အခန်း (၈၃၅-၈၃၆)
Vol. 57 Ch. 835-836
အပိုင်း (၈၃၅) ငါ၊ ငါ့ဆေးရုံ
ဆေးရုံက သိပ်မကြီးပေ။ အထပ် သုံးထပ်သာ ရှိသည်။ ဒေါက်တာပုအလုပ်လုပ်သည့် အမှတ် (၁) ပြန်လည်သန်စွမ်းရေးဆေးရုံကြီးနှင့်ယှဉ်လျှင် ဘာမှမဟုတ်ပေ။ ၎င်းသည် အဓိကအားဖြင့် ရင်ခွဲရုံရိပ်သာလမ်း အနီးအနားရှိ ရပ်ကွက်များမှ လူနာများကိုသာ လက်ခံကုသပေးခြင်း ဖြစ်သည်။
“ဒေါက်တာကောင်း... နောက်ဆုံးတော့ ရှင် ပြန်လာပြီပဲ၊ တီဗွီသတင်းထဲမှာ ရှင့်အကြောင်း တွေ့လိုက်ရတယ်၊ ဥယျာဉ်မှူးက ဒီလောက်ကြောက်စရာကောင်းတဲ့ လူသတ်သမား ဖြစ်နေလိမ့်မယ်လို့ ကျွန်မတို့ တစ်ခါမှ မတွေးမိခဲ့ဘူး”
စကားပြောလိုက်သူမှာ အသက်လေးဆယ်ကျော်အရွယ် တောင့်တင်းသန်မာသော သူနာပြုမတစ်ယောက် ဖြစ်သည်။ သူမ၏ ရင်ဘတ်တွင် ခေါင်းခွံဖောက်စက်ဆိုသော အမည်ကတ်ပြား ချိတ်ဆွဲထားသည်။
“ရှင့်ရဲ့သတ္တိကို ကျွန်မအရမ်းလေးစားမိပါတယ်၊ ကျွန်မသာဆိုရင် အရမ်းကြောက်ပြီး ရှေ့ထွက် သက်သေပြရဲမှာ မဟုတ်ဘူး”
ခေါင်းခွံဖောက်စက်နောက်မှ နုနယ်သော အသံလေးတစ်ခု ထွက်ပေါ်လာသည်။ သူမသည် သူနာပြုယူနီဖောင်းကို မင်းသမီးဝတ်စုံကဲ့သို့ ဝတ်ဆင်ထားသော အရိုးဖယောင်းဖြစ်ပြီး ကြည့်ရသည်မှာ ကျောင်းသူလေးတစ်ဦးကဲ့သို့ နုနယ်သိမ်မွေ့လှသည်။
“ဒေါက်တာ... ဆေးရုံအုပ်ကြီးက ရှင့်ကို စောင့်နေတာ၊ မြန်မြန် အဝတ်အစားလဲလိုက်ဦး၊ နင်တို့နှစ်ယောက်ကလည်း ဆရာ့အလုပ်ကို လာမနှောင့်ယှက်ကြနဲ့လေ”
လူနာဆောင်တံခါး ပွင့်လာပြီး ဝသူတစ်ယောက်နှင့် ပိန်သူတစ်ယောက်ဖြစ်သော သူနာပြုနှစ်ဦးမှာ ပျားပန်းခတ်မျှ အလုပ်ရှုပ်နေကြသည်။ သူတို့သည် အမြွှာများ ဖြစ်ကြသော်လည်း ကိုယ်ခန္ဓာ တည်ဆောက်ပုံမှာ လုံးဝကွဲပြားသည်။ ဝသောသူကို အရိုးဖြတ်ဓားဟု ခေါ်ပြီး ပိန်သောသူကို အရိုးတိုက်ဓားဟု ခေါ်သည်။
ကိုယ်ကျင့်စရိုက် အသီးသီးရှိကြပြီး ဦးခေါင်းခွံခွဲစိတ်မှုနှင့် ပတ်သက်သော နာမည်များ ပိုင်ဆိုင်ထားကြသည့် ဤသူနာပြုလေးဦးနှင့် ဒေါက်တာကောင်းတို့ ပေါင်းစည်းကာ ‘လူသားဖြစ်တည်မှုအဝင်ဝ’ ဆေးရုံ၏ အာရုံကြောခွဲစိတ်မှုဌာနကို ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ယခင်က နည်းပညာကန့်သတ်ချက်များကြောင့် ဦးနှောက်ခွဲစိတ်မှုကို တားမြစ်နယ်မြေတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။ သို့သော်လည်း နည်းပညာတိုးတက်လာမှုနှင့် ဆရာဝန်များကို အကာအကွယ်ပေးသည့် ဥပဒေများကြောင့် ဆရာဝန်များမှာ ထိုနယ်ပယ်ကို ပိုမိုစူးစမ်းလာကြခြင်း ဖြစ်သည်။
“ငါ ဆေးရုံအုပ်ကြီးဆီ အရင်သွားလိုက်ဦးမယ်”
ဒေါက်တာကောင်းက ပြောသည်။သူသည် မာကြီးကို ဆေးရုံအပြင်ရှိ ကားဂိုဒေါင်တွင် ထားခဲ့ပြီး ခေါင်းခွံဖောက်စက် ကမ်းပေးသော အဖြူရောင်ကုတ်အင်္ကျီကို လဲလှယ်ဝတ်ဆင်လိုက်သည်။
ဆေးရုံအုပ်ကြီးအကြောင်း ပြောလိုက်သည်နှင့် သူနာပြုလေးဦးက ငြိမ်ကျသွား၏။ သူတို့အလုပ်များကို ချထားလိုက်ပြီး ဒေါက်တာကောင်းနောက်မှ ခပ်သွက်သွက် လိုက်ပါလာကြတော့သည်။
ပထမထပ် ကော်ရစ်ဒါအဆုံးသို့ ရောက်သောအခါ သူတို့ရှေ့ရှိ အခန်းသည် ဆေးရုံအုပ်ရုံးခန်းဟု အမည်တပ်မထားဘဲ ‘မူမမှန်သောကမ္ဘာမှ ကြိုဆိုပါ၏’ဟု ရေးသားထားလေသည်။
အမှန်စင်စစ် ဤနေရာရှိ လူနာဆောင်များနှင့် ဌာနများ၏ အမည်များသည် ရိုးရိုးနံပါတ်များ မဟုတ်ကြပေ။ အချို့ကို ‘ငါအနက်ရောင်ကိုကြိုက်တယ်’၊ အချို့ကို ‘ငါရဲ့ အူတွေ’ နှင့် အချို့ကို ‘အဆီများ ဖုံးလွှမ်းနေသော အခန်း’ စသည်ဖြင့် ခေါ်ဝေါ်ကြပေသည်။
တံခါးကို သုံးကြိမ်တိတိ ညင်သာစွာ ခေါက်သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရှိသဖြင့် ဒေါက်တာကောင်းက တံခါးကို ဖွင့်လိုက်သည်။ ဆေးရုံအုပ်ကြီး၏ အခန်းထဲတွင် စားပွဲနှင့် ကွန်ပျူတာ မရှိပေ။ ထိုအစား ကြီးမားသော ဆေးရုံကုတင်တစ်လုံးနှင့် လူ့ဦးနှောက်များကို ထည့်ထားသော ဘူးများ စီတန်းထားသည်ကိုသာ တွေ့ရသည်။
ကုတင်ပေါ်ရှိ အသက်ဆက်ရန် ပိုက်မျိုးစုံအားပြုနေရသော အဘိုးအိုမှာ ဆေးရုံအုပ်ကြီး ဖြစ်သည်။ သူ့ဆံပင်များကို အပြောင်ရိပ်ထားပြီး တွန့်လိမ်နေသော ဦးခေါင်းခွံပေါ်တွင် ချုပ်ရိုးများစွာ ရှိနေခဲ့သည်။ ယင်းမှာ သူသည် ဦးခေါင်းခွံခွဲစိတ်မှုကို အကြိမ်ကြိမ် ခံယူထားရကြောင်း ပြသနေသည်။
တံခါးပိတ်၍ သော့ခတ်လိုက်သည်နှင့် အသံလုံလိုက်ကာ အထူကြီးများ ကျဆင်းလာ၏။ သူနာပြုလေးဦးသည် ကုတင်ဘေးတွင် အကူညီမဲ့စွာ ရပ်နေကြသည်။
“ဒေါက်တာကောင်း... ရှင်ညွှန်ကြားထားတဲ့အတိုင်း ဆေးရုံအုပ်ကြီးကို ခွဲစိတ်မှုအကြိမ်ကြိမ် လုပ်ပေးခဲ့ပေမဲ့ နက်နက်ရှိုင်းရှိုင်းကိုမာဝင်နေပြီး အခုထိ နိုးမလာသေးဘူး”
“ဆေးရုံအုပ်ကြီးက အရမ်းရှည်လျားတဲ့ အိပ်မက်တစ်ခု မက်နေတာဖြစ်ရမယ်”
ဒေါက်တာကောင်းက ကုတင်ဘေးတွင် ထိုင်ရင်း ပြောလိုက်သည်။ သူ ဤဆေးရုံသို့ လူနာတစ်ဦးအဖြစ် ပထမဆုံးရောက်ရှိလာစဉ်က အရာရာမှာ ထူးဆန်းပြီး မူမမှန်သလို ခံစားခဲ့ရသည်ကို သတိရမိသည်။ ထိုစဉ်က ဆေးရုံအုပ်ကြီးသည် သူ့ကို ကုသရန်အတွက် လျှပ်စစ်ရှော့ခ်တိုက်ခြင်း၊ စိတ်ကြွဆေးအပြင်းစားများ သုံးခြင်းနှင့် သေလုမျောပါး အတွေ့အကြုံများပေးခြင်း စသည့် နည်းလမ်းမျိုးစုံကို အစွမ်းကုန် ကြိုးစားခဲ့သည်။ နောက်ပိုင်းတွင် ဒေါက်တာကောင်း ပြန်ကောင်းလာခဲ့သော်လည်း ဆေးရုံအုပ်ကြီးမှာမူ ရူးသွပ်သွားခဲ့ပြီး ဤကမ္ဘာကြီးသည် ပုံရိပ်ယောင်တစ်ခု ဖြစ်ပြီး သူ့စိတ်ထဲတွင်သာ အမှန်တရားကို မြင်ရသည်ဟု အခိုင်အမာ ပြောဆိုနေတော့သည်။
သူ့အသက်ကို ကယ်တင်ပေးခဲ့သော ဆေးရုံအုပ်ကြီး၏ ကျေးဇူးကို ဆပ်ရန်အတွက် ဒေါက်တာကောင်းက သူ့ကို ပြန်လည်ကုသပေးရန် ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း သူ၏ ကျွမ်းကျင်မှု မပြည့်ဝသေးသဖြင့် ဆေးရုံအုပ်ကြီးမှာ နက်နက်ရှိုင်းရှိုင်း ကိုမာဝင်သွားခဲ့ခြင်း ဖြစ်သည်။
ဆေးရုံအုပ်ကြီး၏ မျှော်လင့်ချက်ကို စိတ်မပျက်စေလိုသဖြင့် ဒေါက်တာကောင်းသည် နောက်ပိုင်းတွင် ဤဆေးရုံငယ်လေး၌ ဆရာဝန်တစ်ဦး ဖြစ်လာခဲ့ပြီး ရင်ခွဲရုံရိပ်သာလမ်းရှိ လူနာများကို ကူညီပေးကာ သူတို့၏ရူးသွပ်မှုများကို ကုသပေးနေခဲ့ခြင်းဖြစ်သည်။
မာကြီးနှင့် သူနာပြုလေးဦးသည် ယခင်က လူနာများ ဖြစ်ခဲ့ကြသော်လည်း ယခုမူ သူတို့အားလုံးသည် ဘဝ၏ ဦးတည်ချက်ကို ရှာတွေ့ခဲ့ကြပြီ ဖြစ်သည်။ မာကြီးက မြင်းတစ်ကောင် ဖြစ်လာပြီး သူနာပြုလေးဦးမှာ ဦးခေါင်းခွံခွဲစိတ်မှုဆိုင်ရာ ကိရိယာများ ဖြစ်လာခဲ့ကြသည်။ သူတို့အားလုံးကို ဘဝသစ်စတင်နိုင်ရန် ခွန်အားပေးခဲ့သူမှာ ဒေါက်တာကောင်းပင် ဖြစ်သည်။
“ငါမရှိတဲ့ အတောအတွင်း ဆေးရုံအုပ်ကြီးဆီကို လာကြည့်တဲ့သူရှိလား”
ခေါင်းခွံဖောက်စက်က အကြာကြီး စဉ်းစားပြီးမှ ခေါင်းခါပြသည်။
“ဆေးရုံအုပ်ကြီးက သနားဖို့ကောင်းပါတယ်၊ သူက လူတွေအများကြီးကို ကုသပေးခဲ့ပေမဲ့ သူ နေမကောင်းဖြစ်တဲ့အခါကျတော့ တစ်ယောက်မှ လာမကြည့်ကြဘူးလေ”
“ကောင်းပြီ၊ မင်းတို့ အပြင်ထွက်လို့ ရပြီ”
ဒေါက်တာကောင်းက သူ့အိတ်ထဲမှ ဆေးပုလင်းကို ထုတ်လိုက်သည်။
“ဒါကို ဓာတ်ခွဲခန်းကို ယူသွားပြီး ဒေါက်တာဟောင်ကို စစ်ဆေးခိုင်းလိုက်ပါ”
လူသားဖြစ်တည်မှုအဝင်ဝတွင် ဒေါက်တာကောင်းအပြင် အခြားဆရာဝန် သုံးဦးရှိသေးသည်။ ၎င်းတို့မှာ ဆေးဘက်ဆိုင်ရာ ပစ္စည်းထောက်ပံ့သူ၏ ဆွေမျိုးဖြစ်သော ဒေါက်တာဟောင်၊ ကလေးရောဂါဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာချီနှင့် ကျန်းမာရေးနှင့် အလှအပဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာဟွမ်တို့ ဖြစ်ကြသည်။
ခေါင်းခွံဖောက်စက်က ဆေးရုံအုပ်ရုံးခန်း တံခါးကို ဖွင့်လိုက်ချိန်တွင် တံခါးနောက်ရှိ ကုတ်အဖြူဝတ် ဆရာဝန်တစ်ဦးနှင့် တိုက်မိသွားသည်။
“သွားတာလာတာ သတိထားပါဦး”
ဆရာဝန်အိုကြီးသည် သူ၏ မုတ်ဆိတ်ဖြူကို လိမ်ကျစ်နေရင်း ခေါင်းခွံဖောက်စက်နှင့် တိုက်မိသွားသဖြင့် လဲကျလုနီးပါး ဖြစ်သွားသည်။ သူ နှာခေါင်းရှုံ့လိုက်ပြီး သူမကို ဂရုမစိုက်တော့ပေ။
သူနာပြုလေးဦး ထွက်သွားပြီးနောက်မှသာ ထိုအဘိုးကြီး၏ အေးစက်စက် အမူအရာက ပျော့ပြောင်းသွားသည်။ သူသည် ဒေါက်တာကောင်းဘေးတွင် ရပ်လိုက်ပြီး သူ့မကျေနပ်ချက်များကို ရင်ဖွင့်တော့သည်။
“ရှောင်ကောင်း... ငါ ဒီလိုကြီး ဆက်ဟန်ဆောင်မနေနိုင်တော့ဘူးကွာ၊ ငါက ဘယ်လိုလုပ် ရောဂါတွေကို ကုနိုင်မှာလဲ၊ ငါလုပ်နိုင်တာဆိုလို့ ဒီဆေးတွေက လူကို မသေစေနိုင်ဘူးဆိုတာကိုပဲ အာမခံနိုင်တာ၊ ဒါပေမဲ့ အခု လူတိုင်းက ငါ့ကို နတ်ဆေးပေးနိုင်တဲ့သူလိုမျိုး ချီးကျူးနေကြပြီ၊ ဒါမျိုးတော့ မဖြစ်သေးဘူးလေ၊ ဒီအတိုင်းသာ ဆက်သွားရင် ငါပါ အရူးဖြစ်တော့မယ်”
မုတ်ဆိတ်မွေးနှင့် အသက်ရှစ်ဆယ်ကျော်ပုံရသော ထိုလူမှာ ဒေါက်တာဟွမ် ဖြစ်သည်။ အကယ်၍ ပြင်ပလူများသာ ဒေါက်တာကောင်းနှင့် သူတို့စကားဝိုင်းကို ကြားသွားပါက အလွန်အံ့အားသင့်သွားကြလိမ့်မည်။ ရင်ခွဲရုံရိပ်သာလမ်းနှင့် ရှင်းလုမြို့တစ်ဝက်လောက်တွင် ကျန်းမာရေးဂုရုကြီးအဖြစ် နာမည်ကြီးနေသော ဤပုဂ္ဂိုလ်မှာ အမှန်စင်စစ် လူလိမ်တစ်ဦးသာ ဖြစ်နေသည်။ သူသည်လည်း တစ်ချိန်က ဒေါက်တာကောင်း၏ လူနာဖြစ်ခဲ့ဖူးသည်။
“လောင်ဟွမ်... ခင်ဗျားက ဆေးဖက်ဝင်အပင်တွေအပေါ်မှာရှိတဲ့ ခင်ဗျားရဲ့ ပင်ကိုယ်သိစိတ်ကို အထင်သေးနေတာပဲ”
ဒေါက်တာကောင်းက ပြုံးလျက် ပြောလိုက်သည်။ လောင်ဟွမ်သည် ယခင်က အပြင်းအထန် ဖျားနာခဲ့ဖူးသည်။သူသည် ရှင်းလုမြို့၏ ဆေးဘက်ဆိုင်ရာစနစ်က ကျန်းမာသောလူများကို အရူးဖြစ်အောင် လုပ်နေသည်ဟု ဝေဖန်ခဲ့ဖူးသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် ဒေါက်တာကောင်းနှင့် တွေ့ဆုံခဲ့ရသည်။ ယခုအခါ သူရူးသွပ်နေစဉ်က တည်ဆောက်ခဲ့သော စနစ်ကို အခြေခံ၍ သူသည် အိပ်မက်ထဲတွင် အင်မော်တယ်တစ်ပါး၏ လမ်းညွှန်မှုကို ရရှိခဲ့သည်ဟု ဆိုကာ နာမည်ကျော် ကျန်းမာရေးဂုရုကြီး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
“လူနာတစ်ယောက်ကို ရောဂါရှာပေးဖို့ ဘယ်လိုလုပ် ပင်ကိုယ်သိစိတ်ကိုပဲ အားကိုးလို့ရမှာလဲ”
ဒေါက်တာဟွမ်သည် အလွန်သောကရောက်နေခြင်းဖြစ်သည်။ ယခုအခါ သူသည် ငွေများစွာ ရှာနေနိုင်သော်လည်း တစ်ခုခုမှားယွင်းနေသည်ဟု ခံစားနေရဆဲ ဖြစ်သည်။
“ငါ့ရဲ့ အသိစိတ်ကို ငါကျော်ဖြတ်လို့ မရဘူးဖြစ်နေတယ်”
“ဒါဆိုရင် ခင်ဗျားဆေးပြန်သောက်ဖို့ လိုနေပြီပေါ့”
ဒေါက်တာကောင်းသည် ဒေါက်တာဟွမ် ရေးပေးထားသော ဆေးညွှန်းစာများကို တွေ့ဖူးသည်။ အချို့သော ဆေးဖက်ဝင်အပင်များကို ထိုလူအိုကြီးကိုယ်တိုင် ရှင်းလုမြို့ပတ်ဝန်းကျင်တွင် တူးဖော်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့မှာ အမှန်တကယ်ပင် ထိရောက်မှု ရှိသည်။
“ကျွန်တော် ဒီရက်ပိုင်း အလုပ်မဆင်းဖြစ်ဘူး၊ ဆေးရုံမှာ တစ်ခုခုထူးခြားတာ ရှိသေးလား”
“မရှိပါဘူး၊ လူတိုင်းက ဆေးကို အချိန်မှန် သောက်နေကြတာပဲ၊ အခြေအနေ တကယ်ဆိုးတဲ့ လူနာတွေကိုတော့ ဒီကို မပို့ကြတော့ဘူး၊ သူတို့အားလုံးကို အမှတ် (၁) ပြန်လည်သန်စွမ်းရေး ဆေးရုံကိုပဲ တိုက်ရိုက်ခေါ်သွားကြတယ်”
“ဒါဆို ဒေါက်တာဟောင်ကကော၊ ကျွန်တော်တို့အပါအဝင် ဒီဆေးရုံက ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေအားလုံးက ဆေးရုံအုပ်ကြီး ကုသပေးခဲ့တဲ့ လူနာတွေချည်းပဲ၊ ကျွန်တော်တို့မှာ အတွေ့အကြုံရှိတယ်၊ ဒေါက်တာဟောင်တစ်ယောက်ပဲ အဆက်အသွယ်နဲ့ ဝင်လာတာ၊ သူ တစ်ယောက်ယောက်ကို ဒုက္ခပေးမိမှာ စိုးတယ်”
ဒေါက်တာကောင်း၏ မျက်လုံးများတွင် စိုးရိမ်ရိပ်များ ပေါ်ထွက်လာသည်။
“သူက အတော်လေး ကြိုးစားရှာပါတယ်၊ လူနာတွေကလည်း သူ့အပေါ် အမြင်ကောင်းကြတယ်၊ အရင်က ဒေါက်တာပုထက်တောင် အများကြီး ပိုကောင်းသေးတယ်”
“ဆေးရုံမှာ ဒေါက်တာပုအကြောင်းကို အများကြီး ထပ်မပြောနဲ့တော့”
“ဘာလို့လဲ”
ဒေါက်တာဟွမ်က နားမလည်နိုင်စွာ မေးလိုက်သည်။
“အဲ့ဒီနေ့က ဒေါက်တာဟောင်က ဒေါက်တာပုရဲ့ မှတ်တမ်းတွေကို ကြည့်ဖို့ ထူးထူးခြားခြား မေးနေသေးတယ်”
“သူ့ကို ပေးကြည့်လိုက်လား”
“မကြည့်ခိုင်းပါဘူး၊ အဲ့ဒီအချိန်မှာ ငါက ဆေးကျိုနေတာလေ”
ဒေါက်တာဟွမ်က တစ်စုံတစ်ခုကို ရိပ်မိသွားသည်။
“ဒေါက်တာဟောင်က ရဲတွေနဲ့ ပတ်သက်နေတာများလား”
“မေးခွန်းတွေ အများကြီး မမေးပါနဲ့ဦး”
ဒေါက်တာကောင်းသည် ယမန်နေ့ညက တောအုပ်ထဲတွင် တွေ့ခဲ့သော ဆေးဘူးကို အိတ်ထဲမှ ထုတ်ယူလိုက်သည်။
“ဒီဆေးကို စစ်ဆေးဖို့ နေရာတစ်ခု သွားရှာလိုက်ပါဦး”
“ကောင်းပြီ”
ဒေါက်တာဟွမ်က ခေါင်းငြိမ့်ကာ ဆေးဘူးကို ယူ၍ ထွက်သွားတော့သည်။
တံခါးပိတ်သွားသောအခါ ဒေါက်တာကောင်းသည် ဆေးရုံအုပ်ကြီး၏ ကုတင်ဘေးတွင် တစ်ယောက်တည်း ထိုင်ချလိုက်သည်။ သူ့အကြည့်များက စင်ပေါ်ရှိ လူ့ဦးနှောက်ဘူးများဆီသို့ ရောက်သွား၏။ ဦးနှောက်တစ်ခုချင်းစီတွင် နံပါတ်များ ကပ်ထားသည်ကို သူတွေ့လိုက်ရသည်။
“နံပါတ် ၂... နံပါတ် ၂... ဒီဦးနှောက်တွေအားလုံးမှာ ဘာလို့ နံပါတ် ၂ လို့ပဲ တပ်ထားရတာလဲ...”
အပိုင်း (၈၃၆) အရက်
ဆေးရုံအုပ်ကြီး ကိုမာဝင်သွားသည်အထိ ကုသမှုခံယူခဲ့ရပြီးနောက် ဒေါက်တာကောင်းသည် လူသားဖြစ်တည်မှုအဝင်ဝ ဆေးရုံ၏ ပင်မဒေါက်တိုင် ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် အခြားအရည်အချင်းရှိသော ဆရာဝန်တစ်ဦးဖြစ်သည့် ဒေါက်တာပုလည်း ဆေးရုံမှ ထွက်ခွာသွားခဲ့သဖြင့် ထိုနေရာသည် ဒေါက်တာကောင်း၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေတစ်ခုကဲ့သို့ ဖြစ်လာခဲ့တော့သည်။
သူသည် ယဉ်ကျေးကြင်နာပြီး လူနာများကို မိသားစုဝင်များကဲ့သို့ ဆက်ဆံတတ်သူဖြစ်သည်။ များစွာသော လူနာများကလည်း ပြန်လည်ကျန်းမာလာပြီးနောက် ဆေးရုံတွင် ဝိုင်းဝန်းကူညီရန် သူတို့ဆန္ဒအလျောက် နေထိုင်ခဲ့ကြသည်။
အကယ်၍ ဒေါက်တာဟောင် ရုတ်တရက် ရောက်ရှိမလာခဲ့လျှင် လူသားဖြစ်တည်မှုအဝင်ဝ ဆေးရုံမှာ ဒေါက်တာကောင်းအတွက် လည်ပင်းညှစ်ရပ်ကွက်ထက်ပင် အိမ်နှင့်ပိုတူနေမည် ဖြစ်သည်။
ဦးနှောက်များ ထည့်ထားသော ဘူးများရှေ့တွင် ရပ်နေရင်း ဒေါက်တာကောင်းသည် ၎င်းတို့ကို တိတ်ဆိတ်စွာ ငေးကြည့်နေမိသည်။ ဦးနှောက်၏ မျက်နှာပြင်တွင် လှိုင်းတွန့်များစွာ ရှိနေပြီး ဖောင်းကြွနေသော အစိတ်အပိုင်းများကို ဂျိုင်းရပ်စ်ဟု ခေါ်ကာ အမြောင်းများကို ဆာကပ်စ်ဟု ခေါ်သည်။ ထိုအမြောင်းများနှင့် အဖုများသည် အတွန့်အခေါက်များစွာရှိသော ပိုးထည်စတစ်ခုကဲ့သို့ လျှို့ဝှက်ချက်ပေါင်းများစွာကို ဖုံးကွယ်ထားပြီး လူတစ်ယောက်အား လက်ဖြင့် ဆန့်ထုတ်ချောမွေ့ပစ်ချင်စိတ် ပေါက်လာအောင် ဆွဲဆောင်နေလေသည်။
သို့သော် ထိုဘူးများထဲရှိ ဦးနှောက်များမှာမူ သာမန်လူ၏ ဦးနှောက်များနှင့် အနည်းငယ် ကွဲပြားပေသည်။
၎င်းတို့၏ အရှေ့ဘက်ဦးနှောက်လွှာ၊ နားထင်ဦးနှောက်လွှာနှင့် ထိပ်ပိုင်းဦးနှောက်လွှာများမှာ မူမမှန်ဖြစ်နေကြသည်။၎င်းတို့သည် ပြင်ပပစ္စည်းတစ်မျိုးမျိုးဖြင့် အချိန်ကြာမြင့်စွာ ချိတ်ဆက်ထား၍ ဖြစ်စေ သို့မဟုတ် ဆေးဝါးများအလွန်အကျွံ သုံးစွဲမှုကြောင့် ပြန်ပြင်မရနိုင်သော ပုံပျက်နေခြင်းဖြစ်စေ တစ်ခုခုပင်။
“အရှေ့ဘက်ဦးနှောက်လွှာဆိုတာ ဦးနှောက်ရဲ့ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း ဗဟိုချက်ပဲ၊ တကယ်လို့ သူ့ရဲ့ လုပ်ဆောင်ချက်တွေ ထိခိုက်သွားရင် မှားယွင်းတဲ့အချက်ပြမှုတွေကို စစ်ထုတ်နိုင်စွမ်း မရှိတော့ဘဲ စိတ်ကူးယဉ်မှုတွေကို လက်တွေ့ဘဝအတွေ့အကြုံတွေလို့ မှားယွင်းယူဆမိပြီး စိတ်မူကွဲရောဂါ ဖြစ်လာနိုင်တယ်၊ နားထင်ဦးနှောက်လွှာ မူမမှန်မှုတွေက ရှုပ်ထွေးတဲ့ ထင်ယောင်ထင်မှားတွေကို ဖြစ်ပေါ်စေနိုင်ပြီး မှတ်ဉာဏ်တွေကိုပါ ဝေဝါးသွားစေနိုင်တယ်၊ ထိပ်ပိုင်းဦးနှောက်လွှာ ထိခိုက်မှုကတော့ ခန္ဓာကိုယ်နဲ့ ပြင်ပကမ္ဘာကြားက အပိုင်းအခြားကို ခံစားသိရှိနိုင်စွမ်း ပျက်ပြားသွားစေနိုင်တယ်”
“ဒီ နံပါတ် ၂ ခေါင်းစဉ်တပ်ထားတဲ့ ဦးနှောက်တွေအားလုံး ဒီလိုအခြေအနေမျိုးတွေ ရှိနေကြတာပဲ”
“ဒီနံပါတ်က ငါ့အတွက် ထူးခြားတဲ့အဓိပ္ပာယ်ရှိတယ်လို့ အမြဲခံစားရပေမဲ့ သေသေချာချာတော့ မမှတ်မိဘူး”
“ဆေးရုံအုပ်ကြီးသာ ကိုမာဝင်မနေဘူးဆိုရင် သူငါ့ကို အဖြေပေးနိုင်မှာပဲ၊ သူက ငါ့ဦးနှောက်အကြောင်းကို ကောင်းကောင်းသိတယ်၊ ငါ့ရဲ့ ပထမဆုံးဦးခေါင်းခွံခွဲစိတ်မှုကို သူပဲ စီစဉ်ပေးခဲ့တာကိုး၊ အဲ့ဒီ ဗလာဖြစ်နေတဲ့ ခွဲစိတ်ခန်းထဲမှာ သူက ခေါင်းခွံဖောက်စက်နဲ့ အရိုးညှပ်တွေကို ကိုင်ထားခဲ့တယ်၊ အဲ့ဒီနေ့က မိုးရွာနေခဲ့တာ ငါမှတ်မိတယ်၊ ခွဲစိတ်ခန်းက မီးရောင်တွေက ကောင်းကင်ဘုံအဝင်ဝလိုပဲ အရမ်းလင်းထိန်နေခဲ့တာ၊ ဒါပေမဲ့ ကံမကောင်းတာက ငါကောင်းကင်ဘုံကို ရောက်မသွားဘဲ မင်းတို့နဲ့အတူ ဒီငရဲထဲမှာ အတင်းအကျပ် ဆက်နေခဲ့ရတာပဲ”
ဒေါက်တာကောင်းသည် အလွန်ကျေးဇူးသိတတ်သူဖြစ်သည်။သူသည် ဆေးရုံအုပ်ကြီး၏ စောင့်ရှောက်မှုများကို အဆပေါင်းများစွာ ပြန်လည်ပေးဆပ်ခဲ့သည်။
နာရီဝက်ခန့်အကြာတွင် တံခါးခေါက်သံ ကြားလိုက်ရပြီး ခေါင်းခွံဖောက်စက်အမည်ရှိ သူနာပြုက အခန်းထဲသို့ ပြေးဝင်လာသည်။
“စစ်ဆေးချက်အဖြေတွေ ထွက်လာပါပြီ၊ ဒေါက်တာဟောင်က အထူးကိရိယာတွေနဲ့ စစ်ဆေးကြည့်တော့ ဒီဆေးက ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့က ထုတ်လုပ်တဲ့ B27 ဆိုတဲ့ ဆွဲဆောင်ဆေး ဖြစ်နေပါတယ်၊ အဲ့ဒါက စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေကို သက်သာစေတဲ့ စိတ်အာရုံခြောက်ခြားစေတတ်တဲ့ ဆေးတစ်မျိုးပါ”
“ဒေါက်တာဟောင်က အဲ့လိုပြောတာလား”
“ဟုတ်ကဲ့၊ ဒါက စစ်ဆေးချက်မှတ်တမ်းပါ”
“ငါ နားလည်ပြီ၊ ဒေါက်တာဟောင်ကို ကျေးဇူးတင်ပါတယ်လို့ ပြောပေးလိုက်ပါဦး”
ဒေါက်တာကောင်းသည် မည်သည့်ခံစားချက်မျှ ဖော်ပြခြင်းမရှိဘဲ ဆက်လက်စောင့်ဆိုင်းနေခဲ့သည်။
နေ့လယ်စာစားချိန်တွင် ဒေါက်တာဟွမ်သည် ဒေါက်တာကောင်းထံသို့ ခိုးကြောင်ခိုးဝှက် ချဉ်းကပ်လာသည်။
“စစ်ဆေးချက်အဖြေတွေ ထွက်လာပြီ၊ ဒါက ထုတ်ဖော်ပြောဖို့တော့ နည်းနည်းခက်တယ်”
“ဒါက ငါတို့ သံသယဖြစ်နေတဲ့ B27 မဟုတ်ဘူး၊ B29 ဖြစ်နေတယ်၊ ဒါက တားမြစ်ပစ္စည်းပဲ၊ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့မှာပဲ ရှိတာ”
ဒေါက်တာဟွမ်က လေသံကို လျှော့လိုက်သည်။
“မင်း ဘာလို့ ဒီအရာတွေကို လိုက်စုံစမ်းနေရတာလဲ၊ အဲ့ဒီအဖွဲ့ နှစ်ဖွဲ့လုံးကို မင်းသွားထိလို့ မရဘူးနော်”
“ရဲတွေမှာလည်း ရှိတာလား”
ဒေါက်တာဟောင်သည် ရဲတပ်ဖွဲ့အတွက် အလုပ်လုပ်ပေးနေသူဖြစ်နိုင်၏။ သူတို့က ဒေါက်တာကောင်းကို လူနာများကို ကြိုးကိုင်နေသည်ဟု သံသယရှိကာ စောင့်ကြည့်နေခြင်း ဖြစ်နိုင်သည်ဟု ဒေါက်တာကောင်း တွေးလိုက်မိသည်။
အရာရှိရွှယ်က ဒေါက်တာကောင်းကို ရှင်းလုမှ စိတ္တဇလူသတ်သမား၏ ပစ်မှတ်ထားခြင်း ခံရနိုင်သည်ဟု ခြိမ်းခြောက်ခဲ့သည်။ သို့သော်လည်း အမှန်စင်စစ် အကြီးမားဆုံးပြဿနာရှိနေသူမှာ အရာရှိရွှယ်ကိုယ်တိုင်ပင် ဖြစ်သည်။
သွေးနီရောင်ထီးကို ခေါက်သိမ်းလိုက်သည်။ အပြင်ဘက်တွင် မိုးရွာမနေသည်ကို သူသိလိုက်ရသည်။
“လောင်ဟွမ်... ဆေးရုံကို ကူကြည့်ပေးထားပါဦး၊ ကျွန်တော် ဒီနေ့နေ့လည် အပြင်ထွက်စရာရှိတယ်”
“သတိထားသွားဦးနော်”
နေ့လယ်စာစားပြီးနောက် ဒေါက်တာကောင်းက အစည်းအဝေးတစ်ခုခေါ်ယူလိုက်သည်။သူက ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့သို့ ဝင်ရောက်မည့် သူ့ဆုံးဖြတ်ချက်ကို အားလုံးထံ အသိပေးလိုက်သည်။
လူနာများမှာ မခွဲခွာလိုကြဘဲ ဆရာဝန်များနှင့် သူနာပြုများကလည်း သူ့ကို နေခဲ့ရန် ဝိုင်းဝန်းဖျောင်းဖျနေကြသည်။ နောက်ဆုံးတွင် ဒေါက်တာကောင်းက ၎င်းမှာ အချိန်ပိုင်းအလုပ်တစ်ခုသာဖြစ်ပြီး သူ၏အဓိကအလုပ်မှာ ဤနေရာမှ ဆရာဝန်သာဖြစ်ကြောင်း ရှင်းပြမှသာ အားလုံးက ထောက်ခံအားပေးပေးခဲ့ကြသည်။
“ဒေါက်တာကောင်း... ခင်ဗျားတကယ်ပဲ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ထဲ ဝင်မလို့လား၊ သူတို့တွေက ရှင်းလုမှာ နာမည်ကောင်းရှိတာ မဟုတ်ဘူးနော်”
ဒေါက်တာဟောင်သည် သူ့အကောင့်ကို ဖွင့်လိုက်ပြီးနောက် ဒေါက်တာကောင်းကို ချက်ချင်း လာရှာတော့သည်။ သူသည် အရပ်ရှည်ပြီး ရုပ်ဖြောင့်သူဖြစ်သည်။ သူ့မိသားစုမှာလည်း ပါဝါရှိသူများ ဖြစ်ကြသည်။ သူနှင့်ယှဉ်လျှင် အခြားဆရာဝန်များမှာ တော်တော်ကြည့်ရဆိုးပေသည်။
“ကျွန်တော် တချို့အရာတွေကို ရှာဖွေဖို့လိုအပ်လို့ပါ”
ဒေါက်တာကောင်းက လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်သည်။
“အပြင်လူတွေက ကျွန်တော့်ကို ဥယျာဉ်မှူးရဲ့ ကုသရေးဆရာဝန်လို့ပဲ သိကြပေမဲ့ ဥယျာဉ်မှူးကို စကုပေးခဲ့သူက ဒေါက်တာပုဆိုတာကို လူနည်းနည်းပဲ သိကြတာ၊ ကျွန်တော် ဖိုင်အဟောင်းတချို့ကို ရှာကြည့်လိုက်တော့ ဥယျာဉ်မှူးအမှုက ထင်သလောက်မရိုးရှင်းဘူးလို့ ခံစားရတယ်၊ နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ လူတစ်ယောက် ရှိနေနိုင်တယ်... ထားလိုက်ပါတော့၊ ခင်ဗျားကို ဒါတွေပြောနေလို့လည်း အပိုပါပဲ၊ လူနာတွေကို သေချာကြည့်ထားပေးပါ၊ ကျွန်တော် ချက်ချင်းပြန်လာခဲ့ပါ့မယ်”
သူသည် တုံ့ဆိုင်းနေပြီးနောက် တံခါးဝသို့ လျှောက်သွားကာ ပြတင်းပေါက်မှတစ်ဆင့် လှမ်းကြည့်လိုက်သည်။ ဒေါက်တာဟောင်၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်ကို သူ သတိထားမိလိုက်သည်။
အကယ်၍ မလိုအပ်ပါက ဒေါက်တာကောင်းသည် ရှင်းလုရဲတပ်ဖွဲ့နှင့် ရင်မဆိုင်လိုပေ။ ပြဿနာမှာ သူသည် လူနာများကို အမှန်တကယ်ပင် ကြိုးကိုင်နေခြင်းဖြစ်သည်။ လူနာတစ်ယောက်တည်းတင်မကဘဲ ဆေးရုံတစ်ခုလုံးကို ဖြစ်သည်။ သို့သော် ယင်းကလည်း အားလုံးကို အကောင်းဘက်သို့ ဦးတည်စေမည့် နည်းလမ်းဖြင့်သာ ဖြစ်သည်။
မာကြီးကို စီး၍ ရင်ခွဲရုံရိပ်သာလမ်းမှ သူထွက်ခွာလာသောအခါ ရှင်းလု၏ အခြားရပ်ကွက်များသည် စနစ်တကျစီစဉ်ထားခြင်း မရှိသည်ကို တွေ့ရသည်။ ရှုပ်ထွေးသော်လည်း ပုံပျက်နေသော စနစ်တကျရှိမှုတစ်ခုက ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပျံ့နှံ့နေပြီး လူ့အဖွဲ့အစည်းကြီးသည် ယာယီတုံ့ပြန်မှုများဖြင့်သာ လည်ပတ်နေသယောင် ရှိနေလေသည်။
ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့တွင် ကိုယ်ပိုင်ရုံးခန်းအဆောက်အအုံ မရှိပေ။ ထိုအစား ကြီးကြပ်ရေးအဖွဲ့ငယ်များကို ရပ်ကွက်အသီးသီးတွင် ထားရှိခြင်းဖြစ်သည်။ သူတို့၏ ဌာနချုပ်မှာ ကိုယ်ကျင့်တရားလေ့လာရေးသိပ္ပံကျောင်းတွင် တည်ရှိသည်။
ဒေါက်တာကောင်းသည် အရူးတချို့ လက်ညှိုးထိုးဝိုင်းပြောနေကြသည့်ကြားမှ မာကြီးကို ခြံစည်းရိုးတွင် ချည်နှောင်ကာ ကျောင်းထဲသို့ ဝင်ရောက်သွားခဲ့သည်။
ဝန်ထမ်းများ၏ လမ်းညွှန်မှုဖြင့် သူသည် ဟောပြောပွဲအတွက် ပြင်ဆင်နေသော ဒေါက်တာပုကို ရှာတွေ့လိုက်သည်။
ဥယျာဉ်မှူးအမှု၏ တရားခွင်ကြောင့် ဒေါက်တာပု၏ ကျော်ကြားမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။သူသည် တက္ကသိုလ်အသီးသီးမှ ကျောင်းသားများကို ဟောပြောရန် ဖိတ်ကြားခြင်း ခံနေရသဖြင့် ဆေးရုံသို့ပင် ပြန်ခဲလှသည်။
“ဒေါက်တာပု... ကျုပ် ခင်ဗျားဆီက အကူအညီသေးသေးလေးတစ်ခုလောက် လိုချင်လို့ပါ”
“ငါ ဟောပြောပွဲအတွက် ပြင်ဆင်နေတယ်၊ ဒီညကျမှပဲ စကားပြောကြတာပေါ့”
ဒေါက်တာကောင်းသည် ဒေါက်တာပုအနားသို့ ချဉ်းကပ်သွားရင်း ပြတင်းပေါက်မှ အလင်းကို ပိတ်ဆို့လိုက်ရာ ပါဝါပွိုင့်ဆလိုက်များပေါ်တွင် အရိပ်ကျသွားခဲ့ရသည်။
“ပုချွန်ကျိုက်... ခင်ဗျားရဲ့ နာမည်ဟောင်းကို မှတ်မိသေးရဲ့လား၊ ခင်ဗျားကို ဘယ်သူကုပေးခဲ့တာလဲဆိုတာ မေ့သွားပြီလား”
နက်ရှိုင်းသောအသံတစ်ခုက ဒေါက်တာကောင်း၏ နှုတ်ခမ်းကြားမှ ထွက်ပေါ်လာလေသည်။ စကားလုံးတိုင်းမှာ ထူးခြားသောမှော်ဆန်မှုတစ်ခု ပါရှိနေသည့်အလားပင်။
အမှတ်အသားများပေါ် အာရုံစိုက်နေသော ဒေါက်တာပုက သူ့ခေါင်းကို ဖြည်းဖြည်းချင်း မော့ကြည့်လာသည်။ ဒေါက်တာကောင်း၏ မျက်နှာကို မြင်လိုက်ရသောအခါ သူ့မျက်လုံးထဲတွင် အံ့သြမှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
“မင်း ငါ့ဆီက ဘာလိုချင်နေတာလဲ”
“ခင်ဗျားရဲ့ လူမြင်ကွင်းက သရုပ်ဆောင်မှုတွေကို ကျုပ်ပူးပေါင်းပေးခဲ့တယ်၊ ခင်ဗျားကို ကျုပ်ရဲ့ကျော်ကြားမှုနဲ့ စည်းစိမ်တွေ အကုန်ပေးခဲ့တယ်၊ အခုတော့ ခင်ဗျားကျုပ်ကို အကူအညီလေးတစ်ခု ပြန်လုပ်ပေးဖို့ လိုနေပြီ”
ဒေါက်တာကောင်းက ကိုယ်ကို ကိုင်းလိုက်သည်။
“ကျုပ်ကို ဦးနှောက်ချိတ်ဆက်ခြင်းကိရိယာ ရှိတဲ့နေရာကို ခေါ်သွားပေးပါ၊ ကျုပ်အတည်ပြုစရာ တချို့ရှိတယ်”
ဒေါက်တာပုမှာ ငြင်းဆန်လိုသော်လည်း ဒေါက်တာကောင်းလက်ထဲတွင် သူနှင့် ပတ်သက်သော အရာများစွာ ရှိနေပေသည်။ယင်းတို့မှာ အပြင်လူများကို လုံးဝမသိစေချင်သော လျှို့ဝှက်ချက်များ ဖြစ်သည်။ အကယ်၍ သူ့ကျောင်းသားများနှင့် သူ့ချစ်သူများသာ သူသည် ချက်ကြိုးများဖြင့် ဖုံးလွှမ်းနေသော မိစ္ဆာကောင်တစ်ကောင်သာဖြစ်ကြောင်း သိသွားကြပါက အရာအားလုံး ပြီးဆုံးသွားပေလိမ့်မည်။
“မင်းအရင်ကလည်း ဦးနှောက်ချိတ်ဆက်ခြင်းကို အကြိမ်ကြိမ် လုပ်ခဲ့ဖူးတာပဲ၊ အခု ထပ်သွားဦးမလို့လား”
ဒေါက်တာပုက အံကြိတ်ပြောလိုက်သည်။
“တခြားလူတစ်ယောက်ရဲ့ စိတ်ထဲမှာ မင်းကိုယ်မင်း လုံးဝပျောက်ကွယ်သွားမှာ မကြောက်ဘူးလား”
“ကျုပ်လား၊ ဦးနှောက်ချိတ်ဆက်ခြင်းကို အကြိမ်ကြိမ် လုပ်ခဲ့ဖူးတာလား”
ဒေါက်တာကောင်း၏ မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုများ ဖြတ်ပြေးသွား၏။ သူသည် ယခင်က တစ်ယောက်ယောက်နှင့် ဦးနှောက်ချိတ်ဆက်ခြင်း ပြုလုပ်ခဲ့ဖူးကြောင်း အမှန်တကယ် မမှတ်မိတော့ပေ။
“ငါ ဘယ်သူနဲ့ ဦးနှောက်ချိတ်ဆက်ခဲ့တာလဲ”
“အရင်က ဦးနှောက်ချိတ်ဆက်တာတွေကို သန်းခေါင်အချိန်တွေမှာပဲ လုပ်ခဲ့တာ၊ ငါက ကိရိယာတွေကို ဖွင့်ပေးရရုံပဲ၊ မင်းနဲ့ ဦးနှောက်ချိတ်ဆက်တဲ့လူက သူ့တစ်ကိုယ်လုံးကို ဖုံးအုပ်ထားတာ၊ ငါရလိုက်တဲ့ အနံ့ကတော့ သူ့ဆီကထွက်လာတဲ့ ပြင်းထန်တဲ့အရက်နံ့ပဲ”