အခန်း (၉၉-၁၀၀)
Vol. 10 Ch. 99-100
အခန်း (၉၉)
ဖုန်းပုကြွယ် ဂိမ်းလော့ဂ်အင်နေရာသို့ ပြန်ရောက်သောအခါ ပထမဆုံးလုပ်သည့်အလုပ်သည် အဖွဲ့မှ ထွက်လိုက်ခြင်း ဖြစ်သည်။ သို့မှသာ ရှောင်တန်တို့အဖွဲ့ နောက်တစ်ကြိမ် ဇာတ်လမ်းထဲဝင်ရန် တန်းစီသည့်အခါ သူတို့နှင့် ရောပါမသွားမည် ဖြစ်သည်။ သူသည် ရီရူလီကို ဒုတိယခေါင်းဆောင်အာဏာ ပေးအပ်ထားပြီးဖြစ်ရာ သူမအနေဖြင့် တံဆိပ်ကိစ္စကို တာဝန်ယူလိမ့်မည် ဖြစ်သည်။ သူမသည် တစ်ကြိမ်လိုင်းပြတ်သွားသည့် မတော်တဆမှု ရှိခဲ့သော်လည်း သူမ၏ ပုံမှန်စွမ်းဆောင်ရည်အရ ကြည့်လျှင် အလွန်အားကိုးထိုက်သူဖြစ်ကြောင်း ထင်ရှားပေသည်။ သူမသည် သူမကိုယ်တိုင် လက်ခံထားသည့် တာဝန်ကို ပေါ့ပေါ့တန်တန် လုပ်မည့်သူမျိုး မဟုတ်ပေ။
ဖုန်းပုကြွယ်သည် ဇာတ်လမ်းထဲဝင်ရန် ချက်ချင်း တန်းမစီသေးပေ။ ဂိမ်းဒင်္ဂါး ၁၀၀,၀၀၀ သုံးစွဲပြီးနောက်တွင် သူ့လက်ထဲ၌ ၃၇၉,၀၀၀ ကျန်ရှိနေသေးသဖြင့် သူ့ကိုယ်သူ ပစ္စည်းကိရိယာများ တပ်ဆင်ရန် လုံလောက်ပေသည်။
သူသည် ပထမဆုံး ဧရိယာ (၁၀) ရှိ ဈေးသို့သွားကာ ကလေးသုံး ဘေ့စ်ဘောတုတ်ကို စနစ်ဈေးဆိုင်တွင် ပြန်ရောင်းလိုက်သည်။ ဈေးနှုန်းမှာ အတော်လေးကို 'သင့်တင့်' လှသည်။ ဂိမ်းဒင်္ဂါး ၁,၀၀၀ သာ ရရှိပြီး ၎င်းမှာ ယွမ် ၅၀ ပြားခန့်သာ တန်ဖိုးရှိပေသည်။ တိုက်ခိုက်ရေးစွမ်းအားနှင့် အခြားအသုံးဝင်သော ဂုဏ်သတ္တိများ မပါရှိသည့် အိုင်တမ်တစ်ခုအတွက် ထိုဈေးနှုန်းမှာ အလွန်ကို ကိုက်ညီလှသည်။
ကျည်ဆံများ၊ အထောက်အပံ့စာများနှင့် အလင်းပေးကိရိယာများသည် ဖုန်းပုကြွယ် ဝယ်ယူရန် စီစဉ်ထားသည့် ပစ္စည်းများဖြစ်သော်လည်း သူ အလောတကြီး မဝယ်သေးပေ။ ယင်းအစား ဝတ်စုံပစ္စည်းများကို လိုက်လံကြည့်ရှုနေမိသည်။ ၎င်းတို့မှာ ငွေအမြောက်အမြား ကုန်ကျနိုင်သလို ဂုဏ်သတ္တိများကိုလည်း တိုးမြင့်ပေးနိုင်သည့်အရာများ ဖြစ်သဖြင့် တစ်နေ့မဟုတ်တစ်နေ့ ဝယ်ရမည့် အရာများလည်း ဖြစ်သည်။ သူ၏ ဂိမ်းဒင်္ဂါး ၃၈၀,၀၀၀ ခန့်ဖြင့် ဘာတွေဝယ်နိုင်မလဲဆိုသည်ကို သူ သိချင်နေသည်။
ဖုန်းပုကြွယ်သည် ဂိမ်းထဲရှိ သူ့ရုပ်ကို ဂရုမစိုက်သော်လည်း လုံးဝ ဂရုမစိုက်သည်တော့ မဟုတ်ပေ။ စနစ်ကပေးထားသည့် အခမဲ့ဝတ်စုံကို ဝတ်ထားရခြင်းသည် လူတိုင်းဝတ်နေကြသည်ဖြစ်၍ ပြဿနာမရှိဟု သူထင်သည်။ သို့သော်လည်း ဝတ်စုံကို ပိုက်ဆံပေးပြီး ဝယ်ရမည်ဆိုပါက ဂုဏ်သတ္တိတိုးရန် သက်သက်ဖြင့် ဟိုဟာသည်ဟာ ရောနှောဝတ်ဆင်ထားသည့် ဝတ်စုံမျိုးကိုမူ သူ မလိုချင်ပေ။ မည်သို့ပင်ဖြစ်စေ သူသည် အစ်ကိုငါးမန်းကဲ့သို့ ဖက်ရှင်ကျကျ ဝတ်နိုင်သူမျိုး မဟုတ်ပေ။
အဝတ်အစား ပင်လယ်ကြီးထဲတွင် တစ်ခုချင်းစီ လိုက်ကြည့်နေမည်ဆိုပါက မိုးလင်းသွားနိုင်ပေသည်။ ထို့ကြောင့် ဖုန်းပုကြွယ်တွင် ကိုယ်ပိုင်ရွေးချယ်မှုများ ရှိနေပြီးသား ဖြစ်သည်။ အစပိုင်းတွင် သူသည် အမေရိကန် ကာတွန်းဇာတ်ကောင် ဝတ်စုံတစ်ခုကို ဝယ်ဝတ်ရန် စိတ်လှုပ်ရှားမိခဲ့သေးသည်။ သို့သော် ထိုနာမည်ကြီး ဇာတ်ကောင်ဝတ်စုံများသည် ကြောက်စရာကောင်းလောက်အောင် ဈေးကြီးလှသည်ကို သူ ချက်ချင်း သတိထားမိလိုက်သည်။ ဥပမာအားဖြင့် ဒေါက်တာ ဖျက်ဆီးခြင်းဝတ်စုံမှာ ဂိမ်းဒင်္ဂါး ၉၀၀,၀၀၀ အထိ ကုန်ကျမည် ဖြစ်သည်။ ထိုဝတ်စုံကို မျက်နှာဖုံးနှင့် ချပ်ဝတ်၊ အပြင်ဝတ်စုံနှင့် ခေါင်းစွပ်ပါသည့် ဝတ်ရုံဟူ၍ သုံးပိုင်း ခွဲထားသည်။ ဂုဏ်သတ္တိ တိုးပေးနိုင်သည့် အစိတ်အပိုင်း သုံးခု ပါရှိသော်လည်း ဤဝတ်စုံကို ခွဲဝယ်၍ မရပေ။ ၉၀၀,၀၀၀ ပေးပြီး တစ်စုံလုံး ဝယ်ရမည် ဖြစ်သည်။
ဖုန်းပုကြွယ်၏ ဂိမ်းဒင်္ဂါးများက မလုံလောက်ပုံရသည်။
ဂိမ်းဒင်္ဂါး တစ်သန်း သို့မဟုတ် ယွမ် ၅၀၀ ခန့် သုံးစွဲပြီး ငါးနေရာစာ သိုလှောင်ခန်း ဝယ်နိုင်သည့် ရှောင်တန်နှင့် ရီရူယွီတို့လို ကစားသမားများနှင့် နှိုင်းယှဉ်လျှင် ဖုန်းပုကြွယ်လက်ထဲရှိ ၃၈၀,၀၀၀ ခန့် (၁၉၀ ယွမ်) မှာ နည်းပါးလှသည်။ သူ၏ ရည်မှန်းချက်သည် ဂိမ်းခန်းငယ်တစ်ခု ဝယ်ရန် ပိုက်ဆံရှာရန်ဖြစ်ရာ ၎င်းမှာ ခရီးဝေးလှသေးသည်။ သူ ယခု အသုံးပြုနေသည့် NL2055 စံချိန်မီ တစ်ဦးသုံး ဂိမ်းသေတ္တာဈေးနှုန်းပင် ဂဏန်းငါးလုံး (သောင်းဂဏန်း) အထိ ရှိသည်။ ဂိမ်းစက်နှစ်ခု၏ ဈေးနှုန်းဖြင့် ကားတစ်စီးပင် ဝယ်နိုင်ပေသည်။သေချာတာပေါ့ လိုင်စင်ကြေးတော့ မပါပါဘူး...။
"အင်း... တကယ်တော့ ဒီဝတ်စုံက အဲလောက်ကြီး မကောင်းပါဘူးကွာ၊ ခေါင်းစွပ်က အစိမ်းရောင်ကြီး၊ ပြီးတော့ ချပ်ဝတ်နဲ့ ဝတ်ရုံက လှုပ်ရှားရတာ အခက်တွေ့စေနိုင်တယ်"
ဖုန်းပုကြွယ်က သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။
ထို့နောက် သူဝယ်ချင်နေသည့် အခြားဇာတ်ကောင်တစ်ခုဖြစ်သော ဒက်ပူးလ် (Deadpool) ကို ရှာကြည့်လိုက်သည်။ အနီနှင့် အနက်ရောင် ရောထားသည့် ထိုဝတ်စုံမှာ ခန္ဓာကိုယ်နှင့် ကပ်နေပြီး ဝတ်ရုံများလည်း မပါရှိပေ။ ၎င်းသည် လှုပ်ရှားရသည်ကို သေချာပေါက် လွယ်ကူစေမည်ဖြစ်ပြီး ခန္ဓာကိုယ်ပေါ်ရှိ ခါးပတ်နှင့် ကြိုးများက ဓား၊ သေနတ်နှင့် အခြားပစ္စည်းများကို သယ်ဆောင်ရာတွင် အထောက်အကူပြုနိုင်သဖြင့် ကျောပိုးအိတ်ထဲမှ နေရာလွတ်များကို သက်သာစေမည် ဖြစ်သည်။ ဤဝတ်စုံတွင် ခေါင်းစွပ်နှင့် တစ်ကိုယ်လုံးဝတ်စုံဟူ၍ နှစ်ပိုင်းသာ ရှိသည်။ တစ်နည်းအားဖြင့် ဂုဏ်သတ္တိ နှစ်ခုသာ တိုးပေးမည် ဖြစ်သည်။
သို့သော် ဒက်ပူးလ်ဝတ်စုံမှာ ဂိမ်းဒင်္ဂါး ၇၀၀,၀၀၀ ကုန်ကျမည် ဖြစ်သည်...။
ဖုန်းပုကြွယ်က သူ့ကိုယ်သူ ထပ်မံနှစ်သိမ့်လိုက်ပြန်သည်။
"အင်း... ဒါက ဈေးလည်း ပေါတယ်၊ ပြီးတော့ တော်တော်လေးလည်း ကြောင်တောင်တောင်နိုင်တယ်၊ ငါ့ရဲ့ မြင့်မြတ်တဲ့ ရုပ်ရည်နဲ့ မလိုက်ဖက်ဘူး..."
သူ့စကားကို တခြားသူများ ကြားသွားမည်ဆိုပါက မေးခွန်းနှစ်ခု မေးကြပေလိမ့်မည်။ ပထမမေးခွန်းမှာ "ဒါဆို မင်းက ဘာလို့ အဲဒါကို ရှာကြည့်နေတာလဲ" ဖြစ်ပြီး၊ ဒုတိယမေးခွန်းမှာ "မင်းရဲ့ ရုပ်ရည်က ဘာဖြစ်နေလို့လဲ" ဟူ၍ ဖြစ်ပေလိမ့်မည်။
သူသည် အခြားဇာတ်ကောင် အများအပြားကို ကြည့်ရှုခဲ့ရာ နာမည်ရပြီးသား ဝတ်စုံများအားလုံးမှာ ဂိမ်းဒင်္ဂါး ၅၀၀,၀၀၀ နှင့် အထက်တွင်သာ ရှိသည်ဟု နိဂုံးချုပ်လိုက်ရသည်။ အဆိုးဆုံးမှာ လင်းနို့လူသားဝတ်စုံဖြစ်ပြီး ဂိမ်းဒင်္ဂါး နှစ်သန်းအထိ ပေးရသည်။ ယခုအပတ် ငွေလဲနှုန်းအရ ယွမ် ၁,၀၀၀ ခန့် တန်ဖိုးရှိလေသည်။ မှန်ပေသည် ဤဝတ်စုံမှာ တကယ်ပင် အဆင့်မြင့်လှသည်။ ၎င်းကို ခေါင်းစွပ်၊ အပေါ်အင်္ကျီ၊ ဘောင်းဘီ၊ ခါးပတ်နှင့် ဝတ်ရုံ ဟူ၍ ငါးပိုင်း ခွဲခြားထားသည်။ (ဝတ်စုံကဏ္ဍတွင် ခေါင်း၊ ခြေထောက်၊ အပေါ်ပိုင်း၊ အောက်ပိုင်းနှင့် အသုံးအဆောင်ဟူ၍ ငါးနေရာ ခွဲထားရာ ဝတ်စုံတစ်ခုတွင် အစိတ်အပိုင်း မည်မျှပင်ပါစေ ထိုနေရာငါးခုလုံးကို ပြည့်သွားစေမည် ဖြစ်သည်။) ၎င်းမှာ ဂုဏ်သတ္တိငါးခု တိုးပေးခြင်းနှင့် တူညီပြီး ကိရိယာတန်ဆာပလာ အများအပြားကိုလည်း ဝတ်စုံထဲတွင် ဖျောက်ထားနိုင်သဖြင့် သိုလှောင်ခန်းနေရာကို များစွာ သက်သာစေသည်။
အများကြီး ကြည့်ပြီးနောက် ဖုန်းပုကြွယ် လက်လျှော့လိုက်တော့သည်။ ဝတ်စုံတစ်စုံလုံး ဝယ်ရန်သည် သူမတတ်နိုင်သည့် အရာဖြစ်ပုံရသည်။ သူသည် အစိတ်အပိုင်းများကို တစ်ခုချင်းစီ ဝယ်ယူကာ မိမိစိတ်ကြိုက် တွဲဖက်ဝတ်ဆင်ရန် ဆုံးဖြတ်လိုက်သည်။ အပေါ်အင်္ကျီနှင့် ဘောင်းဘီဟူသော ရိုးရိုးရှင်းရှင်း ပုံစံဖြင့်သာ သွားမည် ဖြစ်သည်။ အထူးစွမ်းရည်နှစ်ခု ရရှိပြီးနောက် ငွေပိုကျန်သေးပါက အသုံးအဆောင်များကို ထည့်သွင်းစဉ်းစားမည် ဖြစ်သည်။
ထိုသို့စဉ်းစားရင်း ဖုန်းပုကြွယ်စိတ်ထဲတွင် အကြံတစ်ခု ရလာ၏။ သူသည် အရောင်နှင့် ပုံစံအလိုက် ရှာဖွေကြည့်ရာ သူအလွန်စိတ်ကျေနပ်သည့် တွဲဖက်မှုတစ်ခုကို ရှာတွေ့သွားပြီး ဂုဏ်ယူစွာဖြင့် ပြုံးလိုက်မိသည်။
အကယ်၍ လင်းနို့လူသားသည် အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခု ဖြစ်ခဲ့မည်ဆိုပါက ပင်ကိုယ်အရည်အချင်းများအပြင် နောက်ထပ် လိုအပ်ချက်တစ်ခုမှာ ဂိမ်းဒင်္ဂါး သန်း ၇၀၀ ခန့်ရှိသော မိသားစု အမွေအနှစ်ပင် ဖြစ်ပေလိမ့်မည်။ သို့သော် သူ့ပြိုင်ဘက် ဖြစ်လာရန်အတွက် ကုန်ကျစရိတ်မှာ အလွန်နည်းပါးလှသည်။ ဥပမာအားဖြင့် သူ့ကို ဒုက္ခအပေးနိုင်ဆုံးသော လူသည် ငွေကြေးနှင့် ဘဝအပေါ် မထီမဲ့မြင် ပြုတတ်သူ ဖြစ်သည်။
ဖုန်းပုကြွယ်သည် အပေါ်အင်္ကျီတစ်ထည်အတွက် ဂိမ်းဒင်္ဂါး ၁၂၀,၀၀၀ သုံးစွဲလိုက်သည်။ ထိုဝတ်စုံမှာ ဒူးအထိ ရှည်လျားသော ခရမ်းရောင် အပြင်ကုတ်အင်္ကျီ ပုံစံဖြစ်သည်။ ၎င်း၏ အတွင်းဘက်တွင် အပြာရင့်ရောင် ကွက်ကျားရှပ်အင်္ကျီ၊ အစိမ်းရင့်ရောင် ဘလေဇာနှင့် နက်ကတိုင်တို့ ပါဝင်၏။ ထို့နောက် သူသည် ခရမ်းရောင်ကုတ်အင်္ကျီထက် အနည်းငယ် ပိုရင့်သော ဘောင်းဘီတစ်ထည်အတွက် ဂိမ်းဒင်္ဂါး ၈၀,၀၀၀ သုံးစွဲလိုက်သည်။ နောက်ဆုံးတွင် သားရေလက်အိတ် အနက်ရောင်တစ်စုံအတွက် ဂိမ်းဒင်္ဂါး ၄၀,၀၀၀ ထပ်မံ သုံးစွဲလိုက်ရသည်။
စုစုပေါင်း ဂိမ်းဒင်္ဂါး ၂၄၀,၀၀၀ သုံးစွဲပြီးနောက် ဖုန်းပုကြွယ်သည် သူ၏ ဂျိုကာဝတ်စုံကို အတည်ပြုလိုက်တော့သည်။မှန်ပေသည် သူသည် ဆံပင်ကို အစိမ်းရောင် ဆိုးခြင်း၊ မျက်နှာကို မိတ်ကပ်အဖြူများ လိမ်းခြင်း၊ ပါးစပ်ကို ဓားဖြင့် ခွဲခြင်းနှင့် နှုတ်ခမ်းနီဆိုးခြင်းတို့အထိတော့ မလုပ်ဆောင်ခဲ့ပေ... သူသည် ထိုမျှအထိတော့ ရူးသွပ်ခြင်း မရှိသေးပေ။
ဝတ်စုံများကို ဝယ်ယူပြီးနောက် ၎င်းတို့ကို ဝတ်ဆင်ရန်အတွက် ကျပန်းဂုဏ်သတ္တိကို ရွေးချယ်ရသည်။ အပေါ်ပိုင်းဝတ်စုံမှ ရရှိသည့် ဂုဏ်သတ္တိ သုံးခုမှာ သက်လုံအမှတ် ပြန်ပြည့်နှုန်း အနည်းငယ်တိုးခြင်း၊ လေးလံသောပစ္စည်းများကို သယ်ဆောင်ရာတွင် သက်လုံအမှတ် ကုန်ဆုံးမှု အနည်းငယ် လျော့နည်းခြင်းနှင့် အသက်အမှတ် ပြန်ပြည့်နှုန်း အနည်းငယ်တိုးခြင်းတို့ ဖြစ်သည်။ ဖုန်းပုကြွယ်သည် အသက်အမှတ် ပြန်ပြည့်နှုန်းကိုသာ စဉ်းစားမနေတော့ဘဲ ရွေးချယ်လိုက်သည်။ အကြောင်းမှာ ၎င်းသည် သူ၏ ကိုယ်ခန္ဓာ မြှင့်တင်ခြင်းမန္တန်အတွက် အသုံးဝင်သောကြောင့် ဖြစ်သည်။ သီအိုရီအရ ထိုမန္တန်ကို ဂိမ်း၏ နောက်ပိုင်းအဆင့်များအထိ အသုံးပြုနိုင်သေးသဖြင့် ၎င်းနှင့် တွဲဖက်အသုံးပြုနိုင်သော ဂုဏ်သတ္တိများမှာ အကောင်းဆုံး ဖြစ်သည်။
အောက်ပိုင်းဝတ်စုံမှ ရရှိသည့် ဂုဏ်သတ္တိများမှာမူ အနည်းငယ် ထိတ်လန့်စရာ ကောင်းပေသည်။ ၎င်းတို့မှာ [လက်ထောက်၍ ဇောက်ထိုးနေချိန်တွင် (မိမိဘာသာ အားစိုက်ရမည်) သက်လုံအမှတ် ပြန်ပြည့်နှုန်း သိသိသာသာ တိုးလာမည်]၊ [ခုန်နိုင်သည့်အမြင့် အနည်းငယ် တိုးလာမည်] နှင့် [မန်နာအမှတ် ပြန်ပြည့်နှုန်း အလွန်အမင်း တိုးလာမည်ဖြစ်သော်လည်း အသက်အမှတ် ပြန်ပြည့်နှုန်းမှာ ထိုအချိုးအတိုင်း လျော့နည်းသွားမည်] တို့ ဖြစ်သည်။ ရွေးချယ်စရာ သုံးခုအနက် နောက်ဆုံးတစ်ခုမှာ ဖုန်းပုကြွယ် အရင်ဆုံး ပယ်ချလိုက်သည့်အရာ ဖြစ်သည်။ ပထမတစ်ခုကား ကြည့်လေလေ ပို၍ ရယ်စရာကောင်းလေလေ ဖြစ်နေလေသည်။ 'သိသိသာသာ တိုးလာမည်' ဟု ဆိုထားသော်လည်း ဇောက်ထိုးရပ်နေသည့် အချိန်တွင် သူ၏ သက်လုံအမှတ်သည်လည်း ကုန်ဆုံးနေမည် မဟုတ်ပါလား။ အားလုံးကို ခြုံကြည့်လျှင် 'အနည်းငယ် တိုးခြင်း' နှင့် ဘာမှ မခြားနားဘူးမဟုတ်လား။ ယင်းက သူ့ကို နောက်ပြောင်နေသလို ခံစားရသည်။ ထို့ကြောင့် ဖုန်းပုကြွယ်သည် ပုံမှန်အကျဆုံးဖြစ်သော ဒုတိယတစ်ခုကိုသာ ရွေးချယ်လိုက်တော့သည်။
လက်အိတ်များမှာမူ အသုံးအဆောင်တစ်ခု ဖြစ်ပြီး ဖုန်းပုကြွယ် ရရှိသည့် ဂုဏ်သတ္တိများမှာ [လေးလံသော ပစ္စည်းများကို သယ်ဆောင်ရာတွင် သက်လုံအမှတ် ပြန်ပြည့်နှုန်း အနည်းငယ် လျော့နည်းခြင်း]၊ [သွေးထွက်ခြင်းအကျိုးသက်ရောက်မှု အနည်းငယ် လျော့နည်းခြင်း] နှင့် [လက်သီးအား အနည်းငယ် တိုးခြင်း] တို့ ဖြစ်သည်။ ၎င်းတို့ သုံးခုစလုံးတွင် ကိုယ်စီ အားသာချက်များ ရှိကြသည်။ ပထမတစ်ခုသည် အလယ်အလတ်ဖြစ်ပြီး၊ ဒုတိယတစ်ခုမှာ ကာကွယ်ရေးဘက်သို့ နွယ်ကာ၊ တတိယတစ်ခုမှာ တိုက်ခိုက်ရေးဘက်သို့ နွယ်သည်။
ဖုန်းပုကြွယ် ခေတ္တစဉ်းစားပြီးနောက် ဒုတိယရွေးချယ်မှုကို ရွေးလိုက်သည်။ သူ့တွင် ဂွ၊ ဓား နှင့် ပစ္စတို ဟူသော လက်နက်သုံးမျိုး ရှိနှင့်ပြီးဖြစ်ရာ ၎င်းတို့ထဲမှ တစ်ခုခုကို သူရွေးချယ်နိုင်မည်ဖြစ်သည်။ ရွေးချယ်စရာ ရှိနေပါလျက်နှင့် သူ့လက်သီးကို 'အနည်းငယ်' တိုးလာသော အားဖြင့် သုံးနေရန် မလိုပေ။ ၎င်းမှာ ဖရဲသီးကိုပစ်ပြီး နှမ်းစေ့ကို ကောက်သလို ဖြစ်နေပေလိမ့်မည်။ ထို့အပြင် ဖုန်းပုကြွယ်သည် ယဲ့ကျဲအထက်တန်းကျောင်းတုန်းက ရီရူလီကစားခဲ့သည့် ဇာတ်လမ်းထဲတွင် သူမမှာ သွေးထွက်ခြင်း အကျိုးသက်ရောက်မှုကြောင့် မည်မျှဒုက္ခရောက်ခဲ့သည်ကို မှတ်မိနေသေးသည်။ သူတို့အဖွဲ့ထဲတွင် ကုသသူ မပါရှိသဖြင့် ပတ်တီးများ၊ အဆိပ်ဖြေဆေးများနှင့် အခြားအကျိုးသက်ရောက်မှုများကို ပျောက်ကွယ်စေမည့် ပစ္စည်းများကို သူ၏ သိုလှောင်ခန်းထဲတွင် အဆင်သင့် မပြင်ဆင်ထားနိုင်ပေ။ ယင်းမှာ ပိုက်ဆံမရှိ၍ မဟုတ်ဘဲ သိုလှောင်ခန်း နေရာမလောက်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသည် ဤအထူးအကျိုးသက်ရောက်မှုကိုသာ ကြိုတင်ကာကွယ်သည့်အနေဖြင့် ရွေးချယ်လိုက်သည်။ ထို့အပြင် လက်အိတ်များမှာ ဈေးလည်း ပေါလှသည်။ သူ ငွေပိုရလာသည့်အခါတွင် ၄၀,၀၀၀ ထပ်ပေးပြီး ကျပန်းဂုဏ်သတ္တိ သုံးခုပါသည့် အခြားလက်အိတ်တစ်စုံကို ဝယ်နိုင်သေးသည်။
ထိုသို့တွေးမိရင်း ဖုန်းပုကြွယ်က သူ့နဖူးကို ရိုက်လိုက်ပြီး တွေးမိသွားသည်။
"ဟေး၊ ငါ ရှောင်တန်ဆီကနေ ဝင်ချက်စတာကို ပြန်တောင်းဖို့ မေ့သွားတာပဲ၊ သူ့ကို မတွေ့တာ ရက်အနည်းငယ် ရှိပြီဆိုတော့ သူလည်း အဲဒါကို မေ့သွားဖို့ ရှစ်ဆယ်ရာခိုင်နှုန်းလောက် သေချာနေပြီ"
သို့သော် သူ ပုခုံးတွန့်လိုက်ပြီး ဆိုသည်။
"ဒါပေမဲ့ အဲဒီလက်နက်က တော်တော်လေး အသုံးဝင်ပါတယ်၊ သူ့ဆီမှာ ရှိနေတာကလည်း မဆိုးပါဘူး၊ သူ့အတွက် အများကြီး အထောက်အကူ ဖြစ်မှာပါ"
ဖုန်းပုကြွယ်သည် ဝတ်စုံ၏ ဂုဏ်သတ္တိများကို အတည်ပြုပြီးနောက်တွင် သူ၏ အသက်အမှတ် ပြန်ပြည့်နှုန်းက တိုးလာခဲ့သည်။ ခုန်နိုင်သည့် အမြင့်လည်း တိုးလာကာ သွေးထွက်ခြင်းအခြေအနေတွင် အသက်အမှတ် ဆုံးရှုံးမှုက အနည်းငယ် နှေးကွေးသွားမည် ဖြစ်သည်။ ၎င်းအပြင်... သူသည် သူ၏ ရုပ်ရည်ပိုင်းဆိုင်ရာတွင်လည်း ကိုယ်ပိုင်စတိုင်တစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်သည်။
သူ၏ ဝတ်စုံကဏ္ဍတွင် ယခုအခါ လစ်လပ်နေသော နေရာနှစ်ခုမှာ ခေါင်းနှင့် ခြေထောက်တို့ ဖြစ်သည်။ သို့သော်လည်း ဖုန်းပုကြွယ်တွင် ဂိမ်းဒင်္ဂါး ၁၄၀,၀၀၀ သာ ကျန်တော့သည်။ အကယ်၍ သူ တစ်ခုဝယ်လျှင် နောက်တစ်ခုအတွက် တတ်နိုင်တော့မည် မဟုတ်ပေ။ ထို့အပြင် သူသည် အထောက်အပံ့ပစ္စည်းအချို့ ဝယ်ယူရန်လည်း စီစဉ်ထားသဖြင့် ဝတ်စုံကဏ္ဍကို ရပ်နားလိုက်တော့သည်။
ပစ္စည်းကိရိယာများသည် ဝတ်စုံကဏ္ဍထဲတွင် ရှိနေသော်လည်း ရုပ်သွင်ကိုမူ ဂိမ်းလော့ဂ်အင် နေရာ၌သာ ပြောင်းလဲနိုင်ပေသည်။ ထို့ကြောင့် ကစားသမား၏ ရုပ်သွင်မှာ အများပြည်သူဆိုင်ရာ နေရာများတွင် ပြောင်းလဲသွားမည် မဟုတ်ပေ။
ဖုန်းပုကြွယ်သည် သွေးပြန်ဖြည့်ဆေးရည် ငါးပုလင်းကို ဝယ်ယူလိုက်သည်။ သူသည် ဆေးအကြီးများကို မဝယ်ဘဲ အလယ်အလတ်ဆေး များကိုသာ ဝယ်ယူခဲ့သည်။ ဈေးနှုန်းအရ ကြည့်လျှင် ပြန်လည်ဖြည်းတင်းဆေးရည်များသည် အချိုးအစားအလိုက် သတ်မှတ်ထားခြင်း မဟုတ်ပေ။ ၃၀ ရာခိုင်နှုန်း ပြန်ပြည့်စေသည့် ဆေးအသေးတစ်လုံးသည် ဂိမ်းဒင်္ဂါး ၂,၀၀၀၊ ၅၀ ရာခိုင်နှုန်း ပြန်ပြည့်စေသည့် ဆေးအလတ်တစ်လုံးသည် ၆,၀၀၀ နှင့် အပြည့်ပြန်ပြည့်စေသည့် ဆေးအကြီးတစ်လုံးသည် ၁၂,၀၀၀ ကုန်ကျပေသည်။ ဤကဲ့သို့သော ဈေးနှုန်းသတ်မှတ်ချက်သည် သည်းထိတ်ရင်ဖို သုခဘုံထဲရှိ သွေးပြန်ပြည့်ဆေးများ၏ ဘုံမှတ်ချက်အပေါ် အခြေခံထားခြင်း ဖြစ်ပုံရသည်။
"အများဆုံး ငါးလုံးအထိ စုဆောင်းနိုင်ပါသည်။ ဤပစ္စည်းကို ဆက်တိုက်အသုံးပြုခြင်းသည် အကျိုးသက်ရောက်မှုကို အားနည်းစေမည်ဖြစ်သည်။"
ဆေးအသေးများမှာ တွက်ခြေကိုက်ပုံရသော်လည်း ၎င်းတို့ကို ထပ်ခါတလဲလဲ သောက်သုံးပါက ဆေးအသေးသုံးလုံး၏ အကျိုးသက်ရောက်မှုသည် ဈေးနှုန်းတူရှိသည့် ဆေးအလတ်တစ်လုံးထက် အနည်းငယ်သာ ပိုကောင်းနိုင်ပြီး သိုလှောင်ခန်းနေရာကိုလည်း ပိုယူပေလိမ့်မည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဆေးအကြီးကို ဝယ်ခြင်းကသာ ဘေးအကင်းဆုံးနှင့် နေရာအသက်သာဆုံး ဖြစ်သည်။ သဘာဝကျစွာပင် ဤကဲ့သို့သော ဘေးကင်းပြီး အဆင်ပြေသည့် အတွေ့အကြုံအတွက် ငွေပိုပေးရပေလိမ့်မည်။
နောက်ဆုံးတွင် ဖုန်းပုကြွယ်သည် လက်နှိပ်ဓာတ်မီးတစ်လက်နှင့် ပစ္စတိုအတွက် ကျည်အိမ်နှစ်ခုကို ဝယ်ယူလိုက်သည်။ ကျည်အိမ်တစ်ခုစီတွင် ကျည်ဆံ ခုနစ်တောင့် ပါရှိသည်။ သူ့သေနတ်ထဲတွင် ကျည်ဆံတစ်တောင့် ကျန်ရှိနေသေးသဖြင့် ကျည်အိမ်နှစ်ခုသည် သိုလှောင်ခန်းနေရာ နှစ်နေရာ ယူပေလိမ့်မည်။ ကံကောင်းသည်မှာ သူဝတ်စုံ ဝယ်ထားခြင်းပင်။ ၎င်းမှာ ပရော်ဖက်ရှင်နယ် ဝတ်စုံများကဲ့သို့ ဓားအိမ်နှင့် ကျည်အိတ်များ မပါရှိသော်လည်း ကုတ်အင်္ကျီတွင် အိတ်ကပ်အမြောက်အမြား ပါရှိလေသည်။ ဝတ်စုံလဲပြီးနောက် သူသည် ကျည်အိမ်များကို အင်္ကျီအိတ်ထဲသို့ ထည့်ထားနိုင်ပေသည်။
ဈေးဝယ်ပြီးနောက် ဖုန်းပုကြွယ်သည် ဈေးမှထွက်ကာ ဂိမ်းလော့ဂ်အင်နေရာသို့ ပြန်ရောက်လာခဲ့သည်။ ဓာတ်လှေကားတံခါး ပိတ်သွားပြီးနောက်တွင် စနစ်၏ အသိပေးချက်ကို သူ ရရှိလိုက်သည်။
"သင်၏ ဝတ်စုံကဏ္ဍကို ဖွင့်လိုက်ပါပြီ"
အခန်း (၁၀၀)
ဖုန်းပုကြွယ်၏ မျက်စိရှေ့တွင် ဂိမ်းမီနူး ပေါ်လာ၏။ မြားတစ်ချောင်းက ဝတ်စုံကဏ္ဍကို ညွှန်ပြနေပြီး စနစ်အသံက ပြောလာသည်။
"ဝတ်စုံကဏ္ဍရှိ ပစ္စည်းများကို စိတ်ကြိုက် ပြင်ဆင်ပြီးပါက ဂိမ်းလော့ဂ်အင်နေရာရှိ 'လဲလှယ်ရန်' ရွေးချယ်မှုကို ရွေးချယ်နိုင်ပြီး စနစ်သည် သင့်ဇာတ်ကောင်၏ ရုပ်သွင်ကို အဆင့်မြှင့်တင်ပေးမည် ဖြစ်ပါသည်။"
"အကယ်၍ သင်သည် ဝတ်စုံအားလုံးကို ချွတ်လိုက်လျှင် သို့မဟုတ် လဲလှယ်ခြင်းမပြုမီ ၎င်းတို့ကို ဖျောက်ထားရန် သတ်မှတ်ထားလျှင် သင့်ဇာတ်ကောင်သည် မူလဝတ်စုံရုပ်သွင်သို့ ပြန်လည်ရောက်ရှိသွားမည် ဖြစ်ပါသည်။"
"သတိပေးချက် - ကစားသမားသည် မည်သည့်ဇာတ်လမ်းအတွင်းတွင်မှ ဝတ်စုံများကို ဝတ်ဆင်ခြင်း သို့မဟုတ် ချွတ်ခြင်းတို့ကို ပြုလုပ်၍ မရပါ။ သင်သည် ဝတ်စုံများကို အခြားအများပြည်သူဆိုင်ရာ နေရာများသို့ ယူဆောင်သွားနိုင်သော်လည်း သင့်ဇာတ်ကောင်၏ ရုပ်သွင်မှာ ပြောင်းလဲမည် မဟုတ်ပေ။ ဂိမ်းစတင်သည့်နေရာ၌သာ ဝတ်စုံကို လဲလှယ်နိုင်သည်။"
ဖုန်းပုကြွယ် ထိုသတိပေးချက်ကို ကြားပြီးနောက် သူ့မျက်စိရှေ့တွင် မျက်နှာပြင်တစ်ခု ပေါ်လာပြန်သည်။
"သင်ဝတ်ဆင်ထားသော ဝတ်စုံထဲတွင် အခြားအိုင်တမ်များ ထည့်သွင်းထားခြင်း ရှိမရှိ ကျေးဇူးပြု၍ အတည်ပြုပေးပါ။ အကယ်၍ ရှိခဲ့ပါက လဲလှယ်မှု ပြီးဆုံးသောအခါ ထိုအိုင်တမ်များကို သင်၏ သိုလှောင်အိတ် သို့မဟုတ် သိုလှောင်ခန်းသို့ ရွှေ့ပြောင်းပေးမည် ဖြစ်သည်။ အကယ်၍ သင့်တွင် နေရာလွတ် မလုံလောက်ပါက ထိုအိုင်တမ်များကို စနစ်အီးမေးလ်အဖြစ် ပြောင်းလဲကာ သင့်စာတိုက်ပုံးသို့ ပေးပို့မည် ဖြစ်ပါသည်။ ထိုအီးမေးလ်ကို အပြင်လောကအချိန် ၂၄ နာရီကြာ သိမ်းဆည်းပေးထားမည် ဖြစ်ပါသည်။"
"တော်တော်လေးကို စေ့စပ်သေချာတဲ့ သတိပေးချက်ပဲ"
ဖုန်းပုကြွယ် ရေရွတ်လိုက်သည်။ သို့သော် သူသည် လူသစ်များအတွက် ပုံသေဝတ်စုံကိုသာ ဝတ်ထားခြင်းဖြစ်ပြီး ထိုဝတ်စုံရှိ အိတ်ကပ်ဒီဇိုင်းများမှာ သဲထည့်ရန်လောက်သာ အသုံးဝင်ပေသည်။
သူသည် ဝတ်စုံအားလုံးကို ပြသရန်အဖြစ် သတ်မှတ်လိုက်သော်လည်း မျက်နှာဖုံးကိုမူ ဖျောက်ထားဆဲ ဖြစ်သည်။ သူ့ခြေထောက်တွင် ဂျက်ဇ်ဖိနပ်ကို ဆက်လက် ပြသထားပြီး 'အတည်ပြုသည်' ကို ထပ်မံနှိပ်လိုက်သည်။ ထိုအခါ ဖုန်းပုကြွယ်သည် အဖြူရောင်အလင်းတန်းများအဖြစ် ပျော်ဝင်သွားသည်။ ၎င်းမှာ ဇာတ်လမ်းထဲသို့ ပို့ဆောင်ခံရသည့် ပုံစံနှင့် တူလှသည်။ ခဏချင်းမှာပင် လဲလှယ်မှုက ပြီးဆုံးသွားတော့သည်။
မှန်ထဲတွင် မြင်နေရသော သူ၏ ရုပ်အသစ်ကို ဖုန်းပုကြွယ် အတော်လေး စိတ်ကျေနပ်နေမိသည်။ ဝတ်စုံကို ပြသထားသည့်အချိန်၌ သူ့ရင်ဘတ်တွင် သိုင်းထားသော သိုလှောင်အိတ်က ပျောက်ကွယ်သွားပြီး ကျောပေါ်တွင် ရှိနေသည်ကိုပင် မခံစားရတော့ပေ။ ကစားသမားအနေဖြင့် ပစ္စည်းတစ်ခုခုကို ထုတ်ယူလိုသည့်အခါ မူလသိုလှောင်အိတ်ရှိရာသို့ လက်လှမ်းလိုက်ရုံဖြင့် ထိုပစ္စည်းမှာ ဟင်းလင်းပြင်အက်ကြောင်းတစ်ခုထဲမှ ထွက်ပေါ်လာပေလိမ့်မည်။
အစောပိုင်းက ဖုန်းပုကြွယ်သည် အထောက်အပံ့များဝယ်ယူရန် ဂိမ်းဒင်္ဂါး ၃၀,၀၀၀ သုံးစွဲခဲ့ပြီး သူ့လက်ထဲတွင် ၁၀၄,၆၀၀ ကျန်ရှိနေသေးသည်။ ထိုငွေကို သူ့လက်ထဲတွင် ဆက်လက်ထားရှိရန် လိုအပ်သည်။ အကယ်၍ သူ ပိုက်ဆံအားလုံး သုံးပစ်လိုက်ပါက ဈေးကောင်းရမည့် ပစ္စည်းကိရိယာများ ရရှိခဲ့လျှင်ပင် ၎င်းအတွက် ဝန်ဆောင်ခပေးရန် ပိုက်ဆံမရှိပါက အခက်တွေ့ပေလိမ့်မည်။
စကေးအမှတ် ၁,၀၈၀ နှင့် ပတ်သက်၍မူ ဖုန်းပုကြွယ်သည် လောလောဆယ် သိမ်းထားရန်သာ ဆုံးဖြတ်လိုက်သည်။ သူသည် ပစ္စည်းကိရိယာများ ပြတ်လတ်နေခြင်းမဟုတ်ဘဲ တိုက်ခိုက်ရေး အတွေ့အကြုံသာ လိုအပ်နေခြင်း ဖြစ်သည်။ အက်ခိုးချပ်ဝတ် သူ၏ သိုလှောင်အိတ်ထဲတွင်ရှိနေသည်မှာ ဇာတ်လမ်းသုံးခုစာလောက် ရှိနေပြီဖြစ်သော်လည်း ယခုထက်ထိ ဝတ်ဆင်နိုင်ခြင်း မရှိသေးပေ။ သူသည် သူ့ကျွမ်းကျင်မှုအဆင့်ကို ၎င်းအားဝတ်ဆင်နိုင်မည့် အဆင့်အထိ တိုးမြှင့်နိုင်ရန် အကြိမ်ကြိမ် မျှော်လင့်ခဲ့သော်လည်း အကြိမ်တိုင်းတွင် ကျရှုံးခဲ့ရသည်။ ကြည့်ရသည်မှာ အဆင့် ၁၅ တွင် အထွေထွေကျွမ်းကျင်မှုကို အဆင့် C အထိ မြှင့်တင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ နောက်လာမည့် သတ်ဖြတ်ခြင်းဂိမ်းတွင် သူ၏ လက်မှုပညာကျွမ်းကျင်မှု တိုးတက်လာလိမ့်မည်ဟုသာ သူမျှော်လင့်နိုင်တော့သည်။
အမှန်စင်စစ် ဖုန်းပုကြွယ်သည် ဈေးဝယ်ခြင်းနှင့် ပြင်ဆင်ခြင်းတို့အပါအဝင် အစမှ အဆုံးအထိ ဂိမ်းတွင်းအချိန် မိနစ်နှစ်ဆယ်ခန့်သာ အသုံးပြုခဲ့သည်။ သို့သော်လည်း ထိုတိုတောင်းသော အချိန်အတွင်းမှာပင် ရီရူလီသည် ဂိုဏ်းတံဆိပ်ဒီဇိုင်းကို အပြီးသတ်နိုင်ခဲ့သည်။
ဖုန်းပုကြွယ် ဂိမ်းလော့ဂ်အင်နေရာသို့ ပြန်ရောက်လာသည့်အချိန်တွင် သူ့ဝတ်စုံ ဘယ်ဘက်လက်မောင်းပေါ်ရှိ တံဆိပ်မှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သော်လည်း ထိုအချိန်က သူ သတိမထားမိခဲ့ပေ။ မှန်ထဲ ကြည့်လိုက်သည့် အခါမှသာ ထိုအပြောင်းအလဲကို သူ သတိပြုမိလိုက်ခြင်း ဖြစ်သည်။
ထို့နောက် သူသည် လူမှုဆက်ဆံရေးကဏ္ဍရှိ ဂိုဏ်းစာမျက်နှာကို ကြည့်ရှုလိုက်သည်။ ဝမ်တန်ကျိ၊ ရီရူယွီနှင့် ရီရူလီတို့အားလုံးသည် ဂိမ်းထဲတွင် ရှိနေကြသော်လည်း အမှန်တကယ်တွင်မူ သူတို့ ဇာတ်လမ်းထဲဝင်ရန် တန်းစီနေကြသည်မှာ မကြာသေးပေ။ သူငယ်ချင်းစာမျက်နှာတွင်မူ သူတို့ သုံးယောက်အပြင် အစ်ကိုလုံ၏ နာမည်က မီးခိုးရောင်သန်းနေဆဲ ဖြစ်သည်။ အစ်ကိုလုံသည် ဒီည ဂိမ်းထဲဝင်လာမည့်ပုံ မပေါ်သဖြင့် ဖုန်းပုကြွယ်အနေဖြင့် သူ့ကို ဂိုဏ်းထဲသွင်းမည့် ကိစ္စကို နောက်မှသာ လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။
ဖုန်းပုကြွယ်သည် ကျည်အိမ်နှစ်ခုကို သိုလှောင်အိတ်ထဲမှ ထုတ်ယူကာ သူ့ကုတ်အင်္ကျီအတွင်းအိတ်ထဲသို့ ထည့်လိုက်သည်။ သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ့အာရုံကို ထိတွေ့စခရင်ဆီသို့ ပြန်လည်ပို့ဆောင်လိုက်၏။ သူ ဇာတ်လမ်းမီနူးကို ဖွင့်လိုက်သည်။ ကစားသမားများ အဆင့် ၁၅ သို့ ရောက်ရှိသည့်အခါ သူတို့သည် လူသစ်အဆင့်နှင့် အစောပိုင်း တိုးတက်မှုအဆင့်ကို တရားဝင်ကျော်ဖြတ်ပြီး ဂိမ်း၏ အလယ်အလတ်အဆင့်သို့ ရောက်ရှိလာကြပြီ ဖြစ်သည်။
အဆင့် ၅ မှ အဆင့် ၁၄ အထိတွင် ဂိမ်းမုဒ်နှစ်ခုသာ ရှိသော်လည်း ယခုအခါ လေးခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။ တစ်ကိုယ်တော်ရှင်သန်ခြင်းမုဒ် (သာမန်)၊ တစ်ကိုယ်တော်ရှင်သန်ခြင်းမုဒ် (အိပ်မက်ဆိုး)၊ အဖွဲ့လိုက် ရှင်သန်ခြင်းမုဒ် (သာမန်) နှင့် သတ်ဖြတ်ခြင်းဂိမ်းတို့ ဖြစ်သည်။ ထိုအထဲတွင် သတ်ဖြတ်ခြင်းဂိမ်းကို ကစားနိုင်သည့် နည်းလမ်းလေးမျိုး ရှိ၏။ ၁-၁၊ ၂-၂၊ ၃-၃ နှင့် ၃ ယောက်မှ ၆ ယောက်အထိ ပါဝင်နိုင်သည့် အားလုံးကျပန်းတိုက်ခိုက်သည့်ပွဲတို့ ဖြစ်သည်။
ပထမနည်းလမ်း သုံးမျိုးအတွက် ကစားသမားများသည် ဂိမ်းထဲဝင်ရန် တန်းစီနိုင်ပြီး ကျပန်းရန်သူများနှင့် တွေ့ဆုံရမည် ဖြစ်သည်။ အဖွဲ့လိုက်လည်း ဝင်ရောက်နိုင်သော်လည်း အဖွဲ့ဝင်များမှာ တူညီသော ဘက်တော်သားများ ဖြစ်ရမည်ဖြစ်သဖြင့် အများဆုံး သုံးယောက်အထိသာ အတူတူ တန်းစီနိုင်သည်။ လေးယောက်အဖွဲ့သည် သတ်ဖြတ်ခြင်းဂိမ်းကို ကစား၍မရသလို သုံးယောက်အဖွဲ့သည်လည်း ၃-၃ ပွဲကိုသာ ကစားနိုင်ပြီး ၂-၂ ပွဲကို ကစား၍ မရပေ။ အတိုချုပ်ပြောရလျှင် တစ်ဖက်အဖွဲ့ထဲသို့ သူလျှိုထည့်ရန်မှာ မဖြစ်နိုင်သော အချက်ပင်။
ဂိမ်းထဲသို့ ဝင်နိုင်သည့် နောက်ထပ်နည်းလမ်းတစ်ခုမှာ 'စိန်ခေါ်ခြင်း' ဖြစ်သည်။ အခြားကစားသမားများကို သူတို့နယ်မြေထဲသို့ လာရောက်တိုက်ခိုက်ရန် ဖိတ်ခေါ်ခြင်းမှာ မရှိမဖြစ် လိုအပ်သောအရာ ဖြစ်သည်။ သို့သော်လည်း ထိုသို့ပြုလုပ်ရန်အတွက် အချို့ကန့်သတ်ချက်များ ရှိနေပေသည်။
ပထမအချက် စိန်ခေါ်သူနှင့် စိန်ခေါ်ခံရသူ နှစ်ဦးလုံးသည် တစ်ဦးနှင့်တစ်ဦး၏ လူမှုဆက်ဆံရေးကဏ္ဍတွင် ရှိနေရမည် ဖြစ်သည်။ တစ်နည်းအားဖြင့် 'သူငယ်ချင်း'၊ 'အမည်ပျက်စာရင်း'၊ 'မကြာသေးမီက အတူကစားခဲ့သူ' သို့မဟုတ် 'ဂိုဏ်းဝင်' စသည်တို့ထဲမှ တစ်ခုခု ဖြစ်ရမည် ဖြစ်သည်။ သည်းထိတ်ရင်ဖို သုခဘုံထဲတွင် အမည်ပျက်စာရင်းသည် တစ်ဖက်သတ် ပြုလုပ်နိုင်သည့် အရာဖြစ်သဖြင့်... အကယ်၍ သင်သည် ကစားသမားတစ်ဦး၏ နာမည်ကိုသာ ကြားဖူးပြီး ဂိမ်းထဲတွင် မဆုံဖူးပါက ၎င်းကို စိန်ခေါ်နိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ သူငယ်ချင်းအဖြစ် အရင်အပ်နှံရန်ဖြစ်ပြီး ၎င်းက လက်ခံမှသာ စိန်ခေါ်နိုင်မည် ဖြစ်သည်။
ဤအချက်သည် အဆင့်သတ်မှတ်ချက် ဇယားပေါ်ရှိ ကစားသမားများအား နေ့စဉ် အလွယ်တကူ စိန်ခေါ်ခံရခြင်းမှ ကာကွယ်ပေးထား၏။ သူတို့အနေဖြင့် ဂိမ်းလော့ဂ်အင် နေရာသို့ ပြန်ရောက်သည့်အခါတိုင်း သူငယ်ချင်းအဖြစ် အပ်နှံထားသူ အမြောက်အမြားကို ပယ်ချရန်နှင့် အီးမေးလ် အမြောက်အမြားကို ဖျက်ပစ်ရန်သာ လိုအပ်ပေလိမ့်မည်... ။နာမည်ကြီးတစ်ယောက် ဖြစ်လာပြီးနောက်တွင် ဤကဲ့သို့သော ဖိအားများကို သူတို့ ခံနိုင်ရည်ရှိရပေမည်။ သူတို့ တကယ် သူငယ်ချင်းဖြစ်ချင်သည့် သူများကို မှားပယ်ချမိမှာကိုလည်း စိုးရိမ်စရာ မလိုပေ။ အကြောင်းမှာ ၎င်းတို့ကို 'မကြာသေးမီက အတူကစားခဲ့သူများ' စာရင်းထဲတွင် ပြန်ရှာနိုင်သောကြောင့် ဖြစ်သည်။
'စိန်ခေါ်ခြင်း' ၏ ဒုတိယအချက်မှာ ၁-၁ ပွဲမှလွဲ၍ ကျန်ပွဲများတွင် တစ်ဖက်လူသည်လည်း အဖွဲ့လိုက် ရှိနေရမည် ဖြစ်သည်။ ဤအချက်သည် 'သူလျှို' များ ပေါ်ပေါက်လာခြင်းကို တားဆီးရန် ဖြစ်သည်။ ဥပမာအားဖြင့် ၃-၃ ပွဲတွင် လူသုံးယောက်က လူတစ်ယောက်ကို စိန်ခေါ်လိုက်ပြီး ထိုလူသည် တကယ်တမ်းတွင် သူတို့အဖွဲ့ဝင်ဖြစ်နေကာ အဖွဲ့ထဲသို့ ပါလာမည့် အခြားကစားသမား နှစ်ယောက်ကို နှောင့်ယှက်မည့် သူလျှိုအဖြစ် လုပ်ဆောင်ခြင်းမျိုး... ၎င်းမှာ ဖြစ်လာလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ သုံးယောက်အဖွဲ့၏ စိန်ခေါ်မှုကို သုံးယောက်အဖွဲ့ကသာ လက်ခံနိုင်သောကြောင့် ဖြစ်သည်။
မှန်ပေသည် အကယ်၍ ကျပန်းတန်းစီရာမှ နှစ်ဖက်အဖွဲ့သားများသည် တစ်ဦးနှင့်တစ်ဦး သိနေကြသူများ ဖြစ်နေခဲ့ပါက ၎င်းမှာ ဖြစ်ခဲလှသော်လည်း အကယ်၍ ဖြစ်လာခဲ့လျှင်လည်း စနစ်၏ AFK ဆိုင်ရာ သဘောတရားကို သတ်ဖြတ်ခြင်းဂိမ်းတွင်လည်း အသုံးချနိုင်မည် ဖြစ်သည်။ ၎င်းမှာ အဖွဲ့သားများကို သစ္စာဖောက်သည့်လူ၏ ကြောက်ရွံ့မှုအမှတ်ကို တိုးမြှင့်ရုံလောက်သာ မဟုတ်ဘဲ ပိုပြင်းထန်ပေလိမ့်မည်။
သတ်ဖြတ်ခြင်းဂိမ်းတွင် အခြားအဖွဲ့ကို ကူညီနေသည်ဟု သတ်မှတ်ခံရသော သို့မဟုတ် မိမိအဖွဲ့သားများအပေါ် တမင်သက်သက် အခွင့်အရေးယူနေသော ကစားသမားများသည် သူတို့၏ စကေးအမှတ်များ လျော့နည်းသွားမည် ဖြစ်သည်။ လက်ရှိဇာတ်လမ်းမှ ရရှိမည့် စကေးအမှတ်များကို လျှော့ချပြီးနောက် သူတို့တွင် ရှိနှင့်ပြီးသား အမှတ်များကိုပါ ဆက်လက်လျှော့ချမည် ဖြစ်သည်။ အကယ်၍ သူတို့တွင် အမှတ်များစွာ မရှိပါက အနှုတ်ပြသည့်အထိပင် လျော့နည်းသွားနိုင်ပေသည်။ ထို့ကြောင့် ကစားသမားတစ်ဦးသည် သတ်ဖြတ်ခြင်းဂိမ်းတွင် တမင်သက်သက် ပြဿနာရှာမည်ဆိုပါက စကေးအမှတ်များစွာ ဆုံးရှုံးရပေလိမ့်မည်။ အချိန်အတိုင်းအတာတစ်ခုအထိ အတင်းအကျပ် လိုင်းဖြတ်ခံရခြင်းအပြင် စကေးအမှတ် ဆုံးရှုံးမှုမှာလည်း ကြီးမားလှသည်။ ဤကဲ့သို့သော အပြုအမူမျိုးကို အကြိမ်ကြိမ်ပြုလုပ်ပြီး ရမ်းကားတတ်သည့် ကစားသမားများမှာမူ အကောင့်ပိတ်ခံရပေလိမ့်မည်။
နောက်ဆုံး ကစားနည်းမှာ သုံးယောက်မှ ခြောက်ယောက်အထိ ပါဝင်နိုင်သည့် ကျပန်းတိုက်ခိုက်သည့်ပွဲ ဖြစ်သည်။ ၎င်းမှာ နားလည်ရ လွယ်ကူလှသည်။ နောက်ဆုံး တစ်ယောက်တည်း ကျန်သည့်အထိ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ကြရမည် ဖြစ်သည်။ နောက်ဆုံး ရှင်သန်ကျန်ရစ်သူက အနိုင်ရရှိသူ ဖြစ်သည်။
စမ်းသပ်ကာလအတွင်းက ဖန်တွမ်ဒေါင်းသည် ဤမုဒ်တွင် သူ၏ စည်းကမ်းထိန်းသိမ်းရေးစတူဒီယို အဖွဲ့သားသုံးယောက်နှင့် ဆုံခဲ့ပြီး သူတို့အားလုံးကို မညှာမတာ သတ်ဖြတ်ခဲ့သည်။ ထိုကဲ့သို့သော အရာမျိုးသည် စမ်းသပ်ကာလအတွင်းမှာသာ ဖြစ်နိုင်ခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က ဤမုဒ်ကို ကစားနိုင်သည့် အဆင့်မြင့်ကစားသမား အရေအတွက်မှာ အကန့်အသတ်သာ ရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူတို့ လေးယောက်သည် တစ်ဦးနှင့်တစ်ဦး ဆုံတွေ့ခဲ့ကြခြင်း ဖြစ်သည်။ ယခုအခါ တရားဝင်ကာလဖြစ်နေပြီဖြစ်ရာ သူတို့ ထိုသို့လုပ်ချင်လျှင်ပင် လုပ်နိုင်တော့မည် မဟုတ်ပေ။
ဖုန်းပုကြွယ်သည် အဆင့် ၁၅ သို့ ရောက်ရှိလာသောအခါ သတ်ဖြတ်ခြင်းဂိမ်းကို စမ်းသပ်ကစားရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ သို့သော် ၎င်းမှာ သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်သဖြင့် အနိုင်ရရန်အတွက် မျှော်လင့်ချက် သိပ်မရှိလှပေ။ သူ၏ အဓိကရည်မှန်းချက်သည် ဤမုဒ်အသစ်နှင့် ရင်းနှီးကျွမ်းဝင်ရန်သာ ဖြစ်သဖြင့် လူအမြောက်အမြား ပါဝင်သည့် တိုက်ပွဲထဲသို့ ဝင်ရောက်ရန် မစဉ်းစားသေးပေ။ ပထမအချက်မှာ သူသည် တခြားသူများအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်မှာကို စိုးရိမ်ခြင်းဖြစ်ပြီး ဒုတိယအချက်မှာ ဂိမ်းကို မည်သို့ကစားရကြောင်း မသိခင်မှာပင် အသတ်ခံရမှာကို စိုးရိမ်ခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့် ဖုန်းပုကြွယ်သည် သတ်ဖြတ်ခြင်းဂိမ်းကို ရွေးချယ်ကာ ၁-၁ ပွဲကို နှိပ်လိုက်ပြီး ကျပန်းတန်းစီခြင်းထဲသို့ ဝင်ရောက်လိုက်တော့သည်။