← Chapters

အခန်း (၈၃၉-၈၄၀)

Vol. 57 Ch. 839-840

အခန်း (၈၃၉-၈၄၀)

Vol. 57 Ch. 839-840

အပိုင်း (၈၃၉) ဖြားယောင်းသွေးဆောင်မှု

အရာရှိရွှယ်သည် တောအုပ်၏ ကြောက်မက်ဖွယ်ကောင်းပုံကို ကောင်းစွာသိထားသဖြင့် သူ့လေသံက ခိုင်မာလှသည်။ ဒေါက်တာကောင်းသည် တစ်ဖက်လူက ဤကောက်ချက်ကို မည်သို့ချခဲ့ကြောင်း မသိပေ။

“ခင်ဗျား အထဲကို ရောက်ဖူးလို့လား”

“ငါသာ အထဲရောက်ဖူးရင် အခုမင်းရှေ့မှာထိုင်ပြီး စကားပြောနေနိုင်မှာ မဟုတ်ဘူး”

အရာရှိရွှယ်က တောအုပ်အကြောင်းကို ဆက်မပြောတော့ပေ။

“တောအုပ်အကြောင်းက နောက်မှ ပြောကြတာပေါ့၊ အခု မင်းလုပ်ရမှာက ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ထဲဝင် ဒေါက်တာပုနဲ့ နီးနီးကပ်ကပ်နေပြီး အဲ့ဒီလူ နေ့တိုင်း ဘာတွေလုပ်လဲ သူဖုံးကွယ်ထားတဲ့ တခြားစရိုက်တွေ ရှိနေလားဆိုတာကို စုံစမ်းဖို့ပဲ”

“သူ့မှာ တခြားစရိုက်တွေ ရှိနေတယ်လို့ ခင်ဗျားသံသယရှိတာလား”

“ဒေါက်တာပုရဲ့ အပြုအမူတွေက တစ်ခုခုဟန်ချက်မညီဘူး၊ သူ့ဘဝကို အပိုင်းနှစ်ပိုင်း ခွဲလို့ရတယ်”

အရာရှိရွှယ်က လက်လှမ်းလိုက်ပြီး စားပွဲပေါ်ရှိ မှတ်တမ်းများကို နှစ်ပုံ ခွဲလိုက်သည်။

“ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ထဲ မဝင်ခင်တုန်းက သူဟာ အတော်အသင့်ကောင်းတဲ့ ဆရာဝန်တစ်ယောက်ထက် မပိုခဲ့ဘူး၊ ဒါပေမဲ့ အဖွဲ့ထဲဝင်ပြီးနောက်မှာတော့ သူ့ရဲ့ ဉာဏ်ရည်၊ ရည်မှန်းချက်နဲ့ အရည်အချင်းတွေက အရင်ကထက် အဆပေါင်းများစွာ မြင့်တက်လာခဲ့တယ်၊ သူ့ရဲ့ အစီအစဉ်တိုင်းက သေသေချာချာ တွက်ချက်ထားတာ၊ အဖွဲ့ဝင်တွေ အများကြီးကြားထဲကနေ နည်းပြတစ်ယောက် ဖြစ်လာအောင် သူတက်လှမ်းလာနိုင်ခဲ့တယ်၊ သူ့မှာ ဒုတိယစရိုက်တစ်ခု နိုးထလာတယ်လို့ သံသယရှိဖို့ ငါ့မှာအကြောင်းပြချက် လုံလောက်တယ်”

အရာရှိရွှယ်က လက်ဖက်ရည်တစ်ငုံ သောက်ပြီး ဆက်ပြောသည်။

“လူ့အခွင့်အရေးကော်မတီက ထုတ်ပြန်ထားတဲ့ နောက်ဆုံးစည်းမျဉ်းအရ ကိုယ်ကျင့်စရိုက်တိုင်း တူညီတဲ့အခွင့်အရေးကို ခံစားခွင့်ရှိသလို ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက်လည်း တူညီတဲ့ တာဝန်ယူမှုကို ခံရမယ်၊ ဆိုလိုတာက ကိုယ်ကျင့်စရိုက်တစ်ခုက ပြစ်မှုကျူးလွန်ရင် ကျန်တဲ့ ကိုယ်ကျင့်စရိုက်တွေပါ အပြစ်ပေးခံရမယ်လို့ ဆိုလိုတာပဲ၊ ကိုယ်ကျင့်စရိုက်အချက်အလက်တွေကို ဖုံးကွယ်ထားသူတွေကိုလည်း ဖြစ်နိုင်ခြေရှိတဲ့ ရာဇဝတ်ကောင်တွေအဖြစ် သတ်မှတ်မယ်”

“နားလည်ပါပြီ၊ ကျွန်တော် သူ့အနားကပ်နိုင်အောင် ကြိုးစားကြည့်ပါ့မယ်၊ ဒါပေမဲ့ သိပ်တော့ မျှော်လင့်ချက်မထားပါနဲ့၊ ဒေါက်တာပုက သဘာဝအရ အရမ်းသတိကြီးတဲ့သူဆိုတော့ ဘာမှ အလွယ်တကူထုတ်ပြမှာ မဟုတ်ဘူး”

“အဲ့ဒါကြောင့်ပဲ မင်းကို ပိုကြိုးစားစေချင်တာပေါ့”

အရာရှိရွှယ်က ရဲအရာရှိငယ်လေးကို ဒေါက်တာကောင်းအတွက် ရေတစ်ခွက် ငှဲ့ပေးရန် ခိုင်းလိုက်သည်။

“အစွမ်းကုန် ကြိုးစားကြည့်ပါ၊ ရဲတပ်ဖွဲ့က မင်းမိသားစုကို အကာအကွယ်ပေးထားပါလိမ့်မယ်၊ တကယ်လို့ ဒေါက်တာပုသာ အဖမ်းခံရရင် သူ့နေရာမှာ နည်းပြသစ်အဖြစ် အစားဝင်နိုင်အောင် ငါတို့ ထောက်ခံပေးမယ်”

အရာရှိရွှယ်ပြောနေသည့် အရာမှာ အလွန်အန္တရာယ်များလှသည်။ သူသည် ဒေါက်တာကောင်းကို သတင်းပေးတစ်ဦးအဖြစ် ပြုစုပျိုးထောင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

“ဒေါက်တာပုရဲ့ အထောက်အထားက အရမ်းထူးခြားတယ်၊ ငါတို့က သူ့အနားကပ်ပြီး စုံစမ်းဖို့ မဖြစ်နိုင်ဘူး၊ အပြင်ကနေပဲ စောင့်ကြည့်လို့ရတယ်၊ မင်း တစ်ခုခုထူးခြားတာတွေ့ရင် ငါ့ဆီ ဖုန်းဆက်လိုက်ပါ၊ ငါ လူတွေနဲ့ ချက်ချင်း ရောက်လာခဲ့မယ်”

စားပွဲပေါ်ရှိ ရေကို သောက်ပြီးနောက် ဒေါက်တာကောင်းသည် တောအုပ်အကြောင်းကို အကြိမ်အနည်းငယ် ထပ်မံပြောဆိုခဲ့သော်လည်း အရာရှိရွှယ်က စိတ်မဝင်စားသဖြင့် အကူညီမဲ့စွာ ထွက်ခွာလာခဲ့ရသည်။

သူအိမ်ပြန်ရောက်သောအခါ အဖိုးဖြစ်သူမှာ ခေါင်းတွင် ပတ်တီးအဖွေးသားဖြင့် အမေဖြစ်သူကို ထမင်းကျွေးရန် ချော့မော့နေသည်ကို တွေ့ရသည်။

“ဒီနေ့ အလုပ်ဆင်းတာ စောသားပဲ၊ မင်းဦးလေးကိုကော တွေ့ခဲ့လား၊ သူက ရပ်ကွက်ထဲမှာ လုံခြုံရေးအလုပ်သွားလျှောက်မလို့ ဆိုပြီး ထွက်သွားတယ်”

အဖိုးက ပန်းကန်နှင့်ဇွန်းကို ချလိုက်သည်။သူသည် အခြေအနေ အနည်းငယ် ပြန်ကောင်းလာပုံရသည်။

“မတွေ့မိဘူး”

“အဲ့ဒီကောင်စုတ်လေး ငါ့ကို ထပ်လိမ်နေပြန်ပြီလား မသိဘူး”

အဖိုး၏ စိတ်ထဲတွင် ဦးလေးဖြစ်သူမှာ ပုံရိပ်ကောင်းလှသည် မဟုတ်ပေ။

“ငါ့ဦးလေးသုံးယောက်က အဖိုးဆီက အမွေရထားတဲ့ ဉာဏ်ရည်နဲ့ဆိုရင် နည်းပညာပိုင်းဆိုင်ရာ ပိုလိုအပ်တဲ့ အလုပ်တွေကို စမ်းကြည့်သင့်တယ်”

ဒေါက်တာကောင်း သူ့အခန်းထဲသို့ ဝင်လိုက်သည်။ သော့များကို ထုတ်ယူလိုက်ပြီး ဘီရိုရှေ့တွင် ထိုင်ကာ သူ့စိတ်ထဲရှိ ပြန့်ကျဲနေသော အချက်အလက်များကို ပြန်လည်စုစည်းလိုက်သည်။

“နောက်ဆုံးအဆင့်ကို လှမ်းဖို့ အချိန်တန်ပြီထင်တယ်...”

နံရံပေါ်ရှိ နာရီက အဆက်မပြတ် နောက်ပြန်သွားနေလေသည်။ နေဝင်သွားပြီးနောက် လမ်းမီးများ လင်းလာလေသည်။ ညမှာ တိတ်ဆိတ်ငြိမ်သက်လာခဲ့သည်။

တစ်နေ့လုံး အလုပ်ရှုပ်နေသော ဦးလေးက အိမ်သို့ တိတ်တဆိတ် ပြန်ရောက်လာသည်။ သူသည် မီးမဖွင့်ရဲသဖြင့် ဖုန်းအဟောင်းလေး၏ အလင်းရောင်ကိုသုံး၍ ကြည့်လိုက်ရာ ဧည့်ခန်းတွင် တစ်စုံတစ်ယောက် ထိုင်နေသည်ကို တွေ့လိုက်ရသည်။

“ဘယ်သူလဲကွ”

“ဦးလေး... ကျွန်တော်အပြင်ထွက်ပြီး အလုပ်တချို့ လုပ်စရာရှိတယ်၊ ကျွန်တော်နဲ့ လိုက်ပေးခဲ့ပါဦး”

ဒေါက်တာကောင်းက ထရပ်လိုက်ပြီး အဖေဖြစ်သူ တံခါးဝတွင်ထားခဲ့သော အမှိုက်အိတ်ကြီးကို မလိုက်သည်။ ၎င်းထဲတွင် ပုလင်းတိုက်မိသံများ ထွက်ပေါ်နေသော်လည်း ပုလင်းခွံများ တိုက်မိသံကဲ့သို့တော့ မစူးရှပေ။

“ဘာဖြစ်လို့လဲ၊ ဦးလေးကိုယ်တိုင် လိုက်ဖို့လိုလို့လား”

“ဒါက အရမ်းအရေးကြီးတဲ့ ကိစ္စပဲ အရမ်းကြီးတဲ့ကိစ္စ”

ဒေါက်တာကောင်းက အနက်ရောင်အမှိုက်အိတ်ကြီးကို တံခါးဝသို့ ဆွဲထုတ်လာသည်။

“ဒုတိယဦးလေးနဲ့ အကြီးဆုံးဦးလေးကိုလည်း သတိနဲ့နေဖို့ ပြောထားလိုက်ဦး၊ တကယ်လို့ ဒါကို သေသေချာချာမကိုင်တွယ်နိုင်ရင် ကျွန်တော်လည်း အဘွားလို ဖြစ်သွားလိမ့်မယ်”

ဤမိသားစုတွင် အဘွားအကြောင်းသည် တားမြစ်ထားသော အကြောင်းအရာတစ်ခုဖြစ်ပြီး လူတိုင်းက သတိကောင်းနေချိန်တွင် သူမအကြောင်းပြောဆိုခြင်းကို ရှောင်ကြဉ်ကြသည်။ ယခု ဒေါက်တာကောင်းက ထုတ်ပြောလိုက်သဖြင့် သူတို့မှာ တကယ့်ပြဿနာကြီးနှင့် ရင်ဆိုင်နေရပြီဟု ဆိုလိုသည်။

“လာ... ဦးလေး မင်းနဲ့ လိုက်ခဲ့မယ်”

သူ့မျက်လုံးများထဲမှ နွေးထွေးမှုများ ချက်ချင်းပျောက်ကွယ်သွားပြီး လူသားမဆန်သော အသွင် ဖြစ်သွား၏။ သူ့အသံမှာလည်း အေးစက်တောင့်တင်းနေလေသည်။ထိုလူမှာ လူမြင်ကွင်းသို့ ထွက်ခဲလှသော ဦးလေးပင် ဖြစ်သည်။

“ကျွန်တော်နဲ့ ဝတ်စုံအတူတူ လဲလိုက်ပါ”

ဦးလေးဖြစ်သူ အဝတ်အစားလဲပြီးနောက် ဒေါက်တာကောင်းသည် မာကြီးအား လမ်းကို ဦးဆောင်စေလိုက်သည်။ သူတို့အဖွဲ့သည် ရင်ခွဲရုံရိပ်သာလမ်းနှင့် ဝေးကွာလှသော ဝက်ရွာသို့ ပထမဦးဆုံး ပြေးသွားလိုက်ကြသည်။ ထိုနေရာရှိ တိရစ္ဆာန်များကို အဖေ့အခန်းထဲမှ ယူလာသော အမှိုက်များ ကျွေးလိုက်ပြီးနောက် ရွာသားတစ်ဦး၏ အဝတ်အစားများကို ခိုးယူလိုက်ကြသည်။

ဝက်ရွာရှိ ရွာသားများသည် ယေဘုယျအားဖြင့် ဉာဏ်ရည်သိပ်မကောင်းပေ။ သူတို့သည် ညသန်းခေါင်အချိန်တွင် အစာရှာထွက်လေ့ရှိကာ မည်သည့်အမှိုက်ကိုမဆို စားတတ်ကြသည်။ အမှိုက်ကဲ့သို့ သဘောထားခံရသော လူအချို့မှာလည်း ညအချိန်တွင် ပျောက်ကွယ်သွားတတ်ကြသည်။ သူတို့သည် သဘာဝအလျောက် သန့်ရှင်းရေးသမားများ ဖြစ်ကြသည်။သူတို့သည် ညဉ့်သန်းခေါင်အချိန်တွင် လူနေရပ်ကွက်အသီးသီးမှ အမှိုက်နှင့် စွန့်ပစ်ပစ္စည်းများကို သယ်ယူပို့ဆောင်ခြင်းကဲ့သို့သော ဘယ်သူမှ မလုပ်ချင်သည့်အလုပ်များကို လုပ်ကိုင်ကြခြင်းဖြစ်သည်။

ထိုအရာများအားလုံးကို လုပ်ဆောင်ပြီးနောက် သူတို့သည် လူသားဖြစ်တည်မှုအဝင်ဝ ဆေးရုံသို့ ပြန်လာကြသည်။ ဒေါက်တာကောင်းသည် တာဝန်ကျဆရာဝန်ကို နှုတ်ဆက်လိုက်ပြီး နှစ်ဦးသား နားလည်မှုအပြည့်ဖြင့် ဝန်ထမ်းကတ်ပြားများကို လဲလှယ်လိုက်ကြသည်။

ထိုဆရာဝန်၏ တမင်မသိချင်ယောင်ဆောင်ထားမှုအောက်တွင် ဒေါက်တာကောင်းသည် ဆေးရုံအုပ်ကြီး၏ လူနာဆောင်ထဲသို့ ဝင်သွားခဲ့ပြီး ဦးလေးဖြစ်သူနှင့်အတူ နံပါတ် ၂ တပ်ထားသော ဦးနှောက်ဘူးများကို သယ်ဆောင်လာခဲ့သည်။

“ဦးလေး... ဒီည ဦးလေးကို ကိုယ်ကျင့်တရားလေ့လာရေးသိပ္ပံကျောင်းဆီ ခေါ်သွားပြီး ဦးနှောက်ချိတ်ဆက်တာ လုပ်ခိုင်းမယ်၊ ကိရိယာတွေကို ဘယ်လိုဖွင့်ရမလဲဆိုတာ ကျွန်တော် သင်ပေးထားပြီးပြီဆိုတော့ ကျေးဇူးပြုပြီး သတိထားပါ”

ဒေါက်တာကောင်းက ချိပ်ပိတ်ထားသော ဦးနှောက်ဘူးနှစ်ခုကို သယ်ဆောင်ထား၏။

“နောက်တစ်ခါလောက် ထပ်ပြောပေးပါဦး၊ ငါက မင်းရဲ့ ဦးလေးလေ”

ညသန်းခေါင်အချိန်တွင် သူတို့အဖွဲ့သည် ကိုယ်ကျင့်တရားလေ့လာရေး သိပ္ပံကျောင်း အပြင်ဘက်သို့ ရောက်ရှိလာကြသည်။ ဒေါက်တာကောင်းက သူ့မျက်နှာကို ဖုံးအုပ်လိုက်သည်။ သူသည် ဝက်ရွာသားဝတ်စုံသို့ လဲလှယ်ဝတ်ဆင်လိုက်ပြီး အများပြည်သူသုံးဖုန်းရုံထဲမှနေ၍ ဒေါက်တာပုထံသို့ ဖုန်းဆက်လိုက်တော့သည်။

“ဘယ်သူလဲ”

ဖုန်းလက်ခံခွက်ထဲမှ အသက်ရှူသံပြင်းပြင်းနှင့် နှာချေသံကဲ့သို့ အသံတချို့ ထွက်ပေါ်နေ၏။၊ ၎င်းမှာ တစ်စုံတစ်ခုသော ဆေးဝါးတစ်မျိုးနှင့် ပတ်သက်နေပုံရသည်။

“ကျုပ်ပါ”

“ဒေါက်တာကောင်းလား၊ ဓာတ်ခွဲခန်းကို ရောက်ပြီလား၊ လုံခြုံရေးတွေကို ဆေးခတ်ထားပြီးပြီ၊ စောင့်ကြည့်ရေးစနစ်တွေလည်း ချို့ယွင်းနေတယ်၊ ဒီနေ့က ဦးနှောက်ချိတ်ဆက်ဖို့အတွက် နေ့ကောင်းလေးပဲ”

ဖုန်းထဲမှ ဒေါက်တာပု၏ အသံက တည်ငြိမ်နေလေသည်။ သို့သော်လည်း အသက်ရှူသံပြင်းပြင်းမှာမူ အခြားတစ်ယောက်ဆီမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။

“ဒီညအစီအစဉ်ကို ဖျက်လိုက်ပြီ၊ ကျုပ်နောက်ကို ရှင်းလုရဲတွေ လိုက်နေလို့ သူတို့ကို တောအုပ်ဘက်ကို ဦးဆောင်ခေါ်သွားနေတယ်”

ဒေါက်တာကောင်းက ဖုန်းထဲမှ ဆူညံသံများကို သတိထားမိသည်။ ဒေါက်တာပုသည် ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့၏ နည်းပြဖြစ်လာပြီးနောက် “ကိုယ်တိုင်စည်းကမ်းလိုက်နာသူ” ဖြစ်လာခဲ့ပြီး သူ၏လက်တွဲဖော် သုံးဦးလုံးမှာလည်း ရင်ခွဲရုံရိပ်သာလမ်းရှိ အကောင်းဆုံး လူနေရပ်ကွက်တွင် နေထိုင်ကြသည်ကို သူသတိရလိုက်သည်။

“ရဲတွေလား”

ဒေါက်တာပု လေသံပြောင်းသွား၏။

“သူတို့က ဘာလို့ မင်းကိုစုံစမ်းနေတာလဲ”

“ကျုပ် မသိဘူး၊ ဒါပေမဲ့ ကျုပ်အဖမ်းမခံရဖို့ပဲ ခင်ဗျားဆုတောင်းထားလိုက်ပါ၊ ဦးနှောက်ချိတ်ဆက်တဲ့ အချက်အလက်တချို့နဲ့ ခင်ဗျားရဲ့အရင်မှတ်တမ်းတချို့က ကျုပ်ဆီမှာ ရှိနေသေးတယ်”

အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်ရချိန်တွင် ဒေါက်တာပုသည် အလိုလိုက်မှု နှစ်ဆဖြစ်လာတတ်သည့် အကျင့်ရှိကြောင်း ဒေါက်တာကောင်း သိထားသည်။ သူသည် ချက်ကြိုးများဖြင့် ပတ်ထားသော လူယောင်ဆောင်မိစ္ဆာတစ်ကောင် မဟုတ်ပါလား။

“ဒီနေ့မနက်တင်ပဲ ဒါက နောက်ဆုံးအကြိမ် ခြိမ်းခြောက်တာလို့ မင်းပြောခဲ့တယ် မဟုတ်လား”

ဒေါက်တာပု၏ အသံက ဖန်သားကို လွှဖြင့်တိုက်နေသကဲ့သို့ ထွက်ပေါ်လာ၏။

“မင်းရှိတဲ့ နေရာအတိအကျကိုပြော… မင်းလွတ်မြောက်နိုင်အောင် ကူညီပေးမယ့်လူကို ငါ လွှတ်လိုက်မယ်”

“တောအုပ်ရဲ့ အစွန်းမှာ... သူတို့ ဒီကို ရောက်နေကြပြီ...”

ဖုန်းပြောဆိုမှု ပြီးဆုံးသွားသည်။ ဒေါက်တာကောင်းသည် ဖုန်းရုံထဲမှ ထွက်လာပြီး ခြေလေးချောင်းထောက်လျက် ခေါင်းငုံ့ထားလိုက်သည်။

“ဘေးကင်းတာက အကောင်းဆုံးပဲ၊ ဘေးက လှေကားခန်းထဲကိုဝင်ပြီး အပေါ်စီးကနေ ပတ်ဝန်းကျင်ကို စောင့်ကြည့်ထားလိုက်၊ ထူးခြားတာ တစ်ခုခုရှိမလားလို့”

“ဒေါက်တာ... ခင်ဗျားက ဝက်တစ်ကောင်ဖြစ်နေပြီဆိုတာ သိရဲ့လား၊ ဘာလို့ ဝက်ရွာဝတ်စုံကို လဲဝတ်ထားရတာလဲ၊ အဲ့ဒီကောင်တွေက အကုန်စားတာနော်၊ သူတို့ရဲ့ အစာစားချင်စိတ်က လူတွေထက်တောင် ပိုပြီး ရှုပ်ထွေးသေးတယ်”

“ပါးစပ်ပိတ်ထား”

အမြင့်ပိုင်းတစ်နေမှ မိနစ်အနည်းငယ်ကြာ စောင့်ကြည့်ပြီးနောက် သိပ္ပံကျောင်း၏ ဘေးတံခါးက တိတ်ဆိတ်စွာ ပွင့်လာပြီး အနက်ရောင်ကုတ်အင်္ကျီ ဝတ်ဆင်ထားသော စောင့်ရှောက်သူ အများအပြား ထွက်လာကြသည်။ သူတို့သည် အလောင်းထည့်သည့် အိတ်များနှင့်တူသော အရာများကို သယ်ဆောင်လာကြသည်။ သူတို့မှာ တစ်စုံတစ်ယောက်ကို သွားကယ်ခြင်းလော သို့မဟုတ် အလောင်းသွားကောက်ခြင်းလော သိပ်မသေချာပေ။

အပိုင်း (၈၄၀) ငါက နံပါတ် ၂ ဒါဆို နံပါတ် ၁ က ဘယ်သူလဲ

အလောင်းအိတ်များ သယ်ဆောင်သွားသည့် စောင့်ရှောက်သူများအဖွဲ့ ထွက်ခွာသွားပြီး သိပ်မကြာမီမှာပင် ကိုယ်ကျင့်တရားလေ့လာရေး သိပ္ပံကျောင်း၏ ဘေးတံခါးမှ ဒုတိယမြောက် လူစုတစ်စု တိတ်တဆိတ် ထွက်လာကြပြန်သည်။ သူတို့အားလုံးသည် တစ်နေရာမဟုတ် တစ်နေရာတွင် ကိုယ်လက်အင်္ဂါချို့ယွင်းနေကြသူများ ဖြစ်သည်။

“ဒီလူတွေ ညဉ့်နက်သန်းခေါင်ကြီး ဘာလုပ်နေကြတာပါလိမ့်”

မာကြီးက ဒေါက်တာကောင်းကို အတုခိုး၍ မျက်စိများကို မှေးကျဉ်းပြီး ချောင်းကြည့်ရင်း မေးလိုက်သည်။

“သူတို့က ငါ့ကိုလိုက်ရှာဖို့ တောအုပ်ထဲသွားကြတာ ဖြစ်မယ်”

ဒေါက်တာကောင်းသည် နေ့ခင်းက ဒေါက်တာပုကို အကြိမ်အနည်းငယ် စမ်းသပ်ခဲ့ရာတွင် တစ်ဖက်လူ၏ တုံ့ပြန်မှုက ပုံမှန်မဟုတ်သည်ကို တွေ့ခဲ့ရသည်။ သို့ဖြင့် ယခုတစ်ကြိမ်တွင် ဦးနှောက်ချိတ်ဆက်ခြင်း ပြုလုပ်စဉ်ကထက် ပိုသတိထားနေရသည်။

နောက်ထပ် မိနစ်နှစ်ဆယ်ခန့် စောင့်ဆိုင်းပြီးနောက် ဒေါက်တာကောင်းနှင့် သူ့အဖွဲ့တို့ ကိုယ်ကျင့်တရားလေ့လာရေး သိပ္ပံကျောင်းအတွင်းသို့ ခိုးဝင်သွားကြသည်။ ဒေါက်တာပု ပေးထားသည့် သော့နှစ်ချောင်းကိုသုံး၍ ဦးနှောက်ချိတ်ဆက်ခြင်းကိရိယာများ ထားရှိသည့် ဓာတ်ခွဲခန်းထဲသို့ အလွယ်တကူ ဝင်ရောက်နိုင်ခဲ့သည်။

ဒေါက်တာကောင်းသည် ကိရိယာများကို ကျွမ်းကျင်စွာပင် ဖွင့်နေရင်း တခဏမျှပင် အချိန်မဆွဲရဲပေ။ သူသည် နံပါတ် ၂ တပ်ထားသော ဦးနှောက်များကို အာဟာရကန်၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ထားရှိရင်း ဝါယာကြိုးများစွာဖြင့် ချိတ်ဆက်လိုက်သည်။

“ဒီရက်ပိုင်းအတွင်းမှာ ငါ ကိစ္စတွေကို မေ့တာ ပိုပိုပြီး မြန်လာတယ်၊ ငါ့မစ်ရှင်က ပြီးဆုံးတော့မယ်လို့ ခံစားနေရတယ်”

ကိရိယာများ ပုံမှန်လည်ပတ်နေကြောင်းနှင့် တစ်စုံတစ်ရာပြုပြင်မွမ်းမံထားခြင်း မရှိကြောင်း အတည်ပြုပြီးနောက် ဒေါက်တာကောင်းသည် ဦးနှောက်တစ်ခုကို အစားထိုးလိုက်ပြီး သူ့ကိုယ်သူ ဆေးထိုးလိုက်ကာ ဝက်ရွာသားဝတ်စုံနှင့်အတူ အဟာရကန်ထဲတွင် လဲလျောင်းလိုက်သည်။

ဦးလေးဖြစ်သူကို သူအချက်ပြလိုက်သည်။ ခလုတ်ကို နှိပ်လိုက်သည်နှင့် ဒေါက်တာကောင်းသည် လျှပ်စစ်စီးကြောင်းတစ်ခု ဖြတ်စီးသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ကိုယ်ပိုင်ဦးနှောက်သည် ခန္ဓာကိုယ်ထဲမှ ထွက်ပြေးချင်သည့်အလား အကူအညီတောင်းအော်ဟစ်နေသည်ကိုပင် ကြားနေရသယောင် ရှိသည်။

ဦးနှောက်ချိတ်ဆက်မျှဝေခြင်းဟူသည်မှာ ဝိညာဉ်လဲလှယ်ခြင်း မဟုတ်ပေ။ မူလက ဆရာဝန်များအနေဖြင့် လူနာများ၏ နာကျင်မှုကို ကိုယ်ချင်းစာနိုင်စေရန် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ၎င်းသည် ညှဉ်းပန်းနှိပ်စက်မှုပုံစံတစ်ခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လူနာအချို့အတွက်မူ အသက်ရှင်နေရခြင်းသည် သေခြင်းထက်ပင် ပို၍ မျှော်လင့်ချက်ကင်းမဲ့သောကြောင့် ဖြစ်သည်။

ဝါယာကြိုးတိုင်းသည် သူ့အတွေးများကို ဆန့်ထုတ်နေသကဲ့သို့ ထင်ရသည်။ အရည်ထဲမှ လျှပ်စစ်စီးကြောင်းများက ပူဖောင်းများအဖြစ် ပြောင်းလဲသွားပြီး အတွေးများ ပေါက်ကွဲထွက်လာကာ ဦးနှောက်ထဲတွင် နက်ရှိုင်းစွာမြှုပ်နှံထားသော မှတ်ဉာဏ်များ တဖြည်းဖြည်း နိုးထလာတော့သည်။ ဝေဝါးနေသော ပုံရိပ်ယောင်များနှင့် အတိတ်ကခံစားချက်များမှာ ဒေါက်တာကောင်း၏ စိတ်ထဲသို့ တဖြည်းဖြည်း ကူးပြောင်းလာတော့သည်။

“မှတ်ထားပါ... မင်းမှာ စိတ်ကျရောဂါမရှိဘူး၊ မင်းက နံပါတ် ၂ပဲ ၊ မိဘမဲ့ဂေဟာမှာ ဆင်ခြင်တုံတရားအရှိဆုံး ကလေးပဲ”

“ဒါက စိတ်ဖောက်ပြန်နေတဲ့ကမ္ဘာကြီးပဲ၊ လူတိုင်း ရူးသွားကြလိမ့်မယ်၊ ငါလည်း ရူးသွားလိမ့်မယ်”

“ငါဒီကနေ ထွက်သွားချင်ရင် စိတ်မလွတ်သေးတဲ့ နောက်ဆုံးလူ ဖြစ်လာမှရမယ်”

“နံပါတ် ၂... ငါ မင်းရဲ့ အကြွင်းမဲ့ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကို ယာယီ ထိန်းသိမ်းပေးထားမယ်၊ မင်းမှာရှိတဲ့ အရာအားလုံးကိုသုံးပြီး အဲ့ဒီရူးသွပ်နေတဲ့ အမည်မသိအရာရှစ်ခုကို ခုခံထားပါ”

“မင်းက တခြားသူတွေထက် ဒီနေရာနဲ့ ပိုပြီးကိုက်ညီတယ်၊ မင်း စိတ်မပျက်စီးခင်မှာ ငါမင်းရဲ့ ခန္ဓာကိုယ်ကို အမြဲတမ်းလဲလှယ်ပေးထားမယ်၊ သင့်တော်တဲ့ ဦးနှောက်တစ်ခုကိုလည်း ရှာပေးမယ်၊ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် မင်းရဲ့ဦးနှောက်က မခံနိုင်တော့တဲ့အထိ မင်းရဲ့ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကို ငါထိန်းသိမ်းပေးထားမယ်”

“ကျေးဇူးပြုပြီး အချက်သုံးချက်ကို လုပ်ပေးပါ”

“အိပ်မက်ကို ရှာပါ၊ သူက ဒီထဲမှာလည်း ရှိနေတယ်လို့ ငါခံစားရတယ်၊ သူ့ကို ငါ့ထက် အရင်ရူးသွားအောင် လုပ်လိုက်”

“မင်းက ငါပဲလို့ လူတိုင်းယုံကြည်အောင် လုပ်လိုက်၊ မင်းက ဟန်ဟိုင်းသွေးမြို့တော်ရဲ့ အရှင်သခင်ပဲ”

“အမည်မသိ နာမည်ရှစ်ခုကို မှတ်ထားပါ၊ အဲ့ဒါတွေကို အဖိုးရဲ့ခေါင်းထဲမှာ ငါဝှက်ထားမယ်၊ ငါ...”

“...”

ကျန်ရှိနေသော မှတ်ဉာဏ်များက လုံးဝဝေဝါးသွားခဲ့သည်။ ပြင်းထန်သော နာကျင်မှုသည် ဒေါက်တာကောင်းအတွက် မခံမရပ်နိုင်အောင် ဖြစ်လာပြီး သူ့ဦးနှောက်မှာ အရည်ပျော်နေသကဲ့သို့ ခံစားလာရသည်။ ထိုဦးနှောက်များသည် ဦးနှောက်ချိတ်ဆက်မျှဝေခြင်းကို အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ပြီးနောက် လုံးဝမူမမှန်ဖြစ်နေခဲ့ပြီဖြစ်သဖြင့် အသုံးဝင်သော အချက်အလက်များကို မပေးနိုင်တော့ပေ။ သူ၏ကိုယ်ပိုင်ဦးနှောက်မှာလည်း ဦးနှောက်ချိတ်ဆက်မျှဝေခြင်းကို ထပ်တောင့်မခံနိုင်တော့ပေ။

“အခု ငါဘာလုပ်နေလဲဆိုတာ ငါသိပြီ၊ ငါ ဥယျာဉ်မှူးကို ရူးသွပ်ခါနီးအထိ တွန်းပို့ခဲ့တာပဲ၊ သူပြောတဲ့ စကားတွေက အမှန်တရားပဲ”

“ငါမှတ်မိပြီ... ငါက နံပါတ် ၂ ပဲ”

မှတ်ဉာဏ်များ ရှင်းလင်းပြတ်သားသွားသော်လည်း ယခုတစ်ကြိမ်တွင် မည်မျှအထိ ကြာရှည်ခံမည်ကို သူမသိပေ။ ဒေါက်တာကောင်း သူ့မျက်လုံးများကို ဖွင့်လိုက်သည်။ စိတ်ရှုပ်ထွေးမှုများ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

“ဒါဆို ငါ ဦးနှောက်ချိတ်ဆက်ခြင်း ပြုလုပ်တိုင်းမှာ တစ်ယောက်ယောက်က ငါ့ကို ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းတွေ ပံ့ပိုးပေးနေခဲ့ပြီး ငါ့ရဲ့ ကြည်လင်မှုကို ခွဲယူနေခဲ့တာပေါ့”

ဆေးရုံအုပ်ရုံးခန်းမှ ယူလာသော ဦးနှောက်များမှာ ဦးနှောက်ချိတ်ဆက်ခြင်းကို အကြိမ်ကြိမ် ပြုလုပ်ခဲ့သဖြင့် အပြင်းအထန်မူမမှန် ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့မှာ ဒေါက်တာကောင်း ယခင်က ထုတ်ယူခဲ့သော ဦးနှောက်များ ဖြစ်ပုံရသည်။

ဓာတ်ခွဲခန်းအတွင်းပိုင်းကို သူလှမ်းကြည့်လိုက်သည်။ နေ့ခင်းဘက်က “စေတနာ့ဝန်ထမ်း” တစ်ဦးကို ထိုနေရာတွင် ပိတ်လှောင်ထားခဲ့ပြီး သူ့ဦးခေါင်းကိုခွဲ၍ ဦးနှောက်နှင့် ခန္ဓာကိုယ်ကို ခွဲထုတ်လုနီးပါး ဖြစ်နေခဲ့သည်။ ညရောက်သောအခါ ထိုနေရာတွင် ထိုလူမရှိတော့ပေ။

“ဒီရူးသွပ်နေတဲ့ ကမ္ဘာကြီး”

သူသည် ဦးနှောက်များကို သေချာစွာ ပြန်လည်သိမ်းဆည်းလိုက်သည်။ ၎င်းတို့မှာ ပျက်စီးနေပြီဖြစ်သဖြင့် အရေးမကြီးတော့ချေ။ ဤအရာမှာ ဒေါက်တာကောင်း၏ နောက်ဆုံး ဦးနှောက်ချိတ်ဆက်ခြင်း ဖြစ်ပေမည်။

“ငါ့ရဲ့ ကြည်လင်မှုကို ဘယ်လောက်အထိ ထိန်းထားနိုင်ပါ့မလဲ”

နေရာကို အမြန်ရှင်းလင်းပြီးနောက် ဒေါက်တာကောင်းသည် အလျင်စလို ထွက်ခွာမသွားသေးဘဲ အလွန်အရေးကြီးသော နောက်ထပ်တာဝန်တစ်ခုကို ပြီးဆုံးအောင် လုပ်ဆောင်လိုက်သည်။

သူသည် ဦးနှောက်ချိတ်ဆက်မျှဝေခြင်းတွင်သာသုံးသော အထူးဆေးဝါးများကို သူ့ကျောပိုးအိတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် ဒေါက်တာပုပေးထားသော သော့ကို သုံး၍ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့၏ အဆင့်မြင့်အဖွဲ့ဝင်များသာ သုံးစွဲခွင့်ရှိသော အထူးဆေးဝါးအချို့ကို ခိုးယူလိုက်သည်။ ၎င်းတို့ထဲတွင် ဦးနှောက်နှင့် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကို လုံးဝဖျက်ဆီးပစ်နိုင်သော တားမြစ်ဆေးတစ်မျိုးလည်း ပါဝင်သည်။

သူသည် ထိုကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုရှစ်ခု၏ နာမည်များကို မှတ်မိချင်ရုံသာမက သူ့စိတ်ဓာတ် လုံးဝမပျက်စီးခင်မှာပင် ၎င်းတို့ထဲမှ တစ်ကောင်ကို သူနှင့်အတူ ခေါ်ဆောင်သွားချင်နေသည်။

ဖြစ်စဉ်တစ်ခုလုံးမှာ အချိန်အကြာကြီး မယူခဲ့ပေ။ ကိုယ်ကျင့်တရားလေ့လာရေး သိပ္ပံကျောင်းမှ လုံခြုံရေးဝန်ထမ်းများကလည်း သူတို့၏ တာဝန်ကျနေရာများသို့ ပြန်ရောက်လာကြပုံရသည်။

“သွားကြစို့၊ အခုချက်ချင်း ထွက်သွားရမယ်”

“ဘယ်ကို သွားမှာလဲ”

“တောအုပ်ထဲကို”

ညအချိန်မှာ ဒေါက်တာကောင်းအတွက် အလွန်အဖိုးတန်လှသည်။ မှတ်ဉာဏ်များ ပြန်လည် ရရှိလာသဖြင့် သူသည် ပင်ကိုယ်ဗီဇအတိုင်း မဟုတ်တော့ဘဲ အသိစိတ်ဖြင့် လုပ်ဆောင်နိုင်ပြီ ဖြစ်သည်။ သူသည် ကြောက်မက်ဖွယ် မတော်တတဆဖြစ်ရပ်တစ်ခုပြီးတစ်ခုတွင် ပါဝင်ပတ်သက်ခဲ့ပြီး အလုပ်လုပ်ခဲ့ရသည့် ညပေါင်းများစွာကို ပြန်လည်အမှတ်ရလာခဲ့သည်။

ဒေါက်တာကောင်းသည် ရင်ခွဲရုံရိပ်သာလမ်းအတိုင်း မသွားဘဲ တောအုပ်ထဲသို့ ကွေ့ပတ်သွားလိုက်သည်။ သူသည် အချိန်နှင့်အမျှ ပြေးလွှားနေရစဉ် လမ်းခုလတ်၌ သူ့ဖုန်းက ရုတ်တရက် တုန်ခါလာ၏။

“ဒေါက်တာပုလား၊ သူ အရမ်းအလျင်လိုနေပုံရတယ်၊ ဒါ လူသားဖြစ်တည်မှုအဝင်ဝကနေ သူ ထွက်သွားပြီးကတည်းက ငါ့ဆီကို ပထမဆုံးအကြိမ် ဖုန်းဆက်တာပဲ”

“ဒေါက်တာ... ဝက်တွေက ဖုန်းမကိုင်တတ်ဘူးလေ”

မာကြီးက သူ့သံသယကို ထုတ်ပြောလိုက်သည်။

ဖုန်းချိတ်ဆက်သွားပြီးနောက် ဒေါက်တာကောင်းက ချက်ချင်းစကားမပြောပေ။ ဒေါက်တာပု၏ အသံကို ကြားရမှသာ ပြန်ဖြေလိုက်သည်။

“မင်း အသိစိတ်ရှိသေးရဲ့လား”

“ရှိပါသေးတယ်”

“ဆေးရုံအုပ်ကြီးက ဘာလို့ ကိုမာဝင်သွားတာလဲ?”

“ဘာလို့လဲဆိုတော့ ကျုပ်တို့က သူ့အပေါ်မှာ နောက်ဆုံးပေါ် ကုသမှု အစီအစဉ်ကို သုံးလိုက်လို့ပေါ့”

“အဲ့ဒါကိုသုံးခဲ့တာ မင်းပဲကွ၊ ငါက အဲ့ဒီအချိန်တုန်းက အပြင်းအထန် ကန့်ကွက်ခဲ့တာ”

ဒေါက်တာပုက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ဖုန်းထဲက လူမှာ ဒေါက်တာကောင်းဖြစ်ကြောင်း သူ သိလိုက်ရပြီ ဖြစ်သည်။

“မင်းအဆင်ပြေနေတာ ကောင်းတယ်၊ ငါ့လူတွေ မင်းကို ရှာမတွေ့ကြဘူးတဲ့၊ မင်းရှိတဲ့ နေရာအတိအကျကို ပြောပြပါ၊ ဒါမှ ငါမင်းကို ကူညီလို့ရမှာ”

“ရဲတွေက ကျုပ်ကို တောအုပ်ရဲ့ အလယ်ဗဟိုထဲအထိ အတင်းတွန်းပို့ခဲ့တယ်၊ အခု ကျုပ်က သစ်ပင်တစ်ပင်အဖြစ် ဟန်ဆောင်ထားတယ်၊ သစ်ကိုင်းတွေ ကိုင်းနေတဲ့ဘက်ကို လိုက်ခဲ့ပါ၊ ကျုပ်ဘေးနားက ‘သစ်ပင်’ တွေအကုန်လုံး ကိုယ်လက်အင်္ဂါချို့ယွင်းနေကြတယ်၊ ဖုန်း ထပ်မဆက်နဲ့တော့၊ ကျုပ်ငါတို့ကို ရိပ်မိကုန်လိမ့်မယ်”

ဖုန်းချလိုက်ပြီးနောက် ဒေါက်တာကောင်းသည် ဦးလေးဖြစ်သူထံ ဖုန်းကမ်းပေးလိုက်သည်။

“အခုကစပြီး ဦးလေးက ကျွန်တော်ပဲ၊ ဦးထုပ်နဲ့ နှာခေါင်းစည်း တပ်ထားပြီး မာကြီဂနဲ့အတူ တောအုပ်ထဲ သွားလိုက်ပါ၊ ထူးထူးခြားခြား ဘာမှလုပ်ဖို့ မလိုဘူး၊ တောအုပ်ရဲ့ အလယ်ဗဟိုထဲကိုတော့ မဝင်နဲ့”

“ဒါပဲလား”

“အခုကစပြီး ကျွန်တော် ဦးနှောက်ကို ထပ်သုံးဖို့မလိုတော့ဘူး၊ ကျွန်တော်လှမ်းတဲ့ ခြေလှမ်းတိုင်းက အားလုံးသိနေတဲ့ လျှို့ဝှက်ချက်တွေပဲ၊ သူတို့ တစ်ခုခုကို ခန့်မှန်းမိတာပဲဖြစ်ဖြစ်၊ သိသွားတာပဲဖြစ်ဖြစ် ကျွန်တော့်နောက်ကို လိုက်လာကြလိမ့်မယ်”

ဒေါက်တာကောင်း၏ စကားများတွင် သူ့ကိုယ်သူ ဖျက်ဆီးလိုသော အရိပ်အယောင်များ ပါဝင်နေလေသည်။ သူသည် နောက်ဆုံးကျန်ရှိနေသော သူ၏ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကို သုံးကာ ‘နံပါတ် ၁’ အတွက် လမ်းခင်းပေးချင်နေခြင်း ဖြစ်သည်။

“မင်းရဲ့လေသံက တစ်မျိုးပဲ၊ မိုက်မဲတာတွေတော့ လုံးဝမလုပ်နဲ့နော်”

ဦးလေးသုံးယောက်လုံးက ဒေါက်တာကောင်းကို ဝိုင်းဝန်း ဖျောင်းဖြလိုက်ကြသည်။

“မိုက်မဲတာလား၊ ကျွန်တော် အခု အရမ်းကိုကြည်လင်နေတာ၊ အရင်ကထက်တောင် ပိုပြီး ကြည်လင်နေသေးတယ်”

ဒေါက်တာကောင်းသည် ဝက်ရွာသားဝတ်စုံကို ဝတ်ဆင်ထားရင်း ဆေးဝါးအားလုံးကို မာကြီးထံ ပေးလိုက်သည်။ သူ၏ အငယ်ဆုံးဦးလေးနှင့်မခွဲခွာမီ သူ့အတွက် ဆေးထိုးအပ်အနည်းငယ်ကိုသာ သိမ်းဆည်းထားလိုက်သည်။

သူသည် မိုက်မဲသော အရာများကို လုပ်ဆောင်တော့မည် မဟုတ်ပေ။ သူသည် လူတစ်ယောက်ကို သတ်ဖြတ်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

All Chapters