← Chapters

အခန်း (၄၉၇-၄၉၈)

Vol. 47 Ch. 497-498

အခန်း (၄၉၇-၄၉၈)

Vol. 47 Ch. 497-498

အခန်း (၄၉၇)။

“ဒီရှေးဟောင်းနဂါးသင်္ချိုင်းက တကယ်ကို ကျယ်ပြောလွန်းတယ်။ နဂါးအကြေးခွံတွေနဲ့ အရိုးတွေ ဘယ်မှာဝှက်ထားလဲ သိဖို့ခက်မယ်၊ ဖန်ဆင်းခြင်းသင်္ဘောတောင်မှ အဲဒါတွေကို ရှာတွေ့ဖို့ မလွယ်လောက်ဘူး။”

ပြာလဲ့လဲ့ ကောင်းကင်ယံထက်တွင် ယွမ်ရှန်းရှန်းသည် သူမ၏ ‘မဟာဖုံးကွယ်ခြင်း’ ပညာရပ်ကို အသုံးပြု၍ လူတိုင်း၏ အငွေ့အသက်များကို ဂြိုဟ်တစ်ခုလုံး၏ စွမ်းအားများ နှင့် တစ်သားတည်းဖြစ်အောင် ပေါင်းစပ်ပေးထားသည်။ သူမသည် ကိုယ်ယောင်ဖျောက် တာအိုပညာရပ်ကိုပါ ထပ်မံ အသုံးပြုပြီးနောက် အပေါ်သို့ ပျံတက်လိုက်သည်။

ကောင်းကင်မှာ မြင့်မားပြီး တိမ်တိုက်များမှာ ပါးလွှာလှ၏။ အောက်သို့ ငုံ့ကြည့်လိုက်သော အခါ မြင့်မောက် နိမ့်ဆင်းနေသော တောင်တန်းကြီးများနှင့် ကျယ်ပြောလှသော မြေပြင် များ၊ သမုဒ္ဒရာနှင့် တိုက်ရိုက် ဆက်နေသော မြစ်ချောင်းအင်းအိုင်များ၊ သိပ်သည်းလှသော သစ်တောကြီးများကို မြင်တွေ့ရသည်။ ရံဖန်ရံခါ သမုဒ္ဒရာထဲ၌ ဝေလငါးကြီးများ ရေပန်း ထုတ်နေကြသလို၊ တောအုပ်ထဲတွင်လည်း မျောက်၊ မြေခွေး၊ ကျား၊ ဝံပုလွေ၊ ယုန်နှင့် မြွေစသည့် တိရစ္ဆာန်ပေါင်းစုံ အုပ်စုဖွဲ့ ရှင်သန်နေကြသည်။

သို့သော် ဟုန်ယွိသည် ဤရှေးဟောင်းနဂါးသင်္ချိုင်း ကမ္ဘာတွင် တစ်စုံတစ်ခု လိုအပ်နေသည် ဟု ခံစားမိလိုက်သည်။ ထိုအရာမှာ ‘အသိဉာဏ်’ပင် ဖြစ်သည်။

ကျင့်ကြံခြင်းဆိုသည်မှာ ဆင့်ကဲဖြစ်စဉ် ပြောင်းလဲခြင်းဆိုင်ရာ ဉာဏ်ပညာပင် ဖြစ်သည်။

ဤအလတ်စား ကမ္ဘာဂြိုလ်လုံးကြီးသည် ရင်းမြစ်များ ပေါကြွယ်ဝပြီး အသက်စွမ်းအင်များ လည်း ပြည့်စုံလှသည်။ ၎င်းမှာ ဟင်းလင်းပြင် လေဟာနယ် မုန်တိုင်းထဲရှိ ခြောက်သွေ့ ဖုန်းဆိုးဖြစ်နေသော ကြယ်တာရာ ဥက္ကာခဲကြီးများနှင့် မတူပေ။ သို့သော် ဤနေရာ၌ အသိဉာဏ်ရှိသော သက်ရှိများ မရှိပေ။ ကျယ်ပြောလှသော မဟာကမ္ဘာအတွင်း၌မူ တိရစ္ဆာန်များပင်လျှင် အလွန်မြင့်မားသော အသိဉာဏ်များကို ပိုင်ဆိုင်တတ်ကြသည်။ သူတို့သည် ကောင်းကင်တာအိုကို နားလည်နိုင်ကြပြီး၊ သူတို့၏ ဝိညာဉ်များကို အသုံးချ၍ ‘တစ္ဆေအင်မော်တယ်’ ပညာရှင်များအဖြစ် ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ တက်လှမ်းနိုင်ကြ သည်။

သို့သော် ဤကမ္ဘာရှိ သတ္တဝါများတွင်မူ အင်မော်တယ် ကျင့်ကြံခြင်းဟူသော အယူအဆ မရှိကြပေ။ သူတို့သည် မျိုးဆက်တစ်ခုပြီးတစ်ခု ရှေးဦးမူလ အခြေအနေအတိုင်းသာ ထာဝရ ရှင်သန်နေကြမည့်ပုံ ပေါ်သည်။ ပို၍ ထူးခြားသည်မှာ ဤကမ္ဘာတွင် လူသားဟူ၍ မရှိခြင်းပင်။

သို့သော် အံ့ဩစရာကောင်းသည်မှာ အချို့သော လွင်ပြင်ကျယ်များတွင် မြို့ပျက်များနှင့် နန်းတော်အကြွင်းအကျန်များ ရှိနေခြင်းပင်။ ၎င်းတို့မှာ အလွန်ပင် ရှေးကျလှပြီး ပျက်စီးအိုဟောင်းနေကာ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရသည့် ရှေးဟောင်းအငွေ့အသက် များ ထွက်ပေါ်နေသည်။ ဟုန်ယွိသည် ထိုမြို့များနှင့် နန်းတော်များကို သွားရောက်စူးစမ်း ခြင်း မပြုသလို၊ ၎င်းတို့၏ ဇာစ်မြစ်ကိုလည်း သိအောင် မကြိုးစားပေ။ ထိုမြို့နှင့် နန်းတော် များသည်လည်း ‘ကောင်းကင်နဂါးမျိုးနွယ်စု’ က တည်ဆောက်ခဲ့ခြင်း ဖြစ်မည်ဟု သူ ခန့်မှန်းလိုက်သည်။

သို့မဟုတ်လျှင်လည်း ကောင်းကင်နဂါးမျိုးနွယ်စုသည် ဤနေရာရှိ သတ္တဝါများကို လူသားများအဖြစ် ကျင့်ကြံနိုင်စေရန် အသိဉာဏ် ဖွင့်ပေးခဲ့သော်လည်း နောက်ဆုံးတွင် ကျရှုံးခဲ့ခြင်း ဖြစ်နိုင်သည်။ ဤအလတ်စား ကမ္ဘာတွင် ဉာဏ်ပညာ ကင်းမဲ့နေသည်ကို ခံစားမိရင်း ဟုန်ယွိသည် စွမ်းအားကြီးသော အရှိငွေ့အသက်များနှင့် စိတ်ဝိညာဉ် စွမ်းအား များကို ရှာဖွေရင်း သက်ပြင်းချလိုက်မိသည်။

ကမ္ဘာကြီးမှာ အလွန်ကျယ်ပြောလှရာ ‘တော်ဝင်ချန်’ တစ်နိုင်ငံလုံး၏ နယ်မြေနှင့်ပင် ညီမျှလှသည်။ ဤမျှ ကျယ်ပြောသော နေရာကို အနှံ့အပြား ရှာဖွေရန်မှာ ဟုန်ယွိ၏ ကြီးမား လှသော နတ်ဘုရားတန်ခိုးနှင့် အဆုံးမဲ့ မှော်စွမ်းအားများဖြင့်ပင် လပေါင်းများစွာ ကြာမြင့် မည်ဖြစ်ရာ၊ ထိုအချိန်ကျလျှင် နောက်ကျသွားပေလိမ့်မည်။

သို့သော် နဂါးအရိုးစုများ ရှိနေမည်ဆိုပါက နဂါးတို့၏ နတ်ဘုရား အငွေ့အသက်များမှာ သေချာပေါက် ရှိနေရမည် ဖြစ်သည်။ နဂါးများမှာ သေဆုံးသွားပြီ ဖြစ်သော်လည်း ၎င်း၏ ခန့်ညားထည်ဝါမှုမှာ ကျန်ရစ်နေစမြဲပင်။ ကြီးမားသော စိတ်ဝိညာဉ် စွမ်းအားကို ပိုင်ဆိုင် ထားသူ မည်သူမဆို အာရုံခံနိုင်မည်ဆိုပါက စစ်မှန်သော နဂါးအရိုးစုများကို ရှာတွေ့နိုင်ပေ လိမ့်မည်။

သို့သော် နေ့တစ်ဝက်ခန့် ပျံသန်းပြီး အစွမ်းကုန် အာရုံခံကြည့်သော်လည်း မိုင်ပေါင်း သောင်းချီ အကွာအဝေးအတွင်း မြေပြင်ပေါ်၌ ဖြစ်စေ၊ ပင်လယ်ထဲ၌ ဖြစ်စေ မည်သည့် နဂါးအငွေ့အသက်ကိုမျှ ရှာမတွေ့ရပေ။ ဤနေရာတွင် ကောင်းကင်နဂါးများ တစ်ခါမျှ မြှုပ်နှံခြင်း မခံရဖူးသကဲ့သို့ပင်။

ပို၍ ထူးဆန်းသည်မှာ ဖန်ဆင်းခြင်းသင်္ဘောလည်း ယခုအချိန်တွင် ပျောက်ကွယ်နေခြင်း ဖြစ်သည်။ ၎င်း မည်သည့်နေရာသို့ ပျံသန်းသွားသည်ကို မည်သူမျှ မသိကြပေ။

မူလက ဟုန်ယွိသည် ဗုဒ္ဓသင်္ကန်းတော်ကို သူတော်စင်ပေါင်းစုံခန်းမနှင့် ပေါင်းစပ်ပြီး ဇမ္ဗူ မဟာအစီအရင်နှင့်ပါ တွဲဖက်ကာ အလွန်တရာ အစွမ်းထက်သော မှော်ရတနာတစ်ခုကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ထိုမှော်ရတနာကို အားကိုး၍ ဖန်ဆင်းခြင်းသင်္ဘော၏ စွမ်းအားကို စမ်းသပ် ကြည့်လိုသော်လည်း ယခုတော့ ပစ်မှတ် ပျောက်ဆုံးနေရပြီ ဖြစ်သည်။

“ငါတို့ လူခွဲပြီး ရှာကြမလား။ ဒီနေရာက အရမ်းကျယ်လွန်းတယ်။ အတူတူရှာနေရင် လပေါင်းများစွာကြာရင်တောင် ပြီးမှာမဟုတ်ဘူး။” နဂါးသမီးတော်က ရုတ်တရက် ဆိုလိုက်သည်။

“မလုပ်နဲ့၊ ဒီကို မလာခင်က ငါ နိမိတ်ဖတ်ကြည့်တော့ မကောင်းတဲ့ နိမိတ်တွေ့ရတယ်။ ငါတို့ အန္တရာယ်တွေ ကြုံခဲ့ရပေမဲ့ အဲဒါက အကြီးကြီး မဟုတ်သေးဘူး၊ ဒါကြောင့် ငါတို့ ပိုသတိထားရမယ်။ တကယ်လို့ လူခွဲလိုက်လို့ ဖန်ဆင်းခြင်းသင်္ဘောနဲ့ ထပ်တိုးခဲ့ရင်၊ တွေ့တွေ့ချင်း အသတ်ခံရတာ ဒါမှမဟုတ် အဖမ်းခံရတာမျိုး ဖြစ်သွားနိုင်တယ်။ အဲဒီကျရင် ခုခံဖို့ အခွင့်အရေးတောင် ရှိမှာမဟုတ်ဘူး။”

ဟုန်ယွိက ခေါင်းခါလိုက်သည်။

“အဲဒါလည်း ဟုတ်တာပဲ။ ဖြည်းဖြည်းချင်းပဲ သွားကြတာပေါ့” ယွမ်ရှန်းရှန်းက ခေါင်းညိတ်လိုက်သည်။

“ငါ နောက်ထပ် နိမိတ်တစ်ခု ဖတ်ကြည့်ဦးမယ်” ရှဲ့ဝန်ယွမ်က ခပ်တိုးတိုး ဆိုလိုက်သည်။ သူသည် လက်ကိုလှန်လိုက်ပြီး အင်္ကျီလက်မောင်းအောက်မှ ရှေးဟောင်း လိပ်ခွံတစ်ခုကို ထုတ်လိုက်သည်။ ထိုလိပ်ခွံပေါ်ရှိ အစက်အပြောက်များနှင့် ပုံစံများမှာ ဤလောက၏ အနိမ့်အမြင့်များကို ဖော်ပြနေသကဲ့သို့ပင်။ ၎င်းမှာ နှစ်ပေါင်းရာချီ သက်တမ်းရှိသော လိပ်ကြီးတစ်ကောင်၏ အခွံဖြစ်သည်မှာ ထင်ရှားလှသည်။

“လူကြီးလူကောင်းတစ်ယောက်က မိမိရဲ့ အနာဂတ်ကို မေးမြန်းလေ့မရှိဘူး၊ အနာဂတ်က မိမိလက်ထဲမှာပဲ ရှိတယ်လို့ ဆိုကြပေမဲ့၊ အခုလို အချိန်အခါမျိုးမှာတော့ မတတ်သာလို့ လုပ်ရတော့မှာပဲ။ ရှေးဟောင်း ပညာရှင် သူတော်စင်ကြီးတွေရဲ့ နိမိတ်ဖတ်နည်းအတိုင်း လုပ်ကြည့်ကြတာပေါ့။” ဟုန်ယွိက ခေါင်းညိတ်လိုက်သည်။

သူတို့သည် အနည်းငယ် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကြသည်။ ရှဲ့ဝန်ယွမ်က မြေကြီးကို အသုံးပြု၍ ယဇ်ပလ္လင်တစ်ခု တည်ဆောက်ကာ အမွှေးတိုင် ထွန်းလိုက်သည်။ ကောင်းကင် နှင့် မြေကြီး၏ အနာဂတ်အတွက် ရိုသေစွာ ပူဇော်ပြီးနောက် မြက်ခြောက်များကို မီးရှို့ကာ လိပ်ခွံကို စတင်ကင်တော့သည်။

တစ်နာရီခန့် ကင်ပြီးသောအခါ လိပ်ခွံပေါ်မှ ‘ဖောက်’ ခနဲ အက်သံတစ်ခု ထွက်ပေါ်လာပြီး ထူးဆန်းသော ပုံစံများစွာ ပေါ်ထွက်လာသည်။

ဟုန်ယွိက အနီးကပ်ကြည့်ကာ ရှုပ်ထွေးနေသော ထိုပုံစံများကို သူဖတ်ဖူးသည့် ရှေးဟောင်း ပညာရှင် သူတော်စင်များ၏ နိမိတ်ကျမ်းများနှင့် တိုက်ဆိုင် စစ်ဆေးကြည့်သည်။ ရှေးဟောင်း ပညာရှင် သူတော်စင်ကြီးများ ချန်ထားခဲ့သော နိမိတ်ကျမ်းများမှာ အရာအားလုံး လွှမ်းခြုံထားသည်။ အနာဂတ်ဆိုသည်မှာ အဆုံးမရှိသော ပြောင်းလဲမှုများ ဖြင့် ပြည့်နှက်နေရာ၊ ထိုအကြောင်းအရာများကို ရေးသားထားသော စာအုပ်များမှာ လှည်းပေါင်းများစွာ၊ နန်းတော်ပေါင်းများစွာတွင် ထည့်ထားလျှင်ပင် ဆံ့မည် မဟုတ်ပေ။ ဟုန်ယွိသည် ထိုပုံစံများထဲမှ ထူးခြားချက်ကို မမြင်မိပေ။ ဤနေရာတွင်မူ သူသည် ရှဲ့ဝန်ယွမ်ကို လုံးဝ မယှဉ်နိုင်ပါ။

‘အသက်မဲ့ အနာဂတ်ကျမ်း’ တွင် အနာဂတ်အကြောင်း ပါရှိသော်လည်း ဟုန်ယွိသည် မူရင်း ကျမ်းစာကို မရရှိခဲ့ပေ။ သူ သင်ယူထားသည်မှာ နတ်ဘုရားများကို စုစည်းခြင်း နည်းလမ်းသာ ဖြစ်ပြီး အနာဂတ်ကို အမှန်တကယ် ဆုပ်ကိုင်နိုင်ခြင်း သို့မဟုတ် နက်ရှို င်းသော နိယာမများကို နားလည်ခြင်းမျိုး မရှိသေးပေ။

“ဒီပုံစံက ငှက်တစ်ကောင်ဟာ သူ့ရဲ အသိုက်ထဲကို ပြုတ်ကျသွားတဲ့ ပုံစံပဲ။ မကောင်းတဲ့ နိမိတ်ထဲမှာ ဘေးအန္တရာယ်ရှိနေပြီး၊ အဲဒီ ဘေးအန္တရာယ်ထဲမှာလည်း စိုးရိမ်စရာတွေ ရှိနေ တယ်။ ဒါက ဓားနဲ့ လက်နက်တွေရဲ့ နိမိတ်ပဲ။ အနောက်ဘက်က ‘ဂန်ရှင်း’ (မာကျောတဲ့) သတ္တုဓာတ်ဟာ ဓားနဲ့ လက်နက်တွေအတွက် အသင့်တော်ဆုံးပဲ။ ငါတို့ အနောက်ဘက်ကို ပျံသွားရင် တစ်ခုခုနဲ့ တွေ့လိမ့်မယ်။”

ရှဲ့ဝမ်ယွမ်က ခဏမျှ ကြည့်ပြီးနောက် စဉ်းစားကာ ပြောလိုက်သည်။

“တကယ့်ကို အံ့သြဖို့ကောင်းတာပဲ။ ဒါဟာ သစ်ရွက်တစ်ရွက် ကြွေတာကို ကြည့်ပြီး ဆောင်းဦးရာသီ ရောက်တော့မယ်ဆိုတာကို သိနိုင်တဲ့၊ အနာဂတ်ကို ကြိုတင်မြင်နိုင်တဲ့ ‘သူတော်စင်’တွေရဲ့ ပညာရပ်ပဲ။ ငါ နောင်အနာဂတ်မှာ ‘ပြောင်းလဲခြင်းကျမ်း’ ကို ရေးတဲ့ အခါ ဒီနိမိတ်ဖတ်နည်းကိုပါ ထည့်သွင်းရမယ်။ ဒါဟာ လူတစ်ယောက်ရဲ့ ကံကြမ္မာကို သတ်မှတ်ဖို့ မဟုတ်ဘဲ၊ လူကြီးလူကောင်းတစ်ယောက်အနေနဲ့ အနာဂတ်ကို မိမိဘာသာ ဆုပ်ကိုင်ထားနိုင်ဖို့ပဲ” ဟုန်ယွိက ပြုံးလျက် ဆိုလိုက်သည်။

“အနာဂတ်ကို ဆုပ်ကိုင်နိုင်ဖို့ဆိုတာ အလွန်နက်ရှိုင်းတဲ့ ဉာဏ်ပညာရှိမှပဲ။ ပညာရပ်အားလုံး ရဲ့ အထွတ်အထိပ်ပဲ။ ဒါပေမဲ့ ဟုန်ယွိ... မင်းက ‘ပစ္စုပ္ပန်ဗုဒ္ဓ’ ကျမ်းကို ကျွမ်းကျင်ပြီး ပစ္စုပ္ပန် ရဲ့ စွမ်းအားကို စိုးမိုးထားနိုင်တာဆိုတော့၊ နောင်တစ်ချိန် မင်း အနာဂတ်ကိုပါ ဆုပ်ကိုင်နိုင် သွားရင် မင်း ဘယ်လိုအဆင့်အထိ ရောက်သွားမလဲဆိုတာ ငါတောင် စိတ်မကူးရဲတော့ ဘူး။”

ရှဲ့ဝန်ယွမ်သည် ယဇ်ပလ္လင်၏ အကြွင်းအကျန်များကို ရှင်းလင်းလိုက်ပြီး ကင်ထားသော လိပ်ခွံကိုလည်း ဖျက်ဆီးလိုက်သည်။ ထိုသို့ လုပ်ဆောင်ပြီးမှသာ သူသည် မတ်တပ်ရပ် လိုက်သည်။

ထို့နောက်တွင်တော့ အဖွဲ့သားအားလုံးမှာ စူးစမ်းနေခြင်းကို ရပ်တန့်လိုက်ပြီး အနောက်ဘက်သို့ တန်းတန်းမတ်မတ် ပျံသန်းသွားကြတော့သည်။ သူတို့၏ အရှိန်ဟုန်မှာ အလွန်မြန်လှရာ ခဏချင်းမှာပင် မိုင်ပေါင်း ရာနှင့်ချီ၍ ခရီးပေါက်သွားတော့သည်။

...

တစ်နေ့ဝက်ခန့် ပျံသန်းပြီးနောက် သူတို့သည် မိုင်ပေါင်း သိန်းနှင့်ချီသော ခရီးကို ရောက်ရှိ လာခဲ့ပြီ ဖြစ်သည်။ သူတို့ ဤဂြိုဟ်ကမ္ဘာ၏ အခြားတစ်ဖက်ခြမ်းသို့ ရောက်ရှိလာပုံရသည်။ ရုတ်တရက် ရာသီဥတုမှာ ပုံမှန်မဟုတ်ဘဲ အလွန်အေးစက်လာသည်။ မြေပြင်မှာ ရေခဲများ နှင့် နှင်းများဖြင့် ဖုံးလွှမ်းသွားသည်။ ပြင်းထန်သော လေများ တိုက်ခတ်လာပြီး ကောင်းကင် တစ်ခုလုံး နှင်းဖြူများဖြင့် ပြည့်နှက်သွားတော့သည်။ သူတို့သည် မဟာကမ္ဘာကြီးရှိ နှင်းလွင်ပြင်ဒေသသို့ ရောက်လာသကဲ့သို့ပင်။

ရုတ်တရက်ဆိုသလို နှင်းများ ပြည့်နေသော ကောင်းကင်ယံမှ ပြင်းထန်သော စိတ်ဝိညာဉ် စွမ်းအား လှိုင်းတစ်ခု ထွက်ပေါ်လာသည်။

“နှင်းတွေက တော်တော်ထူတာပဲ! ဒီနှင်းတွေက မြောက်ပိုင်းနိုင်ငံက နှင်းတွေထက်တောင် ပိုပြင်းထန်သေးတယ်။ ဒီဂြိုဟ်ကမ္ဘာရဲ့ သက်ရှိစွမ်းအားက မပြင်းထန်ဘဲနဲ့ ဒီလောက်ကြီး တဲ့ နှင်းမုန်တိုင်း ဘယ်လိုလုပ် ဖြစ်လာတာလဲ။ ဒါက ‘တစ္ဆေအင်မော်တယ်’ ပညာရှင် တစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကိုတောင် လွင့်စင်သွားအောင် လုပ်နိုင်သလို၊ အေးခဲသွား အောင်လည်း လုပ်နိုင်တယ်။ အဆင့်တစ် မိုးကြိုးကပ်ဘေး ပညာရှင်ရဲ့ စိတ်ဝိညာဉ် အတွေးစတွေတောင် ဒီအအေးဒဏ်အောက်မှာ ခဲသွားနိုင်တယ်။ ဒါဟာ ‘ကြင်ယာတော် ယွမ်’ ရဲ့ ရေခဲဝိညာဉ်မုန်တိုင်းထက်တောင် ပိုစွမ်းထင်တယ်။”

ဟုန်ယွိသည် နှင်းမုန်တိုင်းကို အန်တုရင်း နှစ်နာရီခန့် ဆက်လက် ပျံသန်းခဲ့သည်။ မိုင်ပေါင်း ထောင်ချီ ခရီးနှင်ပြီးနောက် သူ၏ရှေ့တွင် ဧရာမ ရေခဲပြင်ကြီးကို တွေ့လိုက်ရသည်။ ထိုရေခဲပြင်ကြီးထံမှ အဆုံးမရှိသော အအေးဓာတ်လှိုင်းများ ထွက်ပေါ်နေပုံရသည်။

ထိုရေခဲပြင်ကြီးပေါ်တွင် အလွန်မြင့်မားလှသော နန်းတော်ကြီးတစ်ခု တည်ရှိနေသည်။

ဟုတ်ပါသည်။ ၎င်းမှာ နန်းတော်ကြီးတစ်ခုပင်။ နန်းတော်ကြီးသည် တစ္ဆေအင်မော်တယ် များကိုပင် လွင့်စင် သွားစေနိုင်သော ရေခဲပြင်ကြီးပေါ်တွင် ခန့်ညားစွာ ရပ်တည်နေခြင်း ဖြစ်သည်။

ဤရေခဲနန်းတော်ကြီးမှာ တော်ဝင်ချန်၏ တော်ဝင်နန်းတော်ထက်ပင် ပိုမို ခန့်ညားထည်ဝါ လှသည်။ နန်းတော်ကို ဝန်းရံထားသည်မှာ ထူထပ်လှသော ရေခဲတိုင်ကြီးများ ဖြစ်သည်။ ထိုရေခဲတိုင်ကြီးများမှာ ကောင်းကင်ကို ထိုးဖောက်နေသော တောင်တန်းကြီးများ အလား ပင်။ ၎င်းတို့မှာ ဖန်သားကဲ့သို့ ကြည်လင်နေပြီး ဖန်ဆင်းရှင်သခင်၏ အံ့ဖွယ်လက်ရာများကို ပြသနေသည်။

ထိုကဲ့သို့သော ရေခဲတိုင်ကြီးပေါင်း တစ်ထောင်ကျော် ရှိနေသည်။

ရေခဲပြင်၊ ရေခဲနန်းတော်နှင့် ရေခဲတိုင်များ...

ဤအရာများမှာ ထူးခြားလှသည် မဟုတ်သေးပေ။ ပို၍ ထူးခြားသောအရာက ဟုန်ယွိ၏ မျက်လုံးထဲတွင် ပေါ်လာတော့သည်။

ဟုန်ယွိ အံ့သြသွားသည်မှာ ထိုတောင်ကြီးများအလား ကြီးမားလှသော ရေခဲတိုင်ကြီးများ အတွင်း၌ ဧရာမ ‘ရှေးဟောင်းနဂါးကြီးများ’ ရှိနေခြင်းပင်။

မှန်ပါသည်။ ၎င်းတို့မှာ စပါးအုန်းမြွေကဲ့သို့ ကိုယ်ထည်ရှိပြီး၊ ခြေသည်းငါးခု၊ ဦးခေါင်းပေါ် တွင် ဦးချို၊ မုတ်ဆိတ်နှင့် အကြေးခွံများ ရှိသော နဂါးများပင်၊ ၎င်းတို့မှာ အစစ်မှန် နဂါးများ ဖြစ်ကြသည်။ မဟာကမ္ဘာကြီးတွင် တစ်ချိန်က စိုးမိုးခဲ့သော နဂါးမျိုးနွယ်များ ဖြစ်ကြသည်။

မဟာကမ္ဘာကြီးတွင် လူတိုင်းက သူတို့အကြောင်း သိကြသော်လည်း မည်သူမျှ ‘နဂါး’ ၏ စစ်မှန်သော ပုံပန်းသဏ္ဌာန်ကို မမြင်ဖူးကြပေ။

ယခုမူ သူတို့အားလုံးသည် ရေခဲတိုင်များအတွင်း၌ ပိတ်မိနေကြသည်။ သူတို့သည် အသက်ရှိသကဲ့သို့ ထင်ရှားလှပြီး၊ အလွန်ခန့်ညားသော ပုံစံဖြင်ြ ရစ်ခွေနေကြသည်မှာ ထာဝရ အိပ်မောကျနေကြသကဲ့သို့ပင်။

“ဝပ်နေတဲ့ကျားနဲ့ ခွေနေတဲ့နဂါး... ဝပ်နေတဲ့ ကျားရဲ့ ခန့်ညားမှုကို ငါ မြင်ဖူးပေမဲ့၊ ခွေနေတဲ့ နဂါးရဲ့ ပုံစံကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ ဒီနေ့တော့ ခွေနေတဲ့ နဂါးကို ငါ မြင်လိုက်ရပြီ၊ ဒီခရီးက တကယ်ကို အလဟဿ မဖြစ်တော့ဘူး၊ တကယ်ကို တန်သွားပြီ။”

ရှဲ့ဝန်ယွမ်က စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်သည်။

ရေခဲတိုင်များအတွင်းရှိ နဂါးများကို ကြည့်ရင်း ဟုန်ယွိသည် ‘ခန့်ညားထည်ဝါမှု’ ဆိုသည်မှာ အဘယ်နည်း၊ ‘ဂုဏ်သိက္ခာ’ ဆိုသည်မှာ အဘယ်နည်းဟူသည်ကို နားလည်သွားခဲ့သည်။ စစ်မှန်သော နဂါးတစ်ကောင်ကို တွေ့မြင်လိုက်ရရုံ၊ သူတို့၏ ပုံစံများကို အာရုံဖော်ကြည့်ရုံ၊ သူတို့၏ မျက်နှာအမူအရာများကို နားလည်အောင် ကြိုးစားပြီး မိမိ၏ စိတ်ထဲတွင် ပေါ်လာ အောင် လုပ်နိုင်ရုံဖြင့်... မိမိ၏စိတ်ထဲရှိ မိစ္ဆာစွမ်းအားများကို နှိမ်နင်းနိုင်ပြီး မကောင်းမှုများ ကို ဖယ်ရှားနိုင်ပေလိမ့်မည်။ မည်သည့် မိစ္ဆာပညာရပ်များမှ ကျူးကျော်လာမည်ကို ကြောက်စရာ မလိုတော့ပေ။

နဂါးတစ်ကောင်၏ အရှိန်အဝါမှာ ဤမျှအထိ စွမ်းအားရှိပေသည်။ ဧရာမ ရေခဲနန်းတော် ကြီးကို ဝန်းရံထားသော ရေခဲတိုင်ပေါင်း တစ်ထောင်ကျော်အတွင်း၌ ဧရာမ နဂါးကြီး တစ်ထောင်ကျော်မှာ အေးခဲနေကြသည်။ နဂါးတစ်ကောင်ချင်းစီမှာ ပေပေါင်းများစွာ ရှည်လျားလှသည်။

အထူးသဖြင့် အလယ်ဗဟိုရှိ ရေခဲနန်းတော်တွင် ပေတစ်ရာခန့် ရှည်လျားပြီး တိုင်လုံးကြီး တစ်လုံးအလား ထူထဲလှသော ဧရာမ နဂါးဘုရင်ကြီး တစ်ကောင်ကို ချိတ်ပိတ်ထားသည်။ ၎င်း၏ တစ်ကိုယ်လုံးမှာ မြင့်မြတ်လှသော ရွှေနီရောင် အလင်းတန်းများ တောက်ပြောင် နေပြီး၊ အကြေးခွံတစ်ခုချင်းစီမှာ ရေချိုးကန် အရွယ်အစားခန့် ရှိကာ၊ ၎င်းတို့ပေါ်တွင် တန်ခိုးရှိသော မှော်မန္တန်စာလုံးများ သဘာဝအလျောက် ရေးထွင်းထားသကဲ့သို့ ရှိနေသည်။

ဤနဂါးဘုရင်ကြီး၏ အရှိန်အဝါမှာ ‘ကောင်းကင်နဂါးဘုရင် နတ်ဘုရားချပ်ဝတ်’နှင့်ပင် အလွန်ဆင်တူလှသည်။ ၎င်း၏ စွမ်းအားမှာလည်း တူညီစွာပင် အားကောင်းလှသည်။

အကယ်၍ ဤနဂါးဘုရင်ကိုသာ ရရှိပြီး သူ့စွမ်းအားသာ လုံလောက်မည်ဆိုပါက ‘ကောင်းကင်နဂါးဘုရင် နတ်ဘုရားချပ်ဝတ်’ ကဲ့သို့သော နတ်ဘုရားချပ်ဝတ်တစ်ခုကို သန့်စင်နိုင်မည်ဟု ဟုန်ယွိ ခံစားလိုက်ရသည်။ ၎င်းမှာ ‘ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်’ ထက်ပင် သာလွန်ပေလိမ့်မည်။

ဤနေရာတွင် နဂါးပေါင်း တစ်ထောင်ကျော် ရှိသော်လည်း ၎င်းတို့အားလုံးမှာ အေးခဲနေပြီး အသက်ဓာတ် လုံးဝ မရှိတော့ပေ။ ရေခဲတိုင်များအတွင်း၌ သေဆုံးသွားသည့်တိုင်အောင် သူတို့၏ ခန္ဓာကိုယ်များမှာ ပျက်စီးသွားခြင်း မရှိဘဲ တည်ရှိနေကြသည်။

“နဂါးမျိုးနွယ်တွေ... နဂါးမျိုးနွယ်တွေ... သူတို့အားလုံး ဒီနေရာမှာ အတူတူ မြှုပ်နှံခံခဲ့ရတာ ပဲ။ ဒီနေရာမှာ မြှုပ်နှံခံခဲ့ရတာ၊ ရေခဲထဲ ချိန်ပိတ်ခံထားရတာ။ ဒါဟာ ‘ရှေးဦးရေအနှစ်သာရ မူလရေခဲ’ ပဲ။ ဒါဟာ စိန်ထက် အဆပေါင်း ရာနဲ့ချီ၊ ထောင်နဲ့ချီပြီး မာကျောသလို၊ ခန္ဓာကိုယ် ကိုလည်း မပျက်စီးအောင် ထိန်းသိမ်းထားနိုင်တယ်။ မထင်မှတ်ထားစရာပဲ။ မထင်မှတ် ထားစရာပဲ။ ငါတို့ ချီလင်မျိုးနွယ်တွေ သေတဲ့အခါ ငါတို့ရဲ့ အတွင်းအမြုတေတွေကို ဖျက်ဆီးပြီး အရာအားလုံးကို မီးရှို့ပစ်ကာ ကောင်းကင်နဲ့ မြေကြီးဆီကို ပြန်သွားကြတယ်။ ဒါပေမဲ့ ဒီနဂါးတွေကတော့ သူတို့ရဲ့ ခန္ဓာကိုယ်တွေကို ထိန်းသိမ်းထားကြတယ်။ ဘာကြောင့် ဒီလိုလုပ်ခဲ့ကြတာလဲ။ ကောင်းကင်နဲ့ မြေကြီးက မင်းတို့ကို မွေးဖွားပေးခဲ့တာ၊ သေပြီးရင် ကောင်းကင်နဲ့ မြေကြီးဆီကို ပြန်သွားတာက ပိုကောင်းပါတယ်။ ဘာလို့ အခုလို တခြားသူတွေရဲ့ ချောင်းမြောင်းလုယက်တာကို ခံရအောင် လုပ်ခဲ့ကြတာလဲ…”

ချီလင်က ပါးစပ်ကို ဟပြီးနောက် နောက်ဆုံးတွင် ခေါင်းကို ခါယမ်းလိုက်သည်။

“ငါ စစချင်းတုန်းကတော့ နဂါးသင်္ချိုင်းဆိုတာ သေသွားတဲ့ နဂါးတွေရဲ့ အရိုးစုတွေပဲ ရှိမယ် လို့ ထင်ခဲ့တာ။ အခုတော့ ဒီနဂါးတွေက ရှေးဦးရေအနှစ်သာရ ရေခဲတွေထဲမှာ အသက်ရှိသ လိုမျိုး လတ်လတ်ဆတ်ဆတ် ခန္ဓာကိုယ်တွေနဲ့ ရှိနေကြတာလား၊ ဒါက တကယ့်ကို တန်ဖိုး ဖြတ်လို့ မရနိုင်တော့ဘူး။ နဂါးအလောင်းပေါင်း ထောင်ချီ... အဲဒါတွေနဲ့ဆိုရင် လက်နက် တွေ၊ ချပ်ဝတ်တွေ၊ နတ်ဘုရားဓားတွေ ဘယ်လောက်တောင် လုပ်လို့ရမလဲ။ ရှေးခေတ် သူတော်စင် ဧကရာဇ်တွေ အကုန်လုံး ပြန်ရှင်လာရင်တောင် ဒီလောက် ကြီးကျယ်တဲ့ အစီအစဉ်မျိုး ရှိမှာ မဟုတ်ဘူး။”

ယွမ်ရှန်းရှန်းသည်လည်း အလွန်အမင်း တုန်လှုပ်သွားတော့သည်။

သူတို့အဖွဲ့သည် ထိုနှင်းလွင်ပြင်ကြီးဆီသို့ ပျံသန်းသွားကြသည်။

အတိအကျ ထိုအချိန်မှာပင် ထူးဆန်းသော အရာတစ်ခု ဖြစ်ပျက်လာတော့သည်။

အခန်း (၄၉၈)။

ဟုန်ယွိတို့ လူစု ဆီးနှင်းပြင်၏ ဗဟိုချက်သို့ အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာသည်နှင့်အမျှ ထူးဆန်းသော အရာတစ်ခု ဖြစ်ပျက်လာတော့သည်။

“ဝုန်း... ဝုန်း...”

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါနှင့် စွမ်းအားကြီးမားလှသော အရာတစ်ခုမှာ ကောင်းကင်ယံမှ ဆင်းသက်လာတော့သည်။ ဧရာမခံတပ်ပုံစံ သင်္ဘောကြီးတစ်စင်းမှာ ကောင်းကင်ယံ၌ ခန့်ညားစွာ ပျံသန်းနေ။ ၎င်းမှာ စကြဝဠာတစ်ခုလုံးကို ကင်းလှည့်နေ သော နတ်ဘုရားဧကရာဇ်၏ အလံတော်တင် သင်္ဘောကြီးနှင့်ပင် တူလှသည်။

ဖန်ဆင်းခြင်းသင်္ဘောသည် ကောင်းကင်ယံ၌ တစ်ကျော့ပြန် ပေါ်လာခဲ့လေပြီ။

ဖန်ဆင်းခြင်းသင်္ဘောသည် ရှေးဟောင်းနဂါးသင်္ချိုင်း၏ စစ်မှန်သော တည်နေရာကို ရှာဖွေ တွေ့ရှိသွားပုံရပြီး၊ မိုင်ပေါင်းသောင်းချီ ကျယ်ဝန်းသော ဤရေခဲပြင်လွင်ပြင်ကြီး၏ အထက် သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ၎င်း၏ ကြီးမားလှသော စွမ်းအားများက အောက်ဘက်ရှိ ‘ရေခဲနန်းတော်’ ကို ပစ်မှတ်ထားကာ ချိပ်ပိတ်လိုက်တော့သည်။

“ဒုက္ခပဲ…၊ အဲဒါ ဖန်ဆင်းခြင်းသင်္ဘောပဲ။”

ချီလင်က ပထမဆုံး ဟိန်းဟောက်လိုက်ရာ ၎င်း၏ အကြေးခွံများမှာ ထောင်ထလာတော့ သည်။

“ဟုန်ယွိ... ဒီနဂါးအလောင်းတွေကို သူတို့လက်ထဲ အရောက်မခံနိုင်ဘူး။ တစ်ကောင် တောင် မပေးနိုင်ဘူး။” ရှဲ့ဝန်ယွမ်က ပြတ်သားစွာ ဆုံးဖြတ်ချက်ချရင်း သူ၏ ကိုယ်ယောင် ဖျောက် ပုန်းကွယ်နေခြင်းကို ဖျက်ကာ ရှေ့သို့ တိုးထွက်လိုက်သည်။

ဟုန်ယွိသည်လည်း ချက်ချင်းပင် ဆုံးဖြတ်ချက်ချကာ ရှေ့သို့ အရှိန်ဟုန်ဖြင့် ပြေးဝင် လိုက်တော့သည်။

“အားလုံးပဲ... ဒီရှေးဟောင်း အမွေအနှစ်တွေကို မဖျက်ဆီးကြပါနဲ့၊ ငါ ဒါတွေအားလုံးကို ကာကွယ်ချင်တယ်။ ဒါတွေဟာ နောက်ဆုံးကျန်ရစ်တဲ့ မြင့်မြတ်တဲ့ အမွေအနှစ်တွေပဲ။ တကယ်လို့ ဒီကမ္ဘာပေါ်ကလူတွေသာ အိပ်မောကျနေတဲ့ ဒီနဂါးတွေကို မြင်ခွင့်ရမယ်ဆိုရင်၊ သူတို့ဆီကနေ အသိတရားတွေ သေချာပေါက် သင်ယူနိုင်ကြလိမ့်မယ်။ လောကသားတွေ မှာ ဒါတွေကို ကြည့်ရှုခံစားခွင့် ရှိသင့်ပါတယ်။”

အရှိန်အဟုန်ဖြင့် ပျံသန်းနေစဉ် ဟုန်ယွိက အားလုံးကို အော်ပြောလိုက်သည်။ သို့သော် ဗဟိုချက်သို့ ပိုမိုနီးကပ်လာလေ အအေးဓာတ်က ပိုမိုပြင်းထန်လာလေ ဖြစ်သည်။ သူသည် ရေခဲနန်းတော်နှင့် မိုင်တစ်ရာခန့် အကွာအဝေးသို့ ရောက်ရှိလာသောအခါ အအေးဓာတ်မှာ အရာဝတ္ထု ဒြပ်စင်တစ်ခုအလား ခဲနေပြီး လေထုထဲတွင် မမြင်ရသော အအေးလှိုင်းများ ယှက်နွယ်နေသည်။ ဟုန်ယွိပင်လျှင် အရိုးထဲထိ အေးစက်မှုကို ခံစားလိုက်ရပြီး သူ၏ အရိုးတွင်းခြင်ဆီများပင် အေးခဲတော့မလို ဖြစ်သွားကာ တစ်ကိုယ်လုံး စီးဆင်းနေသော မှော်စွမ်းအားများမှာ အေးခဲသွားသဖြင့် တဖျတ်ဖျတ် အသံများ ထွက်ပေါ်နေသည်။

မူလက ဟုန်ယွိသည် မဟာလေဟာနယ်လက်ဝါးနှင့် ‘ကောင်းကင်အလင်း ဦးချို နတ်ဘုရား ချပ်ဝတ်’ ကို အသုံးပြု၍ ပျံသန်းနေခြင်း ဖြစ်သည်။ သို့သော် ယခုမူ ထိုချပ်ဝတ်ကို ဝတ်ဆင် ထားသည့်တိုင်အောင် သူ၏ သွေးကြောများနှင့် ခန္ဓာကိုယ်မှာ အနည်းငယ် တောင့်တင်း လာသည်ကို ခံစားရသဖြင့် ဤအအေးဒဏ်မှာ မည်မျှ ပြင်းထန်ကြောင်း သူ သိလိုက်သည်။

ဤသည်မှာ ကောင်းကင်နှင့် မြေကြီးကြားရှိ အပြင်းထန်ဆုံးသော အအေးလှိုင်း ဖြစ်သည့် ‘ရှေးဦးရေခဲ အစစ်မှန် စွမ်းအင်’ ပင် ဖြစ်သည်။

၎င်းသည် ဤကမ္ဘာကြီးကို ဝမ်းယွမ်အကြာအထိ အေးခဲစေနိုင်သော စွမ်းအားကို ကိုယ်စား ပြုသည်။

“သူတော်စင်ပေါင်းစုံခန်းမ၊ ဗုဒ္ဓသင်္ကန်းတော်... ဆီးနှင်းတွေကို တားဆီးစမ်း” ဟုန်ယွိက ပြောပြောဆိုဆိုဖြင့် သူတော်စင်ပေါင်းစုံခန်းမကို လေထဲသို့ မြှောက်တင်လိုက်ရာ၊ ၎င်းမှာ သူ၏ ဦးခေါင်းထက်တွင် လည်ပတ်နေပြီး လူတိုင်းသည် ခန်းမဆောင်အတွင်းသို့ ချက်ချင်း ဝင်ရောက်လိုက်ကြသည်။ ခန်းမဆောင်ကြီးမှာ မိုင်ပေါင်းများစွာ ရုတ်တရက် ကျယ်ပြန့် သွားပြီး၊ ခန်းမအတွင်းရှိ လူတိုင်းမှာမူ ပြင်ပမှ အအေးဒဏ်ကို လုံးဝ မခံစားရတော့ပေ။

ထိုအချိန်တွင် ကောင်းကင်ယံရှိ ဖန်ဆင်းခြင်းသင်္ဘောမှာ လည်ပတ်သွားပြီးနောက် ရုတ်တရက် မိုင်ပေါင်းများစွာ ထူထဲပြီး ပေပေါင်းသောင်းချီ မြင့်မားသော လေဆင်နှာမောင်း ကြီး တစ်ခုကို ထုတ်လွှတ်လိုက်သည်။ ၎င်းသည် အောက်သို့ လိမ်ဆင်းလာပြီး စုပ်ယူလိုက် ရာ၊ ရေခဲလွင်ပြင် ဗဟိုရှိ နန်းတော်နှင့် နဂါးရေခဲတိုင် ထောင်ပေါင်းများစွာကို သင်္ဘောပေါ် သို့ စုပ်ယူရန် ကြိုးစားနေခြင်း ဖြစ်သည်။

ဖန်ဆင်းခြင်းသင်္ဘောပေါ်တွင် မှော်မန္တန်ပေါင်း ကုဋေကုဋာမှာ တောက်ပနေဆဲ ဖြစ်ပြီး လူရိပ်လူယောင်မျှ မမြင်ရသော်လည်း ဤနတ်ဘုရား ရတနာအတွင်း၌ ကြောက်မက်ဖွယ် ကောင်းသော ပုဂ္ဂိုလ်ကြီးများ ရှိနေသည်ကို မည်သူမျှ ငြင်းဆိုနိုင်မည် မဟုတ်ပေ။

သို့သော် ထိုလေဆင်နှာမောင်းကြီးမှာ နန်းတော်အထက် ပေတစ်ထောင်ခန့် အကွာသို့ ရောက်ရှိသောအခါ မမြင်ရသော အအေးလှိုင်းများ၏ တားဆီးမှုကို ခံလိုက်ရပြီး ယိမ်းထိုးသွားကာ အောက်သို့ ဆက်မဆင်းနိုင်တော့ပေ။

“ဟွန့်၊ ဒါဟာ ‘ရှေးဦးရေအနှစ်သာရ မူလရေခဲ’ ရဲ့ ဗဟိုချက်လေ။ ဒီရေခဲစီးကြောင်းတွေက အရာအားလုံးကို အေးခဲပြီး အပိုင်းပိုင်းဖြစ်အောင် ချေမှုန်းပစ်နိုင်တဲ့အထိ အားကောင်း တယ်။ ဒီထဲကို ဝင်ဖို့ဆိုရင် မှော်လက်နက်တွေကို သုံးမှရမယ်။ ဖန်ဆင်းခြင်းသင်္ဘောက အစွမ်းထက်တယ်ဆိုပေမဲ့ လေဆင်နှာမောင်း တစ်ခုတည်းနဲ့ အကုန်လုံးကို သိမ်းယူနိုင်မယ် လို့ ထင်နေတာကတော့ သူတို့ကိုယ်သူတို့ အထင်ကြီးလွန်းရာ ကျပါတယ်။”

ဟုန်ယွိက အေးစက်စွာ ရယ်မောလိုက်သည်။ ကောင်းကင်ယံ၌ ဖန်ဆင်းခြင်းသင်္ဘော ရုတ်တရက် ပေါ်လာခြင်းကို သူ အံ့သြမနေပေ။

သို့သော် သူသည် ဤအခွင့်အရေးကို အသုံးချကာ ‘သူတော်စင်ပေါင်းစုံခန်းမ’ ကို အားစိုက် လှုံ့ဆော်လိုက်ပြီး ဇမ္ဗူမဟာအစီအရင်၏ စွမ်းအားဖြင့် အအေးလှိုင်းများကို ထိုးခွဲကာ ရှေ့သို့ တိုးလိုက်တော့သည်။ သူသည် ရေခဲနန်းတော်ကြီး၏ ရှေ့မှောက်သို့ ချက်ချင်း ဆင်းသက်လိုက်ပြီး ရေခဲထဲက နဂါးကြီးများကို အနီးကပ် မြင်တွေ့လိုက်ရသည်။

အဝေးမှ ကြည့်ရသည်မှာ တစ်မျိုးဖြစ်သော်လည်း အနီးကပ်ကြည့်ရသည်မှာ လုံးဝ တခြား စီပင်။

...

၎င်းမှာ သမိုင်းဝင် တုန်လှုပ်ဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်သည်။ သမိုင်းကြောင်း ဖုန်မှုန့်များ ကြားမှ အစွမ်းထက်သော မျိုးနွယ်စုတစ်ခု၊ လူကြီးလူကောင်းတစ်ဦး၏ ဂုဏ်သိက္ခာ...

ဖော်ပြ၍မရနိုင်သော၊ နားလည်ရခက်သော အရှိန်အဝါတစ်ခုမှာ တစ်လောကလုံးကို လွှမ်းခြုံသွားပြီး ‘နတ်ဘုရားတာအို’ ကို ကျင့်ကြံသူတို့၏ စိတ်ဝိညာဉ်များကို သန့်စင် ပေးလိုက်သကဲ့သို့ပင်။

သေဆုံးသွားပြီ ဖြစ်သော်လည်း အသားသွေးများမှာ မပျက်မစီးဘဲ တည်ရှိနေသော ‘ရှေးဦး ရေအနှစ်သာရ မူလရေခဲ’ နဂါးပေါင်း တစ်ထောင်ကျော်... ဒဏ္ဍာရီထဲတွင်သာ မြင်ဖူးသည့် နဂါးကြီးများကို အနီးကပ် မြင်လိုက်ရသဖြင့် ရှေးဟောင်း ချီလင်ပင်လျှင် အံ့ဩမှင်သက် သွားခဲ့သည်။

နဂါး၊ ဖီးနစ်၊ ချီလင်နှင့် လိပ်... ဤရှေးဦး ဝိညာဉ်သားရဲလေးမျိုးမှာ မင်္ဂလာရှိခြင်းကို ကိုယ်စားပြုသည်။ သို့သော် ဤချီလင်ပင်လျှင် ကောင်းကင်နဂါးများ ဤမျှအထိ အမြောက်မြား စုဝေးနေသည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

ရေခဲတိုင်များအတွင်း ရစ်ခွေနေသော နဂါးတစ်ထောင်ကျော်မှာ ရှေးဦးဒဏ္ဍာရီလာ အရှိန် အဝါများကို ထုတ်လွှတ်နေ၏။ ၎င်းတို့သည် သမိုင်းကြောင်း ဖုန်မှုန့်များကြားတွင် မြှုပ်နှံ ခြင်းခံခဲ့ရသော အစွမ်းထက်သည့် မျိုးနွယ်စုကြီးတစ်ခု၊ လူကြီးလူကောင်းများကို ကိုယ်စား ပြုသော မျိုးနွယ်စုကြီးတစ်ခု၏ သက်သေများပင်။

ဝမ်းယွမ်ဆိုသော ကပ်ဘေးကြီးကို နဂါးမျိုးနွယ်နှင့် ယန်နတ်ဘုရား တို့ကဲ့သို့ အစွမ်းထက် ပုဂ္ဂိုလ်ကြီးများပင်လျှင် မရှောင်လွှဲနိုင်ခဲ့ကြပေ။

နဂါးတစ်ကောင်၏ ခန္ဓာကိုယ်ကို အသုံးပြု၍ နတ်ဘုရားချပ်ဝတ်များကို သန့်စင်မည်ဆိုပါ က ချပ်ဝတ်ပေါင်း ဒါဇင်နှင့်ချီ၍ ရရှိနိုင်သည်။ တစ်ထောင်ဆိုလျှင် ချပ်ဝတ်ပေါင်း သောင်းနှင့်ချီ၍ပင် ရရှိမည်ဖြစ်ရာ ၎င်းမှာ ဤမဟာကမ္ဘာကြီးတွင် အနှိုင်းမဲ့ စစ်တပ်ကြီး တစ်ခု ဖြစ်လာပေလိမ့်မည်။ ရှေးခေတ် နေနတ်ဘုရားတစ်ပါး ပြန်လည် မွေးဖွားလာမှသာ သူတို့ကို ယှဉ်နိုင်ပေလိမ့်မည်။

နဂါးတစ်ထောင်၏ တန်ခိုးစွမ်းအားကို ချပ်ဝတ်များအတွင်း ထည့်သွင်းလိုက်မည်ဆိုပါက ကမ္ဘာကို တုန်လှုပ်စေမည့် မည်သည့်စွမ်းအားမျိုး ဖြစ်ပေါ်လာမည်နည်း။

အထူးသဖြင့် ရေခဲနန်းတော်၏ အလယ်ဗဟို၌ ပိတ်နေသော ‘နဂါးဘိုးဘေး’ မှာ ပို၍ပင် အစွမ်းထက်လှသည်။ ၎င်းမှာ ချီလင်ထက်ပင် အဆပေါင်းများစွာ ပိုမို အစွမ်းထက်ပြီး ‘ဖန်ဆင်းရှင်’ သခင် အဆင့်ရှိ တည်ရှိမှုမျိုး ဖြစ်သည်။

ယခုအခါ ဟုန်ယွိသည် ရှင်းလင်းစွာ မြင်တွေ့နေရပြီ ဖြစ်သည်။ နန်းတော်အပြင်ဘက်တွင် ရေခဲတိုင်ပေါင်း ၁၀၀၀ ရှိနေသည်။ နန်းတော်အတွင်းရှိ နဂါးဘိုးဘေးနှင့် ပေါင်းလျှင် နဂါးပေါင်း ၁၀၀၁ ကောင် ရှိနေခြင်း ဖြစ်သည်။

“တကယ်လို့, ဒီနဂါးတစ်ထောင်နဲ့ နဂါးဘိုးဘေးကို ဟုန်ရွှန်ကျိနဲ့ ယန်ဖန်းတို့က ဖန်ဆင်း ခြင်းသင်္ဘောပေါ်ကို တင်သွားပြီး၊ နတ်ဘုရားလက်နက်တွေ၊ ချပ်ဝတ်တွေအဖြစ် သန့်စင် လိုက်ရင်၊ ဒါမှမဟုတ် ဖန်ဆင်းခြင်းသင်္ဘောကို ပြုပြင်ဖို့ အသုံးချလိုက်ရင် သူတို့ ဘယ်လောက်တောင် အစွမ်းထက်သွားမလဲ။ အဲဒီကျရင် ငါရော သူတို့ကို ခုခံနိုင်ပါဦးလား။ ဒီနဂါးတွေကို တခြားသူတွေ လက်ထဲ အရောက်မခံနိုင်ဘူး။ ဒီနဂါးတွေကို ‘သူတော်စင်ပေါင်းစုံခန်းမ’ ထဲကို ရွှေ့ပြောင်းထားရမယ်၊ ဒါမှ နောက်မျိုးဆက်တွေက သူတို့ရဲ့ အကြွင်းအကျန်တွေကို ကြည့်ရှုနိုင်မှာ။ ဒါတွေဟာ နောက်ဆုံးကျန်တဲ့ မြင့်မြတ်တဲ့ အမွေအနှစ်တွေပဲ။ ဒီအမွေအနှစ်တွေသာ ပျက်စီးသွားရင် ကမ္ဘာပေါ်မှာ နဂါးစစ်စစ်ဆိုတာ မရှိတော့သလို၊ နဂါးတွေရဲ့ တန်ခိုးအရှိန်အဝါကိုလည်း မြင်တွေ့နိုင်တော့မှာ မဟုတ်ဘူး။ နဂါးတွေဟာ ရှေးဦးခေတ်ရဲ့ သူတော်စင်တွေပဲ၊ ဒီ ‘သူတော်စင်ပေါင်းစုံခန်းမ’ ဟာ မင်းတို့ ထာဝရ အနားယူရာ နေရာ ဖြစ်ရမယ်။”

ဟုန်ယွိသည် ဤနဂါးများ၏ ပုံသဏ္ဌာန်မှာ သေဆုံးသွားသော်လည်း အသက်ဝင်နေဆဲ ဖြစ်သဖြင့် ၎င်းတို့ကို ဖျက်ဆီးရန် သို့မဟုတ် လက်နက်အဖြစ် သန့်စင်ရန် စိတ်မကူးတော့ ပေ။

ဤနဂါးပုံရိပ်များကို သူတော်စင်ပေါင်းစုံခန်းမထဲတွင် ထားရှိခြင်းကပင် ကြီးမားသော ရတနာတစ်ပါး ဖြစ်ပေလိမ့်မည်။ ‘အိပ်မောကျနေသော နဂါးပန်းချီကားချပ်’ ကို ကြည့်ရှုရုံ ဖြင့်ပင် အထွတ်အထိပ် သိုင်းလမ်းစဉ်နှင့် တာအိုပညာရပ်များကို နားလည်နိုင်ပေလိမ့်မည်။ ရွှေဥဥသည့် ငန်းကို ဘာလို့ သတ်ပစ်ရမည်နည်း။

ဟုန်ယွိ၏ စိတ်ထဲတွင် ဘုရင်တစ်ပါး၏ စိတ်နှလုံးမှာ အလိုလို ပေါ်ပေါက်လာတော့သည်။

ကြီးမားလှသော မက်မောစရာ အခွင့်အရေးကြီးတစ်ရပ်က သူ့ရှေ့မှောက်တွင်ပင် ရှိနေ သော်လည်း သူသည် တည်ငြိမ်စွာဖြင့် ပညာရှင် သူတော်စင်တစ်ဦး၏ ကျင့်ဝတ်အတိုင်း ဆောင်ရွက်ရန် ဆုံးဖြတ်လိုက်သည်။

ဤရေခဲနဂါးများကို ကာကွယ်ရန်မှာ မိမိ၏ တာဝန်ဖြစ်သည်ဟု ဟုန်ယွိ ခံစားမိသည်။ ယခု နဂါးသင်္ချိုင်းမှာ အလွန်အန္တရာယ် များလှသည်။ သူတို့ကို သူတော်စင်ပေါင်းစုံခန်းမထဲသို့ ခေါ်ဆောင်သွားမှသာ ဘေးကင်းပေလိမ့်မည်။

...

“ပစ္စုပ္ပုန်ဗုဒ္ဓ... ပစ္စုပ္ပုန်ဗုဒ္ဓ... ပစ္စုပ္ပန်ကာလကို စိုးမိုးစမ်း။ မူလကံကြမ္မာ တာအိုသစ်သီး... ဝမ်းယွမ်အဖြစ် ပြောင်းလဲစမ်း။”

သူသည် နန်းတော်ရှေ့သို့ ဆင်းသက်လိုက်ပြီး ရေခဲနန်းတော်အတွင်းရှိ နဂါးဘိုးဘေးကို မြင်လိုက်ရသည်။ ၎င်း၏ မျက်လုံးနှစ်လုံးကြားတွင် အလင်းတန်းလေးတစ်ခု ရှိနေပြီး အတိုင်းအဆမရှိသော ခန့်ညားမှုကို ပြသနေပြီး ကျူးကျော်သူ မှန်သမျှကို ခြောက်လှန့်နေ သကဲ့သို့ပင်။

သို့သော် ယခုမူ ဟုန်ယွိသည် ထိုတန်ခိုးအရှိန်အဝါကို ဂရုမစိုက်တော့ပေ။ သူသည် စိတ်နှလုံး ဖြူစင်ရိုးသားစွာဖြင့် ဤမြင့်မြတ်သော အမွေအနှစ်ကို ကာကွယ်ရန် ဆုံးဖြတ်ပြီး ဖြစ်သည်။

သူတော်စင်ပေါင်းစုံခန်းမအတွင်း၌ ရပ်နေရင်း ဟုန်ယွိသည် လက်နှစ်ဖက်ကို ပွတ်လိုက်ရာ ခန်းမဆောင်အတွင်းမှ ထူထပ်လှသော အမည်းရောင် အခိုးငွေ့များ ထွက်ပေါ်လာပြီး ရေခဲမုန်တိုင်း၏ ပြင်းထန်သော အရှိန်အဝါများကို လျော့ပါးသွားစေသည်။ ထို့နောက် သူ၏ စိတ်ဝိညာဉ် အတွေးစ အားလုံးမှာ ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ နှင့် ပေါင်းစပ်သွားပြီး၊ ဧရာမ ‘ကံကြမ္မာစွမ်းအား’ အဖြစ် ပြောင်းလဲကာ၊ ရေခဲနန်းတော်ရှေ့သို့ ပျံသန်းသွားတော့ သည်။ ချက်ချင်းပင် ရေခဲစီးကြောင်းနှင့် မုန်တိုင်းအားလုံးမှာ ထိုစွမ်းအားအောက်၌ ငြိမ်သက်သွားတော့သည်။

ဤသည်မှာ ဟုန်ယွိ၏ စိတ်ဝိညာဉ် အတွေးစအားလုံးနှင့် ဖန်ဟွမ်အသက်ဝိညာဉ်ဓားတို့ ပေါင်းစပ်ထားသော စွမ်းအား ဖြစ်သည်။ ၎င်းမှာ ‘ဖန်ဆင်းရှင်’သခင် အဆင့်ရှိ တည်ရှိမှုနှင့် နှိုင်းယှဉ်နိုင်သည်။

“ကြွစမ်း... ကြွစမ်း၊ ဒါတွေအားလုံးကို သူတော်စင်ပေါင်းစုံခန်းမထဲကို ထည့်သွင်းစမ်း”

ဟုန်ယွိသည် ‘ကံကြမ္မာစွမ်းအား’ ကို လက်ဝါးကြီး တစ်ဖက်အဖြစ် ပြောင်းလဲလိုက်ပြီး ရွှေရောင် အလင်းတန်းပေါင်း ထောင်ချီထုတ်လွှတ်ကာ ရေခဲတိုင်များကို ဝန်းရံလိုက်ပြီး အထက်သို့ မတင်လိုက်သည်။

သူသည် ‘ဗုဒ္ဓတံဆိပ်တော်’ ဖမ်းဆီးခြင်းနည်းစနစ်’ ကို အသုံးပြုကာ ရေခဲတိုင်များကို ‘သူတော်စင်ပေါင်းစုံခန်းမ’ အတွင်းသို့ သွင်းယူရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။

“အရမ်းလေးတာပဲ”

ထိုသို့ မလိုက်သောအခါ ဟုန်ယွိ၏ တစ်ကိုယ်လုံး တုန်ခါသွားပြီး နဂါးရေခဲတိုင် တစ်ထောင် ကျော်မှာ အနည်းငယ် တုန်ခါသွားသော်လည်း မြေပြင်မှ ကြွမလာပေ။

“အား….” ဟုန်ယွိ အော်ဟစ်လိုက်မိသည်။ သူ၏ စိတ်ဝိညာဉ် အတွေးစများကို အားစိုက် ထုတ်လိုက်ချိန်မှာ သူ၏ ကြွက်သားများ ပေါက်ကွဲထွက်တော့မည့်အလား ခံစားလိုက်ရ သည်။ သူသည် အားအလွန်အကျွံ စိုက်လိုက်မိခြင်း ဖြစ်သည်။ ပစ္စုပ္ပန်ဗုဒ္ဓ၏ ပစ္စုပ္ပန်ကာလ ကို စိုးမိုးနိုင်သည့် စွမ်းအားနှင့်အတူ ဖန်ဟွမ်အသက်ဝိညာဉ်ဓားတို့၏ အကူအညီ ပါသော် လည်း ဤနဂါးရေခဲတိုင်အားလုံးကို သူ ကြွမြောက်အောင် မမနိုင်သေးပေ။

“ရှေးဦးရေအနှစ်သာရ မူလရေခဲ’ က တကယ်ကို လေးတာပဲ။ အတုံးသေးလေး တစ်တုံး တောင် ကီလိုဂရမ် ၅၀၀ ကျော် လေးတယ်။ ဒီလောက်ကြီးတဲ့ ရေခဲတိုင်ကြီးဆိုရင် ပြောစရာတောင် မလိုတော့ဘူး။ အရင်တုန်းက ငါ တောင်တစ်လုံးကိုတောင် ရွှေ့နိုင်ခဲ့ပေမဲ့၊ အခု တိုင်တစ်ထောင်ကိုတောင် မရွှေ့နိုင်တော့ဘူး။ တစ်တိုင်ချင်းစီပဲ ရွှေ့တော့မယ်။”

ထိုသို့ဖြင့် ဟုန်ယွိသည် စိတ်ပြောင်းလိုက်သည်။ ရွှေရောင်အလင်းတန်းများကို ပြန်လည် စုစည်းလိုက်ပြီး တိုင်ကြီးတစ်တိုင်တည်းကိုသာ ဖမ်းဆုပ်လိုက်သည်။

ဝူး….

သူသည် ရေခဲနဂါးတိုင်တစ်တိုင်ကို ဆွဲထုတ်လိုက်ရာ၊ ထိုတိုင်ကြီးမှာ သူတော်စင်ပေါင်းစုံ ခန်းမ အတွင်းသို့ ပျံဝင်သွားပြီး ခန်းမဆောင်၏ အလယ်ဗဟိုတွင် ခိုင်ခံ့စွာ မတ်မတ်ရပ်သွား တော့သည်။ ၎င်းမှာ ခန်းမဆောင်ကို ထောက်ကန်ထားသော တိုင်မကြီးတစ်ခုအလားပင်။

“ကောင်းပြီ... တစ်ခါတည်းနဲ့ တိုင်တစ်ရာကို ငါ ယူနိုင်တယ်။ ဆယ်ခါလုပ်ရင် အားလုံး ကုန်သွားမှာပဲ။” ဤအောင်မြင်မှုကြောင့် ဟုန်ယွိသည် သူ၏ စွမ်းအားကို ချက်ချင်း ပြန်လည် တွက်ချက်လိုက်သည်။ ‘ကံကြမ္မာစွမ်းအား’ မှာ ထပ်မံ ထွက်ပေါ်လာပြီး ရွှေရောင် အလင်းတန်း တစ်ရာအဖြစ် ပြောင်းလဲကာ နဂါးတိုင် တစ်ရာကို စုပ်ယူလိုက်တော့သည်။

သို့သော် အတိအကျ ထိုအချိန်မှာပင် ကောင်းကင်ယံရှိ ဖန်ဆင်းခြင်းသင်္ဘော ထံမှ စိမ်းပြာ ရောင် သမုဒ္ဒရာကြီးတစ်ခု ကျဆင်းလာသကဲ့သို့ စွမ်းအားလှိုင်းကြီးများ အရှိန်အဟုန်ဖြင့် ဆင်းသက်လာသည်။

တစ်ချိန်တည်းမှာပင်... ဝုန်း… ကောင်းကင်၏ အခြားတစ်ဖက်မှ ဧရာမ ‘ရာရှိုမွန်’ တံခါးကြီးတစ်ခု တိတ်ဆိတ်စွာ ပေါ်လာသည်။ ဧကပေါင်းများစွာ ကျယ်ဝန်းသည့် ရှေးဦး ခေတ် ကြယ်တာရာများ ပေါက်ကွဲသည့်အသံနှင့်တူသော အလင်းတန်းကြီးတစ်ခုမှာ ဟုန်ယွိတို့ လူစုဆီသို့ တရှိန်ထိုး ပစ်လွှတ်လာတော့သည်။

၎င်းမှာ ဘုံသုံးပါးမူလစွမ်းအင်အမြောက်ပင် ဖြစ်တော့သည်။

All Chapters