အခန်း (၂၀၆၉-၂၀၇၁)
Vol. 128 Ch. 2069-2071
အခန်း (၂၀၆၉) ဝိုင်းရံသတ်ဖြတ်ခြင်း
“ထွက်ပြေးချင်နေတုန်းလား၊ ငါ့ဆီမှာပဲ ကျန်ခဲ့စမ်း”
လူနှစ်ဦးကြား အကွာအဝေးမှာ ပေခြောက်ရာခန့်သာ ကျန်ရှိတော့သည့် အချိန်၌ မြေအောက်အရာရှိ၏ အမူအရာမှာ အေးစက်သွားကာ အနည်းငယ်မျှပင် တွန့်ဆုတ်ခြင်း မရှိဘဲ စွမ်းအားများကို ဒန်တျန်အတွင်း စုစည်းလျက် လျင်မြန်စွာ လက်ဦးမှုယူ တိုက်ခိုက်လိုက်ပေသည်။
“တံတိုင်းမဲ့မြေကမ္ဘာ”
ကောကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ မြေအောက်အရာရှိ၏ ခြေဖဝါးအောက်မှ အလင်းစက်ကွင်းများမှာ လှုပ်ခတ်သွားခဲ့ကာ၊ တောင်တန်းတို့၏ ပြင်းထန်လှသော အရှိန်အဝါများ ပါဝင်နေသည့် မြေညိုရောင် အလင်းတန်းတစ်ခုမှာ ရုတ်တရက်ဆိုသလို သိသိသာသာ ကြီးမားလာခဲ့ပြီး၊ အလင်းစက်ကွင်းတစ်ခုမှ နှစ်ခု၊ သုံးခု စသည်ဖြင့် ပြောင်းလဲသွားကာ ပတ်ဝန်းကျင် ပေပေါင်း ထောင်နှင့်ချီသော နေရာအထိ ပြန့်နှံ့သွားခဲ့ပေသည်။
ကျယ်ပြောလှသော မြေကမ္ဘာကြီးပေါ်၌ မမြင်နိုင်သော ဆွဲဆောင်မှုတစ်ခု၏ သက်ရောက်ခြင်းကို ခံလိုက်ရသည့်အလား၊ မြေပြင်ကြီးမှာ တုန်ခါလာခဲ့ပြီး ဖုန်မှုန့်လှိုင်းတွန့်များမှာ အဆက်မပြတ် ပေါက်ကွဲထွက်ပေါ်လာလျက် ဟင်းလင်းပြင်ထဲသို့ ပျံတက်သွားကာ မြေအောက်အရာရှိ၏ ခြေဖဝါးအောက်မှ အလင်းစက်ကွင်းများနှင့် အပြန်အလှန် ပဲ့တင်ထပ်နေကြပေသည်။ ထိုခဏ၌ မြေအောက်အရာရှိ၏ တစ်ကိုယ်လုံးရှိ အရိုးအဆစ်များမှာလည်း တဂျောက်ဂျောက် မြည်ဟည်းလာခဲ့ပြီး၊ မူလကပင် များစွာကြီးမားလှသော စွမ်းအားများမှာ တစ်ဆင့်ပြီးတစ်ဆင့် ပိုမိုမြင့်တက်လာခဲ့ကာ ထူးဆန်းအံ့သြဖွယ်ကောင်းလှသော အဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့ပေတော့သည်။
“ဝုန်း”
မျက်တောင်တစ်ခတ်အတွင်းမှာပင် မြေအောက်အရာရှိ၏ ပတ်ဝန်းကျင် ပေပေါင်း ရာနှင့်ချီသော နေရာအတွင်းရှိ မြေပြင်မှာ ကွဲအက်သွားခဲ့ကာ မရေမတွက်နိုင်သော မြေသားများ၊ မြက်ခြောက်များနှင့် မြေအောက်အနက်ရှိုင်းဆုံးရှိ ကျောက်တုံးများမှာ မမြင်နိုင်သော စွမ်းအားတစ်ခု၏ ဆွဲငင်မှုအောက်၌ မြေပြင်ကို ထိုးဖောက်ထွက်ပေါ်လာခဲ့ကြပြီး၊ မြေအောက်အရာရှိ၏ ဂန်ချီများအတွင်းသို့ စုရုံးရောက်ရှိလာကြပေသည်။
ဤမျှသာမကဘဲ မြေအောက်အရာရှိသည် မူလကပင် အစွမ်းထက်လှသော မြေဓာတ် စွမ်းဆောင်ရည်ရှိသူဖြစ်ရာ၊ ဤ “တံတိုင်းမဲ့မြေကမ္ဘာ”ဟူသော နည်းဗျူဟာသည် ပတ်ဝန်းကျင် ဆယ်မိုင်ခန့်အတွင်းရှိ မြေကမ္ဘာ၏ စွမ်းအားများကို တိုက်ရိုက် ရယူအသုံးပြုလိုက်ခြင်း ဖြစ်ပေသည်။ ထိုကြီးမားလှသော စွမ်းအားများသည် မြေအောက်အရာရှိ ကိုယ်တိုင်၏ဂန်ချီများ၊ မြေအောက်မှ ပျံတက်လာသော မြေစာ ကျောက်ခဲများနှင့် ပေါင်းစပ်သွားကာ မြစ်မင်းသမုဒ္ဒရာကဲ့သို့သော မြေညိုရောင် လှိုင်းလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး၊ မိုးကြိုးအလား ပြင်းထန်လှသော အရှိန်အဟုန်ဖြင့် ရှေ့မှ ပုံရိပ်ဆီသို့ လွှတ်ထုတ် တိုက်ခိုက်လိုက်ပေတော့သည်။
မြေအောက်အရာရှိ၏ စွမ်းအား ထိန်းချုပ်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ၊ သူ၏ တွက်ချက်မှုအရဆိုလျှင် ဤလက်ဝါးတစ်ချက်မှာ တစ်ဖက်လူအား ပြင်းထန်စွာ ဒဏ်ရာရစေရန် လုံလောက်သော်လည်း အသက်ဆုံးရှုံးသည်အထိမူ ဖြစ်လိမ့်မည် မဟုတ်ပေ။ ဤသို့ဖြင့် တစ်ဖက်လူ၏ နောက်ခံအကြောင်းအရင်းကို စုံစမ်းမေးမြန်းကာ သူ၏ ကိုယ်ပေါ်ရှိ လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်မည် ဖြစ်ပေသည်။
သိမ်မွေ့နက်နဲသောအဆင့်၏ အခြေခံအဆင့် ရှိသူတစ်ဦးမှာ သူကဲ့သို့သော အထွတ်အထိပ် သိုင်းပညာရှင်တစ်ဦးကို ယှဉ်ပြိုင်နိုင်ရန်မှာ မဖြစ်နိုင်ပေ။ အမှန်တကယ်တော့ တစ်ဖက်လူက အစွမ်းများကို ဖုံးကွယ်ထားသည်ဆိုလျှင်ပင် မြေအောက်အရာရှိအနေဖြင့် တစ်ဖက်လူအား ဒဏ်ရာရအောင် လုပ်ဆောင်နိုင်ရန်မှာ ဆယ်ပုံကိုးပုံ သေချာနေပေသည်။
သို့သော်လည်း နောက်တစ်ခဏ၌ မြေအောက်အရာရှိလုံးဝ ထင်မှတ်မထားသော အရာတစ်ခု ဖြစ်ပေါ်လာခဲ့ပေသည်။
“ဝုန်း”
လျှပ်စီးလက်သည့်အလား တိုတောင်းလှသော အချိန်အတွင်းမှာပင် အလင်းရောင် တစ်ချက် လက်သွားခဲ့ကာ၊ တောက်ပလှသော ရွှေရောင် အလင်းတန်းတစ်ခုမှာ တစ်ဖက်လူ၏ ကိုယ်ပေါ်မှ ဟိန်းထွက်လာခဲ့ပြီး၊ မြေအောက်အရာရှိလွှတ်ထုတ်လိုက်သော တိုက်ကွက်ကို ပြင်းထန်စွာ ရိုက်ခတ်လိုက်ပေသည်။
ထိုခဏ၌ တောက်ပလှသော ရွှေရောင် အလင်းတန်းနှင့် မြေအောက်အရာရှိ၏ မြေညိုရောင် အလင်းတန်းတို့မှာ ရှေးဦးကမ္ဘာဦး သားရဲကြီး နှစ်ကောင်အလား ဟင်းလင်းပြင်ထဲ၌ ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားခဲ့ကြပြီး ကြီးမားလှသော ပေါက်ကွဲမှု လေလှိုင်းများမှာ အရပ်မျက်နှာအနှံ့သို့ ဝှေ့ယမ်းသွားခဲ့ပေသည်။
ထိုတောက်ပလှသော ရွှေရောင်အလင်းတန်းမှာ ပတ်ဝန်းကျင် ပေပေါင်း ထောင်နှင့်ချီသော နေရာကို နေ့ခင်းဘက်အလား လင်းထိန်သွားစေခဲ့ပေသည်။
ပေါက်ကွဲမှု၏ စွမ်းအင်လှိုင်းများကြောင့် မြေအောက်အရာရှိပင်လျှင် သူ၏ဝတ်ရုံများမှာ လွင့်ပျံ့သွားခဲ့ရကာ သူ၏ကိုယ်မှာလည်း အလိုအလျောက် နောက်သို့ ခြေတစ်လှမ်းခန့် ဆုတ်ခွာလိုက်ရပေသည်။
“….”
“ဒါ မဖြစ်နိုင်ဘူး”
ဤခဏ၌ မြေအောက်အရာရှိ၏ စိတ်ထဲတွင် လှိုင်းလုံးများ ထကြွလာခဲ့ကာ၊ မျက်လုံးများကို ပြူးကျယ်လျက် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရပေသည်။
ဤ တံတိုင်းမဲ့မြေကမ္ဘာဟူသော တိုက်ကွက်မှာ သူ၏ အစွမ်းအထက်ဆုံး လျှို့ဝှက်ကျင့်စဉ် မဟုတ်သော်လည်း သူ၏ ကိုယ်ပေါ်ရှိ အစွမ်းအထက်ဆုံးသော တိုက်ကွက် သုံးခုအနက်မှ တစ်ခု ဖြစ်ပေသည်။ အစွမ်းအထက်ဆုံးဖြစ်သော ကောင်းကင်အရာရှိပင်လျှင် ဤတိုက်ကွက်ကို အာရုံစိုက်၍ ရင်ဆိုင်ရပေသည်။ တစ်ဖက်လူက သူ၏ တိုက်ကွက်ကို ဤမျှအထိ ပြင်းပြင်းထန်ထန် ပြန်လည် ခုခံနိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
သိမ်မွေ့နက်နဲသောအဆင့် အထွတ်အထိပ် ပညာရှင်.
လျှပ်စီးလက်သည့်အလား မြေအောက်အရာရှိ၏ ဦးနှောက်ထဲ၌ အတွေးတစ်ခု ဖြတ်ပြေးသွားခဲ့ကာ တစ်စုံတစ်ရာကို ချက်ချင်း နားလည်သွားခဲ့ပြီး၊ သူ၏ အမူအရာမှာလည်း ရုတ်တရက် လေးနက်တည်ငြိမ်သွားခဲ့ရပေသည်။
ဤသူသည် သာမန်လူတစ်ဦး လုံးဝ မဟုတ်ပေ။
“အကြီးအကဲ မကောင်းတော့ဘူး”
လေပြင်းများ တိုက်ခတ်နေစဉ်မှာပင် လူနှစ်ဦး အပြန်အလှန် ရင်ဆိုင်နေကြသည့် အချိန်၌ ရုတ်တရက်ဆိုသလို နောက်ကွယ်မှ အသံတစ်ခု ထွက်ပေါ်လာခဲ့ပေသည်၊ မြေအောက်အရာရှိ၏ နောက်ကွယ်မှ ဝတ်စုံမည်းဝတ်လူတစ်ဦးမှာ ပျာယာခတ်နေသော အမူအရာဖြင့် အရှိန်အဟုန်ဖြင့် ပြေးလာခဲ့ကာ -
“နောက်တန်းမှာ ပြဿနာတက်နေပြီ၊ ကောင်းကင်အရာရှိက အမိန့်ထုတ်လိုက်တယ်၊ အကြီးအကဲ အခုချက်ချင်း ပြန်လာပြီး အစီအရင်နဲ့ နေရာကူးပြောင်းခြင်းဂိတ်ကို စောင့်ကြပ်ပါတဲ့”
ထိုသူမှာ အမောတကော ဖြစ်နေကာ ပျာယာခတ်လျက် စကားပြောဆိုရင်း မြေအောက်အရာရှိရှိရာ အရပ်ဆီသို့ လျင်မြန်စွာ နီးကပ်လာခဲ့ပေသည်။
“ဘာလဲ?”
ထိုဝတ်စုံမည်းဝတ်လူ၏ စကားကို ကြားလိုက်ရသည့်အခါ မြေအောက်အရာရှိ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားခဲ့ရ၏။
နေရာကူးပြောင်းခြင်းဂိတ်နှင့် အစီအရင်မှာ များစွာ အရေးပါလှသဖြင့် လုံးဝအမှားအယွင်း ရှိ၍ မဖြစ်ပေ။ အကယ်၍ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက အကျိုးဆက်မှာ တွေးဝံ့စရာပင် မရှိပေ။
သို့သော်လည်း နောက်တန်းရှိ နေရာကူးပြောင်းခြင်းဂိတ်နှင့် စီရင်ထုံးတွင် ကောင်းကင်အရာရှိနှင့် ရေအရာရှိတို့ တပ်စွဲထားကြသည်ဖြစ်ရာ ဘာကြောင့် ပြဿနာတက်ရသနည်း။
တစ်စုံတစ်ရာ ဟာကွက် ရှိနေ၍လား။ သူ၏ ရှေ့မှ လူအပြင်၊ တစ်ဖက်လူက အခြားသော နည်းလမ်းများကို အသုံးပြုလျက် ကျားကို တောင်ပေါ်မှ ဆွဲချသည့် နည်းဗျူဟာဖြင့် ကောင်းကင်အရာရှိနှင့် ရေအရာရှိတို့ကိုပါ ဆွဲထုတ်သွားခဲ့ခြင်းလား။
သို့သော်လည်း နောက်တစ်ခဏ၌ မြေအောက်အရာရှိ၏ မျက်လုံးအစုံမှာ ကျုံ့သွားခဲ့ကာ၊ သူ၏ အကြည့်မှာလည်း ချက်ချင်းပင် အလွန်အမင်း အေးစက်သွားခဲ့ရပေသည်။
“ဘယ်ကလာတဲ့ လူယုတ်မာလဲ၊ ငါ့ရဲ့ရှေ့မှောက်မှာတောင် လိမ်လည်လှည့်ဖြားပြီး လှည့်ကွက်တွေ သုံးဝံ့တယ်လား”
မြေအောက်အရာရှိ၏ အသံမဆုံးသေးမီမှာပင် သူသည် မည်သည့်အရာကိုမျှ ထပ်မံ မစဉ်းစားတော့ဘဲ လက်ချောင်းကို တစ်ချက် လှုပ်ရှားလိုက်ရာ၊ ရွှေနှင့် တောင်တန်းများကိုပင် ဖောက်ထွင်းနိုင်သော ပြင်းထန်လှသည့် လက်ညှိုးချီလှိုင်းတစ်ခုမှာ ဟင်းလင်းပြင်ကို ဖြတ်ကျော်လျက် နောက်ကွယ်မှ သတင်းလာပို့သော ထိုဝတ်စုံမည်းဝတ်လူဆီသို့ တိုက်ရိုက် ပစ်ခတ်လိုက်ပေသည်။
သူသည် တစ်ချိန်လုံး မြေပြင်ကို ကျုံ့စေခြင်းအတတ်ကို အသုံးပြုလျက် ရှေ့မှလူကို လိုက်လံ တိုက်ခိုက်နေခြင်း ဖြစ်ရာ၊ နှစ်ဖက်စလုံး၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လှသဖြင့် မျက်တောင်တစ်ခတ်အတွင်းမှာပင် အနည်းဆုံး ဆယ်မိုင်ကျော် ဝေးကွာသွားခဲ့ပြီ ဖြစ်ပေသည်။
အသစ်ရောက်လာသော ထိုဝတ်စုံမည်းဝတ်လူမှာ အငွေ့အသက်ကို များစွာ ဆင်တူအောင် ရုပ်ဖျက်ထားသော်လည်း၊ ကောင်းကင်အရာရှိနှင့် ရေအရာရှိတို့မှလွဲ၍ စခန်းတစ်ခုလုံးရှိ မည်သူတစ်ဦးတစ်ယောက်မျှ ဤမျှအထိ လျင်မြန်သော အရှိန်ဖြင့် လိုက်လာကာ သတင်းပို့နိုင်လိမ့်မည်ဟု သူ မယူဆပေ။
“ဟားဟား၊ ကောင်းတယ် နတ်ဘုရားအဖွဲ့အစည်း ဆိုတဲ့အတိုင်းပဲ၊ မင်းကို လှည့်စားလို့ မရဘူးဆိုတာ ငါ သိပြီးသားပါ ဒါပေမဲ့ ပြောရဦးမယ်၊ မင်းရဲ့သေနေ့ ရောက်ပြီ”
နောက်ကွယ်မှနေ၍ ကျယ်လောင်သော ရယ်မောသံတစ်ခု ထွက်ပေါ်လာခဲ့ကာ၊ ထိုဝတ်စုံမည်းဝတ်လူသည် လျင်မြန်စွာ လက်ဦးမှုယူ လှုပ်ရှားလိုက်ပြီး၊ လက်သီးတစ်ချက်တည်းဖြင့် မြေအောက်အရာရှိလွှတ်ထုတ်လိုက်သော ကြောက်မက်ဖွယ် လက်ညှိုးလှိုင်းကို ရိုက်ခွဲပစ်လိုက်ပေသည်။ တစ်ချိန်တည်းမှာပင် ထိုသူသည် မြေပြင်မှ ခုန်တက်လိုက်ရာ ခဏချင်းအတွင်းမှာပင် ကိုယ်ပေါ်ရှိ အရှိန်အဝါများမှာ ပြောင်းလဲသွားခဲ့ပြီး အဆပေါင်းများစွာ မြင့်တက်လာခဲ့ကာ၊ ဝတ်ရုံများမှာလည်း လွင့်ပျံ့လျက် မြေအောက်အရာရှိ၏ သိမ်မွေ့နက်နဲသောအဆင့် အထွတ်အထိပ်အဆင့်သို့ တိုက်ရိုက် နီးကပ်သွားခဲ့ပေတော့သည်။
“ဝုန်း”
တစ်ချိန်တည်းမှာပင် အဝေး၌ မြေအောက်အရာရှိတစ်ချိန်လုံး သတိထားနေခဲ့သော ဒုတိယရှန်ထိုက်သည်လည်း ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့ကာ၊ တောက်ပလှသော ရွှေရောင် အလင်းတန်းများသည် မြေကမ္ဘာနှင့် ကောင်းကင်ယံကို လွှမ်းခြုံလျက် ဟင်းလင်းပြင်တစ်ခုလုံးကို ပြည့်နှက်သွားစေခဲ့ပေသည်။
“မဟာလော့ နတ်ဘုရားကျင့်စဉ် ”
“မဟာ ပျက်သုဉ်းခြင်း အတတ်”
ထိုခဏ၌ ဒုတိယရှန်ထိုက်နှင့် တတိယရှန်ထိုက်တို့သည် မြေအောက်အရာရှိကို အပြင်သို့ ဆွဲထုတ်ပြီးနောက်တွင် ချက်ချင်းပင် လက်ဦးမှုယူ တိုက်ခိုက်လိုက်ကြပေသည်၊ လူနှစ်ဦးမှာ တစ်ပြိုင်တည်းပင် မိမိတို့၏ကိုယ်ပေါ်ရှိ အစွမ်းအထက်ဆုံးသော လျှို့ဝှက်ကျင့်စဉ်များကို ထုတ်ဖော်လိုက်ကြကာ၊ ဘယ်နှင့် ညာ တစ်ဖက်စီမှနေ၍ အပြန်အလှန် ပူးပေါင်းလျက် မြေအောက်အရာရှိကို ညှပ်တိုက်လိုက်ကြပေတော့သည်။
“မကောင်းတော့ဘူး”
မြေအောက်အရာရှိသည် သိုင်းပညာအစွမ်း များစွာ မြင့်မားလှသော်လည်း ယခုအခါတွင်မူ သိမ်မွေ့နက်နဲသောအဆင့် အထွတ်အထိပ် ပညာရှင်နှစ်ဦး၏ ညှပ်တိုက်ခြင်းကို ခံလိုက်ရသဖြင့် သူ၏ မျက်နှာမှာ ခဏချင်းမှာပင် ပြောင်းလဲသွားခဲ့ရ၏။
ဤလူနှစ်ဦးမှာ သိသိသာသာပင် ကြိုတင် ပြင်ဆင်လာကြခြင်း ဖြစ်ပေသည်။
ထို့ပြင် လက်ဦးမှုယူ တိုက်ခိုက်ခြင်းမှာလည်း လျင်မြန်ပြတ်သားလှသဖြင့်၊ သူ့အား တုံ့ပြန်ရန်အတွက် မည်သည့် အခွင့်အရေးမျှ ပေးအပ်ခြင်း မရှိပေ။
“ပေပေါင်းတစ်ထောင် ကျောက်တံတိုင်း”
“တောင်စဉ်တောင်တန်း အထပ်ထပ်”
ရုတ်တရက် ဖြစ်ပေါ်လာသော အပြောင်းအလဲများကြား၌ မြေအောက်အရာရှိသည် ထိတ်လန့်သွားသော်လည်း ဖရိုဖရဲ ဖြစ်မသွားပေ။ လူနှစ်ဦး တိုက်ခိုက်လာသည့် ခဏ၌ မြေအောက်အရာရှိသည် သူ၏ တစ်ကိုယ်လုံးရှိ ဂန်ချီများကို အတင်းအကျပ် မြှင့်တင်လိုက်ရာ၊ ခဏချင်းမှာပင် မြေပြင်ကြီးမှာ တုန်ခါလာခဲ့ပြီး မြေအောက်အရာရှိသည် သူ၏မူလနတ်ဘုရားစွမ်းအားကို ထပ်မံအသုံးပြုလျက် ပိုမိုကျယ်ပြောလှသော နယ်မြေအတွင်းမှ မြေကမ္ဘာ၏ စွမ်းအားများကို ရယူလိုက်ပေသည်။
ခဏတာအတွင်းမှာပင် မြေအောက်အရာရှိ၏ ပတ်ဝန်းကျင်၌ အလင်းနှင့် အမှောင်တို့ ရောယှက်သွားခဲ့ကာ၊ အဆုံးမရှိသော တောင်တန်းများနှင့် မြေကမ္ဘာ၏ စွမ်းအားများမှာ စုရုံးရောက်ရှိလာကြပြီး၊ ဟင်းလင်းပြင်ထဲ၌ တောင်စဉ်တောင်တန်းများ၏ ပုံရိပ်ယောင်များကို ထင်ရှားစွာ ပြသနေပေသည်။
ဤမျှသာမကဘဲ မြေကမ္ဘာ၏ စွမ်းအားများကို ရရှိလိုက်ပြီးနောက်တွင် မြေအောက်အရာရှိ၏ တစ်ကိုယ်လုံးရှိ အရိုးအဆစ်များမှာ တဂျောက်ဂျောက် မြည်ဟည်းလာခဲ့ကာ၊ သူ၏ကိုယ်မှာလည်း ရုတ်တရက် ကြီးမားလာခဲ့ပြီး ဧရာမ လူသားကြီးတစ်ဦးသဖွယ် ဖြစ်ပေါ်လာခဲ့ပေသည်။ သူ၏ကိုယ်အတွင်း၌မူ မြေညိုရောင် အငွေ့အသက်များမှာ အခဲဖြစ်သွားခဲ့ကာ မာကျောလှသော သံချပ်ကာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပေသည်။
ဘီလူးကြီး၏ ကိုယ်ခန္ဓာ။
မြေကမ္ဘာ၏ သံချပ်ကာ။
ဤသည်မှာ မြေအောက်အရာရှိ၏ ဧရာမနတ်ဘုရားစွမ်းအား နှစ်ခု ဖြစ်ပေသည်။ ၎င်းတို့သည် စွမ်းအားကို များစွာ မြင့်တင်ပေးနိုင်သလို၊ မိမိကိုယ်မိမိလည်း ပြင်းထန်လှသော ကာကွယ်ရေး စွမ်းဆောင်ရည်တစ်ခုကို ပေးအပ်နိုင်ပေသည်။
အရာရှိသုံးဦးအနက်မှ မြေအောက်အရာရှိသည် အစွမ်းအထက်ဆုံး မဟုတ်နိုင်သော်လည်း၊ တိုက်ပွဲကို အတောင့်ခံနိုင်ဆုံးနှင့် ကာကွယ်ရေး အစွမ်းအထက်ဆုံး ဖြစ်ခြင်းမှာမူ သံသယဖြစ်ဖွယ် မရှိပေ။
တစ်ဖက်လူ၏ အစွမ်းမှာ အံ့မခန်းလှသလို ကြိုတင်၍လည်း ပြင်ဆင်လာကြပေသည်။ သို့သော်လည်း သူကိုယ်တိုင်၏ကျင့်စဉ်မှာ သိမ်မွေ့နက်နဲသောအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး အစွမ်းမှာလည်း ပြင်းထန်လှပေသည်။ ဘီလူးကြီး၏ ကိုယ်ခန္ဓာနှင့် မြေကမ္ဘာ၏ သံချပ်ကာတို့ကို အသုံးပြုမည်ဆိုပါက တူညီသော အဆင့်ရှိသည့် သိမ်မွေ့နက်နဲသောအဆင့် အထွတ်အထိပ် ပညာရှင်နှစ်ဦးကို ရင်ဆိုင်ရသည့်တိုင်အောင်၊ အနိုင်မရနိုင်သော်လည်း ထွက်ပြေးလွတ်မြောက်ရန်အတွက်မူ အခွင့်အရေး ရှိနေဆဲ ဖြစ်ပေသည်။
သို့သော်လည်း ဘာကြောင့်လဲ မသိသော်လည်း မြေအောက်အရာရှိ၏ မျက်ခုံးများမှာ ဆက်တိုက် လှုပ်ခတ်နေကာ သူ၏စိတ်ထဲ၌လည်း အမြဲတမ်းပင် ပြင်းထန်လှသော စိုးရိမ်ပူပန်မှုနှင့် အန္တရာယ် အငွေ့အသက်များကို ခံစားနေရပေသည်။
“ဒီလူတွေက ဘယ်ကလာတဲ့သူတွေလဲ၊ သူတို့ ဘာလုပ်ချင်နေတာလဲ။ သူတို့ ဒီလောက်အထိ အားစိုက်ထုတ်ပြီး ငါ့ကို ဒီနေရာအထိ ဆွဲထုတ်လာတာက၊ ငါ့ကို ဝိုင်းပြီး လုပ်ကြံဖို့အတွက်ပဲလား”
မြေအောက်အရာရှိ၏ ဦးနှောက်ထဲတွင် အတွေးပေါင်းများစွာမှာ မျက်တောင်တစ်ခတ်အတွင်း ဖြတ်ပြေးသွားခဲ့ပေသည်။ သူသည် တစ်စုံတစ်ရာကို မစဉ်းစားမိသေးဘဲ ကျန်ရှိနေသေးသည်ဟု အမြဲ ခံစားနေရပေသည်။
သို့သော်လည်း အသေးစိတ် စဉ်းစားရန်အတွက်မူ အချိန်ကား မရှိတော့ပေ၊ ထိုခဏ၌ ဒုတိယရှန်ထိုက်နှင့် တတိယရှန်ထိုက် တို့၏ တိုက်ကွက်များမှာ လျှပ်စစ်တန်းတစ်ခုသဖွယ် ရောက်ရှိလာခဲ့ကြပေပြီ။
“ဝုန်း”
ဟင်းလင်းပြင်ထဲ၌ စွမ်းအားသုံးခုမှာ ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့ကြပေသည်၊ ဒုတိယရှန်ထိုက်နှင့်တတိယရှန်ထိုက်တို့၏ မိမိနှင့် မခြားနားသော ကြီးမားလှသည့် တိုက်ကွက်များရှေ့၌မူ မြေအောက်အရာရှိသည် မြေကမ္ဘာ၏ စွမ်းအားကို အသုံးပြုလျက် အကာအကွယ် တံတိုင်းကို တည်ဆောက်ထားနိုင်သော်လည်း၊ ထိုခဏ၌ ကြီးမားလှသော ဖိအားများကို ခံစားလိုက်ရပေသည်။
ခရက်… စူးရှလှသော အက်သံတစ်ခုနှင့်အတူ မြေအောက်အရာရှိ၏ ပတ်ဝန်းကျင်ရှိ တောင်စဉ်တောင်တန်း ပုံရိပ်ယောင်များမှာ ခဏတာမျှသာ တောင့်ခံနိုင်ခဲ့ပြီးနောက်၊ ချက်ချင်းပင် ကွဲအက်သွားခဲ့ကာ မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ပေါက်ကွဲသွားခဲ့ပေတော့သည်။
လူနှစ်ဦး၏ စွမ်းအားမှာ ကြီးမားလှသဖြင့် မြေအောက်အရာရှိပင်လျှင် အံ့အားသင့်သွားရပေသည်။
သို့သော်လည်း မြေအောက်အရာရှိကို အစိုးရိမ်ဆုံး ဖြစ်စေသည်မှာမူ၊ ၎င်း၏ နောက်မှ ကပ်လျက် နားထဲသို့ ဝင်ရောက်လာသော အသံတစ်ခုပင် ဖြစ်ပေသည် -
“အခုတော့…… မင်းသေလို့ ရပြီ”
ထိုအသံမှာ သဲ့သဲ့မျှသာ ဖြစ်သော်လည်း စကားလုံးတိုင်းမှာမူ တိကျပြတ်သားလှကာ နားထဲ၌ ပဲ့တင်ထပ်နေပေသည်။
“ဝုန်း”
နောက်တစ်ခဏ၌ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ မြေအောက်အရာရှိသည် သူ၏အင်အားရှိသမျှ အသုံးပြုလျက် ဒုတိယရှန်ထိုက်နှင့် တတိယရှန်ထိုက် တို့၏ တိုက်ကွက်များကို ခုခံနေရသည့် ခဏ၌ပင် သူ၏ ကိုယ်ခန္ဓာ အောက်ဘက်မှနေ၍ သံချပ်ကာ ဝတ်ဆင်ထားကာ နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားထည်ဝါလှသော ကြီးမားလှသည့် ပုံရိပ်တစ်ခုမှာ အမြောက်ကျည်ဆန်တစ်ခုအလား မြေပြင်ကို ဖောက်ထွက်လျက် ကောင်းကင်ယံသို့ ဒိုင်းခနဲ တက်လှမ်းလာခဲ့ပေသည်။
“မဟာလော့၏ သတ်ဖြတ်ခြင်း”
ဝမ်ချောင်ဝင်စားထားသော ပထမ ရှန်ထိုက်မှာ မြေအောက်၌ အချိန်အတော်ကြာအောင် ပုန်းအောင်းနေခဲ့ခြင်း ဖြစ်သည်။ ဤခဏ၌ သူသည် မြေအောက်အရာရှိအပေါ်သို့ နောက်ဆုံးဖြစ်သကဲ့သို့ အပြင်းထန်ဆုံးသော တိုက်ကွက်ကို ထုတ်ဖော်လိုက်ပေတော့သည်။
သူ၏လက်ဝါးမှာ တစ်စုံတစ်ရာကို ဆုပ်ကိုင်လိုက်သကဲ့သို့ ရှိနေကာ သူ၏ နောက်ကွယ်၌မူ အလင်းရောင်များ ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ဘုံ၃၃ထပ်၏ ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲသွားသော ရွှေရောင်နန်းဆောင်ကြီးများမှာ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက်၊ ဝမ်ချောင်၏ လက်အတွင်းသို့ စုစည်းရောက်ရှိသွားခဲ့ကြကာ ရှည်လျားလှသော ရွှေရောင် လှံရှည်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး၊ အပေါ်ဘက်ရှိ မြေအောက်အရာရှိဆီသို့ လျှပ်စစ်တန်းတစ်ခုသဖွယ် ပစ်လွှတ်လိုက်ပေသည်။
“မကောင်းတော့ဘူး”
အောက်ဘက်မှ ရုတ်တရက် ပေါ်ထွက်လာသော မုန်တိုင်းသဖွယ် ပြင်းထန်လှသည့် တတိယမြောက် အရှိန်အဝါကို ခံစားလိုက်ရသည့်အခါ၊ မြေအောက်အရာရှိ၏ တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့ရကာ သူ၏မျက်နှာမှာလည်း ခဏချင်းမှာပင် ဖြူလျော့သွားခဲ့ပေတော့သည်။
နောက်ဆုံးအခိုက်အတန့်၌မူ သူ၏ စိတ်ထဲမှ စိုးရိမ်ပူပန်မှုမှာ အဘယ်အရာဖြစ်ကြောင်း သူ နောက်ဆုံးတွင် နားလည်သွားခဲ့ပေပြီ။
တစ်ဖက်လူ၏ အစီအစဉ်မှာ သူ ထင်မှတ်ထားသည်ထက် များစွာပိုမိုပြည့်စုံလှပေသည်။ သူတို့သည် သူ့အား အသက်ရှင်လျက် ထွက်ပြေးခွင့်ပေးရန် လုံးဝ မရည်ရွယ်ခဲ့ကြပေ။
မြေအောက်၌ ပုန်းအောင်းနေသော ထိုပုံရိပ်မှာမူ သူတို့၏ နောက်ဆုံး သတ်ကွင်းပင် ဖြစ်ပေသည်။
ထို့ပြင်မြေအောက်အရာရှိကို အထိတ်လန့်ဆုံး ဖြစ်စေသည့်အရာမှာ၊ နောက်ဆုံးမှ ပေါ်ထွက်လာသော ထိုပုံရိပ်၏ အရှိန်အဝါမှာ များစွာ ဟိန်းထွက်နေကာ ကောင်းကင်နှင့် မြေကြီးကိုပင် ဝါးမြိုနိုင်သည့်နှယ် ရှိနေပြီး၊ ၎င်းသည်လည်း သိမ်မွေ့နက်နဲသောအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေခြင်းပင် ဖြစ်ပေသည်။
ဤမျှသာမကဘဲ တစ်ဖက်လူ၏ အရှိန်အဝါမှာ အရင်က လူနှစ်ဦးထက်ပင် ပိုမို၍ အစွမ်းထက်ကာ ပြင်းထန်လှပေသည်။
မြေအောက်အရာရှိမှာ များစွာအစွမ်းထက်လှသကဲ့သို့ မိမိကိုယ်မိမိလည်း ယုံကြည်မှု ရှိလှသော်လည်း၊ သိမ်မွေ့နက်နဲသောအဆင့် အထွတ်အထိပ် ပညာရှင် သုံးဦးကို တစ်ပြိုင်တည်း ရင်ဆိုင်နိုင်လိမ့်မည်ဟုမူ သူ တစ်ခါမျှ မယူဆခဲ့ဖူးပေ။
ဝုန်း…
တိုက်ကွက် တစ်ချက်တည်းဖြင့်ပင် မြေအောက်အရာရှိ၏ ကိုယ်ပေါ်ရှိ ပြင်းထန်လှသော မြေကမ္ဘာ၏ သံချပ်ကာမှာ၊ ပထမ ရှန်ထိုက်၏ မဟာလော့၏ သတ်ဖြတ်ခြင်းကြောင့် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားခဲ့ရပေသည်။
၎င်း၏ နောက်မှ ကပ်လျက်၊ ပထမ ရှန်ထိုက်၊ ဒုတိယရှန်ထိုက်နှင့် ဒုတိယရှန်ထိုက် ဟူသော ရှေးဦးရှန်ထိုက်သုံးခုလုံး၏ ဂန်ချီများမှာ ပေါက်ကွဲထွက်လာခဲ့ကြကာ သူတို့၏ အင်အားရှိသမျှကို အသုံးပြုလျက်၊ မြေအောက်အရာရှိသည် မဟာလော့၏ သတ်ဖြတ်ခြင်း၏ ချုပ်ကိုင်မှုကို ခံနေရသည့် ခဏ၌ပင်၊ ရှန်ထိုက်သုံးခုလုံး၏ ပြင်းထန်လှသော စကြဝဠာ စွမ်းအင်များမှာ မြေအောက်အရာရှိ၏ ကိုယ်ပေါ်သို့ တစ်ပြိုင်တည်း ပြင်းထန်စွာ ကျရောက်သွားခဲ့ပေတော့သည်။
******
အခန်း (၂၀၇၀) ပထမ ရှန်ထိုက်၏ ရလဒ်
“အား”
စူးရှလှသော အော်ဟစ်သံတစ်ချက်နှင့်အတူ၊ ရှေးဦးရှန်ထိုက်သုံးခု၏ တိုက်ခိုက်မှုရှေ့၌ အစွမ်းထက်ဆုံး ကာကွယ်ရေးစွမ်းအားရှိသော မြေအောက်အရာရှိမှာလည်း လုံးဝ ချေမှုန်းခြင်း ခံလိုက်ရပေတော့သည်။
ဝမ်ချောင်၏ ပထမ ရှန်ထိုက်က လက်သီးတစ်ချက်တည်းဖြင့် သူ၏ ဦးခေါင်းခွံကို ရိုက်ခွဲပစ်လိုက်သလို၊ အခြားသော ရှန်ထိုက် နှစ်ခုကလည်း သူ၏ကိုယ်တွင်းအင်္ဂါများကို ပေါက်ကွဲသွားစေခဲ့ပေသည်။
မြေအောက်အရာရှိသည် တုံ့ပြန်ရန် အချိန်ပင် မရရှိလိုက်ဘဲ ဤခဏ၌ပင် အသက်ပျောက်သွားခဲ့ရ၏။
“ဝုန်း”
ပေါက်ကွဲမှု၏ အသံလှိုင်းများမှာ မိုင်ပေါင်း ဆယ်ဂဏန်းအထိ တုန်ဟိန်းသွားခဲ့ပေသည်။
“ဒါ မြေအောက်အရာရှိပဲ”
အပြင်စည်းရှိ အနက်ရောင် ရွှေရောင် နန်းဆောင်ကြီးအတွင်း၌မူ၊ ထိုစူးရှလှသော အော်ဟစ်သံကို ကြားလိုက်ရသည့်အပြင် ပြင်းထန်လှသော စွမ်းအင်လှိုင်းများကို ခံစားလိုက်ရသဖြင့်၊ နန်းဆောင်အတွင်း၌ ငြိမ်သက်စွာ ထိုင်နေကြသော ကောင်းကင်အရာရှိနှင့် ရေအရာရှိတို့မှာ တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့ကြကာ မျက်နှာများလည်း ချက်ချင်း ပြောင်းလဲသွားခဲ့ရသည်။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
ရေအရာရှိ၏ မျက်နှာမှာ ဖြူလျော့သွားခဲ့ရပေသည်၊ ဤခဏ၌ပင် မြေအောက်အရာရှိ၏ အငွေ့အသက်မှာ လုံးဝကွယ်ပျောက်သွားသည်ကို သူ ခံစားသိရှိလိုက်ရသောကြောင့် ဖြစ်၏။
“ဒါ မဖြစ်နိုင်ဘူး ဒါ ဘယ်သူ့လက်ချက်လဲ”
ဘေးနားရှိ ကောင်းကင်အရာရှိ သည်လည်း တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့ရကာ အံ့အားသင့်မှုနှင့်အတူ ဒေါသအမူအရာများ ထွက်ပေါ်လာခဲ့ပေသည်။
မြေအောက်အရာရှိမှာ အားနည်းသူ မဟုတ်ပေ။ ဤသည်မှာလည်း ထိုသူနှစ်ဦးက မြေအောက်အရာရှိအား အပြင်သို့ တစ်ဦးတည်း ထွက်ခွာခွင့်ပြုခဲ့သည့် အကြောင်းရင်းပင် ဖြစ်ပေသည်။
ထိုသူနှစ်ဦး၏ အမြင်၌မူ မြေအောက်အရာရှိ၏ အစွမ်းဖြင့်ဆိုလျှင် အနိုင်မရသည့်တိုင်အောင် ထွက်ပြေးရန်မှာမူ အလွန်ပင် လွယ်ကူလိမ့်မည်ဟု ယူဆထားကြခြင်း ဖြစ်၏။
ထိုက်မျိုးဆက်မှ ခေါင်းဆောင်များမှလွဲ၍ ဤကမ္ဘာပေါ်၌ မြေအောက်အရာရှိကို ခြိမ်းခြောက်နိုင်မည့်သူ အခြား မည်သူ ရှိပါဦးမည်နည်း။
သို့သော်လည်း ထိုသူနှစ်ဦးမှာ မြေအောက်အရာရှိကျဆုံးသွားလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ကြပေ။
ဤခဏ၌ တုန်လှုပ်ခြောက်ခြားနေကြသူများမှာ အနက်ရောင် ရွှေရောင် နန်းဆောင်ကြီးအတွင်းမှ ကောင်းကင်အရာရှိနှင့် ရေအရာရှိတို့သာ မဟုတ်ပေ။
ထိုသူနှစ်ဦး၏နောက်ကွယ် ကက်စပီယန်ပင်လယ်အနားရှိ ပြင်းထန်လှသော ဆီးနှင်းများအောက်မှ သီးခြား ဟင်းလင်းပြင် တစ်ခုအတွင်း၌မူ၊ ပုံရိပ်တစ်ခုမှာ ငြိမ်သက်စွာ ထိုင်နေပေသည်။
သူ၏ တစ်ကိုယ်လုံးရှိ အငွေ့အသက်များမှာ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်၊ မြေကမ္ဘာနှင့် ကောင်းကင်ယံတို့နှင့် တစ်သားတည်း ဖြစ်နေပေရာ၊ သူ ပေးစွမ်းနေသည့် ခံစားချက်မှာ ကောင်းကင်အရာရှိနှင့် ရေအရာရှိတို့ထက်ပင် များစွာ ပိုမိုကြောက်မက်ဖွယ် ကောင်းလှပေသည်။
“ဝုန်း”
မြေအောက်အရာရှိကျဆုံးသွားသည့် ခဏ၌ ထိုသူ၏ မျက်ခုံးများမှာ လှုပ်ခတ်သွားခဲ့ကာ ရုတ်တရက် မျက်လုံးများကို ဖွင့်ကြည့်လိုက်ပေသည်။ သူ၏ မျက်ဝန်းအတွင်းမှ တောက်ပလှသော အလင်းတန်းများ ထွက်ပေါ်လာခဲ့ပေရာ ထိုအလင်းတန်းများမှာ အေးစက်ကာ မည်သည့် ခံစားချက်မျှ မပါဝင်ဘဲ လူ၏အရိုးထဲအထိ အေးစိမ့်သွားစေပေသည်။
သို့သော်လည်း ခဏတာအတွင်းမှာပင် ထိုသူသည် ဝမ်ချောင်ရှိရာ အရပ်ဆီသို့ နက်နဲစွာ စူးစိုက်ကြည့်ရှုလိုက်ပေသည်။ ထိုအချိန်၌ သူ ဘာတွေ တွေးတောနေသလဲဆိုသည်ကိုမူ မည်သူမျှ မသိရှိနိုင်ပေ။
ကက်စပီယန်ပင်လယ်အနားရှိ ဝတ်စုံမည်းဝတ်လူတို့၏ လှုပ်ရှားမှုများကို ခေတ္တထားခဲ့ပြီး၊ ယခုအချိန်၌မူ မိုင်ပေါင်း ဆယ်ဂဏန်းခန့် ဝေးကွာသော နေရာတစ်ခု၌ ရှေးဦးရှန်ထိုက် သုံးခုမှာ အတူတူ စုရုံးနေကြပေသည်။
“မြေဓာတ် စွမ်းအင်တွေက တကယ့်ကို အားကောင်းတာပဲ”
ဟင်းလင်းပြင်ထဲ၌ ပထမ ရှန်ထိုက်သည် မြေအောက်အရာရှိ၏အလောင်းကို ဖမ်းဆုပ်ထားလျက်၊ ရှည်လျားလှသကဲ့သို့ ကျေနပ်အားရမှုများ ပြည့်နှက်နေသော ချီးကျူးသံကို ပြုလုပ်လိုက်ပေသည်။
ဤတစ်ကြိမ် စစ်ဆင်ရေးမှာ မြေအောက်အရာရှိကို ဝိုင်းရံသတ်ဖြတ်ခဲ့ရုံမျှဖြင့် မပြီးဆုံးသေးပေ။ အရေးအကြီးဆုံးမှာ ဝမ်ချောင်သည် မြေအောက်အရာရှိ၏ ကိုယ်အတွင်း၌ ပြင်းထန်လှသော မြေဓာတ် စည်းမျဉ်းစွမ်းအားများကို ခံစားသိရှိလိုက်ရခြင်း ဖြစ်ပေသည်။
မြေအောက်အရာရှိသည် မြေဓာတ်ချီများကို အသုံးပြုလျက် သိမ်မွေ့နက်နဲသောအဆင့်၏ အထွတ်အထိပ်သို့ တက်လှမ်းထားသူဖြစ်ရာ၊ သူ၏ အစွမ်းမှာ မည်မျှအထိ ပြင်းထန်မည်နည်းဟူသည်မှာ ခန့်မှန်းကြည့်ရုံဖြင့် သိနိုင်ပေသည်။
အကယ်၍သာ မြေအောက်အရာရှိမှာ များစွာပေါ့ဆခြင်း မရှိခဲ့ဘဲ၊ မိမိကိုယ်မိမိ ထိုက်မျိုးဆက် ပညာရှင်များမှလွဲ၍ လောက၌ မည်သူမျှ မယှဉ်ပြိုင်နိုင်ဟု မယူဆခဲ့ပါက ဝမ်ချောင်၏ ရှန်ထိုက် သုံးခုအတွက်လည်း ဤမျှအထိ လွယ်ကူလှသော အခွင့်အရေးမျိုး ရရှိလိမ့်မည် မဟုတ်ပေ။
အမှန်တကယ်တော့ မြေအောက်အရာရှိ၌ ပထမရှန်ထိုက်၏ မြေလျှိုးခြင်း နတ်ဘုရားစွမ်းအားနှင့် များစွာ ဆင်တူလှသော အစွမ်းထက်သည့် မြေလျှိုးခြင်းပညာရှိနေခြင်း ဖြစ်သော်လည်း၊ ဝမ်ချောင်ကမူ သူ့အား ထိုအစွမ်းကို အသုံးပြုရန်အတွက် အခွင့်အရေး လုံးဝမပေးခဲ့ခြင်း ဖြစ်ပေသည်။
မြေအောက်အရာရှိသည် အစမှ အဆုံးအထိ သူ၏ခြေဖဝါးများမှာ မြေပြင်သို့ပင် ပြန်လည် မကျရောက်နိုင်ခဲ့ဘဲ၊ ဝမ်ချောင်၏ ရှန်ထိုက် သုံးခု၏ ဝိုင်းရံသတ်ဖြတ်ခြင်းကို ခံလိုက်ရခြင်း ဖြစ်၏။
ဤသည်မှာ ဝမ်ချောင်၏ ရှန်ထိုက် သုံးခု ပထမဆုံးအကြိမ် လက်ဦးမှုယူ တိုက်ခိုက်ခြင်းဖြစ်ကာ ထုတ်ဖော်ပြသလိုက်သော တိုက်ခိုက်ရေးစွမ်းရည်မှာလည်း ဝမ်ချောင်ကို အနည်းငယ်မျှပင် စိတ်မပျက်စေခဲ့ပေ။
“ဘီလူးကြီး၏ ကိုယ်ခန္ဓာ၊ မြေကမ္ဘာ၏ သံချပ်ကာ၊ တံတိုင်းမဲ့မြေကမ္ဘာ၊ တောင်စဉ်တောင်တန်း အထပ်ထပ်၊ မြေပြင်ကို ကျုံ့စေခြင်း၊ မြေကမ္ဘာ၏ သံချပ်ကာက ငါ့အတွက် သိပ်ပြီး အသုံးမဝင်တာကလွဲရင် ကျန်တဲ့အရာတွေ အားလုံးက ငါ့ရဲ့ပထမ ရှန်ထိုက်ကို အများကြီး ပိုပြီးအစွမ်းထက်လာအောင် လုပ်ပေးနိုင်မှာပဲ”
ဝမ်ချောင်သည် သူ၏ကိုယ်အတွင်း၌ ဟိန်းထွက်လှုပ်ခတ်နေသော မြေဓာတ်ချီများကို ခံစားသိရှိနေရင်း သူ၏ တစ်ကိုယ်လုံးမှာ များစွာ ပျော်ရွှင်နေပေသည်။
မြေအောက်အရာရှိ၏ စွမ်းဆောင်ရည်များမှာမူ သေချာပေါက် မမျှော်လင့်ဘဲ ရရှိလိုက်သော ရလဒ်ကောင်းတစ်ခုပင် ဖြစ်၏။
မဟာ ယင်ယန် ကောင်းကင်ဘုံ ဖန်တီးမှုပညာသည် မြေအောက်အရာရှိ၏ ကိုယ်အတွင်းမှ စွမ်းအားအားလုံးကို စုပ်ယူနိုင်သလို၊ ရှေးဦးရှန်ထိုက်မှာလည်း မသန့်စင်မှုကင်းစင်သော ကိုယ်ခန္ဓာဖြစ်ကာ၊ အပေါက်ပေါင်း တစ်ရာမှာလည်း ပွင့်နေသည့်အပြင် မြေကမ္ဘာနှင့် ကောင်းကင်ယံ၏ စည်းမျဉ်းများဖြင့် စုစည်းထားခြင်းဖြစ်ရာ တစ်ဖက်လူ၏ ကိုယ်အတွင်းရှိ စည်းမျဉ်းစွမ်းအား မှန်သမျှကို အကုန်လုံး စုပ်ယူနိုင်စွမ်း ရှိပေသည်။ ဤသည်မှာလည်း ဝမ်ချောင်က မြေအောက်အရာရှိကို ကိုင်တွယ်စဉ်အတွင်း မတော်တဆ သိရှိသွားခဲ့သော အချက်ပင် ဖြစ်၏။
မြေအောက်အရာရှိတစ်ဦးတည်းနှင့်ပင် ဝမ်ချောင်၏ ပထမ ရှန်ထိုက်၏ တစ်ကိုယ်လုံးရှိ ခွန်အားများနှင့် မူလနတ်ဘုရားစွမ်းအားများကို သိသိသာသာပင် မြင့်တက်သွားစေခဲ့ပေသည်။
လောလောဆယ်တွင် တုန်းထျန်းနယ်ပယ်သို့ မတက်လှမ်းနိုင်သေးသော်လည်း၊ ပိုမို၍ အနိုင်မယူနိုင်လောက်သော အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ၊ အဆင့်တက်လှမ်းရန်အတွက်လည်း ခြေတစ်လှမ်း ပိုမိုနီးကပ်သွားခဲ့ပြီ ဖြစ်ပေသည်။
“မြေအောက်အရာရှိတော့ သေပြီ၊ ကောင်းကင်အရာရှိနဲ့ ရေအရာရှိတို့ကတော့ သေချာပေါက် ပြင်ဆင်ထားကြလိမ့်မယ်၊ အခု ဘာဆက်လုပ်ကြမလဲ?”
ထိုအချိန်မှာပင် မလှမ်းမကမ်းမှ အသံတစ်ခု ထွက်ပေါ်လာခဲ့ပေသည်၊ မျက်နှာမဲ့လူသည် ပထမ ရှန်ထိုက်၏ လက်ထဲမှ မြေအောက်အရာရှိ၏ အလောင်းကို တစ်ချက် ကြည့်လိုက်ကာ မည်သည့် ခံစားချက်မျှ မပါဘဲ မေးမြန်းလိုက်ပေသည်။
သူသည် နောက်ပိုင်းမှ ရောက်ရှိလာခြင်း ဖြစ်သော်လည်း အမှန်တကယ်တော့ မြေအောက်အရာရှိ စခန်းအတွင်းမှ ထွက်ခွာလာစဉ်ကတည်းက သူလည်း နောက်မှ လိုက်ပါလာခဲ့ခြင်း ဖြစ်ပေသည်။
ဝမ်ချောင်က မြေအောက်အရာရှိကို မျက်တောင်တစ်ခတ်အတွင်းမှာပင် ချေမှုန်းလိုက်ခြင်းအပေါ် မျက်နှာမဲ့လူသည် အနည်းငယ်မျှပင် အံ့အားသင့်ဟန် မရှိပေ။
သူသည် ဝမ်ချောင်၏ ရှန်ထိုက် သုံးခုနှင့်အတူ ရက်ပေါင်း ၂၀ ကျော် ခရီးနှင်ခဲ့သူဖြစ်ရာ၊ ဤ ရှေးဦးရှန်ထိုက် သုံးခု၏ အစွမ်းထက်မှုကိုမူ သူ ကောင်းစွာ သိရှိထားပြီးသား ဖြစ်ပေသည်။
အကယ်၍သာ မြေအောက်အရာရှိက တမင်တကာ ပြုလုပ်ထားသော ခိုးယူတိုက်ခိုက်မှုကို တောင့်ခံနိုင်မည်ဆိုလျှင် ၎င်းမှာမှ တကယ့်ကို ထူးဆန်းမည့် ကိစ္စဖြစ်ပေလိမ့်မည်
သို့သော်လည်း မြေအောက်အရာရှိ သေဆုံးသွားသည့်တိုင်အောင် ဝမ်ချောင်သည် နေရာကူးပြောင်းခြင်းဂိတ်ကို မဖျက်ဆီးနိုင်သေးသကဲ့သို့၊ တစ်ဖက်လူ၏ သတိထားမှုကိုလည်း ပိုမို၍ မြင့်တက်သွားစေခဲ့ပေသည်။
“ဟင်းဟင်း၊ မြေအောက်အရာရှိ သေဆုံးသွားတာတောင် အခုအချိန်အထိ ကက်စပီယန်ပင်လယ်ဘက်က ဘာလှုပ်ရှားမှုမှ ရှိမနေသေးဘူး”
ဝမ်ချောင်က အေးဆေးစွာ ပြုံးလိုက်ကာ ခေါင်းကို ခါယမ်းပြလိုက်ပေသည်။ သူသည် အနည်းငယ်မျှပင် စိုးရိမ်ဟန် မရှိပေ။
“ဒါက……”
မျက်နှာမဲ့လူသည် မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ကာ ခေတ္တမျှ စဉ်းစားပြီးနောက်တွင်၊ တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့ပြီး သူလည်း နားလည်သွားခဲ့ပေသည်။
“အရှင် အရှင့်ရဲ့ အဓိပ္ပာယ်က၊ အခုလက်ရှိ ထိုက်ချန်းဟာ ဒီနေရာကနေ လုံးဝ ထွက်ခွာလို့ မရဘူးလို့ ပြောချင်တာလား?”
“ဟင်းဟင်း… အရင်က ငါလုပ်ခဲ့တဲ့ လှုပ်ရှားမှုတွေက မြေအောက်အရာရှိကို ဒီကိုရောက်အောင် ဆွဲခေါ်ဖို့သက်သက်ပဲ မဟုတ်ဘူးလေ”
ဝမ်ချောင်က ပြုံးလျက် ဆိုလိုက်သည်။
ယခုတစ်ကြိမ်တွင် သူသည် ရှန်ထိုက် သုံးခုကို စေလွှတ်ခဲ့သလို၊ ပထမ ရှန်ထိုက်ကိုလည်း အပြင်စည်းရှိ ဝတ်စုံမည်းဝတ်လူစခန်းအတွင်းသို့ ထိုးဖောက် ဝင်ရောက်စေခဲ့ခြင်း ဖြစ်ပေသည်။
အခြားတစ်ဖက်၌မူ ဝမ်ချောင်၏ ဒုတိယရှန်ထိုက်မှာမူ ကောင်းကင်၊ မြေအောက်နှင့် ရေ အရာရှိ သုံးဦး၏ စိတ်ဝိညာဉ်စွမ်းအား အာရုံခံစားမှု နယ်ပယ် အစွန်းဘက်၌ အစွမ်းကုန် စမ်းသပ်နှောင့်ယှက်နေခဲ့ခြင်းဖြစ်ကာ နောက်ဆုံးတွင်မူ ဝမ်ချောင်သည် ဒုတိယရှန်ထိုက်အား သူ၏အရှိန်အဝါများကို လုံးဝထုတ်ဖော်ခိုင်းလျက် မိမိကိုယ်မိမိ ပြောင်ပြောင်တင်းတင်းပင် ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်ပေသည်။
ဤအချိန်၌ ဝမ်ချောင်သည် အမှန်တကယ်တော့ ဒုတိယရှန်ထိုက်မှာ ထိုက်ချန်း၏ သိရှိခြင်းကို ခံရကာ နောက်ဆုံးတွင် ထိုက်ချန်း ကိုယ်တိုင် လိုက်လံ သတ်ဖြတ်ခြင်း ခံရမည်ကိုပင် ကြိုတင် ပင်ဆင်ထားခဲ့ခြင်း ဖြစ်၏။
အကယ်၍ ထိုသို့သာ ဖြစ်လာခဲ့မည်ဆိုလျှင် သူ၏ ပထမ ရှန်ထိုက်မှာမူ အပြင်သို့ ထွက်လာမည် မဟုတ်ဘဲ၊ ထိုအခွင့်အရေးကို အသုံးပြုလျက် အတွင်းစည်းထဲသို့ ခိုးဝင်ကာ နေရာကူးပြောင်းခြင်းဂိတ်ကို အမြစ်ပြတ် ဖျက်ဆီးပစ်မည် ဖြစ်ပေသည်။
ရှေးဦးရှန်ထိုက်တစ်ခုကို ဆုံးရှုံးရခြင်းမှာ ဝမ်ချောင်အတွက် ကြီးမားလှသော ဆုံးရှုံးမှုတစ်ခု ဖြစ်သော်လည်း အကယ်၍ ရှန်ထိုက်တစ်ခုနှင့် များစွာ အရေးပါလှသော နေရာကူးပြောင်းခြင်းဂိတ်တစ်ခုကို လဲလှယ်နိုင်မည်ဆိုပါက ဝမ်ချောင်အတွက်မူ ၎င်းမှာ လက်ခံနိုင်လောက်သော အပေးအယူတစ်ခု ဖြစ်နေဆဲ ဖြစ်ပေသည်။
သို့သော်လည်း အခြေအနေများမှာ ဝမ်ချောင်ထင်မှတ်ထားသည်နှင့် လုံးဝ ကွဲပြားနေခဲ့ပေသည်။ သူ မည်မျှပင် စိန်ခေါ်စမ်းသပ်နေပါစေ၊ နောက်ကွယ် အနက်ရှိုင်းဆုံး၌ ပုန်းအောင်းနေသော ထိုက်ချန်းမှာမူ အနည်းငယ်မျှပင် လှုပ်ခတ်ခြင်း မရှိခဲ့သလို မြေအောက်အရာရှိသေဆုံးသွားသည့်တိုင်အောင် မည်သည့် တုံ့ပြန်မှုမျိုးမျှ မရှိခဲ့ပေ။
ဤကဲ့သို့သော တုံ့ပြန်မှုမျိုးမှာမူ သိသိသာသာပင် ရိုးရှင်းလှသော ကိစ္စတစ်ခု မဟုတ်ပေ။
“ငါ့ရဲ့ခန့်မှန်းချက်သာ မမှားဘူးဆိုရင်တော့ အခု နေရာကူးပြောင်းခြင်းဂိတ် တည်ဆောက်တာက အရေးအကြီးဆုံး အချိန်ကို ရောက်နေပြီပဲ။ ထိုက်ချန်းက ငါတို့ကို ဂရုမစိုက်တာ မဟုတ်ဘူး။ သူက ဒီနေရာကနေ လုံးဝကို ထွက်ခွာလို့ မရတဲ့ အခြေအနေမျိုး ရောက်နေတာ”
ဤသို့ ပြောဆိုလိုက်သည့်အခါ ဝမ်ချောင်၏ မျက်ဝန်းအတွင်း၌ အရာရာကို ကြိုတင်သိမြင်နေကာ မိမိကိုယ်မိမိ ယုံကြည်မှု ရှိလှသော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ပေသည်။
“အဲဒီလိုသာ ဆိုရင်တော့၊ နောက်ပိုင်း ကိစ္စတွေက အများကြီး ပိုပြီး လွယ်ကူသွားပါပြီ……”
မျက်နှာမဲ့လူမှာ အရာရာကို သေလူတစ်ဦးကဲ့သို့ လျစ်လျူရှုထားသူ ဖြစ်သော်လည်း၊ ဝမ်ချောင်၏ ဤစကား အနည်းငယ်ကို ကြားလိုက်ရသည့်အခါတွင်မူ သူ၏စိတ်ထဲ၌လည်း အနည်းငယ်မျှ လှုပ်ခတ်သွားခဲ့ရ၏။
ဝမ်ချောင်၏ အရင်က လုပ်ဆောင်ချက်များအတွင်း၌ ဤမျှအထိ နက်နဲလှသော အကြံအစည်များ ပါဝင်နေလိမ့်မည်ဟု သူလည်း ထင်မှတ်မထားခဲ့ခြင်းမှာ ထင်ရှားလှပေသည်။
“သွားကြစို့… မြေအောက်အရာရှိတော့ သေပြီ၊ ထိုက်ချန်းကလည်း ဒီနေရာကနေ ထွက်လို့ မရဘူးဆိုတော့ ကျန်နေတဲ့ ကောင်းကင်အရာရှိ နဲ့ ရေအရာရှိလောက်ကတော့ ငါ့ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်တော့ဘူး”
ဝမ်ချောင်က ဆိုလိုက်ပေသည်။ သူ၏အသံမဆုံးသေးမီမှာပင် သူသည် ခြေဖျားဖြင့် တစ်ချက် ထောက်လိုက်ကာ အဝေးသို့ အရင်ဆုံး ထွက်ခွာသွားခဲ့ပေတော့သည်။
အရာရှိသုံးဦးအတူတူ ပေါင်းစပ်လိုက်ပါက ဝမ်ချောင်ပင်လျှင် များစွာစိုးရိမ်ရကာ မဆင်မခြင် လှုပ်ရှားဝံ့မည် မဟုတ်ပေ။ သို့သော်လည်း မြေအောက်အရာရှိကို သတ်ဖြတ်လိုက်ပြီဖြစ်ရာ နောက်ပိုင်း ကိစ္စရပ်များမှာမူ များစွာပိုမိုလွယ်ကူသွားခဲ့ပြီဖြစ်ကာ အခြေအနေကို ထိန်းချုပ်နိုင်စွမ်းမှာလည်း ဝမ်ချောင်၏ လက်ထဲသို့ အလုံးစုံ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပေသည်။
နောက်ကွယ်မှနေ၍ မျက်နှာမဲ့လူသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက၊ သူ၏ကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ကာ ဝမ်ချောင်၏နောက်သို့ လိုက်ပါသွားခဲ့ပေသည်။
“ဟူး….”
လေတိုးသံများ တိုက်ခတ်သွားကာ၊ ထိုလူစုမှာ ခဏချင်းမှာပင် ပျောက်ကွယ်သွားခဲ့ကြပေသည်။ ကျယ်ပြောလှသော မြက်ခင်းပြင်ကြီးမှာ ဗလာကျင်းလျက် တိတ်ဆိတ်ငြိမ်သက်နေသော်လည်း ညဉ့်အမှောင်ထုအတွင်း၌မူ သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများမှာ ပိုမို၍ပြင်းထန်လာခဲ့ပေတော့သည်။
……
ညဉ့်အမှောင်ထုမှာ နက်ရှိုင်းနေကာ အပြင်စည်း တစ်ခုလုံးရှိ ဝတ်စုံမည်းဝတ်လူတို့၏ စခန်းအတွင်း၌မူ အချိန်အတော်ကြာကတည်းက ဖရိုဖရဲ ဖြစ်နေခဲ့ပြီ ဖြစ်ပေသည်။
ဝမ်ချောင်နှင့်မြေအောက်အရာရှိတို့၏ တိုတောင်းလှသော်လည်း အလွန်အမင်း ပြင်းထန်လှသော ထိုတိုက်ပွဲမှာ မြောက်ဘက်နယ်မြေရှိ လှည့်လည်သွားလာနေသော လူမျိုးစု စစ်သည်များ အားလုံးကို အချိန်အတော်ကြာကတည်းက လှုပ်ခတ်သွားစေခဲ့ခြင်း ဖြစ်၏။
“ဘာဖြစ်တာလဲ။ ခုနက မြေအောက်အရာရှိအပြင်ကို ပြေးထွက်သွားတာလား?”
“ဘာတွေ ဖြစ်ကုန်တာလဲ။ ဒီနေရာမှာ နတ်ဘုရားစေတမန် တွေကို ပြန်ပြီး တိုက်နိုင်တဲ့သူ ရှိနေလို့လား?”
“ဝူးလူလာစီ မင်းအခုချက်ချင်း အဲဒီဘက်ကို သွားကြည့်စမ်း၊ ခုနက ပေါက်ကွဲသံက သာမန် ကိစ္စတစ်ခုတော့ မဟုတ်တာ သေချာတယ်”
လှည့်လည်သွားလာနေသော လူမျိုးစုတစ်ခု၏ ခေါင်းဆောင်က ပြတ်သားလှသော အသံဖြင့် အမိန့်ပေးလိုက်ပေသည်။
အလားတူ ဖြစ်ရပ်မျိုးမှာ အခြားသော မျိုးနွယ်စုများတွင်လည်း ဖြစ်ပေါ်နေခဲ့ပေသည်။ စခန်းတစ်ခုလုံး၏ အပြင်ဘက်တွင်မူ အချိန်အတော်ကြာကတည်းက မရေမတွက်နိုင်သော မျိုးနွယ်စု စစ်သည်များမှာ အရပ်မျက်နှာအသီးသီးသို့ ပြန့်နှံ့ထွက်ခွာသွားကြကာ ညဉ့်အမှောင်ထုအတွင်းသို့ ဝင်ရောက်လျက် သတင်းအချက်အလက်များကို စုံစမ်းစစ်ဆေးနေကြပေသည်။
ပိုမို၍အတွင်းကျသော နေရာရှိ ထိုအဆောက်အဦးများအတွင်း၌မူ ရာနှင့်ချီသော ဝတ်စုံမည်းဝတ်လူထိပ်တန်းပညာရှင်များမှာ နေရာအသီးသီး၌ တပ်စွဲထားကြကာ အပြင်ဘက်ကို စောင့်ကြည့်နေကြပေသည်။ သူတို့၏ စိတ်ထဲ၌လည်း အလားတူပင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေ၏။
ထိုလှည့်လည်သွားလာနေသော လူမျိုးစုများမှာ အတွင်းရေးများကို များစွာ မသိရှိကြသော်လည်း ဤဝတ်စုံမည်းဝတ်လူများကမူ ယခုလက်ရှိ အခြေအနေအရ ကြည့်လျှင်၊ ဆယ်ပုံကိုးပုံမှာ မြေအောက်အရာရှိ တစ်စုံတစ်ရာ ဖြစ်ပေါ်သွားခဲ့ပြီ ဖြစ်ကြောင်း ကောင်းစွာ သိရှိထားကြပေသည်။
“ခုနက အမှန်တကယ် ဘာတွေ ဖြစ်ခဲ့တာလဲ။ မြေအောက်အရာရှိရဲ့ ပြင်းထန်လှတဲ့ ကျင့်စဉ်အစွမ်းနဲ့ဆိုရင် ဘယ်သူက သူ့ကို ခြိမ်းခြောက်နိုင်မှာလဲ”
ဝတ်စုံမည်းဝတ်လူ အချို့မှာမူ စိတ်အာရုံများ ထွေပြားနေကြကာ၊ အပြင်ဘက်ရှိ မှောင်မိုက်လှသော လျှို့ဝှက်ဆန်းကြယ်သည့် ညဉ့်အမှောင်ထုကို ကြည့်ရှုရင်း သူတို့၏ မျက်ဝန်းအတွင်း၌ ကြောက်ရွံ့မှုများ ပြည့်နှက်နေပေသည်။
ကောင်းကင်အရာရှိ၊ မြေအောက်အရာရှိနှင့် ရေအရာရှိတို့မှာ ဝတ်စုံမည်းဝတ်လူ အားလုံး၏ စိတ်ထဲ၌မူ မြင့်မြတ်လှသော နတ်ဘုရားများသဖွယ် တည်ရှိနေကြခြင်း ဖြစ်ပေသည်။ သူတို့သည် ထိုက်ချန်းကို မယှဉ်နိုင်သည့်တိုင်အောင် သူတို့ကဲ့သို့သော သာမန် ဝတ်စုံမည်းဝတ်လူများ အဘယ်သို့ နှိုင်းယှဉ်နိုင်ပါမည်နည်း။
အကယ်၍ တစ်ဖက်လူက မြေအောက်အရာရှိကိုပင် သတ်ဖြတ်နိုင်သည်ဆိုပါက၊ ထိုနေရာရှိ ဝတ်စုံမည်းဝတ်လူ အားလုံးမှာ မည်သည့် အဆင့်အတန်းရှိသည်ဖြစ်စေ၊ တွေ့ဆုံမိသည်နှင့် ချက်ချင်းပင် သေလမ်းသာ ရှိပေလိမ့်မည်။
ထို့ပြင် တစ်ဖက်လူက ၎င်းတို့အား သတ်ဖြတ်လိုပါက၊ ကြက် သို့မဟုတ် ခွေးတစ်ကောင်ကို သတ်ရသလောက်ပင် လွယ်ကူနေပေလိမ့်မည်။
ဤခဏ၌ အခက်တွေ့နေရသူများမှာမူ ကောင်းကင်အရာရှိနှင့်ရေအရာရှိတို့ပင် ဖြစ်ပေသည်။
“သောက်ကျိုးနည်း… ဒီကောင်တွေက တကယ် ဘာလုပ်ချင်နေတာလဲ”
ရေအရာရှိသည် စိတ်ဝိညာဉ်စွမ်းအား အာရုံခံစားမှု နယ်ပယ် အစွန်းဘက်၌ ထိုဝင်ချည်ထွက်ချည်နှင့် အကြိမ်ကြိမ် စမ်းသပ်နေသော ပြင်းထန်လှသည့် အရှိန်အဝါကို ခံစားနေရသဖြင့် သူ၏ တစ်ကိုယ်လုံး မျက်နှာမှာ စိမ်းပုပ်နေကာ များစွာဒေါသထွက်နေပေသည်။
အကယ်၍ မြေအောက်အရာရှိကို ကိုင်တွယ်စဉ်တုန်းက တစ်ဖက်လူမှာ တစ်စုံတစ်ရာကို စိုးရိမ်ကာ ထိန်းသိမ်းနေခဲ့သည်ဟု ဆိုပါက ယခုအခါတွင်မူ လုံးဝကို ရဲတင်းလာခဲ့ခြင်း ဖြစ်ပေသည်။
ဘေးနားရှိ ကောင်းကင်အရာရှိ၏မျက်နှာမှာလည်း အလားတူပင် ကြည့်မကောင်းလှပေ။
“လောလောဆယ်တော့ မဆင်မခြင် မလှုပ်ရှားကြနဲ့ဦး၊ တစ်ဖက်လူက ငါတို့ကို အပြင်ထွက်လာအောင် တမင်တကာ ဆွဲဆောင်နေတာပဲ”
ကောင်းကင်အရာရှိ က စကားဆိုလိုက်သည်။
သူသည်လည်း ဤအချိန်၌ အပြင်သို့ ပြေးထွက်သွားကာ တစ်ဖက်လူကို လိုက်လံသတ်ဖြတ်ချင်နေသော်လည်း အရေးကြီးသော ကိစ္စရပ်ကိုသာ ဦးစားပေးရမည်ဖြစ်ရာ နေရာကူးပြောင်းခြင်းဂိတ်သာ အပြီးသတ်သွားပါက သူတို့အနေဖြင့် တစ်ဖက်လူကို လိုက်လံသတ်ဖြတ်ရန်အတွက် အချိန်များစွာ ရှိနေပေသည်။
မြေအောက်အရာရှိမှာ သေဆုံးသွားခဲ့ပြီဖြစ်ရာ ဒေါသထွက်နေခြင်းကလည်း ဘာကိုမျှ ပြောင်းလဲပေးနိုင်မည် မဟုတ်ပေ။ မျက်ကန်းတစ္ဆေမကြောက် လုပ်ဆောင်နေမည့်အစား လိမ္မာပါးနပ်စွာ သတိထားနေခြင်းကသာ ပိုမို၍ ကောင်းမွန်ပေလိမ့်မည်။
“အကြီးအကဲ ထိုက်ချန်း ဘက်ကရော ဘာမိန့်ကြားထားသလဲ”
ရေအရာရှိက မေးမြန်းလိုက်ပေသည်။
“အကြီးအကဲ ထိုက်ချန်းဘက်ကတော့ အကွာအဝေးက အရမ်း ဝေးနေတာကြောင့် တစ်ဖက်လူရဲ့ အရှိန်အဝါကို ဝေဝါးစွာပဲ ခံစားနေရတယ်။ အရမ်းတော့ မထင်ရှားဘူး။ နောက်ပြီး တစ်ဖက်လူက ရုပ်ဖျက်တာနဲ့ အရှိန်အဝါ ပြောင်းလဲတဲ့ အတတ်ပညာတွေကို ကျွမ်းကျင်ပုံရတယ်။ အခုစခန်းပတ်ဝန်းကျင်မှာလည်း လူတွေ အများကြီး ရှိနေတာဆိုတော့ တကယ်လို့ တစ်ဖက်လူက အဲဒီလို အစွမ်းမျိုး ရှိနေမယ်ဆိုရင် အခုအချိန်မှာ မဆင်မခြင် လှုပ်ရှားလို့ ပိုပြီးတော့တောင် မဖြစ်နိုင်ဘူး”
ကောင်းကင်အရာရှိက စကားဆိုလိုက်ပေသည်။ သူသည် စိတ်ကို တည်ငြိမ်အောင် ထားနိုင်ခြင်းမှာလည်း ဤသည်မှာ များစွာအရေးပါလှသော အကြောင်းရင်း တစ်ခုပင် ဖြစ်ပေတော့သည်။
******
အခန်း (၂၀၇၁) ထိုက်ချန်း
လေလိုလူတွေအား စိုးရိမ်နေရန် မလိုအပ်ဘဲ တိုက်ရိုက်သတ်ဖြတ်ရုံသာ ဖြစ်သော်လည်း၊ ယခုအခါတွင်မူ ဤမျှသော ပြိုင်ဘက်မျိုးနှင့် ရင်ဆိုင်နေရကာ ရုပ်ဖျက်အတတ်ကိုလည်း ကျွမ်းကျင်လွန်းလှသဖြင့် ထပ်မံ၍ မဆင်မခြင် လုပ်ဆောင်ပါက မိမိကိုယ်မိမိ သေလမ်းရှာခြင်းသာ ဖြစ်ပေလိမ့်မည်။ မြေအောက်အရာရှိသည် ထိုမျှအထိ အလွယ်တကူ သတ်ဖြတ်ခံရမည့်သူမျိုး မဟုတ်ကြောင်း ကောင်းကင်အရာရှိက ကောင်းစွာ သိရှိထားပေသည်။
“ဒါပေမဲ့ တစ်ဖက်လူက ရိုင်းစိုင်းရုံတင် မဟုတ်တော့ဘူး၊ ငါတို့က ဒီအတိုင်း ဘာမှမလုပ်ဘဲ ကြည့်နေရမှာလား?” ရေအရာရှိ၏ စိတ်ထဲတွင် ဒေါသနှင့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေဆဲ ဖြစ်၏။
“အလျင်မလိုပါနဲ့၊ အကြီးအကဲ ထိုက်ချန်းက သတင်းပို့ထားတယ်။ စိတ်ကို အေးအေးထားပါဦးတဲ့။ နောက်ထပ် တစ်ရက်ပဲ အချိန်ပေးပါဦး၊ တစ်ရက်လောက်ဆိုရင် သူ ခဏလောက် အားသွားပြီမို့ ငါတို့ကို တစ်ဖက်လူကို အမြစ်ပြတ် ရှင်းနိုင်အောင် ကူညီပေးလိမ့်မယ်” ကောင်းကင်အရာရှိက ဆိုလိုက်သည်။ အရာရှိသုံးဦးအနက် သူ၏ အဆင့်အတန်းမှာ အမြင့်ဆုံးဖြစ်သလို နောက်ကွယ်ရှိ အစီအရင်များစွာဖြင့် ကာကွယ်ထားသော ထိုက်ချန်းနှင့် ဆက်သွယ်နေသူမှာလည်း သူပင် ဖြစ်ပေသည်။
ရေအရာရှိ၏ မျက်ဝန်းအတွင်း၌ အလင်းတန်းများ လှုပ်ခတ်သွားကာ သတ်ဖြတ်လိုသည့် အငွေ့အသက်များ ဖြတ်ပြေးသွား၏၊ သူ၏လက်ဝါးများကိုလည်း ဆုပ်လိုက်၊ လွှတ်လိုက်ဖြင့် အကြိမ်ကြိမ် ပြုလုပ်နေမိသော်လည်း၊ နောက်ဆုံးတွင်မူ လက်လျှော့လိုက်ရပေတော့သည်။ အရာရှိသုံးဦးအနက် သူ၏အစွမ်းမှာ အားအနည်းဆုံးဖြစ်ကာ မြေအောက်အရာရှိကိုပင် မယှဉ်နိုင်ရာ၊ ကောင်းကင်အရာရှိ၏ အကူအညီမပါဘဲ အပြင်သို့ ထွက်သွားခြင်းမှာ သေလမ်းရှာခြင်းနှင့် မခြားနားပေ။
“အား….”
ထိုအချိန်မှာပင် မည်သည့် လက္ခဏာမျှ မပြဘဲ သူတို့နှင့် မလှမ်းမကမ်းရှိ နေရာတစ်ခုဆီမှ စူးရှလှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့ပေသည်။ ထိုအသံမှာ ၎င်းတို့ လက်အောက်ရှိ ဝတ်စုံမည်းဝတ်လူ တစ်ဦးဆီမှဖြစ်ကြောင်း ထင်ရှားလှပေသည်။ ခဏချင်းမှာပင် လူနှစ်ဦးလုံး၏ မျက်နှာများမှာ ပြောင်းလဲသွားခဲ့ရ၏။
“သောက်ကျိုးနည်း” ရေအရာရှိက ဟိန်းဟောက်လိုက်ကာ သူ၏အင်္ကျီလက်စကို တစ်ချက် ဝှေ့ယမ်းလျက် လက်သီးကို တင်းတင်းဆုပ်ကာ ဝုန်းခနဲ မတ်တပ်ရပ်လိုက်ပေသည်။ ဤလူယုတ်မာများမှာ ရိုင်းစိုင်းရုံသာမကဘဲ ယခုအခါတွင်မူ သူတို့၏ မျက်နှာရှေ့မှောက်အထိပင် လာရောက် စော်ကားနေကြပြီ ဖြစ်ပေရာ၊ အမှန်တကယ်ပင် ရဲတင်းလွန်းလှပေသည်။
“ခဏနေဦး” ကောင်းကင်အရာရှိက ရေအရာရှိ အပြင်သို့ မထွက်မီမှာပင် သွယ်လျသော်လည်း အားကောင်းလှသော သူ၏လက်ဖြင့် နောက်ကွယ်မှနေ၍ အတင်းအကျပ် ဆွဲထားလိုက်ပေသည်။ ကောင်းကင်အရာရှိသည် ပတ်ဝန်းကျင်ကို သေသေချာချာ အာရုံခံကြည့်ရင်း များစွာလေးနက်တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်၏။ “တစ်ဖက်လူရဲ့ လှည့်ကွက်ဖြစ်နေမှာ သတိထားဦး” သူ၏စိတ်ဝိညာဉ်စွမ်းအားများမှာ ပြဒါးများ မြေပေါ်သို့ စိမ့်ဝင်သွားသကဲ့သို့ ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံထားသော်လည်း၊ တစ်ဖက်လူ၏ အငွေ့အသက်ကိုမူ လုံးဝရှာမတွေ့ခဲ့ပေ။ ပတ်ဝန်းကျင် ပေပေါင်း ရာနှင့်ချီသော နေရာအတွင်း၌မူ သူတို့ ဝတ်စုံမည်းဝတ်လူများ၏ သီးသန့်အငွေ့အသက်များသာ ရှိနေပေသည်။
“ဝုန်း!”
ရေအရာရှိတွန့်ဆုတ်နေသည့် ခဏ၌ အဝေးဆီမှ နောက်ထပ် စူးရှလှသော အော်ဟစ်သံတစ်ခု ထပ်မံထွက်ပေါ်လာပြန်ရာ ဤတစ်ကြိမ်တွင်မူ ထိုအသံမှာ လူနှစ်ဦးလုံးအတွက် အလွန်ပင် ရင်းနှီးနေပေသည်။
“ဟေးဟော်” ရေအရာရှိသည် တစ်ကိုယ်လုံး တုန်လှုပ်သွားကာ ချက်ချင်းပင် ခွဲခြားသိမြင်လိုက်ပေသည်။ ဟေးဟော်မှာ ကောင်းကင်၊ မြေအောက်နှင့် ရအရာရှိ သုံးဦး၏ ယုံကြည်ရသော လက်အောက်ငယ်သားဖြစ်သလို ဤဝတ်စုံမည်းဝတ်လူ သုံးရာကျော်၏ ခေါင်းဆောင်လည်း ဖြစ်ပေသည်။ သူ၏အစွမ်းမှာ အင်ပါယာ စစ်သူကြီးအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေကာ သိမ်မွေ့နက်နဲသော အဆင့်သို့ပင် နီးကပ်နေပြီ ဖြစ်ပေသည်။ အရာရှိ သုံးဦးမှာ အနက်ရောင် ရွှေရောင် နန်းဆောင်ကြီးအတွင်း၌ တပ်စွဲထားချိန်တွင် ကိစ္စရပ်များစွာမှာ ဟေးဟော်တို့အပေါ်၌သာ အမှီပြုနေရခြင်း ဖြစ်၏။ ရေအရာရှိမှာ တစ်ဖက်လူသည် ဟေးဟော်တို့အပေါ်သို့ပင် လက်ဦးမှုယူ တိုက်ခိုက်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။
“ဝုန်း” ဟူသော အသံနှင့်အတူ၊ ရေအရာရှိသည် အနည်းငယ်မျှပင် တွန့်ဆုတ်ခြင်း မရှိဘဲ ကောင်းကင်အရာရှိ၏လက်မှ ရုန်းထွက်လိုက်ကာ သိန်းငှက်တစ်ကောင်အလား ဟင်းလင်းပြင်ထဲသို့ ပျံတက်သွားခဲ့ပြီး တံခါးအပြင်ဘက်၌ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပေတော့သည်။
“ရေအရာရှိ” ကောင်းကင်အရာရှိက အမူအရာ ပျက်ယွင်းသွားကာ စိုးရိမ်စိတ်ဖြင့် နောက်မှ ကပ်လျက် လိုက်ပါသွားခဲ့ပေသည်။ ရေအရာရှိ၏ အစွမ်းမှာ မြေအောက်အရာရှိကိုပင် မယှဉ်နိုင်ရာ၊ ဤကဲ့သို့ မဆင်မခြင် သွားခြင်းမှာ သေလမ်းရှာခြင်းနှင့် အတူတူပင် ဖြစ်ပေသည်။
“မကောင်းတော့ဘူး” သို့သော်လည်း မကြာမီမှာပင် ကောင်းကင်အရာရှိမှာ တစ်စုံတစ်ရာကို ချက်ချင်း နားလည်သွားခဲ့ကာ သူ၏ကိုယ်ကို ဟင်းလင်းပြင်ထဲ၌ ရုတ်တရက် လှည့်လျက် နောက်ကွယ်သို့ ကြည့်လိုက်မိပေသည်။ အရာရှိ သုံးဦးတွင် နေရာကူးပြောင်းခြင်းဂိတ်ကို ကာကွယ်ရန်အပြင်၊ အခြားသော အရေးကြီးသည့် တာဝန်တစ်ခုမှာ ပတ်ဝန်းကျင် မိုင်ပေါင်း ဆယ်ဂဏန်းခန့်ကို ချုပ်နှောင်ထားသော ဧရာမ အစီအရင်ကို စောင့်ကြပ်ရန်ပင် ဖြစ်ပေသည်။ နန်းဆောင်အတွင်းမှ ထွက်ခွာလိုက်သည့် ခဏ၌ ကောင်းကင်အရာရှိသည် အငွေ့အသက်တစ်ခု နန်းဆောင်အတွင်းသို့ လျင်မြန်စွာ တိုးဝင်သွားသည်ကို ထင်ရှားစွာ ခံစားလိုက်ရပေသည်။
အမှန်တကယ်တော့ ပွင့်ဟနေသော တံခါးကြီးမှတစ်ဆင့် နန်းဆောင်အတွင်း၌ တောက်လောင်နေသော မီးရှူးတိုင်များနှင့် ဆီမီးရောင်များကို အမှီပြုလျက်၊ ကောင်းကင်အရာရှိသည် ဝတ်စုံနက်ကို ဝတ်ဆင်ထားကာ တစ္ဆေတစ်ကောင်သဖွယ် ပုံရိပ်တစ်ခု နန်းဆောင်အတွင်း၌ ပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ရပေသည်။ ထိုသူသည် ကောင်းကင်အရာရှိမိမိကို သတိပြုမိသွားသည်ကို သိရှိဟန်ဖြင့်၊ နောက်သို့ ပြန်လည်လှည့်ကြည့်ကာ ကောင်းကင်အရာရှိအား ထူးဆန်းလှသော အပြုံးတစ်ခုကို ပြသလိုက်ပေသေးသည်။
“မဖြစ်ဘူး” ကောင်းကင်အရာရှိ၏ စိတ်ထဲ၌ ထိတ်လန့်သွားကာ ဤခဏ၌ သူ မည်မျှပင် တုံ့ပြန်မှု နှေးကွေးပါစေ အခြေအနေကို နားလည်သွားခဲ့ပြီ ဖြစ်ပေသည်။ ဤသည်မှာ ကျားကို တောင်ပေါ်မှ ဆွဲချသည့် နည်းဗျူဟာပင် ဖြစ်၏။ တစ်ဖက်လူမှာ တစ်ဦးတည်း မဟုတ်သလို၊ ဟေးရွှေတို့ကို သတ်ဖြတ်ခြင်းမှာလည်း သူတို့ နှစ်ဦးကို နန်းဆောင်အတွင်းမှ ဆွဲထုတ်ရန်အတွက်သာ ဖြစ်ပေသည်။ ထိုသူတို့၏ ရည်ရွယ်ချက်မှာ နန်းဆောင်၏ အလယ်ဗဟို ဟင်းလင်းပြင်ထဲ၌ လွင့်မျောနေသော စီရင်ထုံး၏ ဗဟိုချက်ဖြစ်သည့် ပြာလဲ့သော ကျောက်သလင်းပင် ဖြစ်ပေသည်။ ထိုသူ၏ နှုတ်ခမ်းထောင့်မှ ထူးဆန်းသော အပြုံးကို ကြည့်ရင်း ကောင်းကင်အရာရှိမှာ သူ၏ နှလုံးခုန်သံပင် ရပ်တန့်တော့မည့်အလား ခံစားလိုက်ရပေသည်။
“ဝုန်း!”
ကောင်းကင်အရာရှိအား မည်သည့် တုံ့ပြန်မှုမျှ ပြုလုပ်ရန် အခွင့်အရေး မပေးဘဲ၊ နန်းဆောင်အတွင်းသို့ တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်လာခဲ့သော ပထမရှန်ထိုက်၏ ဂန်ချီများမှာ ပေါက်ကွဲထွက်လာခဲ့ကာ လက်သီးတစ်ချက်တည်းဖြင့် ဟင်းလင်းပြင်ထဲမှ ထို ပြာလဲ့သော ကျောက်သလင်းကို ပြင်းထန်စွာ ရိုက်ခွဲပစ်လိုက်ပေတော့သည်။
“မလုပ်နဲ့” နန်းဆောင်အပြင်ဘက်မှ ကောင်းကင်အရာရှိက မျက်လုံးများ ပြူးကျယ်လျက် စူးရှစွာ အော်ဟစ်လိုက်ကာ နန်းဆောင်အတွင်းသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်ခဲ့သော်လည်း၊ အရာအားလုံးမှာ နောက်ကျသွားခဲ့ပြီ ဖြစ်ပေသည်။ ရေအရာရှိအပြင်သို့ ပြေးထွက်သွားသည်ကို စိုးရိမ်မိလိုက်သည့် ထိုခဏမှစ၍ နောက်ဆုံး ရလဒ်မှာ သတ်မှတ်ပြီးသား ဖြစ်သွားခဲ့ချေပြီ။
လှိုင်းသံများ တဝုန်းဝုန်းနှင့်အတူ မြေပြင်ကြီးမှာ တုန်ခါလာခဲ့ကာ ပတ်ဝန်းကျင် ဆယ်မိုင်ခန့်အတွင်းရှိ မြေပြင်မှာလည်း သိသိသာသာပင် တုန်ယင်လာခဲ့ပေသည်။ ဤမျှသာမကဘဲ နယ်မြေတစ်ခုလုံးကို ချုပ်နှောင်ထားသော ဧရာမ အစီအရင်မှာလည်း စွမ်းအင်ဗဟိုချက် ဆုံးရှုံးသွားပြီးနောက်တွင်၊ ကွဲအက်သွားသော မှန်တစ်ချပ်အလား အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားခဲ့ကာ ခဏချင်းမှာပင် ပျက်စီးသွားခဲ့ပေတော့သည်။ မြေအောက်အနက်ရှိုင်းဆုံးမှနေ၍ စီရင်ထုံးလမ်းကြောင်းအတိုင်း မြစ်မင်းသမုဒ္ဒရာကဲ့သို့ စီးဆင်းနေသော စွမ်းအင်လှိုင်းများမှာလည်း ထိန်းချုပ်မှုနှင့် စည်းမျဉ်းများ ဆုံးရှုံးသွားပြီးနောက်တွင် ရုတ်တရက် ဖရိုဖရဲ ဖြစ်သွားခဲ့ကာ မြေအောက်မှနေ၍ ပေါက်ကွဲထွက်ပေါ်လာခဲ့ပေသည်။ ပြင်းထန်လှသော ပေါက်ကွဲသံများမှာ အရပ်မျက်နှာအနှံ့မှ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ကာ မြေသားများနှင့် ကျောက်ခဲများမှာလည်း ပေပေါင်း ဆယ်ဂဏန်းခန့်အထိ အမြင့်သို့ ပျံတက်သွားခဲ့ကြပေသည်။
စီရင်ထုံး ပျက်စီးသွားခြင်းကြောင့် ဖြစ်ပေါ်လာသော အပြောင်းအလဲများမှာ ဤမျှနှင့်တင် မပြီးဆုံးသေးပေ။ အနက်ရောင် ရွှေရောင် နန်းဆောင်ကြီး၏ နောက်ကွယ် ကက်စပီယန်ပင်လယ်အနားရှိ အရပ်မျက်နှာ၌ ဟင်းလင်းပြင်မှာ တွန့်လိမ်သွားခဲ့ကာ ဧရာမ အပြာရောင် ပိတ်ကားကြီးတစ်ခုကို ရုတ်တရက် ဆွဲခွဲလိုက်သည့်အလား၊ နောက်ကွယ်ရှိ လုံးဝကွဲပြားခြားနားလှသော မြင်ကွင်းတစ်ခုမှာ နောက်ဆုံးတွင် ပေါ်ထွက်လာခဲ့ပေတော့သည်။
“ဝုန်း”
လူတိုင်း၏ နားထဲရှိ ပင်လယ်လှိုင်းသံများမှာ အကာအကွယ် ဆုံးရှုံးသွားပြီးနောက်တွင်မူ၊ အသံမှာ အဆပေါင်း ဆယ်ဂဏန်းမက ပိုမို ဟိန်းထွက်လာခဲ့ကာ ထိုကြီးမားလှသော မြည်ဟည်းသံမှာ နားစည်ကို ကွဲအက်စေမည့်အလား လောကတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားခဲ့ပေသည်။ ညဉ့်အမှောင်ထုအတွင်း၌မူ မရေမတွက်နိုင်သောလူများမှာ မိုင်ပေါင်း ဆယ်ဂဏန်းခန့် ဝေးကွာသော နေရာ၌ သန်းနှင့်ချီသော တန်ချိန်ရှိသည့် ပင်လယ်လှိုင်းတံပိုးများမှာ အဆုံးမရှိဘဲ မမြင်နိုင်သော စွမ်းအားတစ်ခု၏ ဆွဲငင်မှုအောက်၌ ကောင်းကင်အမြင့်ပိုင်းသို့ ရောက်ရှိနေသည်ကို ထင်ရှားစွာ မြင်တွေ့လိုက်ရပေသည်။ ထိုလှိုင်းလုံးများမှာ ဟိန်းဟောက်လှုပ်ခတ်လျက် ဟင်းလင်းပြင်ထဲ၌ ပြင်းထန်စွာ ရိုက်ခတ်နေကြကာ မိုးတိမ်များသဖွယ် နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းထားပေသည်။ ထိုကဲ့သို့သော ခံစားချက်မှာ ကောင်းကင်ယံ၌ ပင်လယ်တစ်ခု လွင့်မျောနေသကဲ့သို့ပင် ဖြစ်ပေသည်။
အာရုံကို အဖမ်းစားနိုင်ဆုံးကတော့ ထိုဧရာမ လှိုင်းတံပိုးကြီးများ၏အောက်ဘက်၌ရှိသော ပေပေါင်း ဆယ်ဂဏန်းခန့် မြင့်မားကာ တစ်ကိုယ်လုံး ကြည်လင်ပြတ်သားလျက် အလင်းတန်းများ ထွက်ပေါ်နေသည့် ထူးဆန်းလှသော ဧရာမ တံခါးကြီးပင် ဖြစ်ပေသည်။ နေရာကူးပြောင်းခြင်းဂိတ်။ ဤခဏ၌ အနက်ရောင် ရွှေရောင် နန်းဆောင်ကြီးအတွင်းရှိ ဝမ်ချောင်ပင်လျှင် အာရုံစိုက်မိသွားခဲ့ကာ အလိုအလျောက်ပင် လှမ်းကြည့်လိုက်မိပေသည်။ ယခုအချိန်၌ သူလည်း နားလည်သွားခဲ့ပြီ ဖြစ်၏၊ ထိုဧရာမ တံခါးကြီးနှင့် ကောင်းကင်ယံမှ ပင်လယ်လှိုင်းများမှာ မူလကတည်းက ထိုနေရာ၌ ရှိနေခြင်းဖြစ်သော်လည်း အရာရှိ သုံးဦးက အစီအရင်ကို အသုံးပြုလျက် လူအများ၏ အာရုံစိုက်မှုကို မခံရစေရန်အတွက် အစွမ်းကုန် အားနည်းစေကာ ဖုံးကွယ်ထားခဲ့ခြင်းသာ ဖြစ်ပေသည်။
“ဟီးးးး”
နောက်ကွယ်မှနေ၍ မြင်းဟိန်းသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့ကာ မြောက်ဘက်နယ်မြေမှ မရေမတွက်နိုင်သော လှည့်လည်သွားလာနေသည့် လူမျိုးစု မြင်းစီးစစ်သည်များမှာ မူလက ထိုနေရာသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်ရန် ပြင်နေကြသော်လည်း ရုတ်တရက်ဆိုသလို ဟင်းလင်းပြင်ထဲမှ ပေါ်ထွက်လာသော ခန့်ညားထည်ဝါလှသော ထိုဧရာမတံခါးကြီးနှင့် လှိုင်းတံပိုးကြီးများကို မြင်တွေ့လိုက်ရသည့်အခါတွင်မူ တစ်ဦးချင်းစီတိုင်းမှာ မျက်လုံးများ ပြူးကျယ်လျက် အံ့အားသင့်ကာ မှင်တက်သွားခဲ့ကြပေတော့သည်။
“ဒါ ဘာတွေလဲ၊ အဲဒီအရာက အမှန်တကယ် ဘာကြီးလဲ။ ဘယ်လိုတောင် အစွမ်းထက်လှတဲ့ အငွေ့အသက်တွေလဲ၊ ဒါက နတ်ဘုရားစေတမန်တွေ အမျက်ထွက်နေတာလား? ပါးစပ်ပိတ်ထားစမ်း! သောက်ကျိုးနည်း၊ ဒီနေရာက အရမ်းကို အန္တရာယ်များလွန်းတယ်!”
……
စစ်မြင်းများမှာ ဟိန်းဟောက်နေကြကာ စီရင်ထုံး ပျက်စီးသွားသည့် ခဏ၌၊ မရေမတွက်နိုင်သော စစ်မြင်းများမှာ အရပ်မျက်နှာအနှံ့သို့ ပြေးလွှားနေကြသဖြင့် မျိုးနွယ်စု စစ်သည်များမှာ ၎င်းတို့အား ထိန်းချုပ်ရန် အစွမ်းကုန် ကြိုးစားနေရပေသည်။ သို့သော်လည်း လူတိုင်းကို အထိတ်လန့်ဆုံး ဖြစ်စေသည်မှာမူ ကက်စပီယန်ပင်လယ်အနားရှိ ထို ထူးခြားလှသော မြင်ကွင်းပင် ဖြစ်ပေတော့သည်။
“ဒါက နေရာကူးပြောင်းခြင်းဂိတ် ပေါ့ ဟုတ်လား” ဤခဏ၌ ဝမ်ချောင်သည်လည်း အပြောင်းအလဲများကို ခံစားသိရှိလိုက်ရသော်လည်း၊ ၎င်းမှာ ကောင်းကင်ယံမှ လှိုင်းတံပိုးများကြောင့် မဟုတ်ဘဲ၊ ညဉ့်အမှောင်ထုအတွင်း၌ အဆက်မပြတ် လက်နေလျက် များစွာခန့်ညားထည်ဝါကာ လျှို့ဝှက်ဆန်းကြယ်လှသော ထိုဧရာမနေရာကူးပြောင်းခြင်းဂိတ်ကြောင့်ပင် ဖြစ်ပေသည်။ ဤနေရာကူးပြောင်းခြင်းဂိတ်များသည် အခြားကမ္ဘာမှ ကျူးကျော်သူများနှင့် တိုက်ရိုက်ဆက်နွယ်နေသည်ဟု ကြားဖူးခဲ့သော်လည်း၊ ပြန်လည်မွေးဖွားလာပြီးနောက်ပိုင်းတွင်မူ ဝမ်ချောင်အနေဖြင့် ဤသည်ကို ပထမဆုံးအကြိမ် အမှန်တကယ် မြင်တွေ့ရခြင်း ဖြစ်ပေသည်။
နေရာကူးပြောင်းခြင်းဂိတ်မှာ ဝမ်ချောင် ထင်မှတ်ထားသည်ထက် များစွာပိုမိုကြီးမားလှပေသည်။ ဘေးတစ်ဖက်စီမှ တိုင်ကြီးများပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်လှသော ပုံရိပ်များ၊ ကမ္ပည်းစာလုံးများနှင့် အမှတ်အသားများမှာ လူကို များစွာ ထူးဆန်းသော ခံစားချက်ကို ပေးစွမ်းနေပေသည်၊ ၎င်းတို့မှာ သာမန် ပန်းချီကားချပ်များ မဟုတ်ဘဲ မြေကမ္ဘာနှင့် ကောင်းကင်ယံ၏ စည်းမျဉ်းများ စိမ့်ဝင်နေသည့် ထူးခြားသော အာရုံများကို ပေးစွမ်းနေခြင်း ဖြစ်၏။ သို့သော်လည်း ဝမ်ချောင်ကို အံ့အားအသင့်ဆုံး ဖြစ်စေသည်မှာမူ ဤဧရာမ နေရာကူးပြောင်းခြင်းဂိတ်အတွင်း၌ ကိန်းအောင်းနေသော စွမ်းအားများပင် ဖြစ်ပေသည်။
“ဘယ်လိုတောင် အစွမ်းထက်လှတဲ့ စွမ်းအားတွေလဲ……” ဝမ်ချောင်က စိတ်ထဲမှ တိုးညှင်းစွာ ရေရွတ်လိုက်မိပေသည်။ သူသည် ဤဧရာမ နေရာကူးပြောင်းခြင်းဂိတ်အတွင်း၌ ဟိန်းဟောက် လှုပ်ခတ်နေကာ လူကို ကြောက်ရွံ့တုန်လှုပ်စေမည့် စွမ်းအားများကို ခံစားသိရှိနေရပေသည်။
သိမ်ငယ်လှပေသည်။ များစွာ သိမ်ငယ်လှပေသည်။ ဝမ်ချောင်၏ ပထမရှန်ထိုက်မှာ မြေကမ္ဘာနှင့် ကောင်းကင်ယံမှ မွေးဖွားလာခြင်းဖြစ်ကာ နှစ်ပေါင်း ထောင်ချီ၊ သောင်းချီအောင် စုဆောင်းထားသော စွမ်းအားများ ရှိနေသော်လည်း ထိုဧရာမ နေရာကူးပြောင်းခြင်းဂိတ်၏ ရှေ့မှောက်၌မူ သမုဒ္ဒရာထဲမှ ရေတစ်စက်အလား များစွာ သိမ်ငယ်နေသည်ဟု ခံစားလိုက်ရပေသည်။ ဝမ်ချောင်၏ စိတ်ဝိညာဉ်စွမ်းအားမှာ အခြားသူများထက် များစွာ ကြီးမားလှသဖြင့် ခံစားချက်မှာလည်း ပို၍နက်နဲလှပေသည်။ ထိုဧရာမ နေရာကူးပြောင်းခြင်းဂိတ်အတွင်း၌ ကိန်းအောင်းနေသော စွမ်းအားများသည် အဝေးမှ လှမ်းကြည့်ရုံမျှဖြင့်ပင် ၎င်းဆီမှ ထွက်ပေါ်နေသော သေခြင်းတရား အငွေ့အသက်များမှာ လူ၏ ဝိညာဉ်အနက်ရှိုင်းဆုံးအထိ တုန်လှုပ်ခြောက်ခြားသွားစေရန် လုံလောက်လှပေသည်။
ဤမျှသာမကဘဲ ဝမ်ချောင်သည် သေသေချာချာ အကဲခတ်ကြည့်ရှုလိုက်ရာ သူသည် မူလက အခွင့်အရေးတစ်ခု ရှာတွေ့နိုင်ပါက ဤနေရာကူးပြောင်းခြင်းဂိတ်ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း အမှန်တကယ် မြင်တွေ့လိုက်ရသည့် အခါတွင်မူ ဝမ်ချောင်သည် မည်သူတစ်ဦးတစ်ယောက်မျှ ကာကွယ်ခြင်း မရှိသည့်တိုင်အောင် ဤဧရာမ နေရာကူးပြောင်းခြင်းဂိတ်ကို ဖျက်ဆီးပစ်ရန်မှာ လုံးဝမလွယ်ကူကြောင်း ချက်ချင်းပင် သိရှိသွားခဲ့ပေသည်။
အချိန်နှင့် ဟင်းလင်းပြင် စွမ်းအား….ထိုခဏ၌ ဝမ်ချောင်၏ ဦးနှောက်ထဲ၌ အတွေးတစ်ခု လျှပ်ခနဲ ဖြတ်ပြေးသွားခဲ့၏။ ညဉ့်အမှောင်ထုမှာ နက်ရှိုင်းနေကာ အခြားသူများမှာမူ ဧရာမတံခါးကြီးတစ်ခုကိုသာ မြင်တွေ့နေရသော်လည်း ဝမ်ချောင် မြင်တွေ့ရသည်မှာမူ ထိုဧရာမ နေရာကူးပြောင်းခြင်းဂိတ်၏ ပတ်ဝန်းကျင်၌ ပေါ်ထွက်နေသော ထပ်ဆင့် ပုံရိပ်ယောင်များနှင့် ပြင်းထန်လှသော အချိန်နှင့် ဟင်းလင်းပြင် လှုပ်ခတ်မှုများပင် ဖြစ်ပေသည်။ ဤဧရာမနေရာကူးပြောင်းခြင်းဂိတ်မှာ ကက်စပီယန်ပင်လယ်အနား၌ ရိုးရိုးရှင်းရှင်း တည်ဆောက်ထားခြင်း မဟုတ်ဘဲ၊ အချိန်နှင့် ဟင်းလင်းပြင်အတွင်း၌ တည်ရှိနေခြင်းဖြစ်ကာ လူသားကမ္ဘာနှင့် အချိန်နှင့် ဟင်းလင်းပြင် အနက်ရှိုင်းဆုံးရှိ အခြားသော လျှို့ဝှက်ဆန်းကြယ်သည့် ကမ္ဘာတစ်ခုကြား အလယ်ဗဟို၌ တည်ရှိနေခြင်း ဖြစ်ပေသည်။ ကက်စပီယန်ပင်လယ်အတွင်းမှ ရေများမှာလည်း ဤအချိန်နှင့် ဟင်းလင်းပြင် စွမ်းအားများကြောင့် လှုပ်ခတ်သွားခဲ့ကာ ကောင်းကင်အမြင့်သို့ ရောက်ရှိသွားခဲ့ပြီးနောက် ဧရာမနေရာကူးပြောင်းခြင်းဂိတ်၏ အပေါ်ဘက်၌ ဟိန်းဟောက်လှုပ်ခတ်နေသော ကောင်းကင်ယံ ပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်ပေသည်။
ဤခဏ၌ အတွေးပေါင်းများစွာမှာ ဝမ်ချောင်၏ ဦးနှောက်အတွင်း၌ ဖြတ်ပြေးသွားခဲ့ကာ သူသည် ဤတစ်ခေါက် စစ်ဆင်ရေး အစီအစဉ်ကို ပြန်လည်၍ အသစ်တစ်ဖန် ပြောင်းလဲရတော့မည်ဖြစ်ကြောင်း ချက်ချင်းပင် သိရှိသွားခဲ့ပေသည်။
“ဝုန်းးးး”
ထိုအချိန်မှာပင် ဝမ်ချောင်၏ အာရုံခံစားမှုအတွင်း၌၊ ဧရာမ နေရာကူးပြောင်းခြင်းဂိတ်၏ မြေအောက်အနက်ရှိုင်းဆုံးမှနေ၍၊ ပြင်းထန်လှသော အရှိန်အဝါတစ်ခုမှာ ရုတ်တရက် ပေါ်ထွက်လာခဲ့ကာ ရှည်လျားလှသော နှစ်ခြိုက်စွာ အိပ်မက်အတွင်းမှ နိုးထလာသည့်အလား၊ သိသိသာသာပင် ပြောင်းလဲလာခဲ့ပြီး တိုတောင်းလှသော အချိန်အတွင်းမှာပင် များစွာကြီးမားလှသော အဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့ကာ ဆက်တိုက်ဆိုသလိုလည်း မြင့်တက်နေဆဲ ဖြစ်ပေသည်။
“ဒုတ်! ဒုတ်!”
ဤခဏ၌ ဝမ်ချောင်၏ နှလုံးသားမှာ တစ်စုံတစ်ရာ၏ လှုံ့ဆော်မှုကို ခံလိုက်ရသည့်အလား၊ နှလုံးခုန်သံများမှာ မြန်ဆန်လာခဲ့သလို တစ်ချိန်တည်းမှာပင် ပြင်းထန်လှသော အန္တရာယ် အငွေ့အသက်များမှာ လှိုင်းတံပိုးကြီးများအလား ကက်စပီယန်ပင်လယ် အရပ်ဆီမှနေ၍ ဟိန်းထွက်လာခဲ့ပေတော့သည်။
ထိုက်ချန်း… သူသည် ထိုသူအား တစ်ခါမျှ မမြင်ဖူးသော်လည်း ဝမ်ချောင်သည် ထိုသူမှာ မည်သူဖြစ်ကြောင်း ချက်ချင်းပင် နားလည်သွားခဲ့ပေသည်။ ထိုသူ၏ကိုယ်ပေါ်၌မူ ထိုက်ရှီနှင့် တူညီသော မူလအငွေ့အသက်များ ပါဝင်နေပေတော့သည်။