အခန်း (၅၀၇-၅၀၈)
Vol. 48 Ch. 507-508
အခန်း (၅၀၇)။
“မဒမ်ကျောက်လား။ အဲဒီမိန်းမယုတ်က ချင်ပြည်နယ်အထိတောင် ရောက်လာတာလား။ သူမက ရွှေကျောင်းကို ‘ချန်ပီယံမြို့စား’ နဲ့ လက်ထပ်ပေးချင်နေတာလား။ ကြည့်ရတာ သူမက တကယ့်ကို အကြံဆိုးတွေ ရှိနေတာပဲ။ ကံမကောင်းတာက... ငါရှိနေသရွေ့ ဒါကို ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ။”
ဟုန်ယွိသည် သူ့စိတ်အာရုံကို အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် ထိုလူများ၏ စကားသံကို အာရုံခံနိုင်လိုက်သည်။ သူ၏ အကြီးမားဆုံး ရန်သူဖြစ်သည့် မဒမ်ကျောက် ရောက်ရှိနေ သည်ကို သူ ချက်ချင်း သိလိုက်ရသည်။
တစ်ချိန်တည်းမှာပင် ဟုန်ယွိသည် ပတ်ဝန်းကျင်၌ အစွမ်းထက် အငွေ့အသက်အချို့ကို လည်း အာရုံခံမိသည်။ ထိုသူတို့မှာ မဒမ်ကျောက်ကို အမှောင်ထဲမှ ကာကွယ်ပေးနေသည့် ကျွမ်းကျင်သူများ ဖြစ်ပုံရသည်။ မဒမ်ကျောက်မှာ ဟုန်ရွှန်ကျိ၏ တရားဝင် ဇနီးဖြစ်ပြီး မြို့စားကတော်လည်း ဖြစ်ရာ သူမ၏ အဆင့်အတန်းမှာ ‘ယောင်ချင်ဟွေး’ ကဲ့သို့သော မယားငယ်များနှင့် နှိုင်းယှဉ်၍ မရပေ။ သူမကို လျှို့ဝှက်ကျွမ်းကျင်သူများစွာက ကာကွယ် စောင့်ရှောက်နေသည်မှာလည်း ထူးဆန်းသည့် ကိစ္စမဟုတ်ပေ။
“အခုလောလောဆယ် ငါ အလျင်စလို မလုပ်ရှားသင့်သေးဘူး။ အဲဒီမိန်းမယုတ်ကို ကလဲ့စားချေချင်တယ်ဆိုရင် အခုက အချိန်ကောင်း မဟုတ်သေးဘူး။ သူမကို လက်ဝါး တစ်ချက်နဲ့ ရိုက်သတ်ပစ်လိုက်တာက သူမအတွက် အရမ်း သက်သာလွန်းရာ ကျလိမ့်မယ်။ ဟုန်ရွှန်ကျိ ကျရှုံးသွားတာနဲ့ သူမရဲ့ ကျင့်ကြံမှုတွေ အကုန်ဖျက်ဆီးခံလိုက်ရတာကို သူမ ကိုယ်တိုင် မြင်သွားစေချင်တယ်။ သူမကို နာကျင်မှုနဲ့ မျှော်လင့်ချက်မဲ့မှုတွေကို ကိုယ်တိုင် ကိုယ်ကျ ခံစားစေချင်တယ်။ ကျောက်မိသားစုနဲ့ ဟုန်မိသားစုကို မျိုးဆက်အလိုက် ကျွန်ဖြစ်စေပြီး ဘယ်တော့မှ ပြန်မထူနိုင်အောင် လုပ်ပစ်မယ်။” ဟုန်ယွိက တွက်ချက်ရင်း သူ၏မျက်လုံးများ ဝင်းလက်သွားတော့သည်။ ထို့နောက် သူသိမ်းပိုက်ထားသော ‘ချန်ပီယံ မြို့စား’ ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။
တရှိန်ရှိန် ထိုးတက်လာသော သွေးစွမ်းအင်များ၊ တောက်ပနေသော အရိုးတွင်းခြင်ဆီများ နှင့် သံမဏိကြိုးထက် ဆယ်ဆမျှ ပိုမိုခိုင်မာလှသော ကြွက်သားများ၏ ခံစားချက်မှာ သူ၏ စိတ်ထဲ၌ ပေါ်ထွက်လာသည်။
‘ချန်ပီယံမြို့စား’ ၏ ‘လူသားအင်မော်တယ်’ ခန္ဓာကိုယ်မှာ ဟုန်ယွိ၏ အစစ်အမှန် ခန္ဓာကိုယ်ထက် ပိုမိုသန်မာပေသည်။
“ဒါဟာ သာမန်ခန္ဓာကိုယ်တစ်ခုကနေ ‘လူသားအင်မော်တယ်’ ဖြစ်အောင် ကျင့်ကြံတဲ့ အနေထားလား။ ဒါပေမဲ့ ဒါက ‘နတ်ဘုရားသန္ဓေ ကျောက်တုံး’ နဲ့ ယှဉ်ရင် ကောင်းကင်နဲ့ မြေကြီး ပေါင်းစပ်နိုင်တဲ့နေရာမှာ အာရုံခံနိုင်စွမ်း အားနည်းသေးတယ်။ ဒါဟာ မွေးရာပါ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်ကြောင့်ပဲ ဖြစ်ရမယ်။ ဒါကြောင့်လည်း ဟုန်ရွှန်ကျိက သူ့ရဲ့ မွေးရာပါ ရုပ်ခန္ဓာကိုယ်ကို မြှင့်တင်ချင်နေတာကိုး။ ဒါပေမဲ့ ငါ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်သာ ‘နဂါးသွားဆန်’ ကို ၃ နှစ်ကနေ ၅ နှစ်လောက်အထိ စားသုံးလိုက်မယ်ဆိုရင် အညစ်အကြေး တွေ အားလုံး ကင်းစင်သွားလိမ့်မယ်။ အဆီအနှစ် စွမ်းအင်တွေ စုဆောင်းမိသွားရင် သဘာဝအတိုင်း ‘လူသားအင်မော်တယ်’ ဖြစ်လာလိမ့်မယ်။ အထူးတလည် အားထုတ် နေစရာတောင် မလိုဘူး။”
‘ချန်ပီယံမြို့စား’ ၏ ခန္ဓာကိုယ်ကို သူ၏ အစစ်အမှန် ခန္ဓာကိုယ်၊ သူ၏ ‘လူသား အင်မော်တယ်’ ကိုယ်ပွားတို့နှင့် နှိုင်းယှဉ်ကြည့်ပြီးနောက်၊ ဟုန်ယွိသည် ခန္ဓာကိုယ် တည်ဆောက်ပုံ၏ လျှို့ဝှက်ချက်အချို့ကို နားလည်သွားခဲ့ပြီး သိုင်းတာအို၏ ခန္ဓာကိုယ် ကျင့်စဉ်အပေါ် အသိပညာများ ပိုမို ရရှိလာခဲ့သည်။
“ဟင်…၊ ဒါက ဘာလဲ… တော်ဝင်ချန်ဧကရာဇ်က ဒီတိရစ္ဆာန်နှစ်ကောင်ကို ချီးမြှင့်လိုက်တဲ့ လျှို့ဝှက်သိုင်းကျမ်း ကောင်းကင်ဘုံသေမင်းဘီးလား။”
ထို့နောက် ဟုန်ယွိသည် လျှို့ဝှက်ခန်းအတွင်းရှိ စားပွဲပေါ်တွင် အဝါရောင်ပိုးစဖြင့် တစ်ဝက် တစ်ပျက် ထုပ်ပိုးထားသော စာအုပ်တစ်အုပ်ကို မြင်လိုက်ရ၏။ ဤစာအုပ်ကို ရွှေရောင် အနားသတ်များ ပါရှိသော အရည်အသွေးမြင့် သိုးသားငယ်ရေစက္ကူဖြင့် ပြုလုပ်ထားသည်။ ၎င်းကို အမွှေးနံ့သာများဖြင့် မှိုင်းတိုက်ထားသဖြင့် သစ်ခွနံ့နှင့် ကတိုးနံ့များ သင်းပျံ့နေ၏။
မျက်နှာဖုံးပေါ်ရှိ လက်ရေးမှာ စက်ဝိုင်းတစ်ခုကဲ့သို့ ပြည့်စုံလှပေသည်။ ၎င်းကို ကြည့်လိုက် ရုံဖြင့် စာလုံးတစ်လုံးချင်းစီမှာ စကြဝဠာ၏ အလယ်ဗဟို၌ ချိတ်ဆွဲထားပြီး သက်ရှိ အားလုံး ၏ သေခြင်းရှင်ခြင်းကို ထိန်းချုပ်ထားသော စက်ဝန်းဘီးကြီးများအဖြစ် ပြောင်းလဲသွားသ ကဲ့သို့ ခံစားရသည်။
“ဟွန့်”
ထိုလက်ရေးကို မြင်လိုက်ရုံဖြင့် ၎င်းမှာ ဟုန်ရွှန်ကျိ ကိုယ်တိုင် ရေးသားထားခြင်း ဖြစ်ကြောင်း ဟုန်ယွိ သိလိုက်သည်။ ၎င်းမှာ တော်ဝင်စာကြည့်တိုက်တွင် သိမ်းဆည်းထား သော အနှိုင်းမဲ့ သိုင်းကျမ်းတစ်စောင် ဖြစ်သည်။
ဟုန်ယွိက လက်ဖြင့် လှမ်းကုတ်ဆွဲလိုက်ရာ စာအုပ်မှာ စားပွဲပေါ်မှ လွင့်ပျံလာပြီး သူ၏ လက်ဖဝါးထဲသို့ ရောက်ရှိလာသည်။ ၎င်းကို ထိတွေ့လိုက်သည့် ခဏမှာပင် ကျယ်ပြောလှ သည့် ‘သန့်စင်သော ယန်စွမ်းအင်’ ကို ခံစားလိုက်ရသည်။ စာသားများအကြားမှာ စိမ့်ဝင် နေသော အေးစက်လှသည့် သိုင်းဆန္ဒများမှာ သူ၏ စိတ်အာရုံကို ဖမ်းစားနေသကဲ့သို့ပင်။
“ကြည့်ရတာ ဟုန်ရွှန်ကျိဟာ သူ့ခွန်အားနဲ့ စိတ်စွမ်းအား အားလုံးကို သုံးပြီး ဒီစာအုပ်ကို ရေးသားခဲ့ပုံပဲ။ ဒါဟာ သိုင်းတာအိုရဲ့ အဆီအနှစ်တွေပဲ။ သူက တကယ့်ကို သစ္စာရှိပြီး ကိုယ့်အတွက်တောင် လျှို့ဝှက်ထားခဲ့ပုံမပေါ်ဘူး။ သူဟာ ဒါကို တော်ဝင်စာကြည့်တိုက်မှာ သိမ်းထားပြီး နှစ်ပေါင်း သောင်းချီအထိ အဓွန့်ရှည် တည်တံ့အောင် ပြင်ဆင်ထားတာ။ ဒါပေမဲ့ ဧကရာဇ်က ဒါကို အပြင်ကို ထုတ်ပေးလိုက်တာ သူ သိပါ့မလား။ ‘ချန်ပီယံမြို့စား’ရဲ့ လက်ထဲ ရောက်သွားတာကိုပေါ့။”
ဤစာအုပ်မှ ထွက်ပေါ်နေသော အငွေ့အသက် တစ်ခုတည်းကပင် ယင်စွမ်းအင်ပိုင်ရှင် တစ္ဆေအင်မော်တယ်များကို ဖရိုဖရဲ လွင့်စင်သွားစေရန် လုံလောက်သည်။
ယခင်က ဟုန်ရွှန်ကျိသည် ‘ဟုန်ရှီ’ ၏ “အကျဉ်းထောင်နှိမ်နှင်းခြင်း” ဆေဘာပေါ်တွင် သူ၏သွေးဖြင့် မှော်မန္တန်ရေးပေးခဲ့ရာ၊ ၎င်းမှာ ဟုန်ယွိ ‘မိုးကြိုးကပ်ဘေး’ တစ်ပိုင်း ကျင့်စဉ် အဆင့်တုန်းက သူ၏ ‘စစ်နတ်ဘုရား’ ကိုယ်ပွားကိုပင် မှုန့်မှုန့်ညက်ညက် ကြေမွသွားစေခဲ့ သည်။
သူ၏ စိတ်စွမ်းအား အားလုံးဖြင့် ရေးသားထားသော ကောင်းကင်ဘုံသေမင်းဘီး ကျမ်းဆို လျှင် ပြောနေရန်ပင် မလိုတော့ပေ။
သို့သော် ဟုန်ယွိမှာမူ ဂရုမစိုက်ပေ။ သူသည် ‘ဆဋ္ဌမအဆင့် မိုးကြိုးကပ်ဘေး’ ကျွမ်းကျင်သူ ဖြစ်သလို သူ၏ စိတ်ဝိညာဉ်မှာလည်း ‘ဖန်ဟွမ် အသက်ဝိညာဉ်ဓား’ နှင့် ပေါင်းစပ်ထား သည်။ အထွက်အထိပ် ‘လူသားအင်မော်တယ်’ ဖြစ်သော ‘စစ်နတ်ဘုရားရှန့်’ ပင်လျှင် သူ၏ အငွေ့အသက်ဖြင့် ဟုန်ယွိကို မတုန်လှုပ်စေနိုင်ရာ၊ ဟုန်ရွှန်ကျိ၏ စာအုပ်မှာလည်း သူ့ကို ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။
…
“ငါ ဒီကောင်းကင်ဘုံသေမင်းဘီးရဲ့ သိုင်းပညာတွေကို တစ်ချက်ကြည့်ချင်သေးတယ်။ ဘာတွေများ အဲဒီလောက် ထူးခြားလို့လဲ။”
သူသည် စာအုပ်ကို ပေါ့ပေါ့ပါးပါးပင် အသာအယာ လှန်လိုက်သည်။ ပထမဆုံး စာမျက်နှာ တွင် ရေးသားထားသည်မှာ - “သိုင်းပညာရှင်တစ်ဦး၏ လွှမ်းမိုးလိုသော စိတ်နှလုံးနှင့် ရုပ်ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုမှာ တာအိုနည်းစနစ်များ၏ နူးညံ့မှုနှင့် ကွဲပြား၏။ သို့သော် မာကြောမူက ကြာရှည်မခံပေ။ ထို့ကြောင့် သိုင်းပညာရှင်များသည် ဟင်းလင်းပြင်ကို ချိုးဖျက်နိုင်ခြင်း မရှိပါက ထာဝရအသက်ကို မရရှိနိုင်ပေ။ ၎င်းမှာ လမ်းဆုံး ဖြစ်သည်။ သို့သော် သိုင်းပညာ ကျင့်ကြံခြင်းသည် စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ပေါင်းစပ်ရခြင်း ဖြစ်သည်။ သန့်စင်သော ယန်သွေးသားစွမ်းအင်ကို အသုံးပြု၍ သန့်စင်သော ယင်ဝိညာဉ်ကို ထုဆစ်ရသည်မှာ တာအိုနည်းလမ်းများ၏ မိုးကြိုးကပ်ဘေးနှင့်ပင် တူညီသည်။ တာအို ကျင့်စဉ်တွင် မိုးကြိုးကပ်ဘေး ကိုးဆင့် ရှိသကဲ့သို့၊ သိုင်းပညာရှင်များတွင်လည်း ‘နှလုံးသား ကပ်ဘေး’ ကိုးဆင့် ရှိသည်။ ကောင်းကင်ဘုံသည်ဆိုသည်မှာ နတ်ဘုရားများပင် ဖြစ်သည်။ နတ်ဘုရားဆိုသည်မှာ အဘယ်နည်း။ တာအိုသည် တာအိုပင်။ တာအိုသည် နတ်ဘုရား ဖြစ်ပြီး၊ နတ်ဘုရားသည် တာအို ဖြစ်သည်။ သိုင်းပညာရှင်များသည် ကောင်းကင်ဘုံကို သူတို့၏ ကိုယ်ပိုင်နတ်ဘုရားများဖြင့် အစားထိုးသည်။ သူတို့သည် တာအို၏ အနှစ်သာရနှင့် သက်ရှိအားလုံး၏ သေခြင်းရှင်ခြင်းကို ထိန်းချုပ်သည်။ ထိုသူတို့ကို အနှိုင်းမဲ့ အုပ်စိုးရှင်များ ဟု ခေါ်သည်...”
စာအုပ်၏ အစပိုင်းမှာ စိတ်ပိုင်းဆိုင်ရာ ကျင့်စဉ်များနှင့် အယူအဆများအကြောင်း ဖြစ်သည်။ ၎င်းမှာ ဟုန်ယွိကို အတိုင်းအဆမဲ့သည့် လွှမ်းမိုးလိုသော ခံစားချက်ကို ပေးစွမ်း သည်။
“ဟွန်း၊ ဒါက မိစ္ဆာလမ်းစဉ်ပဲ။ လမ်းမှန် မဟုတ်ဘူး။” ဖတ်ပြီးနောက် ဟုန်ယွိက နှာခေါင်း တစ်ချက်ရှုံ့ကာ ဒုတိယစာမျက်နှာသို့ လှန်လိုက်သည်။
ဒုတိယစာမျက်နှာမှာ ပုံတစ်ပုံ ဖြစ်နေသည်။
ဤပုံကို မှင်ရည်ထူထူ စုတ်ချက်ဖျော့ဖျော့တို့ဖြင့် ရေးဆွဲထားသည်။ ၎င်းမှာ တိကျသော ပုံပန်းသဏ္ဌာန် မရှိဘဲ နောက်ခံပုံစံတစ်ခုသာ ဖြစ်နေသည်။
ထိုနောက်ခံမှာ ဗလာဖြစ်နေပြီး မှောင်မည်းနေ၏။ ၎င်းမှာ မဟာတာအိုများ ကိန်းအောင်း ရာ စကြဝဠာ၏ အလယ်ဗဟိုနှင့် တူလှပေသည်။
ဤနောက်ခံပုံ၏ စုတ်ချက်အနည်းငယ်ကို မြင်လိုက်ရုံဖြင့် ဟုန်ယွိသည် အတိုင်းအဆမဲ့ သော ကျယ်ပြောမှု၊ လျှို့ဝှက်ဆန်းကြယ်မှု၊ နက်ရှိုင်းမှု၊ ဗလာဖြစ်မှု၊ ရှုပ်ထွေးမှု၊ ဘေးဒုက္ခ၊ ဖန်ဆင်းခြင်း၊ မူလအစ၊ ပျက်စီးခြင်း၊ ထာဝရတည်မြဲခြင်း၊ သက်ရှိ၊ ငရဲဘုံ၊ သတ်ဖြတ်ခြင်း နှင့် ‘ပါရမီ’ စသည့် ခံစားချက်များစွာကို ရရှိလိုက်သည်။
“ကောင်းကင်ဘုံသေမင်းဘီးရဲ့ ရုပ်ပုံက ဘယ်မှာလဲ။ အမေ့ရဲ့ ဂူသင်္ချိုင်းရှေ့မှာ ဟုန်ရွှန်ကျိနဲ့ ငါတိုက်တုန်းက သူ့ရဲ့ သိုင်းဆန္ဒထဲမှာ ‘သေခြင်းရှင်ခြင်းစက်ဝန်းဘီး’ ပါခဲ့တာပဲ။ အခု ဒီလက်သီးကျမ်းထဲမှာ ဘာလို့ အဲဒီစက်ဝန်းဘီးပုံ မပါရတာလဲ။”
ဟုန်ယွိက ကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်ပြီး ပုံ၏အောက်ခြေရှိ စာကြောင်းလေးများ ကို ကြည့်လိုက်သည်။
“ကောင်းကင်ဘုံတိုင်းတွင် စက်ဝန်းဘီးရှိသော်လည်း၊ ကောင်းကင်ဘုံတိုင်းတွင် စက်ဝန်း ဘီး မရှိပေ။ စက်ဝန်းဘီးမရှိသော်လည်း စက်ဝန်းမရှိခြင်း မဟုတ်သဖြင့် ၎င်းကို ‘ဓမ္မ စက်ဝန်းဘီး’ ဟု ခေါ်ဆိုသည်။ ကောင်းကင်ဘုံသေမင်းဘီးကို ကျင့်ကြံသူတို့အတွက်... သူတို့၏ နှလုံးသားထဲတွင် စက်ဝန်းဘီးပုံသဏ္ဌာန် ရှိနေပါက ၎င်းမှာ အစစ်အမှန် ဓမ္မစက်ဝန်းဘီး မဟုတ်ပေ။ ဓမ္မစက်ဝန်းဘီးသည် စက်ဝန်းဘီး မရှိတော့မှသာ ၎င်းကို ဓမ္မစက်ဝန်းဘီးဟု ခေါ်ဆိုနိုင်သည်။ ပုံသဏ္ဌာန်မရှိ၊ စက်ဝန်းဘီးမရှိ။ နှလုံးသားသည် ကောင်းကင်ဘုံ ဖြစ်ပြီး၊ နှလုံးသားသည် နတ်ဘုရား ဖြစ်ကာ၊ နှလုံးသားသည် တာအို၏ လက်ကိုင် ဖြစ်သည်။ အစစ်အမှန် ဓမ္မစက်ဝန်းဘီးကို ရှာဖွေရန်... သွားကြလော့၊ သွားကြ လော့၊ သွားကြလော့၊ သွားကြလော့၊ သွားကြလော့။”
ဤစာသားလေးများမှာ အလွန်ပင် နက်နဲဆန်းကြယ်လှ၏။ ‘သွားကြလော့’ ဆိုသော စာလုံး ကို ကိုးလုံးတိတိ ရေးသားထားခြင်းမှာ ‘ပစ္စုပ္ပန်ဗုဒ္ဓကျမ်း’ ၏ အနှစ်သာရဖြစ်သော “ကြီးမြတ်လှ၏၊ ကြီးမြတ်လှ၏၊ သွားလော့၊ လွန်မြောက်လော့” ဆိုသော အယူအဆနှင့် ဆင်တူနေသည်။
“ဖြစ်နိုင်တာက ဟုန်ရွှန်ကျိက ဒီအဆင့်ကိုတောင် ထိတွေ့နေပြီလား။ စက်ဝန်းဘီပုံစံ မရှိတဲ့ အတွက် ဒီထူးဆန်းတဲ့ သတ္တဝါနှစ်ကောင်ဟာ စာအုပ်တစ်အုပ်လုံးကို ဖတ်ရင်တောင် အဆီအနှစ်ကို နားလည်နိုင်မှာ မဟုတ်ဘူး။ သူတို့ဟာ ပုံသေနည်းလမ်း မရှိတဲ့ နယ်ပယ်ကို နားလည်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ဒီကောင်းကင်ဘုံသေမင်းဘီးကျမ်းကို သင်နေတာ ဟာ သူတို့အတွက် အလကားပဲ။ ကြည့်ရတာ ဒီဟုန်ရွှန်ကျိဟာ တကယ့်ကို ထူးခြားတဲ့လူ ပဲ။”
ဟုန်ယွိက ပုံနှင့် အောက်ခြေက စာသားများကို ကြည့်လိုက်သည်။ ‘သွားလော့’ ဆိုသော စာလုံးကိုးလုံးမှာ သူ့ကို အတွေးနက်သွားစေပြီး သတိထားရမည့် ခံစားချက်တစ်ခု ချက်ချင်း ပေါ်ပေါက်လာစေသည်။
သို့သော် ခဏအကြာတွင် သူက ခပ်တိုးတိုး ရယ်မောလိုက်ပြီး - “စက်ဝန်းဘီးမရှိလို့ ဓမ္မစက်ဝန်းဘီးလို့ ခေါ်တယ်ဆိုမှတော့ ဘာလို့ အောက်ခြေမှာ စာသားတွေ ချန်ထားခဲ့ သေးတာလဲ။ ဒီပုံတစ်ပုံတည်း ရှိတာက ပိုမကောင်းဘူးလား။ ပိုပြီး လွတ်လပ်မနေဘူးလား။ ဓမ္မဆိုတာ ကမ်းတစ်ဖက်ကို ကူးပေးနိုင်တဲ့ လှေသင်္ဘောနဲ့တူတယ်။ ကမ်းပေါ်ရောက်ပြီဆို ရင် လှေသင်္ဘောကို ထားခဲ့ရမှာပဲ။ ဟွန်း၊ မောက်မာသူတစ်ယောက်က တာအို အကြောင်း ပြောဖို့ မထိုက်တန်ပါဘူး။ အမြင်အာရုံ ပိတ်ဆို့ထားတဲ့ သူတစ်ယောက်ဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ ကျယ်ပြောမှုကို မမြင်နိုင်ဘူး။”
သူ၏ စိတ်ထဲတွင် သတိထားနေသော်လည်း ဟုန်ယွိ၏ ယုံကြည်မှုမှာမူ အထွတ်အထိပ်သို့ ရောက်နေသည်။
သူ၏ လက်ရှိ အသိပညာမှာ ဟုန်ရွှန်ကျိထက် မနိမ့်ကျတော့ပေ။ ‘ပြောင်းလဲခြင်းကျမ်း’ ကို နားလည်လာခြင်းက သူ၏ အသိဉာဏ်ကို တိုးတက်စေခဲ့သည်။ အကယ်၍ ‘ပြောင်းလဲခြင်း ကျမ်း’ ကိုသာ အောင်မြင်စွာ ပြုစုနိုင်ခဲ့လျှင် သူ၏ ဉာဏ်ပညာမှာ အတိုင်းအဆမရှိသော ကံကြမ္မာပင်လယ်ပြင်ကြီးကဲ့သို့ ကျယ်ပြောလာပေလိမ့်မည်။
ပထမစာမျက်နှာမှ အခြေခံမူများနှင့် ဒုတိယစာမျက်နှာမှ ပုံများကို ကြည့်ပြီးနောက်၊ တတိယစာမျက်နှာမှာမူ သိုင်းကွက်များဖြင့် ပြည့်နှက်နေ၏။ ကိုယ်ဖော့သိုင်းပညာ၊ ခြေလှမ်းနည်းစနစ်များနှင့် လက်သီးသိုင်းပုံစံပေါင်း များစွာ ပါဝင်နေသည်။
လက်သီးသိုင်းပုံစံ ထောင်ပေါင်းများစွာ ရှိနေပြီး ‘ကြာပန်းတစ်ထောင်’၊ ‘ကောင်းကင်ဘုံ ညီမျှခြင်းဘီး’ စသည်တို့အပြင်၊ တိုင်ရှန်တာအိုဂိုဏ်း၏ အနှိုင်းမဲ့ လှုပ်ရှားမှု ကိုယ်ဖော့ပညာ ဖြစ်သော လျှပ်တပြက်အလင်းရိပ်ဖြတ်သန်းခြင်းနှင့် ဟုန်ရွှန်ကျိ၏ ကိုယ်ပိုင် နည်းစနစ်များ ပေါင်းစပ်ထားသည်ကို တွေ့ရသည်။ ဟုန်ယွိသည် ၎င်းတို့ထဲတွင် ‘ဖန်ဆင်းခြင်းတာအို’၏ သိုင်းပညာ အရိပ်အယောင်များကိုပင် မြင်တွေ့နေရသည်။
ဟုန်ရွှန်ကျိ၏ ကောင်းကင်ဘုံသေမင်းဘီးမှာ သိုင်းပညာများ၏ အထွတ်အထိပ်ဟု ဆိုနိုင် သည်။ သို့သော် ဟုန်ယွိက ခဏမျှသာ ကြည့်ပြီးနောက် စာအုပ်ကို သိမ်းလိုက်သည်။ “ဒီစာအုပ်ထဲက ပုံတွေဟာ တိုင်ရှန်တာအိုဂိုဏ်းရဲ့ စကြဝဠာကျမ်းနှစ်စောင်နဲ့ သိုင်းပညာ မျိုးစုံကို ပေါင်းစပ်ထားတာပဲ။ တစ်နေ့ကျရင် ငါ ဒါကို ‘ဆုမူ’ ရဲ့ လက်ထဲ ထည့်ပေးပြီး တိုင်ရှန်တာအိုဂိုဏ်းကို ပြန်ပေးရမယ်။ ဒါဟာ ငါ့အမေရဲ့ ဆန္ဒအချို့ကို ဖြည့်ဆည်းပေးရာ လည်း ရောက်ပါတယ်။ ငါ ‘စကြဝဠာကျမ်းနှစ်စောင်’ ကို အမှန်တကယ် ရရှိပြီး ဆုမူကို ပြန်ပေးပြီးရင် တိုင်ရှန်တာအိုဂိုဏ်းနဲ့ ငါ့ကြားက ကျေးဇူးတရားတွေ ကင်းစင်သွားလိမ့်မယ်။ အဲဒီအခါမှာမှ ဆုမူက ငါ့ကို ဆက်ပြီး ဆန့်ကျင်နေဦးမယ်ဆိုရင်တော့ သူမကို ဖမ်းဆီးရုံပဲ ရှိတော့မယ်။ အဲဒီအချိန်ကျရင်တော့ ငါလည်း ပန်းတစ်ပွင့်ကို ရက်စက်ရတော့မှာပဲ။”
…
ကောင်းကင်ဘုံသေမင်းဘီးကျမ်းကို သိမ်းပြီးနောက်၊ ဟုန်ယွိက လက်ကို ဝေ့ယမ်းလိုက်ရာ သူ၏ လက်ဖဝါးထဲတွင် လူသေးသေးနှစ်ဦး ပေါ်ထွက်လာသည်။ ထိုသူတို့မှာ ‘ကျုံးဟန်’ နှင့် မဟူရာဝံပုလွေဘုရင်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသော ဂြိုဟ်သား မိစ္ဆာသတ္တဝါတို့ ဖြစ်သည်။
ဤလူနှစ်ဦးသည် ရှေးဦးကာလက ပျောက်ကွယ်သွားပြီဖြစ်သော ‘ကျုံးဟန်တာအို’ ၏ တာအိုနည်းစနစ်များကို ကျင့်ကြံထားကြသူများ ဖြစ်သည်။ (‘ကျုံးဟန်တာအို’ ဟူသည် “ဒေါင်လိုက်နှင့် အလျားလိုက် လမ်းစဉ်” ဟု အဓိပ္ပာယ်ရသည်။ ၎င်းသည် စကြဝဠာ၏ အရပ်မျက်နှာအနှံ့၊ အနိမ့်အမြင့်နှင့် အကျယ်အဝန်းအားလုံးကို လွှမ်းမိုးခြင်း သို့မဟုတ် ဖြတ်သန်းသွားလာခြင်းကို ရည်ညွှန်းပါသည်။ နောက်ပိုင်းများတွင် ဖတ်ရအဆင်ပြေစေရန် ဖြတ်သန်းခြင်းတာအို သို့မဟုတ် ကျုံးဟန်တာအိုဟုသာ ပြန်ဆိုပါမည်။)
ရှေးယခင်က ပညာရပ်ပေါင်းစုံ ထွန်းကားခဲ့သည့် ‘တွေးခေါ်ကျောင်းပေါင်းတစ်ရာ’ အကြား တွင် ထင်ရှားခဲ့သော ဖြတ်သန်းခြင်းကျောင်းတော်ဆိုသည်မှာလည်း ဤဖြတ်သန်းခြင်း တာအို၏ နက်နဲသိမ်မွေ့လှသော သဘောတရားအချို့ကို အခြေခံ၍ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ပေသည်။”
“ဒီလူနှစ်ယောက်ဟာ ‘ကောင်းကင်အပြင်ပနယ်မြေ’ ထဲက အမည်မသိ ကမ္ဘာတစ်ခုကနေ လာကြတာပဲ။ ဒါဟာ ရှေးဦးခေတ်က မဟာနတ်ဘုရားကြီးတွေ ချန်ထားခဲ့တဲ့ အမွေအနှစ် လား၊ ‘ချန်ပီယံမြို့စား’ နဲ့ကော ဘာတွေ ပတ်သက်နေလဲ။ ချန်ပီယံမြို့စားဟာ လူသား တာအိုရဲ့ နှစ်ပေါင်းထောင်ချီ ပြောင်းလဲမှုတွေကို ကြိုသိနေပေမဲ့၊ ဒီလူနှစ်ယောက်ကတော့ အဲဒီလောက်အထိ သိပုံမရဘူး။ ကောင်းကင်အပြင်ဘက်နယ်မြေမှာ မတူညီတဲ့ ကမ္ဘာတွေ အများကြီး ရှိနေမလား။ ဖွံ့ဖြိုးတိုးတက်မှုတွေကရော မတူကြဘူးလား။ ဒီလူနှစ်ယောက်ရဲ့ တာအိုနည်းစနစ်တွေက သာမန်ပါပဲ၊ ဒါပေမဲ့ သူတို့က ‘လူသားအင်မော်တယ်’ တွေနဲ့ ‘တစ္ဆေအင်မော်တယ်’ တွေရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်နိုင်ကြတယ်။ သူတို့နောက်မှာ ‘ဖန်ဆင်းရှင်’သခင် အဆင့် မဟာနတ်ဘုရားတွေရဲ့ အကူအညီ ရှိရမယ်။ မုန့်ရှန်းကျီ၊ မူလဝိညာဉ်နတ်ဘုရား’ တို့အပြင် တတိယမြောက် ‘ဖန်ဆင်းရှင်’ သခင်တစ်ဦး ရှိနေပြီ လား။”
ရှေးဦးခေတ်တုန်းက ယန်နတ်ဘုရားအဆင့် ကျွမ်းကျင်သူများစွာ ရှိခဲ့သလို ‘ဖန်ဆင်းရှင်’ သခင်အဆင့်များလည်း မရှားပါးခဲ့ပေ။ သို့သော် ယခုအခါတွင်မူ အလွန်နည်းပါးသွားခဲ့ပြီ ဖြစ်သည်။ ယန်နတ်ဘုရားများ ပျောက်ကွယ်သွားကြပြီ ဖြစ်သလို ‘ဖန်ဆင်းရှင်’ သခင်များ မှာလည်း ပျောက်ကွယ်လုနီးပါး ဖြစ်ကာ နှစ်ဦးခန့်သာ ကျန်ရှိတော့သည်။
ယခုအခါ ဟုန်ယွိ၊ ယန်ဖန်နှင့် ‘ဆဋ္ဌမအဆင့် မိုးကြိုးကပ်ဘေး’ မှာ ရပ်တန့်နေသည့် မသေနိုင်သေးသော အဖိုးကြီးများစွာသည် ‘ဖန်ဆင်းရှင်’ နယ်ပယ်သို့ ချိုးဖောက်ဝင်ရောက် ရန် ကြိုးစားနေကြသည်။ မည်သူက အရင်ဆုံး အောင်မြင်မည်ကိုမူ မည်သူမျှ မသိနိုင်ပေ။
“ဟုန်ယွိ... မင်းက တကယ်ကို ကြီးမားတဲ့ နတ်ဘုရားစွမ်းအားတွေ ပိုင်ဆိုင်နေတာပဲ။ ဒါပေမဲ့ မင်းက ‘ဖန်ဆင်းရှင်’ သခင် နယ်ပယ်ကို မရောက်သေးပါဘူး” ကျုံးဟန်၏ စိတ်ဝိညာဉ်မှာ ဟုန်ယွိ၏ လက်ထဲတွင် ရှိနေသော်လည်း သူသည် လုံးဝ ကြောက်ရွံ့ခြင်း မရှိပေ။ ယင်းအစား သူက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ “ငါတို့ကြားမှာ ပူးပေါင်း ဆောင်ရွက်ဖို့ အခွင့်အလမ်း ရှိနိုင်ပါတယ်။ ငါ့ရဲ့ တာအိုနည်းလမ်းတွေနဲ့ ‘ချန်ပီယံမြို့စား’ ရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်နိုင်တာက ငါ့နောက်ကွယ်မှာ တစ်စုံတစ်ယောက် ရှိနေလို့ဆိုတာ မင်း သိမှာပါ။ အဲဒီပုဂ္ဂိုလ်ကြီးဟာ ‘မဟာကမ္ဘာကြီး’ ရဲ့ အပြောင်းအလဲ အားလုံးကို သိထား သလို ဒီကမ္ဘာကြီးရဲ့ အခြေအနေတွေကိုလည်း သူ့လက်ဖဝါးပေါ်မှာ တင်ထားသလို သိထားတယ်။ ငါ မင်းရဲ့ အချက်အလက်တွေကို လေ့လာပြီးပြီ၊ မင်းနဲ့ နန်းတွင်းကြားမှာ ဖြေရှင်းလို့မရတဲ့ ပဋိပက္ခတွေ ရှိနေတာပဲ။ ငါ့နောက်ကွယ်က ပုဂ္ဂိုလ်နဲ့ မင်းကို ဆက်သွယ် ပေးရမလား။”
“ချန်ပီယံမြို့စား’ က မင်းတို့ရဲ့ ‘ကောင်းကင်အပြင်ဘက်’ နယ်မြေက လာတာလား။” ဟုန်ယွိက မေးလိုက်သည်။
“ဟုတ်တယ်၊ ဒါပေမဲ့ မဟုတ်ဘူးလို့လည်း ပြောလို့ရတယ်။ သူ့ရဲ့ ဖြစ်တည်မှုကို ကြည့်ရင် သူဟာ ‘မဟာကမ္ဘာကြီး’ က မဟုတ်သလို ငါတို့ရှိနေတဲ့ ဒီကမ္ဘာကလည်း မဟုတ်ဘူး။ ‘မဟာကမ္ဘာကြီး’ ရဲ့ အပြင်ဘက်မှာ ‘ကောင်းကင်အပြင်ဘက်’ တွေ အများကြီး ရှိနေတာ။ ဒါပေမဲ့ အားလုံးဟာ ‘မဟာကမ္ဘာကြီး’ ကိုပဲ ဗဟိုပြုထားကြတာဖြစ်ပြီး တာအိုနည်းစနစ် အများစုကလည်း ဒီကနေပဲ ပျံ့နှံ့သွားတာ။ ဒါပေမဲ့ ‘ကောင်းကင်အပြင်ဘက်’ နယ်မြေ အချို့ကတော့ ‘မဟာကမ္ဘာကြီး’ ထက် ပိုပြီး မြန်မြန် တိုးတက်နေကြတယ်။ ဘာလို့လဲဆို တော့ ‘မဟာကမ္ဘာကြီး’ ဟာ တာအိုနည်းစနစ်တွေအပေါ်မှာပဲ အဓိက အခြေခံထားပြီး လူသားတာအို (လမ်းစဉ်) တိုးတက်မှုကတော့ ဒုတိယပဲ၊ ဒါကြောင့် သူက နည်းနည်း နှေးနေတာ။ မင်း ဒါတွေကို နားလည်မှာ မဟုတ်ပါဘူး။ ငါ အသေးစိတ် ရှင်းပြပေးရမလား” ကျုံးဟန်က ဟုန်ယွိ သူ့ကို ဘာမှမလုပ်ဝံ့ဟု ယူဆထားသည့် အလား အေးအေးဆေးဆေး ပင် ထိုင်ချလိုက်သည်။
“တကယ့်ကို လျှာအရိုးမရှိတဲ့ကောင်ပဲ။”
ဟုန်ယွိက ဤစကားလေးခွန်းကို ပြောလိုက်ပြီး သူ၏ လက်ထဲမှ ရွှေရောင်အလင်းတန်း တစ်ခုကို ထုတ်လွှတ်လိုက်သည်။ “မင်းရဲ့ လျှာအရိုးမရှိတဲ့ စကားတွေက ငါ့အတွက် အလကားပဲ။ လမ်းစဉ်မတူတဲ့လူတွေဟာ အတူတူ အလုပ်လုပ်လို့ မရဘူး။ ဒါဟာ ငါ့ရဲ့ ခံယူချက်ပဲ။ ငါ မင်းကို စစ်မေးနေမှာ မဟုတ်ဘူး။ ငါ့ရဲ့ လျှို့ဝှက်နည်းစနစ်ကို သုံးပြီး မင်းရဲ့ စိတ်ဝိညာဉ် မှတ်ဉာဏ်တွေကို တိုက်ရိုက် ဆွဲထုတ်ပစ်မယ်။ အဲဒီအခါကျရင် မင်းရဲ့ အကြောင်းစုံကို ငါအလိုလို သိသွားလိမ့်မယ်။”
ပြောရင်းနှင့် ဟုန်ယွိ၏ ရွှေရောင်အလင်းတန်းမှာ အရိုးဖြူရောင် ပိုးထည်စတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ ကောင်းကင်အပြင်ဘက်နယ်မြေမှလာသူ ထိုလျှို့ဝှက်ဆန်းကြယ်သူ နှစ်ဦး၏ ဝိညာဉ်များကို ရစ်ပတ်လိုက်တော့သည်။
“လျှို့ဝှက်ယင်သတ်ဖြတ်ခြင်း - အမှောင်ယင် ဝိညာဉ်စုပ်ယူခြင်းနည်းလမ်း။”
ဟုန်ယွိ၏ ဤလှုပ်ရှားမှုမှာ လျှို့ဝှက်ယင်တာအိုဂိုဏ်း၏ ချီဝိညာဉ်ဝဲဂယက်မှ တစ်ဆင့် မှတ်ဉာဏ်များကို အတင်းအဓမ္မ ဆွဲထုတ်ခြင်း ဖြစ်သည်။ သို့သော် အခြေအနေတစ်ခုမှာ အသုံးပြုသူ၏ တာအိုစွမ်းအားမှာ ရန်သူထက် များစွာ သာလွန်နေရန် လိုအပ်သည်။ ထို့အပြင် ‘မိုးကြိုးကပ်ဘေး’ ကျွမ်းကျင်သူများ၏ မှတ်ဉာဏ်ကို ဆွဲထုတ်ရသည်မှာ ပိုမို ခက်ခဲပြီး စိတ်စွမ်းအင်လည်း အများကြီး ကုန်ဆုံးစေနိုင်သည်။
သို့သော် ဟုန်ယွိအနေဖြင့် ၎င်းမှာ ဘာမှမဟုတ်ပေ။
သို့သော် ဟုန်ယွိက မှတ်ဉာဏ်တွေကို စတင်ဆွဲထုတ်လိုက်သည့် အချိန်မှာပင် အခြေအနေ တွေက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
…
“ဘယ်လောက်တောင် အတင့်ရဲလိုက်လဲ...”
အသံတစ်ခုမှာ အဆုံးမရှိသော ဟင်းလင်းပြင် အတားအဆီးများကို ဖောက်ထွင်း၍ ထိုလူနှစ်ဦး၏ စိတ်ဝိညာဉ် နက်ရှိုင်းရာအရပ်မှ ထွက်ပေါ်လာသည်။
ထိုလူနှစ်ဦး၏ စိတ်ဝိညာဉ် မှတ်ဉာဏ်များထဲတွင် ဟုန်ယွိသည် မသိရသေးသော စွမ်းအား တစ်ခုကို နှိုးဆွလိုက်မိပုံရသည်။ ရုတ်တရက် အလွန်ပြင်းထန်လှသော စိတ်ဝိညာဉ် ဖိအား တစ်ခုမှာ ထိုသူတို့၏ စိတ်ဝိညာဉ် နက်ရှိုင်းရာနေရာမှ တဟုန်ထိုး ထွက်ပေါ်လာခဲ့သည်။
ဤစိတ်ဝိညာဉ်ဖိအားမှာ သိုင်းပညာရှင်တစ်ဦး၏ သိုင်းဆန္ဒနှင့် ဆင်တူသော်လည်း ၎င်းထံတွင် ဖျက်ဆီးနိုင်စွမ်းရှိသော စွမ်းအားများ ပါဝင်နေသည်။
၎င်းမှာ ကောင်းကင်ဘုံ၏ စွမ်းအားကဲ့သို့ ကျယ်ပြောလှပြီး အရပ်မျက်နှာအနှံ့ကို လွှမ်းမိုး သွားသည်။ ဟုန်ရွှန်ကျိ၏ သိုင်းဆန္ဒနှင့် နှိုင်းယှဉ်လျှင် ဤအရာမှာ ‘ဖန်ဆင်းရှင်’ သခင် အဆင့်ရှိသော နတ်ဘုရားစွမ်းအားတစ်ခု ဖြစ်နေသည်။
ဖျစ်…..
ဟုန်ယွိသည် ထိုဖိအားနှင့် ရုတ်တရက် ရင်ဆိုင်လိုက်ရရာ သူ၏ ခန္ဓာကိုယ်မှာ တုန်ခါသွား သည်။ သူ၏ စိတ်ဝိညာဉ်အတွေးစ တစ်ခုချင်းစီမှာ ပေါင်ချိန် သောင်းချီသော အလေးဖြင့် ဖိနှိပ်ခံထားရသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ ရှေ့ရှိ ဟင်းလင်းပြင်မှာလည်း ရုတ်တရက် ဝေဝါးသွားခဲ့သည်။
ထိုခဏ၌ ဟုန်ယွိသည် သူ၏ အတွေးအာရုံအားလုံး ဖြတ်တောက်ခံလိုက်ရသလို ခံစားရပြီး မှောင်မည်းနေသော လှောင်အိမ်တစ်ခုထဲတွင် ပိတ်လှောင်ခံထားရသကဲ့သို့ ဖြစ်သွားခဲ့ သည်။
“ချောင်းမြောင်း တိုက်ခိုက်တာလား”
ဟုန်ယွိက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ စိတ်ထဲမှ ‘ရွှေရောင်ပါရမီတံတား’ ကို ဟင်းလင်းပြင်ထဲသို့ ပစ်လွှတ်လိုက်၏။ လျှပ်စီးလက်သံနှင့်အတူ ထိုဖိအားအားလုံးမှာ ပျောက်ကွယ်သွားပြီး တစ်ချိန်တည်းမှာပင် သူက ပြန်လည် တိုက်စစ်ဆင်လိုက်သည်။
ဘန်း… မြေငလျင်လှုပ်သကဲ့သို့ တုန်ခါသွားခဲ့သည်။
ရုတ်တရက် သူ၏ ရှေ့က မြင်ကွင်းမှာ ပြန်လည် ကြည်လင်လာခဲ့သည်။
သူ၏ လက်ထဲမှ တဖျစ်ဖျစ်မြည်သံများ ထွက်ပေါ်လာပြီး ထိုကျင့်ကြံသူနှစ်ဦး၏ စိတ်ဝိညာဉ် အမှတ်အသားများမှာ လုံးဝ ပျောက်ကွယ်သွားကာ သန့်စင်သော အတွေးစ စွမ်းအင်များသာ ကျန်ရှိတော့သည်။
သူတို့၏ စိတ်ဝိညာဉ်များမှာ အစအနမကျန် ပျောက်ကွယ်သွားခဲ့သဖြင့် လျှို့ဝှက်ချက် တစ်ခုမျှ ဖော်ထုတ်၍ မရလိုက်ပေ။
“ဒီကျွမ်းကျင်သူက ဖိအားပေးရုံလောက်ပဲ တနိုင်တာလား။ သူကိုယ်တိုင်ကတော့ အတား အဆီးအချို့ကို ဖောက်ထွက်ပြီး သွားလာနိုင်ပုံ မရသေးဘူး။ မဟုတ်ရင်တော့ နောက်ထပ် တိုက်ပွဲတစ်ခု ဖြစ်ဦးမှာပဲ။ ဒီလောက်အထိ အစွမ်းထက်တဲ့သူက ဘယ်ကမ္ဘာကလဲဆိုတာ ငါ သိချင်လှပြီ။”
ဟုန်ယွိသည် မျက်မှောင်ကို တင်းကျပ်စွာ ကြုတ်လိုက်မိသည်။
ထိုအခိုက်အတန့်မှာပင် လျှို့ဝှက်ခန်းမ၏ အပြင်ဘက် လမ်းကြောင်းများမှတစ်ဆင့် အမျိုးသမီးအချို့၏ အသံများ ထွက်ပေါ်လာသည်။
“ယောင်္ကျား ... တံခါးပိတ် ကျင့်ကြံနေတာ ဘယ်လိုလဲ။”
“ချန်ပီယံမြို့စားရဲ့ ဇနီးတွေလား။”
ဟုန်ယွိသည် လှုပ်ရှားလိုက်ကာ မတ်တတ်ရပ်ပြီး လျှို့ဝှက်ခန်းမ၏ တံခါးကို ဖွင့်ကာ အပြင် သို့ ထွက်လာခဲ့တော့သည်။
အခန်း (၅၀၈)။
ဟုန်ယွိသည် သူ၏ စိတ်ဝိညာဉ်ဖြင့် ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်ပြီး နောက် လျှို့ဝှက်အခန်းအတွင်းမှ အပြင်သို့ လှမ်းထွက်လာခဲ့သည်။ တံခါးဝရှိ ကြီးမားသော မှန်ချပ်ကြီး နှစ်ချပ်ပေါ်တွင် အမျိုးသမီးနှစ်ဦး၏ ပုံရိပ်များ ပေါ်လာသည်ကို သူ မြင်လိုက်ရ သည်။ ထိုအလင်းများမှာ မည်သည့်နေရာမှ လာမှန်း သူ မသိနိုင်ပေ။
တံခါးဝရှိ မှန်မှာ သလင်းကျောက်အပါးစား တစ်မျိုးဖြစ်ပြီး၊ ၎င်း၏နောက်ကျောဘက်တွင် လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြု၍ ပြုပြင်ထားသော ပြဒါးအလွှာတစ်ခုကို သုတ်လိမ်း ထားသည်။ ၎င်းမှာ တောက်ပလွန်းလှသဖြင့် အဆင့်မြင့် ကြည့်မှန်များထက်ပင် များစွာ သာလွန်ပေသည်။
မှန်ထဲတွင် ပေါ်နေသော အမျိုးသမီးနှစ်ဦးအနက် တစ်ဦးမှာ ကြမ်းပြင်အထိ ရှည်လျားသော ဂါဝန်ရှည်ကြီးကို ဝတ်ဆင်ထားသည်။ သူမ၏မျက်နှာမှာ အေးစက်ပြီး မောက်မာသော အသွင်ရှိကာ သူမမျက်လုံးများမှာ ဗာဒံစေ့ပုံစံ၊ ပါးပြင်မှာ မက်မွန်သီးရောင် သန်းနေသည်။ သူမသည် ရှေးဟောင်းနန်းတွင်း အမျိုးသမီးတစ်ဦး၏ အရှိန်အဝါမျိုးကို ပိုင်ဆိုင်ထားသည်။
ထိုအမျိုးသမီး၏ ဘေးတွင်မူ အရပ်ရှည်ပြီး ကြွက်သားအနည်းငယ်ရှိကာ ကျန်းမာသန်စွမ်း သော အလှပိုင်ရှင် အမျိုးသမီးတစ်ဦး ရှိနေသည်။ သူမသည် နက်မှောင်သော သားရေ ဖိနပ်ရှည်နှင့် သားရေစကတ်တိုကို ဝတ်ဆင်ထားသည်။ သူမ၏ ဆံနွယ်များမှာ ရေတံခွန် ကဲ့သို့ စီးကျနေပြီး အစိမ်းရင့်ရောင် တောက်ပနေကာ တောရိုင်းဆန်သလို တည်ငြိမ်သော အသွင်လည်း ရှိသည်။
ဤအလှပိုင်ရှင်မှာ အလယ်ပိုင်းကောင်းကင်နိုင်ငံ ဒေသမှ လူမျိုးနှင့် မတူပေ။ သူမ ဝတ်ဆင် ထားသည်မှာ ‘ယွန်မင်’ အင်ပါယာ၏ ဝတ်စုံဖြစ်သည်။ အမျိုးသမီး၏ ပေါင်ပေါ်တွင် တစ်စုံ တစ်ခုကို ပတ်ထားပုံရပြီး ၎င်းမှာ ဓားမြှောင်ကဲ့သို့သော လက်နက်တစ်ခု ဖြစ်သည်။ သူမသည် သိုင်းပညာကျွမ်းကျင်သူ တစ်ဦးဖြစ်ကြောင်း သိသာလှပေသည်။
“ချန်ပီယံမြို့စားမှာ အလှပိုင်ရှင် မိန်းကလေးတွေ ဘယ်နှယောက်တောင် ရှိနေလဲ မသိဘူး။ ဒီနှစ်ယောက်ကရော သူ့ရဲ့တရားဝင် ဇနီးတွေလား၊ မယားငယ်တွေလား၊ ဒါမှမဟုတ် အစေခံမယားတွေလား။ ဒီ ‘ယွန်မင်’ အမျိုးသမီးရဲ့ လမ်းလျှောက်ပုံက ကြောင်တစ်ကောင် လိုပဲ၊ ခန္ဓာကိုယ် လှုပ်ရှားပုံကလည်း မြွေတစ်ကောင်လို တွန့်လိမ်နေပြီး တောရိုင်းဆန်တဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်တယ်။ သူမရဲ့ သိုင်းပညာက အတော်လေး နက်နဲတယ်၊ သူမ ကျင့်ကြံထားတာက ‘ယွန်မင်နိုင်ငံ’ အိုးရန်မျိုးနွယ်ရဲ့ ‘သားရဲတစ်ထောင် အသွင်ပြောင်း ခြင်းပညာ’ ပဲ။ ငါ မှတ်မိသလောက်ဆို ချန်ပီယံမြို့စားရဲ့ အိမ်တော်က မိန်းမလှတွေထဲမှာ ‘အိုးရန်ချန်း’ ဆိုတဲ့ တစ်ယောက်ရှိတယ်။ သူမက ‘အိုးရန်’ မျိုးနွယ်ရဲ့ တိုက်ရိုက်မျိုးဆက်ပဲ။ ကြည့်ရတာ သူမပဲ ဖြစ်ရမယ်။ နောက်အမျိုးသမီးကလဲ သူမရဲ့ အရှိန်အဝါအရ သာမန် မျိုးနွယ်စုက မဟုတ်လောက်ဘူး။ သူမရဲ့ အသက်ရှူနှုန်းက ရှည်လျားပြီး သိမ်မွေ့တယ်၊ သိမ်မွေ့ပေမဲ့ ခိုင်မာမှု ရှိတယ်။ ဒါဟာ ‘နျန်ပြည်နယ်’ ‘ဟန်’ မိသားစုက ဖြစ်ရမယ်” ဟုန်ယွိက ထိုအမျိုးသမီးနှစ်ဦးကို စိုက်ကြည့်ရင်း စိတ်ထဲမှ ရေရွတ်လိုက်သည်။
ချန်ပီယံမြို့စား၏ အိမ်တော်တွင် အလှပဂေးများစွာ ရှိသည်။ သူ့တွင် မယားငယ်များစွာ ရှိသလို ဇနီးမယားများမှာလည်း မနည်းလှပေ။ သူသည် ‘မယားကြီးသုံးဦး၊ မယားငယ် လေးဦး’ ဆိုသော စည်းမျဉ်းကို လုံးဝ ဖောက်ဖျက်ထားသူ ဖြစ်သည်။ သူသည် လောကဝတ် ထုံးတမ်းစဉ်လာများကို လုံးဝ ဂရုမစိုက်သော လူစားမျိုး ဖြစ်သည်။
သို့သော် ဟုန်ယွိနှင့် ချန်ပီယံမြို့စားမှာ ရန်သူဟောင်းများ ဖြစ်ကြပြီး၊ ဟုန်ယွိသည် ချန်ပီယံ မြို့စား၏ ယုံကြည်ရသော လက်ထောက် ယူလူလက်ကို ဖမ်းဆီးထားဖူးရာ ချန်ပီယံ မြို့စား၏ အနောက်နန်းဆောင်အကြောင်းကို အနည်းငယ် သိထားခြင်း ဖြစ်သည်။
ချန်ပီယံမြို့စား၏ အမျိုးသမီးများမှာ အားလုံးက ထူးခြားသော သူများ ဖြစ်ကြသည်။ သူတို့၏ ရည်မှန်းချက်မှာ ကောင်းကင်ထက် မြင့်မားပြီး သူတို့၏ အရည်အချင်းမှာလည်း အံ့မခန်းလှပေ။ မည်သူမှ သာမန်မိန်းကလေးများ မဟုတ်ကြချေ။ သူတို့သည် ချန်ပီယံ မြို့စား၏ ဘဏ္ဍာရေးကို စီမံခန့်ခွဲပေးခြင်း၊ သတင်းအချက်အလက်များ စုဆောင်းပေးခြင်း နှင့် လုပ်ကြံသတ်ဖြတ်သူများကို လေ့ကျင့်ပေးခြင်း စသည်တို့ကို လုပ်ဆောင်ပေးကြသည်။ ချန်ပီယံမြို့စားကဲ့သို့သော လူစားမျိုးမှာ သာမန်အမျိုးသမီးများကို ရှာဖွေလိမ့်မည် မဟုတ် ပေ။
ချန်ပီယံမြို့စား အယုံကြည်ရဆုံးသော လူများမှာ သူ၏ အမျိုးသမီးများပင် ဖြစ်သည်။ ထို့ကြောင့်လည်း ယူလူလက် သစ္စာဖောက်သွားသည်ကို သိလိုက်ရသောအခါ သူ ချက်ချင်း ဒေါသတကြီး ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။
ယူလူလက်ထံမှ ရရှိသော သတင်းများနှင့် သူ၏ ကိုယ်ပိုင် အမြင်တို့အရ ထိုအမျိုးသမီး နှစ်ဦးမှာ ‘အိုရန်ချန်း’ နှင့် ‘ဟန်ပင်းရှင်’တို့ ဖြစ်ကြောင်း ဟုန်ယွိ ချက်ချင်း ကောက်ချက်ချ လိုက်သည်။
သူမတို့မှာ ချန်ပီယံမြို့စား၏ အိမ်တော်အတွင်း အလွန်အရေးပါသော သူများ ဖြစ်ကြပြီး ဒုတိယဇနီးများကဲ့သို့ပင် ဖြစ်ကြသည်။ ထို့အပြင် သူမတို့အားလုံးမှာ မြင့်မြတ်သော မင်းမျိုး မင်းနွယ်ဝင် မိသားစုများမှ မွေးဖွားလာသူများ ဖြစ်သည်။ သူတို့သည် ပညာရှင် သူတော်စင် တို့၏ သွေးမျိုးဆက်များ မဟုတ်ကြသော်လည်း နှစ်ပေါင်း ရာနှင့်ချီ၍ တည်တံ့လာသော ထင်ရှားကျော်ကြားသည့် မိသားစုများမှ ဖြစ်ကြသည်။ အထူးသဖြင့် ‘ယွန်မင်နိုင်ငံ အိုးရန်’ မျိုးနွယ်စုမှာ နှစ်ပေါင်း ထောင်ချီ၍ တည်တံ့လာသော ကြီးမြတ်သည့် မျိုးနွယ်စုကြီး ဖြစ်ပေသည်။
…
“မြို့စား... ကျင့်ကြံရာကနေ ထွက်လာပြီလား။”
အမျိုးသမီးနှစ်ဦးမှာ တံခါးဝသို့ လျှောက်လာပြီး စက်ယန္တရားကို အသက်သွင်းလိုက်ကြ သည်။ ဂီဂီဂီဂီ မြည်သံအချို့နှင့်အတူ တံခါးပွင့်သွားပြီး၊ ဟုန်ယွိ သိမ်းပိုက်ထားသော ချန်ပီယံမြို့စား လျှို့ဝှက်ခန်းထဲမှ ထွက်လာသည်ကို သူမတို့ မြင်လိုက်ရသည်။ သူမတို့က အလျင်အမြန်ပင် ဦးညွှတ် အရိုသေပြုလိုက်ကြသည်။
အထူးသဖြင့် ‘ဟန်ပင်းရှင်’ မှာမူ သူမ ဦးညွှတ်လိုက်စဉ်မှာ တစ်စုံတစ်ခုကို စဉ်းစားနေပုံ ရသည်။
“အေး... ငါ ကျင့်ကြံရာကနေ ထွက်လာပြီ။ မင်းတို့ အခုချက်ချင်း နယ်ပယ်အသီးသီးက အုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားလိုက်။ ဟိုကောင်စုတ် ‘ယန်ယွမ်’ နဲ့ ပူးပေါင်း ဆောင်ရွက်နေတာတွေ အကုန်ရပ်လိုက်တော့။ လူဦးရေ သန်းခေါင်စာရင်း စစ်ဆေးတာ တွေကိုလည်း ရပ်ပစ်လိုက်။ ပြီးတော့ နန်းတွင်းကို ပေးထားတဲ့ သတင်းအချက်အလက်တွေ အကုန်လုံးကိုလည်း ပြန်ရုပ်သိမ်းလိုက်။” ဟုန်ယွိသည် စိတ်ကူးရှိသည့်အတိုင်း သူ၏ မျက်ဝန်းမှ အမူအရာကို ချက်ချင်း ပြောင်းလဲလိုက်သည်။ သူသည် ချန်ပီယံမြို့စား၏ မောက်မာရိုင်းစိုင်းသော အရှိန်အဝါကို အတုခိုးလိုက်သည်။ “ဘာမှ သံသယ မဖြစ်ကြနဲ့။ ပြီးခဲ့တဲ့ ရက်တွေတုန်းက ငါ လျှို့ဝှက်ကျင့်စဉ်တစ်ခုကို ကျင့်ကြံနေတုန်း လူတစ်ယောက် က ငါ့ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ ကြိုးစားပြီး အမိန့်အချို့ ထုတ်ပြန်ခဲ့တာပဲ။ ဟဲဟဲ... အခုတော့ ငါ သူ့ကို သတ်ပစ်လိုက်ပြီ။ ဟုန်ရွှန်ကျိရဲ့ဇနီး ရောက်လာပြီး ငါ့ကို သူ့သမီးနဲ့ လက်ထပ်ပေးချင်နေတယ် ဆိုလား။ သူ့မိန်းမနဲ့ သမီးက ဘယ်လိုပုံစံလဲဆိုတာ ငါ သွားကြည့်ဦးမယ်။ ဟား… ဟား... နောက်ကျရင် မင်းတို့တွေ အတူတူ ပိုပြီး သင့်မြတ်သွား ကြမှာပါ။...”
ဟုန်ယွိ၏ စကားပြောဟန်မှာ ချန်ပီယံမြို့စားနှင့် အလွန် တူလှပေသည်။ သူသည် ယူလူလက်ထံမှ ချန်ပီယံမြို့စား၏ အမူအရာနှင့် စကားပြောဟန်များကို ကြားသိခဲ့ဖူးရာ၊ ယခုအခါတွင် ၎င်းမှာ အသက်ဝင်လှပေသည်။
ချန်ပီယံမြို့စား၏ အမျိုးသမီးများမှာ အလွန် ဉာဏ်များသူများ ဖြစ်ကြပြီး လှည့်စားရန် မလွယ်ကူပေ။ သို့သော် ဟုန်ယွိကမူ သူတို့ကို သေချာပေါက် လှည့်စားနိုင်လိမ့်မည်ဟု ယုံကြည်နေသည်။
‘ဖန်ဆင်းရှင်’ သခင် အဆင့်ရှိသော သူများသာလျှင် သူ့ကို ရိပ်မိနိုင်ပေလိမ့်မည်။
အမှန်ပင်... ‘ဟန်ပင်းရှင်’ နှင့် ‘အိုရန်ချန်း’ တို့၏ ခန္ဓာကိုယ်များမှာ တုန်လှုပ်သွားကြသည်။ သူမတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူမတို့စိတ်ထဲမှ တင်းမာမှုများ အတော် လေး လျော့ပါးသွားသည်ကို ခံစားလိုက်ရသည်။
“မြို့စားက အဲဒီလို အန္တရာယ်များတဲ့ အခြေအနေမျိုးနဲ့ ကြုံခဲ့ရတာကိုး။ ကျမတို့လည်း မြို့စားရဲ့ စိတ်နေစိတ်ထားက ဘာလို့ ဒီလောက် ပြောင်းလဲသွားပြီး ကျမတို့အတွက် မကောင်းတဲ့ အမိန့်တွေကို ထုတ်ပြန်နေရတာလဲဆိုပြီး စဉ်းစားနေတာ။ အမှန်ဆို ဒီလျှို့ဝှက်ခန်းကို ဖွင့်ပြီး မြို့စားကို အကြိမ်ကြိမ် မေးမြန်းကြည့်ဖို့ လုပ်ခဲ့သေးတယ်။ အစ်မကြီးက စိတ်မလောဖို့ တားထားလို့သာ။”
“အစ်မကြီးလား…” ဟုန်ယွိ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ ချန်ပီယံမြို့စား၏ အမျိုးသမီးများထဲတွင် ခေါင်းဆောင်တစ်ဦး ရှိနေပုံရသော်လည်း ယူလူလက်က သူမကို တစ်ခါမှ မပြောခဲ့ဖူးပေ။ သို့သော် သူသည် ယခုအခါတွင် ၎င်းကို ထုတ်မပြပေ။ “ငါက ကံတရားရဲ့ မျက်နှာသာပေးမှုကို ခံရတဲ့သူပဲ။ ဘယ်လို အန္တရာယ်မျိုးနဲ့ ကြုံကြုံ ငါကတော့ အကျိုးအမြတ်တစ်ခုခု ရစမြဲပဲ။ ငါ့ကို သိမ်းပိုက်ဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ လာ… လာ... ဟုန်ရွှန်ကျိရဲ့ ဇနီးနဲ့ သမီးကို သွားကြည့်ကြတာပေါ့။”
ထိုသို့ ပြောပြီးနောက် ဟုန်ယွိ၊ အိုရန်ချန်း နှင့် ဟန်ပင်းရှင်တို့မှာ လျှို့ဝှက်ခန်းအတွင်းမှ ထွက်လာခဲ့ကြသည်။
မူလက ချန်ပီယံမြို့စားတွင် အကျင့်တစ်ခု ရှိသည်။ သူ၏ မိန်းမလှလေးများနှင့် စကား ပြောသောအခါ သူမတို့၏ ရင်သားများကို ဆွဲကိုင်တတ်သည့် အကျင့်မျိုး ဖြစ်သည်။
သို့သော် ဟုန်ယွိကမူ ဤသို့ လုံးဝ မလုပ်နိုင်ပေ။ သူသည် ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ရခြင်းမှာ အကြောင်းရင်း နှစ်ခုရှိသည်။ ပထမ ချန်ပီယံမြို့စား၏ ကြီးမားလှသော အဖွဲ့အစည်း အကြောင်းကို နားလည်ရန်ဖြစ်ပြီး၊ ဒုတိယမှာ ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်ကို အခြားသူများ သိမ်းပိုက်သွားပြီး သူ၏ ဇနီးနှင့် သားသမီးများကို စော်ကားခြင်းမျိုး မဖြစ်စေ ရန် ကာကွယ်ပေးလို၍ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ချန်ပီယံမြို့စားမှာ မြင့်မားသော ရာထူးအဆင့်တန်းကို ပိုင်ဆိုင်ထား ပြီး အရင်းအမြစ်များစွာကို ထိန်းချုပ်ထားသူ ဖြစ်သည်။ သူ၏ လှုပ်ရှားမှုတိုင်းမှာ ကြီးမား သော တုံ့ပြန်မှုများကို ဖြစ်ပေါ်စေနိုင်သည်။
“ချန်ပီယံမြို့စားအဖြစ် ဟန်ဆောင်ရတာ မလွယ်ဘူးပဲ။ သူ့ရဲ့ မျက်လုံးအမူအရာကို တုပလို့ ရပေမဲ့၊ သူ့ရဲ့ရာဂကြီးတဲ့ အမူအရာတွေကိုတော့ ငါ မတုပနိုင်ဘူး။ နည်းလမ်းတစ်ခုခု စဉ်းစားရမယ်။ ချန်ပီယံမြို့စားရဲ့ အနောက်ဘက် နန်းဆောင်ထဲမှာ အစွမ်းထက်တဲ့သူတွေ ရှိနေသေးတယ်။ ငါ ဒီမိန်းမတွေနဲ့ အချိန်ကုန်မခံနိုင်ဘူး။ အခြေအနေကို ထိန်းသိမ်းပြီးတာ နဲ့ ငါ မဟာတာအိုကို ဆက်ပြီး ကျင့်ကြံရမယ်။ ပြီးရင် ပြောင်းလဲခြင်းကျမ်းကိုလည်း ဆက်ပြီး ပြုစုရဦးမှာ။”
လမ်းလျှောက်ရင်း ဟုန်ယွိက တွေးတောနေသည်။
…
ကြီးမားလှသော ဧည့်ခန်းမကြီးထဲတွင် ဒေါင်းရုပ်သရဖူနှင့် ဝတ်ရုံကို ဝတ်ဆင်ထားသော မဒမ်ကျောက်သည် စန္ဒကူးကုလားထိုင်ကြီးပေါ်တွင် ထိုင်နေပြီး ကျောက်စိမ်း လက်ဖက်ရည်ခွက်ကို ကိုင်ထားသည်။ သူမ၏ ဘေးတွင် အရပ်ရှည်ပြီး တည်ကြည်သော လူငယ်တစ်ဦး ရပ်နေသည်။ သူ၏ မျက်ခုံးနှစ်ခုကြားတွင် အေးစက်သော မောက်မာမှုများ ရှိနေသည်။ ထိုသူမှာ အခြားသူမဟုတ်... ဟုန်ရှီပင် ဖြစ်သည်။
ဟုန်ရှီမှာ ယခင်ကနှင့် လုံးဝ ကွဲပြားနေသည်။ သူ၏ ခန္ဓာကိုယ်မှ နက်ရှိုင်းစွာ ဖုံးကွယ်ထား သော စွမ်းအားတစ်ခု ထွက်ပေါ်နေ၏။ ထိုစွမ်းအားမှာ ချီလင်တစ်ကောင်၊ နဂါးတစ်ကောင် ကဲ့သို့ပင်။ သူ၏ ခန္ဓာကိုယ်ထဲတွင် အစစ်အမှန် နဂါးတစ်ကောင် ကိန်းအောင်းနေသကဲ့သို့ ခံစားရသည်။ သူ၏ လှုပ်ရှားမှုတိုင်းတွင် အနှိုင်းမဲ့ စွမ်းအားများ ပေါ်ထွက်နေသည်။
တစ်ချိန်တည်းမှာပင် မဒမ်ကျောက်၏ အခြားတစ်ဖက်တွင်လည်း အခြားလူငယ်တစ်ဦး ထိုင်နေသည်။ သူသည် အရပ်ရှည်ပြီး သွယ်လျကာ ခါးတွင် တောက်ပသော အဝါရောင် ခါးပတ်ကို ပတ်ထားပြီး ဦးခေါင်းတွင် ရွှေသရဖူကို ဆောင်းထားသည်။ ထိုရွှေသရဖူပေါ်တွင် ကြီးမား တောက်ပသည့် ပုလဲလုံးကြီး သုံးလုံး ရှိနေသည်။ သူသည် သေချာပေါက် ‘မင်းသား’ တစ်ဦး ဖြစ်ပေလိမ့်မည်။
“ဒီချန်ပီယံမြို့စားက အခုထိ မောက်မာနေတုန်းပဲလား။ နန်းတွင်းက သူ့ရဲ့ နောက်ကြောင်း ကို သိနေပြီပဲ။ ဘာလို့ သူက နန်းတွင်းနဲ့ ကောင်းကောင်း မပူးပေါင်းတာလဲ။ ငါတို့ကို ဒီလောက်အထိ လျစ်လျူရှုဝံ့တယ်လား။” ဟုန်ရှီက စိတ်မရှည်သကဲ့သို့ မဒမ်ကျောက်ကို ပြောလိုက်သည်။
“ခဏလောက် စောင့်ဦးလေ” မဒမ်ကျောက်မှာ တစ်နေ့ထက်တစ်နေ့ ပို၍ ငယ်ရွယ်လာပုံရ သည်။ သူမ၏ မျက်နှာပေါ်တွင် အရေးအကြောင်းများ မရှိတော့ဘဲ အသားအရေမှာ ပိုမို ဖြူဝင်း နူးညံ့နေသည်။ “နန်းတွင်းက သူ့ရဲ့ နောက်ကြောင်းကို သိနေပေမဲ့၊ သူက မင်းအဖေ ရဲ့ ဘက်တော်သားအဖြစ် ပူးပေါင်းချင်နေတာပဲလေ။ ဒါက ဘာမှ မဟုတ်ပါဘူး။ မင်းရော ဘယ်လိုထင်လဲ... ဘုရင်ချန်။”
“ချန်ပီယံမြို့စားက အရင်က မောက်မာရိုင်းစိုင်းတယ်လို့ ငါ ကြားဖူးတယ်။ ဒါပေမဲ့ အခု တော့ သူက ငါ့ကို စိတ်ပျက်အောင် လုပ်နေပြီ။ ငါက မူလ ချန်ပီယံမြို့စားကိုပဲ တွေ့ချင်မိ တယ်။ မဒမ်ကျောက်... ကျွန်တော်တို့ စကားပြောနေတာကို တခြားသူတွေ ကြားသွားမှာ စိုးရိမ်မနေပါနဲ့။ ကျွန်တော် ‘မဟာရတနာ အစစ်မှန်ဓမ္မ’ အစီအရင်ကို ခင်းကျင်းထားပြီးပြီ။ ကျွန်တော်တို့ ဒီမှာ ဗြောင်ကျကျ ထိုင်နေပေမဲ့ အထွက်အထိပ် သိုင်းသူတော်စင်တစ်ဦး တောင် ကျွန်တော်တို့ စကားတွေကို ကြားနိုင်မှာ မဟုတ်ဘူး။”
မဒမ်ကျောက် ပြောလိုက်သည့် ဘုရင်ချန်ဆိုသူက အေးအေးလူလူပင် ဆိုလိုက်သည်။
သူတို့ သုံးဦး စကားပြောနေချိန်တွင် ဧည့်ခန်းမထဲ၌ အစေခံမိန်ကလေးများစွာ ရှိနေသလို၊ သူတို့ကို လျှို့ဝှက် စောင့်ကြည့်နေသော ကျွမ်းကျင်သူများလည်း ရှိသည်။ သို့သော် သူတို့ သုံးဦး၏ စကားကို မည်သူမျှ မကြားရပေ။ ဘုရင်ချန်သည် မဟာနတ်ဘုရား စွမ်းအားတစ်ခု ကို ထုတ်ဖော်ထားကြောင်း သိသာလှပေသည်။
“ဘုရင်ချန်က တကယ့်ကို အစွမ်းထက်တာပဲ။ ဧကရာဇ်က ‘ဘုရင်’ ဘွဲ့ အပ်နှင်းခဲ့တာ မဆန်းပါဘူး။” ဟုန်ရှီက ထိုဘုရင်ချန်ကို ပြောလိုက်သည်။
“ဒါပေါ့၊ ဧကရာဇ်နဲ့ ဧကရာဇ်အကြံပေးတို့ဟာ ‘ရှေးဟောင်းနဂါးသင်္ချိုင်း’၊ ‘ရှေးဟောင်းနဂါး ရေခဲတိုင်’ နဲ့ ‘ရှေးဟောင်းကောင်းကင်နဂါး’ တွေရဲ့ ရုပ်အလောင်းတွေကိုတောင် ရှာတွေ့ခဲ့ တာပဲလေ။ ငါ့မှာ သူတို့ဘက်ကနေ ရပ်တည်ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ ဘူး။” ဘုရင်ချန်က ခပ်အေးအေးပင် ပြုံးလိုက်သည်။ သူသည် ဧကရာဇ်ကိုပင် နာမည် တပ်၍ ခေါ်ဆိုဝံ့သည့် အစွမ်းထက်သူတစ်ဦး ဖြစ်သည်။ “ဒါပေမဲ့ ဧကရာဇ်က ပြောတယ်... ချန်ပီယံမြို့စားဟာ ကောင်းကင်ပြင်ဘက်နယ်မြေက လူတစ်ယောက်ရဲ့ သိမ်းပိုက်ခြင်းကို ခံထားရတယ်တဲ့။ အဲဒီလူက ဘယ်လိုပုံစံလဲဆိုတာ ကြည့်ရသေးတာပေါ့။”
“ရွှေကျောင်း... မင်း ဒီချန်ပီယံမြို့စားနဲ့ လက်ထပ်ပြီးရင် အိမ်မှုကိစ္စတွေကို သေချာ ထိန်းသိမ်းရမယ်။ ပြီးတော့ သူ့ရဲ့ အရင်းအမြစ်တွေကိုလည်း ငါတို့ဘက် ပါအောင် လုပ်ရ မယ်။ လိုအပ်ရင် ငါ့ကို လွှဲပေး။ အရင်းအမြစ် အချို့ကို အထွဋ်ထိပ်ကောင်းကင်နယ်မြေဆီ ပို့ထားရမယ်။ အရင်က ချန်ပီယံမြို့စားဟာ ကိုင်တွယ်ရ ခက်ခဲခဲ့ပေမဲ့၊ အခုတော့ သူက ငါတို့ဘက် ပါချင်နေပြီဆိုတော့ ငါတို့ မိသားစုအတွက် အကျိုးအမြတ်တွေ အများကြီး ရလိမ့်မယ်။”
မဒမ်ကျောက်က အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး နှုတ်ဆိတ်နေသော မိန်းမပျို တစ်ဦးကို လှမ်းပြောလိုက်သည်။
ထိုအမျိုးသမီးငယ်မှာ ဟုန်ရွှေကျောင်းပင် ဖြစ်သည်။ ယခုအခါတွင် သူမသည် လူသေ အလောင်းကောင် တစ်ကောင်ကဲ့သို့ စက်ရုပ်ဆန်စွာ ခေါင်းညိတ်ပြလိုက်သည်။ ဟုန်ရှီက သူမကို တစ်ချက်ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်သည်။
…
“ဟင်… ဒါက ဒိုင်ဇင်ဘုရားကျောင်းရဲ့ တာအိုကျင့်စဉ် တစ်ခုဖြစ်တဲ့ ‘ပိဋကတ်သုံးပုံ အစစ်မှန်ဓမ္မ’ပဲ။ (Tripitaka True Dharma) ဒီဘုရင်ချန်မှာ... နဂါးစွမ်းအင်တွေ ရှိနေတယ်။ အဲဒီစွမ်းအင်က တောင်တစ်လုံးလို လေးလံပြီး သန့်စင်ကာ အားကောင်းတယ်။ ဒါဟာ ‘ဆဋ္ဌမအဆင့် မိုးကြိုးကပ်ဘေး’ ကျွမ်းကျင်သူနဲ့တောင် ယှဉ်နိုင်တယ်။ သူက ထိုက်ရှီ တောင်ရဲ့ နဂါးဝိညာဉ်ပဲ။ ထိုက်ရှီတောင်ရဲ့ နဂါးဝိညာဉ်က တော်ဝင်မိသားစုဝင် တစ်ဦးရဲ့ ခန္ဓာကိုယ်ကို အတင်းအဓမ္မ သိမ်းပိုက်ပြီး စိတ်ဝိညာဉ်ကို ဝါးမြိုလိုက်တာလား။ ဒါက ချန်ဧကရာဇ် ယန်ဖန်ရဲ့ ခွင့်ပြုချက်မပါဘဲ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကောင်းလိုက်တဲ့ အကွက်ပဲ... တော်ဝင်မိသားစုဝင်တစ်ဦးကို စတေးပြီး အနှိုင်းမဲ့ ကျွမ်းကျင်သူတစ်ယောက်နဲ့ လဲလိုက်တာပေါ့။”
ဟုန်ယွိသည် ဧည့်ခန်းမထဲသို့ လှမ်းဝင်လိုက်သောအခါ တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားလိုက်ရသည်။ သူ၏ အကြည့်မှာ ချက်ချင်းပင် ပုံရိပ်ယောင်များနှင့် ဟင်းလင်းပြင် အတားအဆီးများကို ဖောက်ထွင်းမြင်လိုက်သည်။ သူသည် မဒမ်ကျောက်၊ ဟုန်ရှီ၊ ဟုန်ရွှေကျောင်းနှင့် ထိုက်ရှီတောင်၏နဂါးဝိညာဉ် ဘုရင်ယန်ချန်ဆိုသူတို့ကို မြင်လိုက်ရ သည်။
“ဟွန်း၊ ကျုပ်ခန္ဓာကိုယ်ကို ဒီတိရစ္ဆာန်အချို့က သိမ်းပိုက်သွားနိုင်လိမ့်မယ်လို့ ခင်ဗျားတို့ ထင်နေတာလား။”
ဟုန်ယွိ၏ မျက်လုံးများမှာ ဝင်းလက်သွားပြီး သူ၏ လက်ဖြင့် လှမ်းဖမ်းလိုက်သည်။ ခရက်.. ပြင်းထန်လှသော သိုင်းဆန္ဒတစ်ခု ထွက်ပေါ်လာပြီး ဘုရင်ယန်ချန်၏ ‘ပိဋကတ်သုံးပုံ အစစ်မှန်ဓမ္မ’ ကို ရိုက်ခွဲပစ်လိုက်သည်။
ဧည့်ခန်းမတစ်ခုလုံးမှာ ပုံစံပြောင်းလဲသွားပြီး ပိုမို လင်းထိန်လာခဲ့သည်။
ဟုန်ယွိသည် ချန်ပီယံမြို့စား၏ အမူအရာကို အတုခိုးကာ ဧည့်ခန်းမထဲသို့ လှမ်းဝင်လိုက် ပြီး - “ခင်ဗျားတို့အားလုံး... ကျုပ်ရှေ့မှာ မတ်တပ်ရပ်လိုက်စမ်း။”