အခန်း (၁၆၉၃-၁၆၉၅)
Vol. 113 Ch. 1693-1695
အခန်း (၁၆၉၃)
ထိုသူ လုချန်းလား
ကောင်းကင်ယံတွင် စီတန်းနေသော နတ်လှေများကို လုချန်း ကြည့်ရင်း တစ်ချက် ရယ်လိုက်မိသည်။ လုကျင့်ဖူတစ်ယောက် သေချင်ဇော ပြင်းပြနေသဖြင့် သူ့ကို အပြစ်တင်၍ မရတော့ပေ။
သို့သော် လုချန်း ချက်ချင်း နောက်ယောင်ခံမလိုက်သေးပေ။ ကွမ်းရန်ဘုရင်မြို့တော်မှ ထွက်ခွာသည်နှင့် လုကျင့်ဖူနောက်သို့ အမှီလိုက်ပါက သိသာလွန်းနေလိမ့်မည် ဖြစ်သည်။
တစ်ဖက်လူက သူ့ကို မျှားခေါ်နေသည်ကို လုချန်း သိထား၏။ ထို့ကြောင့် လုကျင့်ဖူသည် တစ်နေရာရာတွင် ဧကန်မုချ ရပ်နားလိမ့်မည်ဟု သူ ယုံကြည်ထားသည်။ သူ လောနေရန် မလိုပေ။
လုချန်း ခန့်မှန်းထားသည့်အတိုင်း ဖြစ်လာ၏။ ထျန်းရှနတ်ဘုရား နိုင်ငံတော်၏ မြို့တော်ဆီသို့ ဆယ်ရက်ခန့် ပျံသန်းပြီးနောက် လုကျင့်ဖူ၏ နတ်လှေအုပ်စု အရှိန်လျှော့လိုက်သည်။ သူ သွားမည့် လမ်းကြောင်းကိုလည်း လူအများ သိစေရန်အတွက်လည်း အမြဲမပြတ် သတင်းလွှင့်နေသည်။
လုကျင့်ဖူကို လုချန်း လွတ်လွတ်လပ်လပ် လာရောက်လုပ်ကြံစေရန်အတွက် နတ်ဘုရင်အားလုံးနီးပါးသည် လမ်းတစ်လျှောက်လုံး လိုက်မသွားပဲ လုကျင့်ဖူအပေါ်၌ ခြေရာခံအမှတ်အသားများ ထားခဲ့ရန်သာ ရွေးချယ်ခဲ့ကြသည်။
နောက်ဆုံးတွင် ရှန်ယွမ်အိုင်၌ လုကျင့်ဖူ၏ နတ်လှေ ရပ်နားလိုက်၏။ ထိုနေရာသည် နတ်အငွေ့အသက်များ ကြွယ်ဝလှသည်။ ရှန်ယွမ်အိုင်ရှိ နတ်အငွေ့အသက်များမှာ မကြာသေးမီ နှစ်များအတွင်းမှသာ သိပ်သည်းလာခြင်း ဖြစ်သည်။ လုကျင့်ဖူအနေနှင့် ထိုနေရာကို ပြုပြင်မွမ်းမံရန် အချိန်မရသေးသဖြင့် အနီးအနားတွင် မြို့ငယ်လေးတစ်မြို့သာ ရှိ နေသေးသည်။
ဤနေရာတွင် လာရောက်တည်းခိုခြင်းမှာ လုချန်းကို ဆွဲထုတ်ရန် လုကျင့်ဖူ၏ သိသာလှသော လှည့်ကွက်တစ်ခုပင် ဖြစ်သည်။
……
ရက်အနည်းငယ် ထပ်မံ ကုန်ဆုံးသွား၏။
ရှန်ယွမ်အိုင်ပေါ်ရှိ နတ်လှေ၌။
လုကျင့်ဖူသည် လှေကုန်းပတ်ပေါ်တွင် ရပ်လျက် အဝေးတစ်နေရာသို့ တည်ငြိမ်စွာ ကြည့်နေသည်။
လဝက်ခန့် ကုန်ဆုံးသွားသော်လည်း သူ့ကို လုပ်ကြံရန် လုချန်း ရောက်မလာသေးပေ။ ဤသတင်းက အခြားသူများကို လမ်းမှားစေရန် လုချန်းက တမင်လွှင့်ခဲ့ခြင်းလားဟုပင် သူ သံသယဝင်လာ၏။
သို့မဟုတ် ထိုနတ်ဘုရင်များ၏ ပူးပေါင်းကြံစည်မှုကို လုချန်းက ရိပ်မိသွားသဖြင့် လှုပ်ရှားမှု မပြုခြင်းလား။
သို့သော် ပြန်စဉ်းစားကြည့်လျှင် လုချန်း ရိပ်မိသွားလျှင်လည်း မဆန်းပေ။
သူတို့သည် လမ်းတစ်လျှောက်လုံး အကြီးအကျယ် ကြေညာခဲ့ကြသည် မဟုတ်ပါလား။
နတ်လှေ၏ သွားနှုန်းကလည်း နှေးကွေးလွန်းလှ၏။
လုချန်း လှုပ်ရှားရန် သင့်တော်သော ရှန်ယွမ်အိုင်ကိုလည်း ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။
နတ်အငွေ့အသက်များ လွှမ်းခြုံနေသော အိုင်ကို ကြည့်ရင်း လုကျင့်ဖူ နှာခေါင်းရှုံ့လိုက်၏။
“ကစဉ့်ကလျား ပင်လယ်က ထွက်လာပြီးနောက်မှာ သူ့ရဲ့ သတ္တိတွေ နည်းသွားပုံပဲ”
ဟု သူ့ဘာသူ ရေရွတ်လိုက်သည်။
အရင်ကသာဆိုလျှင် ထောင်ချောက်မှန်း သိလျှင်တောင် လုချန်းက စွန့်စားပြီး လာရောက်လုပ်ကြံပေလိမ့်မည်။ ထိုစဉ်က လုချန်းသည် သူ၏ အရည်အချင်းအပေါ် အပြည့်အဝ ယုံကြည်မှု ရှိခဲ့သည် မဟုတ်ပါလား။
ဤအတိုင်း ဆက်သွားနေခြင်းက အချိန်ဖြုန်းခြင်းသာဖြစ်သည်ဟု လုကျင့်ဖူ ခံစားလိုက်ရ၏။ ထို့ကြောင့် သူ၏ နောက်လိုက်များထံသို့
“မြို့တော်ကို အခုချက်ချင်း ဆက်သွားမယ်”
ဟု အသံလွှင့်ကာ အမိန့်ပေးလိုက်သည်။
ထိုနတ်ဘုရင်များက သူ့ကို ငါးစာအဖြစ် အသုံးချချင်နေကြသလို သူကလည်း ဤအခွင့်အရေးကို သုံးကာ ဖခင်ဖြစ်သူကို နန်းချရန် လုကျင့်ဖူ ကြံစည်နေခြင်းဖြစ်သည်။
လုချန်းကို မျှားထုတ်ချင်နေကြသော ထိုနတ်ဘုရင်များသည် လောလောဆယ်တွင် သူ၏ဘက်၌ ရှိနေပေးကြမည်မှာ ဧကန်မုချပင်။
မြို့တော်သို့ သူရောက်ရှိသွားချိန်တွင် သူ့နောက်၌ နတ်ဘုရင်များစွာ ရှိနေသည်ကို မြင်ပါက ထိုနေရာရှိ အင်အားစုများလည်း သူ့ဘက်သို့ တိုက်ရိုက် ကူးပြောင်းလာနိုင်သည်။
ဤအရာက သူ့အတွက် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်သည်။ ထိုနန်းပလ္လင်ပေါ်သို့ မကြာမီ တက်လှမ်းရတော့မည်ဟု တွေးတောမိရင်း သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
သို့သော် အတွေးထဲတွင် နစ်မြောနေစဉ်မှာပင် ရှေ့ဆုံးမှ နတ်လှေများ ရုတ်တရက် ရပ်တန့်သွား၏။
မျက်မှောင်ကြုတ်လျက် လုကျင့်ဖူက
“ဘာဖြစ်တာလဲ”
ဟု အသံလွှင့်ကာ မေးလိုက်သည်။
ထိုသို့ပြောပြီးနောက် ရှေ့ဘက်အခြေအနေကို စစ်ဆေးရန် သူ၏ နတ်အာရုံကို လုကျင့်ဖူ လွှတ်လိုက်၏။ ထိုအခါ နတ်လှေတန်း၏ ရှေ့တွင် နတ်ဓားတစ်လက်ကို ကိုင်ဆောင်ထားသော ဝိညာဉ်နတ်တစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။
ထိုသူထံမှ ဝိညာဉ်နတ်အငွေ့အသက်ကိုသာ ခံစားလိုက်ရသဖြင့် လုကျင့်ဖူ မှင်တက်သွား၏။
လုချန်း ရောက်လာပြီဟု သူ ထင်ခဲ့သော်လည်း ဝိညာဉ်နတ်တစ်ဦးသာ ဖြစ်နေတာလား။
ထို့ပြင် ထိုသူ၏ ရုပ်ရည်ကလည်း လုချန်းနှင့် မတူပေ။
မဟုတ်သေးပေ...
ဝိညာဉ်နတ်အဆင့်လေးက သူ့ကိုတားဆီးရဲတဲ့ သတ္တိမျိုး ဘယ်လို ရှိနေတာလဲ။
နတ်ဘုရင်များ သူ၏ဘေးတွင် မရှိကြသော်လည်း သူ့ကို ကာကွယ်ပေးရန် နတ်ဘုရင်ခံများ ရှိနေသေးသည်။
သာမန် ဝိညာဉ်နတ်တစ်ဦးက သူ၏လမ်းကို ပိတ်ဆို့ရဲပါ့မလား။
ထို့ပြင် ရှေ့မှ ဝိညာဉ်နတ်သည် ကောင်းကင်အဆင့် နတ်ဓားတစ်လက်ကို ကိုင်ဆောင်ထား၏။
လုကျင့်ဖူ၏ စိတ်များ လှုပ်ခတ်သွား၏။
ဒါက...
လုချန်းလား။
လုချန်းက အခြားသူတစ်ဦး၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီး ဝင်ရောက်နေခြင်းလား။
အကယ်၍ ထိုသို့သာဆိုလျှင် လုချန်းကို သူ မမှတ်မိတာ မဆန်းတော့ပေ။
လုချန်း ပေါ်လာပြီဖြစ်ကြောင်းနှင့် ဝိညာဉ်နတ်အဆင့်သာ ရှိတော့သည်ကို တွေးမိကာ လုကျင့်ဖူ စိတ်လှုပ်ရှားသွား၏။ အဝေးမှ ထိုဝိညာဉ်နတ်၏ နတ်ဝိညာဉ်သည် ကိုယ်ပွားတစ်ခုနှင့် မတူပဲ ပြည့်စုံနေသည်ကို သူ ခံစားမိသောကြောင့် ဖြစ်သည်။
ထိုဝိညာဉ်နတ်ကို သူ သတ်နိုင်ပါက သူ၏ ခြောက်အိပ်မက် ပြီးဆုံးသွားပေလိမ့်မည်။
ထိုသို့တွေးတောမိပြီးနောက် အချိန်မဆွဲတော့ပဲ နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုးကို လုကျင့်ဖူက
“ခင်ဗျား လုချန်းကို ဖမ်းချင်နေတာ မဟုတ်လား။ ကျုပ်တို့လမ်းကို ပိတ်ထားတဲ့ အဲဒီ ဝိညာဉ်နတ်က သူပဲ။ အခု သူက ဝိညာဉ်နတ်အဆင့်ပဲ ရှိတော့တာ။ သူရဲ့ နတ်ဝိညာဉ်ကလည်း ကစဉ့်ကလျား စွမ်းအားတွေကြောင့် ပျက်စီးနေလောက်ပြီဆိုတော့ ဝိညာဉ်ကို စစ်ဆေးဖို့က လွယ်လိမ့်မယ်။”
လုကျင့်ဖူ၏ စကားကို ကြားလျှင် နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုး လုချန်း၏ ရှေ့သို့ ချက်ချင်း ရောက်လာ၏။
တကယ်တော့ ကောင်းကင်အဆင့် နတ်ဓားကို ကိုင်ထားသော ဝိညာဉ်နတ်တစ်ဦးသည် ယခု အခြေအနေနှင့် လုံးဝ မအပ်စပ်ပေ။
နောက်တစ်ခဏတွင် နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုးက သူ၏ ကိုယ်ပေါ်မှ သွေးရောင်အငွေ့အသက်များကို ထုတ်လွှတ်လိုက်ပြီး
“ခင်ဗျားက လုချန်းလား”
ဟု တိုက်ရိုက် မေးလိုက်သည်။
နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုးကို လုချန်း တစ်ချက် ကြည့်လိုက်ပြီး တည်ငြိမ်စွာဖြင့်
“မသေချင်ရင် ဖယ်စမ်း”
လုချန်း၏ စကားကို ကြားလျှင် နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုးက ကျယ်လောင်စွာ ရယ်မောလိုက်၏။
အကယ်၍ လုချန်းသာ နတ်ဘုရင်အဆင့်မှာ ရှိနေသေးပါက သူ ကြောက်ရွံ့မိပေလိမ့်မည်။
လုချန်းသည် တစ်ချိန်က နတ်သခင်များကိုပင် ယှဉ်ပြိုင်နိုင်ခဲ့သူ မဟုတ်ပါလား။
သို့သော် ယခု ဝိညာဉ်နတ်အဆင့်၌သာ ရှိတော့သည့် လုချန်းက နတ်ဘုရင်ခံတစ်ဦးကို ခြိမ်းခြောက်ရဲနေသည်။
နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုးက
“ခင်ဗျား ကစဉ့်ကလျား ပင်လယ်ကနေ ဘယ်လိုလွတ်လာတာလဲဆိုတာ ကျုပ်ကိုပြောပြပါ။ ဒါဆိုရင်တော့ ခင်ဗျားကို အလောင်းမပျက်ပဲ သေခွင့်ပေးမယ်။”
ထိုစကားများကို လုချန်း လျစ်လျူရှုလိုက်၏။ ထို့နောက် မဆိုင်းမတွပင် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို အသုံးပြုလိုက်သည်။
သူ့ကို တိုက်ရိုက်တိုက်ခိုက်ရဲသော လုချန်းကို ကြည့်ကာ နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုး ရယ်မောလိုက်၏။ ဝိညာဉ်နတ်အဆင့်လေးနှင့် နတ်ဘုရင်ခံတစ်ဦးကို စိန်ခေါ်ရန် မမည်သူက လုချန်းကို သတ္တိတွေ ပေးလိုက်သနည်း။
ဝိညာဉ်နတ်အဆင့်လုချန်း၏ စွမ်းအား ဘယ်လောက်ကြီးမလဲ သိလိုသဖြင့် နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုးလည်း လေထဲတွင် မလှုပ်မယှက် ရပ်နေလိုက်သည်။
လုချန်း သူ့ကိုယ်သူ သေကြောင်းကြံနေသည်ဟု ပုံရိပ်ရောင်နတ်ဆိုး ထင်မှတ်ထားသော်လည်း သူ၏ နတ်ဝိညာဉ်အတွင်းပိုင်းမှ အသက်အန္တရာယ် ကြုံရတော့မည့် ခံစားချက်တစ်ခု ပေါ်ပေါက်လာ၏။
နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုး၏ မျက်နှာပေါ်ရှိ အပြုံးများ ချက်ချင်း အေးခဲသွားခဲ့သည်။
ဒါက ဘယ်လိုဖြစ်တာလဲ။
လုချန်း၏ ဤခန္ဓာကိုယ်မှာ ဝိညာဉ်နတ်အဆင့်သာ ရှိသော်လည်း သူ အသုံးပြုလိုက်သော နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာက မိစ္ဆာစွမ်းအားများကို သဘာဝအတိုင်း နှိမ်နင်းနိုင်နေသည်။ လုချန်း၏ ဝိညာဉ်နတ်အဆင့်က နတ်ဘုရင်ခံကို မယှဉ်နိုင်သော်လည်း ဤကျမ်းစာက နတ်ဘုရင်ခံ၏ မိစ္ဆာစွမ်းအားကို အတိုင်းအတာတစ်ခုအထိ ဖိနှိပ်ထားနိုင်၏။
နောက်တစ်ခဏတွင် ရှန်ယွမ်အိုင်၏ ကောင်းကင်ယံ၌ ဆီမီးအိမ်ပေါင်းများစွာ ပေါ်လာခဲ့သည်။ ထိုဆီမီးများမှ ထွက်ပေါ်လာသော နတ်အငွေ့အသက်များကြောင့် နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုး နေရထိုင်ရ ခက်ခဲလာ၏။
နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုး၏ မျက်နှာ ပို၍ပင် တည်သွားခဲ့သည်။ လုချန်း၏ ကျင့်စဉ်က မိစ္ဆာစွမ်းအားကို နှိမ်နင်းနိုင်ကြောင်း သူ ချက်ချင်း နားလည်သွား၏။
အစက လုချန်းကို မသတ်မီ ကစားချင်နေသော်လည်း ယခုတော့ လုချန်းကို အသေသာ သတ်ပစ်ချင်တော့သည်။
လုချန်းလက်ထဲရှိ ဤကျင့်စဉ် အခြားသူများလက်ထဲသို့ လုံးဝ မရောက်သွားသင့်ပေ။ မဟုတ်ပါက မိစ္ဆာနတ်များ၏ အားသာချက်များ ပျောက်ဆုံးသွားပေလိမ့်မည်။
ထိုသို့တွေးတောမိကာ နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုးလည်း မဆိုင်းမတွပင် တိုက်ခိုက်လိုက်တော့သည်။
“ကောင်းကင်နတ်ဆိုး လက်သည်း”
ထူထပ်သော မြူမည်းများ ထုတ်လွှတ်နေသည့် ဧရာမ လက်သည်းကြီးတစ်ခု ကောင်းကင်ယံမှ ဆင်းသက်လာကာ လေထဲရှိ လုချန်းကို ပစ်မှတ်ထားလိုက်၏။
နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုးကို လုချန်း တစ်ချက် ကြည့်လိုက်ပြီးနောက် နတ်ဘုရင်၏ ကျိန်စာ စွမ်းအားကို ထုတ်ဖော်လိုက်သည်။
အခြားသော နတ်ဘုရင်များ ရောက်ရှိလာမည်ကို စောင့်ဆိုင်းနေသဖြင့် အစောပိုင်းက သူ ချက်ချင်း မလှုပ်ရှားခဲ့ခြင်း ဖြစ်သည်။ နတ်ဘုရင်အချို့၏ အငွေ့အသက်များ လျင်မြန်စွာ ချဉ်းကပ်လာသည်ကို ခံစားမိသည်နှင့် သူတို့ရှေ့တွင် သူကိုယ်သူ ဖောက်ခွဲဖျက်ဆီးရန် လုချန်း အသင့်ဖြစ်သွားတော့သည်။
………………
အခန်း (၁၆၉၄)
သတ်ဖြတ်ခြင်းနယ်ပယ်
လုချန်းထံမှ ရုတ်တရက် ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုးနှင့် လုကျင့်ဖူတို့ မှင်တက်သွားကြသည်။
“နတ်... နတ်ဘုရင် အဆင့်လား”
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“သူက တကယ်ပဲ သူ့ရဲ့ စွမ်းအားတွေကို ပြန်ရသွားတာလား”
ထိုအခိုက်အတန့်တွင် လုကျင့်ဖူ အလွန် ကြောက်လန့်သွားသဖြင့် မျက်နှာတစ်ခုလုံး ဖြူလျော့သွားကာ ချွေးစေးများ တရစပ် ထွက်လာတော့သည်။ လုချန်းသည် ယခု နတ်ဘုရင်အဆင့် စွမ်းအားကို ထုတ်ဖော်နိုင်ပြီ ဖြစ်ရာ သူကို သတ်ရန်က လုချန်းအတွက် အလွန်လွယ်ကူသွားပြီ ဖြစ်ကြောင်းလည်း သူ သိလိုက်သည်။
“မဖြစ်နိုင်ဘူး...”
သူ ဒီမှာ ဆက်နေလို့ မဖြစ်တော့ပဲ အမြန်ဆုံး ထွက်ပြေးရမည်ဟု ဆုံးဖြတ်လိုက်သည်။ ထိုသို့တွေးတောရင်း လုကျင့်ဖူလည်း မဆိုင်းမတွ ထွက်ပြေးရန် ပြင်လိုက်သော်လည်း သူ ထွက်ခွာတော့မည့် ဆဲဆဲတွင် လုချန်းက ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့အသက်ကို ထုတ်လွှတ်လိုက်သည်။
နောက်တစ်ခဏတွင် ရှန်ယွမ်အိုင် ပတ်ဝန်းကျင် တစ်ခုလုံး သွေးကဲ့သို့ ရဲရဲနီသွားပြီး ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ပြတ်တောက်သွားတော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လုကျင့်ဖူလည်း
“သွားပြီ...”
ဟု တိုးတိုးလေး ရေရွတ်လိုက်မိသည်။
ဒါက သတ်ဖြတ်ခြင်း နယ်ပယ်ပင် ဖြစ်သည်။ နတ်ဘုရင်အဆင့် သတ်ဖြတ်ခြင်း နယ်ပယ်ကို သူ ဘယ်လိုမှ ဖောက်ထွက်နိုင်မှာ မဟုတ်ပေ။
နေပါဦး။
လုချန်းက ဘယ်တုန်းက သတ်ဖြတ်ခြင်း လမ်းစဉ်ကို လျှောက်လှမ်းခဲ့တာလဲ။
ဒီလူက တကယ်တော့ လုချန်း မဟုတ်ပဲ သူ့ကို ဖယ်ရှားဖို့အတွက် လုချန်းအဖြစ် ဟန်ဆောင်ထားသည့် တစ်ယောက်ယောက် ဖြစ်နေမလားဟု သူ တွေးမိသွားသည်။
ထိုသို့ ဖြစ်နိုင်ခြေကို တွေးတောမိကာ သူ၏ စိတ်ငြိမ်သက်အောင် လုပ်လိုက်ပြီး အသံလွှင့်ကာ
“စီနီယာ... ကျုပ်ကို လုပ်ကြံဖို့ ဘယ်သူက စေလွှတ်လိုက်သလဲဆိုတာ ကျုပ် မသိပါဘူး။ ဒါပေမဲ့ ဘယ်သူပဲဖြစ်ဖြစ် ကျုပ်ကို လွှတ်ပေးမယ်ဆိုရင် သူတို့ပေးတဲ့ ဆုလာဘ်ထက် ဆယ်ဆ ပိုပေးဖို့ အဆင်သင့်ပါပဲ။”
သူ့တွင် ကာကွယ်ရေး ရတနာများ ရှိသော်လည်း သတ်ဖြတ်ခြင်း စွမ်းအားကို အသုံးချနိုင်သည့် နတ်ဘုရင်တစ်ဦး၏ တိုက်ခိုက်မှုကို ခုခံနိုင်မည်ဟု သူ မယုံကြည်ပေ။ သူ့ကို ငါးစာအဖြစ် အသုံးချခဲ့သည့် ထိုနတ်ဘုရင်များကို အားကိုးရန်မှာ ပို၍ပင် မျှော်လင့်ချက် မရှိတော့ပေ။ သူတို့ ရောက်လာချိန်တွင် သူ၏ နတ်ဝိညာဉ် လုံးဝ ပျက်စီးသွားလောက်ပြီ ဖြစ်သည်။
လုကျင့်ဖူ၏ စကားကို ကြားသောအခါ လုချန်းက အေးစက်စွာ ရယ်မောလိုက်ပြီး
“ကွမ်းရန်ဘုရင်က သူ့ရဲ့ ညီအစ်ကို တော်တဲ့သူကို ဒီလောက်မြန်မြန် မေ့သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”
လုချန်း၏ စကားကြောင့် လုကျင့်ဖူ၏ စိတ်များ လှုပ်ခတ်သွားပြန်၏။
ဤသူက တကယ်ပဲ လုချန်း ဖြစ်နေတာလား။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
တကယ်လို့ဘလုချန်းက တခြားတစ်ယောက်အဖြစ် ပြန်လည်ဝင်စားခဲ့သည်ဆိုလျှင် ကျင့်စဉ်များကို ပြန်ရဖို့ အချိန်အများကြီး ယူရမည် မဟုတ်ပါလား။
ပြန်လည်ဝင်စားပြီး မကြာခင်မှာပင် ဘယ်လိုလုပ် စွမ်းအားများ ပြန်ရလာနိုင်မည်နည်း။
ထိတ်လန့်တုန်လှုပ်နေသော မျက်နှာဖြင့် လုကျင့်ဖူက
“မဟုတ်ဘူး... ခင်ဗျား လုချန်း မဖြစ်နိုင်ဘူး”
ဟု အော်ဟစ်လိုက်သည်။
လုချန်းက
“မဖြစ်နိုင်တာ ဘာမှမရှိဘူး”
ပြောပြီးသည်နှင့် သူ၏လက်ထဲရှိ နတ်သတ်ဓားကို တင်းတင်းဆုပ်ကာ လုချန်း ဝှေ့ယမ်းလိုက်တော့သည်။
“ချုံးဟွာပိလော့ နဂါးပြာ ဟိန်းသံ”
လုချန်း၏ နတ်သတ်ဓားထဲမှ သွေးရောင်ဧရာမ နဂါးကြီးတစ်ကောင် ထွက်ပေါ်လာပြီး လုကျင့်ဖူဆီသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။ ဤအရာကို မြင်လိုက်ရသောအခါ နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုး အလွန် ထိတ်လန့်သွားပြီး အလျင်အမြန်ပင် ရှောင်တိမ်းလိုက်ရသည်။
ဤဓားချက်က လုကျင့်ဖူကို ပစ်မှတ်ထားခြင်း ဖြစ်ရာ လုကျင့်ဖူအတွက် ဝင်ရောက်ကာကွယ်ပေးရန်အထိတော့ သူ စိတ်ကောင်းရှိလိမ့်မည် မဟုတ်ပေ။ ထို့ပြင် ဤအရာက နတ်ဘုရင်တစ်ပါး၏ တိုက်ခိုက်မှုဖြစ်ပြီး တစ်ဖက်လူက အစွမ်းကုန် အသုံးချထားပုံလည်းရသည်။
တိုက်ရိုက်ခုခံရန် မဆိုထားနှင့် ဓားအရှိန်အဝါက သူ့ကို အနည်းငယ် ထိမိရုံမျှဖြင့်ပင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားနိုင်သည်။ အရေးကြီးဆုံးမှာ တစ်ဖက်လူ၏ နတ်အငွေ့အသက်ဖြစ်သည်။ ယင်းက သူ၏ခန္ဓာကိုယ်ထဲရှိ မိစ္ဆာစွမ်းအားကို သိသိသာသာ နှိမ်နင်းထားသဖြင့် လုချန်း၏ တိုက်ခိုက်မှုက သူ့အတွက် ပို၍ပင် အသက်အန္တရာယ် ရှိနေခြင်းဖြစ်သည်။
သူဆီသို့ တည့်တည့်လာနေသော သွေးရောင်နဂါးကြီးကို မြင်သောအခါ လုကျင့်ဖူ အလွန်ကြောက်လန့်သွားသဖြင့် နတ်လှေ၏ ကုန်းပတ်ပေါ်သို့ လဲကျသွားသော်လည်း သူ ချက်ချင်းပင် တုံ့ပြန်နိုင်လိုက်သည်။
သူ၏ ကာကွယ်ရေး ရတနာများအားလုံးကို အမြန်ဆုံး အသက်သွင်းလိုက်ပြီး နတ်လှေ၏ ကာကွယ်ရေး နည်ဗျူဟာကိုလည်း အသက်သွင်းရန် အမိန့်ပေးလိုက်သည်။
နတ်ဘုရား နိုင်ငံတော်၏ မင်းသားတစ်ပါး ဖြစ်သည်နှင့်အညီ သူ၏ အဆင့်အတန်းမှာ မြင့်မားလှပြီး သူ၏ နတ်လှေမှာလည်း နတ်ဘုရင်တစ်ဦး၏ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်းရှိသော မြေအဆင့် နတ်လက်နက်တစ်ခု ဖြစ်သည်။ ထိုနတ်ဘုရင်များ ရောက်လာသည်အထိ အချိန်အနည်းငယ် ဆွဲထားနိုင်ပါက သူ ဘေးကင်းလိမ့်မည်ဟု လုကျင့်ဖူ ယုံကြည်နေသည်။
ထိုအခိုက်အတန့်တွင် သွေးရောင်နဂါးကြီးသည် လုကျင့်ဖူ၏ နတ်လှေမှ ထုတ်လွှတ်ထားသော နည်ဗျူဟာကြီးအတွင်းသို့ ဝင်တိုက်မိသဖြင့် ရှန်ယွမ်အိုင် တစ်ခုလုံး လှိုင်းတံပိုးများ ထကြွလာပြီး မြေပြင်မှာလည်း ပြင်းထန်စွာ တုန်ခါသွားတော့သည်။
တစ်ချိန်တည်းမှာပင် နတ်ဘုရင်တိမ်ခရမ်းနှင့် အခြားသော နတ်ဘုရင်များသည် ရှန်ယွမ်အိုင်ဆီသို့ လျင်မြန်စွာ ဦးတည်လာနေကြသည်။ လုကျင့်ဖူ အန္တရာယ်ရှိနေကြောင်း ခံစားလိုက်ရသည်နှင့် သူတို့ ချက်ချင်းပင် ထွက်ခွာလာကြခြင်း ဖြစ်သည်။
သူတို့သည် နတ်ဘုရင်များ ဖြစ်ကြသလို ရှန်ယွမ်အိုင်နှင့်လည်း မဝေးလှသဖြင့် ခဏအတွင်းမှာပင် အပြင်ဘက်သို့ ရောက်ရှိလာကြသည်။
ယခု ရှန်ယွမ်အိုင် တစ်ခုလုံး သွေးရောင်အတားအဆီးတစ်ခုအောက်တွင် ဖုံးလွှမ်းနေသည်ကို မြင်လိုက်ရသဖြင့် နတ်ဘုရင်များ၏ မျက်နှာများ မကောင်းတော့ပေ။
နတ်ဘုရင်တိမ်ခရမ်းက
“ဒါ သတ်ဖြတ်ခြင်း နယ်ပယ်လား”
“လုချန်းက သတ်ဖြတ်ခြင်း လမ်းစဉ်ကို လျှောက်လှမ်းထားတာ မဟုတ်ဘူးမလား။”
နတ်ဘုရင် မုန့်ယန်က
“အဲ့ဒါတွေကို အခု ပူမနေပါနဲ့ဦး။ ဒီနယ်ပယ်ကို ဖောက်ထွက်နိုင်တာနဲ့ အတွင်းမှာ ဘာဖြစ်နေလဲဆိုတာ ကျုပ်တို့ သိရမှာပါ”
ထိုသို့ပြောရင်းနှင့်ပင် နတ်ဘုရင် မုန့်ယန်က လက်ကိုမြှောက်ကာ တစ်စုံ တစ်ခုကို စတင် ရွတ်ဆိုလိုက်သည်။
“မဟာအိမ်မက် ယန်ဖြိုခွဲခြင်း ပညာ”
နောက်တစ်ခဏတွင် သူ၏နောက်၌ ဧရာမ နေမင်းကြီးတစ်စင်း ပေါ်လာပြီး ထိုမှထွက်ပေါ်လာသော ရွှေရောင်အလင်းတန်းများသည် သတ်ဖြတ်ခြင်း နယ်ပယ်ဆီသို့ တည့်တည့်ထိမှန်သွားကာ ပြင်းထန်သော ရိုက်ခတ်မှုကို ဖြစ်ပေါ်စေလိုက်သည်။
သို့သော် သတ်ဖြတ်ခြင်း နယ်ပယ် ပျက်စီးသွားခြင်း မရှိသေးပေ။
နတ်ဘုရင် မုန့်ယန် လှုပ်ရှားသည်ကို မြင်သောအခါ နတ်ဘုရင်တိမ်ခရမ်းနှင့် နတ်ဘုရင် ဝူချွဲတို့လည်း ကြည့်မနေတော့ပဲ ဝိုင်းဝန်း တိုက်ခိုက်လိုက်ကြသည်။ ခမ်းနားသော ကောင်းကင်ခန်းမမှ နတ်ဘုရင်သုံးဦး လှုပ်ရှားလာသည်ကို မြင်သောအခါ အခြားသော နတ်ဘုရင်များကလည်း လိုက်လံ တိုက်ခိုက်ကြသဖြင့် စွမ်းအားများ ဒါဇင်နှင့်ချီကာ သတ်ဖြတ်ခြင်း နယ်ပယ်ပေါ်သို့ ကျရောက်သွားတော့သည်။
ထိုအခိုက်အတန့်တွင် ယွမ်ယုတိသည် အဝေးရှိ ကောင်းကင်ယံ၌ ရပ်နေပြီး ရှန်ယွမ်အိုင်တွင် ဖြစ်ပျက်နေသမျှကို တိတ်တဆိတ် စောင့်ကြည့်နေ၏။
သူမသည်လည်း အခြားသော နတ်ဘုရင်များကဲ့သို့ပင် ဇဝေဇဝါ ဖြစ်နေ၏။ လုချန်းသည် သတ်ဖြတ်ခြင်းဖြင့် လမ်းစဉ်ကို သက်သေပြထားသူ မဟုတ်ပေ။
သတ်ဖြတ်ခြင်း နယ်ပယ်ကို သူ ဘယ်လိုလုပ် ဖန်တီးနိုင်ရတာလဲ။
လုကျင့်ဖူကို တိုက်ခိုက်နေသူက လုချန်း မဟုတ်တာများလား။
သို့သော် လုချန်း ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သတ်ဖြတ်ခြင်း နယ်ပယ် ပျက်စီးသွားသည့် အချိန်အထိ သူမ စောင့်ကြည့်နေဦးမည် ဖြစ်သည်။
ယွမ်ယုတိသည် လုချန်းကို သတ်ချင်နေကြသော အချို့သော နတ်ဘုရင်များနှင့် မတူပေ။ သူမသည် အစပိုင်းတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်ဖြင့် ရောက်လာခဲ့ခြင်း ဖြစ်သော်လည်း ကစဉ့်ကလျား ပင်လယ်မှ လုချန်း ထွက်လာနိုင်ခြင်းက သူမ၏ အစ်မလည်း ထွက်လာနိုင်သည်ဟု ညွှန်ပြနေသည်။ ထို့ကြောင့် လုချန်းကို အရှင်ဖမ်းဆီးပြီး သူမ၏ အစ်မ အသက်ရှင်နေသေးသလားဆိုတာကို မေးမြန်းချင်နေခြင်း ဖြစ်သည်။
……
တစ်ချိန်တည်းမှာပင်။
လုချန်း၏ သတ်ဖြတ်ခြင်း နယ်ပယ်အတွင်း၌။
လုကျင့်ဖူ၏ နတ်လှေပေါ်ရှိ နည်းဗျူဟာများသည် ရွှေရောင်အလင်းများ တောက်ပနေပြီး လုချန်း၏ ဓားချက်ကို မနည်းခုခံထားသော်လည်း အတားအဆီးပေါ်တွင် အက်ကြောင်းများ ပေါ်ပေါက်နေပြီ ဖြစ်သည်။
လုချန်း၏ ဓားချက်ကို ခုခံနိုင်သည်ကို မြင်သောအခါ လုကျင့်ဖူက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက် ရယ်မောကာ
“ဟားဟားဟား... လုချန်း။ ခင်ဗျား ကျုပ်ကို သတ်လို့မရဘူး။ ဒီနေ့ ဒီမှာ သေရမှာက ခင်ဗျားပဲ။”
လွန်ခဲ့သော ခဏက လုချန်းကြောင့် ကြောက်လန့်တုန်လှုပ်နေခဲ့သည်ကို ပြန်စဉ်းစားမိပြီး လုကျင့်ဖူ စိတ်ထဲ အလွန် အရှက်ရသွားသလို ခံစားလိုက်ရ၏။ လုချန်း၏ သတ်ဖြတ်ခြင်း နယ်ပယ် လှုပ်ခတ်နေသည်ကို သူ ခံစားမိသဖြင့် အပြင်ဘက်မှ တစ်စုံတစ်ယောက်က ၎င်းကို ဖောက်ထွက်ရန် ကြိုးစားနေကြောင်း သူ သိလိုက်သည်။ နယ်ပယ် ပျက်စီးသွားသည်နှင့် သူ အသက်ရှင်နိုင်တော့မည် ဖြစ်သည်။
လုကျင့်ဖူက ဆက်လက်၍ လှောင်ပြောင်သံဖြင့်
“လုချန်း... ခင်ဗျားက အမြဲတမ်း ရှုံးနိမ့်သူပဲ။ ထျန်းရှနတ်ဘုရားနိုင်ငံတော်ရဲ့ သခင်က ကျုပ်ပဲ ဖြစ်ရမယ်။ မကြာခင်မှာ ကျုပ် အဲဒီနေရာကို တက်လှမ်းတော့မယ်။ဒါပေမဲ့ ခင်ဗျားကတော့ အဲ့ဒါကို မြင်ရတော့မှာ မဟုတ်တော့ဘူး။”
လုချန်းက ထိုလှောင်ပြောင်မှုကို လျစ်လျူရှုလိုက်ပြီး နတ်လှေမှ ကာကွယ်ရေး နည်းဗျူဟာကို တစ်ချက် ကြည့်လိုက်သည်။ ခုနက သူ သတ်ဖြတ်ခြင်း နယ်ပယ်ကို အသုံးပြုခဲ့သော်လည်း သတ်ဖြတ်ခြင်း စွမ်းအားကိုတော့ အစွမ်းကုန် အသုံးမပြုရသေးပေ။ နောက်တစ်ကြိမ် တိုက်ခိုက်မှုတွင်တော့ သူ၏ စွမ်းအားကို လုံးဝ လျှော့ထားတော့မည် မဟုတ်ပေ။
ထို့နောက် သတ်ဖြတ်ခြင်း စွမ်းအားကို စုစည်းကာ သူ၏ဓားကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ပြန်သည်။
“ချုံးဟွာပိလော့ နဂါးပြာ ဟိန်းသံ”
ဤဓားချက်ကို လုချန်း ထုတ်လွှတ်လိုက်သည်နှင့် နတ်ဘုရင်များစွာ ဖောက်ခွဲရန် ကြိုးစားနေသော သတ်ဖြတ်ခြင်း နယ်ပယ်သည်လည်း ထိုစွမ်းအားကို မခံနိုင်တော့ပဲ တိုက်ရိုက် ကွဲကြေသွားတော့သည်။
…………..
အခန်း( ၁၆၉၅ )
လုချန်း ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်း
လုချန်း၏ သတ်ဖြတ်ခြင်း နယ်ပယ်ကို နတ်ဘုရင်များ စုပေါင်းတိုက်ခိုက်ရန် ပြင်ဆင်နေကြစဉ်မှာပင် ထိုနယ်ပယ်ကြီး ပျက်စီးသွားပြီးနောက် အတွင်းပိုင်းမှ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ထွက်ပေါ်လာသည်ကို သူတို့ ရုတ်တရက် ခံစားလိုက်ရ၏။
နတ်ဘုရင်များ၏ မျက်နှာများမှာ သိသိသာသာ ပျက်ယွင်းသွားကြပြီး အတွင်းမှ ပြေးထွက်လာသည့် သွေးနီရောင် နဂါးကြီးကို အမြန်ပင် ရှောင်တိမ်းလိုက်ကြ၏။
သွေးနီရောင် နဂါးကြီး ပျံသန်းထွက်ပေါ်လာချိန်တွင် မြေပြင်ပေါ်၌ ပေထောင်ချီနက်သော ချောက်ကြီးတစ်ခု ဖြစ်ပေါ်လာကာ အာကာသဟင်းလင်းပြင်လည်း ချက်ချင်းပင် အက်ကွဲသွားသည်။
ထိုအခိုက်အတန့်၌ လုကျင့်ဖူနှင့် သူ၏ နတ်လှေကတော့ အမှုန်အမွှားများအဖြစ်သို့ လုံးဝ ပြောင်းလဲသွားတော့သည်။
လုချန်း၏ တိုက်ကွက်ကို မြင်တွေ့လိုက်ရသောအခါ နတ်ဘုရင်များ ကျောရိုးထဲအထိ စိမ့်တက်သွားသော အအေးဓာတ်ကို ခံစားလိုက်ကြရ၏။
ဤသူက တကယ်ပဲ လုချန်းလား။
နှစ်ပေါင်း ကုဋေကုဋာကျော်တိုင် ကစဉ့်ကလျား စွမ်းအားများ၏ တိုက်စားမှုကို ခံခဲ့ရပြီး ကစဉ့်ကလျား ပင်လယ်ထဲမှ အခုလေးတင် ထွက်ပေါ်လာသော နတ်ဘုရင်တစ်ဦးက ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တိုက်ကွက်ကို မည့်သို့မည်ပုံ ထုတ်ဖော်နိုင်စွမ်း ရှိနေသေးသနည်း။
ဤအရာက ဖြစ်နိုင်တဲ့ အရာတစ်ခုလား။
ဤတိုက်ကွက်သည် နတ်သခင်တစ်ဦး၏ အစွမ်းနှင့်ပင် ယှဉ်နိုင်နေပြီ ဖြစ်၏။
ထျန်းရန် နတ်ဘုရား နယ်မြေကို ကောင်းကင်ဘုံ လမ်းစဉ် နိယာမများက ဖိနှိပ်ထားကြောင်း သိထားရမည်။
ထိုသို့ ဖိနှိပ်ထားမှုကြောင့် နတ်သခင်များနှင့် နတ်ဘုရင်များပင်လျှင် သူတို့၏ အစွမ်းအပြည့်ကို မထုတ်ဖော်နိုင်ကြပေ။
သို့သော်လည်း လုချန်း၏ တိုက်ကွက်ကတော့ ဤမျှ ကြီးမားသော ပျက်စီးမှုကို ဖြစ်ပေါ်စေခဲ့သည်။
လုကျင့်ဖူကို ရှင်းလင်းပြီးနောက် လုချန်း၏ အကြည့်များက အဝေးရှိ နတ်ဘုရင်များဆီသို့ ဦးတည်သွား၏။ ထိုအခါကြမှာသာ ထိုသူများလည်း ထိတ်လန့်တုန်လှုပ်မှုထဲမှ နောက်ဆုံးတွင် သတိပြန်ဝင်လာကြ၏။
ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားသော နတ်ဘုရင်တိမ်ခရမ်းက လူအများအား
“အဲ့ဒီတိုက်ကွက်က သူ့ရဲ့ နတ်စွမ်းအားတွေကို အများကြီး ကုန်ဆုံးသွားစေတာ သေချာတယ်။ အခု သူရဲ့ စွမ်းအား အကုန်အစင် ခမ်းခြောက်နေတဲ့ အခြေအနေပဲ။ အားလုံး စိုးရိမ်စရာ မလိုဘူး။”
နတ်ဘုရင်တိမ်ခရမ်း၏ စကားကို ကြားရသောအခါ အခြားနတ်ဘုရင်များလည်း လုချန်း၏ အစွမ်း မည်မျှပင် ထူးကဲနေပါစေ ဤကဲ့သို့ ကြောက်စရာကောင်းသော တိုက်ကွက်တစ်ခုက သူ၏ စွမ်းအင်အားလုံးကို ကုန်ဆုံးသွားစေနိုင်ကြောင်း သဘောပေါက်လိုက်ကြ၏။
ထိုသို့ တွေးမိသည်နှင့် နတ်ဘုရင် ဝူချွဲတို့လည်း လုချန်းကို ချက်ချင်းပင် ဝိုင်းရံလိုက်ကြ၏။
နတ်ဘုရင် ဝူချွဲက
“လုချန်း... ခင်ဗျား ကစဉ့်ကလျား ပင်လယ်ထဲကနေ ဘယ်လိုလွတ်လာတာလဲ။ အဲ့ဒီက အတွေ့အကြုံတွေကို ပြောပြမယ်ဆိုရင် ကျုပ်တို့တတွေ ခင်ဗျားအသက်ကို ချမ်းသာပေးကောင်း ပေးနိုင်လိမ့်မယ်။”
အမှန်စင်စစ် နတ်ဘုရင် ဝူချွဲ လိမ်ပြောနေခြင်း ဖြစ်၏။
သူတို့အားလုံးသည် နတ်ဘုရင်များ ဖြစ်ကြ၏။
လုချန်း၏ အစွမ်းများ ကုန်ခမ်းနေသည်ဆိုစေဦးတော့ သူ၏ နတ်အာရုံမှာ နတ်ဘုရင်အဆင့်မှာပင် ရှိနေသေးသဖြင့် ဝိညာဉ်ရှာဖွေခြင်း အတတ်ကို အတင်းအကျပ် အသုံးပြုပါက ကြီးမားသော အန္တရာယ်များ ရှိနိုင်သည်။
ထိုသို့ လုပ်ဆောင်ရာတွင် မအောင်မြင်ခဲ့ပါကလည်း တန်ပြန် ထိခိုက်မှုများ ခံစားရနိုင်သောကြောင့် နတ်ဘုရင် ဝူချွဲက အရင်ဦးဆုံး ကောင်းကောင်းမွန်မွန် မေးမြန်းရန် ရွေးချယ်ခဲ့ခြင်း ဖြစ်၏။
လုချန်း၏ ကံကြမ္မာကတော့ ဆုံးဖြတ်ပြီးသားပင် ဖြစ်၏။
သူကဲ့သို့ ပါရမီရှင်တစ်ဦးကို အသက်ရှင်လျက် ထားခဲ့ရန်က လုံးဝ မဖြစ်နိုင်သည့် ကိစ္စပင် ဖြစ်၏။
သူထံမှ ကစဉ့်ကလျား ပင်လယ်၏ လျှို့ဝှက်ချက်များကို သိပြီးသည်နှင့် လုချန်းကို ချက်ချင်းပင် ရှင်းလင်းပစ်ကြလိမ့်မည်။
လုချန်း ဝိုင်းရံခံထားရသည်ကို အဝေးမှ မြင်တွေ့နေရသော ယွမ်ယုတိလည်း ချက်ချင်းပင် ဝင်ရောက်ပြီး သူ့ကို ခေါ်ဆောင်သွားချင်စိတ်များ ဖြစ်ပေါ်နေ၏။
သို့သော်လည်း နတ်ဘုရင် ဝူချွဲ၏ မေးခွန်းကို ကြားလိုက်ရသောအခါ လုချန်း မည်သို့ တုံ့ပြန်မည်ကို သိချင်သဖြင့် သူမ၏ စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်သည်။
သူမကိုယ်တိုင်လည်း ကစဉ့်ကလျား ပင်လယ်အကြောင်းနှင့် လုချန်း မည်သို့ လွတ်မြောက်လာခဲ့သည်ကို သိလိုစိတ် ပြင်းပြနေ၏။
ပို၍ အရေးကြီးသည်မှာ လုချန်း လွတ်မြောက်နိုင်သည်ဆိုလျှင် သူမ၏ အစ်မလည်း တစ်နေရာရာတွင် အသက်ရှင်နေနိုင်သေးသလားဟူသော အချက်ကို အတည်ပြုချင်နေခြင်း ဖြစ်သည်။
ထိုအခိုက်အတန့်၌ လုချန်းသည် ရှိနေသည့် နတ်ဘုရင်များကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက်
“ကစဉ့်ကလျား ပင်လယ်ရဲ့ လျှို့ဝှက်ချက် တွေကို သိချင်ရင် ကျုပ်နဲ့အတူ လိုက်ခဲ့ကြလေ။ အဲ့ဒီကျရင် အကုန်ပြောပြမယ်။”
ထိုသို့ ပြောလိုက်စဉ်မှာပင် လုချန်း၏ ခန္ဓာကိုယ် သိသိသာသာပင် အက်ကွဲလာလေတော့သည်။
နတ်ဘုရင်များ၏ မျက်နှာများ ချက်ချင်းပင် ပျက်ယွင်းသွားကြပြီး နတ်ဘုရင်တိမ်ခရမ်းက ထိတ်လန့်တကြား အော်ဟစ်ကာ
“မဖြစ်ဘူး... သူ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲတော့မယ်”
ထို့နောက်တွင် နတ်ဘုရင်များ အလုအယက် ထွက်ပြေးကြတော့သည်။
လုချန်း ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲရန် ရည်ရွယ်နေသည်ကို သိသွားချိန်တွင် ယွမ်ယုတိ လုံးဝ မှင်တက်သွား၏။
သတိပြန်ဝင်လာသောအခါ သူမသည်လည်း ရှန်းယွမ် ရေကန်မှ ဝေးရာသို့ အမြန် ရှောင်တိမ်းလိုက်သည်။
နတ်ဘုရင်တစ်ဦး၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှု အရှိန်က ပေါ့သေးသေး မဟုတ်ပေ။
ကံမကောင်းပါက နတ်ဘုရင်များ လုချန်းနှင့်အတူ လိုက်သေရနိုင်သလို ပေါက်ကွဲမှု၏ ဗဟိုချက်တွင် ရှိနေသူများသည်လည်း အသက်ရှင်ကျန်ရစ်လျှင်ပင် ပြင်းထန်သော ဒဏ်ရာများကို ခံစားရလိမ့်မည်။
ယွမ်ယုတိ ပေါက်ကွဲမှု ဧရိယာအတွင်းမှ လွတ်မြောက်သွားသည်နှင့် လုချန်းလည်း မဆိုင်းမတွပင် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲရန် ရွေးချယ်လိုက်၏။
ယွမ်ယုတိသည် သူနှင့် ကံပါလာသော အဖော်ဖြစ်သဖြင့် သူမကို ထိခိုက်စေလိုခြင်း မရှိသော်လည်း အခြားနတ်ဘုရင်များ အပေါ်တွင် ထိုသို့သော စာနာစိတ်မျိုး သူမထားပေ။
သူ၏ ခန္ဓာကိုယ် ပေါက်ကွဲသွားချိန်တွင်၊
အဖျက်စွမ်းအားများ ပါဝင်သော စွမ်းအားတစ်ခု ရှန်းယွမ်ကန်တစ်လျှောက် လွှမ်းခြုံသွားပြီး အပြင်ဘက်သို့ အရှိန်အဟုန်ဖြင့် ပြန့်ကားသွားတော့သည်။
လုချန်း ပေါက်ကွဲခဲ့သည့် ဗဟိုချက်တွင် ဧရာမ အဖျက် စွမ်းအင်လုံးကြီးတစ်ခု ဖြစ်ပေါ်လာကာ ထိတွေ့သမျှ အရာအားလုံးကို ချေမှုန်းဖျက်ဆီးပစ်၏။
လုချန်း၏ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ဆူညံတုန်ခါမှုများ တဖြည်းဖြည်း ငြိမ်သက်သွားရန် အချိန်မည်မျှ ကြာသွားမှန်းပင် မသိနိုင်ပေ။
နတ်ဘုရင်များကတော့ ချွေးစေးများ ပြန်နေကြသည်။
နတ်ဘုရင်တိမ်ခရမ်းက တံတွေးထွေးကာ ကျိန်ဆဲရင်း
“အရူးပဲ... တကယ့်အရူး”
လုချန်း ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခဲ့သည့် အဝေးမှ ချောက်ကြီးကို ကြည့်ကာ နတ်ဘုရင် ဝူချွဲ သက်ပြင်းချရင်း
“သူ ဒီလောက်အထိ ပြတ်သားလိမ့်မယ်လို့ မထင်ထားမိဘူး။ အခုတော့ သူ ကစဉ့်ကလျား ပင်လယ်ကနေ ဘယ်လိုထွက်လာလဲဆိုတာ တို့တွေ ဘယ်တော့မှ သိရတော့မှာ မဟုတ်ဘူး။”
နတ်ဘုရင်တိမ်ခရမ်းကလည်း
“သူ ကစဉ့်ကလျား ပင်လယ်ထဲကို တစ်ခါမှ ဝင်မသွားခဲ့တာလည်း ဖြစ်နိုင်တာပဲ။ အဲဒီတုန်းက ဝင်သွားတာ သူ မဟုတ်ပဲနဲ့ သူကိုယ်တိုင် ဖန်တီးထားတဲ့ ကိုယ်ပွားတစ်ခုခုလည်း ဖြစ်နေနိုင်တယ်။”
နတ်ဘုရင်တိမ်ခရမ်း၏ ခန့်မှန်းချက် ဖြစ်နိုင် ခြေရှိသည်ဟု နတ်ဘုရင်များ ယူဆလိုက်ကြ၏။
သို့သော် လုချန်း ကစဉ့်ကလျား ပင်လယ်ထဲသို့ ဝင်ခဲ့သည်ဖြစ်စေ မဝင်ခဲ့သည်ဖြစ်စေ အခုတော့ သူ လုံးဝ သေဆုံးသွားပြီ ဖြစ်သဖြင့် နတ်ဘုရင်များအနေနှင့် သူ၏ ကလဲ့စားချေမှုကို ကြောက်နေစရာ မလိုတော့ပေ။
အခြားသော နတ်ဘုရင်များလည်း နတ်ဘုရင် ဝူချွဲကို နှုတ်ဆက်ပြီးနောက် မကြာမီပင် လူစုခွဲသွားကြ၏။
နတ်ဘုရင် ဝူချွဲသည် လုချန်း ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခဲ့သည့် ချောက်ကြီးကို နောက်တစ်ကြိမ် ကြည့်လိုက်ပြန်၏။
အမှန်အတိုင်း ပြောရလျှင် ထိုချောက်ကြီးသည် ကြီးမားလှသည် ဆိုသော်လည်း နတ်ဘုရင် အစစ်တစ်ဦး ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုနှင့် ယှဉ်လျှင် ပျက်ဆီးမှု အတိုင်းအတာ အနည်းငယ် လျော့နည်းနေသလို ရှိ၏။
သို့သော်လည်း နတ်ဘုရင် ဝူချွဲ ထပ်မံ၍ သံသယ မဝင်တော့ပေ။
တကယ်တော့ လုချန်း၏ အစွမ်းများ သိသိသာသာ လျော့ကျနေပြီဖြစ်၏။ အစောပိုင်းက ထိုကြောက်မက်ဖွယ်ကောင်းသော တိုက်ကွက်ကို ထုတ်ဖော်ရာတွင် သူ၏ စွမ်းအင်အားလုံးကို အသုံးပြုခဲ့ရသဖြင့် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုက ဤမျှလောက်သာ အဖျက်စွမ်းအားရှိတော့ခြင်းက ပုံမှန်ပင်ဖြစ်သည်ဟု သူ ယူဆလိုက်၏။
နတ်ဘုရင် ဝူချွဲက
“ကျုပ်တို့တွေလည်း ပြန်ပြီး သခင့်ဆီ အစီရင်ခံကြရအောင်။”
ထိုသို့ ပြောပြီးသည်နှင့် နတ်ဘုရင် ဝူချွဲလည်း လေထဲတွင်ပင် ပျောက်ကွယ်သွားတော့သည်။
သူ ထွက်ခွာသွားပြီးနောက် နတ်ဘုရင်တိမ်ခရမ်းနှင့် နတ်ဘုရင် မုန့်ယန်တို့လည်း တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြ၏။
နတ်ဘုရင်များအားလုံး ထွက်ခွာသွားချိန်တွင်ပေါက်ကွဲမှု၏ ဗဟိုချက်ဆီသို့ ယွမ်ယုတိ ရောက်ရှိလာခဲ့သည်။
ပေါက်ကွဲမှုမှ ကျန်ရှိနေသော နတ်အငွေ့အသက်များကြားတွင် ယွမ်ယုတိတစ်ယောက် အတွေးထဲနစ်မြောနေ၏။
သူမတွင် လုချန်းအပေါ် နက်ရှိုင်းသော နာကျည်းမှုများ ရှိနေသော်လည်း သူနှင့် ကိုယ်တိုင်ကိုယ်ကျ စာရင်းရှင်းချင်ခဲ့သေးသည်။
သူမ၏ အစ်မ အသက်ရှင်နေနိုင်သေးသည့် အခွင့်အရေး ရှိမရှိကိုလည်း မေးမြန်းရန် ကြံရွယ်ထားခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း လုချန်းသည် မတွန့်မဆုတ်ပဲ အလွန်ပြတ်သားစွာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲရန် ရွေးချယ်သွားခဲ့၏။ သူ လောကကြီးအပေါ် မျှော်လင့်ချက်အားလုံး ကုန်ဆုံးသွားခဲ့ကြောင်း ထင်ရှားသည်။
ထိုအရာကို အခြားရှုထောင့်တစ်ခုမှ ကြည့်လျှင် လုချန်းတွင် ဘာတစ်ခုမှ ကျန်မနေတော့ကြောင်း သက်သေပြနေခြင်းလည်း ဖြစ်၏။
သူသည် ပို၍မြင့်မားသော နယ်ပယ်တစ်ခုသို့ တက်လှမ်းနိုင်တော့မည် မဟုတ်သလို အနာဂတ်လည်း မရှိတော့ကြောင်း သိသွားသဖြင့် ကလဲ့စားချေပြီးနောက် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်လိုက်ခြင်း ဖြစ်လိမ့်မည်။
အကယ်၍ လုချန်းတွင် အနာဂတ်အတွက် မျှော်လင့်ချက် သို့မဟုတ် တွယ်တာစရာ တစ်ခုခုသာ ရှိနေမည်ဆိုပါက သေခါနီးအချိန်တွင် အနည်းငယ်တော့ ရုန်းကန်နေဦးမည် ဖြစ်သည်။
ထိုသို့ တွေးမိသောအခါ သူမ၏ အစ်မ တကယ်ပင် ကွယ်လွန်သွားတာ ဖြစ်နိုင်သည်ဟု ယွမ်ယုတိ သဘောပေါက်လိုက်၏။
ထိုအချက်ကို သဘောပေါက်လိုက်ရသောအခါ ယွမ်ယုတိ၏ ကိုယ်မှ အေးစက်သော အငွေ့အသက်များ မရည်ရွယ်ပဲ ထွက်ပေါ်လာပြီး
“ဒီအတိုင်း သေသွားတာ... ရှင့်အတွက် သက်သာလွန်းသွားတယ်”
ဟု နာကြည်းစွာ ရေရွတ်လိုက်၏။
ထိုစကားများနှင့်အတူ ယွမ်ယုတိသည်လည်း လှည့်ထွက်သွားကာ ထျန်းရှ နတ်ဘုရား နိုင်ငံတော်မှ ထွက်ခွာသွားလေတော့သည်။
……
မကြာသေးမီက လျှို့ဝှက်လဝန်းနန်းတော်၏ အခြေအနေ အလွန်ပင် ဆိုးရွားနေခဲ့၏။
ယွမ်ယုတိ ထွက်ခွာသွားကတည်းက သွေးလင်းယုန်ခန်းမသည် လျှို့ဝှက်လဝန်းနန်းတော်၏ နယ်မြေများကို ပြင်းပြင်းထန်ထန် ကျူးကျော်လာခဲ့ပြီး ထိုနယ်မြေရှိ မြို့များတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို လုပ်ဆောင်လာခဲ့သည်။
သွေးလင်းယုန်ခန်းမသည် ယွမ်ယုတိ လျှို့ဝှက်လဝန်းနန်းတော်မှ ထွက်ခွာသွားခြင်းကို သိသွားပုံရပြီး ထို့ကြောင့်လည်း ထိုကဲ့သို့ ရဲရဲတင်းတင်း လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။