အခန်း (၈၃၁-၈၃၂)
Vol. 57 Ch. 831-832
အပိုင်း (၈၃၁) လူတွေက ညဘက်မှာ ဟန်ဆောင်မှုတွေကွာကျလာတယ်
“ဥယျာဉ်မှူးနဲ့ ဦးနှောက်ချင်း အောင်အောင်မြင်မြင် ချိတ်ဆက်နိုင်ခဲ့တဲ့ အဲ့ဒီမိန်းမကိုလည်း စိတ်ငြိမ်ဆေးနဲ့ နာကျင်မှုပျောက်ဆေးတွေ ထိုးပေးခဲ့တာ ငါကိုယ်တိုင်မြင်ခဲ့တယ်”
ဆေးဝါးဌာန၏ အတွင်းပိုင်းတွင် သော့ခတ်ထားရမည့် ဆေးဝါးများက သူ့အခန်းထဲ၌ အမြောက်အမြား ရှိနေခဲ့သည်။ ဒေါက်တာကောင်းသည် ဤဆေးဝါးများကို အပြင်သို့ ယူဆောင်လာရန်အတွက် ကြီးမားသော စွန့်စားမှုတစ်ခု လုပ်ဆောင်ခဲ့ရခြင်းဖြစ်ရာ ၎င်းတို့ကို အသုံးပြုရန် လိုအပ်ချက်တစ်ခုခု ရှိသည်မှာ သေချာပေသည်။
“တကယ်တော့... ငါကိုယ်တိုင်လည်း ဦးနှောက်ချင်းချိတ်ဆက်တာကို အောင်မြင်ခဲ့တာများလား”
ဦးနှောက်ချိတ်ဆက်ခြင်းဆိုသည်မှာ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့၏ နောက်ဆုံးပေါ် သုတေသနရလဒ်တစ်ခုဖြစ်ပြီး အသုံးချမှုနယ်ပယ် ကျယ်ပြန့်ပေသည်။ နာကျင်မှုကို ဝေမျှခြင်းသည် သေဒဏ်ဖြစ်ပြီး သာယာမှုကို ဝေမျှခြင်းမှာမူ စည်းစိမ်ခံစားခြင်းပင် ဖြစ်သည်။
ဆေးဝါးများကို ဂရုတစိုက် လှန်လှောကြည့်ရှုနေရင်း ဒေါက်တာကောင်းသည် အောက်ဆုံးတွင် ဝှက်ထားသော စုံစမ်းစစ်ဆေးမှု ဖိုင်အချို့ကို တွေ့ရှိလိုက်သည်။ ထိုဖိုင်များကို တစ်ချက် ကြည့်လိုက်ရုံနှင့်ပင် သူ့အကြည့်တို့မှာ ထိုနေရာတွင်ပင် ရပ်တန့်သွားခဲ့ရသည်။
စုံစမ်းစစ်ဆေးမှုမှတ်တမ်းအားလုံးသည် ဥယျာဉ်မှူးနှင့် ဒေါက်တာပုချွန်ကျိုက်ဟူသော လူနှစ်ယောက်ကိုသာ ဗဟိုပြုထားခြင်းဖြစ်သည်။ ဒေါက်တာကောင်းသည် သူတို့၏ လူနေမှုဘဝပုံစံမှစ၍ အလုပ်အကိုင် အတွေ့အကြုံများအထိ အသေးစိတ် စုံစမ်းစစ်ဆေးထားခဲ့ခြင်း ဖြစ်သည်။
မှတ်တမ်းများထဲရှိ ဒေါက်တာပုချွန်ကျိုက်သည် လူအများ သိထားသော ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့၏ လမ်းညွှန်ဆရာပုချွန်ကျိုက်နှင့် လုံးဝကွဲပြားနေလေသည်။ သူသည် ဒေါက်တာကောင်းနှင့် ဆေးရုံတစ်ခုတည်းတွင် အလုပ်လုပ်ခဲ့ဖူးသော်လည်း ဌာနချင်း မတူပေ။
ဒေါက်တာပုသည် ရုပ်ရည်ချောမောပြီး အရပ်ရှည်သူဖြစ်သည်။ ဆေးပညာတွင်လည်း အလွန်ထူးချွန်သူဖြစ်သည်။ သူသည် ဆေးရုံရှိသူနာပြုများစွာနှင့် မသင့်လျော်သော ပတ်သက်မှုများ ရှိခဲ့သည်။ သူသည် လူတစ်ယောက် မွေးဖွားလာပြီးနောက် မြင်သာသော ချက်ကြိုးကို ဖြတ်တောက်လိုက်သော်လည်း မမြင်ရသော ချက်ကြိုးများမှာ ကျန်ရှိနေဆဲဖြစ်သည်ဟု အခိုင်အမာ ယုံကြည်ထားသည်။ ထိုမမြင်ရသော ချက်ကြိုးများသည် တခြားသူများနှင့် ပေါင်းစပ်ချိတ်ဆက်နိုင်ပြီး လူအများကြီးနှင့် ချိတ်ဆက်မိလေလေ ထိုသူမှာ စွမ်းအင်နှင့် ချစ်ခြင်းမေတ္တာများ ပိုမိုပိုင်ဆိုင်ရလေလေဖြစ်သည်ဟု သူကယူဆသည်။ အဆုံးတွင် လူသားအားလုံးသည် ဤမမြင်ရသော ချက်ကြိုးများဖြင့် တစ်ဦးနှင့်တစ်ဦး ရစ်ပတ်ချိတ်ဆက်နေကြပြီး လူ့အဖွဲ့အစည်းဟူသည် ထိုသို့ ရက်လုပ်ထားခြင်းဖြစ်သည်ဟု သူက ဆိုသည်။
၎င်းမှာ သူ့ယုံကြည်ချက်ဖြစ်ပြီး သူလက်တွေ့လုပ်ဆောင်နေသည့် အရာလည်း ဖြစ်သည်။ သို့သော် ဒေါက်တာကောင်းကမူ ဒေါက်တာပုသည် ကာမဂုဏ်စွဲလမ်းနေသောဝေဒနာရှင် နှင့် ကိုယ်ကျင့်တရား ပျက်ပြားနေသော လူယုတ်မာတစ်ဦးသာ ဖြစ်သည်ဟု ယူဆခဲ့သည်။
နောက်ပိုင်းတွင် ဒေါက်တာပုနှင့် ချိတ်ဆက်နေသော ချက်ကြိုးများ ပိုမိုများပြားလာသောအခါ သူသည် သူ့ကိုယ်သူ ချက်ကြိုးများဖြင့် ဖုံးလွှမ်းနေသည့် သတ္တဝါကြီးတစ်ကောင်ကဲ့သို့ ခံစားလာရသည်။ အရာရာကို တတ်စွမ်းနိုင်သော ဖြစ်တည်မှုတစ်ခုကဲ့သို့လည်း ခံစားခဲ့ရသည်။ ဤပြင်းထန်သော ပဋိပက္ခက သူ့ကို အလွန်အမင်းဆင်းရဲဒုက္ခ ရောက်စေခဲ့သည်။ သူ့ကို နှစ်သိမ့်ဆွေးနွေး ကုသပေးခဲ့သူ ဒေါက်တာကောင်းပင် ဖြစ်တော့သည်။
ဒေါက်တာကောင်းသည် စာရွက်စာတမ်းများစွာကို ရှာဖွေကြည့်သော်လည်း ဒေါက်တာပုကို သူမည်သို့ နှစ်သိမ့်ဆွေးနွေး ကုသပေးခဲ့သည်ဟူသော မှတ်တမ်းကို ရှာမတွေ့ခဲ့ပေ။ အချို့သောအရာများသည် သူကိုယ်တိုင် သိမ်းဆည်းထားရန်ပင် အလွန်အန္တရာယ်များလှသဖြင့် ချက်ချင်း ဖျက်ဆီးပစ်ခဲ့ရပုံရသည်။
မှတ်တမ်းများ၏ နောက်ပိုင်းတွင် ဒေါက်တာပုသည် အလုပ်ပြောင်းသွားခဲ့ပြီး အမှတ် (၁) ပြန်လည်သန်စွမ်းရေးဆေးရုံတွင် ထိပ်တန်းဆရာဝန်တစ်ဦးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ အဖွဲ့အစည်းအသီးသီး၏ ပူးပေါင်းပါဝင်မှုဖြင့် သူသည် ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့သို့ ဝင်ရောက်ကာ လမ်းညွှန်ဆရာတစ်ဦး ဖြစ်လာခဲ့ခြင်းဖြစ်သည်။
“ပုချွန်ကျိုက်နဲ့ငါနဲ့က ဘဝမှာ ဆုံမှတ်တွေ ရှိခဲ့တာပဲ၊ ကုသမှုရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းကတော့ ဖျက်ဆီးခံလိုက်ရပြီ”
မှတ်တမ်းများထဲရှိ နောက်ထပ် အဓိကပုဂ္ဂိုလ်မှာ ဥယျာဉ်မှူး ဖြစ်သည်။ ဒေါက်တာကောင်းသည် ဥယျာဉ်မှူးအား ပုံမှန်အခြေအနေသို့ ပြန်ရောက်ရန် အဆင့်ဆင့် မည်သို့ကြိုးပမ်းခဲ့သည်ကို အသေးစိတ် မှတ်တမ်းတင်ထားသည်။ သို့သော်လည်း ဥယျာဉ်မှူး၏ အမြင်တွင်မူ ဤကုသမှုဖြစ်စဉ်မှာ ဒေါက်တာကောင်းက သူ့ကို အရူးဖြစ်အောင် လုပ်နေခြင်းသာဖြစ်ပြီး ဤရူးသွပ်နေသော ကမ္ဘာကြီးထဲသို့ အတင်းအကျပ် ဝင်ရောက်ခိုင်းနေခြင်း ဖြစ်သည်။
အကယ်၍ ဥယျာဉ်မှူးက ရူးနေခြင်းဖြစ်ပါက ဒေါက်တာကောင်း၏ ကုသမှုသည် အပြစ်ပြောစရာမရှိဘဲ ပြီးပြည့်စုံပေသည်။
အကယ်၍ ဥယျာဉ်မှူးက ပုံမှန်လူတစ်ယောက် ဖြစ်နေပါက ဒေါက်တာကောင်းသည် နည်းလမ်းမျိုးစုံသုံး၍ ဥယျာဉ်မှူး၏ စိတ်ဓာတ်ကို ဖျက်ဆီးကာ စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်နေသော အရူးတစ်ယောက်ဖြစ်အောင် လုပ်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
အမှန်စင်စစ် တရားစီရင်မှု စတင်ချိန်မှာတင် ဥယျာဉ်မှူးသည် စကားလုံးအချို့ကိုသာ ထပ်ခါတလဲလဲ ပြောနိုင်သည့် လူနာတစ်ဦး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူ၏ နောက်ဆုံးကျန်ရှိနေသော သတိတရားမှာ ဦးနှောက်အတွင်းပိုင်းမှာတင် ဖျက်ဆီးခံလိုက်ရပုံရသည်။
မှတ်တမ်းများကို အပေါ်သို့ ပြန်လှန်ကြည့်သည့်အခါ ဥယျာဉ်မှူး၏ ကုသမှုစတင်သည့် ရက်စွဲမှာ လွန်ခဲ့သော ခြောက်လက ဖြစ်သည်။
ဒေါက်တာကောင်းသည် ခြောက်လတာ နီးကပ်စွာ အတူရှိနေပေးခဲ့ခြင်း၊ ပင်ပန်းကြီးစွာ အားထုတ်ခဲ့ခြင်းများဖြင့် နောက်ဆုံးတွင် ဥယျာဉ်မှူးကို “ကုသပေးနိုင်ခဲ့ခြင်း” ဖြစ်တော့သည်။
ဒေါက်တာကောင်းသည် မျက်မှောင်ကြုတ်ရင်း သူ့လက်ချောင်းများဖြင့် ကုသမှုစတင်ခဲ့သည့် ရက်စွဲကို ထိတွေ့နေမိသည်။ သူသည် အရာများစွာကို အမှန်တကယ်ပင် မေ့လျော့နေခဲ့ပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
“ခြောက်လတောင် ကုန်ဆုံးသွားပြီလား၊ ငါ ဘာလို့ ဘာမှ မမှတ်မိရတာလဲ၊ ဥယျာဉ်မှူး ပြောတာ မှန်နေတာများလား”
သူသည် စာရွက်များအောက်တွင် မီးခြစ်ကို ခြစ်လိုက်ရာ မီးတောက်ငယ်လေးတစ်ခု ပေါ်လာပြီး ထိုမှတ်တမ်းအားလုံးကို လောင်ကျွမ်းစေလိုက်တော့သည်။
“တကယ်လို့ ငါလည်း ဦးနှောက်ချင်း ချိတ်ဆက်တာမှာ ပါဝင်ခဲ့တယ်ဆိုရင် ငါက တခြားလူရဲ့အမြင်ကို ရခဲ့တာလား ဒါမှမဟုတ် ငါ့ရဲ့ အမြင်ကို ဝေမျှပေးလိုက်တာလား”
“ဥယျာဉ်မှူးက ငါ မေ့သွားပြီ၊ ငါ အရာများစွာကို မေ့သွားပြီလို့ ခဏခဏပြောနေခဲ့တာ၊ ဒါက ငါ့ရဲ့ အမြင်တွေကို တခြားသူနဲ့ ဝေမျှလိုက်ရလို့များလား”
“ဒေါက်တာပု ပြောင်းလဲသွားမှုက ငါ့ကြောင့်များလား”
“တကယ်လို့ ဥယျာဉ်မှူးရဲ့ ဒိုင်ယာရီကို ငါကိုယ်တိုင် လုပ်ကြံဖန်တီးခဲ့တာဆိုရင် ပြီးတော့ ဒေါက်တာပုအပေါ်မှာ တစ်ခုခုလုပ်ခဲ့တယ်ဆိုရင် ငါ ဘာလို့ အဲ့ဒီလို လုပ်ခဲ့ရတာလဲ”
“ဥယျာဉ်မှူးကို ကုသနေတုန်း ငါတစ်ခုခုကို သတိထားမိခဲ့လို့လား၊ လူတွေရဲ့ သံသယကို ဒေါက်တာပုဆီ ရောက်သွားအောင် ငါလုပ်ဖို့ လိုအပ်နေလို့လား”
ဥယျာဉ်မှူး၏ ကုသမှုနောက်ဆုံးပိုင်းကာလတွင် ဒေါက်တာကောင်းသည် ဒေါက်တာပုနှင့် စတင် ဆက်သွယ်နေခဲ့ပြီ ဖြစ်သည်။ အချိန်ကာလအရကြည့်လျှင် ၎င်းမှာ ကျိုးကြောင်းဆီလျော်မှု ရှိလှသည်။
“ဥယျာဉ်မှူးပြောတာ မှန်တယ်လို့ပဲ ယူဆကြည့်ရအောင်၊ သူကပဲ ဒီကမ္ဘာပေါ်မှာ တစ်ဦးတည်းသော သတိရှိသူပေါ့၊ ငါက ကုသမှုကိုအကြောင်းပြပြီး သူ့ကို တမင်အရူးဖြစ်အောင် လုပ်ခဲ့တယ်၊ ပြီးတော့ သူ့ရဲ့ ဒိုင်ယာရီနဲ့သဲလွန်စမျိုးစုံကို အတုလုပ်ပြီး မူမမှန်မှုအားလုံးကို ဒေါက်တာပုနဲ့ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ဆီ ဦးတည်သွားအောင် လုပ်ခဲ့တယ်...”
“ငါအလုပ်တွေ ပိုလုပ်လေလေ၊ ငါ့အမှားတွေက ပိုပေါ်လာလေလေပဲ၊ ငါဘာကိုပဲ ဖုံးကွယ်ထားပါစေ၊ ဖော်ထုတ်ခံရဖို့က အချိန်တစ်ခုပဲ လိုတော့တာ၊ ငါက တမင်အချိန်ဆွဲနေတာ မဟုတ်ရင်ပေါ့”
“ဒါပေမဲ့ ငါက ဘာကြောင့် အချိန်ဆွဲနေရမှာလဲ”
ကုလားထိုင်ပေါ်တွင်ထိုင်နေရင်း ဒေါက်တာကောင်းသည် နံရံပေါ်ရှိ နာရီကို မော့ကြည့်လိုက်သည်။ ထိုနာရီမှာ နောက်ပြန်လည်နေသော နာရီတစ်လုံး ဖြစ်သည်။
အိတ်ကပ်ထဲမှ သော့တွဲအရှည်ကြီးကို ထုတ်၍ စားပွဲပေါ် တင်လိုက်သည်။ သူ့အခန်းတွင် သော့ခတ်ထားသော အံဆွဲသုံးခုနှင့် ဗီရိုတစ်ခုသာ ရှိသည်။ သို့သော်လည်း သော့များမှာ စုစုပေါင်း ၁၃ချောင်း ရှိနေပြီး သယ်ဆောင်ရသည်မှာ လေးလံကာ သိပ်အဆင်မပြေလှပေ။
“ဒီသော့တွေက ဘယ်သော့ပေါက်တွေနဲ့ ကိုက်ညီလဲဆိုတာတောင် ငါမေ့နေပြီပဲ...”
သန်းခေါင်ယံအချိန်တွင် ဒေါက်တာကောင်းသည် နံရံကို တစ်ယောက်ယောက်က လာခေါက်နေသည့် အသံကို ရုတ်တရက် ကြားလိုက်ရသည်။ ထိုအသံ၏ စည်းချက်က သူ့နှလုံးခုန်သံနှင့် အတိအကျ တူညီနေခဲ့သည်။
“ဒါက ဘေးခန်းက အဖေ့အခန်းပဲ”
ဒေါက်တာကောင်းက သစ်သားတံခါးကို ဖွင့်၍ အပြင်သို့ လှမ်းကြည့်လိုက်သည်။ ဧည့်ခန်းတစ်ခုလုံး အမှောင်တိကျနေပြီး မိသားစုဝင်များအားလုံး အိပ်ပျော်နေကြပုံရသည်။
“အဖေ... ငါ့ကို ခေါ်နေတာလား”
သူသည် ဖခင်ဖြစ်သူ၏ အခန်းတံခါးဝသို့ ခြေဖျားထောက်ကာ သွားလိုက်သည်။ ထိုနေရာတွင် သစ်သားစင်လေးတစ်ခုရှိပြီး ဖခင်ဖြစ်သူ သောက်ပြီးပစ်ထားသော အရက်ပုလင်းခွံ ခုနစ်လုံး၊ ရှစ်လုံးခန့် ရှိနေသည်။
“အဖေ အရမ်းသောက်ထားတာပဲ၊ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ဦးမှပေါ့”
ဖခင်ဖြစ်သူမှာ အခန်းထဲမှ မထွက်တာ ကြာပြီဖြစ်ရာ ဒေါက်တာကောင်း၏မှတ်ဉာဏ်ထဲတွင် ဖခင်၏ ရုပ်သွင်မှာ အနည်းငယ် ဝေဝါးနေခဲ့ပြီ ဖြစ်သည်။ သူသည် အရက်နံ့နှင့် ဆေးဝါးနံ့များ ပြင်းထန်စွာ ရနေသော ပုလင်းခွံများကို ကူညီသိမ်းဆည်းပေးလိုက်သည်။ သူ ပြန်ထမည်အပြုတွင် တင်းတင်းကျပ်ကျပ် ပိတ်ထားသော ဖခင်ဖြစ်သူ၏ အိပ်ခန်းတံခါးက ‘ကျွိ’ ခနဲ ပွင့်လာလေသည်။
ဖြူဖျော့နေသော လက်တစ်ဖက်က အတွင်းမှ ဆန့်ထွက်လာပြီး ပိန်လှီခြောက်ကပ်နေသော လက်ချောင်းများက ပုလင်းခွံတစ်ခုကို လှမ်းကိုင်လိုက်သည်။ လက်ချောင်းနောက်ကျောမှသည် လက်မောင်းတစ်ခုလုံးအထိ အရေပြားပေါ်တွင် ရှုပ်ထွေးလှသော တက်တူးများဖြင့် ပြည့်နှက်နေခဲ့သည်။
ထိုတက်တူးများက မည်သည့်အရာများဖြစ်သည်ကို သူမြင်နိုင်သော်လည်း မျက်လုံးပေါင်းများစွာက သူ့ကို စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသဖြင့် ကျောရိုးထဲအထိ စိမ့်သွားရသည်။
ပုလင်းခွံကို သစ်သားသေတ္တာထဲသို့ ပစ်ထည့်လိုက်ပြီးနောက် ထိုလက်က အမှောင်ထုထဲသို့ ပြန်လည်ဝင်ရောက်သွားကာ တံခါး ပြန်ပိတ်သွားတော့သည်။
“အဖေ...”
ဒေါက်တာကောင်းသည် အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးမှ မေးလိုက်သည်။
“အဖေက အရင်တုန်းက ဂိုဏ်းတစ်ခုခုရဲ့ အမာခံအဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့ဖူးတာလား”
မည်သည့် အဖြေမျှ ပြန်ရောက်မလာပေ။ ဒေါက်တာကောင်းသည် ပုလင်းခွံကို ကောက်ယူ၍ မီးဖိုချောင်ရှိ အမှိုက်ပုံးဆီသို့ လျှောက်သွားလိုက်သည်။ မီးဖိုချောင်တံခါးကို တွန်းဖွင့်လိုက်သည့်အခါ ဒေါသတကြီးဖြစ်နေသော သူ့ဦးလေးက သားလှီးဓားကိုကိုင်လျက် စဉ်းတီတုံးပေါ်တွင် တဒုန်းဒုန်း ခုတ်ထစ်နေသည်ကို တွေ့လိုက်ရသည်။
“ဦးလေးလား၊ ဦးလေးတို့ ထပ်ပြီး ရန်ဖြစ်ကြပြန်ပြီလား”
ဒေါက်တာကောင်း၏ အသံကို ကြားသောအခါ ဦးလေးဖြစ်သူသည် သူ့လည်ပင်းကို တဖြည်းဖြည်း လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးများက ရဲရဲနီနေပြီး နှုတ်ခမ်းများမှာလည်း ကွဲအက်ကာ သွေးများ စီးကျနေလေသည်။ အလွန်ခက်ခဲစွာဖြင့် သူစကားပြောလိုက်သည်။
“သွား... မြန်မြန် သွားစမ်း”
၎င်းမှာ ဦးလေးဖြစ်သူ၏ အသံပင် ဖြစ်သည်။ သူသည် ဒေါက်တာကောင်းကို အချစ်ဆုံးသူ ဖြစ်သည်။
ဦးလေးဖြစ်သူသည် သားလှီးဓားကို မြှောက်၍ ဒေါက်တာကောင်းထံသို့ ခြေနှစ်လှမ်း တိုးလာ၏။ သူ၏လည်ပင်းမှာ တွန့်လိမ်ပုံပျက်နေပြီး သွေးကြောများ ဖောင်းကြွနေခဲ့သည်။
ဒေါက်တာကောင်းသည် ကောင်းအရက်ပုလင်းခွံကို ချလိုက်ပြီး မီးဖိုချောင်တံခါးကို ပြန်ပိတ်လိုက်သည်။ထိုနောက် လက်ဆေးရန်အတွက် ရေချိုးခန်းသွားရန် ပြင်ဆင်လိုက်သည်။ သူမီးခလုတ်ကို နှိပ်လိုက်သော်လည်း ရေချိုးခန်းမီးလုံးမှာ ပျက်နေခဲ့သည်။
သူသည် ရေစိုခံတံခါးကို တွန်းဖွင့်လိုက်ရာ အဖိုးဖြစ်သူမှာ မှန်ရှေ့တွင် ရပ်လျက် သူ့ခေါင်းများကို အထပ်ထပ်အခါခါ ရေတွက်နေသည်ကို တွေ့လိုက်ရသည်။ သူသည် တစ်ခုမှ ရှစ်ခုအထိ ရေတွက်သည်။ ပြီးနောက် ရှစ်ခုမှ တစ်ခုအထိ ပြန်ရေတွက်သည်။ ထိုသို့ အကြိမ်ကြိမ်လုပ်နေရင်း သူ၏ စိတ်ခံစားချက်က ပို၍ ပြင်းထန်လာတော့သည်။
“ဘယ်လိုဖြစ်တာလဲ... ဘယ်လိုဖြစ်လို့ ခေါင်းတစ်လုံး ပိုနေရတာလဲ”
အပိုင်း (၈၃၂) ခေါင်းရှစ်လုံး
“အဖိုးလား”
ငွေရောင်ဆံပင်များ ဖွေးဖွေးလှုပ်နေသော အဖိုးသည် ဘေစင်အစွန်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား၏။ သူ့မျက်လုံးများသည် မျက်တွင်းမှ ထွက်ကျလာတော့မည့်အလား မှန်ထဲရှိ သူ့ရောင်ပြန်ပုံရိပ်ကို ပြန်လည်စိုက်ကြည့်နေခဲ့သည်။
“ဟုတ်တယ်၊ ငါရေ မမှားဘူး၊ နောက်တစ်လုံး ထပ်တိုးလာပြီ၊ တစ်လုံးထပ်တိုးလာပြီ”
အဖိုးဖြစ်သူ၏ စိတ်ခံစားချက်များမှာ အလွန်အမင်း ထကြွနေခြင်းဖြစ်သည်။ ဒေါက်တာကောင်းသည် အိတ်ကပ်ထဲမှ ဆေးပုလင်းကိုထုတ်၍ ဆေးလုံးအချို့ကို လက်ဝါးပေါ်လောင်းထည့်ပြီး အဖိုးအနားသို့ လျှောက်သွားလိုက်သည်။
“အဖိုးရဲ့ အရင်ခေါင်းခုနစ်လုံးတုန်းကလည်း ဖြည်းဖြည်းချင်းစီပဲ ကြီးလာခဲ့တာ မဟုတ်လား”
“ငါ ခေါင်းအသစ်မထွက်တာ ကြာလှပြီ”
“ဒီ ရှစ်လုံးမြောက်ခေါင်းက တခြားခေါင်းတွေနဲ့ မတူလို့လား”
ဒေါက်တာကောင်း၏ အမြင်တွင် အဖိုးဖြစ်သူသည် မိသားစုထဲတွင် အသိဆုံးနှင့် အသိဉာဏ်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ သူ၏ခေါင်းခုနစ်လုံးသည် မတူညီသော ရှုထောင့်များမှ စဉ်းစားပေးနိုင်ပြီး ဗဟုသုတများစွာကို သိုလှောင်ထားနိုင်သဖြင့် မိသားစု၏အခက်အခဲများစွာကို ဖြေရှင်းပေးနိုင်ခဲ့သည်။ သို့သော် အသက်ကြီးလာသည်နှင့်အမျှ အဖိုးဖြစ်သူ၏ ကျန်းမာရေးက ယိုယွင်းလာပြီး ထိုခေါင်းများမှာ သူ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုသဖွယ် ဖြစ်လာခဲ့သည်။
“မတူဘူးကွ… ဒီခေါင်းက အသိစိတ်ရှိနေသေးတယ်၊ ဖြတ်ပစ်လိုက်စမ်း၊ ဖြတ်ပစ်လိုက်”
“အဖိုး၊ မလောပါနဲ့ဦး”
ဒေါက်တာကောင်းသည် အဖိုးဖြစ်သူ၏ နောက်ကျောဘက်မှနေ၍ ဆေးလုံးများကို အဖိုးပါးစပ်နားသို့ တဖြည်းဖြည်း တိုးပေးလိုက်သည်။
“ကျွန်တော့်ကို အသေးစိတ်လေး ထပ်ပြောပြပါဦး”
“ဒီခေါင်းက ငါ့ထက်ငယ်တယ်၊ အသက်ခြောက်ဆယ်ကျော်လောက်ရှိမယ့် အကောင်စုတ်ပဲ၊ ကြည့်ရတာတော့ ရိုးသားအေးဆေးပုံရပေမဲ့ သူ့မျက်လုံးတွေထဲမှာ အဆိပ်တွေ ပြည့်နေတာကွ၊ သူ့ဆီက ပန်းနံ့နဲ့ သွေးနံ့တွေလည်း ရနေတယ်၊ အဲ့ဒီခေါင်းက ငါ့ကို စိုက်ကြည့်နေတာ၊ ငါစကားပြောနေတဲ့အချိန်မှာတောင် သူက ငါ့ကို ကြည့်နေတာ”
အဖိုးသည် စကားကို အမြန်ပြောနေရင်း သူ့ပခုံးဘေးမှ လေထုကို တစ်စုံတစ်ခုက ကိုက်နေသည့်အလား လက်ဖြင့် လှမ်းရိုက်လိုက်သည်။
“ပန်းနံ့နဲ့ သွေးနံ့လား၊ အသက်ခြောက်ဆယ်ကျော်လား”
အဖိုးဖြစ်သူ၏ ဖော်ပြချက်ကို ကြားလိုက်ရသောအခါ ဆေးတိုက်ရန် ပြင်နေသော ဒေါက်တာကောင်း၏ လက်များ တုန့်ခနဲ ရပ်သွားသည်။
“ဒီထွက်လာတဲ့ ခေါင်းအသစ်က ကြည့်ရတာ ဥယျာဉ်မှူးနဲ့ တော်တော်တူနေတာပဲ”
‘ဘန်း’
အဖိုးသည် မှန်ဘေးရှိ နံရံကို လက်ဖြင့်အားကုန် ထိုးလိုက်သည်။ သူ စိတ်မထိန်းနိုင်တော့ပေ။
ဒေါက်တာကောင်းသည် တုံံ့ဆိုင်းမနေတော့ဘဲ အဖိုးဖြစ်သူ၏ပါးစပ်ထဲသို့ ဆေးလုံးများ အတင်းထိုးထည့်လိုက်သည်။
“ဒါက အဖိုး ဒီနေ့ဥယျာဉ်မှူးအမှုအကြောင်း သတင်းတွေ အများကြီးကြည့်လိုက်မိလို့ ဖြစ်မှာပါ၊ အဲ့ဒီအမှုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေက အဖိုးရဲ့စိတ်ကို ထိခိုက်သွားစေပြီး အရင်က တည်ငြိမ်နေတဲ့ စိတ်အခြေအနေကို ပြန်ပြီးဖောက်ပြန်သွားစေတာပါ၊ အဆင်ပြေပါတယ် အဖိုး၊ မနက်မိုးလင်းရင် အဲ့ဒီခေါင်း ပျောက်သွားပါလိမ့်မယ်၊ သူက တခြားခေါင်းတွေနဲ့ မတူဘူး၊ သူက တခြားလူရဲ့ ခေါင်းမို့လို့...”
စကားမဆုံးသေးမီ ဒေါက်တာကောင်း၏ လက်ကောက်ဝတ်က စူးခနဲ နာကျင်သွားသည်။ ပုံမှန်ဆိုလျှင် ကျိုးကြောင်းဆင်ခြင်တတ်သော အဖိုးဖြစ်သူက သူ့ကို ကိုက်ချလိုက်ပြီး ဧည့်ခန်းတံခါးဆီသို့ ပြေးထွက်သွားခြင်း ဖြစ်သည်။
ဝေဝါးနေသော အမြင်အာရုံထဲတွင် ဒေါက်တာကောင်းသည် အဖိုး၏ပခုံးပေါ်၌ လူခေါင်းပေါင်းများစွာ ထွက်ပေါ်လာပြီး တခစ်ခစ်ရယ်မောနေကြကြောင်း မြင်လိုက်ရသလို ခံစားလိုက်ရသည်။
“အဖိုး… အမြန်ပြန်လာခဲ့”
ဧည့်ခန်းတံခါးမှာ သော့ခတ်မထားသဖြင့် အဖိုးက အလွယ်တကူ ဖွင့်သွားနိုင်သည်။ အဖိုးဖြစ်သူ အပြင်မထွက်မီ အိမ်ထဲမှ တစ်စုံတစ်ယောက် အရင်ထွက်သွားခဲ့ပုံရသည်။
“ဦးလေး… အဖိုး အပြင်ကို ပြေးထွက်သွားပြီ”
ဒေါက်တာကောင်းသည် မီးဖိုချောင်ထဲသို့ ပြေးဝင်ကာ ဦးလေးများကို အကူအညီတောင်းရန် ရှာလိုက်သော်ငြား ဦးလေးသုံးယောက်မှာ ခန္ဓာကိုယ်တစ်ခုတည်းထဲ၌ သားလှီးဓားတစ်လက်ကို လုရင်း အချင်းချင်း လုံးထွေးသတ်ပုတ်နေကြလေသည်။ သူတို့ကို လုံးဝ အားကိုး၍မရပေ။ အခြားအခန်းများတွင်လည်း မိခင်ဖြစ်သူကို မတွေ့ရတော့ပေ။ အကူညီမဲ့သွားသော ဒေါက်တာကောင်းသည် ဦးလေးတစ်ယောက်၏ ကုတ်အင်္ကျီကို ဆွဲယူဝတ်ဆင်၍ နောက်မှ အမှီလိုက်ရန် ပြေးထွက်ခဲ့တော့သည်။
“မာကြီး၊ အဖိုး ဘယ်ဘက်ကို သွားလိုက်တာလဲ”
“အောက်ထပ်ကို ဆင်းသွားတယ်”
မာကြီးမှာ လန့်နိုးလာ၏။
“မှောင်လာကတည်းက ခင်ဗျားအမေ ခိုးထွက်သွားတာကို ကျွန်တော်တွေ့လိုက်တယ်၊ သူ ‘တောအုပ်’ထဲသွားတာ ဖြစ်မယ်”
“လူကြီးတွေကလည်း ပြဿနာရှာ၊ လူငယ်တွေကလည်း ပြဿနာရှာနဲ့၊ လာ… အဖိုးနောက်ကို အမြန်လိုက်ကြရအောင်”
ဇက်ကြိုးကို ဖြုတ်၍ ဒေါက်တာကောင်းနှင့် မာကြီးတို့ အဆောက်အအုံအပြင်သို့ ထွက်လာချိန်တွင် စိတ်ထဲ၌ တစ်မျိုးခံစားလိုက်ရသည်။ အိမ်ရာဝင်း၏ အခြားတစ်ဖက်သို့ လှမ်းကြည့်လိုက်ရာ လမ်းတစ်ဖက်ရှိ မီးမလင်းသော တိုက်ခန်းနှစ်ခန်းမှာ လိုက်ကာများ ပိတ်ထားသည်ကို တွေ့ရသည်။
သူ့အကြည့်မှာ ဘေးသို့ ရွေ့လျားသွားပြီး ချုံပုတ်များ အနည်းငယ် လှုပ်ယမ်းနေသည်ကို မြင်လိုက်ရသည်။ တစ်စုံတစ်ခု တွားသွားသွားသည့်အလားပင်။
“ငါတို့ကို တစ်ယောက်ယောက်က စောင့်ကြည့်နေတာလား၊ ဘယ်သူဖြစ်မလဲ”
ဒေါက်တာကောင်းသည် သူလည်ပင်းညှစ်ခံရပြီးနောက် အိမ်ရာဝင်းမှာ မလုံခြုံတော့ဟု အဖိုးပြောခဲ့သော စကားကို သတိရသွားသည်။
“ဥယျာဉ်မှူးလိုမျိုး စိတ္တဇလူသတ်သမားလား၊ ဒါမှမဟုတ် အရာရှိရွှယ်ရဲ့ လူတွေလား”
အများကြီး စဉ်းစားမနေတော့ဘဲ ဒေါက်တာကောင်းသည် အိမ်ရာဝင်းဂိတ်ပေါက်ဆီသို့ ပြေးသွားလိုက်သည်။ တံခါးများနှင့် ပြတင်းပေါက်များကို တင်းတင်းကျပ်ကျပ် ပိတ်ထားပေသည်။ လုံခြုံရေးဝန်ထမ်းများသည် မြို့သားများထက်ပင် သူတို့ကိုယ်သူတို့ မည်သို့ကာကွယ်ရမည်ကို ပိုသိပုံရသည်။ သူ အချိန်အတော်ကြာ တံခါးခေါက်နေသော်လည်း မည်သူမျှ ပြန်မထူးပေ။
လှည့်ထွက်လာလိုက်ပြီး အိမ်ရာဝင်းအပြင်ဘက်သို့ လျှောက်သွားသောအခါ အဖိုးကို မတွေ့ရဘဲ မိခင်ဖြစ်သူ၏ ခေါင်းစည်းပုဝါကိုသာ တွေ့လိုက်ရသည်။
အမေက မှိုတစ်ပွင့်လိုပဲ၊ နေပူထဲထွက်ရတာကို မကြိုက်ဘူး။
ထို့ကြောင့် ဒေါက်တာကောင်းသည် သူမ၏မွေးနေ့တွင် လှပသော ခေါင်းစည်းပုဝါတစ်ထည် လက်ဆောင်ပေးခဲ့သည်။ အမေသည် ထိုပုဝါကို အမြဲတမ်းဆောင်ထားလေ့ရှိပြီး ဘယ်တော့မှ မပျောက်စေခဲ့ပေ။
ထိုခေါင်းစည်းပုဝါကို ကောက်ယူလိုက်စဉ် ဒေါက်တာကောင်း၏ မျက်လုံးများမှာ တည်ငြိမ်မှု ကင်းမဲ့သွားတော့သည်။
“အန်တီက တောအုပ်ထဲကို ရောက်သွားတာ ဖြစ်နိုင်တယ်၊ ကျွန်တော်တို့ မြန်မြန်သွားမှ ဖြစ်မယ်၊ မဟုတ်ရင် သူဖမ်းခံရပြီး တောအုပ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားလိမ့်မယ်”
မာကြီး၏ လေသံမှာ အလေးအနက်ဖြစ်နေ၏။ ဤမြို့ကြီးတွင် ညဖက်မှသာ ပေါ်လာတတ်သော တောအုပ်တစ်ခုရှိပြီး မကြာသေးမီနှစ်များအတွင်း ထိုတောအုပ်က တဖြည်းဖြည်း ကြီးထွားလာနေသဖြင့် ပြဿနာများစွာ ဖြစ်ပေါ်နေခဲ့သည်။
“သွားမယ်၊ တောအုပ်ကို”
မာကြီးကို စီးနင်းလျက် ဒေါက်တာကောင်းသည် လမ်းကြားတစ်ခုထဲသို့ ချိုးဝင်ကာ ရင်ခွဲရုံရိပ်သာလမ်း၏ အစွန်ဘက်သို့ ပတ်သွားလိုက်သည်။ နောက်ရပ်ကွက်သို့ ရောက်ရန် ဝေးသေးသော်လည်း မာကြီးက ရုတ်တရက် ရပ်လိုက်သည်။ သူသည် ခေါင်းကို နောက်သို့လှည့်၍ လက်များဖြင့် မြေကြီးကို ကုတ်ခြစ်ရင်း ပြောလာသည်။
“တောအုပ်က ရင်ခွဲရုံရိပ်သာလမ်းအထိ ပြန့်နှံ့လာပြီ၊ ကျွန်တော် သူတို့ကို မြင်နေရပြီ”
မာကြီး ကြည့်နေသည့်ဘက်သို့ ကြည့်လိုက်ရာ ဘော်ငွေရောင်လရောင်မှာ အဆောက်အအုံများပေါ်တွင် ဆီးနှင်းအလွှာပါးလေးကဲ့သို့ ဖြာကျနေခဲ့သည်။ ညလေပြေအဝှေ့တွင် လရောင်မှာ တငြိမ့်ငြိမ့် လှိုင်းထနေပြီး ပေါ်ထွက်နေသော လူ့ခြေလက်အင်္ဂါအစိတ်အပိုင်းများပေါ်တွင် အလင်းပြန်နေခဲ့သည်။
၎င်းတို့သည် တစ်ခုနှင့်တစ်ခု ယှက်နွယ်ချိတ်ဆက်နေကြခြင်းဖြစ်သည်။ ဆံပင်များမှာ အသားနှင့် အရိုးများပေါ်တွင် ဖားလျားကျနေလေသည်။၎င်းမှာ လှပသယောင်ရှိသော်လည်း ကပ်ဆိုးတစ်ခုသာ ဖြစ်သည်။
သူတို့၏ ခန္ဓာကိုယ်များသည် သစ်ပင်စည်များဖြစ်ကြပြီး လက်မောင်းများက ဖြန့်ကားထားသော သစ်ကိုင်းများဖြစ်သည်။ လက်ချောင်းများက သစ်ရွက်များ၊ ဒဏ်ရာများက ပန်းပွင့်များ၊ ဦးခေါင်းများက အသီးအနှံများ ဖြစ်နေကြပြီး ဖားလျားကျနေသော ဆံပင်များမှာ တောအုပ်၏ အေးမြသော လေပြေများသဖွယ် ဖြစ်နေကြသည်။
ညဖက်တွင်သာ ပေါ်လာတတ်သော ဤမြို့ပြတောအုပ်မှာ လူပေါင်းများစွာဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သူတို့သည် ရောဂါဝေဒနာတစ်မျိုး ခံစားနေရပုံရပြီး သူတို့ကိုယ်သူတို့ အပင်တစ်မျိုးအဖြစ် စိတ်ကူးယဉ်ကာ အမှောင်ထုနှင့် လရောင်အောက်တွင် အတူတကွ ကြီးထွားနေကြခြင်း ဖြစ်သည်။
“လွန်ခဲ့တဲ့ အပတ်အနည်းငယ်လောက်တုန်းက ဒီတောအုပ်က ရင်ခွဲရုံရိပ်သာလမ်းနဲ့ အဝေးကြီးမှာ ရှိနေတာလေ၊ အခု ဘယ်လောက်တောင် ကြာသွားလို့ သစ်ပင်တွေက ဒီအထိ ရောက်လာတာလဲ”
မြင်းများသည် မြက်စားလေ့ရှိသော်လည်း မာကြီးမှာမူ သူ့ရှေ့တွင်ရှိသော ထိုအပင်များကို စိတ်ဝင်စားပုံမရပေ။
“ငါ့အမေကို တွေ့လား”
“မတွေ့ဘူး”
“မင်း ဒီမှာစောင့်နေ၊ ငါ သွားကြည့်လိုက်မယ်”
ဒေါက်တာကောင်း ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်နှင့် မာကြီးက သူ့အဝတ်ကို လှမ်းဆွဲလိုက်သည်။
“ကျွန်တော်လည်း အတူလိုက်မယ်”
ရှင်းလုတွင် ဤတောအုပ်ကြီး မည်သည့်အချိန်က စတင်ပေါ်ပေါက်လာသည်ကို ဘယ်သူမှ မသိပေ။ လူတိုင်း မြင်လိုက်ရချိန်တွင် တောအုပ်သည် အတော်အတန် ကြီးထွားနေပြီဖြစ်သည်။ ‘သစ်ပင်’ မျိုးစုံသည် လရောင်ကို စုပ်ယူရင်း အတူတကွ ကြီးထွားနေကြချေသည်။၎င်းသည် လှပသော်လည်း အန္တရာယ်များလှသည်။
တစ်ခါက မြို့သားတစ်ဦးသည် တောအုပ်၏ အနက်ရှိုင်းဆုံးနေရာသို့ ဝင်ရောက်ရန် ကြိုးစားခဲ့ဖူးသော်လည်း သူ ဘယ်တော့မှ ပြန်ထွက်မလာခဲ့ပေ။ ကျွမ်းကျင်သူများ၏ ခွဲခြမ်းစိတ်ဖြာချက်အရ သူသည်လည်း တောအုပ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားပြီး သစ်ပင် သို့မဟုတ် ပန်းတစ်ပွင့်အဖြစ် ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။
ဒေါက်တာကောင်း၏ မိခင်သည် ညဖက်တွင် အိမ်မှနှစ်ကြိမ်တိုင်တိုင် ခိုးထွက်ခဲ့ဖူးပြီး နှစ်ကြိမ်လုံးတွင် သူမကို တောအုပ်၏အစွန်အဖျားတွင် ပြန်တွေ့ခဲ့ရသည်။ မှိုများသည် တောအုပ်နှင့် သက်ဆိုင်သော်လည်း သူ၏မိခင်ဖြစ်သူမှာမူ အိမ်နှင့်သာ သက်ဆိုင်ပေသည်။
“မြန်မြန်လေး”
တောအုပ်အနားသို့ ချဉ်းကပ်သွားသောအခါ ရှုပ်ထွေးနေသော ခြေလက်များသည် လရောင်အောက်တွင် ရစ်ပတ်နေသည့် သစ်ကိုင်းများနှင့် တူနေလေသည်။ တောအုပ်အဖြစ် ဖွဲ့စည်းထားသော လူအများစုသည် မျက်လုံးများကို မှိတ်ထားကြပြီး မလှုပ်မယှက် ရှိနေကြသည်။ သူတို့သည် တစ်ချိန်ချိန်တွင် သစ်ပင်များ အမှန်တကယ်ဖြစ်လာကြတော့မည့်ပုံ ရသည်။
“သူတို့ကို သွားမနှောင့်ယှက်နဲ့”
ဒေါက်တာကောင်းက မာကြီး၏ လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။
“ပြီးတော့ တောအုပ်ထဲက အသီးတွေကိုလည်း မစားနဲ့ဦး”
“နားလည်ပါပြီ”
လူနှင့် မြင်းတို့သည် တောအုပ်အတွင်းသို့ ဂရုတစိုက် ဖြတ်သန်းသွား၏။ သစ်ပင်များသည် ကွေးညွတ်နေပြီး တစ်ခုပေါ်တစ်ခု ထပ်လျက် ပို၍ မြင့်မားစွာ ကြီးထွားနေကြလေသည်။ သူတို့လက်မောင်းများကြားမှ လရောင်သည် လူမျက်နှာများပေါ်သို့ အလင်းနှင့်အမှောင် ရောယှက်ကာ ဖြာကျနေကြသည်။ အေးချမ်းသယောင်ရှိနေသော်လည်း ကြက်သီးထဖွယ် ကောင်းလှသည်။