အခန်း (၅၀၃-၅၀၄)
Vol. 48 Ch. 503-504
အခန်း (၅၀၃)။
ဟင်းလင်းပြင် လေဟာနယ် မုန်တိုင်းအတွင်း၌...
ကြီးမားလှသော ဥက္ကာခဲကြီးများသည် လေထဲတွင် ဝဲပျံနေကြ၏။ အချို့သော ဥက္ကာခဲများ မှာ မိုင်ပေါင်းဆယ်ချီ၊ ရာချီ၍ပင် ကျယ်ဝန်းလှသည်။ ၎င်းတို့သည် အဆုံးမရှိသော အဟုန် ဖြင့် လှည့်ပတ်နေကြပြီး တစ်ခုနှင့်တစ်ခု ထိခိုက်မိသည့်အခါတိုင်း ပြင်းထန်သော မီးပွားများနှင့် တောက်လောင်နေသော မီးလျှံများ ပွင့်ထွက်လာတတ်သည်။ လောင်ကျွမ်း နေသော ကျောက်ဆောင်များ၏ အငွေ့အသက်မှာ ‘တစ္ဆေအင်မော်တယ်’ တစ်ဦး၏ နှလုံးသားကိုပင် တုန်လှုပ်အေးခဲသွားစေနိုင်သည်အထိ ကြောက်မက်ဖွယ် ကောင်းလှပေ သည်။
ထိုဟင်းလင်းပြင် လေဟာနယ် မုန်တိုင်း၏ ကြမ်းတမ်းမှုများကြားတွင် ကြီးမားခမ်းနားလှ သော သူတော်စင်ပေါင်းစုံခန်းမကြီးသည် အရှိန်အဝါဖြင့် လွင့်မျောနေ၏။ ခန်းမဆောင်ကြီး ၏ ပတ်ပတ်လည်တွင် ရွှေရောင်အလင်းတန်းများ စီးဆင်းနေပြီး၊ ပြင်းထန်သော မှော်မန္တန် စွမ်းအင်လှိုင်းများက တစ်ရှိန်ရှိန်ဖြင့် ထွက်ပေါ်နေသည်။ အကြမ်းတမ်းဆုံးသော ဥက္ကာခဲ ကြီးများပင်လျှင် ထိုခန်းမဆောင်မှ ထွက်ပေါ်လာသော စွမ်းအားလှိုင်းများနှင့် ထိတွေ့မိပါ က ချက်ချင်းပင် ဖုန်မှုန့်များအဖြစ် ကြေမွပျက်စီးသွားရသည်။
အချို့သော ဥက္ကာခဲများအတွင်း၌ ထူးဆန်းသော နတ်ဘုရားသတ္တုများနှင့် ရှားပါးဆေးဖက် ဝင် အပင်များ ကိန်းအောင်းနေတတ်သည်။ ထိုအရာများကို ခန်းမဆောင်မှ ထွက်ပေါ်လာ သော ရွှေရောင်အလင်းတန်းများက တိုက်ရိုက် ရှာဖွေတွေ့ရှိကာ ခန်းမအတွင်းသို့ ဆွဲယူ စုဆောင်းနေကြသည်။
၎င်းမှာ ‘အနန္တရွှေဆေးလုံး ကလေးငယ်’ က သူတော်စင်ပေါင်းစုံခန်းမ၏ မှော်စွမ်းအား တစ်စိတ်တစ်ဒေသကို အသုံးပြုပြီး ဟင်းလင်းပြင် ဝဲဂယက်အတွင်းရှိ ဆေးဖက်ဝင် ပစ္စည်းများကို လိုက်လံ ရှာဖွေနေခြင်း ဖြစ်သည်။
ဆေးဖက်ဝင် ပစ္စည်းများထဲတွင် သတ္တုရိုင်းများသည်လည်း အလွန်အရေးပါသော အစိတ် အပိုင်းတစ်ခု ဖြစ်သည်။ အထူးသဖြင့် တာအိုပညာရှင်များ ဖော်စပ်သည့် ‘ရွှေအမြုတေ’ များတွင် ခဲ၊ ပြဒါး၊ ရွှေ၊ ငွေ၊ ကျောက်စိမ်း၊ မိကျောင်းကျောက်နှင့် မိုးတိမ်ကျောက် ကဲ့သို့သော သတ္တုရိုင်းများကို အဓိက အသုံးပြုကြသည်။
‘အနန္တရွှေဆေးလုံး ကလေးငယ်’ ကိုယ်တိုင်မှာလည်း ဆေးပေါင်း ထောင်သောင်းချီ၍ သန့်စင် ဖော်စပ်ထားသည့် ဆေးစွမ်းအင်များမှ သက်ဝင်နိုးထလာခြင်း ဖြစ်ရာ၊ သူသည် ဆေးဝါးမျိုးစုံကို အာရုံခံနိုင်စွမ်းတွင် အကျွမ်းကျင်ဆုံးသော ‘ဆေးဘုရင်’ များထက်ပင် များစွာ သာလွန်သည်။ ထို့ကြောင့် သူ့ကို အသုံးပြု၍ ဆေးဖက်ဝင် ပစ္စည်းများ စုဆောင်း ခြင်းမှာ မည်သူ့ထက်မဆို ပိုမို လျင်မြန်လှပေသည်။
သူတော်စင်ပေါင်းစုံခန်းမသည် ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်း အတွင်းသို့ ရောက်ရှိ သည်မှာ မကြာသေးသော်လည်း၊ ဆေးဝါးသိုလှောင်ရုံအတွင်း၌ ရှေးဟောင်း ရှားပါး ရွှေသတ္တုရိုင်း ဒါဇင်ပေါင်းများစွာ ရောက်ရှိနေပြီ ဖြစ်သည်။ ၎င်းတို့အားလုံးကို အသေးစိတ် အမှတ်သားပြု၍ အမျိုးအစားအလိုက် စနစ်တကျ ခွဲခြားသိုလှောင်ထားသည်။
အခြားအရာများကို ထည့်မတွက်လျှင်ပင်၊ ‘အနန္တရွှေဆေးလုံး ကလေးငယ်’ သည် ခန်းမဆောင်ကြီးကို ဂရုတစိုက် စောင့်ရှောက်နေသည့် လိမ္မာသော ကလေးတစ်ဦး ဖြစ်သည်မှာ အမှန်ပင်။
အထူးသဖြင့် မကြာသေးမီက ကျင့်ကြံနေစဉ်အတွင်း သူသည် စာကြည့်တိုက်ရှိ စာအုပ် အမြောက်အမြားကို ဖတ်ရှုခဲ့ရာ ဗဟုသုတများ ပိုမို ကြွယ်ဝလာပြီး၊ သူ၏ စိတ်ဓာတ်မှာ လည်း ပိုမို ထက်မြက် ရင့်ကျက်လာခဲ့သည်။
“မူလဝိညာဉ်နတ်ဘုရားက ငါတို့နောက်ကို ထပ်လိုက်လာဦးမှာလား။”
ယခုအချိန်တွင် မည်သူမျှ ‘အနန္တရွှေဆေးလုံး ကလေးငယ်’၏ လှုပ်ရှားမှုများကို သတိမပြု မိကြပေ။ ဟုန်ယွိနှင့် အခြားသူများသည် ရှေးဟောင်းနဂါးသင်္ချိုင်းမှ လွတ်မြောက်လာခဲ့ကြ ခြင်း ဖြစ်သော်လည်း၊ ထိုတိုက်ပွဲ၏ ကြောက်မက်ဖွယ်ရာများကို တွေးတောမိကာ ထိတ်လန့် တုန်လှုပ်နေဆဲပင်။ ဟုန်ယွိ ကိုယ်တိုင်ပင်လျှင် သေဘေးမှ သီသီလေး လွတ်မြောက်လာခဲ့သည်ဟု ခံစားနေရသည်။ မူလဝိညာဉ်နတ်ဘုရား၏ တန်ခိုးစွမ်းအား၊ ဖန်ဆင်းခြင်းသင်္ဘောကြီး၏ ကြီးကျယ်ခမ်းနားမှု၊ ‘ကြယ်စင်ဝိညာဉ်ပေါင်းစုံစွမ်းအင်’၊ ‘မိုးပြာရောင် မဟာစွမ်းအင်’ နှင့် ‘‘အလယ်ဗဟိုမြေဓာတ် ဟင်းလင်းပြင် မဟာစွမ်းအင်’’ တို့၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများမှာ ကမ္ဘာပျက်မတတ် ပြင်းထန်လှပေသည်။ ၎င်းတို့သည် ‘ဖန်ဆင်းရှင်’သခင် အဆင့်ရှိသူတို့၏ အံ့ဖွယ်စွမ်းရည်များကို အပြည့်အဝ သက်သေပြနေကြသည်။
ဟုန်ယွိသည် အကယ်၍ သူသာ ရှေးခေတ် သူတော်စင် ဧကရာဇ်ဖန်း၏ အသက်ဝိညာဉ်ဓား၊ ဗုဒ္ဓသင်္ကန်းတော်နှင့် ဇမ္ဗူမဟာအစီအရင်တို့အပေါ် အားမကိုးခဲ့ပါက အလွန် သနားစဖွယ် အခြေအနေသို့ ရောက်သွားနိုင်သည်ဟု တွေးမိသည်။ ယွမ်ရှန်းရှန်းနှင့် ကျန်ရှိသူများမှာမူ သေချာပေါက် သေကြေပျက်စီးသွားကြပေလိမ့်မည်။
သို့သော်လည်း ယခုအခါ သူတို့ ရရှိလိုက်သည့် အရာများမှာ များပြားလှပေသည်။
ဟုန်ယွိသည် နဂါးရေခဲတိုင် ၅၀၁ တိုင်ကို နတ်ဘုရားလက်နက် သို့မဟုတ် ချပ်ဝတ်တန်ဆာ များအဖြစ် သွန်းလုပ်ရန် မရည်ရွယ်သော်လည်း၊ ၎င်းတို့ကို သူတော်စင်ပေါင်းစုံ ခန်းမ ဆောင်အတွင်း ထားရှိခြင်းက အခြေခံအုတ်မြစ်ကို ပိုမို ခိုင်မာစေသည်။ နဂါးသွားဆန်မှာ လည်း အနှိုင်းမဲ့ ရတနာတစ်ခု ဖြစ်သည်။ ပို၍ အရေးကြီးသည်မှာ ဟုန်ယွိသည် ဖန်ဆင်းခြင်းသင်္ဘော၏ အံ့ဖွယ်များကို ကိုယ်တိုင် မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ ၎င်းနှစ်ခုကို နှိုင်းယှဉ်ကြည့်ခြင်းဖြင့် သူသည် သူတော်စင်ပေါင်းစုံခန်းမ၏ အနာဂတ် တည်ဆောက်ပုံကို ပိုမို ကောင်းမွန်စွာ နားလည်သဘောပေါက်လာခဲ့သည်။
“မူလဝိညာဉ်နတ်ဘုရားဟာ ‘ဖန်ဆင်းရှင်’ သခင်အဆင့်မှာ ရှိနေပြီ။ ဖရိုဖရဲ ကောင်းကင် အနှစ်သာရ အမြုတေတစ်ခု ဆုံးရှုံးလိုက်ရတာက ပြင်းထန်တဲ့ ဒဏ်ရာတစ်ခု ဖြစ်ပေမဲ့ သူ့ရဲ့ အခြေခံကိုတော့ မထိခိုက်စေနိုင်ဘူး။ ဒါ့အပြင် ငါတို့ အင်အားစုကြီး သုံးခုက တစ်ခုနဲ့တစ်ခု ထိန်းကျောင်းနေကြတာ။ အခုထိ ပေါ်မလာသေးတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ‘တိုင်ရှန် တာအိုဂိုဏ်းချုပ်’ လည်း ရှိသေးတယ်။ ဒါကြောင့် သူက ငါနဲ့ သေချာပေါက် အသေကြေ တိုက်ပွဲမျိုးကို ဆင်နွှဲဖို့ သတ္တိရှိမှာ မဟုတ်ဘူး။”
ဟုန်ယွိသည် ခန်းမဆောင်၏ ဗဟိုချက်သို့ ကြည့်လိုက်သည်။ ဖန်ဟွမ်အသက်ဝိညာဉ်ဓား မှာ မပြတ်တမ်း ဓားအလင်းတန်းများ ထုတ်လွှတ်ကာ သတ်ဖြတ်နေဆဲ ဖြစ်သည်။ ကျီရှန်းထျန်း၏ နတ်ဘုရားမှော်မန္တန်မှာလည်း အခွင့်အရေးကို ဆုပ်ကိုင်ကာ ဖရိုဖရဲ ကောင်းကင်အနှစ်သာရ အမြုတေ၏ နတ်ဘုရားတန်ခိုး စွမ်းအင်များကို စုပ်ယူ၍ သူမ၏ ခန္ဓာကိုယ်အတွင်း၌ ပြန်လည် သန့်စင်နေသည်။
တစ်ချိန်တည်းမှာပင် နဂါးရေခဲတိုင် ၅၀၁ တိုင်မှာ အစီအရင်တစ်ခုအဖြစ် တည်ရှိနေပြီး နေရာအနှံ့တွင် ထားရှိထားသည်။ သူတော်စင်ပေါင်းစုံခန်းမ၏ အရှိန်အဝါမှာလည်း ပိုမို မြင့်မားလာသည်။
ယခုအခါ ရှေးဟောင်းနဂါးသင်္ချိုင်းမှ အကြွင်းအကျန်အားလုံးမှာ ခွဲဝေပြီးသွားပြီဖြစ်ရာ တွန့်ဆုတ်နေစရာ မလိုတော့ပေ။ ဟုန်ယွိသည် မူလဝိညာဉ်နတ်ဘုရားနှင့် ဖန်ဆင်းခြင်း သင်္ဘောတို့ကြားက တိုက်ပွဲကို ဂရုမစိုက်တော့ဘဲ အလျင်အမြန် ထွက်ခွာခဲ့ခြင်း ဖြစ်သည်။
“အခု အရေးအကြီးဆုံးက မူလဝိညာဉ်နတ်ဘုရား၊ ဖန်ဆင်းခြင်းသင်္ဘော၊ နဂါးရေခဲတိုင် တွေ နဂါးသွားဆန်တွေ မဟုတ်ဘူး။ အဲဒါက ဖန်း၊ ဝမ်၊ ဝူနဲ့ ဆန်း မိသားစု ခေါင်းဆောင်ကြီး လေးဦးပဲ။” ရှဲ့ဝန်ယွမ်က လေးနက်စွာ စဉ်းစားရင်း ဆိုလိုက်သည်။
“မှန်တယ်၊ အဲဒီ မိသားစုခေါင်းဆောင်ကြီး လေးဦးဟာ ကျွန်တော့်လက်ထဲမှာ ရှိနေပေမဲ့ သူတို့ကို သတ်လို့လည်း မရသလို လွှတ်ပေးလို့လည်း မရဘူး။ တကယ်လို့ ကျွန်တော် သူတို့ကို သတ်လိုက်ရင် ဒီကိစ္စဟာ တစ်နေ့နေ့မှာ ပေါ်ပေါက်သွားလိမ့်မယ်။ အဲဒီအချိန်ကျ ရင် အထက်တန်လွှာ မိသားစုကြီး လေးခုက ပေါင်းစည်းသွားကြပြီး တခြားမိသားစုတွေကို ဆက်သွယ်ကာ ကျွန်တော့်ကို ဘုံရန်သူအဖြစ် သတ်မှတ်ကြလိမ့်မယ်။ ဒီလို အထက်တန်း စား မိသားစုကြီးတွေမှာ အစွမ်းထက် ပုဂ္ဂိုလ်တွေ ဘယ်လောက် ရှိနေမလဲ ဘယ်သူမှ မိသိနိုင်ဘူး။ အဲဒါအပြင် တော်ဝင်ချန် တော်ဝင်မိသားစုကပါ မီးလောင်ရာ လေပင့် လုပ်လာ မယ်ဆိုရင် ကျွန်တော်တို့ အကြီးအကျယ် ဆုံးရှုံးသွားလိမ့်မယ်။ ဒါပေမဲ့ သူတို့ကို မသတ်ဘဲ ပိတ်လှောင်ထားရင်လည်း သူတို့က ကလဲ့စားချေဖို့ ပိုပြီးကြိုးစားကြလိမ့်မယ်။ ဒါက တကယ်ကို ခက်ခဲတဲ့ ကိစ္စပဲ...”
ဟုန်ယွိက စဉ်းစားလိုက်သည်။
သူတို့ကို သတ်လို့မရ၊ ပိတ်လှောင်ထားလို့လည်း မဖြစ်၊ လွှတ်ပေးဖို့ဆို လုံးဝ မဖြစ်နိုင်ပေ။
“ပြန်ရောက်မှ ဒီကိစ္စကို ဆွေးနွေးကြတာပေါ့။ ကျွန်မတို့ သွားရမယ့်လမ်းက အဝေးကြီး ကျန်သေးတယ်။ ဟုန်ယွိရဲ့ အခုစွမ်းအားနဲ့ဆိုရင် မင်းကို ‘ဖန်ဆင်းရှင်’ သခင်တစ်ဦးနဲ့ တောင် နှိုင်းယှဉ်လို့ ရနေပြီ။ ဘယ်မိသားစုကြီးမဆို မင်းကို တိုက်ခိုက်ချင်တယ်ဆိုရင် သူတို့ အရင် စဉ်းစားရလိမ့်မယ်။” ယွမ်ရှန့်ရှန့်က ဆိုသည်။
“အရင်ဆုံး အနောက်ဘက်ဒေသကို သွားပြီး အင်အားတွေ ပြန်စုစည်းရအောင်၊ ပြီးမှ အေးအေးဆေးဆေး ဆွေးနွေးကြတာပေါ့” ဟုန်ယွိက ခေါင်းညိတ်လိုက်ပြီး “သူတော်စင် ပေါင်းစုံခန်းမ” ကို လှုံ့ဆော်ကာ ဟင်းလင်းပြင်ကို ထပ်မံ ဆွဲဖြဲလျက် လှိုင်းလေထန်ရာ လေဟာနယ်မုန်တိုင်းအရပ်မှ ထွက်ခွာပြီး မဟာချန်၏ အနောက်ဘက်ဒေသဆီသို့ ဦးတည် ပျံသန်းသွားတော့သည်။
….
ရှေးဟောင်းနဂါးသင်္ချိုင်းတွင်မူ ဟုန်ယွိ ထွက်ခွာသွားသည့် ခဏမှာပင် တိုက်ပွဲ ရပ်တန့်သွား သည်။
ရှေးဟောင်း ရာရှိုမွန်၏ အပြင်ဘက်တွင် မူလဝိညာဉ်နတ်ဘုရား၏ ကိုယ်ပွား ခုနစ်ခုသည် သူတို့၏ လက်များမှ အဖြူရောင် အလင်းတန်းများကို ဆက်တိုက် ထုတ်လွှတ်လျှက် ဖန်ဆင်းခြင်းသင်္ဘောထံမှ ကျဆင်းလာသော ‘အလယ်ဗဟို မြေဓာတ် အစစ်မှန် မဟာ စွမ်းအင်’ ကို ပိတ်ဆို့ခုခံနေသည်။
ထိုစဉ် ၎င်းတို့သည် ရုတ်တရက် ဟစ်ကြွေးလိုက်ကြသည်။
“အဂူဗန်ဒါ၊ အာဒါ၊ အာဒါ... မာရု မာရု... ယာနာဒါ...”
ရှေးဦးခေတ်ကမ္ဘာမှ လာဟန်ရှိသည့် ရှည်လျားပြီး နက်နဲလှသော မန္တန်ရွတ်ဆိုသံကြီးမှာ မူလဝိညာဉ် နတ်ဘုရား၏ပါးစပ်မှ ထွက်ပေါ်လာသည်။ ၎င်းမှာ မည်သည့်အဓိပ္ပာယ်၊ မည်သည့်ဘာသာစကား ဖြစ်သည်ကို မည်သူမျှ မသိနိုင်ပေ။ သို့သော် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး သဘာဝစွမ်းအင်များမှာ ချက်ချင်းပင် ပြင်းထန်စွာ လှုပ်ရှားလာ သည်။ အရပ်မျက်နှာ အနှံ့အပြားရှိ ဟင်းလင်းပြင် အတွင်းမှ မြေ၊ ရေ၊ လေ၊ မီး တို့၏ အသံများ ထွက်ပေါ်လာသည်။
ကမ္ဘာပေါင်းများစွာ တစ်ပြိုင်နက်တည်း ပျက်စီးသွားသကဲ့သို့ ခံစားရပြီး၊ မူလဝိညာဉ် နတ်ဘုရားသည် ထိုပျက်စီးသွားသော ကမ္ဘာများထံမှ ကြီးမားလှသော စွမ်းအင်အနှစ်သာရ များကို ထုတ်ယူသုံးစွဲလိုက်ခြင်း ဖြစ်ပုံပင်။
ဝုန်း…၊ ဝုန်း….
ကောင်းကင်ယံတွင် မူလဝိညာဉ်နတ်ဘုရားကို ဗဟိုပြု၍ ကြီးမားလှသော မှော်စွမ်းအား လှိုင်းကြီးတစ်ခု ပြန့်နှက်သွားသည်။
“ဘုံသုံးပါး နိဗ္ဗာန်”
အေးစက်ပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော အသံမှာ တစ်ဖန် ထွက်ပေါ်လာပြန် သည်။ အဆုံးမဲ့ မူလစွမ်းအင်များ၊ အစစ်မှန် စွမ်းအင်၊ မှော်စွမ်းအားနှင့် ကြယ်စင်စွမ်းအား များ ပေါင်းစပ်သွားပြီး၊ ပြင်းထန်သော လှိုင်းလုံးကြီးတစ်ခုအဖြစ် ဖွဲ့စည်းကာ ဖန်ဆင်းခြင်း သင်္ဘောကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။ ဖန်ဆင်းခြင်းသင်္ဘောမှာ ဤတိုက်ခိုက်မှု ကြောင့် မုန်တိုင်းထဲမှ သင်္ဘောတစ်စင်းကဲ့သို့ ထူးဆန်းစွာ ယိမ်းထိုးသွားတော့သည်။
သို့သော် နောက်တစ်ခဏတွင် ဖန်ဆင်းခြင်းသင်္ဘောမှာ တစ်ဖန် ပြန်လည် တည်ငြိမ်သွားခဲ့ သည်။
သို့သော် ထိုတခဏအတွင်းမှာပင် မူလဝိညာဉ်နတ်ဘုရားမှာ ရှေးဟောင်း ရာရှိုမွန်တံခါး အတွင်းသို့ ဝင်ရောက်သွားပြီ ဖြစ်သည်။ ထို့နောက် ကိုယ်ပွား ခုနစ်ခုစလုံး ပျောက်ကွယ် သွားပြီး ကောင်းကင်တွင် ဝဲပျံနေသော ကြီးမားလှသည့် ဖန်ဆင်းခြင်းသင်္ဘောကြီးသာ ထီးထီးကြီး ကျန်ရစ်ခဲ့တော့သည်။ ၎င်းသည် မည်သည့် ဘေးဒုက္ခကိုမဆို ကြံ့ကြံ့ခံနိုင်ပြီး၊ ထာဝရ မပျက်စီးနိုင်သော နတ်ဘုရား နန်းတော်ကြီးတစ်ခုအလား တည်ရှိနေသည်။
… …
“မူလဝိညာဉ် နတ်ဘုရားရဲ့ တာအိုမှော်စွမ်းက ဖန်ဆင်းခြင်း သင်္ဘောကြီးကိုတောင် လှုပ်ခါ သွားစေနိုင်လောက်အောင် အစွမ်းထက်တာပဲ။”
ဖန်ဆင်းခြင်းသင်္ဘော၏ အပေါ်ဆုံးထပ်ရှိ ခမ်းနားထည်ဝါသော နန်းတော်အတွင်း၌ ဟုန်ရွှန်ကျိသည် ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏ မျက်ခုံးနှစ်ခုကြားတွင် ရွှေရောင် အလင်းအစက်ကလေးတစ်ခုမှာ တဖျတ်ဖျတ် လင်းလက်နေပြီး မြင့်မြတ်သော နဂါးအရှိန်အဝါ တန်ခိုးများ ထွက်ပေါ်နေသည်။ ၎င်းမှာ ကောင်းကင်နဂါးဘုရင် နတ်ဘုရား ချပ်ဝတ်၏ တန်ခိုးအရှိန်အဝါပင် ဖြစ်သည်။
ယခုအချိန်တွင် သူသည် သင်္ဘောကြီး၏ လက်ရန်းကို ကိုင်လျက် အောက်ဘက်ရှိ တောင်တန်းများနှင့် မြစ်ချောင်းများကို ငုံ့ကြည့်နေသည်။
“သူဟာ ‘ဖန်ဆင်းရှင်’သခင်အဆင့် ကျွမ်းကျင်သူတစ်ယောက်ပဲ၊ သက်တမ်း ၅,၃၀၀ ရှိပြီဆို တော့ သူ့ရဲ့တာအိုနည်းစနစ်က ဒီလောက် အစွမ်းထက်နေတာဟာ သဘာဝကျပါတယ်။”
ဟုန်ရွှန်ကျိ၏ ဘေးတွင် ခန့်ညားလှသော ဧကရာဇ်တစ်ပါး ရပ်နေသည်။ သူသည် ပုလဲကြိုး များ ဆွဲချထားသော သရဖူကို ဆောင်းထားသဖြင့် မျက်နှာကို မမြင်ရသော်လည်း၊ သူ၏ အရပ်အမောင်းမှာ ဟုန်ရွှန်ကျိနှင့် တန်းတူနီးပါး ရှိနေသည်။
ထိုဧကရာဇ်၏ လေသံမှာ တည်ငြိမ်လှပြီး သူသည် တော်ဝင်ချန် ဧကရာဇ် ယန်ဖန်ပင် ဖြစ်သည်။ သို့သော် နန်းတွင်းရှိ ဧကရာဇ်နှင့် နှိုင်းယှဉ်ပါက ဤ ယန်ဖန်၏ အရှိန်အဝါမှာ ပိုမို ဆန်းကြယ်ပြီး နက်နဲလှသည်။
နန်းတွင်းရှိ ဧကရာဇ်မှာလည်း ဧကရာဇ်တစ်ပါး၏ အရှိန်အဝါနှင့် အာဏာစက် အပြည့်အဝ ရှိသော်လည်း၊ ဖန်ဆင်းခြင်းသင်္ဘောပေါ်ရှိ ယန်ဖန်နှင့် နှိုင်းယှဉ်ပါက ကွဲပြားမှုများ ရှိနေ သည်။ တစ်ဦးမှာ မြေအောက်ကမ္ဘာ၏ ငရဲဧကရာဇ်ဖြစ်ပြီး၊ တစ်ဦးမှာမူ ကောင်းကင်ဘုံ၏ မဟာဧကရာဇ် ဖြစ်သည်။ တစ်ဦးမှာ ‘ကိုး-ငါး’ အဆင့် အမြင့်ဆုံး ဖြစ်သော်လည်း၊ အခြား တစ်ဦးမှာမူ ‘ကိုး-ကိုး’ အဆင့် အမြင့်ဆုံးတွင် အနှိုင်းမဲ့ ဖြစ်နေခြင်းပင်။
ဤအချက်ကို ကြည့်ခြင်းဖြင့် နန်းတွင်းရှိ ဧကရာဇ်မှာ အစားထိုးထားသူတစ်ဦး ဖြစ်ကြောင်း သေချာလှပေသည်။ ‘တိုင်ရှန်တာအိုဂိုဏ်း’၏ လုပ်ကြံမှုများကို ရင်ဆိုင်နေရသော ဧကရာဇ် တစ်ပါးအနေဖြင့် မိမိအတွက် အစားထိုးတစ်ဦး ပြင်ဆင်မထားခြင်းမှာ မဖြစ်နိုင်ပေ။ သို့သော် အစားထိုးတစ်ဦးကပင် ဤမျှလောက်အထိ ဧကရာဇ်တစ်ပါး၏ အရှိန်အဝါ ရှိနေ ခြင်းမှာ အမှန်ပင် အံ့သြဖွယ်ကောင်းလှသည်။
“ရန်သူကို တိုက်ဖို့ဆိုရင် အရင်ဆုံး ပြည်တွင်းရေးကို ငြိမ်ဝပ်အောင် လုပ်ရမယ်လို့ ဆိုရိုးရှိ ပေမဲ့...” ဧကရာဇ် ယန်ဖန်၏ မျက်နှာတွင် မည်သည့် အမူအရာမျှ မရှိဘဲ၊ အစောပိုင်းက ကမ္ဘာပျက်မတတ် တိုက်ပွဲကြီးမှာ အိပ်မက်တစ်ခုအလားပင်။ “ဒါပေမဲ့, အခု ဟုန်ယွိက ကြီးပြင်းလာခဲ့ပြီ။ ရွှန်ကျိ... မင်း ဘာလို့ ခုနက အဲဒီလောက် ရက်ရက်စက်စက် လုပ်ခဲ့ရတာ လဲ၊ သူ့စိတ်နှလုံးထဲ တော်ဝင်နန်းတွင်းက လူမဆန်ဘူးလို့ မြင်သွားအောင် လုပ်လိုက်သလို ဖြစ်သွားခဲပြီ၊ နောင်ကျရင် သူ နန်းတွင်းကို ဆန့်ကျင်ဖို့ ခိုင်လုံတဲ့ အကြောင်းပြချက်တွေ ပိုရှိသွားလိမ့်မယ်။”
“ရှေးခေတ်ကတည်းက အောင်မြင်မှုနဲ့ ကျရှုံးမှုဆိုတာ ရှင်ခြင်း သေခြင်းပေါ်မှာပဲ ဆုံးဖြတ်ခဲ့ တာပါ။ အရှင်မင်းကြီးက ဘာလို့ ဒါကို စိုးရိမ်နေတာလဲ။” ဟုန်ရွှန်ကျိက တိုးညှင်းစွာ ဆိုလိုက်သည်။ “အရှင်မင်းကြီးလည်း ဒီကလေးရဲ့ အကြောင်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့ပြီးပြီလို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်။ သူနဲ့ ညှိနှိုင်းဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါ ဘူး။”
“ဒီကိစ္စဟာ မင်းတို့သားဖနှစ်ယောက်ကြားက ရန်ငြိုးပဲ။ ဟုန်ယွိရဲ့ ကိစ္စကို မင်းကိုယ်တိုင်ပဲ ကိုင်တွယ်သင့်တယ်။ ငါကိုယ်တော်မြတ် အနှောင့်အယှက် မပေးပါဘူး။” ဧကရာဇ်က ဆိုသည်။ “အဲဒီတုန်းက မင်းတို့သားအဖကြားက ရန်ငြိုးတွေကို ဖြေဖျက်ပေးဖို့ သူ့ကို ‘စကြဝဠာကျမ်းစာ’ နှစ်အုပ်နဲ့ ‘အနာဂတ်ကျမ်းစာ’ တွေ ပေးဖို့ ငါ ကတိပေးခဲ့ဖူးတယ်။ ဒါပေမဲ့ သူက လက်မခံခဲ့ဘူး။ အဲဒီတုန်းကမှ ငါကိုယ်တော်လည်း မင်းတို့သားဖကြားက ရန်ငြိုးတွေဟာ အရမ်းနက်ရှိုင်းနေမှန်း သိခဲ့ရတာ။။ မိသားစုတစ်ခုဟာ ကောင်းနေရင် ကောင်းကျိုး ခံစားရပြီး၊ မကောင်းရင်တော့ ဘေးဒုက္ခ ကြုံတွေ့ရတတ်တယ်။ အစေခံက အရှင်ကိုသတ်၊ သားက အဖေကိုသတ်ဆိုတာ တစ်ရက်တည်းနဲ့ ဖြစ်လာနိုင်တာ မဟုတ်ဘူး...”
“အရှင်မင်းကြီးရဲ့ စကားတွေက တကယ်ကို နက်နဲလှပါတယ်” ဟုန်ရွှန်ကျိ၏ မျက်လုံးများ မှာ ဝင်းလက်သွားသည်။ “ကိုယ့်အဖေကို ပြန်သတ်မယ့်သားမိုက်တွေ ရှိကောင်းရှိနိုင်ပေမဲ့၊ အစေခံက အရှင်သခင်ကို ပြန်သတ်မယ့်လူမျိုးတော် ကျွန်တော်မျိုးတို့ တော်ဝင်ချန်မှာ မရှိနိုင်ပါဘူး။”
“ငါကိုယ်တော် ခုနက ဟုန်ယွိ ရေးထားတဲ့ ‘ပြောင်းလဲခြင်းကျမ်း’ ထဲက ဟောကိန်းတချို့ကို ဖတ်ကြည့်လိုက်တယ်” ဧကရာဇ်က လက်ကို ဝေ့ယမ်းလိုက်ပြီး ဟုန်ရွှန်ကျိ၏ စကားကို တားဆီးလိုက်သည်။ “ဒီတစ်ခေါက် ငါတို့ ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်းထဲ လာပြီး ဖန်ဆင်းခြင်းသင်္ဘောကို အသက်သွင်းခဲ့ကြတယ်။ ရှေးဟောင်းနဂါးသင်္ချိုင်းကနေ နဂါးရေခဲ တိုင် ၅၀၀ ကို ရရှိခဲ့ပေမဲ့၊ အဖိုးတန်ဆုံးဖြစ်တဲ့ နဂါးသွားဆန် မျိုးစေ့နဲ့ စိုက်ပျိုးနည်းကိုတော့ မရရှိခဲ့ဘူး။ မြေယာဆိုတာ နိုင်ငံတစ်ခုရဲ့ အခြေခံအုတ်မြစ်ဖြစ်ပြီး၊ အစားအစာဆိုတာ လည်း အခြေခံအုတ်မြစ်ပဲ။ အဲဒီနှစ်ခုကလွဲရင် ကျန်တာတွေက ဒုတိယပဲ။ တကယ်လို့, ငါတို့သာ နဂါးသွားဆန်နဲ့ စိုက်ပျိုးနည်းကို ရရှိပြီး ‘ဧကရာဇ်ကောင်းကင် ကျောက်စိမ်း တံဆိပ်တော်’ ထဲမှာ စိုက်ပျိုးနိုင်ခဲ့ရင်၊ ငါတို့ တော်ဝင်ချန် တော်ဝင်မိသားစုဟာ ၃ နှစ် ကနေ ၅ နှစ်အတွင်း အဆပေါင်း ၁၀ ဆခန့် ပိုမို သန်မာလာလိမ့်မယ်။ တကယ်လို့ ငါတို့သာ နဂါးသွားဆန်ကို နေ့တိုင်း စားနိုင်မယ်ဆိုရင် ငါတို့ရဲ့ ကျင့်စဉ်ဟာ သေချာပေါက် တိုးတက် လာလိမ့်မယ်။ ကျွမ်းကျင်သူတစ်ယောက်ဟာ နဂါးသွားဆန်ကို ၂ နှစ် ကနေ ၃ နှစ်လောက် အထိ နေ့တိုင်းစားနေရရင် သူ့ရဲ့ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်ပြီး သိုင်းသူတော်စင် အဆင့် ကို သေချာပေါက် ရောက်နိုင်လိမ့်မယ်။”
မြေအနှစ်သာရ ဆေးတစ်လုံးက လူတစ်ယောက်ကို သိုင်းသူတော်စင်အဆင့်ကို ရောက်စေ နိုင်သော်လည်း၊ ဆေးလုံးကို ထမင်းစားသလို စားရန် မဖြစ်နိုင်ပေ။
အကယ်၍ လူတစ်ယောက် ထိုဆေးလုံးများကို တစ်နေ့ သုံးနပ်၊ ၃ နှစ်တိုင်တိုင် စားနိုင်မည် ဆိုလျှင်, ထိုရလာဘ်မှာ မှန်းဆ၍ပင် မရနိုင်တော့ပေ။ မုန့်ရှန်းကျီပင်လျှင် ထိုမျှအထိ အကုန်အကျ မခံနိုင်ပေ။ မည်သည့် ဆေးဖက်ဝင်အပင်ဖြစ်စေ အစားအစာဖြင့် အစား မထိုးနိုင်ပေ။
“နဂါးသွားဆန်... နဂါးသွားဆန်... ရှေးဦးခေတ် ကောင်းကင်နဂါးတွေရဲ့ အစားအစာပေါ့...” ဟုန်ရွှန်ကျိက သက်ပြင်းရှည်ကြီးကို ချလိုက်ပြီး ဆိုသည်။ “ဒီဆန်ရှိရင် ဝမ်မိသားစုရဲ့ ‘ဖီးနစ်မီးကျောက်ဆန်’ တောင် မယှဉ်နိုင်တော့ဘူး။ ကျွန်တော်မျိုးတို့ တော်ဝင်ချန် ကမ္ဘာကြီးဟာ အရမ်းကို တည်ငြိမ်နေခဲ့တယ်။ ဒါပေမယ့် အခုတော့ ဒါတွေဟာ မသိနားမ လည်တတ်တဲ့ ကလေးတစ်ယောက်ရဲ့ လက်ထဲကို ကျရောက်သွားခဲ့ပြီ။”
“ရွှန်ကျိ... မင်းလည်း အခု လူသားအင်မော်တယ် တစ်ဦး ဖြစ်နေပြီ၊ မင်းရဲ့ စွမ်းဆောင်ရည် က အတိုင်းအဆမဲ့နေပြီ။ မင်းအတွက်တော့ ရှားပါးတဲ့ ဂျင်ဆင်းတွေ၊ ဝိညာဉ်မှိုတွေက တောင် အညစ်အကြေးတွေ ဖြစ်နေပြီလေ။ ဖော်စပ်ထားတဲ့ အဆင့်မြင့် ဆေးလုံးအချို့မှာ လည်း ဆေးအဆိပ် အတောက်တွေ ပါနေတတ်လို့ အဓိက အစာအနေနဲ့လည်း စားလို့မရ ဘူး။ ဒီရှေးဦး နဂါးသွားဆန်တစ်ခုတည်းကပဲ မင်းနဲ့ သင့်တော်တယ်။ တကယ်လို့ မင်းသာ ဒီဆန်ကို ၃ နှစ် ကနေ ၅ နှစ်လောက် စားလိုက်ရရင် မင်းရဲ့ ခန္ဓာကိုယ်ဟာ ပိုတိုးတက်လာ ပြီး ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်အထိ ရောက်ရှိဖို့ အခွင့်အရေး ရှိလာလိမ့်မယ်။ မူလ က ငါတို့ဟာ ဒီကမ္ဘာငယ်လေးတွေထဲ လာခဲ့တာက ‘ယန်နတ်ဘုရား’ တွေရဲ့ အတွေးစကို ရှာဖွေဖို့ပဲ။ ဒါပေမဲ့ အခုတော့ သူ့ကို မဖမ်းနိုင်ခဲ့တော့ ဖန်ဆင်းခြင်းသင်္ဘောရဲ့ စွမ်းအင် အရင်းအမြစ် ဖြစ်မလာနိုင်တော့ဘူး။ ငါတို့လည်း ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်းရဲ့ ပိုနက်ရှိုင်းတဲ့ နေရာတွေအထိ ဆက်မသွားနိုင်တော့ဘူး” ဧကရာဇ် ယန်ဖန်က ဆိုသည်။
“ဒီနဂါးတိုင် ၅၀၀ ကို စစ်လက်နက် ချပ်ဝတ်တွေအဖြစ် သွန်းထုလိုက်ရင်၊ နဂါးသွားဆန် မရှိရင်တောင် ကျွန်တော်မျိုးတို့ တော်ဝင်ချန် တော်ဝင်မိသားစုရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို အများကြီး မြှင့်တင်ပေးနိုင်ပါလိမ့်မယ်။ အဆင့် ၆ မိုးကြိုးကပ်ဘေး ပညာရှင်တွေတောင် အဲဒီစစ်သည်တွေကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ ဒီချပ်ဝတ်တွေ သွန်းလုပ်ပြီးရင် ကျွန်တော်မျိုး ကိုယ်တိုင် စကြာဝဠာနဂါးအစောင့်တပ်ကို ဦးဆောင်ပြီး ‘ကျိုးထိုက်ကျူ’ ကို သတ်ဖြတ်ကာ တစ်လောကကြီး တုန်လှုပ်သွားအောင် လုပ်ဆောင်မယ်။” ဟုန်ရွှန်ကျိက ဆိုသည်။
“ဒါက ငါ မင်းကို လုပ်စေချင်တဲ့ အရာပဲ။ ဒီလောကထဲမှာ ရှိနေတဲ့ ကျွမ်းကျင်သူအချို့ကို ရှင်းလင်းပစ်ဖို့ လိုအပ်နေတာ အမှန်ပဲ။ ‘ကျိုးထိုက်ကျူ’ ကို ဖမ်းဆီးသတ်ဖြတ်ပြီး စံနမူနာ တစ်ခုအနေနဲ့ ထားရမယ်။ ဒီကိစ္စမှာ ‘ချီပြည်နယ် ချန်မိသားစု’ က ‘ပန်းချီသူတော်စင်’ ချန်ဇီမိုလည်း ပါဝင်နေတယ်။ ‘ချန်ဒေါင်ဇီ’က မင်းရဲ့ မိတ်ဆွေကောင်း တစ်ယောက်ဆို တော့ မင်းလည်း ငဲ့ညှာနေရမှာ မဟုတ်လား။” ဧကရာဇ်က မေးလိုက်သည်။
“ပန်းချီသူတော်စင်လား။ ဒီလောကကြီးမှာ သူတော်စင်တွေ ထပ်ရှိနေဖို့ မလိုအပ်တော့ပါ ဘူး။ အရှင်မင်းကြီး စိတ်ချပါ။ ချန်မိသားစုရဲ့ ဆန်မျိုးစေ့တွေက ‘ကျောက်စိမ်းပန်း ရနံ့မွှေး ဆန်’ တွေပါ။ ကျွန်တော်မျိုးက အဲဒီမျိုးစေ့တွေကို ရယူပြီး တော်ဝင်လယ်ကွင်းတွေကို ကြွယ်ဝအောင် လုပ်ချင်နေတာ ကြာပါပြီ” ဟုန်ရွှန်ကျိက ဆိုသည်။
“မဟုတ်ဘူး၊ အဲဒီဆန်မျိုးစေ့က မင်းအတွက်ပဲ။ ဟုန်ယွိက သူ့ပတ်ဝန်းကျင်မှာ အင်အား ကြီး အဖွဲ့စည်းတစ်ခု တည်ဆောက်ထားပြီးပြီဆိုတော့၊ မင်းရဲ့ဟုန်မိသားစုကိုလည်း တည်ဆောက်ထားဖို့ လိုအပ်နေပြီ” ဧကရာဇ် ယန်ဖန်က ပြောနေစဉ်မှာပင် သူ၏ မျက်ခုံးမှ တောက်ပသော အလင်းတန်းတစ်ခုက ဖန်ဆင်းခြင်းသင်္ဘော ပေါ်သို့ ကျရောက်သွားသည်။ ချက်ချင်းပင် ဖန်ဆင်းခြင်းသင်္ဘောကြီးမှာ ဝုန်းခနဲ မြည်ဟည်းသွားပြီး ဟင်းလင်းပြင်ကို ဖောက်ထွက်ကာ ပျောက်ကွယ်သွားတော့သည်။
အခန်း (၅၀၄)။
အနောက်ဘက်ဒေသ၊ သဲကန္တာရပြည်နယ် နယ်စပ်... ခံတပ်အတွင်း၌။
ဟုန်ယွိနှင့် အခြားသူများသည် နောက်ဆုံးတွင် သူတော်စင်ပေါင်းစုံခန်းမကို အသုံးပြုကာ ‘မဟာကမ္ဘာထဲ’ သို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။ လမ်းတစ်လျှောက်တွင်လည်း မည်သူကမျှ သူတို့ကို တားဆီးနိုင်ခြင်း မရှိခဲ့ပေ။
အနောက်ဘက်ဒေသ သဲကန္တာရနယ်စပ်သို့ ရောက်ရှိလာပြီးနောက် ဟုန်ယွိသည် ခံတပ် တစ်ခုသို့ အလျင်အမြန် သွားရောက်ခဲ့သည်။ အကြောင်းမှာ မုကလေးနှင့် အခြားသူများ သည် ထိုနေရာတွင် ကျင့်ကြံနေထိုင်ကြသောကြောင့် ဖြစ်သည်။ မုကလေးသည် “မဟာ မြေနတ်ဘုရား ငါးရောင်ခြယ်အလံ’ ကို အသုံးပြု၍ တစ္ဆေအင်မော်တယ် နယ်ပယ်သို့ ချိုးဖောက်ဝင်ရောက်နိုင်ခဲ့သော်လည်း သူမ၏ အခြေခံမှာ ခိုင်မာမှု မရှိသေးပေ။ သူမသည် စွမ်းအားများ ပိုမိုစုဆောင်းရန် လိုအပ်သဖြင့် သဲကန္တာရပြည်နယ်၌ပင် ဆက်လက် ကျင့်ကြံနေခဲ့ခြင်း ဖြစ်သည်။
…
“မုကလေး... မင်းရဲ့ကျင့်စဉ် အခြေအနေ ဘယ်လိုလဲ။ ကျန်တဲ့ ကျင်းရွှမ်အာ၊ ရှောင်ရှူး၊ ရှောင်ဆန်း၊ ရှောင်ဖေး... မင်းတို့ရော ကျင့်ကြံမှုအခြေအနေ ဘယ်လိုလဲ။”
ခံတပ်အတွင်းသို့ ဟုန်ယွိ လမ်းလျှောက်ဝင်လာသည်နှင့် မြေပြင်ပေါ်တွင် စတုရန်းပုံစံ အခိုင်အမာ ထိုင်နေသော ရွှေပင့်ကူကြီးကို တွေ့လိုက်ရသည်။ သူမသည် အသက်ကို ပြင်းပြင်းရှူသွင်း၊ ရှူထုတ် လုပ်နေပြီး ပြာလွင်သော အစွယ်နှစ်ချောင်းမှာလည်း ထွက်ပေါ် နေသည်။ သို့သော် ထိုအစွယ်များသည် ကြောက်မက်ဖွယ် မကောင်းလှဘဲ ချစ်စရာကောင်း သော ကျားပေါက်လေးတစ်ကောင်၏ အဆွယ်လေးများအလား ထင်မှတ်ရ၏။
ဟုန်ယွိ ဝင်လာသည်ကို မြင်သောအခါ ရွှေပင့်ကူကြီးမှာ ဝမ်းသာအားရ ကြွေးကြော်ပြီး ဟုန်ယွိ၏ ပခုံးပေါ်သို့ ခုန်တက်ကာ ဟိုဘက်ယိမ်း ဒီဘက်ယိမ်းဖြင့် အခိုင်အမာ ရပ်နေ လိုက်သည်။ ထို့နောက် သူမ၏ စိတ်ဝိညာဉ်မှာ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး ချစ်စရာ ကောင်းသော မိန်းမငယ်လေးတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။
ကျင့်ကြံနေကြသော ‘ရှောင်ရှူး’၊ ‘ရှောင်ဆန်း’ နှင့် ‘ရှောင်ဖေး’ ဟုခေါ်သည့် မြေခွေးမလေး သုံးဦးမှာလည်း ကျင့်ကြံခြင်းကို ရပ်တန့်ကာ သူတို့၏ စိတ်ဝိညာဉ်များကို ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်စေခဲ့သည်။
မြေခွေးမလေး သုံးဦးစလုံးမှာ ဖြူစင်သန့်ရှင်းသော ဝတ်စုံဖြူလေးများကို ဝတ်ဆင်ထားကြ ရာ သူဌေးသူကြွယ်ကြီးများ၏ သမီးတော်လေးများအလား ထင်မှတ်ရ၏။ သူတို့သည် ယဉ်ကျေးသိမ်မွေးပြီး ငြိမ်သက်အေးဆေးလှရာ ပညာရှင်ဆန်သော အရှိန်အဝါများ ရှိနေကြပြီး၊ ‘ဝိညာဉ်မြေခွေး အလှလေးများ’ ဟုပင် ခေါ်ဆိုထိုက်ပေသည်။ သူတို့သည် သဘာဝလွန် ဝတ္ထုများထဲမှ မြေခွေးမိန်းကလေးများနှင့် တစ်ပုံစံတည်းပင်။
“အစ်ကိုကြီးယွိ... အခုဆိုရင် ကျွန်မတို့ရဲ့ စိတ်ဝိညာဉ် စွမ်းအားက တော်တော်လေး သန်မာနေပါပြီ။ တစ္ဆေအင်မော်တယ်အဆင့်ကို ချိုးဖျက်နိုင်ဖို့လည်း ကြိုးစားနေကြပါ တယ်။ ဒါပေမဲ့ ကျွန်မတို့မှာ အခြေခံ အနှစ်သာရ စုဆောင်းမှု မလုံလောက်သေးဘူးလို့ အမြဲ ခံစားနေရတယ်။” ရှောင်ရှူးက တိုးညှင်းစွာ ပြောလိုက်သည်။
“ငါကတော့ နည်းနည်းလေးပဲ လိုတော့တာ။ သူတို့ထက် အများကြီး ပိုသန်မာတယ်နော်” ကျင်းရွှမ်အာက သူမ၏ အစွယ်များကို ထုတ်ပြကာ လက်သည်းများကို ဝေ့ယမ်းပြလိုက် သည်။ တစ်ချိန်တည်းမှာပင် သူမ၏ ဝကစ်ကစ် လက်ကလေးဖြင့် ဟုန်ယွိ၏ ပခုံးကို ပုတ်ကာ သူမ၏ တင်ပါးကို လှုပ်ယမ်းပြနေသည်။
“ကောင်းပြီ... ကျင်းရွှမ်အာ၊ မင်းဟာ တစ္ဆေအင်မော်တယ် အဆင့်ကို ချိုးဖောက်ဖို့ နီးစပ်နေ တာ အချိန် အတော်ကြာပြီ။ ဒါပေမဲ့ အခုထိ မချိုးဖောက်နိုင်သေးတာဟာ မင်းရဲ့ စိတ်ဓာတ် ပိုင်းဆိုင်ရာ လေ့ကျင့်မှု အားနည်းနေသေးလို့ပဲ။ ဒီတစ်ခေါက်တော့ ငါ့ရဲ့ သူတော်စင် ပေါင်းစုံခန်းမထဲ လိုက်ခဲ့ပြီး စာဖတ်တာနဲ့ လယ်ယာစိုက်ပျိုးရေ လုပ်ငန်းတွေကို ကူညီပေးရ မယ်။ မင်းရဲ့စိတ်ဓာတ်ပိုင်းကို ပိုမိုရင့်ကျက်အောင် အလုပ်ကြမ်းတချို့ လုပ်ပြီး လေ့ကျင့်ရ လိမ့်မယ်။”
ဟုန်ယွိက ထိုမိန်းကလေး ငါးဦးကို ကြည့်ကာ ပြုံးလိုက်သည်။ သူ၏ လက်ဖဝါးပေါ်တွင် သူတော်စင်ပေါင်းစုံခန်းမ ပေါ်ထွက်လာပြီး အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ သူတို့ ငါးဦးစလုံးကို အတွင်းသို့ ဆွဲယူသွားခဲ့သည်။
ထို့နောက် ဟုန်ယွိက လက်ကို ဝေ့ယမ်းလိုက်ရာ သူ၏ လူယုံနောက်လိုက်များ ဖြစ်ကြ သည့် နင်ဂျာဘုန်းတော်ကြီး၊ ချီဇီယန်၊ ရှန်ထိုက်ယန်နှင့် ရှန်ထိုက်ဇူတို့သည်လည်း သူတော်စင်ပေါင်းစုံခန်းမ အတွင်းသို့ ရောက်ရှိသွားကြသည်။ ကျယ်ပြောလှသော ကမ္ဘာ၊ ခမ်းနားလှသော နန်းတော်ကြီးနှင့် နတ်ဘုရားသားရဲများ၏ အရှိန်အဝါရှိသော နဂါးရေခဲ တိုင်ကြီးများမှာ လူတိုင်း၏ ရှေ့မှောက်တွင် ပေါ်ထွက်လာတော့သည်။
“ဟုန်ယွိ... မင်းရဲ့ တာအိုလမ်းတွေက တကယ်ကို အံ့မခန်းပါပဲ။” နင်ဂျာဘုန်းတော်ကြီးက ထိတ်လန့်တကြား ဆိုလိုက်သည်။ “ငါ ခုနကပဲ တရားထိုင်ပြီး သွေးစွမ်းအင်တွေကို လှည့်ပတ်နေတာ။ အဲဒီအချိန်က ငါ့ရဲ့စိတ်အာရုံဟာ အထက်မြက်ဆုံးနဲ့ အငွေ့အသက် သန်မာဆုံးအချိန်ပဲ။ ဘယ်တာအိုနည်းလမ်းကမှ ငါ့စိတ်ကို ကျူးကျော်လို့ မရသင့်ဘူး။ ဒါပေမဲ့ ဟုန်ယွိ... မင်းက ဘာအသံမှ မကြားရဘဲ ဝင်ရောက်လာပြီး မင်းရဲ့ စွမ်းအားနဲ့ ငါ့ကို ဖမ်းခေါ်လာခဲ့တာပဲ၊ ငါ့မှာ ခုခံဖို့ စိုးစဉ်းမျှတောင် အစွမ်းမရှိခဲ့ဘူး။ ဒါ... ဒါဟာ ဘယ်လောက်တောင် အစွမ်းထက်လိုက်သလဲ။ အလိုကောင်းကင်ဘုံ... မင်းက တည်နေရာ ရွေ့ပြောင်း တာအိုနည်းစနစ်ကို သုံးပြီး အထွက်အထိပ် ရောက်ခါနီး သိုင်းသူတော်စင် တစ်ယောက်ကို အလွယ်တကူ ဖမ်းခေါ်နိုင်တာလား...”
“အဲဒါက ဗုဒ္ဓလက်ဝါးရဲ့ ‘ဓမ္မတံဆိပ်တော် ၁၀ ပါး’ ကို ကျင့်ကြံပြီး နောက်ပိုင်း ကျွန်တော့်ရဲ့ စိတ်ဝိညာဉ် စွမ်းအားက ပိုသန်မာလာလို့ပါ။ ပြီးတော့ ကျွန်တော်က ဖန်ဟွမ်အသက် ဝိညာဉ်ဓားနဲ့လည်း ပေါင်းစည်းထားပြီးပြီ။ အခုဆိုရင် ကျွန်တော်က ‘ဖန်ဆင်းရှင်’သခင် ဖြစ်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ။ သိုင်းသူတော်စင် တစ်ယောက်ကို ဖမ်းခေါ်ဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ပါဘူး။ ဗုဒ္ဓလက်ဝါးရဲ့ ‘ဓမ္မတံဆိပ်တော် ၁၀ ပါး’ ဟာ မူလကတည်းက ဒိုင်ဇင်ဘုရားကျောင်းက ပိုင်တာပါ။ အခုတော့ ဒါကို ခင်ဗျားလက်ထဲ ပြန်အပ်ပါတယ်။ နောင်တစ်ချိန်မှာ ခင်ဗျား ဒိုင်ဇင်ဘုရားကျောင်းကို ပြန်လည် ထူထောင်ဖို့ ဒါကို အသုံးပြု ပါ။”
ဟုန်ယွိက လက်ကို ဝေ့ယမ်းလိုက်ရာ ခန်းမအတွင်းရှိ စာအုပ်စင်မှ ရွှေရောင်စာမျက်နှာ တစ်ခု ပျံထွက်လာပြီး နင်ဂျာဘုန်းတော်ကြီး၏ လက်ထဲသို့ ကျရောက်သွားသည်။ ၎င်းမှာ ပစ္စုပ္ပန်ဗုဒ္ဓကျမ်း၏ အနှစ်ချုပ် အခြေခံမူများပင် ဖြစ်သည်။
ဤအရာမှာ မူလကတည်းက ဒိုင်ဇင်ဘုရားကျောင်း ပိုင်ဆိုင်ခြင်း ဖြစ်ရာ နင်ဂျာဘုန်းတော် ကြီးထံသို့ ပြန်လည်ပေးအပ်ခြင်းမှာ သဘာဝကျလှပေသည်။
ယွမ်ရှန်းရှန်း အပါအဝင် ဘေးပတ်ဝန်းကျင်ရှိ လူအားလုံးသည် ဟုန်ယွိက ထိုကဲ့သို့သော အနှိုင်းမဲ့ လျှို့ဝှက်ကျမ်းစာကို အလွယ်တကူ ပေးအပ်လိုက်သည်ကို မြင်သောအခါ မျက်နှာ အမူအရာ အမျိုးမျိုး ဖြစ်သွားကြသည်။ သို့သော် သူတို့အားလုံးမှာ ဟုန်ယွိအပေါ်တွင် ခိုင်မာသော ယုံကြည်မှု ရှိနေကြသည်။ နဂါးသမီးတော်နှင့် အခြားသူများသည် ထိုစွမ်းအား ကို မြင်တွေ့ချင်ကြသော်လည်း သူတို့၏ စိတ်ဆန္ဒကို ထိန်းချုပ်လိုက်ကြသည်။
“ကောင်းပြီ... ငါတို့အားလုံး နဂါးသွားဆန်ကို အတူတူ စိုက်ပျိုးကြရအောင်။ ဒီမှာ မျိုးစေ့ ထောင်ပေါင်းများစွာ ရှိနေပြီး တစ်စေ့ချင်းစီက တကယ်ကို အဖိုးတန်လှတယ်။ ဒါ့အပြင် ဒီမျိုးစေ့တွေကို ပြင်ပကမ္ဘာမှာ စိုက်ပျိုးမယ်ဆိုရင် သတင်းတွေ ပေါက်ကြားသွားနိုင်တယ်။ သူတော်စင်ပေါင်းစုံခန်းမထဲမှာပဲ လယ်ကွင်းတွေ ဖော်ထုတ်ပြီး စိုက်ပျိုးမှ ဖြစ်မယ်။” ရှဲ့ဝန်ယွမ်က လေးနက်စွာ ဆိုလိုက်သည်။
လူတိုင်း၏ မျက်လုံးများက ‘မူလရေခဲတုံး’ အတွင်းရှိ နဂါးသွားဆန် မျိုးစေ့များဆီသို့ ရောက်ရှိသွားကြသည်။
ထိုအချိန်တွင် ‘မူလရေခဲတုံး’ ကို ဟုန်ယွိက ဇမ္ဗူမဟာအစီအရင်ကို အသုံးပြု၍ ဖွင့်လှစ် လိုက်ပြီ ဖြစ်သည်။ ‘မူလရေခဲ’ သည် သံမဏိထက် ပိုမိုခိုင်မာသော်လည်း အဆင့်မြင့် တာအို နည်းစနစ်တစ်ခုကို မည်သို့ တားဆီးနိုင်ပါမည်နည်း။
လက်ကို ဝေ့ယမ်းလိုက်ရာ သုံးပေ၊ သုံးလက်မနှင့် သုံးမူးခန့် ရှည်လျားသော၊ အဖိုးတန် ဓားတစ်စင်းနှင့် ဆင်တူလှသော ဆန်စေ့ကြီးတစ်ခုမှာ ဟုန်ယွိ၏ လက်ထဲသို့ ကျရောက် လာသည်။
ဤဆန်စေ့မှာ အလွန်လေးလံလှသည်။ ၎င်းသည် ဖြူစင်ဝင်းပနေသော်လည်း အခွံမပါ သော ဆန်သားသက်သက် မဟုတ်ပေ။ ဆင်စွယ်ရောင် အခွံမာတစ်ခုဖြင့် ဖုံးအုပ်ထားသည်။ ထိုအခွံပေါ်တွင် သစ်ပင်၏ နှစ်ပတ်ကွင်းများကဲ့သို့သော အလွှာများ ရှိနေသည်။ အခွံ၏ အတွင်းပိုင်းတွင်မူ မည်သည့် အညစ်အကြေးမျှ မရှိ၊ အဆီအနှစ်များဖြင့် ပြည့်နှက်နေသည့် ဖြူစင်သော ဆန်သား ရှိနေသည်။
“ဒါ... ဒါက နဂါးသွားဆန်လား။” နင်ဂျာဘုန်းတော်ကြီးမှာ နောက်တစ်ကြိမ် အံ့ဩဘနန်း ဖြစ်သွားရပြန်သည်။ ပစ္စုပ္ပန်ဗုဒ္ဓကျမ်းကို သိမ်းဆည်းပြီးနောက် သူ၏ မျက်လုံးများကို ပွတ်ကာ ကြည့်လိုက်သည်။ သူသည် ရှေးဟောင်းမှတ်တမ်းများထဲမှ အချက်အလက်များ ကို ပြန်လည် သတိရသွားဟန် တူသည်။
“နင်ဂျာဘုန်းတော်ကြီး... ခင်ဗျားဟာ အခုဆိုရင် အဆင့်မြင့် သိုင်းတာအိုနယ်ပယ်ကို ရောက်နေပြီ။ ဒါပေမဲ့ ပစ္စုပ္ပန်ဗုဒ္ဓကျမ်း ရှိနေရင်တောင် ခင်ဗျားအတွက် ‘လူသားအင်မော် တယ်’ အဆင့်ကို ရောက်ဖို့ ခက်ခဲနေလိမ့်ဦးမယ်။ ဒါက ခင်ဗျားရဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြဿနာပဲ။ ခင်ဗျား နေ့တိုင်းစားနေတဲ့ အစားအစာတွေက ဘယ်လောက်ပဲ ကောင်းမွန်နေ ပါစေ၊ သိုင်းသူတော်စင် တစ်ယောက်အတွက်တော့ ကြမ်းတမ်းလွန်းနေသေးတယ်။ ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရတွေကို စုပ်ယူပြီးတဲ့အခါ၊ ခင်ဗျားရဲ့ အစာအိမ်က အစားအစာထဲမှာပါတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပြီး ခန္ဓာကိုယ်ကို သန့်ရှင်းအောင် ထားဖို့အတွက် မူလစွမ်းအင်တွေကို အများကြီး သုံးစွဲနေရတယ်။ အဲဒါက သွေးသား အနှစ်သာရတွေကို ဖြုန်းတီးပစ်သလို ဖြစ်နေတာပဲ” ဟုန်ယွိက ရှင်းပြလိုက်သည်။ “ဒါပေမဲ့ ကျွန်တော်တို့ နဂါးသွားဆန်ကို စိုက်ပျိုးပြီးရင်တော့ အဲဒီလို အစားအသောက် ဆင်ခြင်နေ စရာ မလိုတော့ဘူး။ ရက်အနည်းငယ်ကြာတိုင်း အစာရှောင်နေစရာလည်း မလိုတော့ဘူး။ ကျွန်တော်ရဲ့ ခန္ဓာကိုယ်တောင် လိုအပ်တဲ့ စွမ်းအင်တွေကို ဖြည့်တင်းပြီး ‘လူသားအင်မော် တယ်’ အဆင့်ကို ရောက်ရှိနိုင်လိမ့်မယ်။”
သိုင်းသူတော်စင်များသည် ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများကို ရှင်းလင်းရန် မကြာ ခဏ အစာရှောင်ကြရသည်။ သိုင်းသူတော်စင် နယ်ပယ်သို့ ရောက်ရှိလာသူတစ်ဦးသည် အစားအသောက်ကို အလွန် ဂရုစိုက်ရသည်။ ဘုန်းတော်ကြီးယန်ယွဲ့၏ ဖော်ပြချက်အရ တစ်နေ့လျှင် ဆင်တစ်ကောင်စာမျှ စားသုံးပြီး နှစ်နာရီလျှင် တစ်ကြိမ် အညစ်အကြေး စွန့်ထုတ်ရသည်ဟူသည်မှာလည်း မတတ်သာ၍ လုပ်ဆောင်ရသော လိုအပ်ချက်တစ်ခုသာ ဖြစ်ပေသည်။
...
“နဂါးသွားဆန်ကို စိုက်ပျိုးဖို့အတွက် သာမန်မြေဆီလွှာကို သုံးလို့ မရဘူး။ အရင်ဆုံး ‘ငါးရောင်ခြယ် မြေဆီလွှာ’ ကို ဖော်စပ်ရမယ်၊ ပြီးတော့ ‘ကျောက်စိမ်းစိမ့်စမ်းရေ’ နဲ့ လောင်းပေးရမယ်၊ တစ်ချိန်တည်းမှာပဲ မိုးကြိုးစွမ်းအင်နဲ့ သက်ရှိစွမ်းအင်တွေကို ထိန်းချုပ် ပေးရမယ်၊ ပြီးတော့ နေနဲ့လရဲ့ အဆီအနှစ်တွေနဲ့လည်း အမြဲတမ်း ဟန်ချက်ညီအောင် ထိန်းညှိပေးရမယ်...” ရှဲ့ဝန်ယွမ်သည် စိုက်ပျိုးနည်းများ ပါဝင်သော လိပ်ခွံစာအုပ်များကို ထုတ်ယူကာ ရှေးဟောင်းစာလုံးများကို လက်ရှိစာဟန်ဖြင့် ပြန်ဆိုလိုက်သည်။ “ငါးရောင်ခြယ် မြေဆီလွှာ’ ဖော်စပ်နည်းနဲ့ ‘ကျောက်စိမ်းစိမ့်စမ်းရေ’ ဖော်စပ်နည်းတွေ ဒီစာအုပ်ထဲမှာ ပါပြီးသား။ မိုးကြိုးစွမ်းအင်ကို ထိန်းချုပ်ဖို့အတွက်ကတော့ အင်မော်တယ် ပစ္စည်းအဝါရောင်ကျောက်စိမ်းက လုပ်ဆောင်နိုင်တယ်။ ငါတို့အတွက် ပြဿနာ မရှိပါဘူး။ ကြားဖူးတာကတော့ ရှေးခေတ် ‘ကောင်းကင်နဂါး မျိုးနွယ်စု’ တွေဟာ နဂါးသွားဆန်ကို စိုက်ပျိုးဖို့အတွက် မိုးကြိုးကပ်ဘေး ဖြတ်ကျော်ပြီးသား တစ္ဆေအင်မော်တယ်တွေကို အမြောက်အမြား ဖမ်းဆီးပြီး လယ်လုပ်ခိုင်းခဲ့ကြသတဲ့...”
“ကောင်းပြီ... ဒါဆိုရင် ငါတို့ ‘ငါးရောင်ခြယ် မြေဆီလွှာ’ နဲ့ ‘ကျောက်စိမ်းစိမ့်စမ်းရေ’ ကို ဖော်စပ်ပြီး နဂါးသွားဆန်ကို စိုက်ပျိုးကြတာပေါ့။”
ဟုန်ယွိသည်လည်း လိပ်ခွံစာအုပ်များကို ယူကာ ဖတ်ရှုလိုက်သည်။ သူသည် အရေးကြီး သော အချက်များကို လျင်မြန်စွာ နားလည်သွားခဲ့သည်။ အချို့သောအရာများမှာ ရှုပ်ထွေး သော်လည်း၊ အတွေ့အကြုံများစွာ ရှိသော ဟုန်ယွိအတွက်တော့ ပြဿနာ မဟုတ်ပေ။
တစ်လတာ အချိန်ကာလမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ဟုန်ယွိနှင့် အခြားကျွမ်းကျင်သူများသည် သူတော်စင်ပေါင်းစုံခန်းမ အတွင်း၌ ‘ငါးရောင် ခြယ် မြေဆီလွှာ’ နှင့် ‘ကျောက်စိမ်းစိမ့်စမ်းရေ’ တို့ကို မနားမနေ ဖော်စပ်နေကြသည်။ ဟုန်ယွိသည် သူ၏ ကိုယ်ပွားကို မကြာခဏ အသုံးပြုကာ အင်မော်တယ်ပစ္စည်း အဝါရောင် ကျောက်စိမ်းမှတစ်ဆင့် ‘မိုးကြိုး၏ အစစ်မှန် စွမ်းအင်’ အကြိမ်ကြိမ် စုပ်ယူစေခဲ့သည်။
‘ငါးရောင်ခြယ် မြေဆီလွှာ’ ကို ဖော်စပ်ရန် ပစ္စည်းများစွာ လိုအပ်သော်လည်း ရှဲ့ဝန်ယွမ်၊ ယွမ်ရှန်းရှန်း၊ နဂါးသမီးတော်နှင့် အခြားသူများမှာ အဖိုးတန်ပစ္စည်းများ ကြွယ်ဝသော ကျွမ်းကျင်သူများ ဖြစ်ကြရာ ဆေးဖက်ဝင်အပင်များမှာ လုံလောက်စွာ ရှိနေကြသည်။
ကျွမ်းကျင်သူအနည်းငယ်၏ စုပေါင်းအားထုတ်မှုကြောင့် တစ်လအတွင်းမှာပင် သူတော်စင် ပေါင်းစုံခန်းမ အတွင်း၌ နေရာအသစ်တစ်ခု ထပ်မံ ပေါ်ထွက်လာခဲ့သည်။
ထိုဟင်းလင်းပြင်၏ ကောင်းကင်ယံတွင် နေမင်းအသေးစားလေး တစ်ခုအလား ထင်မှတ် ရသည့် ကြီးမားသော မီးစွမ်းအင်လုံးကြီးတစ်ခု ချိတ်ဆွဲထားသည်။ မြေပြင်ပေါ်တွင်မူ ၁၀ ဧကခန့် ကျယ်ဝန်းသော လယ်ကွင်းတစ်ခု ရှိနေသည်။
လယ်ကွင်းအတွင်းရှိ မြေဆီလွှာမှာ အရောင်ငါးမျိုး ဖြာထွက်နေပြီး လတ်ဆတ်သော မြေနံ့များ သင်းပျံ့နေသည်။ လယ်ကွင်း၏ ဘေးတွင်မူ ရေကန်ငယ်တစ်ခု ရှိနေပြီး ရေကန် အတွင်းရှိ ရေများမှာ နှစ်ပေါင်းသောင်းချီ သက်တမ်းရှိသော ‘နို့ကျောက်ရည်’ ကဲ့သို့၊ အရည်ပျော်နေသော ကျောက်စိမ်းရည်ကဲ့သို့ အလွန် စေးကပ်ကြည်လင်နေ၏။
နဂါးသွားဆန် စေ့များစွာကို လယ်ကွင်းထဲတွင် စိုက်ပျိုးထားရာ ၎င်းမှာ ‘ဓားသင်္ချိုင်း’ တစ်ခုနှင့်ပင် ဆင်တူနေတော့သည်။
ချန်ယင်းရှာသည် ကောင်းကင်ယံ၌ အင်မော်တယ်ပစ္စည်း အဝါရောင်ကျောက်စိမ်းကို အသုံးပြု၍ တာအိုနည်းစနစ်တစ်ခုကို ကျင့်သုံးနေသည်။ မည်းမှောင်နေသော တိမ်တိုက် များထဲတွင် မိုးကြိုးများ ပေါက်ကွဲနေပြီး ထိုမိုးကြိုးများထံမှ အသက်စွမ်းအင်များ ပျံ့နှံ့လာ သည်။
ဤအခိုက်အတန့်တွင် ချန်ယင်းရှာသည် မိုးကြိုးကို ထိန်းချုပ်ကာ မိုးတိမ်များကို စေခိုင်းပြီး အရာခပ်သိမ်းကို ရှင်သန်ကြီးထွားစေသော ရှေးဟောင်း နတ်ဘုရားမတစ်ပါးအလား ခန့်ညားလှပေသည်။
တစ်လကျော် အချိန်အတွင်းမှာပင် ချန်ယင်းရှာသည် မိုးကြိုးနှင့် လျှပ်စစ်ကို ထိန်းချုပ်ရာ၌ ပိုမို ကျွမ်းကျင်လာခဲ့သည်။ နဂါးသွားဆန်ကို စိုက်ပျိုးခြင်းသည် သူမအတွက် အတွေ့အကြုံ သစ်များစွာကို စုဆောင်းပေးခဲ့သည်။ တစ်ဖက်တွင်လည်း မုကလေးနှင့် အခြားသူများသည် လယ်ကွင်းထဲတွင် အလုပ်ရှုပ်နေကြပြီး စိုက်ပျိုးထားသော ဆန်စေ့တစ်စေ့ချင်းစီကို ဂရုတစိုက် ပြုစုရင်း ၎င်းတို့၏ နက်နဲသော လျှို့ဝှက်ချက်များကို ခံစားသိရှိနေကြသည်။ ၎င်းသည် သူတို့၏ တိုက်ခိုက်ရေးစွမ်းအားကို တိုက်ရိုက် မြှင့်တင်ပေးနိုင်ခြင်း မရှိသော် လည်း သူတို့၏ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာအတွက်မူ အလွန်ကြီးမားသော အခြေခံအုတ်မြစ် ဖြစ်စေသည်။
နဂါးသွားဆန်ကို အောင်မြင်စွာ စိုက်ပျိုးရိတ်သိမ်းနိုင်ပါက ၎င်းကို ပြုစုစောင့်ရှောက်သူ များသည် ကြီးမားသော ဆုလာဘ်များ ရရှိကြမည်မှာ မြင်သာလှသည်။ မြေခွေးမလေး သုံးဦးနှင့် ကျင်းရွှမ်အာတို့သည်ပင် တစ္ဆေအင်မော်တယ် နယ်ပယ်သို့ ချိုးဖောက် ဝင်ရောက် နိုင်ခြေ ရှိနေသည်။
နင်ဂျာဘုန်းတော်ကြီးမှာ ပြုံးပျော်နေပြီး ကျောက်စိမ်းပေါက်တူးလေးကို ကိုင်ကာ လယ်ကွင်းထဲတွင် ပေါက်တူးဆွနေသည်။ သူ၏ စိတ်နှလုံးမှာ မြေကြီးထဲက မျိုးစေ့များနှင့် ဆက်နွှယ်နေသကဲ့သို့ပင်။
“မျိုးစေ့ စုစုပေါင်း ကိုးရာကျော်ကို စိုက်ပျိုးပြီးပြီ။ မကြာခင်မှာ အမြစ်တွယ်ပြီး အပင် ပေါက်လာလိမ့်မယ်လို့ ငါ ထင်တယ်။ မင်းက မျိုးစေ့ ၁၀၀ ကို ချန်ထားခဲ့တာပဲ။ ဒီ နဂါးသွားဆန်ရဲ့ အရသာကို မြည်းစမ်းကြည့်ဖို့ ငါ တကယ်ကို မျှော်လင့်နေမိပြီ”
ရှေးဟောင်းနည်းလမ်းအတိုင်း စိုက်ပျိုးထားသော နဂါးသွားဆန်ကို ကြည့်ရင်း အောင်းလွမ် က စိတ်ဝင်တစား ပြောလိုက်သည်။ ရှေးဟောင်း ကောင်းကင်နဂါးများ၏ အစားအစာမှာ သူမကဲ့သို့ လူတစ်ပိုင်း နဂါးတစ်ပိုင်း ခန္ဓာကိုယ်အတွက် အလွန် ဆွဲဆောင်မှု ရှိလှပေသည်။
“စိုက်ပျိုးလို့ အောင်မြင်ပြီးမှ ဒါကို ပြောကြတာပေါ့။ တကယ်လို့ ငါတို့ စိုက်ပျိုးလို့ မအောင်မြင်ခဲ့ရင် ဒီချန်ထားတဲ့ မျိုးစေ့ ၁၀၀ ဟာ တကယ်ကို အဖိုးတန်လွန်းတယ်။” ရှဲ့ဝန်ယွမ်က ဆိုလိုက်သည်။ ထို့နောက် သူက ဟုန်ယွိကို ကြည့်ကာ “ငါတို့ မိသားစု ခေါင်းဆောင် လေးဦးအကြောင်းကို ဆွေးနွေးရမယ်။”
“အင်း... ဒါပေမဲ့ အပြင်မှာ နတ်ဘုရားတန်ခိုးရှင် ဘုရင်က ငါ့ကို ရှာနေပုံရတယ်။ ကျီရှန်းက ‘မူလစွမ်းအင်အမြုတေ’ ကို အခုထိ သန့်စင်လို့ မပြီးသေးဘူး ထင်တယ်။”
ခန်းမ၏ ဗဟိုချက်တွင် ဖရိုဖရဲ ဖြစ်နေသော ဥကြီးတစ်လုံးမှာ လည်ပတ်နေဆဲ ဖြစ်သည်။ ကျီရှန်းထျန်း၏ မှော်မန္တန်မှာ ၎င်းတွင် ကပ်နေသော်လည်း ဖရိုဖရဲ ကောင်းကင်အနှစ်သာရ အမြုတေ၏ စွမ်းအားမှာ လျော့နည်းသွားခြင်း မရှိပေ။ ၎င်းမှာ အဆုံးမရှိသကဲ့သို့ပင်။ ကျီရှန်းထျန်းသည် ၎င်းကို မည်သည့်အချိန်တွင် သန့်စင်ပြီးစီးမည်ကို မည်သူမျှ မသိနိုင်ပေ။
သို့သော် ၎င်းမှာ အချိန်ကိစ္စသာ ဖြစ်သည်။ စကားပြောနေရင်းမှာပင် ဟုန်ယွိသည် သူတော်စင်ပေါင်းစုံခန်းမထဲမှ ထွက်ခွာလာခဲ့ပြီး တောက်ပသော ခန်းမဆောင်တစ်ခုသို့ ရောက်ရှိလာသည်။
ထိုခန်းမအတွင်း၌ နတ်ဘုရားတန်ခိုးရှင် ဘုရင်ယန်တူးသည် ဟုန်ယွိကို စောင့်ဆိုင်း နေသကဲ့သို့ လက်ဖက်ရည် သောက်နေသည်။
ဟုန်ယွိ ရုတ်တရက် ပေါ်လာသည်ကို မြင်သောအခါ ယန်တူးက အံ့သြခြင်း မရှိဘဲ ပြောလိုက်သည်။ “ဟုန်ယွိ... မင်းဟာ တစ်နေ့ထက်တစ်နေ့ ပိုပြီး အစွမ်းထက်လာတာပဲ။ ပြီးခဲ့တဲ့ တစ်လလုံးလုံး မင်းဟာ နယ်စပ်မှာ နတ်ဘုရားလက်နက်တွေ သန့်စင်တာနဲ့ တာအို ကျင့်စဉ်တွေကိုပဲ အာရုံစိုက်နေခဲ့တာ။ နန်းတွင်းမှာ ဘယ်လောက်ကြီးမားတဲ့ ကိစ္စတွေ ဖြစ်ပျက်ခဲ့လဲဆိုတာ မင်းသိရဲ့လား။ ပြီးတော့ ငါ့ဇနီးရဲ့ ဆေးဖက်ဝင်အပင်တွေနဲ့ ဆေးညွှန်း တွေကလည်း အဆင်သင့် ဖြစ်နေပြီ။ အခုဆိုရင် မြေအနှစ်သာရဆေးလုံးနဲ့ ‘လူသား အနှစ်သာရဆေး’ တွေကို စတင် ဖော်စပ်ဖို့ အချိန်တန်ပြီ။”
“မင်းသားရဲ့ ခန္ဓာကိုယ်က သိုင်းသူတော်စင်ရဲ့ အထွက်အထိပ်မှာ ရှိနေတာပဲ။ ကံမကောင်း စွာနဲ့ စားသုံးဖို့ နတ်ဘုရားရတနာတွေ မရှိတာကြောင့် မင်းသားအနေနဲ့ အဓိက အစားအစာ အဖြစ် အသုံးပြုဖို့ ဆေးလုံးတွေကို အလျင်စပ် ဖော်စပ်ချင်နေတာပဲ” ဟုန်ယွိသည် ယန်တူး ၏ စကားကို ကြားသောအခါ ကြင်ယာတော် ‘ရှဲ့ဖင်းဖင်း’ နှင့် သူတို့ ပူးပေါင်းပြီး ဆေးလုံး ဖော်စပ်မည့်အကြောင်း ဆွေးနွေးခဲ့သည်ကို ပြန်လည် သတိရလိုက်သည်။
“ဒါပေါ့... ဒါပေမဲ့ ငါ သိချင်တာက မင်းရော နေ့တိုင်း ဘာတွေစားလဲ ဒိုင်ဇင်ဘုရားကျောင်း က ချန်ထားခဲ့တဲ့ ‘လန်ထျန်း ငွေမျှင်ဆန်’ လား။” ယန်တူးက မေးလိုက်သည်။ ("လန်ထျန်း" ဟူသည် "အပြာရောင် ကျောက်စိမ်းလယ်ကွင်း” ဟု အဓိပ္ပာယ်ရပါသည်။)
ဟုန်ယွိ၏ သူတော်စင်ပေါင်းစုံခန်းမထဲတွင် ဒိုင်ဇင်ဘုရားကျောင်းမှ ကျန်ရစ်သော ဆန်များ ကို သိုလှောင်ထားသည်မှာ အမှန်ပင်။ ၎င်းကို ‘လန်ထျန်း ငွေမျှင်ဆန်’ ဟု ခေါ်သည်။ ဆန်စေ့များမှာ ရှည်လျားပြီး ငွေရောင်လိုင်းလေးများ ပါဝင်သည်။ ၎င်းသည်လည်း ရှေးဟောင်း မျိုးစိတ်တစ်ခု ဖြစ်သော်လည်း နဂါးသွားဆန်နှင့် နှိုင်းယှဉ်ပါက အဆ ၁၀၀မက အားနည်းလှသည်။
“မင်းသားက ကျွန်တော့်အကြောင်းကို အတော်လေး သိနေတာပဲ” ဟုန်ယွိက ပြုံးလိုက် သည်။ ယန်တူးက သူ၏ သိုလှောင်ရုံထဲက အကြောင်းကို သိနေသည်ကို သူ သိသော်လည်း ဂရုမစိုက်ပေ။
“ဆေးလုံးဖော်စပ်ဖို့က မလောပါနဲ့ဦး။ အခု နန်းတွင်းမှာ ဘာတွေ ဖြစ်ပျက်ခဲ့လို့လဲ။” ဟုန်ယွိက မေးလိုက်သည်။
“ကြီးမားတဲ့ ကိစ္စ သုံးခု။” ယန်တူး၏ မျက်နှာမှာ လေးနက်သွားပြီး လက်ညှိုး သုံးချောင်းကို ထောင်ပြလိုက်သည်။ “ပထမတစ်ခုက... ဧကရာဇ်က ဘုရင်ခံတွေကို နိုင်ငံအနှံ့က မြေယာ တွေကို တိုင်းတာဖို့ အမိန့်ပေးလိုက်တယ်။ ဒုတိယက... တော်ဝင်ချန် တစ်နိုင်ငံလုံးက လူဦးရေစာရင်းကို စစ်ဆေးဖို့ အမိန့်ပေးလိုက်တယ်။ ဒီတစ်ခါမှာတော့ အထက်တန်းစား မိသားစုကြီးတွေကိုပါ အကုန်လုံး စစ်ဆေးရမယ်။ တတိယကတော့ အမှုကြီးတစ်ခုပဲ။ ‘ချီ’ ပြည်နယ်က ချန်မိသားစုဟာ တတိယမင်းသား ‘ကျိုး’ ရဲ့ ပုန်ကန်မှုမှာ ပါဝင် ပတ်သက်နေ တယ်ဆိုပြီး စွပ်စွဲခံရတယ်။ အခုဆိုရင် ချန်မိသားစုရဲ့ ‘ပန်းချီသူတော်စင်’ ချန်ဇီမိုကို ဖမ်းဆီးပြီး မြို့တော်ကို ခေါ်သွားပြီ။ ချန်မိသားစုကိုလည်း မြို့တော်က လာတဲ့ စစ်တပ်က ဝင်ရောက် စီးနင်းလိုက်ပြီ။ ‘ချီ’ ပြည်နယ် ဘုရင်ခံ ‘နျဲ့ယွမ်ကိုင်’ တောင်မှ ဒီကိစ္စကို ဘာမှ မသိလိုက်ရဘူး။”
“ဒီကိစ္စ သုံးခုစလုံးက သေးငယ်တဲ့ ကိစ္စတွေ မဟုတ်ဘူး၊” ဟုန်ယွိသည် ဤစကားကို ကြားသောအခါ မုန်တိုင်းတစ်ခု စတင်နေပြီဖြစ်ကြောင်း သိလိုက်သည်။ တော်ဝင်ချန် မိသားစုက ဤမျှ လျင်မြန်စွာ လှုပ်ရှားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“မြေယာတိုင်းတာတာနဲ့ လူဦးရေ စစ်ဆေးတာကတော့ ထင်သလောက် လွယ်မှာ မဟုတ်ဘူး။ ကျွန်တော်လည်း အခွန်ဝန်ကြီးဌာနက လူဦးရေ မှတ်တမ်းတွေကို လေ့လာဖူး တယ်။ နိုင်ငံမှာ လူဦးရေ သန်းတစ်ထောင် ရှိတယ်လို့ မှတ်တမ်းတင်ထားပေမဲ့၊ အဲဒီကိန်း ဂဏန်းက နိုင်ငံစတင် တည်ထောင်စဉ်က ကိန်းဂဏန်းပဲ။ အခုဆိုရင် အဲဒီထက် အများကြီး ပိုများနေပြီ။ အထက်တန်းစား မိသားစုကြီးတွေမှာ အစေခံတွေ ရှိတယ်၊ အစေခံတွေက သားသမီးတွေ ထပ်မွေးကြတယ်။ မိသားစုကြီးတွေမှာ အစေခံ ရာနဲ့ချီ ရှိသလို၊ ထိပ်တန်း မိသားစုတွေမှာဆိုရင် အစေခံ၊ လျှို့ဝှက်အစောင့်တပ်နဲ့ သိုင်းပညာရှင် သောင်းနဲ့ချီ ရှိနေ တာ။ အဲဒါတွေကို သူတို့က အစီရင်ခံမှာ မဟုတ်ဘူး၊ အခွန်လည်း ဆောင်မှာ မဟုတ်ဘူး။ ဒါကြောင့် နန်းတွင်းမှာ တိကျတဲ့ မှတ်တမ်းရှိမှာ မဟုတ်ဘူး။ ဒါဟာ ရှုပ်ထွေးနေတဲ့ စာရင်းတစ်ခုပဲ၊ ဘယ်မင်းဆက်ကမှ ဒါကို ရှင်းအောင် မလုပ်နိုင်ခဲ့ဘူး။”
ဟုန်ယွိက ဆိုလိုက်သည်။ သူသည် တော်ဝင်ချန် ပြည်သူတို့၏ လူမှုဘဝကို သေချာစွာ နားလည်ထားသူ ဖြစ်သည်။
ဝူဝမ်မြို့းစားစံအိမ်မှာတောင် လူဦးရေ ခုနစ်ရာ ရှိတယ်လို့ ဆိုပေမဲ့၊ အဲဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ က စာရင်းပဲ။ အခုဆိုရင် အစေခံတွေက သားသမီးတွေ မွေးလာကြပြီ။ သူတို့ ဟာ အိမ်တော်မှာပင် မွေးဖွားကြပြီး အိမ်တော်မှာပင် သေကြမည့်လူများ ဖြစ်သည်။ ထို့ကြောင့် လူဦးရေ နှစ်ထောင်အထိ ရှိနိုင်ကြောင်း ဟုန်ယွိ သိနေသည်။
အင်ပါယာ စာမေးပွဲ ကျင်းပချိန်မှာပင် အချို့သော မိသားစုဝင်များသည် အစေခံ ရာနှင့်ချီ ခေါ်လာကြသည်မှာလည်း အမှန်တရားပင်။ တော်ဝင်ချန်၏ သန်းခေါင်စာရင်း မှတ်တမ်းမှာ သန်းတစ်ထောင် ရှိသည်ဆိုသော်ငြားလည်း အကယ်၍, အသေချာ စစ်ဆေးမည်ဆိုလျှင်, ထိုအရေအတွက်ထက် နှစ်ဆလောက် ပိုများနေမည်မှာ အသေအချာပင်။
“ဒါက အစပဲ ရှိသေးတာ။ သူတို့က လူဦးရေ စစ်ဆေးတာကို အကြောင်းပြပြီး မိသားစုငယ် လေးတွေကို အရင် ရှင်းထုတ်နေတာ။ ဘာပဲဖြစ်ဖြစ် နန်းတွင်းကတော့ ဒီတစ်ခါ တကယ်ကို ပြတ်ပြတ်သားသား လုပ်မယ့်ပုံပဲ။ သူတို့က မင်းသားတချို့ကိုတောင် ပြည်နယ်အသီးသီးကို စစ်ဆေးဖို့ စေလွှတ်လိုက်ပြီ! မင်းသားယု၊ မင်းသားဟီ၊ အိမ်ရှေ့စံမင်းသားနဲ့ တခြား မင်းဆွေမင်းမျိုးတွေပါ ပါဝင်နေကြတယ်။” ယန်တူးက ဆက်ပြောပြသည်။