အခန်း (၉၇-၉၈)
Vol. 10 Ch. 97-98
အခန်း (၉၇)
"အစ်ကိုကြွယ်... အချိန်ကိုက်ရောက်လာတာပဲ၊ ငါတို့ အခုလေးတင် ဇာတ်လမ်းတစ်ခု ပြီးသွားတာ"
ဝမ်တန်းကျိက ဖုန်းပုကြွယ်ကို အဖွဲ့ထဲသို့ ဖိတ်ခေါ်ပြီးနောက် ပြောလိုက်သည်။
အပြင်လောကတွင် နံနက် ၂ နာရီ ရှိနေပြီဖြစ်သည်။ ဖုန်းပုကြွယ် ဂိမ်းထဲသို့ ဝင်ဝင်ချင်း ရှောင်တန်ထံမှ အဖွဲ့ဝင်ရန် ဖိတ်ကြားချက်ကို လက်ခံရရှိခဲ့သည်။
"မင်းတို့ အဆင့်တက်တာ တော်တော်မြန်တာပဲ"
အဖွဲ့ထဲရှိ သုံးယောက်လုံး၏ အဆင့်ကို ဖုန်းပုကြွယ် ကြည့်လိုက်သည်။ နောက်ဆုံးအကြိမ် ရှောင်တန်ကို တွေ့စဉ်က အဆင့် ၁၂ သာ ရှိသေးသော်လည်း ယခုအခါတွင်မူ ရီရူလီနှင့် ရီရူယွီတို့ကဲ့သို့ပင် အဆင့် ၁၄ သို့ ရောက်ရှိနေပြီဖြစ်သည်။
"ငါ အတွေ့အကြုံဘောနပ်ကတ် ဝယ်ထားတာလေ၊ ပြီးတော့ အလယ်အလတ်အရှည်ရှိတဲ့ ဇာတ်လမ်းတစ်ခုကိုလည်း အခုတင် ပြီးခဲ့တာ"
ရှောင်တန်က ပြန်ဖြေသည်။
"အိုး ကောင်းပြီ၊ ခဏနေရင် မင်းတို့ ဆက်ပြီးတန်းစီတဲ့ထဲ ဝင်လိုက်ကြ၊ ငါတော့ သတ်ဖြတ်ခြင်းမုဒ်ထဲ တစ်ယောက်တည်း သွားကြည့်လိုက်ဦးမယ်၊ ပြီးမှ မင်းတို့နဲ့ လာပူးပေါင်းမယ်"
ဖုန်းပုကြွယ်က ဆိုသည်။
ချန်နယ်ထဲမှ ရီရူယွီ၏ အသံထွက်ပေါ်လာလေသည်။
"လက်မှတ်ထိုးဖို့ မမေ့နဲ့ဦးနော်။"
"အော်... ဟုတ်သားပဲ၊ အရင်ဆုံး ဂိုဏ်းထောင်လိုက်တာက ပိုပြီး တွက်ခြေကိုက်မယ်၊ ဒါမှ အပိုအတွေ့အကြုံ (EXP) ရမှာ"
ဖုန်းပုကြွယ်က ပြောသည်။
"ဒီလိုလုပ်ရအောင်၊ ငါ အစည်းအဝေးခန်းတစ်ခု ဖွင့်လိုက်မယ်၊ ပြီးတော့ မင်းတို့ကို ဖိတ်မယ်၊ လူချင်းတွေ့ပြီး ဆွေးနွေးကြတာပေါ့"
ထို့နောက် သူသည် ထိတွေ့စခရင်ကို အသုံးပြုကာ အစည်းအဝေးခန်းသို့ ဖိတ်ကြားချက်များ ပေးပို့လိုက်သည်။ သူသည် မီနူးသို့ ပြောင်းလဲလိုက်ပြီး ဂိုဏ်းနှင့် သက်ဆိုင်သော လင့်ခ်ကို နှိပ်လိုက်သည်။ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပြီးနောက် စနစ်၏ ကြေညာချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
"အတည်မပြုမီ၊ သင်၏ ပစ္စည်းသိုလှောင်ခန်းတွင် အနည်းဆုံး နေရာလွတ် တစ်နေရာ ရှိမရှိ ကျေးဇူးပြု၍ စစ်ဆေးပေးပါ"
ဖုန်းပုကြွယ် 'အတည်ပြုသည်' ကို နှိပ်လိုက်သောအခါ နောက်ထပ် ကြေညာချက်တစ်ခု ပေါ်လာပြန်သည်။
"လက်မှတ်ထိုးပြီး အမည်စာရင်းကို ရယူရန်အတွက် သင်တည်ထောင်လိုသော ဂိုဏ်းအမည်ကို ထည့်သွင်းပါ"
ဤနေရာတွင် သူရပ်လိုက်ပြီး သူ့ဘာသာ တွေးနေမိသည်။
'အင်း... ဒါကို သူတို့နဲ့ အရင် ဆွေးနွေးသင့်တယ်။ ငါ့ဘာသာ စိတ်ကူးပေါက်တဲ့ နာမည်တစ်ခု ပေးလိုက်ရင်... ရှောင်တန်ကတော့ ကိစ္စမရှိပေမဲ့ ရီရူလီနဲ့ ရီရူယွီတို့က လက်မှတ်ထိုးချင်မှ ထိုးကြမှာ...'
ဖုန်းပုကြွယ်သည် စခရင်ရှေ့မှ ထွက်လာပြီးနောက် အစည်းအဝေးခန်း ခလုတ်ကို နှိပ်လိုက်သည်။ ဓာတ်လှေကားတံခါး ပွင့်သွားသောအခါ သူ အထဲသို့ လျှောက်ဝင်သွား၏။ ကျန်သုံးယောက်မှာ အထဲတွင် စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။
ထိုအချိန်တွင် ရှောင်တန်နှင့် ရီရူယွီတို့သည် ဝတ်စုံသစ်များကို လဲလှယ်ထားကြပြီ ဖြစ်သည်။
ရီရူယွီသည် အကြမ်းဖက်နှိမ်နင်းရေး ဝတ်စုံအပြည့်အစုံကို ဝတ်ဆင်ထား၏။ ဝတ်စုံက သူမ၏ တစ်ကိုယ်လုံးကို ဖုံးအုပ်ထားသည်။ အကယ်၍ အနက်ရောင် မျက်နှာဖုံးနှင့် ဦးထုပ်ကိုသာ ဖော်ပြလိုက်ပါက သူမသည် Counter Strike ဂိမ်းထဲမှ CT ဇာတ်ကောင်တစ်ကောင်နှင့် တူနေပေလိမ့်မည်။ အဝေးကကြည့်လျှင် သူမသည် မိန်းကလေးလား၊ ယောက်ျားလေးလား ဆိုသည်ကို ခွဲခြားရန် ခက်ခဲသည်။ သူမသည် သေနတ်သမား သို့မဟုတ် စနိုက်ပါသမားအဖြစ် အသက်မွေးရန် ဆုံးဖြတ်ထားပုံရသည်။
ရှောင်တန်ဝယ်ထားသည့် ဝတ်စုံမှာမူ လုပ်ကြံသတ်ဖြတ်သူညီအစ်ကိုများ ဝတ်စုံ ဖြစ်သည်။ သူသည် ရွှေရောင်ပုခုံးစလွယ် ပါရှိသော အနီရင့်ရောင်ဝတ်ရုံကို ရွေးချယ်ထားခြင်းဖြစ်သည်။ ဝတ်ရုံ၏ အနောက်ဘက်တွင် မျက်နှာတစ်ဝက်ကို ဖုံးအုပ်ထားနိုင်သည့် ခေါင်းစွပ် ပါရှိသည်။ သူ့ ခန္ဓာကိုယ်အပေါ်ပိုင်း၊ ခါးနှင့် ခြေထောက်များတွင် ဓားမြှောင်များနှင့် ခဲယမ်းများ သိမ်းဆည်းရန်အတွက် သားရေအိတ် အများအပြား ပါရှိလေသည်။ သူသည် လက်ချောင်းပြတ် လက်အိတ်နှင့် သမင်သားရေဖိနပ်တစ်စုံကို ဝတ်ဆင်ထားသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် သူသည် လုပ်ကြံသတ်ဖြတ်သူတစ်ဦးနှင့် တူလှသည်။
သူတို့နှစ်ဦးသည် လက်နက်အပြည့်အစုံ တပ်ဆင်ထားကြသော်လည်း သူတို့ လုပ်ဆောင်နေသည့် အရာများမှာ သူတို့၏ အသွင်အပြင်နှင့် လုံးဝ မကိုက်ညီပေ။ Counter Strike ဝတ်စုံ ဝတ်ထားသော ရီရူယွီသည် ရေခဲမုန့် စားနေပြီး လုပ်ကြံသတ်ဖြတ်သူဝတ်စုံ ဝတ်ထားသော ရှောင်တန်မှာမူ အာလူးကြော်တစ်ထုပ်ကို တဂျွတ်ဂျွတ် ဝါးနေလေသည်။
"ငါ ပြောပါဦးမယ်... ဒီမုန့်တွေက ဘာလဲ"
ဖုန်းပုကြွယ်က မေးလိုက်သည်။
"စနစ်စတိုးဆိုင်က ဝယ်လာတာလေ"
ရှောင်တန်က ဆိုသည်။
"အရသာကို အတုယူထားတာ ဆိုပေမဲ့လည်း ငါ့ရဲ့ စားချင်စိတ်ကိုတော့ ပြည့်ဝစေပါတယ်"
သူက အာလူးကြော်ထုပ်ကို ကမ်းပေးလိုက်သည်။
"အစ်ကိုကြွယ်၊ မင်းလည်း နည်းနည်း စားဦးမလား"
"အဲဒါတွေကို ဘယ်မှာ ဝယ်လို့ရသလဲဆိုတာ ငါသိတယ်လေ၊ ငါ့မေးခွန်းက မင်း ဒါတွေကို ဘာလို့ ဝယ်လာတာလဲ"
"အာ... ဘာလို့လဲဆိုတော့ ဒီနေ့က ဆာဗာ စဖွင့်တဲ့နေ့လေ၊ အာလူးကြော်တွေကို ငါးဆယ်ရာခိုင်နှုန်း လျှော့ဈေး ပေးနေလို့ပါ"
ရှောင်တန်က ပြန်ဖြေသည်။
"မင်းခေါင်းကို လျှော့ဈေး… ဒါက ပစ္စည်းသိုလှောင်ခန်းနေရာကို အလဟဿ ဖြုန်းတီးနေတာပဲ"
ဖုန်းပုကြွယ်က ငြီးတွားလိုက်သည်။
ရီရူလီက ဝင်ပြောသည်။
"ပစ္စည်းသိုလှောင်ခန်းနေရာကိုလည်း ဝယ်လို့ရတာပဲလေ"
သူမက ရေခဲမုန့်ကို လျက်လိုက်သည်။
"၁၀ နေရာစာသိုလှောင်ခန်းကို ၁၅ နေရာစာဖြစ်အောင် အဆင့်မြှင့်ရင် ဂိမ်းဒင်္ဂါး တစ်သန်း ကုန်ကျမယ်"
"ဒါဆို တစ်နေရာစာကို ယွမ် ၁၀၀ လောက် ကျတာပေါ့"
ဖုန်းပုကြွယ်က လွှတ်ခနဲ ပြောလိုက်သည်။ သူသည် အပတ်စဉ် ငွေလဲနှုန်း ၁:၂၀၀၀ အပေါ် မူတည်ပြီး ချက်ချင်း တွက်ချက်လိုက်ခြင်း ဖြစ်သည်။
"အင်း... ငါ့ရဲ့ ဂိမ်းဒင်္ဂါးတွေကိုတော့ ဂရုတစိုက်သုံးမှ ဖြစ်မယ်၊ ပိုက်ဆံသုံးရမယ့် အရာတွေ အများကြီးပဲ"
ဖုန်းပုကြွယ်တွင် ဖြုန်းတီးရန် ပိုက်ဆံမရှိပေ။ သူသည် သည်းထိတ်ရင်ဖိုသုခဘုံမှ ပိုက်ဆံအချို့ ရှာနိုင်ရန် မျှော်လင့်နေသူဖြစ်သဖြင့် ဤအကြောင်းအရာကို ဆက်ပြောရန် အဓိပ္ပာယ်မရှိပေ။ သူ လှည့်ကြည့်လိုက်သောအခါ ရီရူလီတစ်ယောက် တံခါးဘေးရှိ နံရံကို မှီနေသည်ကို တွေ့ရသည်။ ရီရူလီ၏ စိတ်နေစိတ်ထားအရ သူမသည် ဂိမ်းထဲတွင် မုန့်ဝယ်စားမည့် အမျိုးအစား မဟုတ်ပေ။ သူတို့ချင်း မျက်လုံးချင်း ဆုံသွားပြီးနောက် ရီရူလီက ဖုန်းပုကြွယ်ကို စတင် စကားပြောလာ၏။
"နေ့လယ်က ကိစ္စအတွက် ကျွန်မ တောင်းပန်ပါတယ်"
"အဲ... ကိစ္စမရှိပါဘူး"
ဖုန်းပုကြွယ်က ပြန်ဖြေသည်။
"ဒါပေမဲ့... မင်း အီးမေးလ်ထဲမှာလည်း ပြောပြီးပြီ မဟုတ်လား"
"အဲလိုလား"
ရီရူလီက တိုးတိုး ရေရွတ်လိုက်သည်။
"ဒါဆို ရှင်က အဲဒီလို အမျိုးအစားပေါ့..."
"အမ်... မင်း ဘာအကြောင်း ပြောနေတာလဲ"
သူမစကားလုံးများနောက်တွင် လျှို့ဝှက်အဓိပ္ပါယ်တစ်ခုခု ရှိနေသည်ဟု ဖုန်းပုကြွယ် ခံစားလိုက်ရသည်။
စားပွဲတွင် ထိုင်နေသော ရီရူယွီက ရယ်မောလိုက်သည်။
"ကျွန်မဝမ်းကွဲက ရှင့်ကို စာတစ်စောင်တည်းနဲ့ ပြတ်လို့ရတဲ့ အမျိုးအစားလို့ထင်နေတာ နေမှာပေါ့"
"သူပြောတာကို နားထောင်မနေနဲ့"
ရီရူလီက အမှန်ပြင်ပေးလိုက်သည်။
"ကျွန်မကတော့ ရှင့်ကို စကားပြောရ လွယ်ကူတဲ့လူမျိုးလို့ပဲ ထင်တာပါ"
"ဟေး... အဲဒါက အတူတူပဲ မဟုတ်လား..."
ဖုန်းပုကြွယ်က စိတ်ပျက်လက်ပျက်ဖြင့် ငြီးတွားလိုက်သည်။
ရှောင်တန်က စားပွဲကိုရိုက်ကာ ဟားတိုက်ရယ်မောလိုက်သဖြင့် သူ့ပါးစပ်ထဲမှ အာလူးကြော်များပင် လွင့်စင်လာလေသည်။
"မင်းက ကွက်တိပြောလိုက်တာပဲ"
"ငါ မင်းကို ဓားနဲ့ ထိုးသတ်ရင်တောင် သွေးထွက်နေဦးမှာပဲနော်"
ဖုန်းပုကြွယ်က ဆိုသည်။
ရီရူယွီက ကြားဖြတ်ပြောလိုက်သည်။
"ကောင်းပြီ... တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ဝေဖန်ဖို့ အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်၊ အခု အရေးကြီးတဲ့ကိစ္စကို အရင်လုပ်ရအောင်၊ နာမည်စာရင်းက ဘယ်မှာလဲ"
"မရှိသေးဘူး"
ဖုန်းပုကြွယ်က ပြန်ဖြေသည်။
"ငါ မင်းတို့ကို မေးတော့မလို့ပဲ၊ ကလပ်နာမည်ကို ဘာပေးကြမလဲ"
"အိုး… ရှင်က တော်တော်လေး ဒီမိုကရေစီ ဆန်တာပဲနော်"
ရီရူယွီက ပြောသည်။
"ပြောရရင်တော့... အဲဒီမေးခွန်းကို ကျွန်မ မစဉ်းစားဖူးသေးဘူး"
ရီရူလီက ဘေးမှ ဝင်ပြောသည်။
"အခုပဲ ဆွေးနွေးကြလိုက်တာပေါ့၊ ရှင်တို့ အကြံပေးကြ၊ ကျွန်မကတော့ ကြည့်မကောင်းတဲ့ နာမည်တွေကို ပယ်ချမယ်"
"အစ်မကြီးမိုးစက်၊ ငါတို့ ဘာမှ မပြောရသေးဘူးလေ၊ အဲဒါတွေက ကြည့်မကောင်းဘူးဆိုတာ မင်းဘယ်လို သိတာလဲ" (TL note - ရီရူလီရဲ့ နာမည်က အင်္ဂလိပ်လိုဆို Passing Rainပါ)
ရှောင်တန်က မေးလာသည်။
"အင်း၊ ငါတို့ တစ်ယောက်နဲ့တစ်ယောက် မတွေ့တာ နာရီအနည်းငယ်ပဲ ရှိသေးတယ်၊ ဒီကလေးက မင်းကို 'အစ်မ' လို့ ခေါ်နေပြီလား"
ဖုန်းပုကြွယ်က ရီရူလီဘက် လှည့်မေးလိုက်သည်။
"ရှင်လည်း အဲဒီလို ခေါ်ချင်လို့လား"
ရီရူလီက သူမ၏ ပုံမှန် အေးစက်သော လေသံဖြင့် ပြန်ဖြေ၏။
"ငါတစ်ခါ ခေါ်ဖူးပါတယ်၊ အဲဒီတုန်းက ငါက မင်းထက် အသက်ကြီးတာမို့လို့ အဲဒီလိုခေါ်တာ မသင့်တော်ဘူးလို့ မင်းပြောခဲ့တယ်မလား"
ဖုန်းပုကြွယ်က ဆိုသည်။
"အစ်မလို့ ခေါ်လိုက်ရင် ငါက မင်းအပေါ် အခွင့်အရေးယူသလို ဖြစ်နေမှာစိုးလို့... ဟုတ်တယ်မလား"
"ကျွန်မ အဲဒါကို မေ့သွားပြီ၊ ဒါပေမဲ့ ရှင်သတိပေးလိုက်မှတော့"
ရီရူလီက ပြောသည်။
"ဒါဆို ရှင် အဲဒီအခွင့်အရေးကို လက်လွှတ်လိုက်ပြီလို့ပဲ ကျွန်မသတ်မှတ်လိုက်တော့မယ်"
"ကျစ်... ဘယ်သူက အဲဒီလို ခေါ်ချင်လို့လဲ၊ ဟိုးရှေးခတ်ကတည်းက 'မောင်ငယ်လေး' လို့ ကိုယ့်ကိုယ်ကိုယ် ခေါ်တဲ့သူတွေက အမြဲတမ်း အခိုင်းခံရတာပဲ၊ 'ဧကရာဇ်' လို့ ခေါ်တဲ့သူတွေမှသာ ရှင်သန်နိုင်ဖို့ အခွင့်အရေး အနည်းငယ်ရှိတာ၊ ငါတော့ အဲဒီလို မလုပ်နိုင်ဘူး"
ဖုန်းပုကြွယ်က ဆိုသည်။
"ရီရူလီဆိုတဲ့ နာမည်က တော်တော်လေးကောင်းတယ်လို့ ငါ ထင်ပါတယ်"
"ဝမ်းကွဲ... နင်တော့ ရအောင် ဖမ်းနေတာပဲ"
ရီရူယွီ၏ မျက်နှာတွင် အမြဲတမ်းအပြုံးတစ်ခု ရှိနေပြီး သူမလေသံက နောက်ပြောင်တတ်သော်လည်း သူမ၏ စကားလုံးများမှာ အမြဲတမ်း အချက်ကျလှသည်။
"သူက ရှင့်ကို ရီရူလီလို့ပဲ ခေါ်စေချင်တာလေ"
"နင် စကားမပြောရင် ဘယ်သူကမှ နင် အနေတယ်လို့ မထင်ဘူးနော်"
ရီရူလီက သူမ၏ အဖွဲ့သားကို သစ္စာဖောက်သည့်ဝမ်းကွဲကို မျက်စောင်းထိုးလိုက်ပြီး သူမဘေးတွင် ဝင်ထိုင်ရန် ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။
ရီရူယွီ လျှာထုတ်လိုက်ပြီး အကြောင်းအရာကို ချက်ချင်း ပြောင်းလိုက်သည်။
"ကျွန်မကတော့ ကလပ်နာမည်ကို... 'ဝမ်းနည်းဖွယ်မိုးစက်လေးနှင့် သက်ပြင်းချလေညှင်း’လို့ ပေးချင်တယ်"
သူမ ပထမစကားလုံးသုံးလုံးကို ပြောဆိုလိုက်စဉ် နောက်ဘာဆက်ပြောရမည်ကို စဉ်းစားရန် အချိန်ပင် မရှိခဲ့ပေ။ သူမ ဤမျှ မြန်မြန်ဆန်ဆန်နှင့် စာကြောင်းကိုဆုံးအောင် ပြောနိုင်ခဲ့သည်မှာ အံ့ဩစရာပင်။
ရှောင်တန်က မေးသည်။
"ဘာလို့ မိန်းကလေးတွေရဲ့ နာမည်က ငါတို့နာမည်တွေ ရှေ့မှာ ရောက်နေရတာလဲ"
"ရှင့်မှာ အဲဒါနဲ့ပတ်သက်ပြီး ပြဿနာရှိလို့လား"
"အင်း... နောက်ကျရင် ငါတို့ တခြားအဖွဲ့ဝင်တွေလည်း ထပ်ထည့်ရဦးမှာ မဟုတ်လား၊ ဒါ့အပြင် အစ်ကိုလုံလည်း ဝင်လာဖို့ ရှိသေးတယ်၊ ဒီနာမည်ကိုတော့ ဆွေးနွေးရဦးမယ် ထင်တယ်"
ရှောင်တန်သည် "ငါ့မှာ ပြဿနာ ရှိပါတယ်" ဟု မပြောရဲသဖြင့် ငြင်းပယ်ရန် အကြောင်းပြချက်တစ်ခု ပေးလိုက်ခြင်း ဖြစ်သည်။
ဖုန်းပုကြွယ်သည် ရင်ဘတ်ပေါ်တွင် လက်နှစ်ဖက်ပိုက်၍ စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။
"ငါ့ရဲ့ အကြံပြုချက်ကတော့... 'မူမမှန်လူသားများ သုတေသနစင်တာ' ပဲ"
"ပယ်ချတယ်"
ဖုန်းပုကြွယ် စကားဆုံးပြီး စက္ကန့်ပိုင်းအတွင်းမှာပင် ရီရူလီက ထိုစကားလုံးကို တည်ငြိမ်စွာ ပြောလိုက်သည်။
"ဘာလို့လဲ"
ဖုန်းပုကြွယ်က ရှက်ရွံ့ခြင်းမရှိ မေးလိုက်၏။
"ဘာလို့လဲဆိုတော့ အဲဒါက ကြည့်မကောင်းလို့လေ"
ထိုသို့ပြောလိုက်သည်မှာ ရီရူလီမဟုတ်ဘဲ ရီရူယွီနှင့် ရှောင်တန်တို့က တပြိုင်နက်တည်း ပြန်ဖြေလိုက်ခြင်း ဖြစ်သည်။
"ဒါဆို မင်းတို့ပဲ တစ်ခုခု စဉ်းစားကြလေ"
ဖုန်းပုကြွယ်က မိန်းကလေးများနှင့် မငြင်းခုန်လိုတော့ပေ။ ယင်းအစား သူသည် ဝမ်တန်ကျိကို ခြိမ်းခြောက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
"မင်း ကောင်းကောင်းမွန်မွန် မပြောနိုင်ရင်တော့... မင်းကို အပိုင်းပိုင်းခုတ်ပြီး ဝက်စာ ကျွေးပစ်မယ်"
"ဒါက ဘယ်လိုစကားမျိုးလဲ၊ မင်း ကိုယ့်ကိုယ်ကိုယ် ဘယ်သူထင်နေတာလဲ"
ရှောင်တန်က အော်ဟစ်လိုက်သည်။
"အနည်းဆုံးတော့ ငါ့ကို စဉ်းစားဖို့ အချိန်လေးပေးဦးလေ"
"ကျွန်မတို့ တခြားလုပ်စရာလည်း မရှိသေးတော့ ဖြည်းဖြည်းချင်း စဉ်းစားကြတာပေါ့"
ရီရူလီက ကုလားထိုင်နောက်မှီကို မှီရင်း ပြောလိုက်သည်။
"ပထမဆုံးအနေနဲ့ ငါတို့က ဂိုဏ်းရဲ့ ပုံစံကို သတ်မှတ်သင့်တယ်၊ ဥပမာ - အမိန့်တို့၊ ဗြဟ္မာတို့တွေက စတူဒီယို နာမည်တွေပေါ၊ ပြီးတော့ မရှုံးနိမ့်သူ၊ ဧကရာဇ် ဆင်းသက်ခြင်း၊ ကမ္ဘာအုပ်စိုးသူများ ဆိုတဲ့ အရှိန်အဝါကြီးတဲ့ နာမည်တွေလည်း ရှိသေးတယ်၊ သိတာကတော့ သူတို့က ဂိမ်းထဲမှာ နာမည်ကြီးချင်ကြလို့ပဲ၊ ငါတို့လို ကလပ်အသေးစားလေးကတော့ ချမ်းသာကြွယ်ဝမှုနဲ့ လူဦးရေအရ သူတို့ကို မယှဉ်နိုင်ဘူး၊ ဒါကြောင့် အဲဒီလို မောက်မာတဲ့ နာမည်မျိုးတွေကို ဖယ်ထုတ်လိုက်လို့ ရတယ်"
ဖုန်းပုကြွယ် ထိုသို့ပြောရင်း စားပွဲတွင် ထိုင်လိုက်ပြီး ဒန်ယွမ်တု၏ ကိုယ်ဟန်အနေအထားအတိုင်း လုပ်လိုက်သည်။ သူသည် လက်ချောင်းများကို ယှက်လိုက်ပြီး ၎င်းတို့ကို နှာခေါင်းနှင့် နှုတ်ခမ်းကြားတွင် ထားလိုက်သည်။
"ဒုတိယအချက်ကတော့ ရှုပ်ထွေးလွန်းတဲ့ နာမည်တွေ၊ ရှည်လျားလွန်းတဲ့ နာမည်တွေနဲ့ အိုတာကူနံ့ နံနေတဲ့ နာမည်တွေကို မသုံးတာ အကောင်းဆုံးပဲ၊ အဆိုးဆုံး ဥပမာတစ်ခုကတော့ အရှေ့ဖျား မှော်ကလပ်လိုမျိုးပေါ့၊ အဲဒီလို နာမည်မျိုးသုံးရင် ရှောင်တန်ရဲ့ စိတ်ပိုင်းဆိုင်ရာ အသက်အရွယ်နဲ့ နီးစပ်တဲ့ ကလေးဆိုးလေးတွေ ဝင်လာနိုင်တယ်"
"ဟေး၊ မင်းပဲ အဲဒါတွေကို အများဆုံး လေ့လာထားတာ မဟုတ်လား၊ ဘာမှ မဟုတ်သလိုနဲ့ အော်ပြောနေလိုက်တာ၊ အချက်အလက်တွေက တော်တော်များတာပဲ"
ရှောင်တန်က အော်ဟစ်လိုက်သည်။
"နောက်ဆုံးအနေနဲ့ အင်္ဂလိပ်၊ ဂျပန်၊ ပြင်သစ် စတဲ့ ဘာသာစကား နာမည်တွေ၊ ဒါမှမဟုတ် နားလည်ရခက်တဲ့ စကားလုံးတွေ၊ ဂြိုလ်သားစကားလုံးတွေပါတဲ့ နာမည်တွေက အသံထွက်မှားဖို့ လွယ်ကူသလို ဟန်ဆောင်ထားသလိုလည်း ဖြစ်နေတတ်တယ်၊ ဒါကြောင့် အဲဒါတွေကိုလည်း ဖယ်ထုတ်ရမယ်"
ဖုန်းပုကြွယ်က ဆက်ပြောသည်။
"မင်း အဲဒါတွေကို အသံထိန်းကိရိယာ တပ်ထားသလိုမျိုးနဲ့တောင် ပြောချင်တာကို ပြောနိုင်သေးတယ်နော်၊ ဒါကို ဘယ်လိုများ လုပ်ထားတာလဲ"
"ကောင်းပြီ၊ ဒီအချက်တွေအောက်မှာ ငါတို့ အကြံထုတ်ကြတာပေါ့"
ဖုန်းပုကြွယ်က ဆိုသည်။
"တကယ်လို့ ဘယ်သူမှ အကြံကောင်းမပေးနိုင်ရင် ရှောင်တန်ကို အပိုင်းပိုင်းခုတ်ပြီး ဝက်စာ ကျွေးကြတာပေါ့"
"တခြားသူတွေ အကြံမပေးနိုင်တာ ငါနဲ့ ဘာဆိုင်လို့လဲဟ"
ရှောင်တန်က အာလူးကြော်အချို့ကို ကောက်ယူပြီး ဖုန်းပုကြွယ်ကို ပစ်ပေါက်လိုက်သည်။
"ငါ အကြံကောင်းမပေးနိုင်ရင်တောင် သူ့ကို အပိုင်းပိုင်းခုတ်ပြီး ဝက်စာကျွေးစရာ မလိုပါဘူး၊ ပြီးတော့ ဒီဂိမ်းမှာ အဲဒီလို အပိုင်းပိုင်းခုတ်ပြီး ဝက်စာကျွေးတဲ့စနစ်လည်း မရှိဘူး"
နာမည်တစ်ခု ပေးရန်မှာ တကယ်ပင် ခေါင်းခဲစရာ ကောင်းလှသည်။ ဖုန်းပုကြွယ် ပြောခဲ့သည့် အချက်များအပြင် ထည့်သွင်းစဉ်းစားရမည့် အခြားပြဿနာများလည်း ရှိသေးသည်။ လူတိုင်းတွင် မတူညီသော အကြိုက်များ ရှိတတ်ကြသည်။ ကလပ်နာမည်သည် လူတိုင်းကို စိတ်ကျေနပ်မှု မပေးနိုင်လျှင်ပင် အနည်းဆုံးတော့ အဖွဲ့ဝင်တစ်ဦးတစ်ယောက်ကမျှ မုန်းတီးနေသည့် နာမည်မျိုး မဖြစ်သင့်ပေ။ ထို့အပြင် ကြည့်ရဆိုးလွန်းသော နာမည်မျိုး သို့မဟုတ် အပြင်လူများ နားမလည်နိုင်သော နာမည်မျိုးကိုလည်း မသုံးသင့်ပေ။ မည်သို့ပင်ဆိုစေ သူတို့ အပြင်ထွက်သည့်အခါ ထိုတံဆိပ်ကို ဝတ်ဆင်ထားရမည် မဟုတ်ပါလား။ အကယ်၍ သူတို့က "မူမမှန်လူသားများ သုတေသနစင်တာ" ဆိုသည့် နာမည်ကို သုံးခဲ့မည်ဆိုပါက ဖုန်းပုကြွယ်အတွက်မူ ထိုတံဆိပ်ကို တပ်ပြီး အပြင်ထွက်ရန် မည်သည့်ပြဿနာမျှ မရှိဘဲ ပုံမှန်အတိုင်း ခံစားရပေလိမ့်မည်။ သို့သော် မိန်းကလေးများ ထိုတံဆိပ်ကို တပ်ပြီး အပြင်ထွက်ပါက ထူးဆန်းသော အဒေါ်ကြီးများအဖြစ် သတ်မှတ်ခံရနိုင်သဖြင့် သိပ်မကောင်းလှပေ။
အပိုင်း (၉၈)
အတော်အတန် ဆွေးနွေးပြီးနောက် လူတိုင်းစိတ်ကျေနပ်သည့် အကြံပြုချက်တစ်ခုကို ဖုန်းပုကြွယ်ကပင် ထုတ်ဖော်နိုင်ခဲ့သည်။ ၎င်းမှာ ငရဲကမ္ဘာ၏ ရှေ့တန်းပင် ဖြစ်သည်။
သူသည် ဝတ္ထုရေးဆရာတစ်ယောက်ဖြစ်၍ နာမည်ပေးကောင်းနေခြင်းမျိုး မဟုတ်ဘဲ ထိုနာမည်အတွက် စိတ်ကူးစိတ်သန်းမှာ သူ့ကိုယ်သူ နတ်ဆိုးဟု ခေါ်ဆိုသော အရူးမန်နေဂျာတစ်ယောက်ထံမှ ရရှိခဲ့ခြင်းဖြစ်သည်။ ဖုန်းပုကြွယ် စဉ်းစားနေစဉ်အတွင်း သူ့စိတ်အာရုံထဲ နေ့လယ်ပိုင်းက ဝူဒီနှင့် ဆုံတွေ့ခဲ့ရပုံများ ဖျတ်ခနဲပေါ်လာပြီးနောက် ဤနာမည်ကို ပေးဖြစ်ခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးတွင် ဘယ်သူမှ ကန့်ကွက်ခြင်း မရှိကြတော့ပေ။ ဖြစ်နိုင်သည်မှာ သူတို့သည် ထူးဆန်းသော ကလပ်နာမည် အမြောက်အမြားကို ပယ်ချခဲ့ပြီးဖြစ်၍ စိတ်ရှည်မှုများ ကုန်ဆုံးနေခြင်းကြောင့်လည်း ဖြစ်နိုင်သလို သို့မဟုတ် လူတိုင်း၏ အာရုံမှာ တခြားသို့ စတင်ရောက်ရှိနေပြီး ဤကိစ္စကို အမြန်ဆုံး အဆုံးသတ်ချင်နေကြသောကြောင့်လည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေ ဘယ်သူမှ မကန့်ကွက်တော့သဖြင့် ငရဲကမ္ဘာ၏ရှေ့တန်းကို တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြတော့သည်။
ထို့နောက် ဖုန်းပုကြွယ်သည် ဂိမ်းလော့ဂ်အင် နေရာသို့ ပြန်သွားပြီး ထိုနာမည်ကို တင်ပြလိုက်သည်။ စနစ်က "ဤကလပ်အမည်ကို အသုံးပြုနိုင်ပါသည်" ဟု ပြောသောအခါမှ သူ သက်ပြင်းချနိုင်တော့သည်။ တစ်စုံတစ်ယောက်က ထိုနာမည်ကို အသုံးပြုထားပြီးဖြစ်၍ နောက်ထပ်နာမည်တစ်ခု ထပ်စဉ်းစားရမည်ကို သူ တကယ်ကြီး စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။
သူသည် နာမည်စာရင်းကို ရရှိပြီးနောက် ထိုပစ္စည်းက သူ့ပစ္စည်းသိုလှောင်ခန်းထဲတွင် ပေါ်လာလေသည်။ ၎င်းမှာ ဖောင်တစ်ခုနှင့် ဆင်တူသော စက္ကူတစ်ရွက်ဖြစ်ပြီး ဖောင်တိန်တစ်ချောင်းနှင့်အတူ ပါရှိသည်။ ဤနှစ်ခုလုံးမှာ အိုင်တမ်တစ်နေရာစာသာ ယူ၏။
အမည် - လက်မှတ်ထိုးရန်စာရင်း - ငရဲကမ္ဘာ၏ ရှေ့တန်း
ပစ္စည်းအမျိုးအစား - တစ်ခါသုံး ပစ္စည်း
အရည်အသွေး - သာမန်
လုပ်ဆောင်ချက် - ကလပ်တစ်ခု တည်ထောင်ရန် လျှောက်ထားခြင်း
မှတ်ချက် - ဤအိုင်တမ်ကို ရရှိပြီးနောက် ၂၄ နာရီအတွင်း မတင်ပြပါက အိုင်တမ်သည် အလိုအလျောက် ပျောက်ကွယ်သွားမည်ဖြစ်ပါသည်။ ကစားသမားတစ်ဦးစီသည် တစ်ရက်လျှင် လက်မှတ်ထိုးရန်စာရင်း တစ်စောင်သာ ရရှိနိုင်သည်။ ကလပ်တစ်ခုခုသို့ ဝင်ရောက်ပြီးသား ကစားသမားများမှာမူ ရရှိနိုင်မည်မဟုတ်ပေ။ လက်မှတ်လေးခု စုဆောင်းပြီးနောက် တင်ပြပြီး ဂိမ်းဒင်္ဂါး ၁၀၀,၀၀၀ ပေးဆောင်ပါက ကလပ်ကို တည်ထောင်ပြီး ဖြစ်လိမ့်မည်ဖြစ်ကာ နာမည်စာရင်းပါ အဖွဲ့ဝင်များကိုလည်း ကလပ်အဖွဲ့ဝင်များအဖြစ် လက်ခံမည်ဖြစ်ပါသည်။
ထိုစာရင်းကို အစည်းအဝေးခန်းသို့ ယူဆောင်လာပြီးနောက် ဖုန်းပုကြွယ်သည် လူတိုင်း၏ သဘောထားကို မေးမြန်းလိုက်သည်။ ကလပ်ခေါင်းဆောင်အဖြစ် မည်သူ့ကို ထားရှိချင်သနည်းဟု သူ မေးမြန်းခြင်း ဖြစ်သည်။
ရီရူလီသည် ဖုန်းပုကြွယ်ကိုသာ ခေါင်းဆောင် ဖြစ်စေချင်သည်။ ရှောင်တန်မှာမူ ထိုရာထူးကို သူကိုယ်တိုင် မယူနိုင်သဖြင့် အစ်ကိုကြွယ်ကိုသာ ထောက်ခံမည်မှာ ထင်ရှားလှသည်။ ရီရူယွီမှာမူ မည်သည့် ရာထူးနေရာကိုမျှ မမက်မောသလို ခေါင်းဆောင်က ဘယ်သူဖြစ်ဖြစ် သူမအတွက် အရေးမကြီးပေ။ သို့သော် သူမကိုယ်တိုင်တော့ ခေါင်းဆောင်လုပ်ရန်မူ ဆန္ဒမရှိပေ။ သူမ၏ စကားအတိုင်းဆိုလျှင် "ကျွန်မကို ခေါင်းဆောင် လုပ်ခိုင်းတာလား၊ အင်း... ပထမအချက်က ကျွန်မမှာ အဲဒီလို အရှိန်အဝါမျိုး မရှိဘူး၊ ဒုတိယအချက်က စိတ်လည်း မဝင်စားဘူး"
ထို့ကြောင့် ဖုန်းပုကြွယ်အနေဖြင့် ၎င်းကို ငြင်းပယ်ရန် မဖြစ်နိုင်တော့ပေ။ သူ စက္ကန့်အနည်းငယ်ခန့် စဉ်းစားလိုက်ပြီး သက်ပြင်းချလိုက်သည်။ သူသည် 'ခေါင်းဆောင်' လက်မှတ်နေရာတွင် သူ့ဂိမ်းနာမည်ဖြစ်သော "ဖုန်းပုကြွယ်" ကို ရေးထိုးလိုက်ပြီး ကျန်သုံးယောက်ထံသို့ နာမည်စာရင်းကို ကမ်းပေးလိုက်သည်။
နာမည်လေးခုလုံး စာရွက်ပေါ်တွင် ပေါ်လာသောအခါ ဖုန်းပုကြွယ်သည် ၎င်းကို ယူဆောင်၍ ဂိမ်းလော့ဂ်အင်နေရာသို့ ပြန်သွားပြီး စနစ်ထံသို့ တင်ပြလိုက်သည်။
“လက်မှတ်ထိုးထားသော ကစားသမား အချက်အလက်များကို စစ်ဆေးနေပါသည်၊ ကျေးဇူးပြုပြီး ခေတ္တစောင့်ဆိုင်းပေးပါ...”
“ကျေးဇူးပြု၍ သင်၏ လျှောက်ထားမှုကို အတည်ပြုပါ - ငရဲကမ္ဘာ၏ရှေ့တန်းဂိုဏ်းကို တည်ထောင်မည်။”
ဖုန်းပုကြွယ် 'အတည်ပြုသည်' ကို နှိပ်လိုက်သည်။
“သင်၏ လျှောက်ထားမှုမှာ တရားဝင်ပါသည်။ ထပ်မံအတည်ပြုပြီးနောက်တွင် ကလပ်ကို တရားဝင် တည်ထောင်မည်ဖြစ်ပြီး ဂိမ်းဒင်္ဂါး ၁၀၀,၀၀၀ ကုန်ကျမည် ဖြစ်သည်။ ဆက်လက်မလုပ်ဆောင်မီ သင့်ထံတွင် ဂိမ်းဒင်္ဂါး အလုံအလောက် ရှိမရှိ စစ်ဆေးပါ (သိုလှောင်ခန်းနှင့် အီးမေးလ်ထဲရှိ ဂိမ်းဒင်္ဂါးများကို ဤလုပ်ငန်းစဉ်အတွက် အသုံးပြု၍ မရပါ) ။”
'အတည်ပြုသည်' ကို ထပ်မံနှိပ်လိုက်ပြီးနောက် ဖုန်းပုကြွယ်၏ လက်ထဲရှိ လက်မှတ်သည် အဖြူရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ ပျောက်ကွယ်သွားတော့သည်။ နောက်တစ်စက္ကန့်တွင် သူသည် စနစ်၏ အသိပေးချက် အမြောက်အမြားကို ရရှိလိုက်သည်။ ထို့အပြင် ထိတွေ့စခရင်ပေါ်ရှိ စာသားများနှင့် သူ့နားထဲမှ အသံများသည် တပြိုင်နက်တည်း ထွက်ပေါ်လာသဖြင့် ထိုအကြောင်းအရာများက အလွန်အရေးကြီးကြောင်း သိသာလှသည်။
“ငရဲကမ္ဘာ၏ ရှေ့တန်း ကလပ်ကို အောင်မြင်စွာ တည်ထောင်ပြီးပါပြီ”
“သင်သည် ငရဲကမ္ဘာ၏ ရှေ့တန်း ကလပ်သို့ ဝင်ရောက်ပြီးပါပြီ”
“သင်သည် ငရဲကမ္ဘာ၏ ရှေ့တန်း ကလပ်၏ ခေါင်းဆောင် ဖြစ်လာပါပြီ။ အသေးစိတ် အချက်အလက်များအတွက် အောက်ပါလင့်ခ်ကို နှိပ်ပါ။”
“ကလပ်၏ ဘုံသိုလှောင်ခန်းကို ဖွင့်လိုက်ပါပြီ”
“ကလပ်၏ အထူးစွမ်းရည်ကို ၂၄ နာရီအကြာတွင် ဖွင့်ပေးပါမည်။ သက်ဆိုင်ရာ အဆင့်သတ်မှတ်ချက်တွင် သင့်ကလပ်၏ အဆင့်ပေါ် မူတည်၍ အထူးစွမ်းရည်နှစ်ခု ပေးအပ်မည်ဖြစ်ပါသည်”
“ကလပ်အဖွဲ့ဝင်များအတွက် အပိုအတွေ့အကြုံ (EXP) ကို ဖွင့်ပေးလိုက်ပါပြီ”
“ကလပ်တံဆိပ်ကို ယခုသတ်မှတ်လိုပါသလား။ အကယ်၍ သင် မသတ်မှတ်ပါက စနစ်၏ ပုံသေဒီဇိုင်းကို အသုံးပြုမည် ဖြစ်ပါသည်”
နောက်ဆုံးစာကြောင်းကို မြင်လိုက်ရသောအခါ ဖုန်းပုကြွယ်သည် သူ့ရှေ့ စခရင်ပေါ်တွင် ပေါ်လာသော စနစ်၏ ပုံသေတံဆိပ်ဒီဇိုင်းကို တွေ့လိုက်ရသည်။ ၎င်းမှာ ရိုးရှင်းသော မီးခိုးရင့်ရောင် ဒိုင်းပုံစံဖြစ်ပြီး ဒိုင်းရှေ့တွင် ငရဲကမ္ဘာ၏ ရှေ့တန်းဟူသော စာသားကို အဖြူရောင်ဖြင့် ရေးသားထား၏။
ဖုန်းပုကြွယ် ၎င်းကို မပြောင်းလဲတော့ပေ။ အကြောင်းမှာ ဂိမ်းလက်စွဲစာအုပ်တွင် ပထမဆုံးအကြိမ် ပြောင်းလဲခြင်းမှာ အခမဲ့ဖြစ်သော်လည်း ထပ်မံပြောင်းလဲလိုပါက ပိုက်ဆံပေးရမည်ဟု ဖော်ပြထားသည်ကို သူမှတ်မိနေသောကြောင့် ဖြစ်သည်။ အမှန်တကယ် ကုန်ကျစရိတ်သည် ကလပ်ရှိ အဖွဲ့ဝင်ဦးရေအပေါ် မူတည်ပေလိမ့်မည်။ အဖွဲ့ဝင် များလေလေ တံဆိပ်ပြောင်းရန် ပိုဈေးကြီးလေလေ ဖြစ်သည်။
တစ်ချိန်တည်းတွင် ဖုန်းပုကြွယ်သည် လူမှုဆက်ဆံရေးတက်ဘ်ကို ကြည့်လိုက်သည်။ သူငယ်ချင်းများ၊ မကြာသေးမီက အတူကစားခဲ့သော ကစားသမားများနှင့် အမည်ပျက်စာရင်းတို့အပြင် ယခုအခါ 'ကလပ်'ဟူသည့် ကဏ္ဍတစ်ခု တိုးလာခဲ့သည်။
သူ အစည်းအဝေးခန်းသို့ ပြန်သွားရန် ပြင်လိုက်စဉ် ဖုန်းပုကြွယ်သည် ဓာတ်လှေကားထိန်းချုပ်ခန်းတွင် ခလုတ်အသစ်တစ်ခုကို သတိထားမိလိုက်သည်။ ၎င်းကို 'ဘုံသိုလှောင်ခန်း' ဟု ရေးထား၏။ သိုလှောင်ခန်းကို အသုံးပြုနိုင်ခွင့်သည် ခေါင်းဆောင်သာလျှင် ဂိမ်းဒင်္ဂါးများနှင့် ပစ္စည်းများကို ထည့်သွင်းနိုင်ပြီး အခြားအဖွဲ့ဝင်များမှာမူ ပစ္စည်းများ ထည့်သွင်းရုံသာ လုပ်ဆောင်နိုင်သည်။ မှန်ပေသည် ယခုအချိန်တွင်တော့ ၎င်းက အလွတ်ကြီး ဖြစ်နေပေလိမ့်မည်။
ဖုန်းပုကြွယ် အစည်းအဝေးခန်းသို့ ပြန်ရောက်သောအခါ ပြောလိုက်သည်။
"ဒါက တော်တော်လေး ခေါင်းခဲစရာ ကောင်းတာပဲ"
"အဖွဲ့အစည်းတစ်ခု ထောင်ရတာတောင် ဒီလောက် ရှုပ်ထွေးနေတာ၊ စီမံခန့်ခွဲဖို့ဆိုရင်တော့... ဝေးသေးတယ်"
သူသည် အလွန်တာဝန်ယူလိုစိတ် ရှိသူတစ်ဦး ဖြစ်သည်။ အကယ်၍ သူသည် အာဏာတစ်ခုခု သို့မဟုတ် ရာထူးတစ်ခုခု ရရှိခဲ့ပါက ၎င်းမှာ အလွန်သေးငယ်သော်လည်း သူ့တာဝန်ဝတ္တရားများကို အပြည့်အဝ ပြီးမြောက်အောင် လုပ်ဆောင်ချင်သူ ဖြစ်သည်။ သူ ဂရုမစိုက်လျှင်လည်း နေမည် အကယ်၍ ဂရုစိုက်လျှင်မူ အကောင်းဆုံး စီမံခန့်ခွဲချင်သူ ဖြစ်သည်။ မိမိကိုယ်ကိုယ် သိက္ခာရှိနေရုံနှင့် မလုံလောက်ပေ။ ၎င်းမှာ စိတ်နေစိတ်ထားသာ ဖြစ်သည်။ အရည်အချင်းရှိသူ တစ်ယောက်အနေဖြင့် မိမိကိုယ်ကိုယ် သိက္ခာရှိရုံသာမက တခြားသူများကပါ ဘာမှ ပြောစရာမရှိအောင် လုပ်ဆောင်နိုင်ရမည် ဖြစ်သည်။
အမှန်တကယ်တော့... ပုံမှန်အခြေအနေမျိုးတွင် ဖုန်းပုကြွယ်သည် အစကတည်းက မည်သည့် အာဏာကိုမှ မယူရန်သာ ရွေးချယ်ပေလိမ့်မည်...။ ထို့ကြောင့် ယခင်က သူသည် ခေါင်းဆောင်ရာထူးကို တခြားတစ်ယောက်အား ပေးရန် မျှော်လင့်ချက် အနည်းငယ် ရှိနေခဲ့ခြင်း ဖြစ်သည်။ ကံဆိုးစွာဖြင့် နောက်ဆုံးတွင် သူသာ ခေါင်းဆောင် ဖြစ်လာခဲ့ရသည်။ သူ၏ စိတ်နေစိတ်ထားအရ နောက်ဆက်တွဲလာမည့် အရာများမှာ တကယ်ပင် 'ဒုက္ခများ' ပေလိမ့်မည်။
အစည်းအဝေးခန်းထဲရှိ သုံးယောက်လုံး စနစ်၏ ကြေညာချက်ကို ကြားလိုက်ရပြီး သူတို့ဝတ်စုံများပေါ်တွင် တံဆိပ်များ ပေါ်လာတော့သည်။ ရှောင်တန်နှင့် ရီရူယွီတို့၏ ဝတ်စုံတွင်မူ ကလပ်တံဆိပ်သည် သူတို့၏ ဘယ်ဘက်လက်မောင်း လက်ပတ်ပေါ်တွင် ပေါ်လာခြင်းဖြစ်သည်။ ရီရူလီ၏ ဝတ်စုံမှာ လက်ပြတ်ဝတ်စုံ ဖြစ်သောကြောင့် တံဆိပ်က သူမ၏ ဘယ်ဘက်ညှပ်ရိုးပေါ်တွင် ရင်ထိုးတံဆိပ်ပုံစံဖြင့် ပေါ်လာခဲ့သည်။
"အစ်ကိုကြွယ်... ဒီတံဆိပ်ကို မင်းဒီဇိုင်းဆွဲခဲ့တာလား"
ရှောင်တန်က မေးလိုက်သည်။
"စနစ်ကပေးတဲ့ ပုံသေဒီဇိုင်းပဲ"
ဖုန်းပုကြွယ်က ပြန်ဖြေသည်။
"ငါ ကြည့်လိုက်သေးတယ်၊ ရွေးချယ်စရာပုံတွေ အများကြီး ရှိတယ်၊ ကိုယ်တိုင်တောင် ဆွဲလို့ရတယ်၊ ဒါပေမဲ့ ငါတို့က ဒီမိုကရေစီနည်းကျကျ လုပ်ရမယ်လေ၊ တကယ်လို့ ငါက မင်းတို့ကို မပြောဘဲ ထူးထူးဆန်းဆန်း တစ်ခုခု လုပ်လိုက်လို့ မင်းတို့ မကြိုက်ရင် ငါက ပိုက်ဆံပေးပြီး ပြန်ပြောင်းပေးနေရမှာပေါ့"
"တံဆိပ်ပုံစံက မျက်လုံးနီနှစ်လုံးပါတဲ့ ဆိတ်နက်ခေါင်းပုံစံ ဖြစ်ရမယ်၊ နောက်ခံကတော့ မီးခိုးရောင် မီးတောက်ပုံစံ ဖြစ်ပြီး စာသားတွေကတော့ အနီရောင် အနားသတ်ပါတဲ့ အနက်ရောင်စာသားတွေ ဖြစ်ရမယ်"
ရီရူလီက အလွန်တိကျသော ဒီဇိုင်းတစ်ခုကို ချက်ချင်း အကြံပေးလိုက်သည်။
"အင်း... နတ်ဆိုးနဲ့ မီးတောက် အမှတ်အသားပေါ့... ကလပ်နာမည်နဲ့လည်း လိုက်ဖက်ပါတယ်၊ ဟင်… မင်းက ဘယ်လိုလုပ် ဒီလောက်မြန်မြန်ကြီး အကြံတစ်ခုရသွားတာလဲ၊ ပြီးတော့ ဒါက တော်တော်လေးလည်း ခိုင်မာမှုရှိတယ်"
ဖုန်းပုကြွယ်က မေးလိုက်သည်။
"ပုံမှန်ပါပဲ၊ ရှင်က စာရေးကောင်းသလို ကျွန်မကလည်း ပုံဆွဲကောင်းခွင့် ရှိတာပဲ မဟုတ်လား"
ရီရူလီက ပြန်ဖြေသည်။
"အိုး၊ မင်းက ဒီဇိုင်နာလား၊ အင်ဂျင်နီယာလား၊ ဒါမှမဟုတ် ကာတွန်းဆရာမလား"
ဖုန်းပုကြွယ်က မေးသည်။
"ကျွန်မကို ဒုတိယခေါင်းဆောင် ပေးလိုက်ပါ၊ ကျန်တာကို ကျွန်မဘာသာ ကိုင်တွယ်လိုက်မယ်၊ ရှင့်ရဲ့ သတ်ဖြတ်ခြင်းဂိမ်းကိုပဲ သွားကစားပါတော့"
ရီရူလီက သူ့မေးခွန်းကို မဖြေဘဲ အကြောင်းအရာကို ပြောင်းလဲလိုက်သည်။