နိုးထ အသက်ဝင်ခြင်း
Vol. 7 Ch. 96
ပိထူရဲ့စွမ်းအား၊ မာန်အတတ်တို့နဲ့ ဖန်တီးထားတဲ့ လရဲ့ အတောင်ပံ ပုံရိပ်ဟာ မြင်ရသူတိုင်းကို ကြောက်ရွံ့ ထိတ်လန့်စေတယ်။ တကယ်တမ်းကျတော့ ဒီဒေသဝိုက်မှာ နေထိုင်သူတွေ အားလုံးဟာ လရဲ့အတောင်ပံ သတ္တဝါများကို အတော်လေး ရင်းရင်းနှီးနှီး သိရှိနေကြပြီးသား မဟုတ်လား။
အခု ပိထူရဲ့ သတ်ဖြတ် လိုစိတ်က သိပ်ကို အားကောင်း နေလွန်းလို့ သူ့ရဲ့ ရုပ်နယ်လွန် အဆင့်ရှိ စွမ်းအားတွေနဲ့ အတူ မော့စန်း အကြီးအကဲကို အနိုင်ပိုင်းလိုက်နိုင်တာ ဖြစ်တယ်။ သူ့ကို ဘယ်သူမှ ယှဉ်ပြိုင်၊ အနိုင်ယူနိုင်ဖို့ မဖြစ်နိုင်တော့ဘူး ထင်ပါတယ်။
အကြီးအကဲရဲ့ နောက်ကို လိုက်လာတဲ့ လရဲ့ အတောင်ပံဟာ အကြီးအကဲနဲ့ ခပ်မြန်မြန် နီးကပ်လာတယ်။ မာန်နတ်ဘုရားရဲ့ အကာအကွယ် အလင်းရောင် အောက်ကို အကြီးအကဲ မရောက်ရှိ သွားခင်လေးမှာ ဖမ်းချုပ် ထားလိုက်နိုင်တော့မယ်။
မျက်စိတဖျတ် အတွင်းမှာ နက်မှောင်တောင် မျိုးနွယ်ဝင်တွေ အားလုံး ကြေကွဲဝမ်းနည်း ကုန်ကြတယ်၊ ဒါပေမဲ့ သူတို့ ဘာများလုပ်နိုင်မှာလဲ။ သူတို့ရဲ့ မျိုးနွယ်စု ခေါင်းဆောင်တောင် အကြီးအကဲကို မကယ်တင်နိုင်တဲ့ ကိစ္စ ...။
နန့်စုန့်ဟာ သူ့နဖူးသူ လက်ဝါးနဲ့ ရိုက်ချလိုက်တယ်။ မျက်ခုံးကြားက အက်ကွဲကြောင်းက တစ်ဖန် ပြန်လည် ပွင့်ဟလာလေတယ်။ မှိန်ဖျော့ဖျော့ အစိမ်းရောင် အလင်းလူသားက အကြီးအကဲကို ကူညီချင်လို့ အလျင်အမြန် ပြေးထွက်သွားပေမဲ့ အရမ်းဝေးနေတယ်။ အလင်းလူသား ဘယ်လောက်မြန်မြန် လရဲ့အတောင်ပံနဲ့ အကြီးအကဲက တအား နီးလွန်းနေခဲ့တယ်။ ၎င်းနဲ့ အကြီးအကဲကြားမှာ ပေ၃၀လောက်သာ ကွာဝေးတော့တယ်။
စုမင်ရဲ့ ခေါင်းထဲမှာလည်း အရာအားလုံး ဗလာနတ္ထိ။ သူ့ရဲ့မိသားစု၊ သူ့ရဲ့ အရင်းနှီးဆုံး ပုဂ္ဂိုလ်ဟာ အခု အသက်ဘေး ကြုံတွေ့နေရပြီး သူက ဘာမှ မလုပ်ပေးနိုင်ဘူး။ လရဲ့ အတောင်ပံ သတ္တဝါဟာ အကြီးအကဲနဲ့ နီးကပ်လာနေပြီး ၎င်းရဲ့ပါးစပ်ကို ဖွင့်ဟလိုက်တဲ့ မြင်ကွင်းကို သူကြည့်နေရုံပဲ တတ်နိုင်ခဲ့တယ်။ အကြီးအကဲကို ဝါးမျိုလိုက်လုဆဲဆဲ..... တိတ်ဆိတ်နေခဲ့တဲ့ စုမင်ဟာ စူးစူးဝါးဝါး အော်ဟစ် လိုက်လေတယ်။
အဲဒီ ကြေကွဲ ရှိုက်ငင်တဲ့ အော်သံမှာ သူ့ရဲ့ခွန်အားတွေအပြည့်အဝပါဝင်နေတယ်။ ဒဏ်ရာတွေပွင့်လာပြီး သွေးတွေယိုစီးကျလာပေမဲ့ သူဂရုမစိုက်ဘူး။ သူ့မျက်လုံးတွေထဲမှာ အကြီးအကဲနဲ့ အကြီးအကဲကို ဝါးမျိုတော့မယ့် လရဲ့ အတောင်ပံကိုပဲ မြင်နေခဲ့တယ်။
သူ့ရဲ့ကိုယ်ခန္ဓာကို သူကိုယ်တိုင် မထိန်းချုပ်နိုင်တော့ သလိုပဲ။ သူ့ရဲ့စူးရှတဲ့ အော်သံဟာ ကောင်းကင်ယံ အထိ ပဲ့တင် ထပ်သွားခဲ့ပြီး လရဲ့တောင်ပံ သတ္တဝါ ဝါးမျိုခြင်း ခံရလုလု အကြီးအကဲရဲ့ အကြားအာရုံကို သွားရောက် ရိုက်ခတ်လေတယ်။
စုမင်မျက်လုံးထဲ သွေးလွှမ်းလဟာ စုမင် တတိယမြောက် သွေးလောင်ကျွမ်းခြင်း ပြုလုပ်တုန်းက ဖြစ်ပေါ်ခဲ့တဲ့ ခံစားမှုမျိုးနဲ့ ခပ်ဆင်ဆင် တောက်ပ လောင်ကျွမ်းနေတယ်။ စုမင် ကိုယ်ခန္ဓာ တစ်ခုလုံးဆီ ၎င်းခံစားချက် ပျံ့နှံ့သွားပုံက စုမင် တစ်ကိုယ်လုံးကို မီးလောင် တိုက်သွင်းလိုပုံနဲ့။ အော်ဟစ် လိုက်စဉ်မှာ စုမင်ခေါင်းထဲ အတွေး တစ်ခုတည်း ရှိတယ်၊ လရဲ့ အတောင်ပံ သတ္တဝါက အကြီးအကဲကို အန္တရာယ် မဖြစ်စေဖို့ ...
အဲဒီအတွေးဟာ စုမင်ခေါင်းထဲမှာ ကျယ်လောင် မြည်ဟိန်းလို့ ပေါက်ကွဲ သွားတဲ့အတွက် အကျိုးဆက် အနေနဲ့ အမြင်အာရုံကို မှုန်ဝေဝါးစေပြီး မျက်လုံး၊ နှာခေါင်း၊ နား၊ ပါးစပ်များကနေ သွေးတွေ ယိုစီးကျလာတယ်။ အခုချက်ချင်း မြေပြင်ပေါ်က ကြွတက် ပျံသန်းပြီး အကြီးအကဲကို ဝါးမျိုဖို့ ကြိုးပမ်းနေတဲ့ လရဲ့အတောင်ပံ သတ္တဝါရှိ နေရာကို အမြန်ဆုံး အရှိန်နှုန်းနဲ့ ရောက်ရှိ သွားတော့မယောင် ခံစားလိုက်ရတယ် ...
ထူးဆန်းတဲ့ မြင်ကွင်း တစ်ခုဖြစ်ပေါ်လာခဲ့တယ် ... ...
ဧရာမ လရဲ့ အတောင်ပံ သတ္တဝါကြီးဟာ တသိမ့်သိမ့် တုန်ယင်လာခဲ့ပြီး အပြင်းအထန် ရုန်းကန် လှုပ်ရှားလာတယ်။ ၎င်းဟာ ရှေ့တည့်တည့်က အကြီးအကဲကို ကြည့်ပြီး အတောင်ပံတွေကို ပြန်ရုပ်လို့ ၎င်းအနောက်မှာ ကြက်သေသေတဲ့ အမူအရာနဲ့ ရှိနေတဲ့ ပိထူထံ လှည့်ပြန် ချီတက် သွားတော့တယ်။
မော့စန်း အကြီးအကဲဟာ အံ့အား သင့်နေခဲ့တယ်။ အခုလို ဖြစ်မသွားခင် စက္ကန့်မျှသော အချိန်လေး အတွင်းမှာ လရဲ့ အတောင်ပံ သတ္တဝါရဲ့ မျက်လုံးတွေထဲက ရင်းနှီး ကျွမ်းဝင်နေတဲ့ အကြည့်ကို မြင်တွေ့ လိုက်ရတယ်။
စုမင်လည်း ဘာကြောင့်မှန်း မသိပေမဲ့ သူကိုယ်တိုင်ဟာ အဲဒီလရဲ့ အတောင်ပံ အဖြစ် ပြောင်းလဲ သွားတယ် ဆိုတာကိုတော့ သိလိုက်တယ်။ သူ နောက်လှည့်ပြီး မှင်တက်နေတဲ့ ပိထူထံ ပြေးဝင်သွားကာ တိုက်ခိုက်ဖို့ လုပ်တယ်။
ပိထူဟာ သူ့ရဲ့ချီနဲ့ သူ့ရဲ့ မာန်ပညာရပ်ကနေ ဖြစ်ပေါ်လာတဲ့ လရဲ့ အတောင်ပံကို ထိန်းချုပ်နိုင်စွမ်း မရှိတော့တာ ဘာကြောင့်လဲဆိုတာ မသိဘူး။ သူ့အနားကို ၎င်း နီးကပ်လာချိန်မှာ မျက်လုံးထဲ လက်ခနဲ ဖြစ်သွားပြီး ခပ်မြန်မြန် နောက်ဆုတ် လိုက်တယ်။ လရဲ့အတောင်ပံ သတ္တဝါကို ပြန်လည် ဖျောက်ဖျက်ပစ်ဖို့ လုပ်ပေမဲ့ သူ့ရဲ့ပညာရပ်က ၎င်းအပေါ်ကို အကျိုး သက်ရောက်မှု လုံးဝ မရှိတာကိုပဲ တွေ့လိုက် ရပါတော့တယ်။
လရဲ့အတောင်ပံဟာ အနီးကပ်လာခဲ့ပြီး တုန်ယင် လှုပ်ခတ်နေတဲ့ ကိုယ်ခန္ဓာနဲ့ ပိထူကို ဝင်တိုက်လိုက်ချိန်မှာ တစ်ကိုယ်လုံး တစ်စစီ ပေါက်ကွဲ ပျက်စီးသွားပြီး သွေးတွေ နေရာ အနှံ့ ပျံ့နှံ့သွားတယ်။ အလားတူပင် ပိထူလည်း သွေးအန် ထုတ်လိုက်ရတယ်၊ အနောက်ဘက်ကို ပေရာချီ လွင့်ထွက် သွားခဲ့ပြီးမှ ကိုယ့်ကိုကိုယ် ဟန်ချက် ထိန်းညှိလိုက်နိုင်တယ်။ သူ့မျက်နှာပေါ်မှာ အံ့အားသင့်နေတဲ့ မျက်နှာထားက နေရာ ယူထားလေတယ်။
လရဲ့ အတောင်ပံ သတ္တဝါကြေမွသွားချိန်မှ စုမင်လည်း နယ်နှင်ဒဏ် ပေးခံရလိုက်ရတဲ့ ခံစားချက်နဲ့ သူ့ခန္ဓာကိုယ်ထဲ ခပ်မြန်မြန် ပြန်လည် ဝင်ရောက်လာတယ်။ သူ့ခန္ဓာကိုယ် တွန့်လိမ် သွားပြီးနောက် အသိစိတ် ပြန်ဝင်လာတယ်။
အဲဒီ အခိုက်အတန့်မှာ အကြီးအကဲဟာ မျိုးနွယ်စုထံ လုံခြုံဘေးကင်းစွာ ပြန်ရောက်ခဲ့ပါပြီ။ မာန်နတ်ဘုရား ရုပ်တုရဲ့ အကာအကွယ် အလင်းရောင်အောက်မှာ တင်ပျဉ်ချိတ် ထိုင်ချပြီး အရိုးနဲ့ ပြုလုပ်ထားတဲ့ အပ်၇ချောင်းကို ညာဘက်လက်နဲ့ ထုတ်ယူလိုက်ကာ ခန္ဓာကိုယ်ထဲကို တစ်ချောင်းပြီး တစ်ချောင်း ထည့်သွင်း ပါတော့တယ်။
တစ်ချိန်တည်းမှာပဲ အခုချိန်ထိ ကောင်းကင်ထက်မှာ ရှိနေသေးတဲ့ အရူးတစ်ပိုင်း ပိထူဟာ နှုတ်ခမ်းထောင့်က သွေးတွေကို သုတ်ပစ်လိုက်ပြီးလျှင် နတ်ဘုရား အလင်းရောင် အကာအကွယ် အောက်က အကြီးအကဲကို စိုက်ကြည့်တယ်။ ထူးဆန်းတဲ့ မြင်ကွင်းကြောင့် သူ ထိတ်လန့်သလို ဖြစ်မိပေမဲ့ အခုချိန်မှာ သူ့ရဲ့ စိတ်အခြေအနေက ဘာအကျိုးဆက်ကိုမှ မစဉ်းစား မဆင်ခြင် နိုင်တော့ချိန်။ မော့စန်းနဲ့ နက်မှောင်တောင် မျိုးနွယ်ဝင် တစ်ယောက်တလေကိုမှ ချမ်းသာမပေးနိုင်ဘူး။
သူက မြေပြင်ပေါ်ကို ထိုးဆင်းလာပြီး မျက်စိတဖျတ် အတွင်းမှာ မျိုးနွယ်စုနဲ့ နီးကပ်လို့လာနေပြီ။ အဲဒီအချိန်မှာ အကြီးအကဲက အရိုးအပ် ၃ချောင်းကိုပဲ ကိုယ်ခန္ဓာထဲ ထည့်သွင်း နိုင်သေးတယ်။
"မော့စန်း...မင်းအသက်ကို စတေးမယ် ဆိုရင်တောင် မင်းက ငါ့ပြိုင်ဘက် ဖြစ်မလာနိုင်ဘူး ..."
သူနဲ့ နီးကပ်လာတဲ့ နန့်စုန့်ရဲ့ မျက်ခုံးကြားက အစိမ်းရောင် အလင်းလူသားကို ညာဘက်လက်ကို ပင့်မြှောက်လို့ ရိုက်ချ ပစ်လုဆဲဆဲမှာလည်း......
"နန့်စုန့် .. မင်းက စိမ်းလန်းကြိုးမျှင် မာန်ပညာရပ်ကိုတော့ သင်ယူနိုင်ခဲ့ပါရဲ့၊ ဒါပေမဲ့ ပညာရပ်ရဲ့ စစ်မှန်တဲ့ နဂိုမူဟန်ကို နားမလည်ဘူး ... ''
ပိထူဟာ ရူးသွပ်နေသလို ရယ်မောရင်း လက်ကို ဝှေ့ယမ်းလိုက်တယ်။ လက်မောင်းထဲက လူပုံသဏ္ဌာန် အလင်းရောင်ပုံ ဟန်တစ်ခု ထွက်ရှိလာခဲ့ပြီး နန့်စုန့်ရဲ့ အစိမ်းရောင် လူသားထံ ပြေးဝင်သွားတယ်။ နှစ်ခု တိုက်မိချိန်မှာ နန့်စုန့်ရဲ့ အလင်းလူသားက ကြေမွ ပျက်စီး သွားခဲ့တယ်။ အလင်းမျှင်တစ်စသာ တုန်ရီ ချောက်ချားစွာနဲ့ နန့်စုန့်မျက်ခုံးကြားထဲ ပြန်လည် ရောက်ရှိလာခဲ့ပြီး အကျိုးဆက် အနေနဲ့ နန့်စုန့်ကို အရိုး အရေပုံကြီး တစ်ခုအဖြစ် ပြောင်းလဲ သွားတော့မှာပါ။ နန့်စုန့်က သွေးနက်တွေ အန်လေတယ်။
မျိုးနွယ်စု ဘက်က ကြုံးဝါးသံ ပေါ်ထွက်လာတယ်။ နက်မှောင်တောင် မျိုးနွယ်စု ခေါင်းဆောင်က ပိထူထံ ပြေးဝင်သွားတယ်။ ပိထူတစ်ယောက် မာန်နတ်ဘုရားရဲ့ ရုပ်တုကို ဖျက်ဆီး လိုတာ ဒါမှမဟုတ် အကြီးအကဲရဲ့ စတေးမှုကို အနှောင့်ယှက် ပေးတာကို သူလက်မခံနိုင်ဘူး။
အဲဒီအချိန်မှာ အကြီးအကဲ ကိုယ်ထဲကို အရိုးအပ် ၅ချောင်းတိတိ ရောက်ရှိနေပါပြီ။ အကြီးအကဲရဲ့ ခန္ဓာကိုယ်ဟာ တုန်ယင်နေပြီး ပြင်းထန်တဲ့ အင်အားတွေ ပေါ်ထွက်နေတယ်။ အဲဒီ အင်အား ရှိန်ဝါက ပိထူကို အံ့အားသင့်စေတယ်။
"ဖယ်စမ်း ... " ပိထူ ဘာကိုမှ ဂရုမစိုက်နိုင်တော့ပါဘူ။ မာန်နတ်ဘုရား ရုပ်တုရှိရာဆီ အမြန် ပြေးလွှားသွားတယ်။ သူ့ဆီ ပြေးလာတဲ့ မျိုးနွယ်စု ခေါင်းဆောင်ကိုတော့ လက်သီးတစ်ချက်နဲ့တင် ရပ်တန့် စေလိုက်ပါပြီ။ မျိုးနွယ်စု ခေါင်းဆောင်ဟာ သွေးအန်ထွက်လို့ နန့်စုန့်လို အရိုးအရေများ ခန်းခြောက်ကာ မကြာခင် သေဆုံးရတော့မယ်။
မျိုးနွယ်စု ခေါင်းဆောင် ကျရှုံးသွားသည့်တိုင် နက်မှောင်တောင် မျိုးနွယ်စုက အခြားလူတွေက နောက်ဆုတ် မသွားကြဘူး။ အခုနက စုမင်ရဲ့အဖွဲ့နဲ့ အတူ လိုက်ပါမသွားဘဲ မျိုးနွယ်စုကို ကာကွယ်ဖို့ ကျန်ရှိနေခဲ့တဲ့ မာန်စွမ်းအားရှင် တစ်ယောက်ဟာ အကျိုးဆက်တွေ စဉ်းစားမနေဘဲ ပိထူ သွားရာလမ်းကို သူ့ခန္ဓာကိုယ်နဲ့ ပိတ်ကာလိုက်တယ်။ သို့ပေမဲ့ ပိထူက လက်တစ်ချက် ဝှေ့ယမ်း လိုက်စဉ်မှာ အရိုးစု အဖြစ်ပြောင်းလဲလို့ လေထဲမှာ လွင့်သွားတော့တယ်။
ရှန့်ဟန် အခက်အခဲ တွေ့နေတယ်။ သူအရှေ့ကို ပြေးသွားလိုက်ချင်ပေမဲ့ ရပ်တန့်ပြီး လက်သီးကိုသာ ဆုပ်လိုက်တယ်။
စုမင်လည်း မျိုးနွယ်စုရှိရာဆီ ပြေးလွှားလာတယ်။ သူ့ရဲ့ အနောက်မှာတော့ လေ့ချန်ပါ။ နှစ်ယောက်ကြားမှာ အနည်းငယ်မျှသာ ကွာဝေးတယ်။ သူတို့ ပြေးထွက်လာကြတာနဲ့ အခုနက မေ့လဲသွားတုန်းက လူအုပ်ထဲကို ချန်းရှင်းခေါ်ဆောင်လာပေးပြီး သမားတော်များရဲ့ ကုသမှုကြောင့် နိုးထလာပြီ ဖြစ်တဲ့ ပေလင်းဟာ ချန်းရှင်းကို ဘေးကိုပို့လိုက်ပြီး မာန်ဖီဟစ်အော်လို့ ပိထူရှိရာကို ပြေးထွက် ရင်ဆိုင်တယ်။
သို့ပေမဲ့ သူအနားတောင် မရောက်နိုင်ခင် ပိထူက ညာလက်ညှိုးကို ဆန့်ထုတ်လို့ လက်ညှိုး ထိုးလိုက်စဉ်မှာ ပေလင်းရဲ့ ညာဘက်လက်ဟာ သွေးအိုင်ကြီး အဖြစ် ပြောင်းလဲသွားတယ်။ ဒဏ်ရာက အပေါ်ထိ ပျံ့နှံ့လာပြီး ပေလင်းဟာ မြေပေါ်ကို ပစ်လဲကျသွားကာ အော်ဟစ် နေရပါတော့တယ်။
အဲဒီအချိန်မှာ အကြီးအကဲရဲ့ တုန်ယင်နေတဲ့ ကိုယ်ခန္ဓာထဲမှာ အရိုးအပ်၆ချောင်း ရောက်ရှိနေခဲ့ပါပြီ။ ၇ချောင်းမြောက် အပ်ကို မ,ယူလိုက်စဉ်မှာ မျိုးနွယ်စုနဲ့ ပေ၁၀၀လောက်ပဲ ကွာဝေးတော့တဲ့ စုမင်နဲ့ လေ့ချန်တို့ဟာ အရှိန်နှုန်းကို ပိုလို့တိုးမြှင့်ပြီး ပြေးလွှား လာနေကြတယ်။
သို့ပေမဲ့ ပိထူက ဦးစွာ ရောက်ရှိလာခဲ့တယ်။ ညာဘက်လက်နဲ့ မာန်နတ်ဘုရား ရုပ်တုကို ဖြတ်ရိုက်လိုက်တယ်။ ထိခတ် မိသွားတာနဲ့ တစ်ပြိုင်နက် ရုပ်တုထံမှ ကောင်းကင် ထိရောက်ရှိနိုင်တဲ့ အလင်းရောင် ပေါ်ထွက်လာတယ်။ မျက်နှာပြင်က အက်ကွဲရာ အမြောက်အများ ပေါ်ထွက်လာပြီး ရုတ်တရက် ပေါက်ကွဲ ထွက်သွားကာ တစစီ နေရာအနှံ့ကို လွင့်ထွက် သွားလေတော့တယ်။
နက်မှောင်တောင် မျိုးနွယ်စုရဲ့ သင်္ကေတဖြစ်တဲ့ မာန်နတ်ဘုရား ရုပ်တုဟာ နက်မှောင်တောင် မျိူးနွယ်စု ရှေ့မှာပဲ ပျက်စီး သွားခဲ့ပါပြီ။ မျိုးနွယ်စုလည်း ပျက်စီး သွားရတော့မယ်......
မာန်နတ်ဘုရားရုပ်တု ပေါက်ကွဲ သွားချိန်မှာ ပိထူဟာ ညှပ်ရိုးထဲကို အရိုးအပ်ထည့်ဖို့ ကြိုးပမ်းနေတဲ့ အကြီးအကဲဆီ တစ်ဟုန်ထိုး ပြေးလာတယ်။ ရုတ်တရက် သွေးအလိမ်းလိမ်း ဖြစ်နေတဲ့ မိန်းကလေး တစ်ယောက်က လူအုပ်ကြားထဲက မတ်တတ် ထရပ်လိုက်တယ်။ အဲဒီ မိန်းကလေးကတော့ ဝူလပါ။
ဝမ်းနည်းမှုတွေနဲ့ ပြည့်လျှမ်းနေတဲ့ မျက်နှာထားဟာ ဒီလူတွေကို စိတ်ချလက်ချ မထားရစ် ခဲ့နိုင်ကြောင်းကို ဖော်ပြနေတယ်။ သူမက လက်ရှိအချိန်မှာ အကြီးအကဲနဲ့ အနီးဆုံး ရှိနေတဲ့သူမို့ သူမ ပြေးထွက် သွားတယ်။ တည်ကြည်ပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့ အတူ အကြီးအကဲ ရှေ့မှာ ရပ်လိုက်တယ်။
ပိထူဟာ အေးစက်စက် လှောင်ရယ်လိုက်ပြီး အနားတိုးလာရင်းနဲ့ သူ့ရဲ့လက်တွေကို စက်ဝန်းသဏ္ဌာန် ဖြန့်ကား လိုက်တယ်။ ပြင်းထန်တဲ့ အင်အား တစ်ရပ်က ဝူလရဲ့ ကိုယ်ခန္ဓာထံ ဆောင့်ဝင်လာတယ်။ ဝူလ သွေးအန်ပြီး လေထဲကို လွင့်ထွက်သွားကာ စုမင်အနားကို ကျရောက် သွားတယ်။
အကြီးအကဲ ကိုယ်ထဲကို ၇ချောင်းမြောက်အပ် ဝင်ရောက်သွားခဲ့ပြီ။ အသက်ကို စတေးပြီး အချိန်ဆွဲပေးကြတဲ့ မျိုးနွယ် ဝင်တွေကြောင့်သာ မဟုတ်လျှင် ဒီစတေးမှုကို အကြီးအကဲပြီး မြောက်နိုင်စရာ အကြောင်းမရှိဘူး။
အကြီးအကဲ မျက်လုံးဖွင့်လာပြီး ကောင်းကင်ကို လှုပ်ခါ သွားစေလောက်တဲ့ ကြုံးဝါးသံပြုတယ်။ ကြုံးဝါးသံမှာ သူ့ရဲ့မျိုးနွယ်ဝင်တွေ သေဆုံးရခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဒေါသတွေနဲ့ မိုးကောင်းကင်ကို ထိုးဖောက်နိုင်လောက်တဲ့ သတ်ဖြတ်လိုစိတ်တွေ ပြည့်လျှံနေတယ်။ မုန်တိုင်း တစ်ခုလို အသွင်နဲ့ လူအုပ်ထဲက ထွက်လာပြီး ပိထူနဲ့ ထပ်မံ ရင်ဆိုင် တိုက်ခိုက်ရင်း ကောင်းကင်ထက်ကို တစ်ဟုန်ထိုး ပျံတက်သွားကြတယ်။
အရာအားလုံးက တစ်ခဏအတွင်း ဖြစ်ပျက်သွားခဲ့တယ်။ အဖြစ်အပျက်တွေ အားလုံးကလည်း လူတစ်ယောက် စိတ်ကူး ယဉ်ကြည့်ဖို့တောင် ခက်ခဲလှပါရဲ့။
စုမင် ပါးပြင်မှာ စူးခနဲ ဖြစ်သွားတယ်။ မာန်နတ်ဘုရား ရုပ်တု အပျက်အစီးက လွင့်ထွက်လာတဲ့ ကျောက်စက လာမှန်တာပါ။ ဒဏ်ရာကနေ သွေးတွေ စီးကျလာပေမဲ့ စုမင်နာကျင်မှုကို မခံစားရဘူး။ ဝူလခန္ဓာကိုယ်က လျင်မြန်စွာ ယိုယွင်း ပျက်စီးနေပြီ။ မြေပြင်ပေါ် ကျမလာသေးခင်မှာ အရိုးအရိ အရွဲပုံကြီး အဖြစ် ပြောင်းလဲနေခဲ့ပြီ။
စုမင် ရင်ထဲမှာ အားလုံးနတ္ထိ။ ရှေ့ကိုတိုးသွားပြီး ပြုတ်ကျလာတဲ့ ဝူလကို ဖမ်းလိုက်တယ်။ သူမမျက်နှာက လုံးဝ ပျက်စီးနေပါပြီ။ သူမပါးစပ်နဲ့ ယိုယွင်းနေတဲ့ ခန္ဓာကိုယ်တို့ကနေ သွေးတွေ အဆက်မပြတ် စီးကျနေတယ်။ စုမင်ကို ကိုင်ဆုပ်ထားရင်း ပြုံးတယ်။
"နင်က မော့စုလား"
စုမင် မျက်နှာကို ထိကိုင်ဖို့ လက်ကို မြှောက်ဖို့ ကြိုးစားပေမဲ့ အဲဒီလိုလုပ်ဖို့ အားအင် မကျန်ရှာတော့ပါဘူး။
ဝမ်းနည်းမှုတွေနဲ့ တိုးညင်းစွာ ရေရွတ်လိုက်တယ် .... " နင်က သူမဟုတ်ပါဘူး...."။ အဲ့ဒီလို ရေရွတ်ပြီးတာနဲ့ သူမမျက်လုံးထဲ အလင်းစဟာ ကွယ်ပျောက်သွားခဲ့တယ်။ လက်က ဘေးဘက်ကို ပြုတ်ကျသွားပြီး ခပ်ဖြည်းဖြည်း လွှဲယမ်းနေပြီးမှ ငြိမ်သက် သွားတော့တယ်။
အဲဒီအခိုက်အတန့်မှာ ပိထူနဲ့ တိုက်ခိုက်နေတဲ့ အကြီးအကဲဟာ ကျယ်လောင်စွာ ကြုံးဝါးတယ်။
"စုမင်.... လူတွေကိုခေါ်ပြီးသွားတော့ ... "
အကြီးအကဲ ကြုံးဝါးလိုက်တာနဲ့ ကောင်းကင်က တောက်ပတဲ့ အလင်းရောင်တန်း ထွက်ရှိလာပြီး မြေပြင်ပေါ်ကို ဖြာကျလာတယ်။ အဲဒီ အလင်းရောင်တန်းက ဓားသွား တစ်ခုလိုပဲ။ ကျရောက်လာတာနဲ့ မျိုးနွယ်စု ရှေ့က မြေလွှာကို ထပ်ခြမ်း ကွဲသွားစေတယ်။ ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်သွားပြီး ဆူညံသံကြီးတွေ လေထုထဲ ပျံ့လွင့်လာတယ်။ သူတို့ရှေ့က မြေပြင်ပေါ်မှာ အက်ကွဲကြောင်းတွေ ဆယ်ရာချီ ပွင့်ဟ လာတယ်။
အက်ကွဲကြောင်းတွေရဲ့ အဆုံးသတ်ကိုတော့ မမြင်ရပါဘူး။ အဲဒီအက်ကွဲကြောင်းတွေက မျိုးနွယ်စုနဲ့ မဟူရာတောင် မျိုးနွယ်က လိုက်လံဖမ်းဆီးသူ တစ်သိုက်ကြားမှာ စည်းတား လိုက်သလိုပဲ။ အက်ကွဲကြောင်းထဲက အလင်း မှန်သားပြင် ပေါ်ထွက်လာပြီး ကောင်းကင်ထိ မြင့်တက် သွားတယ်။
စုမင်ရဲ့ မျက်လုံးထဲမှာ မျက်ရည်ဆိုတာ မရှိတော့ဘူး၊ ပကတိ တိတ်ဆတ် ငြိမ်သက်ခြင်း တွေပါပဲ။ သေစေလောက်တဲ့ တိတ်ဆိတ် ငြိမ်သက်ခြင်းက သိပ်ကိုကြောက်မက်ဖွယ်ရာ။ သူ့ဘေးနားမှာ ရပ်လျက်ရှိတဲ့ လေ့ချန်ဟာ စုမင်ကို တစ်စုံတစ်ခု ပြောလိုဟန် ရှိပေမဲ့ စုမင်ရဲ့ မျက်လုံးတွေကို မြင်လိုက်တာနဲ့ စကားလုံးတွေကို မျိုချလိုက်မိတယ်။ စုမင်ပုံစံက သူ့ကို ကြောက်ရွံ့စေတယ်။
သူ့မျက်လုံးတွေက ဟင်းလင်းပြင် တစ်ခုလို ဗလာနတ္ထိ။ လူသေကောင် တစ်ယောက်လိုပဲ။ သို့ပေမဲ့ အဲဒီ ဟင်းလင်းပြင်ထဲမှာ တောက်တောက် ပပသာနေတဲ့ လမင်းကြီးကို မြင်တွေ့နိုင်တယ်။
စုမင်ဟာ ဝူလရဲ့ အလောင်းကို ညင်သာစွာ မြေပေါ်ချလို့ မာန်နတ်ဘုရား ရုပ်တု အပျက်အစီးအစကို ကောက်ယူပြီး ရင်ဘတ်ထဲကို ဂရုတစိုက် ထည့်လိုက်တယ်။
ရုပ်တုအပျက်အစီး အစကြောင့် ဖြစ်ပေါ်ခဲ့တဲ့ မျက်နှာပေါ်က အမာရွတ်ဟာ ကြောက်လန့် ချောက်ချားဖွယ်ရာ ကောင်းလှတယ်။ သူ သွေးတွေကို မသုတ်ပစ်လိုက်ဘူး။ မျိုးနွယ်စု အပေါ်မှာပဲ အကြည့်ကို စိုက်ထားလိုက်တယ်။
"သွားကြ ... " စုမင် စကားတစ်ခွန်းပဲ ပြောတယ်။ နန့်စုန့်နဲ့ မျိုးနွယ်စု ခေါင်းဆောင် အလောင်းကို သယ်ယူပြီး လေ့ချန်နဲ့ အခြားသူတွေ လက်ထဲ ထည့်ပေးလိုက်ကာ လူအုပ်ရှေ့ကို လျှောက်သွားတယ်။
လက်တစ်ဖက် ဆုံးရှုံးသွားတဲ့ ပေလင်းဟာ မသေပါဘူး။ ရုန်းရင်းကန်ရင်း ရှေ့တန်းမှာရပ်လို့ စုမင်ရဲ့ နောက်ကျောကို ကြည့်တယ်။ အဲဒီအခိုက်မှာ စုမင် ပြောင်းလဲ သွားတာကို ခံစားလိုက်ရတယ်။ စုမင်ဟာ သူနဲ့မသိတဲ့ သူစိမ်းတစ်ယောက် ဖြစ်သွားသလို ခံစားလိုက်ရပါတယ်။
အဲဒီလို ပြောင်းလဲမှုက ပေလင်းကို ကြောက်ရွံ့ စေတယ်။ တစ်စုံတစ်ရာသော အင်အား တစ်ရပ်ဟာ စုမင်ကိုယ်ထဲမှာ နိုးထ အသက်ဝင် လာခဲ့တယ်။ မထွက်ပေါ်လာသင့်တဲ့ အင်အားတစ်ရပ်၊ သာမန်အချိန်မျိုးမှာ မထွက်ပေါ်နိုင်တဲ့ အင်အားတစ်ရပ်... အခု ထွက်ပေါ် လာခဲ့ပါပြီ။
စုမင်မျက်နှာဟာ သိပ်ကို တည်ငြိမ်လွန်းနေပြီး မျက်လုံးတွေဟာ အေးစက် ပြတ်သားလှတယ်။ နာကျင်မှုနဲ့ ကြေကွဲဖွယ်ရာများကို ပခုံးမှာ ထမ်းထားနိုင်ဖို့ သင်ယူ တတ်မြောက်ခဲ့ပြီ။ မျိုးနွယ်စုကို ဦးဆောင်နေတဲ့ ခြေလှမ်းတွေက တည်ငြိမ်နေတယ်။ အရင်က မျိုးနွယ်စု ခေါင်းဆောင် လုပ်ဆောင်ခဲ့ သလိုမျိုးပေါ့။
***