အခန်း (၅၀၁-၅၀၂)
Vol. 48 Ch. 501-502
ယန်နတ်ဘုရား စာစဉ် (၄၈)။
ဘာသာပြန်သူ နေဇင်။
အခန်း (၅၀၁)။
အဆုံးအစမဲ့သော ဓားစွမ်းအင်၊ ဓားအရှိန်အဝါ၊ ဓားအငွေ့အသက်၊ ဓားဆန္ဒတို့သည် လေထုထဲတွင် ပြည့်နှက်သွားခဲ့ပြီး၊ လေထုအတွင်း၌ မယိုင်မလဲ ခိုင်ခံ့လှသော ရွှေရောင် တံတားကြီးတစ်စင်းမှာ တဖျတ်ဖျတ် လင်းလက်လျက် ပေါ်ထွက်လာသည်။ ရွှေရောင် တံတားကြီးသည် ဘုံသုံးပါးမူလစွမ်းအင်အမြောက်နှင့် အလယ်ဗဟို မြေဓာတ် ဟင်းလင်း ပြင် မဟာစွမ်းအင်တို့ထက် မနိမ့်ကျပေ။
ဓားတစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် သူ၏ စွမ်းအားအားလုံး ပေါက်ကွဲထွက်လာတော့သည်။
သူသည် မူလဝိညာဉ်နတ်ဘုရားဆီသို့ ဦးတည်ကာ ခုတ်ပိုင်းလိုက်သည်။
ကောင်းကင်၊ မြေကြီး၊ လေ၊ မိုးကြိုးနှင့် ထာဝရသဘောတရား ဓားငါးမျိုးသည် မဟာဝဇိရ ပညာပါရမီလမ်းစဉ်နှင့် ပေါင်းစပ်သွားသောအခါ ပိုမို အစွမ်းထက်ပြီး သိပ်သည်းလာသည်။
ထို ‘ပါရမီရွှေရောင်တံတား’ မှာလည်း ပိုမိုသိပ်သည်းလာပုံရသည်။
“မူလဝိညာဉ်နတ်ဘုရား... ခင်ဗျားရဲ့ ဝိညာဉ်ကို ပေးလိုက်တော့၊ ခင်ဗျားကို သတ်လိုက်တာ နဲ့ အနောက်ဘက်ဒေသ စစ်တပ်ဟာ အလိုအလျောက် ပြိုလဲသွားလိမ့်မယ်။ အလယ်ပိုင်း ကောင်းကင်နိုင်ငံက လူသားကုဋေတစ်ရာဟာလည်း လူရိုင်းတွေရဲ့ ရန်ကနေ ကင်းဝေး သွားလိမ့်မယ်။” ရှည်လျားကျယ်လောင် ဟိန်းဟောက်သံကြီးမှာ ဓားအရှိန်အဝါအတွင်းမှ ပျံ့လွင့်လာသည်။ ထိုအသံကို နေရာအနှံ့ ကြားနိုင်ပြီး ဟုန်ယွိ၏ သတ္တိနှင့် သတ်ဖြတ်လို သော စိတ်ပိုင်းဖြတ်မှုကို ပြသနေသည်။
လေထုထဲတွင်လည်း ပြန်လမ်းမဲ့သည့် အလွန်ပင် လွမ်းမောကြေကွဲဖွယ် အငွေ့အသက်များ ပြည့်နှက်နေသည်။
ဤခဏ၌….
မူလဝိညာဉ်နတ်ဘုရားသည် အေးခဲနေသော နဂါးရေခဲတိုင်ပေါင်း ၂၀၀ ကျော်ကို ဆွဲထုတ် ပြီးကာနီး၊ ရှေးဟောင်း ‘ရာရှိုမွန်’ တံခါးအတွင်းသို့ ထည့်သွင်းတော့မည့်အချိန်တွင် ဟုန်ယွိ ၏ ဓားစွမ်းအင်ဖြင့် ကြားဖြတ်တိုက်ခိုက်ခြင်း ခံလိုက်ရသည်။
“ဟုန်ယွိ…. မင်းက သေချင်နေတာပဲ။”
မူလဝိညာဉ်နတ်ဘုရား၏ အေးစက်ပြီး သတ်ဖြတ်လိုသော အသံမှာ ရှေးဟောင်း ‘ရာရှိုမွန်’ တံခါး အတွင်းမှ ချက်ချင်း ထွက်ပေါ်လာသည်။ စုစုပေါင်း ဖရိုဖရဲ ကောင်းကင်အနှစ်သာရ အမြုတေသုံးလုံးမှာ ဟုန်ယွိ၏ ဓားအလင်းတန်းဆီသို့ ပျံထွက်လာသည်။
သို့သော် ထိုခဏ၌ပင် ဟုန်ယွိသည် သူ၏ ဓားလမ်းကြောင်းကို အမှန်တကယ် ပြောင်းလဲ လိုက်တော့သည်။ ဓားမှာ ခုတ်ပိုင်းခြင်းမှ စီးဆင်းခြင်းသို့ ပြောင်းလဲသွားပြီး၊ ဓားအလင်းမှာ သိပ်သည်းသွားကာ အလွန်လျင်မြန်စွာ ပျံသန်းသွားသည်။ ထို့အပြင် ဝင်ရောက်သည့် နေရာမှာလည်း အလွန်ပင် ပါးနပ်လှသဖြင့် “အားစိုက်စရာ မလိုဘဲ သက်သောင့်သက်သာ ရှိလှသည်” ဟူသော ခံစားချက်မျိုးကို ပေးစွမ်းနေသည်။
ဓားချက်က ပြန်လမ်းမဲ့ကြေကွဲဖွယ် အငွေ့အသက်နှင့် “သက်သောင့်သက်သာ ရှိမှု” တို့ ပေါင်းစပ်နေခြင်းပင် ဖြစ်သည်။
ဓားအလင်းတန်းမှာ ဆွဲဖြဲလျက် စီးဆင်းသွားစဉ် မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ‘လေရွှန့်ဓား’ (စီးဆင်းလေညှင်းဓား) ကို အသုံးပြုကာ ‘ ဖရိုဖရဲ ကောင်းကင်အနှစ်သာရ အမြုတေများ၏ ထိပ်တိုက်တွေ့မှုကို လေအလျင်ဖြင့် ရှောင်တိမ်းလိုက်သည်။ ဓားအလင်း တန်း အမျှင်တန်းများသည် ချက်ချင်းပင် ပေါက်ကွဲထွက်လာပြီး ဓားအမျှင်ပေါင်း ထောင်ချီ အဖြစ် ပြောင်းလဲကာ နဂါးရေခဲတိုင်များကို ဝန်းရံလျက် ခုတ်ပိုင်းချလိုက်တော့သည်။
ချက်ချင်းပင် နဂါးရေခဲတိုင် ၂၀၀ ကျော်ကို ရစ်ပတ်ထားသော မူလဝိညာဉ်နတ်ဘုရား၏ မဟာတန်ခိုးတော်မှာ အားလုံး ပြတ်တောက်သွားတော့သည်။ အေးခဲနေသော နဂါးရေခဲ တိုင်များမှာ တဝုန်းဝုန်းအသံနှင့်အတူ ဆီးနှင်းလွင်ပြင်ထံသို့ ပြန်လည် ကျဆင်းသွားတော့ သည်။
ဟုန်ယွိ၏ ဓားချက်က မူလဝိညာဉ်နတ်ဘုရား၏ နဂါးတိုင်များကို သိမ်းယူမည့် အစီအစဉ် ကို ဖျက်ဆီးလိုက်ပြီ။
ဤဓားချက်ပြီးနောက် ဟုန်ယွိသည် ရပ်တန့်မနေပေ။ လေထုထဲ၌ ဟိန်းဟောက်နေသော ဓားအလင်းတန်းမှာ မိုးကြိုးနဂါးတစ်ကောင်ကဲ့သို့ ပြန်လည်စုစည်းကာ ပြင်းထန်စွာ တိုးဝင် လျက် ရှေးဟောင်း‘ရာရှိုမွန်’ တံခါးကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။
“ကိုး-ငါးလမ်းစဉ် ဧကရာဇ်အာဏာ ... ကောင်းကင်ယံ၌ ပျံသန်းနေသောနဂါး။”
နောက်ထပ် ရှည်လျားသော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြန်သည်။ ဓားစွမ်းအင်များ လေထဲတွင် ပြည့်နှက်နေပြီး၊ ထိုဓားချက်အတွင်း၌ ဟုန်ယွိ၏ တက်ကြွလှသော စိတ်ဓာတ် နှင့် အတိုင်းအဆမဲ့ ကျေနပ်မှုကို ဖော်ပြနေသည်။ အရာအားလုံးကို ထိန်းချုပ်နိုင်သည်ဟူ သော သူ၏ ယုံကြည်ချက်မှာ အထင်အရှား ပေါ်လွင်နေသည်။ ဤယုံကြည်ချက်သည်ပင် ပြိုင်ဘက်ကို ကြောက်ရွံ့တုန်လှုပ်စေပြီး ခုခံလိုစိတ် ပျောက်ဆုံးသွားစေရန် လုံလောက် သည်။
ပြင်းထန်စွာ ပေါက်ကွဲထွက်လာသော ဓားစွမ်းအင်သည် ရှေးဟောင်း ‘ရာရှိုမွန်’ တံခါး၏ အစွန်းကို ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် ဓားအလင်းတန်းများစွာအဖြစ် ပြောင်းလဲသွား ပြီး၊ သန်းနှင့်ချီသော ထက်ရှလှသော ရွှေရောင်အလင်းတန်းများသည် တံခါးကြီးအတွင်းသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားကာ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာတော့ သည်။
ထိုပေါက်ကွဲမှုကြောင့် ရှေးဟောင်း ‘ရာရှိုမွန်’ တံခါးမှာ မနားတမ်း တုန်ခါသွားတော့သည်။ အတွင်းရှိ ဖရိုဖရဲစွမ်းအင်များမှာ ပါးလျသွားကာ အမည်မသိ ကမ္ဘာတစ်ခုကို မြင်တွေ့လာရ သကဲ့သို့ ရှိနေသည်။
တံခါးဘောင်ရှိ သားရဲခေါင်းမှာလည်း နာကျင်စွာ ဟိန်းဟောက်နေတော့သည်။
ဟုန်ယွိ၏ဓားက ရှေးဟောင်း ‘ရာရှိုမွန်’ တံခါးကို အပြင်းအထန် ဒဏ်ရာရရှိစေခဲ့သည်မှာ ထင်ရှားပေသည်။
“အထွတ်အထိပ် ကိုး(ဂဏန်း)..... မာနနဂါးရဲ့နောင်တ။”
‘ရာရှိုမွန်’ တံခါးကို တုန်ခါစေပြီး အတွင်းရှိ မူလဝိညာဉ်နတ်ဘုရား၏ အစစ်အမှန် ခန္ဓာကိုယ်ကို အငိုက်မိသွားစေပြီးနောက် ဟုန်ယွိသည် သုံးကြိမ်မြောက် ဟစ်ကြွေးလိုက် ပြီး၊ သူ၏ ဓားအလင်းတန်းမှာ အောက်သို့ ဖိနှိပ်ကျဆင်းလာသည်။ လေသည် မိုးကြိုးကို သယ်ဆောင်လာပြီး မိုးကြိုးကလည်း လေကို သယ်ဆောင်လာသည်။ လေနှင့် မိုးကြိုး ဓားနှစ်လက်ကို ဆက်တိုက် ထုတ်သုံးလိုက်ပြီး ထာဝရလမ်းစဉ်ကို ခင်းကျင်းကာ ပြင်းထန် လှသော ဓားစွမ်းအင်ဖြင့် အပြင်ဘက်ရှိ ‘ဖရိုဖရဲ ကောင်းကင်အနှစ်သာရ အမြုတေ’ တစ်လုံးကို တစ်ခဏအတွင်း ထိမှန်သွားတော့သည်။
…
ဖြောက်….
ဖရိုဖရဲ ကောင်းကင်အနှစ်သာရ အမြုတေမှာ မူလက လေထဲတွင် ဝဲပျံနေသော်လည်း တစ်ခဏမျှ ဝေခွဲမရ ဖြစ်သွားပုံရသည်။ ၎င်းသည် ကောင်းကင်ယံရှိ ဖန်ဆင်းခြင်းသင်္ဘော ကို စောင့်ကြပ်ရမည်လား။ သို့မဟုတ် အောက်သို့ ပျံဆင်းပြီး နဂါးရေခဲတိုင်များကို ပြန် လည် သိမ်းယူရမည်လား၊ သို့မဟုတ် အောက်သို့ ပျံဆင်းပြီး ဟုန်ယွိကို သတ်ဖြတ်ရမည် လား…..?
ဤရွေးချယ်စရာ သုံးခုစလုံးမှာ သာတူညီစွာ ခက်ခဲနေပုံရသည်။
ထို့ကြောင့် အနှစ်သာရအမြုတေမှာ ဝေခွဲမရ ဖြစ်သွားသည်။ ၎င်းသည် တစ်ခဏမျှသာ ဖြစ်သော်လည်း မျက်တောင်တစ်ခတ်အတွင်းမှာပင် ဟုန်ယွိက အခွင့်အရေးကို ဆုပ်ကိုင် ကာ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။ ချက်ချင်းပင် ဖန်ဟွမ်အသက်ဝိညာဉ်ဓား၏ အနှိုင်းမဲ့ ထက်ရှလှသော ဓားစွမ်းအင်မှာ အနှစ်သာရအမြုတေ၏ တည်ဆောက်ပုံကို စတင် ဖျက်ဆီးလိုက်တော့သည်။
“အား... အား အား...”
“ဖရိုဖရဲ ကောင်းကင်အသွင်, ငါ့သက်တမ်းကို စောင့်ရှောက်လော့။”
ဓားအလင်းတန်းက ကောင်းကင်အနှစ်သာရ အမြုတေကို ထိုးဖောက်သွားသည့် ခဏမှာ ပင် အတွင်းမှ ဒေါသတကြီး အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ ၎င်းမှာ အလစ်အငိုက် တိုက်ခိုက်ခံရသဖြင့် ဒေါသထွက်နေသကဲ့သို့ပင်။ ထို့နောက် အမြုတေ မျက်နှာပြင်ပေါ်ရှိ ဖရိုဖရဲ စွမ်းအင်များမှာ ပြင်းထန်စွာ လည်ပတ်သွားပြီး လူသားပုံသဏ္ဌာန်အဖြစ် ပြောင်းလဲ ကာ သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်မှုရှိစေရန် အစွမ်းကုန် ကြိုးစားနေသည်။
ထိုအမြုတေမှ ပြောင်းလဲထားသော လူသားပုံစံမှာ မြင့်မားသော သရဖူနှင့် ထူးဆန်းသော အဝတ်အစားများကို ဝတ်ဆင်ထားကာ၊ ခရမ်းနက်ရောင် ဆံပင်ရှည်များ ရှိသည်။ သူ၏ ဝတ်ရုံနှင့် ခရမ်းနက်ရောင် ဆံပင်ရှည်းများက လေထဲတွင် လွင့်ပျံနေပြီး ကောင်းကင်နှင့် မြေကြီး၏ မူလစွမ်းအင်များကို အမိန့်ပေးနေသကဲ့သို့ အလယ်ခေတ် ပညာရှင် သူတော်စင် တစ်ဦး၏ အရှိန်အဝါမျိုး ရှိနေသည်။
၎င်းမှာ မူလဝိညာဉ်နတ်ဘုရားမှတစ်ပါး အခြားမည်သူ ဖြစ်နိုင်ဦးမည်နည်း။
သို့သော် ယခုအချိန်တွင် ဟုန်ယွိ၏ဓားမှာ အနှစ်သာရ အမြုတေမှ ပြောင်းလဲလာသော ထို ‘မူလဝိညာဉ်နတ်ဘုရား’ ၏ ရင်ဘတ်ကို ထိုးစိုက်လျက် အနေထား ရှိနေသည်။ ဟုန်ယွိ၏ အခြားလက်တစ်ဖက်မှာ ဓားအလင်းတန်း၏ ဗဟိုချက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထား သည်။ ဓားအလင်းမှာ မပြတ်တုန်ခါနေပြီး ဟိန်းဟောက်နေသော နတ်ဘုရားနဂါး တစ်ကောင်ကဲ့သို့ ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်နေ၏။ ၎င်းမှာ ရှေးဦးခေတ်က ကောင်းကင်နဂါး တစ်ကောင် ရေခဲပိတ်နဂါးတိုင်များအတွင်းမှ ပြန်လည် နိုးထလာသည့် အလားပင်။
ဖန်ဟွမ်အသက်ဝိညာဉ်ဓားမှာ ထိုးဖောက်ရန် ကြိုးစားနေသော်လည်း မူလဝိညာဉ် နတ်ဘုရားမှာ သူ၏အတိုင်းအဆမဲ့ တန်ခိုးစွမ်းအားဖြင့် ဖရိုဖရဲ ကောင်းကင်အနှစ်သာရ အမြုတေကို အသွင်ပြောင်းကာ အတွင်းသို့ တိုးဝင်နေသော ဓားအလင်းတန်းကို တင်းကျပ် စွာ ပြန်လည် ဖမ်းဆုပ်လိုက်ပြီး ထိုနတ်ဘုရားလက်နက်ကို အတင်းအဓမ္မ လုယူရန် ကြံစည်တော့သည်။
“ခင်ဗျားက တကယ်ကို ဖန်ဆင်းရှင်သခင်အဆင့် နတ်ဘုရားပဲ။ ကျုပ်ရဲ့ ဓားအလင်းကို တောင် မဟာတန်ခိုးတော် စွမ်းအားနဲ့ ဖမ်းဆုပ်နိုင်တယ်ပေါ့။ ဒါက တကယ်လား... ဒါပေမဲ့ ကျုပ် တစ်ကွက် အောင်မြင်သွားပြီဆိုတော့ ကျုပ် ခင်ဗျားကို ဘယ်လိုလုပ် အလွတ်ပေးနိုင် မှာလဲ။ ဒီနေ့တော့ ခင်ဗျား ဒီအမြုတေကို ချန်ထားခဲ့ရမယ်။ ဗုဒ္ဓလက်ဝါးတော်... မူလကံကြမ္မာ တာအိုသစ်သီး။”
အမြုတေမှ အသွင်ပြောင်းထားသော မူလဝိညာဉ်နတ်ဘုရားက ဓားအလင်းကို မဟာ တန်ခိုးတော် စွမ်းအားဖြင့် ဖမ်းဆုပ်ထားစဉ်မှာပင် နတ်ဘုရားဓားတစ်လက်လုံး ရုတ်တရက် တုန်ခါသွားပြီး လူသားပုံရိပ်တစ်ခု ခွဲထွက်လာသည်။ ၎င်းမှာ ဟုန်ယွိ သူ၏ တန်ခိုးစွမ်းအား အားလုံးဖြင့် ပေါင်းစပ်ထားသော ဗုဒ္ဓဓမ္မခန္ဓာ ဖြစ်သည်။
ဗုဒ္ဓဓမ္မခန္ဓာမှာ ခုန်ထွက်လာပြီး လက်ဝါးကို မြှောက်လိုက်သည်။ လွတ်မြောက်ခြင်းတံဆိပ် တော်၊ ပါရမီတံဆိပ်တော်နှင့် မဟာတံဆိပ်တော်များကို ထပ်မံ အသုံးပြုလိုက်သည်။ တခဏအတွင်းမှာပင် ဟင်းလင်းပြင်အတွင်းရှိ သက်စွမ်းအား အားလုံး စုစည်းသွားပြီး မရေမတွက်နိုင်သော ဗုဒ္ဓ၏တရားတော် ရွတ်ဆိုသံများ ထွက်ပေါ်လာသည်။ ကောင်းကင် ပြင်ပနယ်မြေမှလည်း မရေမတွက်နိုင်သော အသံများက “သွားလော့... လွန်မြောက် လော့... ကြီးမြတ်လှသော... ကြီးမြတ်လှသော...” ဟု ရွတ်ဆိုနေကြသည်။
ဤလက်ဝါးရိုက်ချက်မှာ အမြုတေမှ အသွင်ပြောင်းထားသော မူလဝိညာဉ်နတ်ဘုရားကို တစ်ခဏအတွင်း လွှမ်းခြုံသွားတော့သည်။
မူလဝိညာဉ်နတ်ဘုရား၏ မျက်နှာမှာ တည်ကြည်သွားပြီး ဟုန်ယွိ၏ မျက်နှာကို စိုက်ကြည့် နေသည်။ ၎င်းမှာ တိုက်ခိုက်ရန် အင်အား ရှိနေသေးပုံရသော်လည်း၊ နောက်တစ်ခဏတွင်မူ သူ၏မျက်နှာမှာ ထိတ်လန့်သွားတော့သည်။
အဘယ်ကြောင့်ဆိုသော် လက်ဝါးတော်အတွင်း၌ ကြီးမားလှသော ကံကြမ္မာစွမ်းအား ပေါ်ပေါက်လာပြီး သူ၏ ခန္ဓာကိုယ်ပေါ်သို့ ရက်စက်စွာ ရိုက်ခတ်သွားသောကြောင့် ဖြစ်သည်။
ဝုန်း….
မူလဝိညာဉ်နတ်ဘုရား၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ထိုကြီးမားလှသော ကံကြမ္မာစွမ်းအား ၏ ရိုက်ခတ်မှုကို ခံလိုက်ရပြီး ချက်ချင်းပင် ပြိုကွဲပျက်စီးသွားကာ ‘ဖရိုဖရဲ စွမ်းအင်’ များစွာ လွင့်စင်သွားတော့သည်။
“ခင်ဗျားရဲ့ ကိုယ်ပွားလေးတစ်ခုတည်းနဲ့ ကျုပ်ရဲ့ အစွမ်းကုန် တိုက်ကွက်ကို ယှဉ်ချင်တာ လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အဲလိုဆိုရင်တော့ ခင်ဗျားက ကျုပ်ထက် ဆယ်ဆပိုပြီး အစွမ်းထက်နေမှပဲရတယ်။ ‘ကမ္ဘာနှစ်ခု အရပ်ဆယ်မျက်နှာ စိန်အကာကွယ် မဟာဖုံးကွယ် ခြင်း နတ်ဘုရားစွမ်းရည်၊ စုစည်းလော့၊ ရစ်ပတ်လော့။”
ဖရိုဖရဲ ကောင်းကင်အနှစ်သာရ အမြုတေ၏ ကိုယ်ပွား ကိုးခုအနက် တစ်ခုကို ဖျက်ဆီးပြီး နောက် ဟုန်ယွိက ရပ်တန့်မနေပေ။ ယင်းအစား သူ၏ ခန္ဓာကိုယ်မှာ ကုဋေကုဋာမကသော မှော်မန္တန်သင်္ကေတများအဖြစ် ပြောင်းလဲသွားပြီး ဗုဒ္ဓသင်္ကန်းတော် အတွင်းရှိ ပင်မ အစီအရင်အဖြစ် ဖွဲ့စည်းလိုက်သည်။ ထို့နောက် လွင့်စင်နေသော ‘ဖရိုဖရဲ စွမ်းအင်’ များကို အတွင်းသို့ သိမ်းဆည်းကာ တင်းကျပ်စွာ ရစ်ပတ် ချည်နှောင်လိုက်တော့သည်။
“ဓားပေါင်းတစ်သောင်း... သတ်ဖြတ်လော့။”
တစ်ချိန်တည်းမှာပင် ဖန်ဟွမ်အသက်ဝိညာဉ်ဓားမှာ မရေမတွက်နိုင်သော ဓားအလင်း တန်းများအဖြစ် တစ်ဖန် ပြောင်းလဲသွားပြီး ပေါက်ကွဲနေသော ဖရိုဖရဲ စွမ်းအင်များအတွင်း သို့ တိုးဝင်သွားသည်။ ၎င်းသည် ပြင်းပြင်းထန်ထန် ထိုးစိုက်လိုက်ပြီး မူလဝိညာဉ်နတ်ဘုရား ၏ စိတ်ဝိညာဉ် အမှတ်အသား ပြန်လည်စုစည်းခြင်း မပြုနိုင်အောင် ပြင်းပြင်းထန်ထန် ထိုးနှက်တော့သည်။
မူလဝိညာဉ်နတ်ဘုရား၏မှာ အလွန်ပင် အစွမ်းထက်လှသည်။ သူ၏ ကိုယ်ပွားတစ်ခုမှာပင် ရှေးဟောင်း နတ်ဘုရားလက်နက်ဖြစ်သော ဖန်ဟွမ်အသက်ဝိညာဉ်ဓား၏ တိုက်ခိုက်မှုကို ခံရသည့်တိုင် လုံးဝဥဿုံ အသေသတ်ရန် ခဲယဉ်းလှသည်။ မကြာမီ သူ၏ မူလပုံစံသို့ ပြန်လည် စုစည်းနိုင်ပေလိမ့်မည်။
ယခုအခါ ဟုန်ယွိသည် ၎င်းကို ပိတ်လှောင်ထားပြီး စိတ်ဝိညာဉ် အမှတ်အသားကို သတ်ဖြတ်ရန် နတ်ဘုရားဓားကို အသုံးပြုလိုက်သည်။ သူ၏ စိတ်ဝိညာဉ် အမှတ်အသားကို ဖျက်ဆီးပြီး စွမ်းအားများ ပြန်လည် မစုစည်းနိုင်အောင် တားဆီးခြင်းမှာ တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။
…
“ဆုတ်ခွာမယ်”
ဟုန်ယွိ၏ တိုက်ခိုက်မှု အောင်မြင်သွားပြီး သူသည် အလင်းတန်းတစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲကာ အပေါ်သို့ ပြင်းထန်စွာ ပျံတက်သွားသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ရှိ သူတော်စင်ပေါင်းစုံခန်းမထံမှ တုန်လှုပ်ဖွယ် အနက်ရောင် စွမ်းအင်များ ဆင်းသက်လာပြီး သူ့ကို ဆက်သွယ်လိုက်သည်။ ၎င်းမှာ ဇမ္ဗူမဟာအစီအရင်၏ စွမ်းအား ဖြစ်သည်။
မြန်မြန်…၊ မြန်မြန်….၊ မြန်မြန်…။
ဟုန်ယွိ၏ လှုပ်ရှားမှုများ ဖြစ်သော - ဓားထုတ်ခြင်း၊ မူလဝိညာဉ်နတ်ဘုရားကို နဂါးရေခဲ တိုင်များ မယူနိုင်အောင် တားဆီးခြင်း၊ ရှေးဟောင်း‘ရာရှိုမွန်’ တံခါးကို တိုက်ခိုက်ခြင်းနှင့် အမြုတေကိုယ်ပွားတစ်ခုကို သတ်ဖြတ်ခြင်း... ဤအရာအားလုံးမှာ မျက်စိတစ်မှိတ် အတွင်းမှာပင် ပြီးမြောက်သွားခြင်း ဖြစ်သည်။
အပြောင်းအလဲပေါင်း ထောင်သောင်းကြားတွင် သူသည် မျှော်လင့်ချက်အလင်းတန်းတစ်ခု ကို ရှာဖွေတွေ့ရှိခဲ့သည်။ နောက်ဆုံးတော့ အောင်မြင်သွားပြီ။
ဤကဲ့သို့ သတ်ဖြတ်သည့် နည်းဗျူဟာနှင့် အခွင့်အရေးကို ဆုပ်ကိုင်နိုင်မှုမှာ ရှေးဟောင်း လုပ်ကြံသတ်ဖြတ်ခြင်းတာအို၏ အနှစ်သာရပင် ဖြစ်သည်။ လုပ်ကြံသတ်ဖြတ်သူများခန်းမ မဟာမိတ်အဖွဲ့၏ အဖွဲ့ခေါင်းဆောင်ပင်လျှင် ဟုန်ယွိ၏ ဤ ‘မီးလျှံကြားမှ အောင်ပွဲတစ်ခု ဆွဲထုတ်ခြင်း’ မြင်ကွင်းကို မြင်တွေ့ပါက ချီးကျူးဂုဏ်ပြုမိပေလိမ့်မည်။
“ထွက်ပြေးချင်တာလား။ သေပေတော့။”
အလားတူ ဖရိုဖရဲ ကောင်းကင်အနှစ်သာရ အမြုတေ အသွင်ပြောင်း မူလဝိညာဉ်နတ်ဘုရား ခုနစ်ပါးမှာ ကောင်းကင်ယံတွင် ပေါ်လာပြီး သူတို့၏ လက်ထဲ၌ အဖြူရောင် အလင်းလုံး များ စုစည်းလာသည်။ သူတို့သည် ကိုယ်ပွား ခုနစ်ခု ဖြစ်ပြီး၊ ဘုံသုံးပါးမူလစွမ်းအင် အမြောက်ကို တစ်ပြိုင်နက်တည်း အသုံးပြုကာ ဟုန်ယွိကို သတ်ဖြတ်ရန် ပြင်နေကြသည်။
ထိုခဏ၌ပင် မြည်ဟည်းနေသော “အလယ်ဗဟို မြေဓာတ် ဟင်းလင်းပြင် မဟာစွမ်းအင်” မှာ အောက်သို့ တစ်ဖန် ကျဆင်းလာပြန်သည်။ ဤတစ်ကြိမ်တွင် ၎င်းမှာ သုံးပိုင်း ကွဲထွက် သွားသည်။
၎င်းတို့အနက် တစ်ပိုင်းမှာ မြေပြင်ရှိ နဂါးရေခဲတိုင် ၂၀၀ ကျော်ကို လှမ်းယူပြီး၊ နောက်တစ်ပိုင်းမှာ မူလဝိညာဉ်နတ်ဘုရား၏ ရှေးဟောင်း ‘ရာရှိုမွန်’ တံခါးဆီသို့ ဦးတည် ကာ၊ နောက်ဆုံးတစ်ပိုင်းမှာမူ အမှန်တကယ်ပင် သူတော်စင်ပေါင်းစုံခန်းမနှင့် ဟုန်ယွိထံသို့ ဦးတည်နေသည်။
ဖန်ဆင်းခြင်းသင်္ဘောပေါ်မှ လူများမှာ အမှန်တကယ်ပင် ရက်စက်ပြီး ယုတ်မာလှပေသည်။ သူတို့သည် ဤအခွင့်အရေးကို အသုံးပြုကာ မူလဝိညာဉ်နတ်ဘုရားနှင့် ဟုန်ယွိကို ဖျက်ဆီး ရန် သို့မဟုတ် အနည်းဆုံး အပြင်းအထန် ဒဏ်ရာရစေရန်နှင့် ဖြစ်နိုင်ခြေရှိသော ပြိုင်ဘက် အားလုံးကို ဖယ်ရှားရန် ကြိုးစားနေကြခြင်း ဖြစ်သည်။
“ဟွန့်။”
တစ်ချိန်လုံး မလှုပ်မရှားဘဲ နေခဲ့သော ချန်ယင်းရှာက နောက်ဆုံးတွင် လှုပ်ရှားလိုက်ပြီ ဖြစ်သည်။ သူမသည် အခွင့်အရေးကို စောင့်ဆိုင်းကာ သားကောင်ကို ဖမ်းဆုပ်ရန် ကြိုးစားနေသည့် ပင်လယ်ပြင်အတွင်းမှ ကျွမ်းကျင်လှသော ငါးမန်းတစ်ကောင်နှင့် တူလှသည်။
သူမ၏ ပထမဆုံး တိုက်ကွက်မှာလည်း အပြင်းထန်ဆုံး ဖြစ်နေသည်။
နက်ရွှေရောင် ကောင်းကင်မိစ္ဆာတာအိုသစ်သီး တစ်လုံးမှာ သူမ၏ လက်ဝါးမှ ပျံထွက် လာပြီး မျက်တောင်တစ်ခတ်အတွင်း အဆပေါင်း ထောင်ချီ ကြီးမားလာပြီး၊ ပေ ၁၀၀ ခန့် ရှည်လျားသည့် ဘူးသီးပုံစံအသီးကြီးမှာ သူတော်စင်ပေါင်းစုံခန်းမ၏ အပြင်ဘက်တွင် တောင်ကုန်းငယ်တစ်ခုအလား ဝဲပျံနေသည်။
“ကောင်းကင်မိစ္ဆာ ဖောက်ခွဲခြင်း”
ကောင်းကင်မိစ္ဆာတာအိုသစ်သီး ထံမှ ပြင်းထန်သော မှော်စွမ်းအားများ တုန်ခါထွက်ပေါ် လာသည်။ ထို့နောက် တာအိုသစ်သီးမှာ ပြင်းထန်စွာ ပေါက်ကွဲသွားပြီး၊ ပေပေါင်း သောင်းချီ ရှည်လျားကာ ကောင်းကင်နှင့် မြေကြီးကို ဖြတ်သန်းသွားသော အနက်ရောင် မီးခိုးတန်း ကြီး နှစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
အနက်ရောင် မီးခိုးတန်းတစ်ခုမှာ မဟာလေဟာနယ် အစစ်မှန်စွမ်းအင်နှင့် တိုက်ရိုက် ထိပ်တိုက် တွေ့သွားပြီး၊ နောက်တစ်ခုမှာမူ အောက်သို့ တိုက်ရိုက် ပျံဆင်းသွားကာ နဂါးရေခဲတိုင်များနှင့် ထိပ်တိုက်တွေ့သွားသည်။
ချန်ယင်းရှာသည် အလွန်အစွမ်းထက်လှသော ကောင်းကင်မိစ္ဆာတာအိုသစ်သီးကို ဖောက်ခွဲ ရန်ပင် ဝန်မလေးခဲ့ပေ။ တာအိုသစ်သီး၏ အစွမ်းထက်ဆုံး တိုက်ကွက်ဖြစ်သော ကောင်းကင်မိစ္ဆာ ဖောက်ခွဲခြင်း နည်းဗျူဟာကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။
အခန်း (၅၀၂)။
ကောင်းကင်မိစ္ဆာတာအိုသစ်သီး ဆိုသည်မှာ ရှေးဦးမိစ္ဆာနတ်သားရဲကြီး ‘ပါ့’ ကျင့်ကြံ အားထုတ်ထားသော နတ်ဘုရားစွမ်းအားတစ်ခု ဖြစ်သည်။ ၎င်းသည် ကိုယ်ပွားတစ်ခု ဖြစ်သလို ဒုတိယမြောက် မူလဝိညာဉ်လည်း ဖြစ်သည်။ မြေအောက်မှ နှစ်ပေါင်း တစ်သောင်းကြာ စုစည်းထားသော ‘အစစ်အမှန် မိစ္ဆာစွမ်းအင်ကို စုဆောင်းကာ နှစ်ပေါင်း သုံးရာကြာ ကျင့်ကြံခဲ့ရခြင်း ဖြစ်ရာ ၎င်းသည် မှော်ရတနာနှင့် ဝိညာဉ်အကြားတွင် တည်ရှိနေသည့် အနှိုင်းမဲ့ နတ်ဘုရားစွမ်းအားတစ်ခု ဖြစ်သည်။ ၎င်း၏ စွမ်းအားမှာ မှန်းဆ၍ပင် မရနိုင်ပေ။
ယခင်တစ်ခေါက်က ဟုန်ယွိ၏ ဗုဒ္ဓလက်ဝါးတော်မှာ အလွန်အစွမ်းထက်ပြီး လျင်မြန်လွန်းခဲ့ သည်။ ထို့အပြင် ‘ပါ့’ သည် ကောင်းကင်မိစ္ဆာတာအိုသစ်သီးကို ဖောက်ခွဲရန် နှမြောနေခဲ့ပြီး ကောင်းကင်မိစ္ဆာဖောက်ခွဲခြင်း မဟာပညာရပ်ကို အသုံးပြုရန် ခဏမျှ တုံ့ဆိုင်းသွားခဲ့သော ကြောင့် ဟုန်ယွိ လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ အကယ်၍ ထိုစဉ်ကသာ အမှန်တကယ် ဖောက်ခွဲခဲ့ပါက ဟုန်ယွိလည်း အထိနာသွားနိုင်ပေသည်။
သို့သော် ဤသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။ မည်သူမဆို မိမိကိုယ်တိုင် ခဲခဲယဉ်းယဉ်း ကျင့်ကြံထားသော အရာကို စွန့်လွှတ်ရန် သတ္တိမရှိကြသည်မှာ သဘာဝကျပေသည်။
ကောင်းကင်မိစ္ဆာ တာအိုသစ်သီးအတွင်း၌ ‘မြေကမ္ဘာမိစ္ဆာ အစစ်အမှန် စွမ်းအင်’ များသည် အတိုင်းအဆမဲ့ မှော်အစီအရင်များအဖြစ် စုစည်းထားပြီး၊ ပြင်ပမှ စွမ်းအင်မျိုးစုံနှင့် နက်နဲ သော အသိအမြင်များကို သဘာဝအတိုင်း စုပ်ယူနေသည်။ ယခုအခါ ချန်ယင်းရှာသည် ၎င်းကို အပြည့်အဝ နားလည်သွားပြီ ဖြစ်ရာ နောက်ဆုံးမိနစ်တွင် ကောင်းကင်မိစ္ဆာ ဖောက်ခွဲခြင်း မဟာပညာရပ်ကို အသုံးပြုနိုင်ခဲ့ခြင်း ဖြစ်သည်။
ကောင်းကင်မိစ္ဆာ တာအိုသစ်သီး ပေါက်ကွဲသွားသည့် ခဏ၌ ပေပေါင်း သောင်းချီရှည်လျား သော အနက်ရောင် မီးခိုးတန်းကြီး နှစ်ခုအဖြစ် ပြောင်းလဲကာ ရှေ့သို့ တိုးဝင်သွားသည်။ ပတ်ဝန်းကျင်လေထုမှာ မိစ္ဆာအရှိန်အဝါများဖြင့် ထူထပ်လာပြီး တိမ်တိုက်များနှင့် မြူခိုးများ ဖုံးလွှမ်းသွားကာ ကြောက်မက်ဖွယ် လေပြင်းများ တိုက်ခတ်၍ တစ္ဆေများ အော်ဟိန်းသံများ ထွက်ပေါ်လာသည်။ ရှေးဦးမိစ္ဆာနတ်ဘုရားများ လူ့ပြည်သို့ တစ်ဖန် ပြန်လည် ဆင်းသက် လာသကဲ့သို့ပင်။
ယွမ်ရှန့်ရှန့်နှင့် နဂါးသမီးတော်တို့ပင်လျှင် ဤစွမ်းအားကို ကြည့်ကာ တိတ်တဆိတ် တုန်လှုပ်သွားကြသည်။
“ကောင်းတယ်”
ချန်ယင်းရှာက သူမ၏ တာအိုသစ်သီးကို မနှမြောဘဲ ဖောက်ခွဲလိုက်သည်ကို ဟုန်ယွိ ချက်ချင်း အာရုံခံမိလိုက်သည်။ သူသည် ဖရိုဖရဲ ကောင်းကင်အနှစ်သာရ အမြုတေကို အစွမ်းကုန် ဖိနှိပ်ထားရင်း အနက်ရောင် မီးခိုးတန်းနှင့် အလယ်ဗဟို မြေဓာတ် ဟင်းလင်း ပြင် မဟာစွမ်းအင တို့ ထိပ်တိုက်တွေ့မှုကို ကြည့်နေလိုက်သည်။
ဤထိပ်တိုက်တွေ့မှုမှာ ကောင်းကင်ယံကို တုန်ခါစေသော မိုးကြိုးသံကြီးကို ဖြစ်ပေါ်စေ သည်။ ထိုစွမ်းအားနှစ်ခုမှာ အချင်းချင်း လုံးထွေးသွားပြီး လျင်မြန်စွာ လည်ပတ်နေသော လေဆင်နှာမောင်းကြီးအဖြစ် ပြောင်းလဲသွားသည်။ လေတိုင်လုံးကြီးများမှာ တကျွိကျွိ မြည်ဟည်းနေပြီး ရှေးဦးမိစ္ဆာနတ်ဘုရားများနှင့် ရှေးဦးကောင်းကင်နတ်ဘုရားများ စကြဝဠာကို ထိန်းချုပ်ရန် အသေအလဲ တိုက်ပွဲဝင်နေကြသည့်အလားပင်။
ဤကဲ့သို့သော စွမ်းအားမျိုးမှာ သာမန်လူတို့၏ စိတ်ကူးဉာဏ်ထက်ပင် ကျော်လွန်နေပြီ ဖြစ်သည်။
သို့သော် ဤအခွင့်အရေးကို အသုံးချကာ ဟုန်ယွိသည် ဇမ္ဗူမဟာအစီအရင်၏ အနက် ရောင် စွမ်းအင်ကို ထိန်းချုပ်လျက် သူတော်စင်ပေါင်းစုံခန်းမ ပေါ်သို့ ဆင်းသက်လိုက် သည်။ တစ်ချိန်တည်းမှာပင် သူ၏ လက်ကို ဝေ့ယမ်းလိုက်ရာ ဟိန်းဟောက်သံနှင့်အတူ ဖရိုဖရဲစွမ်းအင်တစ်ခုသည် သူတော်စင်ပေါင်းစုံ ခန်းမ၏ ဗဟိုချက်သို့ ကျဆင်းသွားသည်။
ဤ ‘ဖရိုဖရဲစွမ်းအင်’ မှာ မူလဝိညာဉ်နတ်ဘုရား၏ ကိုယ်ပွားတစ်ခုဖြစ်သော ဖရိုဖရဲ ကောင်းကင်အနှစ်သာရ အမြုတေ ပင် ဖြစ်သည်။
၎င်းသည် ဖန်ဟွမ်အသက်ဝိညာဉ်ဓား၏ ဓားစွမ်းအင်ဖြင့် အတိုက်ခိုက်ခံခဲ့ရသော်လည်း အမြုတေမှာ အနည်းငယ်မျှပင် မပြောင်းလဲဘဲ ရှိနေသည်။ ထို့အပြင်, အမြုတေသည် သူ့စွမ်းအားကို တိတ်တဆိတ် ပြန်လည်စုစည်းကာ အသွင်သဏ္ဌာန်တစ်ခုအဖြစ် ပြောင်းလဲ ရန် ထပ်ခါတလဲလဲ ကြိုးစားနေသည်။ အတွင်းမှ အဖြူရောင် အလင်းတန်းလေးများမှာ ဖျတ်ခနဲ ဖျတ်ခနဲ လင်းလက်နေပြီး ပေါက်ကွဲတော့မည့် အသွင်ရှိသည်။
၎င်းမှာ အမြုတေအတွင်းရှိ မူလဝိညာဉ်နတ်ဘုရား၏ ဝိညာဉ်အမှတ်အသားက ဖရိုဖရဲ ကောင်းကင် အနှစ်သာရ အမြုတေကို ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးခိုင်းရန် ကြိုးစားနေခြင်း ဖြစ်သည်။
အကယ်၍ ဤအမြုတေသာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်ပါက မည်မျှ အစွမ်းထက်မည် နည်း။ ဟုန်ယွိအနေဖြင့် တစ်ခါမျှ မမြင်ဖူးသော်လည်း သူ၏ သူတော်စင်ပေါင်းစုံခန်းမမှာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားနိုင်ကြောင်း ခန့်မှန်းမိသည်။
…
“ဇမ္ဗူမဟာအစီအရင်၊ ပိတ်လှောင်လော့။ ဗုဒ္ဓသင်္ကန်းတော်၊ အေးခဲစေလော့၊ ဖန်ဟွမ်အသက်ဝိညာဉ်ဓား ဓားပေါင်းတစ်သောင်းနဲ့ နှလုံးသားကို ထိုးဖောက်လော့။”
ဟုန်ယွိသည် အနည်းမျှပင် အချိန်ဆွဲမနေဘဲ ဇမ္ဗူမဟာအစီအရင်နှင့် ဗုဒ္ဓသင်္ကန်းတော်၏ စွမ်းအားများကို အပြည့်အဝ အသုံးပြုကာ အမြုတေကို ပိတ်လှောင်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ထိန်းချုပ်မှုအောက်တွင်ရှိသော ဖန်ဟွမ်အသက်ဝိညာဉ်ဓားမှာ ဓားအလင်းတန်းပေါင်း ထောင်သောင်းချီအဖြစ် ပြောင်းလဲသွားပြီး ဖရိုဖရဲ ကောင်းကင် အနှစ်သာရ အမြုတေကို ထိုးစိုက်လိုက်တော့သည်။
ဆယ်ဧကခန့် ကျယ်ဝန်းသော အမြုတေမှာ ပြန်လည် စုစည်းရန် ပြင်ဆင်နေစဉ်မှာပင် ဟုန်ယွိ၏ ဓားအလင်းတန်းများဖြင့် ထိုးနှက်ခံလိုက်ရသည်။
နှလုံးသားကို ထိုးဖောက်သည့် ဓားပေါင်းတစ်သောင်းနှင့် တွေ့ကြုံရသောအခါ ၎င်းသည် ချက်ချင်းပင် ပြန့်ကျဲသွားတော့သည်။ ၎င်း၏ စွမ်းအားကို အထွတ်အထိပ်သို့ ရောက်အောင် စုစည်းနိုင်ခြင်း မရှိတော့သဖြင့် ကိုယ့်ကိုယ်ကိုယ်လည်း ဖောက်ခွဲ၍ မရတော့ပေ။
သို့သော် ဖန်ဟွမ်အသက်ဝိညာဉ်ဓား၏ ဓားအလင်းမှာ မမည်မျှပင် အစွမ်းထက်စေကာမူ အမြုတေကို လုံးဝ ခြေမှုန်းနိုင်ခြင်း မရှိသလို၊ အတွင်းရှိ မူလဝိညာဉ်နတ်ဘုရား၏ ဝိညာဉ် အမှတ်အသားကိုလည်း မဖျက်ဆီးနိုင်သေးပေ။
‘ဖန်ဆင်းရှင်’ သခင်တစ်ဦး ဆိုသည်မှာ အမှန်တကယ်ပင် စွမ်းအားကြီးလှပေသည်။
“ဒါ... ဒါဟာ အစစ်အမှန် ဖရိုဖရဲ ကောင်းကင်အနှစ်သာရ အမြုတေပဲ။ ဟုန်ယွိ... ဟုန်ယွိ... မင်းက တကယ်ကို အံ့သြဖို့ ကောင်းတာပဲ။”
ကျီရှန်းထျန်းသည် သူမ မြင်နေရသည်ကို မယုံကြည်နိုင်သကဲ့သို့ မျက်လုံးများ ပြူးသွား သည်။ သူမ၏ မျက်လုံးများမှာ တောက်ပလာပြီး နောက်တစ်ခဏတွင် ရှေ့မှ မြင်ကွင်းမှာ အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုပြီးနောက် ဝမ်းသာအားရဖြင့် သုံးပေခန့် မြင့်အောင် ခုန်လိုက်မိသည်။
သူမ၏ ခန္ဓာကိုယ်ထဲမှ ‘မင်္ဂလာရတနာသုံးပါး’ ထွက်ပေါ်လာပြီး တြိဂံပုံစံ ကြယ်တစ်ပွင့် အဖြစ် ချိတ်ဆက်သွားသည်။ တစ်ချိန်တည်းမှာပင် သူမ၏ ခန္ဓာကိုယ်မှာ မဟာတန်ခိုးတော် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ထိုရတနာများအတွင်းသို့ စီးဝင်သွားတော့သည်။
ချက်ချင်းပင် ကျီရှန်းထျန်းနှင့် ‘မင်္ဂလာရတနာသုံးပါး’မှာ နတ်ဘုရား မှော်မန္တန်တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
ထိုနတ်ဘုရားမှော်မန္တန်မှာ သုံးပေရှည်ပြီး တစ်ပေကျယ်ကာ လှုပ်ရှားနေသော ဖားလောင်း များ၊ တီကောင်များနှင့် နဂါးများကဲ့သို့ အမျိုးမျိုးသော မန္တန်အက္ခရာများ၊ ထူးဆန်းသော ပုံရိပ်များဖြင့် ပြည့်နှက်နေ၏။
“မိုးတိမ်နှင့် မိုးရေစက်၊ အသွင်ပြောင်းခြင်းရှစ်မျိုး၊ လှုပ်ရှားခြင်းရှစ်သွယ်။ ထိုက်ယီ ဧကရာဇ် မင်းဆက်၊ ယုံကြည်ခြင်း အထိမ်းအမှတ်....”
ကျီရှန်းထျန်း ပြောင်းလဲထားသော ထိုထူးဆန်းသည့် မှော်မန္တန်မှာ ဖရိုဖရဲ ကောင်းကင် အနှစ်သာရ အမြုတေကို လှည့်ပတ်နေသည်။ အမြုတေထံမှ ဖရိုဖရဲစွမ်းအင်တန်းများ စီးထွက်လာနေပြီး မန္တန်အတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရသည်။ ခဏချင်းမှာပင် ကျီရှန်းထျန်းသည် မျှော့တစ်ကောင်ကဲ့သို့ ဖြစ်သွားပြီး အမြုတေ၏ အနှစ်သာရသွေးများကို စုပ်ယူကာ သူမကိုယ်သူမ သန်မာအောင် လုပ်ဆောင်နေတော့သည်။
အမှန်စင်စစ် ကျီရှန်းထျန်း၏ နတ်ဘုရားတန်ခိုး စွမ်းအားဖြင့်ဆိုလျှင် အမြုတေအတွင်းရှိ ဖရိုဖရဲစွမ်းအင်ကို စုပ်ယူရန် မဖြစ်နိုင်ပေ။ သို့သော် ဟုန်ယွိ၏ ဓားပေါင်းတစ်သောင်း တိုက်ကွက်၊ ဇမ္ဗူမဟာအစီအရင်၏ ဖိနှိပ်မှုနှင့် ဗုဒ္ဓတံဆိပ်တော်များ၏ ပိတ်လှောင်မှုတို့ ကြောင့် ကောင်းကင်အနှစ်သာရ အမြုတေမှာ အင်အားကုန်ခမ်းနေပြီး မခုခံနိုင်တော့ပေ။ ထို့ကြောင့်သာ ကျီရှန်းထျန်း၏ တဖြည်းဖြည်းနှင့် ဝါးမျိုမှုကို ခံနေရခြင်း ဖြစ်သည်။
သူမ ဝါးမျိုလေ၊ နတ်ဘုရားမှော်မန္တန်မှာ ပိုမို သန်မာလာလေ ဖြစ်သည်။ မျက်တောင် တစ်ခတ်အတွင်းမှာပင် ၎င်းသည် အရွယ်အစားနှစ်ဆ ကြီးမားလာပြီး စုပ်ယူမှုစွမ်းအားမှာ လည်း ပိုမို ပြင်းထန်လာသည်။ သို့သော် အမြုတေအတွင်းရှိ ဖရိုဖရဲစွမ်းအင်မှာ အနည်းငယ် မျှ လျော့နည်းသွားခြင်း မရှိဘဲ ပိုမို ပြင်းထန်စွာ လှုပ်ရှားလာသည်။ ၎င်းအတွင်းရှိ စွမ်းအား မှာ အဆုံးမဲ့နေသကဲ့သို့ပင်။
…
“ကျီရှန်းထျန်း သုံးနေတာ ဘယ်လို တာအိုနည်းစနစ်မျိုးပါလိမ့်။ အံ့သြစရာပဲ၊ ဒီမှော်မန္တန်က အစွန်းရောက် ယုံကြည်ကိုးကွယ်မှုစွမ်းအင်ရဲ့ လျှို့ဝှက်ချက်ကို ဖော်ပြနေသလိုပဲ။ ‘အသက်မဲ့ အနာဂတ်ကျမ်း’ နဲ့လည်း ဆက်စပ်မှု ရှိနေပုံရတယ်။ တစ်ချိန်ကျရင် ငါ ဒါကို လေ့လာရမယ်။”
ဟုန်ယွိသည် ဤသည်ကို မြင်သောအခါ တွေးလိုက်မိသည်။ “ဒီအနေထားတိုင်းဆို ဖရိုဖရဲ ကောင်းကင်အနှစ်သာရ အမြုတေ ကိုယ်ပွားဟာ လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီနတ်ဘုရားက အရမ်းသန်မာတယ်။ တကယ်လို့ ဖန်ဆင်းခြင်းသင်္ဘောသာ မရှိရင် ငါ ဒီအမြုတေကို ဘယ်လိုလုပ် ရနိုင်ပါ့မလဲ။ ဒါပေမဲ့ ယန်ဖန်နဲ့ ဟုန်ရွန်ကျိ... ခင်ဗျားတို့က ကျုပ်ကိုပါ တိုက်ခိုက်ချင်တာဆိုတော့ ကျုပ်ကို အပြစ်မတင်နဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်က အနောက်ဘက်ဒေသ စစ်သေနာပတိပဲ။ မူလဝိညာဉ်နတ်ဘုရားကို သတ်ဖြတ်တာဟာ စစ်ရေးကိစ္စပဲ။ ခင်ဗျားတို့က ကျုပ်နဲ့ ပူးပေါင်းရမယ့်အစား ကျုပ်တို့ တိုက်ခိုက်နေတုန်း ကျုပ်ကိုသတ်ဖို့ပါ ကြိုးစားခဲ့တယ်။ ဒါက အရှင်သခင်နှင့် အစေခံကြားက ဖြောင့်မတ်တဲ့ လမ်းစဉ် မဟုတ်တော့ဘူး။ ကောက်ကျစ်ရက်စက်တဲ့ လမ်းစဉ်ဖြစ်သွားပြီ။”
ဟုန်ယွိသည် စိတ်ကူးရသွားပြီး အမိန့်ပေးလိုက်သည်။ “အားလုံးပဲ သူတော်စင်ပေါင်းစုံ ခန်းမကို အစွမ်းကုန် လှုံ့ဆော်ပြီး ကျီရှန်းထျန်းကို အမြုတေ စုပ်ယူနိုင်အောင် ကူညီပေး ကြ။ ချီလင်... ငါနဲ့အတူ လိုက်ခဲ့။ အောက်ကို ဆင်းပြီး နဂါးရေခဲတိုင်တွေကို သွားယူမယ်။”
ဟုန်ယွိ ပြောနေစဉ်မှာပင် သူ၏ လူသားအင်မော်တယ် ကိုယ်ပွားမှာ ပျံထွက်လာသည်။ ၎င်းသည် ‘ကောင်းကင်အလင်းဦးချို နတ်ဘုရားဝတ်စုံ’ ကို ဝတ်ဆင်ထားပြီး ‘မဟာ လေဟာနယ်လက်ဝါး’ ၏ ရောင်စုံအလင်းတန်းများ ဝန်းရံထားသည်။ သူသည် ချီလင်ကို စီးနင်းကာ ကမ္ဘာပျက်မတတ် ဟိန်းဟောက်လိုက်သည်။
ဟုန်ယွိ၏ ကိုယ်ပိုင်သိုင်းပညာ လူသားအင်မော်တယ် အဆင့်သို့ ရောက်ရှိပြီးကတည်းက ဤကိုယ်ပွားမှာလည်း သူ၏ စွမ်းရည်များ စတင်ဖွံ့ဖြိုးလာခဲ့သည်။ ဤဝိညာဉ်ကျောက်တုံး နတ်ဘုရားသန္ဓေသားသည် နောက်ဆုံးတွင် ဟင်းလင်းပြင်ကို ဖြိုခွဲနိုင်သော ပါရမီ အစွမ်း အစများကို ပြသလာခဲ့ပြီ ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်အတွင်း၌ သွေးစွမ်းအင်များမှာ အဟုန်ပြင်းစွာ စီးဆင်းနေ၏။ ခန္ဓာကိုယ်ရှိ အပ်စိုက်မှတ်ပေါင်း တစ်ရာကျော်မှာ တစ်ခုပြီးတစ်ခု ပွင့်လာပြီး စကြဝဠာရှိ ကြယ်စွမ်းအား များကို စုပ်ယူနေသည်။ သူ၏ အရိုးများနှင့် အကြောများမှာလည်း မပြတ် ကြီးထွားလာ သည်။
ပို၍ အံ့သြစရာကောင်းသည်မှာ ‘ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်’ ၏ စွမ်းရည် များမှာ လူသားအင်မော်တယ် ကိုယ်ပွားနှင့် လုံးဝ တစ်သားတည်း ဖြစ်သွားခြင်းပင်။
ယခုအခါ လူသားအင်မော်တယ် ကိုယ်ပွား၏ ကိုယ်ခံပညာမှာ ယခင်ကထက် နှစ်ဆပို၍ သန်မာလာပြီ ဖြစ်သည်။ သူ၏ ဟိန်းဟောက်သံမှာ ချီလင်၏ ဟိန်းဟောက်သံနှင့် ပေါင်းစပ် သွားကာ လောကတစ်ခုလုံးကို သွေးနှင့် ယန်စွမ်းအား အငွေ့အသက်များဖြင့် ပြည့်နှက် သွားစေသည်။ ချီလင်၏ ကျောပေါ်တွင် ရပ်နေသော လူသားအင်မော်တယ် ကိုယ်ပွားမှာ အရိုးဆူးများဖြင့် ဖုံးလွှမ်းနေပြီး စစ်နတ်ဘုရားတစ်ပါး လူ့ပြည်လူ့လောကသို့ ပြန်လည် ကြွမြန်လာသကဲ့သို့ပင်။
ဟုန်ယွိ လှုပ်ရှားလိုက်သည့် အချိန်မှာပင် ဖန်ဆင်းခြင်းသင်္ဘောထံမှ ဟင်းလင်းပြင် မဟာ စွမ်းအင်မှာ အောက်ဘက်ရှိ ကောင်းကင်မိစ္ဆာ တာအိုသစ်သီး၏ အနက်ရောင် အလင်းနှင့် ထိပ်တိုက်တွေ့နေပြီ ဖြစ်သည်။
ချန်ယင်းရှာသည် အနက်ရောင် မီးခိုးတန်း နှစ်ခု ထုတ်လွှတ်ခဲ့ခြင်း ဖြစ်ရာ ဒုတိယတစ်ခုမှာ အောက်ဘက်ရှိ နဂါးရေခဲတိုင် ၂၀၀ ကို ဦးတည်နေသည်။
ဟင်းလင်းပြင် မဟာစွမ်းအင်မှာ နဂါးတိုင်များကို သိမ်းယူရန် ကြိုးစားစဉ် ကောင်းကင်မိစ္ဆာ ဖောက်ခွဲခြင်း ပညာရပ်ကြောင့် ပြန့်ကျဲသွားရသည်။ နဂါးရေခဲတိုင်ပေါင်း ၂၀၀ ကျော်မှာ ကောင်းကင်တွင် ပြန့်ကျဲသွားပြီး နှင်းလွင်ပြင်ပေါ်သို့ ပြန်လည် ကျဆင်းသွားသည်။
ထိုစဉ်မှာပင် ဟုန်ယွိသည် အလယ်ဗဟိုသို့ တိုးဝင်လာပြီး၊ သူ၏ ဟိန်းဟောက်သံများဖြင့် ရိုက်ခတ်မှု အကြွင်းအကျန်များကို ဖယ်ရှားလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ရွှေရောင်အလင်းများ ထွက်ပေါ်လာပြီး ရွှေရောင်အလင်းတန်း ထောင်ပေါင်းများစွာအဖြစ် ပြောင်းလဲသွားပြန်သည်။ ၎င်းတို့သည် နဂါးတိုင် ၁၀၀ ခန့်ကို ရစ်ပတ်ကာ ကောင်းကင်သို့ ပျံတက်သွားတော့သည်။
ထိုအချိန်မှာပင် ကောင်းကင်ရှိ ဖန်ဆင်းခြင်းသင်္ဘောသည်လည်း စိတ်မရှည်စွာဖြင့် နောက်ထပ် ဟင်းလင်းပြင် မဟာစွမ်းအင်တစ်ခုကို လွှတ်ချကာ ကျန်ရှိနေသော နဂါးရေခဲ တိုင် ၁၀၀ ခန့်ကို သိမ်းယူသွားလိုက်သည်။
“နှမြောစရာပဲ”
ဟုန်ယွိသည် နဂါးရေခဲတိုင် ၁၀၀ ခန့်ကို ထပ်မံ လုယူနိုင်ခဲ့သည်။ ၎င်းတို့သည် ခန်းမဆောင် အတွင်းသို့ ကျဆင်းသွားသောအခါ ခန်းမထဲတွင် နဂါးရေခဲတိုင် စုစုပေါင်း ၅၀၀ ရှိသွားပြီ ဖြစ်သည်။
မဟုတ်သေး... နဂါးရေခဲတိုင် ၅၀၁ တိုင် ဖြစ်ရမည်။ အဘယ်ကြောင့်ဆိုသော် ခန်းမထဲတွင် ‘ဘိုးဘေးနဂါးရေခဲတိုင်’ တစ်တိုင် ရှိနေသေးသောကြောင့် ဖြစ်သည်။
ဤရှေးဟောင်းနဂါးသင်္ချိုင်း တိုက်ပွဲတွင် တော်ဝင်ချန် မိသားစုမှာ နဂါးရေခဲတိုင် ၅၀၀ ရရှိခဲ့ ပြီး ဟုန်ယွိက ၅၀၁ တိုင် ရရှိခဲ့သည်။ ထို့အပြင် ဟုန်ယွိတွင် ရှေးခေတ် သူတော်စင် ဧကရာဇ်ဖန်ပင်လျှင် လုယူချင်ခဲ့သော နဂါးသွားဆန် မျိုးစေ့များ ရှိနေသေးသည်။
မူလဝိညာဉ်နတ်ဘုရားမှာမူ တစ်တိုင်မျှ မရရှိခဲ့သည့်အပြင် ကိုယ်ပွားတစ်ခုကိုပါ ဆုံးရှုံးလိုက်ရသည်။
“သွားကြစို့”
ဟုန်ယွိသည် ခန်းမထဲသို့ ပြန်ရောက်သည်နှင့် သူတော်စင်ပေါင်းစုံခန်းမကို ချက်ချင်း လှုံ့ဆော်လိုက်သည်။ ဝူးခနဲ မြည်သံနှင့်အတူ သူသည် ဟင်းလင်းပြင်ကို ထိုးဖောက်ကာ နဂါးသင်္ချိုင်းမှ ထွက်ခွာသွားတော့သည်။ သူသည် နောက်ထပ် နှမြောတသခြင်း မရှိတော့ ပေ။
“တော်ဝင်ချန် မိသားစုရဲ့ အင်အားဟာ အရှိန်ဟုန်နဲ့ ပေါက်ကွဲထွက်နိုင်သွားပြီ။ အခုကစပြီး လောကကြီး ဘယ်လိုပြောင်းလဲမလဲဆိုတာ ဘယ်သူမှ မသိနိုင်တော့ဘူး။ ဟုန်ယွိ... မင်းကတော့ လူကြီးလူကောင်းတစ်ယောက် ဖြစ်တာမို့ ဒီနဂါးရေခဲတိုင် ၅၀၁ တိုင်ကို လက်နက်တွေ ဒါမှမဟုတ် ချပ်ဝတ်တန်ဆာတွေ လုပ်ဖို့ အသုံးချမှာ မဟုတ်ဘူး။ ဒါတွေဟာ ခန်းမဆောင်ထဲမှာ အလှဆင်ထားတဲ့ အရာတွေပဲ ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ တော်ဝင်ချန် မိသားစုကတော့ မတူဘူး။ ဒီနဂါးရေခဲတိုင်တွေနဲ့ဆိုရင် သူတို့ဟာ သူတို့ရဲ့ အစွမ်းအထက် ဆုံး အင်အားကို အသုံးပြုနိုင်တော့မယ်...” ရှဲ့ဝန်ယွမ်က ဝမ်းနည်းဝမ်းသာ ခံစားချက်ဖြင့် ဆိုသည်။
“အခုကစပြီး လောကကြီးဟာ အရှုပ်အထွေးတွေနဲ့ ပြည့်နေတော့မှာပဲ...” ဟုန်ယွိက ခေါင်းညိတ်လိုက်သည်။
ရှေးဟောင်းနဂါးသင်္ချိုင်းမှာ တစ်ခုမကျန် ရှင်းလင်းခြင်း ခံလိုက်ရပြီ ဖြစ်သည်။ ရှေးခေတ် သူတော်စင် ဧကရာဇ်ဖန်တို့ မရရှိခဲ့သော အရာအားလုံးမှာ ဟုန်ယွိနှင့် တော်ဝင်ချန် မိသားစု ၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ပြီ။
မသိလိုက်ဘဲနှင့် မဟာကမ္ဘာကြီးတစ်ခုလုံး၏ အလှည့်အပြောင်းနှင့် ဤလောကကြီး၏ လားရာမှာ တစ်ဖန် ပြန်လည် ပြောင်းလဲသွားတော့သည်။