အခန်း (၈၃၇-၈၃၈)
Vol. 57 Ch. 837-838
အပိုင်း (၈၃၇) နံပါတ် ၂
“အရက်နံ့ပြင်းပြင်း ရတယ်ဟုတ်လား”
ဒေါက်တာကောင်း၏ စိတ်ထဲတွင် လူတစ်ယောက်၏ပုံရိပ်က ချက်ချင်း ထွက်ပေါ်လာတော့သည်။ ထိုလူမှာ အိပ်ခန်းထဲမှ အပြင်ကို လုံးဝမထွက်တော့သော နာတာရှည်အရက်သမားကြီး သူ့ဖခင်ပင် ဖြစ်တော့သည်။
သို့သော် အကယ်၍ ထိုသူမှာ သူ့ဖခင်သာဆိုလျှင် သူနှင့် ဦးနှောက်ချိတ်ဆက်မျှဝေရန် လုံးဝ မလိုအပ်ပေ။
ဒါက သူ့ကို သူ့ကမ္ဘာအကြောင်း ပိုနားလည်စေဖို့ ကူညီပေးတာလား ဒါမှမဟုတ် သူ့ကိုလည်း အဲ့ဒီလူနဲ့ ပိုတူလာအောင် လုပ်ဆောင်တာလား။
ဒေါက်တာကောင်းသည် ပို၍ စူးစမ်းရှာဖွေလေ ပို၍ စိတ်ရှုပ်ထွေးလာလေပင်။ သူ့ဦးနှောက်က တစ်စုံတစ်ခုကို၊ အလွန်အရေးကြီးသော အရာတစ်ခုကို မေ့လျော့နေခဲ့ခြင်းဖြစ်သည်။
“မင်းရဲ့ဦးနှောက်ကို မျှဝေတာက အရမ်းအန္တရာယ်များတယ်၊ လုပ်တဲ့အကြိမ်တိုင်း ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားနိုင်တဲ့ အန္တရာယ်ရှိတယ်၊ ထပ်စဉ်းစားကြည့်ဖို့ ငါအကြံပေးချင်တယ်”
ဒေါက်တာပုသည် သင်ခန်းစာပြင်ဆင်ချက်ကို ငုံ့ကြည့်နေသော်လည်း သူ့စိတ်မှာ ထိုနေရာတွင် မရှိပေ။ သူသည် ဘောပင်ဖြင့် သင်ခန်းစာစာမျက်နှာအဆုံးရှိ “သတ်” ဆိုသည့် စကားလုံးကို ဝိုင်းလိုက်ရင်း သင်ခန်းစာပြင်ဆင်ချက်ပေါ်တွင် မှတ်သားနေခဲ့သည်။
“အတန်းပြီးရင် ကျုပ်ကို ဦးနှောက်ချိတ်ဆက်တဲ့ကိရိယာဆီ ခေါ်သွားပေးပါ”
“ကောင်းပြီ၊ ဒါပေမဲ့ ဒီညပဲ သုံးလို့ရမယ်”
ဒေါက်တာပုက သူ့ခေါင်းကို ဆက်ငုံ့ထားသည်။
“မင်း ငါ့ကို ငါ့အတိတ်နဲ့ အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့ပြီးပြီ၊ ဒါ ငါမင်းကို နောက်ဆုံးအကြိမ် ကူညီပေးတာပဲ၊ ဒီညပြီးရင်တော့ ငါ့ကိုမသိသလိုပဲ နေပေးတော့မယ်လို့ မျှော်လင့်တယ်”
“သဘောတူတယ်”
“ဦးနှောက်ချိတ်ဆက်တဲ့ကိရိယာကို ဘယ်လို ဖွင့်ရမလဲဆိုတာနဲ့ လျှို့ဝှက်နံပါတ်ကို မင်းသိပြီးသားပဲ၊ ဒီသော့နှစ်ချောင်းက ခန်းမအဝင်ဝနဲ့ ဓာတ်ခွဲခန်းတံခါးတွေအတွက်ပဲ၊ မင်းသုံးပြီး မနက်ဖြန်ကျရင် ငါ့ကို ပြန်ပေးဖို့ မမေ့နဲ့ဦး”
ဒေါက်တာပုသည် သော့များကို ဒေါက်တာကောင်းထံသို့ အလွယ်တကူ ကမ်းပေးလိုက်သည်။
“ဒီည ကျုပ်နဲ့အတူ မလိုက်ဘူးလား”
“ငါ့မှာ အစီအစဉ်တွေ ရှိသေးတယ်၊ နေ့ခင်းဘက်ပဲ ငါမင်းနဲ့အတူ ပူးပေါင်းပေးနိုင်မယ်”
အတန်းတက်ခေါင်းလောင်းသံ မြည်လာသဖြင့် ဒေါက်တာပုသည် သူ၏သင်ခန်းစာပြင်ဆင်ချက်ကို ယူကာ အပြင်ထွက်သွားတော့သည်။ သူ လှည့်ထွက်သွားချိန်တွင် သူ့မျက်နှာသည် ချက်ချင်းမှုန်မှိုင်းသွားပြီး သွေးကြောများမှာလည်း ဖောင်းတက်လာကာ ကြောက်မက်ဖွယ်ရာအသွင် ဖြစ်သွားခဲ့သည်။
ဒေါက်တာကောင်းက သော့နှစ်ချောင်းကို သိမ်းဆည်းရင်း ထွက်ခွာသွားသော ဒေါက်တာပု၏ ကျောပြင်ကို ကြည့်လိုက်သည်။
“ဒီလူက ငါ့အပေါ်ထားတဲ့ သည်းခံနိုင်စွမ်းက အကန့်အသတ်ရောက်တော့မယ် ထင်တယ်”
ကိုယ်ကျင့်တရားလေ့လာရေးသိပ္ပံကျောင်းမှာ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့၏ ဌာနချုပ် ဖြစ်သည်။ ထိုကျောင်းသည် အပေါ်ယံကြည့်လျှင် သာမန်ကျောင်းတစ်ကျောင်းဟု ထင်ရသော်လည်း လက်တွေ့တွင် ကိုယ်ကျင့်တရားနှင့် လူ့ကျင့်ဝတ်ဆိုင်ရာစံနှုန်းများကို စိန်ခေါ်နေသော စမ်းသပ်မှုများစွာကို ပြုလုပ်နေခြင်း ဖြစ်သည်။ ဦးနှောက်ချိတ်ဆက်ခြင်းမှာ ထိုစမ်းသပ်မှုများထဲမှ တစ်ခုသာ ဖြစ်သည်။
မူလ ဦးနှောက်ချိတ်ဆက်ခြင်းကိရိယာကို ကျောင်းအတွင်း၌ပင် သိမ်းဆည်းထားခြင်းဖြစ်သည်။ အတန်းပြီးသွားပြီးနောက် ဒေါက်တာပုသည် ဒေါက်တာကောင်းကို စာသင်ဆောင်အတွင်းမှ ခေါ်ဆောင်သွား၏။
သူတို့သည် လမ်းတစ်လျှောက်တွင် ကိုယ်လက်အင်္ဂါချို့ယွင်းနေသော ကလေးငယ်များစွာကို တွေ့ခဲ့ရသည်။ သူတို့သည် အပြစ်ကင်းစင်ပုံရပြီး ငါးနှစ်အရွယ် ကလေးများ၏ ဉာဏ်ရည်မျှသာ ရှိကြသည်။
“သူတို့က ကိုယ်ကျင့်တရားဆိုင်ရာ သုတေသနရလဒ်တွေပဲ၊ သိပ္ပံပညာရဲ့ အသီးအပွင့်တွေနဲ့ လူသားတွေ နားမလည်သေးတဲ့နယ်ပယ်ကို စူးစမ်းရှာဖွေမှုရဲ့ နမူနာတွေပေါ့”
ဒေါက်တာပုက လူတိုင်း၏ လေးစားမှုကို ခံယူရင်း ပြောလိုက်သည်။ သူသည် ထိုကိုယ်လက်အင်္ဂါချို့ယွင်းနေသော ကလေးများကို လူသားများကဲ့သို့ သဘောထားပုံ မရပေ။
“တကယ်လို့ သိပ္ပံပညာရဲ့ အသီးအပွင့်တွေက ဒီကလေးတွေသာ ဖြစ်နေမယ်ဆိုရင် ဒါက သိပ္ပံပညာ မဟုတ်တော့ဘူး”
ဒေါက်တာကောင်းက အမူအရာကင်းမဲ့စွာ ပြောလိုက်သည်။ ဒေါက်တာပု၏ တည်ရှိမှုနှင့် ပတ်သက်သော မှတ်ဉာဏ်များက သူ့စိတ်ထဲတွင် တဖြည်းဖြည်း နိုးကြားလာနေခဲ့သည်။ ချက်ကြိုးများဖြင့် ဖုံးလွှမ်းနေသော ဤမိစ္ဆာကောင်မှာ စက်ဆုပ်ဖွယ်ကောင်းလှသည်။ ဒေါက်တာပုက ဂရုမစိုက်သလို ပခုံးတွန့်ပြသည်။ သူသည် ဒေါက်တာကောင်းကို စာသင်ဆောင်၏ အပေါ်ဆုံးထပ်သို့ ခေါ်ဆောင်သွားပြီး ကော်ရစ်ဒါအဆုံးရှိ ဓာတ်ခွဲခန်းတံခါးကို တွန်းဖွင့်လိုက်သည်။
ရင်းနှီးသယောင် ရှိသော်လည်း မရင်းနှီးသော ဆေးနံ့များက သူတို့၏ နှာခေါင်းကို လှုံ့ဆော်လိုက်သည်။ ဒေါက်တာပုမှာ သူ၏ ကိုယ်ပိုင် “ဘုရင်နိုင်ငံတော်” သို့ ပြန်ရောက်သွားပုံရသည်။
သူသည် ဓာတ်ခွဲခန်းတံခါးကို ပိတ်လိုက်ပြီးနောက် သူ့ဟန်ဆောင်မှုများကို ချွတ်ချလိုက်လေ၏။ သူ၏ လူသားဆန်မှုများက ဖယောင်းကဲ့သို့ အရည်ပျော်ကျသွားခဲ့သည်။
“ဒါနဲ့... မင်းအရင်က ဒီကို နေ့ခင်းဘက်မရောက်ဖူးဘူးနော်”
အသံကြားသဖြင့် အမျိုးသမီးတစ်ဦး ချဉ်းကပ်လာလေသည်။ သူမသည် ကိုယ်လုံးကိုယ်ပေါက် လှပသော်လည်း သူမဦးခေါင်းမှာ သာမန်ထက် အနည်းငယ်ကြီးနေပြီး စာရွက်စာတမ်းအများအပြားကို သယ်ဆောင်ထားသည်။
ဒေါက်တာပု၏ လက်က ထိုအမျိုးသမီး၏ခါးကို ဆုပ်ကိုင်လိုက်သည်။ သူသည် စာရွက်စာတမ်းများကို တစ်ချက်ပင်လှည့်မကြည့်ဘဲ သူမကို ဓာတ်ခွဲခန်းထဲသို့ ဆွဲခေါ်ရန် ပြင်လိုက်သည်။
သူမသည် ကြောက်ရွံ့ခြင်း သို့မဟုတ် ဘာဖြစ်တော့မည်ဆိုသည်ကို မသိနားမလည်သကဲ့သို့ မိုက်မဲစွာ ပြုံးနေခဲ့သည်။
“ခင်ဗျားက လုံးဝမပြောင်းလဲသေးဘူးပဲ”
ဒေါက်တာကောင်းက ဒေါက်တာပု၏ပခုံးကို ဖိထားလိုက်သည်။
“ခင်ဗျားက ကျန်းမာပြည့်စုံတဲ့ လူသားတစ်ယောက်အဖြစ်နေမယ့်အစား ဘာလို့ မကောင်းဆိုးဝါးတစ်ကောင် ပြန်ဖြစ်ဖို့ကိုပဲ ရွေးချယ်နေရတာလဲ”
“အဲ့ဒါက ‘လူသား’ ဆိုတာကို မင်းဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲဆိုတာပေါ်မှာပဲ မူတည်တယ်၊ ဝိညာဉ်ရှိတဲ့သူမှသာ လူသားဖြစ်တာ၊ ဒီလူတွေအများစုကတော့ ပျက်စီးနေတဲ့ အခွံတွေသက်သက်ပဲ၊ သူတို့နဲ့ အရုပ်တွေကြားမှာရှိတဲ့ တစ်ခုတည်းသော ကွဲပြားချက်က သူတို့ အစာစားဖို့ လိုအပ်တာပဲ”
ဒေါက်တာပုသည် ဒေါက်တာကောင်း၏ လက်ကို ခါထုတ်ရန် ကြိုးစားသော်လည်း မရုန်းထွက်နိုင်ခဲ့ပေ။ ဒေါက်တာကောင်း အလေးအနက်ပြောနေသည်ကို သူ သိလိုက်ရသည်။
“အဲ့ဒီတုန်းက ခင်ဗျားကို ကုသပေးခဲ့တာ ကျုပ်ပဲ၊ အခု ပြန်တွေးကြည့်တော့ ကျုပ်မှားခဲ့တာပဲ”
ဒေါက်တာကောင်း၏ အကြည့်အောက်တွင် ဒေါက်တာပုသည် နောက်ဆုံးတွင် လက်လျှော့လိုက်ရသည်။ သို့သော်လည်း ဒေါက်တာကောင်းအပေါ် ရှိနေသော သူ့အကြည့်တွင် စက်ဆုပ်ရွံရှာမှုများ ပိုတိုးလာလေသည်။
“မင်း သဘောရှိသလိုသာလုပ်တော့”
ဒေါက်တာပုက ထိုအမျိုးသမီးကို ထပ်မနှောင့်ယှက်တော့ဘဲ ကိရိယာများဆီသို့ လျှောက်သွားလိုက်သည်။
“မင်း အရင်က ဒီနေရာမှာ ဦးနှောက်ချိတ်ဆက်တဲ့ စမ်းသပ်မှုတွေကို အကြိမ်ကြိမ် လုပ်ခဲ့ဖူးတယ်၊ အဲ့ဒီ စမ်းသပ်ချက်မှတ်တမ်းအားလုံးကိုတော့ ငါဖျက်ပစ်လိုက်ပြီ၊ ဒါကို မင်းနဲ့ငါကလွဲလို့ ဘယ်သူမှ မသိဘူး၊ အိုး... ပြီးတော့ မင်းနဲ့ ဦးနှောက်ချိတ်ဆက်ခဲ့တဲ့လူလည်း သိမှာပေါ့”
ဒေါက်တာကောင်းက စမ်းသပ်မှုဆိုင်ရာ အချက်အလက်များကို စစ်ဆေးကြည့်လိုက်ရာ သူနှင့် ပတ်သက်သည်များကို မတွေ့ရဘဲ “စေတနာ့ဝန်ထမ်း” အချို့ကိုသာ တွေ့လိုက်ရသည်။
ဦးနှောက်ချိတ်ဆက်မျှဝေခြင်းစမ်းသပ်မှုတွင် ပါဝင်ခဲ့သူအချို့သည် ဦးနှောက်ပျက်ယွင်းခြင်း ဝေဒနာကို ပြန်ပြင်မရအောင် ခံစားခဲ့ကြရသည်။ ဦးနှောက်၏ မူမမှန်သော ထိုနေရာများသည် အဓိကအားဖြင့် အရှေ့ဘက်ဦးနှောက်လွှာ၊ နားထင်ဦးနှောက်လွှာနှင့် ထိပ်ပိုင်းဦးနှောက်လွှာတို့တွင် စုနေခဲ့ခြင်းဖြစ်သည်။
အချက်အလက်များတွင်ပါရှိသော ဦးနှောက်ပုံရိပ်သည် ဆေးရုံအုပ်ကြီး၏ လူနာဆောင်တွင် ဒေါက်တာကောင်းတွေ့ခဲ့သော ဦးနှောက်နှင့် အလွန်တူနေ၏။ ကွဲပြားချက်မှာ ချိတ်ဆက်ထားသော ပြွန်ပိုက်များ၏ အမှတ်အသားများ မပါခြင်းပင်။
“ဆေးရုံအုပ်ရုံးခန်းထဲက နံပါတ် ၂ လို့ တပ်ထားတဲ့ ဦးနှောက်တွေအားလုံးက ဦးနှောက်ချိတ်ဆက်တဲ့ စမ်းသပ်မှုမှာ ပါဝင်ခဲ့ကြတာပဲ”
“အား...”
ဒေါက်တာကောင်း အနီးကပ်စစ်ဆေးနေချိန်တွင် ရုတ်တရက် ဓာတ်ခွဲခန်းအတွင်းပိုင်းမှ ခပ်သဲ့သဲ့ညည်းတွားသံတစ်ခု ကြားလိုက်ရသည်။ သူ ထိုနေရာသို့ သွားကြည့်ချင်သော်လည်း ဒေါက်တာပုက သူ့ရှေ့တွင် ပိတ်ရပ်လာသည်။
“ဝင်မရှုပ်နဲ့”
ဒေါက်တာပုကို လျစ်လျူရှုလိုက်ပြီး ဒေါက်တာကောင်းက သူ့ကို တွန်းဖယ်ကာ ဓာတ်ခွဲခန်းအတွင်းပိုင်းသို့ တိုးဝင်သွားခဲ့သည်။ အာဟာရကန်နှင့် တူညီသော နေရာတစ်ခုတွင် ခွဲစိတ်ထားသော “လူ” တစ်ယောက်ကို သူတွေ့လိုက်ရသည်။
ထိုခန္ဓာကိုယ်မှာ အရည်တစ်မျိုးထဲတွင် နှစ်မြုပ်နေပြီး ဦးခေါင်းခွံ၏အပေါ်ပိုင်းကို သေသေသပ်သပ် ခွဲစိတ်ထားသည်။ ၎င်း၏ ဦးနှောက်ကို ကြင်လင်နေသောဖန်ဘူးတစ်ခုထဲတွင် ထည့်ထားပြီး ဦးနှောက်နှင့် ခန္ဓာကိုယ်ကို သစ်ပင်အမြစ်များကဲ့သို့ ကြိုးမျှင်များဖြင့် ချိတ်ဆက်ထား၏။
ဘေးနားရှိခလုတ်ကို နှိပ်လိုက်ခြင်းဖြင့် ဦးနှောက်ထုတ်ထားခံရသော ထို “လူ” မှာ အမျိုးမျိုးသော မျက်နှာအမူအရာများကို ပြသနေခဲ့သည်။
“ဒါကလည်း ငါတို့သုတေသနရဲ့ အစိတ်အပိုင်းတစ်ခုပဲ”
ဒေါက်တာပုက တံခါးဘောင်ကို မှီရင်း ဆိုသည်။
“လူ့ဦးနှောက်ဆိုတာ သိပ်ဆန်းကြယ်တယ်၊ ဆွဲဆောင်မှုရှိတဲ့ တွင်းနက်ကြီးတစ်ခုလိုပဲ လူတွေကို စူးစမ်းချင်စိတ် ပေါ်လာအောင် ဆွဲဆောင်နေတာ၊ ဦးနှောက်အမြောင်းလေးတိုင်းက အပေါ်ကို တက်သွားတဲ့ လှေကားထစ်တွေလိုပဲ၊ အဲ့ဒီလှေကားရဲ့ အဆုံးမှာတော့ ကောင်းကင်ဘုံအဝင်ဝ ရှိနေနိုင်တာပေါ့”
“ခင်ဗျားက အသက်ရှင်နေတဲ့ လူတစ်ယောက်ရဲ့ ဦးနှောက်ကို ထုတ်ပစ်လိုက်တာလား၊ သူ အသက်ရှင်နေတုန်းမှာပဲလား”
“ကောက်ချက်ချ မစောစမ်းပါနဲ့”
ဒေါက်တာပုက လက်ပိုက်လိုက်ရင်း “သူက သူ့ဆန္ဒအလျောက် လုပ်ခဲ့တာပဲ၊ သူက သူ့ခေါင်းထဲမှာ တခြားလူတစ်ယောက် နေနေတယ်လို့ ခံစားရလို့ ငါတို့ကို ဖွင့်ကြည့်ခိုင်းတာ”
“ဒါပေမဲ့ သူ နောင်တရသွားရင်ကော”
“ဒါတော့ ငါတို့လည်း ဘာမှမတတ်နိုင်တော့ဘူး”
ဒေါက်တာပုက လက်ကို ဘေးသို့ ဆန့်ပြသည်။
“ငါတို့ရဲ့ နည်းပညာက အဲ့ဒါကို နဂိုအတိုင်း ပြန်ထည့်ပေးနိုင်ဖို့ မရှိသေးဘူး၊ ဒါပေမဲ့ ဦးနှောက်ချိတ်ဆက်ခြင်းကိုသုံးပြီး သူ့ရဲ့ စိတ်ဆန္ဒနဲ့ ခံစားချက်တွေကို တခြားခန္ဓာကိုယ်တစ်ခုဆီ ပြောင်းပေးလိုက်လို့ ရတယ်၊ စမ်းသပ်ချက် အချက်အလက်တွေ မပျက်စီးအောင်ပေါ့”
“ဦးနှောက်ချိတ်ဆက်ခြင်းကို အဲ့ဒီလို သုံးလို့ရတာလား”
သူအနီးကပ် ကြည့်ရှုလိုက်သည်။ ထိုအခါ ဒေါက်တာကောင်းသည် ဖန်ဘူးထဲရှိ ဦးနှောက်မှာ ဆေးရုံအုပ်ကြီး၏ လူနာဆောင်တွင် တွေ့ခဲ့ရသော ဦးနှောက်နှင့် လုံးဝတူညီနေသည်ကို တွေ့လိုက်ရသည်။ မူမမှန်သည့်နေရာများ နှင့် ပြွန်ပိုက်များချိတ်ဆက်ထားသည့် အမှတ်အသားများပါ အားလုံးအတူတူပင်။
“နံပါတ် ၂ လို့ တပ်ထားတဲ့ ဦးနှောက်က ဦးနှောက်ချိတ်ဆက်တဲ့ စမ်းသပ်မှုမှာ ပါဝင်ခဲ့ရုံတင်မကဘူး လူနာအသက်ရှင်နေတုန်းမှာပဲ ဦးနှောက်ထုတ်ယူခံခဲ့ရတာလား”
ထိုအတွေးက ဒေါက်တာကောင်း၏ နှလုံးသားကို နာကျင်သွားစေသည်။
“တကယ်လို့ နံပါတ် ၂ ဦးနှောက်ကို ထုတ်ယူခဲ့တယ်ဆိုရင် နံပါတ် ၁ ဦးနှောက်ကကော ဘယ်မှာလဲ”
“ကြည့်ပြီးရင် အခုထွက်သွားတော့၊ တခြားကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ဝင်တွေသာ ငါမင်းကို ဒီထဲခေါ်လာတာသိသွားရင် ငါတို့နှစ်ယောက်လုံး သွားပြီပဲ၊ တကယ်လို့ မင်းဦးနှောက်ချိတ်ဆက်တာကို လုပ်ချင်သေးတယ်ဆိုရင်တော့ ဒီညသန်းခေါင်မှပဲ ပြန်လာခဲ့ပါ”
အပိုင်း (၈၃၈) လူစားထိုးခြင်း
ဒေါက်တာပုသည် စားပွဲပေါ်မှ ဆေးထိုးအပ်ကို တိတ်တဆိတ်ယူလိုက်ပြီး ဒေါက်တာကောင်း၏ လည်ပင်းကို စိုက်ကြည့်လိုက်သည်။ နုနယ်နွေးထွေးသော ထိုအရေပြားကို အလွယ်တကူ ထိုးဖောက်နိုင်ပြီး အားအနည်းငယ် စိုက်လိုက်ရုံဖြင့် ဆေးရည်အားလုံးကို ခန္ဓာကိုယ်ထဲ ထိုးထည့်ကာ သူ့ကို ဘယ်သူမှ မထိတွေ့နိုင်တော့သည့် အခြေအနေဖြစ်အောင် လုပ်ပစ်နိုင်သည်။
“ကောင်းပြီ၊ ညသန်းခေါင်ကျမှ ကျုပ်ပြန်လာခဲ့မယ်”
ဒေါက်တာကောင်း လှည့်ထွက်သွားချိန်တွင် ဒေါက်တာပုက ဆေးထိုးအပ်ကို အိတ်ကပ်ထဲ ထည့်လိုက်ပြီးသား ဖြစ်နေသည်။
“ကျုပ်ပြန်မလာခင်အထိ ဓာတ်ခွဲခန်းထဲက လူတွေနဲ့ ကိရိယာတွေကို မထိတာအကောင်းဆုံးပဲ၊ အရာအားလုံးကို နဂိုအတိုင်းပဲ ထားပါ”
“မစိုးရိမ်ပါနဲ့”
“ဒါ ခင်ဗျားဆီက အကူအညီတောင်းတာ နောက်ဆုံးအကြိမ် ဖြစ်လိမ့်မယ်၊ အခုကစပြီး ကျုပ်တို့ တစ်ယောက်နဲ့တစ်ယောက် မသိသလိုပဲ ဆက်နေကြတာပေါ့”
ဒေါက်တာကောင်းက ဓာတ်ခွဲခန်း အပြင်ဘက်သို့ လျှောက်သွား၏။
“တကယ်လို့ တစ်ယောက်ယောက်က မေးလာရင် ကျုပ်က ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ထဲ ဝင်ချင်လို့ ခင်ဗျားကို လာမိတ်ဆက်ခိုင်းတာလို့ပဲ ပြောလိုက်ပါ”
“ကောင်းပြီ”
ဒေါက်တာကောင်း၏ စကားကို ကြားသောအခါ ဒေါက်တာပု၏ မျက်လုံးထဲမှ သတ်ဖြတ်လိုစိတ်များကို ဖုံးကွယ်မထားနိုင်တော့ပေ။ သို့သော် သူ့လေသံက ပြောင်းလဲခြင်းမရှိပါချေ။
“မင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အကုန်လုံးကို ငါဖျက်ပစ်မယ်၊ မင်းနဲ့လည်း ဘာပတ်သက်မှုမှ ထပ်မရှိချင်တော့ဘူး”
တံခါး ပိတ်သွား၏။ ခြေသံများ ဝေးကွာသွားသည်။ ဒေါက်တာကောင်း ထွက်သွားပြီးမှသာ ဒေါက်တာပုသည် ချွေးများစိုရွှဲနေသော သူ့ဆေးထိုးအပ်ကို ပြန်ထုတ်လိုက်သည်။
“ခဏလေးပဲ ထပ်စောင့်ထား၊ ဒီညပြီးရင် အားလုံးအဆင်ပြေသွားမှာပါ”
ဒေါက်တာပုသည် ဆေးထိုးအပ်ကို ပြန်ချထားပြီး ဓာတ်ခွဲခန်းငယ်လေးဆီသို့ သွားလိုက်သည်။ ထိုအမျိုးသမီး၏ ဆံပင်ကို သူဆွဲကိုင်လိုက်သည်။ သူ့လက်မောင်းသည် ရုန်းထွက်မရသော ချက်ကြိုးတစ်ခုကဲ့သို့ ဖြစ်နေပေသည်။
ထိုအမျိုးသမီး၏ ဦးခေါင်းမှာ ပုံသဏ္ဌာန်ပျက်ယွင်းနေခြင်းဖြစ်သည်။ သူမသည် စကားကို သေသေချာချာ မပြောနိုင်ဘဲ ကြောက်လန့်တကြား အော်ဟစ်နေရုံသာ တတ်နိုင်သည်။
“ငါ မင်းကို ကုပေးမယ်၊ ဒါက ကုသမှုဖြစ်စဉ်ပဲ၊ လူသားဖြစ်ရတာ ဘယ်လိုမျိုးလဲဆိုတာ ငါမင်းကို ပြမယ်”
ဒေါက်တာပုက ထိုအမျိုးသမီး၏ အဝတ်အစားများကို ဆွဲဖြဲ၍ ဆက်လုပ်ရန် ပြင်လိုက်စဉ် ဒေါက်တာကောင်း၏နောက်ဆုံးစကားက အကြောင်းရင်းမရှိဘဲ သူ့စိတ်ထဲ ဖျတ်ခနဲပေါ်လာသည်။
‘ဓာတ်ခွဲခန်းထဲက လူတွေနဲ့ ကိရိယာတွေကို မထိတာ အကောင်းဆုံးပဲ’။
သူ့လက်များ ရပ်တန့်သွားသည်။ ဒေါက်တာပု၏ မျက်လုံးများက တင်းမာသွား၏။ သူသည် ပိတ်ထားသော ဓာတ်ခွဲခန်းတံခါးကို လှမ်းကြည့်လိုက်ပြီး နောက်ဆုံးတွင် ထိုအမျိုးသမီးကို ဘေးသို့ တွန်းပစ်လိုက်သည်။
“အဲ့ဒီ မကောင်းဆိုးဝါးကောင်... မင်းတို့ သူ့ကို သတ်ရမယ်”
လူအများစုမှာ ဒေါက်တာကောင်း၏ အပေါ်ယံဟန်ဆောင်မှုများကြောင့် အရူးလုပ်ခံထားရခြင်း ဖြစ်သည်။ ထိုလူ မည်မျှအထိ ရူးသွပ်သည်ကို ဒေါက်တာပုတစ်ယောက်သာ သိသည်။
သူသည် ဦးနှောက်အပေါ်တွင် မူမမှန်သောစွဲလန်းမှုတစ်ခု ရှိနေခြင်းဖြစ်သည်။ သူသည် တစ်ချိန်က ဆေးရုံအုပ်ကြီး၏ အခက်ခဲဆုံးလူနာဖြစ်ခဲ့ဖူးပြီး လပေါင်းများစွာ ကုသမှုခံယူပြီးနောက်တွင် ဆေးရုံအုပ်ကြီးကိုယ်တိုင် နက်နက်ရှိုင်းရှိုင်း ကိုမာဝင်သွားခဲ့ရသည်။
ထိုသူသည် ဆေးရုံအုပ်ကြီးကိုယ်စား လူသားဖြစ်တည်မှုအဝင်ဝကို စီမံခန့်ခွဲနေသဖြင့် လူနာများနှင့် ဆရာဝန်များက သူ့ကို ကြင်နာယဉ်ကျေးသူဟု ထင်မှတ်နေကြသည်။ ဒါပေမယ့် ကြင်နာတတ်တဲ့ လူတစ်ယောက်က ဒီလောက်ကြီးမားတဲ့အန္တရာယ်ကို ရင်ဆိုင်ပြီး ဦးနှောက်ချိတ်ဆက်ခြင်းကို အကြိမ်ပေါင်းများစွာ လုပ်ပါ့မလား။
ဦးနှောက်ချိတ်ဆက်မျှဝေခြင်း အကြိမ်တိုင်းသည် ဦးနှောက်နှစ်ခုကို အတင်းဆွဲထုတ်ပြီး အပြန်အလှန် လဲလှယ်လိုက်သကဲ့သို့ ခံစားရကာ တစ်ဖက်လူ၏ ကမ္ဘာကြီးကို နက်နက်ရှိုင်းရှိုင်း လေ့လာခွင့်ရခြင်း ဖြစ်သည်။ အနည်းငယ်မျှ သတိလွတ်သွားသည်နှင့် ရူးသွပ်သွားနိုင်ပေသည်။ မဟုတ်ဘူး... ဒေါက်တာကောင်းက ရူးနေပြီးသားလည်း ဖြစ်နိုင်သည်။ သူသည် လူသားဖြစ်တည်မှုအဝင်ဝဆေးရုံတွင် အခြေအနေအဆိုးဆုံးလူနာဖြစ်သော်လည်း ဘယ်သူမှ သတိမထားမိကြပေ။ သူကိုယ်တိုင်ပင် သတိမထားမိပေ။
ဒေါက်တာပုသည် သူ့လက်ဖဝါးမှ အေးစက်စက်ချွေးများကို သုတ်လိုက်ရင်း ထိုင်ချလိုက်ကာ လုံခြုံရေးသေတ္တာထဲမှ ဖတ်မရသောစာလုံးများ ပြည့်နှက်နေသည့် မှတ်တမ်းဖိုင်တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုမှတ်တမ်းကို သူတစ်ယောက်တည်းသာ နားလည်နိုင်ခြင်းဖြစ်သည်။ ၎င်းမှာ ဒေါက်တာကောင်းနှင့် သူ၏ပတ်သက်မှုများကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။
ဆေးရုံအုပ်ကြီး နက်နက်ရှိုင်းရှိုင်း သတိမေ့မြောသွားသည့်အချိန်မှစ၍ ဒေါက်တာပုသည် ဒေါက်တာကောင်း၏ ပြဿနာကို သတိထားမိခဲ့သော်လည်း လောဘနှင့် ကိုယ်ကျိုးစီးပွားကြောင့် ပူးပေါင်းလုပ်ဆောင်ရန် ရွေးချယ်ခဲ့သည်။
ဒေါက်တာကောင်းသည် လူယောင်ဆောင်ထားသော မိစ္ဆာတစ်ကောင် ဖြစ်လိမ့်မည်ဟု သူတစ်ခါမှ မတွေးမိခဲ့ပေ။ ဆေးရုံအုပ်ကြီး၏ ဦးနှောက်ကို ဖျက်ဆီးပစ်ခြင်းသည် ပထမအဆင့်သာ ဖြစ်ပြီး လူသားဖြစ်တည်မှုအဝင်ဝကို ထိန်းချုပ်လိုက်ခြင်းမှာမူ ကြုံကြိုက်တုန်း လုပ်ဆောင်လိုက်ခြင်းသာ ဖြစ်သည်။
ရှင်းလုတွင် ဖြစ်ပွားခဲ့သော ကြောက်မက်ဖွယ်မတော်တဆဖြစ်ရပ်ခုနစ်ခုစလုံးသည် ဒေါက်တာကောင်း၏ မိသားစုနှင့် ဆက်စပ်နေခြင်းဖြစ်သည်။ သူတို့က အဓိကစတင်လုပ်ဆောင်သူများ မဟုတ်သော်လည်း အားလုံးတွင် ပါဝင်ပတ်သက်နေကြသည်။
ဒေါက်တာပု ယင်းတို့ကို သိနေရခြင်းမှာ ဒေါက်တာကောင်းက သူ့ကို လုပ်ကြံဖန်တီးထားသော စုံစမ်းစစ်ဆေးချက်အဖြေများ ပေးလေ့ရှိသောကြောင့် ဖြစ်သည်။ ထိုအဖြေများဖြင့် ဒေါက်တာပုသည် ရှင်းလု၏ပြဿနာများကို ဖြေရှင်းပေးသူအဖြစ် ဂုဏ်သိက္ခာနှင့် စည်းစိမ်များကို ရရှိခဲ့သည်။ ထိုလူ၏ အထူးကျွမ်းကျင်မှုမှာ လူနာများကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် လှုံ့ဆော်ခြင်းပင် ဖြစ်သည်။ သူသည် လူတိုင်းကို ဘဝ၏ အကောင်းဆုံးအဆုံးသတ်များ ရရှိအောင် ကူညီပေးနေသယောင် ထင်ရသော်လည်း လက်တွေ့တွင်မူ သူသည် ကံကြမ္မာ၏ ကြိုးမျှင်များကိုသုံးပြီး အဆုံးမရှိသော ချောက်နက်ကြီးတစ်ခုကို ရက်လုပ်နေခြင်း ဖြစ်သည်။
ဒေါက်တာပုမှာ ဤကဲ့သို့ တစ်ဆင့်ချင်းစီ နစ်မွန်းသွားခဲ့ရခြင်း ဖြစ်သည်။ ဥယျာဉ်မှူးအမှုမှာလည်း သူတို့ ပူးပေါင်းလုပ်ဆောင်ခဲ့သော နောက်ထပ်ဖြစ်ရပ်တစ်ခုသာပင်။ အပေါ်ယံတွင် ဒေါက်တာပုသည် ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့တွင် ရာထူးတက်လာခဲ့သော်လည်း တိတ်တဆိတ်တွင်မူ ဒေါက်တာကောင်းက ပြဿနာများကို တစ်ကြိမ်ပြီးတစ်ကြိမ် ဖန်တီးနေခဲ့သည်။
အမှန်အတိုင်းပြောရလျှင် ဒေါက်တာပုသည် ဒေါက်တာကောင်း၏ ရည်ရွယ်ချက်ကို လုံးဝ နားမလည်ပေ။ ထိုလူနှင့် ထိုလူ့မိသားစုသည် နဂိုကတည်းက ရှုပ်ထွေးမှုကို နှစ်သက်သော အရူးစုတစ်စုနှင့် တူလှသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ဥယျာဉ်မှူးအမှုမှာ သူက နောက်ကနေ ရှေ့ကိုထွက်လာခဲ့ပြီ၊ ဒါက အန္တရာယ်ရှိတဲ့ လက္ခဏာပဲ”
ဒေါက်တာပုသည် ဒေါက်တာကောင်းကို အပြစ်တင်နိုင်မည့် ထိုကဲ့သို့သော သက်သေများကို ချန်ထားရန် မလိုလားတော့ပေ။ သူသည် ဒေါက်တာကောင်းကို ထာဝရနှုတ်ပိတ်သွားစေပြီး ဤမြို့မှ ပျောက်ကွယ်သွားစေချင်သည်။
“ဒေါက်တာကောင်းသာ သေသွားရင် ငါတို့ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်မယ့် ဒီမှတ်တမ်းက ဝန်ထုပ်ဝန်ပိုးတစ်ခုပဲ ဖြစ်လာတော့မယ်”
ခဏအကြာတွင် ဒေါက်တာပုသည် ထိုမှတ်တမ်းဖိုင်ကို ပြာပင်မကျန်အောင် အကုန်ဖျက်ဆီးပစ်လိုက်တော့သည်။
...
ကိုယ်ကျင့်တရားလေ့လာရေးသိပ္ပံကျောင်းမှ ထွက်လာပြီးနောက် ဒေါက်တာကောင်းသည် အရာရှိရွှယ်နှင့် စကားပြောရန် ရှင်းလုရဲစခန်းသို့ သွားခဲ့သည်။
ဒေါက်တာကောင်းသည် ရဲစခန်းအတွင်းရှိ အေးစက်စက် ခုံတန်းရှည်ပေါ်တွင် ထိုင်နေခဲ့သည်။ ဒေါက်တာကောင်း၏ ဘေးတွင် အရက်သမားတစ်ဦးရှိနေပြီး အနည်းငယ် အလှမ်းဝေးသော နေရာတွင် မိသားစုနှစ်စု ရန်ဖြစ်နေကြသည်။ မိသားစုတစ်စုသည် စူပါမားကတ်ထဲတွင် မုန်လာဥနီ ဝယ်နေခြင်းဖြစ်ပြီး အခြားတစ်စုမှာမူ မုန်လာဥနီကာကွယ်စောင့်ရှောက်ရေးအဖွဲ့ဖြစ်ကာ မုန်လာဥနီတိုင်းသည် လူသားတို့၏ မိတ်ဆွေဖြစ်သည်ဟု အခိုင်အမာ ပြောဆိုနေကြသည်။
ရဲအရာရှိများက ရန်ပွဲကို လိုက်လံဖြန်ဖြေပေးနေကြပြီး ကမ္ဘာကြီးကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသော ဒေါက်တာကောင်းကိုတော့ ဂရုမစိုက်ကြပေ။
စောင့်ကြည့်ရေးကင်မရာက လည်ပတ်နေခဲ့သည်။ နံရံတစ်ခုသာခြားသော တစ်နေရာမှ တစ်စုံတစ်ယောက်ကလည်း သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
“အရာရှိရွှယ်... အဲ့ဒီလူ ရောက်နေပြီ၊ သွားမတွေ့ဘူးလား”
“ခဏစောင့်ဦး၊ မလောနဲ့”
အရာရှိရွှယ်က ခေါင်းကို တွင်တွင်ငုံ့ထားသည်။ သူ့စားပွဲပေါ်တွင် ဒေါက်တာပုနှင့် ပတ်သက်သော ဖိုင်များနှင့် အချက်အလက်များ ပြည့်နှက်နေလေသည်။
“ဒေါက်တာပုအကြောင်း ငါစုံစမ်းလေလေ ပိုပြီးသတိထားစရာကောင်းလာလေပဲ၊ ရှင်းလုမှာ ဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့မတော်တဆဖြစ်ရပ်တွေကြောင့် ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်နဲ့ သြဇာအာဏာတွေက ဆက်တိုက်တိုးချဲ့လာခဲ့တယ်၊ မှတ်တမ်းတွေကို ငါ ပြန်စစ်ကြည့်တော့ ဥယျာဉ်မှူးအမှုတင်မကဘဲ အရင်ကဖြစ်ခဲ့တဲ့ ပြင်းထန်တဲ့ မတော်တဆဖြစ်ရပ်ခုနစ်ခုစလုံးက ဒေါက်တာပုနဲ့ ပတ်သက်နေတာကို တွေ့ရတယ်”
“သူက ကြံရာပါလား”
ဘေးနားရှိ ရဲအရာရှိငယ်လေးက အရာရှိရွှယ်၏ ကောက်ချက်ကြောင့် ထိတ်လန့်သွားသည်။ ထိုမတော်တဆဖြစ်ရပ်ခုနစ်ခုမှာ ရှင်းလုကို ကြီးမားသောထိခိုက်မှုများ ပေးခဲ့သည် မဟုတ်ပါလား။
“သူက အဖျက်အမှောင့်လုပ်ငန်းတွေမှာ ပါဝင်တဲ့လူဆိုးမဟုတ်ရုံတင်မကဘူး၊ ငါတို့ကို အမြဲကူညီပေးနေတဲ့ လူကောင်းတစ်ယောက်လည်း ဖြစ်နေပြန်တယ်၊ ဆရာဝန်တစ်ယောက်က ဘယ်လိုလုပ် ဒီလောက်အထိ အသိဉာဏ်မြင့်နေရတာလဲ”
အရာရှိရွှယ်က ဥယျာဉ်မှူး၏ ဒိုင်ယာရီကို ကောက်ကိုင်လိုက်သည်။
“ဥယျာဉ်မှူး စိတ်ကူးယဉ်ထားတဲ့ ရှုပ်ထွေးမှောင်မိုက်နေတဲ့ ကမ္ဘာကြီးထဲမှာ ဒေါက်တာပုက တစ်ဦးတည်းသော ကယ်တင်ရှင်၊ လူသားတို့ရဲ့ စိတ်ဝိညာဉ်ကမ္ဘာရဲ့ စံပြနတ်ဘုရား ဖြစ်နေတယ်၊ ပြဿနာအားလုံးရဲ့အဖြေက သူပဲ ဖြစ်နေသလိုမျိုးပေါ့”
“စိတ္တဇလူသတ်သမားတစ်ယောက်ရဲ့ မျက်လုံးထဲက စံပြနတ်ဘုရားဆိုတော့ သေချာပေါက် ကောင်းတဲ့နတ်ဘုရားမဖြစ်နိုင်ဘူး”
ထိုရဲအရာရှိက ဘေးတွင် ရိုသေစွာ ရပ်နေရင်း ပြောသည်။
“ဒါပေမဲ့ သူက ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ရဲ့ နည်းပြလေ၊ သက်သေမရှိဘဲ သူ့ကို ဖမ်းလို့မရဘူး”
“အဲ့ဒါက အခက်ဆုံးအပိုင်းပဲ၊ အဲ့ဒီလူက သူ့အားသာချက်တွေကို သုံးပြီး သူ့အတွက် လုံလောက်တဲ့ အခွင့်အရေးတွေကို ဘယ်လိုစုဆောင်းရမလဲဆိုတာ ကောင်းကောင်းသိတယ်”
အရာရှိရွှယ်က စားပွဲကို ခေါက်လိုက်သည်။
“ဒေါက်တာကောင်းကို အထဲဝင်ခဲ့ဖို့ သွားဖိတ်လိုက်ပါ”
စက္ကန့်အနည်းငယ်အကြာတွင် ဒေါက်တာကောင်းက အရာရှိရွှယ်၏ ရုံးခန်းထဲသို့ ဝင်လာခဲ့သည်။ ဤနေရာရှိ အသံလုံစနစ်က အံ့မခန်းပင်။ တံခါးပိတ်လိုက်သည်နှင့် ဘာသံမှ မကြားရတော့ပေ။ ဤနေရာတွင် ကိုယ်တိုင်တရားစီရင်မှုများ ပြုလုပ်လျှင်ပင် အပြင်လူများ သိနိုင်မည် မဟုတ်ပေ။
“အရာရှိရွှယ်... ကျွန်တော် ဒီနေ့ ဒေါက်တာပုကို သွားတွေ့ခဲ့တယ်၊ ကျွန်တော် ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ထဲ ဝင်ချင်လို့ပါ”
ဒေါက်တာကောင်းက သူပြောချင်ရာကို တိုက်ရိုက်ပင် ပြောလိုက်သည်။
အရာရှိရွှယ်က မျက်ခုံးပင့်၍ ခေါင်းမော့ကြည့်လာသည်။
“ရလဒ်ကကော”
“ဒေါက်တာပုက ကျွန်တော့်ကို မိတ်ဆက်ပေးဖို့ အရမ်းစိတ်အားထက်သန်စွာနဲ့ သဘောတူခဲ့ပါတယ်”
ဒေါက်တာကောင်းက အရာရှိရွှယ်၏ ရှေ့တွင် ထိုင်လိုက်သည်။
“ကျွန်တော် ဒီကိုလာတာ တခြားကိစ္စတစ်ခုလည်း ရှိပါသေးတယ်၊ မြို့ထဲက တောအုပ်က တဖြည်းဖြည်း ပြန့်နှံ့လာနေတယ်၊ အဲ့ဒါက ရှင်းလုက မိသားစုတွေအများကြီးကို ဒုက္ခပေးနေတာလေ၊ ဒေါက်တာပုလည်း ဒီရက်ပိုင်း အဲ့ဒီအကြောင်းကို စိုးရိမ်နေတာတဲ့”
“သူလည်း စိုးရိမ်နေတယ်ဟုတ်လား၊ ထပ်ပြောပါဦး”
“ဒေါက်တာပုက တောအုပ်ရဲ့အလယ်ဗဟိုမှာ တစ်ခုခု တွေ့ခဲ့ပုံရတယ်”
“မဖြစ်နိုင်တာ၊ အခုထိတော့ တောအုပ်ရဲ့ အလယ်ဗဟိုကိုဝင်ပြီး အသိစိတ်ကပ်ပြီး ပြန်ထွက်လာနိုင်သူ မရှိသေးဘူး”
အရာရှိရွှယ်က ပြုံးလိုက်ရင်း “အဲ့ဒီနေရာကို ငါ စုံစမ်းကြည့်ပြီးပြီ၊ လူ့အခွင့်အရေးကော်မတီနဲ့ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး ပတ်ဝန်းကျင်က ‘သစ်ပင်’ တွေကို အကုန်ခုတ်လှဲပစ်မှပဲ တောအုပ်ရဲ့ အလယ်ဗဟိုကို ရောက်နိုင်လိမ့်မယ်”