လေပြေစီးကြောင်းလွင်ပြင်ကျယ်
Vol. 8 Ch. 97
လက်ထဲမှာ လှံတံရှည်ကို ကိုင်စွဲလို့ လူအုပ်ကြီးရှေ့က ဦးဆောင်လျှောက်လှမ်း လာခဲ့တယ်။ သူ့နောက်မှာ မာန်နတ်ဘုရား ရုပ်တု အကာအကွယ် ကင်းမဲ့သွားပြီဖြစ်တဲ့ သူ့ရဲ့ မျိုးနွယ်ဝင်တွေ ရှိနေတယ်။ လူအုပ်ထဲမှာ ... သက်ကြီးရွယ်အို တစ်ဦးတစ်လေတောင် မပါဝင်ဘူး။
ခရီး တစ်ဝက်လောက်သာ ရောက်သေးပေမဲ့ စုမင်ရဲ့ ခြေလှမ်းတွေက ပိုတည်ငြိမ်လာတယ်။ တောအုပ်ထဲမှာ နက်မှောင်တောင် မျိုးနွယ်ဝင်တွေ ကျတဲ့ သွေးတွေနဲ့ သေဆုံးသူများရဲ့ ဝိညာဉ်တွေဟာ များပြားလှပါပြီ။
အခုချိန်မှာ တိုက်ခိုက်နိုင်တဲ့ မာန်စွမ်းအားရှင်တွေ ဆိုလို့ စုမင်၊ လေ့ချန်နဲ့ ရှန့်ဟန်တို့သာ ကျန်ရှိတော့တယ်။ နန့်စုန့်နဲ့ မျိုးနွယ်စု ခေါင်းဆောင်တို့ဟာ ဆေးကုသမှု ခံယူနေရင်းနဲ့ အားလုံးရဲ့ ဖေးမ ကူညီမှုနဲ့အတူ ခရီးဆက်နေတယ်။ သူတို့က စိုးရိမ်နေပြီး အမြန်သက်သာ ချင်နေတယ်။
ပေလင်းအနေနဲ့လည်း ဆက်တိုက်ခိုက်ဖို့ မဖြစ်နိုင်တော့ဘူး။ လက်မောင်းတစ်ဖက် ဆုံးရှုံးထားတဲ့ အပြင် ဒဏ်ရာကနေ သွေးတွေအများကြီး ယိုစီးနေတယ်။ ချန်းရှင်းကြောင့်သာ မဟုတ်လျှင် လူအုပ်ကြီးနဲ့ လိုက်ပါ နိုင်ပါ့မလားတောင် မသေချာဘူး။
ရှန့်ဟန်လည်း တစ်ကိုယ်လုံး သွေးရွှဲရွှဲ နစ်နေတယ်။ မျိုးနွယ်စု အနောက်ကနေ တိတ်တဆိတ် လျှောက်နေခဲ့တယ်။ တစ်ခါတစ်ရံ စိတ်လွတ်နေတတ်ပြီး ကျန်အချိန်တွေမှာတော့ ဝေခွဲမရ ဖြစ်နေတဲ့ မျက်နှာထားနဲ့ပါ။ ရံဖန်ရံခါ ပြောပြလို့ မတတ်တဲ့ ခံစားချက်တစ်မျိုး ပေါ်လာချိန်မှာတော့ ရင်ဘတ်ကို လက်နဲ့ ဖိကပ်ထားတယ်။
အဲဒီ ခံစားချက်ကပဲ သူ့ကို ဆက်လျှောက်နိုင်ဖို့ အားအင်တွေ ပေးနေသလိုပေါ့။
မော့စန်းနဲ့ ပိထူတို့ရဲ့ တိုက်ပွဲက ကောင်းကင်ယံမှာ ဆက်လက် ဖြစ်ပွားနေပြီး အသံကျယ်ကြီးတွေ အဆက်မပြတ် ပဲ့တင် ထပ်ထွက်ပေါ်နေတယ်။ ညဉ့်သန်းခေါင်ချိန် ရောက်ခဲ့ပေမဲ့ ကောင်းကင်ဟာ လင်းချင်းနေခဲ့သလို တိုက်ပွဲကလည်း မပြီးဆုံးသေးပါ။ တစ်ယောက်မဟုတ် တစ်ယောက်သေမှ တိုက်ပွဲပြီးမယ့် သဘောရှိတယ်။
မြေပြင်ပေါ်က အက်ကွဲကြောင်းများ၊ ကောင်းကင်ယံထိ ရောက်ရှိတဲ့ အလင်းမှန်သားပြင်နဲ့ အသက်ဓာတ်ကို စတေးဖို့လိုတဲ့ နန့်စုန့်ရဲ့ မာန်ပညာရပ်တို့ကြောင့် မျိုးနွယ်စု ရွှေ့ပြောင်း ခရီးဆက်နိုင်ဖို့ အချိန်တွေ အများကြီး ရရှိစေခဲ့တယ်။
မနက်လင်းချိန်မှာ နက်မှောင်တောင် မျိုးနွယ်စုလည်း ခြေကုန်လက်ပမ်း ကျလှပြီ။ ဒီလို အေးခဲတဲ့ ရာသီဥတုကြီးမှာ နှစ်ရက်နဲ့ နှစ်ညဆက်တိုက် မအိပ်မနေ ခရီးဆက်ခဲ့ရတယ်။ ပုံစံတွေက လုံးဝ ဆက်မသွား နိုင်တော့ဟန် ရှိပေမဲ့ အားလုံးက အံကို တင်းတင်းကြိတ်လို့ တတ်နိုင်သမျှ မြန်မြန် ခရီးဆက်နေ ကြဆဲပဲ။
ကောင်းကင်ယံဟာ လင်းချင်းနေတယ်။ နေမင်းရဲ့ အလင်းရောင်ဟာ မြေပြင်နဲ့တကွ မျိုးနွယ်ဝင်တွေရဲ့ ကိုယ်ပေါ်ကို ဖြာကျနေတယ်။ အနည်းငယ်မျှသော နွေးထွေးမှုကို ခံစားမိလိုက်ပေမဲ့ နှင်းစက်တွေက ဆောင်ယူလာတဲ့ အေးခဲမှုက သူတို့ရဲ့ အရိုးထဲထိ စိမ့်တက်စေတုန်းပဲ။
"ငါတို့လက်ရှိ နှုန်းနဲ့ဆို လေပြေစီးကြောင်း မျိုးနွယ်စုဆီကို မနက်ဖြန်လောက် ရောက်နိုင်တယ်”
စုမင် ဘေးနားကနေ ခရီးဆက်နေရင်း လေ့ချန်က ခပ်တိုးတိုးပြောတယ်။
"တစ်ရက်ပဲ ကျန်ပါတော့တယ်”
လေ့ချန် လက်သီးဆုပ်လိုက်တယ်။
စုမင်က ခဏတာ တိတ်ဆိတ်နေပြီးမှ အက်ကွဲရှတတဲ့ အသံနဲ့ပြောပြီး ရှေ့ကို ဆက်လျှောက်သွားတယ်။
“တစ်ရက်လုံး မဟုတ်ဘူး။ နေ့တစ်ဝက်ပဲ”
နောက်ဆုံးတော့ စုမင် ဆက်ပြီး တိတ်ဆိတ် မနေတော့တဲ့အတွက် လေ့ချန် သက်ပြင်းမောကြီး ချတယ်။ သူ့ရဲ့ တိတ်ဆိတ်နေခြင်းအတွက် လေ့ချန် စိတ်ပူနေခဲ့ရတာ။
"လေပြေစီးကြောင်း မျိုးနွယ်စု ပိုင်နက်နယ်မြေထဲကို ဒီည အရောက်သွားသင့်တယ်။ တောကနေ ထွက်နိုင်ရင်တော့ ပိုပြီး ဘေးကင်းလာပါပြီ”
စုမင်က တည်ငြိမ်စွာ ကောက်ချက်ချတယ်။
"ဒီနေ့လည်း ဘေးကင်းပါစေလို့ မျှော်လင့်ကြတာပေါ့”
လေ့ချန် နောက်လှည့်ပြီး သူ့လူတွေကို ကြည့်လိုက်တယ်။ အားလုံးရဲ့ နွမ်းနယ်နေတဲ့ မျက်နှာကို ကြည့်လို့ သက်ပြင်းချပြီး ရှေ့မှာ လျှောက်နေတဲ့ စုမင်ထံ အကြည့် ပြန်ရောက်လာတယ်။ သူ့ရဲ့ သေးကွေးတဲ့ ကျောပြင်လေးကနေ တောင်တန်းကြီး တစ်ခုလို ခံစားချက်မျိုး ရတယ်။
နှစ်နာရီ ကြာမြင့်ခဲ့ပြီ။ ဖျော့တော့ အားနည်းတဲ့ အသံဟာ လူအုပ်ထဲက လွင့်ပျံ့လာတယ်။ အသံဟာ စိတ်ပိုင်းဖြတ် မှုတွေနဲ့အတူ ခရီးနှင်လာခြင်း ဖြစ်တယ်။
"စုမင် ... ငါ့ကိုထားခဲ့ပါတော့”
အသံရှင်ကတော့ ဒဏ်ရာပြင်းထန်တဲ့ ရွှင်းတူရိယာ တီးမှုတ်သူ စစ်သည်တော် လျိုတိ ဖြစ်တယ်။ သူ့ကို မျိုးနွယ်ဝင်တွေက သယ်ဆောင်လာပေး ခဲ့ပေမဲ့ အခုသူ ဆက်မသွား ချင်တော့ဘူး။ မျိုးနွယ်ဝင်တွေအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်လိုတော့ဘူး။
လျိုတိ အားတင်းပြီး သူ့ကို လှည့်ကြည့်ဖို့ ရပ်လိုက်တဲ့ စုမင်ကို ပြုံးပြလိုက်တယ်။ သစ်ပင်တစ်ပင်ဆီ လျှောက်သွားပြီး မှီထိုင်လိုက်တယ်။ လှုပ်ရှားမှုကြောင့် ဒဏ်ရာတွေ ပွင့်လာပြီး သွေးတွေ စီးကျလာတယ်။
"မင်းတို့အားလုံး သွားကြပါတော့”
လျိုတိဟာ ရွှင်းကိုထုတ်ယူလို့ သီချင်းတစ်ပုဒ် တီးမှုတ်လိုဟန်နဲ့ ပါးစပ်မှာ တေ့လိုက်ပေမဲ့ အဲဒီလိုလုပ်ဖို့ အားအင် မကျန်တော့ပါဘူး။ ကောင်းကင်ကို မော့ကြည့်လို့ သေခြင်းတရားကို စောင့်ဆိုင်းဖို့တောင် အားအင် မကျန်တော့ပါဘူး။
စုမင် တိတ်ဆိတ်နေခဲ့တယ်။ သူလည်းပဲ မျက်လုံးတွေကို မှိတ်ချလိုက်ပေမဲ့ မကြာခင်မှာ ပြန်ဖွင့်လာခဲ့တယ်။ လှည့်ထွက်မသွားခင် လျိုတိကို လေးလေးနက်နက် စိုက်ကြည့်နေပြီးမှ အားလုံးကို ဦးဆောင်လို့ ရှေ့ဆက်လျှောက်ခဲ့တယ်။
သူတို့ ဆက်လျှောက် လာတာနဲ့အမျှ နောက်ထပ်မျိုးနွယ်ဝင် အချို့လည်း အပြုံးမျက်နှာနဲ့ နေရစ်ခဲ့ကြတယ်။ သူတို့ကြောင့် မျိုးနွယ်စုကို မနှောင့်နှေး စေလိုဘူး။ ပေလင်းလည်း အလားတူ လုပ်ချင်ပေမဲ့ ချန်းရှင်းက တအားငိုပြီး မနိုင်မနင်းနဲ့ ကြိုးကြိုးစားစား ကျောပေါ်မှာ သယ်ပိုး ထားတာကြောင့် သူ မပြောရက်ခဲ့ဘူး။
အစောင့်အရှောက် ခေါင်းဆောင်လည်း လမ်းမှာ သတိပြန်ရလာတယ်။ သူ့ခြေထောက်တွေ ဆုံးရှုံးသွားရပေမဲ့ တိုက်ခိုက်နိုင်တဲ့ အင်အားတော့ ရှိပါသေးတယ်။ သယ်ပိုးပေးတဲ့ မျိုးနွယ်ဝင် တစ်ယောက်ရဲ့ လိုလိုလားလား အကူအညီကြောင့် နောက်ချန် မနေခဲ့ပေမဲ့ အဲဒီအစား အချိန်မရွေး လိုက်မီလာနိုင်တဲ့ ရန်သူတွေကို တုံ့ပြန်နိုင်ဖို့ သွေးကြောကျောက်သား အဆင့် ၈ ရှိတဲ့ စစ်သည်တော် တစ်ယောက်အနေနဲ့ သွေးကြောတွေကို ဖောက်ခွဲပစ်ဖို့ ပြင်ဆင်ထားတယ်။
စုမင်က တိတ်ဆိတ်နေဆဲပါ။ နေရစ်ခဲ့လိုတဲ့ တစ်ယောက်ကိုမှ မတားမြစ်ပေမဲ့ တစ်ယောက် နေခဲ့လိုတိုင်း သူ့ရဲ့ လက်သီးကိုသာ ပိုလို့ပိုလို့ ကျစ်နေအောင် ဆုပ်ထားခဲ့မိတယ်။ အားလုံး ဘေးကင်းစေဖို့ အကြီးအကဲက သူ့လက်ထဲကို နက်မှောင်တောင် မျိုးနွယ်တစ်စုလုံး လွှဲအပ်ခဲ့တယ် ဆိုတာ သူသိတယ်။ သူ့မှာ ပြီးဆုံးအောင် ထမ်းဆောင်ရမယ့်တာဝန် ရှိတယ်။
ညနေခင်းမှာတော့ စုမင်ဟာ ပူပန်နေတဲ့ အခြေအနေကနေ အနည်းငယ် စိတ်အေးစ ပြုလာခဲ့ပြီ။ နောက်ဆုံးတော့ တောအုပ်ကို နောက်မှာ ချန်ခဲ့လို့ လေပြေစီးကြောင်း မျိုးနွယ်ရဲ့ နယ်နိမိတ် လွင်ပြင်ကျယ်ကြီးထဲကို ရောက်ရှိ လာလေပြီ။ ဒီနေရာက တောအုပ်ထက်တော့ လုံခြုံမှု ရှိတယ်။ တကယ်တမ်းကျတော့ ဒါက လေပြေစီးကြောင်း မျိုးနွယ်စုရဲ့ ပိုင်နက်နယ်မြေ မဟုတ်ပါလား။ ခွင့်ပြုချက် မရှိဘဲ ဒီနေရာကို မဟူရာတောင် မျိုးနွယ်စုတွေ ဝင်ရောက်ခွင့် မရှိဘူး။
လွင်ပြင်ကျယ်ကြီးကို ရောက်ရှိလာချိန်မှာ မျိုးနွယ်စု ခေါင်းဆောင်နဲ့ နန့်စုန့်တို့လည်း သက်သာလာပြီး အားအင် အနည်းငယ် ပြည့်လာကြပါပြီ။ သူတို့ရဲ့ ခေါင်းပေါ်ဝဲနေတဲ့ ကပ်ဘေးတွေကနေ လွန်မြောက်နိုင်ခဲ့ပြီလို့ ထင်ရပါတယ်။
သို့ပေမဲ့ အဲဒီ အခိုက်အတန့်မှာပဲ တုန်ခါမှုက ကမ္ဘာမြေကို လှုပ်ယမ်း သွားစေခဲ့တယ်။ တုန်ခါမှုရဲ့ ဗဟိုချက်မက ဟိုးအဝေး တစ်နေရာမှာ ဖြစ်ပေမဲ့ အဝေးက အရာကိုတောင် ခံစားမိလောက်အောင် အားအင် ပြင်းထန်လွန်းနေခဲ့တယ်။
"အကြီးအကဲရဲ့ ချိပ်စည်း ကျိုးပေါက်သွားပြီ ...”
နန့်စုန့်က မျက်လုံးတွေကို မှိတ်လိုက်ပြီး ပြန်ဖွင့်လာရင်း နွမ်းလျစွာ ဆိုတယ်။
ထိုစကားများကြောင့် နက်မှောင်တောင် မျိုးနွယ်ဝင်တို့ နေမထိထိုင်မသာ ဖြစ်ကုန်ကြတယ်။
"မဟူရာတောင် မျိုးနွယ်စုရဲ့ လက်ရှိ အရှိန်နှုန်းနဲ့ဆိုရင် ငါတို့ကိုမီဖို့ အချိန်တစ်ခုတော့ ကြာဦးမယ်။ ဒါပေမဲ့ ငါတို့ လေပြေစီးကြောင်း မျိုးနွယ်စုဆီ မရောက်ခင် မီလာမှာတော့ ကျိန်းသေတယ်”
"အကယ်၍ လေပြေစီးကြောင်း မျိုးနွယ်စု မြေပေါ် မဟူရာတောင်က လူတွေ ခြေမချ ရဲဘူးဆိုတဲ့ အချက်နဲ့ အရဲစွန့်ကြည့်ရင်တော့ ငါတို့ အသက်ကို ခြိမ်းခြောက်နိုင်တဲ့ အန္တရာယ်ကို လျစ်လျူရှုလို့ ရတယ်”
နန့်စုန့်က ခပ်တိုးတိုး ရေရွတ်တယ်။
"ကျွန်တော်တို့ အရဲစွန့်ဖို့ မဖြစ်နိုင်ဘူး”
စုမင် ရပ်တန့်လိုက်ပြီး သူ့နောက်က မှောင်မိုက်နေတဲ့ တောအုပ်ကို လေးလေးနက်နက် ကြည့်တယ်။ ပြန်လှည့်လာပြီးတော့ အနည်းငယ် အားပြည့်လာပြီဖြစ်တဲ့ မျိုးနွယ်စု ခေါင်းဆောင်ဘက် မျက်နှာမူလိုက်တယ်။ တစ်ကိုယ်လုံး ခြောက်သွေ့နွမ်းဖတ်လို့ သွေးမရှိသူ တစ်ယောက်လို ဖြူဖျော့နေတဲ့ အရေးအကြောင်းတွေနဲ့ ၎င်းမျက်နှာကို စိုက်ကြည့်တယ်။
"မျိုးနွယ်စုခေါင်းဆောင် ... အခုနက ချန်ရစ်နေလိုကြသူ တစ်ယောက်ကိုမှ ကျွန်တော် မတားခဲ့ဘူး။ သူတို့ရဲ့ ရွေးချယ်မှု ဖြစ်နေလို့ပါ။ အခု ကျွန်တော် နေခဲ့ရမယ့်အချိန် ရောက်ပါပြီ”
ပြောရင်းနဲ့ စုမင်က အနောက်က လူအုပ်ကြီးကို လှည့်ကြည့်တယ်။
အသက် ၄၀ ကျော်လောက်ရှိတဲ့ မျိုးနွယ်စု ခေါင်းဆောင်ဟာ အခုမှပဲ စုမင်ကို သေသေချာချာ ကြည့်ဖြစ် ပါတော့တယ်။ သူတစ်ခါမျှ ဂရုမပြုဖူးတဲ့ ဒီလာစုလေးဟာ သူ့ကို အများကြီး ထိတ်လန့်စေခဲ့တယ်။ သက်ပြင်း ဖျော့ဖျော့ချလို့ သူ ခေါင်းညိတ်လိုက်တယ်။
"ငါလည်း နေခဲ့မယ်”
လေ့ချန်ဟာ တွေဝေခြင်း မရှိဘဲ စုမင်ဘေးကို လာရပ်တယ်။
စုမင်ဟာ သူများတွေ လုပ်ခဲ့သလိုပဲ လေ့ချန်ကို ကြည့်နေခဲ့တယ်။ ကလေးလေး တစ်ယောက်လို အပြုံးတွေနဲ့။
"မင်းအခုနက ပြောခဲ့တယ်။ ငါ မင်းထက် အရင်သေလို့ မဖြစ်ဘူးဆို။ ငါသေချင်ရင် အတူတူ သေကြမယ်ဆို”
"ငါလည်း နေခဲ့မယ်”
နန့်စုန့်၊ အသက်ပြင်းပြင်း ရှူရှိုက်လိုက်တယ်။ ဒီခရီးစဉ်အတွင်း သူ့ရဲ့ အိုမင်းတဲ့ မျက်နှာပေါ်မှာ အရေးအကြောင်းတွေ ပိုမို တိုးပွားလာခဲ့တယ်။ သူ့ရဲ့ ဖြူဖျော့တဲ့ မျက်နှာပေါ်မှာ စိတ်လှုပ်ရှားမှုတွေ ဖြတ်ပြေးသွားတယ်။
"ငါရောပဲ”
ခြေထောက်နှစ်ဖက်လုံး ဆုံးရှုံးထားတဲ့ အစောင့်အရှောက် ခေါင်းဆောင်ဟာ အသံတိုးတိုးနဲ့ ဝင်ပြောတယ်။
"ကျွန်တော်လည်း နေမယ်”
ချန်းရှင်းရဲ့ မျက်ရည်တွေကို မမြင်ရအောင် မျက်နှာလွှဲရင်း ပေလင်းက တည်ကြည်စွာ ပြောတယ်။
"အစောင့်အရှောက် ခေါင်းဆောင်၊ ခင်ဗျားနေခဲ့လို့ မဖြစ်ဘူး။ ကျွန်တော်တို့ မျိုးနွယ်စု ဘေးကင်းအောင် မျိုးနွယ်စု ခေါင်းဆောင်ကို ကူညီရဦးမယ်။ ဒါ့အပြင် လေပြေစီးကြောင်း တောင်ကို ဘေးကင်းကင်းနဲ့ ရောက်ရှိသွားရင် လာစုငယ်လေးတွေကို လေးမြားအတတ် သင်ပေးရဦးမယ်လေ”
ဝင်ပြောလာသူက ရှန့်ဟန်။
တစ်ချိန်လုံး တိတ်ဆိတ် နေလာခဲ့တဲ့ ပုဂ္ဂိုလ်ဟာ လူအုပ်ထဲက ထွက်လာတယ်။ သူက စကားများများ ပြောလေ့ရှိတဲ့သူ မဟုတ်ဘူး။ ပြောပြီဆိုတာနဲ့ သူ့ရဲ့ အသံမှာ အလွယ်တကူ ယိမ်းယိုင် မသွားနိုင်တဲ့ စိတ်ပိုင်းဖြတ် ထားမှုတွေ ပါဝင်နေတယ်။
"ပေလင်း ... မင်းကတော့ ...”
ရှန့်ဟန်က ပေလင်းအနားကို လျှောက်လာခဲ့ပြီး သူ့မျက်နှာပေါ်မှာ ရှုပ်ထွေးတဲ့ အမူအရာ ပေါ်ပေါက် လာပြန်တယ်။
"ဦးလေးရှန့်ဟန် ... ကျွန်တော် ...”
ပေလင်း စကားပြောတော့မလို အလုပ်မှာ ရှန့်ဟန်က ညာလက်ကို ပင့်မလိုက်ပြီး လည်ကုပ်ကို ရိုက်ချ လိုက်ရာမှာ လူငယ်ဟာ ဘာမှ မပြောနိုင်တော့ဘဲ သတိမေ့မျော လဲကျသွားပါတော့တယ်။
"မင်းက ငါတို့မျိုးနွယ်စုရဲ့ အနာဂတ် မျှော်လင့်ချက်ပဲ။ မင်းသွားလို့ မရဘူး။ ငါနေခဲ့မယ်”
ရှန့်ဟန်က တည်ငြိမ်စွာ ပြောပြီး နန့်စုန့်ရှေ့ လျှောက်သွားတယ်။ ၎င်းဘေးနားမှာ ရပ်လိုက်ပြီး မျိုးနွယ်စုထဲက ရင်းနှီးနေတဲ့ မျက်နှာတွေ အားလုံးကို ကြည့်တယ်။ တစ်ခဏ အကြာမှာ သူခေါင်းငုံ့ လိုက်တယ်။
နက်မှောင်တောင် မျိုးနွယ်စု ခေါင်းဆောင်က သူတို့ထံ တိတ်တဆိတ် လျှောက်လှမ်းသွားတယ်။ ကလေး လက်သီးဆုပ်လောက်ရှိတဲ့ အရိုးနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်တယ်။ အဲဒီ အရိုးက တခြား အရိုးတွေလို ထူးမခြားနားတဲ့ ခပ်ဖြူဖြူ။ အဲဒီအရာကို စုမင်လက်ထဲ ထည့်ပေးတယ်။
"ယူလိုက်။ ဒီအရိုးက တစ်စုံရှိတာ၊ သူတို့မှာ ထူးခြားတဲ့ လုပ်ဆောင်နိုင်စွမ်း ရှိတယ်။ ဒီဟာလေး အနီရောင် ပြောင်းတာက ငါတို့ လေပြေစီးကြောင်းကို ဘေးကင်းကင်းနဲ့ ရောက်ပြီဆိုတဲ့ အဓိပ္ပာယ်ပဲ”
စုမင်က ခပ်မဆိတ် ယူလိုက်ပြီး ရင်ဘတ်ထဲကို ဂရုတစိုက် ထည့်သိမ်းလိုက်တယ်။
မျိုးနွယ်စု ခေါင်းဆောင်ဟာ နောက်မှာ ချန်ရစ်ခဲ့ကြသူတွေကို ကြည့်လို့ သက်ပြင်း ချလိုက်ပြီးမှ မျိုးနွယ်စုကို ဦးဆောင်ကာ လေပြေစီးကြောင်း မျိုးနွယ်စု ရှိရာဆီ လှည့်ထွက် ခရီးဆက်သွားကြတယ်။
နက်မှောင်တောင် မျိုးနွယ်စုက သာမန် မျိုးနွယ်ဝင်တွေ သေကြေပျက်စီးမှု အများကြီး မရှိဘူး။ ခရီးစဉ်အတွင်း အတူတကွ ကြုံတွေ့ခဲ့ရ တာတွေကြောင့် အားလုံးဟာ ရှေ့ဆက်လျှောက်သွားရင်း ချန်ရစ်နေခဲ့ကြသူ လေးယောက်ကို နောက်ဆံတင်းစွာ လှည့်ကြည့်မိကြတယ်။ မျက်ရည် မထိန်းနိုင်ကြဘူး။
ဘယ်သူကစပြီး လက်ဝှေ့ယမ်းလိုက်တယ်တော့ မသိပါဘူး။ မကြာခင်မှာ မျိုးနွယ်ဝင်တွေ အားလုံးဟာ စုမင်နဲ့တကွ အခြား မာန်စွမ်းအားရှင် သုံးယောက်ကို လက်ပြနှုတ်ဆက် ကြလေတယ်။ ဒီလေးယောက် အသက် မရှင်နိုင်လောက်ဘူး ဆိုတာ သူတို့သိပါတယ်။ အခြား မျိုးနွယ်ဝင်တွေလို ကိုယ့်ကိုယ်ကိုယ် စတေးခြင်းဆိုတဲ့ ကိစ္စရပ်ကြီး လုပ်ဆောင်တော့မယ် ဆိုတာ သူတို့သိတယ်။ မျိုးနွယ်စုကို ကာကွယ်လို့ နောက်ဆုံးခံစစ် နံရံကြီးကို အသက်ပေးပြီး တည်ဆောက် ကြတော့မယ်။
"အစ်ကိုကြီးစုမင် ...”
လူအုပ်ထဲကနေ ငယ်ရွယ်တဲ့ အသံလေး ပျံ့လွင့်လာတယ်။ အဲဒါက ထုံထုံလို့ ခေါ်တဲ့ ကလေးမ အသံပါ။ သူမလေး စုမင်ရှေ့ကို ပြေးလာချိန်မှာ စုမင်က ဒူးထောက်ထိုင်လိုက်ပြီး အနည်းငယ်မျှ စိုထိုင်းထိုင်း ဖြစ်နေတဲ့ ဆံပင်လေးတွေကို သပ်ပေးတယ်။
"အစ်ကိုကြီးစုမင် ... ဒါတွေအားလုံးပြီးလို့ အကြီးအကဲလည်း ပြန်ရောက်လာရင် သမီးအတွက် ဖီဖီကို ရှာပေးပါလား”
စုမင်ရဲ့ မျက်နှာလေး ပြုံးသွားတယ်။ ကလေးမရဲ့ နဖူးလေးကို ခပ်ဖွဖွနမ်းလို့ ခေါင်းညိတ်ပြတယ်။
ကလေးမလေးက လှပချိုမြစွာ ပြုံးတယ်။ စုမင်ကို ကြည့်လိုက်ပြီး အနားကပ်လို့ ခပ်တိုးတိုး ပြောတယ်။
"အစ်ကိုကြီးစုမင် ... သမီးမှာ လျှို့ဝှက်ချက်တစ်ခု ရှိတယ်။ ဖေဖေနဲ့ မေမေတောင် မသိဘူး။ ဖီဖီလည်း မသိဘူး။ အစ်ကိုကြီး ပြန်လာရမယ်နော်။ အစ်ကိုပြန်လာရင် သမီးရဲ့ လျှို့ဝှက်ချက်ကို ပြောပြမယ်”
ကလေးမလေးက ပြောပြီး နှုတ်ခမ်းလေးကို ဖိကိုက်လို့ မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်လို့ မျက်ရည်ထိန်းရင်း လူအုပ်ထဲကို ပြန်ပြေးသွားတယ်။
လူအုပ်ထဲကနေ သူ့ကို လက်ပြနေတဲ့ ကလေးမလေးတို့ မြင်ကွင်းထဲက ပျောက်သွားတဲ့အထိ စုမင် စောင့်ကြည့်နေခဲ့တယ်။ အဲဒီလို ပျောက်သွားတာနဲ့ စုမင်ရဲ့ မျက်နှာပေါ်က အပြုံးလည်း ပျောက်ကွယ်သွားတယ်။
ပတ်ဝန်းကျင်က တိတ်ဆိတ်နေတယ်။ ကောင်းကင်ပေါ်က လမင်းလည်း တဖြည်းဖြည်း ကြည်လင်တောက်ပလာပြီ။ အဲဒီညမှာ ... လပြည့်ည။ ကောင်းကင်မြင့်ထက်မှာ ပြည့်ဝတဲ့ လမင်းသာလျက် ရှိတယ်။ လောကတစ်ခွင်ရဲ့ တိတ်ဆိတ်ငြိမ်သက်မှုနဲ့ ပေါင်းစပ်လိုက်စဉ်မှာ မကြာခင် သေကြေကြတော့မယ့် အငွေ့အသက်တွေ ပျံ့လွင့်နေတော့တယ်။
အရင်ညတွေထက် လမင်းက တောက်ပနေတယ်။ မြေပြင်ပေါ် အလင်းရောင် ဟိုတစ်စဒီစ ဖြာကျနေရင်း လွင်ပြင်ကျယ်မှာ လူလေးယောက်အရိပ် ထင်စေတယ်။ သူတို့ရဲ့ အရိပ်လေးခုဟာ ထီးတည်းရပ်လျက် ရှိပေမဲ့ တည်ကြည်ပြတ်သားတဲ့ စိတ်ဆုံးဖြတ်မှုတွေ ကိန်းဝပ်နေတယ်။
စုမင်ဟာ ဘေးက လေ့ချန်နဲ့အတူ တင်ပျဉ်ခွေ ထိုင်လျက်ရှိတယ်။ သူတို့ရှေ့မှာတော့ မျက်လုံးတွေ မှိတ်ထားတဲ့ နန့်စုန့်။ ရှန့်ဟန်ကတော့ တစ်စုံတစ်ရာကို တွေးတောရင်းနဲ့ မလှမ်းမကမ်းမှာ တစ်ယောက်တည်း ထိုင်နေတယ်။
"လေ့ချန် ... ငါ့နောက်မှာ လာထိုင်။ မင်းက စွမ်းအား သိပ်မရှိဘူး။ တိုက်ပွဲမှာလည်း သိပ်အကူအညီ ဖြစ်မှာမဟုတ်ဘူး။ မင်းရဲ့ ချီဓာတ်ကို ခဏငှားပေးပါ။ ဒီလိုမှသာ မင်းကိုပါ ငါကာကွယ် နိုင်လိမ့်မယ်”
နန့်စုန့်က ခပ်ဖြည်းဖြည်း ပြောတယ်။
လေ့ချန်က မတွေဝေဘူး။ ချက်ချင်း ထရပ်လို့ နန့်စုန့်အနောက်မှာ တင်ပျဉ်ခွေ သွားထိုင်တယ်။ နန့်စုန့် ဘာနည်းလမ်း သုံးမယ်ဆိုတာ သူတို့ မသိကြပေမဲ့ နှစ်ယောက်ကြားထဲမှာ အနီရောင် အလင်းတစ်စ ပေါ်ပေါက်လာပြီး နှစ်ယောက်လုံးကို ရစ်သိုင်းသွားတယ်။
အဲဒီနောက်မှာတော့ ဘယ်သူမှ ဘာမှ မပြောကြတော့ဘူး။ မဟူရာတောင်က လိုက်လံဖမ်းဆီး သူတွေ ရောက်လာချိန်ကို စောင့်ဆိုင်းနေကြတယ်။
စုမင်က တိတ်ဆိတ်စွာ ထိုင်နေပြီး ဒဏ်ရာမရထားတဲ့ ဘယ်ဘက်လက်က ညစ်ပတ် ပေရေနေတာတွေကို သန့်ရှင်းလိုက်တယ်။ လက်သန့်ရှင်းသွားတာနဲ့ ပုလင်းလေး တစ်လုံးကို ထုတ်ပြီး အနီရောင်ဆေးလုံးကို ယူလိုက်တယ်။ အဲဒီနောက် လက်ထဲမှာ ကိုင်ထားရင်း မျက်လုံးတွေကို မှိတ်ထားတော့တယ်။
လေးနာရီ ကြာမြင့်ခဲ့ပြီးနောက် ကောင်းကင်ပေါ်က လမင်းလည်း အလင်းလက်ဆုံး သာနေချိန်မှာ မျက်လုံးတွေ မှိတ်ထားတဲ့ စုမင်ဟာ သူ့ကိုယ်ထဲက ချီစွမ်းအင်တွေ ဆူပွက်လာတာကို ခံစား မိလိုက်တယ်။
"သူတို့ ရောက်လာကြပြီ”
နန့်စုန့် ပြောလိုက်တယ်။
စုမင် မျက်လုံးတွေကို ဖွင့်လိုက်ပါတော့တယ်။
***