အခန်း (၄၉၉-၅၀၀)
Vol. 47 Ch. 499-500
အခန်း (၄၉၉)။
“ဘုံသုံးပါးမူလစွမ်းအင် အမြောက်၊ ဒါ မူလဝိညာဉ်နတ်ဘုရားပဲ။ မူလဝိညာဉ်နတ်ဘုရား တစ်ပါးတည်းကပဲ ဒီလောက် ပြင်းထန်တဲ့ စွမ်းအားမျိုး ပိုင်ဆိုင်နိုင်တာ။”
နှင်းနှင့်ရေခဲပြင်၏ ဗဟိုချက်ရှိ နဂါးနန်းတော်တွင် ဟုန်ယွိသည် ဗုဒ္ဓ၏ ‘တောင်တန်းပြောင်း ရွေ့ခြင်းအစွမ်း’ ကို အသုံးပြုကာ နဂါးရေခဲတိုင် တစ်ရာခန့်ကို ရွှေ့ပြောင်းနေစဉ်၊ ကောင်းကင်ယံ၌ ရှေးဟောင်း ‘ရာရှိုမွန်’ တံခါးကြီး ရုတ်တရက် ပေါ်ပေါက်လာတော့သည်။ ၎င်းသည် တစ်ကမ္ဘာလုံးကို ဖျက်ဆီးပစ်နိုင်မည့် အရှိန်အဝါ၊ တောက်ပသည့် အဖြူရောင် အလင်းတန်းကြီးနှင့်အတူ အောက်သို့ ဒိုင်းခနဲ ဆင်းသက်လာပြီး၊ လူသားတို့အား မိမိတို့ ခြေဖဝါးအောက်ရှိ ဂြိုဟ်ကြီးတစ်ခုလုံး ပျက်စီးသွားတော့မည့် ခံစားချက်မျိုးကို ပေးစွမ်း နေသည်။
ချက်ချင်းပင် ဟုန်ယွိ၊ နဂါးသမီးတော်၊ ယွမ်ရှန်းရှန်း၊ ချီလင်နှင့် ရှဲ့ဝန်ယွမ်တို့ အားလုံးသည် ဂြိုဟ်ကြီးမှာ လက်မချင်းစီ ပြိုကွဲပျက်စီးနေသကဲ့သို့ ခံစားလိုက်ရ၏။ မြေပြင်မှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်ကုန်ပြီး ဤကမ္ဘာမြေကြီး၏ သက်တမ်းမှာ ကုန်ဆုံးကာ ပေါက်ကွဲပျက်စီးတော့မည့်အလား ခံစားလိုက်ရသည်။
၎င်းမှာ စိတ်အာရုံ မှားယွမ်းခံစားမူတစ်ခု ဖြစ်သော်လည်း မူလဝိညာဉ်နတ်ဘုရား၏ တိုက်ခိုက်မှု စွမ်းအားမှာ အဆင့် ၆ မိုးကြိုးကပ်ဘေး ပညာရှင်များကိုပင် အစစ်အမှန် ကပ်ဘေးကြီးတစ်ခုအလား ထင်မှတ်သွားစေပြီး၊ ခုခံလိုစိတ်ပင် ပျောက်ဆုံးသွားစေသည်။ ထိုစွမ်းအား၏ ဖိအားတစ်ခုတည်းကပင် အဆင့် ၆ မိုးကြိုးကပ်ဘေး အထွတ်အထိပ် ပညာရှင်များကို ခုခံလိုစိတ် ပျောက်ဆုံးသွားစေရန် လုံလောက်နေသည်။
ယခုတစ်ကြိမ် ဘုံသုံးပါးမူလစွမ်းအင်အမြောက်၏ စွမ်းအားမှာ ယခင်က ဟင်းလင်းပြင် လေဟာနယ် မုန်တိုင်းထဲတွင် ကြုံတွေ့ခဲ့ရသည်ထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်လှ သည်။
“အော်... အရင်တစ်ခါတုန်းက မူလဝိညာဉ်နတ်ဘုရားဟာ သူ့ရဲ့စွမ်းအား အပြည့်အဝ ပြန်မရသေးဘဲ ငါ့ကို ခြောက်လှန့်ခဲ့တာပဲ။ ဒီတစ်ခါ သူ့စွမ်းအားတွေ အပြည့်အဝ ပြန်ရလာ တော့ တကယ်ကို ကြောက်စရာကောင်းနေပြီ။ တော်သေးတာက ငါက ဗုဒ္ဓသင်္ကန်းတော်နဲ့ ဇမ္ဗူမဟာအစီအရင်ကို သန့်စင်ထားလို့။ မဟုတ်ရင် ဖန်ဟွမ်အသက်ဝိညာဉ်ဓား တစ်လက် တည်းနဲ့ ဒီစွမ်းအားကို ခုခံနိုင်မှာ မဟုတ်ဘူး။”
မူလဝိညာဉ်နတ်ဘုရားသည် ပထမဆုံးတွေ့ဆုံစဉ်က ဟန်ရေးပြနေခဲ့ခြင်းသာ ဖြစ်ကြောင်း ဟုန်ယွိ ချက်ချင်း နားလည်လိုက်သည်။ ယခုမူ သူသည် သူ၏ စွမ်းအား အစစ်အမှန် အလုံးရင်းဖြင့် ဆင်းသက်လာခြင်း ဖြစ်သည်။ မူလဝိညာဉ်နတ်ဘုရားက ဤနဂါးသင်္ချိုင်း၏ တည်နေရာကို မည်သို့ သိသွားသနည်း ဆိုသည်ကိုမူ ဟုန်ယွိအနေဖြင့် စဉ်းစားနေရန် အချိန်မရှိတော့ပေ။
“ဇမ္ဗူနန်းဆောင်ကိုးခု... ပျံသန်းခြင်း အသွင်ကူးပြောင်းမှု။”
အတွေးတစ်ချက်ဖြင့်, သူတော်စင်ပေါင်းစုံခန်းမ အတွင်းမှ ဧရာမ လိပ်ခွံကြီးတစ်ခု ပျံထွက် လာသည်။ ၎င်းမှာ လေထဲတွင် တစ်ခဏအတွင်း မိုင်ပေါင်းရာချီ အကွာအဝေးကို ဖုံးလွှမ်း သွားပြီး သူ၏ဦးခေါင်းထက်၌ ဝဲပျံကာ ဘုံသုံးပါးမူလစွမ်းအင်အမြောက်၏ အဖြူရောင် အလင်းတန်းကြီးကို ရင်ဆိုင်လိုက်တော့သည်။
ထိုစွမ်းအားနှစ်ခု အပြင်းအထန် ထိတွေ့မိသည့် ခဏမှာပင် ဇမ္ဗူမဟာအစီအရင်၏ လိပ်ခွံ ပေါ်ရှိ နန်းဆောင်ကိုးခု ပုံရိပ်မှာ နတ်ဘုရားရတနာ ကိုးပါး၏ စွမ်းအားနှင့်အတူ ပေါက်ကွဲ ထွက်လာသည်။ အနက်ရောင် တိမ်တိုက်များ၊ ယင်မိုးကြိုးများနှင့် စိမ်းလန်းသော သစ်သား ဓာတ်များမှာ အရှိန်အဟုန်ဖြင့် ပွင့်ထွက်လာ၏။ တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင်မှာ တွန့်လိမ်သွားပြီး ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
ဝုန်း….
အနက်ရောင် တိမ်တိုက်များမှာ အတင်းအဓမ္မ ဆွဲဖြဲခံလိုက်ရပြီး၊ မည်းမှောင်နေသော မိုးကြိုးများမှာ အဖြူရောင် အလင်းတန်းအတွင်း၌ အရည်ပျော်သွားသည်။ တွန့်လိမ် ခေါက်နေသော ဟင်းလင်းပြင် အလွှာများမှာလည်း အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားပြီး လုံးဝ ခုခံနိုင်စွမ်း မရှိပေ။
နောက်ဆုံးတွင် ဘုံသုံးပါးမူလစွမ်းအင် အမြောက်သည် ဇမ္ဗူမဟာအစီအရင်၏ လိပ်ခွံကို ပြင်းထန်စွာ ထိမှန်သွားတော့သည်။
ဟုန်ယွိသည် သူ့တစ်ကိုယ်လုံး တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။ ဧရာမ လိပ်ခွံကြီးမှာ သူ၏ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်တော့မည့်အလား အောက်သို့ အတင်းအဓမ္မ ဖိနှိပ် ချခြင်း ခံလိုက်ရပြီး၊ သူ့ကို အမှုန့်ဖြစ်အောင် ချေပစ်တော့မည့်ပုံ ပေါ်နေသည်။
ဇမ္ဗူမဟာအစီအရင်မှာ ပြိုကွဲပျက်စီးတော့မည့် အခြေအနေသို့ ဆိုက်ရောက်သွားသည်။
ဇမ္ဗူမဟာအစီအရင်မှာ အစွမ်းထက်သော်လည်း သူ့အနေဖြင့် ၎င်း၏ စွမ်းအား အပြည့်အဝ ကို မထုတ်ဖော်နိုင်သေးကြောင်း ဟုန်ယွိ သိသည်။ ထို့အပြင် ဘုံသုံးပါးမူလစွမ်းအင် အမြောက်၏ အဖြူရောင်အလင်းတန်းကြီးမှာ မည်မျှ ပြင်းထန်သနည်း။ ၎င်းမှာ မူလ ဝိညာဉ်နတ်ဘုရား၏ အပြင်းထန်ဆုံး တိုက်ကွက် ဖြစ်သည်။ ‘ဖန်ဆင်းရှင်’သခင် အဆင့်ရှိ ကျင့်ကြံသူတစ်ဦး၏ ပြိုင်ဘက်ကင်း တိုက်ကွက်ကို အဆင့် ၆ မိုးကြိုးကပ်ဘေး ပညာရှင် ဆယ်ယောက် ပေါင်းလျှင်ပင် ခုခံနိုင်ရန် ခဲယဉ်းလှသည်။ အကယ်၍ နိဗ္ဗာနအဆင့် လက်နက်များကို အသုံးမပြုဘဲ တာအိုပညာရပ် သက်သက်ဖြင့်သာ ရင်ဆိုင်ရမည်ဆိုပါက ဟုန်ယွိအတွက် အခြေအနေ မကောင်းနိုင်ပေ။
...
“မဟာ မဟာ... ဝဇိရ ဝဇိရ… ပညာ ပညာ... တည်မြဲစမ်း.”
ထိုမြင်ကွင်းကို မြင်သောအခါ ဟုန်ယွိသည် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေရဲပေ။ သူ၏ ခန္ဓာကိုယ်မှာ ကြီးထွားလာပြီး စိတ်ဝိညာဉ်ကို ပြန်လည်စုစည်းကာ ဧရာမ ဗုဒ္ဓဓမ္မခန္ဓာ အဖြစ် ပြောင်းလဲလိုက်သည်။ သူသည် လိပ်ခွံကြီးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အထက်သို့ အားကုန် တွန်းတင်လိုက်သည်။ အဆုံးတွင် သူသည် လိပ်ခွံကြီး ဆက်လက် ကျဆင်းမလာအောင် တားဆီးနိုင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် သူသည် ဗုဒ္ဓသင်္ကန်းတော် အတွင်းရှိ စွမ်းအားများကို လှုံ့ဆော်လိုက် သည်။ ချက်ချင်းပင် သူတော်စင်ပေါင်းစုံခန်းမ အတွင်းမှ ရှေးဟောင်း ဗုဒ္ဓကျမ်းစာသားများ စွာ ထွက်ပေါ်လာပြီး၊ သူ၏ ခန္ဓာကိုယ်နှင့် လိပ်ခွံကို ဝန်းရံကာ ဖိနှိပ်နေသော မူလစွမ်းအင် အမြောက်ကို ဆက်တိုက် ခုခံပေးတော့သည်။
ဤကမ္ဘာဖျက်မည့် တိုက်ပွဲကြောင့် မိုင်ပေါင်းသောင်းချီ ကျယ်ဝန်းသော ရေခဲပြင်ကြီး၏ အအေးဓာတ်မှာပင် တုန်လှုပ်သွားပြီး လေတိုက်နှုန်းမှာလည်း အနည်းငယ် နှေးကွေးသွား သည်။
ပြိုင်ဘက်ကင်း တာအိုအရှင်သခင် နှစ်ဦး၏ ကမ္ဘာတုန်လှုပ်စေသည့် တိုက်ပွဲကြောင့် ကောင်းကင်နှင့် မြေကြီးပင် တုန်လှုပ်နေရသည်။
“မြန်မြန်... ဒီနဂါးတိုင်တွေကို သိမ်းဆည်းဖို့ ကူညီကြဦး။ ရသလောက် မြန်မြန် သိမ်းယူကြ၊ မဟုတ်ရင် နောက်ကျသွားလိမ့်မယ်” ဟုန်ယွိက အားကုန် အော်ပြောလိုက်သည်။
အမှန်စင်စစ် သူအော်ပြောနေရန်ပင် မလိုပေ။ သူ့နောက်သို့ လိုက်ပါလာသူ မည်သူမျှ သာမန်လူများ မဟုတ်ကြချေ။ ဟုန်ယွိ တိုက်ခိုက်နေသည်ကို မြင်သောအခါ သူတို့သည် လည်း အစွမ်းကုန် စွမ်းအားများကို ထုတ်ဖော်လိုက်ကြသည်။ ရန်သူက အကာအကွယ်ကို မဖောက်ဖျက်နိုင်ခင်မှာပင် အသီးပွင့်များကို ခူးဆွတ်ရန် အခွင့်အရေး ယူကြခြင်း ဖြစ်သည်။
နဂါးသမီးတော် အောင်းလွမ်သည် ရှည်လျားသော နဂါးဟိန်းသံကို လွှတ်ထုတ်လိုက်သည်။ သူမ၏ စိတ်ဝိညာဉ် အတွေးစအားလုံးမှာ ‘သန့်စင်ကိုးပါး နတ်ဘုရားအလင်း’ အဖြစ် ပြောင်းလဲသွားပြီး နဂါးတိုင် ဆယ်ဂဏန်းခန့်ကို ရစ်ပတ်ကာ သူတော်စင်ပေါင်းစုံခန်းမ အတွင်းသို့ အားကုန် ဆွဲသွင်းလိုက်သည်။ သူမသည် မိုးကြိုးကပ်ဘေး အဆင့် ၆ ပညာရှင် ဖြစ်သော်လည်း တစ်ကြိမ်တည်းဖြင့် နဂါးရေခဲတိုင် တစ်ရာကို မတင်နိုင်သော ဟုန်ယွိ လောက်တော့ စွမ်းအား မကြီးမားပေ။
တစ်ချိန်တည်းမှာပင် ယွမ်ရှန်းရှန်းလည်း လှုပ်ရှားလိုက်သည်။ ဤလျှို့ဝှက်ဆန်းကြယ် သော ‘ကောင်းကင်ရနံ့ဂိုဏ်း’ ချုပ်သည် နောက်ဆုံးတွင် သူမ၏ စစ်မှန်သော စွမ်းအားကို ထုတ်ဖော်ပြသလိုက်ပြီ ဖြစ်သည်။ သင်းပျံ့လှသော ရနံ့များမှာ သူမထံမှ ထွက်ပေါ်လာပြီး ဟင်းလင်းပြင်တစ်ခုလုံးကို သက်ဝင်လှုပ်ရှားသွားစေသည်။ နဂါးရေခဲ့တိုင် ၃၀ ခန့်မှာ သူမ၏ ရနံ့များဖြင့် တိုက်ရိုက် ဆွဲမခြင်း ခံလိုက်ရပြီး သူတော်စင်ပေါင်းစုံခန်းမအတွင်းသို့ ရောက်ရှိသွားသည်။
ဤအချိန်တွင် လူတိုင်းသည် မိမိတို့၏ စွမ်းအားများကို ဖုံးကွယ်မထားတော့ဘဲ အစွမ်းကုန် တိုက်ခိုက်ကြသည်။
ကျီရှန်းထျန်းနှင့် ယွမ်ရှန်းရှန်းတို့မှာ စွမ်းအားအကြီးဆုံး ဖြစ်ကြပြီး နဂါးရေခဲတိုင် သုံးဆယ် ကျော်စီကို ဆွဲထုတ်နိုင်ကြသည်။ ရှဲ့ဝန်ယွမ်ကမူ သုံးလေးတိုင်ခန့်သာ ဆွဲနိုင်ပြီး၊ ချီလင်မှာ မူ သူ၏ အတွင်းအမြုတေကို ထွေးထုတ်ကာ အလင်းတန်းများအဖြစ် ပြောင်းလဲပြီး စုစုပေါင်း နဂါးရေခဲတိုင်တစ်ဆယ်ကို ဆွဲထုတ်နိုင်ခဲ့သည်။
သို့သော် ချန်ယင်းရှာမှာမူ နဂါးရေခဲတိုင်များကို မဆွဲတင်ဘဲ သူတော်စင်ပေါင်းစုံခန်းမ အတွင်း၌သာ ရပ်နေပြီး ဟုန်ယွိ၏ လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်နေ၏။
ခဏအတွင်းမှာပင် နဂါးရေခဲတိုင် စုစုပေါင်း တစ်ရာကျော်မှာ သူတော်စင်ပေါင်းစုံခန်းမ အတွင်းသို့ ရောက်ရှိသွားသည်။ သို့သော် ဤသည်မှာ နဂါးရေခဲတိုင်အားလုံး၏ ဆယ်ပုံ တစ်ပုံသာ ရှိသေးသည်။ နဂါးရေခဲတိုင်ပေါင်း ရှစ်ရာ၊ ကိုးရာခန့်မှာ ကျန်ရှိနေသေးသည်။
...
ကောင်းကင်တွင် ပျံသန်းနေသော ဖန်ဆင်းခြင်းသင်္ဘော ဆင်းသက်လာပြီး၊ သင်္ဘောပေါ်ရှိ ကုဋေကုဋာမကေသော မှော်မန္တန်သင်္ကေတ စာလုံးပေါင်းများစွာမှာ တောက်ပြောင်လာပြီး၊ ကြီးမားသော အလင်းတန်းကြီးတစ်ခု အောက်သို့ ကျဆင်းလာပြန်သည်။ ဤအလင်းတန်း မှာ မြင့်မြတ်ပြီး၊ အဝါရောင်တောက်တောကင်ရှိကာ၊ ထက်ရှပြီး အလွန်ပင် လေးလံလှ၏။ ၎င်း၏ စွမ်းအားမှာ ‘မူလစွမ်းအင်အမြောက်’ ၏ အဖြူရောင်အလင်းထက် မနိမ့်ကျပေ။
“အလယ်ဗဟိုမြေဓာတ် ဟင်းလင်းပြင်၊ မဟာစွမ်းအင်၊ သတိထား ဟုန်ယွိ။”
ယွမ်ရှန်းရှန်းသည် နဂါးရေခဲတိုင်များကို စုဆောင်းရန် ပြင်နေစဉ်မှာပင် ကောင်းကင်ယံရှိ ဖန်ဆင်းခြင်းသင်္ဘောထံမှ ကျဆင်းလာသော ထိုစွမ်းအင်လှိုင်းကို မြင်လိုက်ရသောအခါ ထိတ်လန့်တုန်လှုပ်ပြီး မျက်နှာ ပျက်သွားတော့သည်။ သူမအနေဖြင့် ဤစွမ်းအင်သည် ‘ကြယ်စင်စုဝိညာဉ်စွမ်းအင်’ သို့မဟုတ် ‘မဟာကျောက်စိမ်းပြောင်းလဲခြင်းစွမ်းအင်’ တို့ကို မြင်ရသည်ထက်ပင် ပို၍ တုန်လှုပ်ဖွယ် ကောင်းနေသည်။ သိသာသည်မှာ ဤ ‘ဟင်းလင်း ပြင် မဟာစွမ်းအင်’ သည် တကယ့် သတ်ဖြတ်ခြင်းတိုက်ကွက်ပင် ဖြစ်သည်။
ဂျွတ်….
ဖန်ဆင်းခြင်းသင်္ဘောမှ ‘အလယ်ဗဟိုမြေဓာတ် ဟင်းလင်းပြင် မဟာစွမ်းအင်’နှင့် ဘုံသုံးပါး မူလစွမ်းအင်အမြောက်တို့သည် လိပ်ခွံကြီးကို တစ်ပြိုင်နက်တည်း ထိမှန်သွားသည်။ လိပ်ခွံ ပေါ်ရှိ နတ်ဘုရားလက်နက် ကိုးပါးမှာ ဦးစွာ ညည်းတွားသံ ထွက်ပေါ်လာပြီးနောက် ချက်ချင်းပင် ‘လိပ်ခွံ နန်းဆောင်ကိုးခု ပုံရိပ်’ အဖြစ် ပေါင်းစည်းသွားသည်။
လိပ်ခွံကြီးမှာ ခြောက်လှန့်ခံလိုက်ရသော ကလေးငယ်တစ်ဦး သို့မဟုတ် အလွန်အမင်း ပင်ပန်းနေသော လူတစ်ဦးကဲ့သို့ လျင်မြန်စွာ ကျုံ့ဝင်သွားတော့သည်။ တစ်ချိန်တည်းမှာ ပင် ဗုဒ္ဓသင်္ကန်းတော်ပေါ်ရှိ မန္တန်များစွာမှာလည်း ပျက်စီးသွားရသည်။ ဇမ္ဗူအစီအရင်မှာ တစ်ခဏအတွင်းမှာပင် ဖျက်ဆီးခြင်း ခံလိုက်ရလေပြီ။
“မူလကံကြမ္မာ တာအိုသစ်သီး”
ထိုဖျက်ဆီးအားပြင်းသော အလင်းတန်းနှစ်ခုကို မြင်သောအခါ ဟုန်ယွိသည် သူ၏ စိတ်ဝိညာဉ် အတွေးများကို အားကုန်ထုတ်သုံးကာ ဖန်ဟွမ်အသက်ဝိညာဉ်ဓားနှင့် ပေါင်းစပ်လိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ သူသည် ထိုစွမ်းအားများကို ဧရာမ ကံကြမ္မာစွမ်းအား နှစ်ခုအဖြစ် စုစည်းကာ တိုက်ခိုက်လိုက်သည်။
ဘန်း…. ဘန်း….
ကံကြမ္မာစွမ်းအား နှစ်ခုမှာ အားပျော့သွားပြီဖြစ်သော ဘုံသုံးပါးမူလစွမ်းအင်အမြောက်နှင့် ‘အလယ်ဗဟိုမြေဓာတ် ဟင်းလင်းပြင် မဟာစွမ်းအား’ တို့ကို ပြင်းထန်စွာ ရင်ဆိုင်လိုက် သည်။
ဟုန်ယွိ၏ အတွေးစအားလုံးမှာ တုန်ခါသွားသည်။ သူ၏ ခန္ဓာကိုယ်မှာ တဝီဝီ မြည်ဟီးနေ ပြီး အလွန်ပင် နာကျင်မှုကို ခံစားလိုက်ရသည်။ သူ၏ စိတ်ဝိညာဉ်အတွင်းမှ ရွှေရောင် အလင်းတန်းများစွာမှာ ထွက်ပေါ်လာပြီး စတုရန်းပုံစံ နတ်ဘုရားဓားတစ်လက်အဖြစ် စုစည်းသွားသည်။
ပြင်းထန်သော ရိုက်ခတ်မှုအောက်တွင် ဟုန်ယွိ၏ အတွေးများနှင့် ပေါင်းစပ်ထားသော ဖန်ဟွမ်အသက်ဝိညာဉ်ဓားမှာ အတင်းအဓမ္မ အပြင်သို့ ကန်ထွက်လာခဲ့သည်။ ၎င်းမှာ ဟုန်ယွိက လီဖေးယွီ၏ ‘မဟာမြေနတ်ဘုရား ငါးရောင်ခြယ်အလံ’ကို ထုတ်ယူခဲ့စဉ်ကနှင့် ဆင်တူလှသည်။
“တကယ်ကို ပြင်းထန်တာပဲ”
ကြေမွသွားသော အတွေးစများစွာမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ပျံဝင်လာ သည်။ ဘုံသုံးပါးမူလစွမ်းအင်အမြောက်နှင့် ‘အလယ်ဗဟိုမြေဓာတ် ဟင်းလင်းပြင် မဟာ စွမ်းအင်’ နှစ်ခုစလုံးကို သူ၏ ကံကြမ္မာစွမ်းအား ဖြင့် အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် ချေမှုန်းနိုင်ခဲ့သော်လည်း၊ ဟုန်ယွိကိုယ်တိုင်မှာမူ အလွန်ပင် နေရခက်သော ဝေဒနာကို ခံစားနေရ၏။ အကယ်၍ ယနေ့ ဤနေရာတွင် သူသာ အသေအလဲ တိုက်ပွဲဝင်မည်ဆိုလျှင် အသက်တစ်ရာရှိလျှင်ပင် သေဆုံးသွားနိုင်ကြောင်း သူ နားလည်လိုက်သည်။ နတ်ဘုရား လက်နက် ရှိနေသည့်တိုင်အောင် အကျိုး မထူးနိုင်ပေ။
“ငါ အားကုန် ထုတ်သုံးရတော့မယ်၊ ရသလောက် သိမ်းမယ်၊ ဗုဒ္ဓရဲ့ တောင်မတင်ခြင်း အစွမ်း... ဗုဒ္ဓရဲ့ တောင်မတင်အစွမ်း။”
ဘုံသုံးပါးမူလစွမ်းအင်အမြောက် အလင်းတန်းနှစ်ခု ပျက်စီးသွားသည့် အရေးကြီးသော အခိုက်တန့်လေးကို အမိအရ ဆုပ်ကိုင်ကာ ဟုန်ယွိသည် ရပ်တန့်မနေပေ။ ‘အတိတ်ကျမ်း’ ၏ အတိုင်းအဆမဲ့သော ပြန်လည်ကုစားနိုင်စွမ်းကို အားကိုးကာ သူ၏ စိတ်ဝိညာဉ်စွမ်းအင် ကို ပြင်းပြင်းထန်ထန် လှည့်ပတ်လိုက်သည်။ အရှေ့တွင် ခံစားခဲ့ရသော ဒဏ်ရာများကို လျစ်လျူရှုကာ သူ၏ အတွေးစများကို ရွှေရောင်အလင်းတန်း တစ်ရာအဖြစ် တစ်ဖန် ပြောင်းလဲလိုက်ပြန်သည်။ ထို့နောက် နဂါးရေခဲတိုင် တစ်ရာကို အားကုန် ဆွဲနှုတ်လိုက်ပြီး သူတော်စင်ပေါင်းစုံခန်းမ အတွင်းသို့ ပစ်သွင်းလိုက်သည်။
တစ်ချိန်တည်းမှာပင် ယွမ်ရှန်းရှန်းနှင့် အခြားသူများလည်း လှုပ်ရှားလိုက်ကြသည်။ ဤအခွင့်အရေးကို အသုံးချကာ နဂါးရေခဲတိုင် နောက်ထပ် တစ်ရာကျော်ကို ထပ်မံ ဆွဲနှုတ် နိုင်ခဲ့ကြသည်။ ယခုအခါ ရှိနေသမျှ နဂါးရေခဲတိုင် တစ်ထောင်အနက် သုံးရာကျော်မှာ သူတော်စင်ပေါင်းစုံခန်းမ အတွင်းသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ၎င်းမှာ စုစုပေါင်း၏ သုံးပုံ တစ်ပုံခန့် ရှိပေသည်။
“ဟူးးး... ငါ့ရဲ့ ဝိညာဉ်စွမ်းအားတွေ ကုန်သလောက် ဖြစ်နေပြီ။ နဂါးရေခဲတိုင်တွေကို ထပ်ပြီး မဆွဲနှုတ်နိုင်တော့ဘူး။ ဒီတိုင်တွေပေါ်က အအေးဓာတ်နဲ့ နဂါးတွေရဲ့ အရှိန်အဝါက ငါ့ရဲ့ အတွေးစတွေကိုတောင် တော်တော်လေး ထိခိုက်စေတယ်။”
နှစ်ကြိမ်ဆက်တိုက် ဆွဲနှုတ်ပြီးနောက် နက်ရှိုင်းသော မှော်စွမ်းအားကို ပိုင်ဆိုင်ထားသည့် ယွမ်ရှန်းရှန်းပင်လျှင် သူမ၏ ခွန်အားများ လုံလောက်မှု မရှိတော့ကြောင်း ခံစားလိုက်ရ သည်။ သူမသည် စိတ်ဝိညာဉ်စွမ်းအား လှည့်ပတ်မှုကို ရပ်တန့်လိုက်သည်။ နှမြောစရာ ကောင်းသော်လည်း သူမမှာ အားအင် မကျန်တော့ပေ။ သူမသည် ‘အတိတ်ကျမ်းစာ’ ကို ကျင့်ကြံထားသူ မဟုတ်သဖြင့် စိတ်ဝိညာဉ်စွမ်းအား ကုန်ဆုံးသွားပါက ပြန်လည် ကောင်းမွန်လာရန် အချိန်အတော်ကြာ လိုအပ်သည်။
ရှဲ့ဝန်ယွမ်၊ ကျီရှန်းထျန်းနှင့် နဂါးသမီးတော် တို့မှာမူ စွမ်းအင်များ ကုန်ခမ်းနေသည်မှာ ကြာလှပြီ ဖြစ်သည်။
ဝုန်း၊ ဝုန်း၊ ဝုန်း...
ကောင်းကင်ယံတွင် ရှေးဟောင်း ‘ရာရှိုမွန်’ ထံမှ ရင်းနှီးနေသော ဘုံသုံးပါးမူလစွမ်းအင် အမြောက်သံကြီးနှင့်အတူ ဖန်ဆင်းခြင်းသင်္ဘောပေါ်မှ ‘အလယ်ဗဟိုမြေဓာတ် ဟင်းလင်း ပြင် မဟာစွမ်းအင်’ တို့ ပြန်လည် စုစည်းလာသည့် အသံမှာ တစ်ဖန် ထွက်ပေါ်လာပြန် သည်။ အသက်တစ်ရှိုက် အချိန်အတွင်းမှာပင် ၎င်းတို့မှာ အောက်သို့ ထပ်မံ ကျဆင်းလာ တော့မည် ဖြစ်သည်။ ယခုတစ်ကြိမ် စုစည်းနေသော စွမ်းအားမှာ အရင်ကထက်ပင် ပိုမို ပြင်းထန်ပုံရသည်။
သိသာလှသည်မှာ ထိုအင်အားကြီး နှစ်ဖက်စလုံးသည် ဟုန်ယွိကို တစ်ချက်တည်းနှင့် အသေသတ်ရန်နှင့် ဤနဂါးသင်္ချိုင်းမှ ကြီးမားလှသော အမွေအနှစ်များကို ခွဲဝေယူရန် သူတို့၏ စွမ်းအားအားလုံးကို စုစည်းနေကြခြင်း ဖြစ်သည်။ ဤအမွေအနှစ်မှာ ကြီးမားလွန်း လှသည်။ ရှေးခေတ် သူတော်စင် ဧကရာဇ်များပင်လျှင် တစ်ခါမျှ မပိုင်ဆိုင်ဖူးသော အမွေအနှစ်မျိုး ဖြစ်သည်။ ၎င်းသည် နောင်အနာဂတ်တွင် ဤမဟာကမ္ဘာကြီးကို စိုးမိုးနိုင် ပြီး၊ သက်ရှိ ကုဋေကုဋာကို ထာဝရ အုပ်ချုပ်နိုင်မည့် စွမ်းအားမျိုး ဖြစ်သည်။
ဟုန်ယွိ၏ ဗီဇအသိစိတ်ရ သိလိုက်သည်မှာ... အကယ်၍ အချိန်အနည်းငယ်အတွင်း ထိုဖျက်ဆီးအားပြင်းသော အစစ်မှန်စွမ်းအင်၊ မူလစွမ်းအင်တို့ ကျဆင်းလာမည်ဆိုပါက သူ မသေသော်လည်း ပြင်းထန်စွာ ဒဏ်ရာရပေလိမ့်မည်။ ယွမ်ရှန်းရှန်းနှင့် အခြားသူများမှာမူ ခုခံနိုင်စွမ်းပင် ရှိကြမည် မဟုတ်ပေ။
…
“ဘီးကိုးဘီးသုံးပတ်၊ စစ်နတ်ဘုရား၊ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်၊ တရားမျှတမှု၊ မေတ္တာ ကရုဏာ၊ သတ္တိ၊ ပညာ၊ မဟာ၊ ဂေတီ၊ ပိုလို၊ ကောင်းကင်နှင့် မြေကြီး၊ လေနှင့် မိုးကြိုး၊ ထာဝရ...”
ဤအရေးကြီးသော အချိန်တွင် ဟုန်ယွိ၏ တာအိုပညာရပ်အားလုံးမှာ အရှိန်အဟုန်ဖြင့် လည်ပတ်လာတော့သည်။ သူ၏ စိတ်ဝိညာဉ်မှာ ဖန်ဟွမ်အသက်ဝိညာဉ်ဓားနှင့် တစ်ဖန် ထပ်မံ၍ တင်းကျပ်စွာ ပေါင်းစပ်သွားပြီး၊ ဗုဒ္ဓတံဆိပ်တော် အမျိုးမျိုး ဝင်းလက်နေသော ဧရာမ လက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲကာ နန်းတော်ထက်ရှိ ‘ပင်မနဂါးရေခဲတိုင်’ ထံ သို့ ပျံသန်းသွားတော့သည်။
နဂါးများ၏ ခေါင်းဆောင်မှာ ဤပင်မနဂါးရေခဲတိုင်အတွင်း၌ ပိတ်ခံထားရခြင်း ဖြစ်သည်။ ၎င်းမှာ ကောင်းကင်နဂါးဘုရင် နတ်ဘုရားချပ်ဝတ်၏ မူလနဂါးကြီးကဲ့သို့ပင် စွမ်းအားကြီး မားပြီး ခန့်ညားလှသည်။
ဟုန်ယွိသည် နောက်ဆုံးခိုက်တန့်တွင် ဤပင်မနဂါးရေခဲတိုင်ကို ဖမ်းဆုပ်ကာ ခန်းမဆော င်အတွင်း သိမ်းဆည်းပြီး ထွက်ပြေးရန် ကြံရွယ်ထားသည်။ သူသည် ထိုပင်မနဂါးရေခဲတိုင် ကိုသာ ရရှိလိုက်ပါက ကျန်ရှိနေသော နဂါးတိုင် ၆၀၀ ကျော်ကို မသိမ်းဆည်းနိုင်လျှင်ပင် လုံလောက်လှပြီဟု ယူဆထားသည်။
ဂျွတ်၊ ဂျွတ်….
မျှော်လင့်ထားသည့်အတိုင်း ဟုန်ယွိ၏ ဧရာမ လက်ဝါးကြီးက ပင်မနဂါးရေခဲတိုင်ကို ဖမ်းဆုပ်လိုက်သောအခါ ၎င်းကို သူ မမတင်နိုင်ခဲ့ပေ။ ဤနဂါးရေခဲတိုင်မှာ အခြားသော နဂါးရေခဲတိုင်တစ်ရာ ပေါင်းထားသည်ထက်ပင် ပို၍ လေးလံလှသည်။ ၎င်းသည် ပိုမို ခန့်ညားကာ စွမ်းအားကြီးလှသည်။ အသက်မရှိတော့သော နဂါးသေတစ်ကောင် ဖြစ်သော် လည်း နဂါး၏ တန်ခိုးအရှိန်အဝါမှာ တည်ရှိနေဆဲပင်။
“ယွမ်၊ ဟင်၊ လီ၊ ကျိန်း၊ ခေါင်းဆောင်မဲ့သော နဂါးများ၊ ကျီ” (“မူလ၊ ဖွံ့ဖြိုး၊ သာယာ၊ တည်မြဲ၊ ခေါင်းဆောင်မဲ့နဂါးများ၊ မင်္ဂလာအပေါင်းနှင့် ပြည့်စုံစေသတည်း”)
ဟုန်ယွိက တစ်ဖန် ဟိန်းဟောက်လိုက်ပြန်ရာ သူ၏ စွမ်းအားမှာ မကြုံစဖူး အထွတ်အထိပ် သို့ ရောက်ရှိသွားသည်။ သူ အသစ်ရရှိထားသော မဟာဝဇိရပညာပါရမီ စွမ်းအားမှာ သူ၏ စိတ်နှလုံးအတွင်းရှိ ‘ပြောင်းလဲခြင်းကျမ်း’ နှင့် ပေါင်းစပ်သွားသကဲ့သို့ပင်။ နဂါးဘုရင်ကို ပိတ်ထားသော ရေခဲတိုင်ကြီးမှာ ဟုန်ယွိ၏ အတိုင်းအဆမဲ့သော စွမ်းအားကို နောက်ဆုံး၌ မတွန်းလှန်နိုင်တော့ပေ။ ၎င်းမှာ မြေပြင်မှ ကျွတ်ထွက်လာပြီး နန်းတော်တစ်ခုလုံးမှာလည်း ချက်ချင်းပင် ပြိုကျသွားတော့သည်။
“ဘုရားရေ... ဒီနဂါးဘုရင် တစ်ကောင်တည်းကတင် အပြင်က နဂါးတစ်ရာ့ငါးဆယ်၊ ခြောက်ဆယ်လောက်ရဲ့ တန်ခိုးအရှိန်အဝါနဲ့ ညီမျှနေတာပဲ။” ဟုန်ယွိသည် ၎င်းကို ဖမ်းဆုပ်ပြီးနောက် သူတော်စင်ပေါင်းစုံခန်းမအတွင်းသို့ ထည့်သွင်းလိုက်သည်။
ရေခဲနန်းတော်ကြီး ပြိုကျသွားသောအခါ ပိုမို ခိုင်ခံ့သော ‘မူလရေခဲ’ တုံးကြီးတစ်ခု ပေါ်လာ သည်။ ဤ ‘မူလရေခဲ’ တုံးကြီးမှာ မူလက ပင်မနဂါးတိုင်အောက်တွင် ဖိနှိပ်ခြင်း ခံထားရ ခြင်း ဖြစ်သည်။ အတွင်း၌ အလွှာပေါင်းများစွာ ရှိနေပြီး ရတနာတိုက်များစွာ ရှိနေသကဲ့သို့ ပင်။ ထိုရတနာတိုက်များအတွင်း၌ အစေ့အဆန်များစွာ အေးခဲနေသည်ကို တွေ့ရသည်။ ၎င်းမှာ ရှေးဟောင်း ကောင်းကင်နဂါး မျိုးနွယ်စု၏ ရိက္ခာသိုလှောင်ရုံ ဖြစ်ပုံရသည်။
ဟုန်ယွိ မြင်လိုက်ရသည်မှာ ထိုနဂါးရိက္ခာမှာ ဆန်အမျိုးအစား ဖြစ်ပုံရသည်။ သို့သော် ဆန်တစ်စေ့ချင်းစီမှာ သုံးပေ၊ သုံးလက်မနှင့် သုံးစင်တီမီတာခန့် ရှည်လျားနေသည်။ ၎င်းတို့မှာ ဓားငယ်လေးများနှင့် တူလှပြီး မည်သည့် အစေ့အဆန် ဖြစ်သည်ကို သူ မသိပေ။
“ဒါ ဘာလဲ၊ ဒီလောက်ရှည်တဲ့ ဆန်မျိုး ရှိလို့လား၊ ဒါ ရှေးဟောင်း ‘နဂါးသွားဆန်’ လား။” ဟုန်ယွိသည် စဉ်းစားရင်း ပင်မနဂါးတိုင်ကို ဆွဲမလိုက်ရာ ‘မူလရေခဲ’ ရတနာတိုက်ကြီးမှာ လည်း အတူပါလာတော့သည်။
ယခုမူ သူ သိမ်းဆည်းပြီးပြီ ဖြစ်ရာ ဟုန်ယွိသည် ဆက်လက် မနေတော့ဘဲ သူတော်စင် ပေါင်းစုံခန်းမနှင့်အတူ ဟင်းလင်းပြင်ကို ဆွဲဖြဲကာ နှင်းလွင်ပြင်မှ ချက်ချင်း ထွက်ခွာသွား တော့သည်။ ၎င်းသည် ပေပေါင်း သိန်းချီသော အမြင့်သို့ ပျံတက်သွားပြီး အောက်ဘက်သို့ ငုံ့ကြည့်လိုက်သောအခါ ကမ္ဘာမြေကြီးမှာ လုံးဝန်းသော ကြယ်တစ်လုံးအလား မြင်တွေ့နေ ရတော့သည်။
အခန်း (၅၀၀)။
“ရှေးဟောင်း ‘နဂါးသွားဆန်’... တကယ်ပဲ ဒီလိုအရာမျိုး ရှိနေတာလား။ ဒါက နဂါးတွေရဲ့ အစားစာပဲ၊ ဒီလောကကြီးထဲမှာ မျိုးသုဉ်းပျောက်ကွယ်သွားပြီလို့ ထင်ထားတာ။ သမိုင်း မှတ်တမ်းတွေအရဆို ရှေးခေတ် သူတော်စင် ဧကရာဇ်ဖန် နဂါးမျိုးနွယ်စုကို တိုက်ခိုက်ခဲ့တဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ခုဟာ လူသားမျိုးနွယ် စည်ပင်ဝပြောဖို့အတွက် ဒီ နဂါးသွားဆန် မျိုးစေ့တွေကို ရယူဖို့ပဲ။”
ဟုန်ယွိသည် ပေပေါင်း သိန်းချီအမြင့်သို့ ပျံတက်သွားပြီး အောက်ဘက်ရှိ ကမ္ဘာမြေကြီးမှာ ကြယ်တစ်လုံးအလား လုံးဝန်းသွားသည်ကို မြင်ရမှသာ သက်ပြင်းချကာ စိတ်အေးသွား တော့သည်။
သို့သော် ထိုအချိန်တွင် သူတော်စင်ပေါင်းစုံခန်းမ အတွင်းရှိ ရှဲ့ဝန်ယွမ်မှာမူ အလွန်ပင် တုန်လှုပ်နေတော့သည်။
“ဒါက တကယ့် နဂါးသွားဆန် အစစ်အမှန် မျိုးစေ့တွေပဲ၊ နဂါးတွေရဲ့ ရိက္ခာပေါ့။ ရှေးဟောင်း ကောင်းကင်နဂါးတွေဟာ အသားမစားကြဘူး၊ ကောင်းကင်နဲ့ မြေကြီးရဲ့ အနှစ်သာရတွေ စုစည်းထားတဲ့ ဒီနဂါးသွားဆန်ကိုပဲ စားကြတာ။ ဒါက နဂါးတွေရဲ့ အစစ်မှန် အစာပဲ။”
အချို့သော ရှေးဟောင်းကျမ်းစာများတွင် နဂါးများသည် အသားစားသည်ဟု မှတ်တမ်းတင် ထားသော်လည်း ၎င်းမှာ အဓိပ္ပာယ်မရှိသော စကားများသာ ဖြစ်သည်။ ရှေးဦးကောင်းကင် နဂါးများသည် အလွန်မြင့်မြတ်ပြီး လွတ်လပ်ပေါ့ပါးသူများ ဖြစ်ရာ အဘယ်ကြောင့် အသားစားကြမည်နည်း။ ချီလင်ပင်လျှင် အသားမစားပေ။ ထိုအစား သူတို့သည် ဆေးဖက်ဝင် အပင်များ၏ အနှစ်သာရကို စုဆောင်းကာ သူတို့၏ အတွင်းအမြုတေဖြင့် သန့်စင်ကြသည်။
အနန္တရွှေလုံးပင်လျှင် ဒိုင်ဇင်ဘုရားကျောင်းတော်မှ သန့်စင်ထားသည့် ဝိညာဉ်ဆေးလုံးများ စွာ စားသုံးရန် လိုအပ်သည်။
ယန်နတ်ဘုရားအဆင့်ရှိ ပညာရှင်များသည် နေ၊ လ၊ ကြယ်တို့၏ အလင်းရောင်နှင့် ဟင်းလင်းပြင်၏ စွမ်းအားများကို ဝါးမျိုကြပြီး၊ အရာအားလုံးကို ခန္ဓာကိုယ်အတွင်း စုပ်ယူ ကာ ကမ္ဘာတစ်ခုအဖြစ် တည်ဆောက်ကြသည်။ ၎င်းက သူတို့ကို ပိုမိုမြင့်မြတ်စေသည်။
“ကျွန်မလည်း နဂါးသွားဆန် အကြောင်း သိတယ်၊ အထက်တန်းလွှာ မိသားစုအချို့ဟာ သူတို့ရဲ့ နေအိမ်တွေမှာ ဒါကို စိုက်ပျိုးကြတယ်။ ကျွန်မ တစ်ခါ စားဖူးပေမယ့် အဲဒါက လက်ချောင်းတစ်ဆစ်လောက်ပဲ ရှည်ပြီး ကျောက်စိမ်းလို ဖြူဝင်းနေတာ။ အခုလို ဓားတစ်လက်လို ရှည်လျားတဲ့ ဆန်မျိုး မဟုတ်ဘူး။ ဒီဆန်က တကယ်ကို ထူးခြားတာပဲ။”
ယွမ်ရှန်းရှန်းသည် မူလရေခဲတုံးကြီးအတွင်းရှိ နဂါးသွားဆန်ကို ကြည့်ကာ အံ့အားသင့်နေ မိသည်။ ဆန်တစ်စေ့ချင်းစီမှာ သုံးပေ၊ သုံးလက်မနှင့် သုံးစင်တီမီတာခန့် ရှည်လျားပြီး ဖန်ဟွမ်အသက်ဝိညာဉ်ဓား နင့် တစ်ပုံစံတည်း ထွက်လာသကဲ့သို့ ရှိနေသည်။
“အဲဒီ အထက်တန်းလွှာ မိသားစုကြီးတွေက အဲဒါကို နဂါးသွားဆန်လို့ ခေါ်ကြတာလား။ အလွန်ဆုံးရှိလှ ရှေးခေတ်က ကျန်ရစ်တဲ့ မျိုးရောတွေပဲ ဖြစ်မှာပေါ့။ လုံးဝ သန့်စင်မှု မရှိဘူး။ ဒါပေမဲ့ သူတို့ကတော့ ရတနာလို တန်ဖိုးထားကြတာပေါ့။ ဒီကောင်းကင်နဂါး ရတနာတိုက်က ဆန်တွေနဲ့ ဘယ်လိုယှဉ်နိုင်ပါ့မလဲ။ ဒါပေမဲ့ ပြောရရင် အဲဒီဆန်မျိုးစေ့တွေ က ခန္ဓာကိုယ်ကို တကယ် အားဖြည့်ပေးနိုင်တယ်။ သန့်စင်တဲ့ စိတ်ဝိညာဉ်အခြေခံ ရှိသူဆို ရင် သာမန်လူတွေထက် သိုင်းသူတော်စင်အဆင့်ကို ရောက်ဖို့ အခွင့်အရေး ပိုများတာပေါ့။ ငါတို့ ရှဲ့မိသားစုလည်း ‘ကြာပန်းပုံဆောင်ခဲဆန်’ကို လျှို့ဝှက်တောင်ကုန်းတွေမှာ စိုက်ပျိုးကြတယ်။ ဒါကြောင့်လည်း အထက်တန်းလွှာ မိသားစုတွေမှာ သာမန်လူတွေထက် ပါရမီရှင်တွေ ပိုများနေတာပေါ့။။” ရှဲ့ဝန်ယွမ်က ဆိုသည်။
ရှေးဟောင်း အထက်တန်းလွှာ မိသားစုကြီးတွေ အဓိက စားသုံးသည့်ဆန်မှာ သာမန်ဆန် မဟုတ်ဘဲ သီးသန့်စိုက်ပျိုးထားသော မျိုးစေ့များ ဖြစ်ကြောင်း ဟုန်ယွိ သိထားသည်။ သူတို့သည် ထိုလျှို့ဝှက်ချက်ကို ဘယ်တော့မှ အပြင်သို့ မပေါက်ကြားစေဘဲ မိသားစု အကြီးအကဲ၊ အိမ်တော်ထိန်းနှင့် တိုက်ရိုက်မျိုးဆက်များသာ နေ့စဉ် စားသုံးခွင့်ရှိသည်။
စည်းကမ်းကြီးမားလှသော အထက်တန်းလွှာ မိသားစုကြီးများတွင် တရားဝင်ဇနီးကြီးမှ မွေးဖွားသူနှင့် ကိုယ်လုပ်တော်မှ မွေးဖွားသူတို့အကြား အဆင့်အတန်း ခွဲခြားမှုမှာ အလွန် ပင် တင်းကျပ်လှသည်။ အစားအသောက်နှင့် အဝတ်အစားတို့မှာ အလွန်အရေးကြီးသော ကဏ္ဍများ ဖြစ်ကြသည်။ တရားဝင်ဇနီးမယားမှ မွေးဖွားသော သားသမီးများက မည်သည့် အဝတ်စားကို ဝတ်ဆင်ရမည်၊ ကိုယ်လုပ်တော်မှ မွေးဖွားသော သားသမီးများက မည်သည့် အဝတ်စားကို ဝတ်ဆင်ရမည်ဟူသော စည်းမျဉ်းကို မည်သူမျှ ဖောက်ဖျက်၍ မရပေ။ ထိုစည်းမျဉ်းကို ချိုးဖောက်ပါက ပြင်းထန်စွာ အပြစ်ပေးခံရမည် ဖြစ်သည်။ အပေါ့စားဆုံး ပြစ်ဒဏ်ဆိုလျှင် အကျဉ်းချခံရမည် ဖြစ်ပြီး၊ အပြင်းစား ပြစ်ဒဏ်ဆိုလျှင် သေသည်အထိ ရိုက်နှက်ခြင်း ခံရမည် ဖြစ်သည်။
ထိုကျင့်ဝတ် စည်းကမ်းများမှာ လူကို အရှင်လတ်လတ် ဝါးမျိုနိုင်လောက်အောင်ပင် တင်းကျပ်လှသည်။ သို့သော် ဤကဲ့သို့ စည်းကမ်းကြီးမားလွန်းခြင်းကြောင့်ပင် ထိုအထက်တန်းလွှာ မိသားစုကြီးများသည် အလွန်ပင် အင်အားကြီးမားကြပြီး နှစ်ပေါင်း ထောင်ချီသည်အထိ မယိုင်လဲဘဲ တည်တံ့နေခြင်း ဖြစ်သည်။
“ဟွမ်လျံမြို့က ‘အဝါရောင်ဆန်’ ဟာ မွှေးကြိုင်ပြီး ချိုမြိန်နူးညံ့တယ်။ ဒါကို မှူးမတ်တွေပဲ နေ့စဉ် စားနိုင်တယ်လို့ ဆိုကြပေမယ့်၊ အထက်တန်းလွှာ မိသားစုကြီးတွေရဲ့ မျက်လုံးထဲမှာ တော့ အဲဒီဆန်ဟာ အညစ်အကြေးတစ်ခုလိုပဲ။” ရှဲ့ဝန်ယွမ်က ခေါင်းကို ခါယမ်းကာ သက်ပြင်းချရင်း ဆိုသည်။ (ဟုန်ယွိတို့ တောင်ပိုင်းဒေသကို ခရီးစတင်ခဲ့စဉ်က လမ်းမှာ တွေ့ခဲ့ရသည့်မြို့၊ တိတိကျကျပြောရရင် ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့ ရွှေပင့်ကူတို့ မတွေ့ခင် ဖြတ်သွားပြီး ထမင်းစားသည့်မြို့)။
သို့သော် သူ၏ စကားများမှာ ရက်စက်လှသော အမှန်တရားတစ်ခုကို ဖော်ပြနေသည်။
“သက်ရှိလူတစ်ဦးရဲ့ ဂုဏ်သိက္ခာဟာ သူ ဘာစားသလဲဆိုတဲ့အပေါ်မှာ တကယ်ပဲ မူတည်နေတာလား...” ဟုန်ယွိက ရေရွတ်လိုက်မိသည်။
သူ၏ ဖခင် ဝူဝမ်မြို့စားအိမ်တော်မှာပင် ဤမျှ တန်ဖိုးကြီးသော ဆန်မျိုးကို တပည့်ရင်းများ စားသုံးနိုင်ရန် သီးသန့် မစိုက်ပျိုးနိုင်ပေ။ ၎င်းမှာ သူတို့တွင် အခြေအနေမပေး၍ မဟုတ်ဘဲ အကောင်းဆုံးသော မျိုးစေ့များ မရှိသောကြောင့် ဖြစ်သည်။ မည်သည့် အထက်တန်းလွှာ မိသားစုကြီးမဆို သူတို့၏ အဓိကရိက္ခာမျိုးစေ့များကို သူတို့အသက်ထက်ပင် ပို၍ အရေးကြီးသည်ဟု မှတ်ယူကြသည်။
“ငါ့အတွက် ဒီတစ်ခါ အကြီးမားဆုံး အမြတ်က ‘နဂါးဘုရင်ရေခဲတိုင်’ မဟုတ်ဘူး၊ အစေ့ပေါင်း ၃၃၃ စေ့ ရှိတဲ့ နဂါးသွားဆန် မျိုးစေ့တွေပဲ။ ဒါဟာ ရှေးခေတ် သူတော်စင် ဧကရာဇ်ဖန် ကိုယ်တိုင်တောင် တိုက်ခိုက်လုယူချင်ခဲ့တဲ့ အရာပဲ။ ဒါပေမဲ့ ဒါကို ဘယ်လို ပြုစုပျိုးထောင်ပြီး စိုက်ပျိုးရမလဲဆိုတာ ငါမသိဘူး။ ဘယ်လိုမျိုး အခြေအနေတွေအောက် မှာ ဒီလို တန်ဖိုးရှိတဲ့ဆန်ကို စိုက်ပျိုးရမှာလဲ။”
ဟုန်ယွိသည် မူလရေခဲတုံး အတွင်းရှိ မျိုးစေ့များကို ကြည့်ကာ သက်ပြင်းချရင်း၊ ထို့နောက် သေချာစွာ ထပ်မံ ကြည့်ရှုလိုက်သောအခါ ရတနာတိုက်၏ အနက်ရှိုင်းဆုံးနေရာတွင် လိပ်ခွံဖြင့် ပြုလုပ်ထားသော စာအုပ်များစွာကို တွေ့လိုက်ရသည်။ ၎င်းမှာ မျိုးစေ့စိုက်ပျိုး နည်း မှတ်တမ်းများ ဖြစ်ရမည်ဟု သူ သိလိုက်သဖြင့် အလွန် ဝမ်းသာသွားတော့သည်။
နဂါးသင်္ချိုင်း၏ ရတနာတိုက်တွင် ရတနာများ သို့မဟုတ် လက်နက်များထက် သူတို့ အသက်ဆက်ရန် အားကိုးရသည့် ရှေးဟောင်း နဂါးသွားဆန်ကို သိမ်းဆည်းထားခြင်းမှာ ဟုန်ယွိအတွက် မျှော်လင့်မထားသော အရာ ဖြစ်သော်လည်း ကျိုးကြောင်းဆီလျော်လှပေ သည်။ သူတို့ အသက်ရှင်ဖို့ အားကိုးရတဲ့ မျိုးစေ့တွေထက် ပိုအရေးကြီးတာ ဘာရှိဦးမှာလဲ။ ခေတ်အဆက်ဆက်မှာ ရိက္ခာကို အလေးထားခဲ့ကြပြီး နဂါးတွေအတွက်လည်း ထိုနည်းတူ ပင် ဖြစ်သည်။
….
ဝုန်း… ဝုန်း… ဝုန်း…
ပြင်းထန်လှသော ပေါက်ကွဲသံကြီးမှာ အောက်ဘက်မှ ပျံ့လွင့်လာသည်။ ဟုန်ယွိသည် ကောင်းကင်ယံသို့ ပျံတက်နေစဉ်၊ အောက်ဘက်ရှိ အေးခဲနေသော နှင်းလွင်ပြင်ကြီးတွင် ဘုံသုံးပါးမူလစွမ်းအင်အမြောက်နှင့် အလယ်ဗဟို မြေဓာတ် ဟင်းလင်းပြင် မဟာစွမ်းအင် တို့ အချင်းချင်း ပြင်းထန်စွာ ထိပ်တိုက်တွေ့နေကြသည်။
ရှေးဟောင်း ‘ရာရှိုမွန်’တံခါးနှင့် ဖန်ဆင်းခြင်းသင်္ဘောဟူသော ထိပ်တန်းရတနာ နှစ်ခုမှာ ကောင်းကင်ယံ၌ ရပ်တန့်နေကြသည်။ မူလဝိညာဉ်နတ်ဘုရား ဖြစ်စေ၊ ဖန်ဆင်းခြင်း သင်္ဘောပေါ်မှ လူများဖြစ်စေ မည်သူမျှ အပြင်သို့ ထွက်မလာကြဘဲ သူတို့၏ ရတနာများ နောက်တွင် လုံးဝ ပုန်းကွယ်နေကြသည်။ သူတို့မှာ အလွန်ပင် ဂရုတစိုက်ရှိကြသလို အလွန် လည်း လျှို့ဝှက်နက်နဲကြသည်။
ထိုထိပ်တန်းစွမ်းအား နှစ်ခု ထိပ်တိုက်တွေ့မှုမှာ ရှေးဦးတောင်ကြီးတစ်လုံးကို သမုဒ္ဒရာထဲ သို့ ပစ်ချလိုက်သကဲ့သို့ လှိုင်းလုံးကြီးများကို ထွက်ပေါ်စေသည်။ ပတ်ဝန်းကျင်ရှိ လေထု၊ ဟင်းလင်းပြင်နှင့် အချိန်၊ ရုပ်ဒြပ်ရှိသောအရာနှင့် မရှိသောအရာ အားလုံးမှာ ရူးသွပ်စွ လှုပ်ခါကုန်ကြသည်။ နှင်းလွင်ပြင်၏ ဗဟိုချက် မိုင် ၁၀၀ ပတ်လည်မှာ ထိုစွမ်းအားနှစ်ခု၏ ဖျက်ဆီးအားကြောင့် မြေစာပုံတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ အကယ်၍ အဆင့် ၄ သို့မဟုတ် အဆင့် ၅ မိုးကြိုးဘေးဒဏ် ပညာရှင်တစ်ဦးသာ ထိုဗဟိုချက်တွင် ရှိနေပါက အစိတ်စိတ်အမွှာမွှာ ပြတ်ထွက်သွားပေလိမ့်မည်ဟု ဟုန်ယွိ ခံစားလိုက်ရသည်။
ပြင်းထန်သော မုန်တိုင်းနှင့် ရိုက်ခတ်မှုလှိုင်းများမှာ ကောင်းကင်ရှိ သူတော်စင်ပေါင်းစုံ ခန်းမဆီသို့ ကမ္ဘာပျက်မတတ် ပြေးဝင်လာသည်။ ၎င်းမှာ တစ္ဆေအင်မော်တယ်များ၏ စိတ်ဝိညာဉ်ကိုပင် ဖျက်ဆီးနိုင်လောက်သော အရှိန်အဝါမျိုး ဖြစ်သည်။ ဟုန်ယွိသည် ကောင်းကင်သို့ ပျံတက်သွားသော်လည်း မူလဝိညာဉ်နတ်ဘုရား သို့မဟုတ် ဖန်ဆင်းခြင်း သင်္ဘောက သူ့နောက်သို့ လိုက်မလာကြပေ။ အဘယ်ကြောင့်ဆိုသော် မည်သူမှ မမိုက်မဲသောကြောင့် ဖြစ်သည်။ အောက်ဘက်တွင် နဂါးတိုင်ပေါင်း ၆၀၀ ကျော်နှင့် မကုန်ခမ်းနိုင်သော ရတနာများ ကျန်ရှိနေသေးသည်။
ထိုအစွမ်းနှစ်ခုမှာ သုံးကြိမ်တိုင်တိုင် ဆက်တိုက် ပြင်းထန်စွာ ထိပ်တိုက်တွေ့ခဲ့ကြသည်။ ထိပ်တိုက်တွေ့မှု တစ်ခုချင်းစီမှာ တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုပြင်းထန်လှသည်။ အသက်ရှူချိန် ဆယ်ကြိမ်ခန့်အတွင်းမှာပင် ကမ္ဘာနှင့် ကောင်းကင်တစ်ခုလုံးမှာ ကြီးမား သော ပျက်စီးခြင်း အခြေအနေသို့ ဆိုက်ရောက်နေသည်။ ရှေးဦးနဂါးသင်္ချိုင်းရှိသော ကြယ်ဂြိုလ်ကြီးပင် ပေါက်ကွဲသွားတော့မည့်အလား ထင်မှတ်ရသည်။
သို့သော် ဤသည်မှာလည်း စိတ်အာရုံခံစားမှုတစ်ခုသာ ဖြစ်သည်။ ‘ဖန်ဆင်းရှင်’သခင် တစ်ယောက်နှင့် ‘နိဗ္ဗာနအဆင့်’ မှော်ရတနာတို့ ပေါင်းလျှင်ပင် ‘အလယ်အလတ် ကမ္ဘာ’ တစ်ခုကို ဖျက်ဆီးနိုင်စွမ်း မရှိသေးပေ။ သို့သော် မုန်တိုင်း၏ အစွန်း၌ ရှိနေသော ဟုန်ယွိနှင့် အခြားသူများသည် ထိုမျှလောက်အထိ အစွမ်းထက်သည်ဟု ခံစားရခြင်း ဖြစ်သည်။
ထိုအချိန်တွင် ပေတစ်သောင်း အမြင့်၌ ဝဲပျံနေသော သူတော်စင်ပေါင်းစုံခန်းမသည်လည်း ဖန်ဆင်းခြင်းသင်္ဘောကဲ့သို့ပင် အရွယ်အစား ကြီးမားလာပြီး မြင့်မြတ်သော ရွှေရောင် အလင်းတန်းများနှင့် သန့်စင်သော စွမ်းအင်များ ဝန်းရံလျက် ခန့်ညားထည်ဝါသော အရှိန်အဝါကို ထုတ်ဖော်နေသည်။
လူတိုင်းသည် ခန်းမဆောင်၏ လက်ရန်းတိုင်များတွင် ရပ်ကာ ပတ်ဝန်းကျင် လှုပ်ရှားမှု များကို စောင့်ကြည့်နေကြသည်။ မည်သည့် ပြင်းထန်သော မုန်တိုင်းနှင့် စွမ်းအင်လှိုင်းမျှ ခန်းမဆောင်၏ ကာကွယ်ရေးကို မဖောက်ထွင်းနိုင်ပေ။
ဇမ္ဗူမဟာအစီအရင်နှင့် ဗုဒ္ဓသင်္ကန်းတော်တို့၏ ပေါင်းစပ်ကာကွယ်မှုမှာ ကလေးကစားစရာ မဟုတ်ချေ။ အနည်းဆုံးတော့ အပြင်ပန်းကြည့်လျှင် သူတော်စင်ပေါင်းစုံခန်းမသည် ဖန်ဆင်းခြင်းသင်္ဘောကို ယှဉ်ပြိုင်နိုင်သည့် အသွင်ရှိသည်။
သို့သော် ဟုန်ယွိကမူ သူတော်စင်ပေါင်းစုံခန်းမသည် ဖန်ဆင်းခြင်းသင်္ဘောကို မယှဉ်နိုင် သေးကြောင်း သိသည်။ ရှေးဟောင်း ယန်နတ်ဘုရားတစ်ပါး ဖြစ်သူ 'ဖန်ဆင်းခြင်းတာအို သခင်' သည် ဤသင်္ဘောကြီးကို တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး အဆင့် ၈၊ အဆင့် ၉ မိုးကြိုး ကပ်ဘေး ပညာရှင်များ၊ ရှေးဟောင်းမိစ္ဆာနတ်ဘုရားများနှင့် ပညာရှင်ပေါင်းများစွာ စုပေါင်း တည်ဆောက်ထားခြင်း ဖြစ်သည်။ သင်္ဘောကြီးထံမှ အစိတ်အပိုင်းအချို့ကပင် ဟုန်ယွိ စုစည်းတည်ဆောက် ထားသော သူတော်စင်ပေါင်းစုံ ခန်းမဆောင်ထက် များစွာ ပိုမို ခိုင်ခံ့လှသည်။
…
မန်... မန်... မန်...
ခဏအကြာတွင် ရှေးဟောင်း ‘ရာရှိုမွန်’ ထံမှ ကျားဟိန်းသံကဲ့သို့ အသံကြီး ထွက်ပေါ်လာ ပြီး၊ ဆယ်ဧကခန့် ကျယ်ဝန်းသော ရှုပ်ထွေးလှသည့် စွမ်းအင်လုံးကြီး ၈ လုံး ပျံထွက်လာ သည်။ ထိုစွမ်းအင်လုံးများအတွင်းတွင်လည်း ထပ်ဆင့်အလွှာများစွာ ပါဝင်နေသည်။
“ဖရိုဖရဲ ကောင်းကင်အနှစ်သာရ အမြုတေတွေ။”
ကျီရှန်းထျန်း၏ တစ်ကိုယ်လုံး တုန်ခါသွားသည်။ ၎င်းမှာ မူလဝိညာဉ်နတ်ဘုရား၏ ကိုယ်ပွား ၉ ခုအနက် ၈ ခု၏ အသက်ဝိညာဉ် အမြုတေများ ဖြစ်ကြောင်း သူမ သိလိုက် သည်။
အကယ်၍ သူမအနေဖြင့် ထိုအမြုတေ တစ်လုံးကိုသာ ဝါးမျိုနိုင်ပါက အစစ်အမှန် လူသားတစ်ဦးအဖြစ် လုံးဝ ပြောင်းလဲသွားနိုင်မည် ဖြစ်သည်။ မူလဝိညာဉ်နတ်ဘုရားထံမှ အမြုတေ ၈ လုံး ပျံထွက်လာခဲ့ပြီ။ ထိုအမြုတေ ၈ လုံး ပေါ်လာသည်နှင့် တစ်ပြိုင်နက် အလယ်ဗဟို မြေဓာတ် ဟင်းလင်းပြင် မဟာစွမ်းအင်နှင့် ထိပ်တိုက်တွေ့ကာ အလင်းတန်း များစွာ ပွင့်ထွက်သွားသည်။
တစ်ချိန်တည်းမှာပင် ထိုအမြုတေ ၈ လုံးမှာ အလင်းတန်းပေါင်း သောင်းခြောက်ထောင် အဖြစ် ပြောင်းလဲကာ ကျန်ရှိနေသော နဂါးရေခဲတိုင် ၂၀၀ ကျော်ကို ရစ်ပတ်ကာ အားကုန် ဆွဲနှုတ်လိုက်တော့သည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် မူလဝိညာဉ်နတ်ဘုရား၏ အစွမ်းမှာ ဟုန်ယွိထက် နှစ်ဆ ခန့် ပိုမိုကြီးမားကြောင်း သိသာလှသည်။ တစ်ချိန်တည်းမှာပင် ဖန်ဆင်းခြင်းသင်္ဘောသည် လည်း တုန်ခါသွားပြီး မဟာစွမ်းအင်များဖြင့် ကျန်ရှိသော နဂါးရေခဲတိုင်များကို သိမ်းယူ လိုက်သည်။ နဂါးရေခဲတိုင်ပေါင်း ၃၀၀ ကျော်မှ ၄၀၀ ခန့်မှာ ဖန်ဆင်းခြင်းသင်္ဘော အတွင်း သို့ ပါသွားတော့သည်။ ယခုအခါ နဂါးရေခဲတိုင်အားလုံးမှာ တစ်ခဏအတွင်းမှာပင် ခွဲဝေယူ ခြင်း ခံလိုက်ရလေပြီ။
“ခင်ဗျားတို့ ခွဲဝေယူတာကို ကျုပ်က ဒီအတိုင်း ကြည့်နေမှာတဲ့လား။ ကျုပ်ဓားချက်ကို မြည်းစမ်းကြည့်စမ်း။”
ဤအခွင့်အရေးကို ဆုပ်ကိုင်ကာ ဟုန်ယွိသည် ရုတ်တရက် တိုက်ခိုက်လိုက်သည်။ သူ၏ စိတ်ဝိညာဉ်မှာ ခန္ဓာကိုယ်မှ ထွက်ခွာပြီး ဖန်ဟွမ်အသက်ဝိညာဉ်ဓားနှင့် ပေါင်းစပ်သွား သည်။ တစ်ချိန်တည်းမှာပင် ဗုဒ္ဓသင်္ကန်းတော်၏ စွမ်းအားကိုလည်း လှုံ့ဆော်လိုက်သည်။ သူတော်စင်ပေါင်းစုံခန်းမထံမှ မဟာဝဇိရပညာပါရမီကျမ်းစာသည်လည်း ပျံသန်းလာပြီး ဟုန်ယွိ၏ စိတ်ဝိညာဉ်နှင့် ပေါင်းစပ်သွားသည်။
ဟုန်ယွိသည် ကောင်းကင်နှင့် မြေကြီး၊ လေနှင့် မိုးကြိုး၊ ထာဝရသဘောတရား ဓားချက် ငါးမျိုးကို အသုံးပြုကာ မူလဝိညာဉ်နတ်ဘုရားကို ခုတ်ပိုင်းလိုက်သည်။ ဤဓားချက်မှာ ရွှေနန်းတော်ရှိ ဧကရာဇ်ကို လုပ်ကြံမည့် ဓားသမားတစ်ဦးကဲ့သို့ ပြင်းထန်ထက်မြက်လှ သည်။ ဧကရာဇ် ယန်ဖန်နှင့် မူလဝိညာဉ်နတ်ဘုရား နှစ်ဦးအနက် ဟုန်ယွိသည် ယန်ဖန်ကို သာ နဂါးရေခဲတိုင်များရစေချင်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဗဟိုလွင်ပြင်၏ ဧကရာဇ်ဖြစ်သော ကြောင့် ဖြစ်သည်။ ထို့အပြင် သူသည် ကျီရှန်းထျန်းကို အမြုတေတစ်ခု လုယူပေးမည်ဟု ကတိပေးထားခဲ့ရာ ဤသည်မှာ အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။ မဟုတ်ရင် အနာဂတ်မှာ အခွင့်အရေး နောက်တစ်ခါ ရှိမှာမဟုတ်တော့ဘူး။
ဟုန်ယွိသည် ဓားဖြင့် ခုတ်ပိုင်းရင်း တစ်ချိန်တည်းမှာပင် ပြင်းထန်သော စိတ်လှိုင်းများကို ထုတ်လွှင့်လိုက်သည်။ သူသည် ဖန်ဆင်းခြင်းသင်္ဘော ပေါ်ရှိ လူများကို အာရုံခံကာ မူလ ဝိညာဉ်နတ်ဘုရားကို ပူးပေါင်း သတ်ဖြတ်ရန် အချက်ပြလိုက်တော့သည်။
စာစဉ် (၄၇) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။