← Chapters

အခန်း (၁၆၈၇-၁၆၈၉)

Vol. 113 Ch. 1687-1689

အခန်း (၁၆၈၇-၁၆၈၉)

Vol. 113 Ch. 1687-1689

အခန်း (၁၆၈၇)

လုချန်း၏ အကြံအစည်

လုချန်း၏ ကျင့်စဉ်ခန်းမအပြင်ဘက်သို့ လုကျန့်ကျီ ရောက်ရှိလာပြီး စိုးရိမ်တကြီးဖြင့်

“သခင်... အရေးကြီးတဲ့ကိစ္စတစ်ခု ဖြစ်ပျက်နေပါပြီ”

လုချန်း ယခုအချိန်တွင် တံခါးပိတ်ကျင့်စဉ် ဝင်နေမည်ကို လုကျန့်ကျီ စိုးရိမ်မိ၏။ အကယ်၍ ထိုသို့သာဖြစ်လျှင် မကြာမီအချိန်အတွင်း သူနိုးထလာနိုင်ဖွယ် မရှိပေ။

ယခုအခါ သူ မည်သူဖြစ်ကြောင်း ပေါ်ပေါက်သွားပြီဖြစ်ရာ ကစဉ့်ကလျား နယ်မြေသို့ တစ်စုံတစ်ယောက် ရောက်ရှိလာရန်မှာ မကြာတော့ပေ။ ထို့ကြောင့် ဤနေရာ၌ ဆက်လက်နေထိုင်ရန် မသင့်တော်တော့ပေ။

ကျင့်စဉ်ခန်းမအတွင်း မည်သည့်လှုပ်ရှားမှုမှ မရှိသည်ကို မြင်လျှင် လုကျန့်ကျီ နောက်တစ်ကြိမ် ထပ်မံအော်ဟစ်လိုက်ပြန်၏။

“သခင်... သခင့် ပြန်လာတဲ့သတင်း ပေါက်ကြားသွားပြီ။ အခုဆို တောင်ပိုင်းနယ်မြေမှာရှိတဲ့ အင်အားကြီးအဖွဲ့အစည်းအားလုံးက သခင် ကစဉ့်ကလျား နယ်မြေမှာ ရှိနေတာကို သိကုန်ကြပြီ။”

လုကျန့်ကျီ၏ စကားသံအဆုံးတွင် ကျင့်စဉ်ခန်းမအတွင်းရှိ လုချန်း ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ ရှုကျင့်ရှူးအပေါ်တွင်သာ အာရုံစိုက်နေမိသောကြောင့် ကစဉ့်ကလျား နယ်မြေ၏ ကိစ္စရပ်များကို သူ လျစ်လျူရှုထားမိ၏။

သို့သော် သူ စိတ်လျှော့လိုက်သည့် ခဏ၌ပင် ကစဉ့်ကလျား နယ်မြေရှိ ဤကိုယ်ပွားကို သူ၏နတ်ဝိညာဉ်ဖြင့် အနည်းငယ် ထိန်းချုပ်လိုက်စဉ် လုကျန့်ကျီပေးသော သတင်းစကားကို ကြားလိုက်ရခြင်း ဖြစ်သည်။

ထိုသတင်းက လုချန်းအား ပြင်းထန်သော အန္တရာယ်အငွေ့အသက်ကို ချက်ချင်း ခံစားလိုက်ရစေသည်။

သူ ပြန်ရောက်လာသည့်သတင်းကို အခြားသော အင်အားစုများ အနှေးနှင့်အမြန် သိသွားမည်ကို သူ နားလည်ထား၏။ အထူးသဖြင့် တွက်ချက်ခြင်း အတတ်ပညာများကို တတ်မြောက်ထားသည့် နတ်အမြောက်အမြားရှိသော ဤကမ္ဘာတွင် နားမပါသော နံရံဟူ၍ မရှိပေ။

သို့သော် သူ၏သတင်း တောင်ပိုင်းနယ်မြေ တစ်ခုလုံးသို့ ဤမျှမြန်မြန် ပျံ့နှံ့သွားလိမ့်မည်ဟုတော့ သူ မမျှော်လင့်ထားခဲ့ပေ။

လုကျင် သတင်းလွှင့်လိုက်ခြင်း ဖြစ်နိုင်လား။

ဖြစ်နိုင်ခြေ မရှိပေ။

လုကျင်သည် သူတစ်ပါးသူ၏ဓားကို ငှား၍ လူသတ်လိုသူ ဖြစ်သည်။ သူ၏ကိုယ်စား လုကျင့်ဖူကို ရှင်းလင်းပေးရန် မျှော်လင့်ထားရာ ယခုကဲ့သို့ အချိန်မျိုးတွင် သတင်းပေါက်ကြားအောင် လုကျင် လုပ်လိမ့်မည် မဟုတ်ပေ။ အကယ်၍ သူ သတင်းလွှင့်မည်ဆိုလျှင်ပင် လုချန်းက လုကျင့်ဖူကို ရှင်းလင်းပြီးသည့် နောက်မှသာ လုပ်လိမ့်မည် ဖြစ်သည်။

လုချန်း သူ၏ နဖူးကို ပွတ်လိုက်မိ၏။ ယခုအချိန်တွင်တော့ မည်သူ သတင်းဖြန့်ခဲ့ကြောင်း စဉ်းစားနေခြင်းက အဓိပ္ပာယ်မရှိတော့ပေ။ လက်ရှိ အရေးအကြီးဆုံးက မည်သို့ တုံ့ပြန်ရမည်ဟူသော အချက်ပင် ဖြစ်သည်။

သူပြန်ရောက်လာသည့် သတင်းကို တောင်ပိုင်းနယ်မြေရှိ အင်အားကြီးအဖွဲ့အစည်းများ သိသွားကြပြီဖြစ်ရာ အချို့သောအဖွဲ့အစည်းများက သူ့ကို လာရောက် တိုက်ခိုက်ရန်က မကြာတော့ပေ။

သူ၏ ကျင့်စဉ်အဆင့် ပြန်လည်မကောင်းမွန်သေးသည်ကို သူတို့ သိကြပေလိမ့်မည်။ ထို့ကြောင့် သူ့ကဲ့သို့သော ခြိမ်းခြောက်မှုကို အဖူးအငုံအဆင့်မှာပင် အမြစ်ဖြတ်ပစ်ရန် သူတို့ အလိုရှိကြပေလိမ့်မည်။

လုချန်း ချက်ချင်းပင် မတ်တတ်ရပ်ကာ လျှို့ဝှက်ခန်းမအတွင်းမှ ထွက်လာခဲ့သည်။ လုချန်း ထွက်လာသည်ကို မြင်လျှင် လုကျန့်ကျီ အနည်းငယ် စိတ်သက်သာရာ ရသွား၏။ ကံကောင်းထောက်မစွာဖြင့် ချန်ဘုရင်သည် တံခါးပိတ်ကျင့်စဉ် ဝင်မနေခဲ့ပေ။

လုကျန့်ကျီက

“သခင်... အခုပဲ ကစဉ့်ကလျား နယ်မြေကနေ ထွက်ခွာကြမလား”

ကစဉ့်ကလျား နယ်မြေသည် ကောင်းမွန်သော နေရာတစ်ခု မဟုတ်ပေ။ နတ်အငွေ့အသက် ကင်းမဲ့နေသည့်အပြင် ကစဉ့်ကလျား ပင်လယ်နှင့် နီးကပ်နေသောကြောင့် ကစဉ့်ကလျား စွမ်းအားများ၏ ကျူးကျော်မှုကိုလည်း မကြာခဏ ရင်ဆိုင်ရတတ်သည်။

လုချန်းအတွက် ဤနေရာသည် ယာယီခြေကုပ်စခန်းတစ်ခုအဖြစ်သာ အသုံးဝင်၏။ ယခုအခါ သူ ရှိနေသည်ကို သိသွားကြပြီဖြစ်ရာ ဤနေရာမှ ထွက်ခွာရန် အသင့်‌ဆုံး အချိန်ပင် ဖြစ်သည်။

လုချန်းက လုကျန့်ကျီ၏ စကားကို ချက်ချင်း တုံ့ပြန်မပြောပဲ နောက်ထပ် မည်သည့်နေရာတွင် အင်အားချဲ့ထွင်ရမည်ကို စတင် စဉ်းစားနေ၏။

အချိန်အနည်းငယ် ကြာပြီးနောက် အကြံကောင်းတစ်ခု ရသွားဟန်ဖြင့် လုချန်းက

“နောက်တစ်ဆင့် အနေနှင့် ကျုပ် ကွမ်းရန်ဘုရင်ရဲ့ နယ်မြေကို တိုက်ရိုက်သွားမယ်။ ခင်ဗျားတို့ကတော့ လောလောဆယ် ထွက်သွားဖို့ မလိုသေးဘူး။ အကယ်၍ အန္တရာယ်တစ်ခုခု ကြုံလာရင် ကျုပ် ချန်ထားခဲ့တဲ့ တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံကို သုံးပြီး လျှို့ဝှက်လဝန်းနန်းတော်ရဲ့ ရှန်ရှမြို့ကို သွားကြ။”

ဤကဲ့သို့သော နေ့ရက်မျိုး ရောက်လာနိုင်သည်ကို လုချန်း ကြိုတင်တွက်ဆထားသောကြောင့် လျှို့ဝှက်လဝန်းနန်းတော်၏ မထင်ရှားသော မြို့အချို့တွင် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံများကို ချန်ထားခဲ့ခြင်း ဖြစ်သည်။

အစပိုင်းတွင် သူ၏စွမ်းအား မလုံလောက်သည့်အပြင် ထျန်းရန် နတ်ဘုရား နယ်မြေ၏ နိယာမများကြောင့် သူ တည်ဆောက်ခဲ့သည့် နည်းဗျူဟာ ပုံစံများသည် အတိုင်းအတာတစ်ခုအထိ ဝေးကွာသော အကွာအဝေးကို မရောက်ရှိနိုင်ခဲ့ပေ။ သို့သော် နတ်ဘုရင်၏ ကျိန်စာ စွမ်းအားကို အသုံးပြုလိုက်လျှင် ထိုနည်းဗျူဟာ ပုံစံများသည် လုကျန့်ကျီနှင့် အခြားသူများကို ရှန်ရှမြို့သို့ တိုက်ရိုက် ရောက်ရှိသွားစေမည် ဖြစ်သည်။

ထိုအရာကို ကြားလျှင် လုကျန့်ကျီက

“သခင်... ဒါ လုံးဝ မဖြစ်နိုင်ပါဘူး။ ကွမ်းရန်ဘုရင်ရဲ့ အနားမှာ အစွမ်းထက်တဲ့သူတွေ အမြောက်အမြား စုဝေးနေကြတာ။ အကယ်၍ သခင်သာ သူ့နယ်မြေကို သွားမယ်ဆိုရင် အန္တရာယ်ရှိနိုင်ပါတယ်...”

လုကျန့်ကျီ စကားမဆုံးခင်မှာပင် လုချန်းကကြားဖြတ်ကာ

“အခု ကျုပ်က ကိုယ်ပွားတစ်ခုအနေနှင့်ပဲ ရှိနေတာ။ ပြီးတော့ ဒီကိုယ်ပွားကို စတေးပြီး လှည့်စားတဲ့ အစီအစဉ်တစ်ခု အကောင်အထည်ဖော်မှာ။ အဲ့ဒီကျရင် ဘယ်သူမှ ကစဉ့်ကလျား နယ်မြေကို အာရုံစိုက်တော့မှာ မဟုတ်ဘူး။ အဲ့ဒီမှာပဲ ခင်ဗျားတို့ စိတ်ချလက်ချ အင်အားချဲ့ထွင်နိုင်လိမ့်မယ်။”

လုချန်း၏ စကားကို ကြားသောအခါ လုကျန့်ကျီလည်း သဘောပေါက်သွား၏။

လုချန်းသာ ကစဉ့်ကလျား နယ်မြေမှ တကယ်ထွက်ခွာသွားပါက နတ်အငွေ့အသက် ကင်းမဲ့နေသော ဤနေရာကို တောင်ပိုင်းနယ်မြေမှ ထိပ်သီးအင်အားစုများ အာရုံစိုက်ကြတော့မည် မဟုတ်ပေ။

ရှေးယခင်တုန်းကလည်း သူ၏ လူအမြောက်အမြားကို ကစဉ့်ကလျား နယ်မြေတွင် ချန်ထားခဲ့ပြီး သူကိုယ်တိုင်ကတော့ ကစဉ့်ကလျား ပင်လယ်အတွင်းသို့ ဝင်ရောက်သွားသည့်အခါ တောင်ပိုင်းနယ်မြေမှ ထိပ်သီးအင်အားစုများလည်း အေးအေးချမ်းချမ်း ဆုတ်ခွာသွားခဲ့ကြသည်။ လုကျန့်ကျီနှင့် သူ၏ လက်အောက်ငယ်သားဟောင်းများကိုပင် လာရောက် ရှင်းလင်းခြင်း မပြုခဲ့ကြပေ။

ထျန်းရန် နတ်ဘုရား နယ်မြေမှ ထိပ်သီးအင်အားစုများအနေနှင့် သူတို့အတွက် ခြိမ်းခြောက်မှုကြီး တစ်ရပ် ဖြစ်သော လုချန်း သေဆုံးသွားရန်သာ အရေးကြီး၏။ သာမန်လူများကိုတော့ မည်သည့် ပြဿနာမှ မဖန်တီးနိုင်ဟု သူတို့ ယူဆကြသဖြင့် ဂရုမစိုက်ကြပေ။

ထို့ကြောင့် လုကျင့်ဖူရှေ့ ကိုယ်ယောင်ပြပြီး သူ့ကို ရှင်းလင်းရန် လုချန်း ကြံရွယ်ထား၏။ ထို့နောက် သူ့ကိုယ်သူ ဖောက်ခွဲဖျက်ဆီးပြလိုက်ခြင်းဖြင့် လူအားလုံးက သူ သေဆုံးသွားပြီဟု ထင်မှတ်သွားကြပေလိမ့်မည်။ ထိုသို့ဆိုလျှင် ကစဉ့်ကလျား နယ်မြေကို မည်သူမှ ဂရုစိုက်တော့မည် မဟုတ်သဖြင့် လုကျန့်ကျီက ဆက်လက် စီမံခန့်ခွဲနိုင်မည် ဖြစ်သည်။

နောင်တစ်ချိန်တွင် ယွမ်ယုတိကို ဖမ်းဆီးပြီးနောက် ကစဉ့်ကလျား နယ်မြေမှ လူများကို လျှို့ဝှက်လဝန်းနန်းတော်၏ နယ်မြေအတွင်းသို့ ပြောင်းရွှေ့ကာ ထိုနေရာတွင် နိုင်ငံသစ် တစ်ခု တည်ထောင်ရန် လုချန်း စဉ်းစားထား၏။

လုချန်း

“ကောင်းပြီ... အဲ့ဒီ အကြံကိုပဲ အတည်ပြုလိုက်မယ်။”

ထိုသို့ပြောပြီးနောက် ဝိညာဉ်နတ်အဆင့်ရှိ ခန္ဓာကိုယ်တစ်ခုကို ဖန်တီးရန် ဖန်တီးခြင်းစွမ်းအားကို လုချန်း အသုံးပြုလိုက်ပြန်သည်။

ထို့နောက် ကြီးမားသော တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံတစ်ခုကို တည်ဆောက်ရန် နတ်ဘုရင်၏ ကျိန်စာ စွမ်းအားကို အသုံးပြုလိုက်၏။

နည်းဗျူဟာ ပုံစံ တည်ဆောက်ပြီးစီးသွားသည့်အခါ သူ၏ မြေနတ်အဆင့်ရှိ ခန္ဓာကိုယ်ကို ထိုနည်းဗျူဟာ ပုံစံမှတစ်ဆင့် ရှန်ရှမြို့သို့ သွားရောက်ရန် ထိန်းချုပ်လိုက်သည်။

နည်းဗျူဟာ ပုံစံ အလုပ်လုပ်ကြောင်း အတည်ပြုပြီးနောက် ထျန်းရှ နတ်ဘုရား နိုင်ငံတော်သို့ လုချန်း တိုက်ရိုက် ဦးတည်ထွက်ခွာခဲ့တော့သည်။

ထို့ပြင် ထျန်းရှ နတ်ဘုရား နိုင်ငံတော်သို့ သွားရာလမ်းတစ်လျှောက်တွင် ချန်ဘုရင်သည် ကွမ်းရန်ဘုရင်၏ နယ်မြေတွင် မကြာမီ ပေါ်လာတော့မည်ဖြစ်ပြီး ကတိအတိုင်း လက်စားချေမည်ဖြစ်ကြောင်း သတင်းများ ပျံ့နှံ့အောင် သူကိုယ်တိုင် လုပ်ဆောင်ခဲ့သည်။

ထျန်းရန် နတ်ဘုရား နယ်မြေရှိ အင်အားစုများ၏ အာရုံကို လုကျင့်ဖူ၏ နယ်မြေသို့ ရောက်ရှိသွားစေပြီး ကစဉ့်ကလျား နယ်မြေကို အာရုံမစိုက်မိတော့စေရန် လှည့်စားလိုက်ခြင်း ဖြစ်၏။

အစပိုင်းတွင်တော့ သူ၏စွမ်းအားများ ပြန်လည်ပြည့်ဝလာမှသာ လုကျင့်ဖူကို အေးအေးဆေးဆေး လက်စားချေရန် သူ စဉ်းစားထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခု သူ ပြန်လာသည့်သတင်း ပေါက်ကြားသွားခဲ့ပြီဖြစ်၏။ သူ့တွင် အခြား ရွေးချယ်စရာ မရှိတော့ပေ။

လုကျင့်ဖူ ဖြန့်ဝေလိုက်သည့် ချန်ဘုရင် ပြန်လည်ရောက်ရှိလာပြီ ဟူသော သတင်းသည် တောင်ပိုင်းနယ်မြေရှိ နတ်ဘုရင်အဆင့် အင်အားစုအားလုံးကို ချက်ချင်းပင် ထိတ်လန့်သွားစေသည်။ အထူးသဖြင့် ချန်ဘုရင်၏ နယ်မြေကို ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်ခဲ့ကြသူများအား ပို၍ပင် ထိတ်လန့်သွားစေ၏။

လုချန်း၏ ပါရမီ ကြောက်မက်ဖွယ်ကောင်းလှကြောင်း သူတို့ ကောင်းစွာသိထားကြသည်။ သူ၏စွမ်းအား ပြန်လည်ပြည့်ဝသွားပါက သူ့ကဲ့သို့သော နတ်ဘုရင်တစ်ပါးသည် နတ်သခင်အဆင့် နီးပါး စွမ်းအားမျိုးကို ပိုင်ဆိုင်နိုင်စွမ်း ရှိ၏။

ထျန်းရန် နတ်ဘုရား နယ်မြေမှ နတ်သခင်က ကြားဝင်စွက်ဖက်ခြင်း မရှိခဲ့ပါကကစဉ့်ကလျား ပင်လယ်အတွင်းသို့ လုချန်း မောင်းထုတ်ခံရလိမ့်မည် မဟုတ်ပေ။

ထိုသတင်းက အချိန်တိုအတွင်း အင်အားစု အမြောက်အမြားကို စိုးရိမ်စိတ်ကြီးသွားစေ၏။ နတ်ဘုရင်အဆင့် အင်အားစုအချို့မှ ခေါင်းဆောင်များသည် လုချန်းကို ရှင်းလင်းပေးရန်အတွက် နတ်သခင်များ၏ အကူအညီကို တောင်းခံရန် ခမ်းနားသော ကောင်းကင်ခန်းမသို့ သွားရောက်ခဲ့ကြသည်။

သို့သော် မမျှော်လင့်ထားပဲ ခမ်းနားသော ကောင်းကင်ခန်းမမှ နတ်အမိန့်တစ်ခု ထုတ်ပြန်လိုက်၏။ လုချန်းအား ဝိုင်းဝန်းဖမ်းဆီးကြရန် ထိုနတ်ဘုရင်အဆင့် အင်အားစုများကို ခမ်းနား‌သော ကောင်းကင်ခန်းမမှ အမိန့်ပေးလိုက်ခြင်းဖြစ်သည်။

ခမ်းနားသော ကောင်းကင်ခန်းမ၏ အမြင်အရ လုချန်း ပြန်ရောက်လာခဲ့လျှင်ပင် သူ၏စွမ်းအားမှာ များစွာကျန်ရှိတော့မည် မဟုတ်ပေ။ ကစဉ့်ကလျား ပင်လယ်အတွင်းမှ ထွက်လာသည့် နတ်ဆိုးဧကရာဇ်ပင် နတ်ဘုရင်အဆင့်သို့ ထိုးကျသွားခဲ့ရာ လုချန်းဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။

လက်ရှိ လုချန်းသည် ခြိမ်းခြောက်မှုတစ်ခုဟု မယူဆနိုင်တော့သဖြင့် ခမ်းနားသော ကောင်းကင်ခန်းမမှ နတ်သခင် ကိုယ်တိုင် လှုပ်ရှားရန် မလိုအပ်ပေ။ ထို့ပြင် သူတို့၏ အာရုံမှာ နတ်ဆိုးဧကရာဇ်ထံတွင်သာ ရှိနေသဖြင့် စွမ်းအားချည့်နဲ့နေသော နတ်ဘုရင်တစ်ပါးကို အာရုံစိုက်ရန် အချိန်မရှိပေ။

……

ထိုအတောအတွင်း...

လျှို့ဝှက်လဝန်းနန်းတော်၌။

ယွမ်ယုတိ၏ အိပ်ဆောင်အတွင်း၌။

သူမ၏လက်ထဲရှိ ထောက်လှမ်းရေး အစီရင်ခံစာကို ကြည့်ကာ ယွမ်ယုတိ မျက်နှာပေါ်၌ မယုံကြည်နိုင်သော အရိပ်အယောင်များ ပေါ်ပေါက်နေ၏။ ထို့နောက် သူမ၏ ခန္ဓာကိုယ်မှ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်လာပြီး လဝန်းနန်းတော် တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

တစ်ခုခု မှားနေပြီဟု ထင်မှတ်ကာ လျှို့ဝှက်လဝန်းနန်းတော်မှ အကြီးအကဲများလည်း ယွမ်ယုတိ၏ အိပ်ဆောင်သို့ အလျင်အမြန် ရောက်ရှိလာကြသည်။

ယွမ်ယုတိ၏ စံအိမ်အတွင်းသို့ ဝင်လိုက်သည်နှင့် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေလျက် ခန်းမအလယ်တွင် မတ်တတ်ရပ်နေသော ယွမ်ယုတိကို သူတို့ တွေ့လိုက်ရ၏။

နတ်ဘုရင်ခံ လင်ရင်က

“နန်းတော်သခင်... ဘာတွေ ဖြစ်ပျက်ခဲ့လို့လဲ”

ယွမ်ယုတိက ဘာမှတုံ့ပြန်မပြောဘဲ သူမ၏လက်ထဲမှ ကျောက်စိမ်းလိပ်ကို သူတို့ရှေ့သို့ တိုက်ရိုက် ပစ်ချလိုက်သည်။ ထိုအခါ နတ်ဘုရင်ခံ လင်ရင်က ထိုကျောက်စိမ်းလိပ်အတွင်းရှိ အကြောင်းအရာကို ချက်ချင်းဖတ်ရှုလိုက်၏။

အခန်း (၁၆၈၈)

မိစ္ဆာကောင် အသက်ရှင်နေမယ်လို့ ဘယ်သူ ထင်ထားမလဲ

စာလိပ်ပါ သတင်းအချက်အလက်များကို ဖတ်ပြီးနောက် နတ်ဘုရင်ခံ လင်ရင် မျက်မှောင်ကြုတ်သွား၏။ ချန်ဘုရင် ပြန်လာသည့်သတင်း ဤမျှမြန်မြန် ပျံ့နှံ့သွားလိမ့်မည်ဟု သူမလည်း မထင်ထားခဲ့ပေ။

ထိုသို့ဆိုလျှင်တော့ ပြဿနာကြီးပေပြီ။

သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် ချန်ဘုရင် ကစဉ့်ကလျားနယ်မြေတွင် ရှိနေသည်ဟု သတင်းများက ဖော်ပြနေသဖြင့် လျှို့ဝှက်လဝန်းနန်းတော်သို့ သူ ရောက်ရှိနေသည်ကို လူများ မသိကြသေးတာ သေချာသည်။

လျှို့ဝှက်လဝန်းနန်းတော်ရှိ ချန်ဘုရင်သည် ကိုယ်ပွားတစ်ခုသာ ဖြစ်ပုံရပြီး ကစဉ့်ကလျားနယ်မြေမှ တစ်ယောက်မှာလည်း ကိုယ်ပွား ဟုတ်မဟုတ်ကိုတော့ မည်သူမှ မသိနိုင်ပေ။

ဤအကြောင်းကို လုချန်းအား နောက်မှ မေးမြန်းရန် နတ်ဘုရင်ခံ လင်ရင် စဉ်းစားလိုက်သည်။

ယွမ်ယုတိနှင့် ချန်ဘုရင်တို့၏ ရန်ငြိုးကို မသိသော အကြီးအကဲတစ်ယောက်က ဇဝေဇဝါဖြစ်လျက်

“ချန်ဘုရင် ပြန်လာတာက ကျုပ်တို့ လျှို့ဝှက်လဝန်းနန်းတော်နဲ့ ဘာမှမဆိုင်ဘူး မဟုတ်လား။ အရင်က ထျန်းရန်နတ်ဘုရားနယ်မြေက စွမ်းအားကြီး နတ်တွေ ချန်ဘုရင်ကို ဝိုင်းတိုက်တုန်းက ကျုပ်တို့ နန်းတော်တောင် မတည်ထောင်ရသေးဘူးလေ။”

“သူ ကလဲ့စားချေချင်တယ်ဆိုရင်တောင် ကျုပ်တို့ဆီ လာမှာမဟုတ်ပါဘူး။”

ယွမ်ယုတိ၏ ရန်ငြိုးကို မသိသူများအဖို့တော့ သူမ အဘယ်ကြောင့် ဤမျှ ဒေါသထွက်နေရသည်ကို နားမလည်နိုင်ကြပေ။

ယွမ်ယုတိက အကြီးအကဲများကို ဘာမှပြန်မပြောပဲ နတ်ဘုရင်ခံ လင်ရင်ကို တိုက်ရိုက်အမိန့်ပေးလိုက်၏။

“လင်ရင်... အခုကစပြီး လျှို့ဝှက်လဝန်းနန်းတော်ကို ရှင်ပဲ စီမံခန့်ခွဲလိုက်ပါ။ ကျွန်မ ကစဉ့်ကလျားနယ်မြေကို တစ်ခေါက်သွားလိုက်ဦးမယ်။”

နတ်ဘုရင်ခံ လင်ရင် စိတ်ထဲ တစ်ခုခု ပြောချင်သော်လည်း လုချန်းနှင့် ယွမ်ယုတိတို့ကြားရှိ နက်ရှိုင်းလှသော ရန်ငြိုးကို သိနေသဖြင့် သူမ မည်သို့ပင် တားဆီးပါစေ ယွမ်ယုတိ စိတ်ပြောင်းမည် မဟုတ်ကြောင်း နားလည်ထားသည်။ ထို့ပြင် စကားအမှားပါသွားပါက ချန်ဘုရင်နှင့် သူမ၏ ပတ်သက်မှုကို ရိပ်မိသွားနိုင်သဖြင့်

“ဟုတ်ကဲ့ပါ နန်းတော်သခင်”

ဟုတိုတိုတုတ်တုတ်သာ တုံ့ပြန်လိုက်တော့၏။

ပြောပြီးသည်နှင့် ယွမ်ယုတိ၏ ခန္ဓကိုယ်လည်း ရေခဲပွင့်များအဖြစ် ပြောင်းလဲကာ ထိုနေရာ၌ပင် ပျောက်ကွယ်သွားတော့၏။

ထိုလူယုတ်မာကို သူမ အပိုင်းပိုင်းဆွဲဖြတ်ချင်နေတာ ကြာပြီဖြစ်သည်။ ထိုလူကြောင့်သာ မဟုတ်လျှင် သူမ၏ အစ်မဖြစ်သူ ကစဉ့်ကလျားပင်လယ်တွင် သေဆုံးခဲ့ရမည်မဟုတ်ပေ။

ထိုမိစ္ဆာကောင် အသက်ရှင်နေလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

သူမ၏ အစ်မ သေဆုံးသွားခဲ့ရသော်လည်း ထိုမိစ္ဆာကောင်ကတော့ ကစဉ့်ကလျားပင်လယ်ထဲမှ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခြင်းအပေါ် သူမ အလွန် ဒေါသဖြစ်မိသည်။

နတ်များ၏ ကိုယ်ထည်နှင့် နတ်ဝိညာဉ်ကို ကစဉ့်ကလျားစွမ်းအားက တိုက်စားဖျက်ဆီးပစ်နိုင်သည် မဟုတ်ပါလား။

ထိုလူယုတ်မာသည် ကစဉ့်ကလျားပင်လယ်ထဲတွင် နှစ်ပေါင်းသန်းတစ်သောင်းကျော် ကြာအောင် နေထိုင်ခဲ့ပြီးမှ အသက်ရှင်လျက် ပြန်ထွက်လာခဲ့တာလား။

လူကောင်း အသက်မရှည် လူဆိုး နှစ်တစ်ထောင် ဆိုသည့် စကားက အင်မတန် မှန်လှ၏။

ယွမ်ယုတိ ထွက်သွားပြီးနောက် နတ်ဘုရင် လင်ရင်လည်း အချိန်မဆွဲပဲ လုချန်းကို ဖမ်းဆီးထားသည့် ရေခဲနှင့် နှင်းကမ္ဘာငယ်ဆီသို့ တိုက်ရိုက်လာခဲ့၏။

နတ်ဘုရင် လင်ရင် ရောက်လာသည်ကို ခံစားမိသည်နှင့် လုချန်း မျက်လုံးဖွင့်လိုက်၏။ လုချန်းက

“ခင်ဗျား ဘာလို့ ဒီကို ရောက်လာတာလဲ”

နတ်ဘုရင် လင်ရင်က

“နန်းတော်သခင်က သခင် ကစဉ့်ကလျားနယ်မြေမှာ ရှိနေတယ်ဆိုတာ သိသွားပြီ။ အခု သူ အဲဒီကို သွားနေပြီ။”

ထိုအရာကို ကြားလျှင် လုချန်းက ဂရုမစိုက်ပုံ မပေါ်ပေ။

သူ၏ မြေနတ်ကိုယ်ပွားသည် ကစဉ့်ကလျားနယ်မြေမှ ထွက်ခွာသွားပြီဖြစ်ပြီး ကွမ်းရန်ဘုရင်၏ နယ်မြေသို့ သူ ရောက်ရှိလာမည့် သတင်းကို ပျံ့နှံ့အောင် လုပ်ထားပြီးသား ဖြစ်သည်။ ထိုသတင်းများကြောင့် ထျန်းရှနတ်ဘုရားနိုင်ငံတော်တွင် သူ့ကို စောင့်ဆိုင်းရန် ယွမ်ယုတိ သွားနေခြင်းဖြစ်၏။

နတ်ဘုရင်တစ်ယောက်ဖြစ်သည့် ယွမ်ယုတိ၏ သွားနှုန်းက သူ့ထက် ပိုမြန်သဖြင့် ထျန်းရှနတ်ဘုရားနိုင်ငံတော်သို့ သူမ အရင်ရောက်နှင့်နေမှာ ဧကန်မုချပင်။ ထိုအခါ ကွမ်းရန်ဘုရင်ကို သူ ကဲ့စားချေခြင်းအား ယွမ်ယုတိ မျက်မြင်ကိုယ်တွေ့ တွေ့သွားလိမ့်မည်။

သူမ၏ ရှေ့မှောက်တွင် သူ သေဆုံးသွားခဲ့လျှင် ယွမ်ယုတိလည်း သူ၏ ဤကိုယ်ပွားကို ဆက်လက်သံသယဝင်နေတော့မည် မဟုတ်ပေ။ ထိုအတွေးကြောင့် လုချန်း၏ နှုတ်ခမ်းများ အနည်း‌ငယ်ကွေးညွှတ်ကာ ပြုံးယောင်သန်းသွား၏။

နတ်ဘုရင်ခံ လင်ရင်က လုချန်းကို စိုးရိမ်တကြီးဖြင့်

“သခင်... သခင့်ရဲ့ ပင်မကိုယ်က ကစဉ့်ကလျားနယ်မြေမှာ ရှိနေတာလား။”

လုချန်းက

“ကစဉ့်ကလျားနယ်မြေမှာ ရှိနေတာက ကျုပ်ရဲ့ ပင်မကိုယ် မဟုတ်ပါဘူး။ စိတ်မပူပါနဲ့”

လုချန်း၏ စကားကို ကြားမှ နတ်ဘုရင်ခံ လင်ရင် သက်ပြင်းချနိုင်တော့သည်။ ပင်မကိုယ် မဟုတ်လျှင် ပြဿနာ မရှိနိုင်ပေ။

လုချန်းက နတ်ဘုရင်ခံ လင်ရင်ကို

“ကောင်းပြီ... ခင်ဗျား အခု ပြန်လို့ရပြီ။ အခု ဆရာက ကစဉ့်ကလျားနယ်မြေကို သွားနေပြီ။ သူ နန်းတော်ကနေ ထွက်သွားတဲ့ သတင်းကို သွေးလင်းယုန်ခန်းမက မိစ္ဆာနတ်တွေ သိသွားရင် နန်းတော်ရဲ့ နယ်မြေထဲမှာ ပြဿနာရှာကြလိမ့်မယ်။ အဲဒါကြောင့် ခင်ဗျား သတိထားပြီး စောင့်ကြည့်နေပါ။”

နတ်ဘုရင်ခံ လင်ရင်က လုချန်းကို

“ဟုတ်ကဲ့ပါ သခင်”

လုချန်း သက်ပြင်းတစ်ချက်ချလိုက်ရင်း

“လင်ရင်... ကျုပ်ကို သခင်လို့ မခေါ်ဖို့ အကြိမ်ကြိမ် ပြောဖူးတယ်နော်။ အကာအကွယ်နည်းဗျူဟာ ရှိနေရင်တောင် သတိထားရမယ်။”

နတ်ဘုရင်ခံ လင်ရင် ခဏခန့် မှင်တက်သွားပြီးမှ

“ကျွန်မ နားလည်ပါပြီ။”

ယွမ်ယုတိ ထွက်ခွာသွားသော်လည်း လျှို့ဝှက်လဝန်းနန်းတော်အတွင်း၌သာ သူတို့ ရှိနေခြင်း ဖြစ်သဖြင့် သူတို့၏ ခေါ်ဝေါ်ပုံများကို အခြားသူများ ကြားသွားနိုင်ပြီး သူတို့၏ ဆက်ဆံရေးကို သံသယဝင်သွားစေနိုင်သည်။

ထိုအရာကို ယွမ်ယုတိသာ သိသွားပါက အခက်တွေ့ပေလိမ့်မည်။

နတ်ဘုရင်ခံ လင်ရင်က စကားမပြောမီ အကာအကွယ်နည်းဗျူဟာကို အမြဲတမ်း ပြင်ဆင်ထားတတ်သော်လည်း ထိုနည်းဗျူဟာများက အမြဲတစေ စိတ်ချရသည်တော့ မဟုတ်ပေ။ အချို့သော အထူးပညာရပ်များဖြင့် အတွင်းထဲတွင် ဖြစ်ပျက် နေသည့် အရာများကို စုံစမ်းထောက်လှမ်းနိုင်၏။

နတ်ဘုရင်ခံ လင်ရင်လည်း ဘာမှထပ်မပြောတော့ပဲ ထိုရေခဲနှင့်နှင်းကမ္ဘာငယ်ထဲမှ ထွက်ခွာသွား၏။ သူမ သခင်၏ ပင်မကိုယ် ကစဉ့်ကလျားနယ်မြေတွင် မရှိသည့်အတွက် သူမ စိတ်အနည်းငယ် စိတ်အေးသွားရသည်။

နတ်ဘုရင်ခံ လင်ရင် ထိုကမ္ဘာငယ်လေးထဲမှ ထွက်သွားသည်နှင့် ယဲ့ချူယောင်၏ ပုံရိပ် ပေါ်လာ၏။

ယဲ့ချူယောင်က လုချန်းကို

“မောင်လေး... ကျွန်မကြောင့် ရှင် ဒီလိုဖြစ်ရတာပါ။”

ချန်ဘုရင် ပြန်လာသည့် သတင်းကို သူမလည်း ကြားသိခဲ့ရသည်။ သို့သော် သူမကို ဇဝေဇဝါဖြစ်စေသည်က လုချန်းသည် လျှို့ဝှက်လဝန်းနန်းတော်ထဲတွင် ရှိနေသော်လည်း အဘယ်ကြောင့် ကစဉ့်ကလျားနယ်မြေတွင် ပေါ်ပေါက်နေသည်ဟု သတင်းများ ထွက်နေရသနည်း ဆိုသည့် အချက်ပင်။

ထို့ပြင် ဆရာဖြစ်သူကလည်း အဘယ်ကြောင့် ထိုနေရာ၌ သူ့ကို သွားရှာရသနည်း။

ဆရာဖြစ်သူသည် လုချန်းကို ကစဉ့်ကလျားနယ်မြေမှ ခေါ်လာခဲ့ခြင်း ဖြစ်သည်။ ချန်းလု လုချန်း ဖြစ်နေနိုင်သလားဟု သူမ၏ ဆရာဖြစ်သူက လုံးဝသံသယ မဝင်ခဲ့တာလား။

ထိုသို့သော စကားများ လာပြောနေသည့် ယဲ့ချူယောင်ကို မြင်လျှင် လုချန်းလည်း သူမ၏ ဟန်ဆောင်ကောင်းမှုကို ကြည့်ကာ စိတ်ထဲက ရယ်လိုက်မိ၏။

လုချန်းက

“အစ်မကို အပြစ်မတင်ပါဘူး။ ကျုပ်ကိုယ်ကျုပ်ကို မထိန်းနိုင်လို့ ဆရာ့ရှေ့မှာ အရှက်ကွဲပြီး ဆရာ့ကို ဒေါသထွက်အောင် လုပ်မိတာပါ။”

“ဒီနေ့ အစ်မ ဘာလို့ ဒီကို လာတာလဲ။ မြန်မြန် ပြန်လိုက်ပါ... ဆရာသာ သိသွားရင် ထပ်ပြီး စိတ်ဆိုးနေလိမ့်မယ်။”

ယဲ့ချူယောင်က လုချန်းအနားသို့ တိုးလာပြီး

“မောင်လေး စိတ်မပူပါနဲ့။ ဆရာက အခု ကစဉ့်ကလျားနယ်မြေကို သွားနေတာပါ။”

လုချန်း၏ တုံ့ပြန်မှုကို ကြည့်ရန် ထိုအကြောင်းကို ယဲ့ချူယောင် တမင်ပြောပြလိုက်ခြင်း ဖြစ်၏။

လုချန်းက စူးစမ်းလိုဟန်ဖြင့် ယဲ့ချူယောင်ကို

“ကစဉ့်ကလျားနယ်မြေ ဟုတ်လား......ဆရာက အဲ့ဒီကို ဘာသွားလုပ်တာလဲ။”

ယဲ့ချူယောင်က

“ချန်ဘုရင် ကစဉ့်ကလျားပင်လယ်ထဲက ပြန်ထွက်လာပြီလို့ သတင်းတွေ ထွက်နေတယ်။ ဆရာနဲ့ ချန်ဘုရင်ကြားမှာ ရန်ငြိုးရှိထားတာဆိုတော့ အဲ့ဒီ လူယုတ်မာကို သတ်ဖို့အတွက် ကစဉ့်ကလျားနယ်မြေကို သွားတာပေါ့။”

ထိုသို့ပြောရင်း ယဲ့ချူယောင်က လုချန်းကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သော်လည်း လုချန်း ကတော့ မသိနားမလည်သည့်ပုံစံဖြင့် အေးအေးဆေးဆေးပင် ရှိနေသည်။

လုချန်းက

“ချန်ဘုရင် ဟုတ်လား... အဲဒါ အစ်မ တစ်ခါက ကျုပ်ကို မှားပြီး ခေါ်ခဲ့တဲ့လူ မဟုတ်လား။”

ယဲ့ချူယောင်က

“ဟုတ်တယ်... ရှင်က ချန်ဘုရင်နဲ့ အရမ်းတူလွန်းလို့ ကျွန်မ မှားသွားတာပါ။”

“ဒါပေမဲ့ အခုတော့ ကျွန်မ မောင်လေးကို အထင်မှားခဲ့တာ သေချာသွားပြီ။ ရှင်က ချန်ဘုရင်နဲ့ တူတဲ့လူတစ်ယောက်သက်သက်ပါပဲ။”

လုချန်းက

“အစ်မမှာလည်း အဲ့ဒီချန်ဘုရင်နဲ့ ရန်ငြိုးရှိနေပုံရတာပဲ။ ဘာလို့ ဆရာနဲ့အတူ ကစဉ့်ကလျားနယ်မြေကို လိုက်မသွားတာလဲ။”

ထိုလူယုတ်မာ လျှို့ဝှက်လဝန်းနန်းတော်ထဲတွင် ရှိနေသည်ကို သူမ သိနေသောကြောင့် ဖြစ်သည်ဟု ယဲ့ချူယောင်၏ စိတ်ထဲ ပြောလိုက်၏။

သို့သော် သူမ အပြင်သို့ ထုတ်ပြောခြင်းတော့ မရှိပေ။

ယဲ့ချူယောင်က

“တကယ်တော့ ကျွန်မနဲ့ ချန်ဘုရင်ကြားမှာ နက်ရှိုင်းတဲ့ ရန်ငြိုးရယ်လို့တော့ မရှိပါဘူး။ ကျွန်မရဲ့ အချစ်ဆုံး သူငယ်ချင်းကို ကစဉ့်ကလျားပင်လယ်ထဲ ခေါ်သွားတာကို ကျွန်မ ကြည့်မရတာပါ။”

လုချန်း၏ သတိ လျော့နည်းသွားစေရန်နှင့် သူ၏ သရုပ်မှန်ကို အလိုအလျောက် ဝန်ခံလာစေရန်အတွက် သူမ၏ မုန်းတီးမှုကို မပြသ တော့ရန် ယဲ့ချူယောင် ဆုံးဖြတ်ထားသည်။ မဟုတ်လျှင် လုချန်းက သူ မည်သူဖြစ်ကြောင်း မည်သည့်အခါမှ အရင်စပြောလိမ့်မည် မဟုတ်ပေ။

……………

အခန်း (၁၆၈၉)

ဝူယာနတ်သခင်ကိုယ်တိုင် အရေးယူမှာလား

ယဲ့ချူယောင်၏ စကားများကို ကြားလျှင် လုချန်း အတွေးထဲ တိတ်တဆိတ် ရယ်မောမိ၏။ သူ၏ ယုံကြည်မှုလွန်ကဲလာအောင် သူမ လှည့်ဖြားနေခြင်းဖြစ်ကြောင်း လုချန်း အတိုင်းသား ရိပ်မိနေသဖြင့် သူမ ဖြစ်စေချင်သည့်အတိုင်း အလိုက်ထိုက် လိုက်ပါပေးရန်သာ ဆုံးဖြတ်လိုက်သည်။

လျှို့ဝှက်လဝန်းနန်းတော်၌ စတင်တွေ့ဆုံစဉ်က သူမသည် သူ့ကို အပိုင်းပိုင်းခုတ်ထစ်ရန် ကြိုးပမ်းခဲ့သော်လည်း ယခုတော့ မည်သည့်မုန်းတီးမှုမှ မရှိခဲ့သယောင် ပြောဆိုနေ၏။

သို့သော်လည်း ယဲ့ချူယောင်၏ လှည့်ကွက်များကို လုချန်း အထူးတလည် ဂရုမစိုက်ပေ။

သူမက ပြဇာတ်ကပြချင်နေမှတော့ သူကလည်း ပူးပေါင်းပေးရုံသာ ရှိတော့သည်။

လုချန်းက ယဲ့ချူယောင်ကို

“ ဒီလိုလား... ကျုပ်ကတော့ အစ်မနဲ့ ချန်ဘုရင်ကြားမှာ နက်ရှိုင်းတဲ့ ရန်ငြိုးတွေ ရှိနေတယ်လို့ ထင်နေတာ။”

ထိုအခိုက် ယဲ့ချူယောင်က တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် လုချန်းက ဆက်လက်၍

“အစ်မ... ကျုပ် အခုတလော ဒီရေခဲပြင်ထဲမှာပဲ နေနေရတော့ အေးစက်လွန်းတဲ့ နတ်အငွေ့အသက်တွေက ကျုပ်ရဲ့ ကျင့်စဉ်ကို အများကြီး အနှောင့်အယှက် ပေးနေတယ်။ ကျုပ်ဆီက စွမ်းအားတွေကလည်း ထိန်းမရသိမ်းမရ ဖြစ်လာသလိုပဲ။ အဲဒါကြောင့် အစ်မအနေနဲ့ ကျုပ်ရဲ့ ခန္ဓာကိုယ်ကို ပြုပြင်ညှိနှိုင်းပေးဖို့ ကူညီနိုင်မလားလို့ပါ။”

ထိုအရာကို ကြားလျှင် ယဲ့ချူယောင် ခဏခန့် မှင်တက်သွားရ၏။ သူမသည် လုချန်း၏ သတိထားမှုကို လျော့နည်းသွားစေရန်အတွက် ရင်းနှီးသည့် ဆက်ဆံရေးတစ်ခု တည်ဆောက်ရန် ဤကမ္ဘာငယ်ထဲသို့ ဝင်လာခဲ့ခြင်း ဖြစ်သော်လည်း လုချန်းဘက်မှ ဤကဲ့သို့သော တောင်းဆိုမှုကို အရင်ပြုလုပ်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

ခန္ဓာကိုယ်ကို ပြုပြင်ညှိနှိုင်းပေးရမယ် ဟုတ်လား။

ဒါက ယောက်ျားနဲ့ မိန်းမကြားက ရင်းနှီးမှုကို သွယ်ဝိုက်ပြီး ပြောတဲ့ ဆင်ခြေတစ်ခုပဲ မဟုတ်လား။

ဟင်း...

တကယ့်ကို ကာမဂုဏ်မက်တဲ့ လူယုတ်မာပဲ။

ယဲ့ချူယောင် ခဏခန့် စဉ်းစားလိုက်၏။ သူမ၏ ဆရာဖြစ်သူသည် ကစဉ့်ကလျားနယ်မြေသို့ သွားရောက်ကာ လုချန်းကို ရှာဖွေနေမည်ဖြစ်သဖြင့် ချက်ချင်း ပြန်လာဦးမည် မဟုတ်ပေ။

ထိုအချိန်အတွင်း သူမအနေနှင့် လုချန်းနှင့် စုံတွဲကျင့်စဉ်ကို ကျင့်ကြံနိုင်သည်။

ထိုသို့ တွေးတောပြီးနောက် ယဲ့ချူယောင်က

“ကောင်းပါပြီ... မောင်လေးရဲ့ ခန္ဓာကိုယ်ကို ကျွန်မ ပြုပြင်ပေးပါ့မယ်။ ဒါပေမဲ့ အရင်တစ်ခေါက်ကလိုမျိုးတော့ မဆိုးရဘူးနော်။ ဆရာ ပြန်လာတာကို သိတာနဲ့ ချက်ချင်း ခွဲခွာရမယ်။ မဟုတ်ရင် နောက်ဆို ကျွန်မ မောင်လေးကို ဘယ်တော့မှ ကူညီတော့မှာ မဟုတ်ဘူး။”

လုချန်းက

“အရင်တစ်ခေါက်က အမှတ်မထင် ဖြစ်သွားတာပါ။ စိတ်ချပါ အစ်မ... ဒီတစ်ခါတော့ အဲဒီလို ဖြစ်မှာ မဟုတ်ပါဘူး။”

ယဲ့ချူယောင်က လုချန်းကို သံသယဝင်သလို ကြည့်လိုက်သော်လည်း ဘာမှ ထပ်မပြောတော့ပေ။ ထိုအခိုက် လုချန်းက လက်ကို ဝှေ့ယမ်းလိုက်ရာ သူတို့ရှေ့တွင် နန်း ဆောင်တစ်ခု ပေါ်လာတော့၏။

ထို့နောက် လုချန်းလည်း ယဲ့ချူယောင်အနားသို့ တိုးသွားကာ သူမ၏ ခါးကို လက်တစ်ဖက်ဖြင့် ရဲရဲတင်းတင်း ဖက်လိုက်တော့သည်။

ယဲ့ချူယောင် စိတ်ထဲ လှောင်ပြုံးပြုံးလိုက်မိ၏။

ဤလူယုတ်မာသည် ဟန်ဆောင်ရန်ပင် အားမထုတ်တော့ပေ။

သို့သော်လည်း ဤသို့ဖြစ်သည်ကပင် သူမအတွက် ပိုကောင်း၏။

သူ၏ သတိများ လျော့နည်းသွားမှသာ သူမအနေနှင့် သူ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်မည် မဟုတ်ပါလား။

ထို့နောက် ယဲ့ချူယောင်ကို ဖက်လျက် နန်း ဆောင်အတွင်းသို့ လုချန်း ဝင်လာခဲ့၏။ နန်း ဆောင်အတွင်းသို့ ရောက်သည်နှင့် ယဲ့ချူယောင်ကို ခန်းမဆောင်အတွင်းရှိ ကုတင်ထက်သို့ လှဲချလိုက်ပြီး သူမ၏ နှုတ်ခမ်းများကို ဖိကပ်နမ်းရှုံ့တော့သည်။

အရင်ကလည်း ကြုံဖူးထားသဖြင့် ဤတစ်ကြိမ်တွင် ယဲ့ချူယောင် အလွန် ထိတ်လန့်ခြင်း မရှိတော့ပဲ ရင်းနှီးကျွမ်းဝင်သည့် အခြေအနေသို့ သူတို့နှစ်ဦး လျင်မြန်စွာ ရောက်ရှိသွားကြ၏။

ယဲ့ချူယောင်၏ သတိတရားများ ဝေဝါးနေစဉ် သူမ၏ အတွေးထဲ၌

‘ကျန်းဝမ်... စိတ်ချပါ။ ငါ ဒီလူယုတ်မာရဲ့ အားနည်းချက်ကို ဧကန်မုချ ရှာဖွေပြီး နင့်အတွက် ကလဲ့စားပေပေးမယ်’

ဟုသာရေရွတ်နေတော့သည်။

……

ချန်ဘုရင် ထျန်းရှနတ်ဘုရားနိုင်ငံတော်သို့ ဦးတည်လာတော့မည်ဟူသော သတင်းသည် တောင်ပိုင်းနယ်မြေတစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ယွမ်ယုတိ၏ နားထဲသို့လည်း ရောက်ရှိသွား၏။

အစက သူမသည် ကစဉ့်ကလျားနယ်မြေသို့ ရောက်လုနီးပါး ဖြစ်နေပြီဖြစ်သော်လည်း လုချန်းက လုကျင့်ဖူကို ကလဲ့စားချေရန် သွားနေသည်ဟု ကြားလိုက်ရသဖြင့် ဝေခွဲမနေတော့ပဲ ကွမ်းရန်ဘုရင်၏ နယ်မြေအတွင်း၌ လုချန်းကို စောင့်ဆိုင်းရန် ထျန်းရှနတ်ဘုရားနိုင်ငံတော်သို့ တိုက်ရိုက် ဦးတည်လိုက်တော့သည်။

လုချန်း၏ ပုန်းခိုရာ နေရာ လူသိရှင်ကြား ဖြစ်သွားပြီ ဖြစ်သဖြင့် ကစဉ့်ကလျားနယ်မြေမှ သူ ထွက်ခွာသွားလောက်ပြီဟုလည်း သူမ ယူဆ၏။ ထိုနေရာသို့ ဆက်သွားနေခြင်းမှာ အချိန်ကုန်ရုံသာ ရှိပေလိမ့်မည်။ ထို့ကြောင့် ထျန်းရှနတ်ဘုရားနိုင်ငံတော်တွင် စောင့်ဆိုင်းနေခြင်းက ပို၍ ထိရောက်ပေလိမ့်မည်။

ထိုစဉ်က ကွမ်းရန်ဘုရင်ကြောင့် လုချန်း အရာရာကို ဆုံးရှုံးခဲ့ရသည်ကို ထောက်ဆလျှင် လုချန်း ကလဲ့စားချေရန် ရောက်လာမည့် အခွင့်အရေးက အလွန်မြင့်မားလှ၏။ ထို့ကြောင့် ထျန်းရှနတ်ဘုရားနိုင်ငံတော်၌ စောင့်နေခြင်းက လုချန်းနှင့် တွေ့ဆုံရန် ပို၍ ဖြစ်နိုင်ခြေ ရှိသည်။

…….

ကွမ်းရန်ဘုရင်၏ နန်းတော်။

နန်းတော်ခန်းမကြီးအတွင်း၌။

လုကျင့်ဖူသည် သူရှေ့ရှိ စာလိပ်ပါ အကြောင်းအရာများကို ကြည့်ရင်း စိတ်ထဲတွင် အနည်းငယ် ပျာယာခတ်သွား၏။

လုချန်းက တကယ်ပဲ ထျန်းရှနတ်ဘုရားနိုင်ငံတော်ကို တိုက်ရိုက် လာနေတာလား။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သူ့ရဲ့ စွမ်းအားတွေက ပြန်မရသေးဘူး မဟုတ်လား။

ပြီးတော့ အခု ထိပ်တန်း အင်အားစုတွေကလည်း သူ ပြန်နိုးထလာမှာကို ကြောက်နေကြဖြင့် သူ့ကို အသေသတ်ရန် စောင့်ကြည့်နေကြတာ မဟုတ်လား။

သူ တကယ်ပဲ ထျန်းရှနတ်ဘုရားနိုင်ငံတော်ကို ရဲရဲတင်းတင်း လာရဲပါ့မလား။

တစ်နေရာရာမှာ ပုန်းနေတာက ပိုပြီး ဖြစ်နိုင်ခြေ မရှိဘူးလား။

ဒီသတင်းက လူတွေရဲ့ အာရုံကို ထျန်းရှနတ်ဘုရားနိုင်ငံတော်ဆီ လွှဲထားပြီး သူကတော့ တခြားတစ်နေရာမှာ ပုန်းနေဖို့ လုချန်း တမင်လုပ်လိုက်တဲ့ အစီအစဉ်များလား။

ဒါက ပိုပြီး ဖြစ်နိုင်၏။

လုချန်းက သူ့ကို သတ်ဖို့အတွက်နဲ့ သူကိုယ်သူ အန္တရာယ်ထဲ တွန်းပို့လိမ့်မည်ဟု လုကျင့်ဖူ မယုံကြည်ပေ။

ထိုသို့ တွေးတောရင်း လုကျင့်ဖူ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာတော့၏။

သူသည် အရင်က လူမဟုတ်တော့ပေ။ သူ၏ ကျင့်စဉ်အဆင့်က လုချန်းကို မမီသော်လည်း သူ ထိန်းချုပ်ထားသည့် အင်အားစုများက လုချန်းကို ကိုင်တွယ်ရန် လုံလောက်သည်ထက် ပို၏။

သူ့နောက်ကွယ်တွင် သွေးလင်းယုန်ခန်းမ ရှိနေပြီး သူ၏ အနားတွင်လည်း နတ်ဘုရင်ခံ အမြောက်အမြား စုစည်းထားပြီးသား ဖြစ်သည်။ ကျင့်စဉ်အဆင့် ကျဆင်းနေသည့် နတ်ဘုရင်တစ်ယောက်ကို ကြောက်နေစရာ မလိုပေ။

အထူးသဖြင့် လုချန်းသည် ကစဉ့်ကလျားစွမ်းအား၏ တိုက်စားမှုကို ခံထားရသည့် နတ်ဘုရင်တစ်ပါး မဟုတ်ပါလား။

သူ၏ အခြေအနေ မည်မျှအထိ ဆိုးရွားနေမှန်း မည်သူမှ မသိနိုင်ပေ။

လုချန်းက သူ့ကို မည်သို့ သတ်နိုင်ပါမည်နည်း။

သူ၏ နန်းတော်အနီးရှိ နတ်ဘုရင်ခံများနှင့် နည်းဗျူဟာပုံစံများကို တွေးတောမိရင်း လုကျင့်ဖူ အနည်းငယ် စိတ်အေးသွားသည်။

လုကျင့်ဖူက နှာခေါင်းရှုံ့လျက်

“ခင်ဗျား တကယ် လာရဲတယ်ဆိုရင်တော့ ကျုပ်က ခင်ဗျားကို အသက်ရှင်လျက် ပြန်မလွှတ်တော့ဘူး။”

…….

ခမ်းနားသော ကောင်းကင်ခန်းမ။

ပေရာပေါင်းများစွာ မြင့်မားလှသော ခမ်းနားထည်ဝါသည့် ခန်းမကြီးအတွင်းရှိ ပလ္လင်ထက်ဝယ် ရွှေရောင်ကိုယ်ထည်တစ်ခု ရှိနေ၏။

ထိုအချိန်တွင် နတ်ဘုရင် ချင်းယွမ် ခန်းမအတွင်းသို့ ဝင်လာကာ ထိုရွှေရောင်ကိုယ်ထည်ကြီးကို ဂါရဝပြုလျက်

“နတ်သခင်ကို ဂါရဝပြုပါတယ်”

ခဏအကြာတွင် ခေါင်းလောင်းသံကဲ့သို့ အသံကြီး တစ်သံ ဟိန်း၍ထွက်ပေါ်လာ၏။

“လုချန်း ကစဉ့်ကလျားပင်လယ်ထဲက ပြန်ထွက်လာတယ်လို့ ကျုပ် ကြားတယ်”

ခမ်းနားသော ကောင်းကင်ခန်းမတွင် နတ်သခင် အမြောက်အမြား ရှိ၏။ ထိုအထဲမှ ဝူယာနတ်သခင်သည် လွန်ခဲ့သော နှစ်သန်းထောင်ပေါင်းများစွာက လုချန်းကို လိုက်လံသတ်ဖြတ်ခဲ့သူ ဖြစ်သည်။

ခမ်းနားသော ကောင်းကင်ခန်းမရှိ အခြားသော နတ်သခင်များကတော့ လုချန်း ပြန်လည်နိုးထလာသည့် သတင်းကို အလေးအနက် မထားကြပေ။ လုချန်း၏ နတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်မှာ ကစဉ့်ကလျားစွမ်းအား၏ တိုက်စားမှုကို ခံထားရသဖြင့် သူ၏ စွမ်းအားသည် နတ်ဘုရင်အဆင့်သို့ ပြန်ရောက်ရန်ပင် မသေချာကြောင်း၊ နတ်ဧကရာဇ်အဆင့်သို့ တက်လှမ်းရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ကြောင်း သူတို့ ယုံကြည်နေကြသည်။

လုချန်းသည် နတ်ဆိုးဧကရာဇ် မဟုတ်သည့်အတွက် သူ ပြန်လာခြင်းအပေါ် သူတို့ နည်းနည်းမှ စိုးရိမ်မကင်း မရှိပေ။ ထို့ကြောင့် တောင်ပိုင်းနယ်မြေရှိ နတ်ဘုရင်အဆင့် အင်အားစုများကိုသာ လုချန်းအား ဝိုင်းတိုက်ရန် ညွှန်ကြားထားပြီး သူတို့၏ အဓိက အာရုံကတော့ နတ်ဆိုးဧကရာဇ်ကို ကိုင်တွယ်ရန်သာ ဖြစ်သည်။

သို့သော်လည်း ဝူယာနတ်သခင်ကတော့ ထိုသို့မဟုတ်ပေ။ ဝူယာနတ်သခင်သည်သည် အရင်က လုချန်းနှင့် ရင်ဆိုင်ခဲ့ဖူးသဖြင့် လုချန်း၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်များကို ကောင်းကောင်း သိထားသည်။

ထို့ကြောင့် လုချန်း ပြန်လာသည့်သတင်းကို ကြားသည်နှင့် နတ်ဘုရင် ချင်းယွမ်ကို ခေါ်ယူကာ လုချန်း၏ အခြေအနေကို အစီရင်ခံရန် ခိုင်းစေခဲ့ခြင်း ဖြစ်သည်။

နတ်ဘုရင် ချင်းယွမ်က

“ဟုတ်ကဲ့ပါ နတ်သခင်”

ဝူယာနတ်သခင်က

“အခု သူ ဘယ်မှာလဲ”

ဝူယာနတ်သခင်က လုချန်း၏ တည်နေရာကို မေးမြန်းနေသည်ကို မြင်လျှင် နတ်ဘုရင် ချင်းယွမ် စဉ်းစားမိသွား၏။

ဝူယာနတ်သခင်ကိုယ်တိုင် အရေးယူဖို့ ပြင်နေတာလား။

ထိုသို့သာဆိုလျှင် ဝူယာနတ်သခင်သည် လျှို့ဝှက်လဝန်းနန်းတော်ကိုပါ တစ်ပါတည်း ကိုင်တွယ်ပေးနိုင်လိမ့်မည်။ နတ်သခင်တစ်ယောက်အဖို့ နတ်ဘုရင်တစ်ယောက်သာ ရှိသည့် ဂိုဏ်းတစ်ဂိုဏ်းကို ကိုင်တွယ်ရန်က အလွန်လွယ်ကူလှသည် မဟုတ်ပါလား။

နတ်ဘုရင် ချင်းယွမ်က ရိုသေစွာဖြင့်

“သတင်းတွေအရတော့ သူ ကစဉ့်ကလျားနယ်မြေမှာ ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အခုတလောမှာတော့ ထျန်းရှနတ်ဘုရားနိုင်ငံတော်က ကွမ်းရန်ဘုရင်ကို ကလဲ့စားချေဖို့ သူ သွားနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ သူက အဲဒီကို သွားနေတာလည်း ဖြစ်နိုင်သလို အဲဒီ့ကို ရောက်နေတာလည်း ဖြစ်နိုင်ပါတယ်။”

နတ်ဘုရင် ချင်းယွမ်၏ အဖြေကို ကြားပြီးနောက် ဝူယာနတ်သခင် ခဏခန့် စဉ်းစားကာ

“သူ့ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ထားပါ။ သတင်းအသစ်ရတာနဲ့ ကျုပ်ကို ချက်ချင်း အစီရင်ခံပါ။”

ထိုအရာကို ကြားလျှင် နတ်ဘုရင် ချင်းယွမ် အနည်းငယ် မှင်တက်သွား၏။

ဝူယာနတ်သခင်က သူကိုယ်တိုင် အရေးယူရန် မစဉ်းစားသေးတာလား။

All Chapters