← Chapters

အခန်း (၄၉၃-၄၉၄)

Vol. 47 Ch. 493-494

အခန်း (၄၉၃-၄၉၄)

Vol. 47 Ch. 493-494

အခန်း (၄၉၃)။

ဟုန်ယွိ တစ်ဦးတည်း မဟုတ်ပေ။

မိုင်တစ်ရာခန့်ရှိသော ဟင်းလင်းပြင်ကို ထိုးခွဲ၍ လေဟာနယ်မုန်တိုင်း အတွင်း၌ ဖန်ဆင်းခြင်းသင်္ဘောကြီး ပေါ်ထွက်လာသောအခါ ယွမ်ရှန်းရှန်း၊ ချီလင်၊ ရှဲ့ဝန်ယွမ်၊ နဂါးသမီးတော်နှင့် ချန်ယင်းရှာတို့သည်လည်း အလွန်ပင် တုန်လှုပ်ချောက်ချားသွားကြ သည်။

ဖန်ဆင်းခြင်းသင်္ဘော၏ ရှေ့မှောက်တွင် လူသားတို့၏ စွမ်းအားမှာ အလွန်ပင် သေးငယ် လွန်းလှသည်။ အဆင့်ခြောက် မိုးကြိုးကပ်ဘေးပညာရှင် အထွတ်အထိပ်သို့ ရောက်ရှိထား ပြီး အားကောင်းလှသော မှော်စွမ်းအားများ ပိုင်ဆိုင်ထားသည့် ပညာရှင်တစ်ဦးပင်လျှင် ဤအရာကို ခုခံရန် မဖြစ်နိုင်ဟု ခံစားရပေလိမ့်မည်။

အထူးသဖြင့် ဟုန်ယွိသည် ဖန်ဆင်းခြင်းသင်္ဘော အကြောင်းကို အသေးစိတ် လေ့လာ ဆင်ခြင်ခဲ့ဖူးသဖြင့် ပို၍ပင် သိရှိနားလည်ထားသည်။

ဤနတ်ဘုရား သင်္ဘောကြီးသည် ‘နိဗ္ဗာန’ (တဖက်ကမ်း) သို့ သွားနိုင်သည့် မှော်ရတနာ တစ်ခုဖြစ်ရုံသာမက၊ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က တိုင်ရှန်တာအိုဂိုဏ်း၏ ခေါင်းဆောင်ပင်လျှင် ဤသင်္ဘော၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်အထိ ကြောက်မက် ဖွယ်ကောင်းလှသည်။ ထိုစဉ်က ‘ဖန်ဆင်းခြင်းတာအိုဂိုဏ်း’မှာ အမြစ်ပြတ် သုတ်သင်ခံခဲ့ရ သော်လည်း၊ ၎င်းသည် ဤနတ်ဘုရားသင်္ဘောကြီးကို ပို၍ပင် နက်နဲဆန်းကြယ်သော အရှိန်အဝါတစ်ရပ် ပိုင်ဆိုင်သွားစေခဲ့သည်။

တိုင်ရှန်တာအိုဂိုဏ်းနှင့် ဖန်ဆင်းခြင်းတာအိုဂိုဏ်းတို့အကြားက ရန်ငြိုးများမှာ ကျင့်ကြံခြင်း အဆင့် မြင့်မားသူများနှင့် ကျင့်ကြံခြင်းလောက၏ သမိုင်းကြောင်းကို နှံ့စပ်သူများအားလုံး နီးပါး သိရှိကြသည်။

တိုင်ရှန်တာအိုဂိုဏ်း၏ ဂိုဏ်းချုပ်များသည် လောကကို လွှမ်းမိုးထားသည့် ပြိုင်ဘက်ကင်း ပညာရှင်များ ဖြစ်ကြပြီး၊ သူတို့စကားကို လိုက်နာသူများကို ကြီးပွားစေကာ ဆန့်ကျင်သူ များကို ဖျက်ဆီးပစ်ကြသူများ ဖြစ်သည်။ သူတို့ကိုယ်သူတို့ ‘ကောင်းကင်တာအို’ အဖြစ် သတ်မှတ်ကာ ကောင်းကင်ဘုံသားတော် (ဧကရာဇ်) များကိုပင် ကြီးကြပ်ကွပ်ကဲကြသည်။ သူတို့သည် ဧကရာဇ်၏ ဦးခေါင်းထက်တွင် ချိတ်ဆွဲထားသော ထက်ရှသည့် ဓားတစ်စင်း နှင့်ပင် တူနေသည်။

သို့သော်လည်း ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးပင်လျှင် ဖန်ဆင်းခြင်းသင်္ဘော၏ လက်ထဲတွင် သေဆုံးခဲ့ရသည်။ ထိုစဉ်က စစ်ပွဲမှာ မည်မျှအထိ ကြေကွဲစရာကောင်းပြီး တိုက်ပွဲမှာ မည်မျှ အထိ ပြင်းထန်ခဲ့မည်ကို မှန်းဆကြည့်နိုင်ပေသည်။ ဟုန်ယွိပင်လျှင် ထိုကဲ့သို့သော စစ်တလင်းပြင်ကို စိတ်ကူးကြည့်ရန် ခက်ခဲလှသည်။

တစ်ချိန်က ဟုန်ရွှန်ကျိနှင့် ယန်ဖန်းတို့သည် သူတို့စိတ်ဓာတ်ခွန်အားများ အမြင့်ဆုံးသို့ ရောက်ရှိနေချိန်တွင် ဤနတ်ဘုရားသင်္ဘောကြီးကို ရရှိခဲ့ကြသည်။ ထိုအချိန်မှစ၍ သူတို့ သည် လောကကြီးကို ထိန်းချုပ်ကာ နတ်ဘုရားလက်နက်ကို ဆုပ်ကိုင်နိုင်ခဲ့ကြသည်။ ‘မုန့်ရှန်းကျီ’ ပင်လျှင် သူတို့ကို ဘာမျှ မလုပ်နိုင်ခဲ့ပေ။

နတ်ဘုရားသင်္ဘောကြီးကို ကြည့်ရင်း ဟုန်ယွိသည် ဟုန်ရွှန်ကျိနှင့် ယန်ဖန်းတို့ ဒိုင်ဇင် ဘုရားကျောင်းကို ဖျက်ဆီးခဲ့ပုံနှင့် မုန့်ရှန်းကျီကို လုပ်ကြံရန် ကြံစည်ခဲ့ပုံတို့ကို မြင်ယောင် နေမိသည်။ ထို့ပြင် အထက်တန်းလွှာ မိသားစုကြီးများကို အောင်နိုင်ရန်၊ လောကကို ပြုပြင်ပြောင်းလဲရန်နှင့် မကြုံစဖူးသော မင်းဆက်တစ်ခု တည်ထောင်ရန် သူတို့၏ အကြွင်းမဲ့ ယုံကြည်မှုကိုလည်း သူ ခံစားနေရသည်။

ဖန်ဆင်းခြင်းသင်္ဘော ကဲ့သို့သော နတ်ဘုရားလက်နက်မျိုးသည် ဤလူ့လောကတွင် မပေါ်ထွန်းသင့်ပေ။ ၎င်းမှာ ဤလောကရှိ နတ်ဘုရားအားလုံးကို အုပ်စိုးရသော နတ်ဘုရား ဘုရင်သာ ပိုင်ဆိုင်ထိုက်သည့် နတ်ဘုရားနန်းတော် ဖြစ်သင့်ပြီး၊ စစ်မှန်သော ကောင်းကင် ပြင်ပနယ်မြေတွင်သာ တည်ရှိသင့်ပေသည်။

ဤနတ်ဘုရားလက်နက် လူ့လောကသို့ ဆင်းသက်လာသည်နှင့် လူ့လောက၏ စွမ်းအား ချိန်ခွင်လျှာကို အစွန်းတဖက်ရောက်အောင် ပျက်ပြားစေကာ၊ ထိုမှတဆင့် ဆက်တိုက် ဆိုသလို ဘေးအန္တရာယ်များကို ဖြစ်ပေါ်စေပေလိမ့်မည်။

…

“သူတော်စင်ပေါင်းစုံခန်းမ, ဇမ္ဗူမဟာအစီအရင်ကို ဝါးမျိုစမ်း”

ထိုအချိန်တွင် ဇမ္ဗူမဟာအစီအရင်၏ ပုံကြမ်းမှာ ပေအနည်းငယ်ခန့်အထိ ကျုံ့ဝင်သွားပြီ ဖြစ်ကာ သူတော်စင်ပေါင်းစုံခန်းမ၏ ဝါးမျိုခြင်းကို ခံရတော့မည် ဖြစ်သည်။ သို့သော် ဖန်ဆင်းခြင်းသင်္ဘော ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဟုန်ယွိ ဝါးမျိုနေသည်ကို တားဆီးချင် ပုံရသည်။

ဟုန်ယွိ၏ ‘သူတော်စင်ပေါင်းစုံခန်းမ’ မှာ အမည်အားဖြင့် အလွန်ခန့်ညားသော်လည်း၊ ၎င်းမှာ သာမန် ကမ္ဘာငယ်လေးတစ်ခုသာ ဖြစ်သည်။ အထူးသဖြင့် ၎င်းကို တည်ဆောက် ထားသော ပစ္စည်းများမှာ အထွက်အထိပ် သိုင်းသူတော်စင်အဆင့်ရှိ ‘ရက်စက်မိစ္ဆာ’ ကာစီ၏ ခန္ဓာကိုယ်သာ ဖြစ်သည်။ ဤကုန်ကြမ်းပစ္စည်းမှာ အလွန်ပင် သာမန်ဆန်လွန်းလှ သလို လက်ရာကလည်း ညံ့လှသည်။ တိုက်ခိုက်ခြင်းကို မခံနိုင်ပေ။ အကယ်၍ အနည်းငယ် မျှ တိုက်ခိုက်ခံရပါက သူတော်စင်ပေါင်းစုံခန်းမမှာ ပြိုလဲသွားပေလိမ့်မည်။

ဟုန်ယွိသည် ‘သူတော်စင်ပေါင်းစုံခန်းမ’ ကို အသုံးပြု၍ ဟင်းလင်းပြင်ကို ဖောက်ထွက် ကာ တည်နေရာရွေ့ပြောင်းခြင်း ခရီးသွားရန်ပင် မလုပ်ဆောင်ရဲပေ။ အကြောင်းမှာ ထိုသို့ တည်နေရာရွှေ့ပြောင်း ခရီးသွားခြင်းက ပြင်းထန်လွန်းပြီး အတွင်းရှိ ပစ္စည်းများ ပြန့်ကျဲ သွားနိုင်ကာ၊ ကမ္ဘာငယ်လေးပင် ပြိုလဲသွားနိုင်ပြီး၊ ပြန်လည်သန့်စင်ရမည် ဖြစ်သော ကြောင့်ပင်။

‘အမှောင်ဧကရာဇ် တာအိုသခင်’ ၏ အဆင့်ရှစ် မိုးကြိုးကပ်ဘေး နတ်ဘုရားအသိစိတ်မှာ စွမ်းအားကြီးမားသော်လည်း၊ ၎င်းမှာ မတည်ငြိမ်သော ကမ္ဘာငယ်တစ်ခုကိုသာ ဖန်တီးနိုင် သည်။

သို့သော် အကယ်၍ သူသည် ဇမ္ဗူမဟာအစီအရင်ကို ဝါးမြိုပြီး အစီအရင်ပုံကြမ်းနှင့်အတူ နတ်ဘုရားရတနာ ကိုးပါးကိုပါ ၎င်းအတွင်းသို့ ထည့်သွင်းသန့်စင်လိုက်နိုင်ပါက၊ ဟုန်ယွိ သည် သူတော်စင်ပေါင်းစုံခန်းမကို အမှန်တကယ် ပြည့်စုံသော တိုင်းပြည်၊ ပြည့်စုံသော အသိပညာ ဗိမာန်တော်ကြီးအဖြစ် ပြောင်းလဲနိုင်ပေလိမ့်မည်။ ၎င်းသည် အဆုံးမရှိသော မှော်စွမ်းအားများ ပိုင်ဆိုင်လာမည့်အပြင်၊ အဆုံးမရှိသော ကာကွယ်ရေးစွမ်းရည်များကိုပါ ပိုင်ဆိုင်သွားပြီး မဖျက်ဆီးနိုင်သော အရာတစ်ခု ဖြစ်လာပေလိမ့်မည်။

ဤအရာကို ပိုင်ဆိုင်လိုက်ခြင်းဖြင့်၊ ဟုန်ယွိသည် နှစ်ပေါင်းထောင်ချီ ခိုင်မြဲမည့် မိသားစုကြီး တစ်ခု၏ အခြေခံအုတ်မြစ်ကိုပင် တည်ဆောက်နိုင်မည် ဖြစ်သည်။ ဤသည်မှာ အနာဂတ် တွင် ဟုန်ယွိသည် ဖြောင့်မတ်ခြင်းလမ်းစဉ်၏ ခေါင်းဆောင် ဖြစ်လာရန်အတွက်လည်း အခြေခံပင် ဖြစ်သည်။

နှစ်ပေါင်းထောင်ချီ အစဉ်အလာရှိသော မိသားစုကြီးတိုင်းတွင် ကြီးမားသည့် ကမ္ဘာငယ် တစ်ခုစီ အမြဲတစေ ရှိကြသည်။ ၎င်းကို သက်တမ်း ကုန်ဆုံးမှုကို နှေးကွေးစေရန်၊ အရေးကြီးသော ပိုင်ဆိုင်မှုများကို ကာကွယ်ရန်နှင့် အမျိုးမျိုးသော နတ်ဘုရားလက်နက် များ၊ ဝိညာဉ်လက်နက်များနှင့် မှော်ရတနာများကို သွန်းလုပ်ရန် အသုံးပြုကြသည်။

ဟုန်ယွိသည် ဤအရာ၏ အရေးပါမှုကို သဘာဝကျကျပင် သိရှိထားသည်။

ထို့ကြောင့် ဖန်ဆင်းခြင်းသင်္ဘော ပေါ်လာသောအခါ ဟုန်ယွိသည် အလွန်အမင်း တုန်လှုပ် မသွားပေ။ ယင်းအစား သူသည် ခဏမျှ ရပ်တန့်သွားပြီးနောက် သူ၏ မှော်စွမ်းအားများကို ပြင်းထန်စွာ လှည့်ပတ်လိုက်ကာ ဇမ္ဗူမဟာအစီအရင်ကို ဝါးမျိုရန် အာရုံစိုက်ပြီး ကြိုးစား တော့သည်။

အကြောင်းမှာ ဤဖန်ဆင်းခြင်း သင်္ဘောသည်လည်း ၎င်း၏ ကိုယ်ထည်ကို ပိုမိုပြည့်စုံစေ ရန်အတွက် ဤဇမ္ဗူမဟာအစီအရင်၏ အစီအရင်ပုံကြမ်းနှင့် နတ်ဘုရား ရတနာကိုးပါးကို လိုအပ်နေနိုင်ကြောင်း သူ သိရှိသောကြောင့်ပင်။

အကယ်၍ ဖန်ဆင်းခြင်းသင်္ဘောကသာ ဇမ္ဗူမဟာအစီအရင်ကို စုပ်ယူလိုက်ပါက၊ ၎င်း၏ စွမ်းအားမှာ နောက်ထပ် အဆင့်တစ်ခုသို့ တက်လှမ်းသွားမည် ဖြစ်ကာ နိဗ္ဗာနနယ်ပယ်ကို ကျော်ဖြတ်ရန် ပိုမို ယုံကြည်ချက် ရှိသွားပေလိမ့်မည်။

သို့သော် ဇမ္ဗူမဟာအစီအရင်မှာ သန့်စင်ဝါးမျိုရန် ထိုမျှ မလွယ်ကူပေ။ သူတော်စင်ပေါင်းစုံ ခန်းမ၏ လက်ရှိ အခြေခံဖြင့် ဇမ္ဗူမဟာအစီအရင်ကို ဝါးမျိုရန် ကြိုးစားခြင်းမှာ မြွေငယ် တစ်ကောင်က ဆင်တစ်ကောင်ကို မျိုရန် ကြိုးစားနေသကဲ့သို့ပင်။

“လောဘဟာ အတိုင်းအဆမရှိဘူး၊ ဆင်ကို မြိုချင်တဲ့ မြွေလိုပဲ” ထိုစကားပုံ၏ အဓိပ္ပာယ်ကို ဟုန်ယွိသည် ယခုပင် အပြည့်အဝ သက်သေပြနေတော့သည်။ သို့သော် ဟုန်ယွိ၏ မှော်စွမ်းအား စုစည်းမှုအောက်တွင် ထိုမြွေငယ်လေးသည် ရှေးဦးခေတ် ဆင်ကြီးကိုပင် အရှင်လတ်လတ် ဝါးမြိုနိုင်ပေလိမ့်မည်။

…

ဖန်ဆင်းခြင်း သင်္ဘောကြီးသည်လည်း ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်း အတွင်းသို့ ဝင်ရောက်လာသည်နှင့် ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုကို စတင်လိုက်သည်။

‘အိပ်မက်နတ်ဘုရား’ စစ်သင်္ဘောထက် ရှစ်ဆခန့် ပိုမိုကြီးမားသော ဖန်ဆင်းခြင်းသင်္ဘော ကြီးသည် ပြင်းထန်စွာ တုန်ခါသွားသည်။ ရုတ်တရက်ဆိုသလို နဂါး၊ မြွေ၊ ငှက်၊ ဖီးနစ်၊ လိပ်၊ ဆင်နှင့် ကြံ့တို့၏ ပုံသဏ္ဌာန်များပါဝင်သော မှော်သင်္ကေတ အမှတ်အသားများမှာ သင်္ဘော ပေါ်တွင် ပွင့်လန်းလာသည်။ ဧက ၃၀ ခန့်ရှိသော ဧရိယာကို လွှမ်းခြုံထားသည့် အလင်းတန်းကြီးတစ်ခုမှာ အောက်သို့ တိုက်ရိုက် ပစ်ဆင်းလာပြီး ဟုန်ယွိကို လွှမ်းခြုံသွား သည့်အပြင်၊ ဇမ္ဗူမဟာအစီအရင်၏ ပုံကြမ်းကိုပါ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက် သည်။

ဤအလင်းတန်း၏ စွမ်းအားမှာ လွှမ်းမိုးနိုင်စွမ်း ကြီးမားလှပြီး၊ အဆင့်ငါး မိုးကြိုးကပ်ဘေး ပညာရှင်တစ်ဦး၏ အတွေးစအားလုံးကို အကုန်အစင် လောင်ကျွမ်း ပေါက်ခွဲပြီး အသက်စွန့် တိုက်ခိုက်ရသည့် တာအိုပညာနှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။

“သတိထား၊ ဒါက ကြယ်စင်စုဝိညာဉ်စွမ်းအင်ပဲ။”

ယွမ်ရှန်းရှန်းသည် ထိုနတ်ဘုရား မှော်သင်္ကေတ အမှတ်အသားများ ကျဆင်းလာသည်ကို မြင်သောအခါ အော်ဟစ်သတိပေးလိုက်သည်။ သိသာသည်မှာ ဤကြယ်စင်စုဝိညာဉ် စွမ်းအင်သည် အဆင့်ခြောက် မိုးကြိုးကပ်ဘေး ပညာရှင် တစ်ဦးကိုပင် တည်ငြိမ်မှု ပျက်ပြားစေနိုင်လောက်အောင် စွမ်းအားကြီးမားလှပေသည်။

“ဟွန့်…”

ဟုန်ယွိသည် ဇမ္ဗူမဟာအစီအရင်ကို အစွမ်းကုန် သန့်စင်နေစဉ်မှာပင်၊ ဖန်ဆင်းခြင်း သင်္ဘောထံမှ အပြောင်းလဲ တစ်စုံတစ်ရာ ဖြစ်ပေါ်လာမည်ကို ကြိုတင် မျှော်လင့်ထားပြီး ဖြစ်သည်။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး လျှပ်တပြက် အတွင်းမှာ ပင် လက်တံဆိပ်ပေါင်း ဒါဇင်နှင့်ချီ ပေါ်ထွက်လာကာ လေထဲတွင် ဧရာမ လက်ဝါးကြီး တစ်ခုအဖြစ် စုစည်းသွားတော့သည်။ ထိုလက်ဝါးမှာ ရွှေရောင် တောက်ပနေပြီး၊ အတိုင်း အဆမရှိ မြင့်မြတ်သော အရှိန်အဝါတစ်ခု ပေါ်ထွက်လာကာ ဖန်ဆင်းခြင်းသင်္ဘော၏ အရှိန်အဝါကို ခပ်ရေးရေး ယှဉ်ပြိုင်နိုင်သည်။

ထိုဧရာမ လက်ဝါးကြီးသည် ကြယ်စင်စုဝိညာဉ်စွမ်းအင်ကို ချက်ချင်း ဖမ်းဆီးလိုက်သည်။ ၎င်းနှစ်ခု ထိပ်တိုက်တွေ့သောအခါ ဟုန်ယွိ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားပြီး၊ သူ့နှုတ်ခမ်းဖျားမှ ညည်းတွားသံတစ်ချက် ထွက်ပေါ်လာသည်။

ဤထိပ်တိုက်တွေ့မှု တစ်ခုတည်းဖြင့်ပင် ဟုန်ယွိ၏ စိတ်ဝိညာဉ်မှာ အဆုံးမဲ့ ဖိနှိပ်ကြိတ်ချေ မှုကို ခံစားလိုက်ရသည်။ မှန်ပါသည်၊ ၎င်းမှာ ဖိနှိပ်ကြိတ်ချေခြင်းပင် ဖြစ်သည်။

လှိမ့်ဆင်းလာသော ဘီးကြီးကို တားဆီးရန် ကြိုးစားသည့် ပုရွက်ဆိတ်တစ်ကောင်သည် ထိုဘီးကြီး၏ ဖိကြိတ်မှုကို ခံရသောအခါ ခံစားရမည့် ခံစားချက်မျိုးပင်။

သူ၏ စိတ်ဝိညာဉ်သည် ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ နှင့် ပေါင်းစပ်ထားပြီး ဖြစ်သလို၊ ဗုဒ္ဓ သင်္ကန်းတော်ကိုလည်း အတိုင်းတာတစ်ခုအထိ ထိန်းချုပ်နိုင်နေပြီ ဖြစ်သော်လည်း၊ ဖန်ဆင်းခြင်းသင်္ဘောမှ ပစ်လွှတ်လိုက်သော ကြယ်စင်စုဝိညာဉ်စွမ်းအင်နှင့် ရင်ဆိုင်ရသော အခါတွင မူ ကျော်လွှား၍မရသော ဖိနှိပ်မှုကို ခံစားနေရဆဲပင်။

“မဟာ မဟာ... သစ္စာတရား ဖွင့်ဟစမ်း၊ သစ္စာတရား ဖွင့်ဟခြင်း။ ဗောလော ဗောလော... မူလကံကြမ္မာ တာအိုသစ်သီး”

ဟုန်ယွိသည် တွန့်ဆုတ်မနေဘဲ မိစ္ဆာနတ်ဘုရားတစ်ပါးကဲ့သို့ မတ်မတ်ရပ်လိုက်သည်။ သူ၏ အဝတ်အစားများမှာ တလွင့်လွင့် ခတ်နေပြီး ဧက တစ်ရာခန့် အရွယ်အစားရှိသော ကံကြမ္မာလုံး(စွမ်းအင်) တစ်ခု ပေါက်ကွဲထွက်လာပြီး၊ ကြယ်စင်စု ဝိညာဉ်စွမ်းအင်နှင့် တိုက်ရိုက် ထိတွေ့သွားပြီး၊ ထိုစွမ်းအင်ကို ချက်ချင်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေတော့ သည်။

သို့သော် ဤ ‘ကံကြမ္မာ’ (စွမ်းအင်) မှာလည်း ဘာမှမရှိသည့်အလား ပျောက်ကွယ်သွားခဲ့ရ သည်။

ကြယ်စင်စုဝိညာဉ်စွမ်းအင် ပျက်စီးသွားသည်နှင့် ဖန်ဆင်းခြင်းသင်္ဘော တစ်ခုလုံးမှာ အနည်းငယ် တုန်ခါသွားပုံရသည်။ ထို့နောက် သင်္ဘောကိုယ်ထည် ဘေးပတ်ပတ်လည်တွင် မရေတွက်နိုင်သော မြစိမ်းရောင် လှိုင်းလုံးများ ပေါ်ထွက်လာပြီး ရှေ့သို့ တိုးဝင်လာတော့ သည်။

ဟင်းလင်းပြင် တစ်ခုလုံးမှာ အဆုံးမရှိသော မြစိမ်းရောင် လှိုင်းလုံးကြီးများဖြင့် ဝန်းရံခြင်း ခံလိုက်ရသည်။

ဤမြစိမ်းရောင် လှိုင်းလုံးကြီးများမှာ ဇမ္ဗူမဟာအစီအရင်၏ အနက်ရောင်တိမ်တိုက်များ ထက်ပင် ပိုမို စေးကပ်ပြီး၊ ၎င်းတို့တွင် ဟင်းလင်းပြင်ကို အေးခဲစေနိုင်သော စွမ်းရည်ရှိသ ဖြင့် မည်သည့် စိတ်ဝိညာဉ်မျှ ဟင်းလင်းပြင်ကို ထိုးခွဲ၍ မရနိုင်တော့ပေ။

“ဒါက မဟာကျောက်စိမ်း ပြောင်းလဲခြင်းစွမ်းအင်၊ အချိန်နဲ့ ဟင်းလင်းပြင်ကို အေးခဲစေနိုင် တယ်။ ဖန်ဆင်းရှင်သခင်အဆင့် အောက်က ပညာရှင်တွေအားလုံး အကြီးအကျယ် ပိတ်ဆို့ ခံရလိမ့်မယ်။ ဒီနေရာရဲ့ အချိန်နဲ့ ဟင်းလင်းပြင်ဟာ လုံးဝ ချိတ်ပိတ်ခံလိုက်ရပြီ။ ဖန်ဆင်းခြင်းသင်္ဘောရဲ့ မိုင်တစ်ထောင် ပတ်လည်အတွင်း ဘယ်ပညာရှင်မှ ဟင်းလင်းပြင် ကို ထိုးခွဲပြီး ထွက်မပြေးနိုင်တော့ဘူး။”

ယွမ်ရှန်းရှန်းသည် ချက်ချင်းပင် မွှေးပျံ့သော ချီစွမ်းအင်များကို ထုတ်ဖော်ကာ မိမိကိုယ် ကိုယ် ဝန်းရံလိုက်သည်။ သို့သော် သူမသည် မဟာကျောက်စိမ်း ပြောင်းလဲခြင်းစွမ်းအင်၏ ကျူးကျော်ခြင်းမှ မိမိကိုယ်ကိုယ် ကာကွယ်နိုင်ရုံသာ တတ်နိုင်ပေသည်။

မြစိမ်းရောင် လှိုင်းလုံးကြီးများသည် လူတိုင်း၏ မှော်ရတနာများမှ ထွက်ပေါ်နေသော အလင်းတန်းများကို တင်းကျပ်စွာ လွှမ်းခြုံထားသည်။ ဤသည်မှာ လူတိုင်းကို ပယင်းကျောက်အတွင်း ပိတ်မိနေသည့် ယင်ကောင်များကဲ့သို့ ခံစားရစေပြီး၊ လှုပ်ရှားရန် သို့မဟုတ် ပျံသန်းရန် ခက်ခဲစေရုံသာမက ဟင်းလင်းပြင်ကို ဖောက်ထွက်၍ ထွက်ပြေးရန် မှာလည်း လုံးဝ မဖြစ်နိုင်တော့ပေ။

ယွမ်ရှန်းရှန်းသည် ဖန်ဆင်းခြင်းသင်္ဘော၏ စွမ်းအားကို နက်နက်ရှိုင်းရှိုင်း သိရှိထားပုံရပြီး၊ ကြီးမားလှသော မဟာနတ်ဘုရားစွမ်းအား နှစ်မျိုး၏ အမည်များကို ချက်ချင်း အော်ပြော နိုင်သည်။

“ရှူး... ရှူး... ရှူး...”

မဟာကျောက်စိမ်း ပြောင်းလဲခြင်းစွမ်းအင်၏ ပတ်ပတ်လည် မိုင်တစ်ထောင်အတွင်း၌ပင် ဖန်ဆင်းခြင်းသင်္ဘောသည် ရုတ်တရက် လှုပ်ရှားလာသည်။ မရေတွက်နိုင်အောင် များပြား သည့် သန်းပေါင်းများစွာသော မှော်စာလုံးများဖြင့် ဖွဲ့စည်းထားသည့် တောက်ပလှသော အလင်းတန်းတစ်ခုမှာ အထပ်ပေါင်း ဆယ့်ရှစ်ထပ်ရှိသည့် ကြီးမားလှသော သင်္ဘော ကိုယ်ထည်တစ်ခုလုံးပေါ်တွင် စုစည်းလာပြီး အဆက်မပြတ် တဖျပ်ဖျပ် လက်နေ၏။

လူသားအင်မော်တယ် ပညာရှင် တစ်ရာခန့် ပူးပေါင်းလိုက်မှ ထွက်ပေါ်လာနိုင်သည့် ပြင်းထန်ပြီး မယိမ်းယိုင်သော အငွေ့အသက်တစ်ခုက သင်္ဘောကိုယ်ထည်မှ ထွက်ပေါ်နေ သည်။ လူသားအင်မော်တယ် ပညာရှင် တစ်ရာ၏ ပေါင်းစပ်အငွေ့အသက်မှာ မည်မျှအထိ အစွမ်းထက်မည်နည်း။ အခြားအရာများကို မပြောနှင့်ဦး၊ ထိုပညာရှင် တစ်ရာ၏ ပေါင်းစပ် ဟိန်းဟောက်သံ တစ်ခုတည်းဖြင့်ပင် ဖန်ဆင်းရှင်သခင် အဆင့်ရှိသော ပညာရှင်တစ်ဦးကို ပြာဖြစ်သွားစေနိုင်သည်။ ယန်နတ်ဘုရား ပညာရှင်တစ်ဦးပင်လျှင် ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရသွားပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် ဤသင်္ဘောကိုယ်ထည်ကြီးသည် မဟာကျောက်စိမ်း ပြောင်းလဲခြင်း စွမ်းအင်ကို ခွင်း၍ လှိုင်းများကို ဖြတ်ကျော်ကာ ပျံသန်းလာပြီး၊ ဟုန်ယွိနှင့် အခြားသူများကို တိုက်ရိုက် ဝင်တိုက်တော့မည်။

ဖန်ဆင်းခြင်းသင်္ဘောသည် အခြားသော တိုက်ခိုက်မှုများကို အသုံးမပြုပေ။ ၎င်းမှာ ရိုးရိုး ရှင်းရှင်းပင် တိုက်ရိုက် ဝင်တိုက်ခြင်း ဖြစ်သည်။ ကြိတ်ခြေဖျက်ဆီးမည့် တိုက်ကွက် ဖြစ်သည်။

ဖန်ဆင်းခြင်းသင်္ဘောမှာ အလွန်ပင် လျင်မြန်လှသဖြင့် ဟုန်ယွိ၏ မျက်လုံးထဲတွင် ၎င်းသည် အနည်းငယ်သာ လှည့်လိုက်ပုံရသည် ထင်လိုက်သော်လည်း၊ မျက်တောင် တစ်ခတ်အတွင်းမှာပင် အချိန်နှင့် ဟင်းလင်းပြင်ကို ပုံပျက်ယွင်းသွားစေကာ မိုင်တစ်ရာခန့် အရှေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ နောက်တခဏအတွင်းမှာပင် ၎င်းသည် လူတိုင်းကို ဝင်တိုက်ပြီး ပြာအဖြစ် ဖိကြိတ်ပစ်တော့မည် ဖြစ်သည်။

ဖန်ဆင်းခြင်းသင်္ဘောမှာ ကြီးမားသော်လည်း ၎င်း၏ အရှိန်ဟုန်မှာမူ ပုံမှန်မဟုတ်ဘဲ မြန်ဆန်လှသည်။ မဟာကျောက်စိမ်း ပြောင်းလဲခြင်းစွမ်းအင်၏ အေးခဲစေသော အစွမ်းကို ထည့်မတွက်လျှင်ပင်၊ သာမန် ပညာရှင်များမှာ သာမန် ပညာရှင်များမှာ ၎င်း၏ ဝင်တိုက်မှု ကို ရှောင်တိမ်းနိုင်ရန် ခက်ခဲလှပေလိမ့်မည်။

“အားလုံး စုစည်းလိုက်ကြ။”

ဟုန်ယွိသည် လူသားအင်မော်တယ် တစ်ဦး၏ ဟစ်ကြွေးသံဖြင့် ပြင်းထန်စွာ အော်ဟစ် လိုက်ရာ၊ ကြီးမားသော အသံလှိုင်းများက မဟာကျောက်စိမ်း ပြောင်းလဲခြင်းစွမ်းအင် အချို့ ကို အတင်းအကျပ် တွန်းထုတ်ပစ်လိုက်သည်။ ဟုန်ယွိ၏ အကူအညီဖြင့် နဂါးသမီးတော်၊ ယွမ်ရှန်းရှန်းနှင့် အခြားသူများသည် ဟုန်ယွိ၏ ဘေးနားသို့ ချက်ချင်း ပျံသန်းလာကြသည်။

တစ်ချိန်တည်းမှာပင် ဟုန်ယွိက သူ၏ ဝတ်မောင်းစကို ခါယမ်းလိုက်သည်။

“ဗုဒ္ဓသင်္ကန်းတော်”

ဗုဒ္ဓသင်္ကန်းတော်၏ လက်မောင်းစတစ်ခုလုံးမှာ ရုတ်တရက် ပြန့်ကားသွားပြီး ကမ္ဘာကို ဖုံးလွှမ်းနိုင်လောက်သည့် ကုလားကာကြီးတစ်ခုအဖြစ် ပြောင်းလဲကာ၊ လွင့်ပျံသွားပြီး ဖန်ဆင်းခြင်းသင်္ဘော၏ လမ်းကြောင်းကို ပိတ်ဆို့ကာ ထိပ်တိုက် ဝင်တိုက်လိုက်တော့ သည်။

“ဗြိ….”

ဖန်ဆင်းခြင်းသင်္ဘောသည် ဗုဒ္ဓ၏သင်္ကန်းတော် ကုလားကာနှင့် တိုက်မိသောအခါ၊ ပိုးထည်တစ်စကို ဆွဲဖြဲလိုက်သကဲ့သို့ အသံမျိုး ထွက်ပေါ်လာသည်။

ဟုန်ယွိ၏ မျက်နှာ ပျက်သွားခဲ့သည်။ သူသည် လက်ကို နောက်တစ်ကြိမ် မြှောက်လိုက်ရာ သူ၏ လက်အတွင်းမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး၊ အတိုင်းအဆမရှိ ကြီးမားသော ‘ကံကြမ္မာ’ (စွမ်းအင်) နှစ်ခုအဖြစ် ပြောင်းလဲကာ ဗုဒ္ဓသင်္ကန်းတော်ကို အားဖြည့်ပေးလိုက်သည်။

ချက်ချင်းဆိုသလိုပင် စုတ်ပြဲသွားသော ဗုဒ္ဓသင်္ကန်းတော်မှာ ပြန်လည် ဖာထေးသွားသကဲ့ သို့ ဖြစ်သွားခဲ့ပြီး၊ ဤဧရာမ ကုလားကာကြီးသည် ဧရာမ စစ်သင်္ဘောကြီး၏ တိုက်ခိုက်မှုကို ကြံ့ကြံ့ခံ ခုခံထားနိုင်ခဲ့ပြီ။

“ဝုန်း”

ဟုန်ယွိ၏ ခက်ထန်သည့် အမူအရာနှင့် ကုလားကာတစ်ခုအဖြစ် ပြောင်းလဲကာ ဖန်ဆင်း ခြင်းသင်္ဘော ဟူသော ဧရာမ သတ္တဝါကြီးကို တားဆီးထားသည့် ဗုဒ္ဓသင်္ကန်းတော်၏ စွမ်းအားကို မြင်လိုက်ရသဖြင့်၊ ကျီရှန်းထျန်းပင်လျှင် အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

ချီလင်၏ ပါးစပ်မှာလည်း အဟောင်းလောင်းပွင့်နေပြီး လျှာကြီးမှာ အပြင်သို့ ထွက်ကျနေ သည်။ သူသည် အံ့ဩမှုထက် ကျော်လွန်သွားခဲ့ပြီ။

ဖန်ဆင်းခြင်းသင်္ဘော၏ ဝင်တိုက်မှုကို တစ်ဦးတည်း ခုခံနိုင်ရန်မှာ မည်ကဲ့သို့သော စွမ်းအား မျိုး ဖြစ်မည်နည်း။ မည်သို့သော မဟာနတ်ဘုရားစွမ်းအားနည်း။

သို့သော်လည်း ဤကုလားကာမှာ ကြာရှည် ခံနိုင်မည် မဟုတ်ပေ။ ခေတ္တမျှ ကြာပြီးနောက် တွင် ပြင်းထန်လှသော ဆွဲဖြဲသံတစ်ခု ထပ်မံ ထွက်ပေါ်လာပြီး ၎င်းမှာ အပိုင်းပိုင်း ပြဲထွက် တော့မည့်အလား ဖြစ်နေသည်။

သို့သော်လည်း ဟုန်ယွိသည် ဤအခွင့်အရေးကို နောက်ဆုံးတွင် ဆုပ်ကိုင်နိုင်ခဲ့ပြီ။ သူ၏ လက်နှစ်ဖက်မှာ လေထဲတွင် ပြင်းထန်စွာ ကခုန်နေပြီး၊ ‘မူလကံကြမ္မာ တာအိုသစ်သီး’ နှစ်လုံး ပျံထွက်သွားကာ ဇမ္ဗူမဟာအစီအရင်၏ လိပ်ခွံကြီးကို နောက်တစ်ကြိမ် အပြင်း အထန် တိုက်ခိုက်လိုက်တော့သည်။

ဤပြင်းထန်သော တိုက်ခိုက်မှုအပြီးတွင် ဇမ္ဗူမဟာအစီအရင်၏ လိပ်ခွံကြီးမှာ နောက်တစ် ဖန် ကျုံ့ဝင်သွားပြီး လက်ဆေးကန် အရွယ်အစားခန့်သာ ရှိတော့သည်။ ၎င်းပေါ်တွင် ကောင်းကင်နှင့် မြေကြီး၏ လျှို့ဝှက်ချက်များ၊ ရှေးဟောင်း ဒဏ္ဍာရီလာ နတ်ဘုရားသားရဲ ကြီး ‘ဟွီနဂါး’၏ နက်ရှိုင်းမှုများကို ဖော်ပြနေသည့် အမှတ်အသားများဖြင့် ပြည့်နှက်နေ တော့သည်။

မိုင်တစ်ရာခန့် ကျယ်ဝန်းသော ဇမ္ဗူမဟာအစီအရင်ကြီးသည် ဟုန်ယွိ၏ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် လက်ဆေးကန် အရွယ်အစားခန့်အထိ ပြင်းပြင်းထန်ထန် ကျုံ့ဝင်သွား ရခြင်းပင်။

ဤသည်ကို မြင်သောအခါ ယွမ်ရှန်းရှန်းနှင့် အခြားသူများမှာ အံ့အားသင့်သွားကြသည်။ ရှဲ့ဝမ်ယွမ်၏ စိတ်ထဲတွင် ဟုန်ယွိအား ဖြောင့်မတ်ခြင်း လမ်းစဉ်၏ ခေါင်းဆောင်အဖြစ် ထောက်ခံလိုသော စိတ်ဆန္ဒမှာ ပိုမို ခိုင်မာနက်ရှိုင်းလာပါတော့သည်။

အခန်း (၄၉၄)။

“အဆုံးမဲ့အလင်း၊ အဆုံးမဲ့အသက်၊ အဆုံးမဲ့လျှို့ဝှက်ချက်၊ အဆုံးမဲ့အမှောင်ထု၊ အလင်းနှင့် အမှောင် မန္တလာ၊ ချိတ်ပိတ်စမ်း”

ဇမ္ဗူမဟာအစီအရင်၏ နန်းတော်ကိုးဆောင် လိပ်ခွံနှင့် နန်းတော်ကိုးဆောင် ပုံကြမ်း၏ အလယ်ဗဟိုရှိ နတ်ဘုရားရတနာတို့မှာ လက်ဆေးကန် အရွယ်အစားအထိ ကျုံ့ဝင်သွား သောအခါ၊ ဟုန်ယွိသည် ‘အလင်းနှင့်အမှောင်မန္တလာ မဟာအစီအရင်’ ကို ပစ်လွှတ်လိုက် သည်။

ထိုအစီအရင် ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ‘ရွှေရောင်တံတား’ ၏ သိုင်းဆန္ဒမှာ ထိုမဟာအစီအရင်နှင့် ပေါင်းစပ်သွားပြီး အစီအရင် တစ်ခုလုံးကို မြဲမြံစွာ ထိန်းချုပ်လိုက် သည်။

ထို့နောက် အစီအရင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး ဇမ္ဗူမဟာအစီအရင်မှာ ဘာမှ မကျန်လုနီးပါး အစက်အပြောက်တစ်ခုအဖြစ် ထပ်ခါထပ်ခါ ကျုံ့ဝင်သွားကာ၊ ပြန်လည် ပွင့်ထွက်လာသည်။

“ရှူး… ရှူး… ရှူး… ဝုန်း… ဝုန်း… ဝုန်း…”

အလင်းနှင့်အမှောင် မန္တလာ အစီအရင်မှ ပြန်လည် လွင့်ထုတ်လိုက်သည့် နေရာမှာ သူတော်စင်ပေါင်းစုံခန်းမ၏ ဝင်ပေါက်ပင် ဖြစ်သည်။

သန့်စင်ပြီးသား ဇမ္ဗူမဟာအစီအရင်သည် သူတော်စင်ပေါင်းစုံခန်းမ အတွင်းသို့ ချက်ချင်း ပင် အရှိန်အဟုန်ဖြင့် တိုးဝင်သွားသည်။ ထိုတခဏအတွင်းမှာပင် ခန်းမအတွင်းပိုင်းမှာ လျင်မြန်စွာ ကျယ်ပြန့်လာပြီး ‘အနန္တရွှေဆေး’ ကလေးငယ်၏ အော်ငိုသံများ ထွက်ပေါ်လာ သည်။

သို့သော် ဟုန်ယွိသည် မတုန်လှုပ်ပေ။ သူသည် ထိုကလေးငယ်အား အတွင်းရှိ သိမ်းဆည်း ထားသော ပစ္စည်းများကို အစွမ်းကုန် စောင့်ရှောက်ရန် ခိုင်းစေထားပြီး၊ သူကိုယ်တိုင်မှာမူ ခန်းမကြီးနှင့် ဇမ္ဗူမဟာအစီအရင် လုံးဝ တစ်သားတည်း ပေါင်းစပ်သွားစေရန် သူ၏ မှော်စွမ်းအားများကို ဂရုတစိုက် လှည့်ပတ်နေလိုက်သည်။

“ဘန်း…၊ ဘန်း…၊ ဘန်း…။”

တုန်ခါသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။

ဇမ္ဗူမဟာအစီအရင်ကို ဝါးမျိုပြီးနောက် သူတော်စင်ပေါင်းစုံခန်းမ၏ အတွင်းပိုင်း၌ ကမ္ဘာ ပျက်မတတ် ပြောင်းလဲမှုများ စတင် ဖြစ်ပေါ်လာတော့သည်။

ဟင်းလင်းပြင်မှာ ပြင်းထန်စွာ ကျယ်ပြန့်လာပြီး သိသိသာသာ ပြောင်းလဲသွားခဲ့ပြီ။ ၎င်းမှာ အစိုင်းအခဲအဖြစ် တောင့်တင်းခိုင်မာလာသည်။ မူလက အတန်ငယ် ပွယောင်းခဲ့သော ဟင်းလင်းပြင်မှာ ယခုအခါ စိန်ကဲ့သို့ မာကျောသော အစိုင်းအခဲတစ်ခု အဖြစ် စုစည်းသွား ပြီး၊ ဟင်းလင်းပြင်၏ စွမ်းအားများမှာ သံမဏိကို အထပ်ထပ် ခေါက်၍ ထုလုပ်ထားသကဲ့သို့ ပိုမို သိပ်သည်းကျစ်လျစ်လာသည်။

‘စကြဝဠာအိတ်’ အတွင်းရှိ ဟင်းလင်းပြင်ထက်ပင် ပိုမိုသန့်စင်ပြီး ပိုမိုသိပ်သည်းသော စွမ်းအားတစ်ခုမှာ အတွင်းပိုင်းမှ ဝေဝါးစွာ စိမ့်ထွက်လာနေသည်။

ထိုစွမ်းအားကို ခံစားလိုက်ရသဖြင့်၊ လူတိုင်းမှာ ၎င်းသည် အလွန်ပင် ခိုင်မာပြီး ထိုးဖောက်၍ မရနိုင်ကြောင်း ခံစားမိလိမ့်မည်။

မူလက သူတော်စင်ပေါင်းစုံခန်းမမှာ အဝန်းအဝိုင်း မိုင် ၄၀ (၄၀ လီ) နှင့် အမြင့် ပေ ၆၀၀ (၆၀ ကျန့်) ခန့်သာ ရှိသော်လည်း၊ ယခုအခါ ပြင်းထန်စွာ ကျယ်ပြန့်လာသည်။ ကောင်းကင် ယံမှာ မြင့်တက်သွားပြီး မြေပြင်မှာ ထူထဲလာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် ‘စကြဝဠာအိတ်’ ၏ အရွယ်အစားအတိုင်း အဝန်းအဝိုင်း မိုင် ၁၀၀ အထိ ကျယ်ပြန့်သွားသည်။ သို့သော် ၎င်း၏ သိပ်သည်းသော စွမ်းအားမှာမူ ‘စကြဝဠာအိတ်’ ထက် အဆပေါင်းများစွာ သာလွန်သွားခဲ့ပြီ ဖြစ်သည်။ ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ ပင်လျှင် ၎င်းကို ဖျက်ဆီးရန် ခက်ခဲပေလိမ့်မည်။

၎င်းခန်းမအတွင်း၌ တွန့်လိမ်ခေါက်ချိုးနေသော ဟင်းလင်းပြင် အလွှာများ၊ ဖုံးကွယ်ထား သည့် မရေမတွက်နိုင်သော ယင်မိုးကြိုးများ ရှိနေသဖြင့် ခန်းမတစ်ခုလုံးမှာ နက်နဲ ဆန်းကြယ်နေပြီး၊ ‘သူတော်စင်ပေါင်းစုံခန်းမ’ ဟူသော အနုပညာခံစားမှုအချို့ကို အမှန်ပင် ပိုင်ဆိုင်သွားပြီ ဖြစ်သည်။

ဟုန်ယွိသည် ဇမ္ဗူမဟာအစီအရင်ကို သူတော်စင်ပေါင်းစုံ ခန်းမအတွင်း၌ အောင်မြင်စွာ သန့်စင် ပေါင်းစပ်ပြီးချိန်တွင် …

“ဗြိ… ဗြိ…”

အဝတ်စား စုတ်ပြဲသံများစွာ ထွက်ပေါ်လာသည်။ ဗုဒ္ဓသင်္ကန်းတော်ဖြင့် တည်ဆောက်ထား သော ကောင်းကင်ကုလားကာမှာ ဖန်ဆင်းခြင်းသင်္ဘော၏ တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် အစိတ်စိတ် အမွှာမွှာ ပျက်စီးသွားတော့သည်။

နိဗ္ဗာနအဆင့် မဟာလက်နက်နှစ်ခု၏ ထိပ်တိုက်တွေ့ဆုံမှုတွင် ဗုဒ္ဓသင်္ကန်းတော်မှာ လုံးဝ ရှုံးနိမ့်သွားခြင်းဖြင့် အဆုံးသတ်သွားခဲ့ရသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ဟုန်ယွိသည် သူ့ကိုယ်ပေါ်ရှိ သင်္ကန်းတော်မှာ ငြိမ်သက် သွားသည်ကို ခံစားလိုက်ရသည်။ သူသည် သူ၏ မှော်စွမ်းအားများကို အသုံးပြုရန် ကြိုးစား သော်လည်း ၎င်းကို လှုံ့ဆော်၍ မရတော့သလို၊ သင်္ကန်းတော်၏ စွမ်းအားကိုလည်း ထုတ်ဖော်၍ မရတော့ပေ။ ဗုဒ္ဓသင်္ကန်းတော်မှာ အားအင်ကုန်ခမ်းသွားသည့် လူ တစ်ယောက်ကဲ့သို့ ဖြစ်နေပြီး၊ ပျော့ခွေသွားသည်။

“ဒီသင်္ကန်းတော်ရဲ့ စွမ်းအားကို အလွန်အကျွံ သုံးလိုက်ရတာပဲ၊ ပင်ပန်းပြီး ခွန်အားကုန်ခမ်း သွားတဲ့ လူတစ်ယောက်လိုပဲ။ ပြန်ပြီး အားပြည့်လာဖို့ အချိန်အကြာကြီး ယူရလိမ့်မယ်။”

ဟုန်ယွိသည် ချက်ချင်း နားလည်လိုက်သည်။

သင်္ကန်းတော်မှာ နိဗ္ဗာနအဆင့် လက်နက်တစ်ခု ဖြစ်သဖြင့် မည်သည့်စွမ်းအားမျှ ၎င်းကို စုတ်ဖြဲပစ်ရန် သို့မဟုတ် ဖျက်ဆီးပစ်ရန် မဖြစ်နိုင်ပေ။ ဖန်ဆင်းခြင်းသင်္ဘောမှာ အလွန်ပင် စွမ်းအားကြီးသော်လည်း သင်္ကန်းတော်ကို ချက်ချင်း ဖျက်ဆီးနိုင်ခြင်း မရှိဘဲ စွမ်းအားအချို့ ကုန်ခမ်းသွားစေရုံသာ စွမ်းနိုင်ခဲ့သည်။ မကြာမီတွင် သင်္ကန်းတော်၏ စွမ်းအားများ ပြန်လည် ပြည့်ဝလာပေလိမ့်မည်။

ပို၍ အရေးကြီးသည်မှာ၊ ဟုန်ယွိသည် ယခုအချိန်တွင် ဤသင်္ကန်းတော်၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်စွမ်း မရှိသေးခြင်းပင် ဖြစ်သည်။

အကယ်၍ သူသာ သင်္ကန်းတော်၏ စွမ်းအားအပြည့်ကို ထုတ်သုံးနိုင်လျှင် ဖန်ဆင်းခြင်း သင်္ဘောနှင့် ယှဉ်လျှင်ပင် ဤမျှ အားနည်းနေမည် မဟုတ်ပေ။

…

“သွားကြစို့၊ ဇမ္ဗူမဟာအစီအရင်က ပျက်ဆီးသွားပြီဆိုတော့ ရှေးဟောင်းနဂါးသင်္ချိုင်း ပေါ်လာတော့မယ်။ ဒီစစ်သင်္ဘောကြီးနဲ့ ဆက်ပြီး မပတ်သက်ကြနဲ့တော့။ ဒါက လူသားတွေ ခုခံနိုင်တဲ့အရာ မဟုတ်ဘူး။ ဖန်ဆင်းရှင်သခင်တွေတောင် မယှဉ်နိုင်ဘူး။”

ဟုန်ယွိက အော်ဟစ်လိုက်ပြီး ရွှေရောင်အလင်းတန်းဖြင့် အားလုံးကို လွှမ်းခြုံကာ ရှေ့သို့ ခုန်ဝင်လိုက်သည်။

တစ်ချိန်တည်းမှာပင် ဇမ္ဗူမဟာအစီအရင်ကို ရုပ်သိမ်းလိုက်ပြီးနောက် မိုင်တစ်ရာခန့် ကျယ်ဝန်းသည့် ဝေဝေဝါးဝါး ဟင်းလင်းပြင်တစ်ခု ပေါ်လာသည်။

ထိုဝေဝေဝါးဝါး ဟင်းလင်းပြင်မှတဆင့် ဖြတ်ကျော်ကြည့်လိုက်သောအခါ ဟုန်ယွိနှင့် အခြားသူများသည် အတွင်း၌ ကြီးမား လုံးဝန်းသည့် အရာတစ်ခုကို မြင်လိုက်ရသည်။ ၎င်းမှာ လေထဲတွင် လွင့်မျောနေသည့် ကြယ်တစ်ပွင့်နှင့် တူလှသည်။ ၎င်းသည် လက်တစ် ကမ်းတွင် ရှိနေသကဲ့သို့ ထင်ရသော်လည်း၊ ပေပေါင်း သောင်းနှင့်ချီ၍ ဝေးကွာနေပုံရသည်။

ဝေဝါးစွာဖြင့်ပင် ထို ဧရာမကြယ်လုံးကြီးပေါ်တွင် တောင်တန်းများ၊ မြစ်ချောင်းများ၊ ပန်းမာန်များ၊ သစ်ပင်များ၊ နန်းတော်များ၊ ပင်လယ်များနှင့် မြေပြင်များ ရှိနေသည်ကို မြင်နေရသည်။ ၎င်းမှာ ကမ္ဘာငယ်လေးတစ်ခုနှင့် တူနေသည်။

ဤသည်မှာ ဇမ္ဗူကမ္ဘာက စောင့်ကြပ်နေသော ရှေးဟောင်းနဂါးသင်္ချိုင်းပင် ဖြစ်သည်။

ဟုန်ယွိသည် ခဏမျှပင် တွေဝေခြင်းမရှိပေ။

သူသည် ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ ၏ အလင်းတန်းကို အစွမ်းကုန် အသုံးပြု၍ ဟင်းလင်းပြင် အတားအဆီးကို ဖြတ်ကျော်ကာ ထိုကြယ်လုံးကြီးဆီသို့ အဟုန်ဖြင့် ခုန်ဝင် လိုက်သည်။

အတွင်းသို့ ခုန်ဝင်လိုက်သည်နှင့် ထိုကြယ်လုံးကြီးမှာ သူ၏မျက်စိရှေ့တွင် အဆုံးမရှိ ပြန့်ကားလာပြီး၊ နောက်ဆုံးတွင် ကျယ်ပြောလှသော ကုန်းမြေကြီးတစ်ခုအဖြစ် ပြောင်းလဲ သွားကာ ပေပေါင်း သောင်းနှင့်ချီသော အကွာအဝေးမှ ပြုတ်ကျသွားတော့သည်။ ဟုန်ယွိ သည် နောက်ဆုံးတွင် ဟင်းလင်းပြင် ဝဲဂယက် မှနေ၍ ဤကြယ်လုံးကြီးပေါ်သို့ ဆင်းသက် နိုင်ခဲ့ပြီ ဖြစ်သည်။

အတိုင်းအဆမရှိသော ကုန်းမြေကြီးမှာ သူ၏မျက်စိရှေ့တွင် ပေါ်ထွက်လာသည်။

“ဒီဂြိုလ်ကြီးက တကယ်ပဲ ကမ္ဘာတစ်ခုလား၊ ဒီကမ္ဘာမှာရှိတဲ့ ကုန်းမြေက တကယ်ပဲ အလုံးကြီးလား။ ရှေးဟောင်းနဂါးသင်္ချိုင်းက တကယ်ပဲ စက်ဝိုင်းပုံစံလား။ ဒါဟာ ‘မဟာ ကမ္ဘာတစ်ခု’ မဟုတ်ဘူးလား။” ဟုန်ယွိက အံ့ဩတကြီး ရေရွတ်လိုက်သည်။

…

“ငါတို့နေထိုင်တဲ့ မဟာကမ္ဘာကြီးကတော့ ကောင်းကင်ကြီးက ဝိုင်းပြီး၊ မြေပြင်က လေးထောင့်ပုံစံပဲ။ အတိုင်းအဆမရှိ ကျယ်ပြောတယ်။ ဘယ်သူမှ အဆုံးအထိ သွားလာပြီး မစူးစမ်းနိုင်ဘူး၊ ပြီးတော့ အဲဒီကနေ ထွက်ပေါ်လာတဲ့ မိုးကြိုး အသက်စွမ်းအင်တွေဟာ ဟင်းလင်းပြင်ကို ဖြတ်သန်းပြီး၊ တခြား အလယ်လတ်ကမ္ဘာတွေကို အားဖြည့်ပေးနိုင်တယ်။ ငါတို့ နေထိုင်တဲ့ မဟာကမ္ဘာကြီးရဲ့ မိုးကြိုးတွေက အရမ်းပြင်းထန်ပြီး အဆင့်ကိုးဆင့်အထိ ရှိတယ်။ ဒါပေမဲ့ ဒီလိုကမ္ဘာငယ်တွေရဲ့ မိုးကြိုးတွေကတော့ အဆင့်ကိုးဆင့် မရှိသလို အရမ်း လည်း အားနည်းတယ်။ ဒါပေမယ့် ဒီကမ္ဘာငယ်လေးကတော့ အဝိုင်းပုံစံပဲ။ မြေပြင်ပေါ်မှာ လူတွေ ပြုတ်ကျမသွားအောင် ဆွဲထားတဲ့ အနှိုင်းမဲ့ ဆွဲငင်အားတစ်ခု ရှိတယ်။” ရှဲ့ဝမ်ယွမ် က ရှင်းပြသည်။ “ဒါက အံ့ဩစရာတော့ မဟုတ်ဘူး။ ဒီစက်ဝန်းကြီးဟာ ရှေးဟောင်း နဂါးသင်္ချိုင်း ဖြစ်ပြီး ငါတို့ရဲ့ တော်ဝင်ချန် နယ်မြေထက်တောင် ပိုကျယ်သေးတယ်။ ကောင်းကင်နဂါးမျိုးနွယ်စုတွေ သေဆုံးပြီးနောက် အနားယူရာ နေရာပေါ့။ တချို့ အထက်တန်းလွှာ မိသားစုတွေမှာလည်း ကိုယ်ပိုင်ကမ္ဘာငယ်လေးတွေ ရှိကြတယ်။ ဒါပေမဲ့ ဒီနဂါးသင်္ချိုင်းလောက်တော့ မကြီးကြဘူး။ သေးသေးလေးတွေပါပဲ။”

“ဖန်ဆင်းခြင်းသင်္ဘောကြောင့်ပဲ၊ ဧကရာဇ် ယန်ဖန်က ဒီအထက်တန်းလွှာ မိသားစုကြီးတွေ ကို စုစည်းချင်နေတာ မဆန်းတော့ပါဘူး။ ဖန်ဆင်းခြင်းသင်္ဘောရဲ့ စွမ်းအားက တကယ်ကို ကြီးမားလွန်းတယ်။” ယွမ်ရှန်းရှန်းက ဆိုသည်။

ဟုန်ယွိ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသော်လည်း စကားမပြောပေ။ သူသည် ယခုလေးတင် ဖြစ်ပျက်ခဲ့သမျှကို ပြန်လည် စဉ်းစားနေမိသည်။

‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ နှင့် ‘ဗုဒ္ဓသင်္ကန်းတော်’ တို့ကို ပိုင်ဆိုင်ထားသဖြင့် ဟုန်ယွိသည် ဝမ်၊ ဆန်း၊ ဖန်းနှင့် ကျိအစရှိသော မိသားစုကြီးများ၏ စွမ်းအားကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရပြီးနောက် ထိုအထက်တန်းလွှာ မိသားစုကြီးများနှင့် ပတ်သက်၍ အလေးနက် သတိထားရတော့မည်။

ဤလောကတွင် အထက်တန်းလွှာ မိသားစုကြီးများ မည်မျှရှိသည်ကို ဟုန်ယွိ မရေတွက် ဖူးသော်လည်း ကိုယ်ကိုယ်ကို ပညာရှင် သူတော်စင်များ၏ မျိုးဆက်များဟု ကြွေးကြော်နေ ကြသည့် နာမည်ကြီး မိသားစုပေါင်း တစ်ရာခန့် ရှိပေလိမ့်မည်။ သို့သော် အချို့မှာမူ ချဲ့ကား ပြောဆိုခြင်းများလည်း ရှိနိုင်သည်။

သို့သော် နန်းတော်မှ တရားဝင် အသိအမှတ် ပြုထားသော ‘သူတော်စင်နယ်စားကြီး’ ဘွဲ့ကို မျိုးဆက်အလိုက် ဆက်ခံခွင့်ရထားသော အထက်တန်းလွှာ မိသားစုကြီး ၂၄ စု ရှိသည်။ ဖန်းမိသားစု၏ ခေါင်းဆောင်မှာ ‘‘သူတော်စင် ဖန်းနယ်စားကြီး’’ ဖြစ်ပြီး၊ ဝမ်မိသားစု၏ ခေါင်းဆောင်မှာ ‘‘သူတော်စင် ယွိနယ်စားကြီး’’၊ ဆန်းမိသားစု၏ ခေါင်းဆောင်မှာမူ ‘‘သူတော်စင် လုံနယ်စားကြီး’ နှင့် ဝူမိသားစု၏ ခေါင်းဆောင်မှာ ‘‘သူတော်စင် ဖုန်းနယ်စားကြီး’ တို့ ဖြစ်ကြသည်။

ပထမတန်းစား နယ်စားကြီးဘွဲ့ကို ရရှိထားသော ဤမိသားစု ခေါင်းဆောင်များသည် အမှန် တကယ်တွင် မင်းသားများထက်ပင် ပို၍ ဂုဏ်သရေရှိကြသည်။

အထွဋ်ထိပ် ကောင်းကင်နယ်မြေမှ ကျောက်မိသားစုနှင့် ရှဲ့ဝန်ယွမ်၏ ရှဲ့မိသားစုကဲ့သို့သော အခြားသော အထက်တန်းလွှာ မိသားစုများမှာမူ ရေတွက်၍ မရနိုင်ပေ။ တော်ဝင်ချန် နယ်မြေမှာ အလွန်ပင် ကျယ်ဝန်းလှပေသည်။

အကယ်၍ ဤမိသားစုများသာ ပူးပေါင်းလိုက်မည်ဆိုပါက၊ လောကရှိ မည်သူမျှ သူတို့ကို ယှဉ်နိုင်မည် မဟုတ်ပေ။ ယန်နတ်ဘုရား ပညာရှင်တစ်ဦးပင်လျှင် သတိထားရပေလိမ့် မည်။ သို့သော် ထိုမိသားစုများ အကြားတွင်လည်း အချင်းချင်း တိုက်ခိုက်မှုများ ရှိနေသဖြင့် သူတို့သည် အမှန်တကယ် ပူးပေါင်းကြမည် မဟုတ်ပေ။

မိသားစုခေါင်းဆောင် ဖန်းယွမ်ထောင်သည် ဖန်းမိသားစုအတွင်း ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်သော်လည်း သူသည် ပြိုင်ဘက်ကင်း အဆင့်ဟု မသတ်မှတ်နိုင်သေးပေ။ လူတိုင်း သိထားသည်မှာ၊ ရှေးဟောင်းခေတ်မှစ၍ နှစ်ပေါင်း ငါးထောင် ခြောက်ထောင်ခန့် တည်ရှိ လာခဲ့သော ဤကဲ့သို့ မိသားစုကြီးများတွင်၊ သူတို့မိသားစု၏ အသေးစား ကမ္ဘာများအတွင်း ၌ ပုန်းအောင်း၍ ကျင့်ကြံနေကြသော၊ ဘာမှမလှုပ်ရှားဘဲ သက်တမ်းကို ထိန်းသိမ်းထားကြ သော အထွက်အထိပ် ပုဂ္ဂိုလ်ကြီးအချို့ ရှိနေမည်မှာ သေချာသည်။

သို့သော် အကယ်၍ မိသားစု၏ အခြေခံအုတ်မြစ်ကို ထိပါးလာပါက ထိုအဖိုးကြီးများသည် သူတို့၏ အသက်ကိုပင် ပဓာနမထားဘဲ အပြင်သို့ ထွက်လာကြပေလိမ့်မည်။

ဟုန်ယွိသည် ထို ဖန်း,ဆန်း,ဝမ်,ဝူ မိသားစုကြီးများတွင် ဖန်ဆင်းရှင်သခင်အဆင့် ပညာရှင် များ ရှိမည်ဟု မယုံကြည်သော်လည်း၊ အဆင့်ခြောက် မိုးကြိုးကပ်ဘေး ပညာရှင်အချို့ ရှိနေ ခြင်းကပင် အလွန်တရာ ကြောက်စရာ ကောင်းနေလေပြီ။

ဟုန်ယွိသည် အဆင့်ခြောက် မိုးကြိုးကပ်ဘေး ပညာရှင်များကို ချက်ချင်း သတ်ဖြတ်နိုင်စွမ်း မရှိသေးပေ။ သူတို့၏ နောက်ဆုံးလက်နက်အဖြစ် အသက်စွန့်၍ တိုက်ခိုက်မှုများမှာ ဟုန်ယွိကို ဒဏ်ရာရစေနိုင်စွမ်း ရှိသည်။

ဥပမာအားဖြင့် ကျိုးထိုက်ကျူသည် သူ၏ စိတ်ဝိညာဉ် အတွေးစ ၅၀,၀၀၀ ကို ဖောက်ခွဲပြီး ‘အစွန်းရောက် ဧကရာဇ် ပြောင်းပြန်စီးဆင်းခြင်းပညာရပ်’ ကို ထုတ်ဖော်လိုက်လျှင် လက်ရှိ ဟုန်ယွိပင်လျှင် အထိနာသွားနိုင်သည်။ သို့သော် ထိုသို့လုပ်ဆောင်ပါက သူကိုယ်တိုင်လည်း သေဆုံးရမည် ဖြစ်သဖြင့် ထိုကဲ့သို့သော မိုက်မဲသည့်အရာကို လုပ်လိမ့်မည် မဟုတ်ပေ။ သို့သော် အဆုံးစွန်း အခြေအနေသို့ ရောက်သွားပြီး အသက်အန္တရာယ် စိုးရိမ်ရချိန်တွင်မူ မည်သို့ဖြစ်လာမည်ကို ပြောရန် ခက်ခဲလှသည်။

ပို၍ အရေးကြီးသည်မှာ၊ ရှဲ့ဝန်ယွမ် ခုနက ပြောခဲ့သလိုပင် အချို့သော မိသားစုကြီးများ သည် အလယ်အလတ် ကမ္ဘာများကိုပင် ပိုင်ဆိုင်ထားကြခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင်, ၎င်းမှာ နိုင်ငံတစ်ခု၏ နယ်မြေကို ပိုင်ဆိုင်ထားခြင်းနှင့် အတူတူပင် ဖြစ်သည်။ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသနည်း။ သူတို့သည် ဧကရာဇ် အာဏာကို စိတ်မဝင်စားကြခြင်း မှာ မဆန်းတော့ပေ။

သို့သော် ဖန်ဆင်းခြင်းသင်္ဘော ပေါ်လာပြီးနောက် တော်ဝင်ချန် တော်ဝင်မိသားစုသည် မည်သည့် အထက်တန်းလွှာ မိသားစုကြီးများကိုမျှ ကြောက်စရာ မလိုတော့ပေ။

ယခုအခါ ထိုမိသားစုကြီးများ စုပေါင်းပြီး အဆင့်ခြောက် မိုးကြိုးကပ်ဘေး ပညာရှင် ရှစ်ယောက်မှ ဆယ်ယောက်အထိ လွှတ်လိုက်လျှင်ပင် ဖန်ဆင်းခြင်းသင်္ဘောကို ယှဉ်နိုင် မည် မဟုတ်တော့ပေ။

ဟုန်ယွိ၏ လက်ရှိစွမ်းအားဖြင့် အဆင့်ခြောက် မိုးကြိုးကပ်ဘေး ပညာရှင်တစ်ဦးကို အနိုင်ယူနိုင်ပြီး၊ ခြောက်ယောက် ခုနစ်ယောက်ခန့်ကိုပင် ရင်ဆိုင်နိုင်သည်။ သို့သော် အစွမ်းထက်လှသော ပညာရှင် ဆယ်ယောက် သို့မဟုတ် ထိုထက်မကသော ပညာရှင်များ က မဟာအစီအရင်တစ်ခုဖြင့် သူ့ကို ဝိုင်းရံလိုက်မည်ဆိုပါက သူသည် သေချာပေါက် သေဆုံးပေလိမ့်မည်။

‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ နှင့် ‘ဗုဒ္ဓသင်္ကန်းတော်’ တို့ရှိနေလျှင်ပင် အသုံးမဝင်ပေ။

စိတ်ဝိညာဉ် အတွေးစများ၏ စွမ်းအားနှင့် အရေအတွက် သက်သက်ဖြင့်ပင် ဟုန်ယွိကို အသေ ဖိသတ်နိုင်ပေသည်။

ထို့အပြင် အဆင့်ခြောက် မိုးကြိုးကပ်ဘေး ပညာရှင်တိုင်းတွင် သူတို့ကိုယ်ပိုင် မှော်ရတနာ များနှင့် နတ်ဘုရားစွမ်းအားများလည်း ရှိကြသေးသည်။

…

“ဝုန်း… ဝုန်း… ဝုန်း”

ထိုအချိန်တွင်…

ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ၊ ပေပေါင်း သောင်းနှင့်ချီသော အကွာအဝေးမှ ဖန်ဆင်းခြင်းသင်္ဘောက ဟင်းလင်းပြင်ကို ထိုးခွဲလိုက်သည့် အသံက တဖန် ထွက်ပေါ်လာ ပြန်သည်။

“ဟွန့်… ငါတို့ ပုန်းစရာနေရာ အရင်ရှာရမယ်၊ မဟုတ်ရင် ဖန်ဆင်းခြင်းသင်္ဘောက ငါတို့ကို တွေ့သွားလိမ့်မယ်။ ဒီနဂါးသင်္ချိုင်းက တော်ဝင်ချန် နယ်မြေလောက် ကျယ်ဝန်းတဲ့ မြေပြင် ကြီးဆိုတော့ ငါတို့အနေနဲ့ ပုန်းစရာရှာဖို့ မခက်ပါဘူး။ ငါ ဒီအခွင့်အရေးကို သုံးပြီး ဇမ္ဗူမဟာအစီအရင်ရဲ့ လျှို့ဝှက်ချက်တွေကို နားလည်အောင် လုပ်ရမယ်၊ ပြီးတော့ ဗုဒ္ဓ သင်္ကန်းတော်ကို ငါ့ရဲ့သွေးနဲ့ အပြည့်အဝ ပေါင်းစပ်ပြီး သန့်စင်ရမယ်။ ခုနက ဖန်ဆင်းခြင်း သင်္ဘောကြောင့် သင်္ကန်းတော် အားကုန်သွားတော့၊ အတွင်းက ဝိညာဉ်အသိစိတ်ကို ဖျက်ဆီးပြီး သန့်စင်ဖို့ အကောင်းဆုံးအချိန်ပဲ။”

ဟုန်ယွိက အေးစက်စွာ ပြုံးရင်း ပြောလိုက်တော့သည်။

All Chapters