အခန်း (၈၃၃-၈၃၄)
Vol. 57 Ch. 833-834
အပိုင်း (၈၃၃) သူခိုး
ညကောင်းကင်ယံသည် တောအုပ်၏ နောက်ခံကားချပ် ဖြစ်လာပြီး လရောင်သည် သစ်ပင်များ၏ ရင်ခွင်ထဲသို့ တိုးဝင်နေကာ ကြယ်ရောင်စုံတို့က သစ်ကိုင်းကြားမှ ဟာကွက်များကို အစက်အပြောက်ကလေးများသဖွယ် ဖြည့်ဆည်းပေးထားသည်။ မြက်နံ့သစ်ပင်နံ့များ မရသော်လည်း ပတ်ဝန်းကျင်မှာ အေးချမ်းဆိတ်ငြိမ်လှသည်။
ဒေါက်တာကောင်းသည် ဖားလျားကျနေသော အနက်ရောင်ဆံပင်မျှင်များကို ဖယ်ရှားလိုက်သည်။ အဝေးမှ မြင်နေရသော အလင်းတန်းများသည် ပိုးစုန်းကြူးများလား သို့မဟုတ် ပွင့်နေသော မျက်လုံးများလားဆိုသည်ကို သူသေချာမခွဲခြားနိုင်တော့ပေ။
“တစ်စုံတစ်ယောက်က ငါ့ကို စောင့်ကြည့်နေသလို ခံစားရတယ်”
“မြင်းတစ်ကောင်ကို ချောင်းကြည့်နေတာလား”
မီတာအနည်းငယ် ထပ်မံတိုးဝင်သွားသောအခါ ဒေါက်တာကောင်းသည် ‘သစ်ပင်’ အားလုံးမှာ တစ်ဖက်တည်းသို့ စောင်းနေကြပြီး တစ်စုံတစ်ခုက သူတို့ကို ဆွဲဆောင်နေသကဲ့သို့ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
“ဒေါက်တာ...ခင်ဗျား မျက်လုံးမှိတ်ပြီး နှလုံးသားနဲ့ ခံစားကြည့်မှ ဖြစ်မယ်”
မာကြီးသည် ခြေလက်များကိုသုံး၍ တွားသွားနေရင်း ဒေါက်တာကောင်းဘေးရှိ သစ်ကိုင်းကြားမှ ခေါင်းပြူထွက်လာ၏။
“ကျွန်တော်လည်း ခေါ်သံတစ်ခု ကြားနေရသလိုပဲ”
မာကြီးသည် တစ်ယောက်တည်း ရေရွတ်ရင်း မျက်လုံးများကို အမှန်တကယ် မှိတ်လိုက်သည်။ သူသည် သစ်ပင်များကို တစ်ပင်ပြီးတစ်ပင် ကျော်ဖြတ်လာ၏။ ရောယှက်နေသော ခြေလက်များ၊ နူးညံ့သော ဆံပင်အနက်ရောင်များနှင့် ပြည့်နှက်နေသော ဦးခေါင်းများကို တိုးဝှေ့ဖယ်ရှားရင်း ဒေါက်တာကောင်းကို ကွင်းပြင်ငယ်လေးတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
လရောင်သည် အောက်သို့ ဖြာကျနေပြီး ဖော်ပြရန်ခက်ခဲသော အမျိုးသမီးတစ်ဦးသည် တောအုပ်၏ အလယ်ဗဟိုတွင် ရပ်နေလေသည်။ သူမ၏ ဖြူဖျော့သော လက်များကို ဆန့်တန်းထားပြီး လက်ချောင်းထိပ်များမှာ အားယူကြီးထွားနေခဲ့သည်။ သူမအရေပြား၏ အသွင်အပြင်မှာ လရောင်နှင့် တစ်သားတည်း ဖြစ်နေပေသည်။
သူမသည် မည်သည့်အခါမှ အိုမင်းခြင်းမရှိဘဲ စိတ်ကူးမယဉ်နိုင်လောက်အောင် လှပနေခြင်းဖြစ်သည်။ သူမ၏ နှလုံးသားသည် သစ်ပင်အားလုံး၏ အမြစ်များနှင့် ချိတ်ဆက်နေပြီး သူမ၏ မျက်လုံးများထဲတွင် ဂလက်ဆီတစ်ခုလုံးကို မြင်နေရသည်။ သူမသည် ဤတောအုပ်ထဲတွင် အထူးခြားဆုံး သစ်ပင်ဖြစ်သည်။
သူမ ဤနေရာတွင် ရှိနေသည်မှာ မည်မျှကြာပြီနည်း မည်သည့်အချိန်က သစ်ပင်တစ်ပင် ဖြစ်သွားခဲ့သနည်းကို ဘယ်သူမှ မသိကြပေ။ သူမထံမှ အသက်စွမ်းအားများ ဖြာထွက်နေပြီး ထာဝရလှပကာ ထာဝရကြီးထွားနေသည့်အလားပင်။
မာကြီးသည် သူ့လက်မောင်းများကို ကွေးညွှတ်ကာ မြေပြင်ပေါ်တွင် ဝပ်ချလိုက်သည်။ ဒေါက်တာကောင်းကား မလှုပ်ဝံ့ပေ။ ထိုထူးကဲစွာလှပနေသော ‘သစ်ပင်’ ကို မြင်လိုက်ရပြီးနောက် သူ့နှလုံးသားမှာ ပေါက်ကွဲထွက်တော့မည့်အလား ခံစားလိုက်ရသည်။ နာကျင်မှုသည် သူ့နှလုံးသားထဲမှ ကလေးတစ်ယောက် မွေးဖွားလာတော့မည့်အလား သို့မဟုတ် သူ၏တည်ရှိမှုကို တစ်စုံတစ်ခုက အစားထိုးတော့မည့်အလားပင် သည်းမခံနိုင်လောက်အောင် ပြင်းထန်လှသည်။
“အမေ...”
မာကြီး၏ ခြေထောက်များက အမြစ်များ ထွက်လာပုံရသည်။ သူသည် လရောင်အောက်ရှိ ကွင်းပြင်ဆီသို့ တွားသွားလိုက်သည်။ သူ့ဦးခေါင်းမှာ လရောင်ဖြင့် လွှမ်းခြုံနေခဲ့သည်။
“မာကြီး”
ဒေါက်တာကောင်းသည် မာကြီး၏ ဇက်ကြိုးကို ဆွဲထားရင်း အခြားလက်တစ်ဖက်က နှလုံးသားကို ဖိထားလိုက်သည်။
“မသွားနဲ့”
“ကျွန်တော် အမေ့ကို မြင်တယ်...”
လက်ဗွေရာများနှင့် သစ်ပင်ကွင်းများမှာ ခွဲခြားမရတော့ပေ။ မာကြီး၏ အတွေးများ ရှုပ်ထွေးလာပြီး သူ့စကားပြောသံက ပိုနှေးကွေးလာကာ ဤတောအုပ်ထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့မည့်အလား ဖြစ်နေလေသည်။
“မင်းက လွတ်လပ်တဲ့ ဝိညာဉ်တစ်ခုပဲ၊ မင်းက လွင်ပြင်တွေပေါ်မှာ ပြေးလွှားနေရမှာ”
ဒေါက်တာကောင်းသည် ပြင်းထန်သော နာကျင်မှုကိုအံတုရင်း အိတ်ကပ်ထဲမှ ဆေးပုလင်းကို ထုတ်ယူလိုက်သည်။ သူ့အတွက် ဆေးအချို့ မြိုချလိုက်ပြီး မာကြီး၏ ပါးစပ်ထဲသို့လည်း ဆေးတစ်ဆုပ် အတင်းထိုးထည့်လိုက်သည်။
ဆေးလုံးများ မျိုချလိုက်ပြီးနောက် မာကြီးထံမှ ချွေးစေးများ ထွက်လာတော့သည်။ သူ မော့ကြည့်မည်အပြုတွင် ဒေါက်တာကောင်းက သူ့မျက်လုံးများကို အုပ်လိုက်သည်။
“နောက်ဆုတ်တော့... အခုချက်ချင်း ထွက်သွားကြမယ်”
မကြည့်ဘဲ၊ နားမထောင်ဘဲ၊ ဘာမှမတွေးဘဲ ဒေါက်တာကောင်းသည် မာကြီးကို အတင်းအကျပ် လှည့်ထွက်ခိုင်းလိုက်သည်။ သူတို့ ကွင်းပြင်နှင့် အတော်ဝေးဝေးသို့ ရောက်သွားချိန်တွင် လရောင်အောက်ရှိ အမျိုးသမီးသည် မျက်တောင်များ လှုပ်ခတ်သွား၏။ တင်းတင်းစေ့ထားသော သူမမျက်လုံးများက ဖြည်းဖြည်းချင်း ပွင့်လာကာ ဒေါက်တာကောင်းနှင့်မာကြီးတို့၏ ကျောပြင်ကို မြင်လိုက်ရသည်။
သူတို့နှစ်ယောက် မီတာတစ်ရာကျော် ပြေးလာပြီးမှ မာကြီးမှာ လုံးဝပြန်သတိဝင်လာတော့သည်။
“ခုနက ဘာဖြစ်သွားတာလဲ၊ ကျွန်တော့် ခွာတွေက မြေကြီးထဲ စိုက်ဝင်သွားသလိုပဲ၊ ကိုယ်တွင်းအင်္ဂါတွေကလည်း သစ်ကိုင်းတွေ သစ်ရွက်တွေ ထွက်လာသလိုပဲ၊ အဲ့ဒါက ကြောက်စရာကောင်းရမှာကို ကျွန်တော်က သက်တောင့်သက်သာရှိနေသလို ခံစားရတယ်ဗျ၊ အဲ့ဒီအချိန်မှာမှ ကျွန်တော်က ကျွန်တော်ကိုယ်တိုင် ဖြစ်သွားသလို၊ တကယ် လွတ်လပ်သွားသလို ခံစားရတယ်”
“အဲ့ဒါက အမြင်အာရုံမှားတာပဲ၊ တောအုပ်ထဲမှာ ကူးစက်မြန်တဲ့ ရောဂါတစ်ခု ပေါ်နေပြီ၊ အဲ့ဒီထူးခြားတဲ့ သစ်ပင်က ကန့်သတ်ချက်အားလုံးကို ကျော်လွန်ပြီး ကပ်ဆိုးတစ်ခုအဖြစ် ပြောင်းလဲနေပြီ”
ဒေါက်တာကောင်းမှာ အမောတကော အသက်ရှူနေရသည်။ ထိုထူးခြားသော သစ်ပင်နှင့် ဝေးရာသို့ ရောက်မှသာ သူ့နှလုံးသားနာကျင်မှုက သက်သာသွားတော့သည်။
“ငါတို့ ဒါကို သက်ဆိုင်ရာဌာနတွေကို အမြန်ဆုံးသတင်းပို့ရမယ်၊ မဟုတ်ရင် ဒီတောအုပ်က မြို့ကြီးကို ဝါးမြိုသွားလိမ့်မယ်”
“တောထဲဝင်ပြီး သွားစူးစမ်းတဲ့လူတွေ ဘာလို့ ပြန်မလာကြတော့တာလဲဆိုတာ အခုမှပဲ သိတော့တယ်၊ သူတို့အားလုံး သစ်ပင်တွေ ဖြစ်သွားကြတာပဲ”
ဒေါက်တာကောင်း၏ ရှင်းပြချက်ကိုကြားမှ မာကြီးမှာ မည်မျှ အန္တရာယ်ကြီးကြောင်း သဘောပေါက်သွားရသည်။
“နေပါဦး ဒေါက်တာ၊ ဒေါက်တာက ဘယ်လိုလုပ် သတိမလွတ်ဘဲ နေနိုင်တာလဲ၊ ဒေါက်တာလည်း လရောင်အောက်က သစ်ပင်ကို မြင်ခဲ့တာပဲမလား”
ဒေါက်တာကောင်းသည် သူ့ရင်ဘတ်ကို ဖိထားရင်း သူ့နှလုံးပြဿနာအကြောင်းကို မပြောဘဲ ဆေးကြိုသောက်ထား၍ဖြစ်ကြောင်းသာ ပြောလိုက်သည်။
ဒေါက်တာကောင်းနှင့် မာကြီးတို့သည် တောအုပ်၏ အလယ်ဗဟိုသို့ မချဉ်းကပ်ဝံ့တော့ပေ။ အစွန်အဖျားတွင် လှည့်လည်ရှာဖွေရင်း ညဉ့်နက်ချိန်မှသာ ဒေါက်တာကောင်း၏ မိခင်ကို ထောင့်တစ်နေရာတွင် တွေ့လိုက်ရသည်။
မိခင်ဖြစ်သူမှာ တောအုပ်၏ အစွန်အဖျားရှိ နံရံတစ်ခုကို မှီ၍ ဆောင့်ကြောင့်ထိုင်နေခဲ့သည်။ သူမသည် သူမ၏ခေါင်းစည်းပုဝါ ပျောက်ဆုံးနေသဖြင့် ရောင်စုံစူပါမားကတ် ကြော်ငြာစာရွက်တစ်ရွက်ကို ခေါင်းတွင် အစားထိုးအုပ်ထားခဲ့သည်။ သူမသည် သစ်ကိုင်းများကြားမှ လကို တိတ်ဆိတ်စွာ ငေးကြည့်နေလေသည်။
“အမေ... နောက်ဆို ဒီလောက်အဝေးကြီး ထွက်မလာပါနဲ့တော့၊ တောအုပ်ထဲမှာ မလုံခြုံဘူး”
ဒေါက်တာကောင်းက မိခင်ဖြစ်သူကို ကျောပိုးလိုက်သည်။ သူမသည် မည်သို့မျှမတုံ့ပြန်ဘဲ ငြိမ်သက်နေ၏။ သူတို့ ထွက်ခွာမည်အပြုတွင် မျက်စိရှင်သော မာကြီးက သူ့မိခင်ဖြစ်သူ ထိုင်ခဲ့သည့်နေရာတွင် တစ်စုံတစ်ခုကို သတိထားမိလိုက်သည်။
“ဒေါက်တာ... ဒါဘာကြီးလဲ ကြည့်ပါဦး”
ယင်းမှာ ငွေဖြူရောင် သတ္တုဗူးတစ်ခုဖြစ်ပြီး ဆေးနံ့ခပ်သင်းသင်း ရနေကာ အထဲတွင် အသုံးမပြုရသေးသော အရည်အချို့ကို မြင်နေရသည်။
“ဒါက ဆွဲဆောင်တဲ့ကိရိယာတစ်မျိုးနဲ့ တူတယ်၊ ငါ့အမေက တစ်ယောက်ယောက်ရဲ့ လှည့်ဖြားမှုကြောင့် ဒီကို ရောက်လာတာလား”
ဒေါက်တာကောင်းက ထိုဗူးကို သေချာသိမ်းဆည်းလိုက်ပြီး မိခင်ဖြစ်သူကို ကျောပိုး၍ လည်ပင်းညှစ်ရပ်ကွက်သို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။
သူတို့နောက်ရှိ သစ်ပင်များသည် လရောင်အောက်တွင် ကြီးထွားနေဆဲဖြစ်၏။ သို့သော်လည်း ဒေါက်တာကောင်းနှင့် မာကြီးတို့မှာ နောက်လှည့်မကြည့်ဝံ့ကြတော့ပေ။
သူတို့ အိမ်ပြန်ရောက်သောအခါ ဒေါက်တာကောင်းသည် သိပ်အများကြီး ပြောမနေတော့ပေ။ သူက ရိုးရိုးရှင်းရှင်းပင် မာကြီးကို ဧည့်ခန်းထဲသို့ ခေါ်ဆောင်လာခဲ့သည်။ သူ့မိသားစုဝင်များထက် မာကြီးက ပို၍ အားကိုးရပုံရသည်။
“တူလေး... မင်း ပြန်လာပြီလား၊ ငါတို့အိမ် သူခိုးဝင်သွားတယ်ကွ”
ဒေါက်တာကောင်းကို မြင်သည်နှင့် ဦးလေးဖြစ်သူက သားလှီးဓားကို ကိုင်လျက် ရေချိုးခန်းထဲမှ ပြေးထွက်လာလေသည်။
ဒေါက်တာကောင်းသည် သူ့မိခင်ကို ဆိုဖာပေါ် တင်ပေးလိုက်ပြီး စောင်ပါးလေးတစ်ထည် ခြုံပေးကာ ဦးလေးကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။
“ဦးလေး အိမ်မှာ ရှိနေတာပဲ၊ ဘယ်လိုလုပ် သူခိုးဝင်နိုင်မှာလဲ”
ဦးလေးအငယ်ဖြစ်သူမှာ အားမကိုးရသော်လည်း ဦးလေးအကြီးဖြစ်သူကမူ လူသတ်နိုင်စွမ်းရှိသူ မဟုတ်ပါလား။
“ငါက ငါ့အစ်ကိုတွေနဲ့ ညသန်းခေါင်အထိ ငြင်းခုံနေကြတာလေ၊ နောက်ဆုံးတော့ မင်းအဖိုးကို အရင်သွားရှာဖို့ ဆုံးဖြတ်လိုက်ကြတယ်...”
“တွေ့ခဲ့လား”
“မတွေ့ဘူးလေ”
ဦးလေးဖြစ်သူက အဖိုး၏အိပ်ခန်းကို လက်ညှိုးထိုးပြသည်။ ထိုနေရာတွင် အဖိုးသည် ကုတင်ပေါ်တွင် လဲလျောင်း၍ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်မှာ ပုံမှန်လူတစ်ယောက်ထက်ပင် ပိုနေသေးသည်။
“ငါနေရာအနှံ့ လိုက်ရှာပြီး အိမ်ပြန်လာတော့ မင်းအဖိုးက အခန်းထဲမှာ အိပ်နေတာတွေ့တယ်၊ ဒါပေမဲ့ မင်းအခန်းကတော့ မွှေနှောက်ခံထားရတယ်”
ဦးလေး စကားမဆုံးသေးမီ ဒေါက်တာကောင်းက သူ့အိပ်ခန်းထဲသို့ ပြေးဝင်သွားသည်။ တံခါးသော့မှာ အတင်းအကျပ် ဖျက်ဆီးခံထားရပြီး စာအုပ်များက ကြမ်းပြင်ပေါ်တွင် ပြန့်ကြဲနေလေသည်။ ဆေးဝါးအချို့လည်း ပျောက်ဆုံးနေခဲ့သည်။ ကံကောင်းသည်မှာ စာရွက်စာတမ်းအားလုံးကို သူကြိုတင်မီးရှို့ထားခဲ့ခြင်းပင်။
“သူခိုးက တစ်ယောက်တည်း မဟုတ်လောက်ဘူး၊ အဖွဲ့လိုက် ဖြစ်ရမယ်၊ အလုပ်ကိုလည်း စနစ်တကျ ခွဲဝေထားတယ်၊ တစ်ယောက်က မင်းအဖိုးကို ခေါ်ထုတ်သွားတယ်၊ နောက်တစ်ယောက်က အိမ်ထဲဝင်ပြီး ပစ္စည်းခိုးတယ်”
ဦးလေးက ဒေါက်တာကောင်းဘေးသို့ ပြေးလာခဲ့သည်။
“ဒါပေမဲ့ တန်ဖိုးရှိတာ ဘာမှပါမသွားပါဘူး၊ အဓိကကတော့ မင်းအခန်းပျက်စီးသွားတာပဲ”
“ဘယ်သူဖြစ်မလဲ”
ဒေါက်တာကောင်း၏ စိတ်ထဲတွင် နာမည်တချို့ လျှပ်တပြက် ပေါ်ထွက်လာသည်။
“အရာရှိရွှယ်က ဝိညာဉ်တွေရဲ့ အရောင်ကို မြင်နိုင်တယ်၊ သူ ငါ့ကို စုံစမ်းချင် စုံစမ်းလိမ့်မယ်၊ ဒါပေမဲ့ သူက ဒီလိုကြမ်းတမ်းတဲ့ နည်းလမ်းမျိုး သုံးမယ်မထင်ဘူး၊ ရဲတွေမှာ အာဏာအပြည့်ရှိတာပဲ၊ စုံစမ်းစစ်ဆေးမှုဆိုရင် ငါက ပူးပေါင်းပေးရမှာပဲလေ၊ ဒါမှမဟုတ် ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့က ဒေါက်တာပုလား၊ သူက ငါ့ရဲ့ ကုသမှုကြောင့် ဒီရာထူးကို ရထားတာဆိုတော့ သူ့ရဲ့ အတိတ်က အမှားတွေပေါ်သွားမှာကို စိုးရိမ်နေတာလား၊ ဒါမှမဟုတ် ငါ့ရဲ့ တခြားလူနာတွေလား၊ ငါက ဥယျာဉ်မှူးကို သက်သေထွက်ဆိုသလို သူတို့ကိုလည်း လုပ်လိမ့်မယ်လို့ စိုးရိမ်နေကြတာလား”
“မင်းအဖေကို ဘာလို့ မမေးကြည့်တာလဲ၊ သူခိုးဝင်တုန်းက သူအိမ်မှာ ရှိနေတာပဲလေ”
ဦးလေးက ဒေါက်တာကောင်းကို တံတောင်ဖြင့်တွက်ကာ ပြောလိုက်သည်။
ခဏမျှ တွေဝေနေပြီးနောက် ဒေါက်တာကောင်းက ဖခင်ဖြစ်သူ၏ အိပ်ခန်းတံခါးသို့ သွား၍ ညင်သာစွာ ခေါက်လိုက်သည်။
“အဖေ... အိမ်ထဲ သူခိုးဝင်သွားတယ်၊ အဖေ ဘာမှမဖြစ်ဘူးမလား”
ခဏအကြာတွင် အတွင်းမှ အရက်ပုလင်း တိုက်မိသံကို ကြားလိုက်ရသည်။ သို့သော်လည်း အရက်ဖိတ်ကျသံ မကြားရပေ။
တံခါးက အနည်းငယ်ဟသွား၏။ သွေးနီရောင်တက်တူးများဖြင့် ပြည့်နှက်နေသော လက်တစ်ဖက်က ပုလင်းခွံတစ်ခုကို ထုတ်ပေးလာကာ သစ်သားစင်ပေါ်သို့ တင်လိုက်သည်။
ထိုလက်တွင် မည်သည့်ဒဏ်ရာမှ မရှိသော်လည်း ရှည်လျားပိန်ပါးသော လက်ချောင်းများတွင်မူ သွေးစများ စွန်းထင်နေခဲ့သည်။
အပိုင်း (၈၃၄) လူသားဖြစ်တည်မှုအဝင်ဝ
အိပ်ခန်းတံခါး ပြန်ပိတ်သွား၏။ ဒေါက်တာကောင်းနှင့် ဦးလေးဖြစ်သူတို့သည် သွေးများစွန်းထင်းနေသော ပုလင်းခွံကို ကြည့်လိုက်ကြသည်။ သူတို့သည် တိုက်ရိုက်မကိုင်ဝံ့ကြသဖြင့် စက္ကူဖြင့်ပတ်ကာ မီးဖိုချောင်တွင် အစွန်းအထင်းမရှိတော့သည်အထိ ဆေးကြောပြီးမှ အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်ကြသည်။
“ကြည့်ရတာ မင်းအဖေက တကယ်ကို အသောက်လွန်သွားတာပဲကွ၊ သူ့လက်ကိုတောင် ရှမိတယ်”
ဦးလေးဖြစ်သူက ဗြောင်လိမ်လိုက်သည်။ ဒေါက်တာကောင်းက ပြန်မငြင်းပေ။ သူတို့နှစ်ဦးလုံး ဖခင်ဖြစ်သူကို ထပ်မနှောင့်ယှက်ရန် တိတ်တဆိတ် သဘောတူလိုက်ကြသည်။
“တခြားအခန်းတွေကို သွားစစ်ကြည့်လိုက်ဦး၊ ပစ္စည်းဘာမှ မပျောက်ဘူးဆိုရင် ရဲတိုင်နေဖို့ မလိုပါဘူး”
“ဦးလေးပြောတာ မှန်တယ်”
ဒေါက်တာကောင်းသည် မနက်လေးနာရီကျော်သည်အထိ အလုပ်ရှုပ်နေခဲ့သည်။ နောက်ဆုံးတွင် သူ လဲလျောင်း အနားယူနိုင်ခဲ့သော်လည်း မျက်လုံးမှိတ်ပြီး သိပ်မကြာမီမှာပင် အပြင်ဘက်မှ ‘ခွမ်း’ ခနဲ အသံတစ်ခု ကြားလိုက်ရသည်။
ပုလင်းခွံတစ်ခုက နံရံနှင့်ရိုက်မိကာ ကွဲအက်သွားပြီး ဖန်ကွဲစများ ကြမ်းပြင်ပေါ် ပြန့်ကျဲနေခဲ့သည်။ နေပင်မထွက်သေးသော်လည်း အဖိုးဖြစ်သူ၏ အော်ဟစ်သံများမှာ ဟိန်းထွက်နေခဲ့ပြီ ဖြစ်သည်။
ဒေါက်တာကောင်းသည် အိပ်ခန်းတံခါးကို တွန်းဖွင့်၍ ဦးလေးဖြစ်သူနှင့်အတူ စောင်တစ်ထည်ကို ဆွဲ၍ အဖိုးကုတင်ဘေးသို့ ပြေးသွားလိုက်သည်။
အသက်ခုနစ်ဆယ်ကျော် အဖိုးဖြစ်သူသည် သူ့ဦးခေါင်းကို အသည်းအသန် ဆုပ်ကိုင်ထား၏။ သူသည် နာကျင်လွန်းသဖြင့် ကုတင်ပေါ်မှ လိမ့်ကျသွားခဲ့သည်။
“ခေါင်း ခေါင်း ခေါင်း”
“တူလေး... မြန်မြန် ကြည့်ပေးပါဦး”
ဦးလေးဖြစ်သူမှာ အဖိုးကို မထိန်းနိုင်ဖြစ်နေပြီး ဒေါက်တာကောင်းမှာလည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ အဖိုးဖြစ်သူ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာတစ်စုံတစ်ရာ မရှိသော်လည်း သူ့မျက်နှာပေါ်ရှိ နာကျင်မှုက အစစ်အမှန် ဖြစ်သည်။
“အဖိုး... ဘယ်နေရာက နာနေတာလဲ၊ ခေါင်းကလား”
“ငါ့ခေါင်းတွေ ဖြတ်ခံလိုက်ရပြီ၊ မနေ့ညက ငါအိပ်နေတုန်း တစ်ယောက်ယောက်က ငါ့ခေါင်းတွေကို အကုန်ဖြတ်ပစ်လိုက်တာ”
အဖိုးက သူ့ခေါင်းမှာ ရှစ်လုံးရှိပြီး ယခုမူ တစ်လုံးတည်းသာ ကျန်တော့သည်ဟု ဆိုသည်။ ထိုစကားကို ကြားသောအခါ ဒေါက်တာကောင်းနှင့် ဦးလေးဖြစ်သူတို့ အံ့အားသင့်သွားကြသည်။
“အဖေက ညသန်းခေါင်ကြီး အိမ်ပြင်ပြေးထွက်သွားတာလေ၊ ကျွန်တော်တို့ ရပ်ကွက်ထဲမှာ လိုက်ရှာတာတောင် မတွေ့ဘူး၊ ပြန်လာတော့ အဖေက ကုတင်ပေါ် ရောက်နေပြီ၊ အခုထိ အိပ်နေတာပဲလေ”
ဦးလေးဖြစ်သူက အဖိုးကို ကုတင်ပေါ်ပြန်ပွေ့တင်ရန် ကြိုးစားနေသော်လည်း အဖိုးမှာ အားသန်လှသဖြင့် ဦးလေး၏လက်ထဲမှ အကြိမ်ကြိမ် ရုန်းထွက်နေခဲ့သည်။ ဒေါက်တာကောင်းက ဆေးအချို့ တိုက်လိုက်သည်။ မိနစ်အနည်းငယ်အကြာတွင် ဆေးရှိန်တက်လာပြီး အဖိုးမှာ ဖြည်းဖြည်းချင်း တည်ငြိမ်သွားတော့သည်။
“မင်း အိမ်မှာရှိနေလို့ တော်သေးတာပေါ့၊ မဟုတ်ရင် ငါတစ်ယောက်တည်း ဘယ်လိုမှ ထိန်းနိုင်မှာ မဟုတ်ဘူး”
ဦးလေးဖြစ်သူက အဖိုးကို ကုတင်ဘေးသို့ ကူတွဲပေးလိုက်သည်။
“အဖေ... မနေ့ညက ဘာဖြစ်ခဲ့တာလဲ”
အဖိုးက အရေးအကြောင်းများပြည့်နေသော သူ့လက်ကို တဖြည်းဖြည်း ပြန်ချလိုက်သည်။ သူ့လက်သည်းများကြားတွင် အသားစများ ပြည့်နှက်နေပြီး လည်ပင်းတွင်လည်း သူကိုယ်တိုင် ကုတ်ခြစ်ထားသော ဒဏ်ရာများ ရှိနေလေသည်။
“တစ်ယောက်ယောက်က ငါ့ခေါင်းတွေကို ဖြတ်သွားတယ်၊ အကုန်လုံးပဲ အသစ်ထွက်လာတဲ့ ခေါင်းကိုလည်း ဖြတ်သွားတယ်...”
“ဥယျာဉ်မှူးနဲ့တူတဲ့ ခေါင်းကိုလား”
ဒေါက်တာကောင်းက အဖိုးဖြစ်သူရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။
“ဘယ်သူလုပ်တာလဲ”
အဖိုး၏ မျက်လုံးများက အနည်းငယ် ဝေဝါးနေလေသည်။ သူသည် ပထမဦးစွာ သူ့ကိုယ်သူ လက်ညှိုးထိုးပြပြီး သူ့ခေါင်းကို ပြန်ညွှန်ပြသည်။
“အသစ်ထွက်လာတဲ့ ခေါင်းက သူ့ကိုယ်ပိုင်အသိစိတ် ရှိနေတာ၊ သူက ငါ့ရဲ့ တခြားခေါင်းတွေကို လိုက်ကိုက်နေတယ်၊ ငါက ဖြတ်ပစ်မယ်လို့ ခြိမ်းခြောက်တာတောင် သူက နားမထောင်ဘူး၊ အဲ့ဒီအစား သူက ပိုပြီးတော့တောင် အတင်းကိုက်နေသေးတယ်၊ ငါ့ရဲ့ ခုနစ်လုံးမြောက်ခေါင်းကိုလည်း ငါသတိမထားမိခင် ဝါးစားပစ်လိုက်ပြီး ငါ့ဦးနှောက်ကိုတောင် စားဖို့ ကြိုးစားနေတာ၊ အဲ့ဒါက အရမ်းနာတာပဲ၊ ဒါနဲ့ပဲ မနေ့ညက ငါသားသတ်သမားဆီ ပြေးသွားတယ်၊ သူ့တံခါးကို ခေါက်ပြီး ဓားကို ယူလိုက်ပေမဲ့ ငါကိုယ်တိုင်တော့ မလုပ်ရက်ဘူးလေ၊ အဲ့ဒီမှာတင် နာလွန်းလို့ မေ့လဲသွားတာပဲ”
“အဲ့ဒီနောက်ပိုင်း ဘာဖြစ်သွားလဲဆိုတာ အဖိုးမမှတ်မိတော့ဘူးလား”
အဖိုးက ခေါင်းခါပြသည်။ အချိန်အတော်ကြာ စဉ်းစားပြီးမှ အချို့အရာများကို ဝေဝါးစွာ ပြန်သတိရလာဟန်ရှိသည်။ ဒေါက်တာကောင်း၏ ဖခင်ရှိရာ အိပ်ခန်းဘက်သို့ သူလှမ်းကြည့်လိုက်သည်။
“ငါ မေ့လဲသွားပြီးတော့ တစ်ယောက်ယောက် အနားကပ်လာတာကို ဝေဝါးဝါး မြင်လိုက်ရတယ်၊ အဲ့ဒီလူရဲ့ ပုံစံက မင်းအဖေနဲ့ နည်းနည်းတူသလိုပဲ၊ မဟုတ်သေးပါဘူး... သူ မဖြစ်နိုင်ပါဘူး၊ အဲ့ဒီ အရက်သမားက အရက်ကုန်တာကလွဲရင် အပြင်ထွက်မယ့်လူ မဟုတ်ဘူး”
သူ့ဖခင်ဖြစ်သူ၏ လက်ချောင်းများတွင် သွေးများ စွန်းထင်နေခြင်းက မနေ့ညက သူ ဘာလုပ်ခဲ့သလဲကို အတည်ပြုပေးနေခဲ့သည်။
“ငါက အသစ်ထွက်လာတဲ့ ခေါင်းကိုပဲ ဖြတ်ချင်ခဲ့တာ၊ ဒါပေမဲ့ တစ်ယောက်ယောက်က ငါ့ခေါင်းတွေကို အကုန်ဖြတ်ပစ်လိုက်တယ်၊ နာတယ်၊ အရမ်းနာတာပဲ”
အဖိုးက သူ့ဦးခေါင်းကို ဆုပ်ကိုင်ထားသည်။ သူ၏ပိန်လှီနေသော ခန္ဓာကိုယ်သည် သွေးစွန်းဒဏ်ရာများ ဝန်းရံထားသကဲ့သို့ တုန်ယင်နေခဲ့သည်။
ဒေါက်တာကောင်းသည် သူ့အိတ်ကပ်ထဲမှ ဆေးပုလင်းကို အဖိုး၏ကုတင်ပေါ်တွင် တင်ပေးထားခဲ့ပြီး တံခါးဝဆီသို့ တိတ်ဆိတ်စွာ လျှောက်သွားလိုက်သည်။
အဖိုး၏ ဦးခေါင်းများသည် ပြင်းထန်သော စိတ်လှုံ့ဆော်မှုများနှင့် အဖြစ်အပျက်အချို့ ကြုံတွေ့ရပြီးနောက်မှ ပေါ်ထွက်လာခြင်း ဖြစ်သည်။ အသစ်ထွက်လာသော ခေါင်းခုနစ်လုံးသည် ရှင်းလုတွင် ဖြစ်ပွားခဲ့သော ကြောက်မက်ဖွယ် ဖြစ်ရပ်ခုနစ်ခုနှင့် သက်ဆိုင်နေခြင်းဖြစ်သလို မိသားစု ကြုံတွေ့ခဲ့ရသော အကျပ်အတည်း ခုနစ်ခုနှင့်လည်း ဆက်စပ်နေသည်။
ပထမဆုံး ခေါင်းထွက်လာသည့်ညသည် ရှင်းလုလူ့အခွင့်အရေးကော်မတီကို စတင်ဖွဲ့စည်းသည့်နေ့ ဖြစ်သည်။ ပြင်းထန်သော စိတ်ဝေဒနာရှင်ကို သာမန်လူများ၏ဘဝကို မနှောင့်ယှက်နိုင်စေရန်အတွက် ကုသရန် မဖြစ်မနေ ခေါ်ဆောင်သွားရမည် ဖြစ်သည်။ ထိုနေ့မှာပင် ဒေါက်တာကောင်း၏ အဘွားဖြစ်သူ ဆေးရုံသို့ ပို့ဆောင်ခံခဲ့ရသည်။ ဒုတိယမြောက် ဦးခေါင်းသည် ရှင်းလုမြို့သားများ တောအုပ်ကို ပထမဆုံး စတင်တွေ့ရှိချိန်နှင့် ဒေါက်တာကောင်း၏ မိခင် ပထမဆုံးအကြိမ် ပျောက်ဆုံးသွားချိန်တွင် လျင်မြန်စွာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ သူမ၏ မိသားစုဝင်များက နေရာအနှံ့ လိုက်ရှာခဲ့ကြပြီး နောက်ဆုံးတွင် တောအုပ်အစွန်အဖျား၌ သူမကို ပြန်တွေ့ခဲ့ကြသည်။
တတိယမြောက် ခေါင်းမှာမူ ရှင်းလုရဲတပ်ဖွဲ့က စိတ်ဝေဒနာရှင် လူနာတစ်ဦးကို စုံစမ်းစစ်ဆေးရင်း လည်ပင်းညှစ်ရပ်ကွက်ကို လိုက်လံရှာဖွေရာမှ ဦးလေးဖြစ်သူကို မှားယွင်းဖမ်းဆီးမိသည့် ဖြစ်ရပ်နှင့် သက်ဆိုင်သည်။ ဦးလေးကို စစ်ဆေးမေးမြန်းခဲ့သူမှာ အရာရှိရွှယ်ဖြစ်သည်ဟု ဆိုကြသည်။
ထိုကဲ့သို့ပင် ခေါင်းတစ်လုံးချင်းစီ ပေါ်လာခြင်းမှာ အဖြစ်အပျက်တစ်ခုစီနှင့် ဆက်စပ်နေခြင်းဖြစ်သည်။ အဖိုး၏ ခေါင်းများမှာလည်း ပုံစံချင်း မတူညီကြပေ။ ဥပမာအားဖြင့် ပထမဆုံးထွက်သော ခေါင်းသည် ပုံသဏ္ဌာန် အတိအကျမရှိဘဲ ဟာလာဟင်းလင်းဖြစ်နေပြီး ဒုတိယမြောက်ထွက်သော ခေါင်းမှာ အလွန်လှပသော အမျိုးသမီးငယ်တစ်ဦး၏ ခေါင်းဖြစ်သည်။ တတိယမြောက် ခေါင်းမှာ အရာရှိရွှယ်နှင့် အနည်းငယ် ဆင်တူပေသည်။ နောက်ဆုံးတွင် ရှစ်လုံးမြောက်ခေါင်းမူကား ဥယျာဉ်မှူးနှင့် အလွန်တူနေခဲ့သည်။
“ဘာလို့ ဒီလိုဖြစ်ရတာလဲ၊ အဲ့ဒီလူတွေက တဖြည်းဖြည်း ပြန်ကောင်းလာပြီး ပုံမှန်ဘဝထဲ ရောက်သွားချိန်မှာ အဖိုးဆီမှာ ထူးဆန်းတဲ့ခေါင်းတစ်လုံး ထွက်လာတယ်၊ သူတို့ဆီက မူမမှန်မှုတွေအားလုံး အဖိုးဆီမှာ လာစုနေသလိုပဲ”
“ဒါလည်း မဟုတ်သေးဘူး၊ ဥယျာဉ်မှူးရဲ့ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဥယျာဉ်မှူးကပဲ ဒီကမ္ဘာပေါ်မှာ တစ်ဦးတည်းသော ပုံမှန်လူ ဖြစ်နေတယ်၊ ဒါဆိုရင် လူတိုင်းက ရူးနေကြပြီး လူခုနစ်ယောက်ရဲ့ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းတွေက အဖိုးရဲ့ ခေါင်းဆီမှာ လာစုပြီး ဦးခေါင်းခွံတွေ ဖြစ်နေတာလား”
“ငါ့အဖိုးက တချို့အရာတွေကို ကာကွယ်စောင့်ရှောက်ဖို့ မတူညီတဲ့ ဦးခေါင်းခွံတွေကို သုံးခဲ့တာပဲ၊ ဒါပေမဲ့ မနေ့ညက တစ်ယောက်ယောက်က အဲ့ဒါတွေကို အကုန်ဖြတ်ပစ်လိုက်တယ်”
“ဘယ်သူလုပ်တာလဲ”
ဒေါက်တာကောင်းက ဖခင်ဖြစ်သူ၏ အခန်းကို ခိုးကြည့်လိုက်သည်။ အကယ်၍ ၎င်းမှာ ဖခင်ဖြစ်သူသာ ဆိုလျှင် အဓိပ္ပာယ်တစ်ခုသာ ရှိတော့သည်။ ဤမိသားစုသည် အမှန်တကယ်ပင် မလုံခြုံတော့ပေ။
ဒေါက်တာကောင်းသည် သူ့အိပ်ခန်းထဲသို့ ပြန်သွားလိုက်ပြီး ဆေးဝါးအားလုံးကို ထုပ်ပိုးကာ ဦးလေးနှင့် အဖိုးထံသို့ ပေးလိုက်သည်။
“ဘယ်လိုသုံးရမလဲဆိုတာ ကျွန်တော် သင်ပေးပြီးသားနော်၊ သေချာ သိမ်းထားကြပါ”
“မင်း ခရီးအဝေးကြီး သွားမလို့လား”
ဦးလေးဖြစ်သူက အံ့သြတကြီး မေးလိုက်သည်။
“ဒီရက်ပိုင်း ဥယျာဉ်မှူးအမှုနဲ့ အလုပ်ရှုပ်နေတာနဲ့ ဆေးရုံကို မပြန်ဖြစ်တာ ရက်အတော်ကြာသွားပြီ၊ အဲ့ဒီမှာ တစ်ခုခုဖြစ်နေမှာ စိုးရိမ်လို့ပါ”
ဒေါက်တာကောင်းသည် မတ်တတ်ရပ်လျက် အိပ်ပျော်နေဆဲဖြစ်သော မာကြီးကို နှိုးလိုက်ပြီး သူ့ကျောပိုးအိတ်ကို ပခုံးတွင်လွယ်၍ အပြင်သို့ ထွက်လာခဲ့သည်။
“မသွားခင် မနက်စာစားသွားဦးလေ”
ဦးလေးဖြစ်သူက ဆေးထုပ်ကို ဆုပ်ကိုင်ထားရင်း ဒေါက်တာကောင်း၏ ကျောပိုးအိတ်ကို ကြည့်လိုက်သည်။
“မင်း ငယ်ငယ်တုန်းကအတိုင်းပဲ၊ အဲ့ဒီ ကျောပိုးအိတ်ကြီးက သုံးလာတာ ဘယ်နှစ်နှစ်ရှိပြီလဲ၊ အသစ်ကို လုံးဝမလဲဘူးနော်”
ဒေါက်တာကောင်းသည် သူ၏မြင်းအိုကြီးကို စီး၍ ရင်ခွဲရုံရိပ်သာလမ်းအတိုင်း အရှိန်အဟုန်ဖြင့် ပြေးလွှားသွားသည်။ လမ်းဘေးတွင် စီတန်းနေသော လူအုပ်ကြီးမှာ ပို၍ များပြားလာသယောင် ရှိနေလေသည်။
သူ့အကြည့်က လူအုပ်ကြားရှိ အဟများမှတစ်ဆင့် လမ်းကြားထဲသို့ ထိုးဖောက်ကြည့်လိုက်မိသည်။ နေထွက်လာပြီးနောက်တွင် တောအုပ်မှာ လုံးဝ ပျောက်ကွယ်သွားခဲ့ချေပြီ။ တစ်ခါမှ မရှိခဲ့ဖူးသကဲ့သို့ပင်။
“ညဖက်က တောအုပ်က နေ့ဖက်မှာ လူအုပ်ကြီးအဖြစ် ပြောင်းသွားတာများလား”
ဒေါက်တာကောင်းသည် ရုတ်တရက် ကျောရိုးထဲ စိမ့်တက်သွားပြီး ကြောက်စရာကောင်းသော အတွေးတစ်ခု ဝင်လာတော့သည်။
“ငါတို့က တောအုပ်ထဲမှာ လမ်းပျောက်နေတယ်လို့ ထင်နေကြတာ၊ တကယ်တော့ တောအုပ်က ငါတို့ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်လာခဲ့တာပဲ”
ထိုနေရာတွင် ရပ်နေကြသော လူများ၏ မျက်လုံးများကို သူ မကြည့်ဝံ့တော့ပေ။ မြင်းအိုကြီးကို အပြင်းနှင်ရင်း သူတို့သည် ရင်ခွဲရုံရိပ်သာလမ်း၏ မြောက်ဘက်အစွန်ဆုံးရှိ ဆေးရုံသို့ လျှင်မြန်စွာ ရောက်ရှိလာခဲ့ကြသည်။
ထိုဆေးရုံတွင် အလွန်ထူးဆန်းသော နာမည်တစ်ခု ရှိသည်။
‘လူသားဖြစ်တည်မှုအဝင်ဝ’။