အခန်း (၁၆၈၄-၁၆၈၆)
Vol. 113 Ch. 1684-1686
အခန်း( ၁၆၈၄ )
ဆရာ့လက်ဖြင့် သေရလျှင် ဂုဏ်ယူစရာပင်
ယဲ့ချူယောင်၏ ဆင်ခြေပေးပုံကို ကြည့်ပြီး ယွမ်ယုတိ ဒေါသထွက်သွားသလို ရယ်ချင်စိတ်လည်း ဖြစ်သွား၏။
သူမ၏ မျက်စိရှေ့တွင်ပင် လက်ပူးလက်ကျပ် မိထားခဲ့သည် မဟုတ်ပါလား။
သို့သော်လည်း သူမ၏ တပည့်မက ဆင်ခြေပေးရန် ကြိုးစားနေဆဲ ဖြစ်သည်။
ဘယ်လို ဆင်ခြေမျိုး ပေးချင်တာလဲ။
သူတို့ရဲ ခန္ဓာကိုယ်တွေက မထိန်းချုပ်နိုင်ပဲ ပူးကပ်သွားတာပါဟု ပြောချင်နေတာလား။
ယွမ်ယုတိက နှာခေါင်းရှုံ့လိုက်ရင်း
“မင်း ဘာတွေ ထပ်ပြီး ဆင်ခြေပေးချင်သေးတာလဲ။”
ထိုစကားကြောင့် ယဲ့ချူယောင် ထိတ်လန့်သွားကာ ချက်ချင်းပင် ပါးစပ်ပိတ်သွား၏။
ထိုခဏတွင် လုချန်း၏ ခန္ဓာကိုယ် လှုပ်ရှားနေသည်ကို ယဲ့ချူယောင် သတိထားမိလိုက်သည်။ လုချန်းသည် သူ၏ ခန္ဓာကိုယ်ကို အတင်းအကျပ် ကြွရန် ကြိုးစားနေပြီး ခဏအကြာတွင် ပြန်လျှော့ချလိုက်ရသည်။ ထို့နောက် ယွမ်ယုတိ၏ ဖိအားများကြောင့် ယဲ့ချူယောင်၏ အပေါ်သို့သာ ပြန်ကျလာသည်။
လုချန်းသည် ထိုသို့ အကြိမ်ကြိမ် ပြုလုပ်နေ၏။ ယွမ်ယုတိ၏ ဖိအားသည် အလွန် ပြင်းထန်လှသဖြင့် ယဲ့ချူယောင်လည်း ခံနိုင်ရည် မရှိတော့ပဲ အသံထွက်လာတော့သည်။
“အား”
ယဲ့ချူယောင် အလွန်ပင် ဒေါသထွက်သွား၏။ ဤလူယုတ်မာက ဆရာ၏ ဖိအားကို အသုံးချကာ သူမကို နှိပ်စက်နေခြင်း ဖြစ်သည်။
သူ ရူးနေသလား။
အသက်ကိုရော အရေးမစိုက်တော့ဘူးလား။
လုချန်းက ဂရုမစိုက်သော်လည်း သူမကတော့ အသက်ရှင်ချင်သေးသည်။
လုချန်း၏ လှုပ်ရှားမှုလေးများကို ယွမ်ယုတိ လျင်မြန်စွာ သတိပြုမိသွားသည်။ သူမ၏ ဖိအားကို အသုံးချကာ ကိစ္စရှုပ်နေသည်ကို မြင်လျှင် ယွမ်ယုတိလည်း ယဲ့ချူယောင်ထက်ပင် ပို၍ ဒေါသထွက်သွား၏။
သူမ ရှေ့တွင်ပင် ရှိနေပါလျက် ဤပုန်ကန်တတ်သော တပည့်က ယဲ့ချူယောင်ကို ရဲရဲတင်းတင်း စော်ကားဝံ့သေးတာလား။
သူမ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ဝင်းလက်သွားပြီး တစ်ခန်းလုံးတွင်လည်း သတ်ဖြတ်လိုသော အရှိန်အဝါများ ဖုံးလွှမ်းသွားသည်။
ဆရာ၏ သတ်ဖြတ်လိုသော စိတ်ကို ခံစားမိလျှင် ယဲ့ချူယောင်၏ တစ်ကိုယ်လုံး တောင့်တင်းသွား၏။ ထိုစဉ် လုချန်းက လှုပ်ရှားမှုများကို ရုတ်တရက် ရပ်တန့်လိုက်ပြီး
“ဆရာ”
ဟု အော်ဟစ်လိုက်သည်။
လုချန်း၏ အော်ဟစ်သံကြောင့် ယဲ့ချူယောင်နှင့် ယွမ်ယုတိတို့ နှစ်ဦးလုံး မှင်တက်သွားကြ၏။
ယွမ်ယုတိက
“လူယုတ်မာ”
ဟု ဒေါသတကြီး ကျိန်ဆဲလိုက်သည်။
မိန်းမနှစ်ယောက်လုံး လူအများ မဟုတ်ကြပေ။ လုချန်းက ‘ဆရာ’ ဟု အော်လိုက်ခြင်းမှာ ယဲ့ချူယောင်ကို ယွမ်ယုတိဟု သဘောထားလိုက်ခြင်းပင် ဖြစ်သည်။
လုချန်းနှင့် ပတ်သက်နေသူမှာ သူမ မဟုတ်သော်လည်း ယွမ်ယုတိ စိတ်ထဲတွင်တော့ စော်ကားခံလိုက်ရသလို ခံစားလိုက်ရ၏။
ယဲ့ချူယောင်၏ စိတ်ထဲတွင်တော့
“သွားပြီ... ဆရာကတော့ ဂိုဏ်းကို သန့်စင်ပစ်တော့မှာပဲ”
ဟူသော အတွေးသာ ရှိတော့သည်။
သူမ၏ ဆရာ မည်သို့သောသူဖြစ်ကြောင်း သူမ အသိဆုံး ဖြစ်၏။ ဆရာသည် အမျိုးသားများကို အလွန် မုန်းတီးသူ ဖြစ်သည်။ အဘယ်ကြောင့် လုချန်းကို တပည့်ရင်းအဖြစ် လက်ခံခဲ့သည်ကို သူမ နားမလည်သော်လည်း ဆရာသည် လုချန်းအပေါ် ရွံရှာစိတ်ရှိနေသည်ကို သူမ မြင်နိုင်သည်။
ယခုအခါ လုချန်းက သူမရှေ့တွင်ပင် ထိုသို့သော အရှက်မရှိသည့် ကိစ္စကို လုပ်ဝံ့ နေသဖြင့် ဆရာက အရေးမယူပဲ နေမည်မဟုတ်ပေ။
ယဲ့ချူယောင်လည်း ဘာပြောရမှန်း မသိတော့ပေ။
ဤလူယုတ်မာ လုချန်းသည် ခဏတာ သာယာမှုအတွက် အဘယ်ကြောင့် အသက်ကို စတေးဝံ့ရသနည်းဟု သူမ တွေးမရ ဖြစ်နေသည်။
ဤကမ္ဘာပေါ်တွင် ဤသို့သော လူစားမျိုး ရှိနိုင်ပါသေးသလား။
သို့သော်လည်း ယွမ်ယုတိ အရေးယူတော့မည်ဟု ယဲ့ချူယောင် ထင်နေချိန်တွင် လုချန်း၏ အသံကို ကြားလိုက်ရသည်။
လုချန်းက
“ဟင်း... ဆရာ... တပည့်နဲ့ စီနီယာအစ်မတို့က တကယ်ကို ချစ်ကြတာပါ”
ထိုစကားကို ကြားလျှင် ယွမ်ယုတိလည်း ရူးမတတ် ဒေါသ ဖြစ်သွား၏။
တကယ်ကို ချစ်ကြတာ ဟုတ်လား။
ဤပုန်ကန်တတ်သော တပည့်သည် ရှောင်ရွှီရင်ကိုလည်း ချစ်သည်။ ကောက်ရှီယွမ်ကိုလည်း ချစ်ပြန်၏။ ယခု နောက်ထပ် တစ်ယောက် တိုးလာပြန်ပြီ။
ဤအခြေအနေမျိုးတွင်ပင် သူက သူမ၏ အမည်ကို ခေါ်နေသေးရာ နောက်ပိုင်းတွင် သူမကိုပါ ထိုသို့ ပြုလုပ်ရန် ကြံစည်နေခြင်းလား။
ထိုသို့ ဖြစ်နိုင်ခြေကို တွေးမိသည်နှင့် ယွမ်ယုတိလည်း လုချန်းကို သတ်ပစ်ချင်စိတ်များ တဖွားဖွား ပေါ်လာ၏။
သို့သော်လည်း ယွမ်ယုတိ လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင် လျှို့ဝှက်လဝန်းနန်းတော်၏ ကံစွမ်းအား ဆယ်ဆခန့် ရုတ်တရက် မြင့်တက်လာသည်ကို သူမ ခံစားလိုက်ရသည်။
လျှို့ဝှက်လဝန်းနန်းတော်ကို ယွမ်ယုတိ ကိုယ်တိုင် တည်ထောင်ခဲ့ခြင်း ဖြစ်ရာ ဂိုဏ်း၏ ကံစွမ်းအားသည် သူမနှင့် နက်နက်ရှိုင်းရှိုင်း ဆက်နွှယ်နေ၏။ ဂိုဏ်း၏ ကံစွမ်းအား အတက်အကျကို သူမ ရှင်းရှင်းလင်းလင်း ခံစားနိုင်ရာ ထိုသို့ မြင့်တက်လာမှုကို သိလိုက်လျှင် ယွမ်ယုတိ မှင်တက်သွားရသည်။
ထိုသို့ မြင့်တက်လာခြင်းမှာ လုချန်းကြောင့် ဖြစ်ကြောင်း သူမ ဝေဝေဝါးဝါး ခံစားမိ၏။ လုချန်း၏ ကိုယ်ပေါ်မှ ကံစွမ်းအားသည် လျှို့ဝှက်လဝန်းနန်းတော်၏ ကံစွမ်းအားနှင့်အတူ ပဲ့တင်ထပ်နေသည်။
သူမ ဤပုန်ကန်တတ်သော တပည့်ကို ခေါ်ဆောင်လာခဲ့ခြင်းမှာလည်း သူ၏ ကံစွမ်းအားကြောင့်ပင် ဖြစ်၏။ သို့သော် ဤမျှ ရိုင်းစိုင်းသော ကိစ္စများကို သူ လုပ်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့သလို သူမ အပေါ်တွင်ပင် စိတ်ကူး ရှိနေလိမ့်မည်ဟုလည်း မတွေးထားခဲ့ပေ။
သို့သော် ဤအခြေအနေတွင် ဂိုဏ်း၏ ကံစွမ်းအားမှာ အားနည်းမသွားပဲ ပို၍ တိုးပွားလာခြင်းက လုချန်းနှင့် ယဲ့ချူယောင်တို့ ပေါင်းစည်းခြင်းသည် တစ်ဂိုဏ်းလုံး၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် တကယ် အကျိုးရှိကြောင်း သက်သေပြနေသည်။
ယွမ်ယုတိ၏ ခံစားချက်များ ရှုပ်ထွေးသွား၏။ သူမသည် မည်သည့် အကျိုးအမြတ်အတွက်မဆို အမျိုးသားများအပေါ် မှီခိုရခြင်းကို မုန်းတီးသူ ဖြစ်သည်။
သို့သော် ယခု အခြေအနေတွင်တော့ ဤကံစွမ်းအားများကို သူမ တကယ် လိုအပ်နေသည်။ ၎င်းတို့ တိုးပွားလာခြင်းကြောင့် သူမအနေနှင့် နတ်သခင် အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေး ပို၍ မြင့်မားလာမည် ဖြစ်သည်။
အကယ်၍ သူမသာ လုချန်းကို သတ်လိုက်ပါက သူမ နတ်သခင် ဖြစ်မည့် လမ်းစဉ်ကို ကိုယ်တိုင် ဖျက်ဆီးလိုက်သလို ဖြစ်ပေလိမ့်မည်။ နောက်ပိုင်းတွင် နတ်သခင် အဆင့်သို့ တက်လှမ်းနိုင်ဦးမည် ဆိုသော်လည်း ထိုသို့သော အခွင့်အရေးမျိုး ရရန် နှစ်ပေါင်းများစွာ ကြာမြင့်နိုင်သည်။
ယွမ်ယုတိ ခဏခန့် တုံ့ဆိုင်းသွားပြီးနောက် နောက်ဆုံးတွင် လုချန်းကို သတ်ရန် လက်တွန့်သွား၏။ သို့သော် သူမက လက်ကို မြှောက်လိုက်ရာ ရေခဲဓာတ်ပါသော နတ်အငွေ့အသက်များ လုချန်း၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပြီး သူ၏ ကျင့်စဉ်ကို တိုက်ရိုက် ချိပ်ပိတ်လိုက်သည်။
ထို့နောက် သူမက လက်ကို မြှောက်ကာ လုချန်းကို အတင်းအကျပ် ဆွဲထုတ်လိုက်၏။
လုချန်းလည်း ဘာပြောရမှန်း မသိတော့ပေ။
သူတို့ကို ကြည့်နေပြီးမှ အတင်းအကျပ် ခွဲထုတ်ပစ်သည့် လူမျိုး ရှိပါသေးသလား။
ယွမ်ယုတိက ယဲ့ချူယောင်ကို
“သန့်ရှင်းရေးလုပ်ပြီး ငါ့ဆီ လာခဲ့”
ထိုသို့ ပြောပြီးနောက် ယွမ်ယုတိသည် လုချန်းကို ခေါ်ဆောင်ကာ ပျောက်ကွယ်သွား၏။ ထို့နောက် လုချန်းကို လျှို့ဝှက်လဝန်းနန်းတော်ရှိ အေးစိမ့်သော လေထုများဖြင့် ပြည့်နှက်နေသည့် ကမ္ဘာငယ်လေးတစ်ခုအတွင်းသို့ ယွမ်ယုတိ ခေါ်ဆောင်လာခဲ့သည်။
သူ၏ ခန္ဓာကိုယ်သည် ရေခဲဓာတ် နတ်အငွေ့အသက်များဖြင့် အေးခဲနေပြီ ဖြစ်ရာ လုချန်းလည်း စူးရှသော အအေးဒဏ်ကို ချက်ချင်း ခံစားလိုက်ရသည်။
လုချန်းက
“ဆရာ... ဆရာ ကျုပ်ကို သတ်တော့မလို့လား”
ယွမ်ယုတိက
“မင်းက သေရမှာ ကြောက်တတ်သေးတာပဲ”
ဤပုန်ကန်တတ်သော တပည့်သည် နောက်ဆုံးတွင် သေဘေးကို ကြောက်ရွံ့သွားပြီး သူမအား ခွင့်လွှတ်ရန် တောင်းပန်လိမ့်မည်ဟု ယွမ်ယုတိ ထင်ခဲ့သည်။
သို့သော် မမျှော်လင့်ပဲ လုချန်းက
“ဆရာ့လက်နဲ့ သေရတာက တပည့်အတွက် ဂုဏ်ယူစရာပါပဲ။”
ယွမ်ယုတိ၏ စိတ်ထဲတွင် ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်လာ၏။ သူမ၏ စိတ်ခံစားချက်များကို ထိန်းချုပ်ရန်အတွက် နတ်အငွေ့အသက်များကို အမြန် လှည့်ပတ်လိုက်ရင်း သူမကိုယ်သူမ ပြန်လည် သတိပေးနေရသည်။
ဒေါသမထွက်နဲ့...
ဒေါသမထွက်နဲ့...
ဂိုဏ်းရဲ့ ကံစွမ်းအား တိုးတက်ဖို့က ဒီပုန်ကန်တတ်တဲ့ တပည့်အပေါ်မှာ မူတည်နေတယ်။
ယွမ်ယုတိ အလွန် ဇဝေဇဝါ ဖြစ်နေ၏။
ဤကမ္ဘာပေါ်တွင် ကိုယ့်အသက်ထက် မိန်းမနှင့် ယောက်ျားကြားက သာယာမှုကို ပို၍ တန်ဖိုးထားသော လူမျိုး အဘယ်သို့ ရှိနိုင်ပါသနည်း။
တကယ်ကို ချစ်ကြတာပါဟု ပြောသည်ကိုလည်း သူမ လုံးဝ မယုံကြည်ပေ။ ချန်းလုနှင့် ရှောင်ရွှီရင်တို့သည် တစ်ဦးကိုတစ်ဦး ချစ်မြတ်နိုးနိုင်လောက်အောင် အချိန်အကြာကြီး အတူမရှိခဲ့ကြပေ။
အထူးသဖြင့် ယဲ့ချူယောင် ဆိုလျှင် လျှို့ဝှက်လဝန်းနန်းတော်သို့ ချန်းလု ရောက်ရှိလာစဉ်က ဤပုန်ကန်တတ်သော တပည့်ကို ချန်ဘုရင်ဟု ထင်မှတ်ကာ သတ်ရန် ကြံစည်ခဲ့သူ မဟုတ်ပါလား။
ယခုတော့ သူတို့က တကယ် ချစ်ကြတာတဲ့လား။
ဟာသကြီးတစ်ခုပင်။
နေပါဦး...
ချန်ဘုရင်...
ယွမ်ယုတိ၏ စိတ်ထဲ တုန်လှုပ်သွားပြီး သူမ၏ လှပသော မျက်လုံးများအတွင်း သတ်ဖြတ်လိုသော အငွေ့အသက်များ ပေါက်ကွဲထွက်လာကာ လုချန်းကို ဝေ့ဝဲကြည့်လိုက်၏။
ပြန်စဉ်းစားကြည့်လျှင် သူမ၏ ပုန်ကန်တတ်သော တပည့်၏ အမူအကျင့်သည် လူယုတ်မာ လုချန်းနှင့် အနည်းငယ် တူနေသည် မဟုတ်ပါလား။
လျှို့ဝှက်လဝန်းနန်းတော်က ထွက်ခွာပြီးနောက် လုချန်းနှင့် ပတ်သက်၍ သူမ အများကြီး သိခဲ့ရသည်။ သတင်းများအရ လုချန်းသည်လည်း မိန်းမနှင့် ယောက်ျားကြားက သာယာမှုများကို အလွန် နှစ်သက်သူ ဖြစ်၏။ သို့သော် သူ၏ ကျင့်စဉ်အဆင့်သည် လျင်မြန်စွာ တိုးတက်နေပြီး သူ၏ ပါရမီက အလွန်ပင် ကြောက်မက်ဖွယ်ကောင်းကြောင်းလည်း သိရသည်။
လုချန်း၏ ဇနီးများထဲတွင် အချို့သော မိန်းမများသည် အင်အားကြီး အဖွဲ့အစည်းများက သူ၏ ပါရမီကို ကြောက်ရွံ့သဖြင့် သူ၏ လမ်းစဉ်ကို နှောင့်ယှက်ရန် ရည်ရွယ်ချက်ရှိရှိ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ၎င်းတို့သည် လုချန်းအပေါ် မည်သည့် သက်ရောက်မှုမှ မရှိခဲ့ပဲ နတ်ဘုရင် အဆင့်သို့ပင် လျင်မြန်စွာ တက်လှမ်းနိုင်ခဲ့သည်။ လုချန်းကို အင်အားစု အသီးသီးက ဝိုင်းရံတိုက်ခိုက်ချိန်တွင် သူသည် နတ်သခင် ဖြစ်လာမည့် အရိပ်အယောင်များကိုပင် ပြသနေပြီ ဖြစ်ကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့ဖူးသည်။
မိန်းမနှင့် ယောက်ျားကြားက သာယာမှုများကို အလွန်အကျွံ စွဲလမ်းနေသည့်တိုင် ကျင့်စဉ်အပေါ် မည်သည့် သက်ရောက်မှုမှ မရှိခြင်းက သူမ၏ ပုန်ကန်တတ်သော တပည့်နှင့် အတူတူပင် မဟုတ်ပါလား။
……………
အခန်း( ၁၆၈၅ )
ပုန်ကန်တဲ့ တပည့်တွေ
ယွမ်ယုတိ၏ စိတ်ခံစားချက်များ အနည်းငယ် ထိန်းမနိုင်သိမ်းမရ ဖြစ်လာ၏။ ထိုအကြောင်းကို ပို၍ တွေးမိလေလေ ဤပုန်ကန်တတ်သော တပည့် လုချန်း ဖြစ်နိုင်သည်ဟု သူမ ပို၍ ခံစားလာရလေလေ ဖြစ်နေသည်။
သို့သော်လည်း သူမ၏ စိတ်ကို ယွမ်ယုတိ မကြာမီ ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်၏။
နတ်ဘုရင် အဆင့်သာ ရှိသေးသည့် လုချန်းက ကစဉ့်ကလျား ပင်လယ်ထဲသို့ ဝင်ရောက်သွားခဲ့ခြင်းဖြစ်၏။ နတ်ဧကရာဇ် အဆင့်ရှိသူပင် မလွတ်မြောက်နိုင်သည့် ထိုနေရာမှ သူ မည်သို့ လွတ်မြောက်နိုင်ပါမည်နည်း။
နတ်ဘုရင် အဆင့်မျှသာ ရှိသူတစ်ဦးက ကစဉ့်ကလျား စွမ်းအားများ၏ တိုက်စားမှုကို မည်သို့ ခုခံနိုင်ပါမည်နည်း။
ဤပုန်ကန်တတ်သော တပည့်က လုချန်း ဖြစ်နိုင်ပါ့မလား။
သူမ အတွေးလွန်နေမိခြင်းသာ ဖြစ်ပေလိမ့်မည်။ သူတို့၌ တူညီသော ထူးခြားသည့် ကိုယ်ထည် ဖွဲ့စည်းပုံနှင့် လုံလောက်သော ကံစွမ်းအားများ ရှိနေသဖြင့် တကူးတက ကျင့်ကြံနေရန် မလိုပဲ စွမ်းအားများ လျင်မြန်စွာ တိုးတက်လာခြင်းလည်း ဖြစ်နိုင်၏။
ထိုသို့ တွေးတောရင်း ယွမ်ယုတိက လုချန်းကို
“မင်း ဒီမှာပဲနေပြီး သေချာ ပြန်စဉ်းစားနေပါ။ မင်းရဲ့ အမှားကို မင်း သိတဲ့အခါမှ ငါ မင်းကို အပြင် ပြန်လွှတ်ပေးမယ်။”
ထိုသို့ ပြောပြီးသည်နှင့် ယွမ်ယုတိ၏ ပုံရိပ်မှာ တိုက်ရိုက်ပင် ပျောက်ကွယ်သွား၏။
နောက်တစ်ခဏတွင် သူမ၏ ကိုယ်ပိုင် အဆောင်အတွင်း၌ ယွမ်ယုတိ ပေါ်လာပြန်သည်။ ထိုအချိန်တွင် ယဲ့ချူယောင်သည် အဝတ်အစားများ ပြန်လည် ဝတ်ဆင်ပြီးကာ ယွမ်ယုတိ၏ ခန်းမအတွင်း၌ ဒူးထောက်နေပြီ ဖြစ်၏။
အဆောင်သို့ ပြန်ရောက်လျှင် ယွမ်ယုတိ ချက်ချင်း စကားမပြောသေးပေ။ သူမ၏ ရေခဲသား ကုလားထိုင်သို့ သွားကာ ထိုင်လိုက်ပြီး ခန်းမအတွင်း ဒူးထောက်နေသည့် ယဲ့ချူယောင်ကို ခပ်အေးအေး ကြည့်နေမိသည်။
သူမ၏ ဆရာဖြစ်သူက စကားမပြောသဖြင့် ယဲ့ချူယောင်တစ်ယောက် ပို၍ပင် ထိတ်လန့်လာ၏။ နောက်ဆုံးတွင် မမြင်ရသော ဖိအားကို သူမ မခံနိုင်တော့ပဲ ယဲ့ချူယောင်က
“တပည့် အမှားလုပ်ခဲ့မိတာကို သိပါပြီ။”
အချိန်အတော်ကြာအောင် တုံ့ဆိုင်းနေပြီးမှ ထွက်ပေါ်လာသည့် ယဲ့ချူယောင်၏ စကားကို ယွမ်ယုတိက
“မင်း ဘာအမှား လုပ်ခဲ့တာလဲ”
ဟု အေးစက်စက် တုံ့ပြန်လိုက်၏။
ယဲ့ချူယောင်က
“တပည့် မောင်လေးနှင့် မပတ်သက်သင့်ခဲ့ပါဘူး။”
ယွမ်ယုတိ နှာခေါင်းရှုံ့လိုက်၏။ နတ်ဘုရင် အဆင့်ရှိသော ဖိအားများက ခန်းမအတွင်းသို့ ချက်ချင်း ဖုံးလွှမ်းသွားကာ ယဲ့ချူယောင်ကို ကြမ်းပြင်ပေါ်သို့ ဖိချလိုက်သဖြင့် သူမ မလှုပ်နိုင်တော့ပေ။
ခဏအကြာတွင် ယွမ်ယုတိက
“သူနှင့် မပတ်သက်သင့်ဘူးဆိုတာ သိရဲ့သားနှင့် ဘာလို့ လုပ်ခဲ့တာလဲ။”
ယွမ်ယုတိက
“သူက မင်းကို အတင်းအကျပ် လုပ်ခဲ့တယ်လို့ ငါ မယုံဘူး”
ယွမ်ယုတိ ပြန်ရောက်လာစဉ်တွင် ယဲ့ချူယောင်သည် စစ်မှန်သောနတ် အဆင့်သို့ တက်လှမ်းသွားပြီဖြစ်ကြောင်း သူမ သတိပြုမိလိုက်၏။
လျှို့ဝှက်လဝန်းနန်းတော် အတွင်း၌ စစ်မှန်သောနတ် အဆင့်ရှိသူတစ်ဦးက ကောင်းကင်နတ် အဆင့်သာ ရှိသူတစ်ဦး၏ အတင်းအကျပ် ပြုလုပ်မှုကို မည်သို့ ခံရပါမည်နည်း။
ထိုကိစ္စကို မပြုလုပ်မီက ယဲ့ချူယောင် စစ်မှန်သောနတ် အဆင့်သို့ မရောက်သေး ဟူသောရှင်းပြချက်တော့ ပြ၍ရနိုင်၏။
သို့သော်လည်း ထိုသို့ဖြစ်လျှင်ပင် သူတို့၏ အဆင့်က တူနေသဖြင့် ထိုပုန်ကန်တတ်သော တပည့်က ယဲ့ချူယောင်ကို အတင်းအကျပ် ပြုလုပ်နိုင်ရန် မဖြစ်နိုင်ပေ။
ထို့ပြင် အကယ်၍ ထိုပုန်ကန်တတ်သော တပည့်က သူမကို တကယ် အတင်းအကျပ် လုပ်ခဲ့လျှင်လည်း ယဲ့ချူယောင်အနေနှင့် လျှို့ဝှက်လဝန်းနန်းတော်ရှိ အခြားသူများထံ အသံလွှင့်ရန် သို့မဟုတ် သူမထံ ပေးထားသည့် အသံလွှင့်ကျောက်စိမ်းပြားကို အသုံးပြုရန်သာ လိုအပ်၏။
ထိုသို့ဆိုလျှင် ထိုပုန်ကန်တတ်သော တပည့် အောင်မြင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း နောက်ဆုံးတွင် ယဲ့ချူယောင်သည် လုချန်းနှင့် ထိုကိစ္စကို ပြုလုပ်ခဲ့၏။
ဖြစ်နိုင်ခြေ တစ်ခုသာ ရှိသည်။
ယဲ့ချူယောင်ကိုယ်တိုင်က လိုလိုလားလား ရှိနေခြင်းပင် ဖြစ်၏။
လုချန်းနှင့် ပတ်သက်ခြင်းအားဖြင့် သူမ၏ အဆင့်ကို မြှင့်တင်ရန် ကြိုးစားခြင်း သို့မဟုတ် လုချန်း၏ ဇစ်မြစ်ကို ဖော်ထုတ်ရန် ဆွဲဆောင်ခဲ့ခြင်းဟု ယဲ့ချူယောင် မပြောရဲပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ ဆရာသည် ကျင့်စဉ် အရင်းအမြစ်များအတွက် မိမိ၏ ခန္ဓာကိုယ်ကို ရောင်းချသော နတ်များကို အလွန် ရွံရှာသောကြောင့် ဖြစ်သည်။
လုချန်း ချန်ဘုရင် ဖြစ်သည်ဟူသော အချက်ကိုလည်း ခိုင်လုံသော သက်သေမရှိပဲ သူမ၏ ဆရာက လုံးဝ ယုံကြည်လိမ့်မည် မဟုတ်ပေ။
ထို့နောက် ယဲ့ချူယောင်က သွားကို ခပ်တင်းတင်း စေ့လိုက်ရင်း
“တပည့်မ ကျင့်စဉ် ကျင့်ကြံနေရင်း စိတ်ဖောက်ပြန်သွားလို့ ဇဝေဇဝါ ဖြစ်ပြီး မောင်လေးကို သွားပြီး ဆွဲဆောင်မိတာပါ။ မောင်လေးကလည်း အဲ့ဒီဆွဲဆောင်မှုကို မတွန်းလှန်နိုင်ခဲ့လို့...”
ယဲ့ချူယောင်၏ ဆင်ခြေကို ကြားလျှင် ယွမ်ယုတိထံမှ ရေခဲစွမ်းအားများ ထပ်မံ ထွက်ပေါ်လာပြန်သည်။
ယွမ်ယုတိက
“စိတ်ဖောက်ပြန်တာ ဟုတ်လား။ မင်းက စိတ်ဖောက်ပြန်နေတာတောင် ချန်းလုကို သွားပြီး ဆွဲဆောင်နိုင်သေးတာပဲ။”
ယဲ့ချူယောင် တုံ့ဆိုင်းသွားပြီး စကားဆက်မပြောတော့ပေ။ သူမအနေနှင့် ဆက်လက် ငြင်းဆိုနေပါက ဆရာဖြစ်သူ ပို၍ ဒေါသထွက်လာနိုင်ကြောင်း သူမ သိနေ၏။
ယခုအချိန်တွင် ဘာမှ မပြောပဲ နေခြင်းကသာ ဆရာ၏ ဒေါသကို အမြန်ဆုံး ငြိမ်ကျသွားစေပေလိမ့်မည်။
နောက်ထပ် ၁၅ မိနစ်ခန့်အထိ ယဲ့ချူယောင် တစ်ယောက် တိတ်ဆိတ်နေခဲ့၏။ ယဲ့ချူယောင်က ထပ်မံ ငြင်းဆိုခြင်း မပြုပဲ ငြိမ်သက်နေသည်ကို မြင်လျှင် ယွမ်ယုတိက
“ငါ နားမလည်နိုင်ဘူး။ မင်းက သူ့ကို ချန်ဘုရင်လို့ အစက သတ်မှတ်ခဲ့တယ်ဆိုတော့ မင်းရဲ့ မောင်လေးနှင့် ချန်ဘုရင်ကြားမှာ တူညီတဲ့အချက်တွေ ရှိနေလို့ပဲ ဖြစ်ရမယ်။ ဒါပေမဲ့ အခုတော့ မင်းရဲ့ ရန်သူနှင့် တူတဲ့သူနှင့်မှ သွားပြီး ပတ်သက်ဖို့ ရွေးချယ်ခဲ့တာပဲ။ မင်း ဘာတွေ တွေးနေလဲဆိုတာ ငါ့ကို ရှင်းပြစမ်း။”
ယဲ့ချူယောင် ဘာမှ မပြောသေးပေ။ လုချန်းမှာ ချန်ဘုရင် ဖြစ်ကြောင်း သက်သေမရမချင်း သူမ၏ အစီအစဉ်ကို သူမ ထုတ်မပြောနိုင်သေးပေ။
ယဲ့ချူယောင်က ဘာမှမတုံ့ပြန်ပဲ တုံဏိဘာဝေ လုပ်နေသည်ကို မြင်လျှင် ယွမ်ယုတိ စိတ်ထဲတွင် ဒေါသပုန်ထလာပြန်၏။ သူမ လက်ခံထားသည့် တပည့်ရင်း နှစ်ယောက်လုံးသည် တစ်ယောက်ထက် တစ်ယောက် ပို၍ ဒေါသထွက်စရာ ကောင်းလှပေသည်။
ဤသို့ ဖြစ်မည်ကို သိခဲ့လျှင် ထိုစဉ်က တပည့်များကို လက်ခံခဲ့မည် မဟုတ်ပေ။
ခဏအကြာတွင် ယွမ်ယုတိ စိတ်ငြိမ်သွားကာ
“ထားလိုက်ပါတော့။ ဖြစ်ပြီးသွားမှတော့ ငါ ဘာမှ ထပ်မပြောတော့ဘူး။”
ယဲ့ချူယောင် လုချန်းနှင့် အဘယ်ကြောင့် ပတ်သက်ခဲ့သည်ကို သူမ မသိသော်လည်း သူမဘက်က လိုလိုလားလား ရှိခဲ့ခြင်း ဖြစ်သဖြင့် သူမအနေနှင့် များများစားစား မပြောလိုတော့ပေ။
အကယ်၍ အပြစ်တင်ရမည် ဆိုလျှင်လည်း ထိုပုန်ကန်တတ်သော တပည့်ကို ထိုစဉ်က ခေါ်လာခဲ့သည့် သူမကိုယ်သူမသာ အပြစ်တင်ရပေမည်။ ယခု သူမ အကြောက်ဆုံး အရာမှာ ထိုပုန်ကန်တတ်သော တပည့်က လျှို့ဝှက်လဝန်းနန်းတော်ရှိ မိန်းကလေးများကို ဆက်လက် ဖျက်ဆီးနေမည်ကိုပင် ဖြစ်သည်။
ယွမ်ယုတိက
“ဒီနေ့ကစပြီး မင်းရဲ့ မောင်လေးနှင့် ထပ်ပြီး မပတ်သက်ရဘူး”
ယွမ်ယုတိ၏ စကားကို ကြားလျှင် ယဲ့ချူယောင်က မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။ ဆရာဖြစ်သူ ပို၍ ဒေါသထွက်လာမည်ကို သူမ ကြောက်ရွံ့သော်လည်း လုချန်းကို ဆွဲဆောင်နေခြင်းအား ယခု ရပ်တန့်လိုက်ပါက သူ၏ သရုပ်မှန်ကို သူမ ဖော်ထုတ်နိုင်တော့မည် မဟုတ်ပေ။ ထိုသို့ဆိုလျှင် သူမ၏ အပျိုစင်ဘဝ အလကားသက်သက် ဆုံးရှုံးသွားရမည် မဟုတ်ပါလား။
လုချန်း၏ အားနည်းချက်ကို ဖော်ထုတ်ရန်အတွက် သူမ၏ ခန္ဓာကိုယ်ကို စတေးရန် နောက်ဆုံးတွင် သူမ ဆုံးဖြတ်ခဲ့သော်လည်း ယခုအခါ သူမ ဆရာက တားမြစ်လိုက်သည့်အတွက် သူမ၏ ကြိုးစားမှုများ အားလုံး အလဟဿ ဖြစ်သွားပြီဟု ဆိုလိုခြင်းပင်။
ယဲ့ချူယောင်က ဘာမှ ပြန်မပြောသည်ကို မြင်လျှင် ယွမ်ယုတိ၏ မျက်နှာ ခက်ထန်သွားသည်။
“မင်းက ဘာဆိုလိုတာလဲ။ မင်းက မင်းရဲ့ မောင်လေးနှင့် ထပ်ပြီး ပတ်သက်ချင်နေသေးတာလား။”
ယဲ့ချူယောင်က ထစ်ထစ်ငေါ့ငေါ့ဖြင့် “ဆရာ... ဆရာပဲ... နန်းတော်က တပည့်တွေ အဖော်ရှာတာကို...... မတားဘူးလို့... အမြဲပြောခဲ့တာ မဟုတ်လား။”
ယဲ့ချူယောင်၏ မေးခွန်းကို ကြားလျှင် ယွမ်ယုတိက သူမ၏ ရေခဲကျောက် ကုလားထိုင် လက်တင်ကို ရုတ်တရက် ရိုက်လိုက်ရာ ကုလားထိုင် တစ်ခုလုံး ချက်ချင်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွား၏။
ဤသို့ ပြောလိုက်ခြင်းက ယဲ့ချူယောင်အနေနှင့် လုချန်းနှင့် ဆက်လက် ပတ်သက်လိုသည်ဟု ဆိုလိုခြင်းပင် မဟုတ်ပါလား။
ထိုပုန်ကန်တတ်သော တပည့်က ဘာများ ကောင်းနေသဖြင့် လူတိုင်း၏ စိတ်ဝိညာဉ်များကို ပြုစားနိုင်နေရသနည်း။
ယွမ်ယုတိက
“မင်းက နတ်တစ်ပါးပဲ။ တိရစ္ဆာန် မဟုတ်ဘူး”
ယဲ့ချူယောင်က
“နတ်တွေမှာလည်း... စိတ်ခံစားချက်တွေနှင့် တပ်မက်မှုတွေ... ရှိတာပဲလေ။”
ထိုပုန်ကန်တတ်သော တပည့်အတွက်ကြောင့် ယဲ့ချူယောင်က ပြန်ခံ ပြောဆိုဝံ့ နေသည်ကို မြင်လျှင် ယွမ်ယုတိလည်း ထိုပုန်ကန်တတ်သော တပည့်ကို သွားရောက် သတ်ပစ်လိုက်ချင်စိတ်များ ပေါ်လာ၏။ သူသာ မရှိခဲ့ပါက ယဲ့ချူယောင် ဤသို့ ဖြစ်လာလိမ့်မည် မဟုတ်ပေ။
အတိတ်တုန်းက ယဲ့ချူယောင်သည် သူမအပေါ် အမြဲတမ်း နာခံခဲ့ပြီး ဘယ်သောအခါမှ ပြန်မပြောခဲ့သော်လည်း ယခု လုချန်းနှင့် ပတ်သက်နိုင်ရန်အတွက် ယဲ့ချူယောင်ပင် ပုန်ကန်တတ်နေပြီ ဖြစ်သည်။
ပုန်ကန်တဲ့ တပည့်.....
အားလုံးက ပုန်ကန်တတ်တဲ့ တပည့်တွေချည်းပဲ...
ထိုအခါ ယွမ်ယုတိက
“မင်းက အဲ့ဒီပုန်ကန်တတ်တဲ့ တပည့်နှင့်မှ ဆက်ပြီး ပတ်သက်ချင်တယ်ဆိုရင်လည်း ငါ မတားတော့ဘူး။ ဒါပေမဲ့ မမေ့နဲ့......မင်းရဲ့ နတ်နိယာမက စိတ်ခံစားချက်တွေနှင့် တပ်မက်မှုတွေကို ဖြတ်တောက်ဖို့ လိုအပ်တယ်။ တကယ်လို့ မင်း သူနှင့် ဆက်ပြီး ပတ်သက်နေမယ်ဆိုရင် တစ်နေ့ကျရင် မင်း စိတ်ဖောက်ပြန်သွားလိမ့်မယ်။”
ယွမ်ယုတိက
“မင်း စိတ်ဖောက်ပြန်သွားတဲ့အခါကျရင် ငါ့ဆီက အကူအညီကို မမျှော်လင့်နဲ့။”
ယွမ်ယုတိ၏ သတိပေးချက်ကို ကြားတော့မှ နတ်နိယာမများကို သူမ မေ့လျော့နေခဲ့ကြောင်း ယဲ့ချူယောင် သတိပြုမိသွား၏။ သို့သော်လည်း အမှန်အတိုင်း ပြောရလျှင် လုချန်းနှင့် ရံဖန်ရံခါ ထိုသို့ ပြုလုပ်ခြင်း၌ သူ့အပေါ်တွင် စိတ်မရှိပဲ ပြုလုပ်မည် ဆိုပါက သူမ၏ ကျင့်စဉ်အပေါ် သက်ရောက်မှု ရှိလိမ့်မည် မဟုတ်ပေ။
…………..
အခန်း( ၁၆၈၆ )
ကွမ်းရန်ဘုရင်ကို ဘယ်အရာမှ ဖုံးကွယ်ထားလို့မရ
ယဲ့ချူယောင်သည် ထိုပုန်ကန်တတ်သော တပည့်ကို ချစ်ခင်စုံမက်သဖြင့် ပတ်သက်ခဲ့ခြင်း မဟုတ်နိုင်ဟု ယွမ်ယုတိ ခပ်ရေးရေး ခံစားမိ၏။ အဘယ်ကြောင့်ဆိုသော် ယဲ့ချူယောင်သည် ချန်ဘုရင်ကို အလွန် မုန်းတီးသူ ဖြစ်ပြီး ထိုပုန်ကန်တတ်သော တပည့်ကလည်း ချန်ဘုရင်နှင့် အလွန်တူနေသည် မဟုတ်ပါလား။
သူ၏ ရန်သူနှင့် ဆင်တူသည့် သူတစ်ဦးအပေါ် ယဲ့ချူယောင် စိတ်ညွတ်သွားလိမ့်မည်ဟု သူမ မယုံကြည်နိုင်ပေ။
ယဲ့ချူယောင်တွင် အခြားသော ရည်ရွယ်ချက် တစ်ခုခု ရှိနေရပေမည်။ သို့သော် သူ၏ တပည့်မ မည်သို့ ကြံစည်နေသည်ကို ယွမ်ယုတိ လုံးဝ စဉ်းစား၍ မရနိုင်ပဲ ရှိနေ၏။ သူ၏ ဆရာဖြစ်သူနှင့် အတိုက်အခံလုပ်ပြီး လုချန်းနှင့် ရင်းနှီးကျွမ်းဝင်အောင် ပြုမူရလောက်သည့် မည်သို့သော ရည်ရွယ်ချက်မျိုး ရှိနေသနည်း။
ထပ်မံ၍ မမေးမြန်းတော့ရန် ယွမ်ယုတိ ဆုံးဖြတ်လိုက်၏။ ဤသူနှစ်ဦး၏ အဆုံးသတ် မည်သို့ ဖြစ်လာမည်ကိုသာ သူမ စောင့်ကြည့်လိုတော့သည်။
ယဲ့ချူယောင်နှင့် လုချန်းတို့ ပတ်သက်ပြီးနောက် လျှို့ဝှက်လဝန်းနန်းတော်၏ ကံစွမ်းအားမှာ လျော့ပါးမသွားသည့်အပြင် သိသိသာသာပင် တိုးပွားလာခဲ့၏။ ၎င်းက သူတို့နှစ်ဦး ပေါင်းစည်းခြင်းသည် နန်းတော်အတွက် အကျိုးရှိကြောင်း သက်သေပြနေပေသည်။ သူမအနေနှင့် ထိုအရာကို လက်ခံနိုင်ရန် ခက်ခဲနေခြင်းသာ ဖြစ်သည်။
ယွမ်ယုတိ၏ စကားကို ကြားလျှင် ယဲ့ချူယောင်က
“တပည့်ရဲ့ ဆန္ဒကို လိုက်လျောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ”
ယွမ်ယုတိ ချက်ချင်းပင် ဒေါသထွက်သွားပြီး အေးစက်စွာဖြင့်
“ထွက်သွားစမ်း”
ယဲ့ချူယောင်က အလျင်အမြန် ထရပ်လိုက်ပြီး
“တပည့်ကို ခွင့်ပြုပါဦး”
ထိုသို့ ပြောပြီးနောက် ယဲ့ချူယောင် လှည့်ထွက်သွားကာ ယွမ်ယုတိ၏ အဆောင်မှ ထွက်ခွာသွားခဲ့၏။ ထိုအချိန်တွင် သူမ၏ နတ်အာရုံကို အသုံးပြုကာ အတွင်းကမ္ဘာထဲရှိ လုချန်းကို ယွမ်ယုတိ စစ်ဆေးကြည့်လိုက်သည်။
လုချန်းသည် အဝတ်အစားများ ပြန်လည် ဝတ်ဆင်ပြီးကာ တင်ပျဉ်ခွေထိုင်ရင်း ကျင့်စဉ် ကျင့်ကြံနေသယောင် ရှိနေ၏။ သို့သော် သူ၏ ကျင့်စဉ်အဆင့်ကို ယွမ်ယုတိက ချိပ်ပိတ်ထားခဲ့သဖြင့် ကျင့်ကြံရန် မဖြစ်နိုင်ပဲ မျက်စိမှိတ် အနားယူနေခြင်းသာ ဖြစ်သည်။
အတိတ်က သူမသာ ဆိုပါက ဤပုန်ကန်တတ်သော တပည့်ကို သတ်ပစ်လိုက်တာ ကြာပြီဖြစ်ကြောင်း ယွမ်ယုတိ တွေးနေမိ၏။ လျှို့ဝှက်လဝန်း ကျောင်းတော်မှ ထွက်ခွာလာပြီးနောက် သူမ၏ စိတ်ထား ပို၍ နူးညံ့လာခဲ့ပုံ ရသည်။
ထို့နောက် ယွမ်ယုတိ လက်တစ်ချက် ဝေ့ယမ်းလိုက်ကာ လုချန်း၏ ချိပ်ပိတ်မှုကို ဖြေလျှော့ပေးလိုက်၏။ ဤပုန်ကန်တတ်သော တပည့်တွင် ကြီးမားသော ကံစွမ်းအားများ ရှိနေသဖြင့် သူ၏ ကျင့်ကြံမှုကို နှောင့်နှေးအောင် မလုပ်သင့်ပေ။
သူ၏ အပြုအမူများအပေါ် သူမ မနှစ်မြို့သော်လည်း လျှို့ဝှက်လဝန်းနန်းတော်၏ ကံစွမ်းအားကို သူက တိုးပွားစေခဲ့သည် မဟုတ်ပါလား။
အပြစ်နှင့် အကျိုးက ကျေသွားပြီ ဆိုဦးတော့ထိုပုန်ကန်တတ်သော တပည့်ကို အပြင်သို့ စောစောစီးစီး လွှတ်ပေးရန် သူမ၌ အစီအစဉ် မရှိပေ။ သူ့ကို အပြင်သို့ စောစောလွှတ်ပေးလိုက်ပါက နန်းတော်ရှိ အမျိုးသမီး တပည့် ဘယ်နှစ်ယောက်ကို ထပ်မံ ဖျက်ဆီးဦးမည်မှန်း မသိနိုင်ပေ။
လောလောဆယ်တွင် သူ့ကို ခဏခန့် ပိတ်လှောင်ထားကာ ကျင့်ကြံခြင်းအပေါ် အာရုံစိုက်ခိုင်းထားရမည်။ သူ၏ ပါရမီနှင့် ဆိုလျှင် လူမှုရေး ရှုပ်ထွေးမှုများ မရှိပါက ကျင့်စဉ်အဆင့် ပို၍ လျင်မြန်စွာ တိုးတက်လာနိုင်၏။
သူ၏ ကိုယ်တွင်းရှိ ချိပ်ပိတ်မှု ပြေလျော့သွားသည်ကို သိလိုက်ရလျှင် ယွမ်ယုတိ၏ ဒေါသ အနည်းငယ် ပြေလျော့သွားပြီ ဖြစ်ကြောင်း လုချန်း နားလည်လိုက်၏။ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးစတစ်ခု ပေါ်လာ၏။
သူ၏ ဆရာသည် ယွမ်ချင်းရှု ကဲ့သို့ပင် နှုတ်ကြမ်းသလောက် စိတ်ထား နူးညံ့သူ ဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
……
မျက်စိတစ်မှိတ် အတွင်းမှာပင် ခြောက်လခန့် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။
ကွမ်းရန်ဘုရင်၏ နန်းတော်။
အစည်းအဝေးခန်းမအတွင်း၌။
လုကျင့်ဖူသည် နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုးကို ခက်ထန်သော မျက်နှာဖြင့် ကြည့်နေ၏။ နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုး ယူဆောင်လာသည့် သတင်းမှာ လုကျင့်ဖူအတွက် အလွန် ဆိုးရွားလှသည်။
သွေးလင်းယုန်ခန်းမမှ နတ်ဘုရင် သုံးပါးက လုချန်းကို ဖယ်ရှားရန် သဘောတူညီခဲ့ကြသော်လည်း လျှို့ဝှက်လဝန်းနန်းတော်နှင့် ချီယန်ဂိုဏ်းတို့ကို ဦးစွာ တိုက်ခိုက် အောင်နိုင်ပြီးမှသာ လုပ်ဆောင်မည်ဟု ဆိုကြ၏။
ထိုနတ်ဂိုဏ်းကြီး နှစ်ဂိုဏ်းကို မည်သည့်အချိန်တွင် တိုက်ခိုက်မည်နည်း။
ထိုအရာက အနည်းဆုံး နှစ်တစ်ရာခန့် ကြာဦးမည် ဖြစ်သည်။
ထို့ကြောင့် နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုး ယူဆောင်လာသည့် သတင်းကို လုကျင့်ဖူ အလွန် ဒေါသထွက်နေခြင်းဖြစ်၏။
နှစ်တစ်ရာ ဟုတ်လား။
ဟာသ တစ်ခုလိုပင်။
နတ်များအတွက် နှစ်တစ်ရာမှာ မျက်စိတစ်မှိတ်စာမျှသာ ဖြစ်သော်လည်း လုချန်း ကဲ့သို့သော ပါရမီရှင် တစ်ဦးအတွက်မူ ကြီးထွားလာရန် လုံလောက်သော အချိန် ဖြစ်ပေသည်။ နောက်ထပ် နှစ်တစ်ရာ ကြာပြီးနောက်တွင် လုချန်း၏ စွမ်းအားနှင့် ကျင့်စဉ်အဆင့်မှာ ပြန်လည် နိုးထလာနိုင်ပြီး သူ့ကို ဖယ်ရှားရန်မှာ ပို၍ပင် ခက်ခဲသွားပေလိမ့်မည်။
ကြည့်ရတာ သွေးလင်းယုန်ခန်းမကိုအားကိုး၍ မရနိုင်တော့ပေ။
လုကျင့်ဖူ၏ အေးစက်ကာ ခက်ထန်နေသော မျက်နှာကို မြင်လျှင် နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုးက
“အရမ်း စိတ်ပူမနေပါနဲ့ ကွမ်းရန်ဘုရင်။ ဒဏ်ရာ အပြင်းအထန် ရထားတဲ့ နတ်ဘုရင် တစ်ပါးအတွက် နှစ်တစ်ရာ ဆိုတာ ကျင့်စဉ်တွေ ပြန်ကောင်းလာဖို့ လုံလောက်ချင်မှ လုံလောက်မှာပါ။”
“နောက်ပြီး သူက ကစဉ့်ကလျား ပင်လယ်ထဲကို ဝင်ခဲ့ပြီး ကစဉ့်ကလျား စွမ်းအားတွေရဲ့ တိုက်စားမှုကို ခံခဲ့ရတာဆိုတော့ သူ နတ်ဘုရင် အဆင့်ကို ပြန်ရောက်နိုင်ပါ့မလား ဆိုတာတောင် မသေချာပါဘူး။”
နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုး၏ စကားကို လုကျင့်ဖူ လျစ်လျူရှုလိုက်ကာ
“ချန်ဘုရင်ရဲ့ စွမ်းအားတွေ ပြန်မရသေးတဲ့ အချိန်မှာ သွေးလင်းယုန်ခန်းမက နတ်ဘုရင် သုံးပါးအတွက် သူ့ကို ရှင်းပစ်ဖို့က လွယ်လွယ်လေးပဲ မဟုတ်လား။ ဘာလို့ အချိန်ဆွဲနေကြတာလဲ ဆိုတာကို ကျုပ် တကယ် နားမလည်နိုင်ဘူး။”
နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုးက
“ကျုပ် အစောက ပြောခဲ့သလိုပါပဲ။ သွေးလင်းယုန်ခန်းမက အခုအချိန်မှာ လျှို့ဝှက်လဝန်းနန်းတော်နဲ့ ချီယန်ဂိုဏ်းကိုပဲ အာရုံစိုက်နေတာပါ။”
“ချန်ဘုရင်ရဲ့ စွမ်းအားနဲ့ ကျင့်စဉ်အဆင့်တွေ လျော့ကျနေနိုင်တယ် ဆိုပေမဲ့ သူက တစ်ချိန်က နတ်ဘုရင် တစ်ပါး ဖြစ်ခဲ့တာမို့ ဝှက်ဖဲတွေ ရှိနေနိုင်ပါတယ်။ အကယ်၍ ခန်းမသခင် သုံးပါးသာ ဒဏ်ရာရသွားခဲ့ရင် လျှို့ဝှက်လဝန်းနန်းတော်နဲ့ ချီယန်ဂိုဏ်းကို ရင်ဆိုင်တဲ့အခါ သွေးလင်းယုန်ခန်းမအတွက် အခွင့်အရေး နည်းသွားပါလိမ့်မယ်။”
လုချန်း အသက်ရှင်နေသည့် သတင်းကို နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုးက သွေးလင်းယုန်ခန်းမသို့ တင်ပြခဲ့ရာ ခန်းမသခင် သုံးပါးစလုံးလည်း ကစဉ့်ကလျား ပင်လယ်အတွင်းမှ လုချန်း မည်သို့ အသက်ရှင် လွတ်မြောက်လာခဲ့သနည်း ဆိုသည့် အချက်အပေါ် စိတ်ဝင်စားသွားကြ၏။ ထိုအထဲတွင် လျှို့ဝှက်ချက် တစ်ခုခု ရှိနေမည်လားဟုလည်း သူတို့ သိလိုကြသည်။
သို့သော်လည်း လောလောဆယ်တွင် ချီယန်ဂိုဏ်းနှင့် လျှို့ဝှက်လဝန်းနန်းတော်ကို ဖယ်ရှားရန်ကသာ သူတို့အတွက် ပထမဦးစားပေး ဖြစ်နေသည်။ လုချန်း၏ စွမ်းအားလျော့ကျနေနိုင်သော်လည်း သူသည် တစ်ချိန်က ထျန်းရန် နတ်နယ်မြေ တစ်ခုလုံးတွင် ကျော်ကြားခဲ့သူ မဟုတ်ပါလား။
သူ့ထံတွင် မည်သို့သော ဝှက်ဖဲများ ရှိနေမည်ကို မည်သူမှ အတပ်မပြောနိုင်ပေ။
အကယ်၍ သူ၏ စွမ်းအားများကို အပြည့်အဝ ပြန်မရသေးလျှင်ပင် သူ့ကို ရင်ဆိုင်ရန်က ထင်သလောက် လွယ်ကူလိမ့်မည် မဟုတ်ဟု သွေးလင်းယုန်ခန်းမမှ နတ်ဘုရင် သုံးပါးက ယူဆထားကြ၏။
သူတို့အနေနှင့် လျှို့ဝှက်လဝန်းနန်းတော်နှင့် ချီယန်ဂိုဏ်းတို့ကိုသာ ဆက်လက် အာရုံစိုက်ထားရမည် ဖြစ်ပြီး ထိုဂိုဏ်းများကို ရှင်းလင်းပြီးမှသာ လုချန်းဘက်သို့ လှည့်နိုင်မည် ဖြစ်သည်။ သွေးလင်းယုန်ခန်းမသည် လျှို့ဝှက်လဝန်းနန်းတော်နှင့် ချီယန်ဂိုဏ်းတို့ကို နှိမ်နင်းရန် နှစ်ပေါင်းများစွာ ပြင်ဆင်ခဲ့ခြင်း ဖြစ်၏။ လုချန်း တစ်ယောက်တည်းအတွက်နှင့် သူတို့၏ အစီအစဉ်များကို မဖျက်ဆီးလိုကြပေ။
နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုး၏ စကားကို ကြားလျှင် လုကျင့်ဖူ အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ ထိုကိစ္စနှင့် ပတ်သက်၍ ထပ်မံ ပြောဆိုနေရန် သူမရည်ရွယ်တော့ပေ။
သွေးလင်းယုန်ခန်းမကို အားကိုး၍ မရတော့သဖြင့် ထိုသတင်းကို ပြန့်နှံ့သွားအောင်သာ လုပ်ဆောင်ရန် သူ ဆုံးဖြတ်လိုက်၏။
သူ့အတွက်တော့ စောင့်ဆိုင်းနေရန် အချိန်မရှိပေ။ သွေးလင်းယုန်ခန်းမအတွက် နှစ်တစ်ရာမှာ မပြောပလောက်သော်လည်း သူ့အတွက်တော့ ထိုသို့ မဟုတ်ပေ။
အကယ်၍ လုချန်းသာ စွမ်းအားများ ပြန်လည် ရရှိလာပါက သူသည်သာ ပထမဆုံး ဒုက္ခရောက်မည့်သူ ဖြစ်သည်။ ထို့ကြောင့် လုချန်းကို စွမ်းအား ပြန်မရစေရန်နှင့် ဤခြိမ်းခြောက်မှုကို အမြစ်ပြတ် ဖယ်ရှားရန် သူ ကြံစည်ရပေမည်။
နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုးနှင့် ထပ်မံ၍ စကားများနေရန် လုကျင့်ဖူ မလိုလားတော့ပေ။ စကားပြောပြီးသည်နှင့် ချန်ဘုရင် ပြန်လည် နိုးထလာသည့် သတင်းကို နေရာ အနှံ့အပြား၌ ဖြန့်ဝေရန် လုကျင့်ဖူ ချက်ချင်း အမိန့်ပေးလိုက်၏။
တစ်လအတွင်းမှာပင် ချန်ဘုရင် ပြန်လည် နိုးထလာသည့် သတင်းမှာ တောင်ပိုင်း နယ်မြေ တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့၏။
……
အန်းယွမ်ဘုရင် လုကျင်၏ နန်းတော်။
သူ၏ လက်ထဲမှ သတင်း အချက်အလက်များကို ကြည့်ရင်း လုကျင် မျက်မှောင်ကြုတ်လိုက်ကာ
“ဒီလောက်အထိ မြန်မြန် ပေါက်ကြားသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
ဟု တစ်ဦးတည်း ရေရွတ်နေမိ၏။
“သွေးလင်းယုန်ခန်းမရဲ့ အကူအညီနဲ့ဆိုရင် ကွမ်းရန်ဘုရင်ကို ဘယ်အရာမှ ဖုံးကွယ်ထားလို့ ရမှာ မဟုတ်ဘူးထင်တယ်။”
ထို့နောက် အနီးရှိ စစ်သည်ကို လုကျင်က
“ဒီသတင်းကို ကစဉ့်ကလျား နယ်မြေဆီ ချက်ချင်း ပေးပို့လိုက်ပါ”
စစ်သည်က
“အမိန့်တော်အတိုင်းပါ ဘုရင်ကြီး”
စစ်သည်လည်း ချက်ချင်းပင် လှည့်ထွက်ကာ ခန်းမအတွင်းမှ ထွက်ခွာသွားခဲ့၏။ စစ်သည် ထွက်ခွာသွားသည်ကို ကြည့်ရင်း လုချန်းအနေနှင့် လုကျင့်ဖူကို ခြိမ်းခြောက်နိုင်လောက်သည့် စွမ်းအားမျိုး ပြန်လည် ရရှိထားရန်သာ လုကျင် ဆုတောင်းနေမိ၏။
မဟုတ်ပါက သူ နှစ်ပေါင်းများစွာ ထောက်ပံ့ပေးခဲ့သည်များ အလဟဿ ဖြစ်သွားပေလိမ့်မည်။
စေလွှတ်လိုက်သော သူများသည် ကစဉ့်ကလျား နယ်မြေသို့ လျင်မြန်စွာ ရောက်ရှိသွားကာ လုချန်း၏ အကြောင်း ပေါက်ကြားသွားသည့် အကြောင်းကို လုကျန့်ကျီထံ သတင်းပို့ကြ၏။ ထိုသတင်းကို ကြားလျှင် လုကျန့်ကျီ၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားကာ လုချန်းကို ချက်ချင်း လိုက်လံ ရှာဖွေတော့သည်။
လုချန်း၏ ကိုယ်ပွားသည် လက်ရှိတွင် အနားယူနေသည့် အခြေအနေတွင် ရှိနေ၏။ သူသည် သူ၏ စိတ်ဝိညာဉ်ဖြင့် ခန္ဓာကိုယ် အမြောက်အမြားကို ထိန်းချုပ်နိုင်စွမ်း ရှိသော်လည်း ခန္ဓာကိုယ် တစ်ခုက စွမ်းအား အမြောက်အမြား အသုံးပြုရန် လိုအပ်လာပါက အခြားသော ခန္ဓာကိုယ်များအပေါ် ထိန်းချုပ်မှုကို ခေတ္တ ဆိုင်းငံ့ထားလေ့ ရှိသည်။
ဥပမာအားဖြင့် လက်ရှိတွင် သူသည် နတ်ဆိုးမ ရှုကျင့်ရှူး၏ အပေါ်တွင်သာ အာရုံစိုက်ထားသဖြင့် အခြားသော ခန္ဓာကိုယ်များကို ထိန်းချုပ်ခြင်း မပြုသေးပေ။ သို့သော်လည်း တစ်စုံတစ်ဦးက သူ့ကို ရှာဖွေနေပါက သူ သိနိုင်စွမ်း ရှိသည်။