← Chapters

အခန်း (၂၀၇၂-၂၀၇၄)

Vol. 128 Ch. 2072-2074

အခန်း (၂၀၇၂-၂၀၇၄)

Vol. 128 Ch. 2072-2074

အခန်း (၂၀၇၂) ရေအရာရှိ၏ သေဆုံးခြင်း

အစီအရင်ပျက်စီးသွားခြင်းက ဧရာမ နေရာကူးပြောင်းခြင်းဂိတ်ကို အစွမ်းကုန် တည်ဆောက်နေတဲ့ ဝတ်စုံမည်းဝတ်လူ ခေါင်းဆောင်ကိုလည်း သေချာပေါက် သတိထားမိသွားစေခဲ့ပေတယ်။

“သေချင်နေတာပဲ”

တစ်ချိန်တည်းမှာပင် ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး ဝမ်ချောင်၏ နောက်ကွယ်တွင် အငွေ့အသက်များ လှုပ်ခတ်သွားကာ ဒေါသထွက်နေသည့် ကောင်းကင်အရာရှိသည် နန်းဆောင်အပြင်ဘက်ကနေ ပြေးဝင်လာခဲ့သည်။

သူက ဟင်းလင်းပြင်ထဲမှာရှိနေတုန်း သူ့ရဲဘယ်ဘက်လက်နဲ့ လှမ်းပြီး ဖမ်းဆုပ်လိုက်ရာ နန်းဆောင်တစ်ခုလုံးရဲ့ အငွေ့အသက်တွေက ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပဲ ဝမ်ချောင်ဟာ သူ့ပတ်ဝန်းကျင်က ပုံသဏ္ဌာန်မရှိတဲ့ လေထုတွေဟာ သံမဏိလို မာကျောသွားကာ အခိုင်မာဆုံး မြေပြင်အဖြစ် ပြောင်းလဲသွားပြီး သူ့ကို နန်းဆောင်အတွင်းမှာ ပိတ်မိအောင် ချုပ်နှောင်လိုက်တာကို ခံစားလိုက်ရပေတယ်။

“ကြယ်တစ်သောင်း ကောင်းကင်ယံမှ ကြွေကျခြင်း”

ဝမ်ချောင်ကို ထိန်းချုပ်လိုက်နိုင်တဲ့ ခဏမှာပင် ကောင်းကင်အရာရှိသည် သူ၏တစ်ကိုယ်လုံးရှိ ဂန်ချီတွေကို စုစည်းပြီး လက်သီးတစ်ချက်ကို အနက်ရောင် ရွှေရောင် နန်းဆောင်ကြီးအတွင်းက ဝမ်ချောင်ဆီကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်။

တဝုန်းဝုန်းလှိုင်းသံတွေနဲ့အတူ မိုးကြိုးသံများ ဆက်တိုက်ထွက်ပေါ်လာခဲ့ကာ လက်သီးချက် ထွက်ပေါ်လာသည့်ခဏ၌ ကောင်းကင်အရာရှိ၏ နောက်ကွယ်တွင် အလင်းရောင်များ လက်သွားခဲ့ပြီး ကြယ်တာရာပေါင်း တစ်သောင်းမှာ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ ထိုကြယ်တာရာများ၏ နောက်ကွယ်တွင်မူ ဟင်းလင်းပြင် ပုံရိပ်ယောင်များစွာနှင့်အတူ စကြဝဠာကြီး၏ မြင်ကွင်းများပါ ပေါ်ထွက်လာခဲ့ပေသည်။

“ဝုန်း!”

မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုကောင်းကင်ပြည့်နှက်နေသော ကြယ်တာရာ စွမ်းအားများ၊ စကြဝဠာ အနန္တစွမ်းအားများနှင့် ကောင်းကင်အရာရှိ၏ကိုယ်အတွင်းမှ ပြင်းထန်လှသော ဂန်ချီများမှာ အနီ၊ အဝါ၊ အဖြူ အရောင်သုံးမျိုးရှိသော ဂန်ချီ လှိုင်းလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ကာ မိုးကြိုးအလား ပြင်းထန်လှသော အရှိန်အဟုန်ဖြင့် ဝမ်ချောင်ဆီသို့ တိုက်ရိုက် ကျရောက်သွားခဲ့ပေတော့သည်။

ဤတိုက်ကွက်၏ စွမ်းအားမှာ များစွာကြီးမားလှသည့်အပြင် အရှိန်အဝါမှာလည်း ခန့်ညားထည်ဝါလှပေရာ ဖျက်ဆီးနိုင်စွမ်းနှင့် တိုက်ခိုက်ရေးစွမ်းရည်မှာ မြေအောက်အရာရှိထက်ပင် များစွာ သာလွန်နေပေပြီ။

မြေအောက်အရာရှိနှင့် မတူညီသည်မှာ ကောင်းကင်အရာရှိသည် စကြဝဠာ ဟင်းလင်းပြင်ကို ထိန်းချုပ်နိုင်ခြင်းပင် ဖြစ်ပေသည်၊ အကယ်၍ မြေအောက်အရာရှိသည် အဆုံးမရှိသော မြေကမ္ဘာမှ စွမ်းအားများကို ရယူနိုင်သည်ဆိုပါက ကောင်းကင်အရာရှိသည် မရေမတွက်နိုင်သော အချိန်နှင့် ဟင်းလင်းပြင်များဆီမှ အပိုစွမ်းအားများကို ရရှိနိုင်ပေသည်။ ထို့ပြင် ထိုစွမ်းအားများမှာလည်း ပိုမို၍ အစွမ်းထက်လှပေသည်။

ဤသည်မှာလည်း ကောင်းကင်အရာရှိသည် အရာရှိ သုံးဦးအနက် ပထမနေရာတွင် ရှိနေရသည့် အကြောင်းရင်းပင် ဖြစ်ပေသည်။

“တကယ်ကို အစွမ်းထက်တာပဲ!”

ကောင်းကင်အရာရှိထုတ်ဖော်ပြသလိုက်သော ဤတိုက်ကွက်ကို မြင်တွေ့လိုက်ရသည့်အခါ ဝမ်ချောင်၏ မျက်ဝန်းအတွင်း၌ အံ့အားသင့်မှု အရိပ်အယောင် အနည်းငယ် ထွက်ပေါ်လာခဲ့ပေသည်။

သူသည် အနက်ရောင် ရွှေရောင် နန်းဆောင်ကြီးအတွင်းသို့ ချက်ချင်း ဝင်ရောက်ခြင်း မရှိဘဲ အချိန်ဆွဲနေခဲ့ခြင်းမှာ အစွမ်းအထက်ဆုံးဖြစ်သော ဤကောင်းကင်အရာရှိကို စိုးရိမ်နေခဲ့သောကြောင့်သာ ဖြစ်ပေသည်။

သိမ်မွေ့နက်နဲသော အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော ပညာရှင်တစ်ဦးဖြစ်သလို စကြဝဠာ အချိန်နှင့် ဟင်းလင်းပြင် အနက်ရှိုင်းဆုံးမှ စွမ်းအားများကို ရယူနိုင်သူဖြစ်ရာ၊ တစ်နည်းအားဖြင့် သူသည် ဂူဗိမာန်နတ်ဘုရားအဆင့်၏ အစောပိုင်းအဆင့်သို့ အတိုင်းအဆမရှိ နီးကပ်နေပြီ ဖြစ်ပေသည်။

ထို့ပြင် သူ၏ အစွမ်းထက်လှသော မူလနတ်ဘုရားစွမ်းအားမှာ အနက်ရောင် ရွှေရောင် နန်းဆောင်ကြီး၏ ကျဉ်းမြောင်းသော ဟင်းလင်းပြင်၊ လေထု၏ ချုပ်နှောင်နိုင်စွမ်းတို့နှင့် ပေါင်းစပ်သွားသည့်အခါ၊ သာမန်အခြေအနေမျိုးတွင်မူ ဝမ်ချောင်မှာ အိုးအတွင်းမှ လိပ်အလား အဖမ်းခံရရုံသာ ရှိတော့ကာ ထွက်ပြေးရန် လမ်းစ လုံးဝမရှိတော့ပေ။

သို့သော်လည်း -

“ဝုန်း!”

ဝမ်ချောင်သည် မြေပြင်ကို ပြင်းထန်စွာ တစ်ချက် နင်းလိုက်ရာ မြေအောက်အထိ တုန်ခါသွားခဲ့ပြီး တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင်ထဲရှိ ကောင်းကင်အရာရှိကို ကြည့်လျက် ထူးဆန်းလှသော အပြုံးတစ်ခုကို ပြသလိုက်ပေသည်။ နောက်တစ်ခဏ၌ အနီ၊ အဝါ၊ အဖြူ အရောင်သုံးမျိုးရှိသော ပျက်သုဉ်းခြင်း လှိုင်းလုံးကြီးမှာ ဝမ်ချောင် မူလရပ်နေသော နေရာပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသော်လည်း ဝမ်ချောင်မှာမူ တစ္ဆေတစ်ကောင်အလား ရုတ်တရက် ခဏချင်းမှာပင် ပျောက်ကွယ်သွားခဲ့ပေတော့သည်။

မြေလျှိုးခြင်း နတ်ဘုရားစွမ်းအား

အကယ်၍ ကောင်းကင်အရာရှိက ဝမ်ချောင်ကို ဟင်းလင်းပြင် အလယ်၌သာ ချုပ်နှောင်ထားနိုင်ခဲ့မည်ဆိုပါက အခွင့်အရေး အနည်းငယ် ရှိနိုင်သော်လည်း၊ ဝမ်ချောင်သည် နန်းဆောင်အတွင်း၌ ရှိနေစဉ် တစ်လျှောက်လုံး သူ၏ ခြေဖဝါးများမှာ မြေပြင်ပေါ်၌သာ ရှိနေခဲ့ခြင်း ဖြစ်ပေသည်။ ဤသည်မှာ မြေလျှိုးခြင်း နတ်ဘုရားစွမ်းအားကို အသုံးပြုရန်အတွက် အကောင်းဆုံးသော အကွာအဝေးဖြစ်ရာ ကောင်းကင်အရာရှိပင်လျှင် သူ့အား တားဆီးနိုင်စွမ်း မရှိတော့ပေ။

ဤမျှသာမက မြေအောက်အရာရှိ၏ စွမ်းဆောင်ရည်အားလုံးကို စုပ်ယူထားပြီးဖြစ်သဖြင့်၊ ဝမ်ချောင်၏ ယခုလက်ရှိ မြေလျှိုးခြင်း အစွမ်းမှာ မြေအောက်အရာရှိထက်ပင် များစွာ ပိုမို၍ အစွမ်းထက်နေပေပြီ။

လှိုင်းသံများ တဝုန်းဝုန်းနှင့်အတူ မြေပြင်ပေါ်၌ ပြင်းထန်လှသော ပေါက်ကွဲသံများမှာ ဆက်တိုက်ထွက်ပေါ်လာခဲ့ပေသည်။ ဝမ်ချောင် ပျောက်ကွယ်သွားပြီးနောက်တွင် ကောင်းကင်အရာရှိ၏ ပြင်းထန်လှသော ထိုတိုက်ကွက်မှာ ဆက်လက်၍ ပေါက်ကွဲနေခဲ့ရာ အနီ၊ အဝါ၊ အဖြူ အရောင်သုံးမျိုးရှိသော ကမ္ဘာပျက်သုဉ်းစေမည့် ဂန်ချီများမှာ ဧရာမ အနက်ရောင် ရွှေရောင် နန်းဆောင်ကြီးကို တိုက်ရိုက်ပြိုကျသွားစေခဲ့ပြီး၊ မရေမတွက်နိုင်သော အပိုင်းအစများမှာ ပေါက်ကွဲသံများနှင့်အတူ ဖုန်မှုန့်လှိုင်းများကြားမှ အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားခဲ့ပေတော့သည်။

အခြားတစ်ဖက်၌မူ ကောင်းကင်အရာရှိသည် တိုက်ကွက် လွဲချော်သွားသဖြင့် သူ၏ ရှေ့မှ အပျက်အစီးများ ဖြစ်သွားသော အနက်ရောင် ရွှေရောင် နန်းဆောင်ကြီးနှင့် ဝမ်ချောင်ပျောက်ကွယ်သွားသော နေရာကို ကြည့်ရှုရင်း သူ၏ မျက်နှာမှာ ချက်ချင်းပင် ပြောင်းလဲသွားခဲ့ရပေသည်။

မြေလျှိုးခြင်း။

ဤခဏ၌ ကောင်းကင်အရာရှိသည် ဝမ်ချောင်အသုံးပြုလိုက်သော အစွမ်းကို ခွဲခြားသိမြင်လိုက်ပေသည်။ ထို့ပြင် ဝမ်ချောင်၏ မြေဓာတ် စွမ်းဆောင်ရည်များမှာ မြေအောက်အရာရှိထက်ပင် ပိုမို အစွမ်းထက်ကာ နက်နဲနေဟန် ရှိပေသည်။

“သောက်ကျိုးနည်း”

ကောင်းကင်အရာရှိ၏ မျက်နှာမှာ စိမ်းပုပ်နေကာ ဝမ်ချောင်က ဘာကြောင့် သူတို့အား နန်းဆောင်အတွင်းမှ ဆွဲထုတ်ရန် နည်းလမ်းမျိုးစုံ အသုံးပြုခဲ့သနည်းဟူသည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့ပေပြီ။

အစီအရင်၏ ချုပ်နှောင်မှုနှင့် ထိန်းချုပ်မှုများ မရှိတော့သည့်နောက်တွင်မူ၊ မြေလျှိုးခြင်း အစွမ်းရှိသော မြေဓာတ် ပညာရှင်တစ်ဦးအတွက် ဤနယ်မြေတစ်ခုလုံးမှာ ရေထဲမှ ငါးတစ်ကောင်အလား လွတ်လပ်သွားခဲ့ခြင်း ဖြစ်ပေသည်။

“မကောင်းတော့ဘူး!”

ရုတ်တရက်ဆိုသလို အတွေးတစ်ခုမှာ ဦးနှောက်ထဲ၌ ဖြတ်ပြေးသွားခဲ့သဖြင့် ကောင်းကင်အရာရှိ၏ စိတ်ထဲ၌ ထိတ်လန့်သွားကာ အပြင်ဘက်ဆီသို့ အလျင်အမြန် ပြေးထွက်သွားခဲ့ပေတော့သည်။

“အား!”

မှောင်မိုက်လှသော ညဉ့်အမှောင်ထုအတွင်း၌ ကောင်းကင်တုန်ဟိန်းစေသော ပေါက်ကွဲသံကြီးနှင့်အတူ စူးရှလှသော အော်ဟစ်သံတစ်ခုမှာ အဝေးဆီမှ ထွက်ပေါ်လာခဲ့ကာ တိုတောင်းလှသော အချိန်အတွင်းမှာပင် ရုတ်တရက် ငြိမ်သက်သွားခဲ့ပေသည်။

၎င်းမှာ ရေအရာရှိ၏ အသံပင် ဖြစ်ပေသည်!

ဤခဏ၌ ကောင်းကင်အရာရှိ၏ စိတ်ထဲတွင် တုန်လှုပ်သွားကာ မျက်နှာမှာလည်း ဖြူလျော့သွားခဲ့ရပြီး သူ၏ နှလုံးသားမှာ ရေအောက်ခြေသို့ နစ်မြုပ်သွားသကဲ့သို့ပင် ရှိနေပေသည်။

“အား!”

ဒေါသတကြီး ဟိန်းဟောက်လိုက်ကာ ကောင်းကင်အရာရှိ၏ အရှိန်မှာ အဆပေါင်းများစွာ မြန်ဆန်လာခဲ့ပြီး အဝေးဆီသို့ ပြေးထွက်သွားခဲ့ပေသည်။

ဗလာကျင်းနေသော စခန်း၏ အပြင်ဘက်၌ ကောင်းကင်အရာရှိသည် နောက်ဆုံးတွင် တိုက်ပွဲဖြစ်ပွားရာ နေရာကို မြင်တွေ့လိုက်ရပေသည်။

မရေမတွက်နိုင်သော အလောင်းများမှာ ကျယ်ပြောလှသော မြေပြင်ပေါ်၌ ပြန့်ကျဲနေကြပေသည်။ ထိုအထဲတွင် လှည့်လည်သွားလာနေသော လူမျိုးစု မြင်းစီးစစ်သည်များ၏ အလောင်းများရော၊ များပြားလှသော ဝတ်စုံမည်းဝတ်လူများ၏ အလောင်းများပါ ပါဝင်နေပေသည်။ မြေပြင်ပေါ်၌လည်း တိုက်ပွဲ၏ အစွန်းအစများမှာ နေရာအနှံ့ ရှိနေပေသည်။

ဟင်းလင်းပြင် အမြင့်ပိုင်း၌မူ အနီရောင် နန်းတွင်းအရာရှိ ဦးထုပ်တစ်ခုမှာ လွင့်ကျနေကာ ရေအရာရှိ၏ အလောင်းမှာလည်း သစ်တုံးတစ်တုံးအလား အောက်သို့ လွင့်ကျလာခဲ့ပြီး ဝုန်းခနဲ မြည်ဟည်းလျက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့ပေတော့သည်။

သူ၏ ပတ်ဝန်းကျင်၌မူ ရွှေရောင်နှင့် နီရဲသော ပုံရိပ်နှစ်ခုမှာ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့ကြပေသည်။

“သတ်ကြစမ်း”

ရေအရာရှိ၏ အလောင်းကို မြင်တွေ့လိုက်ရသည့်အခါ ကောင်းကင်အရာရှိ၏ မျက်ဝန်းများမှာ သွေးအလား နီမြန်းသွားခဲ့ရကာ ခဏချင်းမှာပင် သူ၏ တစ်ကိုယ်လုံးရှိ အရှိန်အဝါများမှာလည်း ပြင်းထန်စွာ မြင့်တက်လာခဲ့ပေသည်။

“စကြဝဠာ တစ်သောင်း ပေါက်ကွဲခြင်း”

ကောင်းကင်အရာရှိ၏ နောက်ကွယ်ရှိ ဟင်းလင်းပြင်မှာ ရုတ်တရက် မှောင်မိုက်သွားခဲ့ကာ ခဏချင်းမှာပင် အထပ်ထပ်သော ပုံရိပ်ယောင်များမှာ မရေမတွက်နိုင်အောင် ပေါ်ထွက်လာခဲ့ပေသည်၊ ထိုကြယ်တာရာ အထပ်ပေါင်း တစ်သောင်း ပေါ်ထွက်လာသည့် ခဏ၌ အနီ၊ အဝါ၊ အဖြူ အရောင်သုံးမျိုးရှိသော ဂန်ချီလှိုင်းလုံးကြီးများမှာ တောင်ပြိုကဲ့သို့ပင် များစွာပြင်းထန်လှသော အရှိန်အဟုန်ဖြင့် ဒုတိယရှန်ထိုက်နှင့် တတိယရှန်ထိုက်တို့ဆီသို့ တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ပေတော့သည်။

“သွားစို့”

မြေအောက်အနက်ရှိုင်းဆုံးမှနေ၍ ဝမ်ချောင်၏ ပထမရှန်ထိုက်သည် လက်ချောင်းများကို ဖြန့်ကျက်လိုက်ရာ ပတ်ဝန်းကျင် ပေပေါင်း ရာနှင့်ချီသော နေရာအတွင်းရှိ မာကျောလှသော မြေပြင်မှာ ချက်ချင်းပင် ရေစီးကြောင်းအလား လှုပ်ခတ်သွားခဲ့ပေသည်။

ဒုတိယရှန်ထိုက်နှင့် တတိယရှန်ထိုက်တို့သည်လည်း ရေအရာရှိကို သတ်ဖြတ်ပြီးနောက်တွင် ကောင်းကင်အရာရှိနှင့် ဆက်လက် တိုက်ခိုက်ခြင်း မပြုတော့ဘဲ၊ မြေကမ္ဘာအတွင်းသို့ တိုက်ရိုက် လျှိုးဝင်သွားခဲ့ကြပေသည်။

တတိယရှန်ထိုက်သည် နောက်ဆုံးအခိုက်အတန့်၌ပင် သူ၏လက်ဖြင့် ရေအရာရှိ၏ အလောင်းကိုပါ လှမ်းပြီးဆွဲယူလိုက်ကာ မြေအောက်သို့ ဆွဲချလျက် အတူတူ ခေါ်ဆောင်သွားခဲ့ပေသည်။

အရာရှိ သုံးဦးအနက် ရေအရာရှိ၏အစွမ်းမှာ အားအနည်းဆုံးဖြစ်ကာ ကောင်းကင်အရာရှိ၏ အစွမ်းမှာမူ အကြီးမားဆုံး ဖြစ်ပေသည်။ ကောင်းကင်အရာရှိကို သတ်ဖြတ်ရန်မှာ ရေအရာရှိနှင့် မြေအောက်အရာရှိတို့ကဲ့သို့ လွယ်ကူလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ဝမ်ချောင်အား တိုက်ပွဲကို ရှောင်ရှားစေခဲ့သည်မှာ ထိုအချက်ကြောင့် မဟုတ်ဘဲ

“လူယုတ်မာ ဘယ်ကို ပြေးချင်တာလဲ”

လျှပ်စီးလက်သည့်အလား တိုတောင်းလှသော အချိန်အတွင်းမှာပင် ရှန်ထိုက် သုံးခုလုံး မြေအောက်သို့ လျှိုးဝင်သွားသည့် ခဏ၌ အလွန်အမင်း ဒေါသထွက်နေသော အသံတစ်ခုမှာ လူသုံးဦး၏ နားဘေး၌ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့ပေသည်။

ထိုအသံမှာ အစပိုင်း၌ သဲ့သဲ့မျှသာ ဖြစ်သော်လည်း မျက်တောင်တစ်ခတ်အတွင်းမှာပင် မိုးကြိုးထက်ပင် ပို၍ဟိန်းထွက်လာခဲ့ကာ ရှန်ထိုက် သုံးခုလုံး၏ မူလအငွေ့အသက်များကိုပင် တုန်လှုပ်သွားစေခဲ့ပြီး မြေလျှိုးခြင်း အစွမ်းကိုပင် အတိုင်းအတာတစ်ခုအထိ အနှောင့်အယှက် ဖြစ်ပေါ်စေခဲ့ပေသည်။

ထိုက်ချန်း။

လျှပ်စီးလက်သည့်အလား ဦးနှောက်ထဲ၌ အတွေးတစ်ခု ဖြတ်ပြေးသွားခဲ့သဖြင့် ဝမ်ချောင်၏ အမူအရာမှာလည်း ချက်ချင်းပင် လေးနက်တည်ငြိမ်သွားခဲ့ရပေသည်။

မြေအောက်အရာရှိနှင့် ရေအရာရှိတို့ကို သတ်ဖြတ်ပြီးနောက်တွင်မူ၊ နေရာကူးပြောင်းခြင်းဂိတ် ၌ တပ်စွဲထားသော ဤထိုက်မျိုးဆက် ပညာရှင်သည် နောက်ဆုံးတွင် အမျက်ထွက်လာခဲ့ပြီ ဖြစ်ပေသည်။

ဝမ်ချောင်သည် ထိုသူနှင့် ထိုက်ရှီတို့အနက် မည်သူက ပိုမို အစွမ်းထက်သလဲဟူသည်ကို လောလောဆယ် မသိရှိသော်လည်း၊ စိတ်ဝိညာဉ်စွမ်းအား တစ်ခုတည်းကိုသာ ကြည့်မည်ဆိုပါက ထိုက်ချန်းသည် ထိုက်ရှီထက်ပင် ပိုမိုအစွမ်းထက်နေခြင်းမှာ ထင်ရှားလှပေသည်။

ကျင့်စဉ်အဆင့်မှာ ဤမျှအထိ ရောက်ရှိလာပါက စိတ်ဝိညာဉ်စွမ်းအားမှာ ပမာဏမှ အရည်အသွေးသို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ကာ ပုံရိပ်ယောင်မှ အစစ်အမှန်သို့ ပြောင်းလဲလျက် အမှန်တကယ် တိုက်ခိုက်မှုများထက် မနိမ့်ပါးသော စွမ်းဆောင်ရည်များကို ပိုင်ဆိုင်ထားကြပြီ ဖြစ်ပေသည်။

“သွားစို့!”

ဝမ်ချောင်သည်လည်း အမူအရာ အနည်းငယ် ပြောင်းလဲသွားကာ အချိန်ဆွဲရန် မဝံ့တော့ပေ။ သူသည် သူ၏ ကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ပြီး ပထမရှန်ထိုက်၏ မူလနတ်ဘုရားစွမ်းအားကို အစွမ်းကုန် အသုံးပြုလိုက်ရာ၊ ထိုမြေညိုရောင် အလင်းတန်းများသည် ဒုတိယ၊ တတိယရှန်ထိုက်များနှင့် ရေအရာရှိ၏ အလောင်းကိုပါ မြဲမြံစွာ ဖုံးလွှမ်းလျက် အဝေးသို့ လျင်မြန်စွာ ထွက်ပြေးခဲ့ပေတော့သည်။

ဝတ်စုံမည်းဝတ်လူ အဖွဲ့အစည်းအတွင်း၌ ထိုက်မျိုးဆက် ပညာရှင်များမှာ သိုင်းပညာလမ်းစဉ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေကြသူများ ဖြစ်ကြသည်။ သူတို့၏ တည်ရှိမှုမှာ သမိုင်းကြောင်းများကိုပင် ကျော်လွန်နေခဲ့ပြီဖြစ်ရာ အတိတ်ကာလများကို ပြန်လည်ကြည့်ရှုမည်ဆိုပါကလည်း သူတို့ကဲ့သို့သော အဆင့်အတန်းရှိသည့် ပညာရှင်များမှာ အလွန်ပင် နည်းပါးလှကာ မရှိသလောက်ပင် ဖြစ်ပေသည်။

အမှန်တကယ်တော့ သာမန် သိုင်းပညာရှင်များ၏ အမြင်၌မူ သူတို့သည် သာမန်လူသားများ မတွေးဝံ့လောက်သော နတ်ဘုရားစွမ်းအားများကို ပိုင်ဆိုင်ထားကြသဖြင့် နတ်ဘုရားများနှင့် အမှန်တကယ်ပင် ဆင်တူလှပေသည်!

အကယ်၍သာ ထိုက်ချန်းလိုက်လံ မှီသွားခဲ့မည်ဆိုပါက တိုက်ပွဲ၏ရလဒ်မှာ လုံးဝပြောင်းလဲသွားပေလိမ့်မည်။ ထိုအချိန်ကျမှ ဝမ်ချောင်၏ ရှန်ထိုက် သုံးခုလုံးမှာ များစွာ ထိခိုက်သေဆုံးမှုများ ကြုံတွေ့ရပေလိမ့်မည်။

ဂူကောင်းကင်အဆင့်သို့ မတက်လှမ်းနိုင်သေးမီတွင်မူ၊ ဝမ်ချောင်အနေဖြင့် ရှန်ထိုက် သုံးခုလုံးကို လုံးဝ အန္တရာယ် မပေးလိုပေ။

“ဝုန်း! ဝုန်း! ဝုန်း!”

ပြင်းထန်လှသော စိတ်ဝိညာဉ် ဖိအားများမှာ ရှန်ထိုက် သုံးခုလုံး၏ အကြား၌ အဆက်မပြတ် ပေါက်ကွဲထွက်ပေါ်နေပေသည်။ ၎င်းမှာ သန့်စင်လှသော စိတ်ဝိညာဉ်စွမ်းအား တိုက်ခိုက်မှုမျိုး မဟုတ်ဘဲ၊ သိုင်းပညာရှင်တို့၏ စိတ်ဆန္ဒနှင့် ဖိအားများအပြင် အခြားသော ထူးခြားလှသည့် အရာများလည်း ပါဝင်နေပေသည်။

ဝမ်ချောင်၏ မူလကိုယ်ထည်မှာ မြို့တော်အတွင်း၌သာ ရှိနေသေးပေသည်။ ရှန်ထိုက် သုံးခု၏ စိတ်စွမ်းအားမှာ အစွမ်းထက်လှသော်လည်း မူလကိုယ်ထည်နှင့်မူ နှိုင်းယှဉ်၍ မရနိုင်သေးရာ ထိုက်ချန်း၏ ဤကဲ့သို့သော တိုက်ခိုက်မှု ပုံစက်မှာ ဝမ်ချောင်၏ အားနည်းချက်ကို တိုက်ရိုက် ရိုက်ခတ်နေခြင်းပင် ဖြစ်ပေသည်။

“ဝုန်းးးး”

လမ်းခရီးတစ်လျှောက် လျှပ်စစ်တန်းတစ်ခုအလား အစွမ်းကုန် ထွက်ပြေးခဲ့ရာ၊ ဆယ်မိုင်ခန့် ခရီးနှင်ပြီးနောက်တွင်မူ မမြင်နိုင်သော တံတိုင်းတစ်ခုမှ ထွက်ပြေးလွတ်မြောက်သွားခဲ့သည့်အလား၊ နောက်ကွယ်မှ အရိပ်အယောင်တစ်ခုသဖွယ် လိုက်ပါနေသော စိတ်ဝိညာဉ် တိုက်ခိုက်မှုများမှာ နောက်ဆုံးတွင် လုံးဝကွယ်ပျောက်သွားခဲ့ပေတော့သည်။

“ဒီလူက တကယ်ကို ကြောက်စရာ ကောင်းတာပဲ”

အလင်းရောင် တစ်ချက် လက်သွားကာ ဝမ်ချောင်သည် အခြားသော ရှန်ထိုက် နှစ်ခုနှင့်အတူ နောက်ဆုံးတွင် မြေအောက်မှ ပြန်လည်ထွက်ပေါ်လာခဲ့ပေသည်။ အသက်ရှူပင် ကျပ်စေလောက်သော ထိုဖိအားများမှ လွတ်မြောက်သွားခဲ့သဖြင့် ဝမ်ချောင်သည် သက်ပြင်းတစ်ချက်ကို ရှည်လျားစွာ ချလိုက်မိပြီး တစ်ကိုယ်လုံး သိသိသာသာပင် စိတ်လက်ပေါ့ပါးသွားခဲ့ရပေသည်။

ဝမ်ချောင်အနေဖြင့် ရှန်ထိုက် သုံးခု၏ စွမ်းအားများကို သန့်စင်လိုက်ခြင်းမှာ သူ၏မူလဝိညာဉ်အတွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။ မူလကိုယ်ထည်ကို မယှဉ်နိုင်သော်လည်း ရှန်ထိုက် တစ်ခုချင်းစီတိုင်းမှာမူ နက်နဲသော အဆင့်သို့ ရောက်ရှိနေကြပေပြီ။

ထို့ပြင် ရှေးဦးရှန်ထိုက် သုံးခုလုံးမှာ ထူးခြားလှသော ပါရမီများ ရှိကြသလို၊ တစ်ခါ သန့်စင်ပြီးနောက်တွင်မူ တစ်သားတည်း ဖြစ်သွားခဲ့ကြကာ ခိုင်မာလွန်းလှသဖြင့် မည်သည့် ဟာကွက်မျှ မရှိတော့ပေ။

ဤကဲ့သို့သော အခြေအနေမျိုးတွင်ပင် ထိုက်ချန်း၏ အဝေးမှ တိုက်ခိုက်မှုမှာ ဝမ်ချောင်၏ ဝိညာဉ်ကိုပင် ပျက်စီးလုနီးပါး တုန်လှုပ်သွားစေခဲ့ရာ သူ၏အစွမ်းမှာ မည်မျှအထိ ပြင်းထန်မည်နည်းဟူသည်မှာ ခန့်မှန်းကြည့်ရုံဖြင့် သိနိုင်ပေသည်။

“နေရာကူးပြောင်းခြင်းဂိတ် ကိစ္စကိုတော့ သေသေချာချာ ပြန်ပြီး စဉ်းစားရတော့မယ်” ဝမ်ချောင်က စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်ရင်း မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်မိပေသည်။

ဧရာမ နေရာကူးပြောင်းခြင်းဂိတ်တွင် ထိုက်ချန်းကိုယ်တိုင် မြေအောက်မှနေ၍ ကာကွယ်စောင့်ရှောက်နေသည်ဖြစ်ရာ ၎င်းအား ဖျက်ဆီးရန်မှာ လုံးဝ မရိုးရှင်းလှပေ။

“သေသင့်တဲ့ကောင်တွေ အကယ်၍ ငါကိုယ်တော်အနေနဲ့ အစီအရင်ကို ထိန်းနေရပြီး နေရာကူးပြောင်းခြင်းဂိတ်ကို တည်ဆောက်နေရတာသာ မဟုတ်ရင် မင်းတို့ကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် သတ်ပြီး မြေမှုန့်ဖြစ်အောင် ချေမှုန်းပစ်မယ်!”

တစ်ချိန်တည်းမှာပင် ကက်စပီယန်ပင်လယ်အနား၌ ပုံရိပ်တစ်ခုမှာ ဆံနွယ်များ ဖရိုဖရဲဖြစ်နေလျက် နှင်းကဲ့သို့ ဖြူဖွေးနေပေသည်။ ထိုသူသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏ မျက်ဝန်းအတွင်းမှ အလွန်အမင်း အေးစက်လှသော သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများမှာ ဖြတ်ပြေးသွားခဲ့ပေသည်။

“ဝုန်းးးး”

ထိုက်ချန်း ဒေါသထွက်နေစဉ်မှာပင် ရုတ်တရက်ဆိုသလို အချိန်နှင့် ဟင်းလင်းပြင် အနက်ရှိုင်းဆုံးမှနေ၍ ပြင်းထန်လှသော လှုပ်ခတ်မှုတစ်ခု ထွက်ပေါ်လာခဲ့ပေသည်။ သူ၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့ကာ အလျင်အမြန်ပင် စိတ်ကို စုစည်းလိုက်ပြီး တစ်ကိုယ်လုံးရှိ အင်အားအားလုံးကို အစီအရင်တစ်ခုအတွင်းသို့ စုစည်း ထည့်သွင်းလိုက်ပေတော့သည်။

ဧရာမ နေရာကူးပြောင်းခြင်းဂိတ်မှာ များစွာအရေးပါလှသဖြင့် လုံးဝအမှားအယွင်းရှိ၍ မဖြစ်ပေ။ အရာရှိ သုံးဦးလုံး အသတ်ခံရသည့်တိုင်အောင် ထျန်း၏ လူသားကမ္ဘာ “မြေစင်္ကြံ” အစီအစဉ်ကိုမူ မထိခိုက်စေရပေ။

ဖရိုဖရဲ ဖြစ်နေသော ကက်စပီယန်ပင်လယ်အနားနှင့် နှိုင်းယှဉ်လျှင် ဝမ်ချောင်တို့မှာမူ များစွာ တည်ငြိမ်နေကြပေသည်။

“အရှင် အရှင်လည်း ခံစားမိမှာပါ၊ ထိုက်ချန်းရဲ့ အစွမ်းက အရမ်းကို ကြီးမားလွန်းတာကြောင့်၊ အခုလက်ရှိ ငါတို့ရဲ့ အစွမ်းနဲ့တော့ ဘယ်လိုမှ ရင်ဆိုင်လို့ မရနိုင်ပါဘူး”

ညဉ့်အမှောင်ထုအတွင်း၌ မျက်နှာမဲ့လူက စကားဆိုလိုက်ပေသည်။ သူ၏အသံမှာ အေးစက်နေကာ မည်သည့် လှုပ်ခတ်မှုမျှ မရှိပေ။

“အခုလက်ရှိ အခြေအနေကတော့၊ ငါတို့တွေ အဲဒီနယ်မြေနားကို ချဉ်းကပ်လိုက်တာနဲ့ သူ့ရဲ့ တိုက်ခိုက်မှု နယ်ပယ်ထဲကို ရောက်သွားမှာပဲ၊ ငါတို့တွေ အကုန်လုံး ပေါင်းစပ်လိုက်ရင်တောင် သူ့ရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး”

မျက်နှာမဲ့လူသည် ဆက်လက်၍ မပြောတော့ပေ။ သူသည် ပြီးခဲ့သည့်အကြိမ်က ကြိုးစားခဲ့ဖူးသော်လည်း ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ပေသည်။ ထို့ကြောင့် နေရာကူးပြောင်းခြင်းဂိတ် ကို ဖျက်ဆီးလိုပါက ဝမ်ချောင်အပေါ်၌သာ အမှီပြုရမည် ဖြစ်ပြီး၊ သူသည် ဘေးမှနေ၍သာ ကူညီနိုင်မည် ဖြစ်ပေတော့သည်။

******

အခန်း (၂၀၇၃) စွမ်းအင်ဗဟိုချက်

ဝမ်ချောင်သည် ခေါင်းငုံ့လျက် တိတ်ဆိတ်နေကာ မျက်နှာပေါ်၌ စဉ်းစားဆင်ခြင်နေသော အမူအရာများ ပေါ်လွင်နေပေသည်။

လေထုအတွင်းရှိ အအေးဓာတ်မှာ တဖြည်းဖြည်း ပိုမိုပြင်းထန်လာနေကာ မြေပြင်ပေါ်ရှိ နှင်းခဲများမှာလည်း သိသိသာသာ ပိုမိုထူထဲလာသည်ကို သူ ခံစားသိရှိနိုင်ပေသည်။ ဤသည်မှာ လုံးဝ ကောင်းမွန်သော နိမိတ်လက္ခဏာ မဟုတ်ပေ။

“ငါတို့ နောက်ဆုတ်လို့ မရဘူး၊ အများဆုံး သုံးရက်အတွင်းမှာပဲ နေရာကူးပြောင်းခြင်းဂိတ်က အပြီးသတ် တည်ဆောက်ပြီးသွားတော့မှာ။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့တွေ ဒီအချိန်အတွင်းမှာ အဲဒီ အချိန်နဲ့ ဟင်းလင်းပြင် တံခါးကို အမြစ်ပြတ် ဖျက်ဆီးပစ်ရမယ်”

ဝမ်ချောင်က တွန့်ဆုတ်ခြင်းမရှိဘဲ ပြောဆိုလိုက်ပေသည်။

အရာရှိသုံးဦးအနက် ယခုအခါ ကောင်းကင်အရာရှိတစ်ဦးသာ ကျန်ရှိတော့သည့်အပြင်၊ အစီအရင်မှာလည်း လုံးဝပျက်စီးသွားခဲ့ပြီ ဖြစ်ရာ ထိုက်ချန်းမှလွဲ၍ ဝမ်ချောင်ကို တားဆီးနိုင်မည့်သူ မရှိတော့ပေ။

အရေးအကြီးဆုံးအချက်မှာ ယခုကဲ့သို့သော အခြေအနေမျိုးတွင်ပင် နေရာကူးပြောင်းခြင်းဂိတ် တစ်ခုကိုမျှ မဖျက်ဆီးနိုင်ခဲ့ပါက ဒုတိယ၊ တတိယ၊ စတုတ္ထ စသည်ဖြင့် နောက်ထပ် နေရာကူးပြောင်းခြင်းဂိတ်များစွာ ထပ်မံပေါ်ထွက်လာသည့်အချိန်၌ ဝမ်ချောင်ရင်ဆိုင်ရမည့် အခြေအနေမှာ ပိုမို၍ အကျပ်ရိုက်ကာ ခက်ခဲလာမည် ဖြစ်ပေသည်။

အခြေစိုက်စခန်း ခြောက်ခုသာ တည်ဆောက်ပြီးစီးသွားပါက အိပ်မက်ဆိုးသဖွယ် မြင်းစီးစစ်သည်တော်များ ရောက်ရှိလာမည့် အချိန်ဖြစ်ကာ ကမ္ဘာလောကကြီး တစ်ခုလုံးမှာလည်း နောက်ဆုံးသော ကပ်ဘေးခေတ်အတွင်းသို့ ခြေစုံပစ် ဝင်ရောက်သွားတော့မည် ဖြစ်ပေသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ရှန်ထိုက်သုံးခုလုံးကို စတေးရမယ်ဆိုရင်တောင် ဒီနေရာကူးပြောင်းခြင်းဂိတ် ကိုတော့ သေချာပေါက် ဖျက်ဆီးရမယ်!”

ဝမ်ချောင်သည် လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်လျက် ပြတ်သားစွာ ဆုံးဖြတ်ချက် ချလိုက်ပေသည်။

“ဒါပေမဲ့ ထိုက်ချန်း အဲဒီမှာ ရှိနေသရွေ့တော့ ငါတို့ နေရာကူးပြောင်းခြင်းဂိတ် နားကို ကပ်နိုင်မယ့် အခွင့်အရေး လုံးဝ ရှိမှာမဟုတ်ဘူး။ မဆင်မခြင် ရှေ့တိုးသွားတာက ကိုယ့်ကိုယ်ကိုယ် သေလမ်းရှာတာနဲ့ မခြားပါဘူး”

မျက်နှာမဲ့လူက ဆိုလိုက်ပေသည်။

ဝမ်ချောင်သည် စကားတစ်ခွန်းမျှ မဆိုဘဲ၊ ဖြည်းညှင်းစွာ ခေါင်းမော့လိုက်ကာ မျက်လုံးများကို အနည်းငယ် မှေးလျက် အတွေးနက်နေပေသည်။

မျက်နှာမဲ့လူပြောကြားသည်မှာလည်း အဓိပ္ပယ် မရှိသည် မဟုတ်ပေ။ အရင်က နှောင့်ယှက်တိုက်ခိုက်မှုများကြောင့် ထိုက်ချန်းသည် သူတို့၏ တည်ရှိမှုကို သိရှိသွားခဲ့ပြီဖြစ်ရာ နောက်ပိုင်းတွင်မူ သူသည် အဆပေါင်းများစွာ ပို၍သတိကြီးစွာ ထားရှိကာ ကာကွယ်နေတော့မည် ဖြစ်ပေသည်။

ဝမ်ချောင်သည် နေရာကူးပြောင်းခြင်းဂိတ်ကို ဖျက်ဆီးလိုစိတ် ပြင်းပြနေသော်လည်း၊ သေသေချာချာ အကြိမ်ကြိမ် စဉ်းစားတွက်ချက်ကာ အစီအစဉ် ကျနမှသာ လှုပ်ရှားရမည် ဖြစ်ပေသည်။

ဝမ်ချောင်သည် ထပ်မံ၍ စကားမပြောတော့ဘဲ၊ သူ၏ အာရုံအားလုံးကို ရေအရာရှိ၏ မှတ်ဉာဏ်များအတွင်းသို့သာ အလုံးစုံ နှစ်မြှုပ်လိုက်ပေတော့သည်။

ရန်သူ့အကြောင်းနှင့် မိမိအကြောင်းကို ကောင်းစွာ သိရှိမှသာ စစ်ပွဲတိုင်းကို အောင်နိုင်မည် ဖြစ်ပေသည်။

ခုနက ထွက်ပြေးလာသည့် အချိန်၌ ဝမ်ချောင်သည် ရေအရာရှိ၏ အလောင်းကိုပါ တစ်ပါတည်း ယူဆောင်လာခဲ့ခြင်း ဖြစ်ပေရာ သူ၏ ကျင့်စဉ်စွမ်းအား အားလုံးကို စုပ်ယူခဲ့ရုံသာမက သူ၏ဦးနှောက်အတွင်းရှိ မှတ်ဉာဏ်အားလုံးကိုပါ လုယူခဲ့ခြင်း ဖြစ်ပေသည်။

မြေအောက်အရာရှိနှင့် မတူညီသည်မှာ ဝမ်ချောင်အရင်က လက်ဦးမှုယူ တိုက်ခိုက်စဉ်ကတည်းက မြေအောက်အရာရှိ၏ ဦးခေါင်းခွံကို ချက်ချင်းပင် ရိုက်ခွဲပစ်ခဲ့သဖြင့် သူ၏ မှတ်ဉာဏ်များကို ဖတ်ရှုရန် မဖြစ်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။

ရေအရာရှိ၏ အလောင်းမှာမူ မြေအောက်အရာရှိထက် များစွာ ပိုမို၍ ပြည့်စုံလှသကဲ့သို့ သူ သေဆုံးခဲ့သည့် အချိန်မှာလည်း မကြာသေးသဖြင့် ဝမ်ချောင်သည် သူ၏ဦးနှောက်အတွင်းမှ မှတ်ဉာဏ်အားလုံးကို အလွယ်တကူ ရရှိခဲ့ခြင်း ဖြစ်ပေသည်။

“ဘယ်လိုလုပ်ရမလဲ…… ဘယ်လိုနည်းနဲ့မှ ဒီနေရာကူးပြောင်းခြင်းဂိတ်ကို ဖျက်ဆီးနိုင်မှာလဲ”

ဝမ်ချောင်က စိတ်ထဲမှ တိုးညှင်းစွာ ရေရွတ်လိုက်ရင်း အတွေးပေါင်းများစွာမှာ သူ၏ စိတ်ထဲ၌ လျင်မြန်စွာ ဖြတ်ပြေးသွားခဲ့ပေသည်။

ကက်စပီယန်ပင်လယ်…နေရာကူးပြောင်းခြင်းဂိတ်…အအေးလှိုင်း…အစီအရင်… အပြင်စည်းရှိ စခန်းများ …

ရေအရာရှိ၏ မှတ်ဉာဏ်များအရ ဝမ်ချောင်၏ အတွေးများမှာ လှုပ်ရှားလာခဲ့ကာ ကက်စပီယန်ပင်လယ် တစ်ခွင်လုံးကို လွှမ်းခြုံထားသော သေးငယ်သည့် မြေပုံတစ်ခုသည် သူ၏ ဦးနှောက်ထဲ၌ တစ်စတစ်စ ပုံဖော်လာခဲ့ပေသည်။

“ဝုန်းးး”

ရုတ်တရက်ဆိုသလို ရေအရာရှိ၏ မှတ်ဉာဏ် တစ်နေရာကို ရောက်ရှိသွားသည့် ခဏ၌ ဝမ်ချောင်၏ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရသည်။

“ဒါကတော့”

အရင်တုန်းကမူ ဝမ်ချောင်အနေဖြင့် သတိမထားမိခဲ့သော်လည်း၊ ရေအရာရှိ၏ နက်ရှိုင်းလှသော မှတ်ဉာဏ် တစ်နေရာသို့ ရောက်ရှိသွားသည့် အခါတွင်မူ၊ သူသည် ထူးခြားလှသော အရာတစ်ခုကို ချက်ချင်း ရှာဖွေတွေ့ရှိလိုက်ခြင်း ဖြစ်ပေသည်။

ဝမ်ချောင်၏ အာရုံမှာ သူ၏ ဦးနှောက်ထဲရှိ သဲမြေပုံပေါ်သို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့ပေသည်။ ဧရာမ နေရာကူးပြောင်းခြင်းဂိတ်၏ အောက်ခြေ၊ ထိုက်ချန်း၏ အနောက်စောင်း မီတာ ရာနှင့်ချီသော အနက်၌၊ ဝမ်ချောင်က စိတ်ဖြင့် တစ်ချက် ထောက်ပြလိုက်ရာ မူလက ဗလာကျင်းနေသော နေရာ၌ အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့ပေသည်။

ဤသည်မှာ ရေအရာရှိက မတော်တဆ မြင်တွေ့ခဲ့ရသော ထိုက်ချန်းနှင့် ပတ်သက်သည့် မြင်ကွင်းတစ်ခုပင် ဖြစ်ပေသည်။

နေရာကူးပြောင်းခြင်းဂိတ် တည်ဆောက်သည့် နည်းလမ်းမှာ ထိုက်ချန်းတစ်ဦးတည်း၏ လက်ထဲ၌သာ ရှိပေသည်။ အရာရှိသုံးဦးမှာမူ အပြင်ဘက်မှ ကာကွယ်ပေးရန်သာ တာဝန်ရှိကြပြီး၊ နေရာကူးပြောင်းခြင်းဂိတ် တည်ဆောက်ရေး ကိစ္စရပ်များကို ထိုက်ချန်းတစ်ဦးတည်းကသာ တာဝန်ယူ လုပ်ဆောင်နေခြင်းဖြစ်ရာ၊ ထိုသူ သုံးဦးအနေဖြင့် အသေးစိတ် အခြေအနေများကို မသိရှိကြသလို တမင်တကာလည်း ဝင်ရောက် စွက်ဖက်ခြင်း မပြုခဲ့ကြပေ။

သို့သော်လည်း ဝမ်ချောင်ကမူ တစ်ချက် ကြည့်လိုက်ရုံမျှဖြင့် ၎င်းအတွင်းရှိ ထူးခြားချက်ကို ချက်ချင်း ခံစားသိရှိလိုက်ပေသည်။

“ဒါက…… နေရာကူးပြောင်းခြင်းဂိတ် ရဲ့ စွမ်းအင်ဗဟိုချက်များလား”

ဝမ်ချောင်သည် ခေတ္တမျှ သေသေချာချာ ခွဲခြမ်းစိတ်ဖြာကြည့်ပြီးနောက်၊ ရုတ်တရက်ဆိုသလို ဉာဏ်အလင်း တစ်ချက် ပွင့်သွားခဲ့ကာ အခြေအနေကို ချက်ချင်းပင် နားလည်သွားခဲ့ပေသည်။

ကောင်းကင်၊ မြေအောက်နှင့်ရေ အရာရှိ သုံးဦးလုံးမှာ ပြဿနာများကို ရှောင်လွှဲလိုကြသဖြင့် ထိုက်ချန်း၏ ကိစ္စရပ်များကို လုံးဝဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ကြပေ။ ဤသည်မှာလည်း ဝမ်ချောင်အနေဖြင့် ၎င်းတို့၏ မှတ်ဉာဏ်များမှတစ်ဆင့် အသုံးဝင်သော သတင်းအချက်အလက် များစွာမရရှိနိုင်သည့် အကြောင်းရင်းပင် ဖြစ်သော်လည်း၊ နောက်ဆုံးတွင်မူ သူသည် ဟာကွက်တစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့ခြင်း ဖြစ်ပေသည်။

“ဘယ်လိုတောင် အစွမ်းထက်လှတဲ့ စွမ်းအင်တွေလဲ”

“ကောင်းကင်၊ မြေအောက်နဲ့ရေ အရာရှိ သုံးဦးလုံးကိုလည်း ထိုက်ချန်းက လှည့်စားထားတာပဲ၊ သူက ကက်စပီယန်ပင်လယ်အနားမှာ အစီအရင်နှစ်ခုကို တည်ဆောက်ထားတာကိုး၊ တစ်ခုက နေရာကူးပြောင်းခြင်းဂိတ် တည်ဆောက်ဖို့အတွက် စွမ်းအင်တွေကို စုစည်းဖို့၊ နောက်တစ်ခုကတော့ စွမ်းအင်ဗဟိုချက်ရဲ့ အငွေ့အသက်တွေကို ထိန်းထားပြီး ဖုံးကွယ်ထားဖို့အတွက်ပဲ!”

ဝမ်ချောင်၏ မျက်ဝန်းအတွင်းမှ တောက်ပလှသော အလင်းတန်းတစ်ခု ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာခဲ့ပေသည်။

ဧရာမ နေရာကူးပြောင်းခြင်းဂိတ်၏ အပေါ်ဘက် ဟင်းလင်းပြင်၌ လွင့်မျောနေသော ထို“ပင်လယ်” ကြီးကိုမူ ဝမ်ချောင်က နေရာကူးပြောင်းခြင်းဂိတ်က ဟင်းလင်းပြင်ကို ဆွဲဖြဲလိုက်သဖြင့် ဖြစ်ပေါ်လာသော မြေကမ္ဘာနှင့် ကောင်းကင်ယံ၏ အပြောင်းအလဲများဟုသာ အမြဲထင်မှတ်ထားခဲ့ခြင်း ဖြစ်ပေသည်။ သို့သော်လည်း ဤခဏ၌ ဝမ်ချောင်နားလည်သွားခဲ့သည်မှာ ၎င်းမှာ အမှန်တကယ်တော့ ထိုက်ချန်း၏ နောက်ကွယ် မြေအောက်အနက်ရှိုင်းဆုံးရှိ ထို ဧရာမ စွမ်းအင်ဗဟိုချက်ကြောင့် ဖြစ်ပေါ်လာသော ရလဒ်သာ ဖြစ်ပေသည်။

အကယ်၍သာ ဝမ်ချောင်အနေဖြင့် အစီအရင်ကျမ်းကို ဖတ်ရှုဖူးခြင်း မရှိဘဲ၊ အစီအရင်များအပေါ် နက်နဲလှသော နားလည်မှုများ မရှိခဲ့ပါက၊ ဤအချက်ကို ခွဲခြားသိမြင်နိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်ပေသည်။

“ဘယ်အစီအရင်မဆို တည်ဆောက်တာနဲ့ လည်ပတ်တာတွေအတွက် စွမ်းအင်တွေရဲ့ အထောက်အပံ့က လိုအပ်တာပဲ၊ မြေကမ္ဘာနဲ့ ကောင်းကင်ယံကြားက သဘာဝ စွမ်းအင်တွေ ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ်ရင်လည်း သီးခြား စွမ်းအင်ဗဟိုချက်ရှိကို ရှိရမယ်။”

“ဝတ်စုံမည်းဝတ်လူတွေက မတူညီတဲ့ အချိန်နဲ့ ဟင်းလင်းပြင် နှစ်ခုကို ဆက်သွယ်ဖို့ ဒီလောက်အထိ ဧရာမ နေရာကူးပြောင်းခြင်းဂိတ် ကြီးကို တည်ဆောက်ချင်တယ်ဆိုရင်တော့၊ လိုအပ်တဲ့ စွမ်းအင်က သာမန် သဘာဝ စွမ်းအင်တွေနဲ့တော့ ဘယ်လိုမှ မလုံလောက်နိုင်ဘူး၊ ဒါကြောင့် ဒီ နေရာကူးပြောင်းခြင်းဂိတ်ကို အထောက်အပံ့ ပေးထားတာက သေချာပေါက် များပြားလှတဲ့ စွမ်းအင်တွေ ကိန်းအောင်းနေတဲ့ စွမ်းအင်ဗဟိုချက်တစ်ခုပဲ ဖြစ်ရမယ်။”

“နေရာကူးပြောင်းခြင်းဂိတ်ဆီကနေ ထွက်ပေါ်နေတဲ့ အငွေ့အသက်တွေကို ကြည့်ရရင်တော့ အဲဒီစွမ်းအင်ဗဟိုချက်ကတော့ သေချာပေါက် စိတ်ကူးမယဉ်နိုင်လောက်အောင် ကြီးမားနေမှာပဲ။ ထိုက်ရှီတောင်မှ ဒါကို နှိုင်းယှဉ်နိုင်လိမ့်မှာ မဟုတ်ဘူး”

“ဒါပေမဲ့ ဒီလောက်အထိ အရေးကြီးတဲ့ စွမ်းအင်ဗဟိုချက်ကို ဘာကြောင့် ထိုက်ချန်းက အရာရှိသုံးဦးလိုမျိုး သူ့ဘေးနားမှာပဲ ထားပြီး အစွမ်းကုန် မကာကွယ်တာလဲ။ ဘာလို့ ဒီလောက်အထိ ဝေးကွာတဲ့ မြေအောက်အနက်ပိုင်းမှာ သွားပြီး ထားထားတာလဲ။ ဒါမှမဟုတ်……”

ထိုခဏ၌ ဝမ်ချောင်၏ မျက်ခုံးများမှာ လှုပ်ခတ်သွားခဲ့ကာ တစ်စုံတစ်ရာကို ဝေဝါးစွာ စဉ်းစားမိလိုက်ပေသည်။

“မင်းဒီမှာပဲ အရင်နေခဲ့ဦး၊ မဆင်မခြင် မလှုပ်ရှားနဲ့ဦးနော်၊ ငါ ခဏလောက် သွားကြည့်လိုက်ဦးမယ်!”

ဝမ်ချောင်၏ စိတ်အာရုံ လှုပ်ရှားလိုက်သည်နှင့်အတူ သူသည် ချက်ချင်းပင် ထရပ်လိုက်ကာ မျက်တောင်တစ်ခတ်အတွင်းမှာပင် မြေလျှိုးခြင်း အတတ်ကို အသုံးပြုလျက် မြေအောက်အနက်ရှိုင်းဆုံးသို့ လျှိုးဝင်သွားခဲ့ပေတော့သည်။

မြေအောက်အနက်ရှိုင်းဆုံးတွင်မူ မှောင်မိုက်နေပေသည်။ ဝမ်ချောင်သည် အရင်ကကဲ့သို့ သူ၏ စိတ်ဝိညာဉ်စွမ်းအားများကို အပြင်သို့ ပျံ့နှံ့စေလျက် မြေအောက်လှုပ်ရှားမှုများကို စုံစမ်းခြင်း မပြုခဲ့ပေ။ ယခုကဲ့သို့သော အခြေအနေမျိုးတွင်မူ မည်သည့် စိတ်ဝိညာဉ်စွမ်းအား လှုပ်ခတ်မှုမဆို ထိုက်ချန်း၏ သတိပြုမိခြင်းကို ခံရရန် အလွယ်တကူ ဖြစ်နိုင်သောကြောင့် ဖြစ်၏။

သို့သော်လည်း ဝမ်ချောင်သည် နေရောင်ခြည် မရှိသော ဤမြေအောက်အတွင်း၌ ရေထဲမှ ငါးတစ်ကောင်အလား လွတ်လပ်နေဆဲ ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် နေရာအနှံ့ရှိ မြေကမ္ဘာ၏ စည်းမျဉ်းများမှတစ်ဆင့် မြေအောက်ရှိ လှုပ်ရှားမှု မှန်သမျှကို ထင်ရှားစွာ ခံစားသိရှိနိုင်သောကြောင့် ဖြစ်၏။

ဝမ်ချောင်၏ အာရုံခံစားမှုသည် မြေဓာတ် စွမ်းဆောင်ရည်မှတစ်ဆင့် ပတ်ဝန်းကျင် မိုင်ပေါင်း ဆယ်ဂဏန်းကျော်အထိ ပြန့်နှံ့သွားနိုင်ကာ ထိုကဲ့သို့သော ခံစားချက်မှာ လက်ဖဝါးပေါ်ရှိ အရေးအကြောင်းများကို ကြည့်ရှုနေရသကဲ့သို့ပင် များစွာထင်ရှားလှပေသည်။

ဤသည်မှာလည်း ရှေးဦးရှန်ထိုက်၏ မူလနတ်ဘုရားစွမ်းအားနှင့် မြေအောက်အရာရှိ၏ အစွမ်းတို့ ကွာခြားသည့် အချက်ပင် ဖြစ်ပေသည်။

မြေအောက်သို့ လျှိုးဝင်သွားသည်နှင့် တစ်ပြိုင်နက်၊ စိတ်ဝိညာဉ်စွမ်းအား၏ လမ်းညွှန်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဝမ်ချောင်သည် ရှေ့သို့ သွားရမည့် အရပ်မျက်နှာကို ထင်ရှားစွာ ခံစားသိရှိနိုင်ပေသည်။

ထိုက်ချန်း၏ အစွမ်းမှာ များစွာမြင့်မားလှသော်လည်း သူ ပြင်ဆင်ထားသည့်တိုင်အောင် စိတ်ဝိညာဉ်စွမ်းအားကို အစွမ်းကုန် ဖြန့်ကျက်ထားလျှင်ပင် မိုင်ပေါင်း တစ်ရာခန့် နက်ရှိုင်းလှသော မြေအောက်ကိုမူ ခံစားသိရှိနိုင်ရန်မှာ မဖြစ်နိုင်ပေ။

အချိန်များမှာ တရွေ့ရွေ့ ကုန်လွန်သွားခဲ့ရာ ဝမ်ချောင်သည် သူ၏တစ်ကိုယ်လုံးရှိ အငွေ့အသက်များကို ဖုံးကွယ်ထားလျက် ထိုက်ချန်းကို အပြည့်အဝ ရှောင်လွှဲကာ မိုင်ပေါင်း ရာနှင့်ချီ၍ နက်ရှိုင်းလှသော မြေအောက်မှတစ်ဆင့် အရပ်မျက်နှာကို ပတ်ကာ ကွေ့ဝိုက်လျက် ထိုက်ချန်း၏ နောက်ကွယ်ရှိ အရပ်မျက်နှာဆီသို့ ဦးတည်သွားခဲ့ပေသည်။

“ဝုန်း!”

မိုင်ပေါင်း တစ်ရာခန့် အကွာအဝေးမှနေ၍ ဝမ်ချောင်သည် ကြီးမားလှသော စွမ်းအင်လှိုင်းများမှာ သူ၏ဦးခေါင်းအထက်ဘက်မှ ထွက်ပေါ်နေသည်ကို ခံစားလိုက်ရပေသည်။ ထို့ပြင် ထိုစွမ်းအင်လှိုင်းများအတွင်း၌မူ ပြင်းထန်ကာ အရိုးထဲအထိ အေးစိမ့်လှသော အအေးဓာတ်များလည်း ပါဝင်နေပေသည်။

“ဒါက အမှန်တကယ် ဘယ်လိုမျိုး စွမ်းအင်ဗဟိုချက်လဲ။ မိုင်ပေါင်း တစ်ရာကျော် အကွာအဝေးမှာတောင် အစီအရင်ရဲ့ ဖုံးကွယ်မှုအောက်မှာတောင်မှ ဒီလောက်အထိ ကြီးမားလှတဲ့ အငွေ့အသက်တွေက ယိုစိမ့်ထွက်ပေါ်နေတာလား”

ထိုစွမ်းအင်များ၏ အရှိန်အဝါကို ခံစားလိုက်ရသည့်အခါ ဝမ်ချောင်သည် စိတ်ထဲမှ တိတ်တဆိတ် အံ့အားသင့်သွားရပေသည်။

စွမ်းအင်များ၏ လှုပ်ခတ်မှုမှာ သေချာပေါက် အရပ်မျက်နှာအနှံ့သို့ ပြန့်နှံ့နေမည် ဖြစ်သော်လည်း၊ အရင်က မြေအောက်သို့ လျှိုးဝင်စဉ်တုန်းကမူ ဝမ်ချောင်သည် ဤအရှိန်အဝါကို မခံစားခဲ့ရပေ။

သူသည် ကောင်းစွာ သိရှိထားပေသည်။ ဤသည်မှာ သေချာပေါက် ထိုက်ချန်းက အစီအရင်ကို အသုံးပြုလျက် စွမ်းအင်ဗဟိုချက်၏ အငွေ့အသက်များကို အပေါ်နှင့် အောက် အရပ်မျက်နှာ နှစ်ခုအတွင်း၌သာ ကိန်းအောင်းနေစေရန် လုပ်ဆောင်ထားခြင်း ဖြစ်ရပေမည်။ ဤသို့ဖြင့်သာ စွမ်းအင်များ ယိုစိမ့်မှုနှုန်းကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်မည် ဖြစ်ပေသည်။

“ရှူး!”

ဝမ်ချောင်၏ စိတ်အာရုံ လှုပ်ရှားလိုက်သည်နှင့်အတူ သူသည် အနည်းငယ်မျှပင် တွန့်ဆုတ်ခြင်း မရှိဘဲ၊ ထိုက်ချန်း၏ နောက်ကွယ် ကက်စပီယန်ပင်လယ် အရပ်မျက်နှာမှနေ၍ အထက်ဘက်သို့ ဖြည်းညှင်းစွာ တက်လှမ်းခဲ့ပေသည်။

မိုင်ပေါင်း တစ်ရာ့နှစ်ဆယ် ……

မိုင်ပေါင်း ရှစ်ဆယ် ……

မိုင်ပေါင်း ခြောက်ဆယ် ……

……

အကွာအဝေးမှာ ပို၍တိုတောင်းလာခဲ့သလို ထိုက်ချန်းနှင့် ထိုစွမ်းအင်ဗဟိုချက် တည်ရှိရာ နေရာနှင့်လည်း ပို၍ နီးကပ်လာခဲ့ပေသည်။

အကယ်၍ မြေအောက်အနက်ရှိုင်းဆုံးမှ စတင်ပေါ်ထွက်နေသော စွမ်းအင်လှိုင်းများမှာ ပင်လယ်ကမ်းခြေရှိ လှိုင်းကြက်ခွပ်လေးများကဲ့သို့ပင် ငြိမ်သက်အေးဆေးကာ စနစ်တကျ ရှိနေသည်ဟု ဆိုပါက ပိုမိုနီးကပ်လာလေလေ အပေါ်ဘက်မှ ကျရောက်လာသော စွမ်းအင်အရှိန်အဝါများမှာ ခဏချင်းမှာပင် မုန်တိုင်းတစ်ခုသဖွယ် ပြင်းထန်လာလေလေ ဖြစ်ပေသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင်မူ စိတ်ဝိညာဉ် အာရုံခံစားမှု မှန်သမျှမှာလည်း ရှောင်လွှဲ၍ မရနိုင်သော အနှောင့်အယှက်များကို ကြုံတွေ့ရမည် ဖြစ်ကာ အစွမ်းကုန် အားနည်းသွားပေလိမ့်မည်။

ဝမ်ချောင်သည် အထက်သို့ ဆက်လက်တက်လှမ်းနေခဲ့ရာ အအေးဓာတ်မှာ ပို၍ပြင်းထန်လာခဲ့သလို၊ စွမ်းအင်များ၏ လှုပ်ခတ်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိလာသည့်အခါတွင်မူ ဟင်းလင်းပြင်ပင်လျှင် စတင်၍ တုန်ခါလာခဲ့ပေသည်။

ဝမ်ချောင်သည် မူလက ထိုက်ချန်းသိရှိသွားမည်ကို အနည်းနှင့်အများ စိုးရိမ်ခဲ့သော်လည်း၊ များပြားလှသော ထိုစွမ်းအင်လှိုင်းများ၏ ဖရိုဖရဲ လှုပ်ရှားမှုများကို ခံစားလိုက်ရသည့်အခါတွင်မူ၊ ဝမ်ချောင်သည် ထိုက်ချန်းအနေဖြင့် မိမိကို ရှာဖွေတွေ့ရှိနိုင်ရန်မှာ လုံးဝ မဖြစ်နိုင်တော့ကြောင်း သိရှိသွားခဲ့ပေသည်။

အမှန်အတိုင်း ပြောရရင် ထိုသူ၏အာရုံမှာလည်း ဤနေရာ၌ လုံးဝ ရှိမနေပေ။

ဝမ်ချောင်သည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိစွာဖြင့် အထက်သို့ တက်လှမ်းသည့် အရှိန်ကို မြှင့်တင်လိုက်ပေသည်။

မိုင်ပေါင်း လေးဆယ်

မိုင်ပေါင်း နှစ်ဆယ်

ဝမ်ချောင်သည် ဧရာမ နေရာကူးပြောင်းခြင်းဂိတ် ကို စွမ်းအင်များ ပေးအပ်နေသော စွမ်းအင်ဗဟိုချက်ကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရပေတော့သည်။

၎င်းမှာ ပြာလဲ့သော အရောင်ရှိကာ တောင်ကုန်းတစ်ခုသဖွယ် ဧရာမ ကြီးမားလှသော ကျောက်သလင်းတစ်တုံးပင် ဖြစ်ပေသည်၊ အရာရှိသုံးဦး ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိခဲ့သော စီရင်ထုံး ဗဟိုချက်ဖြစ်သည့် ကျောက်သလင်းနှင့် နှိုင်းယှဉ်ပါက ဤကျောက်သလင်းမှာ အဆပေါင်း ရာကျော်မက ပိုမို ကြီးမားလှသကဲ့သို့၊ ၎င်းအတွင်း၌ ကိန်းအောင်းနေသော စွမ်းအင်များမှာလည်း စိတ်ကူးမယဉ်နိုင်လောက်အောင်ပင် များပြားလှပေသည်။

“ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ ပျက်သုဉ်းခြင်း စွမ်းအင်တွေလဲ”

ဝမ်ချောင်၏ နှလုံးသားမှာ ပြင်းထန်စွာ ခုန်လှုပ်သွားခဲ့ကာ မျက်လုံးများကို ပြူးကျယ်လျက် ကြည့်ရှုလိုက်မိပေသည်။

ထိုက်ချန်းသည် မြေအောက်၌ ပြင်းထန်လှသော အစီအရင်တစ်ခုကို တည်ဆောက်ထားလျက် ဤစွမ်းအင်ဗဟိုချက် အတွင်းရှိ စွမ်းအင်များကို ထိန်းချုပ်ရန် ကြိုးစားနေသော်လည်း၊ ၎င်းအတွင်းမှ စွမ်းအင်လှိုင်းများမှာမူ စီရင်ထုံးကို အကြိမ်ကြိမ် ထိုးဖောက်လျက် မြစ်ချောင်းအိုင်ပင်လယ်များအလား မြေအောက်အနက်ရှိုင်းဆုံးဆီသို့ အရှိန်အဟုန်ဖြင့် စီးဆင်းနေခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ပေ။

ဤမျှသာမကဘဲ အခြားကမ္ဘာမှ ကျူးကျော်သူတို့၏ စွမ်းအင်များမှာ မူလကတည်းက အလွန်အမင်း အေးစိမ့်နေခြင်းကြောင့်လား မသိသော်လည်း၊ ဝတ်စုံမည်းဝတ်လူ အဖွဲ့အစည်း အသုံးပြုနေသော ဤ စွမ်းအင်ဗဟိုချက်၏ သဘောသဘာဝမှာ အလွန်အမင်း အေးစိမ့်လှပေသည်။ ပထမရှန်ထိုက်၏ သိမ်မွေ့နက်နဲသော အဆင့် အထွတ်အထိပ်ရှိသော ကျင့်စဉ်အစွမ်းဖြင့်ပင် သူ၏ကိုယ်အတွင်းရှိ ဂန်ချီများမှာ ခဲသွားတော့မည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်ကို သူ ခံစားလိုက်ရပေသည်။

ဤအေးစိမ့်မှုမှာ ဂန်ချီများကိုပင် ထိုးဖောက်လျက် ဝိညာဉ်အနက်ရှိုင်းဆုံးဆီသို့ပင် စိမ့်ဝင်နေကာ အတွေးအာရုံများပင် ခဲသွားတော့မည့်အလား ရှိနေပေသည်။

“သူတို့တွေက ဘယ်နေရာကနေ ဒီလိုမျိုး စွမ်းအင်ဗဟိုချက်တွေကို ရှာဖွေစုဆောင်းထားကြတာလဲ”

ဝမ်ချောင်၏ စိတ်ထဲ၌ များစွာ တုန်လှုပ်ခြောက်ခြားနေမိပေသည်။

သူသည် ခံစားချက်တစ်ခု ရရှိနေပေသည်။ အကယ်၍ ရှေ့သို့ ဆက်လက် တိုးဝင်မည်ဆိုပါက ပြန်လည် ကုသ၍ မရနိုင်သော ဒဏ်ရာများကို ရရှိသွားနိုင်သည်ဟူ၍ ဖြစ်၏၊ ဤနေရာမှတစ်ဆင့် နေရာကူးပြောင်းခြင်းဂိတ် ရှိရာသို့ ပတ်ကာ သွားရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင် ရှိနေသကဲ့သို့၊ ထိုက်ချန်း၏ အနားသို့ ချဉ်းကပ်ရန်ပင် များစွာခက်ခဲလှပေသည်။

ဝိညာဉ်နှင့် အရိုးထဲအထိ စိမ့်ဝင်နေသော ထိုအအေးဓာတ်မှာ မမြင်နိုင်သော တံတိုင်းတစ်ခုသဖွယ် ဖြစ်ပေါ်လာခဲ့ကာ ဝမ်ချောင်၏ရှေ့မှောက်၌ တားဆီးထားပေတော့သည်။

ဝမ်ချောင်၏ စိတ်မှာ ခဏချင်းမှာပင် လေးလံသွားခဲ့ရ၏။

ယခုကဲ့သို့သော အခြေအနေမျိုးမှာမူ သူ အစပိုင်း၌ လုံးဝထင်မှတ်မထားခဲ့သော အရာပင် ဖြစ်ပေတော့သည်။

******

အခန်း (၂၀၇၄) ရေခဲဓာတ် စွမ်းအင်၊ တတိယရှန်ထိုက်၏ ထူးခြားလှသော လှုပ်ရှားမှု

“ဝုန်းးးး”

အချိန်များမှာ တရွေ့ရွေ့ ကုန်လွန်သွားခဲ့ရာ ဝမ်ချောင်၏စိတ်နှလုံးမှာ လေးလံနေခဲ့ပြီး အကြံသစ်ကို ပြောင်းလဲကာ အခြားသော နည်းလမ်းကို ရှာဖွေရန် ပြင်ဆင်နေသည့်ခဏ၌၊ ရုတ်တရက်ဆိုသလို ထူးဆန်းသော ခံစားချက်တစ်ခုမှာ အဝေးဆီမှ ထွက်ပေါ်လာခဲ့ပေသည်။

“တတိယရှန်ထိုက်လား”

ဝမ်ချောင်၏ စိတ်ထဲ၌ ထိတ်လန့်သွားကာ ချက်ချင်းပင် များစွာအံ့အားသင့်သွားရပေသည်။

သူသည် ဒုတိယရှန်ထိုက်နှင့် တတိယရှန်ထိုက်တို့ကို အဝေး၌ တပ်ကူအဖြစ် တမင်တကာ ချန်ထားခဲ့ခြင်း ဖြစ်သော်လည်း၊ ဤအချိန်၌ ဝမ်ချောင်သည် မူလက တည်ငြိမ်နေသော ဒုတိယရှန်ထိုက်ဆီမှ ထူးဆန်းသော လှုပ်ခတ်မှုတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်ကို ခံစားလိုက်ရပေသည်။ ထို့ပြင် ထိုလှုပ်ခတ်မှုမှာ မိမိကို ရည်ရွယ်ခြင်းလည်း မဟုတ်ပေ။

“တတိယရှန်ထိုက်က…… စွမ်းအင်ဗဟိုချက်ကို လိုချင်နေတာလား?”

ဝမ်ချောင်သည် ခေတ္တမျှ စဉ်းစားပြီးနောက် ရုတ်တရက် နားလည်သွားခဲ့ကာ စိတ်ထဲ၌ များစွာတုန်လှုပ်သွားခဲ့ရပေသည်။

ရှန်ထိုက် သုံးခုအနက် ပထမရှန်ထိုက်၏ အစွမ်းမှာ အကြီးမားဆုံး ဖြစ်သော်လည်း၊ ဦးခေါင်းအထက်ရှိ စွမ်းအင်ဗဟိုချက်မှ ထွက်ပေါ်နေသော ပြာလဲ့သော အအေးလှိုင်းများမှာ ဝမ်ချောင်၏ ပထမရှန်ထိုက်အတွက် များစွာသော ဖိအားနှင့် ခြိမ်းခြောက်မှု တစ်ခုဖြစ်နေကာ ဝမ်ချောင်အား ဧရာမ နေရာကူးပြောင်းခြင်းဂိတ် အနားသို့ ချဉ်းကပ်ရန် ခက်ခဲစေခဲ့ပေသည်။

သို့သော်လည်း ဝမ်ချောင်လုံးဝ ထင်မှတ်မထားခဲ့သည်မှာ ယခုအချိန်၌ သူသည် တတိယရှန်ထိုက်ဆီမှ ပြင်းထန်လှသော တောင့်တမှုကို ခံစားလိုက်ရခြင်းပင် ဖြစ်ပေသည်။ တတိယရှန်ထိုက်သည် ထိုအလွန်အမင်း အေးစိမ့်လှသော စွမ်းအင်များကို ရရှိလိုနေခြင်း ဖြစ်၏။

ဝမ်ချောင်သည် ခေတ္တမျှ စဉ်းစားပြီးနောက်၊ စွမ်းအင်ဗဟိုချက်၏ အောက်ခြေမှ လျင်မြန်စွာ ဆုတ်ခွာခဲ့ပေသည်။

အမွှေးတိုင်တစ်တိုင် ကုန်ဆုံးချိန်ခန့်အကြာတွင်မူ ဝမ်ချောင်သည် ပြန်လည်ရောက်ရှိလာခဲ့ကာ မူလနေရာ၌ တစ်ဖန် ပေါ်ထွက်လာခဲ့ပေသည်။ သို့သော် သူ၏ ဘေးနားတွင်မူ အခြားသော ပုံရိပ်တစ်ခု တိုးလာခဲ့ကာ ၎င်းမှာ တတိယရှန်ထိုက်ပင် ဖြစ်ပေတော့သည်။

အရင်က တိုက်ပွဲကြီးအတွင်း၌ ရေအရာရှိ အသတ်ခံခဲ့ရကာ သူ၏အလောင်းကို တတိယရှန်ထိုက်က ယူဆောင်သွားခဲ့ခြင်း ဖြစ်ပေသည်။ ရေအရာရှိ၏ ပြင်းထန်လှသော ရေဓာတ် ထိန်းချုပ်မှု စွမ်းဆောင်ရည်များကိုလည်း တတိယရှန်ထိုက်ကပင် စုပ်ယူထားခဲ့ခြင်း ဖြစ်၏။

ဝမ်ချောင်သည် တတိယရှန်ထိုက်ကို တမင်တကာ ထိန်းချုပ်ခြင်း မပြုခဲ့ဘဲ သူ၏ ဘေးနား၌ ရပ်နေစေလျက် မူလ ဗီဇအတိုင်းသာ လှုပ်ရှားစေခဲ့ပေသည်။

အပေါ်ဘက်၌မူ ပြာလဲ့သော အလင်းတန်းများမှာ ဟိန်းဟောက်နေကာ ရေတံခွန်တစ်ခုအလား အောက်ဘက်သို့ စီးဆင်းလျက် ပတ်ဝန်းကျင် မိုင်ပေါင်း ဆယ်ဂဏန်းခန့်ရှိသော မြေအောက်ကို ဖုံးလွှမ်းထားပေသည်။ ထိုတောက်ပလှသော အလင်းရောင်များမှာ ဝမ်ချောင်၏ ရှေးဦးရှန်ထိုက် ကိုယ်ပွား နှစ်ခုလုံးကို အပြာရောင် သန်းသွားစေခဲ့သော်လည်း တတိယရှန်ထိုက်မှာမူ ထိုနေရာ၌ မှင်တက်လျက် လှုပ်ရှားခြင်းမရှိဘဲ ရပ်နေပေသည်။

ဝမ်ချောင်က ဤအရာအားလုံးမှာ မိမိ၏ စိတ်အာရုံ မှားယွင်းမှုဟု ထင်မှတ်နေသည့် ခဏ၌မူ

“ဝုန်း!”

ရုတ်တရက်ဆိုသလို တတိယရှန်ထိုက်သည် လက်ဝါးနှစ်ဖက်ကို မြှောက်လိုက်ကာ အပေါ်ဘက်ရှိ ဧရာမ စွမ်းအင်ဗဟိုချက်မှ စီးဆင်းကျလာသော ပြာလဲ့သော ရေတံခွန် အအေးလှိုင်းများဆီသို့ ဖြည်းညှင်းစွာ ချိန်ရွယ်လိုက်ပေသည်။ ဝမ်ချောင်၏ အကြည့်အောက်မှာပင် ထိုအအေးလှိုင်းများအနက်မှ တစ်ခုမှာ ရုတ်တရက် အရပ်မျက်နှာ ပြောင်းလဲသွားခဲ့ကာ ခဏချင်းမှာပင် ဘေးနားရှိ တတိယရှန်ထိုက်ကို ရိုက်ခတ်လိုက်ပေတော့သည်။

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ဝမ်ချောင်၏ မျက်လုံးအစုံမှာ ကျုံ့သွားခဲ့ရ၏။

နောက်တစ်ခဏ၌မူ တတိယရှန်ထိုက်မှာ လူသားပုံသဏ္ဌာန်ရှိသော ရေမြှုပ်တစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ ရှိနေပေသည်။ အရိုးထဲအထိ အေးစိမ့်လှကာ ဝိညာဉ်ကိုပင် ခဲသွားစေနိုင်သော ထိုအအေးလှိုင်းများသည် သူ့အား ပြင်းထန်စွာ ဒဏ်ရာရစေခြင်း မရှိသည့်အပြင်၊ သူ၏ကိုယ်အတွင်းသို့ တိုက်ရိုက် စိမ့်ဝင်သွားခဲ့ကာ အားလုံးကို အကုန်အစင် စုပ်ယူခြင်း ခံလိုက်ရပေသည်။ ထို့ပြင် တတိယရှန်ထိုက်၏ ကိုယ်တွင်း၌လည်း များစွာသော ပြောင်းလဲမှုမျိုး မမြင်တွေ့ရပေ။

“ဒါက…”

ဝမ်ချောင်လည်း မှင်တက်သွားခဲ့ရကာ သူ၏မျက်ဝန်းအတွင်း၌ အလင်းတန်းများ လှုပ်ခတ်သွားလျက် အတွေးပေါင်းများစွာမှာ မျက်တောင်တစ်ခတ်အတွင်း ဖြတ်ပြေးသွားခဲ့ပေသည်။

ရှေးဦးရှန်ထိုက် သုံးခုအနက် ပထမရှန်ထိုက်တစ်ခုတည်းသာ ကြီးထွားမှုနှုန်း အမြင့်ဆုံးဖြစ်ကာ မူလနတ်ဘုရားစွမ်းအားကို စောစီးစွာ နိုးထနိုင်ခဲ့ခြင်း ဖြစ်ပေသည်၊ ဒုတိယနှင့် တတိယရှန်ထိုက်များမှာမူ ယခုအချိန်အထိ မည်သည့် လှုပ်ရှားမှုမျှ မရှိခဲ့ပေ။ သို့ဆိုလျှင်……

ဝမ်ချောင်သည် ဆက်လက်၍ မစဉ်းစားတော့ဘဲ စိတ်အာရုံ လှုပ်ရှားလိုက်ကာ တတိယရှန်ထိုက်ရှိရာ အရပ်ဆီသို့ ခြေလှမ်းအနည်းငယ် တိုးကပ်သွားခဲ့ပေသည်။ ပြင်းထန်လှသော မြေဓာတ် စွမ်းဆောင်ရည်ကို ဖြန့်ကျက်လိုက်ကာ တတိယရှန်ထိုက်ကို မြဲမြံစွာ ဖုံးအုပ်လျက် သူ၏ အငွေ့အသက်များကို အစွမ်းကုန် ဖုံးကွယ်ပေးလိုက်ပေသည်။

သို့သော်လည်း သူ၏ စိုးရိမ်မှုမှာ အပိုသက်သက်သာဖြစ်ကြောင်း မကြာမီမှာပင် သိရှိလိုက်ရပေသည်။ ဧရာမ စွမ်းအင်ဗဟိုချက်၏ ပတ်ဝန်းကျင်၌ စွမ်းအင်ပေါင်းစုံ၏ လှုပ်ရှားမှုများမှာ ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံနေကာ တောင်ပြိုခြင်းနှင့် ပင်လယ်လှိုင်းတံပိုးများအလား များစွာပြင်းထန်လှပေသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင်မူ တတိယရှန်ထိုက် စုပ်ယူနေသော အအေးဓာတ်များမှာ များစွာသေးငယ်လှသဖြင့် ပြင်းထန်လှသော စွမ်းအင်လှိုင်းများအောက်၌ လုံးဝနစ်မြုပ်ပျောက်ကွယ်နေပေသည်။

အမှန်တကယ်ကို ထိုက်ချန်း၏ စိတ်ဝိညာဉ်စွမ်းအားများသည်လည်း ဤနေရာသို့ လုံးဝရောက်ရှိမလာခဲ့ပေ။

မြေအောက်မှ ပြင်းထန်ကာ ဖရိုဖရဲ ဖြစ်နေသော စွမ်းအင်လှုပ်ခတ်မှုများမှာ သူ၏စိတ်ဝိညာဉ်စွမ်းအားဖြင့် စုံစမ်းစစ်ဆေးခြင်းကို အဓိပ္ပာယ်မဲ့သွားစေရန် လုံလောက်လှပေသည်။

အချိန်များမှာ တရွေ့ရွေ့ ကုန်လွန်သွားခဲ့သလို တတိယရှန်ထိုက်၏ ကိုယ်အတွင်း၌လည်း စွမ်းအင်များ ပို၍စုစည်းလာခဲ့ပေသည်။ ဝမ်ချောင်၏ အာရုံခံစားမှုအရဆိုလျှင် တိုတောင်းလှသော အချိန်အတွင်းမှာပင် သူသည် အထွတ်အထိပ်သို့ ရောက်ရှိနေသော သိမ်မွေ့နက်နဲသော အဆင့်ပညာရှင် တစ်ဦး၏ စွမ်းအင်များနှင့် ညီမျှသော စွမ်းအင်များကို အနည်းဆုံး စုပ်ယူခဲ့ပြီး ဖြစ်ပေသည်။ သို့သော်လည်း တတိယရှန်ထိုက်မှာမူ အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခုအလား စွမ်းအင်ဗဟိုချက်မှ ထွက်ပေါ်နေသော အအေးဓာတ်များကို အစွမ်းကုန် ဆက်လက် စုပ်ယူနေဆဲ ဖြစ်ပေသည်။

သို့သော်လည်း တဖြည်းဖြည်းချင်း ဝမ်ချောင်သတိပြုမိလိုက်သည်မှာ တတိယရှန်ထိုက်၏ ဒန်တျန်အနက်ရှိုင်းဆုံး၌ အဆုံးမရှိသော အအေးလှိုင်းများ စုစည်းလာခဲ့ကာ ပြာလဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် ရွန်းသင်္ကေတတစ်ခုအဖြစ် တဖြည်းဖြည်းချင်း အခဲဖြစ်လာခြင်းပင် ဖြစ်ပေသည်။

ဤလျှို့ဝှက်ဆန်းကြယ်သော ရွန်းသင်္ကေတ၏ ဆွဲဆောင်မှုအောက်၌၊အရပ်မျက်နှာအနှံ့မှ ရေတံခွန်သဖွယ် အအေးလှိုင်းစွမ်းအင်များမှာ တစ်ခုပြီးတစ်ခု စုရုံးရောက်ရှိလာကြပေသည်။ တတိယရှန်ထိုက်၏ အရှိန်အဝါမှာလည်း ပို၍အစွမ်းထက်လာခဲ့ပေတော့သည်။

ဤတခဏ၌မူ မြေပြင်ပေါ်ရှိ ဧရာမ နေရာကူးပြောင်းခြင်းဂိတ်၏အောက်ခြေတွင် ထိုက်ချန်းသည် ငွေဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားလျက် ငြိမ်သက်စွာ ထိုင်နေပေသည်။ သူ၏ ကြီးမားလှသော စိတ်ဝိညာဉ်စွမ်းအားများမှာ ပြဒါးများ မြေပေါ်သို့ စိမ့်ဝင်သွားသကဲ့သို့ ပတ်ဝန်းကျင် မိုင်ပေါင်း ဆယ်ဂဏန်းခန့်ကို လွှမ်းခြုံထားပေသည်။

ညဉ့်အမှောင်ထုမှာ တိတ်ဆိတ်နေကာ အရင်က ဖြစ်ပေါ်ခဲ့သော ဆူညံမှုများကိုလည်း သူက ငြိမ်သက်သွားအောင် လုပ်ဆောင်ခဲ့ပြီး ဖြစ်ပေသည်။ ထိုက်ချန်း၏ နတ်ဘုရား အရှိန်အဝါရှေ့၌မူ၊ မည်သည့် လှည့်လည်သွားလာနေသော လူမျိုးစုကမျှ သူ၏ အမိန့်ကို ဖီဆန်ရန် မဝံ့ရဲကြပေ။

“တစ်ခုခုတော့ မှားနေပြီ”

ထိုက်ချန်းသည် မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ကာ ရုတ်တရက် မျက်လုံးများကို ဖွင့်ကြည့်လိုက်ပေသည်။

ပတ်ဝန်းကျင်မှာ အလွန်အမင်း တိတ်ဆိတ်လွန်းနေပေသည်။ ထိုက်ချန်းသည် အရင်က “ကြွက်ငယ်လေး သုံးကောင်” ကို ရုတ်တရက် သတိရလိုက်ပေသည်။ မြေအောက်အရာရှိနှင့် ရေအရာရှိတို့ အသတ်ခံရသည်မှာ တစ်နာရီခန့် ရှိနေပြီဖြစ်ကာ ထိုလူများ ထွက်ပြေးသွားပြီးနောက်တွင်လည်း မည်သည့် လှုပ်ရှားမှုမျှ ထပ်မံမရှိတော့သဖြင့် အမှန်တကယ်ပင် ထွက်ခွာသွားကြပြီဟု ထင်မှတ်ရပေသည်။

သို့သော်လည်း ထိုက်ချန်း၏ စိတ်ထဲ၌မူ တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု အမြဲခံစားနေရပေသည်။ ထိုလူများသည် မြေအောက်အရာရှိနှင့် ရေအရာရှိတို့ကို သတ်ဖြတ်ကာ အစီအရင်ကိုလည်း ဖျက်ဆီးခဲ့ကြသည်ဖြစ်ရာ သေချာပေါက် တစ်စုံတစ်ရာကို ကြံစည်နေကြခြင်း ဖြစ်ရမည်ဖြစ်ပြီး ဤမျှအထိ လွယ်လွယ်နှင့် လက်လျှော့လိမ့်မည် မဟုတ်ပေ။ သို့မဟုတ် သူတို့သည် မိမိ၏ အစွမ်းကို ခံစားမိသွားကြသဖြင့် အခွင့်အရေး မရှိတော့ဟု ယူဆကာ ကြောက်ရွံ့စိတ်ဖြင့် အစီအစဉ်ကို အလုံးစုံ စွန့်လွှတ်လိုက်ကြခြင်းလား။

“ဟင်း…နောက်ဆုံးတော့လည်း ငကြောက်တွေပဲလေ၊ ခေါင်းဝှက်ပြီး အမြီးပဲ ဖော်ရဲကြတာ၊ ငါ နေရာကူးပြောင်းခြင်းဂိတ်ကို အပြီးသတ် တည်ဆောက်ပြီးတာနဲ့၊ မင်းတို့ကို တစ်ယောက်မကျန် ဖမ်းဆီးပြီး ရှင်းပစ်မယ်”

ထိုက်ချန်းသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ကာ ဧရာမ နေရာကူးပြောင်းခြင်းဂိတ် အတွင်းသို့ စွမ်းအင်များကို ထပ်မံ၍ တိုးမြှင့်ထည့်သွင်းလိုက်ပေသည်။ သူသည် မူလက နေရာကူးပြောင်းခြင်းဂိတ် တည်ဆောက်မှု ပြီးစီးရန်အတွက် ရက်အနည်းငယ် ထပ်မံလိုအပ်မည်ဟု ခန့်မှန်းထားသော်လည်း ယခုအခါ များပြားလှသော စွမ်းအင်များကို ထည့်သွင်းလိုက်သဖြင့် တည်ဆောက်မှုအဆင့်မှာ များစွာမြန်ဆန်လာခဲ့ပြီဖြစ်ကာ ထိုမျှအထိ အချိန်ကြာမြင့်ရန် မလိုအပ်တော့ပေ!

ထိုက်ချန်း၏ စိတ်ဝိညာဉ်စွမ်းအားများသည် အရပ်မျက်နှာအနှံ့သို့ ဝှေ့ယမ်းကြည့်ရှုလိုက်ကာ နောက်တစ်ကြိမ် ထပ်မံစစ်ဆေးပြီးနောက်တွင်မှ ငြိမ်သက်ခြင်းသို့ ပြန်လည် ရောက်ရှိသွားခဲ့ပေသည်။

ဤခဏ၌မူ ထိုက်ချန်း၏ အောက်ခြေ မိုင်ပေါင်း ဆယ်ဂဏန်းခန့်ရှိသော မြေအောက်အနက်ရှိုင်းဆုံးတွင် တတိယရှန်ထိုက်သည် မြေအောက်၌ နေရာအနှံ့ ရှိနေသော အေးစိမ့်လှသော စွမ်းအင်များကို အစွမ်းကုန် စုပ်ယူနေပေသည်။

တတိယရှန်ထိုက်စုပ်ယူသည့် အရှိန်မှာ များစွာ မြန်ဆန်လှပေသည်။ ကြီးမားလှသော စွမ်းအင်များသည် မြစ်မင်းသမုဒ္ဒရာကဲ့သို့ပင် တတိယရှန်ထိုက်၏ ကိုယ်အတွင်းသို့ အဆက်မပြတ် စီးဝင်နေကြကာ သူ၏ စွမ်းအားများကို မြင့်တင်ပေးနေကြပေသည်။

တတိယရှန်ထိုက်အနေဖြင့် အစွမ်းကုန် အဆက်မပြတ် စုပ်ယူနေသော်လည်း အဆုံးမရှိဘဲ သမုဒ္ဒရာကြီးတစ်ခုသဖွယ် ရှိနေသော စွမ်းအင်ဗဟိုချက်နှင့် နှိုင်းယှဉ်ပါကမူ တတိယရှန်ထိုက် စုပ်ယူနေသော စွမ်းအားများမှာ များစွာ သေးငယ်လှပေသည်။ ကမ္ဘာနှစ်ခုကို ဆက်သွယ်ပေးမည့် ခိုင်မာလှသော နေရာကူးပြောင်းခြင်းဂိတ်ကို တည်ဆောက်ရန်အတွက် လိုအပ်သော စွမ်းအင်မှာ စိတ်ကူးမယဉ်နိုင်လောက်အောင်ပင် ကြီးမားလှပေသည်။ ဤသည်မှာ တတိယရှန်ထိုက် တစ်ခုတည်းနှင့် အကုန်အစင် စုပ်ယူနိုင်မည့် အရာ မဟုတ်ပေ။

သို့သော်လည်း ဝမ်ချောင်၏ အာရုံမှာမူ ထိုအချက်ပေါ်၌ ရှိမနေပေ။

“ဒါက…… သူ တကယ်ပဲ မူလနတ်ဘုရားစွမ်းအားကို နိုးထတော့မှာပဲ”

ဝမ်ချောင်သည် ကိုယ်အပြင်ဘက်၌ ပြာလဲ့သော အလင်းတန်းများဖြင့် ဖုံးလွှမ်းနေသော တတိယရှန်ထိုက်ကို ကြည့်လျက် စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်မိပေသည်။

အစပိုင်း၌ ဝမ်ချောင်မှာ ခန့်မှန်းရုံသာ ရှိခဲ့သော်လည်း ယခုအခါတွင်မူ တတိယရှန်ထိုက်မှာ အမှန်တကယ်ပင် နိုးထလာနေပြီဖြစ်ကြောင်း သူ အတည်ပြုနိုင်ခဲ့ပေသည်။ သူ၏ စွမ်းအားမှာလည်း ဆက်တိုက်ဆိုသလို မြင့်တက်လာနေကာ ပထမရှန်ထိုက်၏ အဆင့်သို့ တဖြည်းဖြည်းချင်း နီးကပ်လာခဲ့ပေသည်။

သူ၏ ကိုယ်ခန္ဓာ ဗဟိုချက်ဖြစ်သော မူလ ဒန်တျန်အတွင်းရှိ ထိုသေးငယ်လှသော ပြာလဲ့သော ရွန်းသင်္ကေတမှာ စတင်၍ ပြောင်းလဲလာခဲ့ကာ ရင်ဘတ်ရှိ ရှန်းကျုံး အကြောမှတ်နေရာသို့ အထက်ဘက်သို့ ရွေ့လျားသွားခဲ့ပြီးနောက်၊ စိန်ပုံသဏ္ဌာန်ရှိသော အေးစိမ့်လှသည့် ကျောက်သလင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပေသည်။

ထိုကျောက်သလင်း၏ အနားသတ်များမှာ ပြေပြစ်ကာ များစွာ လှပလှပေသည်။ မျက်နှာပြင်ပေါ်၌လည်း လက်ရာမြောက်လှသော သင်္ကတစာလုံးများ ပေါ်ထွက်နေကာ စည်းမျဉ်းစွမ်းအားအငွေ့အသက်များ ထွက်ပေါ်နေပေသည်။ ဝမ်ချောင်သည် ထိုကျောက်သလင်းအတွင်းမှနေ၍ ပတ်ဝန်းကျင်ရှိ အရိုးထဲအထိ အေးစိမ့်လှသော အအေးလှိုင်းများနှင့် အပြန်အလှန် ပဲ့တင်ထပ်နေသော ပြင်းထန်လှသော စွမ်းအားတစ်ခုကို ခံစားသိရှိနိုင်ပေသည်။

ရေခဲဓာတ် နတ်ဘုရားစွမ်းအား။

နောက်ဆုံးတွင်မူ ဝမ်ချောင်သည် တတိယရှန်ထိုက် နိုးထလာနေသော မူလနတ်ဘုရားစွမ်းအားမှာ အလွန်ပင် အစွမ်းထက်လှသော ရေခဲဓာတ် နတ်ဘုရားစွမ်းအားဖြစ်ကြောင်း အတည်ပြုလိုက်ပေတော့သည်။

“တကယ်ကို မမျှော်လင့်ထားတဲ့ အရာပဲ။ တတိယရှန်ထိုက်က အခုလို အချိန်မျိုးမှာမှ မူလနတ်ဘုရားစွမ်းအားနိုးထလာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”

ဝမ်ချောင်၏ စိတ်ထဲ၌လည်း ဤခဏတွင် များစွာ အံ့အားသင့်နေမိပေသည်။

ရှန်ထိုက် သုံးခုအနက်၊ ပထမရှန်ထိုက်မှလွဲ၍၊ ကျန်ရှိသော ရှန်ထိုက် နှစ်ခု၏ နတ်ဘုရားစွမ်းအားများမှာ အိပ်မောကျနေခဲ့ကြခြင်း ဖြစ်ပေသည်။ မည်သည့် အချက်အလက်မျှ ရှာဖွေ၍ မရသကဲ့သို့ မည်သည့် သဲလွန်စမျှလည်း မရှိသဖြင့်၊ ဝမ်ချောင်ပင်လျှင် ထိုရှန်ထိုက် နှစ်ခုအား မည်သို့ ကူညီပြီး နိုးထစေရမည်ကို မသိရှိခဲ့ပေ။

တတိယရှန်ထိုက်၏ ယခုကဲ့သို့သော နိုးထမှုမှာမူ၊ ဝမ်ချောင်အတွက် သေချာပေါက် မမျှော်လင့်ဘဲ ရရှိလိုက်သော ရလဒ်ကောင်းတစ်ခုပင် ဖြစ်ပေသည်။ ဝမ်ချောင်သည် တတိယရှန်ထိုက်၏ ဘေးနား၌ ကာကွယ်စောင့်ရှောက်ပေးနေလျက်၊ အလွန်အမင်း သတိကြီးစွာ ထားရှိကာ အပေါ်ဘက်မှ လှုပ်ရှားမှုများကို အမြဲ စောင့်ကြည့်နေခဲ့ပေသည်။

အကယ်၍ ဝမ်ချောင်သည် အရင်က ဧရာမ နေရာကူးပြောင်းခြင်းဂိတ်ကို မမည်သို့ ဖျက်ဆီးရမည်ဟုသာ စဉ်းစားနေခဲ့ပါက၊ ယခုအခါတွင်မူ သူသည် အလျင်စလို မလုပ်ဆောင်တော့ပေ။

သေသေချာချာ စဉ်းစားတွက်ချက်ပြီးမှသာ လှုပ်ရှားရမည်။

တတိယရှန်ထိုက်သာ သူ၏ ကိုယ်အတွင်းရှိ ရေခဲဓာတ် နတ်ဘုရားစွမ်းအားကို အပြည့်အဝ နိုးထနိုင်ခဲ့မည်ဆိုပါက သူ၏နောက်ထပ် လှုပ်ရှားမှုများအတွက် များစွာသော အကူအညီများ ဖြစ်လာလိမ့်မည်ဟု ဝမ်ချောင် ခံစားနေရပေသည်။

အချိန်များမှာ တရွေ့ရွေ့ ကုန်လွန်သွားခဲ့ရာ၊ မြေအောက်တစ်ခုလုံးမှာ “တိတ်ဆိတ်” နေသော်လည်း တတိယရှန်ထိုက်၏ ကိုယ်တွင်း၌မူ အက်ကွဲသံများမှာ အဆက်မပြတ် ထွက်ပေါ်နေပေသည်။ တတိယရှန်ထိုက်၏ ကိုယ်အတွင်းရှိ အေးစိမ့်လှသော ကျောက်သလင်းမှာလည်း ပတ်ဝန်းကျင်ရှိ အအေးဓာတ်များကို ဆက်တိုက် စုပ်ယူနေဆဲဖြစ်ကာ မိမိကိုယ်မိမိ ပိုမိုအစွမ်းထက်လာအောင် လုပ်ဆောင်လျက် ကိုယ်တွင်းရှိ ရေခဲဓာတ် နတ်ဘုရားစွမ်းအားကို ပြည့်စုံအောင် ဖြည့်တင်းနေပေတော့သည်။

“နောက်ထပ် ခဏဆိုရင် အောင်မြင်တော့မှာပဲ”

ဝမ်ချောင်သည် တတိယရှန်ထိုက်၏ ကိုယ်တွင်း အခြေအနေကို အမြဲ အာရုံစိုက်နေခဲ့ရာ နောက်ဆုံးအခိုက်အတန့်သို့ ရောက်ရှိလာသည့်အခါတွင်မူ သူလည်း အနည်းငယ်မျှ စိတ်လှုပ်ရှားလာခဲ့ရပေသည်။

တစ်ချိန်တည်းမှာပင် ဧရာမ စွမ်းအင်ဗဟိုချက်၏ အပေါ်ဘက်၌ ထိုက်ချန်းသည် ငြိမ်သက်စွာ ထိုင်နေလျက် ဤနေရာကူးပြောင်းခြင်းဂိတ် တည်ဆောက်မှုကို တိတ်တဆိတ် ဆက်လက် အရှိန်မြှင့်နေပေသည်။ သို့သော်လည်း နောက်တစ်ခဏ၌၊ မည်သည့် လက္ခဏာမျှ မပြဘဲ

ဝုန်းးးး

ထိုက်ချန်း၏ မျက်ခုံးများမှာ လှုပ်ခတ်သွားခဲ့ကာ ရုတ်တရက်ဆိုသလို မျက်လုံးများကို ပြူးကျယ်လျက် ဖွင့်ကြည့်လိုက်ပေသည်။

“တစ်ခုခုတော့ မှားနေပြီ”

ထိုက်ချန်းသည် မျက်မှောင်ကို တင်းတင်းကြုတ်လိုက်ကာ သူ၏မျက်နှာမှာလည်း ခဏချင်းမှာပင် ရေပြင်အလား အေးစက်တည်ငြိမ်သွားခဲ့ရပေသည်။

သူသည် အရာရာကို သေသေချာချာ စဉ်းစားတွက်ချက်ထားသလို စနစ်တကျလည်း စီစဉ်ထားခဲ့သည်ဖြစ်ရာ ပတ်ဝန်းကျင်၌လည်း မည်သည့် ထူးခြားမှုမျှ မမြင်တွေ့ရသော်လည်း ဘာကြောင့်လဲ မသိသော်လည်း ထိုက်ချန်းသည် စိတ်ကို လုံးဝ တည်ငြိမ်အောင် ထားရှိနိုင်ခြင်း မရှိခဲ့ပေ။

သူသည် တစ်စုံတစ်ရာ ဖြစ်ပျက်နေသည်ဟု အမြဲ ခံစားနေရသော်လည်း မိမိအနေဖြင့်မူ ဘာမျှသိရှိခြင်းမရှိပေ။ ထိုက်ချန်း၏ မျက်ခုံးများမှာ လှုပ်ခတ်သွားခဲ့ကာ သူ၏မျက်ဝန်းအတွင်း၌ အတွေးတစ်ခု ဖြတ်ပြေးသွားခဲ့ပြီးနောက်၊ နောက်တစ်ခဏ၌

“ဝုန်း”

ထိုက်ချန်း၏ မျက်ဝန်းအတွင်း၌ ရက်စက်လှသော အလင်းတန်းများ လက်သွားခဲ့ကာ ရုတ်တရက်ဆိုသလို လက်ဝါးတစ်ချက်ကို မြေအောက်ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်ပေတော့သည်။

တစ်ချိန်တည်းမှာပင်၊ မူလက မြေကမ္ဘာနှင့် ကောင်းကင်ယံ တစ်ခွင်လုံး၌ ပြန့်နှံ့နေသော စိတ်ဝိညာဉ်စွမ်းအားများမှာလည်း လျင်မြန်စွာ စုစည်းသွားခဲ့ပြီး၊ သံမဏိကဲ့သို့ မာကျောကာ ပိုမို၍ နက်နဲလှသော စွမ်းအားများဖြင့် မြေအောက် မိုင်ပေါင်း ဆယ်ဂဏန်းခန့် အကွာအဝေးဆီသို့ ပြင်းထန်စွာ လျှပ်စစ်တန်းတစ်ခုသဖွယ် ပစ်လွှတ်လိုက်ပေသည်။

ဤလုပ်ဆောင်ချက်မှာ မည်သည့်လက္ခဏာမျှမပြဘဲ အရှိန်မှာလည်း အလွန်ပင်မြန်ဆန်လှပေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဂန်ချီများနှင့် စိတ်ဝိညာဉ်စွမ်းအားများမှာ အထပ်ထပ်သော ဟင်းလင်းပြင်များကို ဖြတ်ကျော်လျက်၊ ဝမ်ချောင်ရှိရာ နေရာပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့ပေတော့သည်။

“ဟင်း”

မြေပြင်ပေါ်၌ ထိုက်ချန်းသည် မျက်မှောင်ကို ကြုတ်လိုက်ကာ စိတ်ထဲ၌ များစွာအံ့အားသင့်သွားရပေသည်။

“ဘာဖြစ်တာလဲ။ ငါ့ရဲ့ ခန့်မှန်းချက် မှားသွားတာလား”

မြေအောက်မှ အခြေအနေများကို ခံစားသိရှိလိုက်ရသည့် ခဏ၌ ထိုက်ချန်းသည် စိတ်ထဲမှ တိုးညှင်းစွာ ရေရွတ်လိုက်ရင်း များစွာ သံသယ ဖြစ်နေမိပေတော့သည်။

All Chapters