အခန်း (၉၅-၉၆)
Vol. 10 Ch. 95-96
အခန်း (၉၅)
"မင်းက ငါထင်ထားတာထက် ကိုင်တွယ်ရခက်တာပဲ"
ဖို့ဒ်က ဆိုသည်။
"အဲဒီနေရာကို ခုန်ကူးနိုင်တာ တကယ်ကံကောင်းတာပဲ"
"ထွီး … ကံကောင်းတာ ဟုတ်လား"
ဖုန်းပုကြွယ်က ရှက်ရွံ့ခြင်းမရှိဘဲ ကြွားဝါလိုက်သည်။
"ဒါက စွမ်းရည်ကွ၊ ဒီအကွက်က ဒဏ္ဍာရီလာကိုယ်ဖော့အတတ် မစင်ပုံပေါ် လွင့်မြောခြင်းလို့ ခေါ်တယ်ဗျ"
ဘော့စ်သည် သူ၏ ညစ်ညမ်းသော စကားများနှင့် အဓိပ္ပာယ်မရှိသော လျှောက်ပြောမှုများကို ဘာမှ မှတ်ချက်မပေးပေ။ သူခန္ဓာကိုယ်ပေါ်မှ ပစ္စတိုတစ်လက်ကို တိတ်ဆိတ်စွာ ထုတ်ယူလိုက်သည်...။
"သောက်ကျိုးနည်း"
ဖုန်းပုကြွယ် ၎င်းကို မြင်လိုက်သည်နှင့် ဝှစ်ခနဲ အသံနှင့်အတူ ပျောက်ကွယ်သွားတော့သည်။
ဖို့ဒ် အနီးကပ် ကြည့်လိုက်သောအခါ ဖုန်းပုကြွယ်သည် သူ့ခြေရင်းရှိ အပြင်သို့ ပြူထွက်နေသော ကျောက်တုံးကြီး၏ ဘေးဘက်တွင် ပုန်းနေသည်ကို တွေ့လိုက်ရသည်။ သူသည် လက်နှိပ်ဓာတ်မီးကို ပါးစပ်ဖြင့် ကိုက်ထားပြီး ကျောက်တုံးကို ကွေးကွေးလေး ဖက်ထားခြင်းဖြစ်သည်။ အကွာအဝေးကြောင့် သူ့ခန္ဓာကိုယ်မှာ ဖို့ဒ် ပစ်ကွင်း၏ မျက်ကွယ်နေရာထဲသို့ ရောက်ရှိနေလေသည်။
အရုဏ်မတက်သေးသော်လည်း ဖို့ဒ်၏ အမြင်အာရုံမှာ သာမန်လူများထက် များစွာ ပိုကောင်း၏။ ကျောက်တုံးနောက်ကွယ်မှ လက်နှိပ်ဓာတ်မီး အလင်းရောင်ကြောင့် သူ အားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ကံဆိုးသည်မှာ သူ့တွင် ပစ်ခတ်ရန် ထောင့်မရှိခြင်းပင်။
ဖုန်းပုကြွယ်၏ လက်နှင့် ခြေထောက်များက ကျောက်တုံးကို မြဲမြံစွာ ဖက်တွယ်ထားသည်။ သူ့တင်ပါးကသာ နွံအိုင်နှင့် ထိကပ်နေခဲ့သည်။ ဤထိတွေ့မှု ဧရိယာသည် သူ့ကို နွံထဲ နစ်သွားစေရန် မလုံလောက်ပေ။ သူ၏ သက်လုံအမှတ်များ မကုန်ဆုံးမီအထိ ဤအနေအထားကို အချိန်အတော်ကြာအောင် ထိန်းထားနိုင်ပေလိမ့်မည်။
"ငါ ပြောင်းရှည်သေနတ် ယူလာခဲ့သင့်တာ"
ဖို့ဒ်က ပြုံးလိုက်ပြီး ပစ္စတိုကို ပြန်သိမ်းလိုက်သည်။
"ငါ့ရဲ့ ပစ်ခတ်မှုစွမ်းရည်က မဆိုးပေမဲ့ ပစ္စတိုကတော့ အလယ်အလတ်ကနေ အဝေးက ပစ်မှတ်ကို ပစ်ဖို့ မသင့်တော်ဘူး၊ အထူးသဖြင့် ဒီလို မှောင်မိုက်တဲ့ ညမျိုးမှာပေါ့"
"ခင်ဗျားရဲ့ လက်တွေက ကျွန်တော့်ရဲ့ ပြိုင်ဘက်ကင်းအင်အားကြောင့် တုန်ယင်နေတာ နေမှာပေါ့"
ဖုန်းပုကြွယ်က အော်ဟစ်လိုက်သည်။ ဤကဲ့သို့ ရှက်ရွံ့ခြင်းမရှိဘဲ ဘော့စ်ကို ရန်စရန်အတွက် သူ့ပါးစပ်ထဲမှ လက်နှိပ်ဓာတ်မီးကိုပင် ဂရုမစိုက်တော့ပေ။ သူသည် ပါးစပ်ကို ဟလိုက်ပြီး ၎င်းကို ခြေရင်းရှိ နွံထဲသို့ ထွေးထုတ်လိုက်သည်။
"ဟားဟား... အဲဒီမှာ ပုန်းနေရုံနဲ့ မင်းဘေးကင်းမယ်လို့ တကယ်ကြီး ထင်နေတာလား"
ဖို့ဒ်က ခနဲ့လိုက်သည်။
"ငါ အဲဒီကို မလာရဲဘူးလို့ မင်းက တကယ်ထင်နေတာလား"
"စကားတွေ အများကြီး ပြောမနေနဲ့"
ဖုန်းပုကြွယ်က ပိုမောက်မာသော လေသံဖြင့် ပြန်ပြောသည်။
"ကျွန်တော်က အလုပ်များတဲ့ ဂုဏ်သရေရှိ လူကြီးတစ်ယောက်ပဲ၊ ခင်ဗျားကို လိုက်ရိုက်နေဖို့ အချိန်မရှိဘူး၊ ဒါကြောင့် မြန်မြန်လေး ကျွန်တော့်လက်သီးဆီကို ပြေးလာခဲ့စမ်းပါ"
သူသည် စက္ကန့်အနည်းငယ်အတွင်း လက်တစ်ဖက် လွှတ်လိုက်ပြီး ဘော့စ်ကို လက်ခလယ် ထောင်ပြလိုက်သည်။ ထို့နောက် ကျောက်တုံးကို ချက်ချင်း ပြန်ဖက်ထားလိုက်သည်။
"ရိုင်းစိုင်းတဲ့ ကောင်စုတ်..."
ဘော့စ်သည် အမှန်တကယ် ဒေါသထွက်သွားပြီး ဆဲရေးလိုက်တော့သည်။
ဖို့ဒ်သည် နွံအိုင်အစွန်းမှ ချက်ချင်း ဆုတ်ခွာသွားပြီး အရှိန်ယူရန် အကွာအဝေးတစ်ခု ချန်လိုက်သည်။ ဖုန်းပုကြွယ်၏ မစင်ပုံပေါ် လွင့်မြောခြင်းကိုမူ ဖို့ဒ် တကယ်ပင် မတတ်ကျွမ်းပေ။ သူသည် သိုင်းဝတ္ထုများကို တစ်ခါမှ မဖတ်ဖူးသဖြင့် ထိုအရာကို နားမလည်နိုင်ပါချေ။ သို့သော် ဖို့ဒ်၏ ရုပ်ပိုင်းဆိုင်ရာစွမ်းရည်ဖြင့်ဆိုလျှင် သူ ကောင်းကောင်း အားယူနိုင်ပါက ဖုန်းပုကြွယ် ဖက်ထားသည့် ကျောက်တုံးကြီးပေါ်သို့ တိုက်ရိုက် ခုန်တက်နိုင်မည် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ဖုန်းပုကြွယ်၏ လက်နှိပ်ဓာတ်မီးက နွံထဲသို့ လုံးဝ နစ်မြုပ်သွားပြီဖြစ်ပြီး ဖို့ဒ်မှာမူ မည်သည့် အလင်းရောင်ပေးပစ္စည်းမှ ယူဆောင်လာခဲ့ခြင်း မရှိပေ။ ပတ်ဝန်းကျင်က အလွန် မှောင်မိုက်နေတော့သည်။ လမင်းကြီးလည်း ကွယ်ပျောက်သွားပြီဖြစ်သော်လည်း နေမင်းက ထွက်မလာသေးပေ။ ကောင်းကင်သည် ခရမ်းရင့်ရောင် သန်းနေခဲ့သည်။ သေမင်းတမန်နွံအိုင်ကဲ့သို့ ပွင့်လင်းသော နေရာမျိုးမှာပင် ဖုန်းပုကြွယ်သည် ငါးမီတာပတ်လည်ခန့်အတွင်းရှိ အရာဝတ္ထုများ၏ ပုံရိပ်ကိုသာ မြင်ရတော့သည်။
ဤအချိန်၌ ပတ်ဝန်းကျင်မှာ အလွန် တိတ်ဆိတ်နေလေ၏။ နွံအိုင်ထဲမှ လေပူဖောင်းထွက်သံကိုပင် ကြားနေရသည်။ ဖုန်းပုကြွယ်သည် အသက်ကို အောင့်ထားပြီး ရိန်းစ်ဖို့ဒ်ဘက်မှ လှုပ်ရှားမှုကို အာရုံစိုက်ထာားလိုက်သည်။
မကြာမီတွင်... ခြေသံများကို သူ ကြားလိုက်ရသည်။ ခြေသံများမှာ အလွန်မြန်ဆန်နေပြီး သူ့နောက်ကို လိုက်စဉ်ကထက်ပင် ပိုမြန်နေပေသည်။ ခြေလှမ်းတိုင်းက အားပါပြီး လှမ်းသည့်အကွာအဝေးမှာ တိုတောင်း၏။ ဆိုလိုသည်မှာ ဤခြေလှမ်းအနည်းငယ်သည် အရှိန်မြှင့်ရန် မဟုတ်ဘဲ အင်အားကို စုစည်းပြီး ထုတ်လွှတ်ရန်အတွက် ဖြစ်သည်။
နောက်ဆုံးတွင် ထပ်ခနဲ အသံနှင့်အတူ ခြေတစ်ဖက်က ရွှံ့မြေပေါ်သို့ ပြင်းထန်စွာ ဆောင့်နင်းလိုက်တော့သည်။
ဖို့ဒ်သည် ဝေလငါးကြီးတစ်ကောင်ကဲ့သို့ အကွေးလိုက် ခုန်တက်သွားပြီး မြင့်မားစွာ မြောက်တက်ကာ ခုန်ချလိုက်တော့သည်။
ဖို့ဒ် ခုန်လိုက်သည့် အသံကို ကြားလိုက်ရသည့် ခဏမှာပင် ဖုန်းပုကြွယ်သည် ကျောက်တုံးပေါ်သို့ ပြန်တက်ရန် အတင်းရုန်းကန်လိုက်သည်။ သူသည် တုံ့ဆိုင်းမနေဘဲ ပစ္စတိုကို ထုတ်ကာ လေထဲသို့ နှစ်ချက်ပစ်လိုက်သည်။ ထိုကျည်ဆံနှစ်တောင့်သည် ပစ်မှတ်ကို ထိရန်မဟုတ်ဘဲ သေနတ်၏ မီးပွင့်အကူအညီဖြင့် ဖို့ဒ် မည်သည့်နေရာသို့ ခုန်ဆင်းလာသည်ကို မြင်နိုင်ရန်အတွက် ဖြစ်သည်။
ထိုနှစ်ချက်သည် ပစ်မှတ်ကို မထိခဲ့ဘဲ လုံးဝ လမ်းကြောင်း လွဲခဲ့သည်။ ပိုဆိုးသည်မှာ တစ်စက္ကန့်ခန့်အကြာတွင် ဖို့ဒ်ရောက်ရှိလာပြီး ဖုန်းပုကြွယ်နှင့် နှစ်မီတာပင် မကွာသော ကျောက်တုံးပေါ်တွင် ရပ်လိုက်ခြင်းပင်။
ဖုန်းပုကြွယ် တွေဝေနေရန် အချိန်မရှိပေ။ သူသည် ချက်ချင်း နောက်ထပ်တစ်ချက် ထပ်ပစ်လိုက်ရာ ဖို့ဒ်၏ ကိုယ်ပေါ်သို့ ထိမှန်သွားခဲ့သည်။ ဤမြင်ကွင်းမျိုးတွင် ဦးခေါင်းကို ချိန်ရန် မဖြစ်နိုင်ပေ။ ပစ်မှတ်ကို ထိမှန်သွားလျှင်ပင် လုံလောက်နေပြီဖြစ်သည်။
သာမန်လူတစ်ယောက်သာဆိုလျှင် ကျည်ကာအင်္ကျီ ဝတ်ထားလျှင်ပင် ဤကဲ့သို့ နီးကပ်သော အကွာအဝေးမှ အပစ်ခံရပါက နောက်သို့ လန်ကျသွားကာ အသက်ရှူရပ်ခြင်း သို့မဟုတ် သတိလစ်ခြင်းမျိုးပင် ဖြစ်သွားနိုင်သည်။ သို့သော် ဖို့ဒ်မှာမူ ခြေတစ်လှမ်းပင် နောက်မဆုတ်ခဲ့ပေ။ သူ့မျက်နှာက လက်သီးနှင့် ထိုးခံလိုက်ရသကဲ့သို့ အနည်းငယ် တင်းမာသွားရုံသာ ရှိသည်။
"ဟဲဟဲဟဲ..."
ဖို့ဒ်က ဂုဏ်ယူစွာ ရယ်မောလိုက်သည်။ အရာအားလုံး ပြီးဆုံးသွားပြီဖြစ်ကြောင်း သူ သိလိုက်သည်။ ဘော့စ်သည် သေနတ်သုံးရန် အစီအစဉ်မရှိပေ။ သူသည် သူ့ရှေ့မှ ပညာမဲ့သော ကောင်စုတ်ကို အပိုင်းပိုင်း ဆွဲဖြတ်ပစ်ချင်နေသည်။
"ဟဲဟဲဟဲ..."
ဖုန်းပုကြွယ်က ပို၍ပင် ဂုဏ်ယူစွာ ရယ်မောလိုက်သည်။ သူသည် အကြိမ်ရေ ကန့်သတ်ချက်ရှိသည့် စကေးဖြစ်သော ကောင်ဆိုးလေး၏ အောက်ပိုင်းဝိုက်ကန်ချက်ကို အသုံးပြုလိုက်တော့သည်။ သူသည် ဘေးတိုက်လှည့်ကာ ဖို့ဒ်ကို ခြေထိုးလဲလိုက်ခြင်းဖြစ်သည်။
ဤကျွမ်းကျင်မှုသည် ကျွမ်းကျင်မှုအဆင့်ကို လျစ်လျူရှုပြီး လဲကျသင့်သော မည်သည့်မကောင်းဆိုးဝါးမျိုးကိုမဆို ၁၀ဝ ရာခိုင်နှုန်း လဲကျစေနိုင်သည့် စွမ်းရည်ရှိ၏။ ထိုအကျိုးသက်ရောက်မှုမျိုးမှာ ဤဘော့စ်အပေါ် အသုံးပြုရန် အသင့်တော်ဆုံး ဖြစ်သည်။
ဖို့ဒ်သည် နောက်သို့ လန်ကျသွားရသည်။ သူ့လက်များက လေထဲတွင် ယမ်းခါနေပြီး သူ့မျက်နှာတွင် အံ့ဩတုန်လှုပ်မှုများ ပြည့်နှက်နေလေသည်။ အမှန်စင်စစ် သူကဲ့သို့ စွမ်းရည်ရှိသော ဘော့စ်တစ်ယောက်အတွက် ခန္ဓာကိုယ် လဲကျချိန်တွင် တုံ့ပြန်နိုင်စွမ်း ရှိပေသည်။ သူ့အနေအထားကို ပြောင်းလဲခြင်း သို့မဟုတ် လမ်းကြောင်း ပြောင်းလဲခြင်းမျိုး ပြုလုပ်နိုင်၏။ ဟန်ချက်ပြန်ထိန်းရန်အတွက် လေထဲတွင် ကျွမ်းထိုးခြင်းမျိုးပင် လုပ်နိုင်ပေလိမ့်မည်။ သို့သော် ဖုန်းပုကြွယ်၏ စကေးလွှမ်းမိုးမှုအောက်တွင်မူ မည်သို့သော မကောင်းဆိုးဝါးမျိုးဖြစ်ပါစေ 'ခြေထိုးလဲခြင်း' ကို ခံရမည်သာ ဖြစ်သည်။ မြေပြင်ပေါ်သို့ (သို့မဟုတ် နွံထဲသို့) ကျသွားသည့် အချိန်ကျမှသာ ဤစကေးမှု၏ အာနိသင်က ကုန်ဆုံးသွားမည်ဖြစ်သည်။
ထို့ကြောင့် ဖို့ဒ်သည် ကျောက်တုံးပေါ်မှ ဘေးတိုက်လွင့်စင်ကာ နွံအိုင်ထဲသို့ ကျဆင်းသွားတော့သည်။
ဖုန်းပုကြွယ်ကား ဘာမှထပ်မပြောတော့ပေ။ သူသည် စကေးကို အသုံးပြုပြီးသည်နှင့် ကျောက်တုံး၏ အခြားတစ်ဖက်သို့ ကူးပြောင်းကာ ကျောက်တုံးကို ပြန်ဖက်ထားလိုက်သည်။ သူသည် မိမိကိုယ်ကို ဖို့ဒ်နှင့် သီးခြားခွဲထုတ်လိုက်ပြီး ရန်သူ၏ မြင်ကွင်းအတွင်း အပေါ်သို့ တက်မလာတော့ချေ။
ဤအဆင့်တွင် ဖုန်းပုကြွယ်သည် မည်သည့်အမှားမျိုးကိုမှ ထပ်မံအဖြစ်မခံတော့ပေ။ အကယ်၍ ရိန်းစ်ဖို့ဒ်က သူမသေမီ သေနတ်ကို ဆွဲထုတ်လိုက်လျှင် သို့မဟုတ် ရွှံ့ခဲတစ်ခဲနှင့် လှမ်းပေါက်လိုက်ပြီး သူ၏ ကျန်ရှိနေသော အသက်အမှတ် ၁ ရာခိုင်နှုန်းကို ထိမှန်သွားပါက သူ၏ ကြိုးစားအားထုတ်မှုများ အားလုံး အဟောသိကန် ဖြစ်သွားပေလိမ့်မည်။
လိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေ ဂရုစိုက်ခြင်းသည် ဘယ်တော့မှ မမှားပေ။ ထို့ကြောင့် ဖုန်းပုကြွယ်သည် သူ့အနေအထားကို ဆက်လက် ထိန်းသိမ်းထားပြီး မသေမီ ဖို့ဒ်၏ ကျိန်ဆဲသံများနှင့် နွံအိုင်ထဲတွင် ရုန်းကန်နေသံများကို နားထောင်နေလိုက်သည်။ သုံးမိနစ်ခန့်အကြာတွင် အသံများက နောက်ဆုံး၌ ငြိမ်သက်သွားတော့သည်။ ဖို့ဒ်သည် သူ့ပါးစပ်ကို ရွှံ့များဖြင့် ပိတ်ဆို့သွားသည့်တိုင်အောင် ဆက်လက် ဆဲဆိုနေခဲ့သည်။ ရွှံ့များ သူ့အဆုတ်ထဲသို့ ဝင်ရောက်သွားပြီး အသက်ရှူလမ်းကြောင်း ပိတ်သွားသည့် အချိန်ကျမှသာ နောက်ဆုံးတွင် ငြိမ်ကျသွားတော့သည်။
"လက်ရှိတာဝန် ပြီးမြောက်ပါပြီ။ ပင်မတာဝန်များ အားလုံး ပြီးမြောက်ပါပြီ"
"သင်သည် ဇာတ်လမ်းကို အောင်မြင်စွာ ပြီးဆုံးခဲ့သည်။ စက္ကန့် ၁၈၀ အတွင်း တယ်လီပို့ဖြင့် ပြန်လည်ပို့ဆောင်ပေးပါမည်။"
ဤဇာတ်ကွက်အရဆိုလျှင် ဘော့စ်ကို သတ်လိုက်ခြင်းက အိုင်ဗန်၏ ရူးသွပ်မှုအခြေအနေကို ဖြစ်ပေါ်စေမည် မဟုတ်ပေ။ အမှန်တကယ်လည်း ထိုသို့ဖြစ်သင့်ပါသည်။ မဟုတ်ပါက ပင်မဇာတ်ကွက်မှာ အလွန်အမင်း ရယ်စရာကောင်းသွားမည်မဟုတ်ပါလား။
ဖုန်းပုကြွယ် ကျောက်တုံးပေါ်သို့ ပြန်တက်ပြီးနောက်တွင် အတွေးတစ်ခု ပေါ်လာပြန်သည်။ ဖြစ်နိုင်သည်မှာ ဗိုလ်ချုပ်ဇာရော့ဗ်၏ နောက်ဆုံးစကားများကို ဖတ်ပြီးနောက် ဤဇာတ်လမ်းကို အောင်မြင်နိုင်မည့် နောက်ထပ်နည်းလမ်းတစ်ခုမှာ ရဲတိုက်ထဲသို့ တိတ်တဆိတ် ပြန်ဝင်ပြီး အိုင်ဗန်ကို ကိုင်တွယ်နေစဉ် မြေအောက်ဆိပ်ကမ်း တည်နေရာကို ရှာဖွေကာ သင်္ဘောဖြင့် ထွက်ပြေးခြင်းလည်း ဖြစ်နိုင်သည်။ သို့သော် ၎င်းမှာ ကစားသမား အမြောက်အမြား ရှိမှသာ ဖြစ်နိုင်ပေလိမ့်မည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် မိမိကိုယ်ကို သားကောင်အဖြစ် အသုံးချပြီး ဖို့ဒ်ကို ရဲတိုက်နှင့် ဝေးရာသို့ ဆွဲထုတ်နေစဉ် အခြားသူများက ရဲတိုက်ထဲသို့ ခိုးဝင်သည့် နည်းလမ်းမျိုးပင်။
သူ၏ အသက်အမှတ်များသည် သူ့ကို အချိန်အကြာကြီး နေခွင့်မပေးသဖြင့် မကြာမီတွင် သူသည် ပြန်လည်ပို့ဆောင်ခြင်း ခံလိုက်ရတော့သည်။
ဖုန်းပုကြွယ် ထွက်ခွာသွားပြီး မကြာမီတွင် တောအုပ်ထဲမှ အိုင်ဗန်၏ အရိပ်ကြီး ထွက်ပေါ်လာလေသည်။ သူသည် နွံအိုင်အစွန်းတွင် ရပ်ကာ သူ့ရှေ့ရှိ နွံအိုင်ကို ငေးကြည့်နေခဲ့သည်။ သူသည် သူ့သခင်ကို နွံအိုင်အောက်ခြေမှ မည်သို့ ပြန်လည် ဆယ်ယူရမည်ကို စဉ်းစားနေပုံရလေသည်။
အခန်း (၉၆)
"သင်၏ ကြောက်ရွံ့မှုအဆင့်သတ်မှတ်ချက်မှာ - သတ္တိ၏ပြယုဂ်ဖြစ်သည်။ အပိုဆောင်းဆုလာဘ် ရရှိပါသည်။ နောက်ပိုင်းတွင် ရွေးချယ်နိုင်ပါသည်။”
"ရရှိသော စကေးအမှတ် - ၄၂၀”
"စကေးအမှတ်မှ ရရှိသော အပိုဆောင်းဆုလာဘ် - အတွေ့အကြုံ (EXP) ၄,၂၀၀၊ ဂိမ်းဒင်္ဂါး ၄၂,၀၀၀”
"ဇာတ်လမ်းအောင်မြင်မှု ဆုလာဘ် - ၈၀%၊ အပိုအတွေ့အကြုံ ၄,၄၀၀”
"တွက်ချက်မှု ပြီးဆုံးပါပြီ။ ကျေးဇူးပြု၍ ဆက်လက်လုပ်ဆောင်ပါ။"
ထို့နောက် စနစ်၏ ကြေညာချက် နှစ်ခု ထပ်မံထွက်ပေါ်လာသည်။
"သင်၏ ဘွဲ့ထူးကို ဇာတ်ကွက်စူးစမ်းရှာဖွေသူအဖြစ် အဆင့်မြှင့်တင်လိုက်ပါပြီ။”
"သင်သည် အဆင့် ၁၅ သို့ ရောက်ရှိသွားပါပြီ။ အမြင့်ဆုံး သက်လုံအမှတ်မှာ ၁,၅၀၀/၁,၅၀၀ သို့ တိုးလာပါသည်။”
"ဂိမ်းမုဒ်အသစ်ကို ဖွင့်လိုက်ပါပြီ။ တာဝန်ရွေးချယ်မှုများတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။"
ယခုတစ်ကြိမ် ရရှိသည့် ဆုလာဘ်သည် အလွန်ကြီးမားသော်လည်း ဖုန်းပုကြွယ်ကမူ ၎င်းကို ဖြစ်သင့်ဖြစ်ထိုက်သည်ဟုသာ ထင်မြင်မိသည်။ သူသည် ရိန်းစ်ဖို့ဒ်ကို အမှန်တကယ်သတ်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့သော်လည်း ဤအရာမျိုးကို လုပ်ဆောင်နိုင်ခဲ့သည့်အတွက် ဆုလာဘ်နှင့် ထိုက်တန်ပေသည်။
စကေးအမှတ်များကို ကြည့်ခြင်းဖြင့် ယင်းကို သိနိုင်ပေသည်။ ကမ္ဘာ့အမြင်ကို ဖြေရှင်းခြင်းက သူ့ကို စကေးအမှတ် ၂၀၀ သာ ပေးသော်လည်း သူ၏ အခြားလုပ်ဆောင်ချက်များက ၂၂၀ အထိ ပေးခဲ့သည်။ ဖြစ်နိုင်သည်မှာ ဘော့စ်ကို သေစေခဲ့သည့် ကန်ချက်က သူ့ကို အမှတ် ၁၀၀ ပေးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ရလဒ်များကို ဖတ်ပြီးနောက် ဖုန်းပုကြွယ်သည် ပစ္စည်းသိုလှောင်ခန်းသို့သွားကာ ကေစီဂျုန်းစ်၏ မျက်နှာဖုံးကို ဝတ်ဆင်လိုက်သည်။ တစ်ချိန်တည်းမှာပင် စနစ်၏ အသိပေးချက် ရောက်လာ၏။
"မျက်နှာဖုံးကို ဖော်ပြရန် သို့မဟုတ် ဖျောက်ထားရန် ရွေးချယ်နိုင်ပါသည်"
ဖုန်းပုကြွယ်က ဖျောက်ထားရန် ရွေးချယ်လိုက်သည်။ ထို့နောက် မီနူးကို စစ်ဆေးလိုက်လေသည်။ မျက်နှာဖုံးကြောင့် တိုးလာသည့် တိုက်ခိုက်ရေးကျွမ်းကျင်မှု အပါအဝင် သူ၏ အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်သည်။
ဘွဲ့ထူး - ဇာတ်ကွက်စူးစမ်းရှာဖွေသူ
အတွေ့အကြုံ (EXP) - ၁,၀၀၀/၁၅,၀၀၀
စကေးအမှတ် - ၁,၀၈၀၊ ဂိမ်းဒင်္ဂါး - ၃၃၉,၀၀၀။
ကျွမ်းကျင်မှု - အထွေထွေ D၊ လက်မှုပညာ E၊ ထောက်လှမ်းရေး E၊ တိုက်ခိုက်ရေး D၊ ပစ်ခတ်ရေး D၊ ကုသရေး F၊ မှော်အတတ် F၊ ???
ပစ္စည်းစာရင်း ၅/၁၀ - မာရီယို၏ ဂွ၊ ရန်လိုမှုမျက်လုံး၊ M1911A1 ပစ္စတို၊ အက်ခိုးချပ်ဝတ်၊ ဓားမြှောင်
ကိရိယာ - ဂျက်ဇ်ဖိနပ်၊ ကေစီဂျုန်းစ်၏ မျက်နှာဖုံး
သိုလှောင်နေရာ ၁/၁၀ - ပဟေဠိကတ် — မျောက်
စကေးများ - အလျှင်အမြန် ပြုပြင်ခြင်း၊ ကောင်ဆိုးလေး၏ အောက်ပိုင်း ဝိုက်ကန်ချက်၊ ကိုယ်ခန္ဓာ မြှင့်တင်ခြင်းမန္တန်၊ အပြတ်အသတ် အောင်နိုင်ခြင်း
၎င်းတို့အနက် အပြတ်အသတ် အောင်နိုင်ခြင်းမှာ သူ၏ ဘွဲ့ထူးအသစ်မှ ရရှိသည့် စွမ်းရည်ဖြစ်သည်။ ဦးနှောက်ထိခိုက်ခြင်းနှင့် မတူသည်က ၎င်းမှာ တက်ကြွစွမ်းရည်တစ်ခု ဖြစ်သည်။
အမည် - အပြတ်အသတ် အောင်နိုင်ခြင်း
အထူးကျွမ်းကျင်မှုအမျိုးအစား - တက်ကြွစွမ်းရည်
အကျိုးသက်ရောက်မှု - လက်ရှိဇာတ်လမ်း၏ နောက်ဆုံးဘော့စ် (ရှိခဲ့လျှင်) ၏ အချက်အလက်များကို တိုက်ရိုက်ကြည့်ရှုနိုင်သည်။ အရပ်၊ အလေးချိန်၊ လူမျိုးစု၊ ကျွမ်းကျင်မှု၊ အားနည်းချက် စသည်တို့ ပါဝင်သည်။ ဤကျွမ်းကျင်မှုကို အကြိမ်ကြိမ် အသုံးပြုနိုင်သည်။ ပြန်လည်အသုံးပြုရန်ကြာချိန်မှာ တစ်စက္ကန့်ဖြစ်သည်။ အကယ်၍ အချက်အလက်များကို ကြည့်ရှုနေစဉ် ဘော့စ်၏ စွမ်းအား ပြောင်းလဲသွားပါက အသစ်ပြန်ဖြစ်ရန် (refresh) လုပ်ဆောင်ရမည်။
မှတ်ချက် - သင့်ကိုယ်သင်သိပြီး ရန်သူကိုသိလျှင် တိုက်ပွဲတိုင်း အောင်မြင်လိမ့်မယ်
ဤဘွဲ့ထူးစွမ်းရည်သည် ဗျူဟာသုံးတိုက်ရသော ကစားသမားများအတွက် အလွန်အသုံးဝင်ပေသည်။ ထို့အပြင် မည်သည့်ကုန်ကျစရိတ်မှ မရှိပေ။
ပင်ကိုယ်စွမ်းရည်များကို ဘေးဖယ်ထားပါက ကုန်ကျစရိတ်မရှိသော ဘွဲ့ထူးစွမ်းရည်များများသည် များသောအားဖြင့် ကန့်သတ်ချက်များ ရှိတတ်သည်။ ဥပမာအားဖြင့် ဓားမော့တစ်ချက်၏ ခေါင်းဖြတ်ခြင်းစကေးသည် မည်သည့်ကုန်ကျစရိတ်မှ မရှိသဖြင့် ပြန်လည်အသုံးပြုရန်ကြာချိန်မှာ နှစ်နာရီအထိ ကြာမြင့်လေသည်။ အကယ်၍ ၎င်းမှာ လူသားပုံစံဘော့စ်မဟုတ်ဘဲ အားကောင်းသော လူသားပုံစံ မကောင်းဆိုးဝါးမျိုးဆိုပါက အသုံးပြုရန် ထိုက်တန်ခြင်း ရှိမရှိ သူ ပြန်လည်စဉ်းစားရပေလိမ့်မည်။
အစ်ကိုလုံ၏ လျှပ်စီးတိုက်ချက်နှင့် ရှောင်တန်၏ ဆုတ်ခွာခုတ်ချက်ကဲ့သို့ ကုန်ကျစရိတ်ရှိသော စွမ်းရည်များမှာမူ အသုံးပြုရန်အတွက် သူတို့၏ အမြင့်ဆုံး သက်လုံအမှတ်၏ ၃၀% ကုန်ကျသည်။ ထို့ကြောင့် သူတို့၏ ပြန်လည်အသုံးပြုရန်ကြာချိန်များမှာ တစ်နာရီခန့် သို့မဟုတ် စိတ်ကြိုက်အသုံးပြုနိုင်သည်အထိ တိုတောင်းသည်။ အကျိုးသက်ရောက်မှု အပိုင်းတွင်မူ စိတ်ကြိုက်သုံးနိုင်သည့်အရာက အားနည်းတတ်သည်။ ၎င်းမှာ ထွက်ပြေးရန်အတွက်သာ သုံးနိုင်ပြီး တိုက်ခိုက်မှုစွမ်းအား လုံးဝမရှိပေ။
ဖုန်းပုကြွယ်၏ ကျွမ်းကျင်မှုအသစ် အပြတ်အသတ်အောင်နိုင်ခြင်းသည် မည်သည့်ကုန်ကျစရိတ် မရှိရုံသာမက ပြန်လည်အသုံးပြုရန်ကြာချိန်လည်း မရှိသဖြင့် ၎င်းမှာ တိုက်ခိုက်ရေးစကေးတစ်ခု မဟုတ်သည်မှာ ထင်ရှားသည်။ ပုံမှန်အားဖြင့် ဤစကေးကို ဇာတ်လမ်းထဲသို့ စဝင်ချိန်တွင် တစ်ကြိမ်သာ အသုံးပြုနိုင်ပြီး ဘော့စ်နှင့် တွေ့ဆုံပြီးနောက်တွင် အတည်ပြုနိုင်ပေသည်။ မှတ်ဉာဏ်ကောင်းသူတစ်ဦးအဖို့ အချက်အလက်ဟောင်းကို ထပ်ခါတလဲလဲ ကြည့်နေခြင်းမှာ အဓိပ္ပာယ်မရှိပေ။
မှတ်သားထားသင့်သည်မှာ ဘွဲ့ထူးစွမ်းရည်များအပြင် ကုန်ကျစရိတ်မရှိသော အခြားကျွမ်းကျင်မှုအချို့လည်း ရှိသေးသည်။ အမှန်စင်စစ် ကိုယ်ခန္ဓာ မြှင့်တင်ခြင်းမန္တန်သည်လည်း ၎င်းတို့ထဲမှ တစ်ခုဖြစ်သည်။ စကေးကို အသုံးပြုချိန်တွင် အသက်အမှတ်များ ကျဆင်းသွားမည် ဖြစ်သော်လည်း ၎င်းကို 'စတင်အသုံးပြုချိန်' တွင်မူ ကုန်ကျစရိတ် မရှိပေ။ မှော်စွမ်းအင်အမှတ် ဖြစ်စေ၊ သက်လုံအမှတ်ဖြစ်စေ ၁ မှတ်မျှပင် မကုန်ကျချေ။ ဤကဲ့သို့သော ကုန်ကျစရိတ်မရှိသည့် စကေးများအတွက် အောင်မြင်မှုနှုန်းကို တွက်ချက်နေရန် မလိုပေ။ မိမိ၏ ကျွမ်းကျင်မှုအဆင့်မှာ F ဖြစ်နေလျှင်ပင် အောင်မြင်မှုနှုန်းက ၁၀၀ ရာခိုင်နှုန်း ဖြစ်ပေလိမ့်မည်။
ဥပမာအားဖြင့် တစ်စုံတစ်ယောက်တွင် ကုန်ကျစရိတ်မရှိသော စကေးတစ်ခု ရှိသည်ဆိုပါစို့။ ၎င်း၏ အကျိုးသက်ရောက်မှုမှာ လက်ဖျစ်တစ်ချက်တီးလိုက်ရုံဖြင့် မီးသီးတစ်လုံးကို ကွဲစေခြင်း ဖြစ်သည်။ အကယ်၍ အောင်မြင်မှုနှုန်းက ၂၀ ရာခိုင်နှုန်းသာ ရှိသည်ဆိုပါက ထိုလူအနေဖြင့် လက်ဖျစ်ကို အကြိမ်အနည်းငယ် ပိုတီးရုံသာ ရှိသည်။ မည်သို့ပင်ဆိုစေ သက်လုံအမှတ် ဆုံးရှုံးမှု မရှိပေ။ ကိုယ်ခန္ဓာ မြှင့်တင်ခြင်းမန္တန်သည်လည်း ထိုနည်းအတိုင်းပင်။ အကယ်၍ စကေးစတင်သုံးစွဲခြင်း မအောင်မြင်ပါက အောင်မြင်သည်အထိ ထပ်ခါတလဲလဲ သုံးနိုင်ပေသည်။ ပြန်လည်အသုံးပြုရန်ကြာချိန် တွက်ချက်မှုမှာ စကေးကို 'ရပ်တန့်' လိုက်သည့် အချိန်မှသာ စတင်မည် ဖြစ်သော်လည်း စကေးစတင်သုံးစွဲ၍ မအောင်မြင်သေးသရွေ့ ရပ်တန့်ခြင်းဆိုသည်မှာလည်း ရှိလာမည်မဟုတ်ပေ။ ထို့ကြောင့် ဤကဲ့သို့သော စကေးမျိုးအတွက် အောင်မြင်မှုနှုန်း သတ်မှတ်ထားခြင်းမှာ အဓိပ္ပာယ်မရှိလှပေ။
"အာ... ငါ အဆင့် ၁၅ တောင် ရောက်သွားပြီပဲ"
ဖုန်းပုကြွယ် ပျင်းရိစွာဖြင့် အညောင်းဆန့်လိုက်သည်။
"ဒီအဆင့်ကို ရောက်နေပြီဆိုမှတော့ အတွေ့အကြုံတွေ အလောတကြီး ရဖို့ မလိုတော့ဘူး၊ အင်း... ဈေးကောင်းရတုန်းလေး ပစ္စည်းအချို့ သွားယူကြည့်ရင် ကောင်းမလား၊ အသုံးမဝင်ရင်တောင် ဈေးကောင်းကောင်းနဲ့ ပြန်ရောင်းလို့ရတာပဲ"
အချိန်ဖြုန်းနေ၍ မဖြစ်ပေ။ ယနေ့သည် ဂိမ်းတရားဝင်ကာလ၏ ပထမဆုံးနေ့ဖြစ်သဖြင့် အခြေအနေများက အတော်လေး ရှုပ်ထွေးနေလေသည်။ နောက်တစ်ကြိမ် ဂိမ်းထဲပြန်ဝင်သည့်အခါ ဘာတွေဖြစ်လာမည်ကို မည်သူမျှ မသိနိုင်ပေ။
ဖုန်းပုကြွယ်သည် ဖန်ပြွန်ဆီသို့ လျှောက်သွားလိုက်ရာ ရင်းနှီးနေသော စနစ်၏ အသိပေးချက်ကို ကြားလိုက်ရသည်။
"ကျေးဇူးပြု၍ သင်၏ အပိုဆုလာဘ်ကို ရွေးချယ်ပါ - ၁။ သင်၏ အဆင့်နှင့် ကိုက်ညီသော ပစ္စည်းတစ်ခုကို ကျပန်းနှိုက်ပါ။ ၂။ ဂိမ်းဒင်္ဂါး ၅၀,၀၀၀။ ၃။ အတွေ့အကြုံ (EXP) ၆,၀၀၀။"
သူသည် ပစ္စည်းကို ရွေးချယ်လိုက်ပြီး တဖြည်းဖြည်း စုစည်းလာသော အဖြူရောင်အလင်းတန်းကို မျှော်လင့်တကြီး ကြည့်နေလိုက်သည်။ ဖုန်းပုကြွယ်မှာ ယခု အဆင့် ၁၅ ရှိနေပြီဖြစ်ရာ 'မိမိအဆင့်နှင့် ကိုက်ညီသော ပစ္စည်း' ကို နှိုက်မည်ဆိုပါက အနည်းဆုံးတော့ ကျောက်ခဲကဲ့သို့သော အရာမျိုးကို ရလိမ့်မည် မဟုတ်ပေ။ အဆင့် ၅ မပြည့်သေးဘဲ ကံဆိုးလွန်းသူများသာ ထိုကဲ့သို့သောအရာမျိုးကို ရရှိတတ်ကြသည်။
သို့သော် ယခုတစ်ကြိမ်တွင်လည်း သူ၏ မျှော်လင့်ချက်မှာ သူ၏ ကံမကောင်းမှုကြောင့်ပင် ပျက်ပြားသွားခဲ့ရပြန်သည်။
အမည် - ကလေးသုံး ဘေ့စ်ဘောတုတ်
ပစ္စည်းအမျိုးအစား - လက်နက်
အရည်အသွေး - သာမန်
တိုက်ခိုက်ရေးစွမ်းအား - မရှိ
ဓာတ်သဘာဝ - မရှိ
အထူးအကျိုးသက်ရောက်မှု - မရှိ
မှတ်ချက် - အသက် ၁၀ နှစ်အောက် ကလေးငယ်များ ဘေ့စ်ဘောကစားရာတွင် ဘေးကင်းစေရန်အတွက် ဤဘေးကင်းလုံခြုံရေးတုတ်ကို တီထွင်ထားခြင်း ဖြစ်သည်။ အပြင်ဘက်ကို ထူထဲသော ရော်ဘာသားဖြင့် ပြုလုပ်ထားပြီး အတွင်းထဲတွင် လေဖြည့်ထားသည်။ ခေါင်းကို ရိုက်မိလျှင်ပင် မည်သည့်ဒဏ်ရာမျှ ရရှိစေမည် မဟုတ်ပေ။
"တိုက်ခိုက်ရေးစွမ်းအား 'မရှိ' တဲ့ဟာကို လက်နက်လို့ ဘယ်လိုများ ခေါ်ရဲတာလဲ"
ဖုန်းပုကြွယ်သည် အဖြူရောင်တုတ်ကို ကိုင်ကာ နှစ်ချက်ခန့် ဝေ့ယမ်းကြည့်လိုက်သည်။
"ဒါက အဆင့် ၁၅ ကစားသမားတစ်ယောက်ရဲ့ အဆင့်နဲ့ ကိုက်ညီတဲ့ အဖြူရောင်ပစ္စည်းပေါ့လေ"
သူသည် ထိုတုတ်ကို သိမ်းထားရန် ပျင်းရိနေသဖြင့် ဈေးသို့သွားကာ စနစ်စတိုးတွင် ပြန်ရောင်းရန် ဆုံးဖြတ်လိုက်သည်။
ဓာတ်လှေကားထဲသို့ ပြန်ရောက်ပြီး တံခါးပိတ်သွားပြီးနောက် ဖုန်းပုကြွယ်သည် စခရင်ပေါ်တွင် ဈေး၏ နံပါတ် ၁၀ ဧရိယာကို သတ်မှတ်လိုက်သည်။ သူ့စာပုံးကို ကြည့်လိုက်သောအခါ မဖတ်ရသေးသော အီးမေးလ်နှစ်စောင် ရှိနေသည်ကို တွေ့ရသဖြင့် သူ အံ့ဩသွားမိသည်။
ပထမတစ်စောင်မှာ ရီရူလီထံမှဖြစ်ပြီး အကြောင်းအရာမှာ ရိုးရှင်းပါသည်။
"တောင်းပန်ပါတယ်၊ ကျွန်မ လိုင်းပြတ်သွားလို့ပါ၊ ဒီညမှ ပြန်ဆက်သွယ်လိုက်ပါ့မယ်"
သူမသည် ညစာစားပြီးနောက်တွင် စိုးရိမ်နေဆဲဖြစ်သဖြင့် ဂိမ်းထဲသို့ ပြန်ဝင်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် ဖုန်းပုကြွယ်မှာ ဂိမ်းထဲ၌ ရှိနေဆဲဖြစ်သဖြင့် သူမက ဤအီးမေးလ်ကို ရေးခဲ့ခြင်း ဖြစ်သည်။
"သူက တော်တော်လေး အလေးအနက်ထားတတ်တဲ့ လူပဲ..."
ဖုန်းပုကြွယ်က သူ့ဘာသာ ရေရွတ်လိုက်သည်။
ဒုတိယအီးမေးလ်မှာ စနစ်က ပေးပို့ထားခြင်း ဖြစ်သည်။ ခေါင်းစဉ်မှာ "သင် လေလံတင်ထားသော အိုင်တမ် ရောင်းထွက်သွားပါပြီ" ဟူ၏။ အကြောင်းအရာမှာ နှစ်ကြောင်းတည်းသာ ရှိသည်။
"သင် လေလံတင်ထားသော ကီး၏ ဟူဒီဂျာကင်ကို ကစားသမား 'အမည်မဖော်လိုသူ' မှ သတ်မှတ်ဈေး ဂိမ်းဒင်္ဂါး ၁၄၀,၀၀၀ ဖြင့် ဝယ်ယူသွားပါသည်။ ဂိမ်းဒင်္ဂါးများကို ရယူရန် ပူးတွဲပါဖိုင်ကို နှိပ်ပါ။"
ဖုန်းပုကြွယ်က ပူးတွဲပါဖိုင်ကို နှိပ်လိုက်ရာ သူ့ဂိမ်းဒင်္ဂါးများ ၄၇၉,၀၀၀ သို့ တိုးလာတော့သည်။ ယခုတစ်ကြိမ်တွင် သူ့လက်ထဲ၌ ငွေများ အလုံအလောက် ရှိနေပြီဖြစ်သည်။ ဂိုဏ်းတစ်ခု ထောင်ရန်အတွက် ၁၀၀,၀၀၀ ဖယ်ထားလျှင်ပင် ၃၈၀,၀၀၀ ခန့် ကျန်ရှိနေသေးသည်။ ၎င်းမှာ သူ့အခြေအနေများကို မြှင့်တင်ပေးနိုင်မည့် ဝတ်စုံအချို့ ဝယ်ယူရန် လုံလောက်သင့်ပါသည်။ ၎င်းအပြင် ဖုန်းပုကြွယ်၏ M1911A1 လည်း ကျည်ဆံကုန်လုနီးပါး ဖြစ်နေသဖြင့် ပြန်ဖြည့်ရန် လိုအပ်သည်။ ဖြစ်နိုင်လျှင် ကိုယ်ခန္ဓာ မြှင့်တင်ခြင်းမန္တန်ကြောင့် ကုန်ဆုံးသွားသည့် အင်အားများကို ပြန်လည်ဖြည့်တင်းရန်အတွက် အသက်အမှတ် ပြန်လည်ဖြည့်တင်းဆေးအချို့ ဝယ်ရန်လည်း သူ စီစဉ်ထားသည်။
"ဟင် နေပါဦး..."
ဖုန်းပုကြွယ် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး ထူးဆန်းသော အမူအရာမျိုး လုပ်လိုက်သည်။
"ဇာတ်လမ်းထဲ မဝင်ခင်က ငါ ဘာလုပ်ဖို့ စီစဉ်ထားတာလဲ"
သူက ခေတ္တရပ်လိုက်ပြီး "အင်း... အရင်ဆုံး စားလိုက်ပါဦးမယ်..."
...
သူသည် ဂိမ်းသေတ္တာထဲတွင် ထထိုင်လိုက်ပြီး နာရီကို ကြည့်လိုက်သည်။ ညနေ ၆ နာရီ ၄၀ ရှိနေပြီ ဖြစ်သည်။ သူ ခေါက်ဆွဲချက်ရန် အချိန်အများကြီး မလိုသော်လည်း သူ စတင်စားသောက်နိုင်မည့်အချိန်မှာ ညနေ ၇ နာရီခန့် ဖြစ်လိမ့်မည်ဟု ခန့်မှန်းရသည်။
ဖုန်းပုကြွယ်သည် သူ့ခန္ဓာကိုယ်ကို မတ်လိုက်ပြီး ကျောရိုးကို ပုံမှန်အတိုင်း အညောင်းဆန့်လိုက်သည်။ ဂိမ်းသေတ္တာထဲတွင် အချိန်အကြာကြီး လဲလျောင်းနေခြင်းက ခန္ဓာကိုယ်အတွက် မကောင်းပေ။ မည်သို့ပင်ဖြစ်စေ ယင်းက ကုတင်ပေါ်တွင် အိပ်ရသလောက်တော့ သက်သောင့်သက်သာ မရှိလှသည် မဟုတ်ပါလား။
သူသည် ဧည့်ခန်းထောင့်တစ်နေရာကို ကြည့်လိုက်သည်။ အာသပ်စ်၏ ပန်းကန်ထဲတွင် ကြောင်စာများ ကုန်နေပြီဖြစ်ပြီး သဲဘူးပေါ်တွင်လည်း အမည်းရောင် အရာဝတ္ထုတစ်ခု ရှိနေလေသည်။
"အာ မဖြစ်နိုင်တာ"
သူက အံ့ဩတကြီး ပြောလိုက်သည်။ သူ လှည့်ကြည့်လိုက်သောအခါ အာသပ်စ်သည် ဆိုဖာပေါ်တွင် အိပ်ပျော်နေသည်ကို တွေ့ရသည်။ ဖုန်းပုကြွယ်က ရယ်မောလိုက်သည်။
"ဟား... ပါရမီရှင်ပဲ၊ မင်း တစ်ခါတည်းနဲ့ တတ်သွားတာလား၊ ငါကတော့ အနည်းဆုံး နှစ်ကြိမ် သုံးကြိမ်လောက် သင်ပေးရမယ် ထင်နေတာ"
သူ စိတ်အခြေအနေ ကောင်းနေခဲ့သည်။ သူသည် လက်တစ်ဖက်ကို ကြမ်းပြင်ပေါ် ထောက်လိုက်ပြီး ဂိမ်းသေတ္တာထဲမှ ခုန်ထွက်လိုက်ရာ နောက်ထပ် ကြောင်ချေးပုံတစ်ခုကို နင်းမိသွားတော့သည်...။
"ချီးပဲ"
ဖုန်းပုကြွယ် အော်ဟစ်လိုက်သည်။
"မင်း တော်တော် ကစားတတ်တာပဲကွ"
"မြောင်..."
ဆိုဖာပေါ်ရှိ အာသပ်စ်က သမ်းဝေလိုက်သည်။ ၎င်းသည် အမြီးကို လှုပ်ယမ်းကာ ခေါင်းကို တစ်ဖက်သို့ ပြန်လှည့်လိုက်သည်။ ၎င်းမှာ ဖုန်းပုကြွယ်၏ တုံ့ပြန်မှုကို ဂရုမစိုက်ဟန်ပင်။
ဖုန်းပုကြွယ် သန့်ရှင်းရေးလုပ်ပြီး ခေါက်ဆွဲပန်းကန်ကို ကိုင်ကာ ကွန်ပျူတာရှေ့တွင် ထိုင်လိုက်သည့် အချိန်မှာ ညနေ ၇ နာရီ ၁၅ မိနစ် ရှိနေပြီ ဖြစ်သည်။
ရေခဲသေတ္တာထဲမှ လောင်ကန်းမား ငရုတ်သီးဆော့စ် ပုလင်းတစ်လုံးကို သူ ရှာတွေ့လိုက်သည်။ ထုပ်ပိုးမှုပေါ်ရှိ ထုတ်လုပ်သည့်ရက်စွဲမှာ အနည်းငယ် ဝါးနေသော်လည်း... အပေါ်ယံတွင် အမွှေးအမျှင်များ(မှို) ပေါက်မနေသရွေ့ သူကတော့ ပါးစပ်ထဲ ထည့်ရဲပါသည်။
အရံဟင်း မပါဘဲ ခေါက်ဆွဲကို ရက်ပေါင်းများစွာ စားခဲ့ရသူများ သိကြသည့်အတိုင်း ရှေ့တွင် ရှာလကာရည် ပုလင်းတစ်ဝက် ရှိနေလျှင်ပင် အကုန် လောင်းထည့်မိကြပေလိမ့်မည်။
သူ ကွန်ပျူတာဖွင့်လိုက်ပြီး အကျင့်ပါနေသည့်အတိုင်း စကားပြောအက်ပ်ထဲသို့ ဝင်လိုက်သည်။ သူ့အယ်ဒီတာထံမှ အီးမေးလ်တစ်စောင် ရောက်နေသည်ကို တွေ့ရသဖြင့် သူ အံ့ဩသွားရသည်။ ယင်းသည် ပုံမှန်ဖြစ်လေ့ရှိသော အရာမဟုတ်ပေ။ ဖုန်းပုကြွယ် အီးမေးလ်ကို ဖွင့်ကြည့်လိုက်သောအခါ သူ့တူများက စားပွဲပေါ်သို့ လွတ်ကျသွားတော့သည်။
အီးမေးလ်ထဲတွင် စာတစ်ကြောင်းတည်းသာ ပါဝင်သည်။
"ပုကြွယ်၊ မင်း တီဗီဌာနက ဖျော်ဖြေရေး အစီအစဉ်တစ်ခုမှာ ပါဝင်ဖို့ စိတ်ဝင်စားလား"