အခန်း (၂၀၆၆-၂၀၆၈)
Vol. 128 Ch. 2066-2068
အခန်း (၂၀၆၆) ကက်စပီယန်ပင်လယ်အနားသို့ ဆိုက်ရောက်ခြင်း
“အမှန်တော့…… ခေါင်းဆောင် ထန်လူမျိုးတွေရဲ့ အင်ပါယာ ဗိုလ်ချုပ်ကြီးနှစ်ယောက် ဘဂ္ဂဒက်မှာ တပ်စွဲထားတယ်လို့ ကျွန်တော် ကြားဖူးပါတယ်။ ဖြစ်နိုင်ရင် ဒီတစ်ခေါက် စစ်ဆင်ရေးမှာ ကျွန်တော်တို့ မပါဝင်ဘဲ နေလို့ မရဘူးလား၊ ဘာပဲပြောပြော ကျွန်တော်တို့ ခိုင်ရွန်လူမျိုးတွေက လူဦးရေ နည်းပါးလှတာမို့ တခြားသော မျိုးနွယ်စုကြီးတွေနဲ့တော့ နှိုင်းယှဉ်လို့ မရဘူးလေ။
ထိုအချိန်မှာပင် ခိုင်ရွန်လူမျိုးတစ်ဦးက တိုးညှင်းသောအသံဖြင့် စမ်းသပ်၍ လျှောက်တင်လိုက်ပေသည်။
“ရွှပ်”
ထိုသူ၏ စကားအဆုံး၌ မြက်ခင်းပြင်ကြီးပေါ်တွင် ဆူညံစွာ ရယ်မောနေကြသော ခိုင်ရွန်လူမျိုးများမှာ ခဏချင်းမှာပင် တိတ်ဆိတ်သွားခဲ့ကြကာ ပတ်ဝန်းကျင် အခြေအနေမှာလည်း ရုတ်တရက် လေးလံသွားခဲ့ရ၏။
ထိုနေရာရှိ ခိုင်ရွန်လူမျိုးများမှာ တစ်ယောက်ပြီးတစ်ယောက် ခေါင်းလွှဲသွားကြသော်လည်း၊ ခိုင်ရွန်ခေါင်းဆောင်၏ အကြည့်မှာမူ အေးစက်သွားကာ လူအုပ်ကြားထဲမှ ကိုယ်ခန္ဓာ သေးသွယ်လှသော ခိုင်ရွန်လူမျိုးတစ်ဦးဆီသို့ စူးစိုက်၍ ရောက်ရှိသွားပေသည်။
ထိုခိုင်ရွန်လူမျိုးသည်လည်း ပတ်ဝန်းကျင်၏ ထူးခြားလှသော အခြေအနေကို ခံစားမိသွားဟန်ဖြင့် မျက်နှာတစ်ခုလုံး နီမြန်းသွားကာ ခေါင်းငုံ့လိုက်မိပေသည်၊ သူသည် မိမိ စကားမှားသွားခဲ့ပြီဖြစ်ကြောင်း သိရှိသွားပုံရ၏။
“ခိုင်အာ လူမျိုးတွေရဲ့ အဆုံးသတ်ကို မင်းတို့ မေ့သွားကြပြီလား?”
“အဲဒီ နတ်ဘုရားစေတမန်တွေက စကားပြောရတာ လွယ်ကူလိမ့်မယ်လို့ မင်း တကယ်ပဲ ထင်နေတာလား? သူတို့ရဲ့အမိန့်ကို ဖီဆန်ဝံ့တဲ့ မျိုးနွယ်စုတွေဟာ အချိန်အတော်ကြာကတည်းက ပျောက်ကွယ်သွားခဲ့ပြီး မြေမှုန့်အဖြစ် ပြောင်းလဲသွားခဲ့ကြပြီ။ ငါတို့ ခိုင်ရွန်လူမျိုးတွေကိုလည်း သူတို့လို အဖြစ်မျိုး ကြုံစေချင်တာလား?”
“ဒီတစ်ခေါက် နတ်ဘုရားစေတမန်တွေရဲ့ အမိန့်က မြောက်ဘက်နယ်မြေမှာရှိတဲ့ လှည့်လည်သွားလာနေတဲ့ လူမျိုးစုအားလုံး ပါဝင်ရမယ်ဆိုတာပဲ၊ ငါတို့လည်း ဖီဆန်လို့ မရဘူး”
ထိုခိုင်ရွန်ခေါင်းဆောင်က ပြတ်သားလှသော အသံဖြင့် ဟိန်းဟောက်လိုက်ပေသည်။
“ခေါင်းဆောင် ကျွန်တော် မှားသွားပါတယ်”
ထိုခိုင်ရွန်လူမျိုးက တိုးညှင်းသော အသံဖြင့် လျှောက်တင်လိုက်၏။
“ခဏနေရင် နတ်ဘုရားစေတမန် တွေနဲ့ တွေ့တဲ့အခါ အားလုံး ပါးစပ်ကို ပိတ်ထားကြစမ်း၊ ငါ့ရဲ့ အမိန့်မရှိဘဲ ဘယ်သူမှ စကားမပြောရဘူး၊ သွားကြစို့”
ခိုင်ရွန်ခေါင်းဆောင်၏ အသံအဆုံး၌ မြင်းဝမ်းဗိုက်ကို ခြေထောက်ဖြင့် အားကုန်ညှပ်လိုက်ကာ သူ၏နောက်ကွယ်ရှိ လူအုပ်ကြီးကို ဦးဆောင်လျက် ကက်စပီယန်ပင်လယ်အရပ်ဆီသို့ လျင်မြန်စွာ ဦးတည်သွားခဲ့ပေတော့သည်။
“သူတို့နောက်ကို လိုက်သွားစို့”
မြေအောက်အနက်ရှိုင်းဆုံးမှနေ၍ ဝမ်ချောင်သည် စိတ်အာရုံ လှုပ်ရှားလိုက်ကာ မျက်နှာမဲ့လူနှင့်အတူ ကြယ်တံခွန်တစ်ခုသဖွယ် ထိုခိုင်ရွန်လူမျိုးတို့၏ နောက်ကွယ်မှနေ၍ ကက်စပီယန်ပင်လယ်တည်ရှိရာ အရပ်ဆီသို့ အရှိန်အဟုန်ဖြင့် လိုက်ပါသွားခဲ့ပေသည်။
ဤလူများက လမ်းပြပေးနေသဖြင့် ဝမ်ချောင်နှင့် မျက်နှာမဲ့လူတို့အတွက်မူ ခရီးနှင်ရသည်မှာ ပိုမို၍ လွယ်ကူချောမွေ့သွားခဲ့ရပေသည်။
……
ရှေ့သို့ ဆက်လက် တိုးဝင်လေလေ လေထုအတွင်းရှိ အေးစိမ့်လှသော အငွေ့အသက်များမှာ ပိုမို၍ပြင်းထန်လာလေလေ ဖြစ်ပေသည်၊ ဆယ်မိုင်ခန့် ခရီးနှင်ပြီးသည့်နောက်တွင်မူ အပူချိန်မှာ သုညဒီဂရီအောက်သို့ ရောက်ရှိသွားခဲ့ကာ မြေပြင်ပေါ်၌လည်း ဖြူလွှလွှ ဆီးနှင်းမြူပါးလေးများ စတင်၍ ကပ်ညှိလာခဲ့ပေသည်၊ ထို့ပြင် ကက်စပီယန်ပင်လယ်နှင့် နီးကပ်လာလေလေ ရေခဲပြင်မှာ ပိုမို ထူထဲလာလေလေဖြစ်ကာ အပူချိန်မှာလည်း ပိုမို၍ နိမ့်ဆင်းသွားလေလေ ဖြစ်ပေသည်။
ခိုင်ရွန်လူမျိုးများမှာ တစ်ဦးချင်းစီတိုင်း၏မျက်နှာမှာ လေးနက်တည်ငြိမ်နေကြပြီး ရယ်မောပျော်ရွှင်လိုသော စိတ်များလည်း လုံးဝပျောက်ကွယ်နေခဲ့ပြီ ဖြစ်ပေသည်။ အချို့သော ခိုင်ရွန်လူမျိုးများမှာမူ အအေးဒဏ်ကို အစွမ်းကုန် ခုခံရန်အတွက် မြင်းကျောပေါ်၌ ဝပ်စုံနေလျက် စစ်မြင်းများဆီမှ ထွက်ပေါ်နေသော အပူရှိန်ကို အမှီပြုနေကြပေသည်။
ရှေ့သို့ ဆက်လက်၍ ခရီးနှင်ခဲ့ရာ နာရီဝက်ခန့်အကြာတွင်မူ မြေပြင်ပေါ်ရှိ ရေခဲပြင်များမှာ လက်မဝက်ခန့်အထိ ထူထဲလာခဲ့ပြီဖြစ်ကာ ဖြူဖွေးလှသော ဆီးနှင်းများမှာလည်း မြေပြင်ပေါ်၌ ကော်ဇောတစ်ခုသဖွယ် ဖုံးလွှမ်းနေပေသည်။ လေထုအတွင်းရှိ ပင်လယ်၏ ငန်ကျိကျိနိုင်လှသော အနံ့အသက်များမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိနေပေပြီ။
မိုးကုတ်စက်ဝိုင်းဆီမှ မြေပြင်ပေါ်ရှိ မြင်ကွင်းများမှာလည်း နောက်ဆုံးတွင်မူ ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့ပေသည်။
အဝေးမှ လှမ်းကြည့်လိုက်သည့်အခါ အရှေ့တိုင်းနှင့် အနောက်တိုင်း ဗိသုကာလက်ရာများ ရောယှက်နေသော အဆောက်အဦးများ၊ နန်းဆောင်များမှာ မြေပြင်ပေါ်၌ ခန့်ညားထည်ဝါစွာ တည်ရှိနေကြသည်ကို မြင်တွေ့လိုက်ရ၏၊ ထိုအဆောက်အဦးများနှင့် နန်းဆောင်များ၏ ပတ်ဝန်းကျင်၌လည်း မုန်တိုင်းတစ်ခုသဖွယ် အစွမ်းထက်လှသော အငွေ့အသက်များစွာမှာ အလွန်ပင် ထူထပ်စွာ စုရုံးနေကြပေသည်။
ဝမ်ချောင်သည် မြေအောက်မှ ခေါင်းကို အနည်းငယ် ထုတ်၍ ကြည့်ရှုလိုက်ရာ မြင်တွေ့လိုက်ရသည့် နေရာတိုင်းတွင် ဝတ်စုံမည်းဝတ်လူများသာ ပြည့်နှက်နေပေသည်။ ၎င်းတို့၏ အရေအတွက်မှာ အနည်းဆုံး သုံးလေးရာခန့် ရှိပေလိမ့်မည်။
“ဒါက နေရာကူးပြောင်းခြင်းဂိတ်ရဲ့အပြင်ဘက် ဧရိယာပဲ၊ ဒီ ဝတ်စုံမည်းဝတ်လူတွေထဲမှာ သူတော်စင်အဆင့် ရှိတဲ့သူ အနည်းဆုံး ခုနစ်ဆယ်၊ ရှစ်ဆယ်လောက် ရှိသလို၊ ဗိုလ်ချုပ်အဆင့်ရှိတဲ့သူလည်း ဆယ်ယောက်ကျော်လောက် ရှိနေတယ်။ ဒီနေရာကို ထိန်းချုပ်ထားတဲ့သူတွေကတော့ ဝတ်စုံမည်းဝတ်လူ ခေါင်းဆောင် သုံးယောက်ပဲ၊ သူတို့ကို ကောင်းကင်အရာရှိ၊ မြေအောက်အရာရှိနဲ့ ရေအရာရှိလို့ ခေါ်ကြတယ်၊ သူတို့က ဒီနေရာမှာ အမြဲတမ်း တပ်စွဲထားပြီး အရပ်မျက်နှာအနှံ့က လှုပ်ရှားမှုတွေကို စောင့်ကြည့်နေကြတာ”
မျက်နှာမဲ့လူ၏ အေးစက်လှသော အသံမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့ပေသည်။
“ကျွန်တော်မျိုးရဲ့ တွက်ချက်မှုအရဆိုရင် ဒီဝတ်စုံမည်းဝတ်လူ ခေါင်းဆောင် သုံးယောက်စလုံးက သိမ်မွေ့နက်နဲသောအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေကြတာမို့ သူတို့ရဲ့ အစွမ်းက ထျန်းဖူနတ်မင်းတို့ အောက်မှာ မရှိပါဘူး။ ဒါပေမဲ့ ဒီလူတွေက ထျန်းဖူနတ်မင်းတို့နဲ့ မတူညီတဲ့ ဂိုဏ်းခွဲက ဖြစ်လိမ့်မယ်၊ နောက်ပြီး သူတို့ တိုက်ခိုက်တာကို ကျွန်တော်မျိုး မမြင်ဖူးသေးပေမဲ့ သူတို့ဆီမှာ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေ ရှိနေလိမ့်မယ်လို့ ကျွန်တော် ခံစားနေရတယ်”
ဝမ်ချောင်သည် စကားတစ်ခွန်းမျှ မဆိုဘဲ မျက်မှောင်ကိုသာ အနည်းငယ် ကြုတ်လိုက်မိ၏။
သူသည် ယခုအချိန်၌ မျက်နှာမဲ့လူ ပြောကြားသော ထိုအရာရှိသုံးဦးကို မမြင်တွေ့ရသေးသော်လည်း သူ၏ရှေ့မှ နယ်မြေအတွင်း၌ ဧရာမ ဝဲဂယက်ကြီး သုံးခုသဖွယ် ပြင်းထန်လှသော အရှိန်အဝါ သုံးခုမှာ နယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားသည်ကို သူ ခံစားနေရပေသည်။ ၎င်းမှာ လူကို များစွာသော ဖိအားများကို ပေးစွမ်းနေ၏။
စိတ်ဝိညာဉ်စွမ်းအား ပိုမိုအစွမ်းထက်လေလေ ခံစားချက်မှာ ပိုမို၍ထင်ရှားလေလေ ဖြစ်ပေသည်။ သို့သော်လည်း သာမန်လူသားများအတွက်မူ အစွမ်းမှာ များစွာနိမ့်ပါးလွန်းလှသဖြင့် ဘာကိုမျှ ခံစားမိကြမည် မဟုတ်ပေ။ ဥပမာအားဖြင့် ထိုခိုင်ရွန်လူမျိုးများကဲ့သို့ပင် ဖြစ်၏။
“နည်းနည်းတော့ အခက်တွေ့နိုင်တယ်။ ဒီဝတ်စုံမည်းဝတ်လူ ခေါင်းဆောင် သုံးယောက်လုံးက စိတ်ဝိညာဉ်စွမ်းအားကို ကျွမ်းကျင်တဲ့ ပညာရှင်တွေ ဖြစ်ပုံရတယ်။ သူတို့ရဲ့စိတ်ဝိညာဉ် လွှမ်းမိုးမှု နယ်ပယ်က အရမ်းကို ကျယ်ပြောလှတာမို့ သူတို့ကို လွယ်လွယ်နဲ့ လှည့်စားဖို့ဆိုတာ မလွယ်ကူလှဘူး” ဝမ်ချောင်က စိတ်ထဲမှ တိတ်တဆိတ် တွေးတောလိုက်မိပေသည်။
ဤဝတ်စုံမည်းဝတ်လူ ခေါင်းဆောင် သုံးဦးမှာ သိသိသာသာပင် အပြင်ဘက်မှ ကာကွယ်စောင့်ရှောက်နေကြခြင်းဖြစ်ကာ၊ အတွင်းပိုင်းရှိ ထိုက်ချန်းအတွက် အစောင့်အရှောက် ပြုလုပ်ပေးနေကြခြင်း ဖြစ်ပေသည်။
အကယ်၍ လှုပ်ရှားမှု တစ်ခုခုက များစွာကြီးမားသွားပါက သူတို့အား သိရှိသွားစေနိုင်သလို အတွင်းပိုင်းရှိ ထိုက်ချန်းကိုပါ အချက်ပေးလိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
ထို့ပြင် ဝမ်ချောင်၏ စိတ်ဝိညာဉ်စွမ်းအားများ လွှမ်းခြုံထားသည့် နေရာ၌မူ နယ်မြေတစ်ခုလုံး၏ ရှေ့ဘက် ဗဟိုချက်တစ်ခုကို အခြေပြုလျက် မြေအောက်အနက်ရှိုင်းဆုံးမှနေ၍ ကြီးမားလှသော စွမ်းအင်လှိုင်းများမှာ ပျံ့နှံ့ထွက်ပေါ်နေသည်ကို သူ ခံစားလိုက်ရပေသည်။ ၎င်းမှာ ပထမ ရှန်ထိုက်၏ မြေလျှိုးခြင်း နတ်ဘုရားစွမ်းအားကိုပင် အတိုင်းအတာတစ်ခုအထိ အနှောင့်အယှက် ပေးနေပေရာ ကြီးမားလှသော စွမ်းအားတစ်ခုက သူ့အား တားဆီးနေသကဲ့သို့ ရှိနေပေသည်။
“ဒါက အစီအရင်ပဲ”
ဝမ်ချောင်၏ စိတ်ထဲ၌ လေးလံသွားကာ အခြေအနေကို ချက်ချင်းပင် ခွဲခြားသိမြင်လိုက်ပေသည်။
ဝတ်စုံမည်းဝတ်လူ အဖွဲ့အစည်းသည် ဤနေရာကူးပြောင်းခြင်းဂိတ်အပေါ် အလေးထားမှုနှင့် ကာကွယ်မှုမှာ ဝမ်ချောင်ထင်မှတ်ထားသည်ထက် များစွာပိုမိုပြင်းထန်လှပေသည်။ သူတို့သည် ရာနှင့်ချီသော ထိပ်တန်းပညာရှင်များကို စုစည်းထားရုံသာမက၊ ကောင်းကင်အရာရှိ၊ မြေအောက်အရာရှိနှင့် ရေအရာရှိ ဟူသော သိမ်မွေ့နက်နဲသောအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော ပညာရှင် သုံးဦးကိုပါ တပ်စွဲထားစေခဲ့သည်။ ထို့ပြင် တယ်လီပို့တေးရှင်းဂိတ်၏ ပတ်ဝန်းကျင်၌လည်း ပြင်းထန်လှသော ချုပ်နှောင်ခြင်း အစီအရင်များကို တည်ဆောက်ထားကြပေသည်။
ဤလူများမှာ မိမိကို ရည်ရွယ်၍ ပြုလုပ်ထားခြင်း မဟုတ်နိုင်သော်လည်း၊ ၎င်းမှာ သန့်စင်လှသော ကာကွယ်ရေး အသိစိတ်တစ်ခုသာ ဖြစ်ပေလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် အကယ်၍ တုန်းထျန်းနယ်ပယ်သို့ ရောက်ရှိပါက အချိန်နှင့် ဟင်းလင်းပြင်ကို ထိန်းချုပ်ကာ အထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်သောကြောင့် ဖြစ်၏။
သို့သော်လည်း ဤအစီအရင်များမှာ သူ၏ မြေလျှိုးခြင်း နတ်ဘုရားစွမ်းအားအပေါ် သိသိသာသာပင် အနှောင့်အယှက် ပေးနေပေသည်။
အနည်းဆုံးတော့ ဝမ်ချောင်အနေဖြင့် မြေအောက်မှတစ်ဆင့် အတွင်းပိုင်း ဧရိယာထဲသို့ တိုက်ရိုက် ဝင်ရောက်နိုင်ခြင်း မရှိတော့ပေ။
ခဏချင်းမှာပင် ဝမ်ချောင်သည် မျက်မှောင်ကို တင်းတင်းကြုတ်လိုက်မိပေတော့သည်။
“တောက် တောက် တောက်”
ဝမ်ချောင် စဉ်းစားနေစဉ်မှာပင် ရှေ့ဘက်၌ မြင်းခွာသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့ကာ ရာနှင့်ချီသော ခိုင်ရွန်လူမျိုးများသည် ရှေ့ဘက်ရှိ ပစ်မှတ်ကို မြင်တွေ့လိုက်ရသဖြင့် မြင်းဝမ်းဗိုက်ကို အားကုန်ညှပ်လျက် ဟိန်းဟောက်ကာ ရှေ့ဘက်ရှိ ဝတ်စုံမည်းဝတ်လူများဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားခဲ့ကြပေသည်။
တစ်ချိန်တည်းမှာပင် အခြားသော အရပ်မျက်နှာများဆီမှလည်း ဟိန်းဟောက်သံများ ဆက်တိုက်ထွက်ပေါ်လာခဲ့ကာ လှည့်လည်သွားလာနေသော လူမျိုးစု တစ်ခုပြီးတစ်ခုမှာ အခြားသော အရပ်များဆီမှ စုရုံးရောက်ရှိလာကြပေသည်။
ကက်စပီယန်ပင်လယ်၏ တစ်ခွင်လုံး၌ ကြည့်ရှုလိုက်ပါက လူဦးရေမှာ များစွာ ထူထပ်လှကာ၊ အနည်းဆုံး သောင်းနှင့်ချီသော လှည့်လည်သွားလာသည့် လူမျိုးစု စစ်သည်အင်အားများမှာ ဤနေရာ၌ စုရုံးနေကြပေသည်။
မြောက်ဘက်နယ်မြေတစ်ခုလုံးရှိ လှည့်လည်သွားလာနေသော လူမျိုးစုအားလုံးနီးပါးကို ဤဝတ်စုံမည်းဝတ်လူများက ဤနေရာသို့ စုစည်းထားခဲ့ခြင်း ဖြစ်ပေသည်။
ထိုလှည့်လည်သွားလာနေသော လူမျိုးစုများ၏အလယ်ဗဟို၌မူ မီတာ ၃၀ ကျော် မြင့်မားလှသော ဧရာမ အလံတိုင်ကြီးတစ်ခုမှာ တည်ရှိနေပေသည်။ အလံတိုင်ပေါ်၌မူ အနက်ရောင် အလံကြီးတစ်ခုသည် လေထဲ၌ လွင့်ပျံ့နေကာ ထိုအလံပေါ်၌မူ ငွေရောင် လခြမ်းပုံစံတစ်ခု ပါဝင်နေပေရာ ၎င်းမှာ အာရပ်အင်ပါယာ၏ မူလစစ်အလံနှင့် များစွာဆင်တူလှသော်လည်း တစ်ဖက်တွင်မူ ကွဲပြားမှုအချို့ ရှိနေပေသည်။
ဝမ်ချောင်သည် အဝေးမှနေ၍ ထိုစစ်အလံကို မြင်တွေ့လိုက်ရသည့်အခါ သူ၏မျက်ခုံးများအကြား၌ နက်နဲလှသော အမှောင်ထုတစ်ခု ဖြတ်ပြေးသွားခဲ့၏။
ဤသည်မှာ သူ လခြမ်းပုံစံ စစ်အလံသစ်ကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်သော်လည်း၊ ဤပုံစံနှင့် ပတ်သက်၍ ဝမ်ချောင်အနေဖြင့် စိမ်းသက်နေခြင်း မရှိပေ။ ကောင်းရှန်းကျစ်နှင့် အန်းစီရှန်းတို့၏ လတ်တလော ပေးပို့လာသော စာများအတွင်း၌ ဤကဲ့သို့သော စစ်အလံအကြောင်းကို အကြိမ်ကြိမ် ဖော်ပြခဲ့ဖူးပေသည်။
အာရပ်အင်ပါယာ၏ ပြည်နယ်အသီးသီး၌ ယခုအခါ ပုံစံသစ် ပုန်ကန်မှုတစ်ခု ပေါ်ထွက်နေခဲ့ပြီဖြစ်ကာ၊ ၎င်းတို့သည် မူတာဆင် သုံးဆက်မြောက်ဟု ခေါ်ဆိုသော မူလ အာရပ် ဧကရာဇ်မျိုးနွယ်မှာ မဟာထန်ထံ လက်နက်ချခဲ့သဖြင့် အာရပ်အင်ပါယာကို အုပ်ချုပ်မည့် တရားဝင် အဆင့်အတန်း ဆုံးရှုံးသွားခဲ့ပြီဟု ကြေညာထားကြပေသည်။
၎င်းတို့သည် မဟာထန်ကို တော်လှန်တိုက်ခိုက်လိုကြသလို၊ တစ်ချိန်တည်းမှာပင် မူလ မူတာဆင် ဧကရာဇ်မျိုးနွယ်ကိုလည်း ဖြုတ်ချကာ၊ အာရပ်အင်ပါယာ သစ်တစ်ခုကို တည်ထောင်လိုကြပေသည်။
“အမှန်တော့ ဒါတွေအားလုံးက သူတို့ နောက်ကွယ်က ကြိုးကိုင်နေတာကိုး”
ဝမ်ချောင်သည် မျက်လုံးများကို အနည်းငယ် မှေးလိုက်ရာ သူ၏မျက်ဝန်းအစုံ၌ နက်နဲလှသော သတ်ဖြတ်လိုသည့် စိတ်ဆန္ဒတစ်ခု ဖြတ်ပြေးသွားခဲ့ပေသည်။
ကက်စပီယန်ပင်လယ်ဝန်းကျင်၌ သောင်းနှင့်ချီသော လှည့်လည်သွားလာသည့်လူမျိုးစု စစ်သည်အင်အားများ စုရုံးနေခြင်းမှာမူ ဝမ်ချောင်နှင့် မျက်နှာမဲ့လူတို့အတွက် အထဲသို့ ရောနှောဝင်ရောက်ရန် ကောင်းမွန်လှသော အခွင့်အရေးတစ်ခုကို ပေးအပ်လိုက်သကဲ့သို့ပင် ဖြစ်ပေသည်။
ခဏအကြာတွင် ဝမ်ချောင်သည် အခွင့်ကောင်းတစ်ခုကို ရှာဖွေတွေ့ရှိလိုက်ကာ၊ အပြင်ဘက်ဆုံး စီရင်ထုံး နယ်ပယ်၏ အပြင်ဘက်ရှိ လှည့်လည်သွားလာနေသော လူမျိုးစု စစ်သည် နှစ်ဦးကို မြေအောက်သို့ ဆွဲချလိုက်ပြီးနောက် သူတို့၏ အဝတ်အစားများကို ဝတ်ဆင်လျက် မြေပြင်ပေါ်သို့ ပြန်လည် တက်လှမ်းလာခဲ့ပေသည်။
ရှန်ထိုက်မှာ မတည်ငြိမ်သော အငွေ့အသက်များ ရှိကြသဖြင့် သီးခြား ရုပ်သွင်ပြင်ဟူ၍ မရှိပေ။ မည်သူ့အဖြစ်မဆို ပြောင်းလဲနိုင်ပေသည်။ ဝမ်ချောင်အဖြစ် ပြောင်းလဲနိုင်သကဲ့သို့ ထိုလှည့်လည်သွားလာနေသော လူမျိုးစု စစ်သည်များအဖြစ်လည်း ပြောင်းလဲနိုင်ပေသည်။
လူနှစ်ဦးမှာ လူအုပ်ကြားထဲ၌ ရောနှောဝင်ရောက်သွားခဲ့ကြပြီး မည်သူ့ကိုမျှ သံသယဖြစ်ဖွယ် မရှိစေဘဲ လျင်မြန်စွာ ရှေ့သို့ တိုးဝင်သွားခဲ့ကြပေသည်။
ဤ ဝတ်စုံမည်းဝတ်လူတို့၏ အခြေစိုက်စခန်းမှာ လုံခြုံရေး များစွာ တင်းကျပ်လှပေသည်၊ ဝတ်စုံမည်းဝတ်လူများ လှုပ်ရှားသည့် ဧရိယာနှင့် ခိုင်ရွန်လူမျိုးတို့ကဲ့သို့သော လူမျိုးစုများ လှုပ်ရှားသည့် ဧရိယာမှာ သိသိသာသာပင် ကွဲပြားခြားနားလှပေသည်။
“ရပ်လိုက်စမ်း ဒီနေရာက မင်းတို့ လာလို့ရတဲ့ နေရာလား။ အဝေးကို သွားကြစမ်း”
ဝမ်ချောင်နှင့် မျက်နှာမဲ့လူတို့သည် ထိုဧရာမ လခြမ်းပုံစံ စစ်အလံရှိရာ အရပ်ဆီသို့ ဦးတည်သွားခဲ့ကြသော်လည်း အနားသို့ မရောက်ရှိသေးမီမှာပင် ဝတ်စုံမည်းဝတ်လူနှစ်ဦးက သူတို့အား အပြင်ဘက်၌ တားဆီးလိုက်ကြပေသည်။
“ဝတ်စုံမည်းဝတ်လူတွေက သတိထားမှု အရမ်းများတာမို့ အထဲကို ရောနှောဝင်ဖို့ဆိုတာ တကယ်ကို ခက်ခဲလိမ့်မယ်။ နောက်ပြီး အရင်က ကျွန်တော်မျိုး ဒီဝတ်စုံမည်းဝတ်လူတွေကို တိုက်ခိုက်ခဲ့တာက သူတို့ရဲ့သတိထားမှုကို ပိုပြီးမြင့်တက်သွားစေပုံရတယ်။ အခုဆိုရင် သူတို့က ပိုပြီးပြင်ဆင်ထားကြတာမို့ ပိုလို့တောင် မလွယ်ကူတော့ဘူး”
မျက်နှာမဲ့လူသည် အသံကို နှိမ့်လိုက်ကာ ဝမ်ချောင်၏ နားဘေး၌ ဆိုလိုက်ပေသည်။ သူ၏အသံမှာ အရင်အတိုင်းပင် အေးစက်နေကာ မည်သည့် ခံစားချက်မျှ ပါဝင်ခြင်း မရှိပေ။
“စိတ်မပူပါနဲ့၊ ငါတို့ကို သူတို့ တားလို့ မရစေရဘူး”
ဝမ်ချောင်က အေးဆေးစွာ ပြုံးလိုက်ကာ ခေါင်းငုံ့လျက် မျက်နှာမဲ့လူနှင့်အတူ လျင်မြန်စွာ ထွက်ခွာခဲ့ပေသည်။ မည်သည့် ပြဿနာကိုမျှ စတင်ရန် မရည်ရွယ်ပေ။
အချိန်များမှာ တရွေ့ရွေ့ ကုန်လွန်သွားခဲ့ရာ ခဏချင်းမှာပင် ညမှောင်လာခဲ့ပြီ ဖြစ်ပေသည်။ နေ့ဘက်၌ အပြင်ဘက်တွင် ဆူညံနေကြသော မျိုးနွယ်စုစစ်သည်များမှာလည်း ဤအချိန်၌ ငြိမ်သက်သွားခဲ့ကြပေသည်။
ဝမ်ချောင်နှင့် မျက်နှာမဲ့လူတို့သည် ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်ရှုလိုက်ကြကာ လျင်မြန်စွာဖြင့် လခြမ်းပုံစံ အလံတိုင်ရှိရာ အရပ်ဆီသို့ ဦးတည်သွားခဲ့ကြပေသည်။
“ရပ်လိုက်စမ်း”
လူနှစ်ဦးကို မြင်တွေ့လိုက်ရသည့်အခါ ထိုနေရာ၌ ကာကွယ်စောင့်ရှောက်ရန် တာဝန်ယူထားသော ဝတ်စုံမည်းဝတ်လူ အချို့မှာ ချက်ချင်းပင် လျှောက်လာခဲ့ကြပေသည်။ သို့သော်လည်း သူတို့ စကားမဆုံးသေးမီမှာပင်၊ ပြင်းထန်လှသော စိတ်ဝိညာဉ်စွမ်းအားများမှာ သံမဏိကဲ့သို့ မာကျောကာ ကြီးမားလှသော စွမ်းအားများဖြင့် သူတို့၏ ဦးနှောက်အတွင်းသို့ ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့ပေရာ၊ ထိုဝတ်စုံမည်းဝတ်လူ အချို့မှာ တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့ကြပြီး၊ အကြည့်များမှာလည်း ခဏချင်းမှာပင် မှေးမှိန်သွားခဲ့ကြပေတော့သည်။
“သွားကြစို့”
ဝမ်ချောင်သည် မျက်နှာမဲ့လူကို ဦးဆောင်လျက် ထိုဝတ်စုံမည်းဝတ်လူအချို့ကို စိတ်ဖြင့် ထိန်းချုပ်ကာ အတွင်းပိုင်းသို့ တဖြည်းဖြည်း ဝင်ရောက်သွားခဲ့ပေသည်၊ အပြင်ပန်းအားဖြင့် ကြည့်လျှင် မည်သည့် ထူးခြားမှုမျှ မရှိပေ။
ဝမ်ချောင်၏ အခုလက်ရှိ စွမ်းအားနှင့်ဆိုပါက၊ မည်သူ့ကိုမျှ မသိစေဘဲ ဝတ်စုံမည်းဝတ်လူ အချို့ကို ထိန်းချုပ်ရန်မှာ အလွန်ပင် လွယ်ကူလှပေသည်။
အပြင်ဘက် တစ်ခုလုံးမှာ အေးစိမ့်နေပေသည်။ ဝမ်ချောင်သည် ထိုဝတ်စုံမည်းဝတ်လူ အချို့ကို ခေါ်ဆောင်လျက် မည်သူ့ကိုမျှ မသိစေဘဲ အဆောက်အဦး တစ်ခုအတွင်းသို့ တိတ်ဆိတ်စွာ ဝင်ရောက်သွားခဲ့ကာ သူတို့အား လျင်မြန်စွာ သတ်ဖြတ်လိုက်ပြီး သူတို့၏ ဝတ်စုံများကို လဲလှယ်ဝတ်ဆင်လိုက်ပေသည်။
“ဝတ်စုံမည်းဝတ်လူ အဖွဲ့အစည်း အတွင်းပိုင်းမှာ တစ်ဦးနဲ့တစ်ဦး ကောင်းကောင်း မသိကြဘူး။ အထဲကိုသာ ရောနှောဝင်နိုင်ပြီဆိုရင်တော့ ပြောရတာ ပိုပြီး လွယ်ကူသွားပါလိမ့်မယ်”
မျက်နှာမဲ့လူ၏ အသံမှာ ဘေးနားမှ ထွက်ပေါ်လာခဲ့၏။
“အရှင် အခုဆိုရင် ကျွန်တော်တို့ စိတ်ကြိုက် လှုပ်ရှားလို့ ရပါပြီ”
မျက်နှာမဲ့လူသည် ထိုသူတို့၏ ကိုယ်ပေါ်မှ အမိန့်ပေးတံဆိပ်များကို ကျွမ်းကျင်စွာ ယူဆောင်လိုက်ကာ သူ၏အငွေ့အသက်များကို လျင်မြန်စွာ ပြောင်းလဲလိုက်ပြီး အခန်းအတွင်းမှ ပထမဆုံးအဖြစ် ထွက်ခွာသွားခဲ့ပေသည်။
“ကျီ”
တံခါးကို ဖွင့်လိုက်သည့် ခဏ၌ နှင်းများနှင့် လေပြင်းများ တိုးဝင်လာခဲ့သလို တစ်ချိန်တည်းမှာပင် ဝတ်စုံမည်းဝတ်လူ တစ်ဦးမှာ တံခါးဝ၌ ပေါ်ထွက်လာခဲ့ပေသည်။ သူသည် အပြင်သို့ ထွက်ခွာရန် ပြင်နေသော မျက်နှာမဲ့လူကို မြင်တွေ့လိုက်ရသည့်အခါ မျက်နှာတစ်ခုလုံး အံ့အားသင့်မှုများ ပြည့်နှက်သွားခဲ့ရ၏။
မျက်နှာမဲ့လူကမူ အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိဘဲ၊ အေးစက်လှသော အသံဖြင့် တွန့်ဆုတ်ခြင်းမရှိဘဲ ဟိန်းဟောက်လိုက်ပေသည်။
“ဘာကြည့်နေတာလဲ။ ဒီနေရာက မင်း လာလို့ရတဲ့ နေရာလား”
ထိုဝတ်စုံမည်းဝတ်လူမှာ မူလက ပြန်လည် မေးမြန်းရန် ပြင်နေသော်လည်း၊ မျက်နှာမဲ့လူ၏ ပြတ်သားလှသော အမူအရာကို မြင်တွေ့လိုက်ရသည့်အခါတွင်မူ၊ အမူအရာမှာ ခဏချင်းမှာပင် ပြောင်းလဲသွားကာ ခေါင်းငုံ့လိုက်မိပေသည်။
“ဒါပေမဲ့ အကြီးအကဲက မိန့်ကြားထားတာက……”
ထိုဝတ်စုံမည်းဝတ်လူမှာ တစ်စုံတစ်ရာကို ဆက်လက် ရှင်းပြရန် ကြိုးစားခဲ့သော်လည်း၊ သူ၏ စကားမဆုံးသေးမီမှာပင် မျက်နှာမဲ့လူက ချက်ချင်း ဖြတ်ပြောလိုက်ပေသည်။
“အသုံးမကျတဲ့ကောင်..မင်းက အမိန့်ကို ဖီဆန်ချင်နေတာလား?”
မျက်နှာမဲ့လူ၏ အမူအရာမှာ အေးစက်သွားကာ သူ၏လက်ဖဝါးကို တစ်ချက် လှန်လိုက်ရာ၊ အနက်ရောင် မိုလို မီးလျှံတစ်ခုမှာ သူ၏ လက်ဖဝါးအတွင်းမှ ထွက်ပေါ်လာခဲ့ပေသည်။ တစ်ချိန်တည်းမှာပင် မျက်နှာမဲ့လူ၏ တစ်ကိုယ်လုံး တုန်လှုပ်သွားကာ၊ သူတော်စင်အဆင့်၏ အထွတ်အထိပ် အရှိန်အဝါ အနည်းငယ်ကို ထုတ်ဖော်လိုက်ရာ၊ ထိုကြီးမားလှသော ဖိအားကြောင့် ထိုဝတ်စုံမည်းဝတ်လူမှာ ထိတ်လန့်တုန်လှုပ်သွားရကာ၊ ခြေထောက်များပင် တုန်ယင်လာလျက် အလျင်အမြန် ခေါင်းငုံ့လိုက်မိပေတော့သည်။
******
အခန်း (၂၀၆၇) ကောင်းကင်၊ မြေအောက်နှင့် ရေ အရာရှိ သုံးဦး
“အကြီးအကဲ ကျွန်တော်မျိုး မဝံ့ရဲပါဘူး”
ထိုဝတ်စုံမည်းဝတ်လူသည် ပိုမို၍ ထိတ်လန့်တုန်လှုပ်သွားခဲ့ရ၏။
ဝတ်စုံမည်းဝတ်လူ အဖွဲ့အစည်းအတွင်း၌ အဆင့်အတန်း ခွဲခြားမှုမှာ အလွန်ပင် တင်းကျပ်လှပေသည်။ ဤနယ်မြေတစ်ခုလုံး၌ အစွမ်းထက်လှသော သူတော်စင်အဆင့် ရှိသည့် အကြီးအကဲ အနည်းဆုံး ခုနစ်ဆယ်၊ ရှစ်ဆယ်ခန့် ရှိနေသည်ကို သူ သိရှိထားပြီးဖြစ်ရာ သူ၏ရှေ့မှ ပုဂ္ဂိုလ်မှာလည်း ထိုသူများထဲမှ တစ်ဦးဖြစ်ကြောင်း ထင်ရှားလှပေသည်။ ဤကဲ့သို့သော အကြီးအကဲများသည် လက်အောက်ငယ်သားတို့၏အသက်ကို စိတ်ကြိုက် စီရင်နိုင်စွမ်း ရှိကြသဖြင့်၊ အကယ်၍ သူတို့အား အမျက်ထွက်စေခဲ့ပါက ချက်ချင်းပင် သေလမ်းသို့ ရောက်ရှိသွားပေလိမ့်မည်။
ထို့ပြင် အဖွဲ့အစည်းအတွင်း၌လည်း သူတို့ကဲ့သို့သော သူများ၏ သေခြင်း၊ ရှင်ခြင်းကို မည်သူတစ်ဦးတစ်ယောက်မျှ ဂရုစိုက်ကြမည် မဟုတ်ပေ။
မျက်နှာမဲ့လူသည် ထိုဝတ်စုံမည်းဝတ်လူအား တစ်ချက်တည်းဖြင့် ခြောက်လှန့်နိုင်ခဲ့သော်လည်း သူ၏အမူအရာမှာ အေးစက်နေဆဲဖြစ်ကာ မည်သည့်လှုပ်ခတ်မှုမျှ ရှိမနေပေ။
“အခုကစပြီး ဒီနေရာက ငါ အနားယူမယ့် နေရာပဲ၊ မင်းငါ့အတွက် ဒီနေရာကို စောင့်ကြပ်ပေး၊ ဘယ်သူ့ကိုမှ အထဲပေးမဝင်နဲ့”
မျက်နှာမဲ့လူက လေးနက်သော အသံဖြင့် ဆိုလိုက်သည်။ သူသည် သူ၏အင်္ကျီလက်စကို တစ်ချက် ဝှေ့ယမ်းလိုက်ကာ စကားပြောဆိုရင်းနှင့် တံခါးခုံကို ကျော်ဖြတ်လျက် လျင်မြန်စွာ ထွက်ခွာသွားခဲ့ပေတော့သည်။
ဝမ်ချောင်သည် နောက်ကွယ်မှနေ၍ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ခေတ္တမျှအံ့အားသင့်သွားရသော်လည်း နောက်ပိုင်း၌မူ ပြုံးလိုက်မိပေသည်။
မျက်နှာမဲ့လူသည် သူ၏တစ်ဘဝလုံးကို ဤဝတ်စုံမည်းဝတ်လူများနောက်သို့ လိုက်လံ စုံစမ်းခြင်းနှင့် သူတို့ကို ကိုင်တွယ်ခြင်းများ၌သာ ကုန်ဆုံးစေခဲ့သူဖြစ်ရာ သူတို့အား မည်သို့ရင်ဆိုင်ရမည်ဟူသည်ကို မည်သူထက်မဆို ပိုမို၍အတွေ့အကြုံ ရှိလှပေသည်။
ဝမ်ချောင်သည်လည်း စကားတစ်ခွန်းမျှ မဆိုဘဲ မျက်နှာမဲ့လူ၏နောက်ကွယ်မှ လိုက်ပါခဲ့ကာ ထိုအဆောက်အဦးအတွင်းမှ လျင်မြန်စွာ ထွက်ခွာခဲ့ပေသည်။
ညဉ့်အမှောင်ထုမှာ နက်ရှိုင်းလာခဲ့သလို အေးစိမ့်လှသော အငွေ့အသက်များမှာလည်း ပိုမို၍ ပြင်းထန်လာခဲ့ပေသည်။
လမ်းခရီးတစ်လျှောက်၌ ဝတ်စုံမည်းဝတ်လူများသည် ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် လှည့်လည်စစ်ဆေးနေကြကာ အနည်းဆုံး ဝတ်စုံမည်းဝတ်လူ ဆယ်ဂဏန်းခန့်မှာ ဝမ်ချောင်တို့နှင့် ဆက်တိုက်ဆိုသလို ရင်ဆိုင်တိုးနေကြပေသည်။
ထိုသူတို့၏ အကြည့်များမှာ သံသယဖြစ်ဖွယ် ကောင်းလှကာ ဝမ်ချောင်တို့အား ဆက်တိုက် ကြည့်ရှုနေကြသော်လည်း မကြာမီမှာပင် အကြည့်များကို ပြန်လည်ရုပ်သိမ်းသွားခဲ့ကြပြီး အခြားသော နေရာများဆီသို့သာ ကြည့်ရှုလိုက်ကြပေတော့သည်။
ဝတ်စုံမည်းဝတ်လူများသည် ဤနယ်မြေအတွင်း၌ လွှမ်းမိုးထားသော အကွာအဝေးမှာ များစွာကျယ်ပြောလှပေသည်။ အတွင်းဘက်သို့ အနက်မှာပင် မီတာ တစ်ထောင်ခန့် ရှိနေပေရာ၊ နေရာတိုင်း၌ ကင်းစောင့်များ ရှိနေသကဲ့သို့ အစီအရင် ၏ စွမ်းအားများမှာလည်း နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းထားပေသည်။ ထို့ပြင် ကောင်းကင်အရာရှိ၊ မြေအောက်အရာရှိနှင့် ရေအရာရှိဟူသော သိမ်မွေ့နက်နဲသောအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော ပညာရှင် သုံးဦး၏ စိတ်ဝိညာဉ်စွမ်းအားများမှာလည်း နေရာအနှံ့သို့ စိမ့်ဝင်လျက် နယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားပေသည်။
၎င်းတို့သည် အပြင်ဘက်မှ ကျူးကျော်ဝင်ရောက်လာသူ မည်သူ့ကိုမဆို အသေးစိတ် ခွဲခြားသိမြင်နိုင်သော်လည်း မိမိတို့၏မျက်စိရှေ့မှ ဝတ်စုံမည်းဝတ်လူအဖြစ် ရုပ်ဖျက်ထားသော ဝမ်ချောင်နှင့် မျက်နှာမဲ့လူတို့ကိုမူ ဘာမျှသတိမထားမိဘဲ လျစ်လျူရှုထားကြပေသည်။
“နောက်ထပ် မီတာအနည်းငယ်ဆိုရင် အတွင်းစည်းကို ရောက်ပြီ။ အပြင်စည်းကနေ အတွင်းစည်းအထိက ဘယ်သူမှ မရှိပေမဲ့ အထဲကို ရောနှောဝင်ဖို့က ပိုပြီးခက်ခဲလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီနယ်မြေထဲ ဝင်လာတဲ့ ဘယ်သူမဆို စက္ကူဖြူပေါ်က မှင်စက်လိုပဲ၊ ဘယ်လိုမှ ဖုံးကွယ်လို့ မရနိုင်တော့ဘူး”
မျက်နှာမဲ့လူသည် ရှေ့မှ လမ်းပြရင်း လျှောက်လှမ်းနေကာ တစ်ချိန်တည်းမှာပင် စိတ်ဝိညာဉ်စွမ်းအားမှတစ်ဆင့် ဝမ်ချောင်နှင့် ဆက်သွယ် စကားပြောနေပေသည်။
သူသည်လည်း မူလက အတွင်းစည်းထဲသို့ ဝင်ရောက်ရန် ကြိုးစားခဲ့ဖူးသော်လည်း၊ အကြိမ်တိုင်းတွင်မူ နောက်ဆုံးအခိုက်အတန့်၌ လက်လျှော့ခဲ့ရခြင်း ဖြစ်ပေသည်။
ထိုက်ချန်းသည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှပေရာ၊ ထိုနေရာသို့ မဆင်မခြင် ဝင်ရောက်ခြင်းမှာ မိမိကိုယ်မိမိ သတ်သေခြင်းနှင့် မခြားနားပေ။
မျက်နှာမဲ့လူသည် ဝင်ရောက်ရန် ကြိုးစားသည့် အကြိမ်တိုင်း၌ သူ၏စိတ်ထဲတွင် အသက်ရှူပင် ကျပ်စေလောက်သော ပြင်းထန်လှသည့် အန္တရာယ် အငွေ့အသက်များကို ခံစားနေရခြင်း ဖြစ်ပေသည်။
ထိုကဲ့သို့သော ခံစားချက်ကပင် သူ့အား ဆုံးဖြတ်ချက် ပြောင်းလဲစေခဲ့ခြင်း ဖြစ်ကာ၊ ဤကဲ့သို့သော လိမ္မာပါးနပ်သည့် ဆုံးဖြတ်ချက်ကြောင့်သာ မျက်နှာမဲ့လူသည် ဝမ်ချောင်ထံသို့ အသက်ရှင်လျက် ပြန်လည် ရောက်ရှိနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
ဝမ်ချောင်သည် စကားတစ်ခွန်းမျှ မဆိုပေ၊ သူသည် ယခုအချိန်၌ ထိုက်ချန်း၏ အစွမ်းကို မဆုံးဖြတ်နိုင်သေးပေ။ အကယ်၍ ထိုက်ချန်းသည် ထိုက်ရှီကဲ့သို့ပင် အစွမ်းထက်နေမည်ဆိုပါက၊ သူသည်လည်း ပြန်လည် ဆုတ်ခွာရန်သာ ရှိပေတော့သည်။
“အလျင်မလိုပါနဲ့ဦး၊ အခြေအနေကို အရင်ကြည့်ရအောင်”
ဝမ်ချောင်က စကားဆိုလိုက်သည်။
အရာရာသည် လူသားတို့၏ ကြိုးစားအားထုတ်မှုအပေါ်၌သာ မူတည်ပေသည်၊ လောကတွင် လေမလုံသော တံတိုင်းဟူ၍ မရှိရာ ဝတ်စုံမည်းဝတ်လူတို့၏ ကာကွယ်မှုမှာ ဤမျှအထိ တင်းကျပ်နေလိမ့်မည်ဟု သူ မယုံကြည်ပေ။
ထို့ပြင် အကယ်၍သာ ရန်သူက သိရှိသွားခဲ့မည်ဆိုလျှင်လည်း ပထမ ရှန်ထိုက်၏ အစွမ်းဖြင့်ဆိုပါက အလုံးစုံ ထွက်ပြေးလွတ်မြောက်နိုင်စွမ်း ရှိပေသည်။
“…… ကြားပြီးပြီလား? နောက်ထပ် လေးရက်ဆိုရင် အကြီးအကဲ ထိုက်ချန်းရဲ့ နေရာကူးပြောင်းခြင်းဂိတ်က အပြီးသတ်တော့မယ်တဲ့”
တိတ်ဆိတ်လှသော ညဉ့်အမှောင်ထုအတွင်း၌၊ ရုတ်တရက်ဆိုသလို အဝေးရှိ အမိုးအောက်တစ်ခုဆီမှ ဝေဝါးလှသော တိုးညှင်းသည့် စကားသံများ ထွက်ပေါ်လာခဲ့ပေသည်။
“ဝုန်း”
ထိုခဏ၌ ဝမ်ချောင်နှင့် မျက်နှာမဲ့လူတို့၏ တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့ကြကာ၊ လျှောက်လှမ်းနေသော ခြေလှမ်းများကို ချက်ချင်းပင် ရပ်တန့်လိုက်ကြပြီး၊ ထိုအသံထွက်ပေါ်လာရာ အရပ်သို့ ပြိုင်တူ ကြည့်ရှုလိုက်ကြပေသည်။
ရှည်လျားလှသော ညဉ့်ဦးပိုင်း၌၊ ဤမျှအထိ အေးစက်လှသည့်အပြင် ခြောက်ကပ်နေသော နေရာမျိုး၌မူ၊ နောက်ဆုံးတွင် တစ်စုံတစ်ဦးမှာ ပျင်းရိမှုကို မတောင့်ခံနိုင်တော့ဘဲ စကားပြောဆိုနေကြခြင်း ဖြစ်ပေသည်။
ဝတ်စုံမည်းဝတ်လူများအတွင်း၌ လူမျိုးပေါင်းစုံ ရောနှောနေကြပေသည်။ တာ့ခ်လူမျိုးများ၊ ရှီနှင့် ခီတန်လူမျိုးများ၊ မာန်ရှဲ့ကျောက် လူမျိုးများ စသည်ဖြင့် လူမျိုးပေါင်းစုံ ရှိနေကြကာ၊ အများစုမှာ တစ်ဦးနှင့်တစ်ဦး စိမ်းသက်နေကြသော်လည်း ယခု စကားပြောနေသူ နှစ်ဦးမှာမူ ထိုအထဲ၌ မပါဝင်ပေ။
“မင်းဘယ်သူ့ဆီက ကြားတာလဲ?”
ထိုအချိန်တွင် အခြားသော အသံတစ်ခု ထွက်ပေါ်လာပြန်သည်။
“ပြီးခဲ့တဲ့အကြိမ် ကောင်းကင်အရာရှိဆီကို ပုံမှန် အစီရင်ခံစာ သွားတင်တုန်းက၊ ကောင်းကင်အရာရှိနဲ့ ဟေးရွှေတို့ ပြောနေတာကို မတော်တဆ ကြားခဲ့တာ”
ပထမ အသံရှင်က ဆိုလိုက်ပေသည်၊
သူသည် ဝမ်ချောင်နှင့် မျက်နှာမဲ့လူတို့အား သတိမထားမိဘဲ သူ၏စကားကိုသာ ဆက်လက် ပြောဆိုနေပေသည်။
“အရှေ့ဘက် လောကမှာ ငါတို့ရဲ့ အကြီးမားဆုံးသော ရန်သူက သေဆုံးသွားပြီလို့ ကြားတယ်၊ အခုဆိုရင် လူတိုင်း ကြောက်ရွံ့နေရမယ့်သူ ဒါမှမဟုတ် ထျန်းကို ဆန့်ကျင်မယ့်သူ မရှိတော့ဘူး။ အရှေ့ဘက်မှာလည်း ကမ္ဘာမြေ၏ သားတော် တစ်ယောက်ကို ရှာတွေ့ထားပြီးပြီဆိုတော့၊ သူ့ကို တစ်အရှေ့ဘက်လုံး ဖျက်ဆီးပစ်ခိုင်းလိုက်မှာပဲ၊ အဲဒီနောက်မှာတော့ အခြေစိုက်စခန်း ခြောက်ခုလုံးရဲ့ ပြောင်းလဲတိုးတက်မှု အစီအစဉ်ကို စတင်တာကို မြင်တွေ့ရတော့မှာပဲ”
အခြေစိုက်စခန်း ခြောက်ခုဟူသော စကားကို ကြားလိုက်ရသည့်အခါ ဝမ်ချောင်၏ မျက်လုံးအစုံမှာ ကျုံ့သွားခဲ့ရကာ သူ၏မျက်ခုံးများလည်း လှုပ်ခတ်သွားခဲ့ပြီး သူ၏စိတ်ထဲ၌ များစွာ လေးလံသွားခဲ့ရပေသည်။
“ဒါဆိုရင် အထက်က ဒီလောကကြီးကို ဖျက်ဆီးပစ်ဖို့ ပြင်နေတာပေါ့ ဟုတ်လား?”
ဒုတိယ အသံရှင်က ဆိုလိုက်ပေရာ သူ၏အသံမှာ အနည်းငယ် ကြောက်ရွံ့တုန်လှုပ်နေဟန် ရှိပေသည်။
“ရှူး ဒါက မင်းနဲ့ငါနဲ့ ဂရုစိုက်ရမယ့် ကိစ္စမဟုတ်ဘူး။ ကြီးမားတဲ့ ကပ်ဘေးကြီးက မကြာခင် ရောက်တော့မှာ၊ ငါတို့လို လူတွေက ဒီဘေးကနေ အသက်ရှင်နိုင်ရင်ပဲ တော်လှန်နေပြီ”
ပထမ အသံရှင်က ဆိုလိုက်ပေရာ၊ သူ၏အသံမှာ တုန်ယင်နေကာ စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ထွက်ပေါ်နေပေသည်။
“ဒီနေရာမှာ ဆက်မနေချင်တော့ဘူး၊ နေရာကူးပြောင်းခြင်းဂိတ် ပြီးသွားရင် ငါတို့ ဒီကနေ ထွက်သွားလို့ ရမလား?”
အဝေးမှနေ၍ ထိုသူနှစ်ဦး၏စကားသံများမှာ ဆက်လက် ထွက်ပေါ်လာနေသော်လည်း၊ ၎င်းတို့မှာ အရေးမပါလှသော ကိစ္စရပ်များသာ ဖြစ်ပေတော့သည်။ ဝမ်ချောင်သည် ဆက်လက်၍ နားမထောင်တော့ဘဲ မျက်နှာမဲ့လူနှင့်အတူ မည်သူ့ကိုမျှ မသိစေဘဲ ထိုနေရာမှ လျင်မြန်စွာ ထွက်ခွာခဲ့ပေသည်။
အဆောက်အဦးတစ်ခုကို ပတ်ကျော်ခဲ့ပြီးနောက် လူသူကင်းမဲ့သော ထောင့်တစ်ခု၌ သူတို့နှစ်ဦး ခြေလှမ်းများကို ရပ်တန့်လိုက်ကြပေသည်။
“အရှင် အခု ဘာဆက်လုပ်ကြမလဲ”
မျက်နှာမဲ့လူက ရုတ်တရက် စကားဆိုလိုက်ရင်း ဘေးနားရှိ ဝမ်ချောင်ကို ကြည့်လိုက်ပေသည်။
ဤနေရာမှာ အလယ်ပိုင်းဒေသနှင့် ဝေးကွာလှသဖြင့်၊ ထိုဝတ်စုံမည်းဝတ်လူများမှာ ပိုမိရဲတင်းလာခဲ့ကြကာ သတင်းအချက်အလက်များစွာကိုလည်း မရည်ရွယ်ဘဲ ထုတ်ဖော်ပြောဆိုနေကြခြင်း ဖြစ်ပေသည်။
၎င်းတို့၏ အမြင်၌မူ တစ်စုံတစ်ဦးက ကြားလိုက်ရသည့်တိုင်အောင် မည်သည့် သက်ရောက်မှုမျှ ရှိလိမ့်မည် မဟုတ်ဟု ယူဆထားကြပုံရသည်၊ အဘယ်ကြောင့်ဆိုသော် မည်သူမျှ နားလည်နိုင်လိမ့်မည် မဟုတ်သောကြောင့် ဖြစ်၏။
အချိန်မှာ များစွာ တင်းကျပ်လှပေသည်၊ ထိုသူတို့၏ စကားပြောဆိုမှုအရ ကြည့်လျှင် ဝမ်ချောင်တို့အတွက် အချိန် သိပ်မကျန်တော့ပေ။
နေရာကူးပြောင်းခြင်းဂိတ်သာ အလုံးစုံ တည်ဆောက်ပြီးစီးသွားပါက၊ ဖျက်ဆီးပစ်ရန်အတွက် ယခုထက် များစွာ ပိုမို ခက်ခဲသွားပေလိမ့်မည်။
ဤမျှသာမကဘဲ ထိုသူတို့၏ အစီအစဉ်အရဆိုပါက ဝေးကွာလှသော ဘဂ္ဂဒက်ရှိ အန်းစီရှန်းနှင့် ကောင်းရှန်းကျစ်တို့မှာလည်း သူတို့၏ တိုက်ခိုက်မည့် စာရင်းအတွင်း၌ ပါဝင်နေပေသည်။
အကယ်၍ မသိရှိခဲ့ပါက ကိစ္စမရှိသော်လည်း၊ မဟာထန်၏ မဟာစစ်သေနာပတိချုပ်တစ်ဦးအနေဖြင့်မူ ဝမ်ချောင်သည် ဤသည်ကို လျစ်လျူရှုထား၍ မဖြစ်နိုင်ပေ။
ဝမ်ချောင်သည် စကားတစ်ခွန်းမျှ မဆိုဘဲ မျက်မှောင်ကို တင်းတင်းကြုတ်ထားကာ၊ သူ၏ စိတ်ထဲ၌ အတွေးများစွာ တစ်ခုပြီးတစ်ခု လျင်မြန်စွာ ဖြတ်ပြေးသွားခဲ့ပေသည်။
ထိုက်ချန်းပေးစွမ်းနိုင်သော ခြိမ်းခြောက်မှုမှာ များစွာ ကြီးမားလှပေသည်။
ဤတစ်ခေါက် အနောက်မြောက်ဘက် ခရီးစဉ်၌ သူသည် မူလက အခြေအနေကို စောင့်ကြည့်ရန်သာ ရည်ရွယ်ခဲ့သော်လည်း၊ ယခုအခါတွင်မူ မည်သို့ပင်ဖြစ်စေ တစ်စုံတစ်ရာကို လုပ်ဆောင်ရတော့မည် ဖြစ်ပေသည်။
ထိုခဏ၌ အတွေးပေါင်းများစွာမှာ ဝမ်ချောင်၏ ဦးနှောက်အတွင်း၌ ဖြတ်ပြေးသွားခဲ့၏။
ဝမ်ချောင်၏ အကြည့်မှာ မြေပြင်ကို ဖြည်းညှင်းစွာ ဝှေ့ယမ်းကြည့်ရှုလိုက်ပြီးနောက်၊ ကောင်းကင်အရာရှိ၊ မြေအောက်အရာရှ်နှင့် ရေအရာရှိဟူသော ဝတ်စုံမည်းဝတ်လူ ခေါင်းဆောင်သုံးဦး၏ အရှိန်အဝါများ ထွက်ပေါ်ရာ အရပ်ဆီသို့ ချက်ချင်းပင် အာရုံစိုက်လိုက်ပေသည်။
ထိုသူသုံးဦးမှာ အစွမ်းထက်လှပြီး နေရာကူးပြောင်းခြင်းဂိတ်၏ အပြင်ဘက်မှ ကာကွယ်စောင့်ရှောက်သူများ ဖြစ်ကြသော်လည်း၊ ဝမ်ချောင်၌ ထူးခြားသော ခံစားချက်တစ်ခု ရှိနေပေသည်။ ထိုသူသုံးဦးမှာ အခြားသော တစ်စုံတစ်ရာကိုလည်း ကာကွယ်နေပုံရပေသည်။
“သူတို့ရဲ့ လှုပ်ရှားမှုကို ဖျက်ဆီးချင်ရင် သူတို့ဆီကနေပဲ စရလိမ့်မယ်”
လျှပ်စီးလက်သည့်အလား ဝမ်ချောင်၏ ဦးနှောက်ထဲ၌ အတွေးတစ်ခု ဖြတ်ပြေးသွားခဲ့ကာ၊ ဤသည်ကို တွေးတောမိလိုက်သည်နှင့် သူ၏စိတ်ထဲ၌ တစ်စုံတစ်ရာကို နားလည်သွားခဲ့ပေသည်။
“မင်းဒီမှာပဲ အရင်နေခဲ့ဦး၊ ငါ ဟိုဘက်ကို သွားကြည့်လိုက်ဦးမယ်”
ဝမ်ချောင်သည် ထိုစကားကို ချန်ထားခဲ့ကာ၊ သူ၏ ကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ပြီး မဟာ ဟင်းလင်းပြင် မြေလျှိုးခြင်းပညာကို အသုံးပြုလျက် သူ၏အာရုံခံစားမှုအတွင်းရှိ အရာရှိ သုံးဦး တည်ရှိရာ နေရာဆီသို့ လျင်မြန်စွာ ဦးတည်သွားခဲ့ပေတော့သည်။
မဟာ ဟင်းလင်းပြင် မြေလျှိုးခြင်းပညာမှာ ဝတ်စုံမည်းဝတ်လူတို့၏ ကျင့်စဉ်ဖြစ်ရာ၊ ဤနေရာ၌ အသုံးပြုခြင်းမှာ များစွာ သဘာဝကျလှပေသည်။
ဝမ်ချောင်၏ ကိုယ်ပေါ်ရှိ အငွေ့အသက်များ ပြောင်းလဲသွားခဲ့သဖြင့် မည်သူ့ကိုမျှ သံသယဖြစ်ဖွယ် မရှိစေဘဲ၊ အဝေးသို့ လျင်မြန်စွာ ပြေးထွက်သွားခဲ့ပေသည်။
ခဏချင်းမှာပင် ဧရာမ အနက်ရောင် ရွှေရောင် နန်းဆောင်ကြီးတစ်ခုမှာ ဝမ်ချောင်၏ အမြင်အာရုံအတွင်းသို့ ပေါ်ထွက်လာခဲ့ပေသည်။
ထိုနန်းဆောင်ကြီးမှာ ဧရာမ ကျောက်တိုင်ကြီးများဖြင့် ထောက်ကန်ထားကာ၊ အနောက်ကမ္ဘာ၏ ထူးခြားလှသော ဗိသုကာလက်ရာများ ဖြစ်သော်လည်း၊ အမိုးမှာမူ အလယ်ပိုင်းဒေသ၏ ပုံစံဖြစ်နေသဖြင့် များစွာထူးဆန်းလှသော ခံစားချက်ကို ပေးစွမ်းနေပေသည်။
ဝမ်ချောင်ခံစားနေရသော ထိုမုန်တိုင်းသဖွယ် ပြင်းထန်လှသည့် အရှိန်အဝါ သုံးခုမှာမူ ထိုအနက်ရောင် ရွှေရောင် နန်းဆောင်ကြီးအတွင်း၌ ရှိနေခြင်း ဖြစ်ပေသည်။
“…… ဒီအရိုင်းအစိုင်းတွေက အရမ်းနံစော်တာပဲ၊ ညစ်ပတ်လိုက်တာ၊ တကယ့် တိရစ္ဆာန်တွေလိုပဲ။ အကြီးအကဲ သုံးယောက်က သူတို့ကို ခေါ်လိုက်လို့သာ၊ ဒါတောင် သူတို့က ပြန်တော်လှန်ချင်သေးတယ်၊ တကယ့်ကို သေလမ်းရှာနေတာပဲ”
ထိုအချိန်မှာပင် အသံတစ်ခုမှာ သူ၏နားထဲသို့ ဝင်ရောက်လာခဲ့ပေသည်။
ဝမ်ချောင်က အသံထွက်ပေါ်ရာသို့ ကြည့်ရှုလိုက်ရာ၊ ဝတ်စုံမည်းဝတ်လူ အချို့မှာ ဘေးချင်းယှဉ်လျက် လျှောက်လှမ်းနေကြကာ၊ ထိုအနက်ရောင် ရွှေရောင် နန်းဆောင်ကြီးဆီသို့ ဦးတည်သွားနေကြသည်ကို မြင်တွေ့လိုက်ရ၏။
“ဟင်း ပုရွက်ဆိတ်ပေါက်တစ်စုပဲလေ၊ တကယ်လို့ သူတို့မှာ အသုံးချစရာ တစ်ခုခုသာ မရှိရင် အချိန်အတော်ကြာကတည်းက ချေမှုန်းပစ်လိုက်ပြီ”
ထိုအချိန်တွင် အခြားသော ဝတ်စုံမည်းဝတ်လူ တစ်ဦးက ဆိုလိုက်ပေသည်။
“သူတို့ကို ခဏလောက်တော့ အသက်ရှင်ခွင့် ပေးထားလိုက်ပါဦး၊ ဘယ်လိုပဲဖြစ်ဖြစ် ပြောင်းလဲတိုးတက်မှု အစီအစဉ်သာ စတင်လိုက်ရင် သူတို့လည်း သေရမှာပဲ”
“ရှူး ခေါင်းဆောင်သုံးယောက်က အထဲမှာ ကျင့်စဉ်ကျင့်နေကြတာ၊ အသံလျှော့ကြစမ်း”
ထိုလူတစ်စုမှာ စကားပြောဆိုရင်းနှင့် ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားကြကာ၊ နောက်ဆုံးတွင်မူ ဝတ်စုံမည်းဝတ်လူ တစ်ဦးက အချက်ပေးလိုက်သဖြင့် အားလုံးမှာ နှုတ်ဆိတ်လျက် ငြိမ်သက်သွားခဲ့ကြပေတော့သည်။
“ရောက်ပြီ၊ မြန်မြန်သွားပြီး ခေါင်းဆောင်ကို အစီရင်ခံကြစို့”
……
မကြာမီမှာပင် ထိုလူတစ်စုမှာ နန်းဆောင်ရှေ့သို့ ရောက်ရှိသွားခဲ့ကြကာ ခေတ္တမျှ ရပ်နားလိုက်ပြီးနောက်၊ ဝမ်ချောင်၏အကြည့်အောက်၌ပင် တစ်ဦးက တံခါးကို တွန်းဖွင့်လိုက်ပေသည်။
“ကျီ”
စူးရှလှသော တံခါးဖွင့်သံနှင့်အတူ အနက်ရောင် ရွှေရောင် နန်းဆောင်ကြီး၏ တံခါးမှာ ပွင့်သွားခဲ့ကာ အတွင်းပိုင်း၏ တစ်စိတ်တစ်ဒေသမှာ ပေါ်ထွက်လာခဲ့ပေသည်။
နန်းဆောင်အတွင်း၌ မီးရောင်များ လင်းထိန်နေကာ ထိုခဏ၌ ဝမ်ချောင်သည် ရွှေရောင်ဝတ်စုံများကို ဝတ်ဆင်ထားကာ ထည်ဝါလှသော ပုံရိပ် သုံးခုမှာ မြေပြင်ပေါ်၌ ဒူးထောက်လျက် ငြိမ်သက်စွာ ထိုင်နေကြသည်ကို ထင်ရှားစွာ မြင်တွေ့လိုက်ရပေသည်။
၎င်းတို့၏ ခြေဖဝါးအောက်၌မူ တောက်ပလှသော အလင်းကွင်းများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်နေကာ အနည်းငယ်မျှ လှုပ်ခတ်နေကြပြီး ထိုသူများ၏ ပုံရိပ်ကို နတ်ဘုရားများသဖွယ် ဖြစ်ပေါ်စေနေပေသည်။
အထူးခြားဆုံးအချက်မှာ ထိုသူတို့၏ ဦးခေါင်းပေါ်၌ ဆောင်းထားသော ဦးထုပ်များပင် ဖြစ်ပေသည်၊ ၎င်းတို့မှာ အနီရောင် နန်းတွင်းအရာရှိ ဦးထုပ်များဖြစ်ကြကာ၊ ဦးထုပ်များပေါ်၌မူပုံစံဖြင့် “ကောင်းကင်”၊ “မြေအောက်”နှင့် “ရေ”ဟူသော စကားလုံး သုံးလုံးကို ရေးသားထားပေသည်။
အလွန် အစွမ်းထက်လှသည်။
ထိုသူ သုံးဦးကို မြင်တွေ့လိုက်ရသည့် ခဏ၌ ဝမ်ချောင်၏ မျက်လုံးအစုံမှာ ကျုံ့သွားခဲ့ရကာ၊ ပြင်းထန်လှသော အန္တရာယ် အငွေ့အသက်များကို ချက်ချင်းပင် ခံစားလိုက်ရပေသည်။
ဤ ကောင်းကင်၊ မြေအောက်နှင့် ရေ အရာရှိ သုံးဦး ပေးစွမ်းနေသည့် ခံစားချက်မှာ များစွာ အစွမ်းထက်လှပေသည်။ ၎င်းမှာ သာမန် စွမ်းအားကြီးမားခြင်းမျိုး မဟုတ်ဘဲ၊ ထူးခြားလှသော လျှို့ဝှက်အတတ်ပညာများကို ပိုင်ဆိုင်ထားကြသည့်နှယ် ရှိနေပေသည်။
ဤမျှသာမကဘဲ ထိုခဏတာအတွင်းမှာပင်၊ ဝမ်ချောင်သည် ထိုသူသုံးဦး၏ စွမ်းအင် သဘောသဘာဝများမှာ မတူညီကြသော်လည်း၊ တစ်ဦးနှင့်တစ်ဦးကြား၌ ထူးခြားသော ဆက်နွယ်မှုများ ရှိနေသည်ကို ခံစားလိုက်ရပေသည်၊ ၎င်းမှာ ဝမ်ချောင်၏ ရှန်ထိုက် သုံးခုကဲ့သို့ပင် ဖြစ်၏။
“ဒီလူသုံးယောက်က အရမ်း အစွမ်းထက်တယ်၊ သူတို့ကို အတူတူ ရှိနေခွင့် ပေးလို့ လုံးဝ မဖြစ်ဘူး”
လျှပ်စီးလက်သည့်အလား ဝမ်ချောင်၏ ဦးနှောက်ထဲ၌ အတွေးတစ်ခု လျှပ်ခနဲ ဖြတ်ပြေးသွားခဲ့ပေသည်။
“ဝုန်း”
အချိန်ကား များစွာ မရှိလှပေ၊ ဝမ်ချောင်သည် နန်းဆောင်အတွင်းသို့ တစ်ချက် ကြည့်ရှုလိုက်သည့် ခဏ၌ပင်၊ အရာရှိ သုံးဦးအနက် တစ်ဦး၏ မျက်ခုံးများမှာ လှုပ်ခတ်သွားခဲ့ကာ ဝမ်ချောင်တည်ရှိရာ အရပ်ဆီသို့ ရုတ်တရက် လှည့်ကြည့်လိုက်ပေသည်။ တစ်ချိန်တည်းမှာပင် ကြီးမားလှသော စိတ်ဝိညာဉ်စွမ်းအားများမှာ လှိုင်းလုံးတစ်ခုသဖွယ် ဟင်းလင်းပြင်ကို ဖြတ်ကျော်လျက် ဝမ်ချောင်၏ ကိုယ်ပေါ်သို့ ကျရောက်လာခဲ့ပေတော့သည်။
ဝမ်ချောင်၏ စိတ်ထဲ၌ ထိတ်လန့်သွားကာ ပြင်းထန်လှသော အန္တရာယ် အငွေ့အသက်များ ထွက်ပေါ်လာခဲ့သော်လည်း၊ သူ၏ အပြင်ပန်း အမူအရာမှာမူ အနည်းငယ်မျှပင် ပြောင်းလဲခြင်း မရှိဘဲ၊ သူ၏ စွမ်းအားအားလုံးကို အစွမ်းကုန် ဖုံးကွယ်ထားလိုက်ကာ၊ ပုံမှန်အတိုင်းပင် ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားခဲ့ပေသည်။
“ဖုန်း”
ကျောက်ခဲကို တိုက်မိခြင်းလား သို့မဟုတ် တစ်စုံတစ်ရာကို တိုက်မိခြင်းလား မသိရသော်လည်း၊ ဝမ်ချောင်သည် ခြေချော်သွားဟန်ဖြင့် ယိုင်သွားခဲ့ကာ၊ တစ်ချိန်တည်းမှာပင် သူ၏ ကိုယ်အတွင်းမှ မိုလို မီးလျှံတစ်ခုမှာ မတော်တဆ ပေါက်ကွဲထွက်လာခဲ့ပြီး မြေပြင်ပေါ်ရှိ ဆီးနှင်းများကို လောင်ကျွမ်းသွားစေခဲ့ပေသည်။
အနက်ရောင် ရွှေရောင် နန်းဆောင်ကြီးအတွင်းရှိ ထိုဝတ်စုံမည်းဝတ်လူ ခေါင်းဆောင်သည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါတွင်မူ၊ မျက်မှောင်ကြုတ်ထားသည်မှာ ပြေလျော့သွားခဲ့ကာ သံသယများမှာလည်း ခဏချင်းမှာပင် ပျောက်ကွယ်သွားခဲ့ပြီးနောက်၊ အခြားသော ဝတ်စုံမည်းဝတ်လူ တစ်ဦးဆီသို့သာ အကြည့်ကို ပြန်လည် ပို့လွှတ်လိုက်ပေတော့သည်။
******
အခန်း (၂၀၆၈) မြေပြင်ကို ကျုံ့စေခြင်း၊ မြေအောက်အရာရှိ လိုက်လံတိုက်ခိုက်ခြင်း
“ပြောစမ်းပါဦး၊ မျိုးနွယ်စုတွေကို ဘယ်လို စီစဉ်ထားသလဲဆိုတာ……”
အရာရှိသုံးဦးအနက်မှ ရေအရာရှိက ရုတ်တရက် စကားဆိုလိုက်၏။
နန်းဆောင်အပြင်ဘက်၌မူ ထိုကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါများ ကွယ်ပျောက်သွားသည်ကို ခံစားလိုက်ရသဖြင့် ဝမ်ချောင်သည်လည်း သက်ပြင်းတစ်ချက်ကို ရှည်လျားစွာ ချလိုက်ပေသည်။
သူသည် မြေပြင်နှင့် ကောင်းကင်ကို ဝှေ့ယမ်းကြည့်ရှုလိုက်ပြီးနောက် မကြာမီမှာပင် အကြံတစ်ခု ရရှိသွားခဲ့၏။
……
အချိန်များမှာ တရွေ့ရွေ့ ကုန်လွန်သွားခဲ့ရာ အနက်ရောင် ရွှေရောင် နန်းဆောင်ကြီးအတွင်းသို့ ဝင်ရောက်သွားသော ဝတ်စုံမည်းဝတ်လူအနည်းငယ်မှာလည်း လျင်မြန်စွာပင် ပြန်လည် ထွက်ခွာသွားကြပေပြီ။
ဤတစ်ကြိမ် စစ်ဆင်ရေးနှင့် ပတ်သက်၍ အရာရှိသုံးဦးမှာ များစွာသတိကြီးစွာ ထားရှိပုံရပေသည်။ သူတို့သည် အချိန်အတော်များများကို ပတ်ဝန်းကျင် ဆယ်မိုင်ခန့်အတွင်းရှိ လှုပ်ရှားမှုများကို စောင့်ကြည့်ရန်အတွက်သာ အသုံးပြုနေကြပြီး၊ ဝတ်စုံမည်းဝတ်လူများ ဝင်ထွက်ကာ သတင်းပို့ချိန်ကိုလည်း အလွန်တိုတောင်းအောင် ထိန်းချုပ်ထားကြပေသည်။
အရာရာမှာ ငြိမ်သက်ခြင်းကို ထိန်းသိမ်းထားပေသည်။
မသိမသာဖြင့်ပင် ညဉ့်နက်သန်းခေါင်ယံ အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
“ဝုန်း”
အနက်ရောင် ရွှေရောင် နန်းဆောင်ကြီးအတွင်း၌ မည်သည့် လက္ခဏာမျှ မပြဘဲ၊ ညာဘက်အစွန်းဆုံးရှိ ရေအရာရှိ၏ မျက်ခုံးများမှာ လှုပ်ခတ်သွားခဲ့ကာ ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပေသည်။
“မင်းတို့ရော မခံစားမိဘူးလား…… တစ်ခုခုတော့ မှားနေသလိုပဲ?”
“ဘာဖြစ်လို့လဲ?”
ဘေးနားရှိ ကောင်းကင်အရာရှိနှင့် မြေအောက်အရာရှိတို့မှာမူ ရွှံ့ရုပ် သစ်သားရုပ်များကဲ့သို့ပင် မြေပြင်ပေါ်၌ ငြိမ်သက်စွာ ထိုင်နေကြဆဲ ဖြစ်ကာ၊သူတို့၏ စိတ်ဝိညာဉ်စွမ်းအားများဖြင့် ပတ်ဝန်းကျင်ကို စောင့်ကြည့်နေခြင်း၌သာ နစ်ဝင်နေကြပေသည်။
“ငါလည်း မသိဘူး၊ ငါ့စိတ်ထဲမှာ တစ်ခုခု မှားနေသလို အမြဲ ခံစားနေရတယ်၊ တစ်စုံတစ်ရာ ဖြစ်ပျက်နေသလိုပဲ……”
ရေအရာရှိသည် မျက်မှောင်ကို တင်းတင်းကြုတ်ထားကာ မျက်ခုံးများမှာလည်း ဆက်တိုက် လှုပ်ခတ်နေပေသည်။
ရေအရာရှိ၏ စကားကို ကြားလိုက်ရသည့်အခါ အနက်ရောင် ရွှေရောင် နန်းဆောင်ကြီးအတွင်း၌ ခေတ္တမျှ သေခြင်းတရားကဲ့သို့ တိတ်ဆိတ်သွားခဲ့ရပြီး၊ ကောင်းကင်အရာရှိနှင့် မြေအောက်အရာရှိတို့၏ အသက်ရှူသံများပင် ပျောက်ကွယ်သွားသကဲ့သို့ ရှိနေပေသည်။
နောက်ဆုံးတွင်မူ အသက်ရှူသံ ခပ်သဲ့သဲ့နှင့်အတူ ဘေးနားရှိ ကောင်းကင်အရာရှိနှင့် မြေအောက်အရာရှိတို့သည်လည်း မျက်လုံးများကို လိုက်လံ ဖွင့်ကြည့်လိုက်ကြပေတော့သည်။
လူနှစ်ဦး၏ အကြည့်မှာ ရေအရာရှိဆီသို့ ပြိုင်တူ ကျရောက်သွားခဲ့၏။
“ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ခဲ့တဲ့ ကိစ္စကြောင့်လား?”
ကောင်းကင်အရာရှိ က မျက်မှောင်ကြုတ်လျက် မေးမြန်းလိုက်ပေသည်။
“အဲဒီလူက ကံကောင်းသွားရုံသက်သက်ပါ၊ ငါတို့ သုံးယောက်လုံး ရှိနေတာတောင် သူ ဘာမှ မအောင်မြင်ခဲ့ဘူး မဟုတ်လား? နောက်ပြီး နောက်ထပ် သုံးရက်ဆိုရင် အကြီးအကဲ ထိုက်ချန်းက ဒုတိယမြောက် နေရာကူးပြောင်းခြင်းဂိတ် ကို အပြီးသတ်တော့မှာ။ ငါတို့က ဒီမှာပဲ သေသေချာချာ စောင့်ကြပ်ပြီး အစီအရင် ပြီးဆုံးတဲ့အထိ စောင့်နေရင် ရပါပြီ၊ အဲဒီအချိန်ကျရင် ဘယ်သူပဲ လာနှောင့်ယှက်နှောင့်ယှက် ဘာမှ သက်ရောက်မှု ရှိမှာ မဟုတ်တော့ဘူး”
အခြားသော အနည်းငယ် အက်ရှရှနိုင်လှသော အသံတစ်ခုမှာလည်း ထိုအချိန်၌ ထွက်ပေါ်လာခဲ့ပေသည်၊ ထိုသူ စကားပြောလိုက်သည့်အခါ ပတ်ဝန်းကျင်ရှိ မြေပြင်မှာ အနည်းငယ်မျှ တုန်ခါသွားခဲ့ကာ မြေလှိုင်းတွန့်များ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားဟန် ရှိပေသည်၊ ထိုသူမှာ အရာရှိသုံးဦးအနက်မှ မြေအောက်အရာရှိပင် ဖြစ်ပေသည်။
သေသေချာချာ ကြည့်ရှုလိုက်ပါက အနက်ရောင် ရွှေရောင် နန်းဆောင်ကြီးအတွင်း၌ အရာရှိသုံးဦးကို ဗဟိုပြုလျက်၊ အစီအရင်နှင့် ရှေးစာလုံများမှာ ညဉ့်အမှောင်ထုအတွင်း၌ တောက်ပလှသော အလင်းတန်းများကို ထုတ်လွှတ်နေကြကာ နန်းဆောင်တစ်ခုလုံးကို လင်းထိန်သွားစေပေသည်။
အစီအရင် အတွင်း၌မူ မြစ်မင်းသမုဒ္ဒရာကဲ့သို့သော စွမ်းအင်များမှာ ဟိန်းဟောက် လှုပ်ခတ်လျက် ရှိနေကြပေသည်။
တစ်စီရင်ထုံးလုံး၏ ဗဟိုချက်မှာမူ ၎င်းတို့ သုံးဦး၏ နောက်ကွယ်ရှိ နှစ်ပေခန့် မြင့်မားကာ လူကြီးတစ်ဦး၏ လက်မောင်းခန့် တုတ်ခိုင်သော ပြာလဲ့သော ကျောက်သလင်းတစ်တုံးပင် ဖြစ်ပေသည်။
ထိုကျောက်သလင်းမှာ ဟင်းလင်းပြင်ထဲ၌ လွင့်မျောနေကာ၊ ၎င်း၏ အပေါ်၌လည်း ထူးဆန်းလှသော အနက်ရောင် ရွှေရောင် ရွန်းသင်္ကေတများ ရှိနေပေသည်။
ဤသည်မှာ နယ်မြေတစ်ခုလုံးရှိ ဧရာမ ချုပ်နှောင်ခြင်း အစီအရင် ၏ ဗဟိုချက်ပင် ဖြစ်ပေသည်။
အရာရှိသုံးဦး ဤနေရာ၌ တပ်စွဲကာ လှုပ်ရှားခြင်း မရှိဘဲ နေထိုင်နေခြင်းမှာ၊ ဤ စီရင်ထုံး ဗဟိုချက်နှင့် နောက်ကွယ်ရှိ ထိုက်ချန်းကို ကာကွယ်စောင့်ရှောက်ရန်အတွက်သာ ဖြစ်ပေသည်။
ဤကိစ္စမှာ များစွာ ကြီးမားလှပေရာ၊ အခြေစိုက်စခန်း ခြောက်ခုနှင့် ဧရာမ နေရာကူးပြောင်းခြင်းဂိတ် ခြောက်ခုမှာ“သန့်စင်ခြင်း အစီအစဉ်၏ အဓိက သော့ချက်ဖြစ်သကဲ့သို့ ထျန်း၏ အမြင့်ဆုံး အမိန့်တော်လည်း ဖြစ်ပေသည်။
သူတို့ သုံးဦးဖြစ်စေ၊ နောက်ကွယ်ရှိ နေရာကူးပြောင်းခြင်းဂိတ်ကို စောင့်ကြပ်နေသော “ထိုက်ချန်း” ဖြစ်စေ၊ အားလုံးမှာ ထျန်း၏ အမြင့်ဆုံး အမိန့်တော်ကို အကောင်အထည်ဖော်နေကြခြင်း ဖြစ်၏။
အကယ်၍ တစ်စုံတစ်ရာ အမှားအယွင်း ရှိခဲ့ပါက ထိုက်ချန်းအပါအဝင် မည်သူတစ်ဦးတစ်ယောက်မျှ ထိုအကျိုးဆက်ကို တောင့်ခံနိုင်မည် မဟုတ်ပေ။
“…… ပြောရခက်တယ်”
နန်းဆောင်အတွင်း၌ ရေအရာရှိ၏ အသံမှာ တစ်ဖန် ထွက်ပေါ်လာပြန်သည်။
“အရင်က ခိုးဝင်လာတဲ့ အဲဒီလူက အဲဒီလောက် မရိုးရှင်းဘူးလို့ ငါ အမြဲ ခံစားနေရတယ်။ တကယ်တော့ ငါတို့ရဲ့ ကျင့်စဉ်တွေကို ဘယ်သူမှ အယောင်ဆောင်လို့ မရဘူး၊ ဒါပေမဲ့ အဲဒီလူရဲ့အငွေ့အသက်နဲ့ ကျင့်စဉ်တွေကို မင်းတို့လည်း တွေ့ခဲ့တာပဲ၊ သူကိုယ်တိုင်သာ ပေါ်မလာခဲ့ရင် ငါတို့ လုံးဝ သိနိုင်မှာ မဟုတ်ဘူး”
သူ၏ စိတ်ထဲမှ ခံစားချက်နှင့် ပတ်သက်၍ ရေအရာရှိမှာ များစွာ ခိုင်မာနေပေသည်။
ဖြစ်နိုင်သည်မှာ အစွမ်းထက်လှသော ရေဒြပ်စင် စွမ်းဆောင်ရည်များ ရှိနေခြင်းကြောင့် ကောင်းကင်အရာရှိနှင့် မြေအောက်အရာရှိတို့ထက် ပိုမို၍ထက်မြက်လှသော အာရုံခံစားမှု ရှိနေခြင်း ဖြစ်နိုင်ပေသည်။ ထိုကဲ့သို့သော ထက်မြက်သည့် အာရုံမှာ အတိတ်က အန္တရာယ်များအတွင်း၌ သူ့အား အကြိမ်ကြိမ် ကူညီပေးခဲ့ဖူးပေသည်။
ခိုင်လုံသော သက်သေအထောက်အထား မရှိသော်လည်း၊ ဖယ်ထုတ်၍ မရသော ထိုခံစားချက်က သူ့အား အမြဲတမ်း စိုးရိမ်ပူပန်စေခဲ့ပေသည်။
ရေအရာရှိ၏ စကားကို ကြားလိုက်ရသည့်အခါ ဘေးနားရှိ ကောင်းကင်အရာရှိနှင့် မြေအောက်အရာရှိတို့မှာမူ ခဏချင်းမှာပင် တိတ်ဆိတ်သွားခဲ့ကြ၏။
“ရေအရာရှိ၊ အဲဒီကိစ္စကိုတော့ ဆက်ပြီး မစုံစမ်းဖို့ ငါ အကြံပေးချင်တယ်”
ထိုအချိန်မှာပင် ဘေးနားရှိ ကောင်းကင်အရာရှိက ရုတ်တရက် စကားဆိုလိုက်ပေသည်။
“အကြီးအကဲ ထိုက်ချန်းက ဒီကိစ္စကို ကိုင်တွယ်ဖို့ အကြီးအကဲ ထိုက်စုဆီကို အကြောင်းကြားပြီးပြီ သာမန်လူတွေက ငါတို့လူတွေကို အယောင်ဆောင်ဖို့ မလွယ်တာ အမှန်ပဲ၊ ဒါပေမဲ့ မင်းလည်း သိထားသင့်တာက၊ တချို့လူတွေကျတော့…… လုံးဝ အယောင်ဆောင်နေဖို့ မလိုဘူးဆိုတာပဲ”
ကောင်းကင်အရာရှိ၏ စကားမှာ အဓိပ္ပာယ် နက်နဲလှကာ တစ်စုံတစ်ရာကို ရည်ညွှန်းနေဟန် ရှိပေသည်။
ရေအရာရှိမှာ အစပိုင်း၌ သဘောမပေါက်သေးဘဲ နှုတ်ခမ်းကို အနည်းငယ် ဟလျက် တစ်စုံတစ်ရာ ပြောရန် ပြင်နေသော်လည်း၊ နောက်တစ်ခဏ၌ တစ်စုံတစ်ရာကို ရုတ်တရက် သတိရသွားဟန်ဖြင့် တစ်ကိုယ်လုံး တုန်လှုပ်သွားကာ မျက်လုံးများ ပြူးကျယ်သွားလျက် ထိတ်လန့်တုန်လှုပ်သော အမူအရာမျိုး ထွက်ပေါ်လာခဲ့ပေသည်။
“ကောင်းကင်အရာရှိ မင်းရဲ့အဓိပ္ပာယ်က၊ အဲဒါက ‘သူတို့’…… ‘သူတို့’ ရဲ့ လူလို့ ပြောချင်တာလား……”
“သူတို့”ဟူသော စကားလုံးကို ပြောဆိုလိုက်သည့်အခါ ရေအရာရှိ၏ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေပေသည်၊ ကောင်းကင်အရာရှိ ပြောကြားသော “သူတို့” ဆိုသည်မှာ မည်သူဖြစ်ကြောင်း သူလည်း သိရှိထားခြင်းမှာ ထင်ရှားလှပေသည်။
“တကယ်လို့ အဲဒီလူက ‘သူတို့’ စေလွှတ်လိုက်တဲ့သူ အမှန်ပဲဆိုရင်တော့၊ အရမ်း နက်နက်နဲနဲ စုံစမ်းမနေတာက ပိုပြီး ကောင်းလိမ့်မယ်”
ထိုအချိန်မှာပင် အခြားသော အသံတစ်ခု ထွက်ပေါ်လာကာ ဘေးနားရှိ မြေအောက်အရာရှိကလည်း လေးနက်တည်ငြိမ်သော အမူအရာဖြင့် စကားဆိုလိုက်ပေသည်။
“အဲဒီ အကြီးအကဲတွေကြားက ကိစ္စတွေကို ငါတို့ ဝင်မပါတာ အကောင်းဆုံးပဲ၊ မဟုတ်ရင်တော့……”
မြေအောက်အရာရှိမှာ ဆက်လက်၍ မပြောတော့သော်လည်း လူတိုင်းက နားလည်ထားကြပေသည်။
နန်းဆောင်တစ်ခုလုံးမှာ သေခြင်းတရားကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။
“ဝုန်း”
အချိန်ကား များစွာမရှိလှပေ။ ၎င်းတို့ သုံးဦး စကားပြောနေစဉ်မှာပင် ရုတ်တရက် ထူးခြားသော ခံစားချက်တစ်ခုမှာ စိတ်ထဲ၌ ပေါ်ထွက်လာခဲ့ပေသည်၊ ကောင်းကင်အရာရှိက မျက်မှောင်ကြုတ်လျက် အရင်ဆုံး လှည့်ကြည့်လိုက်ကာ၊ သူ၏နောက်မှ မြေအောက်အရာရှိနှင့် ရေအရာရှိတို့သည်လည်း တစ်ချိန်တည်းမှာပင် အာရုံခံမိသွားခဲ့ကြပေသည်။
“ဘယ်သူလဲ။ အမိန့်ပါးလိုက်စမ်း၊ သူတို့တွေကို သွားပြီး ရှင်းခိုင်းလိုက်……”
ကောင်းကင်အရာရှိက မျက်မှောင်ကြုတ်လျက် ဆိုလိုက်ပေသည်၊ ယခုနက ခဏအတွင်းမှာပင် သူတို့ သုံးဦး၏ အာရုံခံစားမှု နယ်ပယ် အစွန်းဘက်၌ စိမ်းသက်လှသော အငွေ့အသက်တစ်ခု ရုတ်တရက် တိုးဝင်လာခဲ့ခြင်း ဖြစ်ပေသည်။
ကက်စပီယန်ပင်လယ်ဝန်းကျင်မှာ များစွာအရေးပါလှသကဲ့သို့၊ ဤအခြေစိုက်စခန်းမှာလည်း မည်သူ့ကိုမျှ အနားကပ်ခွင့် မပြုပေ။ မည်သူပင် ချဉ်းကပ်လာပါစေ သေလမ်းသာ ရှိပေသည်။
သို့သော်လည်း ကောင်းကင်အရာရှိ၏ စကားမဆုံးသေးမီမှာပင်၊ ၎င်းတို့ သုံးဦး၏ အာရုံခံစားမှုအတွင်း၌ မူလက သာမန်မျှသာဖြစ်ကာ ဧကရာဇ်ခန့်သာ ရှိသော အငွေ့အသက်မှာ ရုတ်တရက်ဆိုသလို ပြင်းထန်စွာ မြင့်တက်လာခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ဆယ်ဆမက အစွမ်းထက်လာခဲ့ကာ သူတော်စင်အဆင့်၏ အထွတ်အထိပ်၊ အင်ပါယာ ဗိုလ်ချုပ်အဆင့်သို့ တိုက်ရိုက်ရောက်ရှိသွားခဲ့ပေသည်။
ခဏချင်းမှာပင် အရာရှိသုံးဦ၏ မျက်နှာမှာ ပြောင်းလဲသွားခဲ့ရ၏။
အကယ်၍ သာမန် သိုင်းပညာရှင်တစ်ဦးသာ မှားယွင်းဝင်ရောက်လာခြင်းဖြစ်ပါက ၎င်းတို့ လက်အောက်ရှိ ဝတ်စုံမည်းဝတ်လူ ထိပ်တန်းပညာရှင်များက အလွယ်တကူ ကိုင်တွယ်နိုင်သော်လည်း၊ အင်ပါယာ ဗိုလ်ချုပ် အဆင့်သို့ ရောက်ရှိနေပါက ထိုမျှအထိ မရိုးရှင်းတော့ပေ။
“ဟေးရွှေ၊ ဟေးဟော်နဲ့ ဟေးရှုံတို့ သုံးယောက်ကို အကြောင်းကြားလိုက်၊ အခုချက်ချင်း သွားပြီး ရှင်းပစ်ခိုင်းလိုက်”
ကောင်းကင်အရာရှိက ချက်ချင်းပင် အမိန့်ကို ပြောင်းလဲလိုက်ပေသည်။
အင်ပါယာ ဗိုလ်ချုပ်မှာ အစွမ်းထက်လှသော်လည်း ၎င်းတို့ သုံးဦး၏ လက်အောက်၌မူ တစ်ဖက်လူကို ရှင်းလင်းနိုင်မည့် အစွမ်းထက်လှသော လက်အောက်ငယ်သားအချို့ ရှိနေဆဲ ဖြစ်ပေသည်။
၎င်းတို့ သုံးဦးမှာ အစီအရင်ကို စောင့်ကြပ်ရန်နှင့် နောက်ကွယ်ရှိ ထိုက်ချန်း၊ နေရာကူးပြောင်းခြင်းဂိတ်တို့ကို ကာကွယ်ရန် တာဝန်ရှိသဖြင့်၊ အလွန်အမင်း လိုအပ်ခြင်း မရှိပါက လွယ်လွယ်နှင့် ထွက်ခွာသွား၍ မဖြစ်နိုင်ပေ။
သို့သော်လည်း ကောင်းကင်အရာရှိ၏ အသံအဆုံး၌ ၎င်းတို့ သုံးဦး၏ အာရုံခံစားမှုအတွင်း၌ ထိုစိမ်းသက်လှသော အငွေ့အသက်မှာ ထပ်မံ၍ ပြောင်းလဲသွားပြန်ပေသည်၊ မူလက အင်ပါယာ ဗိုလ်ချုပ်အဆင့်သာ ရှိသော အရှိန်အဝါမှာ၊ မဖြစ်နိုင်သည့် အခြေအနေမျိုးမှနေ၍ တစ်ဖန် ပြန်လည် ပေါက်ကွဲထွက်ပေါ်လာခဲ့ကာ သိမ်မွေ့နက်နဲသောအဆင့်သို့ တစ်ရှိန်ထိုး တက်လှမ်းသွားခဲ့ပေသည်၊ ထိုဝိညာဉ်စွမ်းအင်များမှာ ဟိန်းထွက်နေကာ မီးလျှံတစ်ခုကဲ့သို့ပင် ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်နေပေသည်။
ဤသည်မှာ မတော်တဆ ကျူးကျော်ဝင်ရောက်လာခြင်း မဟုတ်တော့ဘဲ ပြောင်ပြောင်တင်းတင်းပင် စိန်ခေါ်နေခြင်း ဖြစ်ပေသည်။
“ဝုန်း”
တစ်ချိန်တည်းမှာပင် နန်းဆောင်အပြင်ဘက်၌ရှိသော မြောက်ဘက်နယ်မြေမှ လှည့်လည်သွားလာနေသည့် လူမျိုးစုများပင်လျှင် တစ်ဖက်လူ၏ တည်ရှိမှုကို သိရှိသွားခဲ့ကြကာ စစ်မြင်းများမှာ ဟိန်းဟောက်လာခဲ့ကြပြီး သောင်းနှင့်ချီသော စစ်တပ်ကြီးမှာလည်း ဖရိုဖရဲ ဖြစ်သွားခဲ့ရပေသည်။
“အသုံးမကျတဲ့ကောင်”
ဒေါသတကြီး ဟိန်းဟောက်သံတစ်ခုမှာ ဘေးနားမှ ထွက်ပေါ်လာခဲ့ပေသည်၊ စကားပြောသူမှာ ကောင်းကင်အရာရှိ မဟုတ်ဘဲ ဘေးနားရှိ မြေအောက်အရာရှိပင် ဖြစ်ပေသည်။
သူ၏ မျက်နှာမှာ ဒေါသကြောင့် စိမ်းပုပ်နေကာ သူ၏ ကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ရာ၊ လျှပ်စီးတန်းတစ်ခုသဖွယ် အနက်ရောင် ရွှေရောင် နန်းဆောင်ကြီးအတွင်းမှ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် တံခါးအပြင်ဘက်၌ ပျောက်ကွယ်သွားခဲ့ပေတော့သည်။
“ဝုန်း”
စခန်းတစ်ခုလုံး၏ အပြင်ဘက်၌မူ၊ မူလက စနစ်တကျ ရှိနေသော လူမျိုးစုများမှာလည်း အချိန်အတော်ကြာကတည်းက ရုန်းရင်းဆန်ခတ် ဖြစ်နေကြပြီ ဖြစ်ပေသည်၊ မြေအောက်အရာရှိ အပြင်သို့ ထွက်လာသည့် အချိန်၌ လူသံများ ဆူညံနေကာ လူအများက တစ်ယောက်တစ်ပေါက် ဆွေးနွေးနေကြပေသည်၊ ဤမျှသာမက ရာနှင့်ချီသော မျိုးနွယ်စု စစ်သည်များမှာလည်း ဟိန်းဟောက်လျက် မြင်းဝမ်းဗိုက်ကို အားကုန်ညှပ်ကာ ထိုအငွေ့အသက် ထွက်ပေါ်ရာ အရပ်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားကြပေသည်။
“အတင့်ရဲလိုက်တာ မင်းက ဘယ်ကလာတဲ့သူလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့၊ ငါ့ရဲ့ ရှေ့မှောက်မှာတောင် ဒီလောက်အထိ ရဲတင်းဝံ့တယ်လား”
မြေအောက်အရာရှိ၏ မျက်ဝန်းအတွင်းမှ အေးစက်လှသော သတ်ဖြတ်လိုသည့် စိတ်ဆန္ဒတစ်ခု ဖြတ်ပြေးသွားခဲ့ကာ၊ သူ၏ကိုယ်မှာ ဟင်းလင်းပြင်၌ လွင့်မျောနေလျက် ပတ်ဝန်းကျင်ကို တစ်ချက် ဝှေ့ကြည့်လိုက်ပြီးနောက်၊ အရပ်မျက်နှာကို လျင်မြန်စွာ သတ်မှတ်လိုက်ကာ အရှေ့တောင်ဘက်ဆီသို့ လျှပ်စစ်တန်းတစ်ခုသဖွယ် ပစ်ထွက်သွားခဲ့ပေတော့သည်။
မြေအောက်အရာရှိ၏အရှိန်မှာ အလွန်ပင် မြန်ဆန်လှပေသည်။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ပေပေါင်း ထောင်နှင့်ချီသော အကွာအဝေးကို ရောက်ရှိသွားကာ၊ အရှိန် မြန်လွန်းလှသဖြင့် သူ၏နောက်ကွယ်၌ ရှည်လျားလှသော လေလှိုင်းများပင် ကျန်ရစ်နေခဲ့ပေသည်။
“ဟိ”
အဝေးရှိ ညဉ့်အမှောင်ထုအတွင်း၌ ရွှေရောင် အလင်းတန်းတစ်ခု ဝေဝါးစွာ လက်သွားခဲ့ပေသည်။ တစ်ဖက်လူသည်လည်း မြေအောက်အရာရှိကို သတိထားမိသွားပုံရကာ၊ သူ၏ ကိုယ်ပေါ်မှ ပြင်းထန်လှသော သိမ်မွေ့နက်နဲသောအဆင့် အထွတ်အထိပ် အရှိန်အဝါများကို ခံစားမိသွားသဖြင့်၊ ကိုယ်ကို ချက်ချင်း လှည့်ကာ အပြင်ဘက်သို့ ထွက်ပြေးခဲ့ပေတော့သည်။
“ဟင်း”
မြေအောက်အရာရှိက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ ခြေဖဝါးအောက်မှ မြေညိုရောင် အလင်းတန်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့ပေသည် မြေအောက်အရာရှိ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ ခဏတာမျှ တွန့်လိမ်သွားခဲ့ကာ၊ အရပ်မျက်နှာအနှံ့မှ ပြင်းထန်လှသော မြေဓာတ် စွမ်းအင်များမှာ မြေအောက်အနက်ရှိုင်းဆုံးမှနေ၍ ပေါက်ကွဲထွက်ပေါ်လာပြီး မြေအောက်အရာရှိ၏ ကိုယ်အတွင်းသို့ စိမ့်ဝင်သွားခဲ့ပေသည်။ တစ်ချိန်တည်းမှာပင် မြေအောက်အရာရှိ၏ အရှိန်မှာလည်း ရုတ်တရက် မြင့်တက်သွားခဲ့ကာ ပုံရိပ်တစ်ခုသဖွယ် တစ်ဖက်လူ၏ နောက်သို့ လျင်မြန်စွာ လိုက်လံ တိုက်ခိုက်ခဲ့ပေတော့သည်။
မြေပြင်ကို ကျုံ့စေခြင်း။
ဤသည်မှာ မြေအောက်အရာရှိ၏ သီးသန့်ကျင့်စဉ်ဖြစ်ကာ၊ ကြယ်တာရာ မြေလျှိုးခြင်းပညာထက်ပင် များစွာ ပိုမို လျင်မြန်လှပေသည်။ တစ်ဖက်လူမှာမူ သူ၏ရှေ့မှောက်၌ ထွက်ပြေးရန် ကြိုးစားနေခြင်းဖြစ်ရာ ၎င်းမှာ အမှန်တကယ်ပင် စိတ်ကူးယဉ်နေခြင်းသာ ဖြစ်ပေသည်။
“ဝုန်း”
ညဉ့်အမှောင်ထုမှာ နက်ရှိုင်းနေကာ ဘေးတစ်ဖက်စီမှ လေတိုးသံများမှာ ဟိန်းဟောက်လျက် မြေအောက်အရာရှိ၏ ကိုယ်ဘေးမှ ဖြတ်ကျော်သွားကြပေသည်၊ ခဏချင်းအတွင်းမှာပင် မြေအောက်အရာရှိသည် အစီအရင် လွှမ်းခြုံထားသော နယ်မြေအပြင်ဘက်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ကာ တစ်ဖက်လူမှာလည်း မြေအောက်အရာရှိ ကိုယ်တိုင် လိုက်လံ တိုက်ခိုက်လိမ့်မည်ဟု ထင်မှတ်မထားခဲ့သကဲ့သို့၊ ဤမျှအထိ ဇွဲနှင့် လိုက်လိမ့်မည်ဟုလည်း မယူဆခဲ့ပုံရသဖြင့် သူ၏ကိုယ်မှာ ယိုင်နဲ့သွားခဲ့ကာ အနည်းငယ်မျှ ပျာယာခတ်သွားဟန် ရှိပေသည်။
“အခုမှ ကြောက်တတ်နေတာ၊ မင်းအတွက် နည်းနည်း နောက်ကျမသွားဘူးလား?”
မြေအောက်အရာရှိက အေးစက်စွာ ပြုံးလိုက်ကာ အနားသို့ ပိုမို နီးကပ်အောင် လိုက်လံ တိုက်ခိုက်ခဲ့ပေသည်။
နှစ်ဖက်ကြားရှိ အကွာအဝေးမှာ ဆက်တိုက်ဆိုသလို နီးကပ်လာခဲ့ကာ၊ လျင်မြန်စွာပင် ပေတစ်ထောင်အတွင်းသို့ ရောက်ရှိသွားခဲ့ပေသည်။
မြေအောက်အရာရှိ၏ အမူအရာမှာ တည်ငြိမ်နေကာ အနည်းငယ်မျှပင် ပျာယာခတ်ခြင်း မရှိပေ၊ တစ်ဖက်လူ၏ ခြေရာလက်ရာမှာ သံသယဖြစ်ဖွယ် ကောင်းလှသည့်အပြင် လုပ်ဆောင်ချက်များမှာလည်း များစွာထူးဆန်းနေသော်လည်း၊ မြေအောက်အရာရှိကမူ အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိပေ။
နတ်ဘုရားအဖွဲ့အစည်း၏ ကျင့်စဉ်များမှာ ဤကမ္ဘာလောကတွင် အစွမ်းအထက်ဆုံးသော ကျင့်စဉ်များ ဖြစ်ကြပေသည်။ လူသားကမ္ဘာတစ်ခုလုံး၌ မည်သူမျှ ၎င်းတို့ကို ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။
လူသားဆိုသည်မှာ ပုရွက်ဆိတ်များသာ ဖြစ်ကြပြီး၊ အသက်ကို မနည်း လုယူ ရှင်သန်နေကြရသူများ ဖြစ်ရာ၊ နှစ်ပေါင်း ထောင်ချီ သို့မဟုတ် သောင်းချီအောင် ရှင်သန်နေခဲ့ကြသော နတ်ဘုရားများနှင့် အဘယ်သို့ နှိုင်းယှဉ်နိုင်ပါမည်နည်း။
မြေအောက်အရာရှိကဲ့သို့သော အဆင့်အတန်းသို့ ရောက်ရှိပါက၊ တစ်အဖွဲ့အစည်းလုံးအတွင်း၌ ထိုက်ချန်းကဲ့သို့သော ထိုက်မျိုးဆက် ထိပ်တန်းပညာရှင်များမှလွဲ၍၊ အခြား မည်သူမျှ သူ့အား ခြိမ်းခြောက်နိုင်စွမ်း မရှိပေ။
အရာရှိသုံးဦးအနက်မှ အစွမ်းအထက်ဆုံးဖြစ်သော ကောင်းကင်အရာရှိပင်လျှင် သူ့အား အောင်နိုင်ရုံသာ တတ်နိုင်မည်ဖြစ်ပြီး သတ်ဖြတ်နိုင်စွမ်း မရှိပေ။
အကွာအဝေးမှာ ဆက်တိုက်ဆိုသလို နီးကပ်လာခဲ့ပြီ ဖြစ်၏
ပေတစ်ထောင်
ပေရှစ်ရာ
ပေခြောက်ရာ
ပေသုံးရာ
……
မြေအောက်အရာရှိသည် နောက်ဆုံးတွင်မူ တစ်ဖက်လူ၏ ပုံစံကို ထင်ရှားစွာ မြင်တွေ့လိုက်ရပေသည်၊ ထိုသူသည် ကိုယ်ပေါ်၌ ကျယ်ပြောလှသော ဝတ်ရုံရှည်ကြီးတစ်ခုကို ဝတ်ဆင်ထားကာ၊ ဝတ်ရုံအောက်မှ ရွှေရောင် အလင်းတန်းများမှာလည်း အဆက်မပြတ် ထွက်ပေါ်နေပေသည်၊ သို့သော်လည်း မြေအောက်အရာရှိအား ကျောပေးထားသဖြင့် မျက်နှာကိုမူ လုံးဝ မြင်တွေ့ရခြင်း မရှိပေ။
မြေအောက်အရာရှိ ထုတ်ဖော်ပြသလိုက်သော အစွမ်းထက်လှသည့် အစွမ်းများကြောင့် တစ်ဖက်လူမှာလည်း များစွာ တုန်လှုပ်ခြောက်ခြားသွားပုံရကာ၊ ထွက်ပြေးနေစဉ်အတွင်း ကိုယ်ဟန်မှာ ဖရိုဖရဲ ဖြစ်နေပြီး စိတ်ဓာတ်များလည်း ပျက်ပြားနေခြင်းမှာ ထင်ရှားလှပေတော့သည်။