← Chapters

အခန်း (၁၆၉၀-၁၆၉၂)

Vol. 113 Ch. 1690-1692

အခန်း (၁၆၉၀-၁၆၉၂)

Vol. 113 Ch. 1690-1692

အခန်း (၁၆၉၀)

လုချန်း ဤနေရာသို့ လာမည်မဟုတ်

သတိပြန်ဝင်လာလျှင် နတ်ဘုရင် ချင်းယွမ်က

“ဝူယာနတ်သခင်... ကိုယ်တိုင် လှုပ်ရှားဖို့ အစီအစဉ် မရှိဘူးလား”

ဝူယာနတ်သခင် အနေနှင့် လျှို့ဝှက်လဝန်းနန်းတော်ကို လက်စသတ်ပေးစေရန် နတ်ဘုရင် ချင်းယွမ် ကြံစည်ထားခြင်း ဖြစ်၏။ ယခု ဝူယာ နတ်သခင်က သူ စိတ်ဝင်စားနေသည့် လုချန်းကိစ္စကိုတောင် ကိုယ်တိုင် လှုပ်ရှားဖို့ မထွက်လျှင် လျို့ဝှက်လဝန်း ‌နန်းတော်ကိစ္စအတွက် ဝူယာနတ်သခင်ထံမှ အကူအညီ ရနိုင်ရန် နတ်ဘုရင် ချင်းယွမ်အနေနှင့် မည်သို့ စည်းရုံးနိုင်မည်နည်း။

အပြင်စည်းဂိုဏ်းမှ နတ်ဘုရင်တစ်ပါး ဖြစ်သော သူသည် နတ်သခင်တစ်ပါးကို သူ၏ ကိစ္စအတွက် သီးသန့် ကူညီပေးရန် တောင်းဆိုပိုင်ခွင့် မရှိပေ။

“သူ့ရဲ့ စွမ်းအားတွေ ပြန်မရသေးဘူးဆိုရင် ဘယ်နတ်ဘုရင်မဆို သူ့ကို သတ်နိုင်တယ်... ကျုပ်တိုင် သွားစရာ မလိုဘူး”

ဟူသော ဝူယာနတ်သခင်၏ ဟိန်းဟောက်သံက ခန်းမအတွင်း ပဲ့တင်ထပ်သွား၏။

လုချန်း၏ စွမ်းအားများ ပြန်ကောင်းလာမည်ကို သူ စိုးရိမ်သော်လည်း ကစဉ့်ကလျား စွမ်းအားကြောင့် လုချန်း၏ ကျင့်စဉ်များ ပြင်းထန်စွာ ပျက်စီးသွားလောက်ပြီဟုလည်း သူက ယူဆ၏။

သူ့ရဲ့ ကျင့်စဉ်အဆင့်ကို ပြန်ရဖို့က အချိန်အတော်ကြာ လိုအပ်လိမ့်မည်။ သူက စိတ်ထဲတွင် လုချန်းကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် သတ်မှတ်ထားဆဲ ဖြစ်သော်လည်း နတ်ဘုရင်အဆင့်ပင် မရှိတော့သူကို နတ်သခင်တစ်ပါးက ကိုယ်တိုင် နှိမ်နင်းခြင်းမှာ ဂုဏ်သိက္ခာ ကျဆင်းစရာ ကိစ္စဟု သူက ထင်မြင်မိပြန်၏။ လုချန်း၏ သတင်းကိုသာ သူ စောင့်ကြည့်မည်သာဖြစ်ပြီး ကိုယ်တိုင် လှုပ်ရှားရန်အထိတော့ မရည်ရွယ်ပေ။

ဝူယာနတ်သခင်၏ စကားကို ကြားလျှင် နတ်ဘုရင် ချင်းယွမ် အနည်းငယ် နှမြောတသ ဖြစ်သွား၏။ ဝူယာနတ်သခင်၏ လက်ကို အသုံးချကာ လုချန်းကို အလွယ်တကူ ရှင်းပစ်နိုင်မည်ဟု သူက အစက တွေးထားခဲ့ခြင်း ဖြစ်သည်။

ယခုတော့ သွေးလင်းယုန်ခန်းမကို အားကိုးရန် လိုအပ်နေဆဲ ဖြစ်ကြောင်း သူ သိလိုက်ရ၏။

နတ်ဘုရင် ချင်းယွမ်က

“ကျုပ်နားလည်ပါပြီ... နတ်သခင်မှာ တခြား အမိန့် မရှိရင် ကျုပ်ကို ခွင့်ပြုပါဦး။”

ဝူယာနတ်သခင်က ခပ်အေးအေးပင်

“သွားတော့”

ဝူယာနတ်သခင်၏ စကားအဆုံးတွင် နတ်ဘုရင် ချင်းယွမ်လည်း လှည့်ထွက်ကာ ခန်းမဆောင်ကြီးအတွင်းမှ ထွက်ခွာသွား တော့သည်။ နတ်ဘုရင် ချင်းယွမ် ထွက်သွားပြီးနောက် ဝူယာနတ်သခင်၏ တိုးညှင်းသော ရေရွတ်သံက ခန်းမကြီးအတွင်း ပဲ့တင်ထပ်သွား၏။

“နတ်ဆိုးဧကရာဇ်က ကစဉ့်ကလျား ပင်လယ်ကနေ အခုလေးတင် ထွက်လာတယ်... အခု လုချန်းကလည်း အဲဒီကနေ ပြန်ပေါ်လာပြန်ပြီ... သူတို့ကြားမှာ ပတ်သက်မှု တစ်ခုခု ရှိနေတာလား။”

ကစဉ့်ကလျား ပင်လယ်ထဲ ဝင်သွားသူတိုင်းသည် ကစဉ့်ကလျား စွမ်းအား၏ တိုက်စားမှုကို ခံရမည်ဟု အတိတ်ကာလက အားလုံး ယုံကြည်ခဲ့ကြ၏။ နတ်ဧကရာဇ်ပင် ထိုပင်လယ်ထဲမှ ပြန်ထွက်မလာနိုင်ခဲ့ပေ။

ကစဉ့်ကလျား ပင်လယ်အတွင်းသို့ နတ်ဆိုးဧကရာဇ် တစ်ပါးတည်းသာ ဝင်ခဲ့သည် မဟုတ်ပေ။ အဆုံးမဲ့သော ကာလတစ်လျှောက် ထျန်းရန် နတ်ဘုရား နယ်မြေတွင် နတ်ဧကရာဇ် တစ်ပါး ပေါ်ထွန်းလာတိုင်း သူတို့၏ နောက်ဆုံး ကံကြမ္မာမှာ ကစဉ့်ကလျား ပင်လယ်အတွင်းသို့ ဝင်ရောက်ကာ အစအန ပျောက်ကွယ်သွားခြင်းသာ ဖြစ်၏။ သက်တမ်းစေ့၍ သေဆုံးသွားသော နတ်ဧကရာဇ်များမှာ အလွန်ပင် နည်းပါးလှ၏။

ကစဉ့်ကလျား ပင်လယ်ထဲတွင် ဧကရာဇ် အဆင့် ကျင့်ကြံသူများကို ဆွဲဆောင်နေသော အရာတစ်ခုခု ရှိနေသကဲ့သို့ပင်။

ကံဆိုးစွာပင် ကစဉ့်ကလျား ပင်လယ်အတွင်း ဝင်သွားသည့် နတ်ဧကရာဇ် တစ်ပါးမှ အသက်ရှင်လျက် ပြန်မလာခဲ့ပေ။ ထို့ကြောင့်လည်း ထိုပင်လယ်၏ လျှို့ဝှက်ချက်ကို မည်သူမှ မသိနိုင်ပဲ လူတို့၏ စိတ်ထဲတွင် ကြောက်ရွံ့မှုနှင့် လျို့ဝှက်နက်နဲမှုများသာ ကျန်ရစ်ခဲ့၏။

ယခု လုချန်းသည် ကစဉ့်ကလျား ပင်လယ်မှ ပြန်လာနိုင်ပြီး ဖြစ်သဖြင့် ပင်လယ်၏ လျှို့ဝှက်ချက်များကို သိနေလောက်ပြီဟု ဝူယာနတ်သခင်က ရုတ်တရက် တွေးမိသွား၏။

လုချန်းကိုသာ အရှင်ဖမ်းမိပါက ကစဉ့်ကလျား ပင်လယ်၏ လျှို့ဝှက်ချက်များကို သူ့ထံမှ စုံစမ်း၍ မရနိုင်ပေဘူးလား။

ထိုအတွေးနှင့်အတူ ဝူယာနတ်သခင်လည်း နတ်ဘုရင် အချို့ကို ချက်ချင်း ဆင့်ခေါ်လိုက်ပြီး လုချန်းကို အရှင်ဖမ်းဆီးရန်အတွက် ထျန်းရှ နတ်ဘုရား နိုင်ငံတော်သို့ ကိုယ်တိုင် သွားရောက်ကြရန် အမိန့်ပေးလိုက်သည်။

……

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွား၏။နောက် နှစ်နှစ်ဟူသော ကာလကို လျင်မြန်စွာ ရောက်ရှိသွား၏။

တောင်ပိုင်း နယ်မြေရှိ အင်အားစု အသီးသီးမှ နတ်ဘုရင်များသည် ထျန်းရှ နတ်ဘုရား နိုင်ငံတော်သို့ စုရုံးရောက်ရှိလာကြကာ လုချန်း အလာကိုသာ စောင့်ဆိုင်းနေကြသည်။

လုချန်း စွမ်းအားပြန်ပြည့်လာပြီး သူတို့ကို ကလဲ့စားချေမည်ကို နတ်ဘုရင် အများစု စိုးရိမ်နေကြသော်လည်း ဝူယာနတ်သခင် ကဲ့သို့ပင် လုချန်း ကစဉ့်ကလျား ပင်လယ်မှ မည်သို့ အသက်ရှင် လွတ်မြောက်လာသည်ကို သိချင်နေသူများက ပိုများ၏။

အရေးအကြီးဆုံးက ကစဉ့်ကလျား စွမ်းအား၏ တိုက်စားမှုကို လုချန်း မည်သို့ ခုခံနိုင်ခဲ့သနည်းဟူသော အချက်ပင်။

နှစ်နှစ်တိုင်တိုင် အေးအေးဆေးဆေး ခရီးနှင်လာပြီးနောက် မြေနတ် အဆင့် ရှိသည့် လုချန်း၏ ခန္ဓာကိုယ်သည် နောက်ဆုံးတွင် ထျန်းရှ နတ်ဘုရား နိုင်ငံတော်သို့ ရောက်ရှိလာပြီး လုကျင့်ဖူ၏ နယ်မြေအတွင်းသို့ ခြေချလိုက်၏။

သူကိုယ်သူ ရုပ်ဖျက်ထားသည့်အပြင် ကျင့်စဉ်အဆင့်မှာလည်း မြေနတ်အဆင့်မျှသာ ရှိသဖြင့် သူ့ကို မည်သူမှ မှတ်မိနိုင်စွမ်း မရှိပေ။ ကွမ်းရန်ဘုရင်၏ မြို့တော်အတွင်းသို့ ဝင်ရောက်ရန် လုချန်း ပြင်နေစဉ် မြို့တံခါးဝ၌ စောင့်ကြပ်နေသည့် နတ်ဘုရင်ခံ အဆင့်များကို တွေ့လိုက်ရ၏။

တစ်ယောက် နှစ်ယောက်ပင် မဟုတ်ပေ။ နတ်ဘုရင်ခံ အမြောက်အမြားဖြစ်သည်။

နတ်ဘုရင်ခံများစွာ စောင့်ကြပ်နေသည်ကို မြင်လျှင် လုချန် ခပ်တိုးတိုး ရယ်မောလိုက်၏။ လုကျင့်ဖူသည် သေရမည်ကို အတော်ပင် ကြောက်နေပုံရပြီး မြို့တံခါးကိုပင် နတ်ဘုရင်ခံများဖြင့် စောင့်ကြပ်ခိုင်းထားခြင်းဖြစ်သည်။

သို့သော် ဤအခြေအနေမျိုး၌ မြို့တော်အတွင်းသို့ ခိုးဝင်ရန်က အတော်ပင် ခက်ခဲသော အလုပ် ဖြစ်၏။ နတ်ဘုရင်ခံများ၏ အာရုံခံနိုင်စွမ်းက အလွန် ထက်မြက်လှသည်။

သူမည်သို့ ရုပ်ဖျက်ထား ဖျက်ထား သူတို့ကို လှည့်စားနိုင်မည်ဟု မသေချာပေ။ ထိုအခိုက်အတန့်တွင်

“ငါက ဘာလို့ ရုပ်ဖျက်နေရမှာလဲ”

ဟု လုချန်းက ရုတ်တရက် တွေးမိသွား၏။

ဖန်တီးခြင်း စွမ်းအားကို ပိုင်ဆိုင်ထားသော သူသည် အသွင်အပြင် မတူညီသော ခန္ဓာကိုယ်များကို စိတ်ကြိုက် ဖန်တီးနိုင်သဖြင့် ရုပ်ပြောင်းရုပ်လွှဲ လုပ်နေရန် မလိုပေ။ ထိုသို့ တွေးမိသည်နှင့် ချက်ချင်းပင် ဝိညာဉ်နတ် အဆင့်ရှိသော ခန္ဓာကိုယ်တစ်ခုကို လုချန်း ဖန်တီးလိုက်ပြီး မြို့တံခါးဆီသို့ ဦးတည်သွားလိုက်သည်။

နတ်ဘုရင်ခံများ၏ စစ်ဆေးမှုကို ခံယူပြီးနောက် မသင်္ကာစရာ မတွေ့ရှိသဖြင့် လုချန်းကို မြို့တော်အတွင်းသို့ ဝင်ခွင့်ပြုလိုက်ကြ၏။ ဝိညာဉ်နတ် အဆင့်သာရှိသည့် လုချန်းကို နတ်ဘုရင်ခံများက အရေးတယူ မရှိလှပေ။

သူတို့၏ အာရုံက နတ်ဘုရင်ခံ အဆင့်ရှိသူများ သို့မဟုတ် ကစဉ့်ကလျား စွမ်းအားများ ကပ်ညှိနေသူများထံ၌သာ ရှိ၏။ လုချန်း ရုပ်ဖျက်ထားသည်ဆိုလျှင်ပင် ကစဉ့်ကလျား စွမ်းအားများကို လုံးဝ ဖယ်ရှားနိုင်မည်မဟုတ်ဟု သူတို့က ယူဆထားကြ၏။

ထို့ပြင် ဒဏ်ရာများကြောင့် သူ၏ ကျင့်စဉ်အဆင့်မှာလည်း နတ်ဘုရင်ခံ အဆင့်လောက်အထိ ကျဆင်းသွားလောက်ပြီဟု ထင်မှတ်ထားကြသည်။ အငွေ့အသက်ကို ဖျောက်ထားမည်ဆိုလျှင်လည်း သူတို့ထံ၌ ကျင့်စဉ်အဆင့်ကို စစ်ဆေးနိုင်သည့် ရတနာမျိုးစုံ ရှိနေသဖြင့် မြို့ထဲဝင်ရန် ထိုစစ်ဆေးမှုအားလုံးကို ကျော်ဖြတ်ရမည် ဖြစ်၏။

ဝိညာဉ်နတ် အဆင့်ဖြင့် မြို့တော်ထဲသို့ ရောက်ရှိလာပြီးနောက် လုကျင့်ဖူ၏ လှုပ်ရှားမှုများကို စုံစမ်းရန် အရက်ဆိုင်တစ်ဆိုင်သို့ လုချန်း ဝင်ထိုင်လိုက်၏။

လုကျင့်ဖူသည် သေရမည်ကို အလွန် ကြောက်တတ်သူဖြစ်၏။ ယခု မြို့တံခါးတွင် နတ်ဘုရင်ခံများကို ချထားခြင်းက သူ တခြားနေရာသို့ ထွက်ပြေးသွားသည့် လက္ခဏာ ဖြစ်နေသဖြင့် မြို့ထဲတွင် လုကျင့်ဖူ တကယ်ရှိမရှိ လုချန်း အနေနှင့် မသေချာနိုင်ပေ။

အစက ကောင်းကင်လျှို့ဝှက်ချက် စွမ်းအားကို အသုံးပြု၍ လုကျင့်ဖူ၏ တည်နေရာကို တွက်ချက်ရန် လုချန်း ရည်ရွယ်ခဲ့သော်လည်း လုကျင့်ဖူသည် နတ်ဘုရား နိုင်ငံတော်၏ ဘုရင်တစ်ပါး ဖြစ်နေသဖြင့် သူ့အနီးအနားတွင် တွက်ချက်ခြင်း လမ်းစဉ်၌ ကျွမ်းကျင်သူများ ဝန်းရံနေလောက်ပြီဟု လုချန်း ဆင်ခြင်မိ၏။

တွက်ချက်ခြင်း လမ်းစဉ်တွင် ကျွမ်းကျင်သူများက လုကျင့်ဖူ၏ တည်နေရာကို ဖုံးကွယ်ထားလောက်သဖြင့် ဇွတ်တွက်ချက်ပါက မအောင်မြင်ရုံသာမက သူ၏ တည်နေရာကိုပင် ပြန်လည် အတွက်ခံရနိုင်၏။

လတ်တလောတွင်လည်း သူ၏ တည်နေရာကို တစ်စုံတစ်ယောက်က တွက်ချက်ရန် ကြိုးပမ်းနေကြောင်း လုချန်း ခံစားနေရ၏။ သူ၏ ဖန်တီးခြင်း စွမ်းအားကို ကောင်းကင်လျှို့ဝှက်ချက် စွမ်းအားအဖြစ် ပြောင်းလဲကာ ဖုံးကွယ်ထားနိုင်ခြင်း မရှိပါက ကောင်းကင်လျှို့ဝှက်ချက်ကို သူ ကာကွယ်နိုင်လိမ့်မည် မဟုတ်ပေ။

ကောင်းကင်လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားနိုင်သော်လည်း လုကျင့်ဖူ၏ တည်နေရာကို ရှာဖွေရန် ကြိုးစားလိုက်ပါက ဟာကွက်များ ဖြစ်ပေါ်သွားပြီး တစ်ဖက်မှ ကျွမ်းကျင်သူများ၏ အမိဖမ်းခြင်းကို ခံရပေလိမ့်မည်။

ကွမ်းရန်ဘုရင်၏ မြို့တော်အတွင်း၌ နတ်ဘုရင် အမြောက်အမြား ရှိနေကြောင်း လုချန်း သိထားပြီးဖြစ်၏။ သူ၏ တည်နေရာကိုသာ သိသွားပါက လုကျင့်ဖူအနီးသို့ မရောက်မီမှာပင် သူ၏ ခန္ဓာကိုယ် ချေမှုန်းခံရနိုင်သည်။

ထို့ကြောင့် လုကျင့်ဖူ သူ၏ နန်းတော်ထဲ၌ ရှိ မရှိကို အရင် အတည်ပြုရန် လိုအပ်၏။ လုကျင့ဖူ ရှိနေကြောင်း သေချာမှာသာ နတ်ဘုရင်၏ ကျိန်စာကို အသက်သွင်းပြီး နန်းတော်ထဲသို့ ဝင်ရောက်ရန် လုချန်း ဆုံးဖြတ်လိုက်၏။

…..

ထိုစဉ်။

အရက်ဆိုင်တစ်ဆိုင်အတွင်း၌။

နတ်ဘုရင် သုံးပါးသည် ဆိုင်အတွင်း၌ ထိုင်ကာ ကွမ်းရန်ဘုရင်၏ နန်းတော်ဘက်သို့ ကြည့်နေကြ၏။

နတ်ဘုရင် တစ်ပါးက

“လုချန်းက ဒီကို လာမှာ မဟုတ်ဘူးလို့ ကျုပ် ထင်တယ်... ဒီသတင်းက လူတွေကို လမ်းလွဲအောင် တမင် လွှင့်ထားတာပဲ ဖြစ်ရမယ်။”

ဤနတ်ဘုရင် သုံးပါးသည် လုချန်းကို အရှင်ဖမ်းရန် ဝူယာနတ်သခင်က စေလွှတ်လိုက်သော သူများ ဖြစ်သည်။ သူတို့သည် ဤနေရာတွင် တစ်နှစ်နီးပါး စောင့်ဆိုင်းနေခဲ့သော်လည်း လုချန်း၏ အရိပ်အယောင်ကိုပင် မတွေ့ရသဖြင့် လုချန်းမှာ ဤနေရာသို့ လာရန် ရည်ရွယ်ချက် မရှိကြောင်းကို အခိုင်အမာ သံသယ ဝင်နေကြခြင်း ဖြစ်၏။

…………..

အခန်း (၁၆၉၁)

ငါးစာ

နတ်ဘုရင်တိမ်ခရမ်း၏ စကားများကို ကြားပြီးနောက် သူ၏ဘေးတွင် ထိုင်နေသော အပြာရောင်ဝတ်စုံဝတ် နတ်ဘုရင် ဝူချွဲက

“အဲဒါကတော့ သေချာလှတယ်တော့ မဟုတ်ပါဘူး။ ကစဉ့်ကလျား ပင်လယ်ကနေ ထွက်လာပြီးနောက် သူ့ရဲ့ ကိုယ်ထည်နဲ့ နတ်အာရုံတွေဟာ ကစဉ့်ကလျား စွမ်းအားရဲ့ တိုက်စားမှုကို ခံလိုက်ရတာကို သူ သိသွားတာလည်း ဖြစ်နိုင်ပါတယ်။ သူ့ရဲ့ အခြေခံတွေ ပျက်စီးသွားပြီး စွမ်းအားတွေလည်း ပြန်မပြည့်နိုင်တော့တဲ့အတွက် နောင်တစ်ချိန်မှာ နတ်ဧကရာဇ် အဆင့်ကို တက်လှမ်းဖို့ မဖြစ်နိုင်တော့တာကြောင့် လုကျင့်ဖူနဲ့အတူ အသက်ချင်းလဲဖို့ သူ ဆုံးဖြတ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။”

“ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ အခုလို အခြေအနေက လုကျင့်ဖူနဲ့ တစ်နည်းမဟုတ်တစ်နည်း ပတ်သက်နေတာပဲလေ။”

လုချန်း၏ ထိတ်လန့်ဖွယ် ကောင်းလှသော ပါရမီများအကြောင်းကို နေရာအနှံ့ သတင်းလွှင့်ကာ ထျန်းရှ နတ်ဘုရား နိုင်ငံတော်၏ အရှင်သခင်နှင့် စိတ်ဝမ်းကွဲအောင် လုကျင့်ဖူသာ မလုပ်ခဲ့ပါက လုချန်း နတ်သခင် အဆင့်သို့ တက်လှမ်းပြီးနောက် အင်အားစု အမြောက်အမြားက သူ့ကို တိုက်ခိုက်ရဲကြတော့မည် မဟုတ်ပေ။ လုကျင့်ဖူ၏ လုပ်ရပ်များသာ မရှိခဲ့လျှင် ထျန်းရှ နတ်ဘုရား နိုင်ငံတော်တွင် နတ်သခင်တစ်ပါး ရှိနေလောက်ပြီ ဖြစ်၏။

နတ်ဘုရင် ဝူချွဲ၏ စကားကို ကြားလျှင်

နတ်ဘုရင် မုန့်ယန်က

“နတ်ဘုရင် ဝူချွဲ ပြောတာလည်း အဓိပ္ပာယ်ရှိသားပဲ။ သူ ပေါ်မလာတာက မြို့တော်ထဲမှာ နတ်ဘုရင် အတော်များများ ရောက်နေတာကို သူ သတိထားမိသွားလို့ ကိုယ်ထင်မပြရဲတာလည်း ဖြစ်နိုင်ပါတယ်။”

နတ်ဘုရင် တိမ်ခရမ်းက

“သူ ဒီအတိုင်း ဆက်ပုန်းနေဦးမယ်ဆိုရင် ကျုပ်တို့က ဒီမှာပဲ ထိုင်စောင့်နေကြရမှာလား”

“သူ့ကို အပြင်ထွက်လာအောင် ဆွဲဆောင်နိုင်မယ့် နည်းလမ်းတစ်ခု စဉ်းစားရမယ်”

နတ်ဘုရင် ဝူချွဲက ခပ်ဖွဖွ ရယ်မောလိုက်ရင်း “ဒါက လွယ်ပါတယ်... သူ့ရဲ့ ပစ်မှတ်က လုကျင့်ဖူ မဟုတ်ဘူးလား။ အဲဒီတော့ လုကျင့်ဖူကိုပဲ ငါးစာအဖြစ် သုံးလိုက်ရုံပေါ့။”

“လုကျင့်ဖူ မြို့တော်ကနေ ထွက်သွားတာကို မြင်ရင် သူ တည်တည်ငြိမ်ငြိမ် နေနိုင်လိမ့်မယ်လို့ ကျုပ် မယုံဘူး”

လုကျင့်ဖူ၏ လုံခြုံရေးကို သူတို့ နည်းနည်းမှ စိုးရိမ်ခြင်း မရှိကြပေ။ လုကျင့်ဖူသည် နတ်ဘုရား နိုင်ငံတော် တစ်ခု၏ ဘုရင်တစ်ပါး ဖြစ်သော်လည်း သူတို့၏ နောက်ကွယ်တွင် ခမ်းနားသော ကောင်းကင်ခန်းမ ရှိနေ၏။ နတ်သခင် တစ်ပါးပင် မရှိသော နိုင်ငံသည် ခမ်းနားသော ကောင်းကင်ခန်းမ၏ ရှေ့မှောက်တွင် ဘာမှမဟုတ်ပေ။

ထိုနတ်ဘုရား နိုင်ငံ၏ ဘုရင်တစ်ပါး ဆိုလျှင် ပို၍ပင် ပြောစရာ မလိုတော့ပေ။ လုကျင့်ဖူကို ငါးစာအဖြစ် သူတို့ အသုံးချချင်လျှင် လုကျင့်ဖူအနေနှင့် ပူးပေါင်းဆောင်ရွက်ရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိပေ။

နတ်ဘုရင် တိမ်ခရမ်းနှင့် နတ်ဘုရင် မုန့်ယန်တို့လည်း နတ်ဘုရင် ဝူချွဲ၏ အစီအစဉ် အလုပ်ဖြစ်နိုင်သည်ဟု ယူဆကြသဖြင့် ချက်ချင်းပင် နန်းတော်ဆီသို့ ဦးတည်ထွက်ခွာသွားကြတော့သည်။

…….

ထိုအချိန်၌။

ကွမ်းရန်ဘုရင်၏ နန်းတော်အတွင်း၌။

နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုးက လုကျင့်ဖူကို မျက်မှောင်ကြုတ်ကြည့်ကာ

“ကွမ်းရန်ဘုရင်... လုချန်း ပြန်လာတဲ့ သတင်းကို ခင်ဗျားပဲ ဖြန့်ခိုင်းတာ မဟုတ်လား။”

လွန်ခဲ့သော နှစ်နှစ်ခန့် လုချန်း ပြန်လာသည့် သတင်းများ နေရာအနှံ့ ပျံ့နှံ့နေစဉ်က

ထိုသတင်းကို နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုး အထူးတလည် ဂရုမပြုခဲ့ပေ။ လုကျင်၏ ဘက်မှ သတင်းများ ပေါက်ကြားသွားသည်ဟုသာ သူက တွေးထင်ထားခဲ့ခြင်း ဖြစ်၏။

မထင်မှတ်ထားပဲ လုချန်း ပြန်လာသည့် သတင်းက လုကျင်၏ ဘက်မှ ပေါက်ကြားလာခြင်း မဟုတ်ပဲ လုကျင့်ဖူ ကိုယ်တိုင် ဖြန့်ဝေခဲ့ခြင်း ဖြစ်ကြောင်း သတင်းအချက်အလက် အချို့ကို သူ မကြာသေးမီက ရရှိခဲ့သည်။

နောက်ဆုံးတွင်တော့ “နားမပါသော နံရံမရှိ” ဆိုသကဲ့သို့ပင် လုကျင့်ဖူ လူလွှတ်၍ သတင်းဖြန့်ခိုင်းခဲ့သည့် ကိစ္စက တစ်နေ့နေ့တွင် ပေါ်ပေါက်သွားမှာတော့ မလွဲဧကန် ဖြစ်၏။ သတင်းဖြန့်သူများသည် သွေးလင်းယုန်ခန်းမ၏ လက်ထဲသို့ ကျရောက်သွားခဲ့ရာ ထိုမှတစ်ဆင့် လုကျင့်ဖူ၏ လက်ချက်ဖြစ်ကြောင်း အလွယ်တကူ စုံစမ်းသိသွားခဲ့ခြင်း ဖြစ်သည်။

လုကျင့်ဖူသည် သွေးလင်းယုန်ခန်းမ၏ အမိန့်ကို အာခံရဲလိမ့်မည်ဟု နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုး မယုံနိုင်လောက်အောင် ဖြစ်နေ၏။ လုချန်းသည် သွေးလင်းယုန်ခန်းမအတွက် အသုံးဝင်နေဆဲ ဖြစ်သဖြင့် သတင်းမပေါက်ကြားစေရန် လုကျင့်ဖူကို သူတို့ ကြိုတင် သတိပေးထားခဲ့ပြီး ဖြစ်သည်။

သွေးလင်းယုန်ခန်းမမှ နတ်ဘုရင် သုံးပါးသည် လျှို့ဝှက်လဝန်းနန်းတော်နှင့် ချီယန်ဂိုဏ်းတို့ကို ရှင်းလင်းပြီးနောက် ကစဉ့်ကလျား နယ်မြေသို့ သွားရောက်ကာ လုချန်းကို အရှင်ဖမ်းဆီးရန် ကြံစည်ထားခဲ့ကြခြင်းဖြစ်၏။ ထိုမှတစ်ဆင့် ကစဉ့်ကလျား ပင်လယ်၏ လျှို့ဝှက်ချက်များကို သိနိုင်ရန် သူတို့ ရည်ရွယ်ထားခြင်း ဖြစ်သည်။

သို့သော် သူတို့၏ မိတ်ဖက် ဖြစ်သော လုကျင့်ဖူက ဦးစီးဦးဆောင်ပြုကာ သတင်းများကို ဖြန့်ဝေခဲ့သည်။ ယခုတော့ လုချန်း ပြန်လာသည့်အကြောင်းကို တောင်ပိုင်း နယ်မြေတစ်ခုလုံး သိသွားကြပြီး အင်အားကြီး အဖွဲ့အစည်းများကလည်း လုချန်းကို ရှာဖွေရန် ကြိုးပမ်းနေကြပြီ ဖြစ်၏။

ယခု လက်ရှိ၌ သွေးလင်းယုန်ခန်းမမှာလည်း လက်မအားနိုင် ဖြစ်နေသဖြင့် အခြားအင်အားစုများ၏ လက်ထဲသို့ လုချန်း ပါသွားမှာကိုသာ ရင်တမမနှင့် ကြည့်နေရတော့သည်။

လုချန်း၏ သတင်း အခြားသူများကြောင့် ပေါက်ကြားသွားခြင်း ဖြစ်ပါက နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုး ဤမျှလောက် ဒေါသထွက်လိမ့်မည် မဟုတ်ပေ။

ယခုတော့ လုကျင့်ဖူ ကိုယ်တိုင်က တက်တက်ကြွကြွဖြင့် သတင်းဖြန့်ခဲ့ခြင်း ဖြစ်နေသည်။ လုကျင့်ဖူသည် ယုံကြည်၍ မရသောသူ ဖြစ်ကြောင်း သူတို့ သိထားသော်လည်း ဤမျှအထိ အောက်တန်းကျလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုး၏ မေးခွန်းကို ရင်ဆိုင်ရလျှင် လုကျင့်ဖူက ကြောက်ရွံ့ခြင်း အလျှင်းမရှိပဲ တည်ငြိမ်စွာဖြင့်

“ခင်ဗျားတို့က လုချန်းကို အရေးယူဖို့ အချိန်အတော်ကြာ တုံ့ဆိုင်းနေခဲ့ကြတာပဲ။ ဘုရင်တစ်ပါးအနေနဲ့ သူ့ရဲ့ စွမ်းအားတွေ ပြန်ပြည့်လာပြီး ကျုပ်ကို လာသတ်မှာကိုတော့ ဒီအတိုင်း ထိုင်ကြည့်နေလို့ မရဘူးလေ။”

နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုးက အေးစက်စွာ ရယ်မောလိုက်ရင်း

“ကစဉ့်ကလျား စွမ်းအားရဲ့ တိုက်စားမှုကို ခံထားရတဲ့ အမှိုက်တစ်ခုက နတ်ဘုရား နိုင်ငံတော် တစ်ခုရဲ့ အရှင်သခင် ဖြစ်လာမယ့်သူကို ဒီလောက်အထိ ကြောက်သွားစေတာလား။ ဒီလောက် ကြောက်တတ်တဲ့ စိတ်နဲ့ဆိုရင်တော့ ခင်ဗျား နတ်ဘုရား နိုင်ငံတော်ရဲ့ အရှင်သခင် နေရာမှာ ကြာကြာ နေနိုင်လိမ့်မယ် မထင်ဘူး။”

လုကျင့်ဖူက ထိုစကားများကို ဂရုမစိုက်ပဲ တည်ငြိမ်သော မျက်နှာထားဖြင့်

“သတင်းကတော့ ပြန့်နေပြီပဲ။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ လုချန်း ထျန်းရှ နတ်ဘုရား နိုင်ငံတော်ကို လာနေတယ်ဆိုတဲ့ ကောလာဟလတွေ တောင်ပိုင်းနယ်မြေတစ်ခုလုံး ပြန့်နှံ့သွားပြီ။ ကစဉ့်ကလျား ပင်လယ်ရဲ့ လျှို့ဝှက်ချက်ကို သိချင်သေးတယ်ဆိုရင်တော့ ခင်ဗျားတို့ရဲ့ ဒုတိယ ခန်းမသခင်ကို ကိုယ်တိုင် ကြွလာဖို့ ပြောလိုက်ပါ။”

ယခု သူ၏ မြို့တော်အတွင်း၌ လုချန်းကို ပစ်မှတ်ထားနေသော နတ်ဘုရင် အတော်များများ ရှိနေပြီ ဖြစ်၏။ လုချန်း ပေါ်လာသည်နှင့် ထိုနတ်ဘုရင်များက သူ့ကို လုယူကြမည် ဖြစ်သည်။

ထိုအချိန် ကျလျှင်တော့ ကစဉ့်ကလျား ပင်လယ်၏ လျှို့ဝှက်ချက်များလည်း သွေးလင်းယုန်ခန်းမနှင့် ဘာမှ ဆိုင်တော့မည် မဟုတ်ပေ။

နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုးလည်း ဤအခြေအနေကို ကောင်းစွာ နားလည်၏။ ထို့ကြောင့်လည်း သူ၏ အထက်လူကြီးများထံ အစီရင်ခံစာ တင်ပြပြီး ဖြစ်သည်။

သို့သော် သူတို့၌ လုံလောက်သော အချိန်မရှိကြပေ။ ယခု လျှို့ဝှက်လဝန်းနန်းတော်နှင့် ချီယန်ဂိုဏ်းတို့ကိုသာ သူတို့ အာရုံစိုက်နေကြရခြင်းဖြစ်သည်။

ထို့ပြင် လုကျင့်ဖူ၏ မြို့တော်အတွင်း၌ နတ်ဘုရင် အမြောက်အမြား ရှိနေသဖြင့် သွေးလင်းယုန်ခန်းမမှ ဝိညာဉ်ဆိုး နတ်ဘုရင် ဤနေရာသို့ လာရောက်ခြင်းက သူ့ကိုယ်သူ သတ်သေခြင်းနှင့် အတူတူပင် မဟုတ်ပါလား။

တကယ်တော့ နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုး မသိသေးသော အချက်တစ်ချက် ရှိနေ၏။ နတ်ဘုရင် ချင်းယွမ်နှင့် သွေးလင်းယုန်ခန်းမတို့ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက် ရရှိထားသည့် ကိစ္စဖြစ်သည်။

လျှို့ဝှက်လဝန်းနန်းတော်ကို အမြစ်ပြတ် ရှင်းလင်းပေးရန်အတွက် အကျိုးအမြတ်အချို့ကို နတ်ဘုရင် ချင်းယွမ်က ကမ်းလှမ်းထားခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်တွင် သွေးလင်းယုန်ခန်းမအတွက် အရေးအကြီးဆုံးမှာ လျှို့ဝှက်လဝန်းနန်းတော်ကို ဝါးမြိုရန် ဖြစ်သည်။ အခြားကိစ္စများက သူတို့အတွက် အရေးမကြီးလှပေ။

သူတို့သည် ကစဉ့်ကလျား ပင်လယ်၏ လျှို့ဝှက်ချက်ကို စိတ်ဝင်စားကြသော်လည်း ထိုပင်လယ်၏ အန္တရာယ်ကြီးမားမှုကြောင့် သွေးလင်းယုန်ခန်းမမှ နတ်ဘုရင် သုံးပါး၏ အမြင်တွင် ၎င်း၏ တန်ဖိုးမှာ လျှို့ဝှက်လဝန်းနန်းတော်နှင့် ချီယန်ဂိုဏ်းတို့ထက် မသာလွန်ပေ။

နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုးက နှာခေါင်းရှုံ့လိုက်ရင်း တစ်စုံတစ်ရာ ပြောရန် ဟန်ပြင်နေစဉ်မှာပင် နန်းတော်အတွင်း၌ ထိတ်လန့်ဖွယ် ကောင်းလှသော အငွေ့အသက် သုံးခု ပေါ်ပေါက်လာသည်ကို သူတို့နှစ်ဦးစလုံး ခံစားလိုက်ရသည်။

သူတို့၏ မျက်နှာများ ချက်ချင်း ပျက်သွားကြ၏။ ထိုထိတ်လန့်ဖွယ် အငွေ့အသက်များကို နတ်ဘုရင်များသာ ထုတ်လွှတ်နိုင်သဖြင့် နတ်ဘုရင် သုံးပါး နန်းတော်သို့ တိုက်ရိုက် ရောက်ရှိလာခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။

လုကျင့်ဖူသည် ခန်းမဆောင်ကြီးအတွင်းမှ ချက်ချင်း ထွက်ခွာသွား၏။ သူ အပြင်သို့ ရောက်သောအခါ သူထံသို့ ပျံသန်းလာသော လူရိပ် သုံးရိပ်ကို တွေ့လိုက်ရ၏။

ထိုသူများကို မြင်လျှင် လုကျင့်ဖူက အပြေးအလွှားပင် ဂါရဝပြုလိုက်ရင်း

“စီနီယာ သုံးဦးကို ဂါရဝပြုပါတယ်... စီနီယာတို့ ကျုပ်ရဲ့ နန်းတော်ကို ဘယ်ကိစ္စနဲ့ ကြွလာတာပါလဲ။”

နတ်ဘုရင် တိမ်ခရမ်းက လိုရင်းကိုသာ တိုက်ရိုက်ဆိုလိုက်သည်။

“ကျုပ်တို့က ခမ်းနားသော ကောင်းကင်ခန်းမကပဲ... လုချန်းကို အပြင်ရောက်လာအောင် ဆွဲထုတ်ဖို့အတွက် ခင်ဗျားကို ငါးစာအဖြစ် သုံးဖို့ လာခဲ့တာ။”

နတ်ဘုရင် တိမ်ခရမ်း၏ စကားကို ကြားလျှင် လုကျင့်ဖူ ချက်ချင်း မျက်ခုံး တွန့်သွား၏။ သူ့ကို့ ငါးစာအဖြစ် အသုံးချပြီး လုချန်းကို ဆွဲထုတ်မယ်တဲ့လား။

အမှန်အတိုင်း ပြောရလျှင် လုချန်းသည် သူနှင့်အတူ အသက်ချင်းလဲရန် ရည်ရွယ်ချက်ဖြင့် လာနေခြင်း ဖြစ်နိုင်သဖြင့် ထိုသို့ပြုလုပ်ရန် သူ အတော် စိတ်မပါပေ။ သူက လုချန်းကို ဆွဲထုတ်ပေးရမည် ဖြစ်သော်လည်း ထိုနတ်ဘုရင် သုံးပါးက သူ့ကို အကာအကွယ်ပေးရန် ရည်ရွယ်ချက် မရှိပါက လုချန်း အခွင့်အရေး ရသွားသည်နှင့် သူပါ အသက်ချင်းအလဲ ခံရနိုင်သည်။

မကြာမီ နတ်ဘုရား နိုင်ငံတော် တစ်ခု၏ အရှင်သခင် ဖြစ်လာတော့မည့်သူ တစ်ဦးအနေနှင့် လုကျင့်ဖူ ဤမျှ စောစောစီးစီး မသေချင်သေးပေ။

သို့သော် ထိုသူများသည် ခမ်းနားသော ကောင်းကင်ခန်းမမှ နတ်ဘုရင်များ ဖြစ်ကြသဖြင့် သူ့အနေနှင့် ငြင်းဆန်ပိုင်ခွင့် မရှိပေ။ ခမ်းနားသော ကောင်းကင်ခန်းမအတွက် ထျန်းရှ နတ်ဘုရား နိုင်ငံတော် တစ်ခုလုံးကို ဖျက်ဆီးရန်က တစ်လမျှပင် အချိန်ယူစရာ မလိုသောကြောင့် ဖြစ်သည်။

…………..

အခန်း (၁၆၉၂)

စိတ်ထင်မှုသက်သက်သာ ဖြစ်နိုင်သည်

ခမ်းနားသော ကောင်းကင်ခန်းမ၏ အမိန့်ကို ဖီဆန်ရန် မဖြစ်နိုင်မှန်း သိသော်လည်း မျှော်လင့်ချက်အနည်းငယ်ကို ဆုပ်ကိုင်ထားလျက် လုကျင့်ဖူက

“အကြီးအကဲတို့... ကျုပ်နဲ့ လုချန်းကြားမှာ နက်ရှိုင်းတဲ့ ရန်ကြွေးရှိပါတယ်။ သူက ကျုပ်ကို မြင်ရင် အတူတူသေဖို့တောင် ကြံစည်နိုင်ပါတယ်။ အဲဒီတုန်းက လုချန်းရဲ့ ပါရမီကို ခမ်းနားသော ကောင်းကင်ခန်းမဆီ သတင်းပို့ခဲ့တာ ကျုပ်ဆိုတာကို ထောက်ထားပြီး ဒီတစ်ကြိမ်မှာတော့ ကျုပ်ကို ငြင်းပယ်ခွင့်ပြုပါ။”

လုကျင့်ဖူ၏ စကားကို ကြားလျှင် နတ်ဘုရင်တိမ်ခရမ်း၏ မျက်နှာက ချက်ချင်းဆိုသလို မည်းမှောင်သွား၏။ နောက်တစ်ခဏတွင် နတ်ဘုရင်တိမ်ခရမ်း၏ နတ်ဘုရင်ဖိအားက သက်ရောက်လာပြီး လုကျင့်ဖူ လှုပ်မရအောင် မြေပြင်ပေါ်သို့ ဖိနှိပ်ထားလိုက်၏။

နတ်ဘုရင်တိမ်ခရမ်းက

“ကျုပ်တို့က ခင်ဗျားနဲ့ ညှိနှိုင်းနေတာ မဟုတ်ဘူး”

“ရွှေနတ်အဆင့်လေးက ကျုပ်တို့ရှေ့မှာ စျေးဆစ်ရဲတယ်ပေါ့။”

သွားကို ကြိတ်ထားလျက် သည်းမခံနိုင်သော နာကျည်းမှုကိုသာ လုကျင့်ဖူ ခံစားနေရ၏။ လုချန်း၏ ပါရမီကို ထုတ်ဖော်ခဲ့မိသည်ကို သူ ရုတ်တရက် နောင်တရမိသွားသည်။

လုချန်း၏ ပါရမီကို ဖော်ထုတ်ခြင်းက ပြဿနာများစွာ ဖြစ်လာစေမည်ကို သိခဲ့ပါက သူကိုယ်တိုင်ပင် အသက်အန္တရာယ် ကြုံရနိုင်ကြောင်း ကြိုတင်သိခဲ့ပါက ထိုသို့ သူ ဧကန်မုချ လုပ်ဆောင်ခဲ့လိမ့်မည် မဟုတ်ပေ။

သို့သော် သူ့ကိုယ်သူပဲတော့ အပြစ်မတင်နိုင်ပေ။ ထျန်းရန် နတ်ဘုရားနယ်မြေ၏ အင်အားစုများ အသုံးမကျလွန်းလှခြင်းကြောင့်လည်း ဖြစ်သည်။

နတ်သခင်တစ်ဦးကိုတောင် စေလွှတ်ခဲ့သော်လည်း နတ်ဘုရင်တစ်ဦးကို လွတ်မြောက်သွားစေခဲ့သည် မဟုတ်ပါလား။

ခမ်းနားသော ကောင်းကင်ခန်းမမှ နတ်သခင်က ထိုစဉ်ကတည်းက လုချန်းကို တိုက်ရိုက်သတ်ဖြတ်ခဲ့လျှင် ယနေ့ ဤကဲ့သို့ ဖြစ်လာမည် မဟုတ်ပေ။ ထိုအရာများကို တွေးတောရင်း ခမ်းနားသော ကောင်းကင်ခန်းမမှ နတ်ဘုရင်များကို လုကျင့်ဖူ စိတ်ထဲ ကျိန်ဆဲနေမိ၏။

နတ်သခင်ကိုတော့ စိတ်ထဲတွင်ပင် မကျိန်ဆဲရဲပေ။

သူကျိန်ဆဲ‌နေကြောင်း ထိုနတ်သခင်သာ သိသွားပါက လုချန်းက သူ့ကို သတ်ရန် မကြိုးစားမီမှာပင် သူ အသတ်ခံသွားရနိုင်သည်။

ထိုအခိုက်အတန့်တွင် လုကျင့်ဖူက

“အကြီးအကဲတို့... ကျုပ်ကို ချမ်းသာပေးပါ။ ကျုပ် ငါးစာ လုပ်ပါ့မယ်။”

လုကျင့်ဖူ သဘောတူသည်ကို မြင်လျှင် နတ်ဘုရင်တိမ်ခရမ်းက သူ၏ ဖိအားကို ပြန်ရုပ်သိမ်းလိုက်၏။ လုကျင့်ဖူက သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက်

“အကြီးအကဲသုံးဦး... ထျန်းရှနတ်ဘုရားနိုင်ငံတော်ကို လုချန်း လာမယ့်ဆိုတဲ့ သတင်း ထွက်ပေါ်ခဲ့တာ နှစ်နှစ်ရှိပါပြီ။ ဒါပေမဲ့ သူ့ရဲ့ အရိပ်အယောင်တောင် မတွေ့ရသေးဘူး။ ဒါက သူလွှင့်လိုက်တဲ့ သတင်းအမှားလည်း ဖြစ်နိုင်သလို တစ်နေရာရာမှာ ပုန်းနေတာလည်း ဖြစ်နိုင်ပါတယ်။ ကျုပ်က ငါးစာအဖြစ် လုပ်ရင်တောင် သူ့ကို ဆွဲထုတ်နိုင်မှာ မဟုတ်ဘူး။”

ငါစား မလုပ်ရရန် မျှော်လင့်ချက်ကို လုကျင့်ဖူ ဆုပ်ကိုင်ထားဆဲ ဖြစ်သော်လည်း သူ၏စကားကို ကြားသောအခါ နတ်ဘုရင် မုန့်ယန်က

“အဲ့ဒါ ခင်ဗျားပူရမယ့် ကိစ္စ မဟုတ်ဘူး”

“ခင်ဗျားက ငါးစာအဖြစ် လုပ်ရုံပဲ”

လက်သီးကို အနည်းငယ် တင်းတင်းဆုပ်လျက် လုကျင့်ဖူလည်း နောက်ဆုံးတွင် သူ၏ကံကြမ္မာကို လက်ခံလိုက်ရ၏။ ဤသုံးဦးသည် နတ်ဘုရင်များ ဖြစ်ကြသဖြင့် နတ်ဘုရင်သုံးဦး ရှိနေလျှင် လုချန်းက သူ့ကို သတ်ချင်သည်ဆိုလျှင်တောင် လွယ်ကူမည်မဟုတ်ဟု သူ ဖြေသိမ့်လိုက်သည်။

ယခုအခါ လုချန်း၏ စွမ်းအား သိသိသာသာ လျော့နည်းသွားရန်သာ သူ မျှော်လင့်နိုင်တော့၏။

လုချန်းတွင် ရွှေနတ်အဆင့် စွမ်းအားသာ ကျန်ရှိတော့လျှင် သူ့ကို သတ်ရန် မလွယ်ကူနိုင်ပေ။ ထျန်းရှနတ်ဘုရားနိုင်ငံတော်၏ ဘုရင်တစ်ပါးအနေနှင့် အသက်ဘေးမှ လွတ်မြောက်နိုင်သော နည်းလမ်းအချို့ သူ့တွင် ရှိနေဆဲ ဖြစ်သည်။

ထို့နောက် လုကျင့်ဖူက

“အကြီးအကဲသုံးဦးက ဘယ်လိုလုပ်ဖို့ စဉ်းစားထားပါသလဲ။”

ခဏခန့် စဉ်းစားပြီးနောက် နတ်ဘုရင်တိမ်ခရမ်းက

“ခင်ဗျားရဲ့ ဖခင်ဆီကို ဂါရဝပြုဖို့ မြို့တော်ကို သွားမယ့်အကြောင်း သတင်း ချက်ချင်း ဖြန့်လိုက်ပါ။”

နတ်ဘုရင်တိမ်ခရမ်း၏ ရည်ရွယ်ချက်ကို လုကျင့်ဖူ ချက်ချင်း နားလည်သွား၏။ လုချန်းက သူ့ကို ကလဲ့စားချေရန် တကယ်ရည်ရွယ်ထားပါက မြို့တော်သို့ သွားရာလမ်းတစ်နေရာ၌ ဧကန်မုချ ပေါ်လာမည် ဖြစ်သည်။

အားကိုးရာမဲ့စွာဖြင့် လုကျင့်ဖူလည်း သူ၏ ဖခင်အား ဂါရဝပြုရန် သုံးရက်အတွင်း မြို့တော်သို့ သွားမည်ဖြစ်ကြောင်း သတင်းဖြန့်ရန် နန်းတော်အစောင့်များကို စိတ်ချင်းဆက်သွယ်ကာ အမိန့်ပေးလိုက်ရ တော့သည်။

လုကျင့်ဖူ မြို့တော်သို့ သွားမည့်သတင်းသည် ကွမ်းရန်ဘုရင်မြို့တော်တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွား၏။ လုချန်းသာမက မြို့အတွင်းရှိ ပုန်းအောင်းနေသော နတ်ဘုရင်များပါ ထိုသတင်းကို သိသွားကြသည်။

လုကျင့်ဖူသာ မြို့တော်သို့ သွားပါက လုချန်းက လမ်းခရီးတွင် ပေါ်လာပြီး သူ့ကို လုပ်ကြံမှာလားဟု သူတို့လည်း တွေးတောနေကြ၏။

အကယ်၍ ထိုသို့သာဆိုလျှင် လုကျင့်ဖူနောက်သို့ လိုက်သွားရုံသာ လိုအပ်သည်။

……

ထိုအချိန်တွင်။

စားသောက်ဆိုင်တစ်ဆိုင်အတွင်း၌။

မျက်နှာဖုံးစွပ်ထားသည့် ယွမ်ယုတိသည် သတိမထားမိနိုင်သော စားပွဲတစ်ဝိုင်းတွင် ထိုင်နေ၏။

စားသောက်ဆိုင်အတွင်းရှိ လူများ၏ ပြောဆိုများကို နားထောင်ရင်း လုကျင့်ဖူနောက်သို့ လိုက်ပါသွားခြင်းက သူမကို လုချန်းဆီသို့ ပို့ဆောင်ပေးနိုင်မလားဟု ယွမ်ယုတိ တွေးတောနေသည်။

သို့သော် သူမသည် နတ်ဘုရင်တစ်ဦး ဖြစ်၏။ သူမသာ အနီးကပ် လိုက်ပါသွားပါက လုကျင့်ဖူအနားတွင် နတ်ဘုရင်တစ်ဦး ရှိနေသည်ကို လုချန်း သိသွားပြီး ပေါ်ထွက်လာမည် မဟုတ်ပေ။

လုကျင့်ဖူကို ကလဲ့စားချေရန် ထျန်းရှနတ်ဘုရားနိုင်ငံတော်သို့ လုချန်း လာမည် ဟူသောသတင်း ထွက်ပေါ်လာပြီးကတည်းက နှစ်နှစ်ကြာသွားသော်လည်း လုချန်းက တစ်ကြိမ်မှ ပေါ်မလာခဲ့ပေ။

ထိုအရာက လုချန်းသည် အလွန် ဂရုစိုက်တတ်သူဖြစ်ကြောင်း သက်သေပြနေ၏။

အခြားသော နတ်ဘုရင်များလည်း သူမကဲ့သို့ပဲ တွေးတောကြလိမ့်မည်ဟု ယွမ်ယုတိ တွေးမိ၏။ ထိုနတ်ဘုရင်များသည်လည်း လုကျင့်ဖူနောက်သို့ လိုက်ရန် စဉ်းစားကြပေလိမ့်မည်။

ထိုသို့ဆိုလျှင် နတ်ဘုရင်များစွာ လိုက်ပါနေသည်ကို သိပါက လုချန်းက စွန့်စားရဲမည် မဟုတ်ပေ။

ယွမ်ယုတိ ခဏခန့် စဉ်းစားပြီးနောက် လုကျင့်ဖူအပေါ်တွင် အမှတ်အသားတစ်ခု ထားခဲ့ရန် ဆုံးဖြတ်လိုက်၏။ လုချန်း ပေါ်လာလျှင် ထိုအမှတ်အသားကို အသုံးပြု၍ သူမ၏ ဝိညာဉ် အပိုင်းအစတစ်ခုကို တိုက်ရိုက် ဆင်းသက်စေနိုင်သည်။

လုချန်း၏ စွမ်းအားသည် ယခုအချိန်တွင် အလွန် လျော့နည်းနေလောက်ပြီ ဖြစ်သဖြင့် သူမ၏ ဝိညာဉ် အပိုင်းအစ တစ်ခုကိုပင် သူ ရင်ဆိုင်နိုင်ဖို့ မလွယ်ကူနိုင်ပေ။

ထိုသို့တွေးတောပြီးနောက် ယွမ်ယုတိသည် ဝိညာဉ်ကျောက်တုံးတစ်တုံးကို စားပွဲပေါ်သို့ မဆိုင်းမတွ ပစ်ချလိုက်ပြီး လုကျင့်ဖူ၏ စံအိမ်ဆီသို့ ဦးတည်လိုက်သည်။

အခန်းအတွင်းမှ သူမ ထွက်လာစဉ် အမျိုးသားတစ်ဦး သူမ၏ ပခုံးနားမှ ဖြတ်ကျော်သွား၏။ သူတို့နှစ်ဦး ဘေးချင်းယှဉ်ဖြတ်သွားချိန်တွင် ယွမ်ယုတိ၏ ခြေလှမ်းများ လေထဲတွင် ရပ်တန့်သွားသည်။

သတိပြန်ဝင်လာပြီးနောက် သူမအနားမှ ဖြတ်သွားသော ထိုအမျိုးသားကို ကြည့်ရန် ခေါင်းကို အနည်းငယ် လှည့်လိုက်ပေသည်။

အကြောင်းရင်းတစ်ခုကြောင့် ထိုသူအား အလွန်ရင်းနှီးနေသကဲ့သို့ သူမ ခံစားလိုက်ရ၏။

သူမ သိနေသကဲ့သို့ပင်။

သို့သော် ထိုသူသည် ဝိညာဉ်နတ်အဆင့်၌ သာရှိပြီး သူ၏ရုပ်ရည်မှာလည်း သူမ တစ်ခါမှ မမြင်ဖူးသော ပုံစံဖြစ်၏။ ထို့ပြင် သူသည် ရုပ်ဖျက်ပညာကို အသုံးမပြုထားကြောင်း သူမ ခံစားမိသည်။ အရေးကြီးဆုံး အချက်က သူ၏နတ်ဝိညာဉ်သည် ပြည့်စုံနေပြီး ကိုယ်ပွားတစ်ခုလည်း မဟုတ်ပေ။

သူမ၏ စိတ်ထင်မှုသက်သက်သာ ဖြစ်နိုင်၏။

ထို့ကြောင့် လုကျင့်ဖူ၏ စံအိမ်သို့သွားကာ ခြေရာခံအမှတ်အသား ထားခဲ့ဖို့က ပို၍ အရေးကြီးသည်ဟု ယွမ်ယုတိ တွေးလိုက်သည်။

နောက်ထပ် မတွေးတော့ပဲ လုကျင့်ဖူ၏ စံအိမ်ဆီသို့ ယွမ်ယုတိ ဦးတည်သွားလိုက်တော့၏။

ယွမ်ယုတိအနားမှ ဖြတ်ကျော်သွားပြီးနောက် ဝိညာဉ်နတ်အဆင့် လုချန်းလည်း သက်ပြင်းတစ်ချက် အသာအယာ ချလိုက်၏။ အမျိုးသမီးများ၏ အလိုလိုသိစိတ်က အလွန်ကြောက်စရာကောင်းလှပါလားဟုတွေးရင်း သူ၏ စိတ်ထဲ အံ့သြနေမိသည်။

လုံးဝကွဲပြားသော ခန္ဓာကိုယ်တစ်ခုကို သူ ဖန်တီးခဲ့သော်လည်း ယွမ်ယုတိက သူ့ကို မှတ်မိလုနီးပါး ဖြစ်သွားခဲ့သည် မဟုတ်ပါလား။

သို့သော် ယခုအချိန် မှတ်မိသွားလျှင်ပင် ပြဿနာကြီးကြီးမားမား မရှိနိုင်ပေ။ ယွမ်ယုတိက ဤခန္ဓာကိုယ်ကို ဖျက်ဆီးပစ်လျှင်ပင် နောက်ထပ် ကိုယ်ထည်တစ်ခုကို သူ ထပ်မံဖန်တီးနိုင်သည်။

စားသောက်ဆိုင်ထဲသို့ ဝင်ပြီးနောက် လွတ်နေသော နေရာတစ်ခုတွင် လုချန်း ထိုင်လိုက်၏။ စားသောက်ဆိုင် ဝန်ထမ်းထံမှ ဟင်းပွဲအချို့ကို မှာယူပြီးနောက် သောက်စားရင်း ဘေးပတ်ဝန်းကျင်မှ ပြောဆိုနေမှုများကို သူ နားထောင်နေသည်။

လုကျင့်ဖူ မြို့တော်သို့ သွားမည့်အကြောင်းကို သူ သိထားပြီး ဖြစ်၏။ ဤအရာက သူ့ကို ဆွဲထုတ်ရန် ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း သူ ကောင်းကောင်းသိသော်လည်း

ဂရုမစိုက်ပေ။

ဤခန္ဓာကိုယ်သည် လူအများရှေ့တွင် သေဆုံးပြရန်အတွက်သာ ဖြစ်သည်။

ကောလာဟလများမှတစ်ဆင့် လုကျင့်ဖူ သွားမည့်လမ်းကြောင်းကို စုံစမ်းရန် လုချန်း ရည်ရွယ်ထား၏။ သူ့ကို မျှားထုတ်ချင်ကြသည်ဖြစ်ရာ လုကျင့်ဖူ၏ သွားမည့်လမ်းကြောင်းကို သူတို့ တမင်တကာ သတင်း ဖြန့်ကြလိမ့်မည်ဟု သူ ယုံကြည်သည်။

လုချန်း ထင်သည့်အတိုင်းပင် စားသောက်ဆိုင်တွင် တစ်မွန်းလွဲခန့် အချိန်ဖြုန်းပြီးနောက် လုကျင့်ဖူ၏ လမ်းကြောင်းကို သူ အခြေခံအားဖြင့် သိသွားပြီ ဖြစ်သည်။

……

သုံးရက်ဆိုသော အချိန်သည် အလွန် လျင်မြန်စွာ ကုန်ဆုံးသွားပြီး လုကျင့်ဖူ၏ မြို့တော်သို့ ခရီးစဉ်လည်း စတင်ခဲ့ပြီဖြစ်သာ်။

လုချန်းကို အောင်မြင်စွာ ဆွဲထုတ်နိုင်ရန်အတွက် ဤခရီးစဉ်ကို အကြီးအကျယ် ပြင်ဆင်ခဲ့၏။

နတ်လှေ အစင်းတစ်ရာကျော် တစ်ပြိုင်နက်တည်း ထွက်ခွာခဲ့ကြသည်။ ကွမ်းရန်ဘုရင်မြို့တော်၏ ကောင်းကင်ယံ၌ များပြားလှသော နတ်လှေများ ပေါ်လာသဖြင့် နေရောင်ခြည်ပင် ကွယ်သွားခဲ့ပြီး လုကျင့်ဖူ မြို့တော်မှ ထွက်ခွာတော့မည်ဖြစ်ကြောင်း လုချန်းကို တမင်တကာ အသိပေးနေသကဲ့သို့ ရှိနေတော့သည်။

All Chapters