← Chapters

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

အခန်း (၉၃)

ဖုန်းပုကြွယ် ပတ်ဝန်းကျင်ကို လက်နှိပ်ဓာတ်မီးဖြင့် ဝေ့ယမ်းစစ်ဆေးလိုက်သည်။ ထောင်ချောက်များ မရှိကြောင်း အတည်ပြုပြီးနောက်မှ သူ အနီးသို့ တိုးကပ်သွားခဲ့သည်။

အလောင်းသည် အရိုးစုသာ ကျန်ရှိတော့ပြီး အရိုးများကို ကြည့်ရသလောက် အမျိုးသားတစ်ဦး ဖြစ်ပုံရသည်။ သူ သေဆုံးပြီးနောက် သားရဲတစ်ကောင်ကောင်၏ မွှေနှောက်စားသောက်ခြင်းကို ခံခဲ့ရပုံပေါ်သဖြင့် သူသည် တစ်နေရာရာမှ ဤနေရာသို့ ဆွဲယူခံလာရခြင်းလည်း ဖြစ်နိုင်၏။ သူ မည်သည့်နေရာတွင် သေဆုံးခဲ့သည်ကိုတော့ ခန့်မှန်းရန် ခက်ခဲသည်။

အလောင်းပေါ်ရှိ အဝတ်အစားများမှာ သားရဲ ကိုက်ခဲစားသောက်စဉ်ကပင် စုတ်ပြတ်သတ်သွားခဲ့ဟန်တူသည်။ ဖုန်းပုကြွယ်သည် အနီးကပ်စစ်ဆေးရန် ဆောင့်ကြောင့်ထိုင်လိုက်ပြီးနောက် စုတ်ပြဲနေသော အဝတ်အစားများကြားမှ သံသေတ္တာငယ်လေးတစ်ခုကို မကြာမီ ရှာတွေ့သွားခဲ့သည်။

ထိုသံသေတ္တာသည် လက်ညှိုးတစ်ချောင်းစာခန့် အထူရှိပြီး ဓာတ်ပုံတစ်ပုံစာခန့် အရွယ်အစားရှိလေသည်။ ဖြစ်နိုင်သည်မှာ ဓာတ်ပုံများ သိမ်းဆည်းရန် အသုံးပြုခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သိုသော် စိုထိုင်းသော ပတ်ဝန်းကျင်ကြောင့် သံသေတ္တာမှာ သံချေးများ တက်နေပြီဖြစ်သည်။ ဖုန်းပုကြွယ်သည် ဓားမြှောင်ငယ်လေးကို ထုတ်၍ သံသေတ္တာကို ကလော်ဖွင့်လိုက်သည်။

သေတ္တာထဲတွင် မည်သည့်ဓာတ်ပုံမှ မရှိဘဲ ခဲတံတစ်ချောင်းနှင့် ခေါက်ထားသော စက္ကူတစ်ရွက်သာ ရှိနေသည်။ ထိုစက္ကူပေါ်တွင် စာသားများ အပြည့်ရေးသားထား၏။

ပစ္စည်းအမည် - အမည်မသိသေဆုံးသူထံမှ သတင်းစကား

ပစ္စည်းအမျိုးအစား - ဇာတ်လမ်းဆိုင်ရာ ပစ္စည်း

အရည်အသွေး - ဆွေးမြေ့

လုပ်ဆောင်ချက် - မသိရ

ဇာတ်လမ်းအပြင်ဘက်သို့ ယူဆောင်သွားနိုင်ခြင်း - မရှိ

မှတ်ချက် - မင်းဒီအရာကို ရှာဖွေတွေ့ရှိခဲ့ပေမယ့် ဖတ်ရှုဖို့ မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ မင်း ဒီစာကို ဖတ်လိုက်တာနဲ့ အရာအားလုံး ပြောင်းလဲသွားမှာမို့လို့ပဲ။

သူ့မျက်စိထဲသို့ ပထမဆုံး ဝင်လာသည်မှာ ပစ္စည်း၏ ဖော်ပြချက်ပင် ဖြစ်သည်။ မှတ်ချက်ကို မြင်လိုက်ရသောအခါ ဖုန်းပုကြွယ်သည် တစ်ခုခု မှားယွင်းနေပြီဟု ခံစားလိုက်ရသည်။ အမည်မသိ သေဆုံးသူ ချန်ထားခဲ့သော ဤသတင်းစကားသည် အလွန်အရေးကြီးသော အဓိပ္ပာယ်တစ်ခု ရှိနေပုံရသည်။ ဒါပေမယ့် 'ဖတ်ရှုရန် မလိုအပ်ပါ' ဆိုတာက ဘာကို ဆိုလိုတာပါလိမ့်။

"ဒီစာကို ဖတ်လိုက်ရင် ဇာတ်ကွက်က ပြောင်းလဲသွားမှာလား"

ဖုန်းပုကြွယ် ရေရွတ်လိုက်သည်။

"ဖတ်ရမလား၊ မဖတ်ရဘူးလား၊ အခု ငါက ဒီဇာတ်လမ်းထဲမှာ ကျန်နေတဲ့ တစ်ဦးတည်းသော ကစားသမားပဲ၊ နောက်ထပ် နှစ်နာရီအတွင်း ငါသာ သတိထားမယ်ဆိုရင် ဒီဇာတ်လမ်းကို အောင်မြင်ဖို့ အခွင့်အရေးက ၉၀ ရာခိုင်နှုန်းကျော် ရှိနေတာ၊ ဒါပေမဲ့ ဒါကို ဖတ်လိုက်လို့... တစ်ခုခု မကောင်းတာတွေ ဖြစ်လာရင်ကော"

အကယ်၍ အခြားသူသာဆိုပါက လက်လျှော့လိုက်ကောင်း လျှော့လိုက်နိုင်သော်လည်း ဤကဲ့သို့သော အခြေအနေမျိုးမှာ ဖုန်းပုကြွယ်၏ အားနည်းချက်ပင် ဖြစ်တော့သည်။ အကယ်၍ လှပသော အမျိုးသမီးတစ်ဦးကို သုံး၍ သူ့ကို မြူဆွယ်မည်ဆိုပါက သူ စိတ်လှုပ်ရှားချင်မှ လှုပ်ရှားပေလိမ့်မည်။ သို့သော် ဘယ်သူမှ နားမလည်နိုင်သော ဇာတ်ကွက်များပါဝင်သည့် စက္ကူထုပ်တစ်ထုပ်ကို သူ့ရှေ့တွင် ချထားမည်ဆိုပါက သူသည် ထိုအရာကို လုယူရန် သင့်ထံသို့ ပြေးဝင်လာမည်မှာ အသေအချာပင်။

ထိုအခိုက်အတန့်တွင် ဖုန်းပုကြွယ်၏ စာဖတ်ဝါသနာက အစွမ်းပြလာပြီး စိတ်ထဲတွင် ယားကျိကျိ ဖြစ်လာတော့သည်။ အကယ်၍ သူ့အနားတွင် ရီရူလီကဲ့သို့သော အသင်းဖော်မျိုး ရှိနေပြီး ထိုအရာကို သိမ်းဆည်းလိုက်ပြီး မထိတွေ့ရန် တားမြစ်ထားမှသာ သူမဖတ်ဘဲ နေနိုင်ပေလိမ့်မည်။ ယခုမူ သူ ဖတ်ရပေတော့မည်။

သူသည် စက္ကူစကို ဖြန့်လိုက်ပြီး အလင်းရောင်အောက်တွင် ကြည့်ရှုလိုက်ရာ ရုရှားဘာသာစကားဖြင့် ရေးထားသည်ကို တွေ့လိုက်ရသည်။

ဖုန်းပုကြွယ်၏ နှလုံးခုန်သံက တစ်ချက်မျှ ရပ်တန့်သွား၏။ ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခု သူ့စိတ်ထဲတွင် ပေါ်ပေါက်လာပြီး နောက်ထပ် မိနစ်အနည်းငယ်အတွင်း၌ လက်တွေ့ ဖြစ်လာတော့သည်။

ဤလျှို့ဝှက်ဆန်းကြယ် ဝတ္ထုရေးဆရာသည် ဗဟုသုတ ကြွယ်ဝသူ ဖြစ်သော်လည်း ရုရှားဘာသာစကားကို မတတ်ကျွမ်းပေ။ ကံကောင်းထောက်မစွာဖြင့် စနစ်တွင် ဘာသာပြန်စွမ်းရည် ပါဝင်နေသဖြင့် မီနူးအတွင်း၌ ဘာသာပြန်ထားသော စာသားများ ပေါ်ထွက်လာလေသည်။

'ဒါကို တစ်ယောက်ယောက် မြင်လိုက်ရပြီဆိုရင် ကျုပ်သေနေပြီလို့ ဆိုလိုတာပဲ။ ဒါက ကောင်းပါတယ်။ ကျုပ်အတွက်တော့ ဒါဟာ သက်သာရာရမှုတစ်ခု ဖြစ်သလို ကျုပ်နဲ့လည်း ထိုက်တန်ပါတယ်။ ကျုပ်နာမည်က ဇာရော့ဗ်ပါ။ ဒီကျွန်းရဲ့ ပိုင်ရှင်ပေါ့။ ခင်ဗျားဟာ ရဲတိုက်ထဲမှာ ဗိုလ်ချုပ် ဇာရော့ဗ်လို့ သူ့ကိုယ်သူ မိတ်ဆက်တဲ့ နောက်ထပ် လူတစ်ယောက်နဲ့ တွေ့ချင် တွေ့ခဲ့မယ်၊ ဒါမှမဟုတ် မတွေ့ခဲ့ဘူးလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူဟာ အယောင်ဆောင်တစ်ယောက် ဖြစ်တယ်ဆိုတာ ခင်ဗျား အခုသိသင့်ပါပြီ။ သူ့ရဲ့ နာမည်အစစ်က ရိန်းစ်ဖို့ဒ်ပါ။

ကျုပ်ဟာ ဒီကျွန်းပေါ်မှာ လူတွေကို လိုက်လံဖမ်းဆီးဖို့အတွက် အမဲလိုက်ကစားနည်းတစ်ခုကို တီထွင်ခဲ့ပါတယ်။ ဖို့ဒ်က ကျုပ်ရဲ့ သားကောင်ဖြစ်ခဲ့ပြီး သူဟာ ကျုပ်ရဲ့ အမဲလိုက်ကစားနည်းကနေ အသက်ရှင်လွတ်မြောက်ခဲ့တဲ့ တစ်ဦးတည်းသောသူ ဖြစ်ပါတယ်။ အဲဒီတုန်းက ပြိုင်ပွဲရဲ့ အသေးစိတ် အချက်အလက်တိုင်းကို ကျုပ်မှတ်မိနေတုန်းပါပဲ။ သူဟာ ဓားငယ်လေး တစ်ချောင်းတည်းနဲ့တင် မလေးရှားထောင်ချောက်တွေနဲ့ ဗမာပြည်က ကျားဖမ်းတဲ့ ကျင်းထောင်ချောက်တွေကို ပြုလုပ်နိုင်တဲ့အထိ တော်လွန်းပါတယ်။ ကျုပ်ကိုယ်တိုင်လည်း မဆိုးလှပါဘူး။ ကျုပ်ကပဲ အသာစီးရခဲ့ပြီး သူ့ကို အကြိမ်အနည်းငယ် လွှတ်ပေးခဲ့ပါတယ်။

နောက်ဆုံးမှာတော့ သူဟာ တတိယမြောက်နေ့အထိ အသက်ရှင်နိုင်ခဲ့ပြီး ပြိုင်ပွဲမှာ အနိုင်ရခဲ့ပါတယ်။ ကျုပ်ရှုံးနိမ့်ခဲ့ပေမဲ့ စိတ်အခြေအနေတော့ ကောင်းနေခဲ့ပါတယ်။ ဒါဟာ ပျော်စရာကောင်းတဲ့ အမဲလိုက်ပွဲ တစ်ခုပါပဲ။ သဘောတူညီချက်အရ ကျုပ် သူ့ကို ကောင်းကောင်း အနားယူခွင့်ပေးခဲ့ပြီး လုံလောက်တဲ့ အစားအစာနဲ့ ရေကို ပေးခဲ့ပါတယ်။ ကျုပ်သူ့ကို ရွက်လှေတစ်စင်းနဲ့ ကျွန်းပေါ်ကနေ ထွက်သွားခွင့် ပေးခဲ့ပါတယ်။

ကျုပ်ဟာ ဖို့ဒ်ကို နောက်တစ်ခါ ပြန်တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ ဒါပေမဲ့ ခြောက်လလောက်အကြာမှာ သူ ဒီကျွန်းကို ပြန်ရောက်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။

သူ ကျုပ်ကို ပြောပြတာကတော့ ကျွန်းပေါ်ကနေ ထွက်သွားပြီးနောက်ပိုင်း ဒီလိုမျိုး ကစားနည်းတွေကို သူ လွမ်းဆွတ်နေမိတယ်တဲ့။ တခြားဖျော်ဖြေရေးတွေနဲ့ အားကစားတွေက သူ့ကို စိတ်လှုပ်ရှားမှု မပေးနိုင်တော့ဘူးလို့ ပြောပါတယ်။ သူက ကျုပ်နဲ့ ပူးပေါင်းချင်နေတာပါ။

ပထမတော့ ကျုပ်သဘောမတူဘဲ သူ့ကို ပြန်ခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ သူက ကျုပ်သားကောင်အဖြစ် နောက်တစ်ကြိမ် ပြန်လုပ်ပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်နဲ့ ကျုပ်ကို အသနားခံခဲ့ပါတယ်။

ကျုပ် ကိုယ့်ကိုယ်ကိုယ် ရူးလှပြီလို့ ထင်ခဲ့မိပေမဲ့ အဲဒီအချိန်မှာတော့ သူက ပိုရူးနေတယ်လို့ ကျုပ်ထင်မိခဲ့ပါတယ်။

ဒါနဲ့ ကျုပ်ဟာ ဖို့ဒ်နဲ့ ဒုတိယအကြိမ် ပြိုင်ပွဲကို ဆင်နွှဲခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကျုပ်ညှာတာမှာ မဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြောထားခဲ့ပါတယ်။ အကယ်၍ သူသာ တတိယမြောက်နေ့အထိ အသက်ရှင်နိုင်ခဲ့မယ်ဆိုရင် သူ့ကို ကျုပ်ရဲ့ အမဲလိုက်ဖော်အဖြစ် လက်ခံပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

သူဟာ ပထမအကြိမ်ထက်တောင် ပိုလွယ်လွယ်ကူကူနဲ့ နောက်တစ်ခါ အောင်မြင်သွားလိမ့်မယ်လို့ ကျုပ် မမျှော်လင့်ထားခဲ့ပါဘူး။ သူ ဘယ်လိုလုပ်ခဲ့သလဲဆိုတာကိုတောင် ကျုပ်နားမလည်နိုင်ခဲ့ဘူး။ အဲဒီ သုံးရက်အတွင်းမှာ ဖို့ဒ်ဟာ ကျုပ်ရဲ့ပစ်ကွင်းအတွင်း တစ်ခါမှ ရောက်မလာခဲ့ဘူး။ သူဟာ အဝေးက အသံတွေကိုတောင် ကြားနိုင်စွမ်း ရှိနေသလိုပဲ။ ကျုပ် အနားမကပ်နိုင်ခင်မှာပဲ သူက ကျုပ်ထက် ပိုမြန်တဲ့ အရှိန်နဲ့ ထွက်ခွာသွားတတ်ပါတယ်။ သူ ချန်ထားခဲ့တဲ့ ခြေရာတွေအရ သူဟာ မျောက်ဝံတစ်ကောင်လို သွက်လက်နေခဲ့တာပါ။ အရှုပ်ထွေးစေဆုံး အချက်ကတော့ သူဟာ စားသောက်ဖို့၊ မစင်စွန့်ဖို့၊ အိပ်စက်ဖို့ ဒါမှမဟုတ် အနားယူဖို့တောင် မလိုအပ်တဲ့ ပုံစံမျိုး ဖြစ်နေတာပဲ။

တတိယမြောက်နေ့မှာ ကျုပ်ဟာ အမဲလိုက်ခွေးသုံးကောင်ကို လွှတ်ပြီး ဖို့ဒ်နောက်ကို လွတ်လွတ်လပ်လပ် လိုက်ခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သေနေတဲ့ ခွေးသုံးကောင်ကိုပဲ ကျုပ် တွေ့ခဲ့ရတယ်။ တစ်ကောင်မှ ထောင်ချောက်တွေ ဒါမှမဟုတ် ဓားတွေနဲ့ အသတ်ခံရတာ မဟုတ်ဘူး။ အားလုံးဟာ တစ်စုံတစ်ယောက်ရဲ့ လက်ဗလာနဲ့ သတ်ဖြတ်တာ ခံထားရတာပါ။

နောက်ပိုင်းမှာ ဖို့ဒ်ဟာ ကျုပ်နဲ့အတူ အမဲလိုက်ခဲ့ပါတယ်။ ခဏအကြာမှာတော့ သူဟာ ပိုပိုပြီး ပုံမှန်မဟုတ် ဖြစ်လာခဲ့တယ်။ သူက လူတွေကို တတ်နိုင်သမျှ အများကြီး ဖမ်းပေးဖို့ ကျုပ်ကို အမြဲ တောင်းဆိုခဲ့တယ်။ ပင်လယ်ပြင်မှာ မတော်တဆမှုတွေ အများကြီး ဖြစ်နေရင် အာဏာပိုင်တွေရဲ့ အာရုံစိုက်မှုကို ခံရလိမ့်မယ်လို့ ကျုပ်ပြောခဲ့ပေမဲ့ သူကတော့ အလိုမပြည့်နိုင်တဲ့ လောဘအိုးတစ်ယောက်လို ဖြစ်နေခဲ့တယ်။ သူဟာ ဘယ်တော့မှ မတင်းတိမ်နိုင်ခဲ့ဘူး။

သူဟာ သင်္ဘောထောင်ချောက်တွေကို ပြုပြင်မွမ်းမံခဲ့ပြီး ကျွန်းပေါ်ကို ရက်စက်ကြမ်းကြုတ်တဲ့ သတ္တဝါတွေ အများကြီး ဝယ်ယူခဲ့တယ်။ အဲဒီ သတ္တဝါတွေက ကျုပ်တို့အတွက်လည်း အန္တရာယ်ရှိနိုင်တယ်လို့ ပြောခဲ့ပေမဲ့ သူ ဂရုမစိုက်ခဲ့ဘူး။ ဖို့ဒ်ဟာ လုံးဝရူးသွပ်သွားခဲ့ပြီ။ သူဟာ ကျုပ်ထက် ဆယ်ဆလောက် ပိုရူးသွပ်သလို ပိုပြီးတော့လည်း ဆိုးယုတ်ခဲ့တယ်။

လွန်ခဲ့တဲ့ ကိုးရက်က သူအိပ်ပျော်နေတုန်း သူ့ကို သတ်ပစ်ဖို့ ကျုပ်ကြိုးစားခဲ့တယ်။ အဲဒါဟာ လူကြီးလူကောင်းဆန်တဲ့ လုပ်ရပ်မဟုတ်ပေမဲ့ ကျုပ်မှာ ရွေးချယ်စရာ မရှိတော့ဘူး။ ဒီမိစ္ဆာကို ကျုပ်ကိုယ်တိုင် ဖန်တီးခဲ့တာ ဖြစ်နိုင်တဲ့အတွက် ကျုပ်ကိုယ်တိုင်ပဲ ပြန်သတ်မှ ရမယ်။

ကျုပ် သူ့ရဲ့ အခန်းတံခါးကို ဖွင့်ဖို့ ခြေဖျားထောက်ပြီး သွားတဲ့အချိန်မှာ သူဟာ တံခါးနောက်မှာ ပြုံးဖြဲဖြဲနဲ့ ရပ်နေပြီး ကျုပ်လာမှာကို စောင့်ဆိုင်းနေခဲ့တယ်လေ။

အိုင်ဗန်က ကျုပ်ကို နောက်ကနေ တွန်းချဖမ်းဆီးပြီး ထောင်ထဲကို ပစ်ထည့်ခဲ့တယ်။ သူဟာ ကျုပ်ရဲ့ သစ္စာအရှိဆုံး လက်အောက်ငယ်သား ဖြစ်ပြီး ကျုပ်ကို ဘယ်တော့မှ သစ္စာဖောက်မယ့်သူ မဟုတ်ဘူး။ ကျုပ်က အယူသီးတဲ့သူ မဟုတ်ပေမဲ့ ဖို့ဒ်က အိုင်ဗန်ကို နတ်ဆိုးအတတ်တစ်မျိုးမျိုးနဲ့ ထိန်းချုပ်ထားတယ်လို့ပဲ ကျုပ်တွေးနိုင်တော့တယ်။ အဲဒါက အချက်အလက်အများကြီးကို ရှင်းပြနိုင်တယ်လေ။

အခုတော့ ကျုပ် သားကောင် ဖြစ်သွားရပြီ။ ကိုးရက်တိုင်တိုင် ဖို့ဒ်ဟာ ကျုပ်ဘယ်မှာရှိလဲဆိုတာကို အမြဲ သိနေခဲ့တယ်။ အဲဒါကို ကျုပ်ကောင်းကောင်း သိပါတယ်၊ ဒါပေမဲ့ သူဟာ ကျုပ်ကို သတ်မှာလည်း မဟုတ်သလို ရှာတွေ့မှာလည်း မဟုတ်ဘူး။ သူဟာ ကျုပ်ကို ရဲတိုက်အနား ကပ်ခွင့်မပေးသလို ကျွန်းပေါ်ကနေ ထွက်ပြေးခွင့်လည်း ပေးမှာ မဟုတ်ဘူး။ သူဟာ ကျုပ်ကို အဲဒီ သတ္တဝါတွေလက်ထဲမှာ အားကိုးရာမဲ့စွာနဲ့ သေဆုံးသွားစေချင်ပြီး အဲဒီ 'သားကောင်' တွေရဲ့ အပိုင်းပိုင်းအစစ ဆွဲဖြဲတာကို ခံစေချင်တာပါ။ ကျုပ်လို ဂုဏ်ယူဝင့်ကြွားတတ်တဲ့ အမဲလိုက်သမားတစ်ယောက်အတွက်တော့ ဒါက အကြီးမားဆုံးသော လှောင်ပြောင်မှုတစ်ခုပါပဲ။

စတုတ္ထမြောက်နေ့မှာ ကျုပ်ဟာ ကျားတစ်ကောင်ရဲ့ တိုက်ခိုက်တာ ခံထားရတဲ့ သေလုမျောပါး သင်္ဘောသားတစ်ယောက်နဲ့ တွေ့ခဲ့ရတယ်။ သူ ကျုပ်ကို ပြောပြတာကတော့ ဗိုလ်ချုပ် ဇာရော့ဗ်လို့ သူ့ကိုယ်သူ မိတ်ဆက်တဲ့ လူတစ်ယောက်က သူတို့ကို ကစားနည်းတစ်ခုမှာ အတင်းအကျပ် ပါဝင်ခိုင်းခဲ့တယ်တဲ့။ အဲဒီအချိန်မှာ ကျုပ်ဟာ ကျုပ်နေရာကို အစားထိုးခံလိုက်ရပြီလို့ သိလိုက်ရပါတယ်။

အခုတော့ အရာအားလုံး ပြီးဆုံးသင့်ပါပြီ။ ကျုပ် ဒဏ်ရာတွေရထားပြီး နေမကောင်းဖြစ်နေပါပြီ။ ကျုပ် မအိပ်ရတာ ဘယ်လောက်တောင် ကြာသွားပြီလဲဆိုတာ မသိတော့ပါဘူး။ သေခြင်းတရားက မကြာခင် ရောက်လာတော့မယ်ဆိုရင် အဲဒါဟာ အမြန်ဆုံးနဲ့ အေးအေးချမ်းချမ်းပဲ ရောက်လာပါစေလို့ ကျုပ် ဆုတောင်းပါတယ်။

ကျုပ်ဒါကို ရေးနေတာဟာ နောင်တရလို့လည်း မဟုတ်သလို ကျုပ်ရဲ့ အပြစ်တွေကို ပေးဆပ်ဖို့လည်း မဟုတ်ပါဘူး။ ဒီစာကို ဖတ်ရမယ့်သူတွေကို သတိပေးချင်ရုံ သက်သက်ပါပဲ... ဖို့ဒ်က လုံးဝလူသားတစ်ယောက် မဟုတ်ပါဘူး။ သူဟာ အမည်မသိတဲ့မိစ္ဆာတစ်ကောင်ရဲ့ ကိုယ်ပွားပဲ။

မြန်မြန် ထွက်ပြေးကြပါ၊ တတ်နိုင်သလောက် ဝေးဝေးကို ပြေးကြ၊ ပင်လယ်ထဲမှာ နစ်သေရမယ် ဆိုရင်တောင် ဒီကျွန်းပေါ်မှာတော့ မနေကြပါနဲ့'

အခန်း (၉၄)

"ကမ္ဘာတည်ဆောက်ပုံကို ဖြေရှင်းပြီးပါပြီ။ ကစားသမား ဖုန်းပုကြွယ်သည် ဆုလာဘ်အဖြစ် စကေးအမှတ် ၂၀ဝ ရရှိပါသည်။ အဖွဲ့ဝင်များအနေဖြင့် ယခုအခါ တာဝန်မီနူးတွင် ဤဇာတ်လမ်း၏ ကမ္ဘာ့စည်းမျဉ်းများကို စူးစမ်းလေ့လာနိုင်ပြီဖြစ်ပါသည်။"

"လက်ရှိတာဝန်ကို ပြောင်းလဲလိုက်ပါပြီ။ ပင်မတာဝန်ကို အဆင့်မြှင့်တင်လိုက်ပါပြီ။"

"ကျွန်းပေါ်မှ ထွက်ပြေးပါ သို့မဟုတ် ရိန်းစ်ဖို့ဒ်ကို သတ်ပါ။"

"ချီးပဲ"

ဖုန်းပုကြွယ် ကျိန်ဆဲလိုက်ပြီး သူ့ကိုယ်သူ ပါးနှစ်ချက် ရိုက်လိုက်သည်။

"ငါ ဘာလို့ ဒါကို ဖတ်မိပါလိမ့်"

သူသည် လက်ထဲတွင် စာရွက်ကိုင်လျက် မတ်တတ်ရပ်လိုက်ပြီး ဂိမ်းမီနူးတွင် သူ့အခြေအနေကို စစ်ဆေးလိုက်သည်။ သူ မိနစ်နှစ်ဆယ်ခန့် အနားယူခဲ့သော်လည်း သူ၏ အသက်အမှတ်မှာ ၃၄ ရာခိုင်နှုန်းသာ ရှိသေးသည်။ သူ၏ သက်လုံအမှတ်က ၄၅၂/၁၄၀ဝ သို့ ပြန်တက်လာသော်လည်း ပြဿနာမှာ... ဤအခြေအနေမျိုးဖြင့် ပင်မတာဝန်ကို သူ မည်သို့ ပြီးမြောက်အောင် လုပ်ဆောင်နိုင်မည်နည်း။

"အဲ ငါ့ရဲ့ ကျွမ်းကျင်မှုအဆင့် တက်သွားတာပဲ"

ဖုန်းပုကြွယ်သည် ကျွမ်းကျင်မှု တက်ဘ်ထဲတွင် သူ၏ အထွေထွေကျွမ်းကျင်မှု ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သည်။ အဆင့် D သို့ မြင့်တက်သွားခြင်းပင်။

အထွေထွေကျွမ်းကျင်မှုနှင့် စကေးမှုအမှတ်တို့မှာ တိုက်ရိုက်အချိုးကျပေသည်။ အမှန်စင်စစ် ၎င်းနှစ်ခုကြားတွင် လဲလှယ်နှုန်းမရှိသော်လည်း ကိုးကားချက်အဖြစ် အသုံးပြုနိုင်သည်။ လူဆယ်ယောက်ကို တစ်ယောက်တည်း ရင်ဆိုင်နိုင်သော တိုက်ခိုက်ရေးသမား ဖြစ်စေ၊ ဖုန်းပုကြွယ်ကဲ့သို့ ကမ္ဘာ့အမြင်ကို ဖြေရှင်းနိုင်သူ ဖြစ်စေ၊ ဇာတ်လမ်းတိုးတက်မှုအတွက် အထောက်အကူဖြစ်စေသည့် မည်သည့်အရာမဆို အထွေထွေကျွမ်းကျင်မှု၏ အတွေ့အကြုံ (EXP) ထဲသို့ ပေါင်းထည့်ခံရမည် ဖြစ်သည်။ ဤအချက်အရ ကြည့်လျှင် ၎င်းမှာ ကျွမ်းကျင်မှုအမှတ်နှင့် အလွန်ဆင်တူလေသည်။

ပုံမှန်အားဖြင့် ဇာတ်လမ်းများ ပိုကစားလေလေ အထွေထွေကျွမ်းကျင်မှု အဆင့် မြင့်မားလေလေ ဖြစ်သည်။ ထို့ကြောင့် ဤအရာသည် မည်သူမဆို အဆင့် A အထိ တင်နိုင်သော ကျွမ်းကျင်မှုမျိုး ဖြစ်သည်။ ကျွမ်းကျင်သူနှင့် သာမန်ကစားသမားကြား ကွာခြားချက်သည် ကျွမ်းကျင်သူက ပိုမြန်မြန် အဆင့်တက်နိုင်ခြင်းပင်။ အဆင့် A အထက်တွင် အဆင့် S ရှိသော်လည်း ၎င်းမှာ ပုံမှန်ကျွမ်းကျင်မှုအဆင့် မဟုတ်ပေ။ လူတိုင်း ဖွင့်နိုင်သော အဆင့်မျိုးလည်း မဟုတ်ပါပေ။ ထိုအယူအဆကို နောက်ပိုင်းတွင် ရှင်းပြပါမည်။

ယခု ဖုန်းပုကြွယ်သည် ကမ္ဘာ့အမြင်ကို ဒုတိယအကြိမ် ဖြေရှင်းနိုင်ခဲ့သဖြင့် သူ၏ အထွေထွေကျွမ်းကျင်မှု အဆင့်မှာလည်း မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ သူသည် မည်သည့် အောင်မြင်မှု အထိအတွေ့ကိုမှ မခံစားရပေ။ အကြောင်းမှာ ဤတစ်ကြိမ် ဖြေရှင်းနိုင်မှုသည် ကျိုးကြောင်းဆင်ခြင်ခြင်းနှင့် ဘာမှမဆိုင်သောကြောင့် ဖြစ်သည်။ ၎င်းမှာ ကံကောင်းမှု၊ ဂရုစိုက်မှုနှင့် သတ္တိရှိမှုတို့အပေါ်တွင်သာ အခြေခံခြင်းဖြစ်သည်။

ရိုးရိုးရှင်းရှင်း ပြောရလျှင်... ကံကောင်းသူများသာ ချိုင့်ဝှမ်းထဲမှ အရိုးစုကို ရှာတွေ့လိမ့်မည်၊ ဂရုစိုက်တတ်သူများသာ သံသေတ္တာငယ်လေးကို ရှာတွေ့လိမ့်မည်ဖြစ်ပြီး သတ္တိရှိသူများသာ စာရွက်ပေါ်မှစာကို ဖတ်ရဲကြလိမ့်မည်...ဟူ၏။

မည်သို့ပင်ဆိုစေကာမူ ယခုအချိန်တွင် သူ နည်းလမ်းတစ်ခု စဉ်းစားရပေတော့မည်။ ယခုအခါ ငါးနာရီကြာ ရှင်သန်ရမည့် အချိန်ကန့်သတ်ချက်ကို ဖယ်ရှားလိုက်ပြီဖြစ်ရာ မည်သို့ပင်ဖြစ်စေ ရိန်းစ်ဖို့ဒ်သည် သူ့နောက် လိုက်လာပေလိမ့်မည်။ သူ အသတ်ခံရဖို့မှာ အချိန်ကိစ္စသာ ဖြစ်တော့သည်။

ဖုန်းပုကြွယ်၏ ခန့်မှန်းချက်အရ အချိန်အများကြီး မကျန်တော့ပေ။ယင်းအတွက် အကြောင်းရင်း နှစ်ခုရှိသည်။

ပထမအချက် ဤအရာမှာ နိုးကြားခြင်းမုဒ် ဇာတ်လမ်း ဖြစ်သည်။ ဖိုရမ်ပေါ်ရှိ ကစားသမားများ၏ ဆွေးနွေးချက်များအရ ဤမုဒ်ဖြင့် အဖွဲ့လိုက်ဇာတ်လမ်းတစ်ခုကို အောင်မြင်ရန်သည် ပြင်ပကမ္ဘာမှ အချိန် လေးနာရီထက် မပိုပေ။ အများစုမှာ မိနစ်နှစ်ဆယ်မှ တစ်နာရီအတွင်း အောင်မြင်တတ်ကြသည်။ ဖုန်းပုကြွယ် ကြုံတွေ့နေရသော ဇာတ်လမ်းသည် ပြင်ပအချိန် မိနစ်ကိုးဆယ်ခန့် ရှိနေပြီဖြစ်သည်။ အကယ်၍ သူသာ စာကို မဖတ်ခဲ့လျှင် ပြဿနာမရှိသော်လည်း ယခုမူ သူသည် ဇာတ်လမ်း၏ အရှိန်ကို မြှင့်တင်လိုက်သကဲ့သို့ ဖြစ်သွားနိုင်သည်။

ဒုတိယအချက် ဇာရော့ဗ်က စာထဲတွင် အဖြူအမည်း ရှင်းလင်းစွာ ရေးထားခဲ့သည်မှာ ဖို့ဒ်သည် လူသားတစ်ယောက် မဟုတ်နိုင်ဟု ဆိုထားရာ သူ အတောင်ပံများ ပေါက်လာပြီး ပျံသန်းလာမည်ဆိုလျှင်ပင် အံ့ဩစရာ မရှိတော့ပေ။

ထိုစာရွက်ပိုင်းပေါ်ရှိ မှတ်ချက်မှာ အလွန်တိကျသည်ဟု ဆိုရပေမည်။ မင်း ဒီစာကို ဖတ်လိုက်တာနဲ့ အရာအားလုံး ပြောင်းလဲသွားလိမ့်မယ်။

သူ မျှော်လင့်ထားသည့်အတိုင်းပင် စာကို ဖတ်ပြီးနောက်တွင် ဇာတ်လမ်း၏ အပြင်အဆင်သည် လက်တွေ့ဆန်သော သည်းထိတ်ရင်ဖိုအဆင့်မှ စိတ်ကူးယဉ်ဆန်သော အဆင့်သို့ ပြောင်းလဲသွားတော့သည်။

"ဒီ ပင်မတာဝန်က ရွေးချယ်စရာ နှစ်ခုရှိတာပဲ... ဘော့စ်ကို သတ်မလား ဒါမှမဟုတ် ကျွန်းပေါ်ကနေ ထွက်ပြေးမလား"

ဖုန်းပုကြွယ်က အေးစက်စက် ရယ်လိုက်သည်။

"ဟွန့်... ငါ့ရဲ့ အခု အခြေအနေနဲ့ ရိန်းစ်ဖို့ဒ်ကို တစ်ယောက်တည်း ရင်ဆိုင်နိုင်မယ်ဆိုရင် ငါ ဓားမော့တစ်ချက်နဲ့အတူ သူ့ပေါ်ကို ခုန်အုပ်လိုက်မှာပေါ့"

သူသည် နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး အကျင့်ပါနေသည့်အတိုင်း နဖူးကို လက်ချောင်းဖြင့် ခေါက်ကာ နှာတံကို ပွတ်လိုက်သည်။

"ပြဿနာက... ဗိုလ်ချုပ် ဇာရော့ဗ်အစစ်တောင်မှ ဒီကျွန်းကနေ မလွတ်မြောက်နိုင်ခဲ့ဘူး၊ ငါ့လို လူသစ်လေးတစ်ယောက်က ဘယ်လိုလုပ် အောင်မြင်နိုင်မှာလဲ"

သူသည် စာရွက်ကို ပြန်ကောက်ယူကာ သူ့ရှေ့တွင် ချ၍ အလေးအနက် စဉ်းစားနေလိုက်သည်။ အကြောင်းအရာ အတော်များများကို သူ အလွတ်ရနေသော်လည်း တိုက်ရိုက်ဖတ်ရသည်က ပို၍ လွယ်ကူပေသည်။

"ဟားဟား... ဒါတော့ ခက်လိမ့်မယ်"

သူသည် နှလုံးသားအောက်ခြေမှ လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်သည်။

ဤကမ္ဘာကြီးတွင် အချို့လူများသည် အစားအသောက်ကို စွဲလမ်းကြသည်၊ အချို့က အမျိုးသမီးများကို စွဲလမ်းကြပြီး အချို့ကမူ မူးယစ်ဆေးဝါးကို စွဲလမ်းကြသည်...။

ဖုန်းပုကြွယ်ကမူ စဉ်းစားတွေးခေါ်ခြင်းကို စွဲလမ်းသူ ဖြစ်သည်။ စူးစမ်းစစ်ဆေးခြင်း၊ အန္တရာယ်ရှိသော အခြေအနေများကို ဖြေရှင်းခြင်းနှင့် မျှော်လင့်ချက်မဲ့နေသော အခြေအနေမှ ထွက်ပေါက်ရှာခြင်း - ဤသုံးမျိုးသည် ဤကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်တတ်သော ထိုလူအတွက် ကြီးမားသော ကျေနပ်မှုကို ပေးစွမ်းနိုင်ပေသည်။ ထို့ကြောင့် သူသည် ၎င်းတို့ကို ဘယ်တော့မှ မငြီးငွေ့ပေ။

"ကျွန်းကို ပြန်ရောက်လာတဲ့ ရိန်းစ်ဖို့ဒ်မှာ အံ့ဩစရာကောင်းတဲ့ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုရှိလာတယ်၊ သူက အိပ်ဖို့၊ အနားယူဖို့ မလိုသလို အစားစားဖို့တောင် မလိုဘူး၊ သူက ကြမ်းတမ်းတဲ့ အမဲလိုက်ခွေးတွေကို လက်ဗလာနဲ့ သတ်နိုင်တယ်၊ အာရုံခံစွမ်းရည်တစ်မျိုးက သူ့ကို အဝေးကြီးမှာရှိတဲ့ သက်ရှိတွေရဲ့ လှုပ်ရှားမှုကို သိနိုင်စွမ်း ပေးထားတယ်၊ သူက လူသတ်ချင်စိတ် ပြင်းပြပြီး ကောက်ကျစ်တယ်... ဒါပေမဲ့ လူသတ်ချင်တဲ့ဆန္ဒက ပိုပြီး ဦးစားပေး ဖြစ်နေပုံရတယ်၊ ဒါမှမဟုတ်ရင် သူ့ရဲ့ ဉာဏ်ရည်နဲ့ဆိုရင် အမဲလိုက်သင်္ဘောတွေရဲ့ အကြိမ်ရေကို တိုးမြှင့်ပြီး ပြင်ပကမ္ဘာရဲ့ အာရုံစိုက်ခံရမယ့် အန္တရာယ်ကို သူ လုပ်မှာမဟုတ်ဘူး"

ဖုန်းပုကြွယ်သည် စာထဲမှ အကြောင်းအရာများကို ရိုးရှင်းသော အချက်အလက်များအဖြစ် ဘာသာပြန်ကာ အထင်အရှားဖြစ်စေရန် အသံထွက်၍ ဖတ်နေလိုက်သည်။ အရေးမကြီးသော အပိုအလင်္ကာများကိုမူ စိတ်၏ ထောင့်တစ်နေရာသို့ ပစ်ထုတ်ထားလိုက်သည်။

"သူက သတ်ချင်စိတ် ဒီလောက်ပြင်းပြနေရင် ဘာလို့ ဗိုလ်ချုပ်ရဲ့ ဂိမ်းကို အသုံးချနေတာလဲ၊ ဘာလို့ တိုက်ရိုက်ပဲ မသတ်တာလဲ၊ ရိန်းစ်ဖို့ဒ် အနေနဲ့ ဒီလို မလိုအပ်တဲ့ 'အမဲလိုက်' ကစားနည်းတွေ လုပ်ဖို့ မလိုဘူး၊ အိုင်ဗန်ကို သူ့အစေခံဖြစ်အောင် ထိန်းချုပ်ထားဖို့ မလိုဘူး၊ အမဲလိုက်ခွေးတွေကို မွေးထားဖို့ မလိုသလို ဗိုလ်ချုပ်အယောင်ဆောင်နေဖို့လည်း မလိုဘူး၊ ဒါပေမဲ့ သူ ဒါတွေကို ချွင်းချက်မရှိ လုပ်ခဲ့တယ်၊ ဘာကြောင့်လဲ၊ တကယ်ပဲ စိတ်လှုပ်ရှားမှုကို လိုချင်လို့လား"

ဖုန်းပုကြွယ်၏ အတွေးစက လမ်းဆုံးသွားသော်လည်း သူ ချက်ချင်းပင် ပြန်လှည့်လာသည်။

"နေဦး..."

သူ စာရွက်ကို ပြန်ကြည့်လိုက်သည်။

"ဇာရော့ဗ်မသေခင် တွေ့ခဲ့တဲ့ သင်္ဘောသားက ကျားကိုက်ခံရတာ၊ ဇာရော့ဗ် ကိုယ်တိုင်ကလည်း တောထဲမှာ သေသွားတာ၊ သူတို့ကို ရိန်းစ်ဖို့ဒ်က သတ်လိုက်တာ မဟုတ်ဘူး"

ဖုန်းပုကြွယ်က တွေးလိုက်သည်။

"ဒီသတ္တဝါတွေကို ကျွန်းပေါ် သယ်လာတာက ရိန်းစ်ဖို့ဒ်ပဲ၊ အိုင်ဗန်က ဆွဲဖြဲပြီး သတ္တဝါတွေကို ကျွေးလိုက်တဲ့ စပိန်သင်္ဘောသားတွေအကြောင်း သူပြောတုန်းက သူ့အသံက အရမ်းကို သဘာဝကျနေတယ်... ဒါပေမဲ့ သူ လူတွေကို ဘယ်လိုအမဲလိုက်သလဲဆိုတာ ပြောတဲ့အခါကျတော့ သူက မူရင်းဝတ္ထုထဲက ဇာရော့ဗ်ရဲ့ စကားတွေကိုပဲ ကူးချပြောနေတာ"

"ပြီးတော့... သူက အမဲလိုက်တဲ့ အရသာကို ရှာနေတာဆိုရင် ဘာလို့ ပထမဆုံးအဆင့်မှာတင် အမဲလိုက်ခွေးတွေကို သားကောင်နောက် လွှတ်လိုက်တာလဲ၊ ငါသာ ခွေးကိုက်ခံရလို့ သေသွားရင် ဘာထူးမှာလဲ၊ အမဲလိုက်တာက ဘာအဓိပ္ပာယ် ရှိတော့မှာလဲ"

ဖုန်းပုကြွယ်က ရေရွတ်လိုက်သည်။

"ဖြစ်နိုင်တာက … သူက တကယ်တော့ သတ္တဝါတွေဘက်က ရပ်တည်နေတဲ့ မိစ္ဆာနတ်ဘုရားတစ်ပါးမျိုးလား၊ လင်းယုန်ရဲ့ မျက်လုံး၊ ကျားသစ်ရဲ့ အရှိန်၊ ဝံပုလွေရဲ့ နားနဲ့ ဝက်ဝံရဲ့ ခွန်အားမျိုးလား"

"သူက ကျွန်းပေါ်က သားရဲတွေရဲ့ ရိုင်းစိုင်းတဲ့ သဘာဝကို ထိန်းသိမ်းဖို့နဲ့ မွေးမြူဖို့အတွက် အရာအားလုံးကို လုပ်ဆောင်ခဲ့တာပဲ၊ အဲဒါက 'သတ္တဝါ' တွေက 'လူသား' တွေကို အမဲလိုက်နိုင်ဖို့အတွက်ပေါ့..."

ဖုန်းပုကြွယ် ဆက်တွေးလိုက်သည်။

"ဒါပေမဲ့ ရိန်းစ်ဖို့ဒ်ရဲ့ သတ္တဝါတွေနဲ့ ဆက်သွယ်နိုင်တဲ့ စွမ်းရည်က သာမန်လူသားတွေနဲ့ ထူးခြားပုံမရဘူး၊ သူကိုယ်တိုင် လေ့ကျင့်ပေးထားတဲ့ အမဲလိုက်ခွေးတွေကလွဲရင် ကျွန်းပေါ်က တခြားသတ္တဝါတွေက သူ့အမိန့်အောက်မှာ မရှိဘူး၊ မဟုတ်ရင် သူဟာ ဒုတိယတိုက်ပွဲတုန်းက ဇာရော့ဗ် လွှတ်လိုက်တဲ့ ခွေးသုံးကောင်ကို သတ်စရာ မလိုဘူးလေ"

ဖုန်းပုကြွယ်သည် ဤဘော့စ်၏ ထူးခြားချက်များစွာကို ခွဲခြမ်းစိတ်ဖြာခဲ့သော်လည်း ရိန်းစ်ဖို့ဒ်သည် အဘယ်အရာ ဖြစ်သည်ကိုမူ နားမလည်နိုင်သေးပေ။

"ငါ သဲလွန်စတွေ ထပ်ရှာဖို့ ရဲတိုက်ကို ပြန်သွားရမယ် ထင်တယ်"

ဖုန်းပုကြွယ် သက်ပြင်းချလိုက်သည်။

"ငါ ဂိမ်းကို ဘယ်လိုပဲ အောင်မြင်အောင် လုပ်ဖို့ ဆုံးဖြတ်ပါစေ ပြန်သွားဖို့က တစ်ခုတည်းသော ရွေးချယ်စရာပဲ၊ ဗိုလ်ချုပ် ဇာရော့ဗ် ကျွန်းပေါ်ကနေ မထွက်ပြေးနိုင်ခဲ့တဲ့ အကြောင်းရင်းက... ကျွန်းကနေ ထွက်ခွာမယ့် နည်းလမ်းကို ရဲတိုက်ထဲမှာ ဝှက်ထားလို့ပဲ၊ အဲဒီနေရာက တစ်ကျွန်းလုံးမှာ သူ မသွားနိုင်တဲ့ တစ်ခုတည်းသော နေရာပဲ၊ အဲဒါက ဘာလို့ ကျွန်းရဲ့ မူလပိုင်ရှင်ဟာ တောထဲမှာ သေဆုံးသွားရသလဲဆိုတာကို ရှင်းပြနိုင်လိမ့်မယ်"

"ဟူး... ငါ အဲဒီစာကို မတွေ့ခဲ့သင့်ဘူး၊ အခု ငါ ဘာလုပ်ရတော့မလဲ၊ ရဲတိုက်ကို ပြန်သွားမလား၊ ငါ့မှာ သက်လုံအမှတ် သုံးပုံတစ်ပုံတောင် မကျန်တော့ဘူး၊ အပြန်လမ်းမှာ ငါ တစ်ကြိမ် နှစ်ကြိမ်လောက် နားဖို့ လိုလိမ့်မယ်၊ တကယ်လို့ ငါရိန်းစ်ဖို့ဒ်ကို ရှောင်ပြီး ရဲတိုက်ကို အောင်အောင်မြင်မြင် ပြန်ရောက်နိုင်ရင်တောင် ငါက အင်အားကုန်ခန်းနေလိမ့်မယ်၊ အဲဒီအချိန်ကျရင် ငါက ရဲတိုက်ထဲကို တိတ်တဆိတ် ပြန်ဝင်ရဦးမယ်... အဲဒီအချိန်ဆို နေတောင် ထွက်နေလောက်ပြီ..."

ဖုန်းပုကြွယ်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ကုတ်လိုက်ရာ ဆံပင်များ ရှုပ်ပွသွားတော့သည်။

"မင်းက အခြားနှစ်ယောက်ထက် အရင် သေသွားလိမ့်မယ်လို့ ငါ ထင်ခဲ့တာ၊ အခုထိ အသက်ရှင်နေလိမ့်မယ်လို့ မမျှော်လင့်ထားဘူး၊ ပြီးတော့... မင်း စိတ်ဝင်စားစရာကောင်းတာ တစ်ခုခုကို ရှာတွေ့ခဲ့ပုံရတယ်နော်"

ရိန်းစ်ဖို့ဒ်၏ အသံက အမှောင်ထုထဲမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ဖုန်းပုကြွယ် ချက်ချင်းပင် တုံ့ပြန်လိုက်သည်။ သူသည် ကိုယ်ကို နှိမ့်လိုက်ပြီး တတ်နိုင်သမျှ အမြန်ဆုံး နောက်ဆုတ်ကာ အသံလာရာဘက်သို့ လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်လိုက်သည်။

ရိန်းစ်ဖို့ဒ်သည် ကျောက်တုံးတစ်တုံးပေါ်တွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေခဲ့သည်။ လရောင်က သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေပြီး သူ၏ ပြုံးဖြဲနေသော မျက်နှာကို ထင်ရှားနေစေသည်။

"ငါ ဘာလို့ ဒီကို ဒီလောက်မြန်မြန် ရောက်လာသလဲဆိုတာ မင်း သိချင်နေမှာပဲ"

"ရိုးရိုးသားသား ပြောရရင် အခုအချိန်မှာ ကျွန်တော့်ကို အံ့ဩစေနိုင်တဲ့ အရာဆိုတာ မရှိသလောက်ပါပဲ"

ဖုန်းပုကြွယ်က ပြန်ပြောလိုက်သည်။ သူသည် အလောတကြီး ထွက်မပြေးဘဲ ထိုလူနှင့် ဘေးကင်းသော အကွာအဝေးတစ်ခုတွင် ရှိနေအောင် ထိန်းထားလိုက်သည်။ ဘော့စ်က သူ့ကို သတ်ချင်ပါက စကားပြောနေစရာ မလိုဘဲ တိုက်ရိုက်ပင် တိုက်ခိုက်နိုင်ကြောင်း သူ ကောင်းကောင်း သိသည်။ ထို့ကြောင့် ဤစကားပြောဆိုမှုသည် ဇာတ်ကွက်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး အချက်အလက်များ ရယူရန် အရေးကြီးသော အခွင့်အရေးတစ်ခု ဖြစ်သင့်သည်။

"ဟားဟား... တခြားကမ္ဘာက ခရီးသည်၊ မင်းရဲ့ အဖော်နှစ်ယောက် သေဆုံးသွားတာကို နည်းလမ်းတစ်မျိုးနဲ့ မင်း သိလိုက်ရပြီလို့ ငါ ယုံကြည်ပါတယ်"

ရိန်းစ်ဖို့ဒ်က ပြောသည်။

"သူတို့ကို ငါ သတ်လိုက်တာလို့ မင်း ထင်နေမှာပဲ"

ဖုန်းပုကြွယ်က သူဘာပြောမည်ကို သိနေသဖြင့် ကြားဖြတ်၍ ပြောလိုက်သည်။

"ဆိုလိုတာက... သူတို့က တခြားအရာတစ်ခုခုကြောင့် အသတ်ခံလိုက်ရတာပေါ့၊ ခင်ဗျားကတော့ အစကတည်းက ကျွန်တော့်နောက်ကိုပဲ လိုက်နေခဲ့တာလား"

"ဟားဟားဟား..."

ရိန်းစ်ဖို့ဒ်က ရယ်မောလိုက်သည်။

"ဖုန်းပုကြွယ်"

သူသည် ကစားသမား၏ အိုင်ဒီကို ခေါ်လိုက်ခြင်း ဖြစ်သည်။ ယခင်က မူမမှန်မှုဖြစ်သည့် X-23 သာလျှင် သူ့ကို ထိုသို့ ခေါ်ဆိုခဲ့ဖူးသည်။

"သခင် ဆမ် မွန်တီယာက မင်းကို နှုတ်ဆက်ခိုင်းလိုက်တယ်။"

"ဟင်"

ဖုန်းပုကြွယ်တစ်ယောက် ထိုအမည်ကို ကြားလိုက်ရသဖြင့် လန့်ဖျတ်သွားရသည်။ ထို့နောက် သူ့မျက်လုံးများ ပြူးကျယ်သွားပြီး ပိုကျယ်သော အသံဖြင့် ထပ်မေးလိုက်သည်။

"ဟင်"

...

"တစ်နေ့မှာ... မင်း... အဲဒီအတွက်... ပေးဆပ်ရလိမ့်မယ်... ဒါပေမဲ့... အဲဒါက... သိပ်တော့... မကြာတော့ပါဘူး..."

...

ဆမ် မွန်တီယာ၏ နောက်ဆုံးစကားများမှာ ဖုန်းပုကြွယ်၏ စိတ်ထဲတွင် ပေါ်ထွက်လာလေသည်။ သူက မေးလိုက်သည်။

"ခင်ဗျားက ဆမ် မွန်တီယာနဲ့ ပတ်သက်နေတာလား၊ နေပါဦး... အစ်ကိုကြီးရိန်းစ်၊ ဒါက ဘယ်နှစ်ခုနှစ်လဲ၊ ပြီးတော့... ဒါက ကမ္ဘာမြေ ဟုတ်ရဲ့လား"

"ခုနှစ်တွေလား၊ ဟမ့်... ဒါက ဘာအရေးကြီးလို့လဲ၊ လူသားတွေရဲ့ ခေတ်တစ်ခေတ်ဆိုတာ အချိန်မြစ်ကြီးထဲမှာ လှိုင်းလေး တစ်ခုပါပဲ၊ နေရာကကော ဘာအရေးကြီးလို့လဲ၊ မင်းက တကယ်ပဲ မင်း ဘယ်မှာ ရောက်နေသလဲဆိုတာ သိလို့လား"

ရိန်းစ်သည် သူ့အဝတ်အစားများကို ပုတ်ပြလိုက်သည်။

"ငါ့ရဲ့ ဒီ ကျည်ကာအင်္ကျီဆိုရင် အနာဂတ်လို့ခေါ်တဲ့ ခေတ်တစ်ခုကနေ လာတာ၊ မင်း ဖုန်းပုကြွယ်ကလည်း ငါမသိတဲ့ နေရာတစ်ခုကနေ လာတာပဲ၊ ဒါပေမဲ့ အဲဒါက တကယ်အရေးကြီးလို့လား"

"ဟား... ဟားဟား..."

ဖုန်းပုကြွယ်က ခြောက်ကပ်ကပ် ရယ်လိုက်သည်။

"ခင်ဗျားပြောတာလည်း ဟုတ်တာပဲ၊ ဒါဆို ကျွန်တော် မေးပါရစေ၊ ခင်ဗျားက ဆမ် မွန်တီယာနဲ့ ဘယ်လို ပတ်သက်သွားတာလဲ၊ ပြီးတော့ ခင်ဗျားက ဘာလဲ မစ္စတာရိန်းစ်"

"သဘာဝအတိုင်းဆိုရင်တော့ ငါက လူသားတစ်ယောက်ဖြစ်နေဆဲပါပဲ၊ ဒါပေမဲ့ သခင် ဆမ် မွန်တီယာဆီကနေ ထူးခြားတဲ့ စွမ်းအားအချို့ကို ငါ ရခဲ့တယ်"

ရိန်းစ်က ပခုံးတွန့်ပြသည်။

"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ငါဟာ ဇာရော့ဗ်ရဲ့ အမဲလိုက်ကစားနည်းကနေ အသက်ရှင် လွတ်မြောက်ခဲ့ပြီး သူပေးတဲ့ လှေငယ်လေးနဲ့ ဒီကျွန်းကနေ ထွက်သွားခဲ့တယ်၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ သင်္ဘောက ငါသိကျွမ်းတဲ့ ကမ္ဘာဆီကို ပြန်မရောက်သွားခဲ့ဘူး၊ အဲဒီအစား အမည်မသိနေရာတစ်ခုဆီကို ရောက်သွားခဲ့တယ်”

“အဲဒီမှာ ငါအရင်က မမြင်ဖူးတဲ့ အရာများစွာနဲ့ တွေ့ခဲ့ရတယ်၊ အဲဒီအရာတွေက ငါ့ရဲ့ အရင် ဘာသာရေးနဲ့ သိပ္ပံပညာ ဗဟုသုတတွေကို အသုံးမကျတဲ့ အရာတွေ ဖြစ်သွားစေခဲ့တယ်၊ လူသားတွေက ဘာလို့ 'အဖြေ' တွေကို အမြဲရှာဖွေနေကြပေမဲ့ အမြဲတမ်း မှားယွင်းပြီး မိုက်မဲတဲ့ ကောက်ချက်တွေဆီ ရောက်သွားတတ်ကြသလဲဆိုတာ မင်းသိလား၊ အကြောင်းကတော့ 'အမှန်တရား' ဆိုတာ ငါတို့ လက်ခံနိုင်တဲ့ အရာမျိုး မဟုတ်လို့ပဲ”

“အနာဂတ်ကို မြင်ရတာဟာ အနာဂတ်ကို ဖယ်ရှားလိုက်တာပဲ၊ အမှန်တရားကို နားလည်ခြင်းက ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးခြင်းဆီကိုတောင် ဦးတည်သွားစေနိုင်တယ်၊ တကယ်လို့ လူဝံတွေသာ မီးရဲ့ အသုံးဝင်ပုံကို သိခဲ့ရင် သူတို့ သားရဲတွေကို စားမှာမဟုတ်ဘူး၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ချီက လူတွေသာ ဆေးပညာအကြောင်း သိခဲ့ရင် ဖျားနာနေတဲ့ လူတွေကို တိုက်ရိုက်သတ်ပြီး မြေမြှုပ်မှာ မဟုတ်ဘူး၊ လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီက လူတွေသာ ဘာသာရေးရဲ့ အမှန်တရားကို သိခဲ့ရင် အပြစ်မဲ့တဲ့ အမျိုးသမီးတွေကို စုန်းမတွေအဖြစ် သတ်မှတ်ပြီး အရှင်လတ်လတ် မီးရှို့မှာ မဟုတ်ဘူး...

ငါကတော့ အချို့အရာတွေကို သိရှိပြီးနောက်မှာ အခု ငါဖြစ်နေတဲ့ ပုံစံမျိုး ဖြစ်လာခဲ့တာပဲ"

"ဟက်..."

ဖုန်းပုကြွယ်သည် သူ့စကားများကို လှောင်ပြောင်လိုက်ပြီး အချက်ကျသော မေးခွန်းတစ်ခု ထပ်မေးလိုက်သည်။

"ခင်ဗျားနဲ့ ဆမ် မွန်တီယာကြားက သဘောတူညီချက်က ဘာလဲ"

ရိန်းစ်က တည်ငြိမ်စွာ ပြန်ဖြေသည်။

"ငါက သူ့ကို ပင်ပန်းနွမ်းနယ်ပြီး စိတ်ပျက်အားငယ်နေတဲ့ ဝိညာဉ်တွေ ပေးအပ်တယ်၊ သူက ငါ့ကို ထာဝရအသက်နဲ့ သဘာဝလွန်စွမ်းအားတွေ ပေးတယ်"

သူက ခေတ္တရပ်လိုက်သည်။

"ဇာရော့ဗ် သေပြီးနောက်မှာ ငါ သားကောင်တွေ အားလုံးကို ပိတ်လှောင်ပြီး နှိပ်စက်သတ်ဖြတ်ဖို့ ကြိုးစားခဲ့တယ်၊ ဒါပေမဲ့ ရဲတိုက်ထဲမှာ ထောင်ခန်းတွေ အများကြီး မရှိတာကို ငါမကြာခင် သိလိုက်ရတယ်၊ ပြီးတော့ အိုင်ဗန်နဲ့ ငါကလည်း နည်းနည်း အလုပ်ရှုပ်လွန်းနေတယ်"

"ဆမ် မွန်တီယာရဲ့ အမိန့်က တော်တော်လေး တင်းကျပ်ပုံရတယ်နော်..."

ဖုန်းပုကြွယ်က ခနဲ့လိုက်သည်။

"ဇာရော့ဗ်က အမဲလိုက်ကစားနည်းကို တီထွင်ခဲ့တဲ့အတွက် သူ့ကို ကျေးဇူးတင်ရမယ်၊ ဒီနည်းလမ်းက အထိရောက်ဆုံး ဖြစ်တယ်ဆိုတာ ရလဒ်တွေက သက်သေပြခဲ့တယ်"

ရိန်းစ်က ပြောသည်။

"ဒါကို ငါကိုယ်တိုင် လုပ်နေစရာ မလိုတော့ဘူး၊ ငါက အဲဒီလူတွေကို စည်းမျဉ်းတွေ ကြေညာပေးရုံပဲ၊ ပြီးတော့ သူတို့ရဲ့ ကြောက်ရွံ့မှု၊ စိတ်ပျက်အားငယ်မှုနဲ့ ရှင်သန်လိုစိတ်တွေကြားမှာ သေဆုံးသွားတာကို ထိုင်ကြည့်နေရုံပဲ"

"သိပြီ၊ အခုတော့ အားလုံးကို ကျွန်တော် နားလည်သွားပြီ..."

ဖုန်းပုကြွယ်က ပြောလိုက်သည်။

"ဒါဆို ဒီကျွန်းကို ဝင်ထွက်နိုင်တဲ့ တကယ့်ဆိပ်ကမ်းက ခင်ဗျားရဲ့ ရဲတိုက်အောက်မှာ ရှိတာ မဟုတ်လား"

"ဟက်... မင်းက ဆမ် မွန်တီယာပြောသလို တကယ်ဉာဏ်ကောင်းတဲ့ကောင်ပဲ"

ရိန်းစ်က ခနဲ့လိုက်သည်။

"မင်း ခန့်မှန်းတာ မှန်ပါတယ်၊ ကျွန်းရဲ့ မြေအောက်မျက်နှာပြင်မှာ ရဲတိုက်ကနေ အနောက်ဘက် အစွန်းဆုံးအထိ သွားတဲ့ လျှို့ဝှက်မြစ်တစ်ခု ရှိတယ်၊ အဲဒီမှာရှိတဲ့ ကမ်းပါးအောက်မှာ ဒီရေကျတဲ့ အချိန်မှာပဲ ပေါ်လာတတ်တဲ့ ထွက်ပေါက်တစ်ခု ရှိတယ်၊ ဒါပေမဲ့ မင်း အဲဒီနေရာကို ရှာတွေ့ရင်တောင် အလကားပဲ၊ ဒီကျွန်းပေါ်မှာ ရှိသမျှ သင်္ဘောတွေ အားလုံးက ငါ့ရဲ့ ရဲတိုက်ထဲမှာပဲ ရှိတာလေ"

"ကောင်းပြီ၊ ဒါဆို ကျွန်တော် ထွက်ပြေးလို့ မရတော့ဘူးပေါ့"

ဖုန်းပုကြွယ်က စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။

"ဒါဆို... ခင်ဗျား ကျွန်တော့်ကို ချက်ချင်းမသတ်ဘဲ ဒါတွေ အားလုံးကို ပြောပြနေတာက ဆမ် မွန်တီယာရဲ့ အကြံပဲ မဟုတ်လား"

"ဟား... သေချာတာပေါ့"

ရိန်းစ်က ရယ်သည်။

"မင်းရဲ့ ဝိညာဉ်က ဆမ် မွန်တီယာ အလိုချင်ဆုံးအရာပဲ၊ ငါ မေးချင်တာက မင်း အခု ပင်ပန်းပြီး စိတ်ပျက်အားငယ်နေပြီလား၊ တကယ်လို့ မဟုတ်သေးရင် ငါ စောင့်နိုင်ပါတယ်၊ ဟားဟား... မင်း ဒီကျွန်းပေါ်မှာ ဘယ်လောက်ကြာကြာ ရှင်သန်နိုင်မယ်လို့ ထင်သလဲ၊ ဇာရော့ဗ်ထက် ပိုကြာကြာ ရှင်သန်နိုင်ပါ့မလား"

"ခင်ဗျား ကျွန်တော့်ကို အထင်သေးနေတာပဲ မစ္စတာရိန်းစ်"

ထိုအခိုက်အတန့်တွင် ဖုန်းပုကြွယ်၏ စိတ်က ပြေလျော့သွားရသည်။ သူသည် ဘော့စ်ကိုပင် ပြန်လည် နောက်ပြောင်လိုက်သေးသည်။

"ကျွန်တော်က ဒီကမ္ဘာပေါ်မှာ ရှင်သန်နိုင်စွမ်း အမြင့်ဆုံးသတ္တဝါတွေထဲက တစ်ကောင် ဖြစ်နေလို့ပါပဲ"

"ဟင်၊ မင်းက လူသားမဟုတ်ဘူးလို့ ပြောချင်တာလား"

ရိန်းစ်က မေးသည်။

"ခင်ဗျားက လူသားဆိုရင် ကျုပ်လည်း လူသားပါပဲ"

ဖုန်းပုကြွယ်က ပြန်ဖြေသည်။

"ဒါပေမဲ့ ကျွန်တော်တို့ သိကြတဲ့အတိုင်း ဂြိုဟ်သားတွေ၊ SCP682 တွေ၊ အထူးရိက္ခာတွေ လက်ထဲမရောက်နိုင်တဲ့ တရုတ်ပြည်က လူတွေ... အဲဒီ သက်ရှိတွေအားလုံးက မယုံနိုင်လောက်အောင် ခံနိုင်ရည်ရှိကြတယ်၊ ကျွန်တော့်ကို ဒီအတိုင်း ပစ်ထားလိုက်တာက အလကားပါပဲ"

ရိန်းစ်သည် ငါးစက္ကန့်ခန့် တိတ်ဆိတ်သွား၏။

"မင်း ဘာတွေပြောနေသလဲဆိုတာ ငါ နားမလည်ပေမဲ့... မင်းရဲ့ အမြင်ကိုတော့ နားလည်သလိုပဲ၊ အဲဒီလိုဆိုရင်တော့ မင်းကို ငါကိုယ်တိုင်ပဲ ဖြေရှင်းရတော့မယ်..."

'မင်း' ဆိုသည့် စကားလုံး သူ့နှုတ်ခမ်းမှ မထွက်မီ ဖုန်းပုကြွယ်သည် အမြောက်ဆံတစ်ခုကဲ့သို့ အရှိန်ဖြင့် ပြေးထွက်သွားရာ ခဏချင်းမှာပင် မီတာ ဒါဇင်ပေါင်းများစွာကို ကျော်ဖြတ်သွားတော့သည်။ သူ ရပ်နေခဲ့သည့် နေရာတွင် နက်ရှိုင်းသော ခြေရာတစ်ခု ကျန်ရစ်ခဲ့ပြီး လေထဲတွင်လည်း နွေးထွေးသော သွေးအငွေ့အသက်တစ်ခု ကျန်ရစ်ခဲ့ပုံရသည်။

ရိန်းစ်သည် ယုတ်မာစွာ ပြုံးလိုက်ပြီး သူ့နောက်သို့ လိုက်လေသည်။ သူ၏ လှုပ်ရှားမှုသည် ကိုယ်ခန္ဓာ မြှင့်တင်ခြင်းမန္တန်ကို အသုံးပြုထားသော ဖုန်းပုကြွယ်ထက် မနှေးလှပေ။ ခြေဖျားဖြင့် အနည်းငယ် ခုန်လိုက်ရုံဖြင့် မီတာ ဒါဇင်ပေါင်းများစွာကို ခုန်ကူးနိုင်ပေသည်။ သူသည် ဖုန်းပုကြွယ် ထွက်ပြေးရာ လမ်းကြောင်းအတိုင်း လိုက်လေရာ ပို၍ ပို၍ မြန်ဆန်လာတော့သည်။ သူ့ခြေထောက်ကို အားစိုက်လိုက်တိုင်း သူ့ခန္ဓာကိုယ်သည် လေးမှ ပစ်လွှတ်လိုက်သည့် မြားတစ်စင်းကဲ့သို့ ဖြစ်လာသည်။ ထိုလူမှာ မယုံနိုင်လောက်အောင် သန်မာလှသည်။

ခွန်အားအရ ကြည့်လျှင် ဖုန်းပုကြွယ်မှာ ရိန်းစ်ကို မယှဉ်နိုင်ပေ။ ဖုန်းပုကြွယ်၏ လက်ရှိ အသက်အမှတ်ဖြင့်ဆိုပါက တံတောင်နှင့် ရိုက်ချက်တစ်ခုကိုပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ထို့ကြောင့် သူသည် ကိုယ်ခန္ဓာ မြှင့်တင်ခြင်းမန္တန်၏ သုံးစွဲမှုကို ဂရုမစိုက်တော့ပေ။ မည်သို့ပင်ဆိုစေကာမူ သူသည် ရိန်းစ်ကို တစ်ချက်တည်းနှင့် သတ်နိုင်ရန် ကြိုးစားရမည်ဖြစ်ရာ အသက်အမှတ်မှာ ၁ ရာခိုင်နှုန်းအထိ ကျဆင်းသွားလျှင်ပင် ကိစ္စမရှိတော့ပေ။

အရှိန်အရ ဆိုပါက ဖုန်းပုကြွယ်သည် ရိန်းစ်နှင့် ယှဉ်ပြိုင်နိုင်နေဆဲဖြစ်သည်။ သို့သော် သူ၏ အမြင့်ဆုံးအရှိန်နှင့် ပေါက်ကွဲအားက အနည်းငယ် ပိုကောင်းနေသော်လည်း သူနှင့် ရိန်းစ်ကြားရှိ အကွာအဝေးမှာမူ တဖြည်းဖြည်း နီးကပ်လာနေသည်။

သူတို့နှစ်ဦးသည် မြေမျက်နှာသွင်ပြင် ကျွမ်းကျင်မှုတွင် မတူညီကြပေ။ ထို့အပြင် လိုက်လံဖမ်းဆီးသူသည် ထွက်ပြေးသူ၏ လှုပ်ရှားမှုကို ကြည့်ပြီး ရှေ့ဘက်ရှိ အခြေအနေကို ခန့်မှန်းနိုင်လေသည်။ ဖုန်းပုကြွယ်မှာမူ အသက်လုပြေးနေရင်း ရှေ့လမ်းကို အမြဲ စစ်ဆေးနေရသဖြင့် ခြေချော်ခြင်း သို့မဟုတ် လမ်းပိတ်နေသည့်နေရာသို့ ဝင်မိခြင်းမျိုး မဖြစ်အောင် သတိထားနေရသည်။ အကယ်၍ သူ၏ တိုးတက်လာသော လှုပ်ရှားမှုမြင်နိုင်စွမ်းသာ မရှိပါက သူသည် လက်နှိပ်ဓာတ်မီး တစ်ခုတည်းဖြင့် တောထဲတွင် ပြေးလွှားနေစဉ် ဝက်တစ်ကောင်ကဲ့သို့ သစ်ပင်ကို ဝင်တိုက်မိပေလိမ့်မည်။

အရုဏ်မတက်မီ အမှောင်ဆုံး အချိန်၌ ပုံရိပ်နှစ်ခုသည် တစ်ဦးရှေ့ တစ်ဦးနောက်ဖြင့် တောအုပ်အတွင်း အပြိုင်ပြေးလွှားနေကြသည်။ ရှေ့မှလူသည် ဘောလုံးတစ်လုံးကဲ့သို့ ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများကို အရှိန်ယူ၍ ခုန်ပျံနေပြီး နောက်လူမှာမူ ရေထဲရှိ ပိုးကောင်လေးတစ်ကောင်ကဲ့သို့ လျင်မြန်ဖြတ်လတ်နေလေသည်။

ဤတိုက်ပွဲသည် အလွန်ကြာမြင့်ခြင်း မရှိပေ။ တစ်မိနစ်အကြာတွင် ဖုန်းပုကြွယ်၏ အသက်အမှတ်က ဆယ်ရာခိုင်နှုန်းအောက်သို့ ကျဆင်းသွားရသည်။ အကယ်၍ သူသာ ကိုယ်ခန္ဓာ မြှင့်တင်ခြင်းမန္တန်ကို ယခု ရပ်တန့်လိုက်ပါက နောက်တစ်ကြိမ် ထပ်မံအသုံးပြုနိုင်တော့မည် မဟုတ်ပေ။ သူသည် မိမိ၏ အသက်အမှတ်များကို ဆက်လက် လောင်ကျွမ်းစေရန်သာ အတင်းအကျပ် လုပ်ဆောင်နေရသည်။ ဤနည်းဖြင့် သူသည် နောက်ထပ် စက္ကန့်နှစ်ဆယ်ခန့်သာ ခံနိုင်ရည် ရှိတော့မည်ဖြစ်သည်။

ရိန်းစ်က ပိုပို၍ နီးကပ်လာရာ သူတို့ကြားတွင် ဆယ်မီတာခန့်သာ ကွာတော့သည့် အချိန်၌ ရှေ့မြင်ကွင်းက ပွင့်သွားတော့သည်။ သူတို့သည် နောက်ဆုံးတွင် တောအုပ်ထဲမှ ထွက်လာနိုင်ခဲ့ပြီး ကျွန်း၏ အရှေ့တောင်ဘက်ရှိ သေမင်းတမန်နွံအိုင်သို့ ရောက်ရှိသွားကြသည်။

ဖုန်းပုကြွယ်သည် အခြားအရာများကို ဂရုမစိုက်တော့ပေ။ အသက်နှင့်လဲ၍ စွန့်စားမည်ဟူသော စိတ်ဖြင့် သူသည် နွံအိုင်မျက်နှာပြင်ပေါ်သို့ ရှိသမျှအားအင်ကုန် သုံး၍ ပြေးဝင်လိုက်သည်။ သူသည် လျှပ်စီးကဲ့သို့သော အရှိန်ဖြင့် နွံအိုင်မျက်နှာပြင်ပေါ်မှ ခုန်ကူးသွား၏။ သူ့ခန္ဓာကိုယ်သည် နွံအိုင်မျက်နှာပြင်ပေါ်မှ အောင်မြင်စွာ ခုန်ကျော်သွားနိုင်ခဲ့ပြီး နောက်ဆုံးတွင် နွံအိုင်အစွန်းမှ မီတာ ဒါဇင်ပေါင်းများစွာ အကွာတွင်ရှိသော ကျောက်တုံးကြီးတစ်ခုပေါ်သို့ ဆင်းသက်နိုင်ခဲ့သည်။ ၎င်းမှာ နွံအိုင်အတွင်းရှိ ခြေချနိုင်သော နေရာအနည်းငယ်ထဲမှ တစ်ခုပင် ဖြစ်သည်။

သူ မတ်တတ်ရပ်လိုက်ချိန်တွင် ဖုန်းပုကြွယ်၏ အသက်အမှတ်မှာ ၁ ရာခိုင်နှုန်းသို့ ကျဆင်းသွားပြီဖြစ်သည်။ အကယ်၍ ပျားတစ်ကောင်က သူ့ကို ယခု လာတုတ်လျှင်ပင် သူ ချက်ချင်း သေဆုံးသွားပေလိမ့်မည်။

ရိန်းစ်သည် နွံအိုင်အစွန်းတွင် ရပ်တန့်သွားပြီး ရှေ့သို့ ဆက်တိုးမလာတော့ပေ။

All Chapters