အခန်း (၁၀၅-၁၀၆)
Vol. 11 Ch. 105-106
အခန်း (၁၀၅)
ခြောက်ဦးအနက် ငါးဦးသည် မြို့ပျက်ကြီးအတွင်း အပြန်အလှန် တိုက်ခိုက်နေကြပြီး လျှောက်လှမ်းရင်း သူတို့၏ ဓားများကို ဝှေ့ယမ်းနေကြသည်။ တိုက်ပွဲမှာ ဆယ်မိနစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အကြောက်တရားမဲ့ ချန်ပီယံနှင့် မုန့်ကျင်းချန်တို့သည် စကတည်းက အခြေအနေမကောင်းခဲ့ပေ။ သုံးယောက်ကို နှစ်ယောက်နှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ ထို့ကြောင့် သဘာဝကျစွာပင် သူတို့မှာ အသာမရဘဲ ဖြစ်နေတော့သည်။
ဖန်တွမ်ဒေါင်းကမူ ဖြစ်ပျက်နေသမျှမှာ သူနှင့်မဆိုင်သည့်အလား အဝေးမှ ကြည့်ရုံသာ ကြည့်နေခဲ့သည်။
၎င်းမှာ ဖိတ်ခေါ်မှုကြောင့် မဟုတ်ဘဲ တိုက်ဆိုင်မှုကြောင့် ဆုံတွေ့ခဲ့ခြင်း ဖြစ်သည်။ အသင်းနှစ်သင်းစလုံးသည် အင်အားချင်း ညီမျှနေကြပြီး ထိုအချက်ကြောင့်ပင် သူတို့ တစ်ဦးနှင့်တစ်ဦး ဆုံတွေ့ခဲ့ကြခြင်း ဖြစ်သည်။
ဖန်တွမ်ဒေါင်း လှုပ်ရှားမှု မပြုလုပ်သေးသော်လည်း ဗြဟ္မာအဖွဲ့မှသုံးဦးသည် သတိလက်လွတ် မနေရဲကြပေ။ တိုက်ခိုက်ရေး အဆင့်သတ်မှတ်ချက်တွင် ပထမနေရာ၌ ရှိနေသော ဤလူငယ်နှင့် သူတို့ ပထမဆုံးအကြိမ် ဆုံတွေ့ဖူးခြင်း ဖြစ်သည်။ သူ မည်မျှ အစွမ်းထက်သည်ကို သူတို့ မသိကြသလို သူသည် စကေးတစ်ခုခုအတွက် ပြင်ဆင်နေခြင်း ဖြစ်နိုင်ခြေကိုလည်း သူတို့ လျစ်လျူမရှုရဲကြပေ။ ထို့ကြောင့် သူတို့သည် သတိကို မပြတ်ကပ်ထားရသည်။
သို့သော်လည်း သူတို့ သုံးဦးလုံး တိုက်ပွဲမပြီးမချင်း ဖန်တွမ်ဒေါင်းကို အရင်တိုက်ခိုက်ရန် အစီအစဉ် မရှိကြပေ။ အကယ်၍ ထိုကလေးက သူတို့အပေါ် အထင်သေး၍ဖြစ်စေ၊ သို့မဟုတ် သူ့အသင်းဖော်များနှင့် အဆင်မပြေ၍ဖြစ်စေ ဘေးကနေ ကြည့်နေရုံသက်သက် ဆိုပါက သူတို့ကလည်း သူ့ကို ထိုအတိုင်း လွှတ်ထားပေးမည် ဖြစ်သည်။ ယခု သုံးယောက်နှင့် နှစ်ယောက် ဖြစ်နေသဖြင့် အသာစီးရနေမှုမှာ ထင်ရှားလှသည်။ ကျန်နှစ်ယောက်ကို သတ်ပြီးပါက သုံးယောက်နှင့် တစ်ယောက် ဖြစ်လာပေလိမ့်မည်။ ထိုအချိန်ကျလျှင် သူ မည်မျှသန်မာနေပါစေ တိုက်ခိုက်ရေး အဆင့်သတ်မှတ်ချက်၏ ထိပ်တန်း အစွမ်းထက်ကစားသမား သုံးဦးကို အနိုင်ရရန် အခွင့်အရေး ရှိလိမ့်မည်မဟုတ်ပေ။
"ဟင်း..."
ဖန်တွမ်ဒေါင်းက သမ်းဝေလိုက်သည်။ သူသည် တိုက်ပွဲကို ကြည့်ရင်း သူ့ဘာသာ ရေရွတ်လိုက်သည်။
"ဒါက အရမ်းပျင်းစရာကောင်းတာပဲ"
ထိုခဏတွင် အကြောက်တရားမဲ့ ချန်ပီယံသည် ရာမ၏ ဖမ်းဆီးခြင်း ခံလိုက်ရပြီး ၎င်းက ဤ 'ပျင်းစရာကောင်းသော' တိုက်ပွဲအတွက် အလှည့်အပြောင်းသစ်တစ်ခု ဖြစ်လာစေသည်။
ရာမ၏ ဘွဲ့အမည်ဖြစ်သော ကြယ်တာရာလွန်းပျံကို ကြည့်ခြင်းအားဖြင့် သူမသည် ကြာပွတ်ကို အသုံးပြုနေကြောင်း ခန့်မှန်းနိုင်သည်။ ထိုခဏတွင် သူမသည် လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ကြာပွတ်က မြွေတစ်ကောင်ကဲ့သို့ တိုးထွက်လာသည်။ လှံသူရဲကောင်းမှာ ရဲရင့်လှသော်လည်း ဗိဿနိုး၏ တိုက်ခိုက်မှုကို တိုက်ရိုက်ရင်ဆိုင်ပြီးကာစ ဖြစ်သဖြင့် ခြေလှမ်းမခိုင်သေးပေ။ သူ အလစ်အငိုက် မိသွားပြီး ရှည်လျားသော ကြာပွတ်က ရောက်ရှိလာကာ သူ့လည်ပင်းကို ရစ်ပတ်သွားတော့သည်။
ရာမသည် သူမ၏ လက်ကောက်ဝတ်ကို လှည့်၍ ဆောင့်ဆွဲလိုက်သည်။ သူမသည် ဤအခွင့်အရေးကို အသုံးပြု၍ ဖန်တွမ်ဒေါင်း၏ အသင်းဖော် (အကြောက်တရားမဲ့ ချန်ပီယံ) ၏ လည်ပင်းကို ချိုးပစ်ရန် ကြံစည်နေခြင်း ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း မုန့်ကျင်းချန် ရောက်ရှိလာသည်။ သူသည် သူ့ဓားကို ကြာပွတ်ပေါ်သို့ ဝေ့ယမ်းလိုက်ရာ စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာပြီး ရာမက ကြာပွတ်ထဲသို့ ထည့်သွင်းထားသော စွမ်းအားကို ယာယီ ဟန့်တားလိုက်နိုင်သည်။ အကြောက်တရားမဲ့ ချန်ပီယံသည် ဤအခွင့်အရေးကို အသုံးချ၍ နောက်သို့ ခုန်ထွက်သွားကာ လည်ပင်းမှ ကြာပွတ်ကို ခါချလိုက်သည်။
ထိုစက္ကန့်ပိုင်းအတွင်းပင် မုန့်ကျင်းချန်၏ တိုက်ခိုက်ရေးအဆင့်မှာ မည်မျှ မြင့်မားကြောင်း မြင်တွေ့နိုင်သည်။ သူ့အသင်းဖော် အလစ်အငိုက် တိုက်ခိုက်ခံရသည်ကို မြင်သောအခါ သူသည် တုံ့ဆိုင်းမနေတော့ဘဲ အရှိန်ကို ချက်ချင်း မြှင့်လိုက်သည်။ အယောင်ပြတိုက်ကွက် တစ်ခုဖြင့် သူနှင့် တိုက်ခိုက်နေသော ဗြဟ္မာကြီးကို နောက်သို့ ဆုတ်သွားစေပြီးနောက် သူ့အသင်းဖော်ကို ကယ်တင်ရန် ချက်ချင်း လှည့်လာခဲ့ခြင်း ဖြစ်သည်။ ဗြဟ္မာကြီးသည် သူတို့ သုံးဦးအနက် အနှေးကွေးဆုံး ဖြစ်ပြီး မုန့်ကျင်းချန်၏ ရိုးရှင်းသော လှုပ်ရှားမှုအောက်တွင် လုံးဝ ကျန်ရစ်ခဲ့ရသည်။ သူ ဘာမှ မတတ်နိုင်ခဲ့ပေ။
"တောက်..."
အကြောက်တရားမဲ့ ချန်ပီယံက သူ့လည်ပင်းပေါ်မှ ပူစပ်ပူလောင် ဖြစ်နေသော အမှတ်အသားကို ထိတွေ့လိုက်သည်။ သူ ဆက်သည်းမခံနိုင်တော့ပေ။
"ကလေး"
သူက ဖန်တွမ်ဒေါင်းကို လှမ်းအော်လိုက်သည်။
"မင်း ဒီပွဲကို ဘယ်လောက်ကြာကြာ ထိုင်ကြည့်နေဦးမှာလဲ"
"အင်း... ခင်ဗျား တောင့်မခံနိုင်တော့ဘူးဆိုရင်လည်း အဲဒီအတိုင်း ပြောလိုက်ပေါ့၊ ဘယ်လောက်ကြာဦးမှာလဲလို့ လာမေးနေတာလား၊ ဝါး..."
ဖန်တွမ်ဒေါင်းက ပျင်းရိစွာ မတ်တပ်ရပ်လိုက်သည်။
"ခင်ဗျားတို့ရဲ့ တာဝန် (ဒီနေရာမှာတော့ စတူဒီယိုက ပေးထားတဲ့ တာဝန်) က တိုက်ခိုက်ရေး ကျွမ်းကျင်မှုကို အမြန်ဆုံး မြှင့်တင်ဖို့နဲ့ တိုက်ပွဲကနေ စကေးအမှတ်တွေ ရဖို့ပဲလေ"
သူက သူ့လည်ပင်းကို ဘယ်ညာ ဆန့်လိုက်သည်။
"ခင်ဗျားအသတ်ခံရရင်တောင် ဒီအချက်နှစ်ခုကို လုပ်ဆောင်တာကို ဘာမှ ထိခိုက်မှာ မဟုတ်ဘူး၊ ဒါကြောင့် ကျွန်တော် မလှုပ်ရှားတာက ခင်ဗျားတို့ ဒီအလုပ်နှစ်ခုကို ပိုလုပ်နိုင်အောင်လို့ပဲ"
မုန့်ကျင်းချန်နှင့် အကြောက်တရားမဲ့ ချန်ပီယံတို့သည် တိုက်ပွဲအတွင်းမှ ခုန်ထွက်လာကြပြီး ဖန်တွမ်ဒေါင်းဘေးသို့ ရောက်ရှိလာကြသည်။ ဗြဟ္မာအဖွဲ့မှ သုံးဦးသည် ထိုကလေး နောက်ဆုံးတွင် လှုပ်ရှားလာပြီ ဖြစ်ကြောင်း မြင်သောအခါ အသန်မာဆုံး ကစားသမား၏ စိန်ခေါ်မှုကို ရင်ဆိုင်ရန် အသင့်ပြင်လိုက်ကြသည်။
သူတို့ ဖန်တွမ်ဒေါင်းကို အလွန်သတိထားနေရသည့် အကြောင်းရင်းသည် အခြားလူတစ်ဦးဖြစ်သော တိုက်ခိုက်ရေး အဆင့် ၂ နေရာမှ သျှီဝကြောင့် ဖြစ်သည်။ ဗြဟ္မာအဖွဲ့၏ 'နတ်ဘုရားလေးပါး' အနက် အသန်မာဆုံးဖြစ်သော သူသည် ဖျက်ဆီးခြင်းနတ်ဘုရားကို ကိုယ်စားပြုသည့် ဂိမ်းအိုင်ဒီကို အသုံးပြုထားပြီး ဗြဟ္မာအဖွဲ့၏ ခေါင်းဆောင်လည်း ဖြစ်သည်။ တစ်ယောက်ချင်း တိုက်ပွဲများတွင် ဗိဿနိုး၊ ဗြဟ္မာကြီးနှင့် ရာမတို့သည် သူ့ကို တစ်ခါမှ အနိုင်မရဖူးကြပေ။
ဗြဟ္မာအဖွဲ့ဝင်များသည် အဆင့်သတ်မှတ်ချက်ဇယားကို ပထမဆုံးအကြိမ် မြင်လိုက်ရစဉ်က လုံးဝ တုန်လှုပ်သွားခဲ့ကြသည်။ အဆင့်သတ်မှတ်ချက် ဇယားတွင် အမည်ပင် မရှိသော လူတစ်ဦးက သူတို့ ခေါင်းဆောင်ထက် တိုက်ခိုက်ရေး အဆင့်သတ်မှတ်ချက်တွင် ပိုမြင့်နေခြင်း ဖြစ်သည်။ သူတို့သည် ထိုကလေးက လိမ်လည်ထားသည် သို့မဟုတ် သဘာလွန်စွမ်းအားတစ်ခုခု ပိုင်ဆိုင်ထားသည်ဟု တစ်ယောက်ယောက်ပြောလာပါက ယုံကြည်မိကြမည်ဖြစ်သည်။
“ကလေး မင်းပြောပုံအရဆိုရင် မင်းလှုပ်ရှားလိုက်တာနဲ့ မင်းအသင်းဖော်တွေက လှုပ်ရှားစရာတောင် မလိုတော့ဘူးပေါ့”
“တကယ်တော့ ဦးလေးအကြောက်တရားမဲ့က အသင်းရဲ့ ယေဘုယျတိုက်ခိုက်ရေးစွမ်းအားကို ဆွဲမချဘူးဆိုရင် ကျွန်တော် နိုင်နိုင်ပါတယ်”
လက်တွေ့ဘဝတွင် ဖန်တွမ်ဒေါင်းသည် ပြောရဆိုရလွယ်ပြီး ယဉ်ကျေးသော လူငယ်လေးတစ်ဦးဖြစ်သည်။ သို့သော် သူဂိမ်းထဲဝင်လိုက်သည်နှင့် ကြမ်းတမ်းသော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားတတ်သည်။
“မင်း ဘာပြောလိုက်တာလဲကွ”
အကြောက်တရားမဲ့ ချန်ပီယံသည် ဒေါသထွက်လွန်းသဖြင့် သူ့နေရာမှ ထခုန်လုနီးပါး ဖြစ်သွား၏။
သူသည် ဖန်တွမ်ဒေါင်းကို စိတ်ခုနေခဲ့သည်မှာ အတော်ကြာပြီဖြစ်သည်။ ဂိမ်းစမ်းသပ်ကာလအတွင်း သူ့အဆင့်ကို အမြင့်ဆုံးတင်ပြီးကတည်းက သူ့တွင် ဂိမ်းကစားရန် အားလပ်ချိန်များ ရရှိခဲ့သည်။သူသည် လူသုံးယောက်မှ ခြောက်ယောက်ကြားပါသော ကျပန်းတိုက်ပွဲတစ်ခုကို တန်းစီခဲ့သည်။ သူတစ်ချက်ကြည့်လိုက်ချိန်တွင် သူတွေ့လိုက်သော လူသုံးယောက်မှာ စတူဒီယိုကသာဖြစ်ကြောင်း မြင်လိုက်ရသည်။သူတို့ထဲမှ နှစ်ယောက်ဆိုလျှင် သူ့လက်ထောက်များပင် ဖြစ်နေသေးသည်။သူသည် ချက်ချင်းစိတ်ကိုပြင်ဆင်လိုက်ကာ တစ်ယောက်၏ ကျွမ်းကျင်အဆင့်ကို တစ်ယောက်မြှင့်တင်ပေးပြီး နောက်ဆုံးတွင် သူ့ကိုသာ အနိုင်ပေးရန် မပြောပဲသိသော နားလည်မှုတစ်ခု ယူခဲ့ကြသည်။ ဖန်တွမ်ဒေါင်းက သူတို့ကို သုံးယောက်တစ်ပြိုင်တည်း တိုက်ခိုက်ချင်ကြောင်း ပြောကာ ရန်စလာမည်ဟု ဘယ်သူက ထင်ပါမည်နည်း။ထိုအချိန်က ဖန်တွမ်ဒေါင်းသည် အဆင့် ၁၅သာ ရှိသေးသော်လည်း အလွန်မောက်မာနေခဲ့သည်။သဘာဝကျစွာပင် စီနီယာများသည် ထိုကလေးကို သင်ခန်းစာပေးခဲ့ကြသည်။ ထို့ကြောင့် ကပ်ဆိုးကြီးတစ်ခု ဖြစ်လာရတော့သည်။
မှန်ပေသည် သူခဏမျှ စိတ်ခုနေသော်လည်း ယင်းက ယာယီစိတ်ခံစားချက်သာ ဖြစ်သည်။ အကြောက်တရားမဲ့ ချန်ပီယံသည် ဂိမ်းတစ်ခုအပေါ် အလွန်အကျွံ စိတ်ခံစားချက်ထားတတ်သူ မဟုတ်ပေ။ သူက ထိုကလေးကို အနည်းငယ်စိတ်ရှုပ်စရာကောင်းသည်ဟု တွေးမိရုံသာဖြစ်သည်။ သူ့အတွက် အံ့အားသင့်ရသည်က သူသည် ဂိမ်းတရားဝင်ကာလ ညတွင် တာဝန်ကာလအတွင်း၌ ဖန်တွမ်ဒေါင်းနှင့် မုန့်ကျင်းချန်တို့နှင့်အတူ အသင်းတူတစ်ခုတည်း စီစဉ်ခံလိုက်ရခြင်းကိုပင်။ သူ့တာဝန်သည် တစ်ညလုံး ၃-၃ သတ်ဖြတ်ခြင်းဂိမ်းကစားရန်နှင့် သူ့ကျွမ်းကျင်မှုကို လေ့ကျင့်ရန်ဖြစ်သည်။
ယခုတွင် သူ၏ အကြီးမားဆုံးပြိုင်ဘက်ရှေ့တွင် ဖန်တွမ်းဒေါင်း၏ ကျိန်ဆဲခြင်းခံလိုက်ရသဖြင့် မေတ္တာတရားကြီးမားလှသော ဗုဒ္ဓပင် ဒေါသထွက်မိပေလိမ့်မည်။
“အာ… ဒေါသမထွက်ပါနဲ့ကွာ ၊ ကလေးတွေရဲ့ စကားပြောပေါက်က ဒီလိုပါပဲ”
မုန့်ကျင်းချန်က သူ့ကို နှစ်သိမ့်လိုက်သည်။ သူသည် စကားကို ဖြည်းညင်းစွာပြောတတ်ပြီး သူ့မျက်နှာပေါ်ရှိအမူအရာသည် လူအိုကြီးတစ်ယောက် နေ့ခင်းကြောင်တောင် အိပ်မက်မက်နေသည့် ပုံစံမျိုးဖြစ်သည်။ယင်းသည် သူ၏ ပုံမှန် မြန်ဆန်သွက်လက်သော တိုက်ခိုက်ရေးစတိုင်နှင့် နှိုင်းယှဉ်ပါက လုံးဝဆန့်ကျင်ဘက် ဖြစ်သည်။
“ငါက အခုလိုပုံစံဖြစ်နေပေမယ့် ငါငယ်ငယ်တုန်းကတော့ သူ့လိုပါပဲကွာ…”
သူက ပုလင်းကို ထုတ်၍ နှစ်ကျိုက်မော့လိုက်သည်။ထို့နောက် လေချဉ်တက်လိုက်သည်။
“အေ့…အရင်တုန်းကဆို ငါက အဆင်အခြင်မဲ့ခဲ့တာ…”
“’အခု’လိုဆိုတာက ဘာစကားလဲကွ၊ မင်းအခု ဘာလုပ်နေတာလဲ၊ ဆေးလိပ်သောက်တယ် အရက်သောက်တယ် မင်းဆံပင်ကို ကောက်တယ် “
အကြောက်တရားမဲ့ ချန်ပီယံက အော်ဟစ်လိုက်သည်။
“မင်းလည်းပဲ…သူ့ထက် နှစ်နည်းနည်းပဲ ကြီးတာလေ၊ မင်းက ငယ်နေတုန်းပဲကွ သိလား”
“ဟားဟား…ကောင်းပါပြီ၊ ကျွန်တော် အခုရပ်နေပြီဆိုတော့ ဒီတိုက်ပွဲကို မြန်မြန်အဆုံးသတ်လိုက်ကြစို့”
ဖန်တွမ်ဒေါင်းက သူ့လက်ဆစ်များကို တဖျောက်ဖျောက်ချိုးပြီး ရှေ့တက်လိုက်သည်။
“မနက်ဖြန် ကျွန်တော်တစ်ခု သွားပြောမယ်၊ နောင်ကျရင် ဘာမုဒ်ပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံး တစ်ကိုယ်တော်ပဲ ၊ ဒါက ခင်ဗျားတို့အတွက် ကျွန်တော်နဲ့အတူ တန်းစီရဖို့ ခက်သွားလိမ့်မယ်”
ထိုကောင်လေး တစ်ယောက်တည်းရှေ့တက်လာသည်ကို မြင်သောအခါ ဗြဟ္မာက ရယ်လျက်ပြန်ဖြေသည်။
“ဟေး ကလေး…မင်းက မင်းတစ်ယောက်တည်းနဲ့ ငါ့တို့သုံးယောက်ကို ချနိုင်တယ်လို့ ထင်နေရလောက်အောင် အရမ်းတုံးအတဲ့ပုံ မပေါ်ပါဘူး ဟုတ်တယ်မလား”
“စိတ်ဝင်စားစရာပဲ၊ ခေါင်းဆောင်တောင် ဒီလို လုပ်နိုင်မှာ မဟုတ်ဘူး…မင်းကော ဘယ်လိုထင်လဲ ရာမ”
ဗိဿနိုးက လှည့်မေးသည်။
“ဟွန့်…ရှင်က ဒါအတွက် မေးနေတာပေါ့”
ရာမက လှောင်ပြောင်လိုက်သည်။
သို့သော်လည်း ဖန်တွမ်ဒေါင်းမျက်နှာပေါ်ရှိ အမူအရာသည် ပျင်းရိခြင်းများ ခိုတွဲလျက် အလွန်စိတ်လက်ပေါ့ပါးနေလေသည်။သူသည် လက်နက်တစ်ခုပင် မထုတ်ချေ။သူက လက်ကိုဆန့်လိုက်ပြီး ‘ကျေးဇူးပြုပြီး’ ဟူသော လက်ဟန်တစ်ခုလုပ်လိုက်သည်။သူက သူ့လက်ဖဝါးကို သူ့ဘက် ယပ်ပြလိုက်သည်။
“အချိန်မဖြုန်းနဲ့တော့၊ ခင်ဗျားတို့ အတူတူတက်လာခဲ့ကြပါ”
အခန်း (၁၀၆)
အများသူငှာ ဆိုအပ်သော အရှိတရားဟူသည် ကျွန်ုပ်တို့ မထိန်းချုပ်နိုင်ဘဲ အခြားသူများက ပုံဖော်ထားသည့် ပုံရိပ်ယောင်တစ်ခုသာ ဖြစ်နိုင်ပေသည်။
…
"ဖုန်းပုကြွယ်၊ အဆင့် ၁၅"
"သင် ပါဝင်လိုသော ဂိမ်းမုဒ်ကို ရွေးချယ်ပေးပါ။"
"သင်သည် တစ်ကိုယ်တော် ရှင်သန်ခြင်းမုဒ် (အိပ်မက်ဆိုး) ကို ရွေးချယ်ထားပါသည်၊ ကျေးဇူးပြု၍ အတည်ပြုပေးပါ။"
"အတည်ပြုပြီးပါပြီ၊ ဇာတ်လမ်းကို ဖန်တီးနေပါသည်..."
"ဒေါင်းလုဒ်လုပ်နေပါသည်၊ ခေတ္တစောင့်ဆိုင်းပေးပါ။"
"သည်းထိတ်ရင်ဖို သုခဘုံမှ ကြိုဆိုပါတယ်"
အမျိုးသမီးငယ်တစ်ဦး၏ အသံက သူ့နားထဲသို့ ပျံ့လွင့်ဝင်ရောက်လာ၏။
ယခင် ၁-၁ ဇာတ်လမ်းသည် အချိန်အများကြီး မယူခဲ့သလို ရှောင်တန်တို့အဖွဲ့၏ ဇာတ်လမ်းမှာလည်း မပြီးသေးသောကြောင့် ဖုန်းပုကြွယ်သည် အဆင့် ၁၅ ရောက်မှသာ ပွင့်သည့် မုဒ်အသစ်ဖြစ်သော တစ်ကိုယ်တော် ရှင်သန်ခြင်းမုဒ် (အိပ်မက်ဆိုး) ကို တန်းစီစောင့်ဆိုင်းခဲ့ခြင်း ဖြစ်သည်။
"ဒေါင်းလုဒ်လုပ်ခြင်း ပြီးဆုံးပါပြီ။ သင်သည် လက်ရှိတွင် တစ်ကိုယ်တော် ရှင်သန်ခြင်းမုဒ် (အိပ်မက်ဆိုး) ကို ကစားနေခြင်း ဖြစ်ပါသည်။"
"ဤမုဒ်တွင် ဇာတ်လမ်းမိတ်ဆက် ပါဝင်မည်ဖြစ်ပြီး၊ လျှို့ဝှက်ဘေးထွက်မစ်ရှင်များနှင့် ထူးခြားသော ကမ္ဘာ့တည်ဆောက်ပုံများကို လှုံ့ဆော်နိုင်မည့် အခွင့်အရေးရှိပါသည်။"
"ဇာတ်လမ်းပြီးဆုံးပါက ရရှိမည့်ဆုလာဘ် - ပဟေဠိကတ် နှစ်ကတ်ကို ကျပန်းမဲနှိုက်ခွင့် ရပါမည်။"
"ဇာတ်လမ်းမိတ်ဆက်ကို မကြာမီ ပြသပါမည်။ ၎င်းပြီးနောက် ဂိမ်းကို ချက်ချင်း စတင်ပါမည်။"
ဖုန်းပုကြွယ်၏ မျက်စိရှေ့တွင် သာမန်လမ်းမတစ်ခု ပေါ်လာပြီး လမ်း၏ တစ်ဖက်တစ်ချက်တွင် လူနေအိမ်များ၏ နံရံများ ရှိနေလေသည်။ ကောင်းကင်သည် အုံ့မှိုင်းနေပြီး အထပ်မြင့် အဆောက်အအုံများ မရှိပေ။ အမြင့်ဆုံး အဆောက်အအုံများမှာ ခြောက်ထပ် သို့မဟုတ် ခုနစ်ထပ်ခန့်သာ ရှိသည်။ ၎င်းမှာ မြို့ငယ်လေးတစ်ခုနှင့် တူလှသည်။
ထူးခြားချက်မှာ အဖွင့်ဗီဒီယိုက အဖြူအမဲ ဖြစ်နေခြင်းပင်။
စနစ်အသံက ပြောလာသည်။
"ဒါကတော့ သာမန် ညနေခင်းလေးတစ်ခု ဖြစ်ပြီး သင်ဟာ အိမ်အပြန်လမ်းပေါ်မှာ ရောက်နေတာပါ"
"သင်နေထိုင်တဲ့ မြို့ငယ်လေးဟာ မကြာသေးခင်ကပဲ တိုင်ဖွန်းမုန်တိုင်းဒဏ် ခံခဲ့ရပါတယ်။ သင့်ရဲ့ မူလနေရပ်က အဆိုးရွားဆုံး ထိခိုက်ခဲ့ပြီး ပတ်ဝန်းကျင်က အိမ်အများစုဟာ ပြိုကျပျက်စီးသွားခဲ့တယ်"
"သင် အသက်ရှင်ကျန်ရစ်ခဲ့ပေမဲ့ နေစရာနေရာအသစ်ကို ရှာဖွေရပါတော့မယ်"
"သင့်ကို မြို့လေးထဲက စွန့်ပစ်အိမ်ဟောင်းတစ်လုံးမှာ ယာယီ နေရာချပေးထားပါတယ်။ အဲဒါက စန်ချိုမီကျေးရွာက ရှေးဟောင်းတန်းလျားအိမ်ကြီးတစ်လုံးပါ"
"ဒဏ္ဍာရီတွေအရ အဲဒီနေရာမှာ သရဲခြောက်တယ်လို့ ပြောကြတာကြောင့် ဘယ်သူမှ အနားမကပ်ရဲကြပါဘူး။ ဒါပေမဲ့ တိုင်ဖွန်းမုန်တိုင်းအပြီးမှာတော့ သင်နဲ့အတူ အခြားထိခိုက်ခဲ့ရတဲ့ မိသားစုနှစ်စုဟာ အဲဒီနေရာကို ပြောင်းရွှေ့လာခဲ့ရပြီး ဘေးချင်းကပ် နေထိုင်နေကြရပါတယ်"
ဇာတ်လမ်းမိတ်ဆက်က ထိုနေရာတွင်ပင် ပြီးဆုံးသွားပြီး ဖုန်းပုကြွယ် စိတ်ကြိုက် လှုပ်ရှားနိုင်ပြီ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် စနစ်အသံကို ကြားလိုက်ရသည်။
"အဓိကတာဝန် စတင်ပါပြီ"
ဂိမ်းမီနူးကို ဖွင့်ကြည့်လိုက်ရာ တာဝန်တက်ဘ်တွင် အဓိကတာတန်၏ အကြောင်းအရာကို ပြသထား၏။ တာဝန်မှာ အလွန်ပင် ရိုးရှင်းလှသည်။ "အိမ်ပြန်ပါ" ဟူသော စကားလုံး သုံးလုံးသာ ဖြစ်သည်။
"အင်း... ဒါဆို ဒါက သရဲခြောက်တဲ့ ဇာတ်လမ်းပေါ့..."
ဖုန်းပုကြွယ် ရေရွတ်လိုက်သည်။
"အချိန်အကန့်အသတ်လည်း ရှိပုံမရဘူး၊ ဒီ အိပ်မက်ဆိုးဇာတ်လမ်းက Saw (လွှ) လောက်တော့ ကြောက်ဖို့ မကောင်းပါဘူး"
သူသည် သူ့အိတ်ကပ်များကို စမ်းသပ်ကြည့်ကာ မှတ်ပုံတင် သို့မဟုတ် မြေပုံကဲ့သို့သော အရာများ ရှိမရှိ ရှာဖွေလိုက်သည်။ ရှာဖွေနေစဉ်အတွင်း ဖုန်းပုကြွယ်သည် ပတ်ဝန်းကျင်ကို အကဲခတ်နေခဲ့သည်။ ထူးဆန်းသည်မှာ အဖွင့်ဗီဒီယို ပြီးသွားသော်လည်း ကမ္ဘာကြီးမှာ အဖြူအမဲအတိုင်း ရှိနေဆဲပင်။ သူ အရောင်မခွဲခြားနိုင်သော ရောဂါ ဖြစ်သွားသလိုပင် ခံစားရသည်။ ထို့အပြင် တစ်စုံတစ်ခု ကွဲအက်နေသည့် အသံမျိုးကို ခပ်ဖျော့ဖျော့ ကြားနေရသည်။ ၎င်းမှာ အလွန်တိုးညင်းလှပြီး မည်သည့်နေရာမှ လာသည်ကို မသိရပေ။ သူ အာရုံစိုက် နားထောင်လိုက်တိုင်း ထိုအသံက ပျောက်ကွယ်သွားတတ်သည်။ သို့သော် ခဏအကြာတွင် ထိုအသံမှာ ပြန်ပေါ်လာစမြဲပင်။
ဆယ်စက္ကန့်အကြာတွင် ဖုန်းပုကြွယ်သည် အိတ်ကပ်အားလုံးကို ရှာဖွေပြီးနောက် ဘောင်းဘီညာဘက်အိတ်ကပ်ထဲတွင် သော့တွဲတစ်ခုကို တွေ့လိုက်ရသည်။ သော့ စုစုပေါင်း သုံးချောင်း ပါဝင်သည်။
ပစ္စည်းအမည် - သော့သုံးချောင်း
ပစ္စည်းအမျိုးအစား - ဇာတ်လမ်းပစ္စည်း
အရည်အသွေး - သာမန်
အသုံးပြုပုံ - တံခါးများကို ဖွင့်ရန်
ဇာတ်လမ်းပြင်ပသို့ ယူဆောင်သွားနိုင်ခြင်း - မရပါ
မှတ်ချက် - သက်ဆိုင်ရာ တံခါးသော့ကို တွေ့ရှိပါက အသုံးပြုနိုင်ပါသည်။
ဖုန်းပုကြွယ်သည် သော့များကို ကောက်ကိုင်ကာ လေ့လာလိုက်သည်။ ပုံစံအရ ကြည့်လျှင် ဤသော့သုံးချောင်းမှာ အလွန်ရိုးရှင်းလှသည်။ သော့သွားများနှင့် ပုံစံများကို ကြည့်ခြင်းအားဖြင့် ၎င်းနှင့် သက်ဆိုင်သော သော့ခလောက်လည်း ရှုပ်ထွေးလိမ့်မည်မဟုတ်ပေ။
"အဲဒီထဲက တစ်ချောင်းက အိမ်သော့လို့ ယူဆရရင် ကျန်တဲ့နှစ်ချောင်းက ဘာတွေလဲ"
ဖုန်းပုကြွယ် တွေးတောနေမိသည်။
"လမ်းဘေးဓာတ်တိုင်နဲ့ အမှိုက်ပုံးပုံစံကို ကြည့်ရင် ဒါက နှစ်ဆယ်ရာစု ဖြစ်လိမ့်မယ်၊ အဲဒီအချိန်က ကားသော့တွေက ခေါက်လို့ရတာမျိုး ဒါမှမဟုတ် အီလက်ထရွန်နစ်တွေ မဟုတ်သေးဘူး၊ အခုလို သာမန်သော့တွေပဲ ဖြစ်ရမယ်"
သူ လမ်းဆုံသို့ လမ်းလျှောက်သွားပြီး လမ်းတလျှောက် ကြည့်ရှုလိုက်သည်။
"အနီးအနားမှာ ကားပါကင်လည်း ရှိပုံမရဘူး၊ ဒါကြောင့်... တစ်ချောင်းက ကားသော့ဖြစ်နေရင်တောင် ကားက ဒီနားမှာ ရှိမှာမဟုတ်ဘူး"
သူ ခေါင်း ကုတ်လိုက်မိသည်။
"သတင်းအချက်အလက်က သိပ်နည်းလွန်းသလိုပဲ၊ ငါက ကစားသမားတစ်ယောက်အနေနဲ့ ကစားနေတာလား၊ ဒါမှမဟုတ် ဇာတ်လမ်းထဲက 'ငါ' ရဲ့ နေရာမှာ ကစားနေတာလား၊ တကယ်လို့ နောက်တစ်ချက်သာ မှန်ခဲ့ရင် 'ငါ' ရဲ့ အထောက်အထားက အရေးကြီးလား၊ ဇာတ်လမ်းကို ထိခိုက်စေမလား၊ 'အိမ်ပြန်ရောက်' သွားရင် ဘာဖြစ်မလဲ"
လက်ရှိ အခြေအနေအရ ဤမေးခွန်းများကို အဖြေရှာမရနိုင်သေးပေ။ ဖုန်းပုကြွယ်သည် အဓိကတာဝန်အတိုင်း လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ယင်းက အိပ်မက်ဆိုးအဆင့် မဟုတ်ပါလား။ အပေါ်ယံတွင် အေးချမ်းနေပုံရသော်လည်း ခြေလှမ်းတစ်ချက် မှားရုံနှင့် သေသွားနိုင်ပေသည်။ အချိန်အကန့်အသတ် မရှိသော်လည်း မြို့ငယ်လေးအတွင်း အစီအစဉ်မရှိ လျှောက်သွားနေခြင်းမှာ အန္တရာယ်များလှသည်။
"ဒါနဲ့... ငါ့ကို စန်ချိုမီကျေးရွာက တန်းလျားအိမ်ဟောင်းလို့ လိပ်စာပေးထားပေမဲ့ စန်ချိုမီက ဘယ်နားမှာလဲ"
ဖုန်းပုကြွယ်သည် မြို့ငယ်လေး၏ လမ်းများကို သဘာဝကျစွာပင် မသိရှိသဖြင့် လိပ်စာသိနေရုံနှင့် ဘာမှအဓိပ္ပာယ် မရှိပေ။
"ငါက အိမ်ပြန်လမ်းပေါ်မှာ လျှောက်နေတာဆိုရင်တော့... ငါ မူလက မျက်နှာမူထားတဲ့ ဘက်က..."
ဖုန်းပုကြွယ်သည် ထိုဘက်သို့ လှည့်ကြည့်လိုက်ရာ လမ်းဆုံတစ်ခု ဖြစ်နေလေသည်။
"အင်း... မြေပုံတစ်ခုခု ရှာကြည့်ရမယ် ဒါမှမဟုတ် တစ်ယောက်ယောက်ကို မေးကြည့်ရမယ်"
သူသည် ကံစမ်းပြီး လျှောက်မသွားချင်ပေ။ အကြောင်းရင်းမှာ ရှင်းလင်းလှပါသည်။
ထိုအချိန်တွင် လမ်းသွားလမ်းလာတစ်ဦး ဖြည်းညင်းစွာ လျှောက်လာသည်။ သူမသည် အနက်ရောင် ဆံပင်ရှည်ရှိသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမသည် ကုတ်ဝတ်ရုံရှည်နှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားပြီး လည်ပင်းတွင် ပဝါတစ်ထည် ပတ်ထား၏။ ထို့အပြင် သူမ၏ မျက်နှာအောက်ပိုင်းကို ဖုံးအုပ်ထားသည့် မတ်စ်တစ်ခုကိုလည်း တပ်ဆင်ထားသေးသည်။ ဖုန်းပုကြွယ် လမ်းပေါ်တွင် ရပ်နေသည်မှာ ကြာပြီဖြစ်သော်လည်း ထိုလူမှာ သူပထမဆုံး မြင်ရသော လူဖြစ်သည်။ သို့သော် မြို့ငယ်လေး ဖြစ်နေသဖြင့် ညဘက်တွင် လမ်းပေါ်၌ လူနည်းနေခြင်းကို နားလည်ပေးနိုင်ပါသည်။
"အားနာပါတယ်၊ လမ်းလေး မေးပါရစေ..."
ဖုန်းပုကြွယ် လမ်းမေးရန် ရှေ့သို့ တိုးသွားလိုက်သည်။
သို့သော် သူ့စကားမဆုံးမီ ထိုအမျိုးသမီးက ကြားဖြတ်မေးလိုက်သည်မှာ "ကျွန်မ လှသလား"
"အာ... ဘာလား"
ဖုန်းပုကြွယ် တစ်ခုခုမှားနေပြီဟု ချက်ချင်း ခံစားလိုက်ရသည်။ သူ့လက်က သူ့ကျောပိုးအိတ်ထဲသို့ အလိုအလျောက် ရောက်ရှိသွား၏။
"ကျွန်မ လှသလား"
ထိုအမျိုးသမီးက လှည့်ကြည့်ကာ နောက်တစ်ကြိမ် ထပ်မေးပြန်သည်။ သို့သော် သူမ၏ မျက်နှာတစ်ဝက်ကို မတ်စ်နှင့် ပဝါတို့ဖြင့် ဖုံးအုပ်ထားသဖြင့် ဘာမှ မမြင်ရပေ။
"ဟုတ်ကဲ့၊ လှပါတယ်"
ဖုန်းပုကြွယ် နောက်ဆုံးတွင် သဘောပေါက်သွားသည်။ သူ့ရှေ့က အမျိုးသမီးမှာ ဒဏ္ဍာရီထဲက...
ထိုစကားကို ကြားသောအခါ ပါးစပ်ပြဲအမျိုးသမီးသည် သူမ၏ မျက်နှာတစ်ခုလုံးကို ပြသရန် မတ်စ်ကို ချက်ချင်း ဖယ်ရှားလိုက်လေသည်။ သူမ၏ ပါးပြင်နှစ်ဖက်စလုံးသည် ဓားရာနှစ်ချက်ဖြင့် ပြဲပွင့်နေပြီး ၎င်းမှာ နားရွက်ရင်းအထိ ရောက်ရှိလုနီးပါး ဖြစ်နေသည်။
"အခုရော ကျွန်မ လှသေးလား"
သူမက ထပ်မေးလိုက်သည်။
ဖုန်းပုကြွယ်သည် သူ ဂျိုကာပုံစံကို မသင်ယူခဲ့မိသည်မှာ ကံကောင်းသည်ဟု မှတ်ယူလိုက်သည်။ မဟုတ်ပါက သူသည် ဤအမျိုးသမီးနှင့် ကွက်တိ ဖြစ်နေပေလိမ့်မည်။
ကလေးများကို ငိုအောင် လုပ်နိုင်သော ထိုမကောင်းဆိုးဝါးကို ကြည့်ရင်း ဖုန်းပုကြွယ်က မျက်လုံးများကို ပြူးကြည့်ကာ သေချာပေါက်ပင် ပြန်ဖြေလိုက်သည်။
"လှတာပေါ့၊ အရမ်းလှတယ်"
သူ့လက်ထဲမှ ဂွကို ဆွဲထုတ်ရန် အသင့်ပြင်ထားလိုက်သည်။ သူက သူ့ဘာသာစဉ်းစားနှေသည်မှာ
'ဒီကောင်မ၊ ငါ မင်းကို နှစ်ခါတောင် ချီးကျူးပြီးပြီ၊ အဲဒါတောင်မှ မင်းက တံစဉ်းကို ဆွဲထုတ်ရဲသေးတယ်ဆိုရင်တော့ မင်းကို နောက်တစ်ကြိမ် ပလတ်စတစ် ဆာဂျရီ လုပ်ပေးဖို့ ငါ့ကို အပြစ်မတင်နဲ့တော့'
စက္ကန့်အနည်းငယ်အကြာတွင် ပါးစပ်ပြဲအမျိုးသမီးက ထပ်မေးလေသည်။
"စောစောက ရှင် ကျွန်မကို ဘာမေးချင်လို့လဲ"
ဖုန်းပုကြွယ်သည် သူမကို မေးမြန်းရန် တုံ့ဆိုင်းနေခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဘယ်သူက မကောင်းဆိုးဝါးတစ်ကောင်ကို ကိုယ့်အိမ်လိပ်စာ ပြောပြချင်မှာလဲ။ သို့သော် သူ ပြန်စဉ်းစားလိုက်သည်။ သူက အဲ့ဒီနေရာမှာ တကယ်နေတာမှ မဟုတ်တာပဲ။ ထို့ကြောင့် သူ မေးလိုက်သည်။
"စန်ချိုမီကို ဘယ်လိုသွားရမလဲ"
"ဟိုဘက်ကို သွား၊ ဘယ်ဘက်ကို ချိုး၊ နောက်လမ်းမှာ နောက်ထပ် ဘယ်ဘက်ကို ထပ်ချိုးပြီး တည့်တည့်လျှောက်သွား"
ပါးစပ်ပြဲအမျိုးသမီးက လမ်းဆုံကို ညွှန်ပြလိုက်သည်။ ထိုသို့ပြောပြီးနောက် သူမသည် မတ်စ်နှင့် ပဝါကို ပြန်ပတ်ကာ ထွက်ခွာသွားတော့သည်။
ဖုန်းပုကြွယ်သည် သူမနောက်ကို လိုက်၍ ကျေးဇူးတင်ရန် အစီအစဉ် မရှိပေ။ သူမ မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်ကိုသာ ကြည့်နေခဲ့သည်။ ထို့နောက် သက်ပြင်းတစ်ချက်ချကာ ဂွကို လွှတ်လိုက်တော့သည်။
"ချီးပဲ... အိမ်တောင် မရောက်သေးဘူး၊ မကောင်းဆိုးဝါးတစ်ကောင်နဲ့ တိုးနေပြီ... ဒါဆို အိမ်ရောက်ရင်တော့ သရဲနဲ့ တိုးမှာ သေချာသလောက်ပဲ"
ထိုသို့ တွေးမိသော်လည်း သူသည် ခြောက်ခြားဂိမ်းတစ်ခု ကစားနေခြင်းဖြစ်ရာ သရဲခြောက်မှန်း သိသော်လည်း အိမ်ကို သွားရမည်သာ ဖြစ်သည်။ ဖုန်းပုကြွယ်သည် ပါးစပ်ပြဲအမျိုးသမီး ပြသခဲ့သည့် လမ်းကြောင်းအတိုင်း လိုက်သွားလိုက်သည်။
ကောင်းကင်က ပိုမှောင်လာပြီး အရာအားလုံးမှာ အဖြူအမဲ ဖြစ်နေသည်။ ပတ်ဝန်းကျင်မှာ ခြောက်ခြားဖွယ်ရာ ကောင်းလှသည်။ အကယ်၍ အခြားကစားသမား တစ်ဦးသာဆိုလျှင် လူသူကင်းမဲ့နေသော လမ်းမပေါ်တွင် ရပ်နေရုံနှင့်ပင် ကြက်သီးထမိပေလိမ့်မည်။
အေးစက်သော လေပြင်းတစ်ချက် တိုက်ခတ်လာရာ ဖုန်းပုကြွယ်သည် သူ့ဝတ်စုံဂျာကင်ကို တင်းတင်းကြပ်ကြပ် ဆွဲစိလိုက်သည်။ ထို့နောက် မှောင်မည်းနေသော ကောင်းကင်ယံတွင် အဖြူရောင် လျှပ်စီးတန်းတစ်ခု ဖြတ်သန်းသွားပြီး ခြောက်ခြားဖွယ်အလင်းတန်းတစ်ခုက ကောင်းကင်ယံ၌ လင်းလက်သွား၏။ လျှပ်စီးလက်ပြီး စက္ကန့်အနည်းငယ်အကြာတွင် မိုးခြိမ်းသံ ဟိန်းထွက်လာလေသည်။ လေတိုက်ရုံသာမက မကြာခင် မိုးရွာတော့မည် ဖြစ်သည်။
ဖုန်းပုကြွယ် ခေါင်းမော့ကြည့်လိုက်သောအခါ ကောင်းကင်ယံ အမြင့်တွင် ထူးဆန်းသော အရာတစ်ခုကို တွေ့လိုက်ရသည်။
ဓာတ်တိုင်ထိပ်ဖျား၊ လမ်းဘေးမီးအလင်းရောင် မရောက်သော နေရာတွင် လူပုံသဏ္ဌာန် အရိပ်တစ်ခု ဆောင့်ကြောင့်ထိုင်နေခြင်းဖြစ်သည်။ လျှပ်စီးလက်ချိန်တွင် ဤအဖြူအမဲ ကမ္ဘာကြီး လင်းထိန်သွားရာ ဖုန်းပုကြွယ် '၎င်း' ကို သေသေချာချာ မြင်လိုက်ရသည်။ ထိုမကောင်းဆိုးဝါးသည် အဖြူရောင် ကီမိုနိုဝတ်ထားသော အဘွားအိုတစ်ဦးနှင့် တူပေသည်။ သူမ၏ ဆံပင်များကို ခေါင်းနောက်တွင် ထုံးထားပြီး မျက်နှာတွင် အရေးအကြောင်းများဖြင့် ပြည့်နှက်နေ၏။ သူမ၏ မျက်လုံးများက ပြူးထွက်နေပြီး မျက်တွင်းမှ ထွက်ကျလုနီးပါး ဖြစ်နေသည်။ သူမ၏ လက်ချောင်းများမှ အရေပြားသည် မည်းမှောင်ပြီး တွန့်လိပ်နေပြီး လက်ချောင်းများက သရဲလက်သည်းများကဲ့သို့ ဖြန့်ကားနေလေသည်။
လျှပ်စီးလက်ခြင်း ရပ်သွားသောအခါ ထိုအရိပ်မှာ အမှောင်ထုထဲသို့ ပြန်လည် ပျောက်ကွယ်သွားသည်။ ဖုန်းပုကြွယ် ၎င်းကို မမြင်ရတော့သလို၊ ထိုမကောင်းဆိုးဝါး ဘာလဲဆိုသည်ကို သိရန်လည်း အနားသို့ သွားလိုစိတ် မရှိပေ။ ၎င်းသာ သူ့ဆီ ခုန်မချလာပါက သူ မမြင်လိုက်သလိုဟန်ဆောင်နေမည် ဖြစ်သည်။
ဖုန်းပုကြွယ် ခေါင်းငုံ့ကာ ရှေ့သို့ ဆက်လက် လျှောက်လှမ်းခဲ့သည်။ သူ့ခြေလှမ်းများကို ထပ်မံမြှင့်လိုက်ပြီး ယခုအခါ ပြေးလုနီးပါး ဖြစ်နေပြီဖြစ်သည်။ သူသည် အခြား လမ်းသွားလမ်းလာများကို မတွေ့ရတော့ဘဲ လမ်းညွှန်ဆိုင်းဘုတ်တစ်ခုသို့ ရောက်သောအခါမှသာ ရပ်တန့်လိုက်တော့သည်။
ထိုအချိန်တွင် မိုးက စတင်ရွာသွန်းတော့သည်။
မိုးရေစက်များ ဖုန်းပုကြွယ်ပေါ်သို့ ကျဆင်းလာ၏။ သူ့လိုရာခရီးကိုလည်း လျင်မြန်စွာပင် တွေ့ရှိလိုက်ရသည်။ လမ်းတလျှောက် ကြည့်လိုက်ရာ ခြံဝင်းတစ်ခုအတွင်းရှိ ရိုးရှင်းသော တန်းလျားအိမ် သုံးလုံးတွဲကို တွေ့လိုက်ရသည်။ ထိုနေရာ ဖြစ်ရပေမည်။
ဖုန်းပုကြွယ် အိမ်ဆီသို့ အပြေးသွားလိုက်သည်။ သူသည် သူ့နဖူးပေါ်မှ စိုစွတ်နေသော ဆံပင်များကို နောက်သို့ သပ်တင်ကာ သော့ကို ထုတ်ယူလိုက်သည်။
ဇာတ်လမ်းအရ ဤတန်းလျားအိမ်များတွင် မိသားစုသုံးစု နေထိုင်ကြပြီး သူ့တွင် အိမ်နီးချင်း နှစ်ဦး ရှိပေသည်။ ဖုန်းပုကြွယ်သည် သူမည်သည့်တံခါးတွင် နေထိုင်သည်ကို မသိသဖြင့် တစ်ခုချင်းစီ စမ်းကြည့်လိုက်သည်။ ကံကောင်းသည်ဟု ဆိုရပေမည်၊ ပထမဆုံး တံခါးတွင်ပင် ပထမဆုံးသော့နှင့် အောင်မြင်သွားလေသည်။ သစ်သားတံခါးကို တွန်းဖွင့်လိုက်ရာ အခန်းသည် မှောင်မည်းနေပြီး စိုစွတ်နေသော သစ်သားနံ့ကိုလည်း ခံစားလိုက်ရသည်။
ဖုန်းပုကြွယ်သည် တံခါးနားတွင် လက်ဖြင့် စမ်းကြည့်လိုက်ရာ မီးခလုတ်ကို တွေ့ရှိလိုက်သည်။ သူ နှိပ်လိုက်သောအခါ အခန်းထဲရှိ မီးများ လင်းထိန်လာတော့သည်။