အခန်း (၄၉၁-၄၉၂)
Vol. 47 Ch. 491-492
ယန်နတ်ဘုရား စာစဉ် (၄၇)။
ဘာသာပြန်သူ နေဇင်။
အခန်း (၄၉၁)။
“အား... အား... အား...”
ဖန်းမိသားစုခေါင်းဆောင် ဖန်းယွမ်ထောင်သည် ဒေါသတကြီး ဟစ်အော်လိုက်ပါသည်။ သူသည် သောင်းကျန်းနေသော နွားသိုးတစ်ကောင်ကဲ့သို့၊ ဆင်ခြင်တုံတရား ကင်းမဲ့သွားပြီး ဒေါသထွက်နေသော သားရဲတစ်ကောင်ကဲ့သို့ ဒေါသတကြီး ဟစ်အော်လိုက်သည်။
အရှက်ရမှု... ဤသည်မှာ အဆုံးမရှိသော အရှက်ရမှုပင်။
နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော မိသားစုကြီးတစ်ခု၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် ဖန်းယွမ်ထောင်၏ စွမ်းအားမှာ ဧကရာဇ်မင်းမြတ်ထက်ပင် အားမနည်းပေ။ မြင့်မြတ် နယ်မြေများ၏ ခေါင်းဆောင်များနှင့် နှိုင်းယှဉ်လျှင်ပင် သူသည် သူ့ကိုယ်ကိုယ် သာလွန် မြင့်မြတ်သည်ဟု ခံစားနေသူ ဖြစ်သည်။
မြင့်မြတ်နယ်မြေများကို လမ်းစဉ်မမှန်သူများဟု သတ်မှတ်ကာ ကိုယ့်ကိုယ်ကိုယ် မြင့်မြတ် သည်ဟု ယူဆထားသော မိသားစုကြီးတစ်ခု၏ ခေါင်းဆောင်တစ်ဦးမှာ ယခုအခါ လည်ပင်း ညှစ်ခံရပြီး တိုက်ရိုက် အဖမ်းခံလိုက်ရသည်။ ဤအရာကို သူ မည်သို့ သည်းခံနိုင်မည်နည်း၊ သူ၏ မာနက ဤကဲ့သို့ အရှက်ခွဲခံရခြင်းကို လုံးဝ ခွင့်မပြုနိုင်ပေ။
ထို့ကြောင့် ထိုခဏအတွင်းမှာပင် သူ၏ အတွေးစတိုင်းမှာ ပြင်းထန်စွာ လှုပ်ရှားလာတော့ သည်။ သူသည် ဗြဟ္မာလမ်းစဉ်ခြောက်သွယ်ကျမ်းမှ ကြီးကျယ်သော လျှို့ဝှက်ပညာရပ်ကို ပြင်းထန်စွာ လှည့်ပတ်လိုက်တော့သည်။
“နတ်ဘုရားများ၊ ကံကြမ္မာသားရဲများ၊ ငရဲသားများ၊ အသုရာဘုရင်၊ ခြောက်ပါးသော အထွတ်အထိပ် ရွှမ်ယွမ်၊ မဟာတောရိုင်းဧကရာဇ်... ငါ့ရဲ့ မဟာဗြဟ္မာ ကောင်းကင်ဖြိုခွဲ တူချက်ကို ခံစားလိုက်စမ်း။”
ဟုန်ယွိ၏ လည်ပင်းညှစ်ခြင်း ခံထားရသော ဖန်းယွမ်ထောင်မှာ ရုတ်တရက် သူ၏ လည်ပင်းကို လိမ်ဖယ်ကာ၊ လက်နှစ်ဖက်ကို မြှောက်လျက် အရှေ့သို့ ထိုးနှက်လိုက်သည်။ ချက်ချင်းဆိုသလိုပင် လက်သီးအတွင်းမှ ကျယ်ပြန့်တောက်ပသော အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး ဟုန်ယွိ၏ ရင်ဘတ်ဆီသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။
ဤပေါက်ကွဲထွက်လာသော လက်သီးချက်နှင့်အတူ၊ ဟုန်ယွိသည် အရပ်မျက်နှာအနှံ့မှ မူလစွမ်းအင်များနှင့် ဟင်းလင်းပြင်များမှာ မမြင်ရသော စွမ်းအားကြောင့် သူ့ထံသို့ ရူးသွပ်စွာ စောင်းငဲ့ကျဆင်းလာသကဲ့သို့ ခံစားလိုက်ရသည်။ ၎င်းမှာ ကောင်းကင်ယံမှ နဂါးငွေ့တန်းကို တစ်စုံတစ်ယောက်က ပိုင်းဖြတ်လိုက်သဖြင့် အဆုံးမဲ့ လေးလံသည့် ရေထုကြီး စီးဆင်းကျလာသကဲ့သို့ပင်။
သို့သော် ဟုန်ယွိကမူ လုံးဝ ဂရုမစိုက်ပေ။
“ဗောဓိ လျှို့ဝှက်အလင်း၊ ဗောဓိ လျှို့ဝှက်အလင်း... နန်ထော ဆဲနန်ထော... ဗောဓိသတ္တ တံဆိပ်တော်။”
သူသည် တံဆိပ်တော်များ၏ ဘုရင်၊ ဗုဒ္ဓတစ်သောင်းနှင့် တာအိုတစ်သောင်းတို့၏ အထွတ်အထိပ် ဖြစ်သော ‘ဗောဓိတံဆိပ်တော်’ ကို ရိုက်ထုတ်လိုက်သည်။ ထို့နောက် ‘ကံကြမ္မာ’ တိုက်ကွက်မှာ သူ၏လက်ဝါးအတွင်း ချက်ချင်း ပေါ်လာပြီး ဖန်းယွမ်ထောင်၏ ‘မဟာဗြဟ္မာ ကောင်းကင်ဖြိုတူ လက်သီး’ နှင့် ထိပ်တိုက် တိုးမိသွားတော့သည်။
ဝုန်း... ဝုန်း...
ဖန်းယွမ်ထောင်၏ ခန္ဓာကိုယ်သည် ဟုန်ယွိ၏ လက်သီးချက်ကြောင့် တစ်ကိုယ်လုံး တုန်ခါသွားပြီး သူ၏ခန္ဓာကိုယ်အတွင်းမှ အရိုးများ ကျိုးကြေသွားသည့်အလား တဖြောက်ဖြောက် မြည်သံများ ထွက်ပေါ်လာသည်။ ၎င်းမှာ အတွေးစများ ပေါက်ကွဲ သွားသည့် အသံပင် ဖြစ်သည်။
ထို့နောက် ဟုန်ယွိသည် ကရုဏာမဲ့စွာဖြင့် နောက်ထပ် လက်သီးတစ်ချက် ထပ်မံထိုးနှက် ကာ ဖန်းယွမ်ထောင်ကို တိုက်ရိုက် တွန်းထုတ်လိုက်သည်။ ဖန်းယွမ်ထောင်၏ အတွေးစ အားလုံး ပြန့်ကျဲသွားပြီး အတွေးစပေါင်း ငါးသောင်းကျော်အဖြစ် ပြောင်းလဲကာ အရပ်ရပ် သို့ လွင့်စင်သွားတော့သည်။
“ပြန်လာစမ်း”
ဟုန်ယွိကမူ မလှုပ်မယှက် ရပ်နေ၏။ သူသည် လက်နှစ်ဖက်ကို ပွတ်တိုက်လိုက်ရာ ကြီးမား ကျယ်ပြန့်သော ရွှေရောင်အလင်းတန်းများက သူ့ကို လွှမ်းခြုံသွားသည်။ သူသည် ‘ဗုဒ္ဓလက်ဝါး စုပ်ယူခြင်း နတ်ဘုရားပညာရပ်’ ကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် အတွေးစများအားလုံးမှာ သူ့ခန္ဓာကိုယ် အတွင်းသို့ စုပ်ယူခံလိုက်ရပြီး၊ သီးခြားစီ ခွဲထုတ်၍ အကျဉ်းချခံလိုက်ရတော့သည်။
မိုးကြိုးကပ်ဘေး ၅ ကြိမ် ဖြတ်ကျော်ထားသော ပညာရှင်၊ လူသားအင်မော်တယ် အဆင့်နှင့် ညီမျှသော ဤပညာရှင်ကြီး ဖန်မိသားစု ခေါင်းဆောင်ကြီးသည် ထွက်ပြေးရန်ပင် မစွမ်းသာ ဘဲ အစွမ်းထက်လှသော ဟုန်ယွိ၏ ဖမ်းဆီးပိတ်လှောင်ခြင်းကို ခံလိုက်ရလေပြီ။ သူ၏ ကံကြမ္မာမှာ မည်သို့ဖြစ်မည်ကို မသိနိုင်တော့ပေ။
သူပိုင်ဆိုင်ခဲ့သော အရှိန်အဝါ၊ ဂုဏ်သိက္ခာ၊ ကြီးမားသော စွမ်းအားများနှင့် နှစ်ပေါင်း ထောင်ချီ သက်တမ်းရှိသော မိသားစုခေါင်းဆောင် ဖြစ်တည်မှုများမှာ ယခုအခါ အိမ်မက် တစ်ခု၊ ရေပွက်ပမာ ပျောက်ကွယ်သွားရလေပြီ။
ယခုအခါ ဟုန်ယွိသည် ဗုဒ္ဓသင်္ကန်းတော်ကို ဝတ်ဆင်ထားသဖြင့် သင်္ကန်းတော်၏ စွမ်းအား အချို့ကို ထုတ်ဖော်နိုင်နေပြီ ဖြစ်သည်။ ဤကဲ့သို့သော စွမ်းအားသည် သူကျင့်ကြံထားသည့် ဗုဒ္ဓလက်ဝါး တံဆိပ်တော်များနှင့် အပြန်အလှန် အားဖြည့်ပေးနေပြီး၊ သူ၏ စွမ်းအားကို ဖန်ဆင်းရှင်သခင်အဆင့်သို့ ရောက်လုနီးပါးအထိ ကြီးမားစွာ တိုးတက်လာစေခဲ့သည်။
ဖန်ဟွမ်အသက်ဝိညာဉ်ဓားကို ကိုင်ဆောင်ထားပြီးနောက်၊ အဆင့်ခြောက် မိုးကြိုးကပ်ဘေး ၏ အထွတ်အထိပ်တွင် ဗုဒ္ဓလက်ဝါး တံဆိပ်တော်ကို စုစည်းကာ ‘ကံကြမ္မာ’ တိုက်ကွက်ကို ဖန်တီးနိုင်ခြင်း၊ ထို့အပြင် ဗုဒ္ဓသင်္ကန်းတော်ကို ဝတ်ဆင်ကာ ၎င်း၏ နတ်ဘုရားစွမ်းအား များကို ငှားရမ်းသုံးစွဲနိုင်ခြင်းတို့ကြောင့် ဟုန်ယွိ၏ တာအိုပညာရပ်များမှာ ယခုအခါ အတိုင်းအဆမဲ့ အဆင့်သို့ ရောက်ရှိနေပြီဟု ဆိုနိုင်သည်။ မူလဝိညာဉ်နတ်ဘုရားအဆင့် ပညာရှင်တစ်ဦး ရောက်လာသည့်တိုင် သူ၏ စွမ်းအားသက်သက်ဖြင့် ဟုန်ယွိကို တုန်လှုပ် အောင် လုပ်နိုင်တော့မည် မဟုတ်ပေ။
ဖန်ဟွမ်အသက်ဝိညာဉ်ဓား၊ ဗုဒ္ဓလက်ဝါး တံဆိပ်တော်၊ ဗုဒ္ဓသင်္ကန်းတော်၊
ပြိုင်ဘက်ကင်း နတ်ဘုရားလက်နက် နှစ်ပါး၊ ပြိုင်ဘက်ကင်းသော လျှို့ဝှက်ပညာရပ်နှင့် အဆင့်ခြောက် မိုးကြိုးကပ်ဘေး အထွတ်အထိပ် ပညာရှင်တစ်ဦး၏ စွမ်းအား။ ၎င်းမှာ မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းမည်နည်း။
…
ဖန်းယွမ်ထောင် အန္တရာယ်ကြုံနေရသည်ကို အခြားသော မဟာမိသားစုကြီး သုံးခု၏ ခေါင်းဆောင်များ အာရုံခံမိကြပြီး ကယ်တင်ရန် အပြေးအလွှား ရောက်လာကြသော်လည်း နောက်ကျသွားခဲ့ပြီ။ ဖန်းယွမ်ထောင်မှာ ဟုန်ယွိ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။
“ဟုန်ယွိ၊ မင်း ဘယ်လောက်ကြီးလေးတဲ့ အပြစ်မူကြီးကို ကျူးလွန်လိုက်လဲဆိုတာ သိရဲ့ လား။ မင်းက အထက်တန်းလွှာ မိသားစုကြီးတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်ကို ဖမ်းဆီး ပိတ်လှောင်လိုက်တာပဲ။ ပညာရှင် သူတော်စင်တစ်ပါးရဲ့ အနွယ်ဝင်၊ ပညာရှင် သူတော်စင် တစ်ပါးရဲ့ သွေးမျိုးဆက်နော်။”
ဝမ်မိသားစု ခေါင်းဆောင် ဝမ်လင်းရှန်းသည် တွန့်လိမ်ခေါက်ချိုးနေသော ဟင်းလင်းပြင် ထဲမှ ပေါ်လာပြီး ဒေါသတကြီး ဟိန်းဟောက်ပြောဆိုသည်။
“ဖန်းမိသားစု ခေါင်းဆောင်ကို အခုချက်ချင်း လွှတ်လိုက်စမ်း၊ ငါတို့မှာ ဆွေးနွေးဖို့ အချိန်ရှိ သေးတယ်။ မဟုတ်ရင် တဖက်ဖက်က မသေမချင်း ငါတို့ လက်လျှော့မှာ မဟုတ်ဘူး၊ တော်ဝင်ချန် တော်ဝင်မိသားစုတောင် ငါတို့လို ပညာရှင် သူတော်စင် အနွယ်တော်တွေကို ဘာမှ မလုပ်ဝံ့ဘူး။ ဟုန်ယွိ... မင်းလို အခြေခံမရှိ၊ မသန့်စင်တဲ့ သွေးသားပိုင်ရှင်က တကယ်ကို ဒီလောက်အထိ ပုန်ကန်ရဲတယ်ပေါ့။”
ဆန်းမိသားစု ခေါင်းဆောင်က ဟိန်းဟောက်လိုက်ပြန်သည်။
“သွားကြစို့၊ လောကမှာရှိတဲ့ အထက်တန်းလွှာ မိသားစုပေါင်း ၁၀၈ ခုကို သူ့ရဲ့ ဆိုးယုတ်တဲ့ လုပ်ရပ်တွေကို အသိပေးရမယ်။”
ဝူမိသားစု ခေါင်းဆောင်က အော်ပြောလိုက်သည်။ သူသည် ဇမ္ဗူအစီအရင်၏ စွမ်းအားကို လှုံ့ဆော်လိုက်ရာ သူ၏ ဘေးပတ်ပတ်လည်ရှိ အနက်ရောင် တိမ်တိုက်များမှာ လိပ်တက်၍ ပြန့်ကျဲသွားတော့သည်။
“ခင်ဗျားတို့ ဒီနေ့ ဒီမဟာအစီအရင်ထဲကနေ ထွက်သွားနိုင်ဦးမယ်လို့ ထင်နေတာလား။ ဘယ်လောက်တောင် စိတ်ကူးယဉ်ဆန်လိုက်လဲ။ ဖန်းယွမ်ထောင်က ခင်ဗျားတို့အတွက် စံနမူနာပဲ။ အရင်ဆုံး ခင်ဗျားတို့က ကျုပ်ကို လုပ်ကြံဖို့ ကြံစည်ခဲ့တယ်။ အခုတော့ အရှက်မရှိ ဒီလို စကားလုံးတွေကို ဗလောင်းဗလဲ ပြောရဲသေးတယ်ပေါ့။ ကျုပ်ကို ဒေါသ ထွက်အောင်စွပြီး ဖန်းယွမ်ထောင်ကို သတ်မိသွားအောင်၊ ပြီးတော့ ခင်ဗျားတို့ရဲ့ အကွက်ထဲ ကျရောက်သွားအောင် လုပ်နိုင်မယ်လို့ မတွေးလိုက်နဲ့၊ ဒီနေ့ ကျုပ်က ခင်ဗျားတို့ အားလုံးကို ဖမ်းဆီးပြမယ်။”
ဟုန်ယွိက အေးစက်စွာ ရယ်မောလိုက်သည်။
သို့သော်လည်း အထက်တန်းလွှာ မိသားစုခေါင်းဆောင်ကြီးများသည် သူ့ကို ဆဲဆိုနေခြင်း မှာ သူ ဒေါသထွက်လာပြီး ဖန်းယွမ်ထောင်ကို သတ်မိစေရန် ဖြစ်ကြောင်း သူသိထားသည်။ ထိုသို့ဖြစ်လျှင် သူတို့အတွက် များစွာ အကျိုးရှိသွားမည်ဖြစ်သည်။
ထို့ပြင် ဤမဟာမိသားစုကြီး လေးခု၏ ခေါင်းဆောင်များ စကားပြောနေစဉ်မှာပင် သူတို့၏ ပုံရိပ်များမှာ ပျောက်ကွယ်သွားပြီ ဖြစ်ရာ၊ လုံးဝ ထွက်ခွာရန် ရည်ရွယ်နေကြကြောင်း ထင်ရှားနေသည်။ တစ်ယောက်ချင်းစီမှာ မြေခွေးကဲ့သို့ ပါးနပ်သူများ ဖြစ်ကြသည်။
သို့သော် ဟုန်ယွိကရော သူတို့ အကွက်ထဲ ကျရောက်မည်လော။
ဤလူများအနက် ယနေ့ တစ်ဦးတစ်ယောက်မျှ ထွက်သွားခွင့် မရှိပေ။ အကယ်၍ တစ်ဦးတစ်ယောက်သာ လွတ်မြောက်သွားပါက ကြီးမားသော အန္တရာယ်တစ်ခု ဖြစ်လာပေ လိမ့်မည်။
သူတို့သည် အထက်တန်းလွှာ မိသားစုများအားလုံး၏ အင်အားကို စုစည်းကာ သူ့ကို ပြန်လည် တိုက်ခိုက်လာနိုင်သည်။ ထိုအချိန်ကျလျှင် သူသည် လူအင်အား မမျှတဖြစ်ရုံ သာမက သူ၏ ‘ကျမ်းစာပြုစုခြင်း မဟာစီမံကိန်း’ ကိုလည်း အနှောင့်အယှက် ဖြစ်စေလိမ့် မည်။
ဝမ်မိသားစုခေါင်းဆောင် ဝမ်လင်းရှန်း စကားပြောနေစဉ်မှာပင် သူ၏ ပုံရိပ်မှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သူ၏ အသံမှာလည်း အစီအရင်အတွင်း လုံးဝ ပုန်းကွယ် နေကာ အဝေးမှ ပျံ့လွင့်လာနေသည်။ သူသည် လုံးဝ မထွက်ခွာမီ ဇမ္ဗူမဟာအစီအရင်၏ အစီအရင်ပုံကြမ်းကိုပါ သိမ်းဆည်းသွားရန် ရည်ရွယ်နေပုံရသည်။
ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ လှုပ်ရှားသွားပြီး အစီအရင်၏ လေဟာနယ်ထဲတွင် ရပ်တန့်လိုက်သည်။ သူ၏ ဝတ်ရုံစများမှာ လွင့်နေပြီး ကျောက်စိမ်းခါးပတ်မှာလည်း ယိမ်းနွဲ့နေသည်။ ထို့နောက် သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး အရပ်မျက်နှာအနှံ့သို့ လက်သီးချက်ပေါင်း ရာနှင့်ချီ၍ ပစ်လွှတ်လိုက်တော့သည်။
မဟာထောင်စု၊ ဉာဏ်ပညာ၊ ဗောဓိ... တံဆိပ်တော်များ အားလုံးကို ထုတ်ဖော်လိုက်ပြီ။
မဟာတံဆိပ်တော် ဆယ်ပါးစလုံးကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။
“ဝူး... ဝူး... ဝူး...”
မျက်တောင်တစ်ခတ်အတွင်းမှာပင် ပစ္စုပ္ပန်ကို လွှမ်းမိုးထားသည့် စွမ်းအားများမှာ အစီအရင်အတွင်းသို့ ကျရောက်လာသည်။
ဟုန်ယွိ ဝတ်ဆင်ထားသော ဗုဒ္ဓသင်္ကန်းတော်သည် ဟုန်ယွိ၏ လက်သီးချက်များ၏ စွမ်းအားကို အာရုံခံမိပြီး၊ သူ့ကိုယ်ပိုင်စွမ်းအားကိုလည်း ဖွင့်ထုတ်လိုက်သည်။ ရွှေရောင် အလင်းတန်းများမှာ အစီအရင်၏ အနက်ရောင်တိမ်တိုက်များကို ထိုးဖောက်သွားပြီး ယင်မိုးကြိုးအားလုံးကို ဘာမှမရှိသကဲ့သို့ ဖျက်ဆီးပစ်လိုက်သည်။
မဟာအစီအရင်ကြီး တစ်ခုလုံးမှာ နတ်ဘုရားများနှင့် သရဲတစ္ဆေများ ငိုကြွေးသကဲ့သို့ အသံများ ထွက်ပေါ်လာပြီး၊ ဟုန်ယွိ၏ စွမ်းအားကြောင့် အစီအရင်မှာ တုန်ခါကာ ပြိုကွဲတော့မည့်အလား ဖြစ်နေသည်။
“ပျက်စီးစမ်း၊ ပျက်စီးစမ်း၊ ပျက်စီးစမ်း”
ဟုန်ယွိသည် သူ၏ ‘ဗုဒ္ဓလက်ဝါးတံဆိပ်တော်’ နှင့် ဗုဒ္ဓသင်္ကန်းတော် ပေါင်းစပ်လိုက်ခြင်း ကြောင့် သူ၏စွမ်းအားမှာ နောက်ထပ် အဆင့်တစ်ခုသို့ မြင့်တက်သွားကြောင်း ခံစားလိုက် ရသည်။ ကြီးမားစွာ တိုးတက်လာသော ခွန်အားကြောင့် သူ၏ စိတ်ဓာတ်မှာလည်း ပိုမို တက်ကြွလာသည်။
သူသည် သုံးကြိမ်ဆက်တိုက် ဟစ်ကြွေးလိုက်မိသည်။
မုန်တိုင်းတစ်ခုကဲ့သို့ အရာအားလုံးကို တိုက်ထုတ်လိုက်သည်။
ဝေဝါးစွာဖြင့်ပင် အစီအရင်တစ်ခုလုံး၏ အနက်ရောင် တိမ်တိုက်များမှာ လုံးဝ ပြန့်ကျဲသွား တော့သည်။ ထို့နောက် ဟုန်ယွိ၏ ခြေထောက်အောက်တွင် မိုင်ပေါင်းများစွာ ကျယ်ဝန်း သော လိပ်ခွံကြီးတစ်ခု ပေါ်ထွက်လာသည်။ ထိုလိပ်ခွံမှာ လယ်ကွင်းပြင်ကြီး တစ်ခုကဲ့သို့ ဖြစ်ပြီး၊ ၎င်းပေါ်တွင် နန်းဆောင်ကိုးခု အမှတ်အသားများ ရှိနေသည်။ နန်းဆောင်ကိုးခု အမှတ်အသားများ၏ ဗဟိုချက်တိုင်းမှ ပြင်းထန်သော စုပ်ယူမှုစွမ်းအားများ ထွက်ပေါ် နေပြီး ကျားယီ နဂါးစိမ်းသစ်သားနှင့် အခြားသော နတ်ဘုရားပစ္စည်းများကို ဗဟိုချက်ဆီသို့ စုပ်ယူနေတော့သည်။
ဟင်းလင်းပြင် ဝဲဂယက်အတွင်းမှ အနက်ရောင် တိမ်တိုက်များမှာ လုံးဝ ပြန့်ကျဲသွားခဲ့ပြီ။
ဇမ္ဗူမဟာအစီအရင်ကြီးသည် ဟုန်ယွိ၏ ထိုးနှက်ချက် တစ်ခုတည်းဖြင့် အမှန်တကယ်ပင် ပျက်စီးသွားခဲ့ပြီ။ ၎င်း၏ စစ်မှန်သော ပုံစံမှာ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
၎င်းမှာ မိုင်ပေါင်းများစွာ၊ အဝန်းအဝိုင်းအားဖြင့် မိုင်တစ်ရာနီးပါး ရှိသော လိပ်ခွံကြီးပင် ဖြစ်သည်။
အနက်ရောင်တိမ်တိုက်များ၊ ယင်မိုးကြိုးများ၊ တွန့်လိမ်ခေါက်ချိုးနေသော ဟင်းလင်းပြင် များနှင့် ဝင်္ကပါကဲ့သို့သော အစီအရင်များ အားလုံးမှာ ဤကြီးမားသော လိပ်ခွံကြီးမှ ဖန်တီး ထားခြင်း ဖြစ်သည်။ ဤသည်မှာ ဇမ္ဗူမဟာအစီအရင်ကြီး၏ မူလပုံစံပင် ဖြစ်ပါတော့သည်။
…
“မကောင်းတော့ဘူး”
ဘဲဥပုံစံ အလင်းတန်း သုံးခုမှာ လိပ်ခွံပေါ်သို့ ကျရောက်လာပြီး နန်းဆောင်ကိုးခု ပုံစံအတွင်း တွင် ရပ်တန့်လိုက်သည်။ ၎င်းတို့မှာ မိသားစုခေါင်းဆောင် သုံးဦးပင် ဖြစ်သည်။
မိသားစု ခေါင်းဆောင် သုံးဦးသည် လိပ်ခွံကို သိမ်းဆည်းရန် ပြင်လိုက်စဉ်မှာပင်၊ ဟုန်ယွိက အစီအရင်အတွင်းမှ ပြိုင်ဘက်ကင်း စိုးမိုးသော နတ်ဘုရားစွမ်းအားဖြင့် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး အစီအရင်အထက်ရှိ အနက်ရောင် တိမ်တိုက်များကို ပြန့်ကျဲ သွားအောင် လုပ်ဆောင်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။
ဇမ္ဗူမဟာအစီအရင်ကြီး၏ စွမ်းအားမှာ ယာယီအားဖြင့် နှိမ်နင်းခြင်း ခံလိုက်ရပြီ ဖြစ်သည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ အဆင့်ခြောက် မိုးကြိုးကပ်ဘေး အထွတ်အထိပ် ပညာရှင် တစ်ယောက်က ဖန်ဟွမ်အသက်ဝိညာဉ်ဓားကို ကိုင်ထားရင်တောင် ဒီလောက်စွမ်းအားမျိုး မရှိနိုင်ဘူး။ ဗုဒ္ဓသင်္ကန်းတော်က တကယ်ပဲ ဒီလောက်တောင် အစွမ်းထက်တာလား။”
ဆန်းမိသားစု ခေါင်းဆောင်သည် သူ၏ခြေထောက်အောက်မှ ကျွန်းတစ်ကျွန်းအလား ကြီးမားသော လိပ်ခွံကြီးကို ကြည့်လိုက်ပြီး၊ ထို့နောက် ကောင်းကင်ယံမှ ဟုန်ယွိ၏ ထင်ရှားပြတ်သားသော ပုံရိပ်ကို ကြည့်ကာ သူ၏ မျက်နှာမှာ ဖြူဖျော့သွားတော့သည်။
‘မျက်နှာပျက်သွားခြင်း’ ဆိုသည်မှာ မည်သို့ရှိသည်ကို ဆန်းမိသားစု ခေါင်းဆောင်က ယခုအခါ အပြည့်အဝ သက်သေပြနေတော့သည်။
သို့သော်လည်း သူသည် မိသားစုခေါင်းဆောင်တစ်ဦး ဖြစ်သည်နှင့်အညီ ကျင့်ကြံမှုတွင် ကြီးကျယ်သော အောင်မြင်မှု ရရှိထားသူ ဖြစ်သည်။ သူ၏ မျက်နှာ ဖြူဖျော့သွားပြီးနောက် သူသည် ပြန်လည် တည်ငြိမ်သွားသည်။ သူသည် သွားကို တင်းတင်းကြိတ်လိုက်ရာ သူ၏ ခန္ဓာကိုယ်အတွင်းမှ အတွေးစပေါင်း တစ်သောင်းကျော် ပျံထွက်လာသည်။
“သောင်း... နှင့်ချီသော... စစ်သည်တော်များ... တိုက်ပွဲဝင်... သတ်ဖြတ်စမ်း”
သူ၏ အတွေးစများဆီမှ ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအား လှိုင်းတစ်ခု ထွက်ပေါ်လာပြီး၊ ချက်ချင်းပင် ပေါက်ကွဲပြီး မီးလောင်ကျွမ်းတော့မည့်အလား ဖြစ်နေသည်။ အတွေးစများကို လောင်ကျွမ်း၍ ထုတ်ဖော်လိုက်သော နောက်ထပ် မဟာနတ်ဘုရားစွမ်းအား တစ်ခုပင်။ ဆန်းမိသားစု၏ လျှို့ဝှက်ပညာရပ်ဖြစ်သော ‘စစ်သည်တစ်သောင်း သတ်ဖြတ်ခြင်း လက်သီး’ ပင် ဖြစ်သည်။
“ဗာမီ ဗာမီ ဟုန်၊ ရုပ်ဟူသည် ဘာမျှမရှိ နတ္ထိအတိသာ၊ ဘာမျှမရှိခြင်း နတ္ထိသည်ပင် ရုပ်၊ ဘာမျှမရှိခြင်း နတ္ထိတရားတွင် ရုပ်မရှိ။ သိမ်းယူစမ်း။”
ဟုန်ယွိမှာ ကြည့်ပင်မကြည့်ချေ။ သူသည် အပေါ်မှနေ၍ လက်ကို ဝှေ့ယမ်းကာ လက်ဝါး တစ်ချက် ရိုက်ချလိုက်သည်။ ဧရာမ လက်ဝါးကြီးတစ်ခုသည် ဆန်းမိသားစု ခေါင်းဆောင်၏ ရှေ့သို့ ချက်ချင်း ကျရောက်လာပြီး၊ ကြီးမားသော မှော်စွမ်းအားဖြင့် လောင်ကျွမ်းရန် ပြင်နေသော သူ၏ အတွေးစများကို တိုက်ရိုက် ပိတ်လှောင်ကာ၊ ဟုန်ယွိ၏ လက်ထဲသို့ ကျရောက်သွားတော့သည်။
ဟုန်ယွိသည် သူ၏ အတွေးစများကို လောင်ကျွမ်း၍ လျှို့ဝှက်ပညာရပ်ကို ထုတ်ဖော် အသုံးပြုခြင်းကို အတင်းအကျပ် တားဆီးလိုက်ခြင်း ဖြစ်သည်။ ယင်းမှတဆင့် ဟုန်ယွိ၏ မှော်စွမ်းအားသည် သူ့ထက် အနည်းဆုံး သုံးလေးဆင့်မျှ ပိုမိုမြင့်မားနေကြောင်း ပြသနေ သည်။
ဆန်းမိသားစု ခေါင်းဆောင်မှာ အဆင့်လေး မိုးကြိုးကပ်ဘေး အထွတ်အထိပ် ပညာရှင် တစ်ဦး ဖြစ်သည်။ သူသည်လည်း တာအိုလောကတွင် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့သူ ပင်။ သို့သော် သူသည် ဟုန်ယွိကို လုံးဝ မယှဉ်နိုင်ခဲ့ပေ။
မိသားစုခေါင်းဆောင် လေးဦးအနက် ဖန်းယွမ်ထောင်မှာ အဆင့်ငါး မိုးကြိုးကပ်ဘေး အထွတ်အထိပ် ပညာရှင်တစ်ဦး ဖြစ်သော်လည်း သူ၏ အတွေးစများမှာမူ အဆင့် ၆ မိုးကြိုးကပ်ဘေး အထွတ်အထိပ်နှင့် ညီမျှသည်။ ဆန်းမိသားစု ခေါင်းဆောင်၊ ဝူမိသားစု ခေါင်းဆောင်နှင့် ဝမ်လင်းရှန်းတို့မှာမူ အဆင့်လေး မိုးကြိုးကပ်ဘေး အထွတ်အထိပ်သို့ ရောက်ရှိနေသည့် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
ထိုကဲ့သို့သော စိတ်ဝိညာဉ် စွမ်းအားမျိုးနှင့်ဆိုလျှင် သူတို့သည် လောကကြီးကို စိုးမိုးနိုင်ပြီး၊ တစ္ဆေအင်မော်တယ်များ၊ သိုင်းသူတော်စင်များပင်လျှင် သူတို့ကို သူတို့ကို ရိုသေကြရ သည်။
“သင်္ကန်းတော်၊ စကြဝဠာကို ပေါင်းစည်းစမ်း၊ ငါ့အတွက် သိမ်းယူစမ်း။”
ဆန်းမိသားစု ခေါင်းဆောင်ကို ‘စစ်သည်တစ်သောင်း သတ်ဖြတ်ခြင်း လက်သီး’ သုံးခွင့်မရ အောင် တားဆီးပြီးနောက်၊ ဟုန်ယွိက သူ၏ ဝတ်ရုံလက်မောင်းစကို ခါယမ်းလိုက်သည်။ ရုတ်တရက် ဗုဒ္ဓသင်္ကန်းတော် လက်မောင်းစများမှာ စကြဝဠာတစ်ခုလုံးကို ပေါင်းစည်း နိုင်တော့မည့်အလား ပြန့်ကားသွားပြီး၊ ဆန်းမိသားစု ခေါင်းဆောင်ကို တိုက်ရိုက် လွှမ်းခြုံ ကာ ကြီးမားသော အဝတ်အိတ်ကြီးတစ်ခုကဲ့သို့ ရစ်ဖွဲ့လိုက်ပြီး အတွင်း၌ ကျုံ့လိုက်ပွလိုက် ဖြစ်နေတော့သည်။
ထို့နောက် ဟုန်ယွိက လေထဲမှနေ၍ လက်ဝါးတစ်ချက် ထိုအဝတ်အိတ်ကြီးပေါ်သို့ လက်ဝါး ဖြင့် ရိုက်ထုတ်လိုက်ရာ ဆန်းမိသားစုခေါင်းဆောင်ထံမှ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ် လာပြီး၊ သူ၏ အသက်ဝိညာဉ် လက္ခဏာအားလုံး ပျောက်ကွယ်သွားတော့သည်။
အခန်း (၄၉၂)
“လေဧကရီ ဆုတ်ခွာခြင်း၊ မီးလျှံအတွင်း ဖီးနစ်ရေချိုးခြင်း။”
ဝမ်မိသားစု ခေါင်းဆောင်၏ စိတ်ဓာတ်မှာမှု အလွန်ပင် ပြတ်သားလှသည်။ ဆန်းမိသားစု ခေါင်းဆောင်သည် သူ၏ အတွေးစများကို လောင်ကျွမ်း၍ လျှို့ဝှက်ပညာရပ်ကို ထုတ်ဖော် ရန်ပင် အခွင့်အရေး မရခဲ့သည်ကို မြင်သောအခါ၊ သူသည် မျက်မှောင်တစ်ချက်ပင် မကြုတ် တော့ဘဲ မဟာအစီအရင် တစ်ခုလုံးကို ပြတ်ပြတ်သားသား စွန့်လွှတ်လိုက်တော့သည်။ ရုတ်တရက် သူ၏ ခန္ဓာကိုယ်အတွင်းမှ မရေတွက်မရနိုင်သော အတွေးစများ ပျံထွက် လာ ပြီးနောက် ပေါက်ကွဲကာ မီးလောင်ကျွမ်းသွားပြီး၊ ပေခုနစ်ရာ၊ ရှစ်ရာခန့် ရှည်လျားကာ မီးလျှံများ ဝန်းရံနေသည့် မီးဖီးနစ်ငှက်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။
သူသည် ထိုမီးဖီးနစ်ကို စီးနင်းလိုက်သည်။ ဖီးနစ်ငှက်ကြီးက တောင်ပံကို တစ်ချက် ခါယမ်း လိုက်သည်နှင့် ကောင်းကင်တစ်ခုလုံး လေနှင့်မီးများဖြင့် ပြည့်နှက်သွားပြီး သူသည် ပျောက်ကွယ်သွားတော့သည်။
ဤထွက်ပြေးသည့် ပညာရပ်မှာ အလွန်ပင် လှပဆန်းကြယ်လှသလို၊ အတိုင်းအဆမရှိ မြန်ဆန်လှပေသည်။ ၎င်းမှာ မြေအောက်ကမ္ဘာ ငရဲနတ်ဘုရား ထွက်ပြေးခြင်းပညာရပ်နှင့် 'ကောင်းကင်ထိုးဖောက် ဓားလွတ်မြောက်ခြင်းပညာရပ်' တို့ထက်ပင် များစွာ သာလွန်ပြီး မြန်ဆန်လှသည်။ ဖီးနစ်ငှက်ကြီး၏ တောင်ပံတစ်ချက် ခတ်လိုက်ရုံဖြင့် မိုင်ပေါင်း သောင်းနှင့်ချီသော ခရီးကို မျက်တောင်တစ်ခတ်အတွင်း သွားနိုင်ပေသည်။
“ဘယ်လောက်တောင် ထူးကဲတဲ့ ထွက်ပြေးခြင်း ပညာရပ်လဲ။ ဗုဒ္ဓ၏ ပုံရိပ်ယောင်၊ ဗုဒ္ဓက ဖီးနစ်ကို ဖမ်းဆီးခြင်း၊ ဗောဓိက ဖီးနစ်ကို သိမ်းပိုက်ခြင်း”
ဟုန်ယွိက ဟိန်းဟောက်လိုက်ရာ သူ၏ ခန္ဓာကိုယ်အတွင်းမှ ပုံရိပ်တစ်ခု ပျံထွက်သွားလေ သည်။ သူ၏လက်များကို လှုပ်ရှားလိုက်သည်နှင့် ဟင်းလင်းပြင်ကို တိုက်ရိုက် ဆွဲဖြဲလိုက် ပြီး၊ မျက်တောင်တစ်ခတ်အတွင်း မီးဖီးနစ်ငှက်၏ အမြီးပေါ်တွင် ပေါ်ထွက်လာသည်။ သူက အားဖြင့် ဆွဲလိုက်ပြီး၊ မီးဖီးနစ်ငှက်၏ အမြီးတစ်ခုလုံးကို ဖမ်းဆုပ်ကာ ပြင်းပြင်း ထန်ထန် ဆွဲဖြဲပြီး ခါယမ်းလိုက်တော့သည်။
မီးဖီးနစ်ငှက်မှာ နာနာကျင်ကျင်ဖြင့် စူးရှစွာ အော်ဟစ်လိုက်ပြီး၊ လေထဲသို့ လွင့်စင်သွား ကာ မီးလျှံ မှော်သင်္ကေတစာလုံးများအဖြစ် ချက်ချင်း ပြောင်းလဲသွားတော့သည်။
“ဖီးနစ်ရဲ့အမှတ်အသား၊ သေခြင်းရှင်ခြင်းရဲ့ ဝဲဂယက်အလင်း၊ ဖီးနစ် အစစ်မှန်ချီ၊ လေနှင့်မီး ပြောင်းပြန်လှန်... ဒါကို ခံစားလိုက်စမ်း၊ အဆုံးစွန် ဖီးနစ်သံစဉ်။”
ဝမ်မိသားစု ခေါင်းဆောင် ဝမ်လင်းရှန်းသည် လေထဲတွင် ရပ်တန့်နေသည်။ သူ၏ မီးလျှံဖီးနစ် ထွက်ပြေးခြင်း ပညာရပ်မှာ ဟုန်ယွိကြောင့် ဆွဲဖြဲဖျက်ဆီးခံလိုက်ရသည်ကို မြင်သောအခါ၊ သူသည် ချက်ချင်းပင် ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်းမရှိ လောဘတရား ကင်းမဲ့ သော အခြေအနေသို့ ရောက်ရှိသွားတော့သည်။
ရုတ်တရက်ဆိုသလို ဝမ်လင်းရှန်းသည် လေထဲတွင် ခြေလှမ်းလှမ်းလိုက်ရာ ပုံရိပ်ရိပ် ခုနစ်ခု၊ ရှစ်ခုခန့် ပေါ်ထွက်လာသည်။ ထိုပုံရိပ်များသည် အဆက်မပြတ် စီးဆင်းသွားပြီး နောက် ပုံရိပ်တစ်ခုတည်းအဖြစ် ပြန်လည် စုစည်းသွားသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ စွမ်းအားပြင်းဆေး တစ်ခုခု သောက်ထားသကဲ့သို့ ဖောင်းကြွလာပြီး၊ သူသည် ဝံပုလွေ တစ်ကောင် သို့မဟုတ် ကျားတစ်ကောင်ကဲ့သို့ ပြင်းထန်လှသော အရှိန်အဝါမျိုး ပေါ်ထွက် လာတော့သည်။
သူသည် လက်ဝါးကို ပြင်းထန်စွာ လှည့်ပတ်လိုက်ပြီး ဟုန်ယွိထံသို့ ရိုက်ထုတ်လိုက်သည်။ လက်ဝါးမှ ထွက်ပေါ်လာသော လေပြင်းများမှာ လေထုနှင့် ပွတ်တိုက်မိပြီး ဓားသွားကဲ့သို့ ဖြစ်ပေါ်လာသည်။ ထို့နောက် ဟိန်းဟောက်သံနှင့်အတူ ဥက္ကာခဲတစ်ခုကဲ့သို့ တောက် လောင်လာပြီး ကြောက်မက်ဖွယ်ရာ မီးဖီးနစ်ငှက်တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ၎င်းမှာ ခုနက ဖီးနစ်ငှက်ထွက်ပြေးခြင်း ငှက်လောက် မကြီးမားသော်လည်း ၎င်း၏ အငွေ့အသက်မှာမူ ပိုမို ပြင်းထန်လှသည်။
ကြီးမားကျယ်ပြန့်လှသော လေနှင့်မီး အသံများသည် ဟုန်ယွိကို လုံးဝ လွှမ်းခြုံသွားတော့ သည်။ ထိုလေနှင့်မီး အသံများအတွင်း၌ ကောင်းကင်ဘုံကိုးထပ်သို့ တက်လှမ်းနေသည့် ဖီးနစ်ငှက်၏ ရှည်လျားသော စူးစူးရှရှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ထိုအော်ဟစ် သံများသည် ဟင်းလင်းပြင် မုန်တိုင်းအတွင်းသို့ ပျံတက်သွားပြီး သွေးမိုးများအဖြစ် အမှန်တကယ်ပင် စုစည်းကျဆင်းလာကာ လေနှင့်မီးလျှံအတွင်းသို့ ဝင်ရောက်သွားသဖြင့် လေနှင့်မီးလျှံတို့မှာ ပိုမို ပြင်းထန်လာပြီး ဤလောကရှိ အရာအားလုံးကို သန့်စင်ပစ်နိုင်မည့် အလား ဖြစ်လာခဲ့သည်။
အဆုံးစွန် ဖီးနစ်သံစဉ်၊ ကောင်းကင်ယံမှ သွေးမိုး၊။
ဝမ်မိသားစု ခေါင်းဆောင်၏ ဤအသက်စွန့် တိုက်ကွက်မှာ ဝမ်မိသားစု၏ အမြင့်ဆုံးသော နည်းပညာဖြစ်ပြီး၊ မဟာကျိုးမင်းဆက်ကို တည်ထောင်သူ ဘိုးဘေးကြီး၏ “အစွန်းရောက် ဧကရာဇ် ပြောင်းပြန်လှန်ခြင်း” နှင့်ပင် ယှဉ်ပြိုင်နိုင်သော ပညာရပ်တစ်ခု ဖြစ်သည်။
“ကောင်းတယ်၊ ခင်ဗျားက သေခြင်းနဲ့ ရှင်ခြင်းကြားမှာ တကယ်ပဲ လိုအင်ဆန္ဒကင်းတဲ့ အခြေအနေကို တကယ်ပဲ ဝင်ရောက်နိုင်တာပဲ။ ပညာရှင် သူတော်စင် မိသားစုတစ်ခုဖြစ်တဲ့ ဝမ်မိသားစုရဲ့ ခေါင်းဆောင်၊ ခင်ဗျားက တကယ်ကို ထူးခြားသူပဲ။ သေခြင်းနဲ့ ရှင်ခြင်းကြား မှာ ခင်ဗျားကိုယ်ခင်ဗျား အောင်နိုင်ခဲ့ပြီး၊ အဆင့်ခြောက် မိုးကြိုးကပ်ဘေးရဲ့ နယ်ပယ်ကို တောင် နားလည်သွားခဲ့တာပဲ။ တကယ်လို့ ဒီနေ့ ကျုပ် ခင်ဗျားကို လွှတ်ပေးလိုက်ရင် ခင်ဗျား ပြန်သွားပြီး နည်းနည်းလောက် ကျင့်ကြံရုံနဲ့ အဆင့် ၆ မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်နိုင်မှာ သေချာတယ်။ ဒါပေမဲ့ ခင်ဗျားမှာ အဲဒီအခွင့်အရေး ရှိမှာ မဟုတ်တော့ ဘူး။”
ဟုန်ယွိသည် ဝမ်မိသားစုခေါင်းဆောင် ဝမ်လင်းရှန်း၏ ပြိုင်ဘက်ကင်း နတ်ဘုရားစွမ်းအား ကို မြင်သောအခါ သူ၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။ သို့သော်လည်း သူ၏ မျက်နှာမှာမူ မည်သည့် ခံစားချက်မျှ မရှိပေ။ ‘အဆုံးစွန် ဖီးနစ်သံစဉ်’ နတ်ဘုရား စွမ်းအား နှင့် ရင်ဆိုင်နေရသော်လည်း သူသည် တုန်လှုပ်ခြင်း မရှိပေ။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး မတ်မတ်ရပ်လိုက်ပြီး သူ၏ ကျောပြင်မှာ ကွေးညွတ်သွားသည်။ သူသည် လက်နှစ်ဖက်ကို ပွတ်တိုက်လိုက်ရာ ‘မူလယင် တာအိုသစ်သီး’နှစ်လုံး သူ၏ လက်ဝါးအတွင်း ပေါ်လာတော့ သည်။
‘ကံကြမ္မာသစ်သီး’ နှစ်လုံး ပေါက်ကွဲထွက်ပေါ်လာသည်။ ဟုန်ယွိသည် ‘အဆုံးစွန် ဖီးနစ်သံစဉ်’ အတွင်းသို့ အတင်းအကျပ် ပစ်ဝင်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ အရှေ့သို့ တိုးသွားပြီး ပြင်းထန်လှသော လှုပ်ရှားမှုနှင့်အတူ အတိုင်းအဆမရှိသော မှော်စွမ်းအားများ ဖြင့် ဖိနှိပ်လိုက်ရာ၊ တခဏအတွင်းမှာပင် ဝမ်မိသားစု ခေါင်းဆောင်၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်းအပြတ်ပြတ် ပေါက်ကွဲသွားတော့သည်။
ပြိုင်ဘက်ကင်း နတ်ဘုရားစွမ်းအား ‘အဆုံးစွန် ဖီးနစ်သံစဉ်’မှာ တစ်ချက်တည်းနှင့်ပင် ရှုံးနိမ့်သွားရပြီး၊ မီးလျှံလေပြင်းများမှာ နေမင်းကြီး ပေါက်ကွဲသွားသကဲ့သို့ အရပ်မျက်နှာ အနှံ့သို့ လွင့်စင်သွားတော့သည်။
ထို့နောက် ဟုန်ယွိက လက်နှစ်ဖက်ဖြင့် လှမ်းဖမ်းလိုက်ရာ သူ၏ မျက်နှာတွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာသည်။ “အသွင်မဲ့ တံဆိပ်တော်၊ လေကိုဖမ်း၍ အရိပ်ကိုသိမ်းဆည်း ခြင်း၊” ဟုန်ယွိ၏ လက်အတွင်းမှ စုပ်ယူမှုစွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ လေထဲတွင် ရှိနေသော ရွှေရောင်မျဉ်းတန်းပေါင်းများစွာသည် မီးလျှံလေပြင်းများအားလုံးကို ဖမ်းယူ လိုက်ပြီး ဟုန်ယွိ၏ လက်ဝါးအတွင်း၌ လူပုံစံအသေးလေးတစ်ခုအဖြစ် စုစည်းလိုက်တော့ သည်။
ဤလူမှာ ဝမ်မိသားစုခေါင်းဆောင် ဝမ်လင်းရှန်းပင် ဖြစ်သည်။ ယခုအခါ သူ၏ စိတ်ဝိညာဉ် အတွေးစအားလုံးမှာ ဖိသိပ်ခံရပြီး စုပ်ယူခြင်း ခံလိုက်ရပြီ ဖြစ်သည်။
ဟုန်ယွိ၏ ‘အသွင်မဲ့ တံဆိပ်တော်’ သည် လေကိုပင် ဖမ်းနိုင်ပြီး အရိပ်ကိုပင် သိမ်းယူနိုင် သည်။ မည်သူမျှ မလွတ်မြောက်နိုင်ပေ။
… …
“ဟုန်ယွိ... မင်းကို ငါ သတ်မယ်။ အရိပ်ခွဲခြင်း”
မျက်တောင်တစ်ခတ်အတွင်းမှာပင် မဟာမိသားစုကြီး လေးခုထဲမှ နောက်ဆုံးကျန်ရှိသူ အဖြစ် ဝူမိသားစု ခေါင်းဆောင်တစ်ဦးသာ ကျန်တော့သည်။ ဤမိသားစု ခေါင်းဆောင်မှာ အနည်းငယ် လောဘကြီးသူဖြစ်ပြီး ချက်ချင်း မထွက်ပြေးချင်ပေ။ ယင်းအစား သူသည် သူ၏ မူလစိတ်ဝိညာဉ် အတွေးစများကို အသုံးပြု၍ နန်းဆောင်ကိုးခုပုံကြမ်းကို လှုံ့ဆော် ကာ ဇမ္ဗူမဟာအစီအရင်၏ ပုံကြမ်းကို သိမ်းယူရန် ကြိုးစားနေခြင်း ဖြစ်သည်။
သို့သော် သူ၏ မှော်စွမ်းအားကို လှည့်ပတ်နေစဉ်မှာပင် ဝမ်လင်းရှန်းနှင့် ဆန်းမိသားစု ခေါင်းဆောင်တို့မှာ သူတို့၏ နတ်ဘုရားစွမ်းအားကိုပင် မထုတ်ဖော်နိုင်သလို ထွက်ပြေး ခြင်းပညာရပ်များကိုပင် အသုံးမပြုနိုင်ဘဲ လုံးဝ အဖမ်းခံလိုက်ရသည်ကို မြင်လိုက်ရသော အခါ သူသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ရုံမှတစ်ပါး မတတ်နိုင်တော့ပေ။ သူ၏ ခန္ဓာကိုယ်မှာ ရိပ်ခြေပေါင်း ထောင်နှင့်ချီအဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး ဟုန်ယွိထံသို့ ပြင်းထန်စွာ လက်သီးဖြင့် ထိုးနှက်လိုက်သည်။ သို့သော် သူ၏ မူလခန္ဓာကိုယ်မှာမူ သတိမပြုမိနိုင်လောက်သည့် အနက်ရောင်အရိပ်တစ်ခုအဖြစ် တိတ်တဆိတ် ပြောင်းလဲ သွားပြီး၊ ရွှံ့နွံထဲရှိ ငါးတစ်ကောင်အလား မည်သည့်အသက်ဝိညာဉ် လက္ခဏာမရှိဘဲ မြေအောက်ခြေသို့ တိုးဝင် ပျောက်ကွယ်ရန် ကြိုးစားလိုက်သည်။
“ဒီလို အယောင်ပြလှည့်ကွက်မျိုးနဲ့ ကျုပ်ဓမ္မမျက်လုံးကို လှည့်စားနိုင်မယ် ထင်နေတာ လား။”
ဟုန်ယွိက ရယ်မောလိုက်ပြီး သူ၏လက်ဖြင့် ပြင်းထန်စွာ လှမ်းဖမ်းလိုက်သည်။ ချက်ချင်း ဆိုသလိုပင် သူသည် ကောင်းကင်ယံရှိ အရိပ်အားလုံးကို ဖမ်းမိသွားပြီး ၎င်းတို့ကို အတွေးစ များအဖြစ် ပြောင်းလဲပစ်လိုက်သည်။ အတွေးစပေါင်း တစ်ထောင်ခန့်သာ ရှိသော်လည်း ၎င်းတို့၏ စွမ်းအားမှာမူ ကြောက်ခမန်းလိလိပင်။
၎င်းမှာ ပါးနပ်လှသည့် အယောင်ပြ လှည့်ကွက်တစ်ခုဟု ဆိုနိုင်သော်လည်း ဟုန်ယွိထံမှ မည်သို့ ပုန်းကွယ်နိုင်ပါမည်နည်း။
“ပြေးချင်တာလား”
တစ်ချိန်တည်းမှာပင် ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသည့် ရနံ့တစ်ခု ပျံ့လွင့်လာပြီး ဝူမိသားစု ခေါင်းဆောင်၏ မူလခန္ဓာကိုယ်ကို ပိတ်ဆို့လိုက်သည်။ ၎င်းမှာ ယွမ်ရှန်းရှန်းပင် ဖြစ်ပြီး၊ ကျီရှန်းထျန်းကလည်း အခွင့်ကောင်းယူကာ သူမ၏ ‘ကျီရှန်းရတနာသုံးပါး’ ကို ယဇ်ပူဇော်လိုက်သည်၊ ချီလင်ကလည်း ပြင်းထန်စွာ ဟိန်းဟောက်ကာ ၎င်း၏ အတွင်း အမြုတေစွမ်းအင်လုံးကို မှုတ်ထုတ်လိုက်တော့သည်။
ဝုန်း…
ဝူမိသားစု ခေါင်းဆောင်သည် ပညာရှင်သုံးဦး၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး၊ သူ တုံ့ပြန် ရန်ပင် အချိန်မရမီမှာပင် ပေါက်ကွဲသွားတော့သည်။ ထို့နောက် ဟုန်ယွိ၏ ဖမ်းယူခြင်းကို ခံလိုက်ရပြီး ပြန်လည် ဆွဲခေါ်ခံလိုက်ရတော့သည်။
ဝူမိသားစု ခေါင်းဆောင်မှာ သန်မာသော်လည်း သူသည် အဆင့်လေး မိုးကြိုးကပ်ဘေး ပညာရှင်တစ်ဦးသာ ဖြစ်သည်။ မှော်ရတနာများနှင့် လျှို့ဝှက်ပညာရပ်များကို အားကိုးနေရ သဖြင့်၊ သူသည် နှစ်ပေါင်း သုံးရာကျော် လောကကို စိုးမိုးလာခဲ့ပြီး ကျိုးထိုက်ကျူနှင့်ပင် ဂုဏ်သတင်း ကျော်ကြားမှု တူညီသော ယွမ်ရှန်းရှန်းထက် အနည်းငယ် အားနည်းပေသည်။ တစ်ယောက်ချင်း တိုက်ခိုက်လျှင်ပင် သူသည် သူမ၏ ပြိုင်ဘက် မဟုတ်ပေ။
အထက်တန်းလွှာ မိသားစုကြီးများ၏ စွမ်းအားမှာ သူတို့၏ ကြွယ်ဝလှသော အခြေခံ အုတ်မြစ်များမှ လာခြင်းဖြစ်ပြီး၊ မိသားစုအတွင်း၌ သူတို့၏ ကျင့်ကြံမှုကို ဖုံးကွယ်ထား သော ပညာရှင်များစွာ ရှိပေသည်။ အထက်တန်းလွှာ မိသားစုများအကြားတွင် ကတိက ဝတ်များ ရှိသလို၊ တိကျသော စည်းမျဉ်းများလည်း ရှိကြသည်။
မိုးကြိုးကပ်ဘေး ၆ ကြိမ် ဖြတ်ကျော်ထားသော ပညာရှင်များမှာ ဖန်ဆင်းရှင်သခင် အဆင့်နှင့် နီးကပ်သော တည်ရှိမှုများ ဖြစ်ကြသည်။ ထိုစွမ်းအားမှာ ဤလောကတွင် အထွတ်အထိပ် စွမ်းအားရှင်တစ်ဦး ဖြစ်နေသဖြင့် အထက်တန်းလွှာ မိသားစုကြီးများပင် လျှင် ထိုသူကို အနည်းငယ် ကြောက်ရွံ့ကြရသည်။
အထူးသဖြင့် ယွမ်ရှန်းရှန်းကဲ့သို့သော ပုဂ္ဂိုလ်များ ဖြစ်သည်။ မဟုတ်ပါက သူမသည် လွန်ခဲ့ သော အချိန်ကတည်းက အချို့သော အထက်တန်းလွှာ မိသားစုကြီးများ၏ မယားငယ် အဖြစ် သိမ်းပိုက်ခံရမည် ဖြစ်သည်။
သူမသည်လည်း ထိုအထက်တန်းလွှာ မိသားစုကြီးများကို မနှစ်သက်ပေ။ ဤဇမ္ဗူမဟာ အစီအရင်အတွင်း၌ သူမသည် အစီအရင်၏ စွမ်းအားကြောင့် ချုပ်နှောင်ခံထားရသည်။ ယခုအခါ ဟုန်ယွိက အစီအရင်၏ စွမ်းအားကို အနည်းငယ် ဖျက်ဆီးပေးလိုက်ပြီ ဖြစ်သဖြင့်၊ ယွမ်ရှန်းရှန်းသည် သဘာဝအတိုင်း သူမ၏ လျှို့ဝှက်ပညာရပ်ကို အသုံးပြု၍ သူမ၏ စွမ်းအားကို ပြသလိုက်ခြင်းပင် ဖြစ်သည်။
…
“နန်းဆောင်ကိုးခု ဟွီနဂါး၊ ဇမ္ဗူမဟာအစီအရင်... ငါ့ဆီစုစည်းစမ်း”
မိသားစုခေါင်းဆောင် လေးဦးစလုံးကို နှိမ်နင်းပြီးနောက်၊ ဟုန်ယွိသည် သူ့ခြေထောက် အောက်ရှိ ကြီးမားသော လိပ်ခွံကြီးကို ကြည့်လိုက်ပြီးနောက်၊ သူ၏ သူတော်စင်ပေါင်းစုံ ခန်းမဆောင်ကို ချက်ချင်း ထုတ်ယူလိုက်သည်။ ထို့နောက် သူသည် ထိုခန်းမဆောင်ကို ကြီးမားသော တံခါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဇမ္ဗူမဟာအစီအရင်ကို ဝါးမျိုရန် ပြင်လိုက်တော့သည်။
တစ်ချိန်တည်းမှာပင် ဟုန်ယွိ၏ အတွေးစပေါင်း သောင်းနှင့်ချီသည် ပျံထွက်သွားပြီး နန်းဆောင်ကိုးခု အစီအရင်၏ မျက်လုံးကိုးခုအတွင်းသို့ ကျရောက်သွားသည်။
ဤဇမ္ဗူမဟာအစီအရင်သည် ၎င်း၏ ကိုယ်ပိုင်ဝိညာဉ် ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ဟုန်ယွိ၏ အနည်းငယ်သော ထိန်းချုပ်မှုနှင့်အတူ၊ သန့်စင်ခြင်း လုပ်ငန်းစဉ်အတွင်း၌ ကျွန်းငယ်လေးတစ်ခုအလား မိုင်ပေါင်းများစွာ ကျယ်ဝန်းသော အစီအရင်မှာ တဖြည်းဖြည်း ကျုံ့သွားသည်၊ ကျုံ့သွားသည်၊ ကျုံ့သွားသည်...
“ဝုန်း... ဝုန်း... ဝုန်း...” လိပ်ခွံနန်းဆောင်ကိုးခု မဟာအစီအရင်ကြီးမှာ တုန်ခါနေတော့ သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းသည် ပေတစ်ရာခန့်အထိ ကျုံ့ဝင်သွားပြီး သူတော်စင်ပေါင်းစုံ ခန်းမဆောင် အတွင်းရှိ ဟင်းလင်းပြင်ထဲသို့ တဖြည်းဖြည်း ပျံသန်း ဝင်ရောက်သွားတော့သည်။
သို့သော်လည်း ထိုအချိန်တွင် ဟင်းလင်းပြင်အတွင်း၌ ရုတ်တရက် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသော မြည်ဟီးသံတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် “ရှူး... ရှူး...” ဟူသော အသံများနှင့်အတူ ရှေးဟောင်း မိစ္ဆာနတ်ဘုရား တစ်ပါး သို့မဟုတ် ရှေးဟောင်း ယန်နတ်ဘုရားတစ်ပါး၏ အရှိန်အဝါကဲ့သို့ ကျယ်ပြန့်လှသော အငွေ့အသက်တစ်ခုသည် ဟင်းလင်းပြင် အလွှာတစ်ခုကို ရိုက်ခွဲလိုက်သည်။ မိုင်တစ်ရာ ပတ်လည်အတွင်းရှိ ဟင်းလင်းပြင်မှာ မှန်တစ်ချပ်ကဲ့သို့ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွား တော့သည်။
ထို့နောက် ထိုကွဲအက်နေသော ဟင်းလင်းပြင်အတွင်းမှ ယွန်မင်နိုင်ငံ၏ အိပ်မက် နတ်ဘုရားစစ်သင်္ဘောထက် ခုနစ်ဆ၊ ရှစ်ဆခန့် ပိုမိုကြီးမားသော ခံတပ်စစ်သင်္ဘောကြီး တစ်စင်း ပေါ်ထွက်လာသည်။ ၎င်းသည် လူပေါင်း တစ်သိန်းခန့်ကို တင်ဆောင်နိုင်ပြီး ၁၈ ထပ်ရှိကာ၊ တစ်ထပ်ထက်တစ်ထပ် ပိုမို ခန့်ညားထည်ဝါလှသည်။
ဤအရာမှာ သင်္ဘောတစ်စင်း မဟုတ်တော့ဘဲ၊ လောကကို အုပ်စိုးသော နတ်ဘုရားဘုရင် တစ်ပါး၏ စစ်သင်္ဘောကြီး၊ နန်းတော်ကြီးတစ်ခုပင် ဖြစ်တော့သည်။
နတ်ဘုရားအားလုံး၏ ဘုရင်၊ သက်ရှိအားလုံး၏ ကံကြမ္မာကို ထိန်းချုပ်ထားသည့် အထွတ်အထိပ် နတ်ဘုရားဧကရာဇ်သာလျှင် ဤကဲ့သို့သော စီးတော်ယာဉ်ကို စီးနင်း၍ အရပ်မျက်နှာ ရှစ်ခွင်သို့ လှည့်လည်ရန် ထိုက်တန်ပေသည်။
ဤကြီးမားလှသော သင်္ဘောကြီးသည် မဟာကမ္ဘာ၏ ဟင်းလင်းပြင်မျိုးစုံကို မည်သည့် အတားအဆီးမျှမရှိဘဲ ဖြတ်သန်းသွားလာနိုင်သည်။
ဤစစ်သင်္ဘောကြီးကို မြင်လျှင် ဖန်ဆင်းရှင်များနှင့် ယန်နတ်ဘုရားများပင်လျှင် မနာလို ဖြစ်ကြပေလိမ့်မည်။ ဤစစ်သင်္ဘောပေါ်သို့ တစ်ကြိမ်တက်ရောက်နိုင်လျှင် နှစ်ပေါင်း ၁၂၉,၆၀၀ ကြာမြင့်သော သေခြင်းနှင့် ရှင်ခြင်း သံသရာ (ဝမ်းယွမ်) ကိုပင် ကြောက်ရွံ့နေစ ရာ မလိုတော့ပေ။
ဤကြီးမားလှသော စစ်သင်္ဘောကြီးသည် ဟင်းလင်းပြင်အတွင်းမှ တိုးထွက်လာသောအခါ၊ ထွက်ပေါ်လာသော လေလှိုင်းကြီးများကြောင့် ဟုန်ယွိ၏ ဗုဒ္ဓသင်္ကန်းတော်မှာ တလွင့်လွင့် ဖြစ်သွားတော့သည်။ ဗုဒ္ဓသင်္ကန်းတော်သည်ပင် ထိုစစ်သင်္ဘောကြီး၏ အရှိန်အဝါကြောင့် တုန်ခါသွားပြီး ကြောက်ရွံ့ရိုသေမှု ဖြစ်ပေါ်လာသကဲ့သို့ပင်။
ဤသင်္ဘောကြီး၏ ပေါ်ထွက်လာမှုနှင့် ပျံသန်းမှုကြောင့် ဖြစ်ပေါ်လာသည့် လေထု လှုပ်ခါမှုမှာ မြို့တစ်မြို့လုံးကိုပင် ပြိုလဲသွားစေနိုင်သည်ဟု ဟုန်ယွိ ခံစားလိုက်ရသည်။
ဤစစ်သင်္ဘော၏ ရှေ့မှောက်တွင် နတ်ဘုရားလက်နက်အားလုံး၊ ယန်နတ်ဘုရား လက်နက်များနှင့် နိဗ္ဗာနနယ်ပယ် နတ်ဘုရားလက်နက်များအားလုံးမှာ သူတို့၏ အရောင်အဝါများ မှေးမှိန်သွားကြရသည်။
ဟုန်ယွိသည် ဖန်ဆင်းခြင်းသင်္ဘော၏ အသွင်အပြင်ကို အကြိမ်ကြိမ် စိတ်ကူးကြည့်ဖူး သော်လည်း၊ ‘တိုင်ရှန်တာအို’ ဂိုဏ်း၏ အရှင်သခင်ကိုပင် သတ်ဖြတ်နိုင်ခဲ့သော ထိုနတ်ဘုရား လက်နက်ကြီးသည် သူ၏ရှေ့မှောက်သို့ အမှန်တကယ် ဆိုက်ရောက်လာ သောအခါ၊ ဟုန်ယွိသည် သူ၏ ဝိညာဉ်အတွင်းပိုင်းအထိ တုန်လှုပ်ချောက်ချားမှုကို ခံစားလိုက်ရပါတော့သည်။