အခန်း (၂၀၇၅-၂၀၇၇)
Vol. 128 Ch. 2075-2077
အခန်း (၂၀၇၅) မွေးရာပါပါရမီ နိုးထခြင်း၊ ရေခဲဖုံးလွှမ်းသော ကမ္ဘာ
ထိုက်ချန်း၏ စိတ်ဝိညာဉ်စွမ်းအားနှင့် ဂန်ချီများဖြင့် စူးစမ်းရှာဖွေမှုအတွင်း၌၊ မြေအောက်တစ်ခုလုံးမှာ ဗလာကျင်းနေပေသည်။ သူသည် အနည်းငယ်မျှ စိတ်မချနိုင်ဖြစ်ကာ စိတ်ဝိညာဉ်စွမ်းအားနှင့် ဂန်ချီများကို ပိုမို၍ အောက်ဘက်သို့ စေလွှတ်လျက်၊ မိုင်ပေါင်း ဆယ်ဂဏန်းခန့်အထိ နက်ရှိုင်းစွာ စူးစမ်းခဲ့သော်လည်း၊ မည်သည့်အရာမျှ ဖြစ်ပေါ်လာခြင်း မရှိပေ။
ကက်စပီယန်ပင်လယ်အနား တစ်ခွင်လုံးမှာ ထိုက်ချန်း၏ စိတ်ဝိညာဉ် လွှမ်းမိုးမှုအောက်၌ ရှိနေပေရာ တစ်စုံတစ်ဦး ချဉ်းကပ်လာခဲ့လျှင် သူ၏အာရုံခံစားမှုမှ လွတ်မြောက်နိုင်ရန် မဖြစ်နိုင်ပေ။
အကယ်၍ တစ်စုံတစ်ဦးက ပင်လယ်ထဲမှနေ၍ ချဉ်းကပ်လာနိုင်သည်ဟု ထင်မှတ်ထားပါက၊ ၎င်းမှာ ပို၍ပင် မှားယွင်းပေလိမ့်မည်။
သူသည် ကက်စပီယန်ပင်လယ်ကို ကျောခိုင်းထားသော်လည်း အမှန်တကယ်တော့ ထိုနေရာမှာ သူ အမြဲတမ်း အလေးထား စောင့်ကြည့်နေသော နယ်မြေဖြစ်ပေသည်။ ထိုက်ချန်းသည် သူ၏စိတ်ဝိညာဉ်စွမ်းအား အချို့ကိုပင် ခွဲထုတ်လျက် ပင်လယ်သားရဲများနှင့် ဧရာမ ပင်လယ်ငါးကြီးများ၏ ကိုယ်ပေါ်သို့ ပူးကပ်ထားစေခဲ့ရာ၊ မည်သူပင် ချဉ်းကပ်လာပါစေ သူ ချက်ချင်း သိရှိနိုင်ပေသည်။
သို့သော်လည်း ဤနယ်မြေတစ်ခုလုံး၌ သူ တစ်ခုတည်းသော ခန့်မှန်းတွက်ချက်၍ မရသည့်အရာမှာ မြေအောက် စွမ်းအင်ဗဟိုချက် လှုပ်ခတ်နေသော နယ်မြေပင် ဖြစ်ပေသည်။
ထိုက်ချန်းသည် အရင်က ထိုနေရာ၌ တားမြစ်ချက်များနှင့် စိတ်ဝိညာဉ် အမှတ်အသားများ ထားရှိရန် ကြိုးစားခဲ့ဖူးသော်လည်း မကြာမီမှာပင် စွမ်းအင်ဗဟိုချက်မှ ယိုစိမ့်ထွက်ပေါ်နေသော ပြင်းထန်လှသည့် စွမ်းအင်များ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပေသည်။
အကယ်၍ သူ စူးစမ်း၍ မရနိုင်သော နေရာတစ်ခု ရှိနေသည်ဆိုပါက၊ ထိုနေရာတစ်ခုသာ ရှိပေလိမ့်မည်။
“ထားလိုက်ပါတော့ ဧရာမနေရာကူးပြောင်းခြင်းဂိတ်က မကြာခင် တည်ဆောက်ပြီးတော့မှာပဲ၊ အခုလို အရေးကြီးတဲ့ အချိန်မှာ ငါကပဲ စိုးရိမ်လွန်ပြီး သံသယတွေ များနေတာ ဖြစ်လိမ့်မယ်!”
ထိုက်ချန်းသည် ထိုသို့ တွေးတောလိုက်ရင်း သူ၏ကြီးမားလှသော စိတ်ဝိညာဉ်စွမ်းအားနှင့် ဂန်ချီများကို လျင်မြန်စွာ ပြန်လည်ရုပ်သိမ်းလိုက်ကာ ဧရာမ နေရာကူးပြောင်းခြင်းဂိတ်အတွက် စွမ်းအင်များကို ဆက်လက် တည်ဆောက်နေပေတော့သည်။
တစ်ချိန်တည်းမှာပင်၊ မိုင်ပေါင်း တစ်ရာကျော် ဝေးကွာသော မြေအောက်အနက်ရှိုင်းဆုံး၌
“တကယ့်ကို အန္တရာယ် များတာပဲ”
ဝမ်ချောင်သည် တတိယရှန်ထိုက်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် မြေအောက်၌ ရပ်နေကာ ထိုက်ချန်း၏ စိတ်ဝိညာဉ်စွမ်းအားများ လျင်မြန်စွာ ဝေးကွာသွားသည်ကို ခံစားရင်း စိတ်ထဲမှ သက်ပြင်းတစ်ချက်ကို ရှည်လျားစွာ ချလိုက်ပေသည်။
ခုနက ခဏအတွင်းမှာပင် ဝမ်ချောင်သည် အန္တရာယ်ကို ဗီဇအရ ခံစားလိုက်ရသဖြင့်၊ အလွန်အမင်း တင်းကျပ်လှသော အချိန်အတွင်း၌ တတိယရှန်ထိုက်ကို လှမ်းဖမ်းကာ မြေလျှိုးခြင်း နတ်ဘုရားစွမ်းအားကို အသုံးပြုလျက် အောက်ဘက်သို့ ရှောင်တိမ်းလိုက်ခြင်းဖြစ်ရာ ဆံချည်မျှင်မျှသာ ကွာခြားသော အကွာအဝေးဖြင့် ထိုက်ချန်း၏ စိတ်ဝိညာဉ်စွမ်းအားနှင့် လွဲချော်သွားခဲ့ခြင်း ဖြစ်ပေသည်။
အကယ်၍ ဝမ်ချောင်၏ တုံ့ပြန်မှုမှာ အနည်းငယ်မျှသာ နှေးကွေးသွားခဲ့မည်ဆိုပါက၊ နောက်ဆုံး ရလဒ်မှာ လုံးဝ ကွဲပြားခြားနားသွားပေလိမ့်မည်။
မြေအောက်၌ ပြန်လည် ငြိမ်သက်သွားပြီးနောက်တွင်၊ ဝမ်ချောင်သည် မဆင်မခြင် ရှေ့သို့ မတိုးသေးဘဲ တိတ်တဆိတ် ဆက်လက် စောင့်ဆိုင်းနေပေသည်။
ထင်မှတ်ထားသည့်အတိုင်းပင်။
“ဝုန်း!”
ထိုက်ချန်း၏ ကြောက်မက်ဖွယ်ကောင်းလှသော စိတ်ဝိညာဉ်စွမ်းအားနှင့် ဂန်ချီများမှာ အောက်ဘက်သို့ တစ်ဖန်ပြန်လည်ကျရောက်လာခဲ့ပြန်ကာ ထိုနယ်မြေကို နောက်တစ်ကြိမ် ထပ်မံ စစ်ဆေးခဲ့ပြန်ပေသည်။
ယခုတစ်ကြိမ်တွင်မူ ထိုက်ချန်းသည် စိတ်မချနိုင်ဖြစ်ပုံရကာ ဘေးတိုက် စစ်ဆေးသည့် နယ်ပယ်ကိုပါ တိုးမြှင့်လိုက်ပေသည်။
“ငါ တကယ်ပဲ သံသယတွေ များနေတာလား”
အချိန်အတော်ကြာအောင် စစ်ဆေးပြီးနောက်တွင် ထိုက်ချန်း၏ အသံမှာ သံသယများဖြင့် တိုးညှင်းစွာ ထွက်ပေါ်လာခဲ့ပေသည်။
ဧရာမ နေရာကူးပြောင်းခြင်းဂိတ်မှာ သူ့အတွက်ရော၊ သူတို့၏ နတ်ဘုရားအဖွဲ့အစည်းအတွက်ပါ များစွာအရေးပါလှသဖြင့် သူသည် အလွန်အမင်း သတိကြီးစွာ ထားရှိကာ ရင်ဆိုင်နေရခြင်း ဖြစ်ပေသည်။
သို့သော်လည်း အမှန်တရားမှာ သူ၏ မျက်စိရှေ့မှောက်၌ ရှိနေပေသည်> သူ မည်မျှပင် စိုးရိမ်ပူပန်နေပါစေ ယနေ့ နေ့ဘက်က ဖြစ်ပေါ်ခဲ့သော ဆူညံမှုများကြောင့်သာ သူ၏စိတ်ဝိညာဉ်မှာ တင်းမာနေခဲ့ခြင်းဖြစ်ကြောင်း ထိုက်ချန်းအနေဖြင့် ယုံကြည်လိုက်ရပေတော့သည်။
အချိန်များမှာ တရွေ့ရွေ့ ကုန်လွန်သွားခဲ့ရာ အကြိမ်ပေါင်း မည်မျှ စစ်ဆေးခဲ့သည် မသိရတော့ဘဲ ထိုက်ချန်းသည် နောက်ဆုံးတွင်မှ စိတ်အေးသွားခဲ့ကာ သူ၏စိတ်ဝိညာဉ်စွမ်းအားနှင့် ဂန်ချီများ စစ်ဆေးမှုကို ပြန်လည်ရုပ်သိမ်းလိုက်ပေသည်။
ဤအရာအားလုံးမှာ သေးငယ်လှသော ဖြစ်ရပ်တစ်ခုသဖွယ်၊ ခဏချင်းမှာပင် ငြိမ်သက်ခြင်းသို့ ပြန်လည် ရောက်ရှိသွားခဲ့ကာ မည်သည့် လှုပ်ခတ်မှုမျှ မကျန်ရစ်ခဲ့ပေ။
“မြေခွေးအိုကြီး!”
ထိုက်ချန်းဆီမှ စူးစမ်းစစ်ဆေးသည့် အငွေ့အသက်များ လုံးဝမရှိတော့သည်ကို ခံစားလိုက်ရသည့် အခါမှသာ ဝမ်ချောင်သည် နောက်ဆုံးတွင်မှ သက်ပြင်းတစ်ချက်ကို ထပ်မံ၍ ရှည်လျားစွာ ချလိုက်နိုင်ပေတော့သည်။
သို့သော်လည်း ဝမ်ချောင်၏ စိတ်ထဲ၌မူ များစွာ သတိထားနေဆဲဖြစ်ကာ ဆက်လက်၍ စောင့်ဆိုင်းနေပေသည်။
အချိန်အတော်ကြာပြီးနောက် မည်သည့် အပြောင်းအလဲမျှ ထပ်မံ မရှိတော့သည့် အခါမှသာ ဝမ်ချောင်သည် တတိယရှန်ထိုက်ကို ခေါ်ဆောင်လျက် ဧရာမ စွမ်းအင်ဗဟိုချက်အောက်ခြေသို့ တစ်ဖန် ပြန်လည် ချဉ်းကပ်ကာ အချိန်ကို အမိအရ အသုံးပြုလျက် စွမ်းအင်များကို စုပ်ယူစေခဲ့ပေသည်။
အမွှေးတိုင်တစ်ဝက်ခန့် ကုန်ဆုံးချိန်တွင်မူ စူးရှလှသော အသံတစ်ချက်နှင့်အတူ ဝမ်ချောင်၏ တတိယရှန်ထိုက်သည် မူလနတ်ဘုရားစွမ်းအား တည်ဆောက်ရန်အတွက် လိုအပ်သော နောက်ဆုံး ရေခဲဓာတ် စွမ်းအင်ကို အကုန်အစင် စုပ်ယူပြီးစီးသွားခဲ့ပေပြီ။
“ရေခဲ ကမ္ဘာ”
တတိယရှန်ထိုက်၏ မူလနတ်ဘုရားစွမ်းအားမှာ အပြည့်အဝ နိုးထလာခဲ့သည့် ခဏ၌၊ ဝမ်ချောင်သည်လည်း တတိယရှန်ထိုက်၏ ပြည့်စုံလှသော စွမ်းအင် အချက်အလက်များကို ရရှိလိုက်ပေသည်။
ပထမရှန်ထိုက်နှင့် မတူညီသည်မှာ တတိယရှန်ထိုက်၏ “ရေခဲ ကမ္ဘာ” မှာ သန့်စင်လှသော ရေခဲဓာတ် နတ်ဘုရားစွမ်းအား ဖြစ်ပေသည်။ ၎င်းသည် အရည် အားလုံးကို ထိန်းချုပ်နိုင်စွမ်း ရှိသကဲ့သို့၊ ပြင်းထန်လှသော အအေးလှိုင်းများကို ထုတ်လွှတ်နိုင်သည့် အစွမ်းထက် စွမ်းဆောင်ရည်များကိုလည်း ပိုင်ဆိုင်ထားပေသည်။ ထို့ပြင် “ရေခဲဖုံးလွှမ်းသော ကမ္ဘာ” ကို အထွတ်အထိပ်သို့ ရောက်အောင် လှုံ့ဆော်လိုက်သည့် အခါတွင်မူ၊ သူ၏ စွမ်းအားအားလုံးကို အသုံးပြုလျက် သတ်မှတ်ထားသော ပစ်မှတ်တစ်ခုကို ခဏချင်းမှာပင် ခဲသွားစေကာ ရေခဲပြင်အခြေအနေ အတွင်းသို့ ရောက်ရှိသွားစေနိုင်ပေသည်။
ဤကဲ့သို့သော ခဲသွားစေခြင်းမှာ ရိုးရိုးရှင်းရှင်း ရေခဲလွှာများဖြင့် ဖုံးအုပ်လိုက်ခြင်းမျိုး မဟုတ်ဘဲ အအေးဓာတ်မှာ ကိုယ်အတွင်းသို့ စိမ့်ဝင်သွားကာ ဂန်ချီများ၏ ခုခံမှုကို ထိုးဖောက်လျက်၊ တစ်ဖက်လူ၏ တစ်ကိုယ်လုံးရှိ သွေးများ၊ ဂန်ချီများနှင့် အတွေးအာရုံများကိုပါ ခဲသွားစေခြင်း ဖြစ်ရာ စွမ်းအားမှာ အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှပေသည်။
“သွားစို့”
တတိယရှန်ထိုက်၏ မူလနတ်ဘုရားစွမ်းအား နိုးထလာခဲ့ပြီဖြစ်ရာ ဝမ်ချောင်သည် အနည်းငယ်မျှ တွန့်ဆုတ်ခြင်း မရှိဘဲ တတိယရှန်ထိုက်ကို ခေါ်ဆောင်လျက် မြေလျှိုးကာ ချက်ချင်းပင် ထွက်ခွာခဲ့ပေတော့သည်။
……
ညဉ့်အမှောင်ထုအတွင်း၌၊ မီးပုံတစ်ခုမှာ တောက်လောင်နေပေသည်။ မီးလျှံများမှာ လှုပ်ခတ်နေသော်လည်း အပူရှိန်မှာမူ မရှိသလောက်ပင် ဖြစ်ပေသည်။ မီးပုံ၏ အလင်းရောင်ကို အမှီပြုလျက် မြောက်ဘက်အရပ်မှ သာမန်မျက်စိဖြင့် မြင်တွေ့နိုင်သော အအေးလှိုင်းများမှာ တိုက်ခတ်လာနေသည်ကို ထင်ရှားစွာ မြင်တွေ့နိုင်ပေသည်။
ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက မကြာမီမှာပင် မီးပုံမှာ လုံးဝငြိမ်းသတ်ခြင်း ခံရပေလိမ့်မည်။
သို့သော်လည်း လူတိုင်း၏ စိတ်အာရုံမှာမူ ဤနေရာ၌ လုံးဝ ရှိမနေပေ။
တတိယရှန်ထိုက်သည် ရေခဲဓာတ် နတ်ဘုရားစွမ်းအားကို အောင်မြင်စွာ နိုးထနိုင်ခဲ့သော်လည်း ဧရာမ နေရာကူးပြောင်းခြင်းဂိတ် မှာမူ ထိုနေရာ၌ တည်ရှိနေဆဲ ဖြစ်ကာ အအေးလှိုင်းများ၏ ပြင်းထန်မှုအရ ကြည့်လျှင်၊ ဤနေရာကူးပြောင်းခြင်းဂိတ်၏ တည်ဆောက်မှု အဆင့်မှာ ထင်မှတ်ထားသည်ထက် များစွာပိုမိုမြန်ဆန်နေပေသည်။
“…… ထိုက်ချန်းက အရာရာကို ကြိုတင် စဉ်းစားပြီးသားပဲ၊ အခု ဘာပဲဖြစ်ဖြစ် သူက နေရာကူးပြောင်းခြင်းဂိတ်ကနေ ဘယ်တော့မှ ထွက်ခွာမှာ မဟုတ်ဘူး။ အရှင့်အနေနဲ့ မူလနတ်ဘုရားစွမ်းအား နိုးထလာခဲ့ပြီ ဆိုပေမဲ့လည်း၊ ထိုက်ချန်းက အဲဒီမှာ စောင့်ကြပ်နေသရွေ့တော့ ငါတို့ နေရာကူးပြောင်းခြင်းဂိတ်နားကို ချဉ်းကပ်ဖို့ လုံးဝ မဖြစ်နိုင်ဘူး။”
မျက်နှာမဲ့လူက စကားဆိုလိုက်ရင်း၊ မြေပြင်ပေါ်ရှိ နေရာကူးပြောင်းခြင်းဂိတ် ပတ်ဝန်းကျင် မြေပုံကို စူးစိုက်ကြည့်နေပေသည်။
နေရာကူးပြောင်းခြင်းဂိတ်ကို ဗဟိုပြုလျက်၊ လူနှစ်ဦးမှာ အချိန်အတော်ကြာအောင် ဆွေးနွေးခဲ့ကြသော်လည်း ထိုက်ချန်းကို ကိုင်တွယ်ရန် နည်းလမ်းကိုမူ ယခုအချိန်အထိ ရှာမတွေ့သေးပေ။
“အရှင် ကျွန်တော်မျိုးရဲ့ အစီအစဉ်အတိုင်းပဲ လုပ်ရအောင်၊ ကျွန်တော်မျိုးက ရှေ့ကနေ ထိုက်ချန်းရဲ့ အာရုံကို ဆွဲဆောင်ပြီး သူ့ကို ထိန်းထားပေးမယ်၊ အရှင်က အဲဒီအခွင့်အရေးကို သုံးပြီး နောက်ဘက်က ပတ်သွားကာ နေရာကူးပြောင်းခြင်းဂိတ် ကို ဖျက်ဆီးလိုက်ပါ!”
“အသုံးမဝင်ဘူး။”
ဝမ်ချောင်က ခေါင်းကို ခါယမ်းပြလိုက်ပေသည်။
မျက်နှာမဲ့လူသည် ဂူကောင်းကင်အဆင့်၏ အစွမ်းထက်ပုံကို လုံးဝ နားမလည်သေးပေ။ လက်စားချေလိုသော စိတ်ဆန္ဒများကြောင့် မျက်နှာမဲ့လူ၏ အစွမ်းမှာ များစွာ မြန်ဆန်စွာ တိုးတက်လာခဲ့ပြီး အင်ပါယာ စစ်သူကြီးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း၊ ထိုက်ချန်းကဲ့သို့သော ထိုက်မျိုးဆက် ပညာရှင်ရှေ့၌မူ၊ မည်သည့် အခွင့်အရေးမျှ ရှိလိမ့်မည် မဟုတ်ပေ။
“ဒါက အဓိပ္ပာယ်မရှိတဲ့ သေလမ်းရှာခြင်းပဲ ဖြစ်လိမ့်မယ်၊ ပြီးတော့ မင်းအသက်ကို စတေးလိုက်ရင်တောင် ထိုက်ချန်းကို လုံးဝ တားဆီးနိုင်မှာ မဟုတ်ဘူး၊ ဂူကောင်းကင်အဆင့်ပညာရှင် ရှေ့မှာတော့ မင်းမှာ ဘာအခွင့်အရေးမှ ရှိမှာ မဟုတ်ဘူး။”
ဝမ်ချောင်က လေးနက်သော အသံဖြင့် ဆိုလိုက်သည်။
“ကျွန်တော်မျိုးကတော့ သေရမှာကို မကြောက်ပါဘူး။”
မျက်နှာမဲ့လူက ပြတ်သားလှသော စိတ်ဆန္ဒဖြင့် ဆိုလိုက်၏။
“ငါ့ကို ထပ်ပြီး စဉ်းစားခွင့် ပေးပါဦး။”
ဝမ်ချောင်သည် မျက်မှောင်ကို တင်းတင်းကြုတ်ထားကာ မသိမသာ ခေါင်းကို ခါယမ်းလိုက်မိပေသည်။
အစွမ်း ပိုမိုအစွမ်းထက်လာလေလေ၊ ကျင့်စဉ်အဆင့်များကြားရှိ ကြီးမားလှသော ကွာဟချက်ကို ပိုမို၍ နားလည်လာလေလေ ဖြစ်ပေသည်။ မျက်နှာမဲ့လူကို ထားလိုက်ပါဦး၊ သူကိုယ်တိုင်ပင် ပြေးဝင်သွားခဲ့လျှင် သေလမ်းသာ ရှိပေသည်။
သို့သော်လည်း အပြင်စည်းရှိ အစီအရင်မှာ ပျက်စီးသွားခဲ့ပြီဖြစ်သလို၊ တတိယရှန်ထိုက်၏ မူလနတ်ဘုရားစွမ်းအားမှာလည်း နိုးထလာခဲ့ပြီဖြစ်ရာ ဝမ်ချောင်အနေဖြင့် ဘာမျှ မလုပ်ဆောင်ဘဲ ဤအတိုင်း ထွက်ခွာသွားရန်မှာ အဘယ်သို့ ကျေနပ်နိုင်ပါမည်နည်း။
ထို့ပြင် ဟင်းလင်းပြင်ထဲ၌ စီးဆင်းနေသော အအေးလှိုင်းများကို ကြည့်ရလျှင်လည်း၊ နေရာကူးပြောင်းခြင်းဂိတ် အပြီးသတ်မည့် အချိန်မှာ ပိုမို၍ နီးကပ်လာနေခဲ့ပြီ ဖြစ်သည်။
“ဟူး!”
အတွင်းကျကျ စဉ်းစားနေစဉ်မှာပင်၊ အေးစိမ့်လှသော လေပြင်းတစ်ချက် တိုက်ခတ်သွားခဲ့ကာ ဟင်းလင်းပြင် အမြင့်ပိုင်းမှ ဖြူဖွေးလှသော အရာတစ်ခုမှာ လွင့်ကျလာခဲ့ပေသည်။
နှင်းပွင့်များလား။
ဝမ်ချောင်နှင့် မျက်နှာမဲ့လူတို့၏ စိတ်ထဲ၌ ထိတ်လန့်သွားကာ ပြိုင်တူ ခေါင်းမော့ကြည့်လိုက်ကြပေသည်။
ညဉ့်အမှောင်ထုအတွင်း၌ မည်သည့်အချိန်က စတင်ခဲ့သည် မသိရဘဲ ဘဲငန်းတောင်မွှေးအလား ဧရာမ နှင်းပွင့်ကြီးများမှာ ကျဆင်းနေခဲ့ပြီ ဖြစ်ကာ ကောင်းကင်ပြည့်နှက်နေသော နှင်းပွင့်များမှာ ကက်စပီယန်ပင်လယ်အနားရှိ အရပ်မျက်နှာမှနေ၍ လွင့်ပျံ့လာနေကြပေသည်။
ခဏချင်းမှာပင် လူနှစ်ဦးလုံး၏ အကြည့်မှာ များစွာ လေးနက်တည်ငြိမ်သွားခဲ့ရပေသည်။
၎င်းတို့အတွက် အချိန် များစွာ မကျန်တော့ပေ!
“ဖောက်”
တိတ်ဆိတ်ငြိမ်သက်နေမှုကြား၌၊ သေးငယ်လှသော အက်ကွဲသံတစ်ခုမှာ ရုတ်တရက် နားထဲသို့ ဝင်ရောက်လာခဲ့ပေသည်။
ဝမ်ချောင်၏ အာရုံမှာ လှုပ်ရှားသွားကာ အလိုအလျောက်ပင် လှည့်ကြည့်လိုက်ရာ၊ ဖြူဖွေးလှသော နှင်းပွင့်လေးများမှာ သူ၏ ရှေ့မှ တောက်လောင်နေသော မီးလျှံများအတွင်းသို့ ကျရောက်သွားခဲ့ကြပြီး၊ တစ်ခုနှင့်တစ်ခု ရောယှက်ကာ ထိတွေ့မိသည့်အခါတိုင်း “ဖောက်” ဟူသော အသံလေးများကို အခါအားလျော်စွာ ထွက်ပေါ်စေနေသည်ကို မြင်တွေ့လိုက်ရ၏။
ထိုခဏ၌ သူ၏ ရှေ့မှ လှုပ်ခတ်နေသော မီးပုံ၏ မီးလျှံများကို ကြည့်ရှုရင်း၊ ဝမ်ချောင်၏ မျက်ဝန်းအတွင်း၌ အလင်းတန်းတစ်ခု လက်သွားခဲ့ကာ တစ်စုံတစ်ရာကို ရုတ်တရက် သတိရသွားဟန် ရှိပေသည်။
“ငါ့မှာ နည်းလမ်းရှိပြီ”
ဝမ်ချောင်သည် မျက်လုံးများကို အနည်းငယ် မှေးလိုက်ကာ ကက်စပီယန်ပင်လယ်အနားရှိ နေရာကူးပြောင်းခြင်းဂိတ် အရပ်မျက်နှာဆီသို့ ကြည့်လျက်၊ ဝုန်းခနဲ မတ်တပ်ရပ်လိုက်ပေတော့သည်။
……
အချိန်များမှာ တရွေ့ရွေ့ ကုန်လွန်သွားခဲ့ရာ ကက်စပီယန်ပင်လယ်အနား ပတ်ဝန်းကျင် ဆယ်မိုင်ခန့်အတွင်းမှာမူ အချိန်အတော်ကြာကတည်းက ဖြူဖွေးလှသော နှင်းခဲကမ္ဘာကြီးအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်ကာ ပြင်းထန်လှသော ကက်စပီယန်ပင်လယ်ရေများပင်လျှင် ခဲတော့မည့် အရိပ်အယောင်များ ပေါ်ထွက်နေပေသည်။ ရေခဲစအချို့မှာပင် ဆွဲငင်ခြင်းကို ခံရလျက် ကောင်းကင်ယံသို့ လွင့်ပျံ့သွားခဲ့ကြကာ ဟင်းလင်းပြင် အမြင့်ပိုင်း၌ လှုပ်ခတ်နေသော ထိုပင်လယ် ကြီးအတွင်းသို့ ရောနှောဝင်ရောက်နေကြပေသည်။
လှုပ်ခတ်နေသော ထိုပင်လယ်ကြီး၏ အောက်ခြေ၌မူ၊ ဧရာမ နေရာကူးပြောင်းခြင်းဂိတ် ၏ အရှိန်အဝါမှာ ပိုမိုပြင်းထန်လာခဲ့ကာ များစွာသော အရှိန်အဝါများနှင့် ပြင်းထန်လှသော သေခြင်းတရား အငွေ့အသက်များ ပါဝင်နေသည့် အညိုရောင် မြူခိုးများမှာ ဧရာမ နေရာကူးပြောင်းခြင်းဂိတ်၏ အခြားတစ်ဖက်ရှိ အချိန်နှင့် ဟင်းလင်းပြင် အနက်ရှိုင်းဆုံးမှနေ၍ အဆက်မပြတ် ယိုစိမ့်ထွက်ပေါ်လာနေပေသည်။
ဤမျှသာမကဘဲ နေရာကူးပြောင်းခြင်းဂိတ်မှတစ်ဆင့် အခြားတစ်ဖက်သို့ လှမ်းကြည့်မည်ဆိုပါက ဝေဝါးလှသကဲ့သို့ ဝေးကွာလှသော ကမ္ဘာတစ်ခုကိုပင် ဝေဝါးစွာ မြင်တွေ့နိုင်ပေသည်။
အဆုံးမရှိသော အချိန်နှင့် ဟင်းလင်းပြင်များက ခြားနားထားသော်လည်း၊ မည်သူပင်ဖြစ်စေ နေရာကူးပြောင်းခြင်းဂိတ်၏ အခြားတစ်ဖက်မှ စိတ်ပျက်အားငယ်မှုနှင့် သေခြင်းတရား ရနံ့များကို ခံစားသိရှိနိုင်ပေသည်။
“နောက်ထပ် နာရီအနည်းငယ်ဆိုရင်တော့ အလုံးစုံ ပြီးစီးသွားပါပြီ။”
နေရာကူးပြောင်းခြင်းဂိတ် အောက်ခြေ၌ ထိုက်ချန်းသည် ငြိမ်သက်စွာ ထိုင်နေလျက် စိတ်ထဲမှ သက်ပြင်းတစ်ချက်ကို ရှည်လျားစွာ ချလိုက်ပေသည်။
ဧရာမ နေရာကူးပြောင်းခြင်းဂိတ် တည်ဆောက်ခြင်းမှာ စွမ်းအင်များကို အလွန်အမင်း ကုန်ဆုံးစေသကဲ့သို့ တည်ဆောက်ရန် ခက်ခဲမှုမှာလည်း များစွာ ကြီးမားလှပေသည်၊ အခြေခံအားဖြင့် ထိုက်မျိုးဆက်မှ ပညာရှင်များသာလျှင် ဤတည်ဆောက်မှုကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ကြခြင်း ဖြစ်ပေသည်။ ထိုက်ချန်းကဲ့သို့သော ပညာရှင်တစ်ဦးအတွက်ပင်လျှင် ဤသည်မှာ များစွာသော ဖိအားများကို ဖြစ်ပေါ်စေခဲ့ပေသည်။
သို့သော်လည်း နောက်ထပ် နာရီအနည်းငယ်ဆိုလျှင် အရာရာမှာ ပြီးဆုံးတော့မည် ဖြစ်ပေသည်။
“ကြည့်ရတာ အဲဒီကြွက်ငယ်လေးတွေလည်း အခုဆိုရင် လုံးဝ ပျောက်ကွယ်သွားပုံရတယ်”
စိတ်အေးသွားသည့် ခဏ၌ ထိုက်ချန်းသည် တစ်စုံတစ်ရာကို သတိရလိုက်သဖြင့် သူ၏မျက်ဝန်းအတွင်းမှ ရက်စက်လှသော အမူအရာတစ်ခု ဖြတ်ပြေးသွားခဲ့ပေသည်။
သူသည် မူလက နေရာကူးပြောင်းခြင်းဂိတ် တည်ဆောက်မှု ပြီးစီးသွားပါက၊ ထို ကြွက်ငယ်လေးများကို အမြစ်ပြတ် ချေမှုန်းရန် ပြင်ဆင်ထားသော်လည်း၊ ယခုလက်ရှိ အခြေအနေအရ ကြည့်ရလျှင်မူ ထိုသို့ လုပ်ဆောင်နေရန် မလိုအပ်တော့ပုံရပေသည်။
“မင်းတို့တွေ ထွက်ပြေးတာ မြန်လို့သာပေါ့။”
သို့သော်လည်း ထိုအချိန်မှာပင် ရုတ်တရက်ဆိုသလို သဲ့သဲ့မျှသာဖြစ်သော ထူးဆန်းသည့် အသံတစ်ခုမှာ သူ၏ နားဘေးဆီမှ ထွက်ပေါ်လာခဲ့ပေသည်။
“ဟင်”
ထိုက်ချန်းသည် မျက်ခုံးကို တစ်ချက် ပင့်လိုက်ကာ စိတ်ထဲ၌ လှုပ်ခတ်သွားခဲ့သဖြင့်၊ အသံထွက်ပေါ်လာရာ အရပ်သို့ အလိုအလျောက်ပင် လှမ်းကြည့်လိုက်မိပေသည်။
မိုးကုတ်စက်ဝိုင်းဆီ၌၊ ဖြူဖွေးလှသော နှင်းများသာ ရှိနေကာ ဗလာကျင်းနေဟန် ရှိသဖြင့် ဘာမျှ မရှိသကဲ့သို့ ထင်မှတ်ရသော်လည်း၊ နောက်တစ်ခဏ၌မူ ထိုက်ချန်း၏ အကြည့်မှာ တစ်နေရာ၌ စုစည်းသွားခဲ့ပေသည်။
ထိုနေရာ၌ သူသည် ပုံရိပ်တစ်ခုကို ထင်ရှားစွာ မြင်တွေ့လိုက်ရပေသည်!
ပထမဆုံး တစ်ချက် ကြည့်လိုက်သည့် အခါတွင်မူ ထိုက်ချန်းအနေဖြင့် များစွာ ဂရုမစိုက်ခဲ့သော်လည်း၊ သူ သေသေချာချာ အကဲခတ်ကြည့်ရှုလိုက်သည့် အခါတွင်မူ မျက်နှာမှာ ဝုန်းခနဲ ပြောင်းလဲသွားခဲ့ရပေတော့သည်။
“ဟင်း… မင်းလို ကြွက်စုတ်တစ်ကောင်က တကယ်ကို သတ္တိမနည်းဘူးပဲ၊ အခုလို အချိန်မှာတောင် ငါ့ရဲ့ ရှေ့မှောက်မှာ ပေါ်လာရဲသေးတယ်လား”
“တကယ့်ကို သေလမ်းရှာနေတာပဲ”
ထိုက်ချန်းသည် အေးစက်စွာ ပြုံးလိုက်ရာ သူ၏မျက်ဝန်းအတွင်းမှ အေးစိမ့်လှသော သတ်ဖြတ်လိုသည့် စိတ်ဆန္ဒတစ်ခု ဖြတ်ပြေးသွားခဲ့ပေသည်။
တစ်ချိန်တည်းမှာပင၊ ကျယ်လောင်လှသော အသံတစ်ခုမှာ မိုးကြိုးအလား ဟိန်းထွက်လာခဲ့ကာ ကောင်းကင်ပြည့်နှက်နေသော လေနှင့် နှင်းများကို လှုပ်ခတ်သွားစေလျက် အဝေးဆီမှ ထွက်ပေါ်လာခဲ့ပေသည်။
“ထိုက်ချန်း မင်းသေဖို့အတွက် ပြင်ဆင်ပြီးပြီလား!”
ကျယ်ပြောလှသော မြေကမ္ဘာကြီးပေါ်၌၊ ဖြူဖွေးလှသော နှင်းများအကြားတွင် ဝမ်ချောင်သည် ဝတ်စုံနက်ကို ဝတ်ဆင်ထားလျက်၊ ခြေလှမ်းများကို လှမ်း၍ အဝေးမှနေ၍ ကက်စပီယန်ပင်လယ်အနားရှိ အရပ်ဆီသို့ တစ်ကိုယ်တည်း အေးဆေးတည်ငြိမ်စွာ လျှောက်လှမ်းလာနေပေသည်။
သူ၏ ခြေလှမ်းများမှာ များစွာ နှေးကွေးလှပေသည်။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ထူထဲလှသော နှင်းခဲများပေါ်၌ နက်ရှိုင်းလှသော ခြေရာတစ်ခုစီ ကျန်ရစ်နေခဲ့ပေသည်။
ဝမ်ချောင်သည် သိုင်းပညာရှင်တို့၏ ပေါ့ပါးသော အတတ်ကို လုံးဝအသုံးပြုလိုသော ဆန္ဒမရှိဘဲ ထိုက်မျိုးဆက်မှ ထိုက်ချန်းကို တစ်ကိုယ်တည်း ရင်ဆိုင်နေရသည့်တိုင်အောင် သူသည် အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိပေ။
“အတင့်ရဲလိုက်တဲ့ကောင်”
“အကြီးအကဲ ကျွန်တော် သွားပြီး သူ့ကို ရှင်းလိုက်ပါ့မယ်!”
တစ်ချိန်တည်းမှာပင်၊ ရှေ့ဘက်၌ အရာရှိ သုံးဦးအနက် ကျန်ရှိနေသော တစ်ဦးတည်းသော ကောင်းကင်အရာရှိသည်လည်း အဝေးမှ ဝမ်ချောင်ကို မြင်တွေ့သွားခဲ့ရာ၊ သူ၏ အမူအရာမှာ အေးစက်သွားကာ အံကို တင်းတင်းကြိတ်လျက် ဆိုလိုက်ပေသည်။
“အလျင်မလိုနဲ့ဦး၊ သူ့ကို လာခွင့်ပေးလိုက်စမ်း!”
ထိုက်ချန်းက အေးဆေးစွာ ပြုံးလျက်၊ ဂရုမစိုက်ဟန်ဖြင့် ဆိုလိုက်ပေသည်။
သူ၏ရှေ့မှောက်၌ ဤမျှအထိ ရဲတင်းဝံ့သူမှာ ဤတစ်ဦးတည်းသာ ရှိပေသေးသည်။ သူသည်လည်း ဒီကောင်မှာ ဦးခေါင်း ဘယ်လောက် ပါဝင်နေသလဲဆိုတာနဲ့ သူ့လည်ပင်းက ဘယ်လောက်အထိ မာကျောနေသလဲဆိုတာကို ကြည့်ရသေးတာပေါ့။
******
အခန်း (၂၀၇၆) စကြဝဠာ ကြယ်တာရာ ရိုက်ခွဲခြင်း အတတ်ပညာ
“ဟူး…”
လေပြင်းများမှာ ဟိန်းဟောက်လျက် မြေကမ္ဘာပေါ်မှ တိုက်ခတ်သွားကာ ဝမ်ချောင်သည် အေးဆေးတည်ငြိမ်စွာ လျှောက်လှမ်းလာနေပေသည်။ နှေးကွေးဟန်ရှိသော်လည်း အမှန်တကယ်တွင်မူ များစွာလျင်မြန်လှပေ၏။
အစပိုင်း၌ သူသည် မိုးကုတ်စက်ဝိုင်းအနားတွင်သာ ရှိနေသေးသော်လည်း ခဏချင်းမှာပင် မိုင်ပေါင်း ဆယ်ဂဏန်းခန့်ကို လျှောက်လှမ်းခဲ့ပြီး ဖြစ်ပေသည်။
“ဝုန်း!”
အဝေးဆီ၌ စစ်မြင်းများမှာ ဟိန်းဟောက်နေကြကာ ဖရိုဖရဲ ဖြစ်နေကြပေသည်၊ ဝမ်ချောင်ပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ရသည့်အခါ ခိုင်ရွန်လူမျိုးများနှင့် အခြားသော မျိုးနွယ်စုကြီးများမှ သံချပ်ကာ မြင်းစီးစစ်သည်များမှာ ချက်ချင်းပင် ရုန်းရင်းဆန်ခတ် ဖြစ်သွားကြတော့သည်။
“မကောင်းတော့ဘူး။ အဲဒီ နတ်ဘုရားစေတမန်ကို သတ်ခဲ့တဲ့သူပဲ!”
“သတိထား အားလုံး အဝေးကို ဆုတ်ကြစမ်း”
“သေသင့်တဲ့ကောင် သူ ဘာလို့ နောက်တစ်ခါ ပြန်လာတာလဲ”
ဝမ်ချောင်ကို မြင်တွေ့လိုက်ရသည့် ခဏ၌ ထိုသူတို့၏ တုံ့ပြန်မှုမှာ ဝိုင်းရံတိုက်ခိုက်ရန် မဟုတ်ဘဲ၊ ကပ်ရောဂါဆိုးတစ်ခုကို ရှောင်ရှားသည့်အလား အရပ်မျက်နှာအနှံ့သို့ နောက်ဆုတ်သွားကြခြင်းပင် ဖြစ်ပေသည်။
အရင်က ဝမ်ချောင်ရေအရာရှိကို သတ်ဖြတ်ခဲ့သော တိုက်ပွဲအတွင်း၌၊ မျိုးနွယ်စုများစွာမှ ရဲစွမ်းသတ္တိရှိလှသော စစ်သည်များမှာ ဝိုင်းရံတိုက်ခိုက်မှုတွင် ပါဝင်ခဲ့ကြပေသည်။ သူတို့သည် မိမိတို့၏ အမြင်၌ နတ်ဘုရားစေတမန်များ ဖြစ်ကြသော ထိုသူတို့အား အရှေ့ဘက်မှ မိစ္ဆာများကို ရင်ဆိုင်ရာတွင် ကူညီပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ခြင်း ဖြစ်သော်လည်း၊ ထိုတိုက်ပွဲအတွင်း၌မူ ထိုလှည့်လည်သွားလာနေသော လူမျိုးစု စစ်သည်များသည် နတ်ဘုရားများကြားရှိ စစ်ပွဲဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်း ပထမဆုံးအကြိမ် သိရှိသွားခဲ့ကြရပေသည်။
ထိုတိုက်ပွဲအတွင်း၌ မြောက်ဘက်နယ်မြေ၏ အမြဲတမ်း ဂုဏ်ယူဝင့်ကြွားနေခဲ့သော ထို မျိုးနွယ်စု စစ်သည်များသည် ကောက်ရိုးများအလား ရှိနေခဲ့ကြပြီး၊ အနားသို့ပင် မချဉ်းကပ်နိုင်သေးမီမှာပင် နှစ်ဖက်တိုက်ပွဲ၏ စွမ်းအင်လှိုင်းများကြောင့် အဝေးသို့ လွင့်စင်သွားခဲ့ကြရပေသည်။
သောင်းနှင့်ချီသော သံချပ်ကာ မြင်းစီးစစ်သည်များမှာ မြေပြင်သို့ပင် ပြန်လည် မကျရောက်နိုင်သေးမီမှာပင် မိမိတို့ စီးနင်းလာသော စစ်မြင်းများနှင့်အတူ တစ်ကိုယ်လုံးရှိ အရိုးအဆစ်များနှင့် ကိုယ်တွင်းအင်္ဂါများမှာ ချေမှုန်းခြင်း ခံလိုက်ရပြီး၊ အဝေးသို့ လွင့်စင်သွားသည့် ခဏ၌ပင် အသက်ပျောက်သွားခဲ့ကြရပေသည်!
စစ်မြေပြင်တစ်ခုလုံး၏ ပတ်ဝန်းကျင်၌ မရေမတွက်နိုင်သော မျိုးနွယ်စု စစ်သည်တို့၏ အလောင်းများ ပြည့်နှက်နေသော်လည်း၊ တစ်ဖက်လူမှာမူ အဝတ်အစားစလေး တစ်ခုပင် ထိခိုက်ဒဏ်ရာရခြင်း မရှိသည်ကို မြင်တွေ့လိုက်ရသည့်အခါမှသာ၊ ထို စစ်တိုက်ခြင်းကို ဝါသနာပါကာ ကြမ်းတမ်းလှသော စစ်သည်များသည် နက်နဲလှသော ကြောက်ရွံ့မှုကို ခံစားလိုက်ရခြင်း ဖြစ်ပေသည်။
လှိုင်းသံများ တဝုန်းဝုန်းနှင့်အတူ၊ မျက်တောင်တစ်ခတ်အတွင်းမှာပင် မျိုးနွယ်စု စစ်သည်များ အားလုံးမှာ အဝေးသို့ နောက်ဆုတ်သွားကြသဖြင့်၊ ဝမ်ချောင်နှင့် ထိုက်ချန်းကြား၌ ကျယ်ပြောလှသော လမ်းကြောင်းကြီးတစ်ခုမှာ ဟာလာဟင်းလင်း ပေါ်ထွက်လာခဲ့ပေတော့သည်။
“ဝုန်းးးး!”
ခြေလှမ်း တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့ရာ အပြင်စည်း စခန်းနှင့် ပေပေါင်း ရာနှင့်ချီ၍ ဝေးကွာသော နေရာသို့ ရောက်ရှိသည့်အခါ ဝမ်ချောင်သည် ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်ပေသည်။
ဤသေးငယ်လှသော လုပ်ဆောင်ချက်လေး တစ်ခုတည်းကပင် အဝေးရှိ ထိုက်ချန်း၏ မျက်ခုံးများကို ဆက်တိုက် လှုပ်ခတ်သွားစေခဲ့ပေသည်။
ဝမ်ချောင်ရပ်တန့်ရန် ရွေးချယ်လိုက်သော အကွာအဝေးမှာ ဝေးလွန်းခြင်း မရှိသကဲ့သို့ နီးလွန်းခြင်းလည်း မရှိပေ။ ၎င်းမှာ ထိုက်ချန်း၏ တိုက်ခိုက်မှု နယ်ပယ်၏ အပြင်ဘက်၌ တိကျစွာ ရှိနေသဖြင့် ဝမ်ချောင်အနေဖြင့် လုံလောက်သော တုံ့ပြန်ချိန်ကို ရရှိစေပေသည်။
“မင်းက အမှန်တကယ် ဘယ်သူလဲ?”
ထိုက်ချန်းသည် ငြိမ်သက်စွာ ထိုင်နေလျက် အဝေးမှ ဝမ်ချောင်ကို ကြည့်ကာ သူ၏ မျက်ဝန်းအတွင်းမှ အလင်းတန်းတစ်ခု လက်သွားခဲ့ပေသည် -
“အနောက်ဒေသမှာ မင်းအကြောင်း ငါ တစ်ခါမှ မကြားဖူးဘူး၊ ပြီးတော့ ဒီနေရာကလည်း အရမ်းကို ဝေးလံခေါင်သီတာပဲ၊ မင်းကို ဘယ်သူက ဒီကို လွှတ်လိုက်တာလဲ။ ဒါ့အပြင် မင်းရဲ့ပုံစံကို ကြည့်ရတာ သွေးသားနဲ့ တည်ဆောက်ထားတဲ့ ခန္ဓာကိုယ်မျိုးလည်း မဟုတ်ဘူး ထင်တယ်”
ထိုက်ချန်း၏ နောက်ဆုံး စကားတစ်ခွန်းကို ကြားလိုက်ရသည့်အခါ ဝမ်ချောင်၏ မျက်ခုံးများမှာ ပင့်တက်သွားခဲ့ကာ သူ၏မျက်ဝန်းအတွင်း၌ အံ့အားသင့်မှု အမူအရာ အနည်းငယ် ဖြတ်ပြေးသွားသော်လည်း မကြာမီမှာပင် ပုံမှန်အတိုင်း ပြန်လည် ဖြစ်သွားခဲ့ပေသည်။
“ဟင်းဟင်း… ထိုက်မျိုးဆက်က ပညာရှင်ဆိုတာ တကယ်ကို မမှားပါဘူး၊ မင်းကို လှည့်စားလို့ မရဘူးဆိုတာ ငါ သိပြီးသားပါ!”
ဝမ်ချောင်က အေးဆေးစွာ ပြုံးလျက် ဆိုလိုက်သည်။
သူ၏ ရှေးဦးရှန်ထိုက် ကိုယ်ပွား သုံးခုမှာ အမှန်တကယ်ပင် သွေးသားခန္ဓာကိုယ်များ မဟုတ်ကြပေ။ ထိုက်ချန်း၏ အစွမ်းနှင့်ဆိုပါက အမှန်နှင့် အမှားကို အတိုင်းအတာတစ်ခုအထိ ခွဲခြားသိမြင်နိုင်ခြင်းမှာ များစွာသဘာဝကျလှပေသည်။ အကယ်၍ သူသာ မသိရှိခဲ့ပါက ၎င်းမှာမှ တကယ့်ကို ထူးဆန်းမည့် ကိစ္စဖြစ်ပေလိမ့်မည်။
အခြားတစ်ဖက်မှာတော့ ထိုက်မျိုးဆက်ဟူသော စကားလုံးကို ကြားလိုက်ရသည့်အခါ၊ ထိုက်ချန်း၏ မျက်ဝန်းများမှာ အနည်းငယ်မျှ လှုပ်ခတ်သွားခဲ့ရ၏။
ထိုက်ချန်းဆိုသည့် အမည်ကို သိရှိထားခြင်းမှာ ဘာမျှ မဟုတ်သော်လည်း ထိုက်မျိုးဆက် ဆိုသည့် စကားလုံးကို သိရှိထားခြင်းမှာမူ ထိုမျှအထိ မရိုးရှင်းတော့ပေ။ သူ၏ရှေ့မှ ဤသူသည် ထိုက်မျိုးဆက်မှ ပညာရှင် တစ်ဦးထက်မကကို သေချာပေါက် တွေ့ဆုံဖူးခြင်း ဖြစ်ရပေမည်။
“မင်းက အရှေ့ဘက်ဒေသကလား?”
ထိုက်ချန်းသည် မျက်လုံးများကို မှေးလိုက်ကာ ရုတ်တရက် စကားဆိုလိုက်ပေသည်။ သူ၏နှုတ်ဖျားမှ မေးမြန်းနေခြင်း ဖြစ်သော်လည်း သူ၏ အပြောအဆိုမှာ ဝမ်ချောင်၏ အဆင့်အတန်းကို အချိန်အတော်ကြာကတည်းက အတည်ပြုထားပြီးသား ဖြစ်ပုံရပေသည်။
“အရှေ့ဘက်က ထိုက်ရှီရဲ့ နယ်မြေပဲလေ၊ အဲဒီ လီထိုက်ယီ သေသွားပြီလို့ ငါ ကြားတယ်၊ ကျန်နေတာက ဝမ်ချောင်လို့ ခေါ်တဲ့ ပျက်သုဉ်းခြင်း၏ သားတော်ပဲ။ မကြာခင်က စစ်ပွဲမှာ အာရပ်တစ်ခုလုံးကို ချေမှုန်းခဲ့သလို၊ သူက ထန်မင်းဆက်ရဲ့ မြို့တော်ထဲမှာလည်း ငါတို့ကို ပြဿနာတွေ အများကြီး ပေးခဲ့တာပဲ၊ အဲဒီလူက မင်းပဲ မဟုတ်လား!”
ထိုက်ချန်း၏ ဟိန်းထွက်နေသော အသံမှာ မြေကမ္ဘာနှင့် ကောင်းကင်ယံ တစ်ခွင်လုံး၌ ပဲ့တင်ထပ်သွားခဲ့ပေသည်။
သူ၏အကြည့်မှာ ထက်မြက်လှကာ ဓားတစ်စင်းအလား ရှိနေပေသည်။ ၎င်းမှာ လူ၏ စိတ်နှလုံး အနက်ရှိုင်းဆုံးအထိ ထိုးဖောက်ကြည့်ရှုနိုင်မည့်အလား ပြင်းထန်လှပေသည်။
ပတ်ဝန်းကျင် တစ်ခွင်လုံး၌ ဆူညံသံများ ထွက်ပေါ်နေကာ မျိုးနွယ်စု စစ်သည်များမှာ ဝမ်ချောင်နှင့် ထိုက်ချန်းတို့ ဘာတွေ ပြောဆိုနေကြသလဲဟူသည်ကို လုံးဝ မသိရှိကြဘဲ မှင်တက်နေကြပေသည်။
အပြင်စည်းနှင့် အတွင်းစည်းဆုံရာ နေရာ၌ ရပ်နေသော ကောင်းကင်အရာရှိမှာမူ သူ၏ ကိုယ်မှာ အနည်းငယ်မျှ တုန်လှုပ်သွားခဲ့ရကာ သူ၏ မျက်ဝန်းအတွင်း၌လည်း ထိတ်လန့်တုန်လှုပ်မှုများ ပေါ်ထွက်လာခဲ့ပေသည်။
“ဘာလဲ… သူလား!”
ကောင်းကင်အရာရှိသည်လည်း ပျက်သုဉ်းခြင်း၏ သားတော်အကြောင်းကို ကြားဖူးခြင်းမှာ ထင်ရှားလှပေသည်။
သူသည်လည်း ဤ အရှေ့ဘက်မှ အရှင်မင်းသားမှာ မိုင်ပေါင်း သောင်းချီ ခရီးနှင်လျက်၊ ဤကဲ့သို့သော ဝေးလံခေါင်သီလှသည့် နေရာအထိ လာရောက်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
ဤသည်မှာ သာမန် အခြေအနေမျိုးတွင် လုံးဝ ဖြစ်ပေါ်လာနိုင်စရာ မရှိသော အရာပင် ဖြစ်၏။
ခဏချင်းမှာပင် ကောင်းကင်အရာရှိ၏အကြည့်မှာလည်း များစွာ ထက်မြက်လာခဲ့ပေတော့သည်။
“ဒီကောင်က နေရာကူးပြောင်းခြင်းဂိတ် ကို ရည်ရွယ်ပြီး လာတာပဲ”
ဤခဏ၌ ကောင်းကင်အရာရှိသည် တစ်စုံတစ်ရာကို ရုတ်တရက် နားလည်သွားခဲ့ပေသည်။
သို့သော်လည်း သူသည် ယခုအချိန်အထိ နားမလည်နိုင်သေးသည်မှာ၊ အခြေစိုက်စခန်း ခြောက်ခု ဟူသော လျှို့ဝှက်ချက်မှာ အဖွဲ့အစည်းအတွင်း၌ပင် လူအနည်းငယ်သာ သိရှိကြခြင်း ဖြစ်သော်လည်း သူ၏ရှေ့မှ အရှေ့ဘက်ဒေသမှ ဤလူသားက ဘယ်လိုလုပ်ပြီး သိရှိနေသနည်းဟူသည်ကိုပင် ဖြစ်ပေသည်။
“ထိုက်ချန်းဆိုတာ တကယ်ကို မမှားပါဘူး။ မင်းက အနောက်ဘက်မှာ ဒီလောက်အထိ ဝေးဝေးမှာ ရှိနေတာတောင် ငါ့ရဲ့နာမည်ကို သိနေတာပဲ၊ ကြည့်ရတာ မင်းတို့ နတ်ဘုရားအဖွဲ့အစည်းအတွင်းမှာ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်တွေ အများကြီး ရှိပုံရတယ်၊ အနည်းဆုံးတော့ မင်းနဲ့ ထိုက်ရှီကြားမှာပေါ့”
“ဒါဆိုရင်တော့ ပိုတောင် ကောင်းသွားတာပေါ့။ မင်းကို သတ်လိုက်ရင် ထိုက်ရှီတို့ဘက်ကိုလည်း အတော်လေး ခြိမ်းခြောက်ရာ ရောက်သွားမှာပဲ”
ဝမ်ချောင်က ပြုံးလျက် ဆိုလိုက်သည်။
“သေလမ်းရှာနေတာပဲ!”
ဝမ်ချောင်၏စကားကို ကြားလိုက်ရသည့်အခါ ကောင်းကင်အရာရှိမှာ များစွာဒေါသထွက်သွားခဲ့ရပေသည်။
အဝေးရှိ နေရာကူးပြောင်းခြင်းဂိတ် အောက်ခြေရှိ ထိုက်ချန်းမှာလည်း အမူအရာ ချက်ချင်းပင် အေးစက်သွားကာ သူ၏ မျက်နှာပေါ်၌လည်း ထူထဲလှသော အအေးလှိုင်းများ ဖုံးလွှမ်းသွားခဲ့ပေသည်။
“ဟင်း၊ ကောင်းပြီ! မင်းက တကယ်ပဲ ငါ့ကို အံ့အားသင့်အောင် လုပ်နိုင်တာပဲ၊ လာခဲ့စမ်း၊ ငါ့ကို မင်း ဘယ်လို သတ်မလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့!”
ထိုက်ချန်းက အေးစက်စွာ ဆိုလိုက်ပေသည်။
ထိုက်ချန်း၏ စကားကို ကြားလိုက်ရသည့်အခါ ဝမ်ချောင်သည်လည်း အလားတူပင် အေးစက်စွာ ပြုံးလိုက်ပေသည်။ လူနှစ်ဦး၏အကြည့်မှာ အဝေးမှနေ၍ ဆုံတွေ့နေကြသော်လည်း ဝမ်ချောင်မှာမူ ရှေ့သို့ ဆက်လက် တိုးဝင်ခြင်း မရှိပေ။
ဖြည်းညှင်းစွာဖြင့် သူ၏အာရုံမှာ လှုပ်ရှားသွားခဲ့ကာ ထိုက်ချန်းဆီမှနေ၍ သူ၏ ရှေ့မှ ကောင်းကင်အရာရှိဆီသို့ အကြည့်ကို ဖြည်းညှင်းစွာ ရွှေ့လိုက်ပေသည်။
“ရွှပ်”
ဤမြင်ကွင်းမှာ လူအများကို များစွာ အံ့အားသင့်သွားစေခဲ့ပေသည်၊ ဝမ်ချောင်၏ အကြည့်မှာ မိမိကိုယ်ပေါ်သို့ ကျရောက်လာသည်ကို မြင်တွေ့လိုက်ရသည့်အခါ ကောင်းကင်အရာရှိ၏ မျက်နှာမှာ ဝုန်းခနဲ ပြောင်းလဲသွားခဲ့ရ၏။
သူသည်လည်း ဝမ်ချောင်က ထိုက်ချန်းနှင့် စကားပြောဆိုနေရင်း၊ ပစ်မှတ်မှာ မိမိဆီသို့ ရုတ်တရက် ပြောင်းလဲသွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
ဝမ်ချောင်သည် သူ၏ကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ကာ ကောင်းကင်အရာရှိအား တုံ့ပြန်ရန် အခွင့်အရေး လုံးဝ မပေးဘဲ၊ မျက်တောင်တစ်ခတ်အတွင်းမှာပင် အရိပ်မိစ္ဆာ ကိုယ်ဖျောက်အတတ်ကို အစွမ်းကုန် အသုံးပြုလျက် ကောင်းကင်အရာရှိဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားခဲ့ပေတော့သည်။
“ထိုက်ချန်း မင်းငါ့ရှေ့မှာ အရှိန်အဝါတွေ ထုတ်ပြနေဖို့ မလိုပါဘူး။ မင်း အခု အစီအရင်ကြောင့် ပိတ်မိနေပြီးတော့ ဘယ်လိုမှ ထွက်လာလို့ မရဘူးဆိုတာ ငါ သိတယ်!”
“ငါ မင်းရဲ့ နောက်ဆုံး လက်အောက်ငယ်သားကို အရင်သတ်မယ်၊ မင်း စုစည်းထားတဲ့ စစ်တပ်တွေကိုလည်း အကုန် သတ်ပစ်မယ်၊ အဲဒီနောက်မှ မင်းကို ကိုင်တွယ်မယ်။”
“မဟာ ယင်ယန် အတတ်ပညာ”
ဝမ်ချောင်သည် တစ်ချက် လှုပ်ရှားလိုက်ရုံမျှဖြင့် ကောင်းကင်အရာရှိ၏ အပေါ်ဘက် ဟင်းလင်းပြင်၌ ချက်ချင်း ပေါ်ထွက်လာခဲ့ကာ တစ်ချိန်တည်းမှာပင် လက်အတွင်း၌ ယင်နှင့် ယန် စွမ်းအားနှစ်မျိုးမှာ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး၊ နေမင်းကြီးနှင့် လမင်းကြီးအလား ဧရာမစွမ်းအင်လုံးကြီး နှစ်ခုအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားခဲ့ပေသည်။ ယင်ယန်မှာ လည်ပတ်နေကာ ရေနှင့် မီးတို့မှာလည်း အပြန်အလှန် ပဲ့တင်ထပ်လျက် မိုးကြိုးအလား ပြင်းထန်လှသော အရှိန်အဟုန်ဖြင့် အောက်ဘက်ရှိ ကောင်းကင်အရာရှိဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်ပေတော့သည်။
“သေချင်နေတာပဲ!”
ကောင်းကင်အရာရှိမှာ ထိတ်လန့်မှုနှင့်အတူ များစွာဒေါသထွက်သွားခဲ့ရ၏။
“စကြဝဠာ ကြယ်တာရာ ရိုက်ခွဲခြင်း အတတ်ပညာ”
“ဝုန်း”
သဘာဝချင်း လုံးဝဆန့်ကျင်နေသော ပြင်းထန်လှသော စွမ်းအားနှစ်ခုမှာ ဟင်းလင်းပြင်ထဲ၌ ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့ကြပေသည်။ ထိုခဏ၌ ထွက်ပေါ်လာသော လေလှိုင်းများမှာ ပင်လယ်လှိုင်းတံပိုးများအလား များစွာပြင်းထန်လှပေသည်။
ကောင်းကင်အရာရှိ၏ အစွမ်းမှာ အမှန်တကယ်ပင် အစွမ်းထက်လှသော်လည်း၊ သူသည် ဝမ်ချောင်၏ တုံ့ပြန်မှုကိုမူ လျှော့တွက်မိခဲ့ခြင်းပင် ဖြစ်ပေသည်။
လှိုင်းသံများ တဝုန်းဝုန်းနှင့်အတူ လေလှိုင်းများမှာ ဟိန်းဟောက်နေကာ ဟင်းလင်းပြင်ထဲ၌ ယင်နှင့်ယန် နေလ ပုံရိပ်ယောင် နှစ်ခုမှာ တစ်ပြိုင်တည်း လည်ပတ်နေကြပေသည်၊ ကောင်းကင်အရာရှိ၏ ပြင်းထန်လှသော ကျင့်စဉ်စွမ်းအားများမှာ မဟာ ယင်ယန် ကောင်းကင်ဘုံ ဖန်တီးမှုပညာ၏ ဆွဲငင်မှုအောက်၌ အကုန်လုံး ဟင်းလင်းပြင် ဗလာနယ်အတွင်းသို့ ပြောင်းလဲ ရောက်ရှိသွားခဲ့ရပေသည်။ ဝမ်ချောင်က ပြင်းထန်လှသော လက်ဝါးတစ်ချက်ဖြင့် ကောင်းကင်အရာရှိ၏ ရင်ဘတ်ကို အားကုန် ရိုက်နှက်လိုက်ပေတော့သည်။
“ဝုန်းးးး”
လက်ဝါးတစ်ချက်တည်းဖြင့်ပင် ဝမ်ချောင်၏ ဖိနှိပ်ခြင်းကို ခံလိုက်ရကာ အခြေအနေ မဟန်တော့သဖြင့် ကောင်းကင်အရာရှိပင်လျှင် မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့ကာ ဖြူလျော့သွားခဲ့ရပေသည်။
သို့သော်လည်း ကောင်းကင်အရာရှိမှာ အရာရှိသုံးဦး၏ အကြီးအကဲဖြစ်သည့်အတိုင်း သာမန်လူတစ်ဦး လုံးဝ မဟုတ်ပေ။
မှောင်မိုက်လှသော အလင်းတန်းတစ်ခု လက်သွားခဲ့ကာ ဝမ်ချောင်က ကောင်းကင်အရာရှိ၏ ကိုယ်အတွင်းသို့ ထည့်သွင်းလိုက်သော ဂန်ချီလှိုင်းလုံးကြီးမှာ သူ၏ကျောဘက်မှနေ၍ ပြန်လည်ထွက်ပေါ်လာခဲ့ပေသည်။ သူ၏နောက်ကွယ်၌မူ ဟင်းလင်းပြင်မှာ ကွဲအက်သွားခဲ့ကာ ဝေဝါးလှသော အက်ကြောင်းတစ်ခုနှင့်အတူ ထပ်ဆင့်နေသော အချိန်နှင့် ဟင်းလင်းပြင် ပုံရိပ်ယောင်များ ပေါ်ထွက်လာခဲ့ပေသည်။
ကောင်းကင်အရာရှိ၏ ကိုယ်အတွင်းသို့ ဝင်ရောက်လာသော ထိုဂန်ချီများမှာ ခဏချင်းမှာပင် ကောင်းကင်အရာရှိက အချိန်နှင့် ဟင်းလင်းပြင် အနက်ရှိုင်းဆုံးဆီသို့ လွှဲပြောင်း ပို့ဆောင်လိုက်ခြင်း ဖြစ်ပေသည်။
စကြဝဠာ၏ ကိုယ်ထည်။
ဤသည်မှာ ကောင်းကင်အရာရှိ၌ မြေအောက်အရာရှိနှင့် ရေအရာရှိတို့ထက် ထူးခြားလှသော မူလနတ်ဘုရားစွမ်းအား ဖြစ်သကဲ့သို့၊ ကောင်းကင်အရာရှိသည် အရာရှိသုံးဦး၏ အကြီးအကဲ ဖြစ်လာရသည့် အဓိက အကြောင်းရင်းလည်း ဖြစ်ပေသည်။
ကောင်းကင်အရာရှိသည် အထပ်ပေါင်း တစ်သောင်းသော အချိန်နှင့် ဟင်းလင်းပြင်များဆီမှ စွမ်းအားများကို ရယူနိုင်ရုံသာမက၊ တစ်ဖက်လူက မိမိအား တိုက်ခိုက်လာသော စွမ်းအားများကိုလည်း အချိန်နှင့် ဟင်းလင်းပြင် အနက်ရှိုင်းဆုံးဆီသို့ လွှဲပြောင်း ပို့ဆောင်နိုင်ပေသည်၊ ဤသို့ဖြင့် တစ်ဖက်လူ၏ တိုက်ခိုက်မှုများကို လုံးဝ အရာမထင်စေဘဲ မိမိကိုယ်တိုင် ခံစားရမည့် ထိခိုက်မှုများကိုလည်း အနည်းဆုံး ဖြစ်အောင် လျှော့ချနိုင်ခြင်း ဖြစ်ပေသည်။
“အားလုံး အမိန့်ကို နာခံကြ၊ သူ့ကို သတ်ကြစမ်း”
ကောင်းကင်အရာရှိသည် သူ၏ကိုယ်အတွင်းရှိ ဝမ်ချောင်၏ ဂန်ချီများကို တစ်ချက်တည်းဖြင့် ပြိုကွဲစေလိုက်ကာ သူ၏ ဆံနွယ်များမှာ လွင့်ပျံ့နေလျက် စူးရှစွာ ဟိန်းဟောက်လိုက်ပြီးနောက်၊ အပြင်စည်း တစ်ခုလုံးရှိ ဝတ်စုံမည်းဝတ်လူ အားလုံးအား ဝမ်ချောင်ကို ဝိုင်းရံသတ်ဖြတ်ရန် အမိန့်ပေးလိုက်ပေတော့သည်။
ပုရွက်ဆိတ် များပြားပါက ဆင်တစ်ကောင်ကိုပင် ကိုက်သတ်နိုင်သည်။
၎င်းတို့၏ အစွမ်းမှာ တစ်ဦးချင်းစီဆိုပါက ဝမ်ချောင်နှင့် ရင်ဆိုင်တွေ့ဆုံမိသည်နှင့်ပင် ပြိုင်ဘက် မဟုတ်ကြသော်လည်း၊ လူတိုင်း အတူတူ ပူးပေါင်းလျက် သူနှင့်အတူ ပါဝင်တိုက်ခိုက်မည်ဆိုပါက ဝမ်ချောင်အတွက် များစွာသော ဖိအားများကို ပေးစွမ်းနိုင်ရန် လုံလောက်လှပေသည်။
“ဟိန်း”
ကောင်းကင်အရာရှိ၏အမိန့်ကို ကြားလိုက်ရသည့်အခါ၊ လူသားနှင့် မတူညီသော အော်ဟစ်သံများမှာ မြေကမ္ဘာနှင့် ကောင်းကင်ယံ တစ်ခွင်လုံး၌ ဟိန်းထွက်လာခဲ့ပေသည်။ ကျန်ရှိနေသော ရာနှင့်ချီသော ဝတ်စုံမည်းဝတ်လူများမှာ ဟိန်းဟောက်လျက် သူတို့၏ ကိုယ်ခန္ဓာများမှာ တစ်ခုပြီးတစ်ခု ပြောင်းလဲလာခဲ့ကြပေသည်။ ရှည်လျားလာခြင်း၊ တုတ်ခိုင်လာခြင်းများ ပြုလုပ်လျက် တစ်ဦးချင်းစီတိုင်းမှာ လုဝူပုံစံများ၊ အစူရာ ပုံစံများအဖြစ် ပြောင်းလဲသွားကြပေတော့သည်။ ဟိန်းဟောက်လှုပ်ခတ်နေသော မီးလျှံများမှာ သူတို့၏ ကိုယ်ပေါ်မှ ထွက်ပေါ်လာခဲ့ကာ အရပ်မျက်နှာအနှံ့မှနေ၍ ဝမ်ချောင်ဆီသို့ လျင်မြန်စွာ ပြေးဝင်သွားခဲ့ကြပေသည်။
အခြားတစ်ဖက်မှာတော့ ကောင်းကင်အရာရှိသည် အမိန့်ပေးပြီးနောက်တွင် ဝမ်ချောင်နှင့် ဆက်လက်၍ သေတိုက်တိုက်ရန် ပြင်ဆင်နေသော်လည်း၊ သူ၏ အမြင်အာရုံအတွင်းရှိ မြင်ကွင်းကြောင့် ရုတ်တရက် မှင်တက်သွားခဲ့ရ၏။
ဝမ်ချောင်သည် လက်ဝါးတစ်ချက်တည်းဖြင့် ကောင်းကင်အရာရှိကို နောက်ဆုတ်သွားစေခဲ့သော်လည်း အောင်ပွဲကို အခွင့်ကောင်းယူလျက် ဆက်လက်တိုက်ခိုက်ခြင်း မပြုခဲ့ဘဲ၊ အရပ်မျက်နှာကို လျင်မြန်စွာ ပြောင်းလဲလိုက်ကာ ဝတ်စုံမည်းဝတ်လူ လူအုပ်ကြီးအတွင်းသို့ ပြေးဝင်သွားခဲ့ပေတော့သည်။
ဝုန်း ဝုန်း ဝုန်း!
ကောင်းကင်တုန်ဟိန်းစေသော ပေါက်ကွဲသံများကြား၌ ဝမ်ချောင်မှာ သိုးအုပ်အတွင်းသို့ ဝင်ရောက်လာသော ကျားတစ်ကောင်အလား ဝတ်စုံမည်းဝတ်လူများကို လက်ဦးမှုယူလျက် လိုက်လံသတ်ဖြတ်နေပေသည်။
ဝမ်ချောင်၏ ရှေးဦးရှန်ထိုက် ကိုယ်ပွားရှေ့၌မူ၊ သာမန် သိုင်းပညာရှင်တို့၏ အမြင်၌ မြင့်မြတ်လှကာ များစွာအစွမ်းထက်လှသော ထိုဝတ်စုံမည်းဝတ်လူများမှာ ရွှံ့ရုပ်၊ သစ်သားရုပ်များအလား ရှိနေကြပြီး ခုခံနိုင်စွမ်း လုံးဝမရှိကြပေ။ ဝမ်ချောင်က လက်ဝါးတစ်ချက် ရိုက်ချလိုက်တိုင်း၊ ပြင်းထန်လှသော ဂန်ချီများမှာ လှိုင်းလုံးကြီး တစ်သောင်းအလား အောက်ဘက်သို့ လွှမ်းခြုံသွားခဲ့ကာ လုဝူပုံစံ၊ အစူရာပုံစံ ပြောင်းလဲထားသော ဝတ်စုံမည်းဝတ်လူ တစ်ဦးပြီးတစ်ဦးမှာ လျင်မြန်စွာပင် မြေမှုန့်အဖြစ် ပြောင်းလဲသွားခဲ့ကြရပေသည်။
ကောင်းကင်အရာရှိမှာ ဒေါသတကြီး ဆက်တိုက်ဟိန်းဟောက်လျက် နောက်ကွယ်မှနေ၍ အဆက်မပြတ် လိုက်လံ တိုက်ခိုက်နေသော်လည်း ဝမ်ချောင်ကမူ “အရိပ်မိစ္ဆာ အတတ်ပညာ” ကို အသုံးပြုလျက် ရှေ့ဘက်၌ ပုံရိပ်များမှာ မတည်မငြိမ် ပြောင်းလဲနေကာ ထို ဝတ်စုံမည်းဝတ်လူများကိုသာ ဆက်တိုက် လိုက်လံသတ်ဖြတ်နေပေတော့သည်။
စူးရှလှသော အော်ဟစ်သံများမှာ ဆက်တိုက် ထွက်ပေါ်နေခဲ့ကာ တိုတောင်းလှသော အချိန်အတွင်းမှာပင် ဝမ်ချောင်၏ ‘နတ်ဆိုးလက်ဝါး’ရှေ့၌ ဝတ်စုံမည်းဝတ်လူ တစ်စုမှာ ခဏချင်းမှာပင် ထိခိုက်သေဆုံးမှု များစွာ ကြုံတွေ့ခဲ့ရပေတော့သည်။
အခြားတစ်ဖက်၌မူ ထိုက်ချန်းသည် ငြိမ်သက်စွာ ထိုင်နေလျက် ရှိနေပေသည်။ သူ၏ဆံနွယ်များမှာ နှင်းအလား ဖြူဖွေးနေကာ ထို နှင်းကမ္ဘာကြီးမှာ သူ၏ ပုံရိပ်ကို ပိုမို၍ ရက်စက်ကာ မြင့်မြတ်လှသလို၊ အေးစက်ကာ မည်သည့် ခံစားချက်မျှ မပါဝင်သော ပုံစံမျိုးအဖြစ် ပိုမို ထင်ရှားစေနေပေသည်။
ဝမ်ချောင်အနေဖြင့် အပြင်စည်းအတွင်း၌ အဆက်မပြတ် လိုက်လံ သတ်ဖြတ်နေကာ မရေမတွက်နိုင်သော ဝတ်စုံမည်းဝတ်လူများမှာ သူ၏ဂန်ချီများအောက်၌ တစ်ဦးပြီးတစ်ဦး လဲကျနေကြသည်ကို ကြည့်ရှုရင်း၊ အကျိုးဆက်အားဖြင့် မြောက်ဘက်နယ်မြေမှ မျိုးနွယ်စု စစ်သည်များပင်လျှင် ထိခိုက်မှုများ ကြုံတွေ့နေရကာ မျိုးနွယ်စု စစ်သည်အမြောက်အမြားမှာလည်း ဝမ်ချောင်၏လက်ချက်ဖြင့် ထိုနေရာ၌ပင် သေဆုံးနေကြသော်လည်း၊ တစ်နယ်မြေလုံးတွင် ဝမ်ချောင်၏ ပြိုင်ဘက်ဟူ၍ တစ်ဦးမျှ မရှိသည်ကို မြင်တွေ့နေရသည့်တိုင်အောင်၊ ထိုက်ချန်း၏ မျက်ဝန်းအတွင်း၌မူ အနည်းငယ်မျှပင် လှုပ်ခတ်ခြင်း မရှိဘဲ ငြိမ်သက်နေဆဲ ဖြစ်ပေသည်။
နတ်ဘုရားအဖွဲ့အစည်းအတွင်း၌မူ အဆင့်အတန်း ခွဲခြားမှုမှာ များစွာတင်းကျပ်လှပေသည်။
အရေအတွက် များပြားလှသော မြောက်ဘက်နယ်မြေမှ မျိုးနွယ်စု စစ်သည်များ ဖြစ်စေ၊ အစွမ်းထက်လှသော ဝတ်စုံမည်းဝတ်လူ များ ဖြစ်စေ၊ ထိုက်ချန်းနှင့် ထိုက်ရှီတို့ကဲ့သို့သော အမှန်တကယ် အဆင့်မြင့် ခေါင်းဆောင်များအတွက်မူ၊ ၎င်းတို့မှာ အမှန်တကယ်ပင် ပုရွက်ဆိတ်များသာ ဖြစ်ကြပေသည်။
သူတို့သာ အလိုရှိမည်ဆိုပါက ယခုကဲ့သို့သော လောကကြီးမှ သူရဲကောင်းဟု ခေါ်ဆိုကြသော သူများကို အချိန်မရွေး အမြောက်အမြား စုစည်းနိုင်ပေသည်။
ဝတ်စုံမည်းဝတ်လူ များနှင့် ပတ်သက်၍လည်း၊ အချိန်အနည်းငယ် ပေးလိုက်ရုံမျှဖြင့် အလားတူပင် ပြန်လည် မွေးမြူနိုင်ပေသည်။
ကောင်းကင်အရာရှိကဲ့သို့သော ပညာရှင်မျိုးပင်လျှင် အမှန်တကယ် အဓိကပုဂ္ဂိုလ်တစ်ဦး မဟုတ်ပေ။
ဝမ်ချောင်အနေဖြင့် သူတို့အား လိုက်လံ သတ်ဖြတ်နေခြင်းမှာ အမှန်တကယ်တော့ မည်သည့် အဓိပ္ပာယ်မျှ ရှိနေခြင်း မဟုတ်ပေ။
******
အခန်း (၂၀၇၇) ဝမ်ချောင်၏ သတ်ကွင်း
“အချိန်ဆွဲမနေနဲ့တော့!”
ထိုအချိန်မှာပင် လေနှင့်နှင်းများ ကျဆင်းနေစဉ်မှာပင် ထိုက်ချန်း၏ ငွေဖြူရောင် ဆံနွယ်များမှာ လွင့်ပျံ့နေကာ သူ၏နှုတ်ခမ်းကို အနည်းငယ် ဟလျက် နောက်ဆုံးတွင် စကားဆိုလိုက်ပေသည်။ ထိုအေးစိမ့်လှသော မျက်ဝန်းအစုံအတွင်း၌မူ မိုးကြိုးအလား အလင်းတန်းများ လှုပ်ခတ်နေပေသည်။
“မင်းက လက်နှက်မချဘူးဆိုရင်တော့ ငါကိုယ်တိုင်ပဲ လုပ်ရမှာပေါ့”
ထိုက်ချန်း၏ အေးစက်တည်ငြိမ်သော အသံမှာ မြေကမ္ဘာနှင့် ကောင်းကင်ယံ တစ်ခွင်လုံး၌ ပဲ့တင်ထပ်သွားခဲ့ပေသည်။
အဝေး၌ လူအုပ်အတွင်း လိုက်လံသတ်ဖြတ်နေသော ဝမ်ချောင်သည် ကိုယ်ခန္ဓာ တုန်လှုပ်သွားကာ ခြေလှမ်းများမှာလည်း ရုတ်တရက် ခေတ္တမျှ ရပ်တန့်သွားခဲ့ပြီး သူ၏တစ်ကိုယ်လုံးမှာ အလိုအလျောက်ပင် ထိုက်ချန်းရှိရာ အရပ်ဆီသို့ လှည့်ကြည့်လိုက်မိပေသည်။
ထိုနေရာတွင် ထိုက်ချန်းမှာ ရုပ်တုတစ်ခုအလား လှုပ်ရှားခြင်းမရှိဘဲ ငြိမ်သက်နေဆဲ ဖြစ်ပေသည်။
သူ၏တစ်ကိုယ်လုံးမှာ နေရာကူးပြောင်းခြင်းဂိတ်နှင့် အချိန်အတော်ကြာကတည်းက တစ်သားတည်း ဖြစ်နေခဲ့ပြီဖြစ်ကာ သူ၏ညာဘက်လက်ကို လျင်မြန်စွာ ဆန့်ထုတ်လျက် အောက်ဘက်သို့ လှမ်းဖမ်းလိုက်ပြီး တစ်ချိန်တည်းမှာပင် လက်ချောင်းငါးချောင်းကို ရုတ်တရက် တင်းတင်းဆုပ်လိုက်ပေတော့သည်။
“ဝုန်း”
ကောင်းကင်တုန်ဟိန်းစေသော ပေါက်ကွဲသံကြီးနှင့်အတူ ထိုက်ချန်း၏ ညာဘက်လက်ဝါးကို ဗဟိုပြုလျက်၊ ပြင်းထန်လှသော အချိန်နှင့် ဟင်းလင်းပြင် လှိုင်းတွန့်များမှာ သာမန်မျက်စိဖြင့် မြင်တွေ့နိုင်သော အရှိန်အဟုန်ဖြင့် ပတ်ဝန်းကျင်သို့ တုန်ခါပျံ့နှံ့သွားခဲ့ပေသည်။
“ငါ့ကို ဖုံးကွယ်ထားနိုင်မယ်လို့ မင်းတို့ ထင်နေတာလား?”
ထိုက်ချန်း၏ အမူအရာမှာ အလွန်အမင်း အေးစက်နေပေသည်။ သူ၏လက်ချောင်းငါးချောင်းကို တင်းတင်းဆုပ်ကာ အားကုန် ဆွဲယူလိုက်ရာ ကြီးမားလှသော စွမ်းအားတစ်ခုမှာ အထပ်ထပ်သော ဟင်းလင်းပြင်များကို ဖြတ်ကျော်လျက် မြေအောက်အနက်ရှိုင်းဆုံးရှိ နေရာတစ်ခုကို လွှမ်းခြုံသွားခဲ့ပေသည်။
“ထွက်လာခဲ့စမ်း”
“မကောင်းတော့ဘူး!”
မြေအောက်အနက်ရှိုင်းဆုံး ဧရာမ ပြာလဲ့သော စွမ်းအင်ဗဟိုချက် တည်ရှိရာ နေရာ၌မူ အံ့အားသင့်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့ပေသည်။ စွမ်းအင်ဗဟိုချက်၏ အောက်ခြေသို့ တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်ကာ စွမ်းအင်များကို စုပ်ယူလျက် အစီအရင်တစ်ခုကို တည်ဆောက်နေသော တတိယရှန်ထိုက်မှာ ကြီးမားလှသော အချိန်နှင့် ဟင်းလင်းပြင် စွမ်းအား၏ ချုပ်နှောင်ခြင်းကို ခံလိုက်ရသဖြင့် သူ၏ တစ်ကိုယ်လုံးမှာ ချက်ချင်းပင် လှုပ်ရှား၍ မရတော့ပေ။
“သေလမ်းရှာနေတဲ့ အသုံးမကျတဲ့ကောင်တွေ ငါ့ရဲ့ရှေ့မှောက်မှာတောင် တစ်ဖက်ကို လှည့်စားပြီး လှည့်ကွက်တွေ သုံးဝံ့တယ်လား။ မင်းတို့ မြေအောက်မှာ လှုပ်ရှားနေတာကို ငါမသိဘူးလို့ တကယ်ပဲ ထင်နေတာလား?”
“ဝုန်း!”
အလင်းရောင် တစ်ချက် လက်သွားခဲ့ကာ လူတိုင်း တုံ့ပြန်ရန် အချိန်မရမီမှာပင် ထိုက်ချန်းက အတင်းအကျပ် ဆွဲယူလိုက်ရာ သူ၏ရှေ့ရှိ မြေပြင်ပေါ်၌ ဧရာမ အချိန်နှင့် ဟင်းလင်းပြင် တွင်းနက်ကြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ တတိယရှန်ထိုက်မှာမူ တစ်ကိုယ်လုံးကို ပြာလဲ့သော အလင်းအိမ်ကြီးဖြင့် ဖုံးလွှမ်းလျက် ကိုယ်တစ်ပိုင်းမှာ မြေအောက်အနက်ရှိုင်းဆုံးမှ ဆွဲထုတ်ခြင်း ခံလိုက်ရပေတော့သည်။
“…”
အဝေးမှနေ၍ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့် ဝမ်ချောင်မှာ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရကာ အသက်ရှူသံပင် ရပ်တန့်တော့မည့်အလား ရှိနေပေသည်။
ထိုက်ချန်း၏ အစွမ်းမှာ များစွာအစွမ်းထက်လှကြောင်း သူ သိရှိထားသော်လည်း၊ ဝမ်ချောင်အနေဖြင့် ထိုက်ချန်း၏ အစွမ်းမှာ ယခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသော အဆင့်အထိ ရှိနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ အထပ်ထပ်သော အချိန်နှင့် ဟင်းလင်းပြင်များကို ခြားနားလျက်ပင်၊ ပြာလဲ့သော ကျောက်သလင်းကြီးအတွင်း၌ ဖျက်ဆီးရေး စီရင်ထုံးများကို တည်ဆောက်နေသော တတိယရှန်ထိုက်ကို သူက အတင်းအကျပ် ဆွဲထုတ်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။
တတိယရှန်ထိုက်၏ ခြေဖဝါးများမှာ မြေအောက်၌ ရှိနေဆဲ ဖြစ်သော်လည်း၊ သူ၏ ဦးခေါင်းမှာမူ မြေပြင်ပေါ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ပေသည်။
ဤသည်မှာ အချိန်နှင့် ဟင်းလင်းပြင် စွမ်းအား၏ ထူးခြားဆန်းကြယ်လှသော အချက်ပင် ဖြစ်ပေတော့သည်!
“မကောင်းတော့ဘူး!”
ဝမ်ချောင်၏ မျက်နှာမှာ ဖြူလျော့သွားခဲ့ကာ ပတ်ဝန်းကျင်ရှိ ဝတ်စုံမည်းဝတ်လူ အားလုံးကို ချက်ချင်း စွန့်လွှတ်လိုက်ပြီးနောက် အရိပ်မိစ္ဆာ အတတ်ပညာကို အစွမ်းကုန် အသုံးပြုလျက်၊ သူ၏ ကိုယ်မှာ ဝေဝါးလှသော အနက်ရောင် မျဉ်းတစ်ကြောင်းအဖြစ် ပြောင်းလဲသွားကာ အံ့အားသင့်ဖွယ် ကောင်းလှသော အရှိန်အဟုန်ဖြင့် ဧရာမ နေရာကူးပြောင်းခြင်းဂိတ် အရပ်ဆီသို့ ပြေးဝင်သွားခဲ့ပေတော့သည်။
ထိုက်ချန်း၏ အစွမ်းမှာ အမှန်တကယ်ပင် အလွန်အမင်း အစွမ်းထက်လှပေသည်!
ဝမ်ချောင်အနေဖြင့် ထိုက်ချန်း၏ ရှေ့မှောက်၌ ဝတ်စုံမည်းဝတ်လူများကြားသို့ မဆင်မခြင် ပြေးဝင်ကာ လိုက်လံ သတ်ဖြတ်ဝံ့ခြင်းမှာ ထိုက်ချန်းသည် နေရာကူးပြောင်းခြင်းဂိတ်ကို တည်ဆောက်နေရသဖြင့် အရေးကြီးသော အချိန်၌ လုံးဝလက်မအားနိုင်ကြောင်း သူ ကောင်းစွာသိရှိထားသောကြောင့် ဖြစ်သလို၊ နှစ်ဖက်ကြားရှိ အကွာအဝေးမှာလည်း များစွာ ဝေကွာလှသဖြင့် ထိုက်ချန်း၏ အချိန်နှင့် ဟင်းလင်းပြင် စွမ်းအားမှာ များစွာအားနည်းသွားမည်ဖြစ်ရာ၊ သူ့အား ဖမ်းဆုပ်နိုင်ခြင်း မရှိသရွေ့ သူ့ကို မည်သို့မျှ မတတ်နိုင်ကြောင်း ယုံကြည်ထားသောကြောင့် ဖြစ်ပေသည်။
သို့သော်လည်း တတိယရှန်ထိုက်မှာမူ ထိုက်ချန်း၏ ကြိုတင် သိရှိခြင်းကို ခံလိုက်ရကာ နေရာကူးပြောင်းခြင်းဂိတ်ရှေ့သို့ ဆွဲခေါ်ခြင်း ခံလိုက်ရပြီဖြစ်ရာ၊ ထိုက်ချန်း၏ အစွမ်းနှင့်ဆိုပါက ယခုကဲ့သို့သော အနီးကပ် အကွာအဝေး၌ တတိယရှန်ထိုက်ကို သတ်ဖြတ်ရန်မှာ လက်တစ်ဖက် လှန်ရသလောက်ပင် လွယ်ကူလှပေသည်။
“ဟင်း… ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ!”
ထိုက်ချန်းသည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ကာ အနည်းငယ်မျှပင် ဂရုမစိုက်ဟန် ရှိပေသည်၊ သူသည် မြေအောက်မှနေ၍ သူ၏စွမ်းအင်ဗဟိုချက်ကို ခိုးယူရန် ကြိုးစားသော ဤသူခိုးလေးကို အရင်သတ်ဖြတ်မည်ဖြစ်ကာ ၎င်း၏ နောက်တွင်မှ ကြောင်က ကြွက်ကို ကစားသည့်အလား ကျန်ရှိနေသော သူများကို တစ်ဦးချင်းစီ ညှဉ်းပန်း သတ်ဖြတ်သွားမည် ဖြစ်ပေသည်။
“သေစမ်း!”
ထိုက်ချန်း၏ အမူအရာမှာ အလွန်အမင်း ရက်စက်လှကာ သူ၏ ပတ်ဝန်းကျင်ရှိ အချိန်နှင့် ဟင်းလင်းပြင် စွမ်းအား လှုပ်ခတ်မှုမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိနေပေသည်။ သူ၏သွယ်လျလှသော လက်ချောင်းငါးချောင်းကို ဖြန့်ကျက်လိုက်ကာ တတိယရှန်ထိုက်၏ ဦးခေါင်းထိပ်ဆီသို့ တိုက်ရိုက် ဖမ်းဆုပ်လိုက်ပေတော့သည်။
ထိုက်ချန်း၏ ဤလက်ဝါးချက်အတွင်းမှ ထွက်ပေါ်နေသော အရှိန်အဝါနှင့် ဖိအားများအရဆိုလျှင် လက်ဝါးတစ်ချက်တည်းဖြင့်ပင် တတိယရှန်ထိုက်၏ ဦးခေါင်းကို တိုက်ရိုက် ရိုက်ခွဲပစ်နိုင်ရန် လုံလောက်လှပေသည်။
“ဝုန်းးးး!”
ထိုက်ချန်း၏ လက်ချောင်းငါးချောင်းသည် တတိယရှန်ထိုက်၏ ဦးခေါင်းကို ဖမ်းဆုပ်တော့မည့် ခဏ၌ ထိုက်ချန်း၏ မျက်ခုံးများမှာ လှုပ်ခတ်သွားခဲ့ကာ ရုတ်တရက်ဆိုသလို သူ၏ နှလုံးခုန်သံမှာလည်း နှစ်ချက်ခန့် မြန်ဆန်သွားခဲ့ပြီး များစွာမှားယွင်းနေသော ခံစားချက်တစ်ခုမှာ သူ၏ စိတ်ထဲသို့ တိုးဝင်လာခဲ့ပေသည်။
“မဖြစ်ဘူး”
“ဘယ်သူလဲ!”
ထိုက်ချန်းသည် ဆက်တိုက်ဆိုသလို အော်ဟစ်လိုက်ကာ သူ တတိယရှန်ထိုက်ကို မြေအောက်မှ ဆွဲထုတ်ခဲ့သော ထို အချိန်နှင့် ဟင်းလင်းပြင် လမ်းကြောင်း ဆီသို့ ကိုယ်ကို ရုတ်တရက် လှည့်လျက် ကြည့်လိုက်မိပေသည်။
အချိန်နှင့် ဟင်းလင်းပြင် လမ်းကြောင်းအတွင်း၌မူ အစပိုင်းတွင် မှောင်မိုက်နေကာ မည်သည့်အရာမျှ ဖြစ်ပေါ်ခြင်း မရှိသကဲ့သို့ ရှိနေသဖြင့်၊ သူ၏ စိတ်အာရုံ မှားယွင်းမှုအလား ထင်မှတ်ရပေသည်။
သို့သော်လည်း မျက်တောင်တစ်ခတ်အတွင်းမှာပင် မြေအောက်အနက်ရှိုင်းဆုံးမှနေ၍ အချိန်အတော်ကြာအောင် ပုန်းအောင်းနေခဲ့သော အသံတစ်ခုမှာ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့ပေသည် -
“အခွင့်ကောင်းပဲ”
“အခုပဲ”
ထိုထူးဆန်းလှသော အသံနှင့်အတူ ပြင်းထန်လှသော အရှိန်အဝါတစ်ခုမှာ ရုတ်တရက် ပေါ်ထွက်လာခဲ့ကာ ခဏချင်းမှာပင် ပေါက်ကွဲထွက်ပေါ်လာခဲ့သလို တစ်ချိန်တည်းမှာပင် ထိုက်ချန်းဖွင့်လှစ်ထားသော ထိုအချိန်နှင့် ဟင်းလင်းပြင်လမ်းကြောင်းမှာလည်း ချက်ချင်းပင် အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့ပေတော့သည်။
“ဝုန်း”
နောက်တစ်ခဏ၌ ပိတ်တော့မည့် ထိုအချိန်နှင့် ဟင်းလင်းပြင် တွင်းနက်အတွင်းမှနေ၍၊ တောက်ပလှသော အပြာရောင် အလင်းတန်းလေးတစ်ခုမှာ ရုတ်တရက် ထိုးထွက်လာခဲ့ပေသည်။
အစပိုင်း၌ ထိုအပြာရောင် အလင်းတန်းမှာ ပိုးစုန်းကြူးလေးတစ်ကောင်၏ အလင်းအစက်အပြောက်လေးအလား သေးငယ်လှသော်လည်း၊ မျက်တောင်တစ်ခတ်အတွင်းမှာပင် အဆပေါင်း ရာကျော်မက ကြီးမားလာခဲ့ကာ ဧရာမတောင်ကုန်းကြီးတစ်ခုအလား ဖြစ်ပေါ်လာခဲ့ပေသည်။ ၎င်းအတွင်း၌ ကိန်းအောင်းနေသော ကြီးမားလှသည့် စွမ်းအင်များမှာလည်း ထိုက်ချန်း လုံးဝမပိတ်ရသေးသော အချိန်နှင့် ဟင်းလင်းပြင် လမ်းကြောင်းကို အတင်းအကျပ် ဆွဲဖြဲလျက် ကျယ်ပြန့်သွားစေခဲ့ပေသည်။
ဤရင်းနှီးနေသော အပြာရောင် အလင်းတန်းကို မြင်တွေ့လိုက်ရသည့်အပြင်၊ ၎င်းအတွင်းမှ လောကကိုပျက်သုဉ်းစေမည့် ပြင်းထန်လှသော စွမ်းအင်များကိုပါ ခံစားလိုက်ရသည့်အခါ ထိုက်ချန်း၏မျက်လုံးအစုံမှာ ကျုံ့သွားခဲ့ရကာ သူ၏အမူအရာမှာလည်း ခဏချင်းမှာပင် ပြင်းထန်စွာ ပြောင်းလဲသွားခဲ့ရပေတော့သည်။
စွမ်းအင်ဗဟိုချက်။
ဤသည်မှာ သူ နေရာကူးပြောင်းခြင်းဂိတ်ကို စွမ်းအင်များ ပေးအပ်ရန်အတွက် မြေအောက် မိုင်ပေါင်း ဆယ်ဂဏန်းခန့်၌ တပ်ဆင်ထားခဲ့သော စွမ်းအင် အရင်းအမြစ်ပင် ဖြစ်ပေသည်။
“ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
ထိုက်ချန်းသည် သွားကို တင်းတင်းကြိတ်ကာ မျက်လုံးများကို ပြူးကျယ်လျက် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရပေသည်။
သူသည် မြေအောက်မှ ထို သူခိုးငယ်ကို အတင်းအကျပ် ချုပ်နှောင်ထားနိုင်ခဲ့ပြီးဖြစ်သလို၊ စွမ်းအင်ဗဟိုချက်ကိုလည်း အစီအရင်များဖြင့် မြဲမြံစွာ ခိုင်ခံ့စေခဲ့သည်ဖြစ်ရာ၊ သူ၏အချိန်နှင့် ဟင်းလင်းပြင် လမ်းကြောင်းအတွင်းသို့ ဘယ်လိုလုပ်ပြီး ရုတ်တရက် တိုးဝင်လာနိုင်သနည်း။
တစ်ခုမှလွဲ၍
လျှပ်စီးလက်သည့်အလား ထိုက်ချန်း၏ ဦးနှောက်ထဲ၌ အတွေးတစ်ခု ဖြတ်ပြေးသွားခဲ့ကာ သူ၏တစ်ကိုယ်လုံး တုန်လှုပ်သွားလျက် တစ်စုံတစ်ရာကို ချက်ချင်းပင် နားလည်သွားခဲ့ပေသည်။
တစ်ချိန်တည်းမှာပင် ထိုက်ချန်း၏ စိတ်ထဲမှ တွေးတောမှုများကို ပြန်လည် တုံ့ပြန်လိုက်သည့်အလား ပြိုင်ဘက်ကင်းသော စွမ်းအားများ ပါဝင်နေသည့် ကောင်းကင်တုန်ဟိန်းစေသော အသံကြီးမှာ မြေအောက်မှနေ၍ ရုတ်တရက် ထွက်ပေါ်လာခဲ့ပေသည်။
“ငါ့အတွက် ပွင့်စမ်း”
ဝမ်ချောင်၏ ပထမရှန်ထိုက်၏အသံမှာ မိုးကြိုးအလား ဟိန်းထွက်နေကာ ကက်စပီယန်ပင်လယ် တစ်ခွင်လုံးသို့ ပဲ့တင်ထပ်သွားခဲ့ပေသည်။
ထိုဟိန်းဟောက်သံနှင့်အတူ ဝမ်ချောင်၏ ပထမရှန်ထိုက်သည် တောင်ကုန်းတစ်ခုအလား ဧရာမ ကြီးမားလှသော စွမ်းအင်ဗဟိုချက်ကို လက်ဝါးတစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သလို၊ အခြားသော လက်တစ်ဖက်မှာမူ တတိယရှန်ထိုက်၏ ခြေကျင်းဝတ်ကို အတင်းအကျပ် ဖမ်းဆုပ်လိုက်ပေသည်။ ထိုက်ချန်းအနေဖြင့် တတိယရှန်ထိုက်အပေါ်၌သာ အာရုံစိုက်နေသည့် ခဏ၌၊ ဝမ်ချောင်သည် သူ၏ အရှိန်အဝါများကို ဖုံးကွယ်ထားခြင်း မရှိတော့ဘဲ သိမ်မွေ့နက်နဲသော အဆင့် အထွတ်အထိပ်ရှိသော ကြီးမားလှသည့် စွမ်းအားများကို ပြင်းထန်လှသော မြေဓာတ် မူလနတ်ဘုရားစွမ်းအားနှင့် ပေါင်းစပ်လျက် ရုတ်တရက် ပေါက်ကွဲထုတ်ဖော်လိုက်ပေတော့သည်။
ဝုန်း ဝုန်း ဝုန်း
မြေကြီးများ ကွဲအက်ကာ တောင်တန်းများ ပြိုကျကုန်ပေသည်။
ဝမ်ချောင်၏ ပထမရှန်ထိုက်၏ ကြီးမားလှသော စွမ်းအားများအောက်၌၊ စွမ်းအင်ဗဟိုချက်ကို ထိန်းချုပ်ထားသော အစီအရင်များမှာ ဝမ်ချောင်က အတင်းအကျပ် ရိုက်ခွဲပစ်ခြင်းကို ခံလိုက်ရပေသည်။ ဝမ်ချောင်၏ လက်မောင်းများပေါ်တွင် အကြောများမှာ ထိုးထွက်လာခဲ့ကာ သွေးကြောများမှာလည်း ဖောင်းကားလာလျက် သူ၏တစ်ကိုယ်လုံးရှိ အင်အားရှိသမျှ အသုံးပြု၍ တောင်ကုန်းတစ်ခုအလား ဧရာမ ကြီးမားလှသော စွမ်းအင်ဗဟိုချက်ကို ထိုက်ချန်းဖွင့်လှစ်ထားသော အချိန်နှင့် ဟင်းလင်းပြင် လမ်းကြောင်းမှတစ်ဆင့် အတင်းအကျပ် ထိုးသွင်းလိုက်ပေသည်။ နားစည်ကို ကွဲအက်စေမည့် မြည်ဟည်းသံကြီးများနှင့်အတူ ထိုက်ချန်း၏ နောက်ကွယ်ရှိ ဧရာမ နေရာကူးပြောင်းခြင်းဂိတ် ဆီသို့ အားကုန် ပစ်လွှတ်လိုက်ပေတော့သည်။
အချိန်နှင့် ဟင်းလင်းပြင် စွမ်းအား ဆိုသည်မှာ သာမန် သိုင်းပညာရှင်တို့ ထိတွေ့နိုင်သော အရာမျိုး လုံးဝမဟုတ်ပေ။
ထို့ပြင် ထိုက်ချန်း၏ ဂူဗိမာန်နတ်ဘုရားအဆင့်ရှိသော ကျင့်စဉ်အစွမ်းများကြောင့် သူ၏မျက်စိရှေ့မှောက်၌ တစ်စုံတစ်ရာ လုပ်ဆောင်ရန်မှာ ပို၍ခက်ခဲလှပေသည်။ သို့သော်လည်း ဝမ်ချောင်သည် သူတော်စင်ဧရာဇ် ချန်ထားခဲ့သော မှတ်တမ်းများကို ဖတ်ရှုဖူးသဖြင့်၊ ၎င်းအတွင်း၌ ဂူဗိမာန်နတ်ဘုရားအဆင့်နှင့် ပတ်သက်သော လျှို့ဝှက်ချက်များစွာကို ဖော်ပြထားခြင်း ဖြစ်ပေသည်။
ဂူဗိမာန်နတ်ဘုရားအဆင့် ပညာရှင်များ ဖွင့်လှစ်ထားသော အချိန်နှင့် ဟင်းလင်းပြင် လမ်းကြောင်းများမှာ၊ စိတ်အလိုအတိုင်း ဖွင့်ခြင်း၊ ပိတ်ခြင်း ပြုလုပ်နိုင်ကြသော်လည်း၊ အကယ်၍ နောက်ဆုံးအခိုက်အတန့်၌ ထိုလမ်းကြောင်းအတွင်းသို့ အတင်းအကျပ် တိုးဝင်နိုင်မည်ဆိုပါ၊ ပိတ်တော့မည့် အချိန်နှင့် ဟင်းလင်းပြင် လမ်းကြောင်းကို ခေတ္တမျှ ထပ်မံ၍ အတင်းအကျပ် ဆွဲဆန့်ထားနိုင်မည် ဖြစ်ပေသည်။
သို့သော်လည်း ဤကဲ့သို့သော လုပ်ဆောင်ချက်မှာ အလွန်အမင်း အန္တရာယ် များလှပေသည်၊ လုံလောက်သော အစွမ်းမရှိပါက အသားကြိတ်စက်အတွင်းသို့ ပြေးဝင်သွားခြင်းနှင့် မခြားနားပေ။
နောက်ဆုံး ရလဒ်မှာမူ သေချာပေါက် အသားစများအဖြစ် ကြေမွသွားရုံသာ ရှိပေလိမ့်မည်။
သို့သော်လည်း ဝမ်ချောင်မှာမူ ကွဲပြားခြားနားလှပေသည်၊ သူ၏ အစွမ်းမှာ မူလကတည်းက သာမန် ပညာရှင်တို့ထက် များစွာသာလွန်နေသလို၊ အရေးအကြီးဆုံးအချက်မှာ ဝမ်ချောင်သည် တောင်ကုန်းတစ်ခုအလား ဧရာမ ကြီးမားလှသော စွမ်းအင်ဗဟိုချက်ကို အချိန်နှင့် ဟင်းလင်းပြင် လမ်းကြောင်းအတွင်းသို့ အတင်းအကျပ် ထိုးသွင်းလိုက်ခြင်းပင် ဖြစ်ပေသည်။
မူလက ကျုံ့ဝင်ကာ ပိတ်တော့မည့် အချိန်နှင့် ဟင်းလင်းပြင် လမ်းကြောင်းမှာ၊ စွမ်းအင်ဗဟိုချက်၏ ပြင်းထန်လှသော စွမ်းအင်များကြောင့် အတင်းအကျပ် ပွင့်ဟသွားခဲ့ရသလို၊ တစ်ချိန်တည်းမှာပင် အချိန်နှင့် ဟင်းလင်းပြင် လမ်းကြောင်းအတွင်းရှိ ရက်စက်လှသော ကြေမွစေသည့် စွမ်းအားများကိုလည်း ပြန်လည် ခုခံထားနိုင်ခဲ့သဖြင့်၊ ဝမ်ချောင်အတွက် မသိမသာဖြင့် ခဏတာ အသက်ရှူနိုင်မည့် အချိန်ကို ရရှိစေခဲ့ပေသည်။
ဝမ်ချောင်၏ ရှေးဦးရှန်ထိုက်အတွက်မူ၊ ဤမျှ တိုတောင်းလှသော အချိန်လေးမှာပင် လုံလောက်လှပေပြီ။
ဝမ်ချောင်၏ ပထမရှန်ထိုက်သည် ကြီးမားလှသော စွမ်းအင်ဗဟိုချက်ကို လက်တစ်ဖက်ဖြင့် မကာ ခြေတစ်လှမ်းတည်းဖြင့်ပင် ထိုက်ချန်း၏ ဦးခေါင်းထက်မှနေ၍ ကျော်ဖြတ်သွားခဲ့ပေသည်။
“သွားစမ်း”
ဧရာမ နေရာကူးပြောင်းခြင်းဂိတ် ၏ ပတ်ဝန်းကျင်၌ ထိုက်ချန်းထားရှိသော တားမြစ်ချက် များစွာရှိနေသေးသော်လည်း ဝမ်ချောင်သည် သူ၏တစ်ကိုယ်လုံးရှိ အင်အားများကို စွမ်းအင်ဗဟိုချက်အတွင်းသို့ ထည့်သွင်းလိုက်ကာ ထိုတားမြစ်ချက်များကို အတင်းအကျပ် ရိုက်ခွဲလျက် နေရာကူးပြောင်းခြင်းဂိတ်၏ အနက်ရှိုင်းဆုံးဆီသို့ ပြင်းထန်စွာ ပစ်လွှတ်လိုက်ပေတော့သည်။
စွမ်းအင်ဗဟိုချက်မှ ယိုစိမ့်ထွက်ပေါ်နေသော ပြင်းထန်လှသည့် စွမ်းအင်များ၏ တိုက်ခိုက်ခြင်းကို ဝမ်ချောင်၏ပထမရှန်ထိုက်မှာလည်း ခံစားနေရပေသည်။
ရက်စက်လှသော အအေးဓာတ်များမှာ ပထမရှန်ထိုက်၏ ကိုယ်တွင်း၌ ရမ်းကားစွာ တိုက်ခိုက်နေကြကာ နောက်တစ်ခဏ၌ သူ့အား အပိုင်းအစများအဖြစ် ဆွဲဖြဲပစ်တော့မည့်အလား ရှိနေပေသည်။ ပထမရှန်ထိုက်၏ တစ်ကိုယ်လုံးရှိ ဂန်ချီများမှာလည်း အဆက်မပြတ် ခဲသွားခဲ့ကြကာ ရေခဲစများအဖြစ် ပြောင်းလဲလျက် အောက်ဘက်သို့ လွင့်ကျနေပေသည်။
တတိယရှန်ထိုက်၏ အကူအညီများ ရှိနေသော်လည်း ထိုကြောက်မက်ဖွယ်ကောင်းလှသော အအေးဓာတ်မှာမူ အလွန်ပင် ပြင်းထန်နေဆဲ ဖြစ်ပေသည်၊ သို့သော်လည်း ယခုအချိန်၌ ဝမ်ချောင်အနေဖြင့် ထိုအချက်များကို ဂရုစိုက်နေနိုင်ခြင်း မရှိတော့ပေ။
သူ၏ လက်ထဲရှိ ထို တောင်ကုန်းငယ်တစ်ခုအလား ကြီးမားလှသော စွမ်းအင်ဗဟိုချက်အတွင်း၌ ကိန်းအောင်းနေသည့် ကြီးမားလှသော စွမ်းအင်များသည် အလွန်အမင်း မတည်မငြိမ် ဖြစ်နေသည်ကို သူ ခံစားသိရှိနေပေသည်။ ၎င်းမှာ အချိန်မရွေး ပေါက်ကွဲထွက်လာနိုင်သော မီးတောင်ရှင် တစ်ခုကဲ့သို့ပင် ဖြစ်နေပေသည်။
အမှန်တော့ ဝတ်စုံမည်းဝတ်လူ အဖွဲ့အစည်းသည် နေရာကူးပြောင်းခြင်းဂိတ် တည်ဆောက်ရန်အတွက် ကြီးမားလှသော စွမ်းအင်များကိုသာ လိုအပ်ခြင်းဖြစ်ပြီး၊ ထိုစွမ်းအင်များ တည်ငြိမ်ရန်အတွက်မူ မလိုအပ်ခြင်းကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် အစပိုင်းကတည်းက ဤ တောင်ကုန်းတစ်ခုအလား ကြီးမားလှသော စွမ်းအင်ဗဟိုချက်မှာ အလွန်အမင်း မတည်မငြိမ် ဖြစ်နေခဲ့ခြင်းပင် ဖြစ်၏။
ထို့ပြင် အရင်တုန်းကမူ တတိယရှန်ထိုက်သည် စွမ်းအင်ဗဟိုချက်၏ ပတ်ဝန်းကျင်၌ အမြဲ ပုန်းအောင်းနေခဲ့ကာ သူ၏ ရေခဲဓာတ် မူလနတ်ဘုရားစွမ်းအားကို အသုံးပြုလျက် စွမ်းအင်ဗဟိုချက်၏ အတွင်းပိုင်း၌ အစီအရင်များနှင့် အမှတ်အသားများကို ထားရှိခဲ့ခြင်း ဖြစ်ပေရာ ၎င်း၏ အတွင်းပိုင်း ဟန်ချက်ကို ပျက်ပြားသွားစေခဲ့သဖြင့် ဤစွမ်းအင်ဗဟိုချက်ကို ပိုမို၍ မတည်မငြိမ် ဖြစ်သွားစေခဲ့ပေသည်။
သို့သော်လည်း မတည်ငြိမ်မှုနှင့် ပတ်သက်၍သာ ပြောရမည်ဆိုလျှင်၊ ကက်စပီယန်ပင်လယ်အနား တစ်ခွင်လုံး၌ ယခုလက်ရှိ စွမ်းအင်ဗဟိုချက်ထက် ပို၍အန္တရာယ်များကာ မတည်မငြိမ် ဖြစ်နေသော အရာတစ်ခု ရှိနေပေသေးသည်။
၎င်းမှာ ထိုက်ချန်း၏ နောက်ကွယ်ရှိ ဧရာမ နေရာကူးပြောင်းခြင်းဂိတ် ပင် ဖြစ်ပေတော့သည်!
အနန္တ စကြဝဠာကြီးအတွင်း၌ အတည်ငြိမ်ဆုံး မဟုတ်သောအရာမှာ အချိန်နှင့် ဟင်းလင်းပြင်ပင် ဖြစ်ပေသည်။ ဝတ်စုံမည်းဝတ်လူ အဖွဲ့အစည်း တည်ဆောက်ထားသော နေရာကူးပြောင်းခြင်းဂိတ်မှာမူ အထပ်ထပ်သော အချိန်နှင့် ဟင်းလင်းပြင်များကြား၌ တည်ဆောက်ထားခြင်း ဖြစ်၏။
အကယ်၍ နေရာကူးပြောင်းခြင်းဂိတ်သာ အပြီးသတ် တည်ဆောက်ပြီးစီးသွားကာ တည်ငြိမ်သွားခဲ့မည်ဆိုလျှင် ထားလိုက်ပါဦး၊ သို့သော်လည်း ယခုလက်ရှိ ဧရာမ နေရာကူးပြောင်းခြင်းဂိတ်မှာမူ မပြီးဆုံးသေးသော အခြေအနေ၌သာ ရှိနေသေးပေသည်၊ ဤသည်မှာလည်း ထိုက်ချန်းအနေဖြင့် ဂူကောင်းကင်အဆင့်ရှိသော အစွမ်းထက် ကျင့်စဉ်များ ရှိသော်လည်း ဤနေရာ၌သာ ပိတ်မိနေရကာ မြေအောက်အရာရှိနှင့် ရေအရာရှိတို့ကို ဝမ်ချောင်က သတ်ဖြတ်နေသည်ကို မျက်စိရှေ့မှောက်၌ မြင်တွေ့နေရသည့်တိုင်အောင် သွားရောက် မကူညီနိုင်ခဲ့သည့် အဓိက အကြောင်းရင်းပင် ဖြစ်ပေသည်။
အလွန်အမင်း မတည်မငြိမ် ဖြစ်နေသော စွမ်းအင်ဗဟိုချက်တစ်ခုနှင့်၊ အလွန်အမင်း မတည်မငြိမ် ဖြစ်နေသော အချိန်နှင့် ဟင်းလင်းပြင် နေရာကူးပြောင်းခြင်းဂိတ်တစ်ခု၊ ဤ မတည်မငြိမ် ဖြစ်နေသော အရာနှစ်ခုမှာ အချင်းချင်း ပြင်းထန်စွာ ရိုက်ခတ်မိသွားမည်ဆိုပါက၊ နောက်ဆုံးတွင် မည်သို့သော အကျိုးသက်ရောက်မှုမျိုး ဖြစ်ပေါ်လာမည်နည်းဟူသည်မှာ ခန့်မှန်းကြည့်ရုံဖြင့် သိနိုင်ပေသည်။
ထိုမြင်ကွင်းမှာမူ နှင်းပွင့်လေးများ မီးပုံအတွင်းသို့ ကျရောက်သွားသည့်အခါ ထွက်ပေါ်လာသော အက်ကွဲသံများထက် အဆပေါင်း ကုဋေကုဋာမက ပိုမို ခန့်ညားထည်ဝါလှပေလိမ့်မည်။
ဤသည်မှာ ဝမ်ချောင်အရင်က မီးပုံအတွင်း၌ မြင်တွေ့ခဲ့ရသော အချက်ဖြစ်သကဲ့သို့၊ ဝမ်ချောင်အနေဖြင့် ထိုက်ချန်းကို ရင်ဆိုင်ရန်အတွက် အသုံးပြုမည့် နောက်ဆုံးသော နည်းလမ်းလည်း ဖြစ်ပေတော့သည်။