အဲ့ဒီပေါက်ကရတွေ မပြောစမ်းနဲ့။ အခုလေးတင်ပဲ ငါက မင်းအတွက် အပြစ်တင်ခံလိုက်မယ်၊ မင်းကို ငါက အဆင့်သေးတစ်ခုအတွက် ဝိညာဥ်ကျောက်တုံးတွေ ထောက်ပံ့ပေးမယ်၊ ပြီးတော့ မင်းက ငါ့ကို ဓားနှလုံးသား သန့်စင်မှုအဆင့်ရောက်တဲ့အထိ ဓားတာအိုသင်ပေးမယ်လို့ တာအိုနှလုံးသားနဲ့ ကျိန်ဆိုခဲ့တယ်နော် “
“ ငါသိပါတယ်။ ငါက ကတိမတည်တဲ့ လူမျိုးလား “
လုချန်ရှန်းသည် လုံးဝမငြင်းပယ်ခဲ့ပေ။
ထို့ကြောင့်ပင် ရှောင်ဟေးသည် မနေနိုင်တော့ဘဲ မေးမြန်းလာခဲ့သည် “ မင်းက ဘာလို့ ဒီလိုလွယ်လွယ်ကူကူနဲ့ သဘောတူလိုက်ရတာလဲ “
“ ရိုးသားတာက ကောင်းတယ် မဟုတ်ဘူးလား။ ပြီးတော့ ငါက အချိန်ဆွဲတတ်တဲ့လူ မဟုတ်ဘူးလေ “
“ ဒါပင်မဲ့ မင်းက အဲ့လိုဖြစ်နေတော့၊ တစ်ခုခုမှားနေတယ်လို့ ငါခံစားနေရတယ်၊ အဲ့တာက မင်းရဲ့ ရည်မှန်းချက်တွေနဲ့ ကိုက်ညီသွားသလိုပဲ “
“ မင်းအတွေးလွန်နေတာပဲ၊ အဲ့လိုဟာမျိုး မရှိပါဘူး “
လုချန်ရှန်းသည် သူ၏လက်ကို ဝေ့ယမ်းပြလိုက်ပြီး၊ နတ်ကောင်းကင်ဂိုဏ်းဆီသို့ ထွက်ခွာသွားတော့သည်။
သူ အပြင်ရောက်နေသည်မှာ ရက်ပေါင်းများစွာ ကြာနေခဲ့ပြီဖြစ်ပြီး၊ ယခုတွင် ကူချန်ကျွင်းက ဂိုဏ်းသို့ ပြန်ရောက်နေလောက်ပြီဖြစ်သည်။
သို့ရာတွင် ဤကိစ္စပြီးဆုံးသွားခဲ့သည့်နောက်တွင်၊ လုချန်ရှန်းသည် သူ၏ဆရာကို အသိအမှတ်ပြုခဲ့ပြီဖြစ်ပြီး၊ ထိုအချိန်က သူ့ကို ချန်ထားခဲ့ခြင်းမှာ ခွင့်မလွှတ်၍ရသော ကိစ္စတစ်ခု မဟုတ်ပေ။
မကြာခင် အချိန်မှာပင် သူသည် နတ်ကောင်းကင်ဂိုဏ်း၏ တောင်တံခါးဝဆီသို့ ရောက်ရှိလာခဲ့ကာ၊ အတွင်းသို့ အေးအေးလူလူ လမ်းလျှောက်သွားတော့သည်။
ဤခရီးစဥ်အတွင်းတွင် သူသည် မွေးရာပါ ဝိညာဥ်အဆင့်၂သို့ အဆင့်ထိုးဖောက်နိုင်ခဲ့ရုံတင်မဟုတ်ဘဲ၊ အကျိုးအမြတ်များပါ များများစားစား ရရှိခဲ့သည်။ အကယ်၍ လိပ်အိုကြီး ချူလျူရှန်းက သူ၏စိတ်အခြေအနေကို မထိခိုက်စေခဲ့ဘူးဆိုပါက၊ သူသည် ယခုတွင် အပျော်လွန်နေခဲ့ပြီ ဖြစ်သည်။
၎င်းတို့သာလျှင် မဟုတ်ဘဲ၊ ကျောက်ကုန်းမင်၏ နေရာကို အဝေးမှ ဖြစ်သွားခဲ့သည့် အချိန်တွင်၊ သူသည် မအောင့်ထားနိုင်တော့ဘဲ၊ ၎င်းကို နှစ်ကြိမ်တိတိ ငေးကြည့်မိသွားခဲ့သည်။
သူ့ကို အမဲလိုက်ရန်အတွက် ထိုလူစေလွှတ်ခဲ့သည့် ကိစ္စကို လျစ်လျူရှု၍ မရသောကြောင့် သူသည် နဂါးသွေးကြောကို လျော်ကြေးအနေဖြင့် သိမ်းယူရန် ဆုံးဖြတ်ချက်ချလိုက်သည်။
သူသည် ၎င်းကို မည်ကဲ့သို့ ပြုလုပ်ရမလဲဆိုသည်ကိုပင် တွေးတောစဥ်းစားခဲ့ပြီးပြီ ဖြစ်သည်။
ထို့နောက်တွင် သူသည် ကူချန်ကျွင်း၏ လေ့ကျင့်ရေးကွင်း အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။ လေ့ကျင့်ရေးကွင်းအတွင်းသို့ ခြေချလိုက်သည့် အချိန်တွင်၊ သူ၏စိတ်နှလုံးသား ရုတ်တရက် လှုပ်ခါသွားပြီး၊ သူ၏စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု လှိုက်တက်လာခဲ့သည်။
သူဘာမှမလုပ်သေးခင် အချိန်မှာပင်၊ ငွေခေါင်းလောင်းကဲ့သို့သော အသံတစ်သံသည် သူ၏နားများအတွင်းတွင် ပဲ့တင်ထပ် ပေါ်ထွက်လာခဲ့သည်။
“ စီနီယာအစ်ကို ချန်ရှန်း “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းသည် အံ့အားသင့်သွားခဲ့သည်။ အပေါ်သို့ ရုတ်တရက် လှည့်ကြည့်လိုက်ရာ၊ မိန်းမပျိုလေးတစ်ဦးက သူ့ဆီသို့ ပြေးလာနေပြီး၊ သူမ၏ အစိမ်းရောင် ဂါဝန်သည် လေထုအတွင်းတွင် မျောလွင့်နေကာ၊ သူမ၏မျက်နှာပေါ်တွင် ကြီးမားသော အပြုံးတစ်ခု ရှိနေသည်ကို မြင်တွေ့သွားခဲ့သည်။
ရောက်ရှိလာသူမှာ လော့ရှန်လင်းမှတစ်ပါး တစ်ခြားလူ မဟုတ်ပေ။ သူမနှင့်မတွေ့ခဲ့ရသည်မှာ နှစ်ဝက်မျှ ကြာနေခဲ့ပြီဖြစ်ပြီး၊ ယခုတွင် သူမသည် ပို၍ကျက်သရေရှိကာ၊ နှစ်လိုဖွယ်ကောင်းနေခဲ့ပြီး၊ ထူးခြားသော အရှိန်အဝါကို ထုတ်လွှင့်နေခဲ့သည်။
“ ရှန်လင်း “ လုချန်ရှန်း အံ့ဩသွားခဲ့သည်။
သူမကလည်း နတ်ကောင်းကင်ဂိုဏ်းတွင် ရှိနေသည်ဆိုသည်ကို သူသိနေခဲ့သည်၊ သို့သော် ဤနေရာသို့ ရောက်လာခဲ့သည်နှင့်တစ်ပြိုင်နက် သူမသည် တံခါးပိတ်ကျင့်ကြံသွားပြီး၊ သုံးနှစ်မှငါးနှစ်အတွင်း ပြန်မထွက်လာဘူးဟု သူကြားသိခဲ့ရသည်။
သို့သော် သူမသည် သူ့အရှေ့တည့်တည့်သို့ ရောက်ရှိနေခဲ့သည်။
လော့ရှန်လင်းသည် သူ့ကို ရှက်ရွံ့စွာကြည့်ကာ၊ စကားပြောလာခဲ့သည် “ စီနီယာအစ်ကိုချန်ရှန်း၊ ရှင်ကလည်း နတ်ကောင်းကင်ဂိုဏ်းကို ရောက်လာခဲ့တာ အရမ်းကောင်းတယ်။ ကျွန်မက ရှင့်ကို ခဏခဏ တွေ့လို့ရပြီ “
သူမ၏ မျက်လုံးလေးများအတွင်းတွင် မျက်ရည်များ ဝဲနေခဲ့သည်။
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ နင်က အချိန်အတော်ကြာ တံခါးပိတ်ကျင့်ကြံနေရမှာ မဟုတ်ဘူးလား “
“ ရှင်တကယ် သိနေတာပဲ “
လော့ရှန်လင်း၏ နှုတ်ခမ်းလေးများသည် အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။ သူမသည် လုချန်ရှန်းက သူမကို ဤမျှလောက် အာရုံစိုက်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူမသည် သူ့ကို ကြည့်နေကာ၊ စကားထပ်ပြောလာခဲ့သည် “ ကျွန်မက တံခါးပိတ်ကျင့်ကြံတဲ့ တာဝန်ကို စောစောပြီးအောင် လုပ်နိုင်ခဲ့တယ်လေ၊ ဆရာက ကျွန်မကို အပြင်ထွက်ပြီး၊ နားလို့ရတယ်တဲ့ … “
သူမသည် အမျိုးမျိုးသော ကိစ္စရပ်များကို စတင်၍ ပြောပြနေတော့သည်။
လုချန်ရှန်းသည် အလိုအလျောက် ပြုံးမိသွားခဲ့ပြီး၊ ဤကောင်မလေးက ဘယ်တော့မှ ရင့်ကျက်လာမည်မဟုတ်ဘူးဟု ခံစားသွားခဲ့ရသည်။
သို့ရာတွင် သူသည် လော့ရှန်လင်း၏ ကျင့်ကြံရေးက ခုန်ပျံကျော်လွှား၍ တိုးတက်သွားသည်ကို သတိပြုမိကာ အံ့ဩသွားခဲ့သည်။ သူမသည် ချီသိပ်သည်းခြင်း အဆင့်၃သို့ပင် ရောက်ရှိနေပြီဖြစ်ပြီး၊ သူမ၏ ချီမှာ ရှည်လျား နက်ရှိုင်းကာ၊ မည်သည့်ချို့ယွင်းချက်မှ မရှိဘဲ၊ အခြေခံအုတ်မြစ်မှာလည်း အလွန်တရာ ခိုင်မာနေခဲ့သည်။
သူမ၏ ဆရာဖြစ်သူက သူမအပေါ်တွင် အလွန်စေတနာထားသည်ဆိုသည်မှာ သိသာလွန်းနေခဲ့သည်။
ထိုစဥ် ကူချန်ကျွင်းသည် လေ့ကျင့်ရေးကွင်းမှ လမ်းလျှောက်ထွက်လာခဲ့ပြီး၊ မျက်မှောင်ကြုတ်ကာ စကားပြောလာခဲ့သည် “ ချန်ရှန်း၊ မင်းဘယ်ရောက်နေတာလဲ။ ဘာလို့ ဂိုဏ်းထဲမှာ မရှိရတာလဲ “
“ ကျွန်တော် အပြင်လျှောက်သွားနေတာလေ “
“ ပေါက်ကရတွေ။ နောက်ဆိုရင် ပေါ့ပေါ့တန်တန် မထွက်သွားနဲ့။ တစ်ခုခုဖြစ်လာမယ်ဆိုရင် ဘယ်လိုလုပ်မလဲ “ ကူချန်ကျွင်းသည် သူ့ကို တစ်ခဏခန့် ဆူပူနေခဲ့သည်။
လုချန်ရှန်းသည် ခေါင်းငြိမ့်ပြကာ၊ ပြန်ပြောလိုက်သည် “ ဟုတ်၊ ဆရာ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ကူချန်ကျွင်းသည် တအံ့တဩ ဖြစ်သွားခဲ့သည်။ သူသည် သူ့ကို ကြည့်လာခဲ့ကာ၊ တစ်ခဏခန့် အတွေးနက်သွားခဲ့သည်။ ယခင်က လုချန်ရှန်းသည် သူ့ကို ထိုကဲ့သို့ ခေါ်ဆိုရန် ဆန္ဒမရှိခဲ့ပေ၊ ထို့ကြောင့် ယခုကဲ့သို့ ရုတ်တရက် ခေါ်ဆိုမှုမှာ သူ့ကို အငိုက်မိသွားစေခဲ့သည်။
ကူချန်ကျွင်းသည် ချက်ချင်းပြုံးမိသွားခဲ့သည်၊ သူ၏မျက်လုံးများအတွင်းတွင် စိတ်လှုပ်ရှားသွားသည့် အရိပ်အငွေ့များ စွန်းထင်းလာခဲ့သည်၊ သို့သော် သူသည် ဒေါသထွက်ချင်ယောင်ဆောင်နေသေးကာ၊ ပြန်ပြောလာခဲ့သည် “ တကယ်လို့ အဲ့လိုထပ်လုပ်နေဦးမယ်ဆိုရင်၊ ငါမင်းကို အပြစ်ပေးမယ် “
လုချန်ရှန်းသည် ပြုံးစိစိ ဖြစ်သွားခဲ့သည်။ ထိုကိစ္စ ပြီးဆုံးသွားခဲ့သည့်နောက်တွင်၊ သူသည်လည်း ကူချန်ကျွင်းကို အသိအမှတ်ပြုလာခဲ့ပြီ ဖြစ်သည်။
သို့ရာတွင် လော့ရှန်လင်းသည် မကျေမနပ်ဖြစ်သွားကာ၊ စကားဝင်ပြောလာခဲ့သည် “ စီနီယာအစ်ကိုကူ၊ စီနီယာအစ်ကို ချန်ရှန်းက အပြင်ကို လမ်းလျှောက်ထွက်ရုံလေးပဲ ထွက်တာလေ၊ အဲ့တာက နည်းနည်းလေး လွန်နေတယ်မဟုတ်ဘူးလား “
“ အမ် ….. “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ဆရာတပည့်နှစ်ဦးစလုံး ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။ သူတို့သည် အကြည့်များ ဖလှယ်လိုက်ကာ၊ စိတ်မသက်မသာ ဖြစ်သွားကြသည်။
စီနီယာအစ်ကိုကူ၊ စီနီယာအစ်ကို ချန်ရှန်း ……….
ဆရာတပည့်ဆက်ဆံရေးမှာ ချက်ချင်းဆိုသလိုပင် စီနီယာအစ်ကိုများ ဖြစ်သွားခဲ့သည်။
“ ရှန်လင်း၊ အခုအချိန်ကနေစပြီးတော့ ငါ့ကို စီနီယာအစ်ကိုလို့ ထပ်မခေါ်နဲ့တော့ “ လုချန်ရှန်းသည် တက်တက်ကြွကြွ ပြန်ပြောလိုက်သည်။
လော့ရှန်လင်းသည် အနည်းငယ် မျက်မှောင်ကြုတ်သွားကာ၊ ပြန်မေးလာခဲ့သည် “ ဒါဆိုရင် ကျွန်မက ဘယ်လိုခေါ်ရမှာလဲ “
“ငါ့နာမည်ကို ခေါ်လိုက်လို့ရတယ် “
“ မဟုတ်ဘူး၊ ကျွန်မခေါ်လို့မရဘူး “ လော့ရှန်လင်းသည် ခေါင်းတခါခါ ဖြစ်သွားခဲ့သည်။
ကူချန်ကျွင်းသည် မျက်မှောင်ကြုတ်သွားခဲ့သည်။ အစတွင် သူသည် များများစားစား မတွေးတောမစဥ်းစားခဲ့ပေ၊ သို့သော် လုချန်ရှန်း၏ အကြည့်ကို မြင်လိုက်ရသောအခါတွင်၊ သူသည် အခွင့်အရေး အယူခံလိုက်ရသကဲ့သို့ ခံစားသွားခဲ့ရသည်။ အဆိုပါ အဆင့်အတန်းမှာ အမှန်ပင် ရှုပ်ထွေးလွန်းနေခဲ့သည်။
“ ငါနဲ့အထဲကို လိုက်ခဲ့။ ပြောစရာ ကိစ္စတစ်ခု ရှိတယ် “
ကူချန်ကျွင်းသည် ထိုကဲ့သို့ပြောလာခဲ့ပြီး၊ လေ့ကျင့်ရေးကွင်းအတွင်းသို့ လှည့်ပြန်သွားတော့သည်။
……………………………………………………………………………………………………………………………………….
အပိုင်း ( 102 )
ရွေးချယ်ရခက်တယ်
နတ်ကောင်းကင်ဂိုဏ်းအတွင်းတွင် လုချန်ရှန်းသည် ကူချန်ကျွင်း၏ အင်မော်တယ်ဂူသို့ ရောက်ရှိလာခဲ့သည်။
အရာအားလုံးက ပုံမှန်အတိုင်းသာဖြစ်နေပြီး၊ မည်သည့်အမှားအယွင်းမှ ရှိနေပုံမရချေ။
သို့ရာတွင် လုချန်ရှန်းက မထိမခိုက်ဘဲ အကောင်းအတိုင်းရှိနေသည်ကို မြင်လိုက်ရသောအခါတွင် ကျောက်ကုန်းမင်၏ အမူအရာ မည်းမှောင်သွားခဲ့သည်။
သူသည် ထိုကောင့်ကို သတ်ဖြတ်ရန်အတွက် မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်နှစ်ဦးကိုပင် စေလွှတ်ခဲ့သည်၊ အစီအစဥ်များအရ အမှားအယွင်းမရှိဘဲ အပြည့်အဝအောင်မြင်သွားသင့်ပေသည်၊ သို့သော် လုချန်ရှန်းမှာ ဒဏ်ရာကို မဆိုထားနှင့်၊ ခြစ်ရာလေးပင် မရှိဘဲ၊ မထိမခိုက် ပြန်ရောက်လာခဲ့သည်။
သူသည် သူလွှတ်လိုက်သော လူနှစ်ဦးက ကောင်းကင်ဝါးမျိုငှက်ကို စော်ကားမိသွားကာ၊ သတ်ဖြတ်ခံလိုက်ရပြီး၊ ဂိုဏ်းကပင် ကြမ်းတမ်းသော စကားလုံးများဖြင့် သတိပေးခံလိုက်ရသည်ဟုသာ ကြားသိခဲ့ရသည်။
နတ်အရှင်သခင်မှာလည်း ထိုကိစ္စကို ကြားခဲ့ပြီးပြီဖြစ်သည်၊ ၎င်းတို့က စိတ်ဝိညာဥ် အရှင်သခင်၏ လူများ ဖြစ်သည်ကို သိရှိခဲ့ရပြီးသည့်နောက်တွင် ကောင်းကင်ဝါးမျိုငှက်ကို ထပ်မံ၍ မစော်ကားမိစေရန် သူမကပါ သူ့ကို သတိပေးလာခဲ့သည်။
လက်ရှိအခြေအနေများအရ သက်သေအထောက်အထားမရှိသောကြောင့်၊ ၎င်းမှာ ကောလဟာလအဖြစ်သာ ရှိနေခဲ့ပြီး၊ ကျောက်ကုန်းမင်ကို ဆွံ့အသွားစေခဲ့သည်၊ ထို့ကြောင့် သူသည် ၎င်းကို လက်ခံလိုက်ရုံသာ တတ်နိုင်တော့သည်။
သူသည် ထိုလူနှစ်ယောက်က အသုံးမကျဘူးဆိုသည်ဟုသာ ခံစားသွားခဲ့ရသည်၊ ထိုနှစ်ကောင်သည် လုချန်ရှန်းကို မသတ်နိုင်ခဲ့သည့်အပြင် ကောင်းကင်ဝါးမျိုငှက်ကိုပါ စော်ကားခဲ့လေသည်။
တောကြိုအုံကြားက ချီစုစည်းခြင်းနယ်ပယ် ပုရွက်ဆိတ်လေးတစ်ကောင်က ကောင်းကင်ဝါးမျိုငှက်ကို ဘယ်လိုလုပ် စစ်ကူခေါ်နိုင်မှာလဲ
အဆုံးတွင် သူသည် မာကျွဲ့နှင့် သက်လတ်ပိုင်းလူတို့က သေထိုက်သည်ဟုသာ ခံစားသွားခဲ့ရသည်။
ညနက်လာသည့် အချိန်တွင် လုချန်ရှန်းသည် တောင်ထိပ်ပေါ်တွင် ထိုင်နေခဲ့ကာ၊ စိတ်ဝိညာဥ် အရှင်သခင်၏ နေရာဘက်သို့ ငေးကြည့်နေလျက်ရှိသည်၊ သူ၏လက်ချောင်းများထိပ်တွင် နတ်စွမ်းအား ကြွယ်ဝစွာ ပါဝင်သော လက်မအရွယ် ဆေးလုံးတစ်လုံး ပေါ်ထွက်လာခဲ့သည်။
သို့သော် လုချန်ရှန်းမှာ စိုးရိမ်တကြီးဖြစ်နေခဲ့သည်။
အဆိုပါ ဆေးလုံးသည် ကူချန်ကျွင်းက ပြန်ယူလာခဲ့သည့် နတ်ဘုရားအဆင့် မူလအရင်းအမြစ်ကို အသုံးပြုကာ သန့်စင်ထားသော ဆေးလုံးဖြစ်သည်။ ယခင်က သူ့ဆရာက လအရှင်သခင်၏ နေရာသို့ သွားကာ၊ အစီအရင်ကို ဆုတ်ဖြဲ၍၊ လေဝိညာဥ် သားရဲများကို အမဲလိုက်ကာ၊ သူတို့၏ သွေးအဆီအနှစ်များကို ထုတ်ယူခဲ့သည်မှာ အဆိုပါ ဆေးလုံးကို သန့်စင်ရန်အတွက် ဖြစ်သည်။
စုစုပေါင်းအနေဖြင့် ဆေးသုံးလုံး ရရှိခဲ့ပြီး၊ သူသည် သူ၏တပည့်သုံးဦးကို ခွဲဝေပေးခဲ့သည်၊ ဤဆေးလုံးသည် အံ့အားသင့်ဖွယ်ကောင်းကာ၊ ကျင့်ကြံသူတစ်ဦး မွေးရာပါ ရုပ်ခန္ဓာကိုပင် ပြောင်းလဲတိုးတက်သွားစေနိုင်သည်။
လုချန်ရှန်း၏ ဆေးလုံးမှာ နတ်စွမ်းအားများ ပိုမိုကြွယ်ဝနေခဲ့သည်။
“ ကူချန်ကျွင်းက မင်းအတွက် တကယ်ကြီးကို အကုန်အကျခံခဲ့တာပဲ၊ သူက နတ်ဆေးလုံးကိုတောင် သန့်စင်နိုင်တယ် “ ရှောင်ဟေးသည် တအံ့တဩဖြင့် အော်မိသွားခဲ့သည်။ အဆိုပါ ပစ္စည်းမှာ အမှန်ပင် ရှားပါးလွန်းနေခဲ့ပြီး၊ ကောင်းကင်ဘုံကိုပင် အနည်းငယ် စိန်ခေါ်နိုင်စွမ်းရှိနေခဲ့သည်။
လုချန်ရှန်းမျာလည်း ဤဆေးလုံး၏ တန်ဖိုးကို အကြမ်းဖျင်း နားလည်နေခဲ့သည်။ ၎င်းသည် ဝိညာဥ်ကျောက်တုံး တစ်သန်းဖြင့်ပင် ဝယ်ယူ၍ မရနိုင်သော အဖိုးဖြတ်၍ မရသည့် တန်ဖိုးကြီး ပစ္စည်းတစ်ခု ဖြစ်သည်။
“ ဟူး “ လုချန်ရှန်းသည် အသာအယာ သက်ပြင်းချနေတော့သည်။
ရှောင်ဟေးမှ မေးမြန်းလိုက်သည် “ ဘာကိစ္စ သက်ပြင်းချနေရတာလဲဟ “
“ ဒီဆေးလုံးကို ဘယ်လိုမျိုးကိုင်တွယ်ရမလဲဆိုတာကို စဥ်းစားနေတာ “
“ ဘယ်လိုကိုင်တွယ်ရမလဲဆိုတော့၊ မင်းပါးစပ်ကြီးနဲ့ စားလိုက်ပေါ့ဟ။ မင်းရဲ့ ရုပ်ခန္ဓာကို မတိုးတက်သွားစေချင်ဘူးလား “ ရှောင်ဟေးသည် တအံ့တဩ ဖြစ်သွားခဲ့သည်။ အရူးကတောင် ဒီလိုမေးခွန်းမျိုးကို မမေးဘူးလေ၊ ဟုတ်တယ်မလား
လုချန်ရှန်းသည် ခေါင်းခါပြကာ ပြန်ပြောလိုက်သည် “ ငါက ထပ်ပြီးတော့ တိုးတက်လာဖို့ လိုအပ်မယ်လို့ မထင်ဘူး။ အဲ့ဒီကောင်မလေး ရှန်လင်းကိုပဲ ပေးလိုက်ကြတာပေါ့ “
အကယ်၍ ၎င်းက သာမန်ပစ္စည်းသာဖြစ်နေမည်ဆိုပါက၊ သူတွေဝေတုံ့ဆိုင်းနေလိမ့်မည် မဟုတ်ပေ၊ သို့သော် အဆိုပါ ပစ္စည်းမှာ အလွန်တရာ ရှားပါးလွန်းနေခဲ့သည်။ သူ၏စီနီယာအစ်ကို နှစ်ဦးကလည်း ၎င်းကို ရခဲ့ပြီးပြီဖြစ်သည်၊ ထို့ကြောင့် ၎င်းက သူတို့အတွက်လည်း အသုံးဝင်နေမည် မဟုတ်ပေ။
ကပ်ဘေးတစ်သောင်း အင်မော်တယ် ခန္ဓာကိုယ်က ကျိန်စာသင့် ရုပ်ခန္ဓာတစ်ခု ဖြစ်သော်လည်း၊ ၎င်းသည် ဤကမ္ဘာအတွင်းတွင် ဖော်ပြ၍ မရနိုင်သော တည်ရှိမှုတစ်ခု ဖြစ်နေခဲ့သည်။ ထိုကဲ့သို့သော ရုပ်ခန္ဓာမျိုးကို ပိုင်ဆိုင်ထားသောကြောင့် အဆိုပါ ပစ္စည်းက သူ့အတွက် အမှန်ပင် များများစားစား အသုံးဝင်နေမည် မဟုတ်ပေ။
ရှောင်ဟေးသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ စကားထပ်ပြောလာခဲ့သည် “ မင်းမှန်တယ်၊ မင်းက အဲ့တာကို မလိုအပ်ဘူး။ ဒါပင်မဲ့ ဆုံးဖြတ်ချက် ချခဲ့ပြီးပြီဆိုရင်၊ ဘာကိစ္စ ဝံပုလွေတစ်ကောင်လို ဒီနေရာမှာ အူနေရတာလဲ “
“ အဲ့အဘိုးကြီးပြောတာကို မင်းမကြားခဲ့ဘူးလားဟ။ ခဏလောက် နှစ်ခြင်းခံဖို့အတွက် သူက ငါတို့ကို နတ်တောင်ဆီကို ခေါ်သွားမယ်တဲ့လေ “
( နှစ်ခြင်းဆိုတာက ထူးခြားတဲ့ ရေကန်တို့ ဒါမှမဟုတ် မိုးကြိုးဘာညာ အဲ့လိုစွမ်းအားတစ်မျိုးမျိုးနဲ့ ရုပ်ခန္ဓာကို သန့်စင်တာမျိုးပါ )
“မင်းက နှစ်ခြင်းခံဖို့ လိုအပ်လို့လားဟ “
“ မလိုအပ်ဘူးလေ “ ဟု လုချန်ရှန်းမှ ပြန်ပြောလိုက်သည်။
ရှောင်ဟေးသည် အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ အဲ့တာဆို မသွားနဲ့ပေါ့ဟ၊ ဘာလို့ သက်ပြင်းချနေရတာလဲ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းသည် မနေနိုင်တော့ဘဲ၊ စိတ်ဝိညာဥ် အရှင်သခင်၏ နေရာကို ထပ်မံ၍ ငေးကြည့်နေတော့သည်။
“ မင်းမသိပါဘူး။ ငါမြေပုံကို ကြည့်ခဲ့ပြီးပြီ။ နတ်တောင်အနားမှာ ထျန်းယွမ်မြို့ရှိတယ်၊ အဲ့တာက မိုင်တစ်သောင်းပတ်လည်မှာ အကြီးဆုံးမြို့ပဲ။ ငါက မှော်စ္စည်းတွေကို အဲ့မှာ ရောင်းလို့ရတယ် “ လုချန်ရှန်းသည် ရှင်းပြနေခဲ့သည်။
ရှောင်ဟေးမှ ပြန်ပြောလိုက်သည် “ အဲ့တာက ပြီးပြည့်စုံနေတာ မဟုတ်ဘူးလားဟ။ အဲ့တာက မင်းရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးနေတာပဲလေ၊ ဘာကိစ္စ သက်ပြင်းချနေရတာလဲဟ “
“ ဒီတစ်ကြိမ်မှာ အဲ့ဒီအဘိုးကြီး စိတ်ဝိညာဥ်လည်း ပါမှာလေ။ သူက သူ့ရဲ့ဂူကနေ ထွက်သွားဖို့ဆိုတာက တကယ်ရှားပါးတဲ့ အခွင့်အရေးလေ။ အဲ့တာက နဂါးသွေးကြောကို ယူဖို့အတွက် အခွင့်အရေးကောင်းတစ်ခုပဲ။ ပြီးတော့ ဘာမှန်းမသိတဲ့ အကြောင်းအရင်းတွေကြောင့် ပြီးခဲ့တဲ့ ရက်တွေတုန်းက နဂါးချီက လျော့ပါးသွားတာက ပိုပိုပြီးတော့ မြန်သွားတယ်။ တစ်ရက်လောက် နှောင့်နှေးနေတာက ကြီးမားတဲ့ ဆုံးရှုံးမှုပဲကွ “
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ ရှောင်ဟေးမှာ အကြမ်းဖျင်း နားလည်သွားခဲ့သည်။ ဒီကောင်က မှော်ပစ္စည်းတွေကို ရောင်းချင်တာတင်မဟုတ်ဘဲ၊ သူများရဲ့ နဂါးသွေးကြောကိုပါ သိမ်းချင်နေတာကိုး
သူသည် နေရာနှစ်ခုတွင် တစ်ပြိုင်နက် ရှိမနေနိုင်ပေ။ ထိုနေရာသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက်၊ သူသည် မှော်ပစ္စည်းများကို ရောင်းချရန်အတွက် ခိုးထွက်နိုင်ပေသည်၊ သို့သော် သူသည် အလောတကြီး ပြန်သွားနိုင်လိမ့်မည် မဟုတ်ပေ။ ကူချန်ကျွင်းက သူတစ်ခုခု ဖြစ်သွားမည်ကို စိုးရိမ်သောကြောင့် အဆက်မပြတ် စောင့်ကြည့်နေလိမ့်မည် ဖြစ်သည်။
သို့ရာ၌ ရှောင်ဟေးသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင်၊ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားသွားခဲ့ရကာ၊ ချက်ချင်းမေးမြန်းလိုက်သည် “ နေစမ်းပါဦး၊ အဲ့ဒီနဂါးသွေးကြောက ဘယ်လိုလုပ် မင်းဟာဖြစ်လာရတာလဲ “
“ အဲ့တာက အချိန်တန်ရင် ဖြစ်လာမှာပေါ့ကွာ။ အဲ့ဒီအသေးစိတ် ကိစ္စလေးတွေနဲ့ ပတ်သက်ပြီးတော့ တွေးပူနေဖို့ မလိုပါဘူး “
“ မင်းက အရာအားလုံးကို ပြင်ဆင်ထားတဲ့ပုံပဲ “ ရှောင်ဟေးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်။
သို့ရာတွင် ၎င်းသည် သူ၏ စိုးရိမ်ပူပန်နေသော အမူအရာကို ကြည့်ရှုရင်းဖြင့် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ စကားထပ်ပြောလိုက်သည် “ တကယ်တော့ အဲ့တာကို ဖြေရှင်းဖို့ နည်းလမ်းမရှိတာတော့ မဟုတ်ဘူး၊ ဒါပင်မဲ့ ငွေနည်းနည်းတော့ ကုန်လိမ့်မယ် “
“ ဘယ်လောက်ကုန်မှာလဲ “ လုချန်ရှန်းသည် အလောတကြီး ပြန်မေးလာခဲ့သည်။
ရှောင်ဟေးသည် အံ့အားသင့်သွားကာ ပြန်ပြောလာခဲ့သည် “ ဘာနည်းလမ်းလဲဆိုတာကို အရင်မေးသင့်တာ မဟုတ်ဘူးလားဟ “
နည်းလမ်းကို ဂရုမစိုက်ဘဲ၊ ငွေကိုသာ အလေးထားနေသည့် လူမှာ လုချန်ရှန်းမှတစ်ပါး တစ်ခြားလူ မရှိနိုင်ပေ။
“ အို့၊ ဘာနည်းလမ်းလဲ “ ဟု လုချန်ရှန်းမှ မေးမြန်းလိုက်သည်။
ရှောင်ဟေး ဆွံ့အသွားခဲ့သည် “ မိုင်တစ်သောင်း၏ တာတိုအကွာအဝေးလို့ ခေါ်တဲ့ အဆောင်တစ်ခု ရှိတယ်။ မင်းက ကိုဩဒိနိတ်တစ်ခုကို သတ်မှတ်ပြီးတော့၊ အဲ့ပစ္စည်းကို အသတ်သွင်းလိုက်မယ်ဆိုရင်၊ မင်းက မိုင်တစ်သောင်းအထိ ချက်ချင်းကျော်ဖြတ်သွားနိုင်တယ်။ ဒီနေရာက ထျန်းယွမ်မြို့နဲ့ မိုင်လေးသောင်းဝေးတယ်။ တကယ်လို့ မင်းက အဆောင်ရှစ်ခု ဝယ်လိုက်မယ်ဆိုရင်၊ ချက်ချင်းအသွားအပြန် လုပ်လို့ရပြီ “
“ တစ်ခုကို ဘယ်လောက်လဲ “
လုချန်ရှန်းသည် အရေးအကြီးဆုံး မေးခွန်းကို မေးမြန်းလိုက်သည်။
“ ဝိညာဥ်ကျောက်တုံး တစ်သိန်းလောက်ပါပဲ “
“ ဘာကြီး။ တစ်ခုကို တစ်သိန်းလား၊ ရှစ်ခုကို တစ်သိန်းလား “
“ တစ်ခုကို တစ်သိန်း “
“ တစ်ခုကို တစ်သိန်းလား။ ရှစ်ခုဆိုရင် ရှစ်သိန်းပေါ့ဟ။ မင်းက ငါ့ကို ဓားပြတိုက်နေတာလားဟ “ လုချန်ရှန်းသည် ချက်ချင်းပေါက်ကွဲသွားခဲ့သည်။ ဝိညာဥ်ကျောက်တုံး တစ်သန်းနီးပါး၊ …. သူသည် ၎င်းကို မည်ကဲ့သို့ သုံးစွဲနိုင်လိမ့်မည်နည်း။
ရှောင်ဟေးသည် စကားထပ်ပြောလာခဲ့သည် “ စဥ်းစားကြည့်လေ။ တကယ်လို့ မင်းက နဂါးသွေးကြောကို ခိုးလိုက်မယ်ဆိုရင်တောင်မှ၊ မင်းဆီမှာ အလီဘိုင်ရှိနေပြီလေ “
( သက်သေပေါ့ဗျာ၊ ဘယ်နေ့က ဘယ်နေရာမှာ ရှိနေခဲ့လဲဆိုတာမျိုးပါ )
“ ဒါပင်မဲ့ အဲ့တာက ဝိညာဥ်ကျောက်တုံး ရှစ်သိန်းလေ ….. “
လုချန်ရှန်းသည် စိတ်ထဲတွင် နာကျင်မှုတစ်ခုကို ခံစားသွားခဲ့ရသည်။
သူသည် အားလုံး ထွက်သွားသည့်နောက်တွင် သူ၏ကိစ္စကို လုပ်ဆောင်ရန် စဥ်းစားထားခဲ့ဖူးသည်၊ သို့သော် ၎င်းမှာ သူ့အား သံသယဝင်နိုင်သည့် ဖြစ်နိုင်ခြေကို တိုးမြှင့်ပေးသွားမည် ဖြစ်သည်။
ထို့အပြင် ကူချန်ကျွင်းမှာ အဆိုပါ နှစ်ခြင်းခံယူခြင်းကို အလွန်တရာ တန်ဖိုးထားနေခဲ့သည်၊ ထို့ကြောင့် သူ့ကို နောက်မှ လိုက်လာခွင့်ပြုလိမ့်မည် မဟုတ်ပေ။
အချိန်အတော်ကြာ တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင်၊ ရှောင်ဟေး၏ အဆိုပြုချက်သာလျှင် ကျန်နေတော့သည်။
“ လူငယ်လေး၊ မင်းရဲ့ အမြင်ကို ချဲ့လိုက်စမ်းပါကွာ။ အကျိုးအမြတ် နည်းနည်းလေးကို ဖက်တွယ်မနေနဲ့။ အဲ့တာက နဂါးသွေးကြောလေ၊ အဲ့တာရဲ့ တန်ဖိုးက ဝိညာဥ်ကျောက်တုံး ရှစ်သိန်းထပ် အများကြီး ပိုတယ်။ မင်းဘယ်လိုပဲတွက်တွက် အမြတ်ထွက်ပါတယ်ဟ “ ဟု ရှောင်ဟေးမှ အကြံပေးလိုက်သည်။
လုချန်ရှန်းသည် ခေါင်းတငြိမ်ငြိမ့် ဖြစ်သွားခဲ့သည်။ ၎င်းက အမှန်တရားဖြစ်သည်၊ သို့သော် ၎င်း၏ ပါးစပ်မှ ပေါ်ထွက်လာသည်ကို ကြားလိုက်ရခြင်းမှာ အနည်းငယ် ထူးဆန်းနေခဲ့သည်။
“ အနက်လေး၊ မင်းက ထပ်ပြီးတော့ ထူးဆန်းနေပြန်ပြီ “
“ ငါက ဘာလုပ်နိုင်မှာမို့လို့လဲ။ တစ်ခြားလူတစ်ယောက်ရဲ့ အရိပ်အာဝသအောက်မှာ နေနေရတဲ့ အချိန်မှာ၊ ခေါင်းငုံ့ထားဖို့ပဲ တတ်နိုင်တယ်လေ။ ဓားတာအို သင်ယူဖို့အတွက် ငါမင်းကို လိုအပ်သေးတယ်လေ၊ အဲ့တာကြောင့် ငါ့ရဲ့အဆင့်အတန်းကို နှိမ့်ချထားရမှာပေါ့ “ ဟု ရှောင်ဟေးမှ အေးအေးလူလူ ပြန်ပြောလာခဲ့သည်။
အချိန်အတော်ကြာ အတူနေခဲ့ရပြီးသည့်နောက်တွင်၊ ၎င်းမှာလည်း အနည်းငယ် အလွှမ်းမိုးခံလိုက်ရကာ ကိစ္စတော်တော်များများကို နားလည်နေခဲ့ပြီဖြစ်သည်။
လုချန်ရှန်း၏ ကောက်ကျစ်သော သီအိုရီများက လုံးဝအသုံးမဝင်ဘူးဟု သတ်မှတ်၍ မရပေ။
ဖြစ်စဥ် မည်သည့်အရာပင် ဖြစ်နေခဲ့ပါစေ၊ ရလဒ်က စိတ်ကျေနပ်ဖွယ်ကောင်းနေသရွေ့၊ ဂုဏ်သိက္ခာ(သို့) ကိုယ်ကျင့်တရားတို့ကို မည်သူက ဂရုစိုက်ကြမည်နည်း။
လုချန်ရှန်းသည် စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်နေတော့သည် “ မင်းက ပိုပြီးတော့ ပွင့်ပွင့်လင်းလင်းဖြစ်လာပြီဆိုပင်မဲ့၊ တစ်ခြားအကြောင်းအရင်းတွေ ရှိနေတယ်လို့ ငါခံစားနေရသေးတယ် “
“ အမ်၊ အဲ့တာက လော့ယွမ်တောင်တန်းမှာ ခြေရာလက်ရာတွေ ကျန်ခဲ့လို့ပဲ။ ငါ့နောက်ကို လိုက်နေတဲ့ လူတွေက အနီးအနားကို ရောက်နေပြီလို့ ငါအာရုံခံမိခဲ့တယ်။ ငါက မင်းရဲ့ ကာကွယ်မှုကို အချိန်အတော်ကြာ လိုအပ်တယ် “
“ ကျွတ် ကျွတ် ကျွတ် “ လုချန်ရှန်းသည် ထပ်ခါတလဲလဲ စုတ်သပ်နေတော့သည် “ မင်းက ငါ့လိုမျိုး ပိုပိုပြီးတော့ ရိုးသားလာပြီပဲ “
ရှောင်ဟေး ဆွံ့အသွားခဲ့သည်။
နောက်ရက်များတွင် လော့ရှန်လင်းသည် သူ့ဆီသို့ နေ့စဥ်နေ့တိုင်း ရောက်ရှိလာခဲ့သည်။ ကျန်နေသည့် အချိန်များတွင်မူ သူသည် ရှောင်ဟေးကို ဓားတာအို သင်ပေးနေခဲ့သည်။
ရှောင်ဟေး ကမ်းလှမ်းခဲ့သည့် အခြေအနေများက အလွန်တရာ ဆွဲဆောင်မှုရှိလွန်းနေခဲ့သည်၊ အဆင့်တစ်ဆင့်အတွက် ဝိညာဥ်ကျောက်တုံးများ …..
ပို၍ အရေးကြီးသော အရာမှာ ယခုလက်ရှိ အချိန်၌ ရှောင်ဟေးထံတွင် မည်သည့်ဝိညာဥ်ကျောက်တုံးမှ ရှိမနေခြင်းပင် ဖြစ်သည်။ လုချန်ရှန်းက ပိုမိုတိုးတက်လာလေလေ၊ ဝိညာဥ်ချီများကို ပိုမိုလိုအပ်လာလေလေ ဖြစ်သည်၊ အဆိုပါ အရောင်းအဝယ်က ပိုကြာလေလေ၊ ကုန်ကျစားရိတ်ပိုနည်းလေလေ၊ သူအမြတ်ထွက်လေလေ ဖြစ်သည်။
၎င်းကို တွေးမိသွားသောအခါတွင် သူသည် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။