အခန်း (၁၀၁-၁၀၂)
Vol. 11 Ch. 101-102
အခန်း (၁၀၁)
"ဖုန်းပုကြွယ်၊ အဆင့် ၁၅"
"သင် ပါဝင်လိုသော ဂိမ်းမုဒ်ကို ရွေးချယ်ပေးပါ။"
"သင်သည် သတ်ဖြတ်ခြင်းဂိမ်း ၁v၁ ကို ရွေးချယ်ထားပါသည်။ အတည်ပြုပေးပါ။"
"အတည်ပြုပြီးပါပြီ၊ ဇာတ်လမ်းဖန်တီးနေသည်..."
"ဒေါင်းလုဒ်ဆွဲနေသည်။ ခေတ္တစောင့်ဆိုင်းပေးပါ။"
ထို့နောက် ဖုန်းပုကြွယ်၏ မျက်စိရှေ့တွင် အရာအားလုံး မည်းမှောင်သွားပြီး စာသားအချို့ ထွက်ပေါ်လာသည်။ စာတန်းထိုးများနှင့် အသံလမ်းညွှန်များက အထက်သို့ လိပ်တက်သွား၏။
"သတ်ဖြတ်ခြင်းဂိမ်း၏ အဓိကအချက်မှာ ကစားသမားအချင်းချင်း တိုက်ခိုက်ခြင်း ဖြစ်ပါသည်။ ဤမုဒ်တွင် ဇာတ်လမ်း၏ ခြောက်ခြားမှုအစိတ်အပိုင်းကို လျှော့ချထားမည်ဖြစ်ပြီး ကမ္ဘာ့တည်ဆောက်ပုံ သို့မဟုတ် မစ်ရှင်တစ်ခုခုကို စတင်နိုင်ရန် အခွင့်အရေးရှိလိမ့်မည်။ မြေပုံ၏ အရွယ်အစားမှာ ကစားသမားအရေအတွက်နှင့် သူတို့၏ တစ်ဦးချင်း စွမ်းဆောင်ရည်ပေါ်တွင် မူတည်လိမ့်မည်။"
"အဖွဲ့တက်ဘ်တွင် သင့်အသင်းဖော်များနှင့် ပြိုင်ဘက်များ၏ ဂိမ်းအမည်၊ အဆင့်နှင့် အသက်အမှတ် အခြေအနေတို့ကို မြင်တွေ့နိုင်ပါသည်။"
"အဖွဲ့လိုက် ရှင်သန်ခြင်းမုဒ်မှ ကစားသမားအချင်းချင်း ဆက်ဆံရေး စည်းကမ်းချက် A မှ E အထိမှာ ဤမုဒ်တွင်လည်း အကျုံးဝင်ဆဲဖြစ်သည်။ အကယ်၍ သင်သည် ဤစည်းကမ်းချက်များကို မရင်းနှီးပါက အောက်ပါလင့်ခ်ကို နှိပ်၍ ဖတ်ရှုနိုင်ပါသည်။"
"အထက်ပါ အရိပ်အမြွက်များကို သင် သတ်ဖြတ်ခြင်းဂိမ်းသို့ ပထမဆုံးအကြိမ် ဝင်ရောက်ချိန်တွင် ပေးထားခြင်းဖြစ်သည်။ ဂိမ်းတွင် ကံကောင်းပါစေ။"
အရိပ်အမြွက်များကို ဖတ်ပြီးနောက် ဖုန်းပုကြွယ်သည် 'သည်းထိတ်ရင်ဖိုသုခဘုံမှ ကြိုဆိုပါသည်' ဟူသော အသံကို မကြားရဘဲ ထိုအစား ဟောက်ကင်လေယူလေသိမ်းဖြင့် အမျိုးသားတစ်ဦး၏ အသံကို ကြားလိုက်ရသည်။
"မင်းရဲ့ ပြိုင်ဘက်တွေကို တုန်လှုပ်သွားအောင် လုပ်လိုက်စမ်း၊ သူတို့ကို တကယ့် အကြောက်တရားနဲ့ မိတ်ဆက်ပေးလိုက်ပါ"
ထို့ကြောင့် ဤသတ်ဖြတ်ခြင်းဂိမ်း၏ အဖွင့်က ထူးခြားနေလေသည်။ ထို့နောက် နောက်ထပ် အဆင့်အတွက် အရိပ်အမြွက် ပေါ်လာသည်။
“ဒေါင်းလုဒ်ပြီးဆုံးပါပြီ။ သင်သည် လက်ရှိတွင် သတ်ဖြတ်ခြင်းဂိမ်းကို ကစားနေပါသည်။”
"ဤမုဒ်တွင် ဇာတ်လမ်းမိတ်ဆက်ကို ပေးထားပြီး ဖုံးကွယ်ထားသော ဘေးထွက်တာဝန်များနှင့် အထူးကမ္ဘာ့တည်ဆောက်ပုံများကို နိုးဆွနိုင်ရန် အခွင့်အရေး ရှိပါသည်။"
"ဇာတ်လမ်းတွင် အောင်မြင်မှုအတွက် ဆုလာဘ် - စကေးအမှတ် ၅၀"
"ဇာတ်လမ်းမိတ်ဆက်ကို မကြာမီ ပြသပါတော့မည်။ ထို့နောက်တွင် ဂိမ်းကို ချက်ချင်း စတင်ပါမည်။"
ဖုန်းပုကြွယ်၏ မျက်စိရှေ့တွင် အဖွင့်ရုပ်ရှင်ကားချပ် ပေါ်လာလေသည်။ ၎င်းမှာ ဆိတ်ငြိမ်ပြီး မှောင်မည်းနေသော ပတ်ဝန်းကျင်တစ်ခု ဖြစ်သည်။ သူသည် ပြန့်ပြူးသော တောင်ကုန်းတစ်ခုပေါ်တွင် ရပ်နေပြီး သူ့ညာဘက်တွင် တောင်နံရံတစ်ခု ရှိနေသည်။ ထိုနံရံတွင် ခြောက်သွေ့နေသော အလောင်းများနှင့် အရိုးစုများဖြင့် ပြည့်နှက်နေလေ၏။ မှုန်ရီသော လရောင်က ထိုဝမ်းနည်းဖွယ် မြင်ကွင်းကို လင်းလက်နေစေသည်။
ထို့နောက် မယုံနိုင်ဖွယ် ဇာတ်လမ်းမိတ်ဆက်ကို သူ ကြားလိုက်ရတော့သည်...။
"နတ်ဆိုးနယ်မြေ၏ ဒဏ္ဍာရီက နတ်ဘုရားတို့၏ ကုန်းမြေကို ညစ်ညမ်းစေပြီး ရွှမ်ဂိုဏ်း၏ ဒဏ္ဍာရီက ကမ္ဘာကို တုန်လှုပ်စေသည်။ ရွှမ်ယွမ်က ဤဘဝတွင် ရှုံးနိမ့်မှုကို ရှာဖွေနေပြီး ကွေ့ကျန်းက ကမ္ဘာကြီးကို ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းနေသည်။"
"ဟေး... ဘာတွေ ဖြစ်ကုန်တာလဲ... ဒါက မိုးကြိုးကုန်းမြေပဲဟ..."
ဖုန်းပုကြွယ်စိတ်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ဝင်လာရသည်။
"လကြတ်သောညတွင် ဝမ်းနည်းဖွယ် မြူနှင်းများ ဖုံးလွှမ်းနေခဲ့သည်။ မှိန်ဖျော့သော ကြယ်အလင်းရောင်က ချိတ်ဆွဲထားသော အသက်ဓာတ်မီးအိမ်များပေါ်သို့ ဖြာကျနေ၏။ ကြက်သီးထဖွယ် စိမ်းဖန့်ဖန့်အလင်းရောင်၊ တံလျှပ်ကဲ့သို့ သရဲအရိပ်များသည် ငရဲလောကနှင့်ပင် တူလှသည်။ အလောင်းများ ချိတ်ဆွဲထားသော နံရံအောက်တွင် ပြင်းထန်သော လေပြင်းများ တိုက်ခတ်နေခဲ့သည်။ ထိုနေရာတွင် အခြားကမ္ဘာမှ လူနှစ်ဦး ရှိနေပါသည်။ တစ်ဦးမှာ တည်ငြိမ်သော မျက်နှာထားဖြင့် စိုးရိမ်တကြီး စောင့်ဆိုင်းနေပြီး အခြားတစ်ဦးမှာမူ ဓားတစ်လက်ကို ကိုင်ဆောင်ကာ ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။"
[ဘယ်သူနိုင်မလဲ၊ ဘယ်သူရှုံးမလဲ၊ ဘယ်သူသေပြီး ဘယ်သူရှင်မလဲ]
"ဒါက တကယ်ကြီးကိုး..."
ဖုန်းပုကြွယ်က ဆိုသည်။
"ပြောရမယ်ဆိုရင် အခြေအနေအရဆိုရင် စစချင်းချင်းပဲ ထိပ်တိုက်တွေ့တော့မှာလား"
အမှန်တကယ် သူ ခန့်မှန်းသည်က မှန်ကန်သွား၏။
၎င်းမှာ ဇာတ်လမ်း၏ အကျဉ်းချုပ် ဖြစ်သည်။ ပြီးဆုံးသွားသောအခါ ဖုန်းပုကြွယ်သည် ပြန်လည်လှုပ်ရှားနိုင်စွမ်း ရှိလာလေသည်။ သူ ချက်ချင်းပင် ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ရာ သူ၏ နောက်ဘက် မီတာတစ်ရာခန့် အကွာတွင် လူရိပ်တစ်ခု ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူ့နည်းတူပင် ထိုလူသည်လည်း လှည့်ကြည့်လာခြင်း ဖြစ်သည်။
“ပင်မတာဝန် စတင်ပါပြီ”
“ရန်သူအဖွဲ့ဝင်အားလုံးကို သတ်ဖြတ်ပါ”
“လျှို့ဝှက်တာဝန် စတင်ပါပြီ”
“သင့်အတွက် ကဗျာဆန်သော ကိုယ်ပိုင်ဘွဲ့အမည်တစ်ခု ဖန်တီးပြီး ၎င်းနှင့် ကိုက်ညီသော စိတ်ဝိညာဉ်လက်နက်ကို ရယူပါ။”
စနစ်၏ ကြေညာချက်များက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတော့သည်။ ဖုန်းပုကြွယ်မှာ ဤဇာတ်လမ်းကြောင့် ဆွံ့အသွားရသည်။ လျှို့ဝှက်တာဝန်က အခုလို ရုတ်တရက် ပေါ်လာပြီး တာဝန်၏ အကြောင်းအရာအရ သူသည် ဇာတ်လမ်းအတွင်းထဲမှာပဲ ဆုလာဘ်ကို ရယူနိုင်တယ်တဲ့။ ဒါက ဘယ်လို ဂိမ်းမျိုးပါလိမ့်။
အမှန်စင်စစ်... ဤသတ်မှတ်ချက်သည် စနစ်က ဖုန်းပုကြွယ်ကဲ့သို့ ကစားသမားများအတွက် လမ်းဖွင့်ပေးထားခြင်း ဖြစ်သည်။
၁-၁ သတ်ဖြတ်ခြင်းဂိမ်းသည် ပုံမှန်အားဖြင့် ထိုမျှ မရှုပ်ထွေးပေ။ ကစားသမားများသည် ဆုံမိသည်နှင့် တိုက်ခိုက်ကြပြီး မိနစ်ပိုင်းအတွင်း အဆုံးအဖြတ် ပေါ်ထွက်သွားတတ်သည်။ ထို့ကြောင့် အနိုင်ရသူအတွက် ဆုလာဘ်နည်းပါးပြီး ရှုံးနိမ့်သူမှာ တိုက်ပွဲမှရရှိသော စကေးအမှတ်အချို့မှလွဲ၍ ဘာမှရလိမ့်မည်မဟုတ်ပေ။ သို့သော် ရှားရှားပါးပါး အခြေအနေများတွင် ၁-၁ တိုက်ပွဲမှာ နာရီပေါင်းများစွာ သို့မဟုတ် တစ်ရက် နှစ်ရက်အထိ ကြာမြင့်တတ်သည့် ဇာတ်လမ်းမျိုးလည်း ရှိတတ်သည်။ ဥပမာအားဖြင့် ပစ်ခတ်ရေးကျွမ်းကျင်မှုရှိသော ကစားသမားနှစ်ဦးကို သီးခြားကျွန်းတစ်ခုပေါ်သို့ ပို့လိုက်ပြီး စနစ်က ထိုနေရာတွင် တောအုပ်၊ လျှို့ဝှက်သုတေသနစင်တာနှင့် ပင်လယ်ဓားပြစခန်း စသည်တို့ကို ထည့်သွင်းထားလျှင် ဖြစ်သည်။ ထိုသို့သော အခြေအနေတွင် ဘေးထွက်တာဝန်များစွာ ရှိနေမည်ဖြစ်ပြီး အနိုင်ရရှိမှုအတွက် ဆုလာဘ်မှာလည်း ပိုမိုမြင့်မားပေလိမ့်မည်။
၂-၂၊ ၃-၃ သို့မဟုတ် ကျပန်းသတ်ဖြတ်ခြင်းဂိမ်းတွင် ဇာတ်လမ်းက ပိုရှုပ်ထွေးလိမ့်မည် ဖြစ်သည်။ စနစ်က ကစားသမားများကို အဖွဲ့အသီးသီးသို့ ဝင်ခိုင်းခြင်း သို့မဟုတ် လွတ်လပ်မှု မြင့်မားသော သီးခြားပတ်ဝန်းကျင်တစ်ခုအတွင်းသို့ ပို့ဆောင်ပေးခြင်းမျိုး ပြုလုပ်နိုင်သည်။ ထို့နောက် စနစ်က ကျောင်းတော်၏ စဉ်းစားမရသော ထူးဆန်းမှု ခုနစ်ခုကဲ့သို့ ထူးဆန်းသော စည်းကမ်းချက်များကို သတ်မှတ်ပေးပြီး နည်းဗျူဟာပိုင်း ကျွမ်းကျင်သော ကစားသမားများအတွက် နေရာပေးလေ့ရှိသည်။
သို့သော်လည်း ၁-၁ ဇာတ်လမ်းတွင်မူ ရိုးရှင်းပြီး တိုက်ရိုက်ကျသော ဇာတ်လမ်းများသာ ပိုမိုများပြားလေသည်။ တိုက်ခိုက်ရေး ကစားသမားများက အဓိကဖြစ်ပြီး သူတို့တွင် အသာစီးရမှု ကြီးမားသည်။ ဖုန်းပုကြွယ်ကဲ့သို့ ပဟေဠိဖြေရှင်းသည့် ကစားသမားများမှာမူ... ယခု အခြေအနေကို ကြည့်လျှင် စနစ်သာ ဤလျှို့ဝှက်တာဝန်ကို မပေးခဲ့ပါက သူသည် တိုက်ခိုက်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။
ယခုအခါ အခွင့်အရေးရလာပြီဖြစ်ရာ ယင်းကို သူ ဆုပ်ကိုင်နိုင်မလား ဆိုသည်မှာ သူ့အပေါ်တွင်သာ မူတည်တော့သည်။
မှန်ပေသည် ဤတာဝန်ကို နှစ်ဖက်လုံးထံ ပေးထားခြင်းဖြစ်ရာ အလွန်တရားမျှတသည်။ အကယ်၍ ဖုန်းပုကြွယ်၏ ပြိုင်ဘက်က ဉာဏ်ပညာရော ခွန်အားပါ ပြည့်စုံသူဖြစ်ပါက ပြောစရာမရှိပေ။ သူ အနိုင်ရသင့်ပေသည်။ ဉာဏ်ပညာရော ခွန်အားပါ ပြည့်စုံသော ကစားသမားတစ်ဦးသည် တိုက်ခိုက်ရေးသမားကို ၁-၁ တိုက်ပွဲတွင် အနိုင်ရနိုင်စွမ်း ရှိသည်။
ဖုန်းပုကြွယ်ကား အမှန်တကယ် ကံဆိုးလှသည်။ သူသည် လက်ရုံးရည်ရော နှလုံးရည်ပါ ပြည့်စုံသည်ဟု ဆိုနိုင်သော ပြိုင်ဘက်တစ်ဦးနှင့် တိုးနေရသည်။ ထိုသူ၏ အမည်မှာ 'ပြေးဝင်လာသော ဓားသွား' ဖြစ်ပြီး ကျန်းဟူဂိုဏ်းဝင်တစ်ဦး ဖြစ်သည်။ သူသည် ကျန်းဟူဂိုဏ်း၏ ထင်ရှားသော ကစားသမားတစ်ဦး ဖြစ်၏။ သူတို့၏ ဂိုဏ်းခေါင်းဆောင် 'နားလည်ရခက်သော အပြုံး' နှင့် အခြားသော နာမည်ကျော် ပရော်ဖက်ရှင်နယ် ကစားသမား 'ဓားမဲ့ဓားသမား' တို့နှင့်အတူ သူတို့ သုံးဦးကို ကျန်းဟူ၏ ပညာရှင်သုံးဦးဟု လူသိများကြပေသည်။
သူတို့၏ တိုက်ခိုက်နိုင်စွမ်းကို ဂုဏ်ယူလေ့ရှိသော ဗြဟ္မာအဖွဲ့ပင်လျှင် ထိုသုံးဦး၏ စွမ်းအားကို အသိအမှတ်ပြုကြရသည်။ အမှန်စင်စစ် ဗြဟ္မာနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကဲ့သို့သော နာမည်ကြီးအဖွဲ့အစည်းများသည် သူတို့ သုံးဦးကို စည်းရုံးရန် ကြိုးစားခဲ့ကြသော်လည်း အကြိမ်ကြိမ် ငြင်းပယ်ခြင်း ခံခဲ့ရသည်။ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သည် ကျန်းဟူတစ်ဖွဲ့လုံးကို ဝါးမြိုရန် ပေါင်းစည်းရေး အစီအစဉ်ပင် ရေးဆွဲခဲ့သော်လည်း နောက်ဆုံးတွင် အကောင်အထည် မဖော်နိုင်ခဲ့ပေ။ အဆုံးတွင်မူ ၎င်းမှာ စီးပွားရေးတစ်ခုသာ ဖြစ်သည်။ ကစားသမားသုံးဦးအတွက် ကုမ္ပဏီတစ်ခုလုံးကို ဝယ်ယူရန် စီမံခန့်ခွဲမှုပိုင်းက သဘောတူလိမ့်မည်မဟုတ်ပေ။ အကယ်၍ ထိုသုံးဦးသည် ပေါင်းစည်းပြီးနောက် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ထွက်ခွာသွားပြီး ကိုယ်ပိုင်ကုမ္ပဏီ ထောင်လိုက်ပါက စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှာ သူတို့ကို ပိုက်ဆံ အလကား ပေးလိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
ပြေးဝင်လာသော ဓားသွား၏ စွမ်းရည်အရ သူသည် တိုက်ခိုက်နိုင်စွမ်း အဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံးနှစ်ဆယ်အတွင်း ဝင်ရန် ပြဿနာမရှိသော်လည်း လက်ရှိတွင် သူသည် အဆင့်စာရင်း၌ မပါဝင်သေးပေ။ အကြောင်းမှာ စမ်းသပ်ကာလအတွင်းက သူသည် ဇာတ်ကောင် ဖန်တီးပြီးနောက် ဂိမ်းထဲသို့ ပြန်မဝင်ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။ တရားဝင်ကာလရောက်မှသာ သူသည် အဆင့်မြှင့်တင်ရန် စတင်ခဲ့ခြင်းဖြစ်သည်။ ဖုန်းပုကြွယ်ကဲ့သို့ပင် သူသည် အဆင့် ၁၅ သို့ ရောက်ရှိကာစ ဖြစ်ပြီး ဤသည်မှာ သူ၏ ပထမဆုံးအကြိမ် သတ်ဖြတ်ခြင်းဂိမ်းသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။
သို့သော်လည်း ပြေးဝင်လာသော ဓားသွားသည် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ထိပ်တန်းကစားသမားများနှင့် မတူညီပေ။ သူသည် စမ်းသပ်ကာလတွင် မကစားနိုင်ခဲ့ခြင်းမှာ မကစားချင်၍ မဟုတ်ဘဲ အချိန်မပေးနိုင်သောကြောင့် ဖြစ်သည်။
ကျန်းဟူသည် လက်တွေ့ဘဝတွင် အခြေခံမှ စတင်ခဲ့ရသော ကုမ္ပဏီတစ်ခု ဖြစ်သည်။ နားလည်ရခက်သော အပြုံး၊ ဓားမဲ့ဓားသမားနှင့် ပြေးဝင်လာသော ဓားသွားတို့မှာ စတူဒီယို၏ ကနဦး အဖွဲ့ဝင်များ ဖြစ်ကြသည်။ သူတို့ သုံးဦးသည် ချမ်းသာသော မိသားစုမှ လာသူများ မဟုတ်ကြပေ။ အကယ်၍ စတူဒီယိုသာ ကျရှုံးခဲ့ပါက သူတို့သည် ဘဏ်နှင့် သူငယ်ချင်း၊ ဆွေမျိုးများထံမှ ချေးယူထားသော ကြွေးမြီများကြောင့် လမ်းဘေးရောက်သွားနိုင်သည့် အခြေအနေ ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် သူတို့ အောင်မြင်ခဲ့ကြသည်။ သူတို့၏ စွမ်းရည်နှင့် စီမံခန့်ခွဲမှုတို့ကြောင့် ကျန်းဟူမှာ လက်ရှိတွင် အောင်မြင်သော အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့သည်။ ကြွေးမြီများ ဆပ်ပြီးနောက် ကုမ္ပဏီသည် ကိုယ်ပိုင်ရုံးခန်း အဆောက်အအုံသို့ ပြောင်းရွှေ့နိုင်ခဲ့ပြီး ဝန်ထမ်းပေါင်း တစ်ရာကျော် ရှိလာခဲ့သည်။ တစ်နည်းအားဖြင့် သူတို့သည် ပရော်ဖက်ရှင်နယ် ကစားသမားများမှသည် လူငယ်လုပ်ငန်းရှင်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြသည်။
သို့သော်လည်း ပရော်ဖက်ရှင်နယ် ကစားသမားလောကတွင် အနားယူမည့်အချိန်မှာ သူတို့ကိုယ်တိုင် ဆုံးဖြတ်၍ ရလေ့မရှိပေ။ ဤလောကမှာ 'သိုင်းလောက' နှင့် အလွန်တူလှသည်။ ပညာရှင်များမှာ အနားယူချင်တိုင်း အနားယူ၍ ရပါမည်လော။ ထို့အပြင် တိုက်ခိုက်နိုင်စွမ်း ရှိနေသေးသော ပညာရှင်များမှာ မည်သူက အနားယူချင်ပါမည်နည်း။
ထို့ကြောင့် ခေါင်းဆောင် သုံးဦးလုံးမှာ ဂိမ်းတွင်း အလုပ်များကို ကိုယ်တိုင် လုပ်ဆောင်နေကြရဆဲ ဖြစ်သည်။သူတို့သည် ဂိမ်းပြင်ပကိစ္စများသာမက ဂိမ်းတွင်းကိစ္စများကိုပါ စီမံခန့်ခွဲနေရသည်။ စမ်းသပ်ကာလတွင် သူတို့သည် ကုမ္ပဏီ၏ ဂိမ်းပရောဂျက်သစ်များကြောင့် အလွန်အလုပ်ရှုပ်နေသဖြင့် ဂိမ်းထဲသို့ မဝင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယခု လက်ရှိ သတ်ဖြတ်ခြင်းဂိမ်းသို့ ပြန်သွားရလျှင်...
ဖုန်းပုကြွယ်နှင့် ပြေးဝင်လာသော ဓားသွားတို့ကို တိုက်ခိုက်ရန် စီစဉ်ပေးထားခြင်းသည် အချက်တစ်ချက်ကို သက်သေပြနေ၏။ စနစ်က သူသည် ပြိုင်ဘက်နှင့် အင်အားချင်း တူညီသည်ဟု ယူဆထားခြင်းပင်။
သတ်ဖြတ်ခြင်းဂိမ်းတွင် အကြီးမားဆုံး အဆင့်ကွာခြားချက်မှာ အဆင့်ငါးဆင့် ဖြစ်သည်။ အဆင့် ခြောက်ဆင့်နှင့်အထက် ကွာခြားပါက အဖွဲ့ဖွဲ့နိုင်မည်မဟုတ်သလို ပြိုင်ဘက်အဖြစ်လည်း ဆုံနိုင်မည်မဟုတ်ပေ။
အဖွဲ့လိုက်တိုက်ပွဲတွင် စနစ်သည် အင်အားချင်းတူညီသော အဖွဲ့နှစ်ဖွဲ့ကို ဆုံတွေ့စေရန် အစွမ်းကုန် ကြိုးစားပေးလေ့ရှိသည်။ ၁-၁ တိုက်ပွဲတွင်လည်း စနစ်က အင်အားချင်း အလွန်ကွာခြားသော ကစားသမားနှစ်ဦးကို တိုက်ခိုက်ခိုင်းမည်မဟုတ်ပေ။
ထို့ကြောင့် သီအိုရီအရ သတ်ဖြတ်ခြင်းဂိမ်းတိုင်းတွင် နှစ်ဖက်လုံး၌ အနိုင်ရရန် အခွင့်အရေး ရှိသည်။
"အင်း... တစ်ဖက်ကလူက တိုက်ခိုက်ရေးကို အဓိကထားတဲ့ပုံပဲ၊ ဒါကတော့ သိပ်မကောင်းဘူး..."
ဖုန်းပုကြွယ်က အသာအယာ ရေရွတ်လိုက်သည်။ သူသည် ပြေးဝင်လာသော ဓားသွားကို အဝေးမှ လှမ်းကြည့်လိုက်သည်။ ထိုလူသည် အနက်ရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး ဆံပင်ကို မြင်းမြီးပုံစံ စည်းနှောင်ထား၏။ သူ့လက်ထဲရှိ ဓားရှည်မှာ အစောကတည်းက ဆွဲထုတ်ထားပြီးဖြစ်သဖြင့် အေးစက်စက် လင်းလက်နေလေသည်။ ထိုလူ၏ အိုင်ဒီနှင့် အဖွင့်ရုပ်ရှင်မှ "လက်ထဲတွင် ဓားတစ်လက်ကို ကိုင်ဆောင်ကာ ငြိမ်သက်စွာ စောင့်ဆိုင်းနေသော အေးစက်သော လူတစ်ဦး" ဟူသော စာသားကို ပေါင်းစပ်ကြည့်လျှင် ဖုန်းပုကြွယ်တစ်ယောက် အများကြီး နားလည်သွားခဲ့သည်။
သို့သော်လည်း ပြေးဝင်လာသော ဓားသွားက ဖုန်းပုကြွယ်ကို ကြည့်သောအခါ သူ့ပုံစံကို ခန့်မှန်းရ ခက်ခဲနေလေသည်။ အဝေးမှ လူသည် ခရမ်းရောင်ဝတ်စုံကို ဝတ်ထားပြီး ဘတ်မန်းထဲမှ ဂျိုကာပုံစံကို ကော့စ်ပလေးလုပ်ထားသကဲ့သို့ ဖြစ်နေသည်။ သူ့လက်ထဲရှိ လက်နက်များမှာမူ ပစ္စတိုတစ်လက်နှင့်... ဂွတစ်ခု ဖြစ်နေသည်။
ပြေးဝင်လာသော ဓားသွားမှာ စိတ်မရှုပ်ပဲ မနေနိုင်ဖြစ်သွားရသည်။ ဒီလူက ဘာလုပ်နေတာလဲ။ သူ့ဝတ်စုံအရဆိုရင် ခွန်အားကို အဓိကထားတဲ့ ကစားသမား ဟုတ်ပုံမရဘူး။ လက်နက်တစ်ခုက ကိရိယာတစ်ခုဖြစ်ပြီး နောက်တစ်ခုက သေနတ်ဖြစ်နေတယ်။ သူက ပစ်ခတ်ရေးရော လက်မှုပညာပိုင်းကိုရော လေ့ကျင့်နေတာလား။ စနစ်က ပြောတဲ့ 'တည်ငြိမ်တဲ့ မျက်နှာထားနဲ့ လူ' ဆိုတာ သူ့ကို ပြောတာ မဟုတ်လား။ တစ်နည်းအားဖြင့် သူက တည်ငြိမ်ပုံရပေမယ့် တကယ်တမ်းတော့ ယုံကြည်မှု မရှိတာလား။
သူတို့နှစ်ဦး၏ အားပြိုင်မှုမှာ ကြာရှည်မခံခဲ့ပေ။ ပြေးဝင်လာသော ဓားသွားက စတင် လှုပ်ရှားလိုက်တော့သည်။ သူသည် မိမိ၏ စွမ်းရည်အပေါ် အတော်လေး ယုံကြည်မှု ရှိပေသည်။ မည်သို့ပင်ဆိုစေ သူက အရင်ဆုံး တိုက်ခိုက်ပြီး အခြေအနေကို စမ်းသပ်မည်ဖြစ်သည်။ အကယ်၍ ပြိုင်ဘက်က တစ်ချက်တောင်မခံနိုင်ပါက သူ၏ ကံကောင်းမှုသာ ဖြစ်ပေလိမ့်မည်။
"ဟ..."
ပြေးဝင်လာသော ဓားသွားတွင် ပြင်းထန်သော စွမ်းအင်များ ဖုံးလွှမ်းသွားပြီး ရှေ့သို့ ပြေးထွက်လိုက်သည်။ သတ်ဖြတ်လိုသော အရှိန်အဝါများက ကောင်းကင်အထိ လွှမ်းခြုံသွား၏။ ကောင်းကင်ယံ၏ အရောင်မှာ ပြောင်းလဲသွားပြီး တိမ်တိုက်များက ညကောင်းကင်ယံကို ဖုံးအုပ်သွားသည်။ ထိုဟောက်ကင်လေယူလေသိမ်းနှင့် အသံက သူ့နားထဲတွင် ထပ်မံ ထွက်ပေါ်လာပြန်သည်။
"ဟင်"
ဖုန်းပုကြွယ်ရော ပြေးဝင်လာသော ဓားသွားပါ တူညီသောတုံ့ပြန်မှု ရှိသွားကြသည်။ သူတို့သည် ဤဇာတ်လမ်းတွင် တိုက်ပွဲ၏ နောက်ခံစကားပြောကို ကြားနေရခြင်းလား။
ထိုနောက်ခံစကားပြောနောက်တွင် ကောင်းကင်ကြီးမှာ အမှန်တကယ် မှောင်မည်းသွားလေသည်။ လေတိုက်နှုန်းက ပိုပြင်းထန်လာပြီး တိမ်တိုက်များက လမင်းကို ဖုံးအုပ်သွားတော့သည်။
"ကောင်းပြီ၊ မင်းနိုင်ပါတယ်ကွာ"
ဖုန်းပုကြွယ်မှာ လှည့်၍ ထွက်ပြေးတော့သည်။ ထိုလျှာစောင်းထက်လှသော နောက်ခံစကားပြောကို ကြားပြီးနောက် သူသည် ထိုလူနှင့် ထိပ်တိုက်တွေ့လိုစိတ် မရှိတော့ပေ။ အရင်ဆုံး ပြေးရန်သာ ဆုံးဖြတ်လိုက်သည်။
ဖုန်းပုကြွယ် ထွက်ပြေးသည်ကို ပြေးဝင်လာသော ဓားသွား မြင်လိုက်သောအခါ ပို၍ ယုံကြည်မှု ရှိသွားသည်။ ဤသည်မှာ သူ၏ ပထမဆုံး သတ်ဖြတ်ခြင်းဂိမ်းဖြစ်ပြီး သည်းထိတ်ရင်ဖိုသုခဘုံတွင် အခြားကစားသမားတစ်ဦးနှင့် ပထမဆုံးအကြိမ် တိုက်ခိုက်ခြင်း ဖြစ်သည်။ မူလက သူသည် ပြိုင်ဘက်၏ စွမ်းရည်ကို သတိထားနေခဲ့သော်လည်း ဖုန်းပုကြွယ်၏ ထွက်ပြေးမှုက အားနည်းချက်တစ်ခုဖြစ်ကြောင်း သေချာသွားစေသည်။ ထို့ကြောင့် သူသည် အရှိန်အဟုန်ပြင်းစွာဖြင့် ဖုန်းပုကြွယ်နောက်သို့ လိုက်လံ တိုက်ခိုက်တော့သည်။
"ရေကူးနေတဲ့ နဂါးတစ်ကောင်လိုပဲ၊ အတောင်ပံတစ်စုံလို၊ တိုက်ပွဲကနေ ထွက်ပြေးဖို့ အပေါက်ရှာနေတယ်၊ မြန်မြန်၊ မြန်မြန်၊ မြန်မြန်၊ ဖုန်းပုကြွယ်က သူ ပြန်မတိုက်နိုင်တာကို သိလိုက်ရလို့ လှည့်ပြီး ထွက်ပြေးသွားတော့တယ်"
"ဓားက ပင်လယ်တစ်စင်းလို၊ စွမ်းအားက လှိုင်းလုံးတွေလို၊ ဓားက ဟိန်းဟောက်နေတဲ့ လှိုင်းတံပိုးတွေလိုပဲ၊ ပြေးဝင်လာတဲ့ ဓားသွားဟာ သူ့ရဲ့ ဓားနဲ့အတူ ရှေ့ကို တိုးဝင်လာတယ်၊ သူ့ပတ်ပတ်လည်က သတ်ဖြတ်လိုတဲ့ အရှိန်အဝါတွေက တိမ်တိုက်တွေလို များပြားပြီး ကောင်းကင်ဘုံလို အားကောင်းလှတယ်"
"နောက်နေတာလား၊ ငါ ထွက်ပြေးနေတာကိုတောင် အဲဒီလောက် အထာကျအောင် ပြောလို့ရတာလား"
ဖုန်းပုကြွယ်က ပြေးရင်း အော်ဟစ်လိုက်သည်။
ပြေးဝင်လာသော ဓားသွားသည် သူ့နောက် ဆယ်မီတာကျော်အကွာတွင် လိုက်လာရင်း ပြုံးမိသွားသည်။
"သူငယ်ချင်း၊ ဒီလို အပြင်အဆင်မျိုးကို လက်ခံလိုက်ရင် ဒါက စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာ သိလာလိမ့်မယ်"
ဒိုင်း။
ဖုန်းပုကြွယ်က ပြန်မဖြေဘဲ နောက်လှည့်၍ တစ်ချက် ပစ်လိုက်သည်။ သူသည် M1911A1 ထဲရှိ နောက်ဆုံး ကျည်ဆန်ကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။ ထို့နောက် ကျည်အိမ်ကို ဖြုတ်လိုက်ပြီး အရှိန်မလျှော့ဘဲ ဆက်ပြေးနေရင်း သူ့ဝတ်စုံအတွင်းအိတ်ထဲမှ ကျည်အပြည့်ပါသော ကျည်အိမ်အသစ်ကို ထုတ်ယူလိုက်သည်။
"မင်းရဲ့ သေနတ်ပစ်အရည်အချင်းကတော့ သာမန်ပါပဲလား"
ပြေးဝင်လာသော ဓားသွားက လှောင်ပြောင်လိုက်သည်။ ကျည်ဆန်က သူ့ကို မထိမှန်ခဲ့ပေ။ သူသည် ဖုန်းပုကြွယ်နောက်သို့ ဆက်လက် လိုက်ပါနေဆဲ ဖြစ်သည်။
ဖုန်းပုကြွယ်အနေဖြင့် ရပ်၍ အသေအချာ ပစ်မှတ်ထားလျှင်ပင် လှုပ်ရှားနေသော ပစ်မှတ်ကို ထိရန် ခက်ခဲလှရာ ယခုကဲ့သို့ ပြေးရင်းပစ်ခြင်းက ပို၍ပင် မဖြစ်နိုင်ပေ။ အမှန်စင်စစ် သူ၏ ရည်ရွယ်ချက်မှာ ထိမှန်ရန် မဟုတ်ဘဲ ပြိုင်ဘက်၏ တုံ့ပြန်မှုကို ကြည့်ရန်သာ ဖြစ်သည်။
နောက်ဆုံးတွင် ပြေးဝင်လာသော ဓားသွား၏ တုံ့ပြန်မှုက ဖုန်းပုကြွယ်အတွက် သိပ်မကောင်းလှပေ။
ပြေးဝင်လာသော ဓားသွားသည် သေနတ်သံကို ကြားသော်လည်း ရှောင်တိမ်းခြင်း မရှိသလို အရှိန်လျှော့ခြင်းလည်း မရှိပေ။ ၎င်းမှာ အချက်နှစ်ချက်ကို ဆိုလိုခြင်း ဖြစ်သည်။ တစ်အချက် သူ၏ စိတ်ဓာတ်ကြံ့ခိုင်မှုသည် အလွန်ကောင်းမွန်ပြီး ဂိမ်းအတွင်း လူသားတို့၏ ဗီဇတုံ့ပြန်မှုကို ကျော်လွှားနိုင်ခြင်း ဖြစ်သည်။ နှစ်အချက် သူသည် ကျည်ဆန်ကို ကာကွယ်နိုင်သည့် နည်းလမ်းတစ်ခုခု ရှိနေခြင်း ဖြစ်သည်။
အဆိုးဆုံးမှာ သူသည် ဖုန်းပုကြွယ်၏ သေနတ်ပစ်စွမ်းရည်ကိုပင် လှောင်ပြောင်ဝေဖန်နေခြင်း ဖြစ်သည်။ ဂျက်ဇ်အကကို သုံး၍ ပြေးနေသော ဖုန်းပုကြွယ်ကို အမှီလိုက်နိုင်ရုံသာမက စကားပါ ပြောနိုင်ခြင်းသည် သူ၏ ခွန်အားနှင့် သက်လုံမှာ အထင်သေး၍ မရကြောင်း သက်သေပြနေသည်။
"ကဗျာ၊ ကဗျာ၊ ကဗျာ..."
ဖုန်းပုကြွယ်တစ်ယောက် အသက်ရှင်ရန်အတွက် ဦးနှောက်ကို အစွမ်းကုန် အလုပ်ပေးရတော့သည်။
"ငါ တစ်ခုခု မြန်မြန်စဉ်းစားမှ ဖြစ်မယ်... မဟုတ်ရင်တော့ ငါသေပြီပဲ"
အခန်း (၁၀၂)
"တိမ်တိုက်ဝဲဂယက်တွေက အနည်းငယ် ပြောင်းလဲသွားပြီး မိုးခြိမ်းသံတို့ မြည်ဟိန်းလာတယ်၊ မိုးစက်မိုးပေါက်တွေလို ခြေလှမ်းတွေက ခြောက်သွေ့သော မြေပြင်ကို နင်းဖြတ်လျက်… လေအဟုန်ကဲ့သို့ လျင်မြန်သော လူရိပ်တစ်ခုဟာ ပျက်သုဉ်းနေသော ချောက်ကမ်းပါးကို ဖြတ်ကျော်သွားတော့တယ်"
"အခြေခံချင်း ကွာခြားမှုက အရမ်းကြီးမားလှသလို၊ တိုက်ခိုက်ရေးစွမ်းရည် ကွာဟချက်ကလည်း ထင်ရှားလှတယ်၊ ပြေးဝင်လာသောဓားသွားဟာ တိုက်ပွဲကို အချိန်ဆွဲဖို့ ဆန္ဒမရှိပါဘူး၊ ထွက်ပြေးနေတဲ့ ပြိုင်ဘက်ကို ရင်ဆိုင်ရင်း သူဟာ သတ်ကွက်တစ်ခုကို အသုံးပြုလိုက်ပါပြီ "
နောက်ခံစကားပြောမှာ လက်တွေ့ဖြစ်ပျက်နေသည်ထက် အနည်းငယ် နောက်ကျနေခဲ့သည်။ မည်သို့ပင်ဆိုစေ စနစ်အနေဖြင့် ဖြစ်ပျက်သမျှကို စာသားအဖြစ် ပြောင်းလဲရန် အချိန်လိုအပ်ရာ ထိုဖော်ပြချက် ဖုန်းပုကြွယ်နားထဲသို့ ရောက်ရှိလာချိန်တွင် ပြေးဝင်လာသောဓားသွား၏ တိုက်ကွက်မှာ ရောက်ရှိနေပြီ ဖြစ်သည်။
"ပြေးဝင်လာသောဓားသွားက သူ့ဓားကို လွှဲယမ်းလိုက်တယ်၊ ဓားသွားက ချက်ချင်းဆိုသလို အေးစက်စက် လင်းလက်သွားတော့တယ်၊ မှိန်ဖျော့ဖျော့ လရောင်အောက်မှာ လူရိပ်လေးဟာ ကခုန်လို့၊ သူ အသက်အောင့်လိုက်သည့် ခဏမှာ ဓားအလင်းတစ်ချက်က တစ်ခုတည်းသော လှုပ်ရှားမှုပါ၊ ဓားချက်ဟာ စုစုစည်းစည်းရှိပြီး အာရုံစူးစိုက်မှု အပြည့်ပေါ့၊ တိမ်တိုက်တွေ လမင်းကို ဖုံးအုပ်သွားပြီး မြေပြင်တစ်ခုလုံး အမှောင်အတိကျသွားသည့်ခဏမှာ သူတိုက်ခိုက်လိုက်လေတယ်"
"ဟ…ပြေးဝင်လာသောဓားသွားက ရှေ့ကို ပြေးဝင်လာပြီး ခြေလှမ်း ဆယ်လှမ်းကျော်အကွာမှာ ပျောက်ကွယ်သွားပါတယ်၊ ပထမဆုံး တိုက်ကွက်က သတ္တုချင်း ထိခတ်သံပေါင်း ထောင်ချီထွက်ပေါ်စေပြီး ချောက်ကမ်းပါးအောက်ရှိ တောရိုင်းမြေပြင်မှာ ထူးထူးခြားခြား ကျယ်လောင်နေတော့တယ်"
ထိုအခိုက်အတန့်တွင် ပြေးဝင်လာသောဓားသွားသည် သူ၏ဘွဲ့အမည်မှ ရရှိထားသော 'လေကဲ့သို့ လျင်မြန်ခြင်း' [အရိပ်ဖြတ်တောက်ခြင်း] စကေးကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။
အမည် - အရိပ်ဖြတ်တောက်ခြင်း
အထူးစကေးအမျိုးအစား - တက်ကြွ
အသုံးပြုမှု - အမြင့်ဆုံး သက်လုံအမှတ်၏ ၁၅ ရာခိုင်နှုန်း၊ အမြင့်ဆုံး မှော်အမှတ်၏ ၁၅ ရာခိုင်နှုန်း
အကျိုးသက်ရောက်မှု - မီတာတစ်ဆယ်အတွင်းရှိ ပစ်မှတ်ရှေ့သို့ ချက်ချင်း ရောက်ရှိသွားမည်ဖြစ်ပြီး တိုက်ခိုက်မှုအရှိန် ၈၀ ရာခိုင်နှုန်း တိုးလာမည်။ ၃ စက္ကန့်ကြာ တည်မြဲမည်။ ပြန်လည်အသုံးပြုရန် ကြာချိန် ၁၀ မိနစ်။
မှတ်ချက် - အလင်းနှင့် အမှောင်တို့ ဖြတ်သန်းသွားသော ဓားသိုင်းပညာ ဖြစ်သည်။ အလွန်အမင်း လျင်မြန်ပြီး အလွန်အမင်း အန္တရာယ်ရှိသည်။ ရန်သူကို အလစ်အငိုက် မိစေလိမ့်မည်။
ပြေးဝင်လာသောဓားသွားက ဖုန်းပုကြွယ်ရှေ့တွင် ရုတ်တရက် ပေါ်လာသောအခါ ဖုန်းပုကြွယ်သည် ပြိုင်ဘက်၏ ဓားသွားပေါ်သို့ ကိုယ်တိုင် ပြေးဝင်သွားမိလုနီးပါး ဖြစ်သွားသည်။ ကံကောင်းထောက်မစွာဖြင့် ဖုန်းပုကြွယ်၏ တုံ့ပြန်မှုလည်း လျင်မြန်လှသည်။ သူသည် ဗီဇအရ ဘေးသို့ ရှောင်လိုက်ပြီး ဂွကို မြှောက်ကာ ခုခံလိုက်၏။
ဓားသွားနှင့် ဂွတို့ ထိခတ်သွားပြီး ပွတ်တိုက်သွားကြသည်။ မီးပွင့်များ လွင့်စင်သွားပြီး သတ္တုချင်း ထိခတ်သံ ထွက်ပေါ်လာသည်။ သို့သော် ဖုန်းပုကြွယ်သည် ပထမဆုံး ဓားချက်ကိုသာ ခုခံနိုင်ခဲ့ပြီး အရေးကြီးသော နေရာများကို မထိမှန်အောင် ရှောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သူနှင့် ပြေးဝင်လာသောဓားသွားတို့ ဘေးချင်းယှဉ် ဖြတ်သွားချိန်တွင် နောက်တစ်ဦး၏ ဓားက ကခုန်သွားပြီး တိုက်ခိုက်မှုအရှိန် မြှင့်တင်မှုကြောင့် ဖုန်းပုကြွယ်၏ ဘယ်ဘက်ခြေထောက်၊ ဘယ်ဘက်ပုခုံးနှင့် ကျောကုန်းတို့တွင် ဓားချက်များစွာ ထိမှန်သွားရသည်။ ယင်းတို့က သွေးထွက်ခြင်း အကျိုးသက်ရောက်မှုကို ခံစားရတော့သည်။
"ဖုန်းပုကြွယ်ဟာ သူ့ရဲ့ ထူးခြားတဲ့ လက်နက်ကို ထုတ်ယူပြီး အခြေအနေကို ပြောင်းပြန်လှန်ဖို့ ကြိုးစားလိုက်တယ်၊ ရန်သူ့တိုက်ကွက်တွေကို ရှောင်တိမ်းဖို့ သူ့ရဲ့ အံ့မခန်းတဲ့ လျင်မြန်မှုကို အသုံးပြုလို့ပေါ့၊ ခြေလှမ်းတိုင်းက အန္တရာယ်များလှတယ်၊ ဒါပေမဲ့ သတိထားမှုက ဓားသွားရဲ့ အရှိန်ကိုတော့ မမီနိုင်ပါဘူး၊ ဖုန်းပုကြွယ်ရဲ့ ဓားက ဟာကွက်ကို ထိုးဖောက်သွားပြီး သွေးစွန်းလမ်းကြောင်းတစ်ခု ချန်ထားရစ်ခဲ့လေတယ်"
"မင်း ငါ့ကို တကယ် ချီးကျူးတတ်တာပဲ၊ ငါ အခုပဲ အပိုင်းပိုင်း အခုတ်ခံရတော့မလို့ကွ"
ဖုန်းပုကြွယ်က ရှေ့သို့ ဆက်ပြေးနေဆဲဖြစ်ရာ သူလက်မလျှော့သေးကြောင်း ပြသနေသည်။ ပြေးဝင်လာသောဓားသွား အသုံးပြုလိုက်သည့် စကေးမှာ အချိန်တိုအတွင်း ထပ်ခါတလဲလဲ မသုံးနိုင်ကြောင်း သူ ကောင်းကောင်းသိသည်။ မဟုတ်လျှင် ၎င်းမှာ အဆင့် ၁၅ ကစားသမား၏ စကေးနှင့် မတူဘဲ အဆင့် ၂၅ ကစားသမား၏ စကေးနှင့် ပိုတူနေပေလိမ့်မည်။
"အေးစက်တဲ့ မျက်လုံးတွေ၊ လေလို လျင်မြန်တဲ့ တိုက်ကွက်တွေ။ လရောင်ဖြာကျလာတာနဲ့အမျှ ပြေးဝင်လာသောဓားသွားက လှည့်ပြီး လိုက်လံတိုက်ခိုက်တယ်၊ သူ့လက်ကောက်ဝတ်ကို တစ်ချက်လှုပ်ယမ်းလိုက်တာက ဒုတိယမြောက် တိုက်ကွက်ပဲပေါ့"
"နောက်တစ်ခါလားဟ"
ဖုန်းပုကြွယ် နောက်ခံစကားပြောကို ကြားလိုက်ချိန်တွင် ပြိုင်ဘက်၏ ဒုတိယမြောက် တိုက်ကွက်မှာ လက်တစ်လုံးအကွာသို့ ရောက်ရှိနေပြီဖြစ်ပြီး ဓားဦးက သူ့ကျောပြင်ကို ထိလုနီးပါး ဖြစ်နေခဲ့သည်။
"ခြေလှမ်းရိုင်း ဟိန်းဟောက်သံ၊ ကရုဏာမဲ့ ဓားအရိပ်၊ ဟ…"
ဤအချိန်တွင် ပြေးဝင်လာသောဓားသွားသည် နောက်ခံစကားပြောကြောင့် စိတ်အနှောင့်အယှက် ဖြစ်လိမ့်မည်ဟု မထင်တော့ပေ။ အမှန်စင်စစ် သူသည် အလွန် စိတ်လှုပ်ရှားနေခြင်းဖြစ်သည်။ ဤဒုတိယစကေးမှာ သူ၏ သာမန်စကေးဖြစ်သော 'ရှေ့သို့ထိုးချက်' ဖြစ်သည်။ ဖုန်းပုကြွယ်သည် သူနှင့် အလှမ်းမဝေးသေးသောကြောင့် ဤလှုပ်ရှားမှုကို အသုံးပြု၍ လိုက်လံတိုက်ခိုက်နိုင်ခြင်း ဖြစ်သည်။
ထိုခဏတွင် ပြေးဝင်လာသောဓားသွားသည် ဖုန်းပုကြွယ်၏ နောက်ခံအခြေအနေကို အခြေခံအားဖြင့် ခန့်မှန်းမိသွားပြီး စိတ်တည်ငြိမ်သွား၏။ ဖုန်းပုကြွယ် တိုက်ကွက်ခုခံပုံအရ သူသည် တိုက်ခိုက်ရေးကို အထူးပြုသော ကစားသမားတစ်ဦးနှင့် မတူပေ။ အရိပ်ဖြတ်တောက်ခြင်းစကေးမှ လွတ်မြောက်သွားခြင်းမှာ ချီးကျူးစရာ ဖြစ်သော်လည်း ထိုမျှသာ ဖြစ်သည်။ ဤအရှိန်ဖြင့်ဆိုလျှင် သူသည် ထိုတိုက်ကွက်ကို ရှောင်နိုင်လိမ့်မည်မဟုတ်ဘဲ တိုက်ကွက်အပြီးတွင် တိုက်ပွဲပြီးဆုံးသွားပေလိမ့်မည်။
"ညက တိတ်ဆိတ်နေပြီး လေကိုပဲ မြင်နိုင်တော့တယ်။ သွေးတွေက လေထဲမှာ ပျံနှံ့သွားတယ်။ တိုက်ပွဲရဲ့ ရလဒ်ကို အဆုံးအဖြတ်ပေးမယ့် ဓားချက်က လွဲချော်သွားခဲ့ပြီ"
"ဟုတ်လို့လား"
ပြေးဝင်လာသောဓားသွား၏ စကေးမှာ လွဲချော်သွားသဖြင့် သူ့အမူအရာ ပြောင်းလဲသွား၏။ ဖုန်းပုကြွယ်၏ အရှိန်သည် ရုတ်တရက် မြန်ဆန်လာပြီး သူတို့ကြားရှိ အကွာအဝေးမှာ မီတာ ၁၀ကျော်အထိ တိုးသွားသည်ကို သူ တွေ့လိုက်ရသည်။ လေထဲတွင် သွေးနံ့သင်းသင်းပင် ကျန်ရစ်ခဲ့၏။
"ဟွန့်... မရိုးရှင်းဘူးပဲ၊ ဒီကလေးက တစ်ခုခု ဖုံးကွယ်ထားတာပဲ"
ပြေးဝင်လာသောဓားသွားက ပြုံးလိုက်ပြီး သူ၏ တိုက်ခိုက်လိုစိတ်မှာ ပိုမို ပြင်းထန်လာတော့သည်။
"ရှုံးနိမ့်မှုက လက်တစ်ကမ်းမှာ ရှိပြီး သေခြင်းနဲ့ ရှင်ခြင်းက စက္ကန့်ပိုင်းပဲ လိုတော့တဲ့ပုံပဲ၊ ဖုန်းပုကြွယ်က ရုတ်တရက် ထူးဆန်းတဲ့စကေးတစ်ခုကို သုံးပြီး သူ့ရဲ့ ခန္ဓာကိုယ်ကို ပြောင်းလဲလိုက်တယ်၊ သူ့ရဲ့ ဖျတ်လတ်တဲ့ ခန္ဓာကိုယ်ဟာ လျှပ်စီးလို မြန်ဆန်စွာ လှုပ်ရှားနေပါပြီ"
ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း...။
ကိုယ်ခန္ဓာ မြှင့်တင်ခြင်းမန္တန်ကို အသက်သွင်းထားသဖြင့် ဖုန်းပုကြွယ်သည် ထွက်ပြေးရုံသာ မဟုတ်တော့ပေ။ အကွာအဝေးတစ်ခုသို့ ရောက်ရှိပြီးနောက် သူသည် လှည့်၍ ပြေးဝင်လာသောဓားသွားကို ချိန်ရွယ်လိုက်သည်။ သူသည် သေနတ်ကို မြှောက်ကာ ပစ်ခတ်လိုက်၏။ ဆယ်စက္ကန့်ပင်မပြည့်မီ ကျည်အိမ်တစ်ခုလုံး ကုန်သွားသည်။
"ဒီလို အဝေးတိုက်ခိုက်မှုတွေက အသုံးမဝင်ပါဘူးကွာ"
ပြေးဝင်လာသောဓားသွားက ပြုံးလျက် ပြန်လည် ချဉ်းကပ်လာလေသည်။
ယင်းက ကျည်ဆန်များကို လျစ်လျူရှုနိုင်သည့်စကေး ရှိနေ၍ မဟုတ်ပေ။ ထိုအစား သူ့ကိုယ်ပေါ်ရှိ ဝတ်ထားသော ဦးထုပ်၊ ချပ်ဝတ်နှင့် ခြေထောက်ကာများသည် ကျည်ဆန်ကို လွင့်စင်စေနိုင်သော ဂုဏ်သတ္တိရှိပြီး အရည်အသွေး ကောင်းမွန်သောကြောင့် ဖြစ်သည်။ လက်ကိုင်သေနတ် ကျည်ဆန်များသည် ပြေးဝင်လာသောဓားသွားကို ထိခိုက်မှုပေးရန် ခက်ခဲပေသည်။ ပြိုင်ဘက်က သေနတ်ပစ်အလွန်တော်ပြီး တစ်နေရာတည်းကို အကြိမ်ကြိမ် ထိမှန်အောင် ပစ်နိုင်လျှင် သို့မဟုတ် မျက်လုံးနှင့် လည်ပင်းကဲ့သို့ နေရာများကို ပစ်နိုင်မှသာ သူ့ခုခံမှုကို ဖောက်ထွက်နိုင်မည် ဖြစ်သည်။
မှန်ပေသည် အကယ်၍ ၁၀မီတာအတွင်း ဝင်ချက်စတာ သို့မဟုတ် အဝေးကနေ ရိုင်ဖယ်သေနတ်နှင့် ပစ်မည်ဆိုပါက ထိခိုက်မှု ပေးနိုင်ကောင်း ပေးနိုင်လိမ့်မည် ဖြစ်သော်လည်း ပြဿနာမှာ ဖုန်းပုကြွယ်တွင် ထိုအခြေအနေများ မရှိခြင်း ဖြစ်သည်။ သူသည် ပစ်ခတ်ရေးကစားသမားတစ်ဦး မဟုတ်ပေ။
ကျည်အိမ်ကို ဖြုတ်ပြီး နောက်ဆုံးကျည်အိမ်ကို လဲလှယ်ပြီးနောက် ဖုန်းပုကြွယ် သေနတ်ကို သိမ်းလိုက်သည်။
"အလျင်အမြန်ပြုပြင်ခြင်းက အသုံးမဝင်ဘူး၊ ကောင်ဆိုးလေးခြေထောက်ကလည်း မကောင်းဆိုးဝါးတွေအပေါ်မှာပဲ သုံးလို့ရမယ်၊ အပြတ်အသတ် အောင်နိုင်ခြင်းကို သုံးဖို့ အချိန်မရှိသလို အခုလို တိုက်ပွဲမျိုးမှာလည်း အကျိုးမရှိဘူး"
ဖုန်းပုကြွယ် ရေရွတ်လိုက်သည်။
"ငါ သုံးလို့ရတဲ့ တစ်ခုတည်းသော စကေးက ကိုယ်ခန္ဓာ မြှင့်တင်ခြင်းမန္တန်ပဲ၊ ဒါပေမဲ့ သူလည်း သိပ်တော့ မထူးလှပါဘူး..."
သူသည် ထွက်ပြေးနေသည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ ဖုန်းပုကြွယ်သည် ပြိုင်ဘက်၏ အခြေအနေကို တည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာနေခြင်း ဖြစ်သည်။
"ဒီလူက တက်ကြွစွမ်းရည်နှစ်ခုကို သုံးပြီးပြီ၊ ပထမတစ်ခုက နေရာရွှေ့ပြောင်းပြီး တိုက်ခိုက်တာ၊ အဲဒါက ဘွဲ့အမည်စကေးဖြစ်ဖို့ များတယ်၊ ပြန်သုံးနိုင်ဖို့ အချိန်အများကြီး လိုဦးမယ်၊ ဒုတိယစကေးက ကြာချိန်မရှိရင်တောင် အားပြင်းတဲ့ တိုက်ကွက်တစ်ခုပဲမို့ ရှောင်လို့ရတယ်"
ဖုန်းပုကြွယ်သည် သူ၏ ပစ္စည်းသိုလှောင်အိတ်ထဲမှ ဓားမြှောင်ကို ထုတ်ယူကာ ဘယ်ဘက်လက်ဖြင့် ကိုင်လိုက်သည်။ ညာဘက်လက်တွင်မူ ဂွကို ကိုင်ထားဆဲ ဖြစ်သည်။
"ကေစီဂျုန်းစ်ရဲ့ မျက်နှာဖုံးက ရတဲ့ အကျိုးသက်ရောက်မှုကြောင့် ငါ့ရဲ့ တိုက်ခိုက်ရေး ကျွမ်းကျင်မှုက D ဖြစ်နေပြီ၊ သူကလည်း ငါနဲ့ အဆင့်တူပဲဆိုတော့ သူ့ရဲ့ ကျွမ်းကျင်မှုကလည်း အများဆုံး D ပဲ ဖြစ်နေမှာ၊ သီအိုရီအရဆိုရင် ငါတို့က အဆင့်တူပဲ ဖြစ်သင့်တယ်၊ ဒါကြောင့်လည်း ငါ ဘာစကေးမှ မသုံးဘဲ သူ့ရဲ့ အကြီးစားစကေးကနေ လွတ်ခဲ့တာပေါ့..."
သူ ထိုသို့ စဉ်းစားနေစဉ် ပြိုင်ဘက်က တဖြည်းဖြည်း ချဉ်းကပ်လာနေသည်။
"အခု ငါ ကိုယ်ခန္ဓာ မြှင့်တင်ခြင်းမန္တန်ကို သုံးထားပြီဆိုတော့ ငါ့ရဲ့ အမြင့်ဆုံး အရှိန်နဲ့ ခွန်အားက သူ့ထက် သာနေသင့်တယ်၊ ဒါ့အပြင် ဒီတစ်ခါ ငါ အသက်အမှတ်ပြန်ဖြည့်ဆေးတွေ ယူလာတယ်၊ ဒါကြောင့် ဒီတိုက်ပွဲက... တိုက်လို့ရတယ်"
"ရိုင်းစိုင်းတဲ့ ဓားသွားက နောက်တစ်ကြိမ် တိုက်ခိုက်ဖို့ ကြိုးစားနေပြီ၊ ဒေါသလှိုင်းတံပိုးရဲ့ တိုက်ကွက်ကို ပြန်ပေးဆပ်နေတယ်၊ ဟိတ်~ ဟ… သူတို့ရဲ့ အရိပ်တွေက တစ်ခုနဲ့တစ်ခု ရောယှက်နေပြီး တိုက်ကွက်တွေက အပြန်အလှန် ဖြစ်နေတယ်"
"ဟောင်ရန်ဓားက ရှုပ်ထွေးမှုတွေကို ဖောက်ထွက်ပြီး နှလုံးသားကို သွေးပေးနေတယ်။ ဓားနဲ့ စိတ်ဝိညာဉ်တို့ ထိတွေ့နေကြပြီး ဘယ်သူနိုင်မလဲဆိုတာ ပြောဖို့ ခက်နေပါတယ်"
ပြိုင်ဘက် အရှိန်မြှင့်လိုက်သည်ကို မြင်သောအခါ ပြေးဝင်လာသောဓားသွားသည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ဖုန်းပုကြွယ်၏ ပြန်လည်တိုက်စစ်သည် သူ မျှော်လင့်ထားသည့်အတိုင်း ဖြစ်သည်။ ဤတစ်ကြိမ်တွင် သူသည် အစွမ်းကုန် မတိုက်ခိုက်တော့ဘဲ သူ့ကိုယ်သူ တင်းကျပ်စွာကာကွယ်ထားပြီး ပုံမှန်ထက် ပိုမိုမြန်ဆန်သော အယောင်ပြတိုက်ကွက်များကို သုံးကာ ပြိုင်ဘက်ကို ဟန့်တားထား၏။
ပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦးအနေဖြင့် နှစ်ရှည်လများ အတွေ့အကြုံကြောင့် ဖုန်းပုကြွယ်သည် လက်ရှိအခြေအနေကို ကြာရှည်ထိန်းထားနိုင်လိမ့်မည်မဟုတ်ကြောင်း ပြေးဝင်လာသောဓားသွား ခံစားမိသည်။ တိုက်ပွဲကို အချိန်ဆွဲထားနိုင်သရွေ့ ထိုလူသည် သူ့ဘာသာ ရှုံးနိမ့်သွားပေလိမ့်မည်။
"ဖုန်းပုကြွယ်ဟာ သန်မာလှတဲ့ ရန်သူကို ရင်ဆိုင်ရင်း သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို လျစ်လျူရှုထားပါတယ်၊ တိုက်လေတိုက်လေ ပိုရဲရင့်လာလေလေပါပဲ၊ ဟ"
"သူငယ်ချင်း၊ မဆိုးဘူးပဲ၊ ငါတို့ ဂိုဏ်းကို ဝင်ချင်လား၊ ငါ မိတ်ဆက်ပေးလို့ရတယ်"
ပြေးဝင်လာသောဓားသွားသည် သူနှင့် ခေတ္တတိုက်ခိုက်ပြီးနောက် လုံးဝ ခုခံသည့် အနေအထားသို့ ပြောင်းလဲသွား၏။
စကားပုံတစ်ခု ရှိသည်မှာ လက်နက်တိုလေ အန္တရာယ်ပိုများလေ ဖြစ်သည်။ ထိုခဏတွင် ဖုန်းပုကြွယ်၏ လက်နက်တိုနှစ်ခုဖြစ်သော ဓားနှင့် ဂွတို့မှာ လျှပ်စီးကဲ့သို့ မြန်ဆန်နေခဲ့သည်။ သူ၏ လှုပ်ရှားမှုအရှိန်သည် ပြိုင်ဘက်ထက် သာလွန်နေပြီး ပြေးဝင်လာသောဓားသွားကို ဝိုင်းပတ်ကာ အဆက်မပြတ် တိုက်ခိုက်နေလေသည်။
အပေါ်ယံကြည့်လျှင် ဖုန်းပုကြွယ်က အသာစီးရနေပုံ ပေါ်သော်လည်း လက်တွေ့တွင်မူ ဆန့်ကျင်ဘက် ဖြစ်သည်။ သူသည် ရှုံးနိမ့်မှုဆီသို့ ဦးတည်နေခြင်း ဖြစ်သည်။
ဤတိုက်စစ်နှင့် ခုခံမှုမှာ သူတို့နှစ်ဦးကြားရှိ တိုက်ခိုက်ရေး အတွေ့အကြုံ ကွာဟချက်ကြီးမားမှုကို ထင်ဟပ်နေလေသည်။ ပြေးဝင်လာသောဓားသွားသည် အရှိန်နှင့် ခွန်အားတွင် အသာမရသော်လည်း တိုက်ခိုက်ရေး အတွေ့အကြုံနှင့် နည်းစနစ်ပိုင်း အားသာချက်ကြောင့် မည်သို့မျှ ရှုံးနိမ့်ရန် မဖြစ်နိုင်ပေ။ ဖုန်းပုကြွယ်မှာမူ အနိုင်မရနိုင်သော ဤတိုက်ပွဲတွင် သူ၏ သက်လုံအမှတ်နှင့် အသက်အမှတ်များကို လျင်မြန်စွာ ကုန်ဆုံးနေရသည်။
"မလိုပါဘူး၊ မင်းလိုလူမျိုးနဲ့ နောက်တစ်ခါ ထပ်မတိုးချင်တော့ဘူး"
ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။ ၎င်းကို ချီးကျူးစကားဟုလည်း ဆိုနိုင်သည်။
"ဟားဟားဟား... မင်း ရှုံးတော့မယ်ဆိုတာ သိနေတာကို ဘာလို့ အတင်းဆွဲထားနေတာလဲ"
ပြေးဝင်လာသောဓားသွားက ထပ်မေးလိုက်သည်။
ဖုန်းပုကြွယ်က ပြန်မဖြေဘဲ ဆက်လက် တိုက်ခိုက်လိုက်သည်။ သူ ဘာစီစဉ်နေသည်ကို မည်သူမျှ မသိပေ။ ဤတိုတောင်းသော တိုက်ပွဲအတွင်း သူ၏ သက်လုံအမှတ်မှာ သုံးပုံတစ်ပုံ ကုန်ဆုံးသွားပြီဖြစ်ပြီး အသက်အမှတ်က ပို၍ပင် ဆိုးရွားနေသေးသည်။ သူ ဝတ်ထားသော အဝတ်အစားများက သွေးထွက်ခြင်းသက်ရောက်မှုကို လျှော့ချပေးနိုင်သော်လည်း အသက်အမှတ် လျော့နည်းမှုက လုံးဝ ရပ်တန့်မသွားပေ။ အစောပိုင်း တိုက်ခိုက်မှုများမှ ရရှိထားသော ဒဏ်ရာများနှင့် ငါးစက္ကန့်တိုင်း အသက်အမှတ် ၂ ရာခိုင်နှုန်း ကုန်ဆုံးစေသော ကိုယ်ခန္ဓာ မြှင့်တင်ခြင်းမန္တန်ကြောင့် သူ၏ အသက်အမှတ်မှာ ၃၀ ရာခိုင်နှုန်းအောက်သို့ ကျဆင်းသွားရသည်။
ပြေးဝင်လာသောဓားသွားကဲ့သို့ ပြိုင်ဘက်ကို ရင်ဆိုင်ရင်း ဖုန်းပုကြွယ် မပေါ့ဆဝံ့ပေ။ အကယ်၍ အသက်အမှတ် ၁၀ ရာခိုင်နှုန်းအထိ စောင့်ပြီးမှ ဆေးသောက်မည်ဆိုပါက အမှားတစ်ခုကြောင့်ပင် ရှုံးနိမ့်သွားနိုင်သည့် အခွင့်အရေး များလှသည်။ ထို့ကြောင့် သူ၏ အသက်အမှတ် ၃၀ ရာခိုင်နှုန်းသို့ ရောက်သောအခါ ပထမဆုံး အသက်အမှတ် ပြန်ဖြည့်ဆေးကို အသုံးပြုလိုက်တော့သည်။
"မင်း အိုင်တမ်တွေကို အလကား ဖြုန်းနေတာပဲ"
တိုက်ပွဲ ကြာလာသည်နှင့်အမျှ ပြေးဝင်လာသောဓားသွားမှာ ပိုမို စိတ်လက်ပေါ့ပါး လာလေသည်။ သူသည် ဖုန်းပုကြွယ်၏ တိုက်ခိုက်မှု ပုံစံများကို တဖြည်းဖြည်း နားလည်လာသဖြင့် စကားပိုပြောလာခြင်း ဖြစ်သည်။
"ငါပွင့်ပွင့်လင်းလင်း ပြောရရင် အချိန်ဆွဲနေတာက မင်းအတွက် ဘာမှ အကျိုးမရှိဘူး၊ ငါ့အတွက်ပဲ ပိုကောင်းလာမှာနော်"
ဖုန်းပုကြွယ်က ပြောသည်။
မင်း တော်တော် ပွင့်လင်းတာပဲ၊ ဒီလိုဆိုရင် ငါလည်း ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်..."
သူသည် တိုက်ခိုက်နေသည်ကို ရုတ်တရက် ရပ်လိုက်ပြီး တိုက်ပွဲအတွင်းမှ နောက်သို့ ခုန်ထွက်လိုက်သည်။
"ဒဏ်ရာရနေတဲ့ ခန္ဓာကိုယ်၊ အနိုင်ရဖို့ အခွင့်အရေး မရှိတဲ့ တိုက်ပွဲ။ မင်း ဆန္ဒမရှိရင်တောင် ဘာတတ်နိုင်မှာလဲ"
"အေးစက်တဲ့ သတ်ဖြတ်လိုစိတ်က ရှိနေဆဲ၊ ပြင်းထန်တဲ့ တိုက်ကွက်တွေကတော့ ရပ်တန့်သွားပြီ။ ဒီအချိန်မှာ ရှုံးနိမ့်သူရဲ့ အသည်းအသန် အသက်ရှူသံလား ဒါမှမဟုတ် ရှုံးနိမ့်သူရဲ့ အားမလျှော့တမ်း ရုန်းကန်မှုလား"
"အချိန်ဆွဲတာက မင်းအတွက် အကျိုးရှိမယ်လို့ မင်းထင်နေတာက မင်းက တိုက်ပွဲရဲ့ ရှုထောင့်ကနေပဲ စဉ်းစားနေလို့ပဲ"
ဖုန်းပုကြွယ်က ဆက်ပြောလိုက်သည်။
"တကယ်တော့ ငါကလည်း မင်းကို ခုခံတဲ့ အနေအထားမှာပဲ နေစေချင်ပြီး အနိုင်အရှုံးကို အလျင်စလို မဆုံးဖြတ်စေချင်ဘူး၊ ဘာလို့လဲဆိုတော့ ငါလည်း လျှို့ဝှက်တာဝန်ရဲ့ အဖြေကို စဉ်းစားဖို့ အချိန်လိုလို့ပဲ"
ပြေးဝင်လာသောဓားသွား၏ တည်ငြိမ်သော အမူအရာက ပျောက်ကွယ်သွားပြီး လေးနက်သော အမူအရာဖြင့် အစားထိုးလိုက်သည်။
"မှောင်မည်းတဲ့ ပင်လယ်ကြီးကို လှောင်ရယ်ရင်း၊ ရန်သူပေါင်း ထောင်ချီကို ဖြတ်ကျော်မယ်၊ ငါက စကြဝဠာကို စီစဉ်ပြီး ကံတရားကို တွက်ချက်မယ်။ သေခြင်းရှင်ခြင်းကို ဂရုမစိုက်၊ မကြောက်ရွံ့တတ်သူ၊ သရဲလည်းမဟုတ်၊ နတ်ဘုရားလည်းမဟုတ်၊ ရူးသွပ်နေတဲ့ နတ်ဆိုးတစ်ကောင်သာ"
ဖုန်းပုကြွယ်က သူ့ကဗျာကို ရွတ်ဆိုလိုက်ရာ စနစ်၏ ကြေညာချက်ကို ကြားလိုက်ရသည်။
"လျှို့ဝှက်တာဝန် ပြီးဆုံးပါပြီ။ သင်သည် ထူးခြားသော မှော်လက်နက် - သေမင်းဖဲချပ်ကို ရရှိခဲ့သည်။"
"မှော်လက်နက်သည် ကစားသမားနှင့် အမြဲတမ်း ချဉ်နှောင်ထားမည်ဖြစ်သည်။ ၎င်းကို ရောင်းဝယ်ခြင်း၊ စွန့်ပစ်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်း မပြုနိုင်ပေ။ ပစ္စည်းသိုလှောင်အိတ်တွင် နေရာယူရန် မလိုအပ်ပေ။ အမြင့်ဆုံး မှော်အမှတ်၏ ၂ ရာခိုင်နှုန်းကို အသုံးပြု၍ အချိန်မရွေး ထုတ်ယူနိုင်သည်။ လက်နက်၏ ဂုဏ်သတ္တိမှာ ကစားသမား၏ အဆင့်နှင့်အတူ တိုးတက်လာမည်ဖြစ်သည်။"
ဖုန်းပုကြွယ်သည် သူကိုင်ထားသော လက်နက်နှစ်ခုကို သိမ်းလိုက်သည်။ အတွေးတစ်ချက်ဖြင့် သူ့လက်ထဲတွင် အဖြူရောင် အလင်းတန်းများ စုစည်းလာပြီး ဖဲချပ်တစ်ထုပ်အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။ သူ၏ မှော်အမှတ်လည်း လျော့နည်းသွားပြီး ၁၄၇/၁၅၀ သို့ ရောက်ရှိသွား၏။
သူသည် လက်နက်၏ ဂုဏ်သတ္တိများကို အမြန်ကြည့်ရှုလိုက်ပြီးနောက် ကိုယ်ခန္ဓာ မြှင့်တင်ခြင်းမန္တန်ကို ပိတ်လိုက်တော့သည်။
"ကဗျာကို ရွတ်ဆိုရင်း၊ မှော်လှိုင်းတံပိုးတွေကို စုစည်းရင်း၊ ပုံရိပ်ကော အရှိန်အဝါကပါ ကျယ်ပြောလှတယ်"
"ဖုန်းပုကြွယ်က သူ့ရဲ့ လက်ချောင်းနှစ်ချောင်းကို မြှောက်လိုက်တယ်၊ သူ့လက်ချောင်းကြားမှာ စက္ကူချပ်တစ်ချပ်ပေါ့။ ဘာစကေးမှ မရှိ၊ တိုက်ခိုက်မှု မရှိဘူး၊ ခုခံမှုလည်း မရှိ။ အလင်းတန်းတစ်ခုက ပြေးဝင်လာသောဓားသွားရဲ့ အရိပ်ဆီမှာ ထွက်ပေါ်လာပြီး ပျောက်ကွယ်သွားလေတယ်"
"ဒီလို အဝေးတိုက်ခိုက်မှုတွေက မဖြစ်..."
ပြေးဝင်လာသောဓားသွား၏ စကားလုံးအချို့မှာ လည်ချောင်းထဲတွင် တစ်ဆို့သွားသည်။ ဖဲချပ်တစ်ချပ်က သူ့ပါးပြင်ကို ဖြတ်သန်းသွားပြီး ဒဏ်ရာတစ်ခု ရသွားစေသည်ကို သူ မြင်လိုက်ရသည်။
"အဲဒါ ဘာလဲဟ..."
ပြေးဝင်လာသောဓားသွား၏ အမူအရာက ပြောင်းလဲသွား၏။ အကယ်၍ သူ တစ်ခုခု မှားနေပြီဟု မခံစားမိဘဲ ခေါင်းကို အမြန် မရှောင်လိုက်ပါက ထိုတိုက်ခိုက်မှုက သူ့မျက်လုံးကို ထိမှန်သွားပေလိမ့်မည်။
"ဖဲချပ်တစ်ချပ်ပါ"
ဖုန်းပုကြွယ်က တည်ငြိမ်စွာ ဖြေလိုက်သည်။
"ဒါဆို အဲဒါက မှော်လက်နက်ရဲ့ စွမ်းအားပေါ့"
ပြေးဝင်လာသောဓားသွားက ဆိုသည်။
"ကြည့်ရတာ ဒီလျှို့ဝှက်တာဝန်က လုပ်ရကျိုးနပ်တာပဲ"
"မင်းကို ကဗျာတစ်ပုဒ် ဖြည်းဖြည်းချင်း စဉ်းစားခိုင်းပြီးမှ ရထားတဲ့ မှော်လက်နက်နဲ့ ငါက ပြန်တိုက်မယ်လို့ ထင်နေတာလား"
ဖုန်းပုကြွယ် ပြောရင်း နောက်ထပ် ဖဲချပ်နှစ်ချပ်ကို အမြန် ပစ်လိုက်သည်။ ဖဲချပ်များမှာ သူ့လက်ထဲမှ ထွက်ခွာသွားပြီးနောက် သက်ရှိများကဲ့သို့ ဖြစ်နေလေသည်။ ၎င်းတို့သည် လေထုကို ဖောက်ထွက်ကာ မဖြစ်နိုင်သော လမ်းကြောင်းအတိုင်း ပြေးဝင်လာသောဓားသွားဆီသို့ ပျံသန်းသွားကြသည်။
“နောက်ထပ် အလင်းတန်းနှစ်ခုက ပြင်းထန်တဲ့ အရှိန်နဲ့ ပြေးဝင်လာတယ်။ ပြေးဝင်လာသောဓားသွားက သူ့ဓားကို မြှောက်ပြီး ခုခံလိုက်တယ်။ သူ့ရဲ့ ဓားအရှိန်အဝါက တောင်တန်းတစ်ခုလို ကြံ့ခိုင်လှတယ်။ ဟ…”
"ဓားလုလင်ပျိုလေးဟာ သူ့ရဲ့ ဝိညာဉ်အင်အားကို မြှင့်တင်လိုက်တယ်။ သူ့ရဲ့ ဓားအရှိန်အဝါက သက်တန့်ဖြူကို ဖောက်ထွက်သွားတာပေါ့။ သူ့ရဲ့ လွှမ်းမိုးနိုင်တဲ့ စွမ်းအားတွေ ပျံ့နှံ့သွားပြီး အလင်းတန်း နှစ်ခုကတော့ လွင့်စင်သွားတော့တယ်။"
ပြေးဝင်လာသောဓားသွား၏ ဓားကိုင်ထားသော လက်က တုန်ယင်နေခဲ့သည်။ အကြောင်းမှာ သူ့ဓားမှာ တုန်ခါနေသောကြောင့် ဖြစ်သည်။
"ထူးဆန်းတဲ့ လှုပ်ရှားမှု၊ မယုံနိုင်စရာ အရှိန်နဲ့ အားကောင်းတဲ့ စွမ်းအား..."
အခြေအနေ မကောင်းတော့ကြောင်း သူ သိလိုက်သည်။ ထိုလူ့လက်ထဲတွင် ဖဲချပ် ၅၄ ချပ် ရှိနေလေသည်။ သူတစ်ချပ်ကို ရှောင်နိုင်ပြီး နှစ်ချပ်ကို ဓားဖြင့် ခုခံနိုင်ခဲ့သော်လည်း အခြေအနေအရဆိုလျှင် သူ အသတ်ခံရဖို့မှာ အချိန်တစ်ခုသာ လိုတော့သည်။
"ကောင်းပြီ၊ နှုတ်ဆက်တာတွေက ဒီမှာတင် ပြီးပြီ၊ အခု ငါ့တိုက်စစ်ကို တရားဝင် စတင်တော့မယ်"
ဖုန်းပုကြွယ်က ဆိုလိုက်သည်။
"အခြေအနေတွေက ပြောင်းပြန်လှန်သွားပြီ။ ရဲရင့်တဲ့ ကြေညာချက်က ပြေးဝင်လာသောဓားသွားကို တုန်လှုပ်သွားစေတော့တယ်"
"တောက်..."
ပြေးဝင်လာသောဓားသွားသည် နောက်ခံစကားပြောကို ကြားလိုက်ရသည်။ သူ မကျေနပ်သော်လည်း ဘာမှ မပြောနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဖုန်းပုကြွယ် အသာမရစဉ်က ထိုလူမှာ 'တုန်လှုပ်ခြင်း' အမူအရာ လုံးဝ မပြခဲ့သောကြောင့် ဖြစ်သည်။ အလွန်ဆုံးရှိမှ ဖုန်းပုကြွယ်ကို လှောင်ပြောင်ခြင်းသာ ရှိခဲ့သည်။
ယခုတစ်ကြိမ်တွင် ဖုန်းပုကြွယ်သည် ဖဲချပ်ငါးချပ်ကို ထုတ်ယူကာ လက်ထဲတွင် ဖြန့်လိုက်သည်။
"အရင်ဆုံး စထရိုက်ဖလပ်ရှ်(Straight Flush) နဲ့ စမ်းကြည့်ရအောင်"
"ပြေးဝင်လာသောဓားသွား တုံ့ဆိုင်းနေတဲ့အချိန်မှာ ဖုန်းပုကြွယ်က စတင် လှုပ်ရှားလိုက်ပါပြီ"